← Chapters

အခန်း (၃၉-၄၀)

Vol. 4 Ch. 39-40

အခန်း (၃၉-၄၀)

Vol. 4 Ch. 39-40

အခန်း (၃၉)

စားသောက်ခန်းသည် ကျယ်ဝန်းလှပြီး အလယ်တွင် ရှည်လျားသော စားပွဲကြီးတစ်လုံး ရှိသည်။ ၎င်းမှာ အလွန်ရှည်လျားလွန်းသဖြင့် အစွန်းနှစ်ဖက်တွင် ထိုင်နေသူများ စကားပြောဆိုရန်အတွက် အော်ဟစ်ပြောဆိုရမည့်အဆင့်ပင် ဖြစ်သည်။ အဖြူရောင်စားပွဲခင်းပေါ်တွင် ဟင်းပွဲအလွတ်များနှင့် ခက်ရင်းအချို့ ပြန့်ကျဲနေပြီး လဲကျနေသော ဖယောင်းတိုင်ခုံအချို့လည်း ရှိနေသည်။

စားပွဲ၏ အပေါ်တည့်တည့်တွင် မီးဆိုင်းကြီးတစ်ခုလည်း ရှိနေသည်။ ၎င်းမှာ ဧည့်ခန်းထဲက တစ်ခုထက် ပိုကြီးသော်လည်း လင်းထိန်မနေတော့ပေ။ စားသောက်ခန်းသည် နံရံကပ်မီးအိမ်များကိုသာ အားကိုးနေရတော့သည်။ သစ်သားကုလားထိုင်များမှာလည်း ဖရိုဖရဲ ဖြစ်နေပြီး အချို့မှာ ကြမ်းပြင်ပေါ်တွင် လဲကျနေကာ ပင့်ကူအိမ်များဖြင့် ဖုံးအုပ်နေလေသည်။

ရီရူလီသည် စနစ်၏ အသိပေးချက်ကို ကြားလိုက်ရသောအခါ ခေတ္တမျှ ရပ်တန့်သွား၏။ သို့သော်လည်း သူမ၏ရှာဖွေမှုကို ဆက်လက် လုပ်ဆောင်လိုက်သည်။ သူမ၏ မျက်နှာအမူအရာမှာ ရေခဲကဲ့သို့ အေးစက်နေဆဲပင်။

ရီရူယွီက ပထမဆုံး စကားစလိုက်သည်။

“အဲ့ဒီ ကြည့်ရတာအင်အားကြီးပုံရတဲ့ အစ်ကိုကြီးတော့ သေသွားရှာပြီ”

“အင်အားကြီးတယ်လား”

ရီရူလီက မေးလိုက်သည်။

“နင် ဘယ်လိုသိတာလဲ”

“သူ့အဆင့်က မြင့်တယ်လေ၊ ပြီးတော့ သူက ပရော်ဖက်ရှင်နယ် ကျွမ်းကျင်ကစားသမား တစ်ယောက်ပဲဟာ”

ရီရူယွီက ပြန်ပြောသည်။

ရီရူလီက သူမ၏ ဓားကို အသုံးပြု၍ စားပွဲခင်းအစိတ်အပိုင်းတစ်ခုကို မလိုက်သည်။ သူမက ရှာဖွေမှုကို မရပ်တန့်ဘဲ ပြောလိုက်သည်။

“ငါတို့ရဲ့ အဆင့်တွေလည်း တက်လာမှာပဲ၊ အဲ့ဒီအခါ ငါတို့ကိုယ်ငါတို့လည်း ကျွမ်းကျင်ကစားသမားတွေလို့ ခေါ်လို့ရတာပဲ”

“ဝမ်းကွဲ... နင် ငါ့ကို နောက်ပြန်ပြီ”

ရီရူယွီက ရီရူလီကို မျက်စောင်းထိုးကာ ညည်းညူလိုက်သည်။

“အခု ကျွမ်းကျင်ကစားသမားတွေတောင် သေကုန်ပြီလေ၊ နင်က ဘာလို့ ဒီလောက် တည်ငြိမ်နေနိုင်ရတာလဲ”

ထိုအချိန်တွင် ရူယွီနှင့်ရူလီတို့သည် စားပွဲအောက်မှ စာတစ်စောင်ကို ဆွဲထုတ်လိုက်ကြသည်။

“ဇာတ်လမ်းအိုင်တမ်ပဲ”

ပစ္စည်းအမည် - မင်စွန်းနေသော စာတစ်စောင်

ပစ္စည်းအမျိုးအစား - ဇာတ်လမ်းပစ္စည်း

အရည်အသွေး - သာမန်

လုပ်ဆောင်ချက် - မသိရ

ဇာတ်လမ်းပြင်ပသို့ ယူဆောင်သွားနိုင်ခြင်း - မရပါ

မှတ်ချက် - စာ၏ အကြောင်းအရာများမှာ တစ်စိတ်တစ်ပိုင်း မင်စွန်းနေသဖြင့် ဖတ်မရနိုင်ပေ။

သူမသည် ထိုစာကို လီရူယွီထံ ကမ်းပေးပြီး ပြောလိုက်သည်။

“ဒီအရာက စားပွဲအောက်မှာ အစကတည်းက ရှိနေခဲ့တာ မဟုတ်လောက်ဘူး၊ ဟို မရှုံးနိမ့်သော ချန်ပီယံ သေပြီးမှပဲ စနစ်က ဒီနေရာမှာ ပြန်ချပေးလိုက်တာ ဖြစ်ရမယ်”

ရီရူယွီက စာကိုယူကာ ဖွင့်ဖတ်လိုက်သည်။ ထို့နောက် သူမခါးတွင် လွယ်ထားသော လွယ်အိတ်ထဲသို့ ထည့်လိုက်ရင်း သူမ၏ နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်သည်။

“ဟမ်... ဒီစာက ပင်မဇာတ်လမ်းကို ဖြေရှင်းဖို့ သဲလွန်စတွေထဲက တစ်ခုဆိုရင်တော့ ဒီစာကို သယ်ဆောင်ထားတဲ့သူဟာ ဒီအိမ်ကြီးထဲက အမည်မသိအင်အားတစ်ခုရဲ့ တိုက်ခိုက်မှုကို ခံရနိုင်ပြီး အန္တရာယ်ကြီးနိုင်တယ်၊ ဒါကြောင့်မို့လို့...”

“ဒါကြောင့်မို့လို့ ကျွမ်းကျင်ကစားသမားတွေတောင် သေကုန်တာပေါ့ ဟုတ်လား”

ရီရူလီက မေးလိုက်သည်။

“ဟုတ်တယ်... ဒါပေမဲ့ ဒါက ထူးဆန်းတယ်”

ရီရူယွီက ဆိုသည်။

“သူတို့က လေးယောက်ရှိတာကို ဘာလို့ တစ်ယောက်တည်း သေတာလဲ၊ ဒါကလည်း အင်အားအကြီးဆုံးလူ ဖြစ်နေတယ်၊ ဒါက ဖြစ်နိုင်တာက...”

