အခန်း (၃၁-၃၂)
Vol. 4 Ch. 31-32
အခန်း (၃၁)
“ကြောက်ရွံ့မှုတန်ဖိုး မြင့်တက်မှု အကြိမ်ရေ - ၀။ အမြင့်ဆုံး ကြောက်ရွံ့မှုတန်ဖိုး - ၀%။ ပျမ်းမျှ ကြောက်ရွံ့မှုတန်ဖိုး - ၀%။
“သင်၏ ကြောက်ရွံ့မှု အဆင့်သတ်မှတ်ချက်မှာ - သတ္တိ၏ ပြယုဂ်။ အပိုဆုလာဘ်ကို ကျေးဇူးပြု၍ နောက်ပိုင်းတွင် ရွေးချယ်နိုင်ပါသည်။
“ရရှိသော ကျွမ်းကျင်မှုအမှတ် - ၃၀၀
“ကျွမ်းကျင်မှုအမှတ်မှ ရရှိသော နောက်ထပ်အပိုဆု - အတွေ့အကြုံအမှတ် (EXP) - ၃၀၀၀။ ဂိမ်းဒင်္ဂါး - ၃၀၀၀၀။
“ဇာတ်လမ်းအောင်မြင်မှု ဆုလာဘ် - ၈၀%။ အပို အတွေ့အကြုံအမှတ် - ၁၂၀၀။
“တွက်ချက်မှု ပြီးဆုံးပါပြီ။ ကျေးဇူးပြု၍ ဆက်လက် လုပ်ဆောင်ပါ။
(ဤနေရာတွင် တွက်ချက်မှုကို ဥပမာအနေဖြင့် အသုံးပြုရလျှင် လက်နှိပ်ဓာတ်မီးထဲရှိ ဘက်ထရီများ၊ သေနတ်ထဲရှိ ကျည်ဆန်များ စသည်တို့မှာ ထူးကဲအဆင့်အောက်ရှိသော အသုံးအဆောင်ပစ္စည်းများ ဖြစ်ကြသည်။ ၎င်းတို့ကို ကိရိယာများ သို့မဟုတ် ဝတ်စုံများအတွင်း သိမ်းဆည်းထားလျှင်ပင် ပစ္စည်းသိုလှောင်အိတ်ထဲတွင် နေရာအများကြီး ယူလိမ့်မည် မဟုတ်ပေ။ ဂွမှာမူ ဤဇာတ်လမ်းမှ ရရှိခဲ့ခြင်း မဟုတ်သဖြင့် တွက်ချက်မှုထဲတွင် ပါဝင်မည်မဟုတ်ပါ။ ဤကဲ့သို့သော ပစ္စည်းမျိုးသည် အခြေအနေပြမီနူးတွင် ပေါ်လာလိမ့်မည် မဟုတ်ပေ။)
“ကမ္ဘာ့အမြင်ကို ဖြေရှင်းလို့ရတဲ့ ဆုလာဘ်ကတော့ တကယ်ကို ရူးချင်စရာပဲ...”
ဖုန်းပုကြွယ်က ပြောလိုက်သည်။
“အဲ့ဒီ ၂၄၀ ကို ထည့်မတွက်ရင် ဇာတ်လမ်းတစ်ခုလုံး ငါကျွမ်းကျင်မှုအမှတ် ၆၀ ပဲ ရသေးတယ်”
“အစ်ကိုပုကြွယ်၊ ငါတို့ ချမ်းသာပြီဟေ့”
ဝမ်တန်ကျိက အဖွဲ့ချန်နယ်ထဲတွင် စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။
“ငါ အဆင့် ၁၀ ရောက်သွားပြီ၊ ဂိမ်းဒင်္ဂါး ၂၀၀၀၀ ကျော်တောင် ရတယ်ကွ”
ဖုန်းပုကြွယ် ထိုစကားကို ကြားလိုက်ရသောအခါ ရှောင်တန်သည် ကျွမ်းကျင်မှုအမှတ် ၆၀ ထက်ပိုပြီး ၁၅၀ ထက်နည်းသော ပမာဏကို ရရှိခဲ့မည်ဖြစ်ကြောင်း သူ့ဗီဇအရ သိလိုက်သည်။ သူက ပြန်ဖြေလိုက်သည်။
“ငါ မြင်ပါတယ်၊ အဖွဲ့စာရင်းမှာ အဆင့်ပြတဲ့ဟာ ရှိတာပဲ”
သူသည် လုံအောင်းမင်ဆီမှ သူငယ်ချင်းအဖြစ် အပ်ထားသည်ကိုလည်း မြင်လိုက်ရသည်။ သူသည် လက်ခံကို နှိပ်လိုက်ပြီး ပြောလိုက်သည်။
“အစ်ကိုလုံ သူငယ်ချင်းအပ်ထားတာကို လက်ခံဖို့ မမေ့နဲ့ဦး”
“ဟုတ်ပြီ၊ ငါလက်ခံပြီးပြီ”
ဝမ်တန်ကျိက ပြန်ဖြေသည်။
“သူ့အဖွဲ့ထဲကို မင်းဝင်လိုက်လို့ ရပြီ”
ရိုးရှင်းသော လုပ်ဆောင်ချက် အနည်းငယ်အပြီးတွင် လုံအောင်းမင်၏ အသံမှာ ချန်နယ်ထဲ၌ ပေါ်ထွက်လာသည်။
“ယို့... မင်းတို့ရဲ့ အဆင့်တွေက နှစ်ဆတောင် တက်သွားတာပဲကွ၊ အစ်ကိုဖုန်းက အခု အဆင့် ၁၁ တောင် ဖြစ်နေပြီ”
သူ့အဆင့်မှာလည်း ဖုန်းပုကြွယ်နှင့် အတူတူပင် အဆင့် ၁၁ ဖြစ်၏။
ဟုတ်ပါသည်၊ “ဒါက ဘယ်လိုဖြစ်နိုင်တာလဲ” ဟု တစ်စုံတစ်ယောက်က မေးကောင်းမေးနိုင်ပါသည်။ ထို့ကြောင့် ဖုန်းပုကြွယ်၏ ဇာတ်ကောင် အသေးစိတ်အချက်အလက်များကို တစ်ချက် ကြည့်လိုက်ကြပါစို့။
ဂိမ်းအမည် - ဖုန်းပုကြွယ်။
အဆင့် - ၁၁။
အတွေ့အကြုံအမှတ် (EXP) - ၁၃၅၀/၁၁၀၀၀။
ကျွမ်းကျင်မှုအမှတ် - ၄၃၀။ ဂိမ်းဒင်္ဂါး - ၅၁၅၀၀။
ကျွမ်းကျင်မှုအဆင့် - အထွေထွေစွမ်းရည် F၊ လက်မှုပညာ F၊ ထောက်လှမ်းရေး F၊ တိုက်ခိုက်ရေး F၊ ပစ်ခတ်ရေး F။
သိုလှောင်အိတ် ၇/၁၀ - မာရီယို၏ ဂွ၊ ရန်လိုမှုမျက်လုံး၊ အနောက်တိုင်းသားလှီးဓား၊ ဘေ့စ်ဘောတုတ်၊ လက်နှိပ်ဓာတ်မီး ၂ ခု၊ M1911A1 ပစ္စတို။
လော့ဂ်အင်ခန်းမတွင် သိမ်းဆည်းထားမှု ၁/၃၀ - ပဟေဠိကတ် - မျောက်။
သူ၏ အတွေ့အကြုံမှတ်ဘား (EXP Bar) ကို လူတိုင်း မြင်တွေ့ရပေလိမ့်မည်။ မှန်ပါသည်။ အဆင့် ၁၁ မှ ၁၂ သို့ တက်ရန် လိုအပ်သော အတွေ့အကြုံအမှတ်မှာ ၁၁၀၀၀ ဖြစ်ပြီး ၁၁၀၀ မဟုတ်ပေ။
သည်းထိတ်ရင်ဖို သုခဘုံတွင် အဆင့်တက်ရန် လိုအပ်သော အတွေ့အကြုံအမှတ်သည် အဆင့် ၁၀ တိုင်းတွင် ပြောင်းလဲသွားလေ့ရှိသည်။ အဆင့် ၁ မှ ၂ သို့ အမှတ် ၁၀၀ လိုအပ်ပြီး၊ အဆင့် ၂ မှ ၃ သို့ အမှတ် ၂၀၀ လိုအပ်သည်၊ ဤအတိုင်းပင် ဆက်သွားလေ့ရှိသည်။ အဆင့် ၁၀ မှ ၁၁ သို့ အမှတ် ၁၀၀၀ လိုအပ်၏။ သို့သော် ကစားသမားက အဆင့် ၁၁ သို့ ရောက်ရှိသွားသည့်အခါ အတွေ့အကြုံအမှတ် လိုအပ်ချက်မှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် ခုန်တက်သွားသည်ကို မြင်တွေ့ရမည် ဖြစ်သည်။
အတွေ့အကြုံအမှတ် ၁၅၀၀ နှင့် ကျွမ်းကျင်မှုအမှတ် ၁၂၀၀ အပြင် လုံအောင်းမင်သည် ကျွမ်းကျင်မှုအမှတ် ၁၇၀ ကိုလည်း ထပ်မံရရှိခဲ့သည်။ တစ်ခါတစ်ရံ တိုက်ပွဲအတွင်း ရရှိသော ကျွမ်းကျင်မှုအမှတ်များသည် ဂဏန်းတစ်လုံးချင်းစီအထိပင် တိကျလှသည်။ သူသည် ဇာတ်လမ်းအောင်မြင်မှုမှလည်း အတွေ့အကြုံအမှတ် ၄၅၀၀ ခန့် ရရှိခဲ့၏။ သို့သော် သူ အဆင့် ၁၁ သို့ ရောက်သွားသည့်အခါ သူ အံ့အားသင့်သွားမိသည်။ သူသည် အဆင့် ၁၂ ရောက်ရန် အမှတ် ၈၀၀၀ လိုအပ်နေသေးသောကြောင့်ပင်။
နှစ်ဦးသား ခေတ္တမျှ စကားစမြည်ပြောဆိုကြပြီး ဝမ်တန်ကျိအား အဆင့် ၁၁ နောက်ပိုင်းရှိ အတွေ့အကြုံအမှတ်များအကြောင်း ပြောပြလိုက်ကြသည်။ လုံအောင်းမင်က ပထမဆုံး စတင် မေးမြန်းလိုက်သည်။
“ဒါနဲ့၊ မင်းတို့ရဲ့ ဂုဏ်ပုဒ်တွေက ဘာတွေလဲ”
ဖုန်းပုကြွယ်က ဝတ်ကျေတမ်းကျေပင် ပြန်ဖြေသည်။
“သွေးအေးစွာခေါင်းရိုက်ခွဲသူ”
“အဲ...”
