အခန်း (၁၅၀)
Vol. 15 Ch. 150
လော်ယွီရှို့အနေဖြင့် မူလက စုဝေ့ဖင်းက အဝတ်အထည် ချုပ်လုပ်ရသည်ကို ဝါသနာပါလျှင်လည်းအဆင်ပြေပြီး ထိုသည်က အရည်အချင်းတစ်ခုသာဖြစ်သည်ဟု တွေးခဲ့မိသည်။ သို့သော်လည်း ယခုအချိန်တွင်တော့ အခြေအနေက ပြောင်းလဲသွားခဲ့ပေပြီ။ သူမအနေဖြင့် စုဝေ့ဖင်းကို တက္ကသိုလ်တက်ခိုင်းရန် စတင်စဉ်းစားလာတော့သည်။
ထို့ကြောင့် စုဝေ့ဖင်း ပြန်ရောက်လာချိန်တွင် လော်ယွီရှို့က သူမ၏ လက်ကို စိတ်လှုပ်ရှားစွာ ဆွဲကိုင်လိုက်ပြီး ပြောလိုက်သည်။
“ဝေ့ဖင်း... မင်း စာကို ကြိုးကြိုးစားစား လေ့လာရမယ်နော် ၊ တက္ကသိုလ်ဝင်စာမေးပွဲတွေ ပြန်ကျင်းပတဲ့အချိန်ကျရင် မင်း တက္ကသိုလ်တက်နိုင်မှာပဲ”
တက္ကသိုလ်ဝင်စာမေးပွဲ ပြန်ကျင်းပမယ်?
စုဝေ့ဖင်း နံရံတွင် ချိတ်ထားသော ပြက္ခဒိန်ကို မသိစိတ်မှ လှမ်းကြည့်လိုက်လျှင် ‘၁၉၇၂’ ဟု ပြသနေသည်ကို တွေ့လိုက်ရ၏။
ဒဏ္ဍာရီလာ တက္ကသိုလ်ဝင်စာမေးပွဲများ ပြန်လည်စတင်ရန် ငါးနှစ်၊ ခြောက်နှစ်ခန့် လိုသေးသည်ပင်။
သို့ဖြစ်၍ အမေဖြစ်သူကအဘယ်ကြောင့် ဤအကြောင်းအရာကို ရုတ်တရက် ပြောလာရသနည်း။
“မင်းရဲ့ ယောက်မက ပြောတယ်... သုတေသီတွေ အိုမင်းလာတဲ့အချိန်ကျရင် အရည်အချင်းရှိတဲ့သူတွေ နည်းလာလိမ့်မယ်တဲ့၊
နိုင်ငံတော်က ကောင်းကောင်းမွန်မွန် တိုးတက်ချင်တယ်ဆိုရင် အရည်အချင်းရှိတဲ့သူတွေကို ရွေးချယ်ဖို့ တက္ကသိုလ်ဝင်စာမေးပွဲတွေကို သေချာပေါက် ပြန်ကျင်းပရလိမ့်မယ်၊
မင်းက ငယ်ငယ်လေးကတည်းက တက္ကသိုလ်တက်ချင်ခဲ့တာလေ၊ ပြီးတော့ ဒီနှစ်တွေအတွင်းမှာလည်း စာလေ့လာတာကို တစ်ခါမှ လက်မလျှော့ခဲ့ဘူး
တကယ်လို့ စာမေးပွဲတွေ ပြန်ကျင်းပလာရင်တော့ အမေက မင်း စာမေးပွဲဖြေဖို့အတွက် အပြည့်အဝ ထောက်ခံပေးမယ်၊ ရှောင်ကျန်းအတွက်တော့ စိတ်မပူနဲ့၊ သူ့ကိုလည်း အမေ ပြောပြလိုက်ပါ့မယ်”
လော်ယွီရှို့က သူမ၏ ရင်ဘတ်ကို အသံကျယ်ကျယ်ဖြင့် ပုတ်ပြလိုက်၏။
စုဝေ့ဖင်း : “...”