“‘ဖြစ်နိုင်တာက’ လို့ ပြောနေဖို့ မလိုပါဘူး”

ဖုန်းပုကြွယ်၏ အသံက ရုတ်တရက် ထွက်ပေါ်လာသည်။ သူသည် တံခါးဝမှ လျှောက်ဝင်လာခြင်း ဖြစ်သည်။

“သိသာပါတယ်၊ ငါတို့တွေ လမ်းခွဲခဲ့ကြတာလေ”

ရီရူလီနှင့် ရီရူယွီတို့ နှစ်ဦးလုံး သူ့ဘက်သို့ လှည့်ကြည့်လိုက်ကြသည်။ ဖုန်းပုကြွယ်က ဆက်ပြောသည်။

“ပြီးတော့ သူ အခုလို ရှုံးနိမ့်သွားတယ်ဆိုတဲ့ အချက်အရ ဒီ ‘အင်အားအကြီးဆုံး’ ဆိုတဲ့ စကားလုံးက မေးခွန်းထုတ်စရာ ဖြစ်နေပြီပဲ”

“သူ့ရဲ့ အဆင့်က ရှင့်ထက် မြင့်တယ်၊ ပြီးတော့ သူက ပရော်ဖက်ရှင်နယ်ကစားသမား တစ်ယောက်ပဲ”

ရီရူလီက ဖုန်းပုကြွယ်ကို ပြောလိုက်သည်။ သူမသည် ရီရူယွီ သူမကိုယ်သူမ ယုံကြည်အောင် ပြောခဲ့သော စကားလုံးများကိုပင် ပြန်လည် အသုံးပြုလိုက်ခြင်း ဖြစ်သည်။

“ငါ့ရဲ့ အဆင့်လည်း တက်လာမှာပဲ၊ ငါလည်း ငါ့ကိုယ်ငါ ‘ပရော်ဖက်ရှင်နယ် ကစားသမား’လို့ ခေါ်လို့ရတာပဲ၊ အဲ့ဒါက ငါ့ကို အင်အားကြီးစေမှာလား”

ဖုန်းပုကြွယ်က ပေါ့ပေါ့ပါးပါးပင် ပြန်ပြောလိုက်သည်။

ရီရူယွီမှာ သူမ၏ပါးစပ်ကို ပိတ်ကာ အကျယ်ကြီး ရယ်မောမိလုနီးပါး ဖြစ်သွားသည်။

ရူလီနှင့် ရူယွီတို့၏ မျက်နှာအမူအရာများ ပြောင်းလဲသွား၏။

“ရှင်ဒီကို ရောက်နေတာ ဘယ်လောက်ကြာပြီလဲ”

“ခုလေးတင် ရောက်တာပါ၊ ဘာဖြစ်လို့လဲ”

ဖုန်းပုကြွယ်က မေးလိုက်သည်။ သူသည် ထိုနှစ်ဦးကြားက စကားဝိုင်းကို အမှန်တကယ် မကြားခဲ့ပေ။ သူသည် ရီရူယွီပြောလိုက်သည့် နောက်ဆုံးစာကြောင်းကိုသာ ကြားလိုက်ရခြင်း ဖြစ်သည်။

ရီရူလီ နှစ်စက္ကန့်ခန့် တိတ်ဆိတ်သွားပြီးမှ ပြောလိုက်သည်။

“ရှင်က ‘သရဲစံအိမ်’ ဘေးထွက်တာဝန်ကို ရှာတွေ့ခဲ့တဲ့သူလား”

“ဟုတ်တယ်”

ဖုန်းပုကြွယ်က ပြန်ဖြေသည်။

“ငါက ပထမနဲ့ ပဉ္စမစာပိုဒ်တွေကို ရှာတွေ့ခဲ့တာ၊ မင်းတို့က ကျန်တဲ့နှစ်ခုကို ရှာတွေ့ခဲ့တာလား”

ရီရူယွီက ခေါင်းခါလိုက်သည်။

“မဟုတ်ဘူး၊ ဒါပေမဲ့ လမ်းတစ်လျှောက်မှာ ထောင်ချောက်အတော်များများကိုတော့ ကြုံခဲ့ရတယ်”

ရီရူလီက မေးသည်။

“သရဲစံအိမ်ဆိုတာ ဘာလဲ၊ စကားလုံးတစ်လုံးလား၊ ဒါမှမဟုတ် ပစ္စည်းတစ်ခုလား”

“ဒါက ကဗျာတစ်ပုဒ်ပါ”

ဝမ်တန်ကျိသည်လည်း စားသောက်ခန်း အဝင်ဝတွင် ပေါ်လာပြီး လုံအောင်းမင်မှာလည်း သူ့ဘေးတွင် ရှိနေခဲ့သည်။

“အချိန်ကိုက်ပဲ”

ဖုန်းပုကြွယ် ပြောလိုက်သည်။

“မင်းတို့က ဘယ်စာပိုဒ်ကို ရှာတွေ့ခဲ့တာလဲ”

“သတင်းကောင်းကတော့... ငါတို့ စာပိုဒ်နှစ်ခုကို ရှာတွေ့ခဲ့တယ်”

လုံအောင်းမင်က ပြောသည်။

“သတင်းဆိုးကတော့... ငါတို့ အဲ့ဒါတွေကို အလွတ်မရဘူး”

ဝမ်တန်ကျိသည် ရှက်ရွံ့နေဟန် မရှိပေ။ တကယ်တမ်းတွင်မူ သူသည် သူ့ကိုယ်သူ ဂုဏ်ယူနေသည့်ပုံစံ ဖြစ်နေသည်။

“စာကြောင်းအချို့ကို ထပ်ခါတလဲလဲ ရွတ်ကြည့်မယ်ဆိုရင် မင်းတို့ မှတ်မိသွားမှာပါ”

ဖုန်းပုကြွယ်က ပြောလိုက်သည်။

သူတို့နှစ်ဦးသည် စာကြောင်းလေးငါးကြောင်းခန့်ကို တစ်ပြိုင်နက်တည်း အပြန်အလှန် ပြောလိုက်ကြသည်။

ဖုန်းပုကြွယ်က သူတို့ပြောသည်ကို နားထောင်ပြီးနောက် ပြောလိုက်သည်။

“ဒါက ဒုတိယနဲ့ တတိယစာပိုဒ်တွေ ဖြစ်ရမယ်...”

ထို့နောက် သူသည် အံ့သြစရာကောင်းသော အပြုအမူတစ်ခုကို လုပ်ဆောင်လိုက်လေသည်။ သူသည် ရှောင်တန်နှင့် အစ်ကိုလုံတို့ ရှာတွေ့ခဲ့သော စာပိုဒ်နှစ်ခုစလုံးကို အလွတ်ပြန်ရွတ်ပြလိုက်ပြီး မှန်၊ မမှန် သူတို့ကို မေးလိုက်ခြင်းဖြစ်သည်။

“အစ်ကိုပုကြွယ်... ဘာတွေ ဖြစ်နေတာလဲ”

ဝမ်တန်ကျိ အံ့သြတုန်လှုပ်သွားရသည်။

“မင်း ငါတို့နောက်ကို လိုက်နေခဲ့တာလား”

“ဒီအခန်းက လက်တွေ့ဘဝက ငါ့မှတ်ဉာဏ်ထဲကနေ ဖြစ်လာတာလေ၊ တကယ်တော့ ငါက ကွင်းဆက်လူသတ်သမားတစ်ယောက်ပါ၊ ပြီးတော့ ဒါက ငါ့ရဲ့ အခြေစိုက်စခန်းတွေထဲက တစ်ခုပေါ့”

ဖုန်းပုကြွယ်က တည်ငြိမ်စွာပြောလိုက်သည်။

“မင်းတို့ မြင်ရတဲ့ သရဲစံအိမ်ဆိုတာ ငါပျင်းနေလို့ နံရံပေါ်မှာ ရေးထားတဲ့ အရာတွေပါ”

ဝမ်တန်ကျိမှာ မေးရိုးပင် ပြုတ်ထွက်လုမတတ် ဖြစ်သွားသည်။ သူ့ပါးစပ်မှာ ဟောင်းလောင်းပွင့်နေပြီး မျက်လုံးများမှာလည်း ပြူးထွက်ကာ ဖုန်းပုကြွယ်ကို စိုက်ကြည့်နေမိသည်။ သူ့စိတ်ထဲတွင်လည်း ဖရိုဖရဲ ဖြစ်နေတော့သည်။

ဆယ်စက္ကန့်ခန့် ကြာပြီးနောက် ဖုန်းပုကြွယ်က သူ့ကို ပြောလိုက်သည်။

“ဒါက နောက်ပြောင်နေတယ်ဆိုတာကို မသိသေးတဲ့သူက မင်းတစ်ယောက်တည်းပဲ ရှိတော့တယ်ကွ”

“ဟားဟားဟား...”

