← Chapters

အခန်း (၃၃-၃၄)

Vol. 4 Ch. 33-34

အခန်း (၃၃-၃၄)

Vol. 4 Ch. 33-34

အခန်း (၃၃)

မွန်းလွဲ ၂ နာရီအချိန်တွင် တံခါးဝရှိ လူခေါ်စကားပြောစက် မြည်လာသည်။ ဖုန်းပုကြွယ်သည် ထိုဆူညံသံကြောင့် နိုးလာရပြီး ခေါင်းထဲတွင် မူးနောက်နောက်ဖြင့် စိတ်တိုသွားရသည်။

မနက်ပိုင်းက တိရစ္ဆာန်ဆေးခန်းတွင် ကြောင်ကို ရေချိုးပေးခဲ့သော်လည်း အိမ်ပြန်ရောက်သည့်အခါ နာရီဝက်ကျော်ခန့် ထပ်မံအလုပ်ရှုပ်ခဲ့ရသေးသည်။ သူသည် အဝတ်အစားပင် မလဲရသေးဘဲ အိပ်ပျော်သွားခဲ့ခြင်း ဖြစ်၏။ သူ အိပ်ပျော်သွားသည်မှာ ၆ နာရီခန့်သာ ရှိသေးသည်။

ဖုန်းပုကြွယ်သည် အိပ်ချင်မူးတူးဖြင့် တံခါးဆီသို့ လျှောက်သွားကာ စကားပြောခွက်ကို မကိုင်ပြီး မေးလိုက်သည်။

“ဘယ်သူလဲ”

“ငါပါ”

ဝမ်တန်ကျိက ပြန်ဖြေသည်။

“ဆရာပေါင်လည်း ပါတယ်ဟေ့”

“တံခါးပွင့်ပြီလား”

ဖုန်းပုကြွယ်သည် တံခါးဖွင့်သည့်ခလုတ်ကို နှိပ်လိုက်ပြီး သန်းဝေရင်း မေးလိုက်သည်။

“ပွင့်ပြီ၊ ပွင့်ပြီ၊ အပေါ်တက်လာခဲ့မယ်”

ဖုန်းခေါ်ဆိုမှု ပြီးဆုံး၍ တစ်မိနစ်အကြာတွင် ထိုနှစ်ဦးသား ဓာတ်လှေကားဖြင့် တက်လာကြသည်။ ကော်ရစ်ဒါအတိုင်း ဖြတ်လာပြီးနောက် ဖုန်းပုကြွယ်၏ အိမ်ရှေ့တံခါးခေါင်းလောင်းကို နှိပ်လိုက်ကြ၏။ ဖုန်းပုကြွယ်သည် တံခါးရှိ ချောင်းကြည့်ပေါက်မှတစ်ဆင့် ကြည့်လိုက်ပြီး တံခါးဖွင့်ပေးလိုက်သည်။ သူသည် ထိုနှစ်ဦးကို နှုတ်ပင် မဆက်တော့ဘဲ ဆိုဖာဆီသို့ ပြန်လှည့်သွားကာ လှဲချလိုက်တော့သည်။

ဝမ်တန်ကျိနှင့် ‘ဆရာပေါင်’ တို့က အားနာမနေကြပေ။ သူတို့ တံခါးပိတ်လိုက်ပြီး ပီဇာနှင့် ဘီယာအချို့ကို ကော်ဖီစားပွဲပေါ် တင်လိုက်ကြသည်။ ထို့နောက် ဖုန်းပုကြွယ်၏ မီးဖိုချောင်ထဲသို့ ဝင်ကာ ပန်းကန်နှင့် တူများကို သွားယူကြ၏။

“ဟမ်၊ အစ်ကိုပုကြွယ်… ဘာလို့ ကြောင်တစ်ကောင် ရှိနေတာလဲ”

ဝမ်တန်ကျိသည် ဆိုဖာထောင့်တွင် အိပ်ပျော်နေသော အဖြူအမည်းကြား ကြောင်လေးကို လျင်မြန်စွာ တွေ့မြင်သွား၏။

“ထောင့်က သဲဘူးကို မမြင်ဘူးလား၊ အဲ့ဒါ ငါ့ကြောင်ပဲ”

ဖုန်းပုကြွယ်သည် အိပ်ချင်မူးတူးဖြင့် ဘီယာပုလင်းကို ဖွင့်ကာ ပလုတ်ကျင်းသကဲ့သို့ တစ်ငုံသောက်လိုက်ပြီးမှ မျိုချလိုက်သည်...။

“မင်း ဘယ်တုန်းက ကြောင်ပြန်မွေးလိုက်တာလဲ”

ဝမ်တန်ကျိက ကြောင်လေးနားသို့ ခြေဖွဖွနင်းကာ တိုးသွားရင်း မေးလိုက်သည်။

“ဒီမနက်တင်ပဲ”

ဖုန်းပုကြွယ်က လေတက်ရင်း ပြောလိုက်သည်။

“သူ အိပ်နေတယ်လို့ မထင်နဲ့၊ ကြောင်ဆိုတာ အရမ်းနိုးကြားတဲ့ သတ္တဝါတွေပဲ၊ သူတို့က တစ်နေ့ကို ဆယ်နာရီကျော် အိပ်နေတယ်လို့ထင်ရပေမဲ့ တကယ်တမ်းကျတော့ သူတို့ဘေးနားမှာ တစ်ခုခု လှုပ်ရှားတာနဲ့ နားရွက်တွေက အနည်းငယ် လှုပ်သွားလိမ့်မယ်၊ ဒါက ဘာကို ဆိုလိုတာလဲဆိုတော့...”

ရှောင်တန် ကြောင်လေးကိုဖမ်းရန် ကြိုးစားလိုက်စဉ် ၎င်းသည် ရုတ်တရက် မျက်လုံးဖွင့်လိုက်ပြီး ရှေ့သို့ ခုန်တက်ကာ ဆိုဖာနောက်ဘက်သို့ လျင်မြန်စွာ ပြေးဝင်သွားတော့သည်။ ရှောင်တန်မှာမူ ဟန်ချက်ပျက်ကာ ယိမ်းယိုင်သွားရ၏။

“ဘာလို့ ကြောင်ပြန်မွေးဖို့ စိတ်ကူးရတာလဲ”

ဆရာပေါင်သည် မီးဖိုချောင်မှ ပန်းကန်နှင့် တစ်ရှူးများကိုယူကာ ပြန်ထွက်လာသည်။ သူသည် လက်ဝှေ့ယမ်းကာ ရှောင်တန်ကို ဆိုဖာပေါ်တွင်ထိုင်ရန် ပြောလိုက်ပြီး သူကိုယ်တိုင်လည်း ထိုင်လိုက်၏။

သူ့အမည်မှာ ပေါင်ချိန်ဖြစ်ပြီး ထိုနှစ်ဦးထက် လအနည်းငယ်သာ ကြီးသူဖြစ်သည်။ သူတို့ သုံးဦးလုံးသည် မူကြိုကျောင်းမှသည် အလယ်တန်းကျောင်းအထိ အတန်းဖော်များ ဖြစ်ခဲ့ကြသည်။ ပေါင်ချိန်ကို မူလတန်းကျောင်းကတည်းက ‘ဆရာပေါင်’ ဟု ခေါ်ခဲ့ကြခြင်း ဖြစ်သည်။ ပြဿနာမှာ... သူသည် လုံးဝ အသားမမည်းခြင်းပင်။ သူ၏ မိသားစုမှာလည်း အရာရှိအသိုင်းအဝိုင်း မဟုတ်သလို ကျောင်းတက်စဉ်ကလည်း အတန်းကော်မတီဝင် တစ်ခါမှ မဖြစ်ခဲ့ဖူးပေ။

ဆရာပေါင် အရွယ်ရောက်လာသည့်အခါ အမှန်တကယ် ‘လူကြီး’ တစ်ယောက် ဖြစ်လာလိမ့်မည်ဟု ဘယ်သူက ထင်ထားပါမည်နည်း။ သူသည် ယခုနှစ်တွင် အသက် ၂၅ နှစ် ရှိပြီဖြစ်ကာ အစိုးရဝန်ထမ်း တစ်ဦး ဖြစ်သည်။ သူ့သမီးလေးမှာလည်း နှစ်နှစ်ခွဲ ရှိပြီ ဖြစ်၏။ ဤလူပျိုကြီး နှစ်ယောက်နှင့် နှိုင်းယှဉ်လျှင် သူက အများကြီး ပိုရင့်ကျက်လှသည်။ ဆရာပေါင်၏ ထူးခြားချက်မှာ ငယ်ငယ်ကတည်းက ‘ညို့မှိုင်းနေသော’ မျက်နှာမျိုး ရှိခြင်းပင်။ အိမ်ထောင်ကျပြီးနောက်ပိုင်းတွင်မူ သူသည် အမြဲတမ်း စိတ်ညစ်နေသော မျက်နှာထားမျိုး ဖြစ်နေတတ်သည်။

