← Chapters

အခန်း (၃၅-၃၆)

Vol. 4 Ch. 35-36

အခန်း (၃၅-၃၆)

Vol. 4 Ch. 35-36

အခန်း (၃၅)

ထို့နောက် တာဝန်မီနူး ထွက်ပေါ်လာသည်။

“အိမ်ကြီးအား စူးစမ်းရှာဖွေပြီး ထွက်ပေါက်ရှာပါ”

ထိုစာကို ဖတ်ပြီးနောက် ဖုန်းပုကြွယ်သည် တံခါးဖွင့်ရန် လှည့်လိုက်လေသည်။ ၎င်းသည် ခိုင်မာသော သစ်သားပြားနှစ်ချပ်ဖြင့် ပြုလုပ်ထားသော တံခါးချပ် ဖြစ်သည်။ ဖုန်းပုကြွယ်သည် နှစ်ဖက်စလုံးရှိ လက်ကိုင်များကို ဆုပ်ကိုင်ကာ ကျွိကျွိကျွတ်ကျွတ်အသံများ ဆူညံစွာ မြည်လာသည်အထိ လှည့်လိုက်သည်။ သိသာလှသည်မှာ တံခါးသည် လော့ကျနေပုံရပြီး အလွယ်တကူ ပွင့်မည့်ပုံမပေါ်ပေ။

မရှုံးနိမ့်သော ချန်ပီယံက နှာခေါင်းရှုံ့လိုက်သည်။

“ဝါသနာရှင်ဆိုတာ ဝါသနာရှင်ပါပဲ၊ ဒီတံခါးကို မင်းက ဘယ်လိုလုပ် ဖွင့်နိုင်မှာလဲ”

ကလောက်... ကလောက်...

ဝမ်တန်ကျိသည်လည်း ဖုန်းပုကြွယ်နှင့် ပူးပေါင်းလိုက်သည်။ သူသည် လက်တစ်ဖက်တွင် ရှိသော မီးဖိုချောင်သုံးဓားဖြင့် သစ်သားပြားနှစ်ချပ်ကြားက အဟကို ထိုးဆွနေပြီး အခြားလက်တစ်ဖက်ကမူ တံခါးလက်ကိုင်ကို ဆွဲနေ၏။ သူသည် သူ၏ လုပ်ဆောင်ချက်များဖြင့် ဖုန်းပုကြွယ်ကို ထောက်ခံကြောင်း ပြသနေခြင်း ဖြစ်သည်။

“ဘွဲ့နာမည် ‘ကြောက်ရွံ့’ ဆိုတဲ့ စကားလုံးပါတဲ့ ညီလေး၊ မင်း နောက်နေတာလား၊ ငါ ပြောပြီးသားပဲလေ...”

မရှုံးနိမ့်သော ချန်ပီယံက ထပ်ပြောပြန်သည်။

ဂျောက်... ဂျောက်... ဂျောက်...

နှစ်ဦးသား ပို၍ပင် ကြမ်းတမ်းလာကြတော့သည်။ တစ်ဦးစီက တံခါးလက်ကိုင်ကို ဆွဲ၍ သစ်သားပြားနှစ်ချပ်ကို အတင်းဖြဲထုတ်ရန် အစွမ်းကုန် ကြိုးစားနေကြ၏။

“ငါ ပြောတာက...”

အစ်ကို မရှုံးနိမ့်သူမှာ စကားပင် ဆက်မပြောနိုင်တော့ပေ။

ဖောက်၊ ဖောက်။

ဆက်တိုက် ထွက်ပေါ်လာသော အသံနှစ်ချက်နှင့်အတူ တံခါးလက်ကိုင်နှစ်ခုစလုံး ကျိုးသွားတော့သည်။ ယခုဆိုလျှင် သူတို့တွင် သော့ရှိနေလျှင်ပင် တံခါးကို ဖွင့်နိုင်တော့မည် မဟုတ်ပေ။

“ဟေး၊ မင်းတို့ ဘာလုပ်နေကြတာလဲ”

မရှုံးနိမ့်သော ချန်ပီယံမှာ ထိတ်လန့်တကြား အသက်ရှူမှားသွားရသည်။ ထိုစက္ကန့်ပိုင်းအတွင်း သူ၏ ကြောက်ရွံ့အမှတ်များ အကြောင်းရင်းမရှိဘဲ မြင့်တက်လာ၏။

ဒုန်း... ဒုန်း... ဒုန်း...

သူတို့သည် လက်ကိုင်များ ပြုတ်ထွက်သွားသော တံခါးကို ပခုံးများဖြင့် ဝင်တိုက်နေကြပြန်သည်။

နောက်ဆုံးတွင် သုံးမိနစ်ခန့် လျှောက်လုပ်နေသော ဖုန်းပုကြွယ်သည် နောက်သို့ လှည့်လိုက်ပြီး သူ့အင်္ကျီကော်လာကို ပြန်ပြင်ကာ ချောင်းတစ်ချက် ဟန့်လိုက်သည်။

“ကြည့်ရတာ တကယ်ကြီး ဖွင့်လို့မရဘူး ထင်ပါတယ်ဗျာ”

မရှုံးနိမ့်သော ချန်ပီယံက စိတ်ထဲမှနေ၍ ‘ယီးပဲ’ ဟု ဆဲလိုက်မိသည်။

သို့သော်လည်း သူသည် ထိုသို့ မဆဲနိုင်သဖြင့် ဒေါသတကြီးသာ အော်ဟစ်လိုက်ရသည်။

“သေချာတာပေါ့၊ အစကတည်းက ငါပြောသားပဲ မဟုတ်လား”

“ခင်ဗျားက ပြောရုံပဲ ပြောနေတာလေ”

ဖုန်းပုကြွယ်က ပြန်ဖြေသည်။

“ကျွန်တော်ကတော့ ကိုယ်တိုင်လုပ်ပြပြီး သက်သေပြလိုက်ပြီ”

“ကလေး... အဲ့ဒီအစား ဂိမ်းကထွက်လိုက်ရင် ဘယ်လို အပြစ်ပေးခံရမလဲဆိုတာကိုပဲ သွားပြီး လက်တွေ့ သက်သေပြလိုက်ပါလား”

မရှုံးနိမ့်သော ချန်ပီယံက ဟိန်းဟောက်လိုက်သည်။

“ဟူး... ဆိုတော့ တံခါးကို ပိတ်ထားတာက သဘာဝလွန်စွမ်းအားတစ်ခုခု ဖြစ်ရမယ်...”

