← Chapters

အခန်း (၃၇-၃၈)

Vol. 4 Ch. 37-38

အခန်း (၃၇-၃၈)

Vol. 4 Ch. 37-38

အခန်း (၃၇)

ပထမထပ် ဧည့်ခန်းနံရံပေါ်တွင် ပန်းချီကားအချို့ ချိတ်ဆွဲထားပေသည်။ ၎င်းတို့အနက် အများစုသည် စိတ်ဝေဒနာရှင်တစ်ဦး၏ လက်ရာနှင့် ဆင်တူနေပြီး ပုံရိပ်ယောင်များ ပြည့်နှက်နေကာ အဓိပ္ပာယ်ကိုလည်း ရှင်းရှင်းလင်းလင်း မသိနိုင်ပေ။ သို့သော်လည်း ထိုအထဲတွင် သိပ် အဓိပ္ပါယ်မဲ့မနေသည့် ပန်းချီကားတစ်ချပ် ရှိနေခဲ့သည်။

ထိုပန်းချီကားမှာ ရှည်လျားကျဉ်းမြောင်းသော ဥမင်လိုဏ်ခေါင်းတစ်ခု၏ အတွင်းပိုင်းပုံစံ ဖြစ်သည်။ နံရံများက နိမ့်ပြီးချောမွေ့နေကာ အဖြူရောင် ရှိနေသည်။ မည်သည့် အလှဆင်မှုမှ မရှိဘဲ ရှေ့သို့သွားရာလမ်းသည် အောက်ဘက်သို့ နိမ့်ဆင်းသွားသော လျှောစောက်ပုံစံ ဖြစ်နေ၏။ ၎င်းမှာ... မဟုတ်သေး၊ ၎င်းမှာ ဂူသင်္ချိုင်းတစ်ခုနှင့် ပိုတူနေပေသည်။ အသေးစိတ်အချက်အလက်အချို့အရ ထိုလိုဏ်ဂူသည် မြေအောက်အနက်ကြီးတွင် မြှုပ်နှံထားခြင်းဖြစ်ကြောင်း သိသာနေသည်။ ပန်းချီကားထဲတွင် ထွက်ပေါက်ဟူ၍ မရှိသလို လူလုပ်အလင်းရင်းမြစ်လည်း မရှိပေ။ ပန်းချီဆရာက မည်သည့်နည်းလမ်းကို အသုံးပြုထားသည် မသိရသော်လည်း ပန်းချီကားထဲတွင် ပတ်ဝန်းကျင်နှင့် မလိုက်ဖက်သော ခြောက်ခြားဖွယ်ကောင်းသည့် အလင်းရောင်မျိုးကို ဖော်ပြနေလေသည်။

ဖုန်းပုကြွယ်သည် ထိုပန်းချီကားကို ငါးစက္ကန့်ခန့် စိုက်ကြည့်နေမိသည်။ သူ့အကြည့်သည် အေးခဲသွားပုံရပြီး အမည်မသိအင်အားတစ်ခုကြောင့် သူသည် လှုပ်ရှားခြင်း သို့မဟုတ် စကားပြောခြင်းတို့ကို မလုပ်ဆောင်နိုင်တော့ပေ။ နောက်တစ်စက္ကန့်တွင် သူ၏ အမြင်အာရုံက မှောင်မိုက်သွားပြီး မည်သည့်အရာကိုမှ မမြင်ရတော့ပေ။ မကြာမီ သူ့လှုပ်ရှားနိုင်စွမ်း ပြန်လည်ရရှိလာသောအခါ သူ၏ပစ္စည်းသိုလှောင်အိတ်ထဲမှ လက်နှိပ်ဓာတ်မီးကို ထုတ်ယူလိုက်သည်။ သူသည် ပန်းချီကားထဲတွင် ဖော်ပြထားသော ဥမင်လိုဏ်ခေါင်းအတွင်းသို့ ရောက်ရှိနေပြီ ဖြစ်သည်။

ထိုကဲ့သို့ တယ်လီပို့လုပ်ခြင်းက မည်သို့အလုပ်လုပ်သည်ကို သူမသိသလို ရှောင်တန်နှင့် အစ်ကိုလုံတို့ သူထွက်သွားသည်ကို မြင်လိုက်ရသလား ဆိုသည်ကိုလည်း သူမသိပေ။ မည်သို့ပင်ဖြစ်စေ သူသည် ဤနေရာမှ ထွက်ခွာနိုင်ရန်အတွက် သူ၏ကိုယ်ပိုင်စွမ်းအားကိုသာ အားကိုးရပေတော့မည်။

သူ့နောက်ဘက်တွင် ကျောက်နံရံတစ်ခု ရှိနေ၏။ သူ ယင်းကို လက်ဖြင့် တွန်းကြည့်သော်လည်း တုပ်တုပ်မလှုပ်ချေ။ မျက်နှာကြက်မှာ နိမ့်နေပြီး ထွက်ပေါက်လည်း မရှိချေ။ ဖုန်းပုကြွယ် သက်ပြင်းချလိုက်ပြီး သိုလှောင်အိတ်ထဲမှ ‘ရန်လိုမှုမျက်လုံး’ ကို ထုတ်ယူလိုက်သည်။ သူသည် လက်တစ်ဖက်တွင် လက်နှိပ်ဓာတ်မီးကို ကိုင်ထားပြီး ကျန်လက်တစ်ဖက်တွင် ဂွကို ကိုင်ကာ ဥမင်လိုဏ်ခေါင်းအတွင်းသို့ လျှောက်သွားလိုက်တော့သည်။

သူ့ခြေထောက်တွင် ဂျက်ဇ်ဖိနပ်ကို ဝတ်ဆင်ထားသဖြင့် ဖုန်းပုကြွယ်အနေဖြင့် စူးစမ်းရှာဖွေမှုကြောင့် သက်လုံအမှတ်ကုန်ဆုံးမည်ကို စိုးရိမ်စရာမလိုပေ။ ထို့ကြောင့် သူ မည်မျှအထိ လမ်းလျှောက်ရမည်ကို ဂရုမစိုက်တော့။ သက်လုံအမှတ် ၁၁၀၀ နှင့် ကိရိယာ၏ အထူးအာနိသင်တို့ကြောင့် သူသည် ဤလိုဏ်ခေါင်းအတွင်း၌ ကြာရှည်စွာ လမ်းလျှောက်နိုင်ပေသည်။ အကယ်၍ ဤလိုဏ်ခေါင်းက မိစ္ဆာရဲတိုက်ကဲ့သို့ ကြီးမားနေလျှင်ပင် သူသည် မြေပုံတစ်ခုလုံးကို စူးစမ်းနိုင်စွမ်း ရှိသည်ဟု ယုံကြည်နေလေသည်။

လိုဏ်ခေါင်းအတွင်း ဆယ်မိနစ်ခန့် လမ်းလျှောက်ပြီးနောက် ဖုန်းပုကြွယ်၏ လက်နှိပ်ဓာတ်မီးမှာ ရုတ်တရက် တဖျတ်ဖျတ်ဖြစ်လာတော့သည်။ သူက လက်ဖြင့် ဓာတ်မီးကိုယ်ထည်ကို နှစ်ချက်ခန့် ပုတ်လိုက်သည်။ ဘက်ထရီ အားနည်းနေတာလား။ ဒါက မဖြစ်နိုင်ပါဘူး... အရင်ဇာတ်လမ်းတုန်းကလည်း အဲ့လောက်အကြာကြီး မသုံးခဲ့ရဘူးလေ။ ဝါယာကြိုး မကောင်းတာလား။ ဒါက ပိုလို့တောင် မဖြစ်နိုင်သေးတယ်။ ဒီပေါ်မှာ ‘Made in China’ လို့ ရေးထားတာမို့ အရည်အသွေးကတော့ ကျိန်းသေပေါက်ကောင်းမှာပဲ...

