← Chapters

အခန်း (၁၄၆)

Vol. 15 Ch. 146

အခန်း (၁၄၆)

Vol. 15 Ch. 146

ခန်းဝင်ပစ္စည်း?

ကျန်းကျူးရိတစ်ယောက် ခဏမျှ အသိပြန်မဝင်နိုင် ဖြစ်သွားရသည်။

ယခုခေတ်ကာလတွင် မိသားစုမျိုးဆက် ပြတ်တောက်သွားခြင်းမျိုးသာ မဟုတ်ပါက သားမက်ကို အိမ်သို့ သွင်းခြင်းမျိုးလုပ်လေ့မရှိပါချေ။

ထိုအခြအနေမှာ နောက်ဆုံးလက်ကျန် နည်းလမ်းအနေဖြင့်သာ လုပ်ဆောင်လေ့ရှိကြသောကြောင့် လီရှန်း ဆိုလိုသည့် “သားမက်ကို အိမ်သို့ သွင်းခြင်း” ဆိုသော အဓိပ္ပာယ်ကို သဘောမပေါက်နိုင်ခဲ့ပါချေ။

ဆိုရလျှင် ဤခေတ်အချိန်၌ သားမက်ဖြစ်သူက ယာက္ခမတို့ကို အိုမင်းလာချိန်တွင် ပြုစုစောင့်ရှောက်ပါမည်ဟု ကတိပေးလျှင်ပင် သားမက်ကို အိမ်ထဲသို့ ခေါ်မသွင်းကြပါချေ။

အကြောင်းပြချက်မှာ အမျိုးသား အများစုက တခြားမိသားစုထဲသို့ ဝင်ရောက်နေထိုင်ရန် ဆန္ဒမရှိကြသည့်အတွက်ကြောင့်သာ ဖြစ်ပေ၏။

ထိုသို့လုပ်ဆောင်ရန် ဆန္ဒရှိသူများမှာ ညီအစ်ကိုများစွာရှိနေသည့် ဆင်းရဲသော မိသားစုမှ ဖြစ်နေခြင်း၊ သို့မဟုတ် ကိုယ်အင်္ဂါ မသန်စွမ်းသည့်အမျိုးသားဖြစ်နေခြင်းကြောင့်လာ ဖြစ်နိုင်သည်။

ထို့အပြင် မိသားစုထဲသို့ ဝင်နေသည့် သားမက်များကို လူအများက အထင်သေးလေ့ ရှိကြသည်။

ခေါင်းမာသည့်လူများဆိုပါက တခြားမိသားစုထဲသို့ ဝင်ရောက်ကာ အထင်သေးခံရမယ့်အစား တစ်သက်လုံး လူပျိုကြီးအဖြစ်သာ နေထိုင်သွားရန် ဆန္ဒရှိကြသည်။

မထင်မှတ်ဘဲ ဤတပ်ရင်းမှူးကတော့ အတော်လေး ထူးဆန်းသည့်နည်းဖြင့် ချဉ်းကပ်ပုံမျိုးကို အသုံးပြုခဲ့ပြီး သိက္ခာကျမည်ကိုလည်း လုံးဝ ကြောက်ရွံ့ပုံ မရပါချေ။

“သူ့ဆီမှာ ဘယ်လို ခန်းဝင်ပစ္စည်းမျိုးတွေ ရှိနေလို့လဲ”

ကျန်းကျူးရိတစ်ယောက် ရှားရှားပါးပါးဖြင့် စပ်စုချင်လာခဲ့သည်။

“သူ စုဆောင်းထားတဲ့ ထောက်ပံ့ကြေး ရာဂဏန်းနည်းနည်းလောက်နဲ့ သူရထားတဲ့ ဆုတံဆိပ် အစုလိုက်အပြုံလိုက်တွေပဲပေါ့”