ဖုန်းပုကြွယ်က မေးစေ့ကိုပွတ်ရင်း အနှစ်သာရမရှိသော စကားကို ဆိုလိုက်၏။

“မင်း ငါ့ကို လျစ်လျူရှုနေတာလား”

အစ်ကို မရှုံးနိမ့်သူ၏ ရင်ထဲတွင် ဒေါသမီးများ တောက်လောင်လာတော့သည်။

ရီရူလီသည် ဘေးမှ တခဏစောင့်ကြည့်နေပြီးနောက် စကားတစ်လုံးမှ မပြောဘဲ ပထမထပ်ရှိ မှောင်မိုက်နေသော ကော်ရစ်ဒါအတိုင်း လျှောက်သွားတော့သည်။ တစ်ယောက်ယောက်က တံခါးကို မည်သို့မျှ ဖွင့်မရကြောင်း သက်သေပြပြီးသား ဖြစ်သဖြင့် သူမသည် ဤပြဇာတ်ကို ဆက်ကြည့်မနေလိုတော့ပေ။ ရီရူယွီကလည်း သူမနောက်မှ လိုက်ပါသွားကာ ဧည့်ခန်းထဲမှ ထွက်သွားကြသည်။

ထိုနှစ်ဦး ထွက်သွားသည်ကို မြင်သောအခါ လုံအောင်းမင်က တစ်ခုခု ပြောချင်သော်လည်း ရပ်လိုက်သည်...။ ဒေါသထွက်နေသော အစ်ကိုမရှုံးနိမ့်သူကမူ အော်ပြောလိုက်သည်။

“ဟေး လျှောက်မပြေးကြနဲ့လေ၊ မင်းတို့ တစ်ခုခုကို သွားပြီးနှိုးဆွမိသွားရင်...”

“ရပါတယ်ဗျာ”

“တာဝန်ရဲ့ အကြောင်းအရာအရဆိုရင် အရာရာကို နှိုးဆွနိုင်လေ ပိုကောင်းလေပဲ”

ပြောရင်းဆိုရင်း ဖုန်းပုကြွယ်သည် တံခါးဘေးရှိ မှန်ပြတင်းပေါက်တစ်ခုဆီသို့ လျှောက်သွားလိုက်သည်။ ထိုပြတင်းပေါက်သည် ထောင့်မှန်စတုဂံပုံစံ ဖြစ်ပြီး အမြင့်တစ်မီတာခန့်နှင့် အကျယ်တစ်ပေခန့် ရှိသည်။ ပြတင်းပေါက်၏ ထိပ်ပိုင်းမှာ စုချွန်နေပြီး ဘောင်ကို သစ်သားဖြင့် ပြုလုပ်ထား၏။ အပြင်ဘက်သို့ လှမ်းကြည့်လိုက်ရာ ပြတင်းပေါက် တစ်ဖက်တစ်ချက်တွင် မြူနှင်းအလွှာတစ်ခုဖုံးလွှမ်းနေသကဲ့သို့ ရှိနေသဖြင့် အပြင်ဘက်တွင် ဘာရှိနေသည်ကို မမြင်ရပေ။

ဖုန်းပုကြွယ်သည် ဂွကို ထုတ်ယူလိုက်ပြီး ပြတင်းပေါက်ကို လွှဲရိုက်ချလိုက်သည်။ သံလက်နက်က ပြတင်းပေါက်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားသည့်အခါ ဖုန်းပုကြွယ်သည် သူ့လက်မောင်းတစ်ခုလုံး ထုံကျင်သွားသလို ခံစားလိုက်ရသည်။ ၎င်းမှာ ဂွဖြင့် သတ္တုပစ္စည်းတစ်ခုခုကို ရိုက်လိုက်သကဲ့သို့ပင်။

“ဟင်... ဒီပြတင်းပေါက်ကလည်း တံခါးနဲ့ အတူတူပဲ၊ ထူးဆန်းတဲ့ စွမ်းအားတစ်ခုခုနဲ့ အကာအကွယ် လုပ်ထားတာပဲ”

ဖုန်းပုကြွယ်က ဆိုသည်။

မရှုံးနိမ့်သော ချန်ပီယံက ခေါင်းခါရင်း သက်ပြင်းချလိုက်သည်။

“ဒါကြောင့် ပြောတာပေါ့ မင်းတို့လို ဝါသနာရှင်တွေက အခြေခံအသိတရား မရှိဘူးလို့... ဂိမ်းအစမှာတင် အားနဲ့သုံးပြီး ဖြေရှင်းရမယ့် ဇာတ်လမ်းမျိုးကို စနစ်က ဘာလို့ ဖန်တီးမှာလဲ”

သူ လှေကားဆီသို့ လှည့်လျှောက်သွားသည်။

“မင်းတို့သုံးယောက်က အတူတူပဲ မဟုတ်လား၊ ကျေးဇူးပြုပြီး ငါ့နောက်ကို လိုက်မလာကြပါနဲ့၊ အိမ်ထဲမှာဆော့ရတဲ့ အခြေအနေမှာ မင်းတို့လို အတွေ့အကြုံမရှိတဲ့သူ သုံးယောက်နဲ့ဆိုရင် ငါ ဇာတ်လမ်းကိုတောင် အောင်မြင်အောင် ကစားနိုင်မှာ မဟုတ်ဘူး၊ မင်းတို့က ပထမထပ်ကို တာဝန်ယူလိုက်၊ ငါက ဒုတိယထပ်ကို တစ်ယောက်တည်း ကိုင်တွယ်လိုက်မယ်”

မရှုံးနိမ့်သော ချန်ပီယံသည် ထိုသုံးဦးကို လုံးဝအသုံးမကျသော အသင်းဖော်များ ဖြစ်သည်ဟု ဆုံးဖြတ်လိုက်ပြီးသား ဖြစ်သည်။ ‘အဖွဲ့စောင့်ရှောက်သူ’ ဟု ဘွဲ့အမည်ရသော လုံအောင်းမင်သည် ကြည့်ရသည်မှာ တော်ပုံရသော်လည်း ကျန်နှစ်ဦးမှာမူ လုံးဝ အားကိုးမရပေ။ ‘ကြောက်ရွံ့စွာ ချောင်းတိုက်သူ’ မှာ ဘွဲ့အမည်အရကိုက အမှိုက်ဖြစ်နေပြီး ‘သွေးအေးစွာ ခေါင်းရိုက်ခွဲသူ’ မှာလည်း ဘာကိုဆိုလိုမှန်း မသိရပေ။ သူ၏ လုပ်ဆောင်ချက်က မရှုံးနိမ့်သော ချန်ပီယံကို အလွန်မသက်မသာဖြစ်စေသလို အသိဉာဏ်မဲ့သောလုပ်ရပ်များကိုလည်း အများအပြား ပြုလုပ်ပြခဲ့သေးသည်။