“ဒါက ငါနဲ့ ဒီကြောင်ကြားက ရေစက်ပဲ”

ဖုန်းပုကြွယ်က ပြန်ဖြေသည်။

“ကံတရားအတိုင်းပေါ့”

ထိုနှစ်ဦးက မေးခွန်းမေးရာတွင် ‘ပြန်’ ဟူသော စကားလုံးကိုသုံးခြင်းမှာ ဖုန်းပုကြွယ်သည် ငယ်စဉ်က ကြောင်မွေးခဲ့ဖူးကြောင်း သိသောကြောင့် ဖြစ်သည်။ ထိုစဉ်က အိမ်နီးနားချင်းအဘွားအို မွေးထားသော ကြောင်မလေးသည် ကြောင်ပေါက်လေးကောင် မွေးခဲ့သည်။ သူမက ဖုန်းပုကြွယ်အား တစ်ကောင် ပေးခဲ့သဖြင့် သူသည် ၁၃ နှစ်တိုင်တိုင် မွေးမြူခဲ့သည်။ ကြောင်ပေါက်လေးသည် ကြောင်အိုကြီး ဖြစ်လာခဲ့ပြီး နောက်ဆုံးတွင် အသက်ကြီးကာ သေဆုံးသွားခဲ့သည်။ ကလေးငယ်မှာလည်း လူကြီးတစ်ယောက် ဖြစ်လာခဲ့ကာ ထိုကြောင်အိုကြီးကို သူ့လက်ဖြင့် ကိုယ်တိုင် မြေမြှုပ်ပေးခဲ့ဖူးသည်။

“နာမည်ရော ပေးပြီးပြီလား”

ဝမ်တန်ကျိက စိတ်လှုပ်ရှားစွာ မေးသည်။

“အာသပ်စ် (Arthas)”

ဖုန်းပုကြွယ်က အလွန်တည်ငြိမ်စွာ ပြန်ဖြေသည်။ သူသည် ထိုနာမည်ကို ရုတ်တရက် ပြောလိုက်ခြင်း မဟုတ်ဘဲ ကြိုတင်စဉ်းစားထားပြီးသား ဖြစ်ပုံရသည်။

“ဖူး...”

ဆရာပေါင်သည် သောက်လက်စဘီယာများကို ပြန်ထွေးထုတ်မိသွားသည်။

“မင်းက ရှောင်တန်ကို နာမည်ပေးတဲ့နေရာမှာ မပါစေချင်ရင်တောင်မှ အနည်းဆုံးတော့ လူကြားလို့ကောင်းတဲ့ နာမည်မျိုး ပေးသင့်တာပေါ့၊ ဥပမာ - ကူလီ၊ မိုက်ခ် စသဖြင့်ပေါ့...”

ဖုန်းပုကြွယ်သည် လက်ဖျစ်တစ်ချက်တီးလိုက်ပြီး “အာသပ်စ်ရေ” ဟု ခေါ်လိုက်သည်။

ကြောင်လေးသည် အမှန်တကယ်ပင် လှည့်ကြည့်လာကာ “မြောင်” ဟု တုန့်ပြန်လိုက်လေ၏။

“ကြည့်လေ၊ လိုက်ဖက်နေတာပဲကို”

ဖုန်းပုကြွယ်က အာသပ်စ်၏ ကြောင်မျက်နှာကို လက်ညှိုးညွှန်ပြလိုက်သည်။

“ငါ ဒါကို အွန်လိုင်းပေါ် တင်လိုက်ဦးမယ်”

ရှောင်တန်က သူ့ဖုန်းကို ထုတ်ရင်း ပြော၏။

“နေဦး”

ဖုန်းပုကြွယ် ဘီယာပုလင်းကို ချကာ ပြတင်းပေါက်ဆီသို့ သွားပြီး လိုက်ကာများကို ဖွင့်လိုက်သည်။ ထို့နောက် သူသည် လွတ်အောင် မပြေးနိုင်လိုက်သော အာသပ်စ်ကို မလိုက်သည်။

ဖုန်းပုကြွယ်သည် သူ့လက်များကို ကြောင်၏ ချိုင်းအောက်မှ လျှိုသွင်းကာ မြှောက်လိုက်ပြီး ကြောင်မျက်နှာကို သူ့ဘက်မှ လွှဲလိုက်သည်။ သူသည် သူ့လက်မောင်းများကို ဆန့်တန်းကာ နေရောင်အောက်တွင် မြှောက်ထားလိုက်ပြီး Lion King ရုပ်ရှင်ထဲက မြင့်မြတ်ကျောက်ဆောင်ပေါ်ရှိ အစပိုင်းဇာတ်ဝင်ခန်းကို အတုယူကာ သရုပ်ဆောင်လိုက်သည်။ ထို့နောက် ၎င်းနှင့် လုံးဝမဆိုင်သော စကားတစ်ခွန်းကို ပြောလိုက်၏။

“ငါ့သား... မင်းမွေးဖွားလာတဲ့နေ့မှာ မင်းရဲ့ နာမည်က လော်ဒီရွန် (Lordaeron) ရဲ့ ထောင့်တိုင်းမှာ ဟိန်းထွက်သွားခဲ့တယ်... အာသပ်စ်...”

ဖုန်းပုကြွယ်သည် လေးနက်သောလေသံဖြင့် အသံကို နှိမ့်ကာ ပြောလိုက်သည်။

ဝမ်တန်ကျိသည် သူ့ဖုန်းကို ထုတ်ကာ ကြောင်လေး၏ ကြောင်တောင်တောင်ဖြစ်နေသော မျက်နှာကို ၃၆၀ ဒီဂရီဖြင့် ဗီဒီယို ရိုက်ယူလိုက်တော့သည်။

“မင်းတို့ ဘာတွေ လုပ်နေကြတာလဲ၊ ဒီနှစ်မှာ အသက်ဘယ်လောက်ရှိနေကြပြီလဲ၊ ဒါက ‘ဆယ်ကျော်သက် စိတ်ကူးယဉ်ရောဂါ’ ရှိသူတွေရဲ့ နေ့စဉ်ဘဝလား”

ဆရာပေါင်၏ ဆူပူမှုကိုခံရပြီးနောက် နှစ်ဦးသား ဆိုဖာပေါ်သို့ ပြန်ထိုင်လိုက်ကြသည်။ အာသပ်စ်မှာမူ ဖိနပ်ပေါ်သို့ ခုန်တက်ကာ တစ်ရေးပြန်အိပ်သွားတော့သည်။

“ဆရာပေါင်၊ ဒီတစ်ပတ် မင်း ဘာလို့အားနေတာလဲ”

ဖုန်းပုကြွယ် မေးလိုက်သည်။

“ငါ့မိန်းမက သမီးလေးကို သူ့မိဘအိမ် ခေါ်သွားလို့လေ”

ဆရာပေါင်က ဘီယာသောက်ရင်း ပြန်ဖြေသည်။

“အပြီးအပိုင်လား၊ ခဏလား”

ဖုန်းပုကြွယ်က ထပ်မေးပြန်သည်။

“ဘာတွေ လျှောက်ပြောနေတာလဲ! ဘယ်လိုလုပ် အပြီးအပိုင်ဖြစ်မှာလဲကွ၊ ငါ့ယောက္ခမက သူ့မြေးလေးကို တွေ့ချင်လို့ ခေါ်သွားတာပါ”

ဆရာပေါင်မှာ သောက်လက်စဘီယာနှင့် သီးမလို ဖြစ်သွားရသည်။

“မင်းကို ကြည့်ရတာ လွတ်လပ်ခွင့် ရသွားတဲ့သူနဲ့ တူနေတယ်...”

