← Chapters

အခခန်း (၂၁-၂၂)

Vol. 3 Ch. 21-22

အခခန်း (၂၁-၂၂)

Vol. 3 Ch. 21-22

အခန်း (၂၁) ခေတ္တစောင့်ဦး

ဟဲရှန့်ရှိရာသို့ မြင်းစီးနှင်လာသော ကျန်းလျောင်သည် ဟွာအန်းကဲ့သို့ ကိုယ့်သေတွင်းကိုယ်တူးသည့် မိုက်ရူးရဲဆန်သော အပြုအမူမျိုးကို မပြသခဲ့ပေ။ အမှန်တကယ်တော့ သူသည် ရှေ့မှ မြင်ကွင်းမှာ အုပ်စုဖွဲ့ ရိုက်နှက်နေကြခြင်း မဟုတ်တော့သည်ကို မြင်လိုက်ရကတည်းက မြင်းအရှိန်ကို လျှော့ချလိုက်ပြီး ရှောင်တိမ်းရန် အချိန်မရနိုင်သော သာမန်အရပ်သားများကို တက်ကြွစွာ ရှောင်ရှားခဲ့သည်။

ဟွာအန်း၏ မောက်မာမှုနှင့် နှိုင်းယှဉ်လျှင် ဤအချက်က ကျန်းလျောင်သည် အားနည်းသူများကို နှိပ်စက်ရခြင်းအား စက်ဆုပ်ရွံရှာသူ ဖြစ်ကြောင်းပြသနေသည်။

မှန်ပေသည်။ ကျန်းလျောင်က အရပ်သားများကို မနှိပ်စက်ခြင်းမှာ စစ်သည်တော်တစ်ဦး၏ ကျင့်ဝတ်ကို လိုက်နာခြင်းကြောင့်သာဖြစ်သည်။ ၎င်းမှာ သူက အရပ်သားများကို အလွန်အရေးကြီးသူများအဖြစ် ရှုမြင်နေခြင်းကြောင့်တော့ မဟုတ်ပေ။ ထိုကာလ၌ ဟန်မင်းဆက်တစ်ခွင်ရှိ ပညာအရှိဆုံးသော ပညာရှိအမတ်ကြီးများပင်လျှင် သာမန်အရပ်သားများအပေါ်တွင် အလွန်ဆုံး သနားစောင့်ရှောက်လိုသည့် စိတ်ထားမျိုးသာ ရှိကြသည်။

ဟန်မင်းဆက်မတိုင်မီက 'ဒုတိယမြောက် ပညာရှိကြီး' မုန့်ကျိက 'တိုင်းပြည်တစ်ခုတွင် လူထုသည် အရေးကြီးဆုံးဖြစ်ပြီး၊ မြေစောင့်နတ်နှင့် ကောက်ပဲသီးနှံနတ်တို့မှာ ဒုတိယ၊ အုပ်ချုပ်သူမင်းမှာမူ အရေးပါမှု အနည်းဆုံးသာ ဖြစ်သည်' ဟူသော အတွေးအခေါ်ကို တင်ပြခဲ့သော်လည်း အုပ်ချုပ်သူလူတန်းစားများမှာ ၎င်းကို လက်တွေ့ဘဝတွင် အလေးအနက် ကျင့်သုံးခဲ့ခြင်းမရှိပေ။ ထန်မင်းဆက်မှ ဧကရာဇ်ထိုက်ကျုံးက 'ရေသည်လှေကို သယ်ဆောင်နိုင်သကဲ့သို့၊ မှောက်လှန်ပစ်နိုင်စွမ်းလည်းရှိသည်'ဟု အုပ်ချုပ်သူနှင့် လူထု၏ ဆက်ဆံရေးကို ရှင်းလင်းစွာ ဖော်ပြခဲ့ပြီးမှသာ အုပ်ချုပ်သူလူတန်းစားများမှာ သာမန်အရပ်သားများသည် မင်းဆက်တစ်ခု၏ အခြေခံအုတ်မြစ်ဖြစ်ကြောင်း တဖြည်းဖြည်း အသိအမှတ်ပြုလာခဲ့ကြသည်။ ထိုအချိန်မတိုင်မီအထိ မင်းဆက်များသည် အရပ်သားများကို ပဒေသရာဇ်စနစ်အောက်ရှိ အနိမ့်ဆုံးသော ကျွန်ပြုခံများအဖြစ်သာ ဆက်ဆံနေကြဆဲဖြစ်သည်။

သို့သော်လည်း ထိုအချိန်က အသက်နှစ်ဆယ်ဝန်းကျင်သာရှိသေးသော ကျန်းလျောင်အတွက်မူ ဤကဲ့သို့ ခိုင်မာသော စည်းကမ်းချက်များရှိနေခြင်းမှာ ဟဲရှန့်၏ အမြင်တွင် အတော်လေး ချီးကျူးစရာ ကောင်းလှပေသည်။ ထို့အပြင် ကျန်းလျောင်သည် အခင်းဖြစ်ပွားရာသို့ ရောက်ရှိလာသောအခါ သူ၏ လူအင်အား အသာစီးရမှုကို အသုံးချ၍ ကြွားဝါခြင်း မရှိဘဲ၊ မြင်းပေါ်မှဆင်းကာ တလေးတစား နှုတ်ဆက်ခဲ့သည်။

ဤအခိုက်အတန့်တွင် ဟဲရှန့်သည် နောင်တစ်ချိန်၌ ချောင်ဝေ့၏ ထိပ်တန်းစစ်ဗိုလ်ချုပ်ကြီးငါးဦးတွင် တစ်ဦးအပါအဝင် ဖြစ်လာမည့်သူကို ဂရုတစိုက် မကြည့်ဘဲ မနေနိုင်တော့ပေ။ ကျန်းလျောင်သည် ငယ်ရွယ်သော်လည်း အရပ်ရှစ်ပေခန့် မြင့်မားကာ၊ ခိုင်ခံ့သော သံချပ်ကာအင်္ကျီနှင့် ကျားစွယ်ပုံစံ စစ်ဦးထုပ်ကို ဆောင်းထားသဖြင့် ကြောက်မက်ဖွယ်ကောင်းသော စစ်ဗိုလ်ချုပ်တစ်ဦး၏ အရှိန်အဝါမျိုး ထွက်ပေါ်နေသည်။ သူ၏ ကြေးနီရောင်အသားအရေ၊ ပြတ်သားသော မျက်နှာပေါက်နှင့် ချောမောသော ရုပ်ရည်တို့ကလည်း ရဲရင့်သော သူရဲကောင်းပီသမှုကို ဖော်ပြနေပေသည်။

အားနည်းချက်တစ်ခုတည်းမှာ ကျန်းလျောင်၏ ရှည်လျားကျဉ်းမြောင်းသော မျက်နှာ၊ ချိတ်ကွေးပုံသဏ္ဌာန် နှာခေါင်းနှင့် တစ်ဖက်သားကို မထီမဲ့မြင်ပြုတတ်ကာ ထိန်းချုပ်ရခက်သော အမူအရာတို့ပင် ဖြစ်သည်။ ရုပ်ရည်ပိုင်းဆိုင်ရာ လေ့လာသည့် ကျမ်းစာများအရ ၎င်းကို 'အစိမ်းရောင်ဓားသွား' မျက်နှာဟု ခေါ်ဆိုလေ့ရှိပြီး၊ ထိုကဲ့သို့သော သူများသည် အများအားဖြင့် မောက်မာကာ၊ စိတ်ထားကျဉ်းမြောင်းပြီး ရက်စက်တတ်သူများဖြစ်ကြသည်။

“ကျုပ်က ပမ်းကျိုးရဲ့ လက်ထောက်အရာရှိ ကျန်းလျောင်ပါ... ကျုပ်လက်အောက်က စစ်သားတွေ လမ်းပေါ်မှာ ရုတ်ရုတ်သဲသဲ ဖြစ်အောင် လုပ်နေတယ်လို့ ကြားတာနဲ့ ဒီကိစ္စကို ကိုင်တွယ်ဖို့ အရောက်လာခဲ့တာပါ...”