မရှုံးနိမ့်သောချန်ပီယံကို စိတ်အနှောက်အယှက်ဖြစ်စေဆုံး အချက်မှာ ‘အကြောက်တရားကင်းသော ချန်ပီယံ’ က ဘယ်လိုလုပ် အဆင့် ၂၀ ကို အရင်ဆုံး ရောက်သွားတာလဲဟု လူတွေက လာမေးကြခြင်း ဖြစ်သည်။ သူတို့စတူဒီယိုအကြောင်း ဘာမှမသိသူများက ထိုကဲ့သို့သော မေးခွန်းမျိုးစုံကို မေးရသည်ကို နှစ်သက်ကြ၏။ တကယ်တမ်းတွင် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ အဆင့်မြန်မြန် တက်နိုင်ခြင်းက သိပ်မထူးခြားလှပေ။ ၎င်းမှာ လုပ်ငန်းခွဲဝေမှုသက်သက်သာ ဖြစ်သည်။

၂၀၅၅ ခုနှစ်တွင် ပရော်ဖက်ရှင်နယ် ကစားသမားလောကသည် အလွန်ရင့်ကျက်သော လုပ်ငန်းတစ်ခု ဖြစ်နေပြီ ဖြစ်သည်။ ထိုအထဲတွင် အတွေ့ရများဆုံးမှာ စတူဒီယိုအငယ်စားလေးများ ဖြစ်ကြသည်။ သူတို့ကိုယ်သူတို့ ပရော်ဖက်ရှင်နယ်များဟု ထင်နေကြသော်လည်း လက်တွေ့တွင် စီမံခန့်ခွဲမှုနှင့် အကောင်အထည်ဖော်မှုအပိုင်းတွင် အားနည်းချက်များ ရှိနေကြသည်။ အများအားဖြင့် သူဌေးကိုယ်တိုင်က စီမံခန့်ခွဲရေး၊ ဘဏ္ဍာရေးနှင့် ဂိမ်းခေါင်းဆောင် တာဝန်များကို ယူထားကြခြင်း ဖြစ်၏။ ထို့အပြင် သူဌေးအများစုသည် စစ်မှန်သော ဂိမ်းဝါသနာရှင် စိတ်ဓာတ်မျိုး ရှိနေကြသေးသည်။ သူတို့သည် ရုံးလုပ်ငန်းအမည်ခံကာ ကိုယ်ကျိုးအတွက် အသုံးချလေ့ရှိပြီး အဖွဲ့အစည်း၏ အရင်းအမြစ်များကိုသုံး၍ အွန်လိုင်းလောကတွင် သူတို့အတွက် နာမည်အတုအယောင်များ ဖန်တီးလေ့ ရှိကြသည်။ ထိုကဲ့သို့သော စတူဒီယိုများသည် နွားမတစ်ကောင်၏ အမွှေးအမျှင်များကဲ့သို့ အလွန်ပင် များပြားလှ၏။ သူတို့သည် ခဏခဏ ဖွဲ့စည်းလိုက်၊ ပျက်သွားလိုက် ဖြစ်နေကြပြီး ဝင်ငွေမှာလည်း အလွန်မတည်ငြိမ်လှပေ။ ဤစတူဒီယိုများသည် လုပ်ငန်းလောက၏ အောက်ခြေအလွှာများပင် ဖြစ်ကြသည်။

အလယ်အလတ်အလွှာတွင်မူ စီမံခန့်ခွဲမှုနှင့် အရည်အချင်း အတိုင်းအတာတစ်ခုအထိရှိသော စတူဒီယို အငယ်စားများ ရှိကြသည်။ ထိုအဖွဲ့များနှင့် အောက်ခြေအလွှာများ၏ တစ်ခုတည်းသော ကွာခြားချက်မှာ သူတို့တွင် ဂိမ်းအချို့၌ ကျွမ်းကျင်သော ‘ကြယ်ပွင့်ကစားသမား’ တစ်ဦးစ သို့မဟုတ် နှစ်ဦးစ ရှိနေခြင်း ဖြစ်သည်။ ယှဉ်ပြိုင်ရသော ဂိမ်းအဖွဲ့တစ်ခုတွင် တစ်ခါတစ်ရံ၌ ထိုကဲ့သို့သော ကြယ်ပွင့်တစ်ဦး သို့မဟုတ် နှစ်ဦးက စတူဒီယိုတစ်ခုလုံးကို ထောက်ပံ့ထားနိုင်သည်။ သို့သော် ထိုအဆင့်သို့ ရောက်ရှိနိုင်သော စတူဒီယိုအများစုမှာ ဓားပြဂိုဏ်းကဲ့သို့ စီမံခန့်ခွဲမှုပုံစံမှ ကွဲထွက်သွားကြပြီ ဖြစ်သည်။ သူတို့သည် အဖွဲ့၏ အရင်းအမြစ်များကို စနစ်တကျ အသုံးပြုနိုင်ကြပြီ ဖြစ်၏။

ပွင့်ပွင့်လင်းလင်း ပြောရလျှင် မည်သည့်လုပ်ငန်းတွင်မဆို ရေရှည်လုပ်ကိုင်လိုပါက ရေရှည်စီမံကိန်း ရှိရမည် ဖြစ်သည်။ စီမံကိန်းမရှိသော ဂိမ်းအဖွဲ့တစ်ခုသည် ဝါသနာရှင်အုပ်စုတစ်ခုနှင့် မခြားနားပေ။ သူတို့မှာ ဂိမ်းဆော့ရန် အချိန်ပိုရနေခြင်းသာ ထူးခြားခြင်းဖြစ်သည်။

ထိုလုပ်ငန်း၏ ထိပ်ဆုံးအလွှာတွင်မူ ‘အမိန့်’ ကဲ့သို့သော ပထမတန်းစားစတူဒီယိုများ ရှိကြသည်။ သူတို့တွင် စီမံကိန်းများအတွက် တာဝန်ယူရသော အထူးစီမံခန့်ခွဲရေးအဖွဲ့ ရှိကာ ဂိမ်းအဖွဲ့ကိုလည်း လုပ်ငန်းအလိုက် အုပ်စုများ ခွဲခြားထားကြသည်။ အဆင့်မြှင့်တင်ရန် အဓိကတာဝန်ယူရသော ခြောက်ယောက်ပါအဖွဲ့တွင် သူတို့၏ အထူးပြုချက်များနှင့် တစ်ဦးချင်းကဏ္ဍများမှာ အလွန်ပင် ရှင်းလင်းလှသည်။ ပစ္စည်းများ၊ အရင်းအမြစ်များနှင့် သတင်းအချက်အလက်များကိုလည်း စတူဒီယိုအတွင်း၌ အချိန်နှင့်တစ်ပြေးညီ မျှဝေကြရသည်။ အဖွဲ့ဝင်များ ရရှိသော အသုံးအဆောင်များနှင့် စွမ်းရည်အားလုံးကို အဆင့်မြှင့်တင်ရေးအဖွဲ့သို့ အရင်ဆုံး ပေးအပ်ကြရသည်။