ဖုန်းပုကြွယ်က ဆိုသည်။

ဝမ်တန်ကျိက သူတို့ကြားမှ ဖြတ်ပြောလိုက်သည်။ သူသည် ရီမုဒ်ကို ယူလိုက်ပြီး မေးလိုက်သည်။

“ဒီတစ်ပတ်အတွက် အဓိကအကြောင်းအရာက ဘာလဲ”

“အညံ့ဆုံးရုပ်ရှင်တွေ ကြည့်ကြမယ်”

ဖုန်းပုကြွယ်က ပြန်ဖြေသည်။

“ဟမ်”

ဝမ်တန်ကျိ လှည့်ကြည့်လိုက်သည်။

ဖုန်းပုကြွယ်က “ဟုတ်တယ်၊ အဲ့ဒါပဲ၊ ပြီးခဲ့တဲ့တစ်ခေါက်က ငါတို့ ဆွေးနွေးခဲ့ကြသလိုပဲ၊ နာမည်ပျက်ရှိတဲ့ အညံ့စားရုပ်ရှင်တွေ အများကြီး ရှိတယ်လေ၊ အဲ့ဒီရုပ်ရှင်တွေက အချိန်တွေ ကြာသွားပေမဲ့ ရုပ်ရှင်လောကရဲ့ အနိမ့်ဆုံးစံနှုန်းတွေအဖြစ် ကျန်ရှိနေတုန်းပဲ၊ ဒါပေမဲ့ ငါတို့က တစ်ခါမှ မကြည့်ဖူးသေးဘူး မဟုတ်လား”

“ကောင်းပြီ... ငါကြည့်လိုက်ဦးမယ်...”

ဝမ်တန်ကျိသည် ရီမုဒ်ကိုသုံးကာ တီဗီပေါ်ရှိ ရုပ်ရှင်များကို လိုက်ရှာတော့သည်။

ထိုသုံးဦးအားလပ်သည့် အခါတိုင်း အကြောင်းအရာတစ်ခုကို သတ်မှတ်ပြီး ရုပ်ရှင်များကို ဆယ်နာရီကျော်ကြာအောင် ကြည့်လေ့ ရှိကြသည်။ သူတို့ ကြည့်လေ့ရှိသော ရုပ်ရှင်အများစုသည် ၂၀ ရာစုနှောင်းပိုင်းမှ ၂၁ ရာစု အစောပိုင်းက ရုပ်ရှင်များ ဖြစ်ကြသည်။ ထိုအချိန်နောက်ပိုင်းတွင်မူ ကွန်ပျူတာနည်းပညာများ ပိုမိုတိုးတက်လာပြီး ပဉ္စမမျိုးဆက်ကွန်ပျူတာများ ခေတ်စားလာသည့်အတွက် အညံ့စားရုပ်ရှင်ဟူ၍ မရှိသလောက်ပင် ဖြစ်သွားသည်။ နောင်တွင် ရုပ်ရှင်တစ်ကားသည် မည်မျှပင် ညံ့ဖျင်းနေပါစေ အနည်းဆုံးတော့ ကြည့်ကောင်းအောင် ပြုလုပ်နိုင်သည့် ရုပ်ပုံနှင့် အသံစနစ်များ ပါရှိနေမည် ဖြစ်သည်။

“Ghost Rider ရော ဘယ်လိုလဲ”

ဝမ်တန်ကျိ မေးလိုက်သည်။

“မင်း Daredevil အကြောင်း သိလား”

ဖုန်းပုကြွယ်က မေးသည်။

“အင်း... ကြည့်ဖူးတယ်”

ဝမ်တန်ကျိက ပြန်ဖြေသည်။

“ဒါရိုက်တာ တစ်ဦးတည်းပဲ”

ဖုန်းပုကြွယ်က ဆိုသည်။

“ကောင်းပြီ...”

ဝမ်တန်ကျိ ထပ်ရှာလိုက်ပြန်သည်။

“ဒါကို ကြည့်ဦး Twilight: Breaking Dawn - Part 2တဲ့၊ ဝိုး... ဒီစီးရီးထဲမှာ ခုနစ်ကားတောင် ရှိတာလား” (၂၀၅၅ ခုနှစ်တွင် နောက်ထပ်နှစ်ကား ထပ်ထွက်ထားသည်)

“ငါတော့ တစ်ကားမှ မကြည့်ဖူးသေးဘူး”

ဆရာပေါင်က ပခုံးတွန့်ရင်း ဆိုသည်။

“ငါ မှတ်မိသလောက်ဆိုရင် အဲ့ဒီရုပ်ရှင်က အဲ့ဒီနှစ်ရဲ့ ‘အဆိုးဆုံး ရုပ်ရှင်ဆု’ ၁၀ ဆုထဲက ၇ ဆုတောင် ရခဲ့တာ၊ အနှစ်နှစ်ဆယ် ကြာပြီးတဲ့နောက်မှာတော့ ဒါက ၂၁ ရာစု အစောပိုင်းရဲ့ အညံ့ဆုံးရုပ်ရှင် သုံးကားထဲက တစ်ကားအဖြစ် သတ်မှတ်ခံခဲ့ရတယ်”

ဖုန်းပုကြွယ်က ပြောလိုက်၏။

“ကျန်တဲ့နှစ်ကားက ဘာတွေလဲဆိုတာ ငါသိချင်မိတယ်... ဒီစီးရီးထဲက တခြားဇာတ်ကားတွေတော့ မဟုတ်ပါဘူးနော်”

ဆရာပေါင်က မေးသည်။

“မဟုတ်ဘူး၊ အဲ့ဒါတွေက Battlefield Earth နဲ့ Jack and Jill တို့ပဲ၊ ဒုတိယတစ်ခုက ၂၀၁၂ ခုနှစ်ရဲ့ အဆိုးဆုံးရုပ်ရှင်ဆု အားလုံးကို သိမ်းကျုံး ရယူခဲ့တာလေ”

ဖုန်းပုကြွယ်က ဆိုသည်။

“ငါကြားပဲ ကြားဖူးတယ်၊ တစ်ခါမှ မကြည့်ဖူးသေးဘူး၊ ဒီနေ့ ဒီသုံးကားကိုပဲ ကြည့်ကြမလား”

“ရပါတယ်”

“သဘောတူတယ်”

ရှောင်တန်နှင့် ဆရာပေါင်တို့က ပြန်ဖြေကြသည်။

နှစ်နာရီအကြာတွင်...

“မင်းတို့ကောင်တွေ အဆင်ပြေကြရဲ့လား”

ဆရာပေါင်က စခရင်ပေါ်တွင် ပေါ်လာသော ကျေးဇူးတင်လွှာများကို ကြည့်ရင်း မေးလိုက်သည်။

ဝမ်တန်ကျိသည် စိတ်ဓာတ်ကျနေသော မျက်နှာဖြင့် ကြမ်းပြင်ကို စိုက်ကြည့်နေလေသည်။

“ငါ့ရဲ့ အရေးကြီးတဲ့ အရာတစ်ခုခု ဆုံးရှုံးသွားသလို ခံစားရတယ်...”

ဖုန်းပုကြွယ်သည် ပြတင်းပေါက် အပြင်ဘက်က နေရောင်ခြည်ကို ဗလာဖြစ်နေသော အမူအရာဖြင့် ကြည့်လိုက်သည်။

“ဒါက ငါ့ဘဝမှာ အရှက်ရဆုံး နှစ်နာရီပဲ၊ ငါ့ဦးနှောက်က အဓမ္မပြုကျင့်ခံလိုက်ရသလိုပဲ...”

“နောက်ထပ်သိပ္ပံတစ်ကားနဲ့ ဟာသတစ်ကား ကျန်သေးတယ်... အရင်ဆုံး ဟာသကားကို ကြည့်ကြရအောင်”

ဆရာပေါင်၏ ခါးသီးနေသော မျက်နှာမှာ အလွန်ပင် တည်ငြိမ်လှသည်။

မိနစ်ကိုးဆယ် အကြာတွင်...

“အယ်လ်ပါစီနို (AlPacino) ရဲ့ သိက္ခာတွေတော့ ကုန်ပါပြီ”

ဝမ်တန်ကျိက ဆိုသည်။

“သရုပ်ဆောင်တာကိုတော့ အပြစ်ပြောစရာမရှိပေမဲ့ ဇာတ်လမ်းကတော့...”

ဖုန်းပုကြွယ်က ဆိုသည်။

“ဆရာပေါင် မင်းရော ဘယ်လိုထင်လဲ”

ဘယ်သူမှ ပြန်မဖြေပေ။

“ဆရာပေါင်သခင် ပေါင်...”

ဖုန်းပုကြွယ် လှည့်ကြည့်လိုက်ရာ ဆရာပေါင်တစ်ယောက် မျက်လုံးဖွင့်လျက် အိပ်ပျော်နေပြီး ဟောက်သံတိုးတိုးလေးပင် ထွက်နေသည်ကို တွေ့လိုက်ရသည်။

“ဒီယုတ်မာတဲ့ အစိုးရဝန်ထမ်း...”