လီရှန်းကိုယ်တိုင်လည်း အံ့ဩနေမိသည်။ ကျန်းကျိက မျက်ခုံးထူထဲပြီး မျက်လုံးအိမ်ကျယ်ကာ ဖြောင့်မတ်သော လူတစ်ယောက်ဟု ထင်ရသော်လည်း သူက အကြံအဖန်များနှင့်သာ ပြည့်နှက်နေပုံရသည်။

စုဝေ့ဖင်းက ကျန်းကျိ၏အမေနဲ့ တိုက်ရိုက်မတွေ့ရသေးခင်ကတည်းက ကျန်းကျိက သူ့အမေကို စကားမပြောနိုင်အောင် လုပ်ထားနှင့်ပြီးသား ဖြစ်နေချေပြီ။

“တပ်ရင်းမှူးတစ်ယောက်ရဲ့ ထောက်ပံ့ကြေးက အဲဒီလောက်တောင် နည်းတာလား”

ငွေရာဂဏန်း အနည်းငယ်မျှသာ ရှိသည်က နည်းလွန်းသည် မဟုတ်ပါလား။

ကျန်းကျူးရိ၏ အာရုံစိုက်မှုက လမ်းကြောင်း လွဲသွားရတော့သည်။

“သူက အရင်က တစ်ယောက်တည်းသမားပဲဖြစ်ခဲ့တာလေ၊ ပြီးတော့ သူ့မိသားစုကလည်း ချမ်းသာတယ်ဆိုတော့ ငွေကို လက်ဖွာပြီး သုံးစွဲတာက ပုံမှန်ပါပဲ”

စုဝေ့ချင်းကဲ့သို့ တစ်ဆင့်စီတိုင်းကို စုဆောင်းနေတတ်သည့် လူငယ်မျိုးက ရှားပါးလွန်းသည်ပင်။

“ဒါပေမဲ့ သူ လက်ထပ်ပြီးရင် သူ့ရဲ့ ထောက်ပံ့ကြေး အားလုံးကို ဝေ့ဖင်းကို ပေးပါ့မယ်လို့တော့ ကတိပေးထားတယ်”

“ဒါဆို တာဝန်ယူစိတ်တော့ ရှိပုံရတာပဲ”

ကျန်းကျူးရိ သက်ပြင်းချလိုက်ပြီး စိုးရိမ်တကြီးဖြင့် ပြောလိုက်လေ၏။

“တကယ်လို့ မင်းရဲ့ ယောက်မဘက်က မိသားစုက ရင်ဆိုင်ရခက်လွန်းတယ်ဆိုရင် မင်း အရင်ပြန်လာခဲ့ပါလား၊

ဘယ်လိုပဲဖြစ်ဖြစ် လီဟုန်ကျွင့်နဲ့ ပတ်သက်တဲ့ ကိစ္စတွေကလည်း အတော်များများ ပြေလည်သွားပြီဆိုတော့ မင်းအလုပ်ကို မနှောင့်ယှက်လောက်တော့ဘူး၊ မင်းလည်း ကြာကြာခွင့်ယူရင် ပြောစရာဖြစ်နေမယ်”

“သုတေသနဌာနကတော့ အခုတလော သိပ်ပြီးမအားနိုင်ကြဘူးတဲ့၊ ကျွန်မရဲ့ ယောက္ခမကလည်း မီးထွန်းပွဲတော်မတိုင်ခင်လောက်ကို ကျွန်မ ပြန်လာရင်ရပြီလို့ ပြောထားတယ်”

စုဝေ့မင် ရှိနေသရွေ့ လီရှန်းအနေဖြင့် အလုပ်အတွက် စိုးရိမ်စရာ မလိုပါချေ။

ထို့အပြင် စုဝေ့ချင်းလည်း ရှိနေသည် မဟုတ်ပါလား။

“ဒါနဲ့ ဝေ့ချင်းရော ရောက်ပြီလား”