ကျန်းလျောင်က လက်သီးဆုပ်ကာ နှုတ်ဆက်ရင်း ပြောလိုက်သည်။ သို့သော် သူ၏ နှုတ်ဆက်မှုမှာ ဟဲရှန့်ကို ဦးတည်ခြင်း မဟုတ်ဘဲ၊ ဟဲရှန့်က အမည်မဲ့သူရဲကောင်းအား လွှတ်ပေးရန် အချက်ပြလိုက်သည့် ဟွာအန်းကိုသာ ဦးတည်ခြင်း ဖြစ်သည်။

လက်ထောက်အရာရှိဆိုသည်မှာ ခရိုင်အုပ်ချုပ်ရေးမှူး သို့မဟုတ် ပြည်နယ်စစ်ဆေးရေးမှူးက ကိုယ်တိုင်ခန့်အပ်ထားသည့် အရာရှိတစ်ဦးဖြစ်ပြီး ရိက္ခာ ၆၀၀ရှီ အဆင့် ရှိသည်။ သီအိုရီအရ ကျန်းလျောင်၏ ရာထူးမှာ ဟဲရှန့်နှင့် အဆင့်တူသော်လည်း၊ ဟဲရှန့်မှာ နန်းတွင်းက တိုက်ရိုက်ခန့်အပ်ထားသော စစ်ရေးအရာရှိ ဖြစ်သဖြင့် ပြင်ပအရာရှိဖြစ်သည့် ကျန်းလျောင်မှာ ဟဲရှန့်ထက် ရာထူးတစ်ဝက်ခန့် နိမ့်ကျနေပေသည်။ အကယ်၍ ကျန်းလျောင်က ဟဲရှန့်ကို နှုတ်ဆက်ခဲ့လျှင်ပင် နားလည်ပေးနိုင်စရာ ရှိသည်။ သို့သော် သူက ရာထူးနိမ့်လှသော တပ်ခွဲမှူးဟွာအန်းကိုသာ နှုတ်ဆက်ခဲ့သဖြင့် ၎င်းမှာ မိမိကိုယ်ကို နှိမ့်ချကာ လေးစားမှုပြသည့် အမူအရာပင် ဖြစ်သည်။

ထို့အပြင် ကျန်းလျောင်၏ စကားစတင်ပုံမှာ မိမိစစ်သားများ၏ အမှားကို ဝန်ခံခြင်းဖြစ်ပြီး လျန့်ပြည်နယ်စစ်သားများ၏ အမှားကို တစ်ခွန်းမှ ထည့်မပြောခဲ့သဖြင့် သူသည် အားနည်းသူကို နှိပ်စက်ခြင်းအား စက်ဆုပ်ရုံသာမက ဆင်ခြင်တုံတရားကိုလည်း တန်ဖိုးထားသူဖြစ်ကြောင်း ထင်ရှားနေသည်။

ထို့ကြောင့်ပင် ကျန်းလျောင်က ဟဲရှန့်ကို အရေးမပါသော ဘေးလူတစ်ယောက်ကဲ့သို့ သဘောထားနေသော်လည်း ဟဲရှန့်မှာ ကျန်းလျောင်အပေါ် အလွန်ကောင်းမွန်သော ပထမဦးဆုံး အထင်အမြင်မျိုး ရရှိသွားခဲ့သည်။

ယခုအချိန်တွင်မူ ဟဲရှန့်ကြောင့် မောက်မာမှုများ ကျဆင်းသွားသော ဟွာအန်းသည် ကျန်းလျောင်က ပမ်းပြည်နယ်(ပမ်းကျိုး) မြင်းတပ်သား အယောက်ငါးရာကို ခေါ်ဆောင်လာသည်ကို မြင်လိုက်ရသဖြင့် ပြန်လည်အာခံရန် မဝံ့တော့ပေ။ သူက တည်ငြိမ်စွာပင် ပြန်လည်နှုတ်ဆက်လိုက်ပြီး ပြောလိုက်၏။

“အရှင်က ကျွန်တော့်ကို အလွန်အမင်း ချီးမြှောက်နေပါပြီ... ဒီကိစ္စက နားလည်မှုလွဲတာလေးပါ... ရုတ်ရုတ်သဲသဲ ဖြစ်အောင်လုပ်တဲ့ လျန့်ပြည်နယ်က ကျွန်တော့်လက်အောက်ငယ်သားတွေကို ကျွန်တော်ကိုယ်တိုင် သတ်ပစ်လိုက်ပါပြီ... အရှင်ကပဲ မျှမျှတတ ဆုံးဖြတ်ပေးပါဦး...”

ထိုသို့ပြောပြီးနောက် ဟွာအန်းက လမ်းဖယ်ပေးလိုက်ရာ သံလှံများဖြင့် ထိုးသတ်ခံထားရသော သူ၏နောက်ကွယ်မှ လျန့်ပြည်နယ်စစ်သားများကို တွေ့လိုက်ရသည်။ ထိုအခိုက်၌ ကျန်းလျောင်၏ မျက်နှာမှာ အလွန်အမင်း တည်ကြည်လေးနက်သွားတော့သည်။

ဟွာအန်းသည် အပြင်ပန်းတွင် အရှုံးပေးနေသကဲ့သို့ ရှိသော်လည်း၊ အမှန်တကယ်မှာမူ 'နောက်ဆုတ်၍ အသာစီးရယူခြင်း' ဗျူဟာကို အသုံးပြုနေခြင်းဖြစ်ကြောင်း မည်သူမဆို သိနိုင်ပေသည်။ သူ၏ ရည်ရွယ်ချက်မှာ ကျန်းလျောင်အား 'ငါကတော့ ပြဿနာရှာတဲ့ ငါ့စစ်သားတွေကို သတ်ပစ်လိုက်ပြီ... မင်းရဲ့ ပမ်းပြည်နယ် စစ်သားတွေကိုတော့ မင်း ကြိုက်သလိုသာ လုပ်တော့!' ဟု ပြောလိုက်ခြင်းပင်ဖြစ်သည်။

ဟဲရှန့်သည် ဤအချိန်အထိ တစ်ခွန်းမှ ဝင်မပြောသေးပေ။ လျန့်ပြည်နယ်မှ သောင်းကျန်းသူများနှင့် နှိုင်းယှဉ်လျှင် ဤပမ်းပြည်နယ် စစ်သားများသည် အရပ်သားများကို တမင်သက်သက် သတ်ဖြတ်ခဲ့ခြင်း မဟုတ်ကြောင်း သူ သိထားသော်လည်း၊ တိုက်ပွဲအရှိန်တက်နေစဉ်အတွင်း အရပ်သားများအပေါ် လက်ရှောင်ခဲ့ခြင်း မရှိသည်မှာ ကျန်းလျောင်၏ ကွပ်ကဲမှုနှင့် စည်းကမ်းပိုင်းတွင် အားနည်းချက် ရှိနေသည်ကို ပြသနေသည်။

ကျန်းလျောင်အနေနှင့် ဤကိစ္စကို မည်သို့ကိုင်တွယ်မည်ကို သူက စောင့်ကြည့်ချင်နေမိသည်။

“ကျန်းမင်... ရှေ့ကို ထွက်ခဲ့စမ်း!”

ကျန်းလျောင်သည် သူ၏မျက်နှာမှာ ဒေါသကြောင့် မည်းမှောင်နေပြီး ခေါင်းကိုပင် လှည့်မကြည့်ဘဲ အော်ဟစ်လိုက်သည်။

“လက်အောက်ငယ်သား ရောက်ပါပြီ!”

စောစောက ဟဲရှန့် မေးမြန်းခြင်းခံခဲ့ရသော ပမ်းပြည်နယ် တပ်စုမှူးမှာ ရင်ကိုမတ်ကာ ချက်ချင်း ရှေ့သို့ ထွက်လာခဲ့သည်။ ကျန်းလျောင်၏ ဒေါသသံထဲတွင် သတ်ဖြတ်လိုသည့် အရှိန်အဝါများ ပါနေသည်ကို သူ သတိပြုမိသော်လည်း၊ ရှေ့သို့ ထွက်လာရန် တစ်စက္ကန့်လေးမှ တွန့်ဆုတ်မနေခဲ့ပေ။

“ဖြစ်ပျက်ခဲ့တဲ့ ကိစ္စအဝဝကို အစကနေ အဆုံးအထိ ငါ့ကို အတိအကျ ပြောစမ်း!”

