အခန်း (၁၄၂)
Vol. 15 Ch. 142
ကေဒါဝမ်က ယခုအချိန်တွင် အလွန် အကျပ်ရိုက်နေခဲ့ရလေ၏။
အမှန်အတိုင်း ပြောရလျှင် သူသည်က ယခုကဲ့သို့ မိသားစု အငြင်းပွားမှုမျိုးတွင် မပါဝင်လိုပါချေ။
မည်သို့ပင်ဖြစ်စေ လူတိုင်းတွင် ကိုယ်စီဖြစ်ရပ်မှန်များ ရှိကြသည်ဖြစ်၍ မျက်နှာချင်းဆိုင်ထိုင်လိုက်ကြလျှင် အားလုံးက နစ်နာသူများ ဖြစ်နေတတ်ကြသည်။
ထို့အပြင် သူသည်က သာမန် တော်လှန်ရေးကော်မတီဝင် တစ်ယောက်မျှသာ ဖြစ်ပြီး တရားသူကြီး မဟုတ်သောကြောင့် ဤကဲ့သို့ ရှုပ်ထွေးလှသော ကိစ္စရပ်များတွင် မပတ်သက်ချင်ခဲ့ပေ။
သူ့အနေဖြင့် နောင်တမရဘဲမနေခဲ့ပေ။
လူတွေကို မဖမ်းဆီးခင်မှာ သေသေချာချာ စုံစမ်းစစ်ဆေးခဲ့သင့်တာ။
သူသည်က တစ်ဖက်လူကို ဖမ်းဆီးနိုင်ခြင်းပင် မရှိသေးခင် ခြိမ်းခြောက်ခြင်းကို ခံလိုက်ရသည်။
သူ့အနေဖြင့် ဒေါသထွက်၍လည်း မရပါချေ။ မည်သို့ပင်ဖြစ်စေ ကျန်းကျူးရိ၏ နောက်ခံက မရိုးရှင်းလှပေ။
တကယ်တမ်းတွင် သူသည်က လက်ရှိ တော်လှန်ရေးကော်မတီ၏ ညွှန်ကြားရေးမှူးထက်ပင် ပို၍ သြဇာ ကြီးမားနိုင်သည်။
ကျန်းကျူးရိကို ဖမ်းဆီးခြင်းက ပြဿနာမဟုတ်သော်လည်း တကယ့် စိန်ခေါ်မှုမှာ ထိုနောက်ပိုင်းတွင် ဖြစ်ပေါ်လာမည့် အကျိုးဆက်များသာ ဖြစ်လေ၏။
အကယ်၍ စစ်တပ်ကလူများကသာ အမှန်တကယ် ဆင်းလာမည်ဆိုပါက...
မည်သို့ပင်ဖြစ်စေ ဤသည်မှာ တပ်ရင်းမှူးအဆင့်ရှိသော အရာရှိတစ်ဦး၏ နိုင်ငံရေးနောက်ခံနဲ့ ပတ်သက်နေသည်ဖြစ်၍ ဖြစ်လာနိုင်ချေရှိသည်။
ထို့အပြင် ချုံကျိုးစစ်ဒေသ...
