အခန်း (၁၄၉)
Vol. 15 Ch. 149
ကျန်းကျိ၏ မိခင်မှာ ခြေဖျားလက်ဖျားများပင် အေးစက်လာပြီး အလွန်အမင်း ထိတ်လန့်သွားရလေသည်။
“သူမက ကျွန်တော့်ကို ဝေ့ဖင်းအပေါ်မှာ ကောင်းကောင်းမွန်မွန် ဆက်ဆံပြီး ဝေ့ဖင်းနဲ့အတူ ကောင်းမွန်တဲ့ ဘဝတစ်ခုကို တည်ဆောက်သွားဖို့ပဲ မျှော်လင့်နေခဲ့တာ “
ကျန်းကျိက အသက်ကို ပြင်းပြင်းရှူလိုက်ပြီး မျက်စိမှိတ်လိုက်မိ၏။
သူ၏ မိခင်သည်က သူတို့ မွေးဖွားလာချိန်မှစ၍ တောင်းဆိုချက်များစွာ ပြုလုပ်ခဲ့ပြီး သူတို့၏ ဘဝကို ထိန်းချုပ်ရန် ကြိုးစားခဲ့သည်။
သူ၏ အစ်ကိုနှစ်ဦးမှာ ထိုထောင်ချောက်ထဲသို့ ကျရောက်သွားခဲ့ပြီဖြစ်၍ သူကတော့ ထိုအမှားမျိုးကို ထပ်မံ အမှားခံ၍ မရပါချေ။
ကျန်းကျိ၏ မိခင်က မယုံနိုင်စွာဖြင့် အော်ဟစ်တော့သည်။
“သေချာတာပေါ့.. သူတို့က ဘာတောင်းဆိုချက်မှ လုပ်မှာမဟုတ်ဘူး!”
“မင်းက တပ်ရင်းမှူးတစ်ယောက် ဖြစ်နေတာလေ၊ မင်းလို တပ်ရင်းမှူးတစ်ယောက်ကို သားမက်အဖြစ် ရလိုက်တာကိုပဲ သူတို့က ဝမ်းသာနေရမှာပေါ့၊ သူတို့မိသားစုက ဘာမျက်နှာနဲ့ တောင်းဆိုချက်တွေ လုပ်ရဲမှာလဲ”
“သူတို့မိသားစုမှာလည်း စစ်တပ်ထဲက လူကြီးတစ်ယောက်ရှိတယ်ဆိုတာ အမေ သိရဲ့လား၊ သူက ကျွန်တော့်ရဲ့ တိုက်ရိုက်အထက်လူကြီးပဲ “
ကျန်းကျိတစ်ယောက် အားငယ်မှုများ ပြည့်နှက်နေသော မျက်လုံးများဖြင့် သူ့မိခင်ကို ပြန်လည်၍ အော်ဟစ်လိုက်တော့သည်။
ယမန်နေ့က သူ၏ ယောက္ခမ ပြသခဲ့သော အမူအရာနှင့် ယခု သူ၏ မိခင်ကို ပြန်လည်နှိုင်းယှဉ်ကြည့်ချိန်တွင် _ အချို့သော မိခင်များက သူ၏ သားသမီးများကို ပျော်ရွှင်စေချင်ကြသော်လည်း အချို့ကတော့ အဘယ်ကြောင့် သူ၏ သားသမီးများကို ရုပ်သေးရုပ်များကဲ့သို့ ထိန်းချုပ်ချင်ကြသည်ကို သူ လုံးဝ နားမလည်နိုင်တော့ပါချေ။
ကျန်းကျိ၏ မိခင်မှာ ထိုအကြည့်ကြောင့် အလွန် နာကျင်သွားရ၏။
ထို့အပြင် ထိုသတင်းကြောင့်လည်း သူမ ကြောင်အသွားရတော့သည်။
သူမက အခြေအနေကို ပြန်လည်ကုစားရန် စကားတစ်ခွန်းလောက် ပြောချင်သော်လည်း ကျန်းကျိကတော့ နားမထောင်လိုတော့ပါချေ။
သူ ခေါင်းကို လွှဲပြီး ပြောလိုက်သည်။
