အခန်း (၂၉-၃၀)
Vol. 3 Ch. 29-30
အခန်း (၂၉) ကိုယ်ရံတော်ဖန်ခွိုက် သူ့သခင်ကို ကာကွယ်ရန် ရောက်ရှိလာပြီ
"ကောင်လေး... မင်း သေချင်နေတာပဲ..."
ဟဲရှန့်က လုံးဝ ကြောက်ရွံ့မှုကင်းမဲ့စွာ ပြောဆိုနေသည်ကို ကြားသောအခါ ကျန်းကျန့်၏ သတ်ဖြတ်လိုစိတ်က ချက်ချင်းပင် ထွက်ပေါ်လာ၏။ သူက ဓားကို မြှောက်ကာ ဟဲရှန့်ကို ခုတ်ပိုင်းရန် ပြင်လိုက်သည်။
"ရပ်လိုက်စမ်း..."
"ရပ်လိုက်စမ်း..."
"ရပ်လိုက်စမ်း..."
ကွဲပြားသော အသံသုံးသံက ပင်မစစ်တဲကြီးအတွင်း အရေးတကြီး ထွက်ပေါ်လာခဲ့သည်။ ထိုအထဲမှ နှစ်သံမှာ သဘာဝကျစွာပင် ဝူခွမ်းနှင့် ဝူတန်တို့၏ အသံများဖြစ်၏။ မည်သို့ပင်ဆိုစေကာမူ သူတို့က ဟဲကျင်း၏ လက်အောက်ငယ်သားဟောင်းများ ဖြစ်ကြသည်။ အကယ်၍ ဟဲရှန့်သာ ဤနေရာတွင် သေဆုံးသွားပါက သူတို့၏ ဂုဏ်သတင်း။ မဟုတ်ဘူး... ဤလူနှစ်ယောက်တွင် ဂုဏ်သတင်းဆိုတာ မရှိတော့ပေ။ သို့ပေမဲ့ လူတစ်ယောက် အသက်ရှင်နေသမျှ ကာလပတ်လုံး မျက်နှာပန်းလှဖို့တော့ လိုသေးသည်။
သူတို့၏ သခင်ဟောင်း၏ သားကို လုပ်ကြံသတ်ဖြတ်ခဲ့သည်ဟူသော သတင်းသာ ထွက်ပေါ်သွားပါက သူတို့ လောယန်မြို့တွင် သွားလာလှုပ်ရှားရန် မဖြစ်နိုင်လောက်အောင် မဟုတ်သော်လည်း သူတို့သည် ကျိန်းသေပေါက် အထင်သေးခံရပေလိမ့်မည်။ ထို့ကြောင့်မဟုတ်လျှင် လွီပုသည် ကမ္ဘာပေါ်တွင် အကြီးကျယ်ဆုံး စစ်သည်တော် ဖြစ်သော်လည်း အဘယ်ကြောင့် ဤမျှ နာမည်ဆိုးဖြင့် ကျော်ကြားပြီး လျန်ပြည်နယ်နှင့် စစ်လီပြည်နယ်အုပ်စုများရှိ လူတိုင်း၏ အထင်သေးခြင်းကို ခံရမည်နည်း။ အားလုံးက တုံကျိုးထံ ဘက်ပြောင်းသွားချိန်တွင် သူက တင်းယွမ်ကို တစ်ချက်တည်းဖြင့် သတ်ဖြတ်ခဲ့သောကြောင့် ဖြစ်၏။
ထို့အပြင် လွီပုက တုံကျိုးထံ ဘက်ပြောင်းသွားချိန်တွင် အနည်းဆုံးတော့ တရားမျှတမှုဟူသော ခေါင်းစဉ်ကို တပ်နိုင်ခဲ့သည်။ လောယန်မြို့ရှိ ကမောက်ကမဖြစ်မှုများကို ကမ္ဘာကြီးက မည်သို့ပင် အကဲဖြတ်ပါစေ၊ ထိုအချိန်က တုံကျိုးသည် ဧကရာဇ်ကို ထိန်းချုပ်ထားသော သြဇာအာဏာကြီးမားသည့် အရာရှိတစ်ဦး ဖြစ်ပြီး တင်းယွမ်က တုံကျိုးကို ဆန့်ကျင်ခြင်းမှာ ပုန်ကန်မှုအဖြစ် သတ်မှတ်ခံရ၏။ သို့တိုင်အောင် လောယန်မြို့ရှိ လွီပု၏ ဂုဏ်သတင်းမှာ အောက်ဆုံးအထိ ကျဆင်းနေပြီ ဖြစ်သည်။
ကျန်းကျန့်၊ ဝူတန်နှင့် ဝူခွမ်းတို့အတွက်မူ အကယ်၍ သူတို့က ဟဲရှန့်ကို သတ်လိုက်ပါက သူတို့၏ လုပ်ရပ်က လွီပုထက် အဆတစ်ရာ ပိုဆိုးသွားပေလိမ့်မည်။
ဟဲကျင်းနှင့် ပတ်သက်၍ အခြားမည်သို့ပင် ပြောဆိုကြစေကာမူ အများဆုံးအနေဖြင့် သူက ပါရမီနှင့် ဉာဏ်ပညာ ကင်းမဲ့ခဲ့သော်လည်း အမှန်တကယ် မှားယွင်းသည့် အရာတစ်ခုမျှ မလုပ်ခဲ့ချေ။ ယခုအခါ ဟဲမိသားစု ပျက်စီးသွားပြီဖြစ်ရာ အကယ်၍ သူတို့သုံးဦးက အမှန်တကယ် လက်ဆော့လိုက်ပါက သစ္စာဖောက်ပြီး တရားမျှတမှုကင်းမဲ့ရုံသာမက အားနည်းပြီး မိဘမဲ့နေသူကို အနိုင်ကျင့်သည့် လုပ်ရပ်တစ်ခုလည်း ဖြစ်သွားပေလိမ့်မည်။ သူတို့သည် လောယန်မြို့ရှိ သာမန်ပြည်သူများ၏ တံတွေးခွက်ထဲတွင် ကျိန်းသေပေါက် ရေနစ်သေသွားကြပေမည်။ သူတို့၏ ကွပ်ကဲမှုအောက်ရှိ စစ်သားများကလည်း အထီးကျန်ဆန်လာပြီး အမြဲတမ်း တပ်ပြေးမှုများ ဖြစ်ပေါ်လာပေလိမ့်မည်။
ထို့ကြောင့် ကျန်းကျန့်နှင့် ဝူတန်တို့က ဟဲရှန့်၏ ကွပ်ကဲမှုအောက်ရှိ စစ်သား နှစ်ထောင်ငါးရာကို အလွန် လိုချင်မက်မောနေကြသော်လည်း သူတို့က ဤစားတော်ပွဲကို စီစဉ်ခဲ့ပြီး နှပ်ကြောင်းပေးခြင်းနှင့် ခြိမ်းခြောက်ခြင်းတည်းဟူသော မုန်လာဥနီနှင့် တုတ်တံရောနှောသည့် နည်းလမ်းကို အသုံးပြုကာ သူတို့၏ ရည်မှန်းချက်များကို နှိုင်းယှဉ်ချက်အရ ငြိမ်းချမ်းသော နည်းလမ်းများဖြင့် အောင်မြင်ရန် မျှော်လင့်ခဲ့ကြသည်။
ထို့ကြောင့်ပင် ကျန်းကျန့် စိတ်လွတ်သွားသည့် အခိုက်အတန့်တွင် သူတို့က သူ့ကို တားဆီးရန် ပြင်းထန်စွာ အော်ဟစ်ခဲ့ကြခြင်း ဖြစ်၏။
သို့သော်လည်း တတိယမြောက်အသံမှာ အနည်းငယ် ရုတ်တရက်ဆန်ပြီး အနေရခက်နေသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းမှာ ဟဲရှန့် အော်ဟစ်လိုက်သော အသံဖြစ်နေသောကြောင့်ဖြစ်၏...