သူတို့သည်က တစ်ဖက်မှရန်သူများနှင့် နှစ်ပေါင်းနှစ်ဆယ်ကြာအောင် ထိပ်တိုက်ရင်ဆိုင်နေခဲ့သူများဖြစ်ပြီး သူလျှိုများကို ဖမ်းဆီးရာတွင်လည်း အလွန်ပင် တင်းကျပ်လွန်းသည်။
အကယ်၍ ကျန်းမိသားစု၏ ထိုဒုတိယသားက သူ့ကို တစ်ဖက်နိုင်ငံ၏ သူလျှိုဖြစ်သည်ဟူ၍ အထက်သို့ တိုင်ကြားလိုက်လျှင် မည်သို့ဖြစ်လာမည်နည်း။
ဆိုရလျှင် တစ်ဖက်နိုင်ငံမှ သူလျှိုများက စစ်ဘက်အရာရှိများ၏ မိသားစုဝင်များကို နှိပ်စက်ညှဉ်းပန်းရသည်ကို အလွန်ပင်နှစ်သက်ကြသည် မဟုတ်ပါလား။ ပြီးခဲ့သည့်နှစ်ကပင်လျှင် သူတို့အတော်များများကို ဖမ်းဆီးခဲ့ရသေးသည်။
ကေဒါဝမ်တစ်ယောက် အလွန်ပင် စိတ်မသက်မသာ ဖြစ်နေခဲ့ရ၏။
“ခင်ဗျား တကယ်ပဲ ဒါကိုတိုင်ချင်တာဆိုရင် ထွက်ဆိုချက်တစ်ခု ရေးပေးရမယ်”
ပါးစပ်ဖြင့် ပြောရုံမျှဖြင့် မလုံလောက်ပါချေ။ စိတ်ကူးပေါက်၍ လာတိုင်ခြင်းမျိုးကို သူတို့ဘက်မှ အသိအမှတ်ပြုမည် မဟုတ်ပေ။
တော်လှန်ရေးကော်မတီ၏ လက်ရှိ အာဏာကြီးမားမှုကို ကြည့်ပြီး အထင်မမှားသင့်ပါချေ။ သူတို့၏ အတွင်းပိုင်းတွင်လည်း လုပ်ထုံးလုပ်နည်းများကို တန်ဖိုးထားဆဲပင်ဖြစ်၏။
သူတို့သည်က လူဆိုးလူမိုက်များ မဟုတ်ကြပါချေ။ ခိုင်လုံသော စာရွက်စာတမ်း အထောက်အထားများမရှိဘဲ တစ်စုံတစ်ဦး၏ နေအိမ်ထဲသို့ အကြောင်းမဲ့ ဝင်ရောက်ဖမ်းဆီးခြင်းမျိုးကို သူတို့လည်း မလုပ်ရဲကြပေ။
ကျန်းကျူးရိက ခေါင်းညိတ်ပြီး ပြောလိုက်သည်။
“စိတ်မပူပါနဲ့၊ ငါက မင်းတို့ရဲ့ အလုပ်လုပ်ကိုင်ပုံအဆင့်ဆင့်ကို ထောက်ခံပါတယ်၊ အခုချက်ချင်းပဲ လိုအပ်တဲ့ အချက်အလက်တွေကို ရေးပေးလိုက်မယ်”
ထို့နောက် သူက ဒေါသတကြီးဖြင့် စားပွဲကို လက်သီးဖြင့် ထုပြီးပြောလိုက်လေ၏။
“အရှက်မရှိတဲ့ကောင်! သူက တော်လှန်ရေးကော်မတီဆီကိုတောင် တိုင်စာရေးတဲ့အထိ ဘယ်လောက်တောင် ရဲတင်းနေရတာလဲ”
ကျန်းရူတုန်သည်လည်း အိမ်တွင် တစ်ခုခုဖြစ်နေသည်ဟု ကြားလိုက်ရသောကြောင့် အပြေးအလွှား ပြန်ရောက်လာခဲ့လေ၏။ သူ အိမ်ထဲသို့ ဝင်လာသည့်အချိန်မှာပင် ထိုမေးခွန်းကို ကြားလိုက်ရသည်။
သူက ချက်ချင်းပင်ပြောလိုက်လေ၏။
“ဘာဖြစ်လို့လဲ”
အရာရှိဝမ်နှင့် အသက်ပင် ပြည့်ပြီးကာစဖြစ်သည့် အရွယ်များသာ ဖြစ်သော်လည်း မာနထောင်လွှားသော မျက်နှာများ ရှိကြသည့် ရဲဘော်နီတစ်စုကို ကြည့်ကာ သူ မျက်မှောင်ကြုတ်လျက် မေးလိုက်လေ၏။
“သူတို့က ဘာလုပ်ဖို့ ကြိုးစားနေတာလဲ”
သူသည်ကား အလောင်းများ တောင်ကဲ့သို့ပုံကာ သွေးပင်လယ်များ ဝေနေသည့် စစ်မြေပြင်မှ ထိုးဖောက်၍ ပြန်လာနိုင်ခဲ့သည့် စစ်ပြန်ကြီးတစ်ဦး ဖြစ်ပေသည်။
ထိုသို့ မျက်မှောင်ကြုတ်လိုက်ခြင်းကပင်လျှင် သူ၏ အရှိန်အဝါနှင့် အာဏာကို ချက်ချင်းပင် ထွက်ပေါ်လာစေခဲ့၏။
ကေဒါဝမ်၏ နောက်ကျောတွင် ချွေးအေးများ စီးကျလာရတော့သည်။
သူ့အနေဖြင့် ဤကိစ္စမှာ “နားလည်မှုလွဲခြင်း”သာ ဖြစ်ကြောင်း ရှင်းပြရန် ပြင်လိုက်ချိန်မှာပင် ကျန်းကျူးရိက ကြားဖြတ်ပြောလိုက်သည်။
“ဘာပြောတယ်!”
