အခန်း (၅-၆)
Vol. 1 Ch. 5-6
အခန်း (၅) မျောက်ဝံဘုရင်ကြီးနှင့် မျောက်အရက်။
သူ့နောက်တွင် မျောက်ဝံဖြူအုပ်ကြီးက တစ်ဖဝါးမှမကွာပဲ လိုက်ပါလာကြသည်။ ကြီးမားလှသော မျောက်ဝံဖြူဂူကြီးအနီးသို့ ရောက်ရှိလာချိန်တွင် မျောက်အိုကြီးတစ်ကောင်ကအော်ဟစ်လိုက်သည်။
“ပြေးတော့... ပြေးတော့”
ကြက်တူရွေးသည် အလွန်ထိတ်လန့်နေပုံရပြီး ပျံထွက်သွားချင်နေသော်လည်း ခေတ္တတုံ့ဆိုင်းပြီးနောက် လုပေါင်၏ ကျောပိုးအိတ်ထဲသို့ တိုးဝင်ပုန်းအောင်းသွားတော့သည်။
လုပေါင်သည် ထိုမျောက်ဝံဖြူများကို လှည့်ကြည့်လိုက်သည်။ သူသာ ရှေ့သို့ ဆက်တိုးမည်ဆိုပါက အချို့မျောက်ဝံများက သူ့ကို တကယ်တိုက်ခိုက်လာနိုင်သည်ဟု ခံစားရသည်။ သူ့တွင် မိမိကိုယ်ကိုယ် ကာကွယ်နိုင်စွမ်း မရှိပေ။
ရုတ်တရက် သူ့အနီးဆုံးတွင်ရှိသော မျောက်ဝံအိုကြီးသည် ကြောက်လန့်တကြား နောက်ဆုတ်သွားပြီး လွှားခနဲ ခုန်ထွက်ပြေးသွားသည်။ အခြားမျောက်ဝံများလည်း ထိုနည်းတူပင် အနီးအနားရှိ မျောက်ဝံအားလုံး တတ်နိုင်သမျှ အမြန်ဆုံး ထွက်ပြေးသွားကြတော့သည်။
လုပေါင်၏ ဦးရေခွံများ ထုံကျင်သွားပြီး လည်ပင်းမှာ တောင့်တင်းနေလျက် နောက်သို့ လှည့်ကြည့်လိုက်သည်။
သူ့နောက်တွင် ခါးကုန်းကုန်းနှင့် ဧရာမ မျောက်ဝံဖြူအိုကြီးတစ်ကောင် ပေါ်လာသည်ကို မြင်လိုက်ရသည်။ ၎င်း၏ သန်မာလှသော လက်နှစ်ဖက်မှာ ကျောက်လှေကားထစ်များပေါ်တွင် ထောက်ထားပြီး တစ်ကိုယ်လုံးတွင် အမွေးရှည်များ ဖုံးလွှမ်းနေကာ မျက်လုံးများမှာမူ အဖြူရောင်သန်းနေပြီး မှိန်ပျပျ အလင်းတန်းများ ထွက်ပေါ်နေသည်။
ခါးကုန်းနေသည့်တိုင် ၎င်းသည် အမြင့် နှစ်မီတာကျော်ရှိပြီး အလွန်တရာ ထွားကျိုင်းလှသည်။
“မျောက်... မျောက်ဝံဘုရင်ကြီး”
လုပေါင်ခက်ခဲစွာ စကားပြောလိုက်ရသည်။ .
‘တောက်.. ဒီကောင်က ကျားထက်တောင် အဆပေါင်းများစွာ ပိုကြောက်ဖို့ကောင်းတာပဲ။’
‘စနစ်က သူ့ကို ဘယ်လို့ ကြောက်ဖို့ကောင်းတဲ့တာဝန်မျိုး ပေးလိုက်တာလဲ။’
“လူသား...”
နက်ရှိုင်းပြီး အိုမင်းရင့်ရော်သော အသံတစ်သံ ထွက်ပေါ်လာသည်။ ထိုအဖြူရောင်မျက်လုံးများက လုပေါင်ကို လေးနက်သောအလင်းတန်းများကို ခံစားရစေသည်။
“ကျွန်တော်... ကျွန်တော်... ဘုရားရေ။ “
‘လုပေါင်သည် ကြောက်လန့်လွန်းသဖြင့် ဖင်ထိုင်လျက် လဲကျသွားပြီးမှ အမြန်ပြန်ထကာ နောက်သို့ ဆုတ်လိုက်ရင်း မျောက်ဝံဘုရင်ကြီးကို ထိတ်လန့်တကြား စိုက်ကြည့်နေမိသည်။ ဤအကောင်ကြီးက လူစကား ပြောလိုက်တာလား။’
‘ဒါက စိတ်ချောက်ချားတာ မဟုတ်ဘူး။ ဒါက မိစ္ဆာတစ်ကောင်လား။’
မျောက်ဝံဘုရင်ကြီးသည် မလှုပ်မယှက်ဘဲ အဖြူရောင်မျက်လုံးများဖြင့် လုပေါင်ကို စိုက်ကြည့်နေသည်။ တစ်စုံတစ်ရာသော အကြောင်းပြချက်ကြောင့် လုပေါင်သည် ထိုအကြည့်ထဲတွင် ဉာဏ်ပညာနှင့် ကြင်နာမှုကိုပင် ခံစားလိုက်ရသည်။
“ပေါင်းရှင်းကျီ ...”
