အခန်း (၁၄၃)
Vol. 15 Ch. 143
တစ်ဖက်တွင်တော့ လီဟုန်ကျွင့်က သူထံသို့ ကျရောက်တော့မည့် ဘေးဒုက္ခကို မသိသေးပါချေ။ ထိုညက သူနှင့် ထုန်လင်းတို့က ကျန်းကျူးရိ၏ ဝမ်းနည်းဖွယ်ရာကံကြမ္မာကို စိတ်ကူးယဉ်ကြည့်ကာ မျှော်လင့်ချက်များဖြင့် အိပ်ပျော်သွားခဲ့ကြသည်။
နောက်တစ်နေ့တွင် စက်ရုံက ပြန်လည်လည်ပတ်ခဲ့ပေပြီ။ ထို့ကြောင့် သူသည်လည်း အလုပ်စဝင်ရန်အတွက် ငွေနှစ်ယွမ်ကို ယူဆောင်သွားပြီး စက်ပစ္စည်းများကို စစ်ဆေးကာ ညနေခြောက်နာရီအထိ အလုပ်လုပ်ပြီးမှ အိမ်သို့ ပြန်လာခဲ့သည်။
သူက အလုပ်ဆင်းသည်နှင့် ညစာပင် ပြန်မစားနိုင်ဘဲ ကျန်းမိသားစုတွင် ဖြစ်ပျက်နေသည်တို့ကို သိရှိရန်အတွက် တုန်ယွမ်သို့ တန်းတန်းမတ်မတ် သွားခဲ့သည်။
သို့သော်လည်း ကျန်းမိသားစု၏ တံခါးမှာ သော့ခတ်ထားပြီး အိမ်တွင် မည်သူမျှ မရှိသည်ကို တွေ့လိုက်ရလေ၏။ သူ အိမ်နီးနားချင်းများထံ၌ ကျန်းမိသားစုအကြောင်း မေးမြန်းချင်ခဲ့သော်လည်း တုန်ယွမ်တွင် သူ့၌အသိမိတ်ဆွေမရှိပါချေ။
သူ ထုန်လင်းနှင့် လက်ထပ်ခဲ့ချိန်က ကျန်းမိသားစုနှင့် အဆင်ပြေစွာ နေထိုင်ရန် စဉ်းစားခဲ့ဖူးပြီး ထုန်လင်းကို ခေါ်ကာ သွားရောက်တွေ့ဆုံခဲ့ဖူးသည်။
သို့သော် လမ်းကြားထိပ်သို့ ရောက်သည်နှင့် မကျေနပ်သောမျက်စောင်းများဖြင့် (7)ကြိမ်၊ (8)ကြိမ်ခန့် အထိုးခံခဲ့ရသောကြောင့် ထိုဇနီးမောင်နှံမှာ သည်းမခံနိုင်ဖြစ်ကာ အိမ်ထဲသို့ပင် မဝင်တော့ဘဲ ပြန်လှည့်လာခဲ့ကြလေ၏။
သို့သော်လည်း တစ်ခုခုတော့ ဖြစ်ပျက်နေပြီဟု သူ ခံစားမိ၏။
သို့မဟုတ်လျှင် တစ်အိမ်လုံး အဘယ်ကြောင့် မှောင်မည်းနေပါမည်နည်း။
သူ ပျော်ရွှင်စွာဖြင့် အိမ်သို့ ပြန်လာခဲ့လေ၏။ ကျန်းမိသားစု၏ ကံဆိုးမိုးမှောင်ကျသွားသည့် သတင်းကို အမြန်ဆုံး ကြားချင်နေပေပြီ။
တစ်ဖက်တွင် ကျန်းကျူးရိကလည်း လူကြီးနှစ်ဦးကို စက်မှုယန္တယားစက်ရုံသို့ ပြန်ခေါ်လာခဲ့၏။
သူက လီဟုန်ကျွင့်၏ အတွေးဆိုးများကို ရိပ်မိသောကြောင့် သူ၏ မိသားစုကို စက်မှုယန္တယားစက်ရုံသို့သာ ခေါ်လာခြင်းဖြစ်ပေသည်။
တုန်ယွမ်တွင် အငြိမ်းစားဝန်ထမ်းများသာရှိပြီး ရန်ဖြစ်ရန်အတွက်အိုမင်းနေကြပေပြီ။ သို့သော်လည်း စက်မှုယန္တယားစက်ရုံက မတူညီပါချေ။
ထိုနေရာတွင် လူတိုင်းက သန်မာထွားကြိုင်းကြသည်။