မနက် ၇ နာရီ ဝန်းကျင်တွင် သုံးဦးသား လမ်းဘေးဆိုင်တစ်ဆိုင်၌ အကင်သွားစားကြသည်။ အစ်ကိုပုကြွယ်နှင့် ရှောင်တန်တို့က သူတို့၏ သည်းထိတ်ရင်ဖို သုခဘုံ အတွေ့အကြုံများကို ဆရာပေါင်အား ပြောပြကြသော်လည်း ဆရာပေါင်၏အမူအရာက စိတ်မဝင်စားဟန်ပင်။ အိမ်ထောင်ရှိသော အမျိုးသားတစ်ဦး၏ ဘဝမှာ ခက်ခဲလှသည်။ သူ့တွင် ကိုယ်ပိုင်အချိန်နှင့် အပန်းဖြေချိန် သိပ်မရှိလှပေ။ ထိုသုံးဦးသား နာရီအနည်းငယ်မျှ စကားပြောဆိုကြပြီးနောက် မနက် ၉ နာရီတွင် လမ်းခွဲခဲ့ကြသည်။ ဖုန်းပုကြွယ်နှင့် ဝမ်တန်ကျိတို့သည် သန်းခေါင်ယံအချိန်တွင် ဂိမ်းထဲ၌ ဇာတ်လမ်းအချို့ အတူတူဆော့ရန် ကတိပေးခဲ့ကြပြီးနောက် အသီးသီး ပြန်သွားကြတော့သည်။

ထိုသုံးဦးကြားမှ သံယောဇဉ်မှာ ရရှိရန် မလွယ်ကူသလို စစ်မှန်ပေသည်။ ငယ်ငယ်က သူတို့အားလုံးမှာ နှာရည်တရွှဲရွှဲနှင့် ကလေးများသာဖြစ်ခဲ့ကြပြီး ထိုကဲ့သို့သော သူငယ်ချင်း သံယောဇဉ်မှာ အသန့်စင်ဆုံး ဖြစ်သည်။ သူသည် အသက် ၅၀၊ ၆၀ အရွယ်ရောက်မှ ထိုသူငယ်ချင်းများကို ပြန်ကြည့်လျှင်ပင် သူ့စိတ်ထဲက ခံစားချက်က ပြောင်းလဲသွားလိမ့်မည် မဟုတ်ပေ။

…

ထိုနေ့တွင် ဖုန်းပုကြွယ်သည် လုံလုံလောက်လောက် မအိပ်ရသေးပေ။ ဂိမ်းထဲဝင်ရမည်ကို ထည့်သွင်းစဉ်းစားပြီးနောက် သူသည် သန်းခေါင်ယံအချိန်တွင် ဂိမ်းသေတ္တာထဲ လှဲလျောင်းလိုက်သည်။ စကန်ဖတ်မှု ပြီးဆုံးသွားသောအခါ သူသည် အိပ်စက်ခြင်းမုဒ်ဖြင့် ဂိမ်းထဲဝင်ရန် ရွေးချယ်လိုက်ပြီး ချိတ်ဆက်မည့်အချိန်ကို သတ်မှတ်လိုက်၏။

“အိပ်စက်ခြင်းမုဒ်ဖြင့် ဂိမ်းသို့ ချိတ်ဆက်နေသည်၊ ချိန်ညှိနေပါသည်... ချိန်ညှိမှု ပြီးဆုံးပါပြီ။ ကျေးဇူးပြု၍ ဂိမ်းထဲသို့ ဝင်ရောက်မည့်အချိန်ကို သတ်မှတ်ပါ သို့မဟုတ် မီနူးသို့ ပြန်သွားပါ။

“သတ်မှတ်မှု ပြီးဆုံးပါပြီ။ ချိတ်ဆက်မှု အစီအစဉ်ကို ၂၀၅၅ ခုနှစ်၊ ဧပြီလ ၆ ရက်၊ မနက် ၁ နာရီတွင် စတင်ပါမည်။ ကောင်းသောညပါ။”

အသံသွင်းထားသော မက်ဆေ့ခ်ျကို နားထောင်ပြီးနောက် ဖုန်းပုကြွယ် မျက်လုံးမှိတ်လိုက်သည်။ ဂိမ်းသေတ္တာမှာ အလွန်သက်သောင့်သက်သာ ရှိလှသဖြင့် မူးနေသည့်ဒဏ်နှင့်ပေါင်းကာ သူသည် မကြာမီတွင် အိပ်ပျော်သွားတော့သည်။

သူနိုးလာသောအခါ ရင်းနှီးနေသော ဓာတ်လှေကားအတွင်း၌ ရပ်နေသည်ကို တွေ့ရသည်။ နံရံပေါ်ရှိ စခရင်တွင် ပြင်ပကမ္ဘာ၏ အချိန်မှာ ၂၀၅၅ ခုနှစ်၊ ဧပြီလ ၆ ရက်၊ မနက် ၁ နာရီဟု ပြနေသော်လည်း အီလက်ထရွန်းနစ်နာရီတွင် စက္ကန့်များ မပြပေ။ မိနစ်အနည်းငယ် ကြာသွားသော်လည်း အချိန်က ၁ နာရီ ၁ မိနစ်သို့ ပြောင်းမသွားပေ။ သိသာလှသည်မှာ ဤသည်က အိပ်စက်ခြင်းမုဒ်ရှိ သည်းထိတ်ရင်ဖို သုခဘုံပင် ဖြစ်၏။

ဝမ်တန်ကျိ၏ အဖွဲ့ဖိတ်ခေါ်မှုမှာ စခရင်ပေါ်တွင် ချက်ချင်း ပေါ်လာလေသည်။ အဖွဲ့ထဲဝင်လိုက်ပြီးနောက် လုံအောင်းမသည်မှာလည်း အဖွဲ့ထဲရှိနေသည်ကို ဖုန်းပုကြွယ် သတိထားမိလိုက်သည်။ လုံအောင်းမင်အားနေသည်ကို တွေ့သဖြင့် ရှောင်တန်က သူ့ကို အဖွဲ့ထဲသို့ ထည့်လိုက်ခြင်း ဖြစ်သည်။

“အစ်ကိုပုကြွယ်၊ အရေးကြီးတဲ့ ကိစ္စတစ်ခု ဖြစ်နေပြီ”

ဝမ်တန်ကျိက ပြောလိုက်သည်။

“တစ်ယောက်ယောက် အဆင့် ၂၀ ရောက်သွားလို့လား”

ဖုန်းပုကြွယ်က ပြန်ဖြေသည်။

“ဟမ်… မင်း သိနေတာလား”

“မင်းရဲ့ လေသံကို ကြည့်ပြီး ခန့်မှန်းလိုက်တာပါပဲ။”

“ဟားဟား... အစ်ကိုဖုန်းကတော့ တကယ်ကို ပါရမီရှင်ပဲဗျာ”

လုံအောင်းမင်က ဆိုသည်။

“ပြင်ပကမ္ဘာရဲ့ အချိန်အရ မနက် ၁၂ နာရီ ၃၀ မိနစ်ဝန်းကျင်မှာ ဆာဗာရဲ့ ပထမဆုံး အဆင့် ၂၀ ရောက်တဲ့ ကစားသမား ထွက်ပေါ်လာခဲ့ပြီ”

ဖုန်းပုကြွယ်သည် အဖွဲ့တက်ဘ်ကို တစ်ချက်ကြည့်လိုက်သည်။ တစ်ရက်အတွင်းမှာပင် လုံအောင်းမင်သည် အဆင့် ၁၃ သို့ ရောက်ရှိသွားပြီး ရှောင်တန်မှာမူ အဆင့် ၁၁ သို့ ရောက်နေခဲ့သည်။ သူသည် ဂိမ်းထဲသို့ ဆယ်မိနစ်ခန့် စောဝင်ကာ တစ်ကိုယ်တော် ဇာတ်လမ်းတစ်ခုကို ကစားပြီး အဆင့်တက်ထားခြင်း ဖြစ်ရပေမည်။

“အမြင့်ဆုံးအဆင့်ကို ပထမဆုံးရောက်တဲ့ကစားသမားအတွက် ကြေညာချက် ထွက်လာမှာလား”

ဖုန်းပုကြွယ် မေးလိုက်သည်။

“ဟုတ်တယ်၊ လော့ဂ်အင်ခန်းမမှာ ရှိနေတဲ့ ကစားသမားအားလုံး စနစ်ရဲ့ ကြေညာချက်ကို ကြားရလိမ့်မယ်၊ ပြီးတော့ သတင်းကလည်း တပ်ချ်စခရင်ပေါ်မှာ ပေါ်လာလိမ့်မယ်၊ ဒါ့အပြင် ဂိမ်းဖိုရမ်တွေမှာလည်း ပွက်လောရိုက်နေတာပဲ”

လုံအောင်းမင်က ဆိုသည်။

“ကြည့်လိုက်ဦးမယ်...”