ကျန်းရူတုန်က ချက်ချင်းပင် ဒေါသ ထွက်သွားပြီး အော်ဟစ်ပြောလာခဲ့လေ၏။
“သူက လူယုတ်မာတစ်ယောက်ဆိုတာ ငါ အစကတည်းက သိသားပဲ၊ ဟုန်ကျန်း သူ့နောက်ကို လိုက်သွားခဲ့တာက တကယ်ကို မျက်စိမှားခဲ့တာ၊
ငါသာ အခု သေနတ်ကိုင်ဖို့အတွက် အိုမင်းလွန်းနေတာ မဟုတ်ရင် သူ့ကို ငါ အသေသတ်လိုက်ပြီ”
ကေဒါဝမ် : “...”
ဒီမိသားစုထဲက လူတွေက ဘာလို့ တစ်ယောက်မကျန် ရန်လိုပြီး သတ်ဖြတ်ဖို့ပဲ စဥ်းစားနေကြတာလဲ။
ကျန်းကျူးရိက အဘိုးကြီးကို အမြန်ပင် ချော့မော့လိုက်၍ ပြောလိုက်လေ၏။
“ကျွန်တော်လည်း လိုအပ်တဲ့ အချက်အလက်တွေကို ရေးဖို့ ပြင်နေတာ”
“ရေးလိုက်၊ ငါလည်း မင်းနဲ့အတူ ရေးမယ်၊ ငါ့မှာ သက်သေတွေ အများကြီးရှိတယ်”
ကျန်းဟုန်ကျန်း အသက်စွန့်သွားခဲ့ချိန်တွင် သူမ၏ အဖေဖြစ်သူ ကျန်းရူတုန်နှင့် သမီးဖြစ်သူ လီရှန်းတို့က နစ်နာကြေးရရှိရန် အခွင့်အရေးရှိခဲ့ကြသည်။
သို့သော်လည်း သာမန်လူများတွင် သူတို့၏ ကိုယ်ပိုင် အတွေးအခေါ်များ ရှိကြ၏။ ဥပဒေက မည်သို့ပင် ပြဋ္ဌာန်းထားသည်ဖြစ်စေ သူတို့က ဂရုမစိုက်ကြပါချေ။
ဇနီးသည် ကွယ်လွန်သွားချိန်တွင် သူမ ချန်ထားခဲ့သော အမွေအနှစ်အားလုံးက ခင်ပွန်းဖြစ်သူနှင့်သာ သက်ဆိုင်သည်ဟူ၍ တွေးထားခဲ့ကြသည်။
မိဘများက သားသမီးများကို ပြုစုပျိုးထောင်ရမည်ဖြစ်ပြီး သားသမီးများကလည်း မိဘများကို လုပ်ကျွေးရမည်ဆိုသည်က လူအများ လက်ခံထားကြကာ တိတ်တဆိတ် သတ်မှတ်ထားသော “စည်းမျဉ်း” တစ်ခုပင် ဖြစ်ပေသည်။ ထိုကိစ္စမှာလည်း ဤအတိုင်းသာဖြစ်လေ၏။
ထိုအချိန်က လီရှန်း၏ အိမ်ထောင်စုစာရင်းကို လွှဲပြောင်းနိုင်ရန်အတွက် ကျန်းရူတုန်က ဤစည်းမျဉ်းကို ဆိတ်ဆိတ်နေခြင်းဖြင့် သဘောတူခဲ့လေ၏။
သို့သော် မည်မျှပင် လက်ခံထားကြသည်ဟုဆိုသော်လည်း ထိုသို့သော စည်းမျဉ်းသည်က ကျိုးကြောင်းဆီလျော်မှု မရှိသကဲ့သို့ တရားလည်း မဝင်ကြောင်းကို ငြင်းဆို၍ မရပါချေ။