ဒါပေမဲ့ ဟဲရှန့်လည်း အမှားမလုပ်ခဲ့ဘူးလို့ ခံစားနေရတယ်...
မည်သို့ပင်ဆိုစေကာမူ သူသည် ဤကမောက်ကမဖြစ်နေသော ကမ္ဘာကြီးသို့ အခြားကမ္ဘာတစ်ခုမှ ရောက်ရှိလာခါစသာ ရှိသေး၏။ လူနှစ်ယောက်ကို သတ်ခဲ့ဖူးသော်လည်း ၎င်းက သေခြင်းတရားကို မကြောက်ရွံ့သော သံမဏိနှလုံးသားတစ်ခု တည်ဆောက်ရန် မလုံလောက်သေးချေ။ ထို့အပြင် ကျန်းကျန့်ကဲ့သို့ ကြမ်းတမ်းသော လူတစ်ယောက်က ဒေါသထွက်သွားချိန်တွင် လုံးဝ မဆင်မခြင် ဖြစ်သွားနိုင်ပြီး ဟဲရှန့်က ဤရွှံ့ဗွက်အိုင်ငယ်လေးထဲတွင် သူ၏ လှေကို အမှန်တကယ် မမှောက်ခံချင်ပေ။
သို့သော် သူ ဤကဲ့သို့ အော်ဟစ်လိုက်ပြီးနောက် စားတော်ပွဲတစ်လျှောက်လုံး သူ ထိန်းသိမ်းထားခဲ့သော တည်ငြိမ်အေးဆေးပြီး မညွတ်တွားသည့် ပုံရိပ်မှာ အင်း ချက်ချင်း ပြိုကျသွားလေတော့သည်။
ထို့ကြောင့် ကျန်းကျန့်၏ လက်ထဲရှိ ဓားမှာ ရုတ်တရက် လားရာပြောင်းသွားပြီး ဟဲရှန့်၏ မျက်နှာကို ပွတ်ကာ ဖြတ်သွားခဲ့၏။ ဓားကို အိမ်ထဲသို့ ပြန်ထည့်ပြီးနောက် သူနှင့် ဝူတန် နှစ်ဦးစလုံး ကျေနပ်သော အပြုံးများကို ဖော်ပြလိုက်ကြသည်။ ဘေးတွင် ရပ်နေသော ဝူခွမ်းပင်လျှင် စိတ်ပျက်စွာ ခေါင်းမရမ်းဘဲ မနေနိုင်တော့ချေ။ သူလို ခွကျကျ နေတတ်တဲ့သူက ဘာအခွင့်အရေးရှိလို့ စိတ်ပျက်နေတာလဲ မသိဘူး...
သို့သော် မည်သို့ပင်ဖြစ်စေကာမူ ဟဲရှန့်၏ တည်ငြိမ်မှုမှာ ပျက်စီးသွားခဲ့ပြီး စစ်တဲအတွင်းရှိ လေထုက အရင်လို အခြေအနေသို့ ချက်ချင်း ပြန်ရောက်သွား၏။ ကျန်းကျန့်နှင့် ဝူတန်တို့က နောက်တစ်ကြိမ် လွှမ်းမိုးချုပ်ကိုင်လာကြပြီး ဟဲရှန့်မှာ အခြေအနေကို ပြောင်းပြန်လှန်ရန် နောက်ထပ် အခွင့်အရေးတစ်ခုကိုသာ ရှာဖွေနိုင်တော့သည်။
"ဦးလေးတို့... ကျွန်တော့်ကို သတ်လိုက်ရင် ဖြစ်လာမယ့် နောက်ဆက်တွဲ ပြဿနာတွေကို မစဉ်းစားထားဘူးလား..."
ဟဲရှန့်က ဒေါသကို အခက်အခဲကြီးစွာ မျိုချလိုက်ပြီး မိမိကိုယ်ကိုယ် အနည်းငယ် ဝေဖန်မိနေ၏။ သူ၏ လေသံပင်လျှင် အနည်းငယ် ကြွားလုံးထုတ်သော်လည်း အားနည်းနေပုံ ပေါက်နေသည်။
ကျန်းကျန့်နှင့် ဝူတန်တို့က သူ့ကို မထီမဲ့မြင် ကြည့်လိုက်ပြီး မေးခွန်းကို ဖြေရန်ပင် စိတ်ကူးမရှိကြချေ။
သို့သော် ဤအချိန်တွင် ဟဲရှန့်က စတင်ပြုံးလိုက်၏။
"ဦးလေးတို့... ကျွန်တော်က ဂုဏ်သတင်းအကြောင်းပဲ ပြောနေတာလို့တော့ မထင်လိုက်ပါနဲ့နော်... တန်ဖိုးမရှိတဲ့ ဂုဏ်သတင်းလေးတစ်ခုအတွက် ကျွန်တော့် အသက်နဲ့ လဲဖို့... ကျွန်တော် ရှန့်က အဲဒီလောက် မိုက်မဲတဲ့ ကိစ္စမျိုးအတွက် အသက်ကုန်ခံဖို့ ပျင်းလွန်းတယ်..."
"ဒါဆို မင်း ဘာပြောချင်တာလဲ..."
သူ့ကိုယ်သူ ဉာဏ်ကောင်းသည်ဟု ယူဆထားသော ဝူတန်က ဟဲရှန့်၏ မြှူဆွယ်မှုကို ခံလိုက်ရပြီးနောက် ဝင်မပြောဘဲ မနေနိုင်တော့ချေ။
"ဦးလေးဝူ မစဉ်းစားဖူးဘူးလား... ကွယ်လွန်သွားတဲ့ ကျွန်တော့်ဖခင်လည်း မရှိတော့ဘူး... ပြီးတော့ ဟဲမိသားစုကလည်း ပျက်စီးယိုယွင်းနေပြီ... ဒါဆို ဘာလို့ စစ်ခုံးက ကျွန်တော့်ကို တစ်ကြိမ်ပဲ ဆင့်ခေါ်ပြီး အမြစ်ပြတ် မချေမှုန်းတဲ့အပြင် ဤတပ်မှူးဆိုတဲ့ ရာထူးမြင့်ကြီးကိုတောင် ဘာလို့ ပေးရတာလဲ..."
ငါးလေးက ငါးစာကို ဟပ်သွားသည်ကို မြင်သောအခါ ဟဲရှန့်၏ ယုံကြည်မှုက ပြန်လည်ရောက်ရှိလာ၏။ သူက ခဏရပ်လိုက်ပြီး ထပ်ပြောလိုက်သည်။
"ဒါ့အပြင်... ကျွန်တော်က ဗိုလ်ချုပ်တုံကို မဆင်မခြင် ရိုက်နှက်ခဲ့တယ်ဆိုတာကို စစ်ခုံး သိသွားပြီးနောက်မှ ဒီလိုလုပ်ခဲ့တာနော်..."
"ဟူး..."