“မရောက်သေးဘူး၊ သူတို့ကတော့ သတင်းကြားဦးမှာ မဟုတ်သေးဘူး ပြီးတော့ ဒါက ဂုဏ်ယူစရာကိစ္စလည်း မဟုတ်ဘူးလေ၊ ဘာလို့ ဒီလောက်အထိ ဆူညံနေအောင် လုပ်နေမှာလဲ”

ကျန်းကျူးရိအနေဖြင့် စုမိသားစုက သိသွားပါက သူ၏ တူမအပေါ် အထင်သေးသွားမည်ကို စိုးရိမ်နေခြင်းသာဖြစ်၏။

မည်သို့ပင်ဖြစ်စေ လူတစ်ယောက်၏အဖေအရင်းက တော်လှန်ရေးကော်မတီ၏ စုံစမ်းစစ်ဆေးမှုကို ခံနေရမည်ဆိုပါကတခြားလူများ၏ ဖယ်ကျဉ်ခြင်းကို ခံရလိမ့်မည်ပင်။

“ကျွန်မ ခဏနေရင် သူ့ဆီကို ဖုန်းဆက်လိုက်မယ်၊ သူက အရင်က သတင်းစာတွေမှာ ဆောင်းပါးတွေ ရေးဖူးတယ်ဆိုတော့ သတင်းစာထဲမှာ ပါလာဖို့ သူ ပိုပြီး မြန်မြန်ဆန်ဆန် လုပ်နိုင်လိမ့်မယ်”

စုဝေ့ချင်းအနေဖြင့် မနေ့ညက ဖြစ်ပျက်ခဲ့သည်များကို သိဦးမည် မဟုတ်ပါချေ။ မည်သို့ပင်ဖြစ်စေ ဆေးဝါးစက်ရုံဆိုသည်က အတော်လေး အပြင်လောကနှင့် အဆက်အသွယ် ပြတ်တောက်သော ပတ်ဝန်းကျင်မျိုး ဖြစ်ပေသည်။

လုပ်ငန်းများ စတင်လည်ပတ်ပြီဆိုလျှင် အပြင်ဘက်မှ သတင်းများကို ကြားသိရန် ပို၍ပင် ခက်ခဲသွားတတ်၏။ ဆန့်ကျင်ဘက်အနေဖြင့် ပြည်နယ်မြို့တော်မှ သတင်းများကိုတော့ ပို၍ မြန်မြန်ဆန်ဆန် ပျံ့နှံ့လေ့ရှိသည်။

“ထားလိုက်ပါတော့၊ ငါကိုယ်တိုင်ပဲ သတင်းစာတိုက်က လူတစ်ယောက်ကို သွားရှာလိုက်မယ်”

ကျန်းကျူးရိက သူမကို အမြန်ပင် တားလိုက်၏။

မင်းက ဘာလို့ ဒီလောက်တောင် ပြောပြချင်နေရတာလဲ။

“အဆင်ပြေပါတယ် ဦးလေး.. စိတ်မပူပါနဲ့”

ကျန်းကျူးရိက မည်သို့ စိတ်မပူဘဲ နေနိုင်ပါမည်နည်း။ စုဝေ့ချင်းအပေါ် လုံးဝ ယုံကြည်အားကိုးနေသည့် လီရှန်း၏ လေသံကို နားထောင်ပြီး သူ့အနေဖြင့် ဖုန်းထဲမှနေ၍ “ကျီးကန်းတိုင်းက မဲတတ်တယ်”၊ “ယောက်ျားတွေကို မယုံနဲ့” ၊ “ယောက်ျားတွေသာ စကားတည်မယ်ဆိုရင် ဝက်တွေတောင် ပျံနိုင်လိမ့်မယ်” ဟူ၍ အော်ဟစ်ပြောဆိုချင်စိတ်များ ဖြစ်နေရတော့သည်။