မရှုံးနိမ့်သော ချန်ပီယံကဲ့သို့သော တစ်ကိုယ်တော် ကစားသမားများတွင်လည်း လုပ်ဆောင်ရမည့် တာဝန်များ ရှိသည်။ ဥပမာ - မရှုံးနိမ့်သော ချန်ပီယံအတွက် သူ့အဆင့်က အရေးမကြီးပေ။ သူ၏ အဓိကတာဝန်မှာ တိုက်ခိုက်ရေးကျွမ်းကျင်မှု အဆင့်ကို မြှင့်တင်ရန်နှင့် သတင်းအချက်အလက် စုဆောင်းရန် ဖြစ်သည်။ သူသည် အခြား ကျွမ်းကျင်မှုများကို လေ့ကျင့်သည်ဖြစ်စေ မလေ့ကျင့်သည်ဖြစ်စေ အရေးမကြီးပေ။ သူ့တွင် ပစ္စည်းကိရိယာများ ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ အကြောင်းမဟုတ်ပေ။ ၎င်းတို့ကို စတူဒီယိုရှိ အဖွဲ့မှတစ်ဆင့် တိုးတက်အောင် ပြုလုပ်နိုင်ပေသည်။ အမိန့်အဖွဲ့သည် ယခုအခါ လက်ဦးသတင်းအချက်အလက်များကို လိုချင်နေခြင်းဖြစ်ပြီး မရှုံးနိမ့်သော ချန်ပီယံသည် သူ၏ တိုက်ခိုက်ရေး ကျွမ်းကျင်မှု၏ လက်တွေ့အာနိသင်များကို စမ်းသပ်ရန် တာဝန်ယူထားရခြင်း ဖြစ်သည်။

ထို့ကြောင့် မရှုံးနိမ့်သော ချန်ပီယံသည် သူစိမ်းတစ်ယောက်က စတူဒီယိုအကြောင်း လာမေးသည့် အခါတိုင်း ‘စိတ်ပျက်ဖို့ကောင်းတယ်’ ဟုသာ ခံစားရလေ့ရှိသည်။ ပထမအချက်သည် ဤသည်မှာ လုပ်ငန်းလျှို့ဝှက်ချက်ဖြစ်ကာ သူသည် ၎င်းကို လျှို့ဝှက်ထားရန် တာဝန်ရှိသည်။ ဒုတိယအချက်မှာ သူသည် အခြားသူများကို ရှင်းပြရန် စိတ်မဝင်စားခြင်းပင်။

“ကောင်းပါပြီ၊ ဒါပေမဲ့ အစ်ကို မရှုံးနိမ့်သူ၊ တစ်ယောက်တည်းသွားတဲ့အခါ သတိထားဦးနော်”

ဖုန်းပုကြွယ်က ဖော်ရွေသော အပြုံးဖြင့် ပြောလိုက်သည်။

ထိုစကားကို ကြားလိုက်သောအခါ မရှုံးနိမ့်သော ချန်ပီယံမှာ ရုတ်တရက် တုန်ယင်သွားသည်။ ထူးဆန်းသော ခံစားချက်တစ်ခုကြောင့် သူ၏ ကြောက်ရွံ့မှုအမှတ်များမှာ ထပ်မံ မြင့်တက်သွားပြန်၏။ ဖုန်းပုကြွယ်၏ စကားများက မကောင်းသော အရာတစ်ခုခု ဖြစ်တော့မည်ကို ကြိုတင် နိမိတ်ဖတ်နေသကဲ့သို့ပင်။

သူသည် ဧည့်ခန်းထဲရှိ ထိုသုံးဦးကို တစ်ချက်ပြန်ကြည့်လိုက်သည်။ သူသည် ထိုထူးဆန်းသော အတွေးကို ခေါင်းထဲမှ မောင်းထုတ်လိုက်ပြီး ဒုတိယထပ်သို့ တစ်ယောက်တည်း တက်သွားတော့သည်။

သူ့နောက်ကျော လှေကားထောင့်သို့ ကွေ့ဝင်ပျောက်ကွယ်သွားသည်ကို မြင်သောအခါ လုံအောင်းမင်က မေးလိုက်သည်။

“ညီလေးဖုန်း၊ ဘာလို့ တမင်တကာ လူအပုံစံ လုပ်နေတာလဲ”

သူ စိတ်ရှုပ်ထွေးနေခြင်းဖြစ်သည်။

“ဂိမ်းစနစ်က ဘယ်လောက်တောင် ဂရုစိုက်လဲဆိုတာ မင်းသိရမယ်... ဒီတံခါးနဲ့ ပြတင်းပေါက်တွေက သိသိသာသာပဲ ဖွင့်လို့မရဘူးလေ၊ မင်းစမ်းကြည့်ချင်တယ် ဆိုရင်တောင် ဒီလောက်အထိ လုပ်စရာ မလိုပါဘူး ဟုတ်တယ်မလား”

“သူ့ကို ကျွန်တော်ဘာမှမသိဘူးလို့ ထင်သွားအောင် ပြဇာတ်ကောင်းကောင်း ကပြလိုက်ရတာလေ”

ဖုန်းပုကြွယ်က ဆိုသည်။

“ဒါမှ သူက ကျွန်တော်တို့ကို ဝန်ထုပ်ဝန်ပိုးလို့ သတ်မှတ်ပြီး သူ့ဘာသာသူ ခွဲထွက်သွားမှာပေါ့”

“အစ်ကိုပုကြွယ်၊ မင်းက သူ့နောက်ကွယ်မှာ တစ်ခုခုလုပ်ဖို့ ကြံနေတာတော့ မဟုတ်ပါဘူးနော်၊ ဒီဂိမ်းမှာ ကိုယ့်လူအချင်းချင်း တိုက်ခိုက်လို့ မရဘူးနော်”

ဝမ်တန်ကျိက ပြောလိုက်သည်။ စောစောက သူဖုန်းပုကြွယ်ကို တံခါးဖျက်ရာတွင် ကူညီပေးခဲ့ခြင်းသည် ဖုန်းပုကြွယ်နှင့် ပူးပေါင်းဆောင်ရွက်လို၍ မဟုတ်ဘဲ တံခါးကို အမှန်တကယ် ဖွင့်နိုင်လိမ့်မည်ဟု ထင်နေသောကြောင့် ဖြစ်သည်။

“ငါ သူ့ကို ဒုက္ခပေးဖို့ ကြံနေတာ မဟုတ်ပါဘူးကွာ၊ ဒီလို ဇာတ်လမ်းမျိုးမှာ လူခွဲရှာတာက ပိုပြီး ထိရောက်မယ်လို့ ထင်လို့ပါ”