ဝူတန်မှာ မှင်တက်သွား၏။ သူက လက်နှစ်ချောင်းဖြင့် သူ၏ နှုတ်ခမ်းမွေးကို မပွတ်သပ်ဘဲ မနေနိုင်တော့ဘဲ မျက်မှောင်ကြုတ်ကာ နက်နက်ရှိုင်းရှိုင်း တွေးတောနေမိသည်။ ကံမကောင်းစွာဖြင့် သေးသိမ်သော ဉာဏ်ရည်သာရှိသည့် သူကဲ့သို့သော လူမျိုးသည် ဟဲရှန့်ကဲ့သို့ နှစ်ပေါင်းတစ်ထောင့်ရှစ်ရာ ကျော်လွန်သော သမိုင်းဝင် အခင်းအကျင်းကြီး၏ ရှုထောင့်မှ ပြဿနာကို ဘယ်သောအခါမှ မကြည့်နိုင်ချေ။ သူ၏ အမြင်နှင့် ထိုးထွင်းသိမြင်မှုမှာ သူ၏ စိတ်ထဲရှိ မြူခိုးများကို ဖယ်ရှားရန် လုံလောက်မှု မရှိပေ။
သို့သော် ဤကိစ္စက အလွန်ထူးဆန်းပြီး ထူးခြားလွန်းကြောင်း သူ နားလည်ထား၏။ ထို့အပြင် ၎င်း၏ နောက်ကွယ်ရှိ အကြောင်းရင်းမှာ အလွန်အရေးကြီးလှသည်။ တုံကျိုးကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော နာမည်ဆိုးရှိသည့် မိစ္ဆာဘုရင်တစ်ပါးက သူ၏ တူကို ရိုက်နှက်ခဲ့သော ဟဲရှန့်အား ရာထူးတိုးပေးခဲ့ခြင်း ဖြစ်သည်။ ၎င်းက ဟဲရှန့်သည် တုံကျိုးအတွက် အသုံးဝင်သည့် တန်ဖိုးတစ်ခု ကျိန်းသေပေါက် ရှိနေကြောင်း သက်သေပြနေ၏။
အကယ်၍ သူက ဟဲရှန့်ကို မဆင်မခြင် သတ်လိုက်ပါက တုံကျိုးကကော...
၎င်းကို တွေးမိသောအခါ ဝူတန်မှာ ချက်ချင်းပင် ချမ်းစိမ့်သွားသည်။ သူက ဟဲရှန့်ကို မော့ကြည့်လိုက်သောအခါ သူ၏ အကြည့်များက ယခင်ကလောက် ရန်လိုခြင်း မရှိတော့ချေ။
သို့သော် ဟဲရှန့်တွင် မိမိကိုယ်ကိုယ် ဉာဏ်ကောင်းသည်ဟု ယူဆထားသူများကို ကိုင်တွယ်ရန် လှည့်ကွက်အချို့ ရှိသော်လည်း ကျန်းကျန့်ကဲ့သို့ ကြမ်းတမ်းပြီး ရက်စက်သော လူမျိုးအပေါ်တွင်မူ သိပ်အလုပ်မဖြစ်ပေ။
ကျန်းကျန့်သည် 'အရင်လုပ်၊ နောက်မှ စဉ်းစားပြီး စဉ်းစားပြီးမှ နောင်တရ' တတ်သည့် ပုံမှန် ငတုံးတစ်ယောက် ဖြစ်၏။ ဝူတန် က ဟဲရှန့်၏ စကားတစ်ခွန်းတည်းဖြင့် ခြိမ်းခြောက်ခံလိုက်ရသည်ကို မြင်သောအခါ သူက စိတ်အနှောင့်အယှက်ဖြစ်စွာ အော်ဟစ်လိုက်သည်။
“ကောင်းပြီ... ငါတို့ မင်းကို မသတ်လည်း ရတယ်... ဒါပေမဲ့ မင်းရဲ့ စစ်ရေးအမှတ်အသားတွေနဲ့ တရားဝင်တံဆိပ်တုံးတွေကို ငါတို့ သိမ်းလိုက်ရင် မင်း ငါတို့ကို ဘာလုပ်နိုင်မှာလဲ..."
ဝူတန်မှာ လန့်ဖြန့်သွားပြီးနောက် ရုတ်တရက် သဘောပေါက်သွား၏။
"အံ့သြစရာပဲ... ငါတို့က သူ့ရဲ့ အမှတ်အသားတွေနဲ့ တံဆိပ်တုံးတွေကို သိမ်းရုံတင်မကဘူး... အာဏာကို မိမိသဘောဆန္ဒအလျောက် စွန့်လွှတ်တယ်လို့ ဖော်ပြထားတဲ့ ထွက်ဆိုချက်တစ်ခု ရေးဖို့ပါ အတင်းအကျပ် ခိုင်းရမယ်... အဲဒီလိုဆိုရင် စစ်ခုံးဆီ ရောက်သွားရင်တောင် ငါတို့ ကြောက်စရာ မလိုတော့ဘူး..."
ဤသို့ပြောပြီးနောက် လူယုတ်မာဝူတန်က ထပ်မံ၍ မောက်မာစွာ ပြုမူလာပြန်သည်။
"ရက်စက်တဲ့ နှိပ်စက်မှုတွေကို မသုံးနဲ့... ပြင်ပ ဒဏ်ရာမကျန်ပေမယ့် သူ့ကို သေချင်စိတ်ပေါက်သွားစေမယ့် နည်းလမ်းတွေကိုသုံး... ဒီကောင်လေးက သေရမှာကို ကြောက်တယ်... သူက ဖြိုခွဲရ ခက်တဲ့ အခွံမာသီး မဟုတ်ပါဘူး..."
"အချိန်တွေ ဒီလောက် အလဟဿ ဖြုန်းနေမယ့်အစား စောစောကတည်းက အဲ့လိုလုပ်ခဲ့သင့်တာ..."
ကျန်းကျန့်က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး သူ၏ ရက်စက်သော မျက်လုံးများက ဟဲရှန့်အပေါ်သို့ ကျရောက်သွား၏။
ဤအချိန်တွင် ဟဲရှန့်က ကံကြမ္မာကို လက်ခံလိုက်သည့်အလား သူ၏ လက်များကို ဖြန့်ကားလိုက်သည်။
"မျှော်လင့်ထားတဲ့အတိုင်းပဲ... မနှစ်မြို့ဖွယ်ကောင်းတဲ့ လမ်းခွဲမှုနဲ့ပဲ အဆုံးသတ်သွားတာပဲ... ဦးလေးတို့... ခင်ဗျားတို့ ဘယ်လောက်ပဲ တုံးအပါစေ၊ စစ်သားတွေ ပိုခေါ်လာရမယ်ဆိုတာတော့ သိသားပဲ... ဒီဟုန်မန်စားတော်ပွဲကို ကိုယ်ရံတော်နှစ်ဆယ်လေးနဲ့ လာရလောက်အောင် ကျွန်တော်က အဲ့လောက် မိုက်မဲမယ်လို့ ခင်ဗျားတို့ ဘာလို့ ထင်နေရတာလဲ..."
"ဘာအဓိပ္ပာယ်လဲ..."