ကျန်နှစ်ဦးမှာ ထိုစကားကြောင့် ဘာပြောရမှန်း မသိဖြစ်သွားကြပြီး ခေတ္တမျှ တိတ်ဆိတ်သွား၏။
စက္ကန့်အနည်းငယ်အကြာတွင် ဝမ်တန်ကျိက ခြောက်ကပ်ကပ်ရယ်မောကာ မှတ်ချက်ပေးလိုက်သည်။
“တကယ်တော့ ဒီစနစ်က အတော်လေး ကျိုးကြောင်းဆီလျော်တာပဲ၊ အခြေခံအားဖြင့်တော့ စောစောက ဇာတ်လမ်းထဲမှာ မင်းရဲ့ တိုက်ခိုက်မှုအားလုံးက ခေါင်းကိုပဲ ပစ်မှတ်ထားတာလေ... ပြီးတော့ မင်းက တကယ်ကို သွေးအေးတာပဲ”
“မင်းရဲ့ ဂုဏ်ပုဒ်ကရော ဘာလဲ၊ အော်ဟစ်နေတဲ့ သူဌေးသား (Screaming Rich Kid) လား”
ဖုန်းပုကြွယ်က ချက်ချင်း ပြန်မေးလိုက်သည်။
“ဂိမ်းထဲမှာ သူဌေးသားဆိုတဲ့ ဂုဏ်ပုဒ်က ဘာလို့ရှိမှာလဲ”
“မင်းပြောတာလည်း ဟုတ်တာပဲ... သူဌေးသားဆိုတာက လူမျိုးစုတစ်ခုပဲလေ၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းမှ မဟုတ်တာ”
ဖုန်းပုကြွယ်က ဆိုသည်။
“ငါ့ရဲ့ ဂုဏ်ပုဒ်ကတော့ ကြောက်ရွံ့စွာ ချောင်းတိုက်သူ (Panicked Ambusher) တဲ့...”
ဝမ်တန်ကျိသည် သူနှင့် အချိန်ဖြုန်းမနေချင်တော့သဖြင့် သူ၏ ဂုဏ်ပုဒ်ကို အမြန်ပင် ပြောပြလိုက်တော့သည်။
ဖုန်းပုကြွယ်က သက်ပြင်းချလိုက်သည်။
“အင်း... ဒါဆိုရင် ဒါက မင်းရဲ့ ထိတ်လန့်နေတဲ့ စိတ်အခြေအနေနဲ့ ရန်သူကို ထိပ်တိုက်မရင်ဆိုင်နိုင်တဲ့ အချက်ကို ဖော်ပြနေတာပေါ့... ဒီစနစ်က တော်တော်လေး တိကျတာပဲ”
“ဒါက အပ်နဲ့ ထိုးတာလား၊ ဒါက ဓားနဲ့ အချက်ပေါင်းများစွာ ထိုးလိုက်တာနဲ့ အတူတူပဲ မဟုတ်လား၊ ဒီလို ဂုဏ်ပုဒ်မျိုးကို သူစိမ်းတွေမြင်ရင် အထင်သေးကြတော့မှာပဲ”
ဝမ်တန်ကျိက ပြော၏။
“ကွာခြားချက်က အဲ့လောက်မကြီးမားပါဘူးကွာ၊ မင်းရဲ့ ဂုဏ်ပုဒ်ကို မြင်ရင်ပဲဖြစ်ဖြစ်၊ မင်း အကူအညီတောင်းပြီး အော်ဟစ်နေတာကို မြင်ရင်ပဲဖြစ်ဖြစ် သူစိမ်းတွေကတော့ မင်းကို အထင်သေးမှာပဲလေ...”
ဖုန်းပုကြွယ်က ဆိုသည်။
“ဟားဟား...”
လုံအောင်းမင်က ရယ်မောရင်း ကြားထဲမှ ဝင်ဖျန်ဖြေပေးလိုက်သည်။
“တကယ်တော့ ညီလေးဝမ်၊ မင်း အဲ့လောက် အများကြီး စိုးရိမ်မနေပါနဲ့၊ ဂုဏ်ပုဒ်တွေက ဇာတ်လမ်းတစ်ခုပြီးတိုင်း ပြောင်းလဲသွားနိုင်တာပဲလေ၊ စောစောက ဇာတ်လမ်းပြီးတော့ ငါ့ရဲ့ ဂုဏ်ပုဒ်က ပြောင်းသွားပြီ၊ အခုကတော့ ‘အဖွဲ့ကို ကာကွယ်သူ’ (Team Defender) တဲ့”
ထိုသုံးဦးသားည် ခေတ္တမျှစကားပြောဆိုဖြစ်ကြသည်။ လုံအောင်းမင်က သူ ဂိမ်းထဲတွင် ရှိနေသည်မှာ ကြာပြီဖြစ်သဖြင့် အပြင်ထွက်ကာ နာရီအနည်းငယ် နားဦးမည်ဖြစ်ကြောင်း ပြောသည်။ သူသည် သန်းခေါင်ယံအချိန်ရှိ အိပ်စက်ခြင်းမုဒ် ချန်နယ်သို့ ပြန်ဝင်လာလိမ့်မည် ဖြစ်သည်။ ဝမ်တန်ကျိမှာမူ ထိုနေ့တွင် ထပ်မကစားချင်တော့သလို ညဘက်တွင်လည်း ကစားရန် အစီအစဉ် မရှိပေ။ လမ်းညွှန်ဇာတ်လမ်းအပါအဝင် သူသည် ဇာတ်လမ်းလေးခုကို ဆက်တိုက်ကစားခဲ့ပြီးပြီ ဖြစ်သည်။ အကယ်၍ သူသာ ဆက်ကစားနေလျှင် မိမိကိုယ်ကို နှိပ်စက်နေသကဲ့သို့ ဖြစ်ပေလိမ့်မည်။ ဖုန်းပုကြွယ်ကလည်း ဆုလာဘ်ကို ရယူပြီးလျှင် ဂိမ်းထဲမှ ထွက်မည်ဟု ပြောလိုက်သည်။ သူက ကစားရန် ပင်ပန်းနေ၍ မဟုတ်ဘဲ သူ့အဆင့်ကို ထိန်းချုပ်ရန် ကြိုးစားနေခြင်း ဖြစ်၏။
စမ်းသပ်ကာလတွင် အမြင့်ဆုံးအဆင့်မှာ ၂၀ ဖြစ်သည်။ ပရော်ဖက်ရှင်နယ် မဟုတ်သော ကစားသမားများအတွက် အဆင့်တက်ရန် အလျင်စလိုလုပ်နေဖို့ မလိုပေ။ ဤအဆင့်သို့ ရောက်ရှိသော ကစားသမား အရေအတွက်မှာ စမ်းသပ်ကာလ ကစားသမားများ၏ ၁၀ ရာခိုင်နှုန်း ကျော်လွန်သွားသည့်အခါ စမ်းသပ်ကာလ ကုန်ဆုံးသွားမည် ဖြစ်သည်။ ထို့နောက် ဆာဗာကို ပိတ်လိုက်မည်ဖြစ်ပြီး စနစ်တစ်ခုလုံးကို တရားဝင်ဗားရှင်းသို့ အဆင့်မြှင့်တင်ပြီးမှသာ လူတိုင်းကစားနိုင်သော အချိန် (Open Beta) စတင်မည် ဖြစ်သည်။
သည်းထိတ်ရင်ဖို သုခဘုံသည် ဂိမ်းစတူဒီယို အမြောက်အမြားကို ဆွဲဆောင်နိုင်ခဲ့သည်။ ရှေ့တွင် ဖော်ပြခဲ့သည့်အတိုင်း စမ်းသပ်ကာလ ပထမနေ့ နေ့လယ်ပိုင်းမှာပင် ဖုန်းပုကြွယ်သည် အဆင့် ၁၀ ကျော်သော ကစားသမားများ ရေးသားထားသည့် လမ်းညွှန်ချက်များကို ဂိမ်းဖိုရမ်တွင် ရှာတွေ့နေပြီ ဖြစ်သည်။ ထိုသူအများစုမှာ ပရော်ဖက်ရှင်နယ် ဂိမ်းစတူဒီယိုများမှ လာကြသူများ ဖြစ်ကြသည်မှာ သိသာလှသည်။ ဤလူစုမှာ ကျွမ်းကျင်သူများ ဖြစ်ကြ၏။ သူတို့သည် ဂိမ်းကစားရာတွင် စနစ်တကျ အစီအစဉ် ရှိကြသည်။ ဤကဲ့သို့သော ဂိမ်းမျိုးအတွက်ဆိုလျှင် သူတို့က အလှည့်ကျစနစ်ကို သုံးကြသည်။ အဖွဲ့တစ်ဖွဲ့က မနက် ၈ နာရီတွင် အိပ်စက်ခြင်းမုဒ်ဖြင့် ကစားပြီး၊ အခြားအဖွဲ့တစ်ဖွဲ့ကမူ နိုးကြားခြင်းမုဒ်ဖြင့် ကစားကာ ညဘက်တွင် အလှည့်ကျ ပြောင်းလဲကြခြင်း ဖြစ်သည်။