ရုတ်တရက်ဆိုသလို အရှေ့ဘက်ဆီမှ ထူးဆန်းသော တီးတိုးပြောသံတစ်ခု ထွက်ပေါ်လာလေသည်။

“ငါ့ကို အပြင်ထုတ်ပေးပါ...”

ထိုအသံသည် ဖုန်းပုကြွယ်၏ ရှေ့ ဆယ်မီတာခန့်မှ လာခြင်းဖြစ်သည်။ သူသည် လက်နှိပ်ဓာတ်မီးထံမှ အကြည့်ကို လွှဲဖယ်လိုက်ပြီး ထိုဦးတည်ရာဘက်သို့ ကြည့်လိုက်သည်။ သို့သော်လည်း လက်နှိပ်ဓာတ်မီးမှ အလင်းရောင်သည် ထိုအချိန်တွင် လုံးဝပျောက်ကွယ်သွားသောကြောင့် သူ၏ အမြင်အာရုံသည်လည်း မှောင်အတိ ကျသွားလေတော့သည်။

ထို့နောက် လက်နှိပ်ဓာတ်မီးသည် အကြိမ်အနည်းငယ် ပြန်လည်လင်းလာပြီး သူ့ရှေ့တွင် ရပ်နေသော အဖြူရောင်ပုံရိပ်တစ်ခုကို အလင်းပေးလိုက်သည်။ ကြည့်ရသည်မှာ အမျိုးသမီးတစ်ဦး၏ ပုံသဏ္ဌာန် ဖြစ်သည်။ သူမသည် ဒဏ်ရာဒဏ်ချက်များဖြင့် ပြည့်နှက်နေပြီး မီးခြစ်ဆံတစ်ခုကဲ့သို့ ပိန်ချိနေလေသည်။သူမ၏ အဖြူရောင်အဝတ်အစားများမှာလည်း သွေးများဖြင့် စွန်းထင်းနေ၏။ ခေတ္တခဏမျှသာ မြင်လိုက်ရခြင်းဖြစ်သလို အလင်းရောင်နှင့် အကွာအဝေးကြောင့်လည်း ဖုန်းပုကြွယ်သည် သူမမျက်နှာကို ရှင်းလင်းစွာ မမြင်တွေ့လိုက်ရပေ။

အလင်းရောင်က ဖျတ်ခနဲသာဖြစ်ပြီး ဖုန်းပုကြွယ်၏ အမြင်အာရုံမှာ ချက်ချင်းမှောင်မည်းသွားကာ သူ့မျက်စိထဲတွင် ခြောက်ခြားဖွယ်ရာ ပုံရိပ်သာ ကျန်ရစ်ခဲ့သည်။ ထို့နောက် သူသည် နောက်ထပ် ငိုညည်းသံတစ်ခုကို ကြားလိုက်ရသည်။

“ငါ့ကို အပြင်ထုတ်ပေးပါ”

အမှောင်ထုထဲတွင် လူ့ခန္ဓာကိုယ်တစ်ခုနှင့် သစ်သားပြားတို့ ထိတွေ့သံ ထွက်ပေါ်လာသည်။ ၎င်းမှာ ပွတ်တိုက်သံနှင့် ပတ္တာမြည်သံများ ဖြစ်သည်။ အလွန်ဝေးကွာသော နေရာမှ လာသည့် အခြားအသံတစ်ခုလည်း ရှိနေသေးသည်...။ ၎င်းမှာ မြေအောက်ခန်း၏ အနက်ရှိုင်းဆုံးနေရာမှ တစ်စုံတစ်ယောက် ငိုကြွေးနေသံနှင့် တူလှသည်။

စက္ကန့်သုံးဆယ်ခန့်ကြာပြီးနောက် လက်နှိပ်ဓာတ်မီးက ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ ၎င်းမှာ တဖျတ်ဖျတ်ဖြစ်မနေတော့ဘဲ အလင်းရောင်ကို ဆက်လက်ပေးစွမ်းနေပြီ ဖြစ်သည်။

စောစောက ဖြစ်ပျက်ခဲ့သည်များကို မြင်တွေ့ခဲ့ရသော်လည်း ဖုန်းပုကြွယ်၏ မျက်နှာအမူအရာက ပြောင်းလဲသွားခြင်း မရှိပေ။ တကယ်တမ်းတွင် သူသည် သက်ပြင်းပင် ချလိုက်သေးသည်။

“အင်း... ဓာတ်မီးပျက်နေတာ မဟုတ်ဘူးပဲ၊ ဇာတ်လမ်းအရ တဖျတ်ဖျတ် ဖြစ်နေတာကိုး...”

ထိုအခိုက်အတန့်တွင် စနစ်၏ အသိပေးချက် ထွက်ပေါ်လာသည်။

“ဘေးထွက်တာဝန်တိုးတက်မှု အဆင့်မြှင့်တင်ပြီးပါပြီ”

ဖုန်းပုကြွယ် ယင်းကို စစ်ဆေးကြည့်လိုက်သည်။ ‘သရဲစံအိမ်’ ၏ အစိတ်အပိုင်း ခြောက်ခုစလုံးကို ရှာဖွေရန် လက်ရှိတိုးတက်မှုမှာ ၂၆/၂၆ သို့ ရောက်ရှိနေပြီ ဖြစ်သည်။ အခြားသူတစ်ယောက်က နောက်ထပ်လမ်းကြောင်းတစ်ခုကို ရှာတွေ့ခဲ့ဟန် တူသော်လည်း အသေးစိတ်ကိုမူ တာဝန်မီနူးမှ မမြင်တွေ့နိုင်ပေ။

တစ်ချိန်တည်းမှာပင် ပထမထပ်၌ ရှိနေသော ဝမ်တန်ကျိနှင့် လုံအောင်းမင်တို့သည် မီးဖိုချောင်ရှိ မီးဖိုဘေးတွင်ထိုင်ကာ အုတ်နံရံပေါ်၌ မီးခိုးမှိုင်းများဖြင့် ရေးသားထားသော ‘သရဲစံအိမ်’ ၏ ဒုတိယမြောက် အစိတ်အပိုင်းကို ကြည့်ရှုနေကြသည်။