ကျန်းကျန့်နှင့် ဝူတန်တို့မှာ ဤကောင်လေးတွင် နောက်ထပ် အကွက်တစ်ကွက် ရှိနေမည်ဟု မမျှော်လင့်ထားသဖြင့် အလွန် အံ့အားသင့်သွားကြ၏။ သို့သော် ထို့နောက်တွင် သူတို့နှစ်ဦးစလုံး ရုတ်တရက် အံ့သြမှင်တက်သွားကြသည်။
စစ်တဲအပြင်ဘက်တွင် ခွန်အားကြီးမားသော အမျိုးသားတစ်ဦးက ရူးသွပ်နေသော ကြံ့တစ်ကောင်ကဲ့သို့ အထဲသို့ တိုးဝင်လာခဲ့သည်။ သူ ဘယ်အချိန်က ပေါ်လာသည်ဖြစ်စေ၊ စစ်တဲအပြင်ဘက်သို့ မည်သို့ ရောက်လာသည်ဖြစ်စေ မည်သူမျှ မသိကြချေ။ အစောင့်အဖြစ် တာဝန်ယူထားသော ကိုယ်ရံတော်လေးဦးက တုံ့ပြန်ပြီး သူတို့၏ ဓားများဖြင့် တားဆီးရန် ကြိုးစားခဲ့သော်လည်း စစ်သည်တော်က ကြီးမားသော ဒိုင်းလွှားကြီးဖြင့် သူတို့ကို ဝင်တိုက်လိုက်၏။ စစ်သားလေးဦးမှာ ကြံ့တစ်ကောင်၏ အမှန်တကယ် ဝင်တိုက်ခြင်းခံလိုက်ရသကဲ့သို့ စစ်တဲအတွင်းသို့ လွင့်စင်သွားကြသည်။
ထိုစစ်သည်တော်က လှောင်ချိုင့်ထဲမှ လွတ်လာသော သတ်ဖြတ်လိုသည့် ကျားတစ်ကောင်ကဲ့သို့ စားတော်ပွဲအတွင်းသို့ ခုန်ဝင်လာ၏။ လက်တစ်ဖက်တွင် ဒိုင်းလွှားတစ်ခုကို ကိုင်ဆောင်ထားပြီး အခြားလက်တစ်ဖက်တွင် သုံးပေရှည်လျားကာ ကျောပိုးထူသော အရိုးခုတ်ဓားကို ကိုင်ဆောင်ထားလျက် သူ၏ အသံက မိုးခြိမ်းသံကဲ့သို့ ထွက်ပေါ်လာသည်။
"သခင်... ကိုယ်ရံတော်ဖန်ခွိုက်က သခင်ကို ကာကွယ်ဖို့ ရောက်လာပါပြီ..."
ဤအမျိုးသား၏ ကြောက်မက်ဖွယ်ကောင်းသော အသွင်အပြင်ကို မြင်သောအခါ ဟဲရှန့်၏ စိတ်ဝိညာဉ်မှာ နောက်ဆုံးတွင် သက်သာရာရသွားပြီး သူ၏ လေသံက အနည်းငယ် နာကြည်းနေပုံပင် ပေါက်နေ၏။
"ဘာတွေ ဒီလောက်တောင် ကြာနေရတာလဲ..."
ဟုတ်ပေသည်။ ဟဲရှန့်သည် ယခုအချိန်တွင် အလွန်နာကြည်းနေ၏။
ကျန်းကျန့်က သူ့ကို ဓားဖြင့် ခုတ်ရန် ပြင်နေချိန်တွင် သူသည် အောက်ဘုံမှအစွမ်းထက်ပုဂ္ဂိုလ်များကိုဆင့်ခေါ်ခြင်းစနစ်ကို အမှန်တကယ် ဖွင့်လိုက်ခြင်း ဖြစ်သည်။ မူလက သူနှင့် ရင်းနှီးပြီးသားဖြစ်သော ဝူမင်ကို ဆင့်ခေါ်ရန် သူ စီစဉ်ထားခဲ့၏။ သို့သော် ထိုအချိန်တွင် စနစ်က သူ့ကို ကယ်တင်ရန် အသင့်တော်ဆုံး ရွေးချယ်မှုအဖြစ် အခြားသူတစ်ဦးကို အကြံပြုခဲ့သည်။
ထိုအခိုက်အတန့်တွင် 'တုံကျိုးက ငါ့ကို တန်ဖိုးထားတယ်... မဆင်မခြင် မလုပ်နဲ့' ဟူသော အစေ့ကို စိုက်ပျိုးရန် ကျန်းကျန့်နှင့် ဝူတန် တို့ကို ကိုင်တွယ်နေစဉ် ဟဲရှန့်က စနစ်က အကြံပြုထားသော ပုဂ္ဂိုလ်အတွက် ဆင့်ခေါ်ခြင်းအမှတ်များကို တစ်ချက် ကြည့်လိုက်၏။ ၅၀၀မှတ်။
၎င်းမှာ ဝူမင်ကို ဆင့်ခေါ်ခြင်းနှင့် အမှတ်ပမာဏ တူညီနေသည်။ ဟဲရှန့်က ငရဲပြည်စနစ်ကို ယုံကြည်ရန် ချက်ချင်း ဆုံးဖြတ်လိုက်၏။ မည်သို့ပင်ဆိုစေကာမူ ဝူမင်ကို အမြဲတမ်း ဒုက္ခပေးနေခြင်းက မကောင်းချေ။ ထို့အပြင် အခြားဇာတ်ကောင်များနှင့် ရင်းနှီးကျွမ်းဝင်လာခြင်းက ကောင်းမွန်သော အကြံတစ်ခုဟု ထင်ရသည်။
သို့သော် ဂုဏ်သတင်းအမှတ် ၅၀၀ ရင်းနှီးပြီးနောက် ဟဲရှန့်သည် အချိန်အတော်ကြာ စောင့်ဆိုင်းနေခဲ့သော်လည်း ထိုသူ ပေါ်မလာခဲ့ပေ။ ကံကောင်းထောက်မစွာဖြင့် အရေးကြီးသော အခိုက်အတန့်တွင် စစ်တဲအဝင်ဝကို မျက်နှာမူထားသဖြင့် သူက အပြင်ဘက်မှ ဆူညံသံများကို ပထမဆုံး မြင်လိုက်ရပြီး ကျန်းကျန့်၊ ဝူတန်နှင့် ဝူခွမ်းတို့၏ ရှေ့တွင် တည်ငြိမ်စွာ ဟန်ဆောင်နိုင်ခဲ့ခြင်း ဖြစ်၏။
ဖန်ခွိုက် အထဲသို့ တိုးဝင်လာသည်နှင့် သူက အလွန်အမင်း ဝမ်းသာမသွားဘဲ မနေနိုင်တော့ချေ။
*အဆင့်မြှင့်တင်ထားသော ငရဲပြည်စနစ်က တကယ်ကို ယုံကြည်ရတာပဲ... ဒီစားတော်ပွဲက ဟုန်မန်စားတော်ပွဲဖြစ်မှန်း သေချာနေတော့ စနစ်က ကြီးကျယ်တဲ့ ကိုယ်ရံတော်ကြီး ဖန်ခွိုက်ကို စေလွှတ်ပေးခဲ့တာပဲ... တကယ့်ကို ပြီးပြည့်စုံလွန်းတယ်…*
ထို့အပြင် သမိုင်းကို ရင်းနှီးကျွမ်းဝင်သူတိုင်း ဟုန်မန်စားတော်ပွဲတွင် ဖန်ခွိုက်၏ စွမ်းဆောင်ရည်မှာ မယုံနိုင်လောက်အောင် လွှမ်းမိုးနိုင်စွမ်းရှိပြီး ထင်ပေါ်ကျော်ကြားခဲ့ကြောင်း သိကြသည်။ တစ်ခဏတာမျှ ဟဲရှန့်မှာ သက်ပြင်းမချဘဲ မနေနိုင်တော့ချေ။
"ကြီးကျယ်ခမ်းနားတဲ့ ပြဇာတ်ကြီးရဲ့ အထွတ်အထိပ်က နောက်ဆုံးတော့ စတင်ပါပြီ..."