လုံအောင်းမင် ရုတ်တရက် ရယ်မောလိုက်သည်။ ဖုန်းပုကြွယ် နောက်ပြောင်နေမှန်း သူသိသော်လည်း ၎င်းမှာ ရယ်စရာကောင်းသည်ဟု သူမထင်ပေ။ သို့သော်လည်း ဝမ်တန်ကျိက တကယ်ဟု ယုံကြည်နေသည့် တုံ့ပြန်မှုက သူ့ကို ပြောစရာစကား မဲ့သွားစေသည်။

“မစ္စတာဖုန်း၊ အခု အေးစက်စက်ပြက်လုံးကြီး ပြီးသွားပြီဆိုတော့ တကယ့်အခြေအနေကို ကျွန်မတို့ကို ပြောပြလို့ ရမလား”

ရီရူယွီက ပြောလိုက်သည်။

“ရှင်က စာပိုဒ်တွေရဲ့ အစီအစဉ်ကို သိရုံတင်မကဘဲ အကြောင်းအရာတွေကိုပါ ရွတ်ပြနိုင်တယ်ဆိုတော့ ဒီကဗျာရဲ့ ဇစ်မြစ်ကိုလည်း ရှင်ကျိန်းသေပေါက် သိမှာပေါ့ ဟုတ်တယ်မလား”

“ဒီကဗျာက အက်ဂါအယ်လန်ပိုးရဲ့ ဝတ္ထုတိုဖြစ်တဲ့ ‘အက်ရှာအိမ်တော်၏ ကျဆုံးခန်း’ က လာတာပါ”

ဖုန်းပုကြွယ်က ပြောလိုက်သည်။

“ဒီဇာတ်လမ်းက အဲ့ဒါကို အခြေခံထားတယ်လို့ ငါယုံကြည်တယ်”

သူက ထိုင်ခုံပုလေးတစ်လုံးကို ဆွဲကာ ထိုင်လိုက်သည်။

“မင်းတို့ထဲက တစ်ယောက်ယောက် အဲ့ဒါကို ဖတ်ဖူးလား”

“မဖတ်ဖူးဘူး...”

ရီရူလီနှင့် ရီရူယွီတို့မှလွဲ၍ ကျန်နှစ်ဦးမှာ ဆရာမ၏ မေးခွန်းကို တစ်ပြိုင်နက်တည်း ဖြေဆိုနေသော မူလတန်းကျောင်းသားလေးများကဲ့သို့ ဖြစ်နေလေသည်။

“မဖတ်ဖူးတာ ကောင်းပါတယ်၊ ဘာပဲဖြစ်ဖြစ် သူ့ရဲ့ ဝတ္ထုတွေက အဲ့လောက် စိတ်ဝင်စားစရာ မကောင်းလှဘူးလေ”

ဖုန်းပုကြွယ်က ဆိုသည်။

“ပိုးက အထက်တန်းစား စာပေလူလိမ်တစ်ယောက်ပဲ၊ သူက လောင်းကစားနဲ့ အရက်သောက်တာတွေမှာလည်း ပါဝင်ပတ်သက်ဖူးတယ်၊ သူက မိန်းမတစ်ယောက်နောက်ကို လိုက်ဖူးသလို လိုလီလေးတစ်ယောက်ကိုလည်း လက်ထပ်ခဲ့သေးတယ်၊ သူက စာရေးရတာကို ဘယ်တော့မှ မငြီးငွေ့ဘူး၊ သူ့ရဲ့ ဝတ္ထုအများစုက ခံစားချက်ကိုပဲ အဓိကထားပြီး ဇာတ်လမ်းကိုတော့ လျစ်လျူရှုထားတတ်တယ်၊ တစ်ခါတစ်လေကျရင် သူက အခုလိုမျိုးတွေ လုပ်တတ်သေးတယ်၊ ဥပမာ - လီဂီယာရဲ့ အစမှာ သူက စာသားတစ်ခုကို ကျပန်းလုပ်ကြံရေးသားပြီး အဲ့ဒါက ဂျိုးဇက်ဂလန်ဗီးလ်ဆီက လာတာလို့ ပြောခဲ့တယ်၊ တကယ်လို့ ၁၉ ရာစုမှာ ရှာဖွေရေးအင်ဂျင်သာ ရှိခဲ့မယ်ဆိုရင် ဒီလူက ဝေဖန်ရေးသမားတွေရဲ့ လမ်းပေါ်မှာ လူသိရှင်ကြား အရှက်ခွဲတာခံရမှာပဲ”

“ရှင်က တကယ့်အမာခံပရိသတ်တစ်ယောက်နဲ့ တူနေတယ်...”

ရူလီနှင့် ရူယွီတို့က အေးစက်စက် ပြောလိုက်ကြသည်။

“ရှင်က မနာလိုဖြစ်နေတဲ့ပုံစံ ပေါက်နေတယ်...”

ရီရူယွီက သူ့ကို အထင်သေးသော အကြည့်ဖြင့် ကြည့်လိုက်သည်။

“ငါပိုကြားရလေလေ၊ အဲ့ဒါက မင်းနဲ့ ပိုတူလာလေလေပဲ...”

ဝမ်တန်ကျိက ပြောသည်။

“ညီလေးကိုဖုန်း၊ မင်း ကိုယ့်ကိုယ်ကိုယ် လေးစားမှုရှိသင့်တယ်နော်...”

လုံအောင်းမင်က ဘာပြောရမှန်းမသိသဖြင့် သူ့ကို ဖျောင်းဖျရန် ကြိုးစားလိုက်သည်။

ဖုန်းပုကြွယ်က မတ်တတ်ရပ်လိုက်ပြီး တည်ကြည်သော မျက်နှာဖြင့် ပြောလိုက်သည်။

“ငါက တစ်ခု၊ နှစ်ခုလောက် သိတာပါ၊ ဘာမှ မဟုတ်ပါဘူး...”

“ရှင်က ဒီကဗျာကိုတောင် အလွတ်ရနေတာဆိုတော့ ကိုယ့်ကိုယ်ကိုယ် ရှင်းပြနေဖို့ မလိုတော့ပါဘူး”

ရီရူလီက ကြားဖြတ်ပြောလိုက်သည်။

“အစ်မကြီး...”

ဖုန်းပုကြွယ်က ပြောလိုက်သည်။

“ရှင်က အသက်ဘယ်လောက်ရှိပြီမို့လို့ ကျွန်မကို အစ်မကြီးလို့ ခေါ်ရတာလဲ”

“ညီမလေး...”

“ရှင် ကျွန်မကို အဲ့လိုထပ်ခေါ်ရဲခေါ်ကြည့်လေ”

ဖုန်းပုကြွယ် အသက်ကို ပြင်းပြင်းရှူလိုက်သည်။

“သူရဲကောင်းမလေး တစ်ယောက်လိုပါပဲ... တကယ်တော့ ငါက မှတ်ဉာဏ် အတော်လေးကောင်းလို့ပါ...”

“မစ္စတာဖုန်း၊ ရှင်တကယ်ပဲ ကျွန်မကို ရှင်းပြနေဖို့ မလိုပါဘူး”

ရီရူလီနှင့် ရီရူယွီတို့၏ နှုတ်ခမ်းများ မသိမသာ ပြုံးယောင်သန်းသွားကြသည်။

ဖုန်းပုကြွယ်သည် သုံးစက္ကန့်ခန့် ကြောင်သွားပြီးနောက် ဘာမှမဖြစ်ခဲ့သလိုမျိုး လှည့်ထွက်သွားလိုက်တော့သည်။

“ဒီနေ့ လေတော်တော် တိုက်တာပဲ...”

