← Chapters

အခန်း (၁၄၈)

Vol. 15 Ch. 148

အခန်း (၁၄၈)

Vol. 15 Ch. 148

လီရှန်း၏ စကားလုံးများက လော်ယွီရှို့၏ ရင်ထဲကို တည့်တည့်တိုးဝင်သွားရပေသည်။

သူမအနေဖြင့် ယောက္ခမတစ်ယောက်အနေဖြင့် ပြောရန်ခက်နေသော အချက်များကို တခြားသူတစ်ဦးက သူမကိုယ်စား ပြောပေးလာခြင်း ဖြစ်ပေသည်။

တကယ်တမ်းတွင် နောက်ပိုင်း၌ ခြံဝင်းတစ်ခုတည်း၌ အတူနေထိုင်ရမည့် ကျန်းဝမ်ကျန့်ကသာ ဤစကားကို ပြောသင့်ခြင်း ဖြစ်ပေ၏။

အငြင်းပွားစရာ တစ်ခုခုရှိလျှင်ပင် သူတို့ အတူနေထိုင်ရင်း ဖြေရှင်းသွားနိုင်သည် မဟုတ်ပါလား။

သို့သော် ကျန်းဝမ်ကျန့်က လော်ယွီရှို့၏ သိသာလွန်းသော အရိပ်အယောင်များနှင့် အကြံပြုချက်များကို မကြားသကဲ့သို့ ရှိနေခဲ့ကာ လုံးဝတိတ်ဆိတ်နေခဲ့သည်။

ထို့ကြောင့်ပင် လီရှန်းက ဝင်ပြောလာခြင်း ဖြစ်ပေသည်။

လော်ယွီရှို့အနေဖြင့် ကျေနပ်မိသကဲ့သို့ပင် လီရှန်းအတွက်လည်း အားနာမိသွားရ၏။

သူမသည်က သူမ၏ သားမက်လောင်းမှ တတိယသား၏ မိသားစုအပေါ် ရန်ငြိုးထားမည်ကိုလည်း စိုးရိမ်နေမိသည်။ ထိုသို့ဖြစ်ပါက နောက်ပိုင်းတွင် ပဋိပက္ခများ အလွယ်တကူ ဖြစ်ပေါ်လာနိုင်သည် မဟုတ်ပါလား။

“ဟုတ်တယ် ရှောင်ကျန်း၊ မင်း ဘယ်လို စီစဉ်ထားသလဲ”

ကျန်းကျိအတွက်တော့ ထိုပန်းတိုင်သို့ ရောက်ရန် အတော်လေး ခက်ခဲလွန်းပေသည်။

သူသည်က သားမက်တစ်ယောက်အဖြစ် အိမ်သို့ဝင်ရန် ဝန်မလေးသော်လည်း ထိုသို့လုပ်ဆောင်ပါက သူ၏ ဖခင်က စိတ်မကောင်းဖြစ်နိုင်သကဲ့သို့ သူ၏ ရာထူးတိုးတက်မှု လမ်းကြောင်းကိုလည်း ထိခိုက်စေနိုင်သည်။

ယခုအချိန်တွင် အမျိုးသားနှင့် အမျိုးသမီး တန်းတူညီမျှသည်ဟူ၍ စကားများဖြင့် “အမျိုးသမီးများက ကောင်းကင်၏ တစ်ဝက်ကို အုပ်မိုးထားသည်” ဟု ကျယ်လောင်စွာ ဟစ်ကြွေးနေကြသော်လည်း တချို့သော ပြောစရာမလိုသည့် စည်းမျဉ်းများက ရှိနေဆဲပင်။

သို့သော်လည်း...

သူ၏ အသက်ကို ပြန်လည်စဉ်းစားကြည့်ပါက သူ့အနေဖြင့် အသက် (၂၃) နှစ်မျှသာ ရှိသေးသည်။

သူ၏ ရာထူးတိုးခြင်းက အနည်းငယ် နှေးကွေးသွားမည်ကိုလည်း သူ လက်ခံနိုင်သောကြောင့် အံကိုတင်းတင်းကြိတ်ကာပြောလိုက်လေ၏။

“ကျွန်တော် ရဲဘော်စုဝေ့ဖင်းနဲ့ အမြန်ဆုံး မင်္ဂလာလက်မှတ် ထိုးဖို့ စီစဉ်ထားပါတယ်၊ ပြီးရင် မိသားစု ဝန်ထမ်းအိမ်ရာအတွက် လျှောက်ထားပါ့မယ်၊

ကျွန်တော့်ရဲ့ မိသားစုမှာ အစ်ကို နှစ်ယောက် ရှိနေတာဆိုတော့ ကျွန်တော် မရှိလည်း သားတစ်ယောက် လျော့သွားသလိုဖြစ်နေမှာမဟုတ်ဘူး၊

ကျွန်တော် သားမက်အဖြစ် ဝင်နေဖို့ ဆန္ဒရှိပါတယ်”

တကယ်ကြီးလား?!