အခန်း (၃၀) ဖန်ခွိုက်က စည်းမျဉ်းတွေအတိုင်း ကစားမှာ မဟုတ်ဘူး
ဖန်ခွိုက်၏ ရိုက်ချခြင်းကို ခံလိုက်ရသော အစောင့်လေးဦးမှာ ပြင်းထန်သော နာကျင်မှုကို ခံစားနေရသော်လည်း သူတို့၏ အထက်လူကြီးများရှေ့တွင် မျက်နှာပျက်ရခြင်းက အသက်ဆုံးရှုံးစေနိုင်ကြောင်း သိထားသဖြင့် သွားကြိတ်ကာ မတ်တတ်ရပ်လိုက်ကြပြီး ဖန်ခွိုက်ထံသို့ သေမထူးနေမထူး ရဲရဲတောက်စိတ်ဖြင့် တစ်ဖန် ပြေးဝင်သွားကြသည်။
ဤအချိန်တွင် စစ်တဲအပြင်ဘက်ရှိ ကျန်းကျန့်နှင့် ဝူတန်တို့၏ စစ်သားများကလည်း တုံ့ပြန်လာကြ၏။ စစ်သားအုပ်စုငယ်လေးတစ်စုက အတွင်းဘက်ရှိ စစ်သားလေးဦးနှင့် ပူးပေါင်းကာ ဖန်ခွိုက်ကို နေရာမှာတင် သတ်ဖြတ်ရန် ရည်ရွယ်ချက်ဖြင့် ပြေးဝင်လာကြသည်။ သို့သော်လည်း ဤအသေးအမွှားကောင်လေးများကို ရင်ဆိုင်ရချိန်တွင် ဖန်ခွိုက်က သူတို့ကို တစ်ချက်လေးပင် ဂရုစိုက်မကြည့်ခဲ့ချေ။
သူက သူ့လက်ထဲရှိ ဒိုင်းလွှားကြီးကို လွှင့်ပစ်လိုက်ပြီး ကိုယ်ကိုကိုင်းကာ ရှေ့သို့ လှမ်းသွားလိုက်၏။ လက်တစ်ဖက်တည်းဖြင့် သူက စစ်တဲအတွင်းမှ ပြေးဝင်လာသော စစ်သားတစ်ဦးကို ဖမ်းဆုပ်လိုက်ပြီး သံပြားဝိုင်းပစ်သကဲ့သို့ လှည့်ပတ်ကာ သူ့ကို အပြင်သို့ ပစ်ပေါက်လိုက်သည်။ အော်ဟစ်နေသော စစ်သားမှာ ကြောက်လန့်တကြားဖြစ်နေပြီး အပြင်ဘက်မှ ပြေးဝင်လာသော စစ်သားများနှင့် အတိအကျ ဝင်တိုက်မိကာ သူတို့ကို တစ်ပုံကြီး ဖြစ်သွားအောင် လဲကျသွားစေ၏။
ထို့နောက် ဖန်ခွိုက်က ထိုနည်းလမ်းကို ထပ်မံအသုံးပြုကာ ကျန်ရှိနေသော အစောင့်သုံးဦးကိုလည်း အလားတူပင် အပြင်သို့ ပစ်ပေါက်လိုက်သည်။ ကျယ်ဝန်းသော စစ်တဲအဝင်ဝအပြင်ဘက်တွင် သက်ရှိခန္ဓာကိုယ် အပုံလိုက်ကြီးတစ်ခု ချက်ချင်း ဖြစ်ပေါ်သွား၏။ ထို့နောက် ဖန်ခွိုက်က သူ၏ဒိုင်းလွှားကြီးကို ကောက်ကိုင်ကာ ရှေ့သို့ တက်သွားပြီး အပေါ်ဆုံးမှ မထနိုင်သေးသော စစ်သားကို မြင်လိုက်ရသည်။ သူက ဒိုင်းလွှားကို စစ်သား၏ ကျောပေါ်သို့ ရိုက်ချလိုက်သဖြင့် စစ်သားမှာ ချက်ချင်းပင် နာကျင်စွာ အော်ဟစ်သွားတော့၏။
“အားလုံးပဲ ငြိမ်ငြိမ်နေကြစမ်း... ဘယ်သူမဆို လှုပ်ရဲရင် နောက်တစ်ခါ ဒီလောက်လွယ်မှာ မဟုတ်ဘူး..."
စစ်တဲအဝင်ဝကို ပိတ်ဆို့ထားသဖြင့် နောက်ထပ် စစ်သားများ အထဲသို့ ဝင်ရောက်ရန် ခက်ခဲသွားသည်။ ၎င်းကို မြင်သောအခါ လေးသမားအချို့က ပစ်ခတ်ရန် ပြင်ဆင်လိုက်ကြသော်လည်း ဖန်ခွိုက်က ပို၍ မြန်ဆန်စွာ တုံ့ပြန်လိုက်ပြီး ဝူခွမ်းကို သူ၏ရှေ့သို့ တိုက်ရိုက် ဆွဲယူကာ ဟိန်းဟောက်လိုက်၏။
"လာလေ... မင်းတို့မှာ သတ္တိရှိရင် ပစ်လိုက်စမ်း..."
"အောက်ချ... အမြန်အောက်ချလိုက်..."
ဝူခွမ်း၏ အက်ကွဲကွဲ ဘဲကပ်သံကြီးက တစ်ဖန် ထွက်ပေါ်လာပြီး မြေးအကြီးဆုံး ဆုံးရှုံးသွားသော အဘွားအိုတစ်ဦးကဲ့သို့ သနားစရာကောင်းနေ၏။ ထို့နောက် ရှိုက်ငိုသံပါသော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။
“သခင်လေးဟဲ... အဘိုးကြီးကျန်း... အဘိုးကြီးဝူ... ဒီကိစ္စကို ဆွေးနွေးလို့ ရသေးတယ်လို့ ထင်ပါတယ်... ထပ်ပြီး ဆွေးနွေးကြတာပေါ့..."