ဖုန်းပုကြွယ် ဖိုရမ်ကိုဖွင့်လိုက်ရာ အပေါ်ဆုံးတွင် တင်ထားသော (Pinned) တရားဝင်ပို့စ်တစ်ခုကို တွေ့လိုက်ရသည်။ ခေါင်းစဉ်ကို ဖတ်လိုက်ရာ “စမ်းသပ်ကာလအတွင်း အမြင့်ဆုံးအဆင့်သို့ ပထမဆုံး ရောက်ရှိသွားသော စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ အကြောက်တရားကင်းမဲ့သော ချန်ပီယံအား ဂုဏ်ယူပါသည်” ဟု ရေးသားထားသည်။

အခန်း (၃၄)

“စတူဒီယို နာမည်တွေအထိတောင် တင်ထားတာပဲ... ကြည့်ရတာ အိပ်မက်ကုမ္ပဏီက ပရော်ဖက်ရှင်နယ် အသင်းတွေနဲ့ ကစားသမားတွေ ပါဝင်လာတာကို ကန့်ကွက်မယ့်ပုံမပေါ်ဘူး”

ဖုန်းပုကြွယ်က ဆိုသည်။

“ဒါက ငါတို့လို နောက်ခံ ‘အဖွဲ့အစည်း’ မရှိတဲ့ ကစားသမားတွေအတွက်တော့ သတင်းကောင်း မဟုတ်ဘူးကွ”

လုံအောင်းမင်က ပြောလိုက်သည်။

“ဂိမ်းကုမ္ပဏီကသာ အဲ့ဒီဂိမ်းစတူဒီယိုတွေကို မကန့်သတ်ဘူးဆိုရင် ဂိမ်းရဲ့ အထက်ပိုင်းအလွှာကို လူနည်းစုကပဲ ထိန်းချုပ်သွားလိမ့်မယ်၊ ဥပမာအားဖြင့်... သူတို့တွေက ညှိနှိုင်းမှုတွေကတစ်ဆင့် ထိပ်တန်းပစ္စည်းတွေရဲ့ ဈေးနှုန်းကို ထိန်းချုပ်တာမျိုး ဒါမှမဟုတ် အဆင့်မြင့်ဂိမ်းအရင်းအမြစ်တွေနဲ့ သတင်းအချက်အလက်တွေကို လက်ဝါးကြီးအုပ်တာမျိုး လုပ်နိုင်တယ်လေ”

“ဖြစ်နိုင်တာကတော့... အိပ်မက်ကုမ္ပဏီက သည်းထိတ်ရင်ဖို သုခဘုံရဲ့ မျှတမှုက အပြစ်ပြောစရာမရှိဘူးလို့ ထင်နေတာလည်း ဖြစ်နိုင်တယ်၊ စတူဒီယိုတွေရဲ့ အမြတ်အစွန်းကိုလည်း စနစ်ကပဲ ကန့်သတ်ထားတာဆိုတော့ နည်းပညာအရပြောရရင် အစ်ကိုတွေးသလို ဖြစ်လာဖို့က မဖြစ်နိုင်သလောက်ပါပဲ”

ဖုန်းပုကြွယ်က ဆိုသည်။

“ဒါပေမဲ့ ကျွန်တော်တို့ကတော့ အဲ့ဒါတွေ စိတ်ပူနေဖို့ မလိုပါဘူး”

သူက ခဏရပ်လိုက်ပြီး မေးသည်။

“ဒါနဲ့ အစ်ကိုလုံ၊ ကျွန်တော် မေးသင့်မမေးသင့်တော့ မသိဘူး... အစ်ကိုက ပရော်ဖက်ရှင်နယ် ကစားသမားလား”

“ဟမ်… ဟားဟား၊ အဲ့ဒီမေးခွန်းက ဘာဖြစ်လို့လဲဗျ၊ ပရော်ဖက်ရှင်နယ် ကစားသမားဖြစ်တာက ရှက်စရာကောင်းတဲ့အလုပ်မှ မဟုတ်တာ”

လုံအောင်းမင်က ရယ်မောလိုက်သည်။

“ငါက ပရော်ဖက်ရှင်နယ် ကစားသမားတွေကို အားကျတာတော့ အမှန်ပါပဲ၊ ဒါပေမဲ့ ငါကတော့ မဟုတ်ပါဘူးကွာ၊ ငါက ဝါသနာပါတဲ့ ကစားသမားတစ်ယောက် သက်သက်ပါပဲ”

လုံအောင်းမင်သည် အမှန်အတိုင်း ပြောနေခြင်း ဖြစ်သည်။ ပြင်ပကမ္ဘာတွင် သူသည် ရဲအရာရှိတစ်ဦး ဖြစ်ကာ အမည်မှာ လုံလီဝမ်ဖြစ်သည်။ သူ့အမည်တွင် ‘ဝမ်’ (နူးညံ့သော) ဟူသော စာလုံးပါသော်လည်း တာဝန်ထမ်းဆောင်သည့် အခါတွင်မူ သူသည် အလွန်ပင် ကြမ်းတမ်းပြီး ရဲရင့်သူ ဖြစ်သည်။ သူသည် အသက်ဘေးကိုမမှုသော လူတစ်ယောက်၏ စိတ်ဓာတ်မျိုးလည်း ရှိသည်။ ထိုစဉ်က သူသည် SWAT အဖွဲ့သို့ ပြောင်းရွှေ့ရန် တစ်လှမ်းအလိုသာ လိုတော့ခြင်းဖြစ်သည်။ ကံမကောင်းစွာဖြင့် သူ၏ အောင်မြင်မှုလမ်းကြောင်းတွင် အတားအဆီးများနှင့် ကြုံတွေ့ခဲ့ရသည်။ ရာဇဝတ်ကောင်များကို ဖမ်းဆီးသည့် စစ်ဆင်ရေးတစ်ခုတွင် သူဒဏ်ရာရခဲ့ခြင်းဖြစ်သည်။ အတိုချုပ်ပြောရလျှင် သူ၏ ဒူးခေါင်းများ ထိခိုက်သွားခဲ့သဖြင့်... ရဲစခန်းရှိ စားပွဲတစ်ခု၏ နောက်ကွယ်တွင်သာ ထိုင်နေရတော့သည်။ ၎င်းသည် သူ၏ နေ့စဉ်ဘဝကို ထိခိုက်ခြင်းမရှိသည့်အပြင် တစ်နည်းအားဖြင့် သူ ရာထူးတိုးသွားခြင်း ဖြစ်သော်လည်း ရှေ့တန်းသို့ ပြန်သွားရန်မှာမူ မဖြစ်နိုင်တော့ပေ။

“အော်... အဲ့ဒါကြောင့်ကိုး...”

ဖုန်းပုကြွယ်က ဆိုသည်။

“ကျွန်တော်က အစ်ကို့ကို တစ်ကိုယ်တော် ပရော်ဖက်ရှင်နယ် ကစားသမားလို့ ထင်နေတာ”

“ဟားဟား... တကယ်တော့ ငါ့မှာ အွန်လိုင်းတက်ဖို့ အချိန်အများကြီး မရှိပါဘူးကွာ၊ အခုက ငါ့မိန်းမနဲ့ ယောက္ခမက သင်္ချိုင်းကန်တော့ဖို့နဲ့ ဆွေမျိုးတွေဆီ သွားကြလို့လေ၊ ငါကလည်း အားလပ်ရက်နဲ့ တိုက်ဆိုင်နေတော့ ထုံးစံထက်ပိုပြီး အချိန်ရနေတာပေါ့၊ မနက်ဖြန်ကျရင်တော့ ငါ...”

