အခန်း (၁၄၄)
Vol. 15 Ch. 144
ကေဒါဝမ်က အထည်လိပ်စက်ရုံ အလုပ်သမားသမဂ္ဂ၏ ဥက္ကဋ္ဌဖြစ်သူ ဝူချောင်ချန်းကို ပထမဦးဆုံး သွားရောက်တွေ့ဆုံခဲ့သည်။
“ဥက္ကဋ္ဌဝူ... ကျွန်တော်တို့က တော်လှန်ရေးကော်မတီက လာတာပါ”
ဝူချောင်ချန်း၏ မျက်နှာထားမှာ ချက်ချင်းပင် ပြောင်းလဲသွားပြီး အလွန်ပင် စိတ်မသက်မသာဖြစ်သွားရတော့သည်။
ယနေ့ခေတ်တွင် တော်လှန်ရေးကော်မတီဝင်များကို မြင်လျှင် လူတိုင်းက ကြောက်ရွံ့နေကြသည် မဟုတ်ပါလား။
“ဘာကိစ္စရှိလို့လဲ “
သူ မျက်မှောင်ကြုတ်လျက် မေးလိုက်၏။
“ခင်ဗျားတို့ စက်ရုံက စက်ပြင်ဝန်ထမ်း လီဟုန်ကျွင့်နဲ့ ပတ်သက်ပြီး တစ်ခုခု သိချင်လို့ပါ”
လီဟုန်ကျွင့်?
ဝူချောင်ချန်းက မျက်ခုံးပင့်လိုက်ပြီး ဘေးသို့ ချက်ချင်းပင် ဖယ်ပေးလိုက်ကာ ပြောလိုက်လေ၏။
“အရင်ဆုံး ရုံးခန်းထဲ ကြွပါဦး၊ အပြင်မှာ ရပ်နေရတာ မကောင်းပါဘူး”
အရာရှိဝမ်က ခေါင်းညိတ်ပြလိုက်ပြီးနောက် သူ၏လူများကို ခေါ်ကာ ရုံးခန်းထဲသို့ ဝင်သွား၏။ သူက ထိုကဲ့သို့သော ဆက်ဆံမှုမျိုးကို ကျင့်သားရနေပုံရသည်။
လူတိုင်း အထဲသို့ ဝင်သွားကြပြီးနောက် ဝူချောင်ချန်းက သူ၏ အတွင်းရေးမှူးဘက်သို့လှည့်ပြီး ပြောလိုက်သည်။
“ ကျန်းချင်းတုန်၊ လောင်လျို့၊ လောင်လုတို့နဲ့ ကျန်တဲ့လူတွေကို သွားခေါ်လိုက်ဦး၊ ငါ သူတို့ကို တွေ့ချင်တယ်လို့ပဲပြောလိုက်၊ ပြီးတော့ လက်ဖက်ရည်ပါ ပြင်ထားလိုက်ဦး”
ထိုသို့ပြောပြီးနောက် သူသည်လည်း ရုံးခန်းထဲသို့ ဝင်သွားတော့သည်။
အရာရှိဝမ် ထိုင်လိုက်သည်နှင့် လူငယ်ရဲဘော်လေးများသည်လည်း မှတ်စုစာအုပ်များကို ဖွင့်ကာ မှတ်တမ်းတင်ရန် ပြင်လိုက်ကြ၏။
အရာရှိဝမ်က ဝူချောင်ချန်းနှင့် ကွေ့ဝိုက်၍ စကားများ ပြောမနေတော့ဘဲ လွန်ခဲ့သည့် ရက်အနည်းငယ်က လီဟုန်ကျွင့် လုပ်ဆောင်ခဲ့သည့် မိုက်မဲသော အပြုအမူများအကြောင်းကို တိုက်ရိုက်ပြောပြလိုက်တော့သည်။
“လီဟုန်ကျွင့်က တကယ်ပဲ တော်လှန်ရေးကော်မတီဆီကို တိုင်စာရေးခဲ့တာလား”
ကေဒါဝမ်က ခေါင်းညိတ်ပြလိုက်၏။