၂၀၅၅ ခုနှစ်၏ သက်ဆိုင်ရာဥပဒေများအရ ဂိမ်းစက်များတွင် ကစားသမားများ ဂိမ်းထဲရှိနေမည့် အချိန်ကို တင်းကျပ်စွာ ကန့်သတ်ထားသည်။ ပြင်ပကမ္ဘာ၏အချိန်အရ နိုးကြားခြင်းမုဒ်တွင် ကစားသည့် အချိန်မှာ ၁၀ နာရီထက် မကျော်လွန်စေရပေ။ အိပ်စက်ခြင်းမုဒ်တွင် ဂိမ်းနှင့် အပြင်ကမ္ဘာ အချိန်အချိုးမှာ ၁:၁၀ ဖြစ်သော်လည်း ပြင်ပကမ္ဘာ၏ အချိန်အရ ၈ နာရီထက် မကျော်လွန်စေရဘဲ အကြံပြုထားသော ကန့်သတ်ချက်မှာ ၄ နာရီသာ ဖြစ်သည်။ အကယ်၍ ၂၄ နာရီအတွင်း ထိုမုဒ်နှစ်ခုစလုံးအတွက် အချိန်ကန့်သတ်ချက် ပြည့်သွားပါက ဂိမ်းနှင့် အဆက်အသွယ်ကို အတင်းအကျပ် ဖြတ်တောက်မည်ဖြစ်ပြီး နောက်ထပ် ၂၄ နာရီ ပြည့်မှသာ ဂိမ်းထဲသို့ ပြန်ဝင်နိုင်မည် ဖြစ်သည်။
တစ်နည်းအားဖြင့်ဆိုသော် လူတစ်ယောက်သည် တစ်ရက်လျှင် ၁၈ နာရီသာ ဂိမ်းကစားနိုင်သည်။ ၁၀ နာရီမှာ နိုးနေစဉ်ဖြစ်ပြီး ၈ နာရီမှာ အိပ်နေစဉ် ဖြစ်သည်။ ယင်းက အကန့်အသတ်ပင်။ အာရုံကြောချိတ်ဆက်မှု ကွန်ရက်အားလုံးသည် ကစားသမား၏ မှတ်ပုံတင်နံပါတ်ကို လက်ခံလိမ့်မည် မဟုတ်သဖြင့် ဂိမ်းစက်ကို ပြောင်းလဲနေလည်း အကျိုးရှိမည် မဟုတ်ပေ။ ထိုဥပဒေမှာ အဓိကအားဖြင့် အသုံးပြုသူ၏ ကျန်းမာရေးအတွက် ထုတ်ပြန်ထားခြင်း ဖြစ်သည်။ အာရုံကြောချိတ်ဆက်မှု ဂိမ်းများကို ပထမဆုံးတီထွင်ခဲ့စဉ်က စားချိန်နှင့် အိမ်သာသွားချိန်မှလွဲ၍ ကျန်သည့်အချိန်လုံး ဂိမ်းထဲတွင်သာ နေထိုင်သူများ ရှိခဲ့သည်။ ထိုသူအများစုသည် ရုတ်တရက် သေဆုံးခြင်း သို့မဟုတ် ပြန်လည်ကုသမရသော ဦးနှောက်ပျက်စီးမှုများ ကြုံတွေ့ခဲ့ရသည်။ မှန်ပါသည်၊ ၎င်းမှာ ဂိမ်းစက် သို့မဟုတ် ဂိမ်း၏အမှား မဟုတ်ပေ။ လွန်ခဲ့သော ရာစုနှစ်ဝက်ခန့်က စတုတ္ထမျိုးဆက်ကွန်ပျူတာများ ခေတ်စားနေစဉ်ကပင် အင်တာနက်ဆိုင်များ၌ ရုတ်တရက် သေဆုံးသူများစွာ ရှိခဲ့ဖူးသည်။ အဲ့ဒီအတွက် ဘယ်သူ့ကို အပြစ်တင်နိုင်ပါမည်နည်း။
ရှောင်တန်နှင့် အစ်ကိုလုံတို့ကို နှုတ်ဆက်ပြီးနောက် ချန်ကော (ဖုန်းပုကြွယ်) သည် ဖုန်းခေါ်ဆိုမှုကို ရပ်စဲလိုက်ပြီး အဖွဲ့ကို ဖျက်လိုက်သည်။ ဖုန်းပုကြွယ်သည် ဓာတ်လှေကား တံခါးကိုဖွင့်ကာ ပစ္စည်းကိရိယာများ ထားရှိရာ နေရာသို့ ဝင်ရောက်လိုက်၏။
ထိုအခန်းထဲတွင် ဖန်ပြွန်ကြီးနှစ်ခု ရှိနေဆဲ ဖြစ်သည်။ ဘယ်ဘက် ဖန်ပြွန်အတွင်း၌ ပစ္စည်းတစ်ခု လွင့်မျောနေပြီ ဖြစ်သည်။ ၎င်းမှာ အချိန်သခင်ထံမှ လက်ဆောင်ဖြစ်ရပေမည်။ အကယ်၍ သူသာ မိစ္ဆာတံခါးကို ချိပ်မပိတ်ခဲ့လျှင် ဤဆုလာဘ်မှာလည်း ရှိလာလိမ့်မည် မဟုတ်ပေ။
ဖုန်းပုကြွယ်သည် သူ့သိုလှောင်အိတ်ထဲရှိ လက်နှိပ်ဓာတ်မီးနှစ်ခုအနက် တစ်ခုကို လော့ဂ်အင်ခန်းမရှိ သိုလှောင်ရုံထဲသို့ ပြောင်းရွှေ့လိုက်ရာ သူ့အိတ်ထဲတွင် နေရာလွတ် ၆/၁၀ ဖြစ်သွားသည်။ ထို့နောက် သူသည် ထိုပစ္စည်းကို သွားယူလိုက်၏။ ထိုအတောအတွင်း သူသည် ဂုဏ်ပုဒ်မှ ပေးအပ်ထားသော အထူးစွမ်းရည်ကို တစ်ချက်ကြည့်လိုက်သည်။ ထိုစွမ်းရည်မှာ ကျွမ်းကျင်မှုဘား၏ အပေါ်ဘက်တွင် ပေါ်နေပြီး နေရာအများကြီး ယူထားခြင်း မရှိပေ။
အမည် - ဦးနှောက်ထိခိုက်စေခြင်း
စွမ်းရည်အမျိုးအစား - အမြဲတမ်းစွမ်းရည်
အာနိသင် - သင်သည် ထိပ်တိုက်ရင်ဆိုင်ရာတွင် အဖျားတုံးလက်နက်ဖြင့် ပစ်မှတ်၏ ဦးခေါင်းကို ရိုက်နှက်မိပါက ပစ်မှတ်ကို ၂ စက္ကန့်မျှ မူးဝေသွားစေရန် ၃၀ ရာခိုင်နှုန်း အခွင့်အရေး ရှိသည်။
မှတ်ချက် - တစ်ချက်တည်းနဲ့ မသေရင်လည်း ကိစ္စမရှိပါဘူး။ ပိုပြီး ကြိုးစားကြည့်ပါ၊ ဒါက အစပဲ ရှိသေးတာပါ။
ဤဂုဏ်ပုဒ်မှရသော အထူးစွမ်းရည်မှာ သိပ်မဆိုးလှပေ။ အဆုံးမှာတော့ ၎င်းမှာ အမြဲတမ်းစွမ်းရည် ဖြစ်သဖြင့် သက်လုံအမှတ်သုံးစွဲရန် မလိုပေ။ အဆင့်နိမ့်မကောင်းဆိုးဝါးများနှင့် တိုက်ခိုက်ရာတွင် မာရီယို၏ ဂွနှင့် တွဲဖက်သုံးပါက အလွန် အသုံးဝင်ပေလိမ့်မည်။ သို့သော် အကယ်၍ သူသည် အင်အားကြီးသော မကောင်းဆိုးဝါး၊ လူပုံသဏ္ဌာန် မဟုတ်သော မကောင်းဆိုးဝါး၊ ရုပ်ခန္ဓာမရှိသော ဝိညာဉ် သို့မဟုတ် ဘော့စ်ကြီးများနှင့် တွေ့ကြုံရလျှင်မူ ဖုန်းပုကြွယ်အနေဖြင့် ပစ်မှတ်၏ ဦးခေါင်းကို အဖျားတုံးလက်နက်ဖြင့် ရိုက်နှက်ရန် အခွင့်အရေး ရှိလိမ့်မည် မဟုတ်ပေ။
ဖုန်းပုကြွယ်သည် ပထမဆုံး ဖန်ပြွန်ဆီသို့ လျှောက်သွားလိုက်သည်။ အထဲတွင် သဲများ တစ်ဝက်ခန့် ထည့်ထားသော ဖန်ပုလင်း အသေးလေးတစ်လုံး လွင့်မျောနေလေ၏။
[အမည် - နှေးကွေးစေသော သဲ]
အမျိုးအစား - အသုံးပြုပြီး ကုန်ဆုံးမည့်ပစ္စည်း
[အရည်အသွေး - ထူးကဲ]
အထူးအာနိသင် - ဤပုလင်းကို ခွဲလိုက်သည့်အခါ မီတာ ၁၀၀ ပတ်လည်အတွင်းရှိ မကောင်းဆိုးဝါးအားလုံး၏ အရှိန်သည် ဆယ်ဆခန့် လျော့ကျသွားမည် ဖြစ်သည်။ တစ်မိနစ်ခန့် ကြာမြင့်မည်။
မှတ်ချက် - ဤပုလင်းထဲတွင် အဆင့်နိမ့် အချိန်ဖုန်မှုန့်အချို့ ပါဝင်သည်။ အကယ်၍ သင်သည် မကောင်းဆိုးဝါးအုပ်ကြီး၏ ဝိုင်းရံမှုကို ခံရပါက ဤပုလင်းသည် သင့်ကို လွတ်မြောက်အောင် ကူညီပေးနိုင်ပါလိမ့်မည်။
“ဒါက မဟာဗျူဟာကျကျသုံးလို့ရတဲ့ တန်ဖိုးကြီး ပစ္စည်းတစ်ခုပဲ၊ ရှောင်တန်နဲ့ အစ်ကိုလုံတို့ဆီမှာလည်း တစ်ယောက်တစ်ခုစီ ရှိမှာပဲ...”