ကျန်းကျန့်နှင့် ဝူတန်တို့မှာ ယခုအခါ လုံးလုံးလျားလျား မှင်တက်သွားကြ၏။ သူတို့နှစ်ဦးစလုံးမှာ ပညာမတတ်ဘဲ စာမဖတ်တတ်ကြသော်လည်း 'ဖန်ခွိုက်' ဟူသော ဒဏ္ဍာရီလာပုဂ္ဂိုလ်နှင့် ဟုန်မန်စားတော်ပွဲအဖြစ်အပျက်မှာ အလွန် လူသိများသဖြင့် သဘာဝကျစွာပင် သိထားကြသည်။
ထို့ကြောင့် ဖန်ခွိုက်က ပင်မစစ်တဲကြီးအတွင်းသို့ အတင်းဝင်ရောက်လာပြီး သူ၏အမည်ကို ကြေညာလိုက်သည်ကို မြင်သောအခါ သူ၏ ရဲရင့်မှုကို အံ့အားသင့်သွားကြသော်လည်း ရယ်စရာကောင်းသော အတွေးတစ်ခုက သူတို့၏ စိတ်ထဲတွင် လက်ခနဲ ဖြစ်ပေါ်သွား၏။
*ဒီအရူးက ဘယ်က ရောက်လာတာလဲ... တော်ဝင်ရထားကိုယ်ရံတော် ဖန်ခွိုက်လို့ ပြောနေတယ်။ အဲဒီရာထူးနဲ့လူက လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးရာကျော်က ဟာတွေပဲလေ…*
သို့သော်လည်း အံ့အားသင့်မှုနှင့် ယုတ္တိမတန်သည့် ခံစားချက်များ ကုန်ဆုံးသွားပြီးနောက် ဖန်ခွိုက်က သူ၏ ခွန်အားတစ်ခုတည်းဖြင့် သူတို့၏ ကိုယ်ရံတော် ဒါဇင်ပေါင်းများစွာကို လှုပ်ရှားမှု အနည်းငယ်ဖြင့် အနိုင်ယူလိုက်ပြီး စစ်သားများ စစ်တဲအတွင်းသို့ ဝင်ရောက်လာခြင်းကို အောင်မြင်စွာ တားဆီးနိုင်ခဲ့သည်ကို မြင်လိုက်ရသောအခါ ဤရဲရင့်မှုနှင့် စွမ်းရည်အဆင့်က သူတို့ကို လုံးဝ အသက်ရှူမှားသွားစေခဲ့၏။
တစ်ခဏတာမျှ သူတို့နှစ်ဦး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်သောအခါ တစ်ယောက်၏ မျက်လုံးထဲတွင် တစ်ယောက်က တူညီသော မက်ဆေ့ချ်ကို ဖတ်လိုက်ရသည်။ ဤလူက ဖန်ခွိုက်အစစ် မဟုတ်ရင်တောင်မှ ချင်နှင့် ဟန်မင်းဆက်က ထိုကြမ်းတမ်းသည့် ဗိုလ်ချုပ်ထက် ဘယ်လိုမှ မနိမ့်ကျပေ။
ဖန်ခွိုက်က ဝူခွမ်းကို လူသားဒိုင်းလွှားအဖြစ် အသုံးပြုရန် ကြက်ပေါက်လေးတစ်ကောင်ကဲ့သို့ အရှေ့သို့ ဆွဲယူလိုက်သည်ကို မြင်သောအခါ အန္တရာယ်နှင့် ရင်ဆိုင်ရချိန်တွင် ဖန်ခွိုက်၏ တည်ငြိမ်မှုနှင့် ရက်စက်မှုကြောင့် သူတို့ ထပ်မံ ခြိမ်းခြောက်ခံလိုက်ရ၏။ ဝူခွမ်း၏ အသံမှာ အလွန်အမင်း ကြောက်လန့်နေပြီး စူးရှနေပြီဖြစ်သော်လည်း သူတို့နှစ်ဦးမှာ တုံ့ပြန်နိုင်ခြင်း မရှိသေးဘဲ တစ်ခဏမျှ မကြားလိုက်သကဲ့သို့ ဖြစ်နေသည်။
ဟဲရှန့်တစ်ယောက်သာ သူ၏ အံ့အားသင့်မှုထဲတွင် စစ်မှန်သော လေးစားအားကျမှုများ ရောနှောနေပြီး ကျယ်လောင်စွာ မချီးကျူးဘဲ မနေနိုင်တော့ချေ။
"အစ်ကိုဖန်က အစွမ်းထက်လိုက်တာ... တကယ့်ကို ထိပ်တန်းစစ်သည်တော်ကြီးပဲ..."
ကျန်းကျန့်နှင့် ဝူတန်တို့ နောက်ဆုံးတွင် သတိပြန်ဝင်လာသော်လည်း ဖန်ခွိုက်က စစ်တဲအတွင်းသို့ ကျားတစ်ကောင်ကဲ့သို့ ခုန်ဝင်လာမှုက အတွင်းဘက်ရှိ အခြေအနေကို ချက်ချင်း ပြောင်းပြန်လှန်ပစ်လိုက်ပြီဖြစ်၏။ သူတို့နှစ်ဦးမှာ ယခုအခါ လွယ်ကူသော ထွက်ပေါက်မရှိသည့် ခက်ခဲသော အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သည်။ အပြင်ဘက်ရှိ လေးသမားများကို နောက်ဆုတ်ရန် ကမန်းကတန်း အမိန့်ပေးခြင်းမှလွဲ၍ ဤအထူးသဖြင့် ရဲရင့်သော အမျိုးသားကို မည်သို့ ကိုင်တွယ်ရမည်ကို သူတို့ မသိကြသေးချေ။
ဤအချိန်တွင် လေးသမားများ ဆုတ်ခွာသွားသည်ကို မြင်သောအခါ ဖန်ခွိုက်က အသက်ထွက်မတတ် ကြောက်လန့်နေသော ဝူခွမ်းကို ဘေးသို့ ပစ်ချလိုက်၏။ ရုတ်တရက် နောက်လှည့်လိုက်သောအခါ သူက ကျန်းကျန့်နှင့် ဝူတန်တို့ကို ချက်ချင်း ကြောက်လန့်သွားစေခဲ့သဖြင့် သူတို့မှာ ခလုတ်တိုက်ပြီး လဲကျမတတ် ဖြစ်သွားကြသည်။
အဘယ်ကြောင့်ဆိုသော် ဤအချိန်တွင် ဖန်ခွိုက်ထံမှ ထွက်ပေါ်နေသော သတ်ဖြတ်လိုသည့် အရှိန်အဝါမှာ အလွန် ထူထပ်လွန်းနေသောကြောင့်ဖြစ်၏။ သူ၏ မျက်လုံးများက ပြင်းထန်သော မီးတောက်များကဲ့သို့ တောက်လောင်နေပြီး ဆံပင်များက ထောင်ထနေပုံရကာ မျက်လုံးထောင့်များမှာ စုတ်ပြဲထွက်တော့မည့်အလား ဖြစ်နေသည်။ သူက မည်သူ့ကိုမဆို သေသည်အထိ တိုက်ခိုက်ရန် အသင့်ဖြစ်နေပုံရ၏။ သူ၏ သဘာဝကျစွာ ကြမ်းတမ်းသော ခန္ဓာကိုယ်နှင့် လွှမ်းမိုးချုပ်ကိုင်နိုင်သော အသွင်အပြင်တို့ ပေါင်းစပ်သွားသောအခါ ဤရုတ်တရက် ထွက်ပေါ်လာသော ကြီးမားသည့် ဒေါသက လူများကို လူစားစားသော သားရဲတစ်ကောင်၏ စိုက်ကြည့်ခြင်းကို ခံရသကဲ့သို့ ချမ်းစိမ့်စိမ့် ခံစားရစေသည်။
ကံကောင်းထောက်မစွာဖြင့် ဝူတန် တွင် အခြေအနေနှင့် လိုက်လျောညီထွေဖြစ်အောင် ပြုမူနိုင်စွမ်း ပိုကောင်း၏။ ဤအမျိုးသားက သူ့ကိုယ်သူ ချင်နှင့် ဟန်မင်းဆက်မှ ကြမ်းတမ်းသော စစ်သည်တော် ဖန်ခွိုက်ဟု ပြောခဲ့သည်ကို သတိရသွားကာ သူက တည်ငြိမ်ဟန်ဆောင်ပြီး အော်ဟစ်လိုက်သည်။
"တကယ့်ကို ကောင်းမွန်တဲ့ သူရဲကောင်းပဲ... တစ်ယောက်ယောက် ဒီလူကို အရက်တစ်အိုး ဆုချလိုက်စမ်း..."