ဖုန်းပုကြွယ်က ဆိုသည်။

“ဟို မိန်းကလေး နှစ်ယောက်ကလည်း ငါ့အမြင်ကို သဘောတူလို့ သူတို့ဘာသာ သူတို့ ထွက်သွားကြတာလေ၊ ဒါပေမဲ့ ဒီလူကတော့... သူက ငါတို့နဲ့ ညှိနှိုင်းမယ့်လူမျိုး မဟုတ်ဘူးလို့ ငါ ထင်တယ်”

သူ ခဏရပ်လိုက်သည်။

“သူ့ရဲ့ အမြင်အရဆိုရင် အဆင့်ဆိုလည်း သူက အမြင့်ဆုံး၊ ဂိမ်းကျွမ်းကျင်မှုမှာလည်း သူက ပရော်ဖက်ရှင်နယ်ဆိုတော့ အဖွဲ့ထဲမှာ သူက ဆုံးဖြတ်ခွင့်ရှိသင့်တယ်လို့ သူယူဆမှာပဲ၊ တကယ်လို့ ငါက လူခွဲကြစို့လို့ အကြံပေးရင် သူက ချက်ချင်းကန့်ကွက်မှာပဲ၊ ငါတံခါးကို အတင်းဆွဲဖွင့်နေတုန်း သူက ကျန်တဲ့နှစ်ယောက်ကို အဖွဲ့ထဲကနေ မထွက်သွားအောင်တားဖို့ ကြိုးစားခဲ့သေးတယ်လေ၊ ဒါကို ကြည့်ရင် သူက အစကတည်းက အဖွဲ့လိုက်သွားဖို့ စီစဉ်ထားတာပဲ”

ဖုန်းပုကြွယ် နံရံတစ်ခုဆီသို့ လျှောက်သွားကာ တစ်ခုခုကို အကဲခတ်နေသကဲ့သို့ ဆောင့်ကြောင့်ထိုင်လိုက်သည်။

“ဒါက အကောင်းဆုံးပါပဲ၊ သူ့ဘာသာသူ ထွက်သွားပြီလေ”

သူသည် နံရံပေါ်ရှိ ပင့်ကူအိမ်များနှင့် ဖုန်မှုန့်များကို သူ့လက်ဖဝါးဖြင့် ဖယ်ရှားလိုက်သည်။

“ငါတို့လည်း လူခွဲကြတာပေါ့၊ ပင်မတာဝန် ပြောင်းလဲသွားတဲ့ အသိပေးချက်ကိုတွေ့ရင် ဒီနေရာမှာပဲ ပြန်ဆုံကြမယ်”

ရှောင်တန် အသက်ရှူမှားသွားသည်။

“ငါတို့ပါ လူခွဲရမှာလား”

“လူခွဲတာက ပိုထိရောက်တယ်လို့ ငါပြောပြီးပြီလေ”

ဖုန်းပုကြွယ်က ပြန်ဖြေသည်။ သူ့မျက်လုံးများက နံရံမှ ခွာမသွားပေ။

“စိတ်မပူပါနဲ့၊ ဒီလို အိမ်ကြီးမျိုးကတော့ သရဲခြောက်မှာ အသေအချာပဲ၊ ဇီနိုမော့ဖ်ဂြိုဟ်သားလို မကောင်းဆိုးဝါးမျိုးတွေ ရှိလိမ့်မယ်လို့ ငါမထင်ဘူး၊ ဒါကြောင့် ဒီဇာတ်လမ်းရဲ့ အဓိက ရည်ရွယ်ချက်က လူတွေကို ခြောက်လှန့်ဖို့နဲ့ ပဟေဠိဖြေရှင်းဖို့ပဲ ဖြစ်လိမ့်မယ်၊ ခန္ဓာကိုယ်ကို ထိခိုက်စေနိုင်တဲ့ အရာတွေကတော့ ထောင်ချောက်တွေပဲ ဖြစ်ဖို့ များတယ်၊ သတိလေး ထားလိုက်ရင် ရပါပြီ”

သူစကားမဆုံးသေးမီမှာပင် စနစ်၏ အသိပေးချက် ထပ်မံထွက်ပေါ်လာလေသည်။

[ဘေးထွက်တာဝန် စတင်ပါပြီ]

ထိုသုံးဦးလုံး တာဝန်မီနူးကို ကြည့်လိုက်ကြသည်။ မူလပင်မတာဝန် ရှိနေဆဲ ဖြစ်သော်လည်း အောက်ခြေတွင် တာဝန်အသစ်တစ်ခု ပေါ်လာလေ၏။

“ ‘သရဲစံအိမ်’ ရဲ့ အစိတ်အပိုင်းခြောက်ခုလုံးကို ရှာဖွေပါ၊ လက်ရှိတိုးတက်မှု ၁/၆”

အခန်း (၃၆)

“ဘာကို ဆိုလိုတာလဲ၊ ‘သရဲစံအိမ်’ ဆိုတာက ဘာကြီးလဲ”

ဝမ်တန်ကျိက မေးလိုက်သည်။

“မင်းက ‘အဲ့ဒါကို ငါစားလို့ရလား’ လို့ ထပ်မေးဦးမလို့လား”

ဖုန်းပုကြွယ်က ပြန်မေး၏။

“ငါက ချစ်စရာကောင်းအောင် ‘စားလို့ရလား’ လို့ လိုက်မေးနေရမယ့်အရွယ် မဟုတ်တော့ဘူးလေ... ပြီးတော့ ငါအတည်ပြောနေတာ”

ဝမ်တန်ကျိက ဆိုသည်။

“မင်းတို့ဘာသာ မင်းတို့ပဲ ကြည့်လိုက်ကြတော့”

ဖုန်းပုကြွယ်သည် သူဆောင့်ကြောင့်ထိုင်ကြည့်နေသည့် အရာကို ရှောင်တန်နှင့် အစ်ကိုလုံတို့ မြင်နိုင်ရန် ဘေးသို့ဖယ်ပေးပြီး မတ်တပ်ရပ်လိုက်သည်။

နှစ်ဦးသား အနားသို့ တိုးကြည့်လိုက်သောအခါ နံရံပေါ်တွင် စာလုံးများ တွေ့လိုက်ရသည်။ ၎င်းတို့မှာ ဓားတစ်လက်ဖြင့် ထွင်းထုထားပုံရ၏။ အကြောင်းအရာအားလုံးသည် အင်္ဂလိပ်ဘာသာဖြင့် ဖြစ်သော်လည်း ကစားသမားများက ဂိမ်းမီနူးကို ဖွင့်လိုက်သောအခါ ဘာသာပြန်ချက်ကို မြင်တွေ့နိုင်သည်။