မျောက်ဝံဘုရင်ကြီးကလုပေါင်ကိုသေချာစိုက်ကြည့်ရင်း ထပ်မံ ပြောလိုက်သည်။
လုပေါင်၏ စိတ်ထဲတွင် ဝေဝေဝါးဝါး ဖြစ်နေသည်။ သူ၏ နှစ်သက်မှုစွမ်းရည်က ဤကဲ့သို့သော သတ္တဝါမျိုးအပေါ်တွင် အလုပ်လုပ်ပါ့မလားဟု သူ သိချင်နေမိသည်။ ဤအရာက ရိုးရိုးသားရဲ တိရစ္ဆာန် မဟုတ်တော့ပေ။
တိုက်ရိုက်ထုတ်လွှင့်မှုမှ ပရိသတ်များလည်း ရူးမတတ် ဖြစ်နေကြသည်။ မျောက်ဝံဘုရင်ကြီး၏ ပုံပန်းသဏ္ဌာန်မှာ လူတိုင်းကို တုန်လှုပ်စေသည်။ မျက်ခုံးဖြူများနှင့် ကြီးမားသည့် မျောက်ဝံကြီးက စကားပင် ပြောနိုင်နေသည်မှာ အလွန် ကြောက်မက်ဖွယ်ကောင်းလှသည်။
“Streamer တော့ ကြောင်သွားပြီ ငါတို့လည်း ကြောင်သွားတာပဲ။”
“ဘုရားရေ... ဖြူမျောက်ဝံက နတ်ဖြစ်နေပြီလား ။ဘာလို့စကားပြောနိုင်တာလဲ။”
“ဒါက မိစ္ဆာတစ်ကောင် မဟုတ်ဘူးလား။”
“ရတနာနတ်ဘုရားရေ... အားတင်းထား။ ပုလွေလေး မှုတ်ပြီး သူ့ကို ခြောက်လိုက်စမ်းပါကွ။”
မျောက်ဝံဘုရင်ကြီး လူစကားပြောနိုင်ခြင်းမှာ အားလုံးအတွက် လက်ခံရခက်သော ကိစ္စဖြစ်သည်။ ကြက်တူရွေး စကားပြောခြင်းက သဘာဝကျသော်လည်း ဤကဲ့သို့သော သတ္တဝါကြီးက ပြောဆိုခြင်းမှာမူ အလွန်ထူးဆန်းနေသည်။
လုပေါင်သည် အတော်ကြာအောင် ရုန်းကန်ပြီးမှသာ မတ်တတ်ရပ်နိုင်တော့သည်။ ကျောက်တောင်နံရံကို မှီထားရင်း သူ၏ နှုတ်ခမ်းများ တုန်ရင်လျက်..
“မင်္ဂလာပါ...”
ဟုနှုတ်ဆက်လိုက်သည်။
“မင်းက... ရတနာလာရှာတာလား။”
မျောက်ဝံဘုရင်ကြီးက လုပေါင်ကို ကြည့်ကာ အတော်ကြာပြီးနောက် စိတ်ပျက်သွားသည့် အမူအရာ ပေါ်လာသည်။
“မဟုတ်ပါဘူး... မဟုတ်ပါဘူး။ကျွန်တော်က ရတနာရှာဖို့ လာတာ မဟုတ်ပါဘူးဗျာ။ ဒီအတိုင်း လမ်းကြုံလို့ ဝင်လာတာပါ။ မှားပြီးဝင်လာမိတာပါ။ ရတနာသိုက်ကို ရှာနေတာ မဟုတ်ပါဘူး။ ခင်ဗျား... ခင်ဗျားဆီမှာ ရတနာသိုက်ကရှိလို့လား။”
လုပေါင်က လက်ကာပြရင်း ရှင်းပြနေသော်လည်း ရုတ်တရက် စပ်စုချင်စိတ် ပေါ်လာသည်။ ထို့နောက်မှ သူကိုယ်သူ ပါးရိုက်ချင်စိတ် ပေါက်သွားသည်။
‘ဤမျောက်ဝံဘုရင်ကြီးက ရတနာသိုက်ကို စောင့်နေတာ မဟုတ်ဘူးလား။ ဒီလိုပြောတာက ပြဿနာရှာနေသလိုများ ဖြစ်သွားမလား...’