ဖုန်းပုကြွယ်သည် ဒုတိယမြောက် ဖန်ပြွန်ဆီသို့ လျှောက်သွားရင်း ရေရွတ်လိုက်သည်။
“ကျေးဇူးပြု၍ သင်၏ အပိုဆုလာဘ်ကို ရွေးချယ်ပါ။
၁။ သင့်အဆင့်နှင့် ကိုက်ညီသော ကျပန်း ပစ္စည်းကိရိယာတစ်ခု။
၂။ ဂိမ်းဒင်္ဂါး ၅၀၀၀၀ (အများဆုံး)။
၃။ အတွေ့အကြုံအမှတ် ၄၄၀၀။”
အဆင့် ၁၁ တွင် ဤကြောက်ရွံ့မှုတန်ဖိုး အဆင့်သတ်မှတ်ချက်၏ တန်ဖိုးမှာ ငြင်းမရနိုင်ပေ။ “သတ္တိ၏ ပြယုဂ်” မှ ပေးအပ်သော ဆုလာဘ်သုံးမျိုးအနက် အမြင့်ဆုံးဆုမှာ ဂိမ်းဒင်္ဂါး ၅၀၀၀၀ ဖြစ်သည်။ ပစ္စည်းကိရိယာများကို ခေတ္တဘေးဖယ်ထားလျှင်ပင် “လက်ရှိ အဆင့်တက်ရန် လိုအပ်သော အမြင့်ဆုံး အတွေ့အကြုံအမှတ်၏ ၄၀ ရာခိုင်နှုန်း” ဟူသော ဆုလာဘ်မှာ အလွန်ပင် ကောင်းမွန်လှသည်။
သီအိုရီအရဆိုလျှင် ဖုန်းပုကြွယ်အနေဖြင့် သူ့ရောဂါ မသက်သာသရွေ့ မည်သည့်အဆင့်တွင်မဆို ဇာတ်လမ်းနှစ်ခုကို အသက်ရှင်အောင် ကစားနိုင်ရုံဖြင့် အဆင့်တက်နိုင်ပေလိမ့်မည်။
သို့သော် ထိုအချက်ကြောင့်ပင် ဖုန်းပုကြွယ်သည် အတွေ့အကြုံအမှတ် ဆုလာဘ်ကို မရွေးချယ်ချင်ခြင်း ဖြစ်သည်။ ဘယ်တော့မှ တိုးမလာသော သူ၏ ကြောက်ရွံ့မှုတန်ဖိုးများက ဂိမ်းကုမ္ပဏီ၏ အာရုံစိုက်မှုကို ခံရပြီး လိမ်လည်နေသည်ဟု အထင်ခံရမည်ကို သူစိုးရိမ်မိသည်။ ထို့ကြောင့် သူသည် တတ်နိုင်သမျှ သတိမထားမိအောင် နှိမ့်နှိမ့်ချချနေရန် ကြိုးစားနေခြင်း ဖြစ်၏။ အဆုံးတွင်တော့ သူသည် အဆင့်ကို အရမ်းမြန်မြန် မတက်ချင်ပေ။
ထို့ကြောင့် သူသည် ပစ္စည်းကိရိယာကိုသာ ထပ်မံ ရွေးချယ်လိုက်လေသည်။ သူ့ဆီတွင် အဝေးပစ်နှင့် အနီးကပ်တိုက်ခိုက်ရေး လက်နက်များ မရှားသော်လည်း ခုခံရေးအတွက် လိုအပ်နေသေးသည်။ သူသည် ယုံကြည်စိတ်ချရသော ခုခံရေးပစ္စည်းတစ်ခုခုရရန် မျှော်လင့်နေမိသည်။
အခန်း (၃၂)
ရွေးချယ်မှုပြီးဆုံးသွားသောအခါ ဖန်ပြွန်အတွင်းရှိ အဖြူရောင်အလင်းတန်းများ စုစည်းသွားပြီးနောက် နောက်ဆုံးတွင် ခေတ်ဟောင်းပုံစံ ဘောလုံးဖိနပ်တစ်စုံ ပေါ်ထွက်လာခဲ့သည်။
[အမည် - ဂျက်ဇ်ဖိနပ်]
[အမျိုးအစား - ချပ်ဝတ်]
[အရည်အသွေး - ထူးကဲ]
[ခုခံမှု - အားနည်း]
[ဂုဏ်သတ္တိ - မရှိ]
[အထူးအာနိသင် - ပြေးနှုန်းကို မြှင့်တင်ပေးပြီး အချိန်ကြာမြင့်စွာ လမ်းလျှောက်ခြင်း သို့မဟုတ် ပြေးလွှားခြင်းများ ပြုလုပ်ရာတွင် သက်လုံအမှတ်ကုန်ဆုံးမှုကို များစွာ လျော့ချပေးသည်။]
[မှတ်ချက် - ဤဖိနပ်တစ်စုံသည် မကြုံစဖူး ထူးခြားသော တောင်ပံကစားသမား တစ်ဦး၏ ပစ္စည်းဖြစ်သည်။ သူသည် ပထမဆုံးသော ဥရောပတစ်နှစ်တာအကောင်းဆုံး ဘောလုံးသမားဆုရှင် ဖြစ်သလို အလွန်တော်သော ဘောလုံးဆွဲသူလည်း ဖြစ်သည်။ သူ၏ နှစ်ပေါင်း ၃၀ ကျော် ကစားသမားဘဝသက်တမ်းတစ်လျှောက်တွင် အနီကတ် သို့မဟုတ် အဝါကတ် တစ်ခါမှ ပြခံခဲ့ရဖူးခြင်း မရှိပေ။ ‘ဘောလုံးဧကရာဇ်’ ဟု လူသိများသော အခြားအားကစားသမား တစ်ဦးက “သူဟာ ငါတို့ကို ဘောလုံး ဘယ်လိုကစားရမလဲဆိုတာ သင်ပေးခဲ့တဲ့သူပဲ” ဟု မှတ်ချက်ပြုခဲ့ဖူးသည်။]
“ဒါက မဆိုးပါဘူး... ပြီးတော့ ဒါကိုဝတ်ဖို့အတွက် သတ်မှတ်ချက်တွေလည်း မရှိဘူးပဲ”
ဖုန်းပုကြွယ်က ဖတ်ကြည့်ရင်း “နောင်ကျရင် ပိုကောင်းတဲ့ ခြေထောက်ချပ်ဝတ်ရလာရင်တောင် ဒါကို ဈေးကောင်းကောင်းနဲ့ ပြန်ရောင်းလို့ ရတာပဲ”
သူသည် ထိုဖိနပ်ကို တိုက်ရိုက်ဝတ်ဆင်လိုက်သောအခါ စနစ်၏ အသိပေးချက် ထွက်ပေါ်လာသည်။
[ဝတ်ဆင်ထားသော ပစ္စည်း၌ ‘အလှဆင်ပစ္စည်း’များ ပါဝင်နေပါက မီနူးမှတစ်ဆင့် သင်နှစ်သက်ရာ အသွင်အပြင်ကို ရွေးချယ်နိုင်ပါသည်။]
ဖုန်းပုကြွယ် ယင်းကို စစ်ဆေးကြည့်လိုက်သည်။ ဤလုပ်ဆောင်ချက်မှာ ကစားသမားများသည် စနစ်တွင်ပါလာသော မူလဖိနပ်အသွင်အပြင်ကိုဖြစ်စေ သို့မဟုတ် တပ်ဆင်ထားသော ဖိနပ်အသွင်အပြင်ကိုဖြစ်စေ ရွေးချယ်ပြသနိုင်ခြင်းကို ဆိုလိုသည်။ နောင်တွင် အရောင်းဆိုင်ဖွင့်လှစ်သည့်အခါ စင်ပေါ်၌ အလှဆင်ပစ္စည်းများစွာ ရှိလာပေလိမ့်မည်။ ထိုအချိန်ရောက်လျှင် ငွေသား (RMB) သုံးကာ ခေါင်းဆုံးခြေဖျားအထိ ထူးထူးဆန်းဆန်း အဝတ်အစားများ ဝယ်ယူဝတ်ဆင်မည့် ကစားသမားများစွာ ရှိလာလိမ့်မည်ဟု သူ ယုံကြည်သည်။ ထိုသူတို့သည် ဝတ်ဆင်ထားသောပစ္စည်းကို ပြသမည်မဟုတ်ဘဲ သူတို့နှစ်သက်ရာ ပုံစံကိုသာ ပြသကြပေလိမ့်မည်။
သို့သော် စမ်းသပ်ကာလအတွင်း အရောင်းဆိုင် မရှိသေးသည့်အချိန်တွင်မူ ဝတ်ဆင်ထားသော ပစ္စည်းကို ပြသရန် ရွေးချယ်သူများက ပို၍ များပြားလှသည်။ တကယ်တော့ ဤအရာသည် ဂုဏ်ပကာသန ပြလိုစိတ် တစ်မျိုးပင် ဖြစ်၏။ လူသားတို့သည် အခြားသူများ၌ မရှိဘဲ မိမိ၌သာ ရှိသောအရာကို အမြဲတမ်း ပြသလိုကြသည်။ အခြားသူများ၏ အားကျသော အကြည့်များက စိတ်ကျေနပ်မှုကို အတိုင်းအတာတစ်ခုအထိ ပေးစွမ်းနိုင်သည်။