၎င်းမှာ အင်္ဂလိပ်ကဗျာတိုတစ်ပုဒ် ဖြစ်ပုံရပြီး အကြောင်းအရာမှာ အောက်ပါအတိုင်း ဖြစ်သည်။

“စိမ်းလန်းနေတဲ့ ချိုင့်ဝှမ်းရဲ့ အနက်ရှိုင်းဆုံးမှာ

ကောင်းကင်တမန်များ ရပ်တန့်ကာ စောင့်ကြပ်နေခဲ့ကြ

တစ်ခါက လှပသောစံအိမ်ကြီးတစ်ခု ရှိဖူးပေ၏

တောက်ပလွန်းစွာ - ကောင်းကင်သို့တိုင်အောင် မြင့်မားခဲ့သည်

‘အတွေးအခေါ်’ တို့ စိုးစံရာ ထိုနိုင်ငံတော်ထဲတွင်

ဂုဏ်ယူဝင့်ကြွားစွာဖြင့် မတ်မတ်တည်နေခဲ့သည်

တောင်ပံခြောက်ခုပါသော ကောင်းကင်တမန်သည် ၎င်း၏အတောင်ပံများကို မဖြန့်ခဲ့ပေ

လွန်စွာလှပသော ကျောက်စိမ်းနန်းတော်ကြီးပါတကား။”

“ဒါက ဘာကို ဆိုလိုတာလဲ”

ဝမ်တန်ကျိမှာ ဖတ်ရှုပြီးနောက် စိတ်ရှုပ်ထွေးသွားသည်။

“ဖြစ်နိုင်တာကတော့ ဒီစာပိုဒ်ကို ‘သရဲစံအိမ်’ လို့ ခေါ်တာ ဖြစ်လိမ့်မယ်၊ ပြီးတော့ စုစုပေါင်း စာပိုဒ် ခြောက်ပိုဒ် ရှိလို့နေမှာပေါ့”

လုံအောင်းမင်က ခန့်မှန်းလိုက်ခြင်း ဖြစ်သည်။

သူတို့အားလုံး တွေးမိသည်မှာ... ဖုန်းပုကြွယ် ရှိနေသရွေ့ ထိုလူက အရာအားလုံးကို သိနေလိမ့်မည် ဖြစ်သဖြင့် သူ့ကိုသာ မေးလိုက်လျှင် ရသည်ဟူ၍ ဖြစ်၏။ မထင်မှတ်ဘဲ သူတို့နှစ်ဦး လှည့်ကြည့်လိုက်သောအခါ ထိုကောင်လေးမှာ ပျောက်ကွယ်သွားပြီ ဖြစ်ကြောင်း တွေ့လိုက်ရသည်...။

“အစ်ကိုပုကြွယ်”

ဝမ်တန်ကျိသည် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ပြီး ဒုတိယထပ်သို့ ဦးတည်သော လှေကားဆီသို့ ကြည့်ရန် နောက်တစ်လှမ်းဆုတ်လိုက်သည်။

“သူ ဘယ်ရောက်သွားတာလဲ၊ ငါတို့ မကြည့်မိတဲ့အချိန်မှာ ပျောက်သွားတာလား”

လုံအောင်းမင်လည်း ပတ်ပတ်လည်ကို လိုက်ရှာသော်ငြား သူ့ကို မတွေ့ရတော့ပေ။ သူက အကူညီမဲ့စွာဖြင့် ပခုံးတွန့်လိုက်လေသည်။

“သူက လူခွဲဖို့ပြောထားတာဆိုတော့ ငါတို့ ဒီစာပိုဒ်ကိုဖတ်နေတုန်း ခိုးထွက်သွားတာ ဖြစ်ရမယ်”

ဝမ်တန်ကျိက “ဒါဆိုရင် ကျွန်တော်တို့လည်း သဲလွန်စတွေ သွားရှာကြရအောင်၊ ဘာပဲဖြစ်ဖြစ် အစ်ကိုပုကြွယ်က ပင်မတာဝန် ပြောင်းလဲသွားရင် ဒီမှာပြန်ဆုံကြမယ်လို့ ပြောထားတာပဲလေ”

လုံအောင်းမင် ခေါင်းညိတ်ပြလိုက်ပြီး နှစ်ဦးသား ပထမထပ်ကို စတင်စူးစမ်းရှာဖွေကြတော့သည်။ သူတို့သည် ဖွင့်၍ရသော တံခါးများကို တစ်ခုပြီးတစ်ခု တွန်းဖွင့်ကာ အခြားသော စင်္ကြံလမ်းများ သို့မဟုတ် ‘သရဲစံအိမ်’ နှင့် ပတ်သက်သည့် သဲလွန်စများရှိမရှိ ကြည့်ရှုကြ၏။

...

ပထမထပ်ရှိ ရှုပ်ထွေးလှသော ကော်ရစ်ဒါအတွင်း၌။

အမျိုးသမီး ကစားသမားနှစ်ဦးသည် သတိကြီးစွာဖြင့် ဖြည်းညှင်းစွာ ရှေ့တိုးနေကြသည်။ အခြေအနေကို ကြည့်ရသည်မှာ သူတို့သည် ထောင်ချောက်တစ်ခုခုနှင့် ကြုံတွေ့ထားရပုံရသည်။

ထိုအချိန်တွင် ရီရူလီသည် သူမလက်ထဲ၌ တောက်ပနေသော ဓားရှည်တစ်ချောင်းကို ကိုင်ဆောင်ထားသည်။ ဤအိုင်တမ်သည် သာမန်အဆင့်မျှသာ ဖြစ်သော်လည်း သူမသည် ဤသာမန်လက်နက်ဖြင့်ပင် [ကရုဏာမဲ့ ခေါင်းဖြတ်သူ] ဟူသော ဘွဲ့အမည်ကို ရရှိခဲ့ခြင်း ဖြစ်ရာ သူမမည်မျှ ထူးခြားသည်ကို ပြသနေခြင်း ဖြစ်သည်။

ရီရူယွီကမူ သူမ၏ သေနတ်ကို ထုတ်မထားပေ။ သူမသည် ဖုန်းပုကြွယ်နှင့် တူညီသော ကောက်ချက်ကို ချထားခြင်း ဖြစ်သည်။ အကယ်၍ ဤဇာတ်လမ်းက သရဲတစ္ဆေများ၊ ထောင်ချောက်များဖြင့် ပြည့်နှက်နေမည်ဆိုပါက သေနတ်များ မလိုအပ်ပေ။

“အမ်”

နောက်မှ လိုက်လာသော ရီရူယွီက လန့်ဖျတ်သွားသည်။ စက္ကန့်အနည်းငယ် ကြာပြီးနောက် သူမက ပြောလိုက်သည်။