“ရွှေရောင်ဝင်းနေသော တော်ဝင်အလံတော်

အမိုးထက်ဝယ် လွင့်ပျံနေ၏

ဤအရာအားလုံး အတိတ်ဖြစ်သွားချေပြီ

ညင်သာနူးညံ့သော လေပြေလေး

လှပငြိမ်းချမ်းသော ထိုနေ့တစ်နေ့

ဖြူလွှလွှ နန်းတော်နံရံတစ်လျှောက်

ညို့မှိုင်းသော ရနံ့တစ်ခုက ဝေးကွာစွာလွင့်မျောသွားသည်”

“အား... ငါ လုံးဝ နားမလည်တော့ဘူး”

ဝမ်တန်ကျိသည် ဖတ်ပြီးသည်နှင့် ယင်းကို မေ့သွားခဲ့သည်။ သူသည် မီးဖိုဆီသို့ လျှောက်သွားပြီး မီးခိုးခေါင်းတိုင်၏ အခြေအနေကို စစ်ဆေးရန် ခေါင်းပြူကြည့်လိုက်သည်။

သူ့မျက်နှာက မည်းမှောင်သွားပြီးနောက် ပြန်ထွက်လာကာ ပြောလိုက်သည်။

“ဟူး... အရမ်းကျဉ်းလွန်းတယ်၊ ကျွန်တော်တို့ အပြင်ကို တွယ်တက်နိုင်မှာ မဟုတ်ဘူး”

အစပိုင်းတွင် လုံအောင်းမင်က သူပြောသည်ကို ဂရုမစိုက်ဟန်မရသလို ဝမ်တန်ကျိကလည်း သူ့ကို အထူးတလည် သတိမထားမိပေ။ သို့သော်လည်း စက္ကန့်အနည်းငယ် ကြာပြီးနောက် ဝမ်တန်ကျိ လှည့်ကြည့်လိုက်သောအခါ လုံအောင်းမင်၏ မျက်နှာပေါ်တွင် ထူးဆန်းသော အမူအရာတစ်ခုကို မြင်တွေ့လိုက်ရလေသည်။ သူ့မျက်လုံးများက ပြူးထွက်နေပြီး သူ့နှုတ်ခမ်းများမှာ တစ်စုံတစ်ခုကို ကျယ်လောင်စွာ ပြောနေသကဲ့သို့ လှုပ်ရှားနေသော်လည်း ရှောင်တန်အနေဖြင့် ဘာမှ မကြားရပေ။

ဤထူးဆန်းသော မြင်ကွင်းကြောင့် ဝမ်တန်ကျိ ကျောရိုးတစ်လျှောက် စိမ့်တက်သွားရသည်။ ထို့နောက် သူ တစ်ခုခုကို သတိပြုမိသွားသည်...။ ထိုအချိန်တွင် သူ့လည်ချောင်းထဲမှလည်း မည်သည့်အသံမျှ ထွက်မလာတော့ပေ။

နောက်ဆက်တွဲ ဖြစ်ပျက်ခဲ့သည်မှာ ကာယကံရှင်များအတွက် ခြောက်ခြားစရာ ကောင်းသော်လည်း ဘေးလူ ကြည့်မည်ဆိုလျှင်မူ ရယ်စရာကောင်းနေပေလိမ့်မည်။ လက်ဟန်ခြေဟန် စကားကို နားမလည်သော လူနှစ်ဦးသည် လက်များကိုဝေ့ယမ်းကာ နှုတ်ခမ်းများကို အချိန်အတော်ကြာ လှုပ်ရှားနေကြသော်လည်း နောက်ဆုံးတွင် တစ်ဦးပြောနေသည်ကိုတစ်ဦး နားမလည်ခဲ့ကြပေ။

“မင်းမှာ ဘယ်လောက်ရှိလဲ၊ မင်း ဘယ်လောက်စားလဲ”

“မင်းမှာ ဘယ်လောက်ရှိလဲ၊ မင်း ဘယ်လောက်စားလဲ”

“မင်းမှာ ဘယ်လောက်ရှိလဲ၊ မင်း ဘယ်လောက်စားလဲ”

“မင်းမှာ ဘယ်လောက်ရှိလဲ၊ မင်း ဘယ်လောက်စားလဲ”

“မင်းမှာ ဘယ်လောက်ရှိလဲ၊ မင်း ဘယ်လောက်စားလဲ”

တကယ်တမ်းတွင်မူ သူတို့၏ စကားဝိုင်းမှာ...

ဝမ်တန်ကျိက

“ဘာဖြစ်နေတာလဲ၊ခင်ဗျား ဘာပြောနေတာလဲ၊ ဒါက ဘာကို ဆိုလိုတာလဲ” ပြောနေခြင်း ဖြစ်သည်။

လုံအောင်းမင်ကမူ “မင်းမျက်နှာပေါ်က အမည်းရောင်အရာကြီး” ဟု ပြောနေခြင်း ဖြစ်သည်။

လုံအောင်းမင်၏ အမြင်တွင် ဝမ်တန်ကျိမျက်နှာပေါ်ရှိ မီးခိုးမှိုင်းများသည် ‘သက်ရှိ’ မျက်နှာဖုံးတစ်ခုကဲ့သို့ ဖြစ်နေပြီး ထူးဆန်းသော အပြုံးတစ်ခုကို ပြုလုပ်နေခြင်းဖြစ်သည်။ ဤ ‘မျက်နှာမည်း’ မှာ ရှောင်တန်၏ အမူအရာနှင့် သက်ဆိုင်ခြင်း မရှိဘဲ သူ့မျက်နှာပေါ်တွင် လွင့်မျောနေသော ပန်းချီကားတစ်ချပ်နှင့် ပိုတူနေသည်။

နောက်ဆုံးတွင် လုံအောင်းမင်က အကြံတစ်ခု ရသွားသည်။ သူသည် ညစ်ပတ်နေသော မီးဖိုချောင်ထဲတွင် အဝတ်စတစ်ခုကို ရှာတွေ့ခဲ့ပြီး ယင်းကို သူ့မျက်နှာရှေ့တွင် ထားလိုက်သည်။ သူတို့ကြားတွင် အကွာအဝေးတစ်ခုထားလိုက်ပြီး သူ့လက်ဖြင့် နာရီလက်တံအတိုင်း သုတ်နေသည့် ပုံစံကို ပြလိုက်သည်။ ထို့နောက် အဝတ်စကို လက်ညှိုးထိုးပြပြီး ဝမ်တန်ကျိ၏ မျက်နှာကို ပြန်ထိုးပြလိုက်သည်။

ဝမ်တန်ကျိက နားလည်သွားပုံ ရသည်။ သူသည် အဝတ်စကိုယူ၍ သူ့မျက်နှာပေါ် အုပ်လိုက်သည်။ သူ အဝတ်စကို ပြန်ဖယ်လိုက်သောအခါ သူတို့နှစ်ဦးလုံး စကားပြောနိုင်စွမ်းကို တစ်ပြိုင်နက် ပြန်လည်ရရှိသွားကြသည်။