ပစ္စည်းများကို စီစဉ်ပြီးနောက် ဖုန်းပုကြွယ်သည် အာရုံကြောချိတ်ဆက်မှုကို ဖြတ်တောက်လိုက်တော့သည်။
သူသည် ဂိမ်းသေတ္တာထဲမှ ထွက်လာသောအခါ ပြင်ပကမ္ဘာ၏ အချိန်အရ နှစ်နာရီခန့် ကုန်ဆုံးသွားပြီ ဖြစ်သည်။ ထိုအချိန်တွင် ညဉ့်နက်နေပြီ ဖြစ်ကာ ပြတင်းပေါက် အပြင်ဘက်၌ လေများ တဝူးဝူး တိုက်ခတ်နေလေ၏။ မြို့ပြ၏ ကောင်းကင်ယံ၌ ကြယ်တာရာများ မရှိပေ။ မှန်ပေသည်၊ ဖုန်းပုကြွယ်ကလည်း ထိုအရာများကို ကြည့်ခဲလှသည်။
မြို့ကြီးပြကြီးရှိ လူငယ်များသည် နောက်တစ်နေ့ မနက်စောစော ထရမည်ဖြစ်စေ၊ မထရမည်ဖြစ်စေ သန်းခေါင်ယံမတိုင်ခင် အိပ်စက်လေ့ မရှိကြပေ။ သူတို့သည် အလုပ်ပြီးနောက်ရရှိသော မိမိတို့၏ ကိုယ်ပိုင်အချိန်များကို အဆုံးရှုံးခံမည့်အစား မနက် ၆ နာရီတွင် ကြပ်ညပ်နေသော မြေအောက်ရထား သို့မဟုတ် ဘတ်စ်ကားပေါ်၌ ငိုက်မြည်းနေရသည်ကိုသာ ပိုရွေးချယ်ကြပေလိမ့်မည်။ ဖုန်းပုကြွယ်သည် ပုံမှန် ညဖက်တွင် အလုပ်လုပ်တတ်သူဖြစ်သည်။ သူသည် နေ့တိုင်း မွန်းတည့်ချိန်မှ နိုးလေ့ရှိကာ မနက် ၄ နာရီလောက်မှသာ အိပ်ရာဝင်လေ့ ရှိသည်။ မနက်စောစော အချိန်သည် သူ၏ စိတ်ကူးစိတ်သန်းများအတွက် အကောင်းဆုံးအချိန် ဖြစ်သည်ဟု သူ ယုံကြည်ထားသည်။
သို့သော် ယနေ့တွင် သန်းခေါင်ယံရောက်ရန် ၂ နာရီ သို့မဟုတ် ၃ နာရီခန့် လိုသေးသော်လည်း ဖုန်းပုကြွယ်သည် ရုတ်တရက် စာရေးလိုစိတ် ပေါ်လာသည်။ သူသည် ကော်ဖီတစ်အိုးလုံးကို ဖျော်လိုက်ပြီး ကွန်ပျူတာရှေ့တွင် ထိုင်ကာ ကီးဘုတ်ပေါ်၌ စာရိုက်တော့သည်။
သူ၏ ကလောင်အမည်မှာ ‘ပုကြွယ်’ ဖြစ်ကာ သူရေးသားနေသော ဝတ္ထုအမည်မှာ ‘ဒုတိယတန်းစား စုံထောက်နှင့် ကြောင်’ ဖြစ်သည်။ တကယ်တမ်း သူသည် ပထမတန်းစား စုံထောက်တစ်ယောက်အကြောင်းကိုသာ ရေးချင်ခဲ့ခြင်း ဖြစ်၏။ သို့သော် ယခုခေတ်ကြီးတွင် စီးပွားဖြစ်ဝတ္ထုတစ်ပုဒ်ဖြစ်ရန် တစ်ခုခု ဆွဲဆောင်နိုင်သည့်အချက် ပါရှိရမည် ဖြစ်သည်။ ရုပ်ပြစာအုပ်များစွာက လူအများ စိတ်ဝင်စားလာစေရန် အမျိုးသမီး ဇာတ်ကောင်များကို သုံးသကဲ့သို့ပင် ဝတ္ထုလောကသည်လည်း ဈေးကွက်၏ စည်းမျဉ်းများကို လိုက်နာရပေမည်။ နှစ်ပေါင်း မည်မျှပင် ကုန်ဆုံးသွားပါစေ အသစ်အဆန်းကို ရှာဖွေတတ်သော လူသားတို့၏ စိတ်ပညာသည် အမြဲတမ်း ထိုးဖောက်ရမည့်အချက်ပင် ဖြစ်သည်။
ဖုန်းပုကြွယ် ဆင်းရဲနွမ်းပါးစဉ်က ဆွဲဆောင်မှုရှိသော ဝတ္ထုအချို့ရေးရန် စဉ်းစားခဲ့ဖူးသည်။ မိမိကိုယ်ကို အနုပညာရှင်တစ်ဦးဟု ခံယူထားသူ ဖြစ်သည့်အတိုင်း မီလက် (ဖိနပ်ရရန် ပုံကြမ်းများကို လဲလှယ်ခဲ့ရပြီး အိပ်ရာရရန် ဆီဆေးပန်းချီများကို လဲလှယ်ခဲ့ရသော ပြင်သစ်ပန်းချီဆရာတစ်ဦးဖြစ်ကာ လူကုံထံများ၏ ကာမရာဂနှိုးဆွမှုကို ဖြည့်ဆည်းရန် ညစ်ညမ်းပန်းချီအချို့ကိုလည်း ရေးဆွဲခဲ့ရသူ) သို့မဟုတ် တီရှန် (ကောင်းပြီ၊ ဤသူကတော့ ဝါသနာအရ ရေးဆွဲခြင်းသာ ဖြစ်သည်) ကဲ့သို့သော စိတ်ဝိညာဉ်ချင်း ထိတွေ့နိုင်သည့် ဇာတ်ကောင်များကို ရှာဖွေရန်မှာ သူ့အတွက် လွယ်ကူလှသည်။
မည်သို့ပင်ဖြစ်စေ ဖုန်းပုကြွယ်သည် နောက်ဆုံးတွင် အလျှော့ပေးလိုက်ကာ ဆွဲဆောင်နိုင်သည့် အချက်တစ်ခုကို ထည့်သွင်းလိုက်သည်။ ထိုသို့ဖြင့် သူနှစ်သက်ပြီး ကျွမ်းကျင်လှသော စုံထောက်ဝတ္ထုများကို ရေးသားနိုင်တော့မည် ဖြစ်သည်။ ‘ဒုတိယတန်းစား စုံထောက်နှင့် ကြောင်’ ၏ ဇာတ်အိမ်မှာ အဓိကဇာတ်လိုက်ကို ဇာတ်ကောင်နှစ်ခုအဖြစ် ခွဲထုတ်လိုက်ခြင်း ဖြစ်သည်။ မူလက ထိုစာအုပ်၏ ဇာတ်လိုက်မှာ ထက်မြက်သောသူ ဖြစ်ရမည်ဖြစ်သော်လည်း ယခုမူ သူသည် သဘောကောင်းသော်လည်း အရည်အချင်းမရှိသော စုံထောက်တစ်ဦး ဖြစ်သွားသည်။ တစ်နေ့တွင် သူ့ကြောင်က စကားပြောတတ်ကြောင်းနှင့် သူတစ်ဦးတည်းသာ ထိုစကားကို နားလည်နိုင်ကြောင်း သိလိုက်ရသည့်အချိန်အထိပေါ့။ ထိုကြောင်မှာ နတ်ဘုရားကဲ့သို့သော ဆင်ခြင်တုံတရားနှင့် တွက်ချက်နိုင်စွမ်း ရှိနေပြန်သည်။
မဂ္ဂဇင်းအယ်ဒီတာကပင် ဤဇာတ်အိမ်ကို ကောင်းကောင်း အသုံးချနိုင်သည်ဟုဆိုကာ ဖုန်းပုကြွယ်ကို ချီးကျူးခဲ့ဖူးသည်။ ဇာတ်လိုက်နှင့် ကြောင်တို့ကြားမှ အပြန်အလှန်ဆက်ဆံရေးက စုံထောက်ဝတ္ထု၏ မှောင်မိုက်ပြီး အုံ့မှိုင်းစရာကောင်းသော ပုံစံကို လျော့ပါးသွားစေနိုင်သည်။ ဤကဲ့သို့ ရေးသားခြင်း၏ အကျိုးကျေးဇူးများကို ဖုန်းပုကြွယ်လည်း သိရှိလိုက်သည်။ ပထမအချက်မှာ ဇာတ်ကွက်၏ တင်းမာမှုကို လျော့ကျစေနိုင်ခြင်းဖြစ်ကာ၊ ဒုတိယအချက်မှာ စာလုံးရေကို ဖြည့်တင်းပေးနိုင်ခြင်း ဖြစ်သည်။