အကယ်၍ ကျန်းရူတုန်က ဤကိစ္စကို အစမဖော်ခဲ့ပါက ကိစ္စမရှိသော်လည်း သူကသာ အရေးယူခဲ့မည်ဆိုလျှင် ထိုအချက်တိုင်းသည်က လီဟုန်ကျွင့်၏ မှတ်တမ်းပေါ်တွင် “ပြစ်မှု” များ ဖြစ်လာပေလိမ့်မည်။
လီဟုန်ကျွင့်က တော်လှန်ရေးကော်မတီသို့ စာရေးရဲသည်ဟူသော အချက်မှာ ထိုအရာအားလုံးကို သူ၏ ကိုယ်ပိုင်အရာများအဖြစ် သတ်မှတ်ထားပြီးဖြစ်ကြောင်း ပြသနေခြင်းပင် ဖြစ်၏။
ထို့ကြောင့် ကျန်းမိသားစုမှ သားအဖမှာ ကျိုးကြောင်းဆီလျော်မှုနှင့် သက်သေအထောက်အထားများ ပြည့်စုံစွာဖြင့် အစီရင်ခံစာကို ရေးသားခဲ့ကြလေ၏။
ထိုစာမှာ လီဟုန်ကျွင့်၏ ခန့်မှန်းချက်များဖြင့်သာ ပြည့်နှက်နေသော တိုင်ကြားစာနှင့် လုံးဝ ကွာခြားလွန်းပေသည်။
ထိုသားအဖနှစ်ဦးက အတွင်းရေးမှူးဝမ်၏ ရှေ့မှာပင် စာကို ရေးသားပြီးစီးခဲ့ကြ၏။
“ဒါကို တော်လှန်ရေးကော်မတီကို ငါကိုယ်တိုင် သွားပေးစရာလိုလား၊ ဒါမှမဟုတ် မင်းကိုပဲ ပေးလိုက်ရမလား”
ကျန်းကျူးရိက စာကို ကိုင်ထားရင်း ကေဒါဝမ်ကို အေးစက်သော မျက်လုံးများဖြင့် ကြည့်၍မေးလိုက်သည်။
ကေဒါဝမ်က ခါးသက်စွာ ရယ်မော၍ ပြောလိုက်လေ၏။
“ကျွန်တော့်ကိုပဲ ပေးလိုက်ပါ”
“ဒါဆိုရင်တော့ မင်းအပေါ်မှာပဲ မူတည်တော့တယ်”
ကျန်းကျူးရိက တော်လှန်ရေးကော်မတီနှင့် ယခင်က ပတ်သက်ဖူးသောကြောင့် ဤကေဒါဝမ်ကို သိနေခဲ့သည်။ သူက လှောင်ပြဆာင်ခနဲ့လိုက်လေ၏။
“ကေဒါဝမ်အနေနဲ့ လီဟုန်ကျွင့်ကို မရှာဖွေခင်မှာ သေသေချာချာ စုံစမ်းစစ်ဆေးနိုင်ရင်တော့ ပိုကောင်းလိမ့်မယ်၊ ဒါမှ ဒီနေ့လိုမျိုး ကြီးမားတဲ့ အမှားအယွင်းကြီးမျိုး ထပ်မဖြစ်မှာလေ”
ကေဒါဝမ်၏ နှုတ်ခမ်းထက်ရှိ အပြုံးက အနည်းငယ် တောင့်တင်းသွားသော်လည်း သူ၏ လေသံကို အေးစက်နိုင်ခြင်းမရှိတော့ဘဲ တိတ်တဆိတ်ပြောလိုက်လေ၏။