“ဝိုး… ဒါက ဘာမကောင်းဆိုးဝါးလဲ”

ဝမ်တန်ကျိသည် သူ့လက်ထဲရှိ အဝတ်စကို ကြည့်လိုက်သည်။ ထို ‘မျက်နှာမည်း’ မှာ အဝတ်စပေါ်သို့ ကူးပြောင်းသွားဟန် တူသည်။ ၎င်းမှာ ရှောင်တန်၏ မျက်နှာမှ အဝတ်စပေါ်သို့ ပြောင်းသွားချိန်တွင်ပင် ပြည့်စုံသော လူ့မျက်နှာပုံစံကို ထိန်းသိမ်းထားသေးသည်။ ယခုအခါ ရှောင်တန်၏ မျက်နှာမှာ သန့်ရှင်းသွားပြီး မီးခိုးမှိုင်းတစ်စပင် ကျန်ရှိမနေတော့ပေ။

“စနစ်က ဒါကို ဘာလို့ဖန်တီးထားတာလဲဆိုတာ ငါမသိပေမဲ့...”

လုံအောင်းမင်သည် ထိုမျက်နှာမည်းမှာ အမှန်တကယ် ထိခိုက်မှုမရှိသလို သိပ်လည်း ခြောက်ခြားစရာ မကောင်းသဖြင့် ကစားသမားများကို စနောက်ရန် စနစ်၏ ရည်ရွယ်ချက်သာ ဖြစ်လိမ့်မည်ဟု သဘောပေါက်လိုက်သည်။

“ဒါပေမဲ့ ဒါကို မီးရှို့လိုက်တာက ပိုစိတ်ချရမယ် ထင်တယ်”

လုံအောင်းမင်က ထိုမျက်နှာဖုံးကို ယူလိုက်ပြီး မီးဖိုဘေးတွင် မီးခတ်ကျောက်နှစ်လုံးကို ရှာလိုက်သည်။

အခန်း (၃၈)

ဖုန်းပုကြွယ်တစ်ယောက် လိုဏ်ခေါင်းအတွင်းသို့ ဆက်လက် လျှောက်သွားနေခဲ့သည်။ စောစောက တွေ့ကြုံခဲ့ရသော ခြောက်ခြားဖွယ်မြင်ကွင်းမှာ သူ့အပေါ် မည်သို့မျှ သက်ရောက်မှု မရှိပေ။ သူသည် မည်သည့်ဖိအားမှမရှိဘဲ ပုံမှန်အတိုင်း ရှေ့သို့ ဆက်လက်လျှောက်လှမ်းနေလေသည်။

မကြာမီ သူသည် ဥမင်လိုဏ်ခေါင်း၏ အဆုံးသို့ ရောက်ရှိသွားသည်။ ၎င်းမှာ သေးငယ်ပြီး စိုစွတ်ထိုင်းမှိုင်းနေသော မြေအောက်ခန်းတစ်ခု ဖြစ်သည်။ ရှေးကာလများတွင် ဤကဲ့သို့သော အိမ်ကြီးများအောက်ရှိ မြေအောက်ခန်းများကို မကောင်းသော ရည်ရွယ်ချက်များအတွက် အကျဉ်းထောင်အဖြစ် အသုံးပြုလေ့ရှိကြပြီး ယခုအခါတွင်မူ သေဆုံးသူများ အနားယူရာ နေရာတစ်ခုအဖြစ် အသုံးပြုနေကြခြင်းဖြစ်သဖြင့် အကျဉ်းထောင်တံခါးတစ်ခု ရှိနေခြင်းမှာ အံ့သြစရာ မဟုတ်ပေ။ စင်္ကြံလမ်း၏ ကြမ်းပြင်နှင့် နံရံများကို ကြေးနီပြားများဖြင့် သေချာစွာ ဖုံးအုပ်ထားပြီး လေးလံသောသံတံခါးကြီးမှာလည်း အလွန်လေးလံလှသည်။ တံခါးကို တွန်းဖွင့်လိုက်သည်နှင့် ပတ္တာများဆီမှ နားကွဲမတတ် စူးရှသောအသံတစ်ခု ထွက်ပေါ်လာ၏။ အကျဉ်းခန်း၏ အလယ်တွင် ခေါင်းတလားတစ်ခု ရှိနေခဲ့သည်။ ခြေလှမ်းအနည်းငယ်အကွာမှ လက်နှိပ်ဓာတ်မီးဖြင့် ထိုးကြည့်လိုက်သောအခါ ခေါင်းတလားအဖုံးကို သံမှိုရိုက်မထားကြောင်း ဖုန်းပုကြွယ် သတိထားမိလိုက်သည်။ တကယ်တမ်းတွင် ၎င်းကို သေသေချာချာပင် ပိတ်မထားချေ။

ဖုန်းပုကြွယ် တံခါးကို တွန်းဖွင့်၍ အတွင်းသို့ လှမ်းဝင်လိုက်သည်။ သို့သော် သူသည် ခေါင်းတလားအဖုံးကို ဖွင့်ရန် အလျင်မလိုသေးပေ။ ထိုအစား ပတ်ဝန်းကျင်နံရံများကို လက်နှိပ်ဓာတ်မီးဖြင့် လိုက်လံရှာဖွေကြည့်လိုက်သည်။ သူ တစ်ခုခု ရှာတွေ့သွားသည်။ နံရံတစ်ခုပေါ်တွင် ‘သရဲစံအိမ်’ မှ နောက်ထပ်စာပိုဒ်တစ်ခုကို ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။ ယခုတစ်ကြိမ်တွင်မူ ယင်းကို သွေးဖြင့် ရေးသားထား၏။

“သို့သော် ဝမ်းနည်းပူဆွေးမှုဝတ်ရုံကို ဆင်မြန်းထားသော နတ်ဆိုးသည်

မြင့်မြတ်သောဘုရင်ကြီးကို သတ်ဖြတ်လိုက်ပါပြီ

အို... ကျွန်ုပ်တို့ ငိုကြွေးကြပါစို့၊ အရုဏ်ဦးသည် သူ့ထံသို့ ဆင်းသက်လာတော့မည် မဟုတ်၊ ပူဆွေးမှုက အနှိုင်းမဲ့ပေစွ

သူ၏ အိမ်ဟောင်းကို လွှမ်းခြုံထားသော ဂုဏ်ကျက်သရေတို့သည်

ပြည့်ဝစွာ ပွင့်လန်းနေသော ပန်းတစ်ပွင့်ကဲ့သို့ ရှိခဲ့ဖူးသော်လည်း

ယခုမူ မှောင်မိုက်သောအတိတ်တစ်ခုအဖြစ်

အချိန်ကာလ၏ မြှုပ်နှံခြင်းကို ခံလိုက်ရလေပြီ”

“အင်း... ဒါက ပဉ္စမမြောက်စာပိုဒ်ပဲ”