လုံအောင်းမင်ပင် ရှက်ရွံ့နေလေသည်။

“ညီလေးဖုန်း မင်းဖော်ထုတ်ခံလိုက်ရတောင် စိတ်ထဲမထားပါနဲ့ ၊ သဲလွန်စတွေ ဆက်ရှာကြရအောင်ပါ”

ဖုန်းပုကြွယ် သွေးအန်မတတ် ဖြစ်သွားရသည်။သူ စိတ်ထဲတွင် သူ့ဘာသာသူ တွေးမိလိုက်သည်။

‘မင်းက စာကြောင်းရဲ့ နောက်ဆုံးအပိုင်းကိုပဲ ပြောလို့မရဘူးလား၊ ရှေ့ပိုင်းက စကားလုံးတွေက ငါ့ကို ဒဏ်ရာပေါ် ဆားနဲ့ပက်ဖို့ ပြောလိုက်တာလား’

“ဒါနဲ့... ငါ မင်းတို့ကို တစ်ခုခုမေးမလို့ပဲ၊ ဒါက ထူးဆန်းတယ်လို့ မင်းတို့ မထင်ဘူးလား”

ဖုန်းပုကြွယ်က လေးနက်တည်ကြည်စွာ မေးလိုက်သည်။

“ဘာဖြစ်လို့ ငါတို့အားလုံး စားသောက်ခန်းထဲမှာ ရောက်နေကြတာလဲ၊ ဒီအခန်းရဲ့ တည်ဆောက်ပုံက ပြောင်းလဲနေသင့်တာလေ၊ တကယ်လို့ ငါတို့အားလုံးက တစ်ချိန်တည်းမှာ စုမိသွားကြပြီဆိုရင် ဒါက ဘာကို ဆိုလိုတာလဲဆိုတော့...”

သူစကားမဆုံးမီမှာပင် ‘ဒုန်း’ ခနဲ အသံကြီး ထွက်ပေါ်လာပြီး စားသောက်ခန်း၏ တစ်ခုတည်းသော တံခါးမှာ သူ့အလိုလို ပိတ်သွားတော့သည်။

အခန်း (၄၀)

လွန်ခဲ့သော ဆယ်မိနစ်ခန့်က မရှုံးနိမ့်သော ချန်ပီယံသည် အသက်ရှင်နေဆဲဖြစ်ပြီး ဖုန်းပုကြွယ်မှာလည်း မြေအောက်ခန်းအတွင်း၌ ရှိနေသေးသည်။

ဖုန်းပုကြွယ်သည် ခေါင်းတလားအဖုံးကို ခေါက်လိုက်ပြီး စနောက်လိုက်သည်။

“ဟေး... မစ် မက်ဒလင်း၊ မင်း ရှိသေးရဲ့လား”

သဘာဝကျစွာပင် ခေါင်းတလားထဲမှ လူက “ထွက်သွားစမ်း” ဟု မပျော်မရွှင် ပြန်ပြောလာလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။ အကြောင်းမှာ ၎င်းမှာ အလွတ်ဖြစ်နေသင့်သည်ကို သူသိနှင့်ပြီး ဖြစ်သောကြောင့်ပင်။

‘သရဲစံအိမ်’ ၏ ပထမစာပိုဒ်ကို ဖတ်ပြီးနောက် ဖုန်းပုကြွယ်သည် ဤအိမ်ကြီး၏ နောက်ခံမှာ ဝတ္ထုတစ်ပုဒ်ထဲမှ အက်ရှာအိမ်တော်ဖြစ်နိုင်သည်ဟု ယူဆခဲ့သည်။ ယခု သူမြေအောက်ခန်းထဲသို့ ရောက်ရှိပြီး နံရံပေါ်တွင် ပဉ္စမမြောက်စာပိုဒ်ကို တွေ့လိုက်ရသောအခါ ပို၍ပင် သေချာသွားတော့သည်။

ဖုန်းပုကြွယ်တွင် မှတ်ဉာဏ်ကောင်းတစ်ခုရှိသည်မှာ အမှန်ဖြစ်သော်လည်း မြင်သမျှကို အလွတ်ရနိုင်သည့် အဆင့်အထိတော့ မဟုတ်ပေ။ သူသည် မှတ်ဉာဏ်သိုလှောင်ခန်းထဲမှ အမှိုက်အဖြစ် စွန့်ပစ်လိုက်သော အရာများမှလွဲ၍ ကျန်မှတ်ဉာဏ်များ... ဥပမာ ယခု သူဖတ်ဖူးသည့်ဝတ္ထုကဲ့သို့ အရာမျိုးကိုမူ ၆၀ရာခိုင်နူန်းမှ ၇၀ ရာခိုင်နှုန်းခန့် ပြန်လည်အမှတ်ရနိုင်စွမ်း ရှိသူဖြစ်သည်။

ပထမစာပိုဒ်ကို ဖတ်ပြီးနောက် သရဲစံအိမ်၏ အစိတ်အပိုင်းခြောက်ခုလုံးကို အလွတ်ကျက်ရန်မှာ ဖြစ်နိုင်ချေမရှိပေ။ ထို့ကြောင့် သူသည် ရှောင်တန်နှင့် အစ်ကိုလုံတို့ကို စကားအချို့ပြောခိုင်းကာ သူ့ကို အမှတ်ရစေခဲ့ခြင်းဖြစ်ပြီး သူ့မှတ်ဉာဏ်ထဲရှိ ကဗျာအစိတ်အပိုင်းနှစ်ခုမှာလည်း တဖြည်းဖြည်းနှင့် ပိုမို ရှင်းလင်းလာခဲ့သည်။

သေချာတာပေါ့ ဝတ္ထု၏ ဇာတ်အိမ်ကိုတော့ ဖုန်းပုကြွယ်က ပိုမိုရှင်းလင်းစွာ မှတ်မိပါသည်။

များစွာသော လူများက အက်ဂါအယ်လန်ပိုးဟူသော အမည်ကို သိကြသည်။ သူသည် စုံထောက်ဝတ္ထုများကို စတင်တည်ထောင်သူ ဖြစ်သည်။ သူ၏ ‘ရူးမော့ဂ်လမ်းပေါ်မှ လူသတ်မှု’ကို ခေတ်သစ်စာပေ၏ ပထမဆုံးသော စုံထောက်ဝတ္ထုအစစ်အမှန်အဖြစ် သတ်မှတ်ကြသည်။ ၎င်းကို ထုတ်ဝေစဉ်က သူသည် ‘လျှို့ဝှက်ဆန်းကြယ်ဝတ္ထု’ ဟူသော စကားလုံးကို အသုံးပြုခဲ့သည်။

သို့သော် ၎င်းမှာ ၁၈၄၁ ခုနှစ်က ဖြစ်ပြီး အက်ရှာအိမ်တော်၏ ကျဆုံးခန်းမှာမူ ထိုဇာတ်လမ်းမတိုင်မီက ရေးသားခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် ဂေါသစ်သည်းထိတ်ရင်ဖိုဝတ္ထုတစ်ပုဒ်ဖြစ်ပြီး မှောင်မိုက်ကာ ခြောက်ခြားဖွယ်ရာ အငွေ့အသက်များဖြင့် ပြည့်နှက်နေခြင်းဖြစ်သည်။

ဇာတ်လမ်းကား ဤသို့ပင်။

ဇာတ်လိုက်၏ သူငယ်ချင်းဟောင်း ရိုဒါရစ်အက်ရှာ၏ မိသားစုသည် မျိုးဆက်တစ်ခုပြီးတစ်ခု ထူးဆန်းသောမျိုးရိုးလိုက်ရောဂါကို ခံစားနေရသည်။ သူနေထိုင်သော အိမ်ကြီးသည်လည်း ထူးဆန်းသည့် ကျိန်စာတစ်မျိုး၏ ထိန်းချုပ်မှုကို ခံထားရသည်။ ရာစုနှစ်များတစ်လျှောက် အက်ရှာမိသားစုသည် မျိုးဆက်ပြန့်ပွားလာခဲ့ပြီး အိမ်၏ မူလအမည်သည်လည်း လူတို့၏ မှတ်ဉာဏ်ထဲများမှ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။ ဤအဆောက်အအုံသည် ဤမိသားစုနှင့် တစ်ထပ်တည်း ဖြစ်သွားခဲ့ခြင်းဖြစ်သည်။ လူတို့က အက်ရှာအိမ်တော်ဟု ပြောဆိုကြသောအခါ ယင်းသည် အဆောက်အအုံကိုရော မိသားစုကိုပါ ရည်ညွှန်းခြင်း ဖြစ်သည်။