ဝူချောင်ချန်းတစ်ယောက် အံ့အားသင့်လွန်းသောကြောင့် တောက်ပင်ခေါက်လိုက်မိပြီး အထစ်ထစ်အငေါ့ငေါ့ မေးလိုက်မိသည်။
“သူက.. သူ ဘယ်လိုတောင် အဲဒီလို လုပ်ရဲရတာလဲ”
ထိုစကားကို ကြားလိုက်ရချိန်တွင် အရာရှိဝမ်မှာ တစ်ခုခုက ပုံမှန်မဟုတ်ကြောင်းကို ရိပ်မိသွားပြီး အသေးစိတ်အချက်အလက်များကို ချက်ချင်းပင် မေးမြန်းတော့သည်။
“လီဟုန်ကျွင့်နဲ့ သူရဲ့ ဇနီးဟောင်း၊ ပြီးတော့ အခုဇနီးတို့ရဲ့ အရင်က ပတ်သက်မှုတွေကို ကျွန်တော့်ကို အသေးစိတ် ပြောပြပေးပါ
ကျန်းဟုန်ကျန်း အသက်စွန့်သွားပြီးနောက်မှာ ခင်ဗျားတို့ စက်ရုံက နစ်နာကြေးကိစ္စကို ဘယ်လိုမျိုး ကိုင်တွယ်ခဲ့လဲ၊
ကျန်းဟုန်ကျန်း ဆုံးပါးသွားပြီး နှစ်လမပြည့်ခင်မှာပဲ လီဟုန်ကျွင့်နဲ့ သူ့ရဲ့ အခုဇနီး ထုန်လင်းတို့ လက်ထပ်ခဲ့ကြပြီး ခုနစ်လအကြာမှာ ကလေးနှစ်ယောက် ရခဲ့တယ်လို့ ကျွန်တော် ကြားထားတယ်၊
သူက ဇနီးဟောင်းနဲ့ လက်ထပ်ထားတုန်းက ထုန်လင်းနဲ့ တကယ်ပဲ ပတ်သက်မှုမှ မရှိခဲ့တာ သေချာရဲ့လား”
အရာရှိဝမ်ထံမှ ဆက်တိုက် မေးမြန်းလိုက်သည့် မေးခွန်းများကြောင့် ဝူချောင်ချန်းမှာ ချွေးအေးများပင် ထွက်လာရတော့သည်။
ဒါက လီဟုန်ကျွင့်ကို အသေသတ်ဖို့ ရိုက်နှက်လိုက်တာနဲ့ အတူတူပဲမဟုတ်ဘူးလား။
သူ စကားမပြောရသေးခင်မှာပင် ကျန်းချင်းတုန်နှင့် သူ၏အဖွဲ့ ရောက်ရှိလာခဲ့၏။ သူတို့က ဒုတိယစက်ရုံမှူး၊ ဝန်ထမ်းရေးရာ ဒါရိုက်တာနှင့် စာရင်းကိုင်ရုံးအကြီးအကဲတို့ ဖြစ်လေသည်။
သူတို့ သုံးဦးလုံးက ဝန်ထမ်းဟောင်းများ ဖြစ်ကြပြီး ကျန်းဟုန်ကျန်း ဆုံးပါးပြီးနောက် နစ်နာကြေးကိစ္စများတွင် ပါဝင်ခဲ့ကြသူများလည်း ဖြစ်ပေ၏။
“စက်ရုံမှူးကတော့ ပြည်နယ်မှာ အစည်းအဝေး သွားနေလို့ အခုလောလောဆယ် ပြန်မလာသေးဘူး ဒီလူတွေကတော့ အဲဒီတုန်းက နစ်နာကြေးကိစ္စမှာ ပါဝင်ခဲ့ကြသူတွေဆိုတော့ ခင်ဗျားရဲ့ မေးခွန်းတွေကို ဖြေပေးနိုင်ပါလိမ့်မယ်”
ကျန်းချင်းတုန်က နှာခေါင်းရှုံ့ကာ အေးစက်စက်ဖြင့်ပြောလိုက်လေ၏။
“လီဟုန်ကျွင့်ရဲ့ အပြုအမူက တကယ့်ကို စက်ဆုပ်ရွံရှာစရာကောင်းလွန်းတယ်”