ဖုန်းပုကြွယ်က ဖတ်ပြီးနောက် နူးညံ့စွာပြောလိုက်သည်။

စနစ်၏ အသိပေးချက် ထွက်ပေါ်လာသည်။

“ဘေးထွက်တာဝန်တိုးတက်မှု အဆင့်မြှင့်တင်ပြီးပါပြီ”

တာဝန်မီနူးတွင်လည်း ပြောင်းလဲသွားသည်။

“သရဲစံအိမ်’ ၏ စာပိုဒ်ခြောက်ခုလုံးကို ရှာဖွေရန်။ လက်ရှိတိုးတက်မှု - ၃/၆”

ဖုန်းပုကြွယ် ခေါင်းတလားဆီသို့ လျှောက်သွားလိုက်သည်။ လက်တစ်ဖက်တွင် လက်နှိပ်ဓာတ်မီးကို ကိုင်ထားပြီး ကျန်လက်တစ်ဖက်ဖြင့် တံခါးခေါက်သကဲ့သို့ ခေါင်းတလားအဖုံးကို သုံးချက်ခေါက်လိုက်သည်။

“ဟေး... မစ် မက်ဒလင်း၊ မင်း ရှိသေးရဲ့လား”

သူ ထိုအမည်ကို မည်သို့သိနေကြောင်း မရှင်းလင်းပေ။

...

အချိန်ကြာလာသည်နှင့်အမျှ မရှုံးနိမ့်သော ချန်ပီယံ၏ ကြောက်ရွံ့မှုတန်ဖိုးသည် ၁၅ ရာခိုင်နှုန်းအထိ မြင့်တက်လာပြီးမှ ပြန်လည်တည်ငြိမ်သွား၏။ သူ ထိတ်လန့်နေရသည့် အကြောင်းရင်းမှာ တကယ့် မကောင်းဆိုးဝါးနှင့် တွေ့ဆုံရခြင်းကြောင့်မဟုတ်ဘဲ အချိန်အတော်ကြာ ရှာဖွေပြီးသည့်တိုင် ဒုတိယထပ်မှ ထွက်ပေါက်ကို မတွေ့ခြင်းကြောင့် ဖြစ်သည်။

စင်္ကြံလမ်းတိုင်း၊ အခန်းတိုင်းအပြင် နံရံပေါ်ရှိ ပန်းချီကားများ၊ မီးအိမ်များနှင့် အလှဆင်ပစ္စည်းများ အားလုံးမှာ သူနှင့် ရင်းနှီးသလိုလို ရှိနေသော်လည်း တကယ်တမ်းတွင်မူ သူစိမ်းပြင်ပြင် ဖြစ်နေလေသည်။

ဤအိမ်ကြီးသည် သိသာထင်ရှားသော ဟင်းလင်းပြင်မူမမှန်မှုကို ပြသနေခြင်းဖြစ်သည်။ ၎င်း၏ အတွင်းပိုင်းသည် အပြင်ဘက်မှ ကြည့်ရသည်ထက် အဆပေါင်းများစွာ ပိုမိုကြီးမားနေသည်။ စင်္ကြံလမ်း၏ အရှည်မှာလည်း အမြဲတစေ ပြောင်းလဲနေသကဲ့သို့ ရှိနေသည်။ စင်္ကြံလမ်း၏ ဘေးတစ်ဖက်တစ်ချက်ရှိ တံခါးအရေအတွက်ကို သူရေတွက်ကြည့်သောအခါ အကြိမ်တိုင်းတွင် မတူညီသော အရေအတွက်ကိုသာ ရရှိနေခဲ့သည်။ ယခုအချိန်အထိ မရှုံးနိမ့်သော ချန်ပီယံသည် မည်သည့်စင်္ကြံလမ်း၏ အဆုံးသို့ မရောက်ရှိသေးပေ။ သူ စင်္ကြံလမ်းတစ်ခု၏ အဆုံးသို့ ရောက်ရှိသွားတိုင်း ထောင့်ချိုးအသစ် သို့မဟုတ် လမ်းခွဲတစ်ခုကိုသာ မြင်တွေ့နေရသည်။

လမ်းလျှောက်နေစဉ် သက်လုံအမှတ်ကုန်ဆုံးမှုမှာ အလွန်ပင် နည်းပါးလှသည်။ အချိန်အတော်ကြာ လမ်းလျှောက်ပြီးမှသာ သက်လုံအမှတ် သိသိသာသာလျော့နည်းသွားမည် ဖြစ်သည်။ ၎င်းမှာ လက်တွေ့ဘဝနှင့် ဆင်တူပေသည်။ အကယ်၍ လူတစ်ယောက်ကို မိနစ် ၂၀ ထက်မက ဆက်တိုက် လမ်းလျှောက်ခိုင်းပါက သူအနည်းငယ် ပင်ပန်းလာပေလိမ့်မည်။ မိနစ် ၄၀ ကြာပြီးနောက်တွင်မူ သူ့ခြေထောက်များ ညောင်းညာလာပေလိမ့်မည်။ တစ်နာရီကျော်ကြာသွားလျှင်မူ သူသည် ကျိန်းသေပေါက် ရပ်နားရပေလိမ့်မည်။မှန်ပေသည် ဤဥပမာမှာ သာမန်လူများကိုသာ ဆိုလိုခြင်းဖြစ်ပြီး ကျွမ်းကျင်အားကစားသမားများကို ဆိုလိုခြင်း မဟုတ်ပေ။

ထိုကဲ့သို့သော မောပန်းနွမ်းနယ်မှုသည် တဖြည်းဖြည်းနှင့် စုပုံလာပြီး အချိန်ကြာလာလေလေ ပိုမို သိသာလာလေလေ ဖြစ်သည်။ ကြောက်ရွံ့မှု၏ လွှမ်းမိုးမှုအောက်တွင် မရှုံးနိမ့်သော ချန်ပီယံ၏ တုံ့ပြန်မှုအရှိန်က မြင့်တက်လာတော့သည်။ သက်လုံအမှတ်များမှာ မြင်သာသောနှုန်းဖြင့် လျော့ကျနေသည်ကို တွေ့ရသောအခါ သူသည် အနားယူရန် မရွေးချယ်ဘဲ ပိုမြန်မြန် လှုပ်ရှားရန်သာ ရွေးချယ်လိုက်သည်။

သူသည် စူးစမ်းရှာဖွေနေခြင်း မဟုတ်တော့ဘဲ ပြေးလွှားနေခြင်း ဖြစ်သည်။

အကယ်၍ သူတစ်ခုခုကို အမြန်ဆုံး မလုပ်ဆောင်နိုင်လျှင် သူသည် ပိတ်မိသွားရုံသာမက သက်လုံအမှတ်များ အချို့အဆင့်အထိ ကျဆင်းသွားသောအခါ အမှောင်ထုထဲမှ တစ်စုံတစ်ခုက သူ့ကို ရှာတွေ့သွားလိမ့်မည်ဟူသော ပြင်းထန်သည့် စိတ်ပိုင်းဆိုင်ရာသတိပေးချက်တစ်ခုကို သူ ရရှိနေခဲ့သည်။

“ဟောဟဲ... ဟောဟဲ...”