ဤဇာတ်လမ်းတွဲ အပြင် ဖုန်းပုကြွယ်သည် ဝတ္ထုရှည်တစ်ပုဒ်ကိုလည်း ရေးသားနေသေးသည်။ ၎င်းမှာ သူရှေ့တွင် ပြောခဲ့ဖူးသည့်အတိုင်း သူ့အတွက် ငွေအစစ်အမှန် ရှာပေးနိုင်မည့် ဝတ္ထုမျိုး ဖြစ်သည်။ မူလက ထိုစာအုပ်မှာ ရေးရခက်နေသဖြင့် တစ်လခန့် လက်မတွဲဘဲ ထားခဲ့ခြင်း ဖြစ်သည်။ သို့သော် ထိုညတွင် ဖုန်းပုကြွယ်သည် စိတ်ကူးသစ်တစ်ခု ရရှိလိုက်သဖြင့် ‘အိပ်မက်ဆိုး၏ အစွန်းနှစ်ဖက်’ ဟု အမည်ရသော ဇာတ်လမ်းကို စတင် ရေးသားတော့သည်။
…
ညဉ့်အချိန်သည် တိတ်ဆိတ်စွာ ကုန်ဆုံးသွား၏။ နောက်တစ်နေ့မနက် နေထွက်ခါနီးအချိန်တွင် ဖုန်းပုကြွယ်သည် စာဖိုင်ကို သိမ်းလိုက်ကာ ကွန်ပျူတာစားပွဲမှ ထရပ်လိုက်သည်။ သူသည် ပျင်းရိစွာ အကြောဆန့်လိုက်ပြီး သန်းဝေရင်း အချိန်ကို ကြည့်လိုက်၏။ မနက် ၄ နာရီ ၄၀ မိနစ် ရှိပြီ ဖြစ်သည်။ ထိုအခါမှ ဖုန်းပုကြွယ်သည် ယမန်နေ့က ‘ဂူသင်္ချိုင်းကန်တော့ပွဲနေ့’ ဖြစ်သည်ကို သတိရလိုက်သည်။ အိပ်မက်ကော်ပိုရေးရှင်းသည် သည်းထိတ်ရင်ဖို သုခဘုံ၏ စမ်းသပ်ကာလကို ထိုကဲ့သို့သောနေ့တွင် စတင်ရန် ရည်ရွယ်ချက်ရှိရှိ ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့် ဤသည်မှာ ခြောက်ခြားမှုကို အရောင်းအဝယ်ပြုလုပ်သည့် အွန်လိုင်းဂိမ်းတစ်ခု၏ ကြော်ငြာနည်းလမ်း တစ်ခုပင် ဖြစ်၏။
အချိန်အတော်လေး နောက်ကျနေပြီ ဖြစ်သဖြင့် လူနေရပ်ကွက် အပြင်ဘက်ရှိ မုန့်ဆိုင်များ အဆင်သင့် ဖြစ်နေလောက်ချေပြီ။ ဖုန်းပုကြွယ်စိတ်ထဲတွင် ဝတ္ထုထဲက ဇာတ်ကွက်များစွာဖြင့် ပြည့်နှက်နေဆဲ ဖြစ်သည်။ သူသည် လုံးဝပင်ပန်းသည်ဟု မခံစားရသဖြင့် ပြန်မအိပ်ခင် အပြင်ထွက်ကာ မနက်စာ စားရန် ဆုံးဖြတ်လိုက်သည်။
သူသည် သူ့သော့များနှင့် အကြွေအချို့ (သူ့မှာ အကြွေပဲ ရှိတာပါ) ကို ယူကာ အောက်ထပ်သို့ ဆင်းခဲ့သည်။ ၁၅ မိနစ်အကြာတွင် သူသည် ကြက်သွန်မြိတ်ပန်ကိတ်များနှင့် အီကြာကွေးတို့ကို ကိုင်ကာ ပြန်လာခဲ့သည်။
သူ ရပ်ကွက်ထဲသို့ ပြန်ရောက်သည့်အခါ မနက်ခင်း လေ့ကျင့်ခန်းလုပ်ရန် ထွက်လာကြသော သို့မဟုတ် ရပ်ကွက်ဆေးရုံတွင် တန်းစီနေကြသော သက်ကြီးရွယ်အို အချို့ကို မြင်တွေ့လိုက်ရသည်။
ဖုန်းပုကြွယ်သည် အိမ်နီးနားချင်းများနှင့် ဆက်ဆံရေး သိပ်မရှိလှပေ။ ပုံမှန်အားဖြင့်ဆိုလျှင် ဤအချိန်တွင် သူအိပ်ပျော်ကာစသာ ရှိဦးမည်။ သူ့အတွက်တော့ နေ့တစ်နေ့သည် မွန်းတည့်ချိန်မှ စတင်ခြင်း ဖြစ်သည်။
“မြောင်...”
လမ်းဘေးတွင် အဖြူအမည်းကြား ကြောင်လေးတစ်ကောင် ရှိနေပြီး သူ ဖြတ်သွားသည့်အခါ သူ့ကို လှမ်းအော်လိုက်သည်။
ဖုန်းပုကြွယ် လမ်းလျှောက်ခြင်းကို ရပ်တန့်လိုက်ပြီး သေချာအောင် ထိုကြောင်လေးကို စက္ကန့်အနည်းငယ်မျှ ကြည့်လိုက်သည်။ သူ ထင်တာ မှန်ပါသည်... ၎င်းသည် သူကိုင်ထားသော မနက်စာကို စိုက်ကြည့်နေခြင်း ဖြစ်၏။
“ငါ ပြောပါဦးမယ်...”
ဖုန်းပုကြွယ်သည် ကြောင်လေးနားသို့ သွားကာ ဆောင့်ကြောင့်ထိုင်လိုက်သည်။ လည်ပတ်မပါသော ထိုလေလွင့်ကြောင်ကို ကြည့်ရင်း သူတီးတိုးပြောလိုက်သည်။
“မင်းက မုန့်ဆီကြော်တွေတောင် စားတတ်လို့လား”
“မြောင်”
ထိုကြောင်မှာ သူစိမ်းများကိုကို ကြောက်ပုံမရပေ။ ၎င်း၏ အော်သံမှာ ထိုမေးခွန်းကို ပြန်ဖြေလိုက်သည့်အလား ရှိသည်။
“ပြီးခဲ့တဲ့ရက်တွေက ငါက ခေါက်ဆွဲနဲ့ ဟင်းရည်ပဲ စားနိုင်ခဲ့တာ”
ဖုန်းပုကြွယ်ပြောရင်း ကြက်သွန်မြိတ်ပန်ကိတ်ကို အနည်းငယ် ဖဲ့ကာ ကြောင်၏ ပါးစပ်နားတွင် ချပေးလိုက်သည်။
“ဒါက ငါ့ရဲ့ နောက်ဆုံးကျန်တဲ့ ပိုက်ဆံအနည်းငယ်နဲ့ ဝယ်လို့ရတဲ့ တစ်ခုတည်းသော အရာပဲ၊ ဆီပါတာဆိုလို့ ဒါပဲ ရှိတယ်”
ကြောင်လေးက ၎င်း၏ခေါင်းကို ရှေ့သို့တိုးလိုက်ပြီး ဖုန်းပုကြွယ်ပေးသော အစာကို နှာခေါင်းဖြင့် နမ်းကြည့်သည်။ ထို့နောက် ပန်ကိတ်ကို တစ်လုတ်တည်းနှင့် စားပစ်လိုက်တော့သည်။ ၎င်းသည် နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်ပြီး နောက်ထပ်တစ်ကြိမ် ထပ်အော်ပြန်သည်။ ကြည့်ရသည်မှာ ထိုတစ်လုတ်နှင့် မလောက်သေးပုံ ရသည်။
ဖုန်းပုကြွယ်သည် နောက်ထပ် ပန်ကိတ်အပိုင်းအစလေး တစ်ခုကိုဖဲ့ကာ ကြောင်ကို ပေးလိုက်ပြန်သည်။
“ကြည့်ရတာလည်း ချစ်စရာ မကောင်းသလို၊ ဈေးကြီးတဲ့ မျိုးစိတ်လည်း မဟုတ်ပါဘူး၊ သူစိမ်းတစ်ယောက်ဆီကနေ အစာတောင်းရဲတယ်လား၊ ပေးလေ လိုလေ အိုတစ္ဆေကောင်မျိုးပဲ...”