“ကျွန်တော် အခုချက်ချင်း အဖေ့ဆီ ဖုန်းဆက်တော့မယ်၊ တကယ်လို့ အမေက ကျွန်တော့်ကို သားတစ်ယောက်လို တကယ်သဘောထားတယ်ဆိုရင်တော့ ကျွန်တော့်ရဲ့ မင်္ဂလာဆောင်ကို လာပြီး မဖျက်ဆီးပါနဲ့တော့”
သူက တိုက်ရိုက်ပင် ပြောဆိုလိုက်သည်။
ထိုသို့ ပြောပြီးနောက် ချက်ချင်းပင် ဧည့်ဂေဟာမှ အရှိန်ဖြင့် ထွက်ခွာသွားတော့သည်။
သူ၏ သားဖြစ်သူက ခင်ပွန်းဖြစ်သူထံသို့ ဖုန်းဆက်တော့မည်ဟုပြောလာသည်ကို ကြားလိုက်ရချိန်တွင် ကျန်းကျိ၏ မိခင်မှာ ထိတ်လန့်သွားပြီး သူမ၏ ချွေးမကြီးအား အမြန်ပင် ပြောလိုက်လေသည်။
“မြန်မြန်.. သူ့ကို ပြန်ခေါ်လာပေးစမ်း!”
ချွေးမကြီးဖြစ်သူမှာလည်း အပြေးအလွှား လိုက်သွားခဲ့ရ၏။
သို့သော် အလိုလိုက်ခံထားရသော အမျိုးသမီးငယ်တစ်ဦးအနေဖြင့် အရှိန်အဟုန်ဖြင့် လျှောက်လှမ်းနေသော စစ်သားတစ်ဦး၏ အရှိန်ကို မည်သို့ လိုက်မှီပါမည်နည်း။
ထို့ကြောင့်ပင် သူမက သေချာပေါက် မျက်ခြေပြတ်ကျန်ရစ်ခဲ့တော့သည်။
ကျန်းကျိ တပ်ဖွဲ့သို့ ပြန်ရောက်သည်နှင့် ပထမဦးဆုံး လုပ်ဆောင်သည့်အချက်မှာ သူ၏ ဖခင်ထံသို့ ဖုန်းဆက်ခြင်းပင် ။
သူက ဖြစ်ပျက်သမျှ အလုံးစုံကို ဖုံးကွယ်မထားဘဲ ပြောပြခဲ့သည်။
ကျန်းကျိ၏ ဖခင်ဖြစ်သူ ကျန်းဟုန်ရိက ခဏမျှ တိတ်ဆိတ်သွားပြီးနောက် မေးမြန်းလိုက်လေ၏။
“မင်း သားမက်အဖြစ်အဖြစ် ဝင်ချင်တယ်ဆိုရင်လည်း ကိစ္စမရှိဘူး၊ ဒါပေမဲ့ မင်းရဲ့ ယောက္ခမကရော အဲဒါကို တကယ် လက်ခံရဲ့လား”
ကျန်းကျိ တိတ်ဆိတ်သွား၏။
လော်ယွီရှို့ကတော့ လက်ခံရန်အတွက် ငြင်းဆန်ခဲ့သည်ပင်။
“မင်းအနေနဲ့ မင်းရဲ့အမေကို စိတ်ဆိုးတာနဲ့ပဲ မင်းရဲ့ယောက္ခမမိသားစုအပေါ် မင်းရဲ့ဆန္ဒတွေကို သွားပြီး အတင်းအကျပ် မလုပ်သင့်ဘူးလေ”
ကျန်းဟုန်ရိ၏ အသံမှာ အလွန်ပင်တည်ငြိမ်အေးဆေးလွန်းသည်။
ကျန်းကျိ ပြောပြဖူးသည့် ‘နွားကျောင်းသား’ နှင့်မတူဘဲ အလွန်ပင် ယဉ်ကျေးသိမ်မွေ့သော စစ်ဗိုလ်ချုပ်ကြီးတစ်ဦး၏ အသံမျိုး ဖြစ်နေလေ၏။
“ဒီလိုဆိုရင် မင်းက မင်းရဲ့အမေနဲ့ ဘာတွေများကွာခြားတော့မှာလဲ”
ကျန်းကျိမှာ ချက်ချင်းပင် စိုးရိမ်တကြီး ဖြစ်သွားရ၏။
“ဒါပေမဲ့...”