ကျန်းကျိက အရာအားလုံးကို စွန့်လွှတ်ပြီး ဤမျှအထိ လုပ်ဆောင်ချင်စိတ်ရှိလိမ့်မည်ဟု လီရှန်း ထင်မထားခဲ့ပါချေ။

ဤသည်မှာ သူတို့ကို ဆွဲဆောင်ရန်အတွက် သုံးသည့် ပရိယာယ်တစ်ခုမျှသာဟု သူမ ထင်မှတ်ခဲ့ခြင်း ဖြစ်၏။

“သားမက်အဖြစ် ဝင်နေဖို့ကိစ္စကိုတော့ ထားလိုက်ပါတော့.. တကယ်တော့ မင်းက သားမက်အဖြစ်ဝင်လာတာပဲဖြစ်ဖြစ်၊ အပြင်ကနေ လက်ထပ်တာပဲဖြစ်ဖြစ် ငါတို့အတွက်တော့ အတူတူပါပဲ၊

ဘယ်လိုပဲဖြစ်ဖြစ် မင်းတို့က လက်ထပ်ပြီးရင် စစ်စခန်းထဲမှာပဲ နေကြမှာလေ၊ ဒါက အပေါ်ယံစကားတစ်ခုပါပဲ၊ မင်းသာ ဝေ့ဖင်းအပေါ် ကောင်းကောင်းမွန်မွန် ဆက်ဆံပေးမယ်ဆိုရင် အဲဒါက လုံလောက်ပါပြီ”

ကျန်းကျိက သားမက်အဖြစ် ဝင်ရန် ဝန်မလေးသော်လည်း လော်ယွီရှို့ကတော့ လက်ခံရန် မဝံ့ရဲပါချေ။

ကျန်းကျိက စိတ်လိုက်မာန်ပါ လုပ်ဆောင်နေခြင်းမျိုး ဖြစ်မည်ကိုလည်း သူမ စိုးရိမ်မိသည်။

အကယ်၍ သူမကသာ အမှမ်တကယ် သဘောတူလိုက်ပါက ယခု ဆက်ဆံရေး ကောင်းမွန်နေချိန်တွင် ထိုသူ ဂရုမစိုက်ဘဲ ရှိနေနိုင်သော်လည်း နောင်တစ်ချိန် ဆက်ဆံရေး အေးစက်လာသည့်အချိန်တွင် ထိုအခြေအနေက စုဝေ့ဖင်းကို နာကျင်စေမည့် ဆင်ခြေတစ်ခု ဖြစ်လာနိုင်သည် မဟုတ်ပါလား။

“ဒါပေမဲ့ ငါ့မှာ တောင်းဆိုချက်တစ်ခုတော့ရှိတယ်”

လော်ယွီရှို့၏ မျက်နှာအမူအရာမှာ ယခုအချိန်တွင် အလွန်ပင် လေးနက်တည်ကြည်သွားရတော့သည်။

ကျန်းကျိက ချက်ချင်းပင် မတ်မတ်ရပ်လိုက်လေ၏။ သူ၏ နှလုံးခုန်သံမှာလည်း ဗုံတီးနေသကဲ့သို့ပင် ဆူညံနေခဲ့ရသည်။

“ငါ့သမီးအကြောင်းကို ငါသိတယ်၊ သူမက ကောင်းကင်ပေါ်က ငှက်လေးတစ်ကောင်လိုမျိုး လွတ်လပ်တဲ့ စိတ်ဓာတ်ရှိတဲ့သူပဲ

သူမက မင်းနဲ့ အတူရှိသွားပြီးတဲ့နောက်မှာ သူမရဲ့ အတောင်ပံတွေကို မရိုက်ချိုးခံရစေချင်ဘူး

တကယ်လို့ နောင်တစ်ချိန်မှာ သူမ ကြိုးစားချင်တဲ့ လမ်းစတစ်ခု ရှိလာခဲ့မယ်ဆိုရင် မင်းအနေနဲ့ ခင်ပွန်းတစ်ယောက်အနေနဲ့ သူမအတွက် အတားအဆီး မဖြစ်စေဘဲ စိတ်ရောကိုယ်ပါ ပံ့ပိုးပေးစေချင်တယ်၊ သူမကို အားပေးကူညီကာ သူမနဲ့အတူ တိုးတက်သွားစေချင်တယ်”

အပြန်အလှန် ဖေးမကူညီခြင်း၊ လက်တွဲလုပ်ဆောင်ခြင်းနှင့် အရှေ့သို့အတူတကိဦးတည်ကာ တိုးတက်စေခြင်း..