ကျန်းလျောင်က လှည့်ကြည့်လိုက်ပြီး ထိုကျန်းမင်ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။ သူ၏ မျက်လုံးထဲရှိ သတ်ဖြတ်လိုစိတ်များမှာ ဖုံးကွယ်ထား၍ မရတော့ပေ။

“သတင်းပို့ပါတယ် အရှင်... ကျွန်တော်က အသစ်စုဆောင်းထားတဲ့ စစ်သား အယောက်သုံးဆယ်ကျော်ကို စခန်းထဲ ခေါ်လာဖို့ အရှင့်ရဲ့ အမိန့်ကို ဆောင်ရွက်နေတာပါ... ဒါပေမဲ့ လမ်းမှာ ဒီလျန့်ပြည်နယ် စစ်သားတွေက ကျွန်တော်တို့ကို ပိတ်ဆို့ပြီး စော်ကားကြပါတယ်... ကျွန်တော်တို့လည်း အဲ့ဒီစော်ကားမှုကို သည်းမခံနိုင်တာနဲ့ သူတို့နဲ့ ပဋိပက္ခဖြစ်ပြီး... ပြီးတော့... မှားယွင်းပြီး အရပ်သားအချို့ကို သတ်မိသွားပါတယ်...”

(သမိုင်းအရ သုံးပြည်ထောင်ခေတ်မှာ ရာထူးနိမ့်သူ/ နိမ့်ကျသူများက စစ်တပ်အုပ်ချုပ်သူ ရာထူးအာဏာကြီးသူကို အရှင်လို့ခေါ်ပါတယ်။ နန်းတွင်းအုပ်ချုပ်ရေးပိုင်းက ရာထူးအာဏာကြီးသူများကိုတော့ အမတ်/အမတ်ကြီးလို့ခေါ်ပါတယ်)

“မှားယွင်းပြီး သတ်မိတယ် ဟုတ်လား”

သူ၏ စစ်သားများက အရပ်သားများကို အမှန်တကယ် သတ်ဖြတ်ခဲ့ကြောင်း ကြားလိုက်ရသဖြင့် ကျန်းလျောင်၏ ရှည်လျားကျဉ်းမြောင်းသော မျက်နှာမှာ ပို၍ပင် မည်းမှောင်သွားသည်။ ထို့နောက် သူက ထပ်မေးလိုက်၏။

“ဒီလျန့်ပြည်နယ် စစ်သားတွေက ဒီနေ့ လမ်းကင်းလှည့်ဖို့ အမိန့်ရထားတယ်လို့ ငါ သိထားတယ်... သူတို့ မင်းကို တားတဲ့အချိန်မှာ ဒီအကြောင်းမပြောပြဘူးလား”

“ပြော... ပြောပြပါတယ်... ဒါပေမဲ့ သူတို့က ဆဲဆိုပြီး၊ ကျွန်တော်တို့ကို ကန်ကျောက် ရိုက်နှက်ကြတယ်... ပြီးတော့ ကျွန်တော်တို့ရဲ့ လက်နက်တွေကို အပ်ဖို့ တောင်းဆိုကြပါတယ်...”

ကျန်းလျောင်၏ ဒေါသမီးကို မြင်လိုက်ရသဖြင့် ကျန်းမင်ဟု အမည်ရသော စစ်သားမှာ အလျင်အမြန်ပင် ပြန်လည်ချေပလိုက်သည်။

“ဒါဆို မင်းက မင်းရဲ့အဆင့်အတန်းကို သက်သေပြဖို့ မင်းရဲ့ အမှတ်အသား တံဆိပ်ပြားကိုရော သူတို့ကို ပြခဲ့လား”

သို့သော် ကျန်းလျောင်က သူ၏ ချေပချက်ကို ဂရုမစိုက်ဘဲ ပြတ်သားစွာ ဖြတ်မေးလိုက်သည်။

“မ... မပြခဲ့ပါဘူး...”

“ကောင်းပြီ! အနည်းဆုံးတော့ မင်းက တာဝန်ယူရဲသေးတာပဲ...”

ကျန်းလျောင်က ကျန်းမင်ကို မြေပြင်ပေါ်သို့ ကန်ချလိုက်ပြီး သူ၏နောက်ကွယ်မှ စစ်သားများကို အမိန့်ပေးလိုက်သည်။

“ကျန်းမင်ဟာ အခြေအနေအရပ်ရပ်ကို သေသေချာချာ မစဉ်းစားဘဲ၊ စစ်စည်းကမ်းကို လျစ်လျူရှုခဲ့တယ်... လမ်းပေါ်မှာ တပ်ဖွဲ့နှစ်ခုကြား ပဋိပက္ခဖြစ်အောင် လုပ်ဆောင်ပြီး ကြီးမားတဲ့ ဘေးဒုက္ခကို ဖြစ်စေခဲ့တယ်... သူ့ကို ကွပ်မျက်ရမယ်!”

“အရှင်... ဒါပေမဲ့ ဒီလျန့်ပြည်နယ် စစ်သားတွေက ကျွန်တော်တို့ ပမ်းပြည်နယ်သားတွေကို အမြဲတမ်း အထင်သေးပြီး အကြောင်းမရှိဘဲ ရန်စနေတာပါ...”

မိမိ၏ အပြစ်က သေဒဏ်ထိုက်သည်ဟု ကြားလိုက်ရသည့်အခါ ကျန်းမင်သည် ကျန်းလျောင်ကို အတင်းအကျပ် အသနားခံရန် ပြင်လိုက်သည်။

သို့သော် ကျန်းလျောင်က သူ့ကို ထပ်မံကန်ချလိုက်ပြီးနောက် ဝမ်းနည်းကြေကွဲမှုနှင့် ဒေါသတို့ ရောယှက်နေသော အသံဖြင့် ဟိန်းဟောက်လိုက်၏။

“တော်စမ်း! အဲ့ဒါက မင်း ဒီနေ့လုပ်ခဲ့တဲ့ ပြဿနာအတွက် ဆင်ခြေပေးလို့ မရဘူး!”

ထိုသို့ပြောပြီးနောက် ကျန်းလျောင်က ရုတ်တရက် ခေါင်းမော့လိုက်ပြီး အသစ်စုဆောင်းထားသော စစ်သား အယောက်သုံးဆယ်ကို အော်ဟစ်လိုက်သည်။

“မင်းတို့ထဲက ဘယ်သူတွေက ခုနက ပဋိပက္ခဖြစ်တုန်းက အရပ်သားတွေကို သတ်ခဲ့တာလဲ... မင်းတို့က ပမ်းပြည်နယ်ရဲ့ စစ်သည်တော် အစစ်အမှန်တွေဆိုရင် ကိုယ့်ဖာသာကိုယ် ရှေ့ကို ထွက်ခဲ့စမ်း!”

ကျန်းလျောင်၏ ပြင်းထန်လှသော သတ်ဖြတ်လိုစိတ် အရှိန်အဝါအောက်တွင် စောစောက မောက်မာနေသော ပမ်းပြည်နယ် စစ်သားများမှာ ကြီးလေးသော နောက်ဆက်တွဲ ရလဒ်များကို သိရှိသွားကြသည်။ တစ်ခဏမျှ မည်သူမှ ရှေ့သို့ ထွက်မလာဝံ့ကြပေ။

ဤရလဒ်ကို မြင်လိုက်ရသည့်အခါ ဘေးတွင်ရပ်နေသော ဟွာအန်းက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ သို့သော် ဟဲရှန့်က သူ၏ ယုတ်ညံ့သော အမူအရာကို သည်းမခံနိုင်သဖြင့် သူ့ကို ရိုက်မည့်ပုံစံဖြင့် လက်ရွယ်လိုက်ရာ၊ ဟွာအန်းမှာ ချက်ချင်းပင် ထိတ်လန့်သွားပြီး သူ၏ ရိုင်းစိုင်းသော အမူအရာကို ပြန်လည်သိမ်းဆည်းလိုက်ရသည်။

“မင်းတို့က သတ်ရဲပြီးတော့၊ ဝန်မခံရဲဘူးလား”

ကျန်းလျောင်က ပို၍ပင် ဒေါသထွက်လာကာ စိတ်ပျက်သွားမိသည်။ သူသည် မြင်းပေါ်မှ သူ၏ လှံရှည်ကို ဆွဲယူလိုက်ပြီး ပမ်းပြည်နယ် စစ်သားများကို ချိန်ရွယ်ကာ ဟိန်းဟောက်လိုက်၏။

“ငါ ကျန်းလျောင်က မင်းတို့ကို စုဆောင်းခဲ့တာဟာ ရန်သူတွေကို အတူတူတိုက်ခိုက်မယ့် ရဲစွမ်းသတ္တိရှိတဲ့ စစ်သည်တော်တွေ ဖြစ်လာဖို့ကွ... ရန်သူကိုကျတော့ ဘာမှမလုပ်နိုင်ဘဲ အရပ်သားတွေကို သတ်ဖြတ်ရာမှာ ဆရာကျတဲ့ အမှိုက်တွေ ဖြစ်လာဖို့ မဟုတ်ဘူး!”