စားတော်ပွဲတစ်ခုတွင် အရက်ကောင်း ရှားပါးမှု မရှိချေ။ အစောင့်တစ်ဦးက တုန်ယင်စွာဖြင့် အရက်အိုးတစ်အိုးကို ဖန်ခွိုက်ထံသို့ ယူဆောင်လာခဲ့၏။ သို့သော် ဖန်ခွိုက်က သားကောင်ကို ငုံ့ကြည့်နေသော ကျားတစ်ကောင်ကဲ့သို့ သူ့ကို တစ်ချက် စိုက်ကြည့်လိုက်သည်။ အစောင့်မှာ ဖန်ခွိုက်၏ သတ်ဖြတ်လိုသည့် အရှိန်အဝါကြောင့် ကြောက်လန့်နေပြီဖြစ်ရာ မြေကြီးပေါ်သို့ တည့်တည့် လဲကျသွားပြီး သရဲတစ်ကောင်ကဲ့သို့ အော်ဟစ်ကာ အထိတ်တလန့် ထွက်ပြေးသွားတော့၏။
ကံကောင်းထောက်မစွာဖြင့် အရက်အိုးမှာ မကွဲသွားချေ။ ဖန်ခွိုက်က အိုးအဖုံးကို လက်တစ်ဖက်ဖြင့် ရိုက်ဖွင့်လိုက်ပြီး ထိုနေရာတွင်ရပ်ကာ ရေကို မျိုချနေသော ဝေလငါးတစ်ကောင်ကဲ့သို့ အရက်အိုးတစ်အိုးလုံးကို ဆူညံသော အသံဖြင့် တစ်ကျိုက်တည်း သောက်ချလိုက်သည်။ ဤကဲ့သို့သော သူရဲကောင်းဆန်သည့် စိတ်ဓာတ်နှင့် သေမထူးနေမထူး ရဲရဲတောက်စိတ်က ကျန်းကျန့်နှင့် ဝူတန်တို့ကို ထပ်မံ၍ စကားမပြောနိုင်အောင် ဖြစ်သွားစေခဲ့၏။
ကံကောင်းသည်မှာ သူတို့ရှေ့ရှိ ကြမ်းတမ်းသော အမျိုးသားသည် ဟုန်မန်စားတော်ပွဲမှ ဖန်ခွိုက်နှင့် အတိအကျ တူညီစွာ ပြုမူနေသည်ကို မြင်သောအခါ သူတို့နှစ်ဦး အနည်းငယ် စိတ်အေးသွားကြသည်။ မည်သို့ပင်ဆိုစေကာမူ ဟုန်မန်စားတော်ပွဲတွင် ဖန်ခွိုက်သည် အထူးသဖြင့် ရဲရင့်ခဲ့သော်လည်း နောက်ဆုံးတွင် သူက အနောက်ချူပြည်နယ်၏ ဘုရင်နှင့် သေသည်အထိ မတိုက်ခိုက်ခဲ့ချေ။ ဤသမိုင်းဝင်ရလဒ်က ကျန်းကျန့်နှင့် ဝူတန် တို့ကို အနည်းငယ် စိတ်သက်သာရာရစေရန် လုံလောက်၏။
ထို့အပြင် သူတို့ရှေ့ရှိ အမျိုးသားက သူ့ကိုယ်သူ ဖန်ခွိုက်ဟု ပြောနေလျှင် သူတို့နှစ်ဦးက ပြိုင်ဘက်ကင်းအာဏာရှင်ဖြစ်သော အနောက်ချူပြည်နယ်၏ ဘုရင်ဖြစ်သွားမည် မဟုတ်ပါလား။ ဤကဲ့သို့သော ဇာတ်ရုပ်ထဲသို့ ဝင်ရောက်ရခြင်းက စစ်ဘက်မှ ဆင်းသက်လာသော ဤဗိုလ်ချုပ်များကို အမြင့်ဆုံး ဂုဏ်ကျက်သရေကို ခံစားရစေသည်။
ထို့ကြောင့် ဝူတန် စကားပြောရန် မစောင့်ဘဲ ကျန်းကျန့်က ဖြတ်ပြောလိုက်၏။
"ခမ်းနားလိုက်တာ... တစ်ယောက်ယောက် ဒီလူကို ဝက်ပေါင် နောက်တစ်တုံး ဆုချလိုက်စမ်း..."
နောက်ထပ်အစောင့်တစ်ဦး တုန်ယင်စွာ ရှေ့သို့ ထွက်လာခဲ့သည်။ သူက ယခင်လူထက် ပို၍ ပါးနပ်ပြီး ဖန်ခွိုက်၏ မျက်လုံးကို လုံးဝ မကြည့်ဝံ့ချေ။ ဝက်ပေါင်ကို ချထားပြီးနောက် သူက လျင်မြန်စွာ ထွက်ပြေးသွားပြီး လန့်ဖြန့်နေသော ယုန်တစ်ကောင်ကဲ့သို့ အထူးသဖြင့် မြန်ဆန်စွာ လှုပ်ရှားသွား၏။
အစောင့်က အစိမ်းလိုက် ဝက်ပေါင်တစ်တုံးကို တကယ် ယူလာပေးသည်ကို မြင်သောအခါ ဟဲရှန့်၏ မျက်လုံးများက အရောင်တောက်မတတ် စိတ်လှုပ်ရှားသွားသည်။ သမိုင်းတွင် ကြမ်းတမ်းသော ဖန်ခွိုက်သည် ဤအစိမ်းလိုက် ဝက်ပေါင်ကို သူ၏ ဒိုင်းလွှားပေါ်တွင်တင်ကာ အရိုးကို ဓားဖြင့် ခုတ်ဖြတ်ပြီး အစိမ်းလိုက် အသားများကို တစ်လုတ်ပြီးတစ်လုတ် မျိုချခဲ့ကြောင်း သိထားရမည်ဖြစ်၏။
ဤမြင်ကွင်းကပင် ခေတ်အဆက်ဆက် သိုင်းပညာစွမ်းရည် အကောင်းဆုံးဖြစ်ပြီး သုံးချောင်းထောက်ကြေးအိုးကြီးကို မတင်နိုင်ကာ အထူးသဖြင့် ရဲရင့်သော အနောက်ချူပြည်နယ်၏ ဘုရင်ကို ဖန်ခွိုက်၏ အစိုင်းအစစ် ခွန်အားကြောင့် လုံးဝ အံ့အားသင့်သွားစေခဲ့ခြင်း ဖြစ်သည်။
ထိုမြင်ကွင်းက အတော်လေး ကြောက်မက်ဖွယ်ကောင်းကြောင်း ဝန်ခံရမည် ဖြစ်၏။ သို့သော် အဓိကအချက်မှာ ၎င်းက တကယ်ကို ကြောက်စရာကောင်းပြီး ပေါက်ကွဲအား ပြင်းထန်နေခြင်းပင်ဖြစ်သည်။