အမှန်အတိုင်း ပြောရလျှင် မူလခန္ဓာကိုယ်ပိုင်ရှင်ာ တက္ကသိုလ်တက်ရန်အတွက် အမှန်တကယ်ပင် တောင့်တခဲ့ခြင်း ဖြစ်၏။
မူလပိုင်ရှင်မှာ သူမ၏ ကမ္ဘာတွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနိုင်သည်ကို သိရှိပြီးနောက် တုံ့ဆိုင်းခြင်းမရှိဘဲ သူမနှင့် ခန္ဓာကိုယ်ချင်း လဲလှယ်ရန် ဆန္ဒရှိလာခဲ့ခြင်း ဖြစ်ပေသည်။
ဤသည်မှာ ‘စုဝေ့ဖင်း’၏ စွဲလမ်းမှုသာဖြစ်ပြီး သူမ၏ စွဲလမ်းမှု မဟုတ်ပါချေ။
သူမအနေဖြင့် ယခင်ဘဝက တက္ကသိုလ်တက်ခဲ့ဖူးသော်လည်း တက္ကသိုလ်တက်ခြင်းဆိုသည်မှာ သူမ၏ အိပ်မက်များကို အကောင်အထည်ဖော်ရန်အတွက် ဖြတ်သန်းရမည့် အဆင့်တစ်ခုမျှသာ ဖြစ်ပြီး နောက့ဆုံးပန်းတိုင် မဟုတ်ခဲ့ပေ။
ထို့ကြောင့် တက္ကသိုလ်အပေါ် ထူးထူးခြားခြား စွဲလမ်းမှုမျိုး မရှိခဲ့ပါချေ။
ယခင်ဘဝက အထက်တန်းနောက်ဆုံးနှစ် တစ်နှစ်လုံးတွင် တက္ကသိုလ်ဝင်ခွင့်ရရန် စာကို အသေအလဲ ကြိုးစားခဲ့ရသည်။
အထူးသဖြင့် ထိုနှစ်များက အဆင့်မြင့်သင်္ချာလေ့လာမှုမှာ အလွန်ခေတ်စားနေပြီး တက္ကသိုလ်ဝင်စာမေးပွဲ မေးခွန်းများ၏ ခက်ခဲမှုနှုန်းမှာလည်း ထိုးတက်နေခဲ့သည်။
ထိုနေ့ရက်များကို ပြန်တွေးမိတိုင်း သူမ အလွန် စိတ်ဆင်းရဲခဲ့ရသည်ဟု ခံစားရ၏။
ယခု ဘဝသစ်တွင် အိမ်ထောင်ကျသွားပြီ ဖြစ်သောကြောင့် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်ဖြေစရာ မလိုတော့ဟု သူမ တွေးထားခဲ့ခြင်းပင်။
သို့သော် မည်သူက ထင်ထားပါမည်နည်း။ သူမက စာမေးပွဲ ပြန်ဖြေရုံတင်မကဘဲ အလွန်ဝမ်းသာပျော်ရွှင်စွာဖြင့် ဖြေဆိုရမည်ဟုပင် အပြောခံလိုက်ရလေပြီ။
တတိယယောက်မကတော့ တကယ့်ကို ကြောက်စရာကောင်းတဲ့ အလုပ်ကို လုပ်လိုက်တာပဲ။
သူမ ပျော်လွန်းလို့ ငိုတောင် ငိုချင်လာပြီ။
“ဘာတွေ တွေးနေတာလဲ”
လော်ယွီရှို့အနေဖြင့် စုဝေ့ဖင်းတစ်ယောက် ကြောင်အနေသည်ကို မြင်ချိန်တွင် စိတ်လှုပ်ရှားနေသည်ဟူ၍ ထင်မှတ်ကာ သူမဖြစ်သူကို တို့တိလိုက်၏။
“ဒါပေါ့... သမီး အရမ်းဝမ်းသာလို့လေ”
စုဝေ့ဖင်း ပြုံးလိုက်သော်လည်း သူမ၏ မျက်ဝန်းထဲတွင် မျက်ရည်များ ဝိုင်းလာရတော့သည်။
“သမီးသာ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေခွင့်ရမယ်ဆိုရင်ပေါ့...”