“မင်းတို့အားလုံးက မှန်ကန်တာနဲ့ မှားယွင်းတာကို ခွဲခြားနိုင်တဲ့၊ သံမဏိလို စိတ်ဓာတ်ရှိတဲ့ ပမ်းပြည်နယ်သားတွေပါ... အခု ငါ ကျန်းလျောင်က လောယန်က အရပ်သားတွေရှေ့မှာ မတ်တတ်ရပ်ပြီး၊ ပမ်းပြည်နယ်သားတွေဟာ ကိုယ့်အမှားကိုယ် ဝန်မခံရဲတဲ့ လူရည်ညံ့တွေပါလို့ ပြောစေချင်တာလား”

ဖြောင့်မတ်မှန်ကန်မှု၊ ဝမ်းနည်းကြေကွဲမှုနှင့် ဒေါသတို့ ပြည့်နှက်နေသော ဤစကားများက လူတို့၏ စိတ်နှလုံးကို လှုပ်ခတ်သွားစေသည်။ ကျန်းလျောင်၏ လှံဖြင့် ချိန်ရွယ်ခြင်း ခံထားရသော ပမ်းပြည်နယ် စစ်သားအသစ်များမှာ မီးပေါ်တင်ထားသကဲ့သို့ ခံစားလိုက်ရတော့သည်။ သိပ်မကြာခင်မှာပင် လူတစ်ယောက် ရှေ့သို့ ထွက်လာပြီး မြေပြင်ပေါ်၌ ဒူးထောက်ကာ ပြောလိုက်၏။

“အရှင် ပြောတာ မှန်ပါတယ်! ကျွန်တော် ခုနက အရပ်သားတစ်ယောက်ကို မှားယွင်းပြီး သတ်မိခဲ့ပါတယ်... ကျွန်တော့်အသက်နဲ့ ပေးဆပ်ဖို့ ထိုက်တန်ပါတယ်!”

“ကျွန်တော်လည်း ပါပါတယ်!”

“ကျွန်တော်လည်း အတူတူပါပဲ!”

ခဏအတွင်းမှာပင် ကျန်းလျောင်၏ စိတ်လှုပ်ရှားဖွယ် စကားများကြောင့် ဤစစ်သားများမှာ ရှေ့သို့ တဖွဲဖွဲ ထွက်လာကြသည်။ ဟဲရှန့် ရေတွက်ကြည့်ရာ စုစုပေါင်း ခုနစ်ယောက် ရှိပေသည်။

“ကောင်းပြီ!”

ဤအခိုက်အတန့်တွင် ကျန်းလျောင်၏ မျက်လုံးများတွင် မျက်ရည်များ ဝဲလာခဲ့သည်။ သူက သူ၏နောက်ကွယ်မှ စစ်သားများကို ညွှန်ကြားလိုက်၏။

“ဒီလူတွေရဲ့ နေရပ်နဲ့ နာမည်တွေကို မှတ်သားထားလိုက်... သူတို့ရဲ့ မိသားစုတွေဆီကို တိုက်ပွဲကျ စစ်သည်တွေရဲ့ ခံစားခွင့်အတိုင်း နစ်နာကြေးတွေ ပေးပို့လိုက်ပါ...”

ထိုသို့ပြောပြီးနောက် ကျန်းလျောင်က နာကျင်စွာဖြင့် မျက်နှာလွှဲလိုက်ပြီး သူတို့ကို ထပ်မံမကြည့်လိုတော့ပေ။ တစ်ပြိုင်နက်တည်းမှာပင် သူ၏ မြှောက်ထားသော လက်ကို ပြတ်သားစွာ ဝှေ့ယမ်းလိုက်တော့သည်!

“ဒီဘဝမှာတော့ ကျွန်တော်တို့ ကံမကောင်းခဲ့ပါဘူး... နောက်ဘဝမှာတော့ အရှင့်ရဲ့ လက်အောက်မှာပဲ စစ်သား ပြန်ဖြစ်ချင်ပါသေးတယ်!”

ထိုလူခုနစ်ယောက်နှင့် ကျန်းမင်တို့က တညီတညွတ်တည်း အော်ဟစ်လိုက်ကြသည်။ သူတို့သည် သေခြင်းတရားနှင့် ရင်ဆိုင်ရချိန်တွင်ပင် အမူအရာ ပျက်ယွင်းသွားခြင်း မရှိပေ။

ဓားများကျလာပြီး၊ ခေါင်းများ ပြတ်ကျသွားတော့သည်။

သူ့နောက်ကွယ်မှ ခန္ဓာကိုယ်များ မြေပေါ်သို့ ကျသွားသည့် အသံကို ကြားလိုက်ရသော်လည်း ကျန်းလျောင်မှာ လှည့်မကြည့်ခဲ့ပေ။ ယင်းအစား သူက ဟွာအန်းကို တောင်းပန်တိုးလျှိုးသည့် ပုံစံဖြင့် ဦးညွှတ်လိုက်ပြီး မျက်ရည်များဖြင့် မေးလိုက်၏။

“ကျွန်တော် ဒီကိစ္စကို ဒီလို ကိုင်တွယ်လိုက်ပါပြီ... အရှင်ကော ဒီအခြေအနေကို ကျေနပ်ရဲ့လား”

“ဒါ... ဒါကတော့...”

ဟွာအန်းမှာ ယခုတော့ အလုံးစုံ မှင်တက်သွားရသည်။ သူက ဟဲရှန့်ကို တစ်လှည့်၊ ကျန်းလျောင်ကို တစ်လှည့်ကြည့်ရင်း၊ တစ်နေ့တည်းမှာပင် အရူးနှစ်ယောက်နှင့် ဘယ်လိုလုပ် ဆုံတွေ့နေရသည်ကို လုံးဝ နားမလည်နိုင်တော့ပေ။

“အရှင်ကျန်း... အရှင့်ရဲ့ စစ်စည်းကမ်းအပေါ် ပြတ်သားမှုက... တကယ့်ကို လေးစားစရာပါပဲ... ဒီကိစ္စက အခုတော့ ပြေလည်သွားပြီဆိုတော့ ကျွန်တော်... ကျွန်တော်လည်း ခွင့်ပြုပါဦး...”

ထိုသို့ပြောပြီးနောက် ဟွာအန်းသည် မြင်းပေါ်သို့တက်ကာ ထိုနေရာမှ အလျင်အမြန် ထွက်ပြေးရန် ပြင်လိုက်သည်။ ဤအရူးနှစ်ယောက်ရှေ့တွင် ရပ်နေရသည်မှာ သူ့အတွက် ကြီးမားသော ဖိအားတစ်ခု ဖြစ်နေသောကြောင့်ပင်။

သို့သော်လည်း ကျန်းလျောင်က ရုတ်တရက် စကားပြောလာပြီး သူ၏လေသံမှာ အေးစက်သွားတော့သည်။

“ခေတ္တစောင့်ဦး!”

အခန်း (၂၂) မာနကြီးသော ကျန်းလျောင်

“ခေတ္တစောင့်ဦး..."