ဤသည်မှာ အိမ်ထောင်ရေး၏ အနှစ်သာရပင် ဖြစ်ပေသည်။

ထိုမျှ နက်ရှိုင်းလွန်းသော မိခင်မေတ္တာက ကျန်းကျိကို အလွန်ပင် စိတ်လှုပ်ရှားသွားစေခဲ့ခဲ့သည်။

သူက လေးနက်စွာ ခေါင်းညိတ်ပြ၍ ပြောလိုက်လေ၏။

“ကျွန်တော် ကတိပေးပါတယ်”

သူ့တွင် အရာအားလုံးကို ထိန်းချုပ်လိုသော မိခင်တစ်ဦးရှိခဲ့သောကြောင့် လွတ်လပ်ခြင်း၏ တန်ဖိုးကို ကောင်းစွာ သိရှိနားလည်ထားပြီး ဖြစ်ပေသည်။

ထို့ကြောင့်ပင် ယခုအချိန်တွင် သူက ဤကတိကို လေးနက်ရိုးသားစွာ ပေးအပ်နေ ဖြစ်လေ၏။

သူသည်က စုဝေ့ဖင်း၏ အတောင်ပံများကို ကာကွယ်ပေးမည်ဖြစ်ပြီး သူမ ပျော်ရွှင်စွာ ပျံသန်းနိုင်ရန်အတွက် လွတ်လပ်သော ကောင်းကင်ယံတစ်ခုကို ဖန်တီးပေးရန် ကြိုးစားသွားပေလိမ့်မည်။

ကျန်းကျိက အချိန်ဆွဲမနေတော့ဘဲ ပြတ်ပြတ်သားသား လုပ်ဆောင်ရန် ဆုံးဖြတ်လိုက်ကာ (10)ရက်နေ့တွင် စုဝေ့ဖင်းနှင့်အတူ မင်္ဂလာလက်မှတ် သွားရောက်ရေးထိုးခဲ့ကြသည်။

စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်များကလည်း ဤကဲ့သို့ ဖြစ်လာသည်ကို ပျော်ရွှင်ဝမ်းမြောက်စွာ ကြည့်ရှုနေကြ၏။

မည်သို့ပင်ဖြစ်စေ လူတစ်ယောက်အနေဖြင့် အသက်မွေးဝမ်းကျောင်းအလုပ်ကို မစတင်မီ အိမ်ထောင်ရေး အခြေတကျ ရှိနေသင့်သည်ဟု လူများက ယုံကြည်ကြသည် မဟုတ်ပါလား။

အမျိုးသားတစ်ဦးက အိမ်ထောင်ပြုပြီး မိသားစုရှိလာမှသာ အရေးကြီးသော တာဝန်များကို စိတ်ချလက်ချ အပ်နှံနိုင်လိမ့်မည်။

သို့မဟုတ်ပါက ထိုသူမှာ မည်မျှပင် အရည်အချင်းရှိနေသည်ဖြစ်စေ အထက်လူကြီးများ၏ အမြင်တွင် သူသည်က အရွယ်မရောက်သေးသော လူငယ်လေးတစ်ဦးမျှသာ ဖြစ်နေလိမ့်မည်။

သို့သော် ကျန်းကျိ၏ မိခင်ကတော့ ဤအချက်ကို လက်မခံနိုင်ပါချေ။

“မင်း ငါ့ကို ရူးအောင်လုပ်နေတာလား... ဟမ်... ပြောစမ်း!”