သူ ထိုသို့ လှောင်ပြောင်နေရင်းပင် ဗီဇအရ နောက်ထပ်ပန်ကိတ်တစ်ခုကို ဖဲ့ကာ ကြောင်ကို ကျွေးလိုက်မိပြန်သည်။
“အမှိုက်ပုံးထဲ သွားရှာစားစမ်း၊ ကောင်စုတ်လေး”
အမှိုက်ပုံးအကြောင်း ပြောမိသည့်အခါ ဖုန်းပုကြွယ်သည် မသိစိတ်ဖြင့် အပေါ်သို့ မော့ကြည့်လိုက်ရာ တိုက်ခန်းရှေ့ရှိ မတူညီသော အမှိုက်ပုံးသုံးပုံးကို မြင်လိုက်ရသည်။ လေးထောင့်စပ်စပ် ခွက်ပုံစံ အမှိုက်ပုံးများသည် အလွန်မြင့်မားလှပြီး ၁.၄ မီတာခန့် ရှိကာ အပေါ်ပိုင်းကျယ်ပြီး အောက်ပိုင်း ကျဉ်းသည်။ အကယ်၍ ကြောင်က အထဲသို့ ခုန်ဝင်ပြီး ပစ္စည်းရှာချင်လျှင် အမှိုက်ပုံးပြည့်နေမှသာ ရပေလိမ့်မည်။ မဟုတ်လျှင်မူ အထဲသို့ ခုန်ဝင်နိုင်သော်လည်း ပြန်တက်နိုင်လိမ့်မည် မဟုတ်ပေ။ အကယ်၍ အမှိုက်ကားထဲသို့သာ သွန်ချခံရပါက ထိုကြောင်မှာ သေဖို့သာ ရှိတော့သည်။
“ဟူး...”
ဖုန်းပုကြွယ် သက်ပြင်းချလိုက်ပြီး ပန်ကိတ်တစ်ဝက်ကိုဖဲ့ကာ သူ့လက်ဖဝါးပေါ်တွင် ဖြန့်လိုက်ပြီး ကြောင်ရှေ့သို့ ကမ်းပေးလိုက်သည်။
“တကယ်တော့ မင်းတို့လို လေလွင့်ကြောင်တွေအတွက် မလွယ်ပါဘူး၊ ပြီးခဲ့တဲ့ ဆောင်းရာသီတုန်းက ငါတို့ရပ်ကွက်ထဲမှာ ကြောင်တစ်ကောင်က ကားအောက်မှာပုန်းပြီး အင်ဂျင်ကထွက်တဲ့ အပူရှိန်နဲ့ အအေးဒဏ်ကို ခုခံခဲ့တယ်လို့ ကြားဖူးတယ်၊ မနက်ပိုင်းမှာ ကားပိုင်ရှင်က ကားစက်နှိုးလိုက်တော့ အဲ့ဒီကြောင်လေး ကားကြိတ်ခံရပြီး သေသွားရှာတယ်”
သူ ကြောင်လေး၏ ခေါင်းကို ပွတ်ပေးလိုက်သည်။ တချို့စကားများကို ကြောင်တွေကို ပြောပြရန် ပိုဆန္ဒရှိပေသည်။ ဖုန်းပုကြွယ်သည် ထိုစကားများကို လူတွေရှေ့တွင်တော့ ပြောလိမ့်မည်မဟုတ်ပေ။
“မင်းတို့ လေလွင့်ကြောင်တွေက ပျမ်းမျှ သုံးနှစ်လောက်ပဲ အသက်ရှည်ကြတာ၊ ငါကျတော့လည်း အမည်မသိ ဦးနှောက်ရောဂါနဲ့ အချိန်မရွေး ရုတ်တရက် သေသွားနိုင်တာပဲ၊ ဒီနေ့တော့ ငါတို့ ရေစက်ရှိတယ်လို့ ပြောရမှာပေါ့...”
သူသည် ကျန်နေသော ပန်ကိတ်တစ်ဝက်ကိုယူကာ ပါးစပ်ထဲထည့်ပြီး တစ်လုတ်ကိုက်လိုက်သည်။ ထို့နောက် ဗလုံးဗထွေးဖြင့် ပြောလိုက်သည်။
“... ငါတို့ ပန်ကိတ်တစ်ခုတည်းကို အတူတူ စားနိုင်ကြတာပဲ၊ ဖြစ်နိုင်ရင်တော့ နောက်ဘဝကျရင် ငါတို့ ညီအစ်ကိုတွေ ဖြစ်ကြတာပေါ့...”
“ဖုန်းလေး၊ ဒါ နင်လား”
ရင်းနှီးသော အသံတစ်ခုက သူ့နောက်ကွယ်မှ ထွက်ပေါ်လာသည်။
ဖုန်းပုကြွယ်လှည့်ကြည့်လိုက်ရာ သူ၏ အိမ်လစာလာသိမ်းနေကျ အိမ်ရှင်မကြီးကို မြင်လိုက်ရသည်။ ထိုအမျိုးသမီး၏ မျိုးရိုးအမည်သည် လျိုဖြစ်ကာ အငြိမ်းစားယူထားသည်မှာ ငါးနှစ်ရှိပြီ ဖြစ်သည်။ သူမ၏ ခင်ပွန်းအမည်မှာ ဟဲဖြပြီး အငြိမ်းစားဌာနဆိုင်ရာ အရာရှိတစ်ဦး ဖြစ်သည်။ ဒေါ်လေးလျိုသည် များသောအားဖြင့် စကားပြော အနည်းငယ်ကြမ်းသော်လည်း တကယ်တမ်းတွင်မူ စိတ်ထားကောင်းသူ တစ်ဦး ဖြစ်၏။
ဒေါ်လေးလျိုနှင့် ဖုန်းပုကြွယ်တို့မှာ တိုက်တစ်လုံးတည်းတွင် နေထိုင်ကြခြင်း ဖြစ်သည်။ သူမ၏ အမည်ပေါက်ဖြင့် တိုက်ခန်းသုံးခန်း ရှိသည်။ တစ်ခန်းမှာ ရပ်ကွက်၏ အခြားတစ်ဖက်တွင် ရှိကာ အငှားချထားခြင်းဖြစ်သည်။ ဤတိုက်ရှိ တိုက်ခန်းနှစ်ခန်းအနက် ဒေါ်လေးလျိုက ၁၃ လွှာမှာ နေပါက ကံမကောင်းဘူးဟု ယူဆထားသဖြင့် ရှစ်လွှာတွင် နေထိုင်ပေသည်။ အခြားတစ်ခန်းကိုမူ ဖုန်းပုကြွယ်အား အချိန်အတော်ကြာအောင် ငှားရမ်းထားခြင်း ဖြစ်သည်။
“နင်ပဲကိုး၊ ငါလည်း လူမှားသွားမလားလို့ စိုးရိမ်နေတာ”
ဒေါ်လေးလျိုသည် လက်ထဲတွင် ဟင်းချက်စရာခြင်းတောင်းကို ကိုင်ဆောင်ထားသည်။ သူမ ဈေးမှ ပြန်လာခြင်း ဖြစ်ရပေမည်။
“ဒီနေ့တော့ နေက အနောက်ဘက်က ထွက်လာပြီ ထင်တယ်၊ နင့်ကို မနက်စောစောကြီး အောက်ထပ်မှာ မြင်ရလိမ့်မယ်လို့ ငါနဲနဲလေးမှတောင် မစဉ်းစားမိဘူး”
သူမသည် အကြည့်ကို ကြောင်လေးဆီသို့ လွှဲလိုက်ပြီး စကားလမ်းကြောင်း ပြောင်းလိုက်သည်။
“ငါပြောရဦးမယ် ဖုန်းလေး၊ ငါက နင့်ကို ပွစိပွစိပြောချင်လို့ မဟုတ်ပါဘူး၊ ဒါပေမဲ့ လေလွင့်ကြောင်တစ်ကောင်ကို ဘယ်လိုလုပ် အစာကျွေးနေရတာလဲ၊ နင်ဒီနေ့ အစာကျွေးလိုက်ရင် မနက်ဖြန်ကျရင် ဒီမှာ လေလွင့်ကြောင် ငါးကောင်၊ ခြောက်ကောင်လောက် ရောက်လာတော့မှာပေါ့၊ ဒါက တခြားအိမ်နီးချင်းတွေကို ဒုက္ခပေးနေတာ မဟုတ်ဘူးလား”
“ဒါလည်း ဟုတ်တာပဲ”
ဖုန်းပုကြွယ် စက္ကန့်အနည်းငယ်မျှ စဉ်းစားလိုက်ပြီး ပြန်ဖြေသည်။
“ကြည့်ရတာ နည်းလမ်းတစ်ခုပဲ ရှိတော့တယ်...”