ဤကဲ့သို့ သုံးသပ်ချက်မျိုးကို သူ လုံးဝ လက်မခံနိုင်ပါချေ။
“ရဲဘော်စုဝေ့ဖင်းနဲ့ မင်းရဲ့ အိမ်ထောင်ရေးကို ငါ ထောက်ခံပါတယ်၊ မင်းအမေကိစ္စကတော့ သူမကို လွှတ်ထားလိုက်ပါ..
သူမက ကောင်းကောင်းမတွေးတောနိုင်သေးဘူး၊ နောက်မှ ငါ သူမကို ပေကျင်းကို ပြန်လာခိုင်းလိုက်မယ်၊
မင်းရဲ့ မင်္ဂလာဆောင်ကို ငါကိုယ်တိုင် မလာနိုင်ပေမဲ့ ငါ့ရဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်းတွေကိုတော့ မင်းအတွက် ဂုဏ်ပြုစကားပြောဖို့ လွှတ်လိုက်မယ်”
ကျန်းကျိ စကားမဆုံးခင်မှာပင် ကျန်းဟုန်ရိက သူ၏ သဘောထားကို အတိအလင်း ပြောလိုက်သည်။
“မင်း မိန်းမယူတာပဲဖြစ်ဖြစ်၊ သားမက်အဖြစ်ဝင်သွားတာပဲဖြစ်ဖြစ်... ငါ ဂရုမစိုက်ဘူး
ဘယ်လိုပဲဖြစ်ဖြစ် မင်းတို့ လက်ထပ်ပြီးရင် ကျွန်းပေါ်မှာပဲ နေကြမှာဆိုတော့ အိမ်ကိုလည်း ခဏခဏ ပြန်လာနိုင်မှာ မဟုတ်ဘူးလေ၊
မင်းက သားမက်အဖြစ်ပဲ ဝင်သွားမယ်လို့ ဇွတ်အတင်း ဆုံးဖြတ်ထားရင်လည်း ငါ ဘာမှမတတ်နိုင်ဘူး.. ဒါပေမဲ့ ငါ့မှာ ကြိုတင်သတိပေးစရာ တစ်ခုတော့ ရှိတယ်”
“ကျန်းကျိ!”
“ရှိ!”
ကျန်းကျိတစ်ယောက် ထိုသို့ နာမည်ကိုခေါ်သံကြောင့် ထိတ်လန့်သွားပြီး မသိစိတ်ဖြင့် ခြေထောက်နှင့် နောက်ကျောကို မတ်မတ်ဆန့်လိုက်မိသည်။
“ဒါကိုတော့ မှတ်ထားပါ... တကယ်လို့ နောင်တစ်ချိန်မှာ မင်းရဲ့ အခြေအနေတွေ မကောင်းခဲ့ဘူးဆိုရင်.. မင်းရဲ့ သားမက်အဖြစ် ဝင်သွားတဲ့ဘဝကို မင်း ရှုံးနိမ့်ရတဲ့အရာတွေအတွက် ဆင်ခြေတစ်ခုအနေနဲ့ အသုံးမချပါနဲ့”
ကျန်းဟုန်ရိက ပြတ်သားစွာ သတိပေးလိုက်သည်။
“မင်း မြဲမြဲမှတ်ထားရမှာက မင်းရဲ့ ယောက္ခမတွေက မင်းအပေါ်မှာ ဘာမှ အကြွေးမှ မတင်ရှိနေဘူး”
“သိပါပြီ!”