ကျန်းလျောင်က ထိုစကားကို ဆိုလိုက်ချိန်တွင် သူ၏ ခန္ဓာကိုယ်က ညွှတ်ကိုင်းနေဆဲဖြစ်၏။

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ဟွာအန်းက သူ့ထက် ပို၍ အစွမ်းထက်သော သူနှင့် ရင်ဆိုင်နေရပြီဖြစ်ကြောင်း သဘောပေါက်သွားသည်။ သူက ကမန်းကတန်း ရှေ့သို့ တိုးသွား၍ ကျန်းလျောင်ကို ထူပေးရန် ပြင်လိုက်၏။ သို့သော်လည်း သူ မည်မျှပင် ကြိုးစားစေကာမူ သုံးကြိမ်တိုင်တိုင် ဆွဲထူသော်လည်း ကျန်းလျောင်၏ ခန္ဓာကိုယ်က အနည်းငယ်မျှပင် မလှုပ်ရှားပေ။ ဤသည်က ဟွာအန်းကို ထိတ်လန့်သွားစေပြီး တုန်ယင်သော အသံဖြင့် မေးလိုက်သည်။

“အရှင်.. အရှင်က... ဘာများ အမိန့်ပေးစရာ ရှိပါသေးလဲ..."

ထိုအခါမှသာ ကျန်းလျောင်က ခါးကို မတ်လိုက်ပြီး သူ၏ လက်ထဲမှ သံလှံရှည်ကို လှည့်လိုက်၏။

"ခင်ဗျား ထွက်သွားလို့ ရပါပြီ... ဒါပေမဲ့ ကျုပ် တစ်ခုတော့ ပြောလိုက်မယ်..."

သူ စကားပြောနေစဉ် သူ၏ လေသံ၌ အံကြိတ်ထားသည့် အရိပ်အယောင်များ ပါဝင်နေပြီး စကားလုံးတိုင်းကို ပြင်းထန်သော အရှိန်အဝါဖြင့် ပြောဆိုလိုက်သည်။

"ယနေ့ကိစ္စမှာ ခင်ဗျားတို့ လျန့်ပြည်နယ်က လူတွေဘက်မှာ အကြောင်းပြချက် ခိုင်လုံတယ်လို့ ဆိုနိုင်တယ်... ဒါပေမဲ့ နောင်တစ်ချိန်မှာ အကြောင်းမဲ့သက်သက် ပမ်းပြည်နယ်က လူတွေကို ရန်စလာမယ် ဆိုရင်တော့ ကျုပ်က ယနေ့လိုမျိုး ယဉ်ကျေးနေမှာ မဟုတ်ဘူး..."

ထိုသို့ ပြောဆိုရင်း ကျန်းလျောင်က ပြောင်းပြန် ကိုင်ထားသော လှံရှည်ကို မြေကြီးထဲသို့ အားကုန်စိုက်ချလိုက်ရာ တစ်ပေကျော် ရှည်လျားသော လှံသွားက မြေကြီးထဲသို့ နက်ရှိုင်းစွာ စိုက်ဝင်သွားတော့၏။

ဟွာအန်းမှာ မှင်တက်သွားပြီး ယနေ့ ကိစ္စများကြောင့် ကျန်းလျောင်နှင့် ရန်ငြိုးဖွဲ့မိသွားပြီဖြစ်ကြောင်း သိလိုက်သည်။ သူက ထိတ်လန့်သွားပြီး နှုတ်ပင် မဆက်ရဲတော့ဘဲ အမြီးကုပ်သွားသော ခွေးတစ်ကောင်ကဲ့သို့ အရှက်ရစွာဖြင့် သူ၏ လျန့်ပြည်နယ် သံချပ်ကာမြင်းတပ်သား နှစ်ရာကို အလောတကြီး ဦးဆောင်၍ ထွက်ခွာသွားတော့သည်။

မြင်းတပ်များ မျက်စိအောက်မှ ပျောက်ကွယ်သွားသောအခါမှသာ ကျန်းလျောင်က အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့သော ဟဲရှန့်ထံသို့ အကြည့်လွှဲလိုက်၏။ သူက မျက်တောင် နှစ်ချက်ခတ်လိုက်ပြီးနောက် အရိုအသေပေး၍ ပြောလိုက်သည်။

“ကျုပ်ရောက်လာတဲ့အချိန်မှာ လက်ထောက်စစ်ရေးတပ်မှူးက ဒီပဋိပက္ခကို တားဆီးဖို့ ဖြောင့်မတ်မှန်ကန်စွာ ဝင်ပါခဲ့တယ်လို့ ကြားသိရပါတယ်... ဒါက တကယ့်ကို ကြီးမားတဲ့ ကျေးဇူးပါပဲ။ လက်ထောက်စစ်ရေးတပ်မှူး ကျုပ်ရဲ့ အရိုအသေကို လက်ခံပေးပါ..."

သို့သော်လည်း ဤအခိုက်၌ ဟဲရှန့်၏ မျက်နှာက မည်းမှောင်သွား၏။ အဘယ်ကြောင့်ဆိုသော် ယခုအချိန်အထိ စနစ်ထံမှ အသိပေးသံကို သူ မကြားရသေးသောကြောင့် ဖြစ်သည်။ ရှင်းလင်းစွာပင် ကျန်းလျောင်ကဲ့သို့ မာနထောင်လွှားသော သူတစ်ယောက်က ဟဲရှန့်အပေါ် စိတ်ရင်းမှန်ဖြင့် ကျေးဇူးတင်နေခြင်း မဟုတ်ပေ။ ကျန်းလျောင်၏ ယခင်လုပ်ရပ်များအရ ကြည့်မည်ဆိုလျှင် သူသည် အပြင်ပန်းတွင် သဘောထားကြီးဟန်ပြသော်လည်း အတွင်းစိတ်၌ မာနကြီးပြီး လုပ်ဆောင်ချက်များတွင် သတိကြီးသူ တစ်ဦးမျှသာဖြစ်သဖြင့် ဤမျှလွန်လွန်ကဲကဲ ယဉ်ကျေးနေခြင်းဖြစ်သည်။

ထို့ကြောင့် ဟဲရှန့်မှာ စိတ်ထဲမှ မကျိန်ဆဲဘဲ မနေနိုင်တော့ပေ။ ဝိညာဉ်ကူးပြောင်းပြီးနောက် အဓိကဇာတ်ဆောင်၏ ဘုရင်အရှိန်အဝါများ ပေါက်ကွဲထွက်လာပြီး လူတိုင်းကို ဒူးထောက် အညံ့ခံစေကာ နာမည်ကျော် စစ်သူကြီးများနှင့် ဗျူဟာမှူးများကို စုဆောင်းနိုင်လိမ့်မည်ဟု ဘယ်သူက ပြောခဲ့သနည်းဟု သူ တွေးလိုက်မိသည်။

ထို့ကြောင့် ဟဲရှန့်က ကျန်းလျောင်၏ ဟန်ဆောင် အရိုအသေပေးမှုကို လျစ်လျူရှု၍ ခပ်အေးအေးပင် ပြောလိုက်၏။

"တပ်မှူးလေးတစ်ယောက်က လက်ထဲမှာ လက်နက်မရှိဘဲ မနေသင့်ဘူး... လက်နက်မရှိရင် အာဏာလည်း မရှိဘူး... ဝူမင်... ကျန်းကုန်ရှိီရဲ့ သံလှံရှည်ကို သွားယူလိုက်..."

(ကုန်ရှီ- စီမံခန့်ခွဲရေးအရာရှိ(သို့မဟုတ်) ဘုရင်ခံ၏ လက်ထောက်)

အပြင်ပန်းတွင် ကြမ်းတမ်းသော်လည်း အတွင်းစိတ်၌ ထက်မြက်လှသော ဝူမင်က ဟဲရှန့်၏ လေသံမှတစ်ဆင့် ကျန်းလျောင်အပေါ် မကျေနပ်ဖြစ်နေသည်ကို အာရုံခံမိလိုက်ပြီး ကျန်းလျောင်ကို အနည်းငယ် ခြိမ်းခြောက်ရန် ရည်ရွယ်လိုက်သည်။ ထို့ကြောင့် သူက ရှေ့သို့ လှမ်းတက်သွားပြီးနောက် လက်တစ်ဖက်တည်းကိုသာ ဆန့်ထုတ်၍ ကျန်းလျောင်၏ သံလှံရှည်ကို ဖြည်းညင်းစွာ ဆွဲနုတ်လိုက်ပြီး အမူအရာမပျက်ဘဲ ပြောလိုက်၏။

“အရှင်ကျန်း... ခင်ဗျားရဲ့ လှံကို ပြန်ယူပါ..."