မရှုံးနိမ့်သော ချန်ပီယံ၏ အသက်ရှူသံက ပြင်းထန်လာလေသည်။ သူ ဂိမ်းမီနူးကို ကြည့်လိုက်သည်။ သူ၏ သက်လုံအမှတ်မှာ ၁၀၀၀ ခန့် ကျန်ရှိနေသေးပြီး ပြေးနေခြင်းလည်း မဟုတ်ပေ။ သူ လမ်းလျှောက်နေရုံသာ ရှိသေးသည်။ ဤကဲ့သို့ မဖြစ်သင့်ပေ။

သူ လှုပ်ရှားခြင်းကို ရပ်တန့်လိုက်ပြီး သူ့လက်များကို ဒူးပေါ် တင်လိုက်သည်။ သူသည် အသက်ကို ဝအောင်ရှူလိုက်ပြီး တံတွေးကို မျိုချလိုက်သည်။ ထိုအချိန်တွင် သူ့ဗိုက်ထဲ၌ ထူးဆန်းသော ခံစားချက်တစ်ခုကို ရုတ်တရက် ခံစားလိုက်ရသော်လည်း ၎င်းက မည်သည့်အရာဖြစ်သည်ကိုမူ သူ မပြောနိုင်ပေ။

“ဘာတွေ ဖြစ်နေတာလဲ...”

မရှုံးနိမ့်သော ချန်ပီယံက သူ့ဘာသာ ရေရွတ်လိုက်သည်။ သူ့ဘာသာ စကားပြောခြင်းက ကြောက်ရွံ့မှုကို လျှော့ချရန်နှင့် အာရုံစူးစိုက်မှု ရရှိရန် အထောက်အကူ ဖြစ်စေသည်။

ရုတ်တရက် သူ့မျက်စိထဲတွင် တစ်စုံတစ်ခုကို မြင်လိုက်ရသည်။ သူ လှည့်ကြည့်လိုက်သောအခါ သူ့ဘေးတွင် မှန်တစ်ချပ် ရှိနေသည်ကို တွေ့လိုက်ရသည်။ ၎င်းမှာ နှစ်မီတာခန့် မြင့်သော ထောင့်မှန်စတုဂံပုံ မှန်တစ်ချပ်ဖြစ်ပြီး စင်္ကြံလမ်း၏ နံရံတွင် မြှုပ်နှံထားခြင်း ဖြစ်သည်။ ၎င်းကို သစ်သားဘောင်ဖြင့် ဝန်းရံထားပြီး ထွင်းထုထားသော ပုံစံက ရိုးရှင်းသော်လည်း လက်ရာမြောက်လှသည်။

“ထူးဆန်းလိုက်တာ... ဒါက ဒီမှာ ရှိနေတာလား”

သူ မမေးဘဲ မနေနိုင် ဖြစ်သွားသည်။ သူ့မျက်နှာပေါ်တွင် စိတ်ရှုပ်ထွေးမှုများ ပေါ်ပေါက်လာတော့သည်။

ထိုအချိန်တွင် မရှုံးနိမ့်သော ချန်ပီယံသည် ရှေ့သို့သာ ထုံထုံထိုင်းထိုင်း ကြည့်နေခဲ့ခြင်း ဖြစ်သည်။ သူသည် စင်္ကြံလမ်း၏အဆုံးကိုသာ အာရုံစိုက်နေပြီး စင်္ကြံလမ်း ဘေးတစ်ဖက်တစ်ချက်ရှိ တံခါးများကို ဂရုမစိုက်ခဲ့ပေ။ ပန်းချီကားများ၊ နံရံကပ်မီးအိမ်များနှင့် ရုပ်ထုများကိုလည်း ကျိန်းသေပေါက် ဂရုမစိုက်ခဲ့ပေ။ သို့သော်လည်း စင်္ကြံလမ်းသည် ထိုမျှအထိ မကျယ်ဝန်းလှဘဲ ဤကဲ့သို့သော မှန်မျိုးကို သူ မြင်တွေ့ရခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်သည်။ ထို့အပြင် ၎င်းမှာ အလွန်ကြီးမားသော မှန်တစ်ချပ်ဖြစ်သဖြင့် သူသတိမထားမိစရာ အကြောင်းမရှိပေ။

မှန်ကို မြင်လိုက်ရသောအခါ မရှုံးနိမ့်သော ချန်ပီယံ၏ ဘေးတစ်ဖက်မှာ မှန်နှင့် မျက်နှာချင်းဆိုင် ဖြစ်နေခဲ့သည်။ သူသည် လက်နှစ်ဖက်ကို ဒူးပေါ်တင်ကာ ခန္ဓာကိုယ်ကို ကိုင်းထားခြင်း ဖြစ်သည်။ သို့သော်လည်း သူ့အာရုံကို မှန်ဆီသို့ ပို့လိုက်သောအခါ သူသည် အလိုအလျောက်ပင် ခန္ဓာကိုယ်ကို မတ်လိုက်ပြီး မျက်နှာကို လွှဲလိုက်ရသည်။ ထိုသို့ လှည့်ကြည့်လိုက်ခြင်းက သူ့ကို အလွန်အမင်း ထိတ်လန့်သွားစေသဖြင့် သူမေ့လဲမတတ်ပင် ဖြစ်သွားရသည်။

မှန်ထဲမှ ပုံရိပ်သည် မရှုံးနိမ့်သော ချန်ပီယံနှင့် မည်သို့မျှ မကွဲပြားသော်လည်း မှန်ထဲမှ မရှုံးနိမ့်သော ချန်ပီယံမှာမူ သူ့ဝမ်းဗိုက်ကို ထုတ်ပြထားလေသည်။ သူ့ဝမ်းဗိုက်ပေါ်တွင် အဝတ်အစား သို့မဟုတ် အရေပြားဟူ၍ မရှိဘဲ တစ်ချက်ကြည့်လိုက်သည်နှင့် အူခွေတစ်ခုလုံးကို မြင်တွေ့နေရသည်။

မရှုံးနိမ့်သော ချန်ပီယံသည် လေအေးတစ်ချက် စုပ်သွင်းလိုက်မိပြီး သူ့မျက်နှာမှာလည်း ဖြူလျော်သွားရသည်။ သူသည် စင်္ကြံလမ်း၏ အခြားတစ်ဖက်ရှိ နံရံကို မှီလိုက်မိသည်အထိ နောက်သို့ ယိုင်သွားခဲ့သည်။ သူ့မျက်လုံးများ ပြူးကျယ်သွားပြီး အသက်ရှူခြင်းမှာလည်း ဆယ်စက္ကန့်ခန့် ရပ်တန့်သွားတော့သည်။

“ဒါက အာရုံမှားပဲ... ဒါက ပုံရိပ်ယောင်တစ်ခုပဲ...”