ကျန်းကျိက ကျယ်လောင်စွာ ပြန်တုံးပြန်လိုက်၏။
ကျန်းဟုန်ရိက ရယ်မောလိုက်ပြီး သူ၏ လေသံမှာလည်း ရုတ်တရက် ပေါ့ပါးသွားခဲ့လေ၏။
“မင်းမှာ ဒီလောက်အထိ ဆုံးဖြတ်ချက်ခိုင်မာနေပြီဆိုရင်လည်း ဖြစ်အောင်လုပ်စမ်းပါ..ကျန်းမိသားစုက ယောက်ျားတွေထဲမှာ သူရဲဘောကြောင်တဲ့လူ မရှိစေရဘူး”
ရန်သူက ကိုယ့်အမေအရင်း ဖြစ်နေရင်တောင်.. တိုက်ပွဲမစခင်ကတည်းက အရှုံးပေးမဲ့အစား အနိုင်ရအောင် တိုက်ခိုက်ပြီးမှ ဒူးထောက်တောင်းပန်ရလိမ့်မယ်။
ကျန်းကျိက ကျန်းဟုန်ရိ၏ သဘောထားကို နားလည်သွားသောကြောင့် သူ၏ စိတ်မကောင်းဖြစ်နေသော အခြေအနေမှာ ချက်ချင်းပင် လန်းဆန်းသွားရတော့သည်။
သူက ကျယ်လောင်စွာပင် ထပ်မံပြောလိုက်ပြန်၏။
“ဟုတ်ကဲ့ပါ!”
ဖုန်းချပြီးနောက် ကျန်းကျိက သတင်းကောင်းကို သူ၏ ယောက္ခမအား ပြောပြရန်အတွက် ဝန်ထမ်းအိမ်ရာဝင်းဆီသို့ အလျှင်အမြန် လျှောက်သွားတော့သည်။
အခြားတစ်ဖက်တွင်တော့..
လီရှန်းက စုကျွင့်ကို ပွေ့ချီထားပြီး လော်ယွီရှို့ကတော့ စိုးရိမ်စိတ်များဖြင့် ဟင်းချက်နေခဲ့သည်။
“ဝေ့ဖင်းတစ်ယောက် စာမေးပွဲ အောင်ပါ့မလား မသိဘူး”
“သေချာပေါက် အောင်မှာပါ”
လီရှန်းသည်က ဝတ္ထုကို ဖတ်ဖူးထားသောကြောင့် စုဝေ့ဖင်း၏ အရည်အချင်းအပေါ် အပြည့်အဝ ယုံကြည်မှု ရှိနေ၏။
စုဝေ့ဖင်းမှာ ပန်းချီပညာတွင် ထူးချွန်သော ဒီဇိုင်နာတစ်ဦး ဖြစ်သည်။ စစ်ဘက်ဆိုင်ရာ မူလတန်းကျောင်းတွင် ပန်းချီဆရာမ ရာထူးအတွက် လျှောက်ထားခြင်းမှာ သူမအတွက်တော့ အလွန်ပင် လွယ်ကူလွန်းပေသည်။
ထို့အပြင် စုဝေ့ဖင်းက သူမ၏ အနုပညာကို မြှင့်တင်ရန်အတွက် ပန်းပုထုခြင်း၊ ကြွေရုပ်ထု ထုခြင်းနှင့် ကြွေပန်းချီကဲ့သို့သော အရည်အချင်းများစွာကိုလည်း လေ့လာထားသေးသည် မဟုတ်ပါလား။
“ဝေ့ဖင်းက စစ်သားကတော် ဖြစ်တော့မှာလေ၊ ပြီးတော့ သူမက အမှတ်ကောင်းကောင်းနဲ့ အထက်တန်းအောင်ထားတဲ့သူဆိုတော့ စိုးရိမ်စရာ မရှိပါဘူး”
“အိုး... မင်း မသိပါဘူး”
လော်ယွီရှို့က သက်ပြင်းချလိုက်သည်ပြောလိုက်လေ၏။