ကံမကောင်းစွာဖြင့်ပင် ယနေ့ခေတ် ဖုန်းခေါ်ဆိုမှုတိုင်းတွင် အော်ပရေတာများ ကြားခံရှိနေတတ်ပေ၏။ ကျန်းကျူးရိမှာလည်း မည်သည်ကိုမျှနားမလည်သည့် လူအမျိုးအစား မဟုတ်ပါချေ။

ဖုန်းချပြီးနောက် လီရှန်းက ဆေးဝါးစက်ရုံရှိ စုဝေ့မင်၏ ရုံးခန်းသို့ ချက်ချင်းပင် ဖုန်းဆက်လိုက်၏။

အတွင်းရေးမှူးရုံးခန်းမှာ ခေါင်းဆောင်၏ ရုံးခန်းနှင့် မဝေးလွန်းသောကြောင့် လီရှန်း၏ အသံကို ကြားသည်နှင့် စုဝေ့မင်က ချက်ချင်းပင် ထရပ်လိုက်ပြီး အတွင်းရေးမှူးရုံးခန်း၏ တံခါးဝသို့ သွားပြောလိုက်လေ၏။

“စုဝေ့ချင်း၊ ငါ့ရုံးခန်းကို လာခဲ့ဦး”

“ကောင်းပါပြီ”

စုဝေ့ချင်းက ဘောပင်နှင့် မှတ်စုစာအုပ်ကို အမြန်ဆွဲယူကာ စုဝေ့မင်၏ ရုံးခန်းသို့ သွားခဲ့၏။

သူ ထွက်သွားသည်နှင့် ရုံးခန်းထဲရှိ တခြားသူများမှာ တိုးတိုးကြိတ်ကြိတ်ဖြင့် စတင်ပြီးအတင်းပြောကြလေတော့သည်။

စုဝေ့ချင်းက ဒုတိယစက်ရုံမှူး စုဝေ့မင်၏ သားဖြစ်ကြောင်းကို မည်သူက မသိဘဲ နေပါမည်နည်း။

သို့သော် စုဝေ့ချင်းက ပုံမှန်အားဖြင့် အဆူခံရဆုံးသူလည်း ဖြစ်နေသည်ဟု တွေးမိချိန်တွင် သူတို့အနေဖြင့် ကိုယ့်ကိုယ်ကိုယ် ပြန်လည်တွေးတောမိသွားကြ၏။

တစ်ဖက်တွင်တော့ စိတ်သက်သာရာ ရနေကြလေ၏။

ကိုယ့်အဖေနဲ့အတူ အလုပ်မလုပ်ရတာက ပိုကောင်းတယ်။ မဟုတ်ရင် အမြဲတမ်း အဆူခံနေရမှာပဲ!

လူတိုင်းက စုဝေ့ချင်းတစ်ယောက် ရုံးခန်းထဲတွင် အဆူခံရတော့မည်ဟု ထင်နေကြသော်လည်း လက်တွေ့တွင်တော့ စုဝေ့ချင်းမှာ ဖုန်းကိုင်ကာ လီရှန်းနှင့် ချွဲကပ်ပြောဆိုနေခဲ့လေသည်။

စုဝေ့မင်က လက်ဖက်ရည်ခွက်ကို ကိုင်ကာ ဘေးချင်းကပ်လျက်ရှိ စက်ရုံမှူးရုံးခန်းသို့ သွားရောက်တွေ့ဆုံနေခဲ့ပြီး အသစ်စက်စက် လက်ထပ်ထားပြီးမှ ခွဲခွာနေရသည့် ဇနီးမောင်နှံလေးအတွက် နေရာပေးထားခဲ့၏။

“အခုတလော ဘယ်လိုနေလဲ”

လီရှန်း၏ အသံလေးက ဖုန်းလိုင်းပေါ်မှ ထွက်ပေါ်လာသည်။

အရမ်းပင်ပန်းတာပေါ့!