သူ အနည်းငယ် ပြန်လည်တည်ငြိမ်လာပြီးနောက် မုန်းတီးနေသော မျက်နှာအမူအရာဖြင့် မှန်ရှေ့သို့ လျှောက်သွားလိုက်သည်။

“မင်းက ဘယ်သူ့ကို ကြောက်အောင် လုပ်နေတာလဲ၊ ဒါက ငါ့ရဲ့ အူတွေကို မြင်နေရရုံပဲကွ”

သူထိုသို့ ပြောလိုက်သော်လည်း ကြောက်ရွံ့မှုတန်ဖိုးကမူ လိမ်ညာနေခြင်း မရှိပေ။ သူသည် ကြောက်ရွံ့နေဆဲဖြစ်သော်လည်း လူတစ်ယောက် အလွန်အမင်း ကြောက်လန့်သွားသောအခါ တုံ့ပြန်မှု အမျိုးမျိုး ရှိနိုင်ပြီး ဒေါသထွက်ခြင်းသည်လည်း တစ်ခုအပါအဝင် ဖြစ်သည်။

မရှုံးနိမ့်သော ချန်ပီယံ၏ မျက်လုံးများက မှန်ထဲရှိ သူ့ဝမ်းဗိုက်ဆီသို့ အလိုအလျောက် ကျရောက်သွား၏။ ၎င်းအတွင်းရှိ အူများမှာ လှုပ်ရှားနေဆဲဖြစ်သည်ကို သူမြင်တွေ့နေရသည်။ အနီးကပ် သေချာကြည့်လိုက်သောအခါ ထူးဆန်းသော အသေးစိတ် အချက်အလက်အချို့ကို မြင်တွေ့နိုင်မည် ဖြစ်သည်...။

သူ ထိုအူများကို ကြည့်လေလေ ပိုထူးဆန်းလာလေလေ ဖြစ်လာသည်။ ၎င်းမှာ... စင်္ကြံလမ်းတစ်ခုနှင့် တူနေလေသည်။

သူ့ကျောရိုးတစ်လျှောက် စိမ့်တက်သွားရပြီး သူ့လည်ပင်းမှာလည်း မလှုပ်ရှားနိုင်လောက်အောင် တောင့်တင်းသွားတော့သည်။ နှစ်စက္ကန့်ခန့် ကြာပြီးနောက် သူ ဒေါသတကြီး အော်ဟစ်လိုက်ပြီး မှန်ကို ကွဲအက်သွားအောင် ကန်ပစ်လိုက်သည်။ ထို့နောက် သူ လှည့်ထွက်သွားရန် ပြင်လိုက်သည်။

သို့သော်လည်း သူလှည့်လိုက်သည်နှင့် စင်္ကြံလမ်း၏ ဘေးတစ်ဖက်တစ်ချက်တွင် အလားတူ မှန်များကို အများအပြား မြင်တွေ့လိုက်ရတော့သည်။ မူလရှိနေသော တံခါးများအားလုံး ပျောက်ကွယ်သွားပြီး မှန်များဖြင့်သာ ပြည့်နှက်နေတော့သည်။

“အား”

အစ်ကို မရှုံးနိမ့်သူ ဟိန်းဟောက်လိုက်ပြီး အပြင်သို့ ပြေးထွက်လိုက်သည်။ ဤအခြေအနေသည် ပုံရိပ်ယောင်လေ သို့မဟုတ် အိမ်ကြီး၏ အမှန်တကယ်ပြောင်းလဲမှုလောကို သူ မသိသော်လည်း ကြောက်ရွံ့မှုနှင့် အန္တရာယ်ကိုမူ သူခံစားနေရသည်။ သူသည် ဤစင်္ကြံလမ်းများထဲတွင် နောက်ထပ် တစ်စက္ကန့်ပင် ဆက်မနေလိုတော့ပေ။

ဂလွမ်း… ခွမ်း။

ပုံရိပ်တစ်ခုသည် မှန်ပြတင်းပေါက်ကို တိုက်ခွဲ၍ အိမ်ကြီး၏ ဒုတိယထပ်မှ ထွက်ပေါ်လာ၏။

ကောင်းကင်ပေါ်မှ ပြုတ်ကျလာသော အခိုက်အတန့်တွင် မရှုံးနိမ့်သော ချန်ပီယံမှာ အဆင်သင့် မဖြစ်သေးပေ။ လွန်ခဲ့သော တစ်စက္ကန့်က သူသည် စင်္ကြံလမ်းထဲတွင် ရှိနေဆဲဖြစ်ပြီး စင်္ကြံလမ်း၏ အလယ်တွင် ပြေးလွှားနေခြင်း ဖြစ်သည်။ သူ့ရှေ့တွင် လမ်းတစ်ခု ရှိနေသော်လည်း နောက်တစ်စက္ကန့်တွင်မူ သူ့အရေပြားကို ဖန်စများက တိုက်ဖြတ်သွားသောနာကျင်မှုကို ခံစားလိုက်ရသည်။ သူသည် တစ်စုံတစ်ခုကို ဝင်တိုက်မိသကဲ့သို့ ဖြစ်သွားပြီး သူ့ခန္ဓာကိုယ်က ဟန်ချက်ပျက်ကာ အောက်သို့ ပြုတ်ကျသွားတော့သည်။

သူ မသေဆုံးမီ ခဏအလိုတွင် အခန်းအပြင်ဘက်မြင်ကွင်းကို မြင်တွေ့လိုက်ရသည်။

ကျောက်နံရံကြီးမှာ မှိုများဖြင့် ဖုံးအုပ်နေပြီး ၎င်းကို ခြောက်သွေ့နေသော သစ်ပင်များက ဝန်းရံထားကာ တောင်ပေါ်ရေကန်၏ တည်ငြိမ်နေသောရေထဲတွင် အမည်းရောင်ပုံရိပ်ကြီးတစ်ခု ထင်ဟပ်နေလေသည်။ ခြောက်ခြားဖွယ်ရာ အငွေ့အသက်များသည် ရေကန်၊ နံရံနှင့် အခန်း၏ အနက်ရှိုင်းဆုံးနေရာများမှ စိမ့်ထွက်လာနေခဲ့သည်။ အမှောင်ထုက ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ကမ္ဘာနှစ်ခုလုံးကို လွှမ်းမိုးထားခဲ့သည်။

ပုံသဏ္ဌာန်မရှိသော တိတ်ဆိတ်မှုအလယ်တွင် မရှုံးနိမ့်သော ချန်ပီယံသည် အိမ်အပြင်ပရှိ ရေကန်ထဲသို့ ပြုတ်ကျသွားခဲ့သည်။ ထိုခြောက်ခြားဖွယ်ရေကန်ကြီးက သူ့ကို ဝါးမျိုလိုက်ပြီး သူမည်သည့်အသံမျှ မထွက်နိုင်တော့ပေ။ သူ့ရှေ့ရှိ စံအိမ်ကြီးသည် အေးစက်သော မိစ္ဆာအရိပ်တစ်ခုကဲ့သို့ ဖြစ်နေပြီး နောက်ထပ် အသက်တစ်ခုကို ငုံ့ကြည့်နေသကဲ့သို့ ရှိနေတော့သည်။

ဤပရော်ဖက်ရှင်နယ်ကစားသမား၏ မျက်လုံးထဲတွင် နောက်ဆုံး ထင်ဟပ်သွားသည်မှာ... ကောင်းကင်ပေါ်ရှိ သွေးရောင်လမင်းကြီးပင် ဖြစ်တော့သည်။

...