“ဝေ့ဖင်းက တက္ကသိုလ်တက်ဖို့ အရမ်းစိတ်အားထက်သန်ခဲ့တာ၊ ဒါပေမဲ့ သူမ အလယ်တန်းတုန်းက တက္ကသိုလ်ဝင်စာမေးပွဲတွေ ရုတ်တရက် ရပ်ဆိုင်းလိုက်မယ်လို့ ဘယ်သူက ထင်မှာလဲ
သူမက အရမ်းစိတ်ဆိုးပြီး ပြင်းပြင်းထန်ထန် ဖျားနာခဲ့ဖူးတယ်၊ အဲဒီနောက်ပိုင်းမှာ သူမရဲ့ စရိုက်က နည်းနည်း ပြောင်းလဲသွားတယ်၊
စာအုပ်တွေထဲမှာပဲ နစ်မြုပ်နေပြီး ဘယ်သူနဲ့မှ စကားမပြောတော့ဘူး၊ အဲဒါကို မြင်ရတာ တကယ့်ကို ရင်နာစရာကောင်းလွန်းတယ်၊
ဒါပေမဲ့ လွန်ခဲ့တဲ့ တစ်နှစ်လောက်က စာကြည့်ရင်းနဲ့ အချိန်တွေကုန်မှန်းမသိဘဲ ထပ်ပြီး ဖျားပြန်ရော၊
အဲဒီမှာတင် သူမရဲ့ အပြုအမူတွေက မကောင်းဘူးဆိုတာကို သူမကိုယ်တိုင် သိသွားပုံရပြီး သူမရဲ့ ငယ်ငယ်တုန်းက စရိုက်အတိုင်း ပြန်ဖြစ်လာတာပဲ”
လီရှန်း : “...”
သူမက ငယ်ငယ်တုန်းက စရိုက်အတိုင်း ပြန်ဖြစ်လာတာ မဟုတ်ပါဘူး။ သူမက လုံးဝ တခြားလူတစ်ယောက် ဖြစ်သွားတာပါ!
သို့သော် သူမက မည်သည့်အရာကိုမှ ထုတ်မပြောနိုင်ပါချေ။ စိတ်ထဲတွင်သာ တွေးနေမိတော့သည်။
သူမတွင် ရတနာသိုက်ကြီး တစ်ခုရှိနေသော်လည်း ကမ္ဘာကို ထုတ်မကြေညာနိုင်သည့် ခံစားချက်မှာ အမှန်တကယ့်ကို စိတ်မသက်မသာ ဖြစ်ရပေသည်။
သူမအနေဖြင့် စုဝေ့ဖင်းထံသို့ ပြေးသွားပြီး သူမ၏ မူလခန္ဓာကိုယ်ပိုင်ရှင် မည်သည့်နေရာသို့ရောက်နေသည်ကို သေသေချာချာ ဆွေးနွေးချင်စိတ်ပင် ဖြစ်နေမိ၏။
သို့သော် သူမ၏အသိစိတ်က ထိုအတွေးကို စွန့်လွှတ်စေခဲ့သည်။
သူမ၏ ဘဝကို အေးအေးဆေးဆေးနှင့် အခြေတကျ နေထိုင်သွားရန်သာ လိုချင်ပြီး တခြားသူများ၏ အာရုံစိုက်မှုကို မခံယူလိုပါချေ။
စုဝေ့ဖင်းက နှုတ်လုံပါ့မည်လားဆိုသည်ကို မည်သူ သိပါမည်နည်း။
အကယ်၍ သူမသာ ကျန်းကျိကို မတော်တဆ ဖွင့်ပြောလိုက်လျှင် မည်သို့ ဖြစ်လာမည်နည်း။
စစ်သားတစ်ဦးအနေဖြင့် ကျန်းကျိက သေချာပေါက် အထက်သို့ တိုင်ကြားလိမ့်မည်ဖြစ်ပြီး ထိုအချိန် သူမသည်က တစ်သက်လုံး သူတပါး၏ စောင့်ကြည့်မှုအောက်တွင် နေထိုင်သွားရပေလိမ့်မည်။
သူမက အဲဒီလောက်အထိတော့ မတုံးအသေးဘူး!