သူမ၏ အနည်းငယ်လောက်သော အငြိုးအတေးပါသည့် အကြည့်လေးမှာ လီရှန်းရှိရာဘက်သို့ ဝေ့ဝဲသွား၏။
လီရှန်းက ဧည့်ခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေလေသည်။ သူမ၏ ရင်ခွင်ထဲမှ စုကျွင့်လေးမှာတော့ စားလိုက်၊ အိပ်လိုက်လုပ်ရမည့် အရွယ်သာ ရှိသေးသောကြောင့် မည်မျှပင် လှုပ်လှုပ်ရှားရှား လုပ်နေပါစေ နိုးမလာခဲ့ပါချေ။
သူမ၏ အမေနှင့် ယောက်မတို့ လာလည်သည့်အချိန်မှစ၍ ဘဝက အလွန်ပင် သက်သောင့်သက်သာ ရှိသွားသည်ဟုတွေးကာ စုဝေ့ဖင်း သက်ပြင်းချလိုက်မိသည်။
အမေက ဟင်းချက်ပြီး၊ ယောက်မဖြစ်သူက ကလေးထိန်းသည်။
ထိုနှစ်ယောက်က ဟန်ချက်ညီညီ လက်တွဲလုပ်ဆောင်ကြသောကြောင့် အိမ်ကြီးမှာလည်း ပြောင်လက်တောက်ပနေခဲ့လေ၏။
စုကျွင့်လေးမှာလည်း အလွန်သက်သောင့်သက်သာရှိနေပြီး တစ်နေ့ကုန် ငိုသံပင် မထွက်ခဲ့ပါချေ။
ယခင်က သူမနှင့် ဒုတိယယောက်မတို့ နှစ်ယောက်ပေါင်းပြီး ကလေးထိန်းကြချိန်တွင် စုကျွင့်လေးက မကြာခဏ ငိုတတ်သောကြောင့် သူတို့မှာ မည်သို့လုပ်ရမည်ကို မသိဘဲ ကူကယ်ရာမဲ့သကဲ့သို့ ဖြစ်ခဲ့ရဖူးသည်။
“ယောက်မ... ရှောင်ကျွင့်က ယောက်မရဲ့လက်ထဲကိုရောက်ရင် ဘာလို့ အဲဒီလောက် လိမ္မာနေရတာလဲ”
စုဝေ့ဖင်းက မနေနိုင်ဘဲ မေးလိုက်သည်။
“ယောက်မမှာ ထူးခြားတဲ့ နည်းလမ်းလေးတွေ ရှိလို့လား”
“ငယ်ငယ်တုန်းက ဝမ်းကွဲမောင်လေး ကို ခဏခဏ ထိန်းပေးခဲ့ရလို့ ထင်တာပဲ”
လီရှန်းက ခေါင်းလေးကို စောင်းလိုက်ပြီး သူမကိုယ်တိုင်လည်း မသိသကဲ့သို့ အမူအရာဖြင့်ပြောလိုက်လေ၏။
“အလုပ်ကနေ သင်ပေးလိုက်တာလား “
သူမအနေဖြင့် မစ်ရှင်ကမ္ဘာများတွင် မစ်ရှင်ပစ်မှတ်များကို ဦးဆောင်ထိန်းကျောင်းခဲ့ရသည့်အတွက် ကျင့်သားရနေပြီဟုတော့ ထုတ်ပြောလို့ မရပါချေ။
စုဝေ့ဖင်း အလွန်ပင် မနာလိုဖြစ်သွားရသည်။ အတိတ်ဘဝက သူမအနေဖြင့် မိဘမဲ့ဂေဟာတွင် အကြီးဆုံးတစ်ယောက် ဖြစ်ခဲ့သော်လည်း ယခုဘဝတွင်တော့ အငယ်ဆုံးဖြစ်နေသောကြောင့် လက်တွေ့လေ့ကျင့်ရန် ကလေးတစ်ယောက်မှ မရှိခဲ့ပါချေ။
စုကျွင့်လေးနှင့် ပတ်သက်လျှင်လည်း ဒုတိယယောက်မက သူမကို ပွေ့ချီဆော့ကစားရန် ခွင့်ပြုသော်လည်း ဤမျှသေးငယ်သော ကလေးလေးကို မြင်လျှင် သူမကြောင့် တစ်ခုခုဖြစ်သွားမှာ စိုးရိမ်သောကြောင့် တုံ့ဆိုင်းနေမိဆဲပင်။