“ဟ... သူတို့ ဘေးထွက်တာဝန်တစ်ခုကို ရှာတွေ့သွားပြီပဲ”

ရီရူလီက တာဝန်အသေးစိတ်ကို ကြည့်လိုက်ပြီး မေး၏။

“ငါတို့လည်း ဒီ ‘သရဲစံအိမ်’ ကို ရှာဖို့ ပူးပေါင်းသင့်သလား”

“အမ်... တကူးတက လိုက်ရှာနေဖို့တော့ မလိုပါဘူး”

ရီရူယွီက စဉ်းစားပြီး ပြန်ဖြေလိုက်သည်။

“လောလောဆယ်တော့ အဲ့ဒါက ဘာလဲဆိုတာ ငါတို့ မသိသေးဘူးလေ၊ ဒါ့အပြင် ငါတို့လည်း သဲလွန်စတွေ ရှာနေတာပဲဥစ္စာ”

“ဒါဆို ဆက်သွားကြစို့”

ရီရူလီက ပြန်ဖြေပြီး ရှေ့သို့ ဆက်လက် လျှောက်လှမ်းသွားလိုက်သည်။

...

ဒုတိယထပ်တွင် မရှုံးနိမ့်သော ချန်ပီယံသည် အလွန်ကျယ်ဝန်းသော အခန်းတစ်ခုအတွင်းသို့ ရောက်ရှိနေခဲ့သည်။ ဧည့်ခန်းနှင့်တူညီစွာပင် ဤအခန်းရှိ ပြတင်းပေါက်မှာလည်း ရှည်လျားပြီး ကျဉ်းမြောင်းလှသည်။ ၎င်းကို အပေါ်ဘက်ခပ်မြင့်မြင့်တွင် တပ်ဆင်ထားပြီး နက်မှောင်နေသော ဝက်သစ်ချကြမ်းပြင်နှင့် အကွာအဝေးတစ်ခု ရှိနေ၏။ ပြတင်းပေါက်မှတစ်ဆင့် အနီရောင် အလင်းတန်းများ ဖြာကျနေကာ ၎င်းက အခန်းထဲရှိ သိသာထင်ရှားသော အရာများကို မြင်နိုင်ရန် လုံလောက်ရုံမျှသာ ရှိသည်။ သို့သော် သန်းခေါင်ယံအချိန်ကြီးမှာ ထိုအနီရောင်အလင်းတန်းတွေက ဘယ်ကနေ ထွက်ပေါ်လာတာလဲ။

မရှုံးနိမ့်သော ချန်ပီယံသည် အတတ်နိုင်ဆုံး ကြိုးစားကြည့်ရှုနေသော်လည်း အခန်းထောင့်စွန်းများ သို့မဟုတ် နံရံကပ်ပန်းချီကား များကို မမြင်ရပေ။ သေချာပေသည် သူသည် ထိုအသေးစိတ် အချက်အလက်များကို ဂရုမစိုက်ခြင်း ဖြစ်သည်။ ဒါတွေကို ရှင်းရှင်းလင်းလင်း မြင်ရတော့ရော ဘာထူးမှာလဲ။ အခန်းထောင့်တွင် ပုန်းအောင်းနေသော မကောင်းဆိုးဝါးများ မရှိဖို့သာ သူလိုအပ်သည်။

နံရံများတွင် မှိန်ဖျော့နေသော လိုက်ကာများ ချိတ်ဆွဲထား၏။ ပရိဘောဂအားလုံးသည် ကြီးမားပြီး ဟောင်းနွမ်းဖတ်နေကာ ဟောင်းနွမ်းဆွေးမြည့်နေသဖြင့် လုံးဝ သက်သောင့်သက်သာ ရှိမည့်ပုံ မပေါ်ပေ။ ဟိုတစ်စ ဒီတစ်စ ပျံ့ကျဲနေသော စာအုပ်များနှင့် တူရိယာများမှာလည်း အခန်းကို သက်ဝင်လှုပ်ရှားလာစေရန် မကူညီနိုင်ပေ။ ၎င်းသည် လေထုထဲ၌ ဝမ်းနည်းပူဆွေးမှုများဖြင့် ပြည့်နှက်နေသည့်အလားပင်။ မှိုင်းညို့သော အငွေ့အသက်များက အရပ်မျက်နှာ အနှံ့အပြားတွင် လွင့်ပျံနေပြီး အရာရာတိုင်းကို လွှမ်းမိုးထား၏။

တာဝန်ကြေညာချက်ကို ကြားပြီးနောက် မရှုံးနိမ့်သော ချန်ပီယံသည် မီနူးကို တစ်ချက် ကြည့်လိုက်သည်။ သူ၏ ပထမဆုံးတုံ့ပြန်မှုမှာ အမျိုးသမီး ကစားသမားနှစ်ဦးသည် အိမ်ကြီးအတွင်း၌ တစ်ခုခုကို ရှာတွေ့သွားပြီး ဘေးထွက်တာဝန်ကို နှိုးဆွလိုက်ခြင်း ဖြစ်လိမ့်မည်ဟုပင်။ ကျန်သည့် ငနု(Noobs) သုံးကောင်မှာ ဤတာဝန်ကို ရှာတွေ့နိုင်လိမ့်မည်ဟု သူ လုံးဝမထင်ပေ။

မရှုံးနိမ့်သော ချန်ပီယံသည် ပဟေဠိများတွင် မကျွမ်းကျင်သော်လည်း ပရော်ဖက်ရှင်နယ် ကစားသမားတစ်ဦး ဖြစ်သည်။ သူသည် ဆင်ခြင်တုံတရားဖြင့် တွေးခေါ်ရာတွင် မတော်သော်လည်း သူ့တွင် ဂိမ်းကစားသည့် အတွေ့အကြုံ ရှိပေသည်။ သူသည် အခန်းအတွင်းကို အကြမ်းဖျင်းရှာဖွေလိုက်ပြီး အသုံးအဆောင်များ သို့မဟုတ် စားသုံးကုန်များကို ရှာဖွေလိုက်သည်။ ကံမကောင်းစွာဖြင့် အခန်းထဲတွင် သစ်သားဂစ်တာတစ်လုံးနှင့် ကြိုးပြတ်နေသော တယောတစ်လုံးသာ ရှိသည်။ မကောင်းဆိုးဝါးများကို ရိုက်နှက်ရန် ထိုကဲ့သို့သော ကြွပ်ဆတ်သည့် သစ်သားပစ္စည်းများကို သုံးမည့်အစား လက်ဗလာဖြင့် တိုက်ခိုက်ခြင်းက ပိုကောင်းပေလိမ့်မည်။ သူ၏ ဘွဲ့အမည် [မဆင်မခြင် တိုက်ခိုက်သူ] သည် သူ့လက်သီးများ၏ ဖျက်ဆီးနိုင်စွမ်းကို သိသိသာသာ မြင့်တက်စေသည့် ပင်ကိုယ်စွမ်းရည်ကို ပေးအပ်ထားသည်။(TL note - ဘွဲ့၊ဂုဏ်ပုဒ်ဆိုတာ အတူတူပဲနော်)