သူသည် ‘ရဲစခန်း’ ဟူသော စကားလုံးကို ပြောရန် ခဏတွန့်သွားပြီး “... ငါဌာနမှာ တာဝန်ကျနေလို့ အွန်လိုင်းတက်နိုင်မှာ မဟုတ်ဘူး”

“ဒါဆိုရင် မြန်မြန်လေး အဖွဲ့လိုက်ဇာတ်လမ်းတွေ တန်းစီလိုက်ရအောင်၊ ဒီည အဖွဲ့လိုက်ရှင်သန်ရေးမုဒ် နှစ်ပွဲသုံးပွဲလောက် အပြီးသတ်နိုင်အောင် ကြိုးစားကြမယ်”

ဝမ်တန်ကျိက စိတ်အားထက်သန်စွာ ပြောလိုက်သည်။

“ဒါဆို မင်းအဖွဲ့ထဲ ဝင်လိုက်တော့”

ဖုန်းပုကြွယ်က ဆိုသည်။

“ငါလည်း အဆင်သင့်ပဲဟေ့၊ တန်းစီကြစို့”

လုံအောင်းမင်က ပြောလိုက်သည်။

ရှောင်တန်က “အိုခေ” ဟု ပြန်ဖြေလိုက်သည်နှင့် စနစ်၏ အသိပေးချက် ချက်ချင်း ထွက်ပေါ်လာသည်။

ဤတစ်ကြိမ်တွင် ဖုန်းပုကြွယ်မှာ အဖွဲ့ခေါင်းဆောင် မဟုတ်သဖြင့် ရွေးချယ်ပိုင်ခွင့် မရှိပေ။ ထို့ကြောင့် သူကြားရသော အသိပေးချက်မှာ အနည်းငယ် ကွဲပြားနေသည်။

[သင့်အဖွဲ့သည် အဖွဲ့လိုက်ရှင်သန်ရေးမုဒ် (သာမန်) သို့ ဝင်ရောက်ခဲ့သည်။ အဖွဲ့ဝင်အရေအတွက်ကို ၆ ဦးအဖြစ် သတ်မှတ်လိုက်သည်။]

[သင့်အဖွဲ့သည် တန်းစီဇယားအတွင်းသို့ ရောက်ရှိသွားပါပြီ၊ အခြားတစ်ကိုယ်တော် သို့မဟုတ် အဖွဲ့လိုက်ကစားသမားများကို ရှာဖွေနေပါသည်။]

“ကိုက်ညီမှု ရှာဖွေခြင်း ပြီးဆုံးပါပြီ။ အာရုံကြောချိတ်ဆက်မှုများကို ချိန်ညှိနေသည်။ ဇာတ်လမ်းကို ဖန်တီးနေသည်...”

“ဒေါင်းလုဒ်လုပ်နေသည်၊ ကျေးဇူးပြု၍ ခေတ္တစောင့်ဆိုင်းပါ။”

“သည်းထိတ်ရင်ဖို သုခဘုံမှ ကြိုဆိုပါတယ်”

ဤတစ်ကြိမ်တွင် အသံသည် စိတ်ဝေဒနာရှင်တစ်ဦး၏ အသံနှင့် ဆင်တူလှသည်။ စကားပြောနေရင်းပင် အလယ်လောက်၌ အသံက ရုတ်တရက် အခြားတစ်မျိုးသို့ ပြောင်းလဲသွားလေ၏။

[ဒေါင်းလုဒ် ပြီးဆုံးပါပြီ။ သင်သည် လက်ရှိတွင် အဖွဲ့လိုက်ရှင်သန်ရေးမုဒ် (သာမန်) ၌ ရှိနေပါသည်။]

“ဤမုဒ်တွင် ဇာတ်လမ်းမိတ်ဆက်ကို ပေးထားပြီး လျှို့ဝှက်ဘေးထွက်တာဝန်များနှင့် ထူးခြားသော ကမ္ဘာ့နောက်ခံအကြောင်းအရာများကို ဖော်ထုတ်နိုင်သည့် အခွင့်အရေး ရှိသည်။

“ဇာတ်လမ်းအောင်မြင်မှုအတွက် ဆုလာဘ် - သင်ယူနိုင်သော စွမ်းရည်ကတ်တစ်ခုကို ကျပန်း ရရှိမည်။

“ဇာတ်လမ်းမိတ်ဆက်ကို မကြာမီ ပြသပါမည်။ ထို့နောက် ဂိမ်း စတင်ပါမည်။”

ယခုတစ်ကြိမ်တွင် အဖွင့်ဗီဒီယိုသည် တောအုပ်တစ်ခုအတွင်း၌ ဖြစ်ပွားခြင်း ဖြစ်သည်။ ကင်မရာသည် ပထမလူရှုထောင့်မှနေ၍ ရှေ့သို့ ဖြည်းညှင်းစွာ ရွေ့လျားသွားပြီး နောက်ခံစကားပြောသံက ဆိုသည်။

“ဆောင်းဦးညတစ်ညမှာ သင်နဲ့ သင့်ရဲ့ ခရီးသွားအဖွဲ့ဝင်အသစ်အချို့ဟာ တောင်တန်းတွေပေါ်မှာ လမ်းပျောက်ခဲ့ကြတယ်၊ ဆာလောင်မွတ်သိပ်ပြီး အေးခဲနေတဲ့ သင်တို့ဟာ ထူထပ်လှတဲ့ တောအုပ်ကြီးကို ဖြတ်ကျော်လာခဲ့ကြပြီး အံ့သြစရာကောင်းလောက်အောင် စွန့်ပစ်ထားတဲ့ စံအိမ်ကြီးတစ်ခုကို မတော်တဆ တွေ့ရှိခဲ့ကြတယ်”

ထိုအချိန်တွင် ဟောင်းနွမ်းနေသော စံအိမ်ကြီးတစ်ခု စခရင်ပေါ်တွင် ထွက်ပေါ်လာ၏။ ကောင်းကင်ယံမှ တိမ်တိုက်များသည် မြေပြင်သို့ နိမ့်ဆင်းနေပြီး မှောင်မိုက်နေသော စံအိမ်ကြီးကို ဖုံးအုပ်ထားလေသည်။ စံအိမ်ကြီး၏ ဘေးတွင် ရေကန်တစ်ကန်ရှိကာ ရေကန်ဘက်သို့ မျက်နှာမူထားသော နံရံပေါ်တွင် ပြတင်းပေါက် နှစ်ခုရှိနေသည်။ ၎င်းမှာ အိမ်ကြီးတွင် ဟာလာဟင်းလင်း ဖြစ်နေသော မျက်လုံးတစ်စုံ ရှိနေသကဲ့သို့ ဖြစ်နေပြီး ရေကန်ထဲရှိ ၎င်း၏ ရုပ်ပျက်ဆင်းပျက်ပုံရိပ်ကို ငုံ့ကြည့်နေသည့်အလား ရှိ၏။

“အိမ်ကြီးရဲ့ အတွင်းပိုင်းကနေပြီး နိမိတ်မကောင်းတဲ့ အငွေ့အသက်တွေ ပျံ့နှံ့နေခဲ့တယ်၊ အဲ့ဒီအငွေ့အသက်တွေဟာ ခြောက်သွေ့နေတဲ့ သစ်ပင်တွေ၊ မှောင်မိုက်တဲ့ နံရံတွေနှင့် တိတ်ဆိတ်နေတဲ့ ရွှံ့နွံတွေက ထွက်ပေါ်လာခြင်း ဖြစ်ပါတယ်၊ ဒါပေမယ့် သင့်တို့မှာ အခြားရွေးချယ်စရာ မရှိပါဘူး၊ အေးစက်တဲ့ လေထုက သင်တို့ရဲ့အရိုးထဲထိ စိမ့်ဝင်နေပြီး ဆာလောင်မှုက သင်တို့ရဲ့နိုးကြားမှုကို လျော့နည်းနေစေခဲ့တယ်၊ ဒါကြောင့် သင်တို့ဟာ စံအိမ်ကြီးထဲ ဝင်ဖို့ ဆုံးဖြတ်လိုက်ကြတယ်...”