“လာခဲ့။”
မျောက်ဝံဘုရင်ကြီးသည်လှည့်၍ ပေါ့ပါးစွာ ခုန်ဝင်သွားသည်။ ၎င်း၏ ကြီးမားလှသော ခန္ဓာကိုယ်မှာ အလေးချိန် မရှိသကဲ့သို့ ဂူအတွင်းသို့ ပျောက်ကွယ်သွားတော့သည်။
“ပြေးတော့ ပြေးတော့”
ကြက်တူရွေးကအိတ်ထဲမှ ခေါင်းပြူထွက်ကာ ထပ်မံ သတိပေးသည်။
“ငါလည်း ပြေးချင်တာပေါ့။ဒါပေမဲ့ ပရိသတ်တွေက စောင့်ကြည့်နေကြတာလေ။ ဘယ်လိုလုပ် တစ်ကိုယ်ကောင်းဆန်ပြီး ထွက်ပြေးရမှာလဲ။”.
“ပရိသတ်တို့ရေ.. Followလေး လုပ်ထားကြပါဦးနော်။ တကယ်လို့ Streamer သာ အေးအေးချမ်းချမ်း အနားယူသွားခဲ့ရင် ငါ့ရဲ့ Live အခန်းထဲမှာ ပန်းကလေးတစ်ပွင့် လာထားပေးကြပါနော်။”
သူ့မှာ Check-in လုပ်ဖို့ တာဝန်ရှိသေးသည်၊ ဘယ်ကို ပြေးရမည်နည်း။
မျောက်ဝံဘုရင်ကြီးထံမှ ရန်လိုမှုကိုလည်း မခံစားရသဖြင့် လုပေါင်သည် အံကြိတ်ကာ ဂူထဲသို့ လိုက်ဝင်သွားသည်။
ဂူအတွင်းသို့ ရောက်သောအခါ လုပေါင်သည် မနှစ်မြို့ဖွယ် အနံ့အသက်များအစား လတ်ဆတ်သော မွှေးရနံ့တစ်ခုကို ခံစားလိုက်ရသည်။ တစ်ချိန်တည်းမှာပင် သူသည် အရက်နံ့ကိုပါ ရလိုက်သည်။ သူ ရုတ်တရက် တစ်ခုခုကို သတိရသွားသည် ။
“မျောက်အရက်။”
“အရက်နံ့ပဲ။ အထဲမှာ မျောက်အရက် ရှိနေပုံရတယ်။”
လုပေါင် မနေနိုင်ဘဲ အတွင်းသို့ အမြန်ဝင်သွားသည်။
မျောက်အရက်ဆိုသည်မှာ မျောက်များက ဆောင်းရာသီအတွက် သစ်သီးများ သိုလှောင်ထားသောကြောင့်သစ်သီးများမှာပေါလှသည်။ စားစရာများလွန်းသဖြင့် အချို့မှာမေ့ကျန်ရစ်ခဲ့ပြီး အလိုအလျောက် အချဉ်ပေါက်ကာ အရက်ဖြစ်သွားခြင်းပင်ဖြစ်သည်။ ဤကဲ့သို့ သဘာဝအတိုင်း ရရှိသော သစ်သီးအရက်မှာ ရွှေထက်ပင် တန်ဖိုးရှိလှသည်။
ဂူအတွင်းပိုင်းမှာ သူထင်ထားသည်နှင့် လုံးဝ ကွဲပြားနေသည်။ ၎င်းမှာ လူသားတစ်ဦး နေထိုင်သည့် နေရာနှင့် တူလှသည်။ ရေအိုးများ ကျောက်ကုတင် ကျောက်စားပွဲနှင့် တရားထိုင်ဖျာများ ရှိနေသည်။ နံရံတွင် ထွင်းထုထားသော စာအုပ်စင်ပေါ်၌ ဆွေးမြည့်နေသော စာအုပ်များနှင့် ဝါးစာချပ်အချို့ ရှိနေသည်။
မျောက်ဝံဘုရင်ကြီး ရှိနေသော နေရာတွင် မြေပြင်ပေါ်၌ ရွှေတုံးများ ပြန့်ကျဲနေသည်။ ဤနေရာတွင် ရွှေတုံးပေါင်း တစ်ထောင်ကျော် ရှိနိုင်ပြီး ပွင့်ဟနေသော သေတ္တာပျက် နှစ်လုံးထဲမှ လျှံကျလာပုံရသည်။
ကြီးမားသော ကျောက်တွင်းကြီးများထဲတွင် ချက်လုပ်ထားသော မျောက်အရက်များမှာ မွှေးကြိုင်လှသည်။ ဤနေရာတွင် ကျောက်သားဖြင့် ထွင်းထုထားသော အရက်အိုးများမှာလည်း တောင်ငယ်လေးသဖွယ် စီစီရီရီ ရှိနေကြသည်။
“ဘုရားရေ။”