သူက အားကုန်သုံး၍ စိုက်သွင်းထားသော လှံရှည်ကို အမည်မဲ့သူရဲကောင်းက လက်တစ်ဖက်တည်းဖြင့် ဆွဲနုတ်လိုက်သည်ကို မြင်သောအခါ ကျန်းလျောင်မှာ အံ့အားသင့်သည့် အမူအရာကို မဖုံးကွယ်နိုင်တော့ပေ။ ရလဒ်အနေဖြင့် အမည်မဲ့သူရဲကောင်းက လှံကို ကမ်းပေးလိုက်သောအခါ ကျန်းလျောင်၏ မျက်နှာကလည်း တည်ကြည်လေးနက်သွားသည်။

သို့သော်လည်း သူ၏ ကိုယ်ပိုင်ရဲစွမ်းသတ္တိကို ယုံကြည်မှုရှိသူပီပီ လှံကို ယူရန် လက်တစ်ဖက်တည်းကိုသာ ဆန့်ထုတ်လိုက်၏။

ကံမကောင်းစွာဖြင့် ဝူမင်မှာ မွေးရာပါ နတ်ဘုရားခွန်အားကို ပိုင်ဆိုင်ထားပြီး ပေါင်တစ်ရာ့နှစ်ဆယ် အလေးချိန်ရှိသော သံကြိုးတပ် တင်းပုတ်ကြီးကို ကိုင်ဆောင်နိုင်သည့် ကြမ်းတမ်းသော သူရဲကောင်းတစ်ဦးဖြစ်သည်။ ကျန်းလျောင်မှာ သိုင်းပညာ ကျွမ်းကျင်သော်လည်း ခွန်အားသက်သက်အရဆိုလျှင် ဝူမင်၏ ပြိုင်ဘက် လုံးဝမဟုတ်ပေ။ ထို့ကြောင့် ကျန်းလျောင်က ခွန်အားကို အကြိမ်ကြိမ် ထုတ်သုံးလိုက်သဖြင့် သူ၏ မျက်နှာမှာ ပြုတ်ထားသော ပုစွန်တစ်ကောင်ကဲ့သို့ နီရဲသွားသော်လည်း ဝူမင့်လက်ထဲမှ လှံရှည်ကို မယူနိုင်သေးသည်ကို ဟဲရှန့် တွေ့လိုက်ရသည်။

ကံကောင်းစွာဖြင့် ကျန်းလျောင်မှာ ဒေါသထွက်၍ အရှက်ရလာကာ လှံကို ဆွဲလုရန် လက်နှစ်ဖက်စလုံးကို ဆန့်ထုတ်တော့မည့်ဆဲဆဲတွင် အမည်မဲ့သူရဲကောင်းက လှံကို ကိုင်ထားသည့် လက်ကို အလိုက်သိစွာ လွှတ်ပေးလိုက်သဖြင့် ကျန်းလျောင်မှာ လူပုံအလယ်တွင် အရှက်ကွဲမည့်ဘေးမှ လွတ်ကင်းသွားခဲ့၏။

ထိုအခါမှသာ ဟဲရှန့်က သူ၏ စိတ်ထဲ၌ အေးစက်သော်လည်း ယခုအခါတွင် ပျော်ရွှင်ဖွယ်ကောင်းသော အသိပေးသံကို ရှင်းလင်းစွာ ကြားလိုက်ရသည်။

“ဟန်မင်းဆက်နှောင်းပိုင်းနှင့် သုံးပြည်ထောင်ခေတ်၏ အရေးပါသော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည့် ကျန်းလျောင်၏ အသိအမှတ်ပြုမှုကို ရရှိခဲ့သည်။ ဂုဏ်သတင်းအမှတ် ၁၀၀ တိုးလာသည်။ စုစုပေါင်း ဂုဏ်သတင်းအမှတ် -၂၂၄၇”

ထို့ကြောင့် ယခုအခါ ဟဲရှန့်က ကျန်းလျောင်ကို နက်ရှိုင်းစွာ အရိုအသေပေးလိုက်ပြီး ပြောလိုက်သည်။

“ တည်ကြည်လေးနက်မှုမရှိတဲ့ လူရှစ်ယောက်ကို ကွပ်မျက်စေခဲ့မိတာက ငါရဲ့အပြစ်ပါ..."

စစ်သည်ရှစ်ဦး သေဆုံးသွားခြင်းက ဟဲရှန့်နှင့် ကျန်းလျောင်တို့ကြားရှိ အတားအဆီးတစ်ခု ဖြစ်နေသည်မှာ သံသယဖြစ်ဖွယ်မရှိပေ။ ဟဲရှန့် အနေဖြင့် တိတ်ဆိတ်စွာ နေရန် ရွေးချယ်နိုင်သည်မှာ သေချာသော်လည်း ဤကိစ္စကို ကျန်းလျောင်နှင့် စောစီးစွာ ရှင်းလင်းမထားပါက သူတို့ နှစ်ဦးစလုံး တစ်ယောက်ကိုတစ်ယောက် အမှန်တကယ် ပွင့်လင်းနိုင်မည် မဟုတ်ကြောင်းကို ပို၍ပင် ကောင်းကောင်း သိထား၏။

“လက်ထောက်စစ်ရေးတပ်မှူးက လေးနက်လွန်းနေပါပြီ... ယနေ့ လက်ထောက်စစ်ရေးတပ်မှူးသာ ဝင်မပါခဲ့ရင် ဒီထက်ပိုကြီးတဲ့ ဘေးဒုက္ခတစ်ခု ဖြစ်လာနိုင်တယ်... ကျုပ်က အကြောင်းအကျိုး မသိတတ်တဲ့လူ မဟုတ်ပါဘူး...လက်ထောက်စစ်ရေးတပ်မှူးရဲ့ ကြီးမားတဲ့ ကျေးဇူးကို ကျုပ် ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး..."

ဤအခိုက်တွင် သူ၏ မာနကို ချိုးနှိမ်ထားပြီးဖြစ်သဖြင့် ကျန်းလျောင်၏ စကားများ၌ စိတ်ရင်းမှန်များ အတိုင်းအတာတစ်ခုအထိ ပါဝင်နေသည်။

သို့သော်လည်း ဟဲရှန့်က စိတ်ပျက်စွာဖြင့် ခေါင်းကို အနည်းငယ် ခါယမ်းလိုက်မိ၏။ ဟဲရှန့်က ပမ်းပြည်နယ် စစ်သည်များကို ကြီးမားသော ဘေးဒုက္ခမဖြစ်စေရန် တားဆီးပေးခဲ့သောကြောင့် ဟဲရှန့်၏ ကျေးဇူးကို မှတ်သားထားမည်ဟု ကျန်းလျောင်က ပြောခဲ့ခြင်းဖြစ်သည်။ ဤစကားကို ကြည့်ခြင်းအားဖြင့် ကျန်းလျောင်၏ နှလုံးသားထဲတွင် သာမန် အရပ်သားများ၏ အသက်ကို ဦးစားမပေးသေးကြောင်း ရှင်းလင်းနေသည်။

သို့သော်လည်း ခေတ်ကာလ၏ ယေဘုယျ ပတ်ဝန်းကျင် အခြေအနေများအရ ဟဲရှန့်အနေဖြင့် များစွာ တောင်းဆို၍ မရနိုင်ပေ။ ထို့အပြင် ဤသည်က သူတို့၏ ပထမဆုံးအကြိမ် တွေ့ဆုံခြင်းဖြစ်သည်။ ရင်းနှီးမှုမရှိသေးဘဲ နက်နက်ရှိုင်းရှိုင်း ပြောဆိုခြင်းက ဆန့်ကျင်ဘက် အကျိုးသက်ရောက်မှုများကိုသာ ဖြစ်စေလိမ့်မည်။