“စိတ်မပူပါနဲ့၊ ကျွန်တော် သေသေချာချာကို စုံစမ်းစစ်ဆေးသွားမှာပါ”
နောက်ဆုံးစကားလုံးလေးလုံးဖြစ်သော “သေသေချာချာ စုံစမ်းစစ်ဆေးမည်” ဆိုသည့်စကားကိုသူက အံကြိတ်၍ ပြောလိုက်ခြင်း ဖြစ်ပေသည်။
သူက လီဟုန်ကျွင့်ကိုသာမက လီရှန်း၏ခင်ပွန်းသည်ဘက်မှ မိသားစုကိုပါ စုံစမ်းစစ်ဆေးရန် ဆုံးဖြတ်လိုက်၏။
ကျန်းကျူးရိက သူ့ကိုယ်သူ အမွှမ်းတင်နေတာလဲဖြစ်နိုင်တာပဲလေ။
သူက ကျန်းကျူးရိကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားနေခြင်း မဟုတ်ပါချေ။ သို့သော်လည်း သူတို့ စက်မှုယန္တယားစက်ရုံမှ နည်းပညာရှင်ဟောင်းတစ်ဦးကို စုံစမ်းစစ်ဆေးချိန်က ကျန်းကျူးရိဘက်မှ တားဆီးရန် ကြိုးစားခဲ့ဖူးသည်။
ထို့အတွက်ကြောင့် အရာရှိဝမ်အတွက် စိတ်ထဲတွင် အနည်းငယ်လောက်အခဲမကြေ ဖြစ်နေခဲ့ရသည်။
လီဟုန်ကျွင့်၏ တိုင်စာက သူ၏ ထိုခံစားချက်ကို လာရောက်ထိတွေ့လိုက်သောကြောင့် သူ ချက်ချင်း ရောက်လာခဲ့ခြင်းဖြစ်ပေသည်။
ပြန်လည်စဉ်းစားကြည့်လျှင် ကျန်းကျူးရိမှာ အမှန်တကယ်ပင် ရင်ဆိုင်ရခက်သောသူ တစ်ဦး ဖြစ်ပေသည်။
သို့သော်လည်း...
သူ့အနေဖြင့် ကျန်းကျူးရိကို တစ်ဖက်တွင်လည်း အနည်းငယ် အထင်ကြီးမိ၏။
တော်လှန်ရေးကော်မတီနှင့် ရင်ဆိုင်ရချိန်တွင် ဤမျှအထိ ခက်ထန်ပြတ်သားနိုင်သူမှာ အနည်းငယ်မျှသာ ရှိပေ၏။
သူ့ကိုယ်သူ မှန်ကန်သည်ဟု ယုံကြည်ကာ ကြောက်ရွံ့ခြင်းမရှိသော အမူအရာက ကေဒါဝမ်ကိုပင် ရှက်ရွံ့မိစေသည်။
ဆိုရလျှင် သူတို့ ဖြုတ်ချခဲ့သောသူများထဲတွင် အပြစ်မဲ့သူများစွာ ပါဝင်နေသည်ကို သူ မသိဘဲ မနေပါချေ။
သို့သော်လည်း “အက်ကြောင်းမရှိတဲ့ ဥကို ယင်မနားဘူး” ဆိုသည့် စကားအတိုင်းပင်။
သူတို့အနေဖြင့် လူတစ်ယောက်ကိုဖမ်းဆီးပြီးလျှင် ထိုလူ၌ လုံးဝ အပြစ်ကင်းစင်ခြင်းမရှိသည့်အချက်တစ်ခုကိုတော့ အမြဲတစေ ရှာတွေ့နိုင်ခဲ့သည်။