လီဟုန်ကျွင့်က အရှုံးမပေးဘဲ တုန်ယွမ်သို့သွား၍ လူကြီးနှစ်ဦးကို ပြသနာရှာမည်ကိုလည်း ကျန်းကျူးရိ စိုးရိမ်နေခဲ့လေ၏။
နောက်ထပ်တစ်ည ကုန်ဆုံးသွားပြန်သည်။
မနက်စောစောတွင် ပညာတတ်လူငယ်ရုံးမှ လူတစ်ယောက်က လီမိသားစုသို့ ရောက်လာခဲ့သည်။ သူမက အမျိုးသမီးငယ်တစ်ဦး ဖြစ်ပြီး ပြတ်သားစွာ ပြောလာခဲ့သည်။
“လီကျူး.. မင်းရဲ့ရထားက ဒီနေ့ ညနေ သုံးနာရီခွဲမှာ ထွက်လိမ့်မယ်၊ ဒီမှာ ဒါက မင်းရဲ့ လက်မှတ်ပဲ၊ အချိန်မှန်ရောက်အောင် သွားဖို့ မမေ့နဲ့ဦး၊ နောက်ကျလို့ မရဘူးနော်”
ထိုအမျိုးသမီး၏ လေသံမှာ သိပ်ပြီး မဖော်ရွေသော်လည်း ဆိုလိုရင်းကတော့ ရှင်းလင်းပေသည်။
လီကျူးက အကြောင်းကြားစာကိုယူပြီး ပြောလိုက်သည်။
“နားလည်ပါပြီ၊ ဒီနေ့ညနေ အချိန်မှန်ရောက်အောင် သွားပါ့မယ်”
သူမ ခေါင်းကို အဆက်မပြတ် ညိတ်ပြလိုက်လေ၏။
သူမက အချိန်ကို တွက်ချက်နေခြင်း ဖြစ်ပေသည်။
သူမ ထွက်သွားပြီး မကြာမီမှာပင် လီချောင်၏ ကျေးလက်ဒေသဘက်သို့ သွားရမည့် အကြောင်းကြားစာ ရောက်လာလိမ့်မည်ဟု ခန့်မှန်းထား၏။
ထိုအချိန်တွင် သူမက ဝမ်ပြည်နယ်သို့ ရောက်နေလောက်ပေပြီ။ ထိုအချိန်ကျလျှင် “ဧကရာဇ်မင်းနှင့် ဝေးကွာနေပြီ” ဖြစ်သောကြောင့် သူမ၏ မိဘများက ဒေါသထွက်နေလျှင်ပင် သူမကို လာရှာနိုင်ကြတော့မည် မဟုတ်ချေ။
နှမြောစရာတော့ ကောင်းပေ၏။
နောက်ပိုင်းတွင် သူတို့ထံမှ ငွေထပ်မံရယူရန်မှာ မဖြစ်နိုင်တော့ပါချေ။
သို့သော် သူမ ပြန်လည်စဉ်းစားလိုက်မိပြန်သည်။ အိမ်ထဲတွင်ရှိသမျှသော အရာအားလုံးမှာ လီချောင်၏ အပိုင်များသာ ဖြစ်၏။ သူမအနေဖြင့် ငွေတစ်ရာယွမ်ကျော် ရရှိခဲ့သည်မှာပင် တော်တော်လေး ကံကောင်းနေပြီပင်။
ကျေးလက်ဒေသဘက်တွင် ခြိုးခြံချွေတာပြီး အလုပ်ကြိုးစားကာ အသက်မွေးဝမ်းကျောင်း ပြုနိုင်မည်ဆိုလျှင် မြို့ပြမှ ဝန်ထမ်းတစ်ဦးနှင့်ပင် အိမ်ထောင်ကျနိုင်သေးသည် မဟုတ်ပါလား။
သူမ၏ အမေ ထုန်လင်းမှာလည်း ကျေးလက်ဒေသသူတစ်ယောက်သာဖြစ်ခဲ့သည်။
အကယ်၍ သူမသာ သူမ၏ အဖေနှင့် လက်မထပ်ခဲ့လျှင် တစ်သက်လုံး ရွာထဲတွင်သာ လယ်ယာလုပ်ပြီး နေခဲ့ရလိမ့်မည်။
မိန်းမပျိုလေးတစ်ယောက်အနေနဲ့ မျက်စိဖွင့် နားဖွင့်ထားမည်ဆိုပါက ကောင်းမွန်သည့် အိမ်ထောင်ဖက်တစ်ဦးကို မရှာနိုင်ဘဲ နေမည်မဟုတ်ပေ။
ထို့အပြင် သူမက ချောမောလှပသည့် ရုပ်ရည်လည်းရှိသည် မဟုတ်ပါလား။