တစ်နေ့တွင် ရိုဒါရစ်သည် ဇာတ်လိုက်ထံသို့ စာတစ်စောင် ရေးသားခဲ့သည်။ စာထဲတွင် သူသည် အသက်ရှင်ရန် အချိန်အများကြီး မကျန်တော့ကြောင်း ဖော်ပြထား၏။ ရောဂါဝေဒနာက သူ့ကို ပိန်ချုံးကာ စိတ်မတည်မငြိမ်ဖြစ်စေသည့်အထိ နှိပ်စက်နေခဲ့သည်။ အက်ရှာအိမ်တော်ရှိ အမည်မသိ ကြောက်မက်ဖွယ်စွမ်းအားက သူ၏ဆင်ခြင်တုံတရားကို ဖျက်ဆီးပြီး သူ့အသက်ကို နုတ်ယူသွားတော့မည် ဖြစ်သည်။

ဇာတ်လိုက်သည် သူ့သူငယ်ချင်းဟောင်းကို တွေ့ဆုံရန်နှင့် သူနေကောင်းလာစေရန် အဖော်ပြုပေးရန် ရောက်ရှိလာခဲ့သည်။ သို့သော် ဇာတ်လိုက်ရောက်ရှိလာသည့်ညမှာပင် ရိုဒါရစ်၏ ညီမဖြစ်သူ မစ်မက်ဒလင်းသည် ဖျားနာမှုကြောင့် ‘သေဆုံး’ သွားခဲ့ရသည်။

သူမသည် ကမ္ဘာပေါ်တွင် ရိုဒါရစ်၏ တစ်ဦးတည်းသော မိသားစုဝင်ဖြစ်ပြီး နှစ်ပေါင်းများစွာအတွင်း သူ၏တစ်ဦးတည်းသော အဖော်လည်း ဖြစ်သည်။ မစ် မက်ဒလင်းသည် နှစ်ပေါင်းများစွာ ဖျားနာနေခဲ့သော်လည်း သူမသည် အမြဲတစေရုန်းကန်နေခဲ့ပြီး အိပ်ရာထဲတွင် လဲနေခြင်းမျိုး မရှိခဲ့ပေ။ ရိုဒါရစ်၏ မူမမှန်သော စိတ်ဓာတ်ကျဆင်းမှုနှင့် စိတ်ပိုင်းဆိုင်ရာ ပြိုလဲလုနီးပါး ဖြစ်ရခြင်းသည် အဓိကအားဖြင့် သူမကြောင့် ဖြစ်သည်။

ရိုဒါရစ်သည် ညီမဖြစ်သူ၏ ရုပ်အလောင်းကို မမြှုပ်နှံမီ ၁၄ ရက်တိုင်တိုင် ထားရှိရန် မြေအောက်ခန်းတစ်ခု ရှာဖွေပေးရန် တောင်းဆိုခဲ့သည်။ ဇာတ်လိုက်သည် သူ့သူငယ်ချင်းကို ကူညီကာ မစ် မက်ဒလင်းကို ခေါင်းတလားထဲထည့်ပြီး မြေအောက်ခန်းတွင် ထားပေးခဲ့သည်။ သို့သော် သူမသည် အသက်ရှင်နေဆဲဖြစ်ကြောင်းကိုမူ ဘယ်သူမှ မသိခဲ့ကြပေ...။

ခုနစ်ရက်၊ ရှစ်ရက်ခန့်ကြာပြီးနောက် ဝမ်းနည်းပူဆွေးနေသော ရိုဒါရစ်သည် ရူးသွပ်မှုထဲသို့ ကျရောက်သွားခဲ့ရသည်။ ထိုကြောက်မက်ဖွယ်ရာညတွင် ဇာတ်လိုက်သည် ခြောက်ခြားဖွယ်ဖွယ်ကောင်းသော မစ် မက်ဒလင်း အိမ်ထဲတွင်ပေါ်လာသည်ကို မြင်တွေ့ခဲ့ရပြီး သူမက သူမအစ်ကိုကို ကြောက်လန့်ကာ သေဆုံးသွားစေခဲ့သည်။ ထို့နောက်တွင်မူ သူသည်လည်း နောက်ဆုံးထွက်သက်ကို ရှူရှိုက်လိုက်ရတော့သည်။ ဇာတ်လိုက်သည် အက်ရှာအိမ်တော်မှ ထွက်ပြေးလာခဲ့ပြီး အဆောက်အအုံကြီး ရေကန်ထဲသို့ ပြိုကျသွားသည်ကို သူ့မျက်စိဖြင့် တပ်အပ် မြင်တွေ့ခဲ့ရသည်။

ဤဇာတ်လမ်းတွင် ‘ယုတ္တိမတန်သော’ အချက်များစွာ ရှိပေသည်။ ဥပမာ - ဘယ်သူမှသတိမထားမိဘဲ မက်ဒလင်းကို အရှင်လတ်လတ် မည်သို့ မြှုပ်နိုင်မည်နည်း။ ခေါင်းတလားထဲတွင် ခုနစ်ရက်၊ ရှစ်ရက်တိုင်တိုင် ရုန်းကန်နေရသော အမျိုးသမီးတစ်ဦးသည် အိမ်သို့ ပြန်လာနိုင်လောက်အောင် မည်သို့ အင်အားရှိနေရသနည်း။ အိမ်ကြီးက ဘယ်လို ပြိုကျသွားတာလဲ၊ ငလျင်ကြောင့်လား ဒါမှမဟုတ် ပေါက်ကွဲမှုတစ်ခုကြောင့်လား။

သို့သော်လည်း ၁၉ ရာစုက စာဖတ်သူများသည် သည်းထိတ်ရင်ဖို ဇာတ်လမ်းတစ်ပုဒ်အပေါ် ထိုကဲ့သို့ မေးခွန်းများ မေးလေ့မရှိကြပေ။ ထိုအစား ၂၀ ရာစု အကုန်ပိုင်းနောက်ပိုင်းတွင်မူ နယ်ပယ်အသီးသီး အထူးသဖြင့် စာပေနယ်ပယ်တွင် ‘အလွန်အမင်း အဓိပ္ပာယ်ဖွင့်ဆိုခြင်း’ နှင့် ‘အသေးအဖွဲ အမှားများကို လိုက်ရှာခြင်း’ အပေါ် အမှီပြုနေသော ‘ပညာရှင်များ’ ပိုမို များပြားလာခဲ့သည်။ အကယ်၍ ပိုးသာ ၂၁ ရာစုတွင် အသက်ရှင်နေမည်ဆိုပါက မိမိကိုယ်ကိုယ် ‘ပရော်ဖက်ဆာ’ ဟု ခေါ်ဆိုနေသော မည်သည့်စာပေလူလိမ်မဆို သူ့ကိုဝေဖန်ရန် သတ္တိရှိနေကြပေလိမ့်မည်။ သို့မဟုတ်လျှင်လည်း မူရင်းလက်ရာတွင် မပါရှိသော ထင်မြင်ယူဆချက်အချို့ကို ဖော်ပြရန်အတွက် သူ့လက်ရာအပေါ် ‘နက်နက်ရှိုင်းရှိုင်း’ အဓိပ္ပာယ်ဖွင့်ဆိုခြင်းများကို အသုံးချကြပေလိမ့်မည်။

သို့သော် ဖုန်းပုကြွယ်က ထိုအကြောင်းအရာကို ဆက်မဆွေးနွေးတော့ဘဲ ဇာတ်လမ်းဆီသို့ ပြန်သွားရန် ဆုံးဖြတ်လိုက်သည်။