“ယောက်မကတော့နောက်ကို မိခင်ကောင်းတစ်ယောက် ဖြစ်လာမှာ သေချာတယ်”
လီရှန်းက ပြုံးလိုက်သော်လည်း မည်သည်ကိုမှတော့ မပြောခဲ့ပါချေ။
သူမသည်လည့် မိခင်ကောင်းတစ်ယောက် ဖြစ်လာမည်ဖြစ်ကြောင်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိသော်လည်း သူမက လက်ထပ်ပြီးရုံရှိသေးသောကြောင့် ယခုအချိန်တွင် ရှက်သွေးဖြာပြနေဖို့သာ လိုအပ်ပေသည်။
ထိုအချိန်မှာပင် ကျန်းကျိ ရောက်လာခဲ့ပြီး စုဝေ့ဖင်းအတွက် သူတို့၏ လက်ထပ်မှုနှင့် ပတ်သက်သော သတင်းကောင်းကို ယူဆောင်လာခဲ့သည်။
“ကျွန်တော့်ရဲ့အမေက နည်းနည်းလောက် ခေါင်းမာပေမဲ့ အဖေကတော့ သဘောတူလိုက်ပါပြီ၊
သူက ကျွန်တော်တို့ လက်ထပ်တာကို အပြည့်အဝ ကောင်းချီးပေးထားတယ်၊ အခုအချိန်မှာတော့ အဖေက အမေ့ဆီကို ဖုန်းဆက်နေလောက်ပြီ”
ဖုန်းဆက်ရခြင်းရဲ့ ရည်ရွယ်ချက်က ဘာလဲ။
ထုတ်ပြောစရာမလိုဘဲ ရှင်းလင်းလွန်းပေသည်။
“ ရှင့်အဖေက ကျွန်မတို့ လက်ထပ်တာကို တကယ်ပဲ မကန့်ကွက်ခဲ့ဘူးပေါ့”
စုဝေ့ဖင်းက အံ့အားသင့်စွာ မေးလိုက်သည်။
“ဟုတ်တယ်၊ အဖေက အရင်တုန်းက နွားကျောင်းသား တစ်ယောက်လေ၊ သူ အသက်ဆယ်နှစ်မပြည့်ခင်ကတည်းက စစ်ထဲဝင်ခဲ့တာ၊ သူက သူ့ရဲ့ ဇစ်မြစ်ကို တစ်ခါမှ မမေ့ခဲ့ဘူး”
ထို့ကြောင့် သူသည်က မည်သူ့ကိုမျှ အထင်သေးမည့်သူမျိုး မဟုတ်ပါချေ။ သူ၏ မိခင်ကို သူ၏အဖေနှင့် မိတ်ဆက်ပေးခဲ့သည်မှာ အဖွဲ့အစည်းကသာ ဖြစ်သည်။
သူတို့ လက်ထပ်ခဲ့ချိန်က အဖေဖြစ်သူမှာ တပ်ရင်းမှူးအဆင့် ရှိနေပြီဖြစ်၍ ဇနီးဖြစ်သူကလည်း သေချာပေါက် စိတ်ကျေနပ်ခဲ့သည်။
သို့သော် အတွေးအခေါ်ပိုင်း ကွဲပြားမှုများကိုတော့ တစ်ရက်၊ နှစ်ရက်နှင့် ပေါင်းကူး၍ မရနိုင်ပါချေ။
ထို့ကြောင့်ပင် သူ၏ မိဘများ၏ ဆက်ဆံရေးမှာ သာမန်ကာလျှံကာသာ ရှိပြီး အေးစက်နေတတ်သည်။
သူ၏ အစ်ကိုနှစ်ဦး၏ အိမ်ထောင်ရေးမှာလည်း မိဘများနှင့် ပုံစံတူများပင် ဖြစ်နေခဲ့၏။
ထို့ကြောင့် သူသည်က အစဉ်အလာဟောင်းများကို တော်လှန်ပုန်ကန်ရမည်ဖြစ်ပြီး သူ၏ကိုယ်ပိုင် မိသားစုလေးတစ်ခုကို ဖန်တီးချင်နေခဲ့ပေသည်။
“အဲဒီလိုလား...”