နောက်ခံစကားပြောသံက ရုတ်တရက် ရပ်တန့်သွားသည်။ ဖုန်းပုကြွယ်၏ မျက်လုံးများ လင်းလက်သွားပြီး သူသည် စံအိမ်ကြီးအတွင်း၌ ရပ်နေသည်ကို သတိပြုမိလိုက်သည်။

ဤနေရာကား ဧည့်ခန်း ဖြစ်ပေမည်။ ၎င်းနေရာသည် မြင့်မားပြီး ကျယ်ဝန်းလှသည်။ ကြမ်းပြင်ကို သစ်သားဖြင့် ပြုလုပ်ထားပြီး ပရိဘောဂများနှင့် အလှဆင်ပစ္စည်းများသည် ၁၉ ရာစုက ပုံစံများ ဖြစ်ပုံရသည်။ မျက်နှာကြက်ရှိ မီးပန်းဆိုင်း နှင့် နံရံကပ်မီးအိမ်များသည် လျှပ်စစ်မီးဖြင့် လင်းနေခြင်း ဖြစ်သည်။ သို့သော်လည်း ထိုအရာများကလွဲ၍ အခြားလျှပ်စစ်ပစ္စည်းများ မရှိပေ။

ဧည့်ခန်း၏ ဆန့်ကျင်ဘက်ဘက်တွင် နှစ်မီတာခန့် ကျယ်သော လှေကားတစ်ခုရှိကာ ဒုတိယထပ်သို့ ဦးတည်နေလေသည်။ လှေကား၏ ဘေးပတ်ပတ်လည်တွင် တံခါးသုံးခု သို့မဟုတ် လေးခုခန့် ရှိပြီး လှေကားနောက်ကွယ်တွင် ကော်ရစ်ဒါတစ်ခု ရှိသည်။ သို့သော် ထိုနေရာတွင် မီးအလင်းရောင် မကောင်းလှသဖြင့် ကော်ရစ်ဒါအဆုံးကို မမြင်ရပေ။

ဖုန်းပုကြွယ်သည် ပတ်ဝန်းကျင်ကို စက္ကန့်အနည်းငယ်မျှ အကဲခတ်လိုက်ပြီးနောက် ဧည့်ခန်းအတွင်းရှိ မရင်းနှီးသော ကစားသမားသုံးဦးထံသို့ အကြည့်ရောက်သွားသည်။

ပထမတစ်ဦးမှာ အမျိုးသား ကစားသမားတစ်ဦး ဖြစ်ပြီး သူ့အမည်မှာ မရှုံးနိမ့်သော ချန်ပီယံဖြစ်သည်။ သူ့အမည်သည် အဆင့် ၂၀ ကို ပထမဆုံး ရောက်ခဲ့သည့် ကစားသမား အကြောက်တရားကင်းမဲ့သော ချန်ပီယံနှင့် စာလုံးတစ်လုံးသာ ကွာခြားသည်။ သို့သော်လည်း ထိုကစားသမားသည် အဆင့် ၂၀ ရောက်ရန် အတော်ဝေးသေးပြီး လက်ရှိတွင် အဆင့် ၁၅ သာ ရှိသေးသည်။ သူ၏ ဘွဲ့အမည်မှာ မဆင်မခြင် တိုက်ခိုက်သူဖြစ်၏။ သူ့အသွင်အပြင်မှာ လုံအောင်းမင်ကဲ့သို့ အရပ်ရှည်ပြီး ကြွက်သား တောင့်တင်းသော်လည်း အစ်ကိုလုံ၏ ရှဝါဇန်နယ်ဂါ (Schwarzenegger) ကဲ့သို့ ခန္ဓာကိုယ်နှင့် နှိုင်းယှဉ်လျှင်မူ အရပ်အမောင်း၊ ကြွက်သားနှင့် ရှိန်လောက်စရာကောင်းမှုတို့တွင် သိသိသာသာ လိုအပ်နေသေးသည်။

ကျန်နှစ်ဦးသည် အမျိုးသမီးကစားသမားများ ဖြစ်ကြပြီး သူတို့မှာ အဖွဲ့လိုက်ဝင်လာခြင်း ဖြစ်ပုံရသည်။ သူတို့၏ စတင်သည့် နေရာများက တစ်ဦးနှင့်တစ်ဦး နီးကပ်နေပြီး အမည်များကို ကြည့်ခြင်းဖြင့်လည်း သိနိုင်သည်။ တစ်ဦးကို မိုးကဲ့သို့မိုး(ရီရူလီ) ဟု ခေါ်ပြီး အခြားတစ်ဦးကို ရယ်မောဝိညာဉ်(ရီရူယွီ)’ ဟု ခေါ်သည်။ သူတို့နှစ်ဦးစလုံး အဆင့် ၁၃ ရှိကြသည်။

ရီရူလီသည် အသက် ၂၀ အစောပိုင်းအရွယ် ဖြစ်ပုံရပြီး သူမ၏ ဆံပင်တိုလေးမှာ လည်ပင်းအထိ ဖုံးနေသည်။ ထူးဆန်းသည်မှာ သူမ၏ မျက်နှာက လှပသော်လည်း လူအများ၏ အာရုံကို ဆွဲဆောင်နိုင်ခြင်း မရှိပေ။ သီအိုရီအရ ပြောရလျှင်... ဂိမ်းစက်၏ အသွင်အပြင် ပြောင်းလဲနိုင်စွမ်းဖြင့် မည်သူ့ကိုမဆို အလွန်လှပသော အမျိုးသမီးတစ်ဦးအဖြစ် ပြောင်းလဲနိုင်သကဲ့သို့ အမျိုးသားတစ်ဦး၏ မျက်နှာကိုပင် လှပသွားအောင် ပြုလုပ်နိုင်သည်မှာ ပြဿနာ မဟုတ်ပေ။ အကယ်၍ အမျိုးသမီး ကစားသမားတစ်ဦးက ဂိမ်းထဲဝင်လာပြီး သူမ၏အသွင်အပြင်ကို မပြောင်းလဲပါက ၎င်းမှာ အပြင်ထွက်သည့်အခါ မိတ်ကပ်မလိမ်းဘဲ ထွက်လာသကဲ့သို့ ဖြစ်နေလိမ့်မည်။ ဖြစ်နိုင်သည်မှာ ဒီအစ်မကြီးရဲ့ ပြင်ပကမ္ဘာက ရုပ်ရည်က အရမ်းထူးဆန်းနေလို့ ဒါကပဲ ပြောင်းလဲနိုင်တဲ့အကန့်အသတ် ဖြစ်နေလို့လား။

ဖုန်းပုကြွယ် သူမကို ကြည့်လိုက်သောအခါ သူမ၏ မျက်လုံးများက သူ့မျက်လုံးများနှင့် ဆုံသွားသည်။ လူတစ်ယောက်က အခြားသူများအပေါ် ထားခဲ့သော အထင်အမြင်မှာ မျက်လုံးများပေါ်တွင် အများကြီး မူတည်နေခြင်းဖြစ်သည်။ ထိုအချိန်တွင် ဖုန်းပုကြွယ်၏ မျက်လုံးထဲ၌ တည်ငြိမ်မှုကို မြင်တွေ့နိုင်ပါက ရီရူလီ၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ်နှင့် ဆင်တူသောအရာတစ်ခု ရှိနေပြီး ၎င်းမှာ အေးစက်လှသော သတ်ဖြတ်လိုစိတ် ဖြစ်သည်။ ဤသည်က ဒေါသထွက်နေသော အကြည့်မျိုး မဟုတ်သလို တမင်တကာ အေးစက်အောင် ဟန်ဆောင်ထားခြင်းလည်း မဟုတ်ပေ။ ၎င်းမှာ ပုံမှန် အခြေအနေတစ်ခုတွင် မသိစိတ်က ထွက်ပေါ်လာသော အမူအရာမျိုး ဖြစ်သည်။ ဤသည်မှာ ပြင်ပကမ္ဘာရှိ လုပ်ကြံသတ်ဖြတ်သူ တစ်ဦး၌ ရှိသင့်သော အကြည့်မျိုးပင်။

ဖုန်းပုကြွယ် အကြည့်ကို အပေါ်သို့ မြှင့်လိုက်သောအခါ ရီရူလီ၏ ဂုဏ်ပုဒ်အမည်သည် ကရုဏာမဲ့ခေါင်းဖြတ်သူ ဖြစ်နေသည်ကို မြင်လိုက်ရသည်။ ထိုအချိန်တွင် သူသည် စိတ်ထဲမှနေ၍ ရေရွက်မိသွားတော့သည်။

‘What the fuck …ဘာတွေ ဖြစ်နေတာလဲ... လုံခြုံရေးဗျူရိုက အေးဂျင့်တွေက ဂိမ်းထဲမှာ သတ္တိလာကျင့်နေကြတာလား’

အခြားတစ်ဖက်တွင်မူ ရီရူယွီဟု အမည်ရသော အလှလေးက ပို၍ ပုံမှန်ဆန်ပေသည်။ သူမသည် ရီရူလီထက် တစ်နှစ် သို့မဟုတ် နှစ်နှစ်ခန့် ပိုငယ်ပုံရသည်။ သူမတွင် ဘဲဥပုံစံမျက်နှာရှိကာ အလွန် နူးညံ့ပြီး ချစ်စရာကောင်းလှသည်။ သူမတွင် ဆံပင်ရှည်ကြီး ရှိပြီး နဖူးရှေ့တွင် ဆံမြိတ်များ မရှိပေ။ ရံဖန်ရံခါတွင် သူမ၏ နှုတ်ခမ်းထောင့်၌ အပြုံးနုနုလေး ပေါ်လာတတ်သည်။ သို့သော်... သူမ၏ မျက်လုံးထဲတွင်တော့ ပြုံးသည့်အရိပ်အယောင် မရှိပေ။