ဝတ္ထု၏ ဇာတ်အိမ်အရ ခေါင်းတလားမှာ အလွတ်ဖြစ်နေပေမည်။ ဖုန်းပုကြွယ် ဥမင်လိုဏ်ခေါင်းထဲတွင် မြင်တွေ့ခဲ့ရသော အရိပ်က မက်ဒလင်း၏ ဝိညာဉ်ဖြစ်ဖြစ် မဖြစ်ဖြစ် သူမ၏ ရုပ်အလောင်းသည် မြေအောက်ခန်းထဲတွင် မရှိတော့ဘဲ အိမ်ကြီး၏ အတွင်းပိုင်းတွင်သာ ရှိနေတော့မည် ဖြစ်သည်။

ဖုန်းပုကြွယ် ခေါင်းတလားအဖုံးကို တွန်းဖွင့်လိုက်သည်။ သူ မျှော်လင့်ထားသည့်အတိုင်း ၎င်းမှာ အလွတ်ဖြစ်နေခဲ့သည်။ သူသည် ဖုန်မှုန့်များကို ဖယ်ရှားရန် လက်ကို ဝေ့ယမ်းလိုက်ပြီး ခေါင်းတလားအတွင်းပိုင်းကို လက်နှိပ်ဓာတ်မီးဖြင့် ထိုးကြည့်လိုက်သည်။ မကြာမီတွင် ခေါင်းတလား၏ ခေါင်းရင်းဘက် သစ်သားပြားပေါ်၌ ထွင်းထုထားသော စာကြောင်းလေးတစ်ခုကို သူ တွေ့ရှိလိုက်သည်။ ၎င်းမှာ လက်သည်းများဖြင့် ကုတ်ခြစ်ထားသည့် ပုံစံမျိုး ဖြစ်သည်။

‘သူ သိတယ်’ ဟူသော စာသားလေး တစ်ကြောင်းတည်းသာ ရှိသည်။ ပုဒ်ဖြတ်ပုဒ်ရပ်များ မပါရှိဘဲ စာလုံးများလည်း တွန့်လိမ်နေလေသည်။

မက်ဒလင်းနေရာတွင် အစားထိုး တွေးကြည့်မည်ဆိုပါက... ခေါင်းတလားအတွင်း၌ အလင်းရောင် မရှိသဖြင့် သူမလက်ရေးကို သပ်ရပ်ခြင်း ရှိ၊ မရှိ သူမ မပြောနိုင်ပေ။ သူမသည် သူမခေါင်းအထက်တွင် စာသားများ ထွင်းထုရန်အတွက် အနေအထားတစ်ခုကို ထိန်းထားရသဖြင့် စာလုံးများကို ဖတ်၍ရနေခြင်းကပင် အတော်လေး လေးစားစရာ ကောင်းလှသည်။

“လျှို့ဝှက်မစ်ရှင် စတင်ပါပြီ”

ဖုန်းပုကြွယ်သည် စနစ်အသိပေးချက်ကို ကြားလိုက်ရသောအခါ ချက်ချင်း မီနူးကို ဖွင့်လိုက်သည်။ ထို့နောက် သူ့ရှေ့တွင် နောက်ထပ်အသိပေးချက်တစ်ခု ပေါ်လာသည်ကို မြင်လိုက်ရသည်။

“ဇာတ်လမ်းအတွင်းရှိ လျှို့ဝှက်မစ်ရှင်သည် သင့်အား ကောင်းမွန်သော ဆုလာဘ်တစ်ခု ပေးနိုင်သော်လည်း လျှို့ဝှက်မစ်ရှင်ကို ရှာဖွေတွေ့ရှိရန်နှင့် အောင်မြင်ရန်ခက်ခဲမှုသည် ပင်မတာဝန်နှင့် ဘေးထွက်တာဝန်တို့ထက် ပိုမို မြင့်မားလိမ့်မည်။

“လျှို့ဝှက်မစ်ရှင်နှင့် ပတ်သက်သော အသံ၊ စာသားနှင့် မီနူးအတွင်းရှိ မစ်ရှင်အကြောင်းအရာများ အပါအဝင် စနစ်အသိပေးချက်များကို မစ်ရှင်ကိုရှာတွေ့သော ကစားသမားသာ မြင်တွေ့နိုင်ပါသည်။ အကယ်၍ လျှို့ဝှက်မစ်ရှင်ကို အဖွဲ့လိုက်ရှာဖွေတွေ့ရှိခဲ့ပါက ရောက်ရှိနေသော ကစားသမားများအားလုံး မစ်ရှင်ကို အတူတူလက်ခံရရှိမည်ဖြစ်ပါသည်။ သို့သော် လျှို့ဝှက်မစ်ရှင်ကို ဝေမျှ၍ မရနိုင်ပါ။ ကစားသမားတစ်ဦး သို့မဟုတ် တစ်ဦးထက်ပိုသောသူများက မစ်ရှင်အကြောင်းအရာကို အခြားကစားသမားများအား ရှင်းပြပြီးနောက် အခြားကစားသမားများသည်လည်း မီနူးအတွင်းရှိ မစ်ရှင်အကြောင်းအရာနှင့် တိုးတက်မှုကို မြင်တွေ့နိုင်မည်ဖြစ်သော်လည်း ယင်းကို မစ်ရှင်လက်ခံသည်ဟု သတ်မှတ်မည် မဟုတ်သလို အောင်မြင်မှုဆုလာဘ်ကိုလည်း လက်ခံရရှိမည် မဟုတ်ပါ။

“အထက်ပါ အသိပေးချက်သည် ကစားသမားက လျှို့ဝှက်မစ်ရှင်ကို ပထမဆုံးအကြိမ် ရှာတွေ့သောအခါမှသာ ပေါ်လာမည်ဖြစ်ပါသည်။ အကယ်၍ သင်သည် ယင်းကို ထပ်မံဖတ်ရှုလိုပါက ဂိမ်းလမ်းညွှန်တွင် ရှာဖွေနိုင်ပါသည်။”

“တစ်နည်းအားဖြင့် ပြောရရင်... လျှို့ဝှက်မစ်ရှင်ကို ရှာတွေ့တဲ့သူကပဲ အဲ့ဒါကို ဖြေရှင်းရမှာဖြစ်ပြီး ဆုလာဘ်ကိုလည်း တစ်ယောက်တည်း ရမှာပေါ့”

ဖုန်းပုကြွယ် ဝင်းဒိုး(မီနူး)နှစ်ခုလုံးကို ပိတ်လိုက်ပြီး မစ်ရှင်ကို ကြည့်လိုက်သည်။

“မစ် မက်ဒလင်း၏ ဝိညာဉ်ကို ကယ်တင်ရန်”

“အို... ငါ သိပြီ”

ဖုန်းပုကြွယ်က ပြောလိုက်သည်။သူ့တွင် ဇာတ်လမ်းနှင့်ပတ်သက်ပြီး သီအိုရီတစ်ခု ရှိနှင့်ပြီးဖြစ်သော်လည်း ပြဿနာမှာ သူဤမြေအောက်ခန်းမှ မည်သို့လွတ်မြောက်အောင် လုပ်ရမည်နည်း ဆိုသည်ပင်။

သူသည် လက်နှိပ်ဓာတ်မီးကို ထပ်မြှောက်လိုက်ပြီး ပိုအသေးစိတ်ကျကျ ရှာဖွေကြည့်သော်လည်း ဘာမှ မတွေ့ရတော့ပေ။ ခေါင်းတလားဆီသို့ သူ့အာရုံကို ပြန်ပို့လိုက်သည်။ စာသားလေး တစ်ကြောင်းနှင့် သစ်သားပေါ်က ကုတ်ခြစ်ရာအချို့မှလွဲ၍ အခြားတန်ဖိုးရှိသော သဲလွန်စများ မရှိပါပေ။

ဖုန်းပုကြွယ်သည် လက်နှိပ်ဓာတ်မီးကို ခေါင်းတလားအတွင်း ထားလိုက်ပြီး အလင်းရောင်ထွက်ရာဘက်ကို စောင်းလိုက်သည်။ ထို့နောက် လေးလံသော ခေါင်းတလားအဖုံးကို မကာ နံရံတွင် မှီထားလိုက်သည်။ သူသည် ခေါင်းတလားအဖုံး၏ ရှေ့ရော နောက်ရော ကြည့်လိုက်သော်လည်း ထိုသစ်သားပြားကြီးပေါ်တွင် ဘာမှ မရှိချေ။

“ခဏလေး...”