ဤအကြောင်းများကို တွေးတောနေစဉ် သူ၏ စိတ်ထဲရှိ စနစ်က ဝူမင်၏ ထွက်ပေါ်လာချိန် ကုန်ဆုံးသွားပြီဖြစ်ကြောင်း ရုတ်တရက် သတိပေးလာ၏။ ဟဲရှန့်မှာ လက်မလွှတ်ချင်သကဲ့သို့ ခံစားလိုက်ရသည်။ သူ မော့ကြည့်လိုက်သောအခါ ဝူမင်၏ နှမြောတသဖြစ်နေသော အကြည့်ကို အမှန်တကယ် မြင်လိုက်ရသည်။ ရှင်းလင်းစွာပင် ဤတစ်ကြိမ် ဟဲရှန့်၏ စွမ်းဆောင်ရည်က သူ့ကို ကူညီရန် ဝူမင်၏ ယုံကြည်ချက်ကို ပို၍ ခိုင်မာသွားစေခဲ့ပြီ ဖြစ်သည်။

ကံမကောင်းစွာဖြင့် အချိန် မကျသေးပေ။ ဟဲရှန့်က ဝူမင်ကို သူ့အနားသို့ အမြဲတမ်း ဆင့်ခေါ်ရန်အတွက် ကျသင့်မည့် တန်ဖိုးကို ကြည့်ထားသည်မှာ ကြာပြီဖြစ်သည်။

အင်း... အလွန်ဈေးကြီးပြီး ဂုဏ်သတင်းအမှတ် ငါးသောင်းပင်ဖြစ်၏။

"သခင်လေး... ဒီနေရာမှ ကိစ္စကပြီးသွားပြီဆိုတော့ ဝူမင့်ကို သွားခွင့်ပြုပါဦး.."

ဝူမင်က မထွက်ခွာမီ ဟဲရှန့်ကို နက်ရှိုင်းစွာ အရိုအသေပေးလိုက်ပြီး သူ၏ သံကြိုးတပ် တင်းပုတ်ကြီးကို ဆွဲ၍ ထွက်သွားတော့သည်။ သူက သာမန်အရပ်သားများအနားမှ ဖြတ်သွားသောအခါ သူတို့က အလိုအလျောက် လမ်းဖယ်ပေးကြပြီး သူ့ကို နက်ရှိုင်းစွာ အရိုအသေပေးကြ၏။

သဘာဝကျစွာပင် ဟဲရှန့်ကလည်း ထိုအတိုင်းပင် ပြုလုပ်၍ ကျယ်လောင်စွာ အော်ပြောလိုက်သည်။

"တောင်တွေကမြင့်ပြီး မြစ်တွေက ရှည်လျားပေမဲ့ ကျွန်တော်တို့ သေချာပေါက် ပြန်တွေ့ကြဦးမှာပါ..."

"သခင်လေးမှာ အမိန့်ပေးစရာများရှိခဲ့ရင် ဝူမင်က အသက်ပေးပြီး ကူညီပေးပါ့မယ်..."

လူအုပ်ထဲမှနေ၍ ဝူမင်က လက်နှစ်ဖက်ကို ယှက်ကာ ဟဲရှန့်ကို ထပ်မံ အရိုအသေပေးလိုက်ပြီးနောက် အားရပါးရ ရယ်မော၍ ထွက်ခွာသွားတော့၏။

"တကယ့်ကို ခေတ်အဆက်ဆက် ပြိုင်ဘက်ကင်းတဲ့ ဖြောင့်မတ်တဲ့ သူရဲကောင်းပဲ..."

ဟဲရှန့်နှင့် ဝူမင်တို့ကြားရှိ ဆက်ဆံရေးအပေါ် ပို၍ ဇဝေဇဝါ ဖြစ်လာသော်လည်း ဤသည်က ဝူမင်အတွက် ကျန်းလျောင်၏ စိတ်ရင်းမှန်ဖြင့် ချီးကျူးမှုကိုမူ မတားဆီးနိုင်ခဲ့ပေ။

ဝူမင်က ဟဲရှန့်အပေါ် နာခံမှုရှိသည်ကို ကြည့်၍ ကျန်းလျောင်က ဝူမင်မှာ ဟဲရှန့်၏ အစေခံဖြစ်မည်ဟု အစပိုင်းတွင် ထင်ခဲ့မိသည်။ ဤအခြေအနေက ဤမျှ ပြိုင်ဘက်ကင်းသော စစ်သူကြီးတစ်ဦးမှာ သူ၏အဆင့်အတန်းကြောင့် ဖုံးကွယ်ခံထားရသည့်အတွက် ကျန်းလျောင်ကို နှမြောတသ ဖြစ်စေခဲ့သည်။ သို့သော်လည်း နောက်ပိုင်းတွင် ဝူမင်က လွတ်လပ်စွာ ဝင်ထွက်သွားလာခြင်းက ထိုနှစ်ဦးကြားရှိ ဆက်ဆံရေးမှာ ထိုမျှ မရိုးရှင်းကြောင်း ကျန်းလျောင်ကို သဘောပေါက်သွားစေခဲ့၏။

ကျန်းလျောင်က အလွန်မာနကြီးသူဖြစ်ရာ ဝူမင်ကဲ့သို့ လူမျိုးတွင်လည်း ကိုယ်ပိုင်မာန ရှိမည်ဖြစ်ကြောင်း သဘာဝကျကျပင် သိထားသည်။ သို့သော်လည်း ဟဲရှန့်က ဤကဲ့သို့ ဖြောင့်မတ်သော သူရဲကောင်းတစ်ဦးကို ချိုးနှိမ်ထားနိုင်ခြင်းက ဟဲရှန့်တွင် ဝူမင်၏ လေးစားမှုကို ရရှိစေနိုင်သော အထူးခြားဆုံး အရည်အချင်းအချို့ ပိုင်ဆိုင်ထားကြောင်း သက်သေပြနေသည်။

ထို့အပြင် ဟဲရှန့်သည် လျန့်ပြည်နယ်နှင့် ပမ်းပြည်နယ်တို့မှ ရန်သူများသဖွယ် ဖြစ်နေသော စစ်သည်များကြားရှိ ပဋိပက္ခကို အမှန်တကယ် တားဆီးနိုင်ခဲ့ကြောင်းကို ပြန်လည်အမှတ်ရလိုက်ခြင်းက ဟဲရှန့်မှာ ရည်မှန်းချက်ကြီးသော်လည်း အရည်အချင်းမရှိသည့် အပြင်ပန်းတွင် ကြမ်းတမ်းပြီး အတွင်းစိတ်၌ ကြောက်ရွံ့တတ်သော သူကောင်းမျိုးနွယ်ဝင် သခင်လေးများထဲမှ တစ်ဦးမဟုတ်ကြောင်းကို ပို၍ သက်သေပြလိုက်၏။ ရလဒ်အနေဖြင့် ဤအတွေး ဝင်လာသည်နှင့်တစ်ပြိုင်နက် ကျန်းလျောင်မှာ ဟဲရှန့်နှင့် မိတ်ဆွေဖွဲ့လိုသော ဆန္ဒကို မထိန်းချုပ်နိုင်တော့ပေ။

“လက်ထောက်စစ်ရေးတပ်မှူး... ဘယ်ကို သွားဖို့ ရည်ရွယ်ထားပါသလဲ..."

တဖြည်းဖြည်း ပျောက်ကွယ်သွားသော ဝူမင်ထံမှ အကြည့်ကို လွှဲလိုက်ပြီး ကျန်းလျောင်က ဟဲရှန့်ကို ထပ်မံ ပြောလိုက်၏။ ယခုတစ်ကြိမ်တွင်မူ သူ၏ စကားများက သဘာဝကျသော စိတ်ရင်းမှန်များ ပါဝင်နေသည်။

"စစ်ခုံးရဲ့အမိန့်အရ တပ်တွေကို ကြီးကြပ်ဖို့ အနောက်ဘက်ဥယျာဉ်ထဲကို ဝင်ရမှာပါ..."