ထိုအမျိုးသမီး ထွက်သွားသည်နှင့် လီကျူးက သနားစရာကောင်းအောင် ဟန်ဆောင်ကာ ထုန်လင်းကို ပွေ့ဖက်၍ ငိုကြွေးတော့သည်။
“အမေ... သမီး အမေ့ကို ခွဲမသွားချင်ဘူး၊ အမေ့ကို အဘွားနဲ့ တစ်ယောက်တည်း ထားခဲ့ရမယ်ဆိုတာကို တွေးမိတိုင်း သမီး အရမ်းစိုးရိမ်တယ်၊
သမီးရှိနေရင်တော့ အဘွားကို အပြန်အလှန် ငြင်းခုန်ပေးနိုင်တယ်၊ သမီးက ငယ်သေးတော့ အဆူခံရရုံပဲရှိမှာလေ၊ ဒါပေမဲ့ အမေကတော့ အမြဲတမ်း အောင့်အည်းသည်းခံနေရမှာ”
ထိုစကားကို ကြားချိန်တွင် ထုန်လင်းမှာ မျက်ရည်များ ဝိုင်းလာရတော့သည်။
“မငိုပါနဲ့ .. အမေ အားတဲ့အချိန်ကျရင် သမီးဆီကို ရောက်အောင်လာခဲ့ပါ့မယ်”
ဝမ်ပြည်နယ်က နင်ပြည်နယ်နှင့် သိပ်မဝေးပါချေ။
လီကျူးက သူမ၏ မျက်ရည်များကို အမြန်ပင် သုတ်လိုက်၏။
မတွေ့ရခြင်း ပိုကောင်းပေလိမ့်မည်။
သူတို့နဲ့ ပြန်တွေ့လျှင် ထုန်လင်းက သူမကို အသေသတ်မည်ကိုပင် လီကျူး ကြောက်နေမိသည်။
“ဒါနဲ့ အမေ... ဒီနေ့ညနေ သမီးကို ဘူတာရုံအထိ လိုက်ပို့ဖို့ အားလားဟင်”
လီကျူးက ထုန်လင်း၏ လက်ကို ဖက်ကာ ချွဲနွဲ့လိုက်ပြီး ပြောလိုက်သည်။
“သမီးကို အဖေရော အမေရော နှစ်ယောက်လုံး လိုက်ပို့စေချင်တာ”
“ကောင်းပြီ၊ အမေတို့ မိသားစုတစ်ခုလုံး လိုက်ပို့ပေးပါ့မယ်”
လီကျူး ခေါင်းညိတ်လိုက်ပြီး လီဟုန်ကျွင့်ထံမှ ပိုက်ဆံရအောင် မည်သို့ ထပ်မံညှစ်ယူရမည်ကို စဉ်းစားနေခဲ့သည်။
ဒါ နောက်ဆုံးအကြိမ်ပဲ။သူမ ရသလောက် ယူသွားရမယ်။
ဘယ်လိုပဲဖြစ်ဖြစ် သူမသာ မတောင်းရင် သူတို့က လီချောင်ကိုပဲ ပေးကြတော့မှာလေ။
ယမန်နေ့က လီချောင်၏ လှောင်ပြောင်သရော်နေသော မျက်နှာကို မြင်ယောင်မိရုံနှင့်ပင် လီကျူး၏ စိတ်ထဲတွင် မနာလိုမှုများ ပေါ်ပေါက်လာရသည်။
လီဟုန်ကျွင့်သည်လည်း နေ့လယ်စာစားရန် အပြေးအလွှား ပြန်လာခဲ့၏။
“ငါ ခွင့်ယူခဲ့ပြီးပြီ၊ ငါတို့နဲ့အတူ သွားမဲ့ နောက်ထပ် မိသားစုနည်းနည်းလည်း ရှိသေးတယ်”
“သူတို့လည်း ဝမ်ပြည်နယ်ကိုပဲ သွားကြမှာလား”
လီကျူးက နားစွင့်၍ မေးလိုက်သည်။
“မဟုတ်ဘူး၊ တချို့က ယူနန်ပြည်နယ်ကို သွားကြမယ်၊ တချို့ကတော့ ကွေ့ကျိုးပြည်နယ်ကို သွားကြမှာ၊ ငါတို့ နင်မြို့က ပညာတတ်လူငယ်တွေမှာ ရွေးချယ်စရာ ပိုများတယ်၊
