← Chapters

အထွတ်ထိပ်မှော်ဝင်ပစ္စည်းအပိုင်းအစကိုရယူခြင်

Vol. 11 Ch. 149

အထွတ်ထိပ်မှော်ဝင်ပစ္စည်းအပိုင်းအစကိုရယူခြင်

Vol. 11 Ch. 149

အခန်း (၁၄၉) အထွတ်ထိပ်မှော်ဝင်ပစ္စည်းအပိုင်းအစကိုရယူခြင်း

ရန်ကျောက်ကဲက လက်နှစ်ဖက်လုံးဆန့်ထုတ်လိုက်ပြီး လင်ကျိုး၏လက်ဖြန်ကို ရိုက်နှက်လိုက်ရာ လင်ကျိုး အနည်းငယ် တွန့်လိမ်သွားသည်။

လင်ကျိုး နာကျင်စွာ ညည်းညူလိုက်ပြီး ရန်ကျောက်ကဲကို ထိပ်တိုက်ရင်ဆိုင်ဝံ့ခြင်း မရှိတော့ဘဲ တွန်းကန်အားကိုအသုံးပြုကာ နောက်သို့ ပျံသန်းထွက်ခွာသွားသည်။

သို့သော် ဝရုန်းသုန်းကားဖြင့် နောက်ပြန်ဆုတ်သွားသည့်တိုင် ရန်ကျောက်ကဲ၏ ကြယ်တာရာချီစွမ်းအားများကြားတွင် ပိတ်မိနေသည်။

ရန်ကျောက်ကဲကို စူးစိုက်ကြည့်နေသည့် လင်ကျိုး၏ မျက်ဝန်းများက တောက်ပလျှက် ရှိသည်။ ထို့နောက် သူ့ရင်ဘတ်က ဖောင်းကားလာပြီး တစ်ဖန်ပြန်လည်ကျုံ့ဝင်သွားကာ ကောင်းကင်ထက်သို့ ရုတ်တရက်လှမ်းကြည့်လိုက်သည်။ ထိုအခါ ကောင်းကင်ထက်မှ သွေးမိုးများ ရွာသွန်းလာသည်။

ထိုသွေးမိုးများက လေထုထဲတွင် သွေးမြူခိုးများအဖြစ် ပြောင်းလဲသွားပြီး လင်ကျိုး၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။

လင်ကျိုး၏ ခါးပတ်အလယ်ရှိ ကျောက်စိမ်းဆွဲပြားက ရုတ်တရက် တောက်ပသွားပြီး ကျောက်စိမ်းရောင်မှ သွေးနီရောင် ပြောင်းလဲသွား၏။

ဆွဲပြားက ကွဲထွက်သွားပြီး အနီရောင်အလင်းတန်းများထွက်ပေါ်လာသည်။ တစ်ချိန်တည်းပင် လင်ကျိုးသည်လည်း အနီရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး မိုးကုတ်စက်ဝိုင်းအဝေးဆီသို့ ထွက်ပြေးသွားတော့သည်။

မြန်နှုန်းက လျှင်မြန်လွန်းပြီး စောစောက လင်ကျိုးထုတ်ဖော်အသုံးပြုခဲ့သည့် လေမိုးကြိုးတောင်ပံထက်ပင် လျှင်မြန်သည်။

ထိုမျှလျှင်မြန်သည့် အရှိန်အဟုန်ကို သိုင်းဆရာသခင်များပင် လိုက်လံဖမ်းဆီးရန် မဖြစ်နိုင်ဘဲ နောက်ကျကျန်ရစ်ခဲ့မည် ဖြစ်သည်။

ခဏအတွင်းမှာပင် အဝေးသို့ရောက်ရှိသွားသည့် အနီရောင်အလင်းတန်းကို လှမ်းကြည