နေ့ခင်းဘက်တွင် အလုပ်လုပ်ရပြီး ညဘက်တွင် သင်တန်းတက်နေရသောကြောင့် စုဝေ့ချင်း၏ နှစ်ပေါင်း (20)ကျော်ကြာ အေးအေးဆေးဆေး ဖြတ်သန်းခဲ့သော ဘဝက ရုတ်တရက် အလွန်ပင် အလုပ်များသော အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။

ကံကောင်းစွာဖြင့် သူသည်က သူနှစ်သက်သော စာပေဘာသာရပ်ကို လေ့လာနေရခြင်းသာဖြစ်ပေ၏။ သို့ မဟုတ်လျှင် သူ လက်လျှော့လိုက်သည်မှာ ကြာလောက်ပေပြီ။

သို့သော် ထိုသို့ ပြောပြ၍ ဖြစ်နိုင်မည်လား။

မဖြစ်နိုင်ပါချေ။ ရဲဘော်လီရှန်းတစ်ယောက် အဝေးကနေ သူ့အတွက် စိုးရိမ်နေမည်ကို မကြည့်ရက်သောကြောင့် သူ ပြောလိုက်လေ၏။

“အိမ်မှာ အကုန်လုံး အဆင်ပြေပါတယ်၊ အမေနဲ့ မင်းရော စိတ်ပူစရာမလိုဘူး၊ ချုံကျိုးကို ရောက်တုန်းရောက်ခိုက် အမေနဲ့အတူ ပျော်ပျော်ပါးပါး နေခဲ့နော်”

စုဝေ့ချင်းကအလွန်ပင် သိတတ်လိမ္မသော လေသံဖြင့် ပြောနေခဲ့လေ၏။

လီရှန်း၏ လေသံက အနည်းငယ် ပျော့ပြောင်းသွားပြီး ပြောလိုက်သည်။

“ဝေ့ဖင်း မင်္ဂလာဆောင်ပြီးရင်တော့ အမေနဲ့ ကျွန်မ အိမ်ပြန်လာခဲ့ပါ့မယ်”

“အင်း.. အဖေနဲ့ ကိုယ်နဲ့ မင်းတို့ကို စောင့်နေမယ်နော်”

စုဝေ့ချင်းတစ်ယောက် နောက်ဆုံးတွင် သူမအပေါ် လွမ်းဆွတ်မှုကို မထိန်းနိုင်တော့ဘဲပြောလိုက်လေ၏။

“အခုတလော အဖေရော ၊ကိုယ်ရော ထမင်း သိပ်မစားနိုင်ကြဘူး မရီးရဲ့ လက်ရာက ကောင်းပေမဲ့ အမေ့ရဲ့ လက်ရာကို ပိုလွမ်းတယ်”

တကယ်တမ်းတွင် သူသည်က လီရှန်း ချက်ပြုတ်ပေးသော အစားအစာများကို ပို၍ စားချင်နေခြင်း ဖြစ်၏။

ကျန်းမိသားစုအိမ်တွင် လီရှန်းချက်ပေးသော ဝက်အဆုတ်စွပ်ပြုတ်ကို သောက်ခဲ့ဖူးပြီး ထိုအရသာကို ယခုထက်တိုင် တမ်းတနေမိခဲ့သည်။

“ခဏလေးပဲ သည်းခံလိုက်ပါဦး၊ ဝေ့ဖင်းရဲ့ မင်္ဂလာဆောင်မှာ ပြဿနာလေး နည်းနည်းရှိနေလို့၊ အဲဒါတွေ ပြေလည်သွားတာနဲ့ ချက်ချင်း ပြန်လာခဲ့ပါ့မယ်”

“ဘာဖြစ်လို့လဲ”

စုဝေ့ချင်း၏ သတိပေးအာရုံကြောများက ချက်ချင်း နိုးကြားသွားပြီး မေးလိုက်သည်။

“ကျန်းမိသားစုမှာ တစ်ခုခု ဖြစ်လို့လား”