ရီရူယွီ၏ ဂုဏ်ပုဒ်အမည်သည် ‘ထက်မြက်သော သေနတ်သမား’ ဖြစ်သည်။ ဖုန်းပုကြွယ် မမှားဘူးဆိုပါက သူမသည် ပစ်ခတ်ရေးကို အထူးပြုသော ကစားသမား ဖြစ်ပေမည်။ ပြီးတော့ သူမက အတော်လေး တော်ပုံရသည်။

“ဘာဖြစ်လို့လဲ”

ရီရူလီက ရုတ်တရက် နှုတ်ခမ်းလေးဟကာ မေးလိုက်သည်။

သူမသည် ဖုန်းပုကြွယ်ကို တိုက်ရိုက်စိုက်ကြည့်နေခြင်း ဖြစ်၏။ သူမ၏ အမူအရာသည် အေးစက်နေပြီးကာ စကားလုံးများမှာလည်း တိုတောင်းလှသည်။

ဖုန်းပုကြွယ်သည် သူမက ဘာကြောင့် သူမကို စိုက်ကြည့်နေရတာလဲဟု မေးနေခြင်းဖြစ်ကြောင်း သိလိုက်သည်။ သူ အတင်းပြုံးလိုက်ပြီး စကားလမ်းကြောင်း လွှဲရန် အကြောင်းအရာတစ်ခုကို ရှာလိုက်သည်။

“ဟို... အဲ့ဒါကလေ၊ မင်းတို့ရဲ့ ဂိမ်းနာမည်တွေက Thunderbolt အဖွဲ့နဲ့ နည်းနည်း ဆင်နေသလားလို့”

ရီရူလီနှင့် ရီရူယွီတို့က ပြန်မဖြေရန် ရွေးချယ်လိုက်ကြသည်။ သူမသည် ပြန်ဖြေရန်မလိုသော စကားကို ကြားလိုက်ရသည့်အလား ရှိ၏။ ဖုန်းပုကြွယ်မှာ ချက်ချင်းပင် အရှက်ရသွားတော့သည်။

ထိုအခြင်းအရာကို မြင်သောအခါ ရီရူယွီက မရယ်ဘဲ မနေနိုင်တော့ပေ။ ထို့နောက် သူမက ပြန်ဖြေသည်။

“ကျွန်မတို့ဘက်ကလည်း အတူတူပါပဲ၊ ရှင်တို့ရဲ့ ဂိမ်းနာမည်တွေကလည်း တော်တော် စိတ်ဝင်စားဖို့ ကောင်းပါတယ်”

သူမသည် သူမ၏ ဝမ်းကွဲမှာ စကားနည်းသူဖြစ်ကြောင်း သိသဖြင့် ဖုန်းပုကြွယ် အနေရခက်မသွားစေရန် စကားဝင်ပြောပေးလိုက်ခြင်း ဖြစ်သည်။

ရီရူလီနှင့် ရီရူယွီတို့၏ အဘိုးဖြစ်သူ၏ အစ်မသည် ရီရူယွီ၏ အဘွား ဖြစ်သဖြင့် သူတို့မှာ ဆွေမျိုးတော်စပ်ကြသည်။ တကယ်တော့ သူတို့မှာ အသက် ၂၂ နှစ်ချင်း အတူတူပင် ဖြစ်ကြသည်။ ရီရူလီသည် ငယ်ငယ်ကတည်းက စကားနည်းသူ ဖြစ်သော်လည်း သူမတွင် ကိုယ်ပိုင်အမြင် ရှိသည်။ သူမသည် ရန်ပွဲတွင် တစ်ခါမှ မရှုံးဖူးသလို ထိုရန်ပွဲများတွင် သူမ၏ ပြိုင်ဘက်က အမျိုးသား ဖြစ်နေလျှင်ပင် မရှုံးနိမ့်ခဲ့ပေ။ သူမသည် မွေးလာကတည်းက ထိုသို့ တည်ငြိမ်အေးစက်သူဖြစ်သည်။

ရီရူယွီမှာမူ အရွယ်မရောက်သေးသော ကလေးတစ်ယောက်နှင့် တူပေသည်။ ပုံမှန်အားဖြင့် သူမသည် နောက်ပြောင်ရသည်ကို နှစ်သက်ပြီး အခြားသူများကို ဆေးထိုးရသည်ကို ဝါသနာပါသူ ဖြစ်၏။ ထို့အပြင် သူမသည် အလွန်ပင် ထက်မြက်လှသည်။ ဉာဏ်ရည်အပိုင်းအကြောင်း ပြောရလျှင် သူမသည် ဖုန်းပုကြွယ်ထက်ပင် ပို၍ မြင့်မားနိုင်သော်လည်း သူမတွင် စာဖတ်ခြင်း သို့မဟုတ် အကြောင်းအရာများကို လိုက်လံတွက်ချက်နေခြင်းများ မရှိပေ။

[ဘာလဲ ငါက ဘာလို့ ဒီလောက်တောင် ရှင်းရှင်းလင်းလင်း ရေးနေရတာလဲလို့ မေးနေတာလား။ သိသာနေတာပဲလေ၊ ဒီနှစ်ယောက်က အဓိကဇာတ်ကောင်တွေ ဖြစ်နေလို့လေ၊ အခုဆို အခန်း ၃၀ တောင် ရှိနေပြီ၊ ပထမနဲ့ ဒုတိယ မိန်းကလေးဇာတ်ကောင်တွေ အခုထိ မပေါ်လာသေးရင် ဘယ်လိုလုပ်မလဲ၊ မင်းတို့က အဓိကဇာတ်ကောင်နဲ့ ဂိမ်းစနစ်က မိန်းကလေးပုံစံ ပြောင်းသွားတဲ့အခါ အဲ့ဒီကြားမှာ တစ်ခုခု ဖြစ်လာမှာကို မျှော်လင့်နေတာလား၊ အဲ့ဒီလို ဇာတ်အိမ်မျိုး လိုချင်ရင်တော့ ‘လိုက်နိုဗယ်’တွေပဲ သွားဖတ်လိုက်တော့]

“ဟား... မြောက်ပင့်နေတာပါ”

ဖုန်းပုကြွယ်သည် ဤအချက်ကို ဆင်ခြေပေး၍ မရှုံးနိမ့်သော ချန်ပီယံဘက်သို့ လှည့်လိုက်သည်။

“ဟို... အစ်ကိုမရှုံးနိမ့်သူ၊ ခင်ဗျားနဲ့ ဟိုအကြောက်တရားကင်းမဲ့သောချန်ပီယံနဲ့ ဘယ်လိုပတ်သက်မှု ရှိလို့လဲ”

“ငါတို့က စတူဒီယိုတစ်ခုတည်းကပါပဲ”

မရှုံးနိမ့်သော ချန်ပီယံသည် သူ့ကို စကားမပြောချင်သကဲ့သို့ အမူအယာပြသည်။

“ငါ့ကို တခြား ဘာမှထပ်မမေးနဲ့ဦး၊ မင်းတို့လို ‘ဝါသနာအရ ကစားသူ’ တွေရဲ့ မေးခွန်းတွေကို ဖြေရတာနဲ့တင် ငါသေသွားလိမ့်မယ်”

သူ ထိုစကားလုံးလေးလုံးကို ပြောလိုက်သည့်အခါ လှောင်ပြောင်သရော်သည့် လေသံနှင့် အထင်သေးသည့် ပုံစံက အထင်အရှားပင်။

“အိုး... ခင်ဗျားက ပရော်ဖက်ရှင်နယ်ဂိမ်းမာကြီးပေါ့၊ တွေ့ရတာ ဝမ်းသာပါတယ်ဗျာ”

ဖုန်းပုကြွယ်က ပို၍ပင် အထင်သေးသောရှုံ့ချသော လေသံဖြင့် သူ့ကို ပြန်လည် ချီးကျူးလိုက်သည်။

ထိုလူက နှာခေါင်းတစ်ချက်ရှုံ့လိုက်ပြီး မျက်နှာလွှဲသွားသည်။ အကယ်၍ ဂိမ်းစနစ်သာ မရှိခဲ့လျှင် သူ ဆဲဆိုမိတော့မည် ဖြစ်၏။

ထိုအချိန်တွင် စနစ်၏ ကြေညာချက်က တင်းမာနေသော အခြေအနေကို ဖြတ်တောက်လိုက်သည်။

“ပင်မတာဝန် စတင်ပါပြီ”

All Chapters