ကျန်းမိသားစုနေအိမ်မှ ထွက်ခွာလာပြီးနောက် ကေဒါဝမ်က တော်လှန်ရေးကော်မတီသို့ ပြန်လာခဲ့ပြီး ကျန်းကျူးရိ၏ တုံ့ပြန်မှုကို ထူးဆန်းသော သတင်းတစ်ခုအဖြစ် လုပ်ဖော်ကိုင်ဖက်များကို ပြောပြခဲ့လွသည်။
မထင်မှတ်ဘဲ လုပ်ဖော်ကိုင်ဖက်တွင် ဆေးဝါးစက်ရုံ၌ ဆွေမျိုးတော်စပ်သူ ရှိနေခဲ့ပြီး ပြန်ပြောလာခဲ့သည်။
“အဲဒါကို ကျွန်တော်သိတယ်၊ ဆေးဝါးစက်ရုံရဲ့ ဒုတိယညွှန်ကြားရေးမှူးရဲ့အိမ်က ပြီးခဲ့တဲ့နှစ်မှာ မင်္ဂလာဆောင်နှစ်ခုတောင် လုပ်ခဲ့တာလေ၊ သားကြီးက နောက်အိမ်ထောင်ပြုတာဖြစ်ပြီး သားငယ်ကတော့ ပထမဆုံးအကြိမ် လက်ထပ်တာ၊
သားငယ်က လီမျိုးရိုးနဲ့ အမျိုးသမီးတစ်ယောက်ကိုလက်ထပ်ခဲ့တာတဲ့၊ အဲဒီအမျိုးသမီးက အရမ်းအရည်အချင်းရှိတယ်လို့ ပြောကြတယ်”
ကေဒါဝမ်၏ နောက်ကျောတွင် ချွေးအေးများ စီးကျလာရပြန်သည်။
ထိုလူက ဆက်၍ပြောလိုက်လေ၏။
“ပြီးတော့ သူ့မိသားစုမှာ နောက်ထပ် မင်္ဂလာသတင်းတစ်ခု ရှိသေးတယ်”
“ဘာလဲ... ဒုတိယသားက ထပ်ပြီး အိမ်ထောင်ပြုပြန်ပြီလား”
“မဟုတ်ဘူး၊ မိသားစုထဲက တစ်ဦးတည်းသော သမီးလေးလည်းလက်ထပ်တော့မှာလို့ ကြားတယ်၊ သူမ လက်ထပ်မဲ့သူက အသက်နှစ်ဆယ်ကျော်လေးပဲ ရှိသေးပေမဲ့ တပ်ရင်းမှူးအဆင့် ရှိနေပြီတဲ့၊
ပြီးတော့ သူမရဲ့ ယောက္ခမကလည်း ပေကျင်းက အဆင့်မြင့်အရာရှိကြီး တစ်ယောက်လို့လည်း ကြားတယ်”
ဤအခြေအနေမှာ ပို၍ပင် ထူးခြားလွန်းပေပြီ။
ကေဒါဝမ်က အနည်းငယ် သက်ပြင်းချမိသွားရသည်။ သူ့အနေဖြင့် မူလက ခဏမျှ အနားယူရန် စဉ်းစားထားသော်လည်း ဤသတင်းကို ကြားပြီးနောက် ချက်ချင်းပင် မတ်တပ်ရပ်လိုက်ကာ ပြောလိုက်လေ၏။
“ငါ အထည်လိပ်စက်ရုံကို သွားကြည့်ဦးမယ်”
“ရန်သူကို ရိပ်မိမသွားအောင် သတိထားဦးနော်”
“စိတ်ချပါ”
ထိုသို့ပြောပြီးနောက် အလျှင်အမြန်ပင် ထွက်ခွာသွားတော့သည်။