သူ၏ ယခင်ဘဝက အင်တာနက်ပေါ်တွင် သေမထူးနေမထူးကိစ္စများ လုပ်ဆောင်နေသည့် လူများ၏ တုန်လှုပ်ဖွယ် ဗီဒီယိုများကို ဟဲရှန့် မကြာခဏ မြင်တွေ့ခဲ့ဖူးသော်လည်း ၎င်းတို့မှာ ဗီဒီယိုများသာ ဖြစ်၏။ အင်တာနက်၏ ဟင်းလင်းပြင်ဖြင့် ခြားနားထားသဖြင့် သူတို့ ယူဆောင်လာသော သက်ရောက်မှုမှာ အတော်လေး လျော့နည်းသွားသည်။ ယခုအခါ ထိုတုန်လှုပ်ဖွယ် ဗီဒီယိုဖန်တီးရှင်များ အားလုံး၏ ဘိုးဘေးကြီးက အခင်းဖြစ်ပွားရာ နေရာတွင် ရောက်ရှိနေပြီး ဟဲရှန့်အတွက် အစိမ်းလိုက် ဖျော်ဖြေပေးတော့မည် ဖြစ်၏။ ဤသည်က သူ့ကို ခုန်ပေါက်မတတ် စိတ်လှုပ်ရှားမသွားစေဘဲ မည်သို့ နေနိုင်မည်နည်း။
မျှော်လင့်ထားသည့်အတိုင်းပင် ဝက်ပေါင်ကို မြင်သောအခါ ဖန်ခွိုက်က လုံးဝ မတုံ့ဆိုင်းခဲ့ချေ။ သူက တကယ်ပင် သူ၏ ဒိုင်းလွှားကို မြေကြီးပေါ်တွင် မှောက်လျက် ချထားပြီး ဝက်ပေါင်ကို ၎င်းအပေါ်တွင် တင်လိုက်၏။ သူ၏ ကြမ်းတမ်းသော အကြည့်က ဝက်ပေါင်ကို သေမင်းတမန် ရန်သူတစ်ဦးကို ကြည့်နေသကဲ့သို့ ကြည့်နေသည်။
နောက်တစ်စက္ကန့်တွင် ဖန်ခွိုက်က ဤဝက်ပေါင်ကို အစိမ်းလိုက် စားတော့မည်ကို လူတိုင်း သိထားကြ၏။ ထို့ကြောင့် ဤအချိန်တွင် စစ်တဲအတွင်းရှိ လူတိုင်း၏ မျက်လုံးများက စူးစိုက်နေကြပြီး ဤဒဏ္ဍာရီလာ စစ်သည်တော်၏ ဖျော်ဖြေမှုကို အနှောင့်အယှက်ပေးမိမည်ကို စိုးရိမ်သဖြင့် သူတို့၏ အသက်ရှူနှုန်းပင် နှေးကွေးသွားကြသည်။
ထို့နောက် ဖန်ခွိုက်က သူ၏လက်ထဲရှိ အရိုးခုတ်ဓားကို မြှောက်လိုက်သည်ကို ဟဲရှန့် မြင်လိုက်ရ၏။
ထို့နောက် ဖန်ခွိုက်၏ နှာခေါင်းပေါက်များမှ အသက်ရှူသံများ ပိုမို ပြင်းထန်လာသည်ကို ဟဲရှန့် ကြားလိုက်ရသည်။
ထို့နောက် ပြူးထွက်လုမတတ် ဖြစ်နေသော ဖန်ခွိုက်၏ မျက်လုံးများထဲတွင် ကောက်ကျစ်ပြီး ဂုဏ်ယူနေသော ရယ်မောမှု အရိပ်အယောင်တစ်ခုကို ဟဲရှန့် ရုတ်တရက် မြင်လိုက်ရသည်။
*အဲ့ဒါ မမှန်ဘူး…*
*အဲဒီ အပြုံးက ဘာအဓိပ္ပာယ်လဲ…*
သို့သော် ဟဲရှန့် တုံ့ပြန်နိုင်ခြင်း မရှိမီ ဖန်ခွိုက်၏ ခန္ဓာကိုယ်က ရုတ်တရက် ရှေ့သို့ ကိုင်းညွတ်သွား၏။ သူက ယုန်ကို ဖမ်းမည့် လင်းယုန်တစ်ကောင်ကဲ့သို့ အားလပ်နေသော ဘယ်ဘက်လက်ကို ဆန့်ထုတ်လိုက်ပြီး ကြည့်ရှုရန် ရှေ့သို့ ကိုင်းလာသော ကျန်းကျန့်၏ ခေါင်းကို လျင်မြန်စွာ ဖမ်းဆုပ်လိုက်သည်။ ဤရုတ်တရက် တိုက်ခိုက်မှုက ကျန်းကျန့်၏ ကြီးမားသော ခန္ဓာကိုယ်ကို မြေကြီးပေါ်သို့ ဆွဲချသွားပြီး သူ၏ ခေါင်းမှာ ဒိုင်းလွှားပေါ်သို့ တည့်တည့် ကျသွားကာ ဝက်ပေါင်နှင့် တစ်လက်မသာ ကွာဝေးတော့၏။
ချက်ချင်းပင် မည်သူမျှ အံ့အားသင့်စွာ အော်ဟစ်သံပင် မထွက်နိုင်မီ ဖန်ခွိုက်၏ မြှောက်ထားသော အရိုးခုတ်ဓားက ကျဆင်းလာပြီး ကျန်းကျန့်၏ လည်ပင်းကို တည့်တည့် ခုတ်ချလိုက်လေသည်။
သွေးများ နေရာအနှံ့ ပန်းထွက်သွား၏။
ခေါင်းနှင့်ကိုယ် ကွဲကွာသွားသည်။
မောက်မာပြီး လွှမ်းမိုးချုပ်ကိုင်တတ်သော ကျန်းကျန့်မှာ အနည်းငယ်မျှပင် ပြန်လည်ခုခံနိုင်ခြင်းမရှိဘဲ ဖန်ခွိုက်၏ ခေါင်းဖြတ်ခြင်းကို ခံလိုက်ရလေသည်။
ထို့နောက် မျက်နှာနှင့် ခေါင်းတွင် သွေးများ ပန်းခံထားရသော ဖန်ခွိုက်က မတုံ့ဆိုင်းခဲ့ချေ။ သူက ကျားတစ်ကောင်ကဲ့သို့ ခုန်ထွက်လာပြီး ဝူတန်၏ အရှေ့သို့ ခုန်အုပ်လိုက်၏။ သူ၏ လက်ထဲရှိ ကြီးမားသော အရိုးခုတ်ဓားက အလျားလိုက် ခုတ်ပိုင်းမှုဖြင့် သူ၏ စွမ်းအားကို တစ်ဖန် ပြသလိုက်ပြန်သည်။ မီးရောင်အောက်တွင် အေးစက်သော အရောင်လက်မှုတစ်ခု ဖြတ်ပြေးသွားပြီး ဝူတန်မှာ ဖန်ခွိုက်၏ တစ်ချက်တည်းသော တိုက်ခိုက်မှုဖြင့် ခါးမှနေ၍ နှစ်ပိုင်းပြတ်သွားလေတော့သည်။
မျက်တောင်တစ်ခတ်အတွင်း ဤနှစ်ဦးကို ဆက်တိုက် သတ်ဖြတ်ပြီးနောက် ဖန်ခွိုက်က ရုတ်တရက် ကျယ်လောင်စွာ ရယ်မောလိုက်၏။
"ဟားဟားဟား... ငါ ဒီလိုမျိုး လုပ်ချင်နေတာ ကြာပြီ…”