“အင်း.. ကျန်းကျိရဲ့ အမေက ရင်ဆိုင်ရတာ နည်းနည်း ခက်ခဲလို့လေ၊ ကျွန်မတို့ မိသားစုက သားမက်တစ်ယောက် ထပ်ရမဲ့အစား ချွေးမတစ်ယောက်* ထပ်ရဖို့ ပိုများနေတယ်”

လီရှန်းက ဘေးနားတွင်ရှိနေသော အော်ပရေတာကိုပင် ဂရုမစိုက်ဘဲ စနောက်သော လေသံဖြင့် ပြောလိုက်လေ၏။

သို့သော် စုဝေ့ချင်းက သူမပြောချင်သောစကားကိုနားလည်သွားကာ အတည်ဟု ထင်မှတ်သွားပြီး ပြောလိုက်သည်။

“တကယ်လား၊ အဲဒါဆိုရင်တော့ အရမ်းကောင်းတာပဲ! တင်တောင်းငွေရော လောက်ရဲ့လား၊ မလောက်ရင် ကိုယ်တို့ ညီအစ်ကို သုံးယောက် စုပေးမယ်လေ၊ အများကြီး မရှိပေမဲ့ တစ်ယောက်ကို သုံးရာ၊ ငါးရာလောက်တော့ ထုတ်ပေးနိုင်ပါတယ်”

ထို့ကြောင့်ပင် လူအများက စုဝေ့ချင်းကသာ လော်ယွီရှို့၏ သားအရင်းဟု ပြောကြခြင်း ဖြစ်၏။

သူ၏ တုံ့ပြန်ပုံက လော်ယွီရှို့နှင့် တစ်ပုံစံတည်းပင်။

“အမေကတော့ အရင်ဆုံး ယွမ်တစ်ထောင် တင်တောင်းမယ်လို့ ပြောထားတယ်၊ အဲဒါမှ မလောက်ရင်တော့ မိသားစု သုံးခုလုံးက စုပေးကြမှာပေါ့၊ ဒီလို ‘ချောမောလှပတဲ့ သားမက်’ ကို အိမ်ကို အရောက်ခေါ်နိုင်အောင် ကျွန်မတို့ ကြိုးစားကြရမှာပဲ”

“ကိုယ် မင်းတို့နဲ့အတူ မလိုက်လာနိုင်တာ နှမြောစရာပဲ”

အတင်းအဖျင်း သတင်းများကိုတော့ လူကိုယ်တိုင် ကြည့်ရသည်က အကောင်းဆုံးပင် မဟုတ်ပါလား။

စုဝေ့ချင်းတစ်ယောက် စပ်စုချင်စိတ်များဖြင့် နှလုံးသားပင် တဆစ်ဆစ် ကိုက်ခဲနေရှာသည်။

“တကယ်လို့ ရှင့် ဒုတိယအစ်ကိုရဲ့ အေးတိအေးစက် မျက်နှာကို လာကြည့်ချင်တယ်ဆိုရင်တော့ ကျွန်မ ရှင့်အတွက် အဖေ့ဆီမှာ နှစ်ရက်လောက် ခွင့်တောင်းပေးလို့ရပါတယ်”

စုဝေ့ချင်းတစ်ယောက် ချက်ချင်းပင် သတိဝင်သွားပြီး ပြောလိုက်သည်။

“ဒါဆိုရင်တော့ ထားလိုက်ပါတော့၊ ဆေးဝါးစက်ရုံက ကိုယ့်ကို လိုအပ်နေသေးတယ်!”

ဖရဲသီးများ၏ ဆွဲဆောင်မှုနှင့် ယှဉ်လျှင် ဒုတိယအစ်ကိုမှာ ပို၍ ကြောက်စရာကောင်းပေသည်။

All Chapters