ထို့ကြောင့် သူမ ပြောလိုက်လေ၏။
“လူဆိုတာ အမြဲတမ်း ကြီးပြင်းလာရတာပဲလေ၊ ပြီးတော့...”
သူမက ကလေးကို ပွေ့ချီကာ လော်ယွီရှို့အနားသို့ တိုးသွားလိုက်သည်။
“ပြီးတော့ အခု နိုင်ငံတော်က တက္ကသိုလ်ဝင်စာမေးပွဲတွေကို ဖျက်သိမ်းထားတယ်ဆိုပေမဲ့ တချို့လျှို့ဝှက်သုတေသနတွေကတော့ ဆက်ရှိနေတုန်းပဲလေ၊
ကြည့်ပါဦး... ကျွန်မရဲ့ အစ်ကိုကြီးဆိုရင်လည်း ဆေးဝါးအသစ်တွေကို သုတေသနလုပ်နေတာ မဟုတ်ဘူးလား
သုတေသီကြီးတွေ အိုမင်းလာတဲ့အချိန်မှာ သူတို့ကို အစားထိုးဖို့အတွက် သွေးသစ်လောင်းဖို့ လိုအပ်လာမှာပဲ၊
တက္ကသိုလ်တွေသာ မရှိတော့ရင် အရည်အချင်းရှိတဲ့သူတွေကို ဘယ်ကနေ ရှာတွေ့နိုင်မှာလဲ၊ ဒီတော့ တက္ကသိုလ်ဝင်စာမေးပွဲတွေကို ပြန်ပြီး ကျင်းပရတော့မှာ မဟုတ်ဘူးလား”
အင်း...
လော်ယွီရှို့သည် သူမ၏ အလုပ်ကို အနည်းငယ် အရှိန်လျှော့ချလိုက်၏။
“ငါ ဘာလို့ အဲဒါကို မတွေးမိပါလိမ့်”
သူမ၏ အကြီးဆုံးသားမှာ သုတေသီတစ်ဦးဖြစ်၍ ဆေးဝါးသုတေသနဌာန၏ အခြေအနေကို သူမ အကောင်းဆုံး သိရှိထားသည်။
သုတေသီအဟောင်းကြီးများမှာ အိုမင်းနေကြပြီဖြစ်၍ မကြာမီ အစားထိုးရတော့မည်မှာ သေချာပေ၏။
“ဒါဆို တက္ကသိုလ်ဝင်စာမေးပွဲတွေက ပြန်ပြီး ကျင်းပတော့မယ်လို့ ဆိုလိုတာလား”
“ကျွန်မ ခန့်မှန်းရရင်တော့ ဆယ်နှစ်တောင် မကြာပါဘူး...”
ဆယ်နှစ်။
ဆယ်နှစ်ကြာလျှင်ပင် စုဝေ့ဖင်းမှာ အသက်သုံးဆယ်ပင် မရှိသေးပါချေ။
သူမ ဘဝ၏ အကောင်းဆုံးသော နှစ်နှင့်ရက်များမှာ စတင်ရုံမျှသာ ရှိဦးမည်။ အကယ်၍ သူမသာ စာလေ့လာခြင်းကို လက်မလျှော့ခဲ့လျှင် တက္ကသိုလ်တက်နိုင်ပြီး သူမ၏ ငယ်စဉ်က နောင်တများကို အစားထိုးနိုင်ပေလိမ့်မည်။
ဤသို့ တွေးမိချိန်တွင် လော်ယွီရှို့မှာ ယမန်နေ့က ကျန်းကျိကို ပြောခဲ့သော စကားများက အလွန်ပင် မှန်ကန်ကြောင်း ခံစားလိုက်ရတော့သည်။