သူသည်ကား ယခင်က ကျန်းဟုန်ကျန်းထံမှ ကျေးဇူးအများအပြား ခံယူခဲ့ဖူးသူဖြစ်ပြီး လီမိသားစုနှင့်လည်း နှစ်ပေါင်းများစွာကြာအောင် စကားမပြောဘဲ နေခဲ့သူဖြစ်သောကြောင့် လီဟုန်ကျွင့်နှင့် ပတ်သက်၍ မည်သည်ကိုမှ ဖုံးကွယ်ထားမည် မဟုတ်ပါချေ။
ဒါရိုက်တာလျို့ကလည်း ခေါင်းညိတ်ပြီး ထောက်ခံလိုက်သည်။
“ဟုတ်ပါတယ်၊ ကျွန်တော်လည်း လီရှန်းကို ကလေးဘဝကတည်းက ကြည့်လာခဲ့တာ၊ သူမက ကျွန်တော့်ရဲ့ အငယ်ဆုံးသား လျို့ချန်လီနဲ့ အတန်းဖော်တွေလေ၊
သူမက တကယ့်ကို သနားစရာကောင်းလွန်းတယ်၊ ကျွန်တော်တို့က အိမ်နီးချင်းတွေဆိုတော့ ကူညီချင်ပေမဲ့ ဆက်ဆံရေးပျက်ပြားသွားမှာကိုလည်း စိုးရိမ်ခဲ့ရတယ်”
ဒါရိုက်တာလျို့က လီရှန်းထံမှ အလုပ်ရရှိခဲ့သူ ဖြစ်သောကြောင့် လီမိသားစုဘက်သို့ ဘက်လိုက်နေမည် မဟုတ်ပါချေ။
စာရင်းကိုင်ရုံးမှ ဒါရိုက်တာလုကတော့ စကားနည်းသောသူ ဖြစ်၏။ သူသည်က အမြဲတစေ စည်းမျဉ်းအတိုင်းသာ လုပ်ဆောင်လေ့ရှိပြီး ငွေကြေးကိစ္စများတွင်လည်း တစ်ပြားတစ်ချပ်မှ မမှားယွင်းစေခဲ့သူ ဖြစ်ခေသည်။
သူတို့ သုံးဦးလုံးက လီဟုန်ကျွင့် ယခုနေထိုင်နေသည့် အိမ်ရာကိစ္စ၊ ထိုစဉ်က ရရှိခဲ့သည့် ပင်စင်လစာကိစ္စနှင့် လက်ထပ်ပြီးနောက် လီရှန်းကို သူတို့ ဇနီးမောင်နှံက မည်သို့ ပြုမူခဲ့ကြသည်ဟူသော ကိစ္စရပ်များအပေါ် တညီတညွတ်တည်း ဝေဖန်ပြစ်တင်ခဲ့ကြတော့သည်။
ဒါရိုက်တာလုက အလွန်ပင် အံ့အားသင့်စွာဖြင့်ပြောလိုက်လေ၏။
“သူက တခြားလူတွေနဲ့ ဒီလောက်တောင် ဆက်ဆံရေးကောင်းကောင်း မရှိတာလား၊ ခင်ဗျားတို့ နှစ်ယောက်က သူ့ရဲ့ အိမ်နီးချင်းတွေ မဟုတ်ဘူးလား”
“အဲဒီအကြောင်း မပြောပါနဲ့တော့၊ ကျွန်တော် သူ့ကို စကားမပြောတာ ဆယ်နှစ်ကျော်ပြီ”
ကျန်းချင်းတုန်က လက်ကာပြလိုက်လေ၏။ သူသည်ကား မူလကတည်းက စကားများသူ မဟုတ်သကဲ့သို့ လီဟုန်ကျွင့်နှင့်ဆိုလျှင် ပို၍ပင် ပြောစရာ စကားမရှိပါချေ။
ပြီးခဲ့သည့်အကြိမ်က ကျန်းမိသားစု လာရောက်ပြဿနာရှာချိန်ကလည်း သူ့အနေဖြင့် လီဟုန်ကျွင့်ကို ပို၍ ဒုက္ခရောက်အောင် လုပ်ချင်နေခဲ့ခြင်း ဖြစ်သည်။