ကျဲ့ကျန်းပြည်နယ်က လူတွေဆိုရင် အရှေ့မြောက်ပိုင်း သုံးပြည်နယ်ကိုပဲ သွားခွင့်ရှိတာ၊ လူပေါင်း သောင်းနဲ့ချီပြီး သွားကြလိမ့်မယ်လို့ ပြောနေကြတယ်”
လီဟုန်ကျွင့်က အရှေ့မြောက်ပိုင်းအကြောင်းကိုပြောရင်း ခေါင်းခါလိုက်မိသည်။ ထိုနေရာမှာ အမှန်တကယ်ပင် အေးလွန်းလှသောကြောင့် နင်မြို့က လူများအနေဖြင့် လုံးဝ နေသားကျနိုင်မည် မဟုတ်ချေ။
လီဟုန်ကျွင့်က သက်ပြင်းချရင်း ခေါင်းခါယမ်းနေသည်ကို မြင်လိုက်ရချိန်တွင် လီကျူးမှာ တိတ်တဆိတ်မရယ်ဘဲ မနေနိုင်တော့ချေ။
နောက်ထပ် ရက်အနည်းငယ်ကြာပြီးနောက် လီချောင်တစ်ယောက် ပင်းချန်မြို့ကို သွားရတော့မည်ဖြစ်ကြောင်းကို သိလိုက်ရချိန်တွင် သူမအဖေ၏ မျက်နှာက မည်သို့ဖြစ်သွားမည်ကို သူမ မြင်တွေ့ချင်မိသည်။
တကယ့်ကို ကြည့်ကောင်းမဲ့ မြင်ကွင်းမျိုး ဖြစ်နေမှာပဲ။
နေ့လယ်စာစားပြီးနောက် လီဟုန်ကျွင့်က လီချောင်ကိုသွားရှာဖွေခဲ့ပြီး သူတို့လေးဦး ဘူတာရုံသို့ အတူသွားကြရန် စီစဥ်ခဲ့၏။
လီချောင်မှာ သူငယ်ချင်းဖြစ်သူ၏အိမ်တွင် ပျော်ရွှင်စွာ ကစားနေခဲ့သော်လည်း ရုတ်တရက် အတင်းအကျပ် အိမ်သို့ပြန်ခေါ်ခြင်း ခံလိုက်ရသောကြောင့် မကျေမနပ်ဖြစ်နေရသည်။
သူက ကြမ်းပြင်ပေါ်ရှိ ခရီးဆောင်အိတ်များကို ခြေထောက်ဖြင့် ကန်ကျောက်ရင်းပြောလိုက်လေ၏။
“ဒီပစ္စည်းတွေအကုန်လုံးကို သူ သယ်နိုင်ပါ့မလား၊ ကျွန်တော့်သူငယ်ချင်း ပြောပြတာတော့ သူ့အစ်မ ကျေးလက်ကို သွားတုန်းက ဘူတာရုံကနေ ရွာအထိ မိုင်သုံးဆယ်၊ လေးဆယ်လောက် လမ်းလျှောက်ခဲ့ရတယ်တဲ့၊
သူမရဲ့ သေးသေးကွေးကွေး ခန္ဓာကိုယ်နဲ့ ဒါတွေကို သယ်နိုင်ပါ့မလား”
ထုန်လင်းက တုံ့ဆိုင်းစွာဖြင့်ပြောလိုက်လေ၏။
“နွားလှည်းတွေ ဘာတွေ မရှိဘူးလား”
“နွားလှည်းက ဘယ်ကလာမှာလဲ၊ တခြားနေရာတွေကလည်း ကျွန်တော်တို့အိမ်မှာလိုဖြစ်နေမယ်လို့ အမေ ထင်နေတာလား”
လီချောင်က နှာခေါင်းရှုံ့လိုက်ပြီး ဆိုးရွားသောအကြံတစ်ခုကို ပေးလိုက်ပြန်သည်။
“ဘယ်လိုပဲဖြစ်ဖြစ် ဝမ်ပြည်နယ်က နင်ပြည်နယ်နဲ့ ဆင်တူတာပဲလေ၊ နွေရာသီလည်း ရောက်တော့မှာဆိုတော့ ဂွမ်းစောင်တစ်ထည်ပဲ ယူသွားလိုက်ပေါ့၊
ကျန်တဲ့တစ်ထည်ကိုတော့ ကျွန်တော် အိမ်ထောင်ပြုတဲ့အချိန် သုံးဖို့ ချန်ထားပေးလိုက်.. အမေလည်း မကြာခင် မြေးချီရတော့မှာပဲ၊ ဂွမ်းစောင်က ဘယ်လောက်ပဲရှိရှိ များသွားပြီဆိုတာမျိုးမရှိပါဘူး”
လီကျူး : “...”