လုပေါင်သည် ရွှေတုံးများကို ကြည့်ကာ မှင်သက်သွားသလို ပရိသတ်များလည်း ဆွံ့အကုန်ကြသည်။ ဤရွှေများကိုသာ ရောင်းလိုက်ပါက ယွမ်သန်းပေါင်း ရာနှင့်ချီ ရရှိမည်ဖြစ်သည်။
ပို၍ အံ့ဩစရာကောင်းသည်မှာ တစ်ချိန်က ဤနေရာတွင် လူတစ်ဦး နေထိုင်ခဲ့ပြီး ဤမျောက်ဝံဖြူကြီးက အရက်ချက်နည်းကို တတ်မြောက်နေခြင်းပင်။
“ပေါင်းရှင်းကျီ ထွက်သွားတာ ၁၆၀ ကြာပြီ။”
မျောက်ဝံဘုရင်ကြီးကသူ၏ ကြီးမားလှသော လက်ဝါးဖြင့် ရွှေတုံး ဒါဇင်ဝက်ခန့်ကို ကောက်ယူကာ လုပေါင်ကို ကမ်းပေးလိုက်သည်။
“ရွှေတုံးတွေကို ယူသွားလိုက်ပါ။ ပေါင်းရှင်းကျီကို ရှာပြီး သူ့ရဲ့ အကြိုက်ဆုံးအရက်က ဒီမှာ ရှိနေသေးတယ်လို့ ပြောပေးပါ။ဖြူကြီးကို နောက်ဆုံးအကြိမ် လာတွေ့ပါဦးလို့ ပြောပေးပါ။ ဖြူကြီး သိပ်အကြာကြီး မနေရတော့ဘူး။”
“ဗျာ...”
လုပေါင်သည် ကြောင်တောင်တောင်ဖြင့် ရွှေတုံးများကို လှမ်းယူလိုက်သည်။ ရွှေတုံးများက များလွန်းသဖြင့် အချို့မှာ မြေပေါ်သို့ လိမ့်ကျသွားသော်လည်း သူ ဂရုမစိုက်နိုင်ဘဲ မျောက်ဝံဘုရင်ကြီးကို ကြည့်ကာ ဘာပြန်ပြောရမှန်း မသိဖြစ်နေသည်။
၎င်းက သူ့ကို လူတစ်ယောက်ကို ရှာခိုင်းနေတာလား။
ထွက်သွားတာ ၁၆၀ ကြာပြီ။
“၁၆၀ တောင်လား... ကျွန်တော် စိုးရိမ်တာက...”
‘ဘယ်လိုလူမျိုးကများ အသက် ၁၆၀ ကျော်အောင် ရှင်သန်နိုင်မှာလဲ။’
“သူက ကျင့်ကြံသူ တစ်ဦးပါ။ သူ အသက်ရှင်နေမှာပါ။ သူ လမ်းပျောက်နေတာ ဖြစ်မှာပါ... လမ်းပျောက်နေတာပါ...”
မျောက်ဝံဘုရင်ကြီးသည် တစ်ကိုယ်တည်း ရေရွတ်နေမိသည်။
လုပေါင်သည် မည်သို့ပြန်ပြောရမည်ကို မသိခင်မှာပင် သူ၏ ဦးခေါင်းနောက်စေ့ကို ကြက်တူရွေးက လာဆိတ်သဖြင့် သတိဝင်လာကာ အမြန်ပြောလိုက်သည်။
“ဖြူကြီး စိတ်မပူပါနဲ့။ ကျွန်တော် အပြင်ရောက်တာနဲ့ ပေါင်းရှင်းကျီကို အစွမ်းကုန် ရှာပေးပါ့မယ်။ သူ ခင်ဗျားဆီ ပြန်လာတွေ့အောင် ကျွန်တော် ပြောပေးပါ့မယ်။”
မျောက်ဝံဘုရင်ကြီးက သူ့ကိုကြည့်ကာ မျောက်ပြုံးလေး ပြုံးပြလိုက်သည်။
“မင်းကို တွေ့ရတာ သူ့ကို တွေ့ရသလိုပါပဲ။ အစကတော့ သူ ပြန်လာပြီလို့တောင် ထင်မိသွားတာ။ သူက လူတွေကို မယုံကြည်နဲ့လို့ ပြောခဲ့ဖူးပေမဲ့ ဖြူကြီးကတော့ မင်းကို ယုံတယ်။”
“ကျေးဇူးတင်ပါတယ် ဖြူကြီး...”
လုပေါင်သည် ဒါက သူ၏နှစ်သက်မှုစွမ်းရည်ကြောင့်မှန်း နားလည်လိုက်သည်။ မဟုတ်လျှင် သူသည်လည်း ကြက်တူရွေးသခင်ကဲ့သို့ ဤနေရာတွင်ပင် ထာဝရ အိပ်ပျော်သွားရပေလိမ့်မည်။
“ဖြူကြီး... ခင်ဗျား အသက်ဘယ်လောက်ရှိပြီလဲ။”
“ဘယ်လောက်လဲ... ငါလည်း သေချာမမှတ်မိတော့ဘူး။ ပေါင်းရှင်းကျီ ထွက်သွားတာကနှစ်ပေါင်း ၁၆၀ ကြာပြီဆိုတာပဲ မှတ်မိတော့တယ်။ အချိန်တွေက အရမ်းကြာသွားပြီ...”