သူသည် လက်တစ်ဖက်ဖြင့် မနက်စာကိုကိုင်ကာ အခြားလက်တစ်ဖက်ဖြင့် ညစ်ပေနေသော လေလွင့်ကြောင်ကို မလိုက်သည်။
“ကျွန်တော် ဒါကို အိမ်ခေါ်သွားပြီး မွေးလိုက်မယ်”
ဒေါ်လေးလျို အံ့အားသင့်သွားသည်။
“မင်းကတော့ ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်ချက်တွေ တအားချတတ်တာပဲ၊ ငါ့ကိုရော မေးပြီးပြီလား”
“ကြည့်ပါဦး... ကျွန်တော်တို့ ရပ်ကွက်ထဲမှာ ခွေးတောင် မွေးလို့ရသေးတာပဲ၊ ဒီကြောင်က အပြင်လည်း မထွက်ပါဘူး...”
ဖုန်းပုကြွယ်က အပြုံးတစ်ခုကို ဖျစ်ညစ်ပြုံးကာ ချစ်စဖွယ်ဖြစ်အောင် ကြိုးစားလိုက်သည်။
“နင်တကယ် မွေးချင်လို့လား”
ဒေါ်လေးလျိုက ဖုန်းပုကြွယ် နောက်နေသည်ဟု ထင်နေခြင်း ဖြစ်သည်။ ရုတ်တရက် သူမ၏ အမူအရာ ပြောင်းလဲသွား၏။ သူမသည် ဖုန်းပုကြွယ်၏ မျက်နှာကို ကြည့်လိုက်ပြီးနောက် ကြောင်ကို ကြည့်လိုက်သည်။
“ဟေး... အခုမှ သတိထားမိတယ်၊ နင်တို့နှစ်ယောက်က ကြည့်ရတာ ဆင်တူသားပဲ”
သူမ၏ အကြည့်က အောက်ဘက်သို့ ရောက်သွားသည်။
“ပြီးတော့ ဒီကြောင်ကလည်း အထီးပဲ”
ဖုန်းပုကြွယ်၏ နှုတ်ခမ်းများ တွန့်သွားသည်။
“ဒေါ်လေး၊ ဒေါ်လေးပြောတဲ့ ဝါကျထဲက ‘လည်း’ ဆိုတဲ့ စကားလုံးမှာ ပြဿနာ ရှိနေတယ်... ကျွန်တော်က ‘ယောကျ်ားလေး’ ပါ...”
“ငါ နင်နဲ့ စကားမများချင်ပါဘူး၊ နင်က ပညာတတ်တစ်ယောက်ဆိုပေမယ့် ငါကတော့ မဟုတ်ဘူး”
ဒေါ်လေးလျိုက ဆိုသည်။
“ရှင်းရှင်းလင်းလင်းပဲ ပြောရအောင်၊ နင်ဒီကြောင်ကို မွေးချင်မွေးနိုင်တယ်၊ ဒါပေမဲ့ နင့်အိမ်က အခုတောင် တော်တော်လေး ညစ်ပတ်နေပြီ၊ တကယ်လို့ ကြောင်မွေးမယ်ဆိုရင် သန့်ရှင်းရေးကို ပိုပြီး ဂရုစိုက်ရမယ်၊ ဒီတိုက်ထဲက လူအများစုက သက်ကြီးရွယ်အိုတွေပဲ၊ တကယ်လို့ တစ်စုံတစ်ယောက်က ငါ့ဆီလာပြီး အနံ့အသက်မကောင်းဘူးလို့ ပြောလာရင်တော့...”
“ကျွန်တော် အဲ့ဒါကို ချက်စားပစ်မယ်”
ဖုန်းပုကြွယ်က ဖြတ်ပြောလိုက်သည်။
“မြောင်”
ကြောင်လေးက ထိုစကားကို နားလည်ပုံရပြီး ဖုန်းပုကြွယ်၏ လက်ထဲတွင် မကျေမနပ် အော်လိုက်၏။
“နင့်ခေါင်းကို ချက်စားလိုက်၊ နင်ချက်စားချင်ရင်တောင် ချက်စားလို့ မရဘူး”
ဒေါ်လေးလျိုက လမ်းလျှောက်ရင်း ပြောလိုက်သည်။
“သွားကြစို့...”
“ဘယ်ကို သွားမှာလဲ”
ဖုန်းပုကြွယ် မေးလိုက်သည်။
“ရပ်ကွက်ထဲက တိရစ္ဆာန်ဆေးခန်းကိုသွားပြီး ကာကွယ်ဆေး ထိုးပေးမလို့လေ”
ဒေါ်လေးလျိုက ဆိုသည်။
“တကယ်လို့ ဒီကောင်လေးမှာ ကြောင်ရောဂါပါလာရင် ဘယ်လိုလုပ်မလဲ”
“အဲ...”
ဖုန်းပုကြွယ် စက္ကန့်အနည်းငယ်မျှ တုံ့ဆိုင်းသွားပြီးမှ ဆိုလာသည်။
“ဒီလိုပါ... ကျွန်တော့်ဆီမှာ အခုတလော ပိုက်ဆံနည်းနည်း ပြတ်နေလို့...”
“ကလေးရယ်၊ မင်းဆီမှာ ဘယ်တုန်းက ပိုက်ဆံမပြတ်ဖူးလို့လဲ”
ဒေါ်လေးလျိုက ဖြတ်ပြောလိုက်သည်။
“ကဲပါ၊ ထားပါတော့၊ ဒေါ်လေးက အရင်စိုက်ပေးထားမယ်၊ အိမ်လစာပေးတဲ့အချိန်ကျမှ ပြန်ပေးပေါ့”
သူမသည် ခြေတစ်လှမ်း လှမ်းပြီးမှ ပြန်ရပ်လိုက်သည်။
“ကြည့်စမ်း ငါ့ကို၊ အရင်ဆုံး အပေါ်ထပ်တက်ပြီး ဒီဟင်းတွေကို သွားချလိုက်ဦးမယ်”
…
ဖုန်းပုကြွယ် အိမ်ပြန်ရောက်သည့်အခါ မနက် ၇ နာရီ ရှိနေပြီ ဖြစ်သည်။ သူသည် ကြောင်တစ်ကောင်ကိုသာ ခေါ်လာခဲ့ခြင်း မဟုတ်ဘဲ ကြောင်သဲဘူး၊ ကြောင်စာ၊ ပလတ်စတစ် ပန်းကန်လုံးများ၊ ကစားစရာများနှင့် အခြားသောပစ္စည်းများစွာကိုလည်း သယ်ဆောင်လာခဲ့ရသည်။
“နောက်ဘဝကျရင်တော့ ငါတို့ ညီအစ်ကိုတွေ မလုပ်ကြရအောင်”
ဖုန်းပုကြွယ်သည် ကြောင်လေးကို သူ့မျက်စိရှေ့တွင် မြှောက်လိုက်သည်။
“မင်းက မိန်းကလေးတစ်ယောက်အဖြစ် ဝင်စားပြီး မင်းရဲ့ ခန္ဓာကိုယ်နဲ့ ငါ့ကျေးဇူးကို ပြန်ဆပ်သင့်တယ်”
“မြောင်”
ကြောင်လေးက ပျင်းရိစွာ သန်းဝေလိုက်သည်။ ၎င်း၏ အမူအရာမှာ ဖုန်းပုကြွယ်ကို အထင်သေးသော အကြည့်ဖြင့် ကြည့်နေသည့်အလား ရှိ၏။
ဖုန်းပုကြွယ်သည် သူ့ပစ္စည်းများကို သိမ်းဆည်းလိုက်ပြီး အသံဖမ်းစက်ကို နှိပ်လိုက်သည်။ အသံသွင်းထားသော အသံက ထွက်ပေါ်လာလေသည်။
“သင့်ထံတွင် မက်ဆေ့ခ်ျတစ်စောင် ရှိနေပါသည်”
ထိုအေးစက်စက် အသံအပြီးတွင် ဝမ်တန်ကျိ၏ အသံမှာ ဖုန်းထဲမှ ထွက်ပေါ်လာ၏။
“အစ်ကိုပုကြွယ်၊ မင်း ဖုန်းပြန်မကိုင်ပြန်ဘူးလား၊ ဒီနေ့က အားလပ်ရက်ပဲ၊ ငါ နေ့လယ်ကျရင် မင်းအိမ်ကို လာခဲ့မယ်၊ စားဖို့အတွက် အသားတချို့လည်း ယူလာခဲ့မယ်။ မင်း အိမ်မှာ ရှိနေနော်၊ ဒါပဲ”
ထိုအချိန်တွင် ကြောင်လေးသည် ဖုန်းရှိရာသို့ ခုန်တက်သွားပြီး ဖုန်းခလုတ်ကို ၎င်း၏ ခြေသည်းဖြင့် ကုတ်လိုက်ကာ နှာခေါင်းဖြင့် နမ်းကြည့်သည်။ ထို့နောက် စိတ်ဝင်စားမှု မရှိတော့ဘဲ ဆိုဖာပေါ်သို့ ခုန်တက်ကာ လှဲအိပ်လိုက်တော့သည်။
“မင်းပြောပုံက ငါက နေ့တိုင်း အိမ်မှာဘာမှမလုပ်ဘဲ နေနေတဲ့သူကျနေတာပဲ”
ဖုန်းပုကြွယ်က သူ့ကိုယ်သူ မကျေမနပ် ပြောဆိုလိုက်သော်လည်း တကယ်တမ်းတွင်... သူသည် အလွန်ပင် အားလပ်နေသူ ဖြစ်သည်။