ကျန်းကျိ၏ မိခင်က ကျန်းကျိ၏ လက်မောင်းကို ဆွဲကိုင်ကာ သူ၏ နောက်ကျောကို အဆက်မပြတ် ရိုက်နှက်နေပြီး ပါးပြင်ပေါ်တွင်လည်း မျက်ရည်များ စီးကျနေခဲ့သည်။

“ငါ မင်းအတွက် ကောင်းမွန်တဲ့ မိန်းကလေးတွေ အများကြီး ရှာပေးခဲ့တာကို မင်းက တစ်ယောက်မှ မလိုချင်ဘူး ၊

အခုတော့ သေးငယ်တဲ့ ခရိုင်မြို့လေးက မိန်းကလေးတစ်ယောက်ကိုမှ လက်ထပ်မယ်လို့ အတင်းအကျပ် လုပ်နေတယ်၊ မင်း ရူးနေတာလား”

ကျန်းကျိက မည်သည့်စကားကိုမျှ မဆိုဘဲ မတ်မတ်ရပ်နေကာ သူ၏ မိခင်ကို စိတ်ကြိုက် ရိုက်နှက်ခွင့် ပေးထားခဲ့၏။

ထိုအပြုအမူက ကျန်းကျိ၏ မိခင်ကို အကြပ်ရိုက်သွားစေခဲ့သည်။

သူ့ကို ရိုက်ရမည်ကိုလည်း သူမ စိတ်မကောင်းပါချေ။ မည်သို့ပင်ဖြစ်စေ သူက သူမ၏ သားဖြစ်နေသည် မဟုတ်ပါလား။

သို့သော် မရိုက်လျှင်လည်း သူမ၏ သားက စကားနားမထောင်သူ ဖြစ်နေသည်ဟု ခံစားနေရပြန်သည်။

“သေးငယ်တဲ့ ခရိုင်မြို့လေးက ဖြစ်နေတော့ ဘာဖြစ်လဲ”

မိခင်ဖြစ်သူက ရိုက်နှက်၍ ပင်ပန်းသွားသည်ကို မြင်ချိန်တွင် ကျန်းကျိက တည်ငြိမ်စွာဖြင့်ပြောလိုက်လေ၏။

“အမေ... အမေက မြို့ငယ်လေးက လူတွေကို အထင်သေးနေတာလား”

ကျန်းကျိ၏ မိခင် : “...”

သူမက သေချာပေါက် ထိုလူများကို အထင်သေးသော်လည်း ထိုသို့ ထုတ်ပြော၍ မဖြစ်ပါချေ။

“အမေက မြို့ငယ်လေးတွေကို အထင်သေးနေတယ်ဆိုရင် အဖေ့ကို အထင်သေးနေတာနဲ့ အတူတူပဲ၊

အမေ မမေ့ပါနဲ့ဦး... အဖေ စစ်ထဲကို မဝင်ခင်တုန်းက သူက ခရိုင်မြို့သားတောင် မဟုတ်ခဲ့ဘူး ၊ သူက ဆင်းရဲတဲ့ ရွာလေးက နွားကျောင်းသား တစ်ယောက်ပဲဖြစ်ခဲ့တာ၊

သူက ဦးလေးဝမ်တို့လို စစ်တက္ကသိုလ်ကိုလည်း မတက်ခဲ့ဖူးသလို ဦးလေးလျို့တို့လို ကျောင်းထွက်ပြီး စစ်ထဲဝင်ခဲ့တာလည်း မဟုတ်ဘူး

တကယ်လို့ နိုင်ငံတော်ကသာ ဒီလိုမျိုး အခက်အခဲတွေကို မကျော်ဖြတ်ခဲ့ရဘူးဆိုရင် အဖေက အခုလို နေရာမျိုးကို ဘယ်လိုလုပ်ပြီး ရောက်လာနိုင်မှာလဲ”

ကျန်းကျိက မျက်လုံးများကို အမေဖြစ်သူထံသို့ စိုက်ကြည့်လာပြီး သူ၏ မျက်ဝန်းထဲတွင် အရှိန်အဝါများဖြင့် ပြည့်နှက်နေပုံရသည်။

“အမေကိုယ်တိုင်တောင် သာမန်တောသား စစ်သားတစ်ယောက်နဲ့ပဲ လက်ထပ်ခဲ့တာလေ၊ အဲဒါကို မြို့ငယ်လေးက မိန်းကလေးတွေကို အထင်သေးဖို့ ဘာအခွင့်အရေး ရှိလို့လဲ”

ကျန်းကျိ၏ မိခင်မှာ နှုတ်ခမ်းများ တုန်ယင်နေပြီး ပြန်လည်ချေပရန် စကားတစ်ခွန်းမျှပင် မထွက်နိုင်တော့ချေ။