အခန်း (၆) ရှေးဟောင်းကျမ်းစာများ။
နေမင်းသည် အနောက်ဘက်တောင်တန်းများပေါ်တွင် ဆွဲချိတ်ထားသကဲ့သို့ ရှိနေသည်။ ဖြူမျောက်ဝံဘုရင်ကြီးသည် ဂူဝတွင်ရပ်ကာ အနောက်ဘက်တွင် နီရဲစွာ နစ်ဝင်တော့မည့် နေဝင်ဆည်းဆာအလှကို စိုက်ကြည့်နေသည်။
လုပေါင်သည် တစ်ချက်လှမ်းကြည့်လိုက်ရုံဖြင့် မျက်စိကျိန်းသွားကာ အမြင်အာရုံများ ဝေဝါးသွားရသည်။ ဤနေရာသည် နေမင်းနှင့် အလွန်နီးကပ်နေသကဲ့သို့ ခံစားရသည်။
ဒီဖြူမျောက်ဝံဘုရင်ကြီးက မျက်စိကွယ်သွားတဲ့အထိ နေကို စိုက်ကြည့်နေတာလား။
Check-in တာဝန် စတင်နေပြီဖြစ်သည်။ မျောက်ဝံဘုရင်ကြီးက သူ့ကို အာရုံမစိုက်ဘဲ ပစ်ထားသည်ကို မြင်သောအခါ လုပေါင်သည် ဂူအတွင်း၌ လှည့်လည်ကြည့်ရှုစစ်ဆေးတော့သည်။
ဤနေရာသည် ပုံမှန်သန့်ရှင်းရေး လုပ်ထားသကဲ့သို့ သန့်ရှင်းနေသည်။ လုပေါင်သည် မြေပေါ်ရှိ ရွှေများကို ကောက်ယူမည့် အစီအစဉ်ကို လက်လျှော့လိုက်ပြီး စာအုပ်စင်များဆီသို့ တိတ်တဆိတ် ချဉ်းကပ်သွားသည်။
အချိန်ကာလသည်အလွန်ကြာပြီဖြစ်သည်။စာအုပ်အားလုံးမှာ ဆွေးမြည့်နေပြီး စာသားများမှာ ဝေဝါးကာ ဖတ်မရတော့ပေ။ ထို့ပြင် ခဏခဏ ကိုင်တွယ်ခံထားရပုံပေါ်သဖြင့် ဤစာအုပ်များမှာ ပုပ်သိုးဆွေးမြည့်စပြုနေပြီ ဖြစ်သည်။
“ရှေးဟောင်း တရုတ်စာလုံးတွေပဲ... ကျင့်ကြံခြင်း... ချီ... ဒါကတစ်ခုခုပဲ။ ဒါ ရှေးဟောင်း ချီကျင့်စဉ်တစ်ခု ဖြစ်ပုံရတယ်။ ဒါတွေက သိုင်းပညာဆိုင်ရာ လျှို့ဝှက်ကျမ်းစာတွေများလား။”
လုပေါင်သည် တစ်အုပ်ကို သတိထား၍ လှန်ကြည့်လိုက်သော်လည်း အတွင်းရှိ လူသားတို့၏ သွေးကြောဖွဲ့စည်းပုံ ပုံရိပ်များနှင့် စာသားများမှာ ဖက်မရတော့အောင် ပျက်စီးနေပြီဖြစ်သည်။
“ဘာမှ ရှင်းရှင်းလင်းလင်း မမြင်ရဘူး။ ဒါကတော့ ဖြောင့်မတ်ခြင်း တေးသံသာကျမ်းစာများလား။”
“ ရေ ... ရေဘာလဲ။ဒါက ရေကျမ်းအဖွင့်လား။”
“ဒီဝါးစာချပ်ကတော့ နည်းနည်းပိုရှင်းတယ်။မျောက်ဝံတိုက်ကွက် ပရိသတ်တို့ရေ... ဒါကိုတော့ ကျွန်တော် သိတယ် ဒါ မျောက်ဝံတိုက်ကွက်ပဲ။”
လုပေါင်သည် နောက်ဆုံးတွင် ခေါင်းစဉ်အပြည့်အစုံကို ဖက်တတ်သွားသည်။ ဝါးစာချပ်ပေါ်ရှိ ထိုစာလုံးကြီး သုံးလုံးမှလွဲ၍ ကျန်စာလုံးအသေးလေးများမှာ ဝေဝါးနေသည်။ မျောက်ဝံတိုက်ကွက်ဆိုသည်မှာ ကြားရုံနှင့်တင် အလွန်အစွမ်းထက်မည့်ပုံပင်။
တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေသော ပရိသတ်များမှာလည်း ရူးမတတ် ဖြစ်ကုန်ကြပြီး အလုအယက် Screenshot ရိုက်နေကြသည်။ သို့သော် အလွန်ဝေဝါးလွန်းလှသဖြင့် ကောင်းကင်မျက်လုံး ၏ အလွန်ကြည်လင်သော ကင်မရာဖြင့်ပင် စာသားများကို ဖတ်၍ မရနိုင်ပေ။