ဟဲရှန့်တွင် ဤအရာကို ဖုံးကွယ်ထားရန် အကြောင်းပြချက်မရှိပေ။ သို့သော်လည်း သူ စကားပြောပြီးသည်နှင့် သူ၏ အကြည့်က ကျန်းလျောင်၏ အနောက်ဘက်တွင် ရှိနေသော လူတစ်ယောက်ထံသို့ ရုတ်တရက် ကျရောက်သွား၏။

ထိုလူငယ်လေးမှာ ရိုးရိုးရှင်းရှင်း ဝတ်ဆင်ထားသော်လည်း သူ၏ အတွင်းစိတ် တောက်ပမှုများကို ထိန်းချုပ်ထားနိုင်ပြီး သာမန်ပုဂ္ဂိုလ်တစ်ဦး မဟုတ်ကြောင်း ရှင်းလင်းနေသည်။ သူက အမှတ်အသားတစ်ခုကို ကိုင်ဆောင်၍ ချဉ်းကပ်လာပြီး ကျန်းလျောင်၏ နောက်တွင်ရှိသော ပမ်းပြည်နယ် စစ်သည်များက သူ့ကို မတားဆီးကြချေ။ ထို့အစား သူတို့၏ မျက်လုံးများထဲတွင် သူ့အပေါ် ရိုသေလေးစားမှု အရိပ်အယောင်များကိုပင် တွေ့ရသေး၏။

ဟဲရှန့်ထံသို့ ရောက်လာသောအခါ ထိုလူငယ်လေးက အလိုက်သိစွာ အရိုအသေပေး၍ ပြောလိုက်သည်။

"သခင်လေးဟဲ... ကျွန်တော်က ဖျင်ကျင်းခံတပ်မှူးရဲ့သား ကျားကျီပါ... အဖေက သခင်လေးဆီကို သတင်းစကားပါးဖို့ ကျွန်တော့်ကို စေလွှတ်လိုက်တာပါ..."

ဖျင်ကျင်းခံတပ်မှူးဆိုသည်မှာ ကျားရှ၏ တရားဝင်ရာထူးဖြစ်ကြောင်းကို ဟဲရှန့်က သေချာပေါက် သိထား၏။ သို့သော် ကျားရှက မြို့ရိုးပေါ်မှနေ၍ သူ့ကို အချိန်အတော်ကြာ စောင့်ကြည့်နေခဲ့ပြီးနောက် အဘယ်ကြောင့် ကူညီခြင်း သို့မဟုတ် မှတ်ချက်ပေးခြင်းမရှိဘဲ ဤအချိန်ကျမှ နောက်ကျနေသော အကြံဉာဏ်များကိုပေးရန် ရွေးချယ်ခဲ့သနည်း ဆိုသည်ကိုမူ သူ မသိပေ။

သို့သော်လည်း ကျားရှ၏ ကြောက်မက်ဖွယ်ကောင်းသော ဂုဏ်သတင်းကြောင့် ဟဲရှန့်၏ အမူအရာက ဘာမှမသိသော စစ်သည်များထက်ပင် ပို၍ ရိုသေလေးစားမှုရှိနေ၏။ သူက ဦးညွှတ်၍ ပြောလိုက်သည်။

"သခင်လေးကျားရဲ့ ညွှန်ကြားချက်ကို ရိုသေစွာ တောင်းခံပါတယ်..."

"ကိစ္စကြီးကြီးမားမားတော့ မဟုတ်ပါဘူး..."

သူ၏ စံပြပုဂ္ဂိုလ်က သူ့ကို ဦးညွှတ်နေသည်ကို မြင်သောအခါ ကျားကျီမှာ အလွန်ဝမ်းသာသွားပြီး ပျော်ရွှင်မှုများ ပေါက်ကွဲထွက်လာတော့မတတ် ခံစားလိုက်ရသည်။

"တကယ်တော့ အဖေက ကျွန်တော့်ကို လွှတ်လိုက်တာ မဟုတ်ပါဘူး... သခင်လေးကို သတင်းလာပေးဖို့ အဖေ့ရဲ့ အမှတ်အသားပြားကို ကျွန်တော် ခိုးယူလာခဲ့တာပါ... မြို့ရိုးပေါ်ကနေ ကြည့်လိုက်တော့ စစ်လီအုပ်ချုပ်ရေးမှူးက သူ့လူတွေနဲ့အတူ ရောက်လာတော့မှာကို တွေ့လိုက်ရလို့ပါ..."

"စစ်လီအုပ်ချုပ်ရေးမှူး.. ဟိုလိပ်မသား ယွမ်ရှောက်လား..."

(စစ်လီအုပ်ချုပ်ရေးမှူး- မြို့တော်ဝန်ကြီးချုပ်(သို့မဟုတ်) အဂတိတိုက်ဖျက်ရေးမှူးလို့ ခေါ်ပြီး အလွန်အာဏာပြင်းပါတယ်)

ဟဲရှန့်မှာ အံ့အားသင့်သွားပြီး တစ်စုံတစ်ခုကို ချက်ချင်း သဘောပေါက်သွား၏။

"ဟုတ်တယ်... အဲ့ဟန်ဆောင်ကောင်းတဲ့ ခွေးကောင်ပဲ... ဒါကြောင့် သခင်လေးဟဲ အနေနဲ့ အခု..."

ဟဲရှန့်က အမှန်တကယ်ပင် ယွမ်ရှောက်ကို အထင်အမြင်သေးကြောင်း ကြားလိုက်ရသဖြင့် ကျားကျီမှာ စိတ်သဘောထားချင်း တိုက်ဆိုင်သူတစ်ဦးကို တွေ့လိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး အားရပါးရ ရယ်မောလိုက်၏။

"ဟုတ်ပြီ... လေတိုက်လာပြီဆိုတော့ ကိုယ့်ကိုယ်ကိုယ်ရှောင်ဖို့ အချိန်တန်ပြီပဲ..."

ဤကျားကျီလေးမှာ တော်တော် စိတ်ဝင်စားစရာကောင်းသည်ကို တွေ့ရသဖြင့် ဟဲရှန့်က မြည်းပေါ်သို့ တက်လိုက်ပြီး အလျင်စလို ဖြစ်နေသော်လည်း ကျားကျီကို မျက်စိတစ်ဖက်မှိတ်ပြရန် မမေ့ခဲ့ပေ။

"သခင်လေးကျား... ခံတပ်မှူးကျားက မင်း သူ့ရဲ့ခါးဆွဲအမှတ်အသားပြားကို ခိုးယူသွားတာကို သတိမထားမိဘဲ ခွင့်ပြုလိုက်မယ်လို့ တကယ်ထင်နေတာလား... ဒီတစ်ကြိမ်တော့ သူက မင်းကို သတင်းလာပေးဖို့ တိတ်တဆိတ် ခွင့်ပြုပေးခဲ့ပေမဲ့ သူက ကျွန်တော်နဲ့ မရင်းနှီးဘူးဆိုတာကို ပြသဖို့အတွက် မင်း အိမ်ပြန်ရောက်ရင် ပြစ်ဒဏ်တစ်ခုခုကို သေချာပေါက် ရင်ဆိုင်ရလိမ့်မယ်..."

ဤစကားကို ကြားသောအခါ ကျေနပ်နေသော ကျားကျီ၏ အပြုံးက အေးခဲသွားပြီး နောင်တရမှုများ ပြည့်နှက်သွား၏။

"တကယ်ပဲ အဖေ့ရဲ့ အကွက်ထဲကို ထပ်ရောက်သွားပြန်ပြီ... ဒီတစ်ကြိမ်တော့ ကျွန်တော် အိမ်ထဲမှာပဲနေပြီး ကိုယ့်အမှားကို ပြန်သုံးသပ်ဖို့ အပြစ်ပေးခံရတော့မှာ သေချာတယ်..."

ထို့ကြောင့် ဟဲရှန့်က သူ၏မြည်းကို စီး၍ အနောက်ဘက်သို့ အမြန်ထွက်ခွာသွား၏။ ကျားကျီကမူ သူ့ဝတ်ရုံကို မ၍ အရှေ့ဘက်သို့ ပြေးသွားတော့သည်။

ဘေးတွင် ကျန်ရစ်ခဲ့သော ကျန်းလျောင်မှာ ဤမြင်ကွင်းကို ကြည့်ပြီး ပြုံးလိုက်မိသည်။ သူ၏ အနောက်တွင်ရှိသော စစ်သည်များကို ညွှန်ကြားချက်များ ပေးပြီးနောက် သူက ဟဲရှန့်ကို ကျယ်လောင်စွာ လှမ်းခေါ်လိုက်၏။

"သခင်လေး... ကျွန်တော်လည်း သတင်းပို့ဖို့ အနောက်ဘက်ဥယျာဉ်ကို သွားရမှာပါ... အတူတူ သွားကြမလား..."

All Chapters