ဖုန်းပုကြွယ် ရုတ်တရက် လှုပ်ရှားမှုကို ရပ်တန့်လိုက်ပြီး တွေးတောလိုက်သည်။

‘ခေါင်းတလားထဲက လူက ပက်လက်အနေအထားနဲ့ ရှိနေရမှာဖြစ်ပြီး ထွင်းထုတာကိုလည်း ခေါင်းတလားအဖုံးပေါ် လုပ်ရမှာလေ၊ ခေါင်းတလားကို ဖွင့်လိုက်တဲ့အခါ အဖုံးပေါ်က ထွင်းထုထားတာကို တစ်ယောက်ယောက်က မသိမှာစိုးရိမ်လို့ ခေါင်းအထက်မှာ ထွင်းခဲ့တယ်ပဲ ထားပါဦး၊ ဒါပေမဲ့ ဒီသစ်သားပြားပေါ်မှာ ဘာလို့ ရုန်းကန်ခဲ့တဲ့ အမှတ်အသားလေးတောင် မရှိရတာလဲ၊ ကုတ်ခြစ်ရာတွေနဲ့ ကန်ထားတဲ့အမှတ်အသားတွေက တခြားနေရာတွေမှာပဲ ရှိနေပြီး ဒီခေါင်းတလားအဖုံးကတော့ အသစ်စက်စက် အတိုင်းပဲ’

ဖုန်းပုကြွယ်သည် လက်နှိပ်ဓာတ်မီးကိုယူကာ နံရံတွင် မှီထားသော ခေါင်းတလားအဖုံးကို ထိုးကြည့်လိုက်သည်။ သူ ဆောင့်ကြောင့်ထိုင်ကာ ထိုသစ်သားပြားကို စိုက်ကြည့်နေမိသည်။

“ဟမ်...”

သူ ယင်းကို ထပ်မံ ခေါက်ကြည့်လိုက်သည်။ ခေါင်းတလားအဖုံးက ထွက်ပေါ်လာသော အသံသည် သစ်သားအစစ်ဖြင့် ပြုလုပ်ထားသကဲ့သို့ ရှိနေပြီး လျှို့ဝှက်အခန်းငယ် ရှိနေသည့်အသံမျိုး မဟုတ်ပေ။

ထိုအချိန်တွင် ဖုန်းပုကြွယ်သည် အခြားသူများအတွက်ဆိုပါက အလွန်ရဲတင်းလွန်းသော ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်လိုက်လေသည်။ သူသည် ခေါင်းတလားအဖုံးကိုမကာ ခေါင်းတလား၏ သုံးပုံနှစ်ပုံကို ဒေါင်လိုက် ဖုံးအုပ်လိုက်တော့သည်။ ထို့နောက် သူခေါင်းတလားထဲသို့ တွားဝင်လိုက်၏။ လှဲလျောင်းပြီးနောက်တွင် သူသည် သူ့လက်နှစ်ဖက်လုံးကို အသုံးပြုကာ ခေါင်းတလားအဖုံးကို ကိုင်လိုက်သည်။ သူသည် အစွမ်းကုန် ဆွဲချလိုက်သောအခါ ခေါင်းတလားမှာ မူလအတိုင်း ပြန်ဖြစ်သွားတော့သည်။

အတွင်းတွင် လှဲလျောင်းနေရသည်မှာ သိပ်တော့သက်သောင့်သက်သာ မရှိလှပေ။ ၎င်းမှာ သူ့စိတ်ကြောင့်မဟုတ်ဘဲ ခေါင်းတလားအတွင်း၌ မည်သည့်အခုအခံမျှ မရှိခြင်းကြောင့် ဖြစ်သည်။ ၎င်းကို သစ်သားသက်သက်ဖြင့်သာ ပြုလုပ်ထားခြင်းဖြစ်သဖြင့် ဘာမှ မပါသော ကုတင်အမာကြီးပေါ်တွင် အိပ်နေရသကဲ့သို့ ခံစားနေရသည်။

ဖုန်းပုကြွယ် သူ့ကိုယ်သူ မစ် မက်ဒလင်း၏ အခြေအနေတွင် အစားထိုးထားလိုက်သည်။ သူသည် လက်နှိပ်ဓာတ်မီးဖြင့် ခေါင်းတလားအဖုံးကို ထိုးကြည့်ရင်း ပြောလိုက်သည်။

“မင်း ဒီထဲကနေ ဘယ်လိုထွက်သွားခဲ့တာလဲ”

သူ ပြောနေရင်းမှာပင် လက်တစ်ဖက်ဖြင့် ခေါင်းတလားအဖုံးကို တွန်းရန် ကြိုးစားလိုက်သည်။ သို့သော် သူ အံ့သြသွားရသည်မှာ ၎င်းမှာ လုံးဝမလှုပ်ရှားတော့ခြင်းပင် ဖြစ်သည်။

“အိုး”

ဖုန်းပုကြွယ် လန့်သွား၏။ သူသည် လက်နှိပ်ဓာတ်မီးကို သူ့လည်ပင်းဘေးတွင် ချက်ချင်း ချထားလိုက်ပြီး လက်နှစ်ဖက်၊ ခြေနှစ်ဖက်လုံးကို အသုံးပြုကာ ခေါင်းတလားအဖုံးကို တွန်းကန်သော်လည်း ၎င်းမှာ လုံးဝမလှုပ်ရှားပါပေ။

ခေတ္တခဏမျှ ကြာပြီးနောက် သူအနားယူရန် ရပ်နားလိုက်စဉ် ခေါင်းတလားအဖုံးပေါ်ရှိ သူ့မျက်နှာနှင့် မျက်နှာချင်းဆိုင် ဖြစ်နေသော သစ်သားစက အနည်းငယ် ပြူးထွက်လာပြီး လူမျက်နှာပုံစံအဖြစ် ဖြည်းညင်းစွာ ပြောင်းလဲသွားသည်ကို မြင်လိုက်ရသည်။

ထိုမျက်နှာ၏ လိင်အမျိုးအစား ခွဲခြားရန်ခက်ခဲပြီး အသံမှာလည်း စုန်းမအိုကြီးတစ်ယောက်၏ အသံနှင့် တူနေလေသည်။ ၎င်းက ဖုန်းပုကြွယ်ကို ပြောလာသည်။

“သေခါနီးလူသား၊ မင်း ဒီနေရာကနေ ထွက်သွားချင်သလား”

“ဟုတ်ကဲ့”

ဖုန်းပုကြွယ်က ပြန်ဖြေသည်။ ဤခေါင်းတလားမိစ္ဆာက ဘယ်လို လှည့်ကွက်တွေ သုံးမလဲဆိုတာကို သူ မြင်လိုနေသည်။

“မင်းငါ့ကို ဘာပေးနိုင်မလဲ”

ခေါင်းတလားအဖုံးက မေးလိုက်သည်။

ထိုအချိန်တွင် စနစ်အသိပေးချက် ထွက်ပေါ်လာသည်။

“မကောင်းဆိုးဝါးက သင့်ကို မြေအောက်ခန်းအပြင်ဘက် ဟင်းလင်းပြင်ဆီသို့ ပြန်လည် ပို့ဆောင်ပေးရန်အတွက် သင်သည် သာမန် သို့မဟုတ် ထိုထက်မြင့်မားသော အရည်အသွေးရှိသည့် အသုံးအဆောင်ပစ္စည်းတစ်ခုကို ယဇ်ပူဇော်နိုင်ပါသည်”

“အို... ဒါဆို ငါအဲ့ဒါကို ‘ယဇ်ပူဇော်’ လို့ရတာပေါ့ ဟုတ်လား”

ဖုန်းပုကြွယ် တွေးတောလိုက်သည်။

“တစ်နည်းအားဖြင့် ပြောရရင် ငါယဇ်မပူဇော်ဘဲ နေလို့လည်း ရတာပဲ”