ဒါဟာ ရှေးဟောင်း ကျင့်ကြံခြင်း နည်းစနစ်တစ်ခုပဲ။
“ဒီ Streamer ကတော့ အံ့ဩဖို့ကောင်းလိုက်တာ။”
“ဖြောင့်မတ်ခြင်းတေးသံ မျောက်ဝံတိုက်ကွက်နဲ့ ရှေးဟောင်း ချီကျင့်စဉ်ကျမ်းတွေပါလား။ဘုရားရေ...ရှေးခေတ်က ကျင့်ကြံသူတွေ တကယ်ရှိခဲ့တာလား။”
“ရတနာနတ်ဘုရားရေ... လှန်ပြပါဦး။ထပ်လှန်ပြပါဦး။”
“တောက်... ဘာလို့ ဒီလောက် ဝေဝါးနေရတာလဲ။”
“ရှင်းရှင်းလင်းလင်းသာ မြင်ရရင် ငါတို့အားလုံး မသေနိုင်တဲ့ ကျင့်စဉ်တွေ ကျင့်လို့ရတော့မှာပေါ့။”
ကြောက်မက်ဖွယ် မျောက်ဝံချိုင့်ဝှမ်း။လျှို့ဝှက်ဆန်းကြယ်သော နတ်ဂူ။လူစကားပြောသော ဉာဏ်ပညာရှိ မျောက်ဝံအိုကြီး။မျောက်အရက် ပြန့်ကျဲနေသော ရွှေများနှင့် ယခု ရှေးဟောင်းကျင့်စဉ်ကျမ်းများ မြင်ကွင်းတစ်ခုပြီးတစ်ခုက လူတိုင်းကို တုန်လှုပ်စေသည်။
လုပေါင်သည် အခြားစာအုပ်များကို ဆက်ကြည့်ရန် ကြိုးစားသော်လည်း ၎င်းတို့မှာ ထိလိုက်သည်နှင့် ဖုံမှုန့်သဖွယ် ကြေမွသွားသဖြင့် နောက်ဆုံးတွင် လက်လျှော့လိုက်ရတော့သည်။ လူပေါင်းများစွာမှာလည်း စိတ်ပျက်သွားကြရသည်။
Check-in တာဝန်အတွက် သုံးနာရီ ကြာမြင့်မည်ဖြစ်ပြီး မိုးချုပ်လာပြီ ဖြစ်သည်။ သူ ဤနေရာတွင်ပင် ညအိပ်ရပေမည်။ ဤမျောက်အိုကြီးက သူ့ကို ညအိပ်ခွင့်ပြုပါ့မလားဆိုသည်ကို လုပေါင် သေသေချာချာမသိပေ။
မျောက်ဝံဘုရင်ကြီးမှာ မလှုပ်မယှက် ရှိနေဆဲဖြစ်သည်။ လုပေါင်သည် သတိထား၍ မျောက်အရက်များကို သွားရောက်စစ်ဆေးပြန်သည်။
သူ အနားသို့ ချဉ်းကပ်လိုက်သည်နှင့် ပြင်းရှလှသော အရက်နံ့ကြောင့် မူးနောက်သွားရသည်။ ကြီးမားသော ကျောက်တွင်းများထဲတွင် အနီရောင်ရှိသော အရည်ပျစ်ပျစ်များ ရှိနေသည်။ အလယ်တွင် ကျောက်အရက်အိုး တစ်လုံးရှိပြီး ထိုအိုးထဲသို့ အရည်များက တစ်စက်ချင်း စီးကျနေသည်။
“ဒါ မျောက်အရက် ဖြစ်ရမယ် မဟုတ်လား။ ဒီအရည်ပျစ်ပျစ်တွေက ဘာလဲ။ အရက်ဖတ်တွေလား။အထဲမှာ သစ်သီးဖတ်တွေ အများကြီးပဲ။ ကြည့်ဦး... အထဲမှာ အပင်ပေါက်လေးတွေတောင် ပေါက်နေတယ်။မက်မွန်ပင်ပေါက်လေးတွေနဲ့ တူတယ်နော်။”
၎င်းမှာ အလွန်ထူးဆန်းသော ချက်လုပ်နည်းပင်။ လုပေါင်သည် အရက်ချက်ခြင်းကို နားမလည်သဖြင့် ခန့်မှန်းရုံသာ တတ်နိုင်သည်။
သူ မသိသည်မှာ ဤကျောက်တွင်း ဒါဇင်ဝက်ခန့်နှင့် ဤနေရာရှိ မျောက်အရက်များသည် မြေပေါ်ရှိ ရွှေများအားလုံးထက် အဆပေါင်းများစွာ တန်ဖိုးရှိနေခြင်းပင်။သို့သော် သူသည် ၎င်းကို နားမလည်သလို မြည်းစမ်းကြည့်ရန်ပင် စိတ်မကူးမိပေ။