မည်သည့် လက်နက်ကိရိယာကိုမျှ မတွေ့သဖြင့် မရှုံးနိမ့်သော ချန်ပီယံသည် တာဝန်နှင့် ပတ်သက်သည့် ပစ္စည်းများကို စတင်ရှာဖွေတော့သည်။ ‘သရဲစံအိမ်’ က ဘာဖြစ်သည်ကို သူ လုံးဝမသိသလို ကြမ်းပြင်ပေါ်တွင် ပြုတ်ကျနေသော စာအုပ်များကို ကောက်ဖတ်ရန်လည်း သူစိတ်မဝင်စားပေ။ သူသည် သဲလွန်စနှင့်တူသော အရာတစ်ခုဆီသို့ လျှောက်သွားလိုက်သည်။ ၎င်းမှာ စားပွဲပေါ်ရှိ စာအိတ်တစ်အိတ် ဖြစ်၏။ အခန်းထဲရှိ ဖတ်ရှုနိုင်သော အခြားအရာများသည် ကြမ်းပြင်ပေါ်တွင် ပြုတ်ကျနေခြင်း သို့မဟုတ် စုပုံနေခြင်း ဖြစ်သော်လည်း ဤစာအိတ် တစ်ခုတည်းသာ မှင်အိုးတစ်လုံးဖြင့် ဖိထားပြီး စားပွဲပေါ်တွင် ကျန်ရှိနေခြင်း ဖြစ်သည်။

သူ မှင်အိုးကို မလိုက်သောအခါ စာအိတ်အတွင်းသို့ မှင်အချို့ စိမ့်ဝင်သွားပြီး ခြောက်သွေ့နေသော အစွန်းအထင်းတစ်ခု ဖြစ်သွားသည်ကို မရှုံးနိမ့်သော ချန်ပီယံ သတိပြုမိလိုက်သည်။ သူသည် စာအိတ်ကို ကောက်ယူကာ လေမှုတ်လိုက်၏။ ဖုန်မှုန့်များကို ဖယ်ရှားရန် အသာအယာ ပုတ်လိုက်ပြီးနောက် ၎င်းကို ဖွင့်လိုက်သည်။ သူသည် စာကို ထုတ်ယူလိုက်ပြီး စတင်ဖတ်ရှုတော့သည်။

စာမှာ ပြည့်စုံမှု မရှိပေ။ နေရာအတော်များများတွင် မှင်များ ဖုံးလွှမ်းနေပြီး ကျန်ရှိသော အစိတ်အပိုင်းများမှာလည်း ဝေဝါးနေလေသည်။ စာသားအစနှင့် လက်မှတ်တို့ကို သူမမြင်ရသော်လည်း အကြောင်းအရာအရဆိုလျှင် ၎င်းကို ဤအိမ်ရှင်က သူငယ်ချင်းတစ်ဦးထံသို့ ရေးထားခြင်း ဖြစ်ရပေမည်။

စာရေးသူက သူသည် ‘ကျိန်စာ’ တစ်ခုခုကြောင့် ဖျားနာနေရပြီး ရူးသွပ်မှုဒဏ်ကို ခံစားနေရသည်ဟု ဆိုသည်။ သူသည် အရင်းနှီးဆုံး သူငယ်ချင်း၊ သူ၏ တစ်ဦးတည်းသော မိတ်ဆွေကို တွေ့မြင်လိုနေသည်။ သူ့သူငယ်ချင်း လာရောက်ကာ ရက်အနည်းငယ်ခန့် နေထိုင်ပေးမည်ဆိုလျှင် သူ ပြန်နေကောင်းလာစေရန် ကူညီပေးနိုင်လိမ့်မည်ဟု သူမျှော်လင့်နေခြင်းဖြစ်သည်။

စာထဲတွင် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းနေသည့် လက္ခဏာအချို့ကို ဖော်ပြနေလေသည်။ စာရေးသူ၏ လက်များ တုန်ယင်နေခြင်း သို့မဟုတ် စိတ်ထဲတွင် စာကြောင်းများကို ကောင်းမွန်စွာ မစီစဉ်နိုင်ခြင်းတို့ကြောင့် အကြောင်းအရာအချို့မှာ နားလည်ရန် ခက်ခဲနေခဲ့သည်။

မရှုံးနိမ့်သော ချန်ပီယံသည် မည်သည့်အရာများ ဖြစ်ပျက်နေသည်ကို တွေးမရသော်လည်း ထိုစာကို ယူဆောင်လာဆဲဖြစ်သည်။ သူသည် အခန်းကို နောက်ဆုံးတစ်ခေါက် ထပ်မံစစ်ဆေးပြီးနောက် ထွက်သွားရန် နောက်လှည့်လိုက်သည်။

...

မှောင်မိုက်နေသော ကျောက်သားလိုဏ်ဂူအတွင်း၌။

လက်နှိပ်ဓာတ်မီးတစ်လက် ရုတ်တရက် လင်းလက်လာပြီး ရှေ့လမ်းကြောင်း၏ အစိတ်အပိုင်း အနည်းငယ်ကို လင်းထိန်သွားစေသည်။ ဖုန်းပုကြွယ်သည် သူ့ရှေ့မှ မြင်ကွင်းကို မြင်လိုက်ရသည့်အခါ တီးတိုးရေရွက်လိုက်သည်။

“ဒီအိမ်မှာ တစ်ခုခုတော့ မှားနေပြီ... ဒါက မိစ္ဆာရဲတိုက်လား၊ ဟင်းလင်းပြင်က ရှုပ်ထွေးနေပြီးတော့ တယ်လီပို့ လုပ်နိုင်တာလား”

တကယ်တမ်းတွင် သူသည် လွန်ခဲ့သော မိနစ်အနည်းငယ်က ရှောင်တန်နှင့် အစ်ကိုလုံတို့ဆီကနေ တမင်တကာ ခိုးထွက်လာခြင်း မဟုတ်ပေ။ သူသည် နံရံပေါ်ရှိ ပန်းချီကားတစ်ချပ်ကို အနီးကပ် ကြည့်ရှုရန် ဧည့်ခန်း၏ အခြားတစ်ဖက်သို့ လျှောက်သွားခဲ့ခြင်းသာ ဖြစ်သည်...။

All Chapters