လီဟုန်ကျွင့်နှင့် ပုံမှန်အားဖြင့် ဆက်ဆံရေးကောင်းမွန်သော ဒါရိုက်တာလျို့သည်လည်း ချက်ချင်းပင် အဆက်အသွယ် ဖြတ်လိုက်တော့သည်။
“ကျွန်တော့်မိန်းမနဲ့ ထုန်လင်းကတော့ ပုံမှန်အတိုင်းပဲ ဆက်ဆံရေးရှိကြတယ်၊ ဒါပေမဲ့ ကျွန်တော်ကတော့ သူနဲ့သိပ်ပြီးမရင်းနှီးပါဘူး”
ဒါရိုက်တာလုက နှစ်ချက်မျှ ရယ်မောလိုက်ပြီး ပြောလိုက်သည်။
“တကယ်လို့ ကျန်းဟုန်ကျန်းသာ မရှိခဲ့ရင် လီဟုန်ကျွင့်ဆိုတာ ဘယ်သူလဲဆိုတာတောင် ကျွန်တော် မှတ်မိမှာ မဟုတ်ဘူး”
သူသည်က စက်ရုံဝန်ထမ်းအိမ်ရာတွင် နေထိုင်သူ မဟုတ်ပါချေ။
“ကောင်းပြီ၊ အခုတော့ အခြေခံအချက်တွေကို ကျွန်တော် သိရပြီ”
အရာရှိဝမ်က ညိုမှိုင်းနေသော မျက်နှာဖြင့် မတ်တပ်ရပ်လိုက်သည်။
ယခုအချိန်တွင် သူသည်က လီဟုန်ကျွင့်၏ အသုံးချခံ နယ်ရုပ်တစ်ခု ဖြစ်သွားခဲ့ကြောင်း သေချာသွားပြီ ဖြစ်သောကြောင့် စိတ်အခြေအနေ အလွန်ပင် ဆိုးရွားနေခဲ့ရ၏။
“ဒါဆို ဒုတိယစက်ရုံမှူးအနေနဲ့ ကျွန်တော့်ကို လီဟုန်ကျွင့်ရဲ့ အိမ်အထိ လိုက်ပို့ပေးစေချင်ပါတယ်”
ကျန်းချင်းတုန်က လီဟုန်ကျွင့်ကို အမုန်းဆုံးဖြစ်ကြောင်း အရာရှိဝမ် ရိပ်မိလိုက်ပေသည်။
ကျန်းချင်းတုန်လည်း အရာရှိဝမ်ကို ဝန်ထမ်းအိမ်ရာဝင်းဆီသို့ ချက်ချင်းပင် ဦးဆောင်ခေါ်သွားခဲ့၏။
ယခုအချိန်တွင် လီမိသားစုအိမ်၌ အဘွားလီနှင့် လီရွှမ်တို့မှလွဲ၍ မည်သူမျှ မရှိပါချေ။
ဒုတိယစက်ရုံမှူးကျန်း ရောက်လာသည်ကို မြင်လျှင် အဘွားလီက တက်ကြွစွာကြိုဆိုလေသည်။
ပြီးခဲ့သည့်အကြိမ်က ဒါရိုက်တာလျို့က သူမကို လျစ်လျူရှုသွားခဲ့သည််အတွက် သူမ အတော်လေး ဒေါသထွက်နေခဲ့၏။
သူက ဒါရိုက်တာအဆင့်လေးလောက်ပဲ ရှိတာကို ဘာလို့ အဲဒီလောက်တောင် မာနကြီးနေတာလဲ။
ယခုတွင်တော့ ဒုတိယစက်ရုံမှူးကျန်း ကိုယ်တိုင်ရောက်လာပြီး လီဟုန်ကျွင့်သည်လည်း အိမ်တွင်မရှိသောကြောင့် သူမအတွက် အခွင့်အရေး ရောက်လာခဲ့ပေပြီ။
အဘွားလီ၏ ပျာပျာသလဲဆက်ဆံပုံကို မြင်ချိန်တွင် အရာရှိဝမ်က ချက်ချင်းပင် စိတ်ဝင်စားသွားပြီး မေးလိုက်သည်။
“အဘွား... ကျွန်တော် လီဟုန်ကျွင့်အကြောင်းကို နည်းနည်းလောက် မေးချင်လို့ပါ”
“သူက ဘယ်သူလဲ...”