နေမင်းသည် တောင်ကိုကွယ်သွားပြီး ကောင်းကင်မှာ ပို၍ မှောင်မဲလာတော့သည်။ မျောက်ဝံဘုရင်ကြီး နောက်ဆုံးတွင် လှုပ်ရှားလာတော့သည်။
လုပေါင် အချိန်ကို စစ်ဆေးလိုက်ရာ Check-in အောင်မြင်ရန် တစ်နာရီခွဲ လိုသေးသည်။ သူ ထွက်သွား၍ မရသေးသည်မှာ သိသာလှသည်။
မျောက်ဝံဘုရင်ကြီး ဂူထဲသို့ ပြန်ဝင်လာသည်ကို သူ မြင်လိုက်ရသောအခါ သူ၏ မျက်လုံးများမှာ လှုပ်လှုပ်ရှားရှားဖြစ်သွားရသည်။ မျောက်ဝံဘုရင်ကြီး၏ မျက်လုံးများမှာ ယခုအခါ မီးမောင်းထိုးထားသည့်အလား တောက်ပစူးရှနေပြီ ဖြစ်သည်။
“ကျိ ကျိ”
“ကျိ ကျိ”
အပြင်ဘက်တွင်မျောက်ဝံဖြူများ၏ အော်သံများ ထွက်ပေါ်လာသည်။ မကြာမီမှာမျောက်ဝံအိုကြီး ဒါဇင်ကျော်သည် သစ်သားဗန်းကြီးများကိုယ်စီဖြင့် ရောက်ရှိလာကြသည်။ ဗန်းထဲတွင် ဆေးကြောသန့်စင်ထားသော သစ်သီးမျိုးစုံ ပါဝင်ပြီး ဗန်းအောက်ခြေတွင် ကြာဖက်ကြီးများ ခင်းထားသည်။
မျောက်ဝံတစ်ကောင်ချင်းစီက မျောက်ဝံဘုရင်ကြီး၏ ရှေ့တွင် ဗန်းများကို အရိုအသေပေးကာ ချထားပြီးနောက် မြေပြင်တွင် ထိုင်၍ စောင့်ဆိုင်းနေကြသည်။
“ဧကရာဇ်မင်း တစ်ပါးလိုပဲ။”
လုပေါင်ထိုမြင်ကွင်းကိုကြည့်ကာ အံ့ဩနေမိသည်။ ဤသည်မှာ ဘုရင့်နန်းတွင်း စားသောက်ပွဲလား။
သူ ထင်သည်မှာ မမှားပေ။ မျောက်ဝံဘုရင်ကြီး ထိုင်လိုက်သောအခါ မျောက်အိုတစ်ကောင်က သူ့ကို ကြာဖက်တစ်ခု ကမ်းပေးလိုက်သည်။ မျောက်ဝံဘုရင်ကြီးသည် ကြာဖက်ဖြင့် လက်ကို သေချာသုတ်ပြီးမှ စတင်စားသုံးတော့သည်။
သူက တစ်ကိုယ်ရေ သန့်ရှင်းရေးကိုတောင် ဂရုစိုက်သေးသည်။မည်သည့်အသီးဖြစ်စေ ၎င်းက တစ်လုပ်တည်းနှင့် မျိုချလိုက်သည်။ လုပေါင်မှာ ကြောင်ကြည့်နေရုံမှတစ်ပါး အခြားမရှိပေ။
ထုတ်လွှင့်မှုကို ကြည့်နေသူအားလုံးလည်း မှင်သက်ကုန်ကြသည်။
“ဒါက တကယ့် ဘုရင်တစ်ပါးပဲ။”
လေးငါးမိနစ်ခန့် စားပြီးနောက် သစ်သီးတစ်ဝက်ကျော် ကျန်နေသေးသည်။ မျောက်အိုကြီးများက ၎င်းတို့ကို ပြန်ယူသွားပြီး စားကြမည်ဟု လုပေါင် ထင်ထားသော်လည်း ထိုသို့မဟုတ်ပေ။ ၎င်းတို့အားလုံးသည်ရေများဖြင့် လက်ကိုဆေးကြပြီး သစ်သီးများကို ကြာဖက်ဖြင့်ထုပ်ကာ စတင်ထုချေကြတော့သည်။
လတ်ဆတ်သော ရနံ့များ လွင့်ပျံ့လာပြီး မျောက်အိုကြီးများသည် ထိုသစ်သီးအနှစ်များကို ကျောက်တွင်းများထဲသို့ ထည့်လိုက်ကြသည်။
“ကျိ ကျိ”