စုဝေ့ဖင်းက တိုးတိုးလေး ရေရွတ်လိုက်၏။ သူမ အနည်းငယ် ကြောင်အသွားသော်လည်း သေသေချာချာ ပြန်စဉ်းစားကြည့်လျှင် ယောက္ခထီးဖြစ်သူက ကန့်ကွက်ခြင်းမရှိသရွေ့ အဆင်ပြေပေသည်။
ယောက္ခမကြီးကိုတော့ နောက်ပိုင်းတွင် ရိုရိုသေသေ ဆက်ဆံရုံသာ ရှိတော့သည်။ မည်သို့ပင်ဖြစ်စေ သူမအနေဖြင့် ရေတိုအတွင်း ပေကျင်းသို့ သွားရန် အစီအစဉ်မရှိပါချေ။
အကယ်၍ နှစ်သစ်ကူးကာလတွင် မိသားစုထံ ပြန်လည်တွေ့ဆုံခွင့်ရလျှင်ပင် သူမက ပိုင်မားခရိုင်သို့သာ ပြန်လည်ဆင်နွှဲမည်ဖြစ်၏။
ထိုလူငယ်စုံတွဲလေးာ စိတ်လှုပ်ရှားစွာဖြင့် တစ်ဦးကိုတစ်ဦး ဖက်ထားကြလေတော့သည်။
လီရှန်း : “...”
တကယ့်ကို အကျင့်ဆိုးပဲ! ဘာလို့ အမြဲတမ်း အချစ်တွေကို လာကြွားနေရတာလဲ။
လဆန်း ၁၂ ရက်နေ့။
ကျန်းကျိနှင့် စုဝေ့ဖင်းတို့၏ မင်္ဂလာပွဲကို စစ်တပ်၏ ထမင်းစားဆောင်တွင် ကျင်းပခဲ့သည်။ စစ်ဘက်ဆိုင်ရာ မင်္ဂလာပွဲများမှာ အမြဲတစေ ရိုးရှင်းသော်လည်း စည်ကားလွန်းပေသည်။
သတို့သမီးဘက်မှ မိသားစုဝင် အမြောက်အမြား တက်ရောက်ခဲ့ကြသည်။ သူမ၏ မိခင်အရင်းဖြစ်သော လော်ယွီရှို့နှင့် အစ်ကိုအရင်းဖြစ်သော စုဝေ့ယန်တို့သာမက ယောက်မနှစ်ယောက်လည်း ပါဝင်၏။
ထို့အပြင် ကျန်းမျိုးရိုးဖြင့် တပ်စုမှူးတစ်ဦးကလည်း သတို့သမီး၏ ဆွေမျိုးအုပ်စုအဖြစ် ပါဝင်ကူညီပေးခဲ့သေးသည်။
ဤသည်မှာ သတို့သမီးဘက်မှ မည်မျှ စည်ကားကြောင်းကို ပြသနေခြင်းပင်။
တစ်ဖက်တွင် သတို့သားဘက်တွင်တော့ အတော်လေး အထီးကျန်လွန်းပေသည်။ ပထမဦးစွာ သူ၏ မိခင်အရင်းနှင့် လွန်ခဲ့သည့် ရက်အနည်းငယ်က ရောက်ရှိနေသော မရီးတို့မှာ အရိပ်အယောင်ပင် မတွေ့ရပါချေ။
တင်တောင်းငွေများအတွက်ပင် ကျန်းကျိ၏ ကိုယ်ပိုင်ငွေများကို အသုံးပြုခဲ့ရခြင်း ဖြစ်ပေသည်။
ကံကောင်းစွာဖြင့် တပ်မှူးကြီး ကိုယ်တိုင် တက်ရောက်လာခဲ့သည်။
သူသည်က မင်္ဂလာပွဲတွင် မင်္ဂလာလက်မှတ်ထိုးပေးသည့် အရာရှိအဖြစ်လည်းကောင်း၊ သတို့သား၏ မိဘကိုယ်စားလှယ်အဖြစ်လည်းကောင်း တက်ရောက်ခဲ့ပြီး ဤသည်မှာ ကျန်းဟုန်ရိ၏ တောင်းဆိုချက်အရ လာရောက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သောကြောင့် စုဝေ့ဖင်းအတွက် ချက်ချင်းပင် မျက်နှာပွင့်သွားခဲ့ရတော့သည်။