အဘွားလီက ကျန်းချင်းတုန်ကို ကြည့်လိုက်၏။
ကျန်းချင်းတုန်က ချောင်းတစ်ချက် ခပ်ဖွဖွဆိုးလိုက်ရင်းပြောလိုက်လေ၏။
“ပြည်နယ်မြို့တော်က လာတဲ့ အရာရှိတစ်ယောက်လို့ပဲ မှတ်ထားလိုက်ပါ”
ကေဒါဝမ်က အနည်းငယ်အံ့ဩသွားသော်လည်း ချက်ချင်းပင် သူ၏ နောက်ကျောကို ပို၍ မတ်မတ်ဆန့်လိုက်၏။
ပြည်နယ်မြို့တော်မှ အရာရှိတစ်ဦး ဖြစ်ကြောင်း ကြားလိုက်ရချိန်တွင် အဘွားလီ၏ အမူအရာမှာ ချက်ချင်းပင် အလွန်အမင်း ရိုသေလေးစားမှုများဖြင့်ပြည့်သွားပြီး ရင်ဘတ်ကို ပုတ်ပြီး ပြောလိုက်လေ၏။
“မေးပါ မေးပါ၊ တစ်ခွန်းမှ အလိမ်အညာမပါစေရဘူးလို့ အာမခံပါတယ်”
ထို့ကြောင့် အရာရှိဝမ်က စတင်မေးမြန်းတော့သည်။
လီဟုန်ကျွင့်နှင့် ကျန်းဟုန်ကျန်းတို့၏ ယခင်အိမ်ထောင်ရေးအကြောင်း မေးချိန်တွင် အဘွားလီကပြောလိုက်လေ၏။
“...ကျွန်မက အစကတည်းက ဒီချွေးမကို မကြိုက်တာ၊ သူမက အရမ်းမာနကြီးပြီး ခေါင်းမာလွန်းလို့ ဟုန်ကျွင့်ကို ခေါင်းမဖော်နိုင်အောင် လုပ်ခဲ့တာလေ၊
ပြီးတော့ သူမက စကားလည်း နားမထောင်ဘူး၊ သမီးတစ်ယောက်တည်းကိုပဲ မွေးနိုင်ခဲ့တာ၊ ဒါပေမဲ့ သူမကို သေစေချင်တဲ့စိတ်ကတော့ ကျွန်မမှာ မရှိပါဘူး
သမီးမွေးနိုင်ရင် သားလည်း မွေးနိုင်မှာပဲလေ၊ အဲဒီတုန်းက ကျွန်မ မပျော်ရွှင်ခဲ့တာမှန်ပေမဲ့ ဟုန်ကျွင့်က သူမကို ကွာရှင်းနိုင်လိမ့်မယ်လို့တော့ မထင်ခဲ့ဘူး
ဘယ်သူသိမှာလဲ... သူမက ရုတ်တရက်ကြီး သေသွားခဲ့တယ်”
ထို့နောက် အရာရှိဝမ်က အိမ်အကြောင်း မေးမြန်းရာတွင်လည်းပြောလိုက်လေ၏။
“ဒါက ကျွန်မသား ဟုန်ကျွင့်ရဲ့အိမ်ပေါ့၊ အစတုန်းက ဟုန်ကျန်းအတွက် ချထားပေးခဲ့တာမှန်ပေမဲ့ ဟုန်ကျန်းနဲ့ ကျွန်မသားက ဇနီးမောင်နှံတွေပဲလေ၊ ဒါဆိုရင် ဒါက ကျွန်မရဲ့သား အပိုင်ပဲမဟုတ်ဘူးလား”
နစ်နာကြေးအကြောင်း မေးချိန်တွင် ဤသို့ ပြောလာခဲ့လေ၏။
“အိုး... အဲဒီငွေတွေကိုတော့ ဟုန်ကျွင့် နောက်အိမ်ထောင်ပြုတဲ့ ကိစ္စတွေမှာပဲ အကုန်သုံးလိုက်တာပါ”
အဘွားလီက လီဟုန်ကျွင့်နှင့် ပတ်သက်သမျှ အလုံးစုံကို ဖွင့်ချလိုက်လေတော့သည်။