ဆယ်မိနစ်အကြာတွင် မျောက်အိုကြီးများ ပြန်ထွက်သွားကြသဖြင့် လုပေါင်မှာ အံ့အားသင့်လျက် ကျန်ရစ်ခဲ့သည်။ ဤမျောက်ဝံများတွင် ဤမျှမြင့်မားသော အသိဉာဏ် ရှိနေပါသလား။
လမင်း ပေါ်လာသောအခါ မျောက်ဝံဘုရင်ကြီးသည် အပြင်ဘက်သို့ ပြန်ထွက်ကာ လကို စိုက်ကြည့်နေပြန်သည်။ လုပေါင်သည် တစ်စုံတစ်ရာသော အထီးကျန်မှုကို ခံစားလိုက်ရသည်။ မျောက်ဝံဘုရင်ကြီးမှာပေါင်းရှင်းကျီ ကို လွမ်းဆွတ်နေပုံရသည်။
အချိန်များ တစ်မိနစ်ချင်း ကုန်လွန်သွားသည်။ Check-in တာဝန် ပြီးဆုံးရန် မိနစ်အနည်းငယ်သာ လိုတော့သည်။ ညနက်နေပြီ ဖြစ်သဖြင့် သူသည် မိုးလင်းမှသာ ထွက်ခွာနိုင်ပေမည်။
လုပေါင်သည် ယခုအခါ အလွန်ကျော်ကြားနေပြီဖြစ်သည်။ သူ၏ Follower မှာ ၃ သန်းကျော်သွားပြီဖြစ်ပြီး ၎င်းကို တိုက်ရိုက်ထုတ်လွှင့်မှု ၃ ကြိမ်ဖြင့်သာ ရရှိခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ယနေ့ရရှိသော လက်ဆောင်များ၏ တန်ဖိုးမှာ ယွမ် ၅ သောင်းကျော်နေပြီ ဖြစ်သည်။
Ocean Live Stream ၏ အကြီးအကဲဖြစ်သူ ချန်လင်းဟွာ သည် လုပေါင်နှင့် ဆက်သွယ်ရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးစားနေသည်။ အဘယ်ကြောင့်ဆိုသော် လုပေါင်သည် မည်သည့် အဖွဲ့အစည်းထဲတွင်မှ မရှိသလို စာချုပ်လည်း ချုပ်ဆိုထားခြင်း မရှိသောကြောင့် ဖြစ်သည်။
ယခုအခါ များပြားလှသော Guild များနှင့် တိုက်ရိုက်ထုတ်လွှင့်မှု ပလက်ဖောင်းများသည် လုပေါင်ကိုအ ဆက်သွယ်ရန် အချက်အလက်များကို အလုအယက် ရှာဖွေနေကြပြီ ဖြစ်သည်။
“ဖုန်းခေါ်လို့ ရပြီလား”
ချန်လင်းဟွာကမေးသည်။
“မရသေးပါဘူး ဆရာ။ အဲဒီမှာ လိုင်းမရှိလို့ ဖြစ်ပါလိမ့်မယ်။ ကျွန်တော်တို့ စာတို ချန်ထားခဲ့ပါတယ်။”
“စာချုပ် ငါးမျိုး ပြင်ဆင်ထားလိုက်။ သူ့ကို ဆက်သွယ်ရတာနဲ့ ငါကိုယ်တိုင် သွားပြီး စာချုပ်ချုပ်မယ်။”
အကြီးအကဲမှာ ပြတ်သားလှသော်လည်း ဆက်သွယ်၍ မရသေးပေ။
စူပါ Streamer တစ်ဦး ပေါ်ထွန်းလာပြီဖြစ်သော်လည်း သူသည် မည်သည့် စာချုပ်မှ မရှိသေး။ ချန်လင်းဟွာသည် လုပေါင်၏ ထုတ်လွှင့်မှုက ဈေးကွက်ကို မည်မျှ လွှမ်းမိုးသွားသည်ကို သိရှိပြီး ဤအခွင့်အရေးကို အရယူရန် ပြင်ဆင်နေတော့သည်။
“ဆရာ... Live ကို ကြည့်လိုက်ပါဦး။”
ဝန်ထမ်းတစ်ဦးကအော်လိုက်သည်။
“ဘုရားရေ။”
ယနေ့ Ocean Live Stream ၏ ဝန်ထမ်းအားလုံး အချိန်ပို ဆင်းနေကြရသည်။ လုပေါင်၏ ထုတ်လွှင့်မှုကြောင့် ဝင်ရောက်ကြည့်ရှုသူ များမှာ မကြုံစဖူး များပြားနေသောကြောင့် ဖြစ်ပေသည်။