သူမ လက်သီးကို တင်းတင်းဆုပ်လိုက်ပြီး အံကြိတ်၍ပြောလိုက်လေ၏။
“လီချောင် ပြောတာလည်း ဟုတ်တာပဲ၊ ဒါဆိုရင် အဲဒီဂွမ်းစောင်ကို သမီး မယူတော့ဘူး အမေ... သမီးကို ငွေနည်းနည်းလောက် ထပ်ပေးနိုင်မလား၊
ရွာသားတွေဆီမှာ ပိုနေတဲ့ဂွမ်းတွေ ရှိ၊ မရှိ သမီး လိုက်မေးကြည့်မယ်၊ အဲဒီငွေနဲ့ သူတို့ဆီကနေ ပြန်ဝယ်လိုက်မယ်လေ”
ထုန်လင်းက သေသေချာချာ စဥ်းစားကြည့်လိုက်ချိန်တွင် ထိုအချက်က ကျိုးကြောင်းဆီလျော်မှု ရှိသည်ဟု ထင်လိုက်မိသည်။
ထို့ကြောင့် သူမသည် နောက်ထပ် ယွမ်နှစ်ဆယ်ကို ထုတ်ပေးလိုက်ပြီးပြောလိုက်လေ၏။
“ဒါကို ချွေတာပြီး သုံးနော်၊ အရမ်းမအေးသေးဘူးဆိုရင်တော့ မဝယ်နဲ့ဦး”
“အမေ... သမီးကို ရိက္ခာကူပွန်တွေနဲ့ အဝတ်ထည်ကူပွန်တွေပါ ထပ်ပေးပါဦး၊ ဒါမှ ရွာသားတွေနဲ့ ဆက်ဆံရေး ကောင်းအောင် လုပ်လို့ရမှာ
ဝေးကွာတဲ့ ဆွေမျိုးထက် အနီးမှာရှိတဲ့ အိမ်နီးချင်းက ပိုအားကိုးရတယ်မလား၊ ရွာကို ရောက်သွားရင် သမီးက လူမှုအသိုင်းအဝိုင်းထဲကို တက်တက်ကြွကြွ ဝင်ဆံ့အောင် နေထိုင်ရမှာလေ”
ထုန်လင်းမှာ လှည့်စားခြင်းခံလိုက်ရပြီး အထည်ကူပွန် အတော်များများကိုပါ ထုတ်ပေးလိုက်ရတော့သည်။
လီချောင်ကတော့ ထိုအရာများအတွက် စိတ်မကောင်း ဖြစ်မနေပါချေ။
မည်သို့ပင်ဖြစ်စေ ဤသည်က အထည်လိပ်စက်ရုံဖြစ်၍ ဂိုဒေါင်ထဲတွင် အပြစ်အနာအဆာပါသော အထည်စများစွာ ရှိနေသည်။
သူတို့အတွက် ပုံမှန်အားဖြင့် အထည်ကူပွန် မလိုအပ်သောကြောင့် လီကျူးကိုသာ ပေးလိုက်ခြင်းက ပိုကောင်းပေလိမ့်မည်။
နောင်ပိုင်းကျလျှင် သူမအနေဖြင့် ထိုကူပွန်များကို ရွာသားများနှင့် အသားဟင်း လဲလှယ်ရန် အသုံးချနိုင်လိမ့်မည် မဟုတ်ပါလား။
ဝမ်ပြည်နယ်တွင်လည်း တောင်တန်းများ ရှိသည်ဖြစ်၍ တောလိုက်သားကောင်များစွာ ရှိနေမည်က သေချာပေသည်။
နေလယ်စာစားပြီးနောက် ထိုမိသားစုသည် သူတို့၏ ခရီးဆောင်အိတ်များကို သယ်ဆောင်ကာ ပြည်နယ်မြို့တော်သို့ ဦးတည်သည့် ဘတ်စ်ကားပေါ်သို့ တက်ခဲ့ကြ၏။
ရထားစီးရန်အတွက် ထိုမြို့သို့ အရင်သွားရမည်ဖြစ်ပေသည်။
လီမိသားစုအနေဖြင့် သူတို့ ထွက်သွားသည်နှင့် ကေဒါဝမ်က သူ၏လူများနှင့်အတူ အထည်လိပ်စက်ရုံသို့ ရောက်ရှိလာခဲ့ကြောင်းကိုတော့ မသိလိုက်ပါချေ။