“အဖွဲ့ဝင် - မရှုံးနိမ့်သော ချန်ပီယံ သေဆုံးသွားပါပြီ။ ဇာတ်လမ်းပစ္စည်းတစ်ခုကို လွှဲပြောင်းလိုက်ပါပြီ”

စနစ်၏ အသိပေးချက်ကြောင့် ဝမ်တန်ကျိနှင့် လုံအောင်းမင်တို့ ထိတ်လန့်သွားကြသည်။

“မဖြစ်နိုင်တာ၊ အဆင့် ၁၅ ရှိတဲ့ ပရော်ဖက်ရှင်နယ် ကစားသမားတစ်ယောက်က ဒီအတိုင်း သေသွားတာလား”

ဝမ်တန်ကျိ အံ့သြတုန်လှုပ်သွားရသည်။ သူ သေချာစေရန်အတွက် ဂိမ်းမီနူးကို ဖွင့်ကာ အဖွဲ့ဝင်စာရင်းကို ကြည့်လိုက်လေသည်။ သူ မျှော်လင့်ထားသည့်အတိုင်း ထိုကစားသမား၏ အမည်က မီးခိုးရောင် ပြောင်းသွားပြီး ဘေးရှိ ‘အသက်ရှင်ဆဲ’ ဆိုသည့် စာသားမှာလည်း ‘သေဆုံး’ သို့ ပြောင်းလဲသွားပြီ ဖြစ်သည်။

ထိုအချိန်တွင် လုံအောင်းမင်နှင့် ဖုန်းပုကြွယ်တို့သည် အခန်းအတော်များများကို ရှာဖွေပြီးနေပြီ ဖြစ်သော်လည်း အရေးပါသော မည်သည့်အရာတစ်ခုမှ မတွေ့ရသေးပေ။ ကြမ်းပြင် ရုတ်တရက် ကျွံကျသွားခြင်းနှင့် ဆူးများ ပြည့်နေသော ထောင်ချောက်အချို့မှလွဲ၍ မည်သည့်သဲလွန်စ သို့မဟုတ် မည်သည့်ဆုလာဘ်မျှ မရှိပေ။

“တကယ်လို့ ငါတို့နှစ်ယောက်သာ လမ်းခွဲခဲ့မယ်ဆိုရင် စောစောက ငါတို့တွေ့ခဲ့တဲ့ အန္တရာယ်အချို့က အသက်အန္တရာယ်အထိ ဖြစ်သွားနိုင်တယ်”

လုံအောင်းမင်က ပြန်ပြောလိုက်ပြီးနောက် ထပ်လောင်းပြောကြားလိုက်သည်။

“ညီလေးဖုန်း တစ်ယောက်တည်း အန္တရာယ်ရှိနေမလား ငါ စိုးရိမ်မိတယ်”

“အစ်ကိုကြွယ်... သူ့အတွက်တော့ ခင်ဗျားစိုးရိမ်စရာ မလိုပါဘူး၊ လမ်းခွဲဖို့ သူကိုယ်တိုင် အကြံပြုခဲ့တာဆိုတော့ သူက အန္တရာယ်ကို ထည့်တွက်ပြီးသား ဖြစ်မှာပါ”

ဝမ်တန်ကျိက ပြောလိုက်သည်။

“ဒါနဲ့... ကျွန်တော်ဂိမ်းထဲမဝင်ခင်မှာ ဂိမ်းလမ်းညွှန်ကို ဖတ်ခဲ့ဖူးတယ်၊ တကယ်လို့ ဇာတ်လမ်းပစ္စည်းတစ်ခုခု သယ်ဆောင်ထားတဲ့ ကစားသမားတစ်ယောက် သေဆုံးသွားခဲ့ရင် အဲ့ဒီပစ္စည်းက သူ့အသင်းဖော်တစ်ယောက်ယောက်ရဲ့ အနီးအနားမှာ ကျပန်း ပြန်ပေါ်လာတတ်တယ်တဲ့”

လုံအောင်းမင်မှာ အဖွဲ့လိုက်ဇာတ်လမ်းများကို ပိုမို ကြုံတွေ့ဖူးသဖြင့် ဖုန်းပုကြွယ်ထက် ပိုမို အတွေ့အကြုံရှိသည်။

“အိုကေ၊ ငါ သိပြီ၊ အခု ပတ်ဝန်းကျင်ကို ရှာကြည့်ရအောင်”

နှစ်ဦးသားသည် ချက်ချင်းပင် ဟိုဟိုဒီဒီ လိုက်လံရှာဖွေကြတော့သည်။ သို့သော် စကားပုံအတိုင်းပင် မရည်ရွယ်ဘဲ စိုက်ပျိုးထားသော မိုးမခပင်က အရိပ်ပေးသကဲ့သို့ ဖြစ်သွားသည်။ သူတို့ စာကို မတွေ့ရှိခဲ့သော်လည်း ကြမ်းပြင်ပေါ်ရှိ အမှိုက်ပုံအောက်တွင် ‘သရဲစံအိမ်’ မှ ကဗျာတစ်ပုဒ်ကို ရှာတွေ့ခဲ့ကြသည်။

“ပျော်ရွှင်ခြင်းတောင်ကြားရှိ လှည့်လှည်သွားလာသူတို့ကို

တောက်ပသော ပြတင်းပေါက်နှစ်ချပ်မှတစ်ဆင့် မြင်တွေ့နိုင်သည်

ဂီတသံစဉ်နှင့်အတူ ကခုန်နေသော နတ်သူငယ်များ

စောင်းတီးသံ၏ သံစဉ်အောက်ဝယ်

ရှင်ဘုရင်၏ ရာဇပလ္လင်ကို ဝန်းရံလျက်

သူ၏ ဂုဏ်ကျက်သရေ ‘အကြောင်းပြချက်’

သူ၏ တည်ရှိမှုမှာ မြင့်မြတ်ပြီး ထည်ဝါလှပေသည်

တိုင်းပြည်တစ်ခု၏ဘုရင်၊ ဘုန်းတန်ခိုးတော်မှာ ထူးကဲလှပေစွ”

“ဘေးထွက်တာဝန်တိုးတက်မှု အဆင့်မြှင့်တင်ပြီးပါပြီ။ ‘သရဲစံအိမ်’ ၏ အစိတ်အပိုင်း ခြောက်ခုလုံးကို ရှာဖွေရန်။ လက်ရှိတိုးတက်မှု - ၁/၆”

All Chapters