“အမေ... အစ်ကိုကြီးနဲ့ ဒုတိယအစ်ကိုတို့ရဲ့ အိမ်ထောင်ရေးမှာလည်း အမေ ဝင်စွက်ဖက်ခဲ့တာပဲ၊ အဲဒါက မှန်ကန်တဲ့ လုပ်ရပ်လို့ အမေ ထင်နေတာလား”

ကျန်းကျိက ဘေးတွင် တိတ်တဆိတ် ရပ်နေသော သူ၏ မရီးကို တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်သည်။

“ဒါဆို အခုချက်ချင်းပဲ အစ်ကိုကြီးဆီ ဖုန်းဆက်ပြီး သူ ဒီနှစ်တွေအတွင်း ဘယ်လိုနေထိုင်ခဲ့ရလဲဆိုတာ မေးကြည့်ရဲလား၊ သူ ပျော်ရွှင်နေရဲ့လားဆိုတာကိုရော မေးရဲရဲ့လား”

ထိုအချိန် မရီးဖြစ်သူမှာ ချက်ချင်းပင် ခေါင်းကို တစ်ဖက်သို့ လွှဲသွားတော့သည်။

သူမသည်က ခင်ပွန်းဖြစ်သူနှင့် ဆက်ဆံရေး မကောင်းလှသောကြောင့် ပုံမှန်အားဖြင့် ခွဲနေကြခြင်း ဖြစ်ပေ၏။

သူမ၏ ခင်ပွန်းမှာ အစိုးရဝန်ထမ်းတစ်ဦးဖြစ်ပြီး တစ်နှစ်ပတ်လုံး ခရိုင်မြို့လေးတွင် ခရိုင်အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေရသော်လည်း သူမက ထိုကဲ့သို့သော ဆင်းရဲဒုက္ခကို မခံစားနိုင်သောကြောင့် မြို့တော်တွင်သာနေ၍ ယောက္ခမကို ပြုစုစောင့်ရှောက်နေခြင်း ဖြစ်သည်။

ပျော်ရွှင်နေရဲ့လား။ ကြည်နူးနေရဲ့လား။

ကျန်းကျိက သူ၏ မိခင်ကို မေးလိုက်ခြင်းမှာ သူမကိုပါ မေးလိုက်ခြင်းပင် မဟုတ်ပါလား။

ခင်ပွန်းဖြစ်သူ၏ အေးစက်မှုနှင့် အလုပ်များနေမှုများက သူမ မင်္ဂလာဦးကာလက ရှိခဲ့သော စိတ်အားထက်သန်မှုများကို အေးစက်သွားစေခဲ့သည်မှာ ကြာလှပေပြီ ဖြစ်၏။

ပျော်နေလား၊ မပျော်ဘူးလားဆိုတာထက် ဘဝကို ဖြတ်သန်းနေရရုံသက်သက်ပဲ မဟုတ်ဘူးလား။

ကျန်းကျိ၏ မိခင်ဖြစ်သူက ဆွံ့အသွားရတော့သည်။ သူမက ကျန်းကျိကို မယုံနိုင်စွာ ကြည့်နေမိ၏။

သူမ သူ့ကို ချေပချင်သော်လည်း မည်သည့်နေရာမှ စတင်ရမည်ကိုလည်း မသိပါချေ။

သေသေချာချာ ပြန်စဉ်းစားကြည့်လျှင် သူမ၏ ကျန်ရှိသော သားနှစ်ဦးမှာ အိမ်သို့ ပြန်လာချိန် နည်းပါးလာပြီး ပြန်လာလျှင်လည်း ခဏမျှသာ နေကြတော့သည်ပင်။

“အမေ... ကျွန်တော်ကတော့ စုမိသားစုထဲကို သားမက်အဖြစ်အဖြစ် ဝင်နေဖို့ ဆုံးဖြတ်လိုက်ပြီဆိုတာ အမေ့ကို အသိလာပေးရုံသက်သက်ပါပဲ”

သူက သူ၏ မိခင်ကို လှောင်ပြောင်သရော်သော အမူအရာဖြင့် ကြည့်၍ ပြောလိုက်လေ၏။

“ကျွန်တော့်ရဲ့ ယောက္ခမက ကျွန်တော့်အပေါ်မှာ ထားတဲ့ တစ်ခုတည်းသော တောင်းဆိုချက်က ဘာလဲဆိုတာ အမေ သိရဲ့လား”

“ဘာ... ဘာလဲ”

All Chapters