သူ ဆက်လက် ဆင်ခြင်နေမိသည်။

“ပြီးတော့... တကယ်လို့ ကစားသမားမှာ သတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့ အသုံးအဆောင်ပစ္စည်း မရှိရင်ရော၊ သူတို့က ဒီမှာပိတ်မိနေမှာ မဟုတ်လောက်ဘူးမလား၊ အင်း... နောက်ထပ် နည်းလမ်းတစ်ခု ရှိရမယ်”

“ခေါင်းတလား၊ ငါမင်းကို ဘာမှ မပေးချင်ဘူး”

ဖုန်းပုကြွယ်က ပြန်ဖြေလိုက်သည်။

ထိုမျက်နှာက ရုတ်တရက် ပြောင်းလဲသွား၏။ ပါးစပ်နှင့် မျက်လုံးများက ထူးဆန်းစွာ ပွင့်ဟလာလေသည်။ ၎င်းမှာ သာမန်လူတစ်ယောက်ဆိုလျှင် ထိတ်လန့်သွားလောက်အောင်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။ သို့သော်လည်း ၎င်းမှာ ခေါင်းတလားအဖုံးမှ ပြူးထွက်နေသော လူမျက်နှာတစ်ခုသာ ဖြစ်သည်။ ၎င်းသည် ခေါင်းတလားအတွင်းရှိ လူကို တိုက်ခိုက်နိုင်စွမ်း မရှိပေ။ အလွန်ဆုံးရှိလှ အတွင်းကလူကို ခြောက်လှန့်ရုံသာ တတ်နိုင်ပေသည်။

“ဒါဆိုရင်တော့ မင်းက ဒီမှာထာဝရပိတ်မိနေပြီး ကြောက်ရွံ့မှုနဲ့ ဆာလောင်မှုတွေကြားမှာ သေဆုံးရလိမ့်မယ်၊ မင်းရဲ့ လက်ချောင်းထိပ်တွေ ကွာထွက်သွားရင်တောင်၊ မင်းရဲ့ ခြေချောင်းတွေနဲ့ ဒူးတွေ ကြေမွသွားရင်တောင် မင်းက ဒီထဲကထွက်နိုင်မှာ မဟုတ်ဘူး...”

‘ကလစ်’ ဟူသော အသံနှင့်အတူ ဖုန်းပုကြွယ်သည် သူ့ကျောပိုးအိတ်ထဲမှ M1911A1 ပစ္စတိုကို ထုတ်လိုက်ပြီး လုံခြုံရေးခလုတ်ကို ဖွင့်လိုက်သည်။

“ငါမင်းကို မိတ်ဆက်ပေးပါရစေ...”

ဖုန်းပုကြွယ်က သေနတ်ပြောင်းဖြင့် ထိုမျက်နှာ၏ နဖူးကို ထောက်လိုက်သည်။

“ဒုတိယ စက်မှုတော်လှန်ရေးနောက်ပိုင်းမှာ ပေါ်ထွက်လာတဲ့ စိတ်ဝင်စားစရာကောင်းတဲ့ ကိရိယာလေးတွေပေါ့”

“မင်းလက်ထဲက လက်နက်က မင်းလွတ်မြောက်နိုင်လောက်တဲ့အထိ ထိခိုက်ဒဏ်ရာ မပေးနိုင်ဘူး၊ ဒဏ်ရာသေးသေးလေး တစ်ခု၊ နှစ်ခုက ဘာမှမဟုတ်ဘူး”

ခေါင်းတလားအဖုံးက ပြန်ပြောသည်။

“မင်း ကိုယ့်ကိုယ်ကိုယ် ပြန်လည် ပြုပြင်နိုင်တယ်ဆိုတာ ငါသိပါတယ်၊ ဒါပေမဲ့ ငါ့ဘေးမှာ၊ အပေါ်မှာ၊ အောက်မှာ ရှိနေတဲ့ ခေါင်းတလားတွေကရော”

ဖုန်းပုကြွယ်က မေးလိုက်သည်။

“ဟားဟားဟား...”

ခေါင်းတလားအဖုံးပေါ်ရှိ မျက်နှာက ရယ်မောလိုက်သည်။ ထိုအချိန်မှာပင် ဖုန်းပုကြွယ်၏ ခေါင်းအထက်တွင် မက်ဒလင်း ထွင်းထုထားသော စာသားများနှင့် ပတ်ဝန်းကျင်ရှိ သစ်သားပေါ်မှ အမှတ်အသားများမှာ ပျောက်ကွယ်သွားသည်။

“ငါ အလိုရှိသရွေ့ပေါ့”

“အင်း... ဒါဆိုလည်း ဒီလိုပဲပေါ့၊ ငါမစ်ရှင်ကို လက်ခံရရှိပြီး ခေါင်းတလားရဲ့ လျှို့ဝှက်ချက်ကိုလည်း ရှာတွေ့ပြီးပြီဆိုတော့ ငါ့အတွက် အဲ့ဒီထွင်းထုထားတဲ့ စာသားတွေလို အသေးစိတ်အချက်အလက်တွေ မလိုတော့ဘူးပေါ့ ဟုတ်တယ်မလား”

ဖုန်းပုကြွယ်က ပြောရင်း သေနတ်ကို ပြန်သိမ်းလိုက်သည်။

“အခု မင်းစိတ်ကူးကို ပြောင်းချင်နေပြီလား”

ခေါင်းတလားအဖုံးက မေးသည်။

“ဖြစ်နိုင်တာက မင်း စောစောကလက်နက်ကို ငါ့ကို ပေးမယ်ဆိုရင် ငါမင်းကို ဒီနေရာကနေ ပို့ပေးမှာပါ”

ဖုန်းပုကြွယ်သည် သူ့ကျောပိုးအိတ်ထဲမှ အနောက်တိုင်း မီးဖိုချောင်သုံးဓားနှင့် မာရီယို၏ ဂွတို့ကို ထုတ်ယူလိုက်သည်။

“မင်းမှာ ရွေးချယ်စရာနှစ်ခု ရှိတယ်၊ တစ်ခုက ငါ့ကို အိမ်ထဲကို ပြန်ပို့ပေးပြီး ဒီကျေနပ်စရာကောင်းတဲ့ စကားဝိုင်းကို အဆုံးသတ်ဖို့”

သူ လက်ကို မြှောက်ကာ ခေါင်းတလားအဖုံးကို ဓားဖြင့် မွှန်းလိုက်သဖြင့် ပြတ်ရှရာတစ်ခု ထင်ကျန်ရစ်ခဲ့သည်။

“နောက်တစ်ခုကတော့... ငါ မင်းကို ထင်းအဖြစ် မီးရှို့လိုက်မှာပဲ”

စက္ကန့်အနည်းငယ် ကြာပြီးနောက် ဖုန်းပုကြွယ်သည် အိမ်ကြီး၏ အတွင်းပိုင်းတွင် အောင်မြင်စွာ ပြန်လည် ပေါ်ထွက်လာခဲ့သည်။ သို့သော်လည်း သူသည် ဧည့်ခန်းထဲတွင် မဟုတ်တော့ဘဲ စင်္ကြံလမ်းတစ်ခုထဲတွင် ရောက်ရှိနေခြင်း ဖြစ်သည်။ ဘေးနံရံတွင် ပန်းချီကားတစ်ချပ် ရှိနေသော်လည်း ၎င်းက မြေအောက်ခန်းပုံစံမျိုး မဟုတ်ဘဲ အရုပ်ဆိုးပြီး လက်တွေ့မဆန်သော လူမျက်နှာပုံစံတစ်ခု ဖြစ်သည်။

သူသည် ရပ်တန့်မနေခဲ့ပေ။ သူ့အသက်အမှတ်များ အပြည့်ဖြစ်နေပြီး သက်လုံအမှတ် အလုံအလောက် ကျန်ရှိနေသည်ကို အတည်ပြုပြီးနောက် သူ့ရှာဖွေမှုကို ဆက်လက်လုပ်ဆောင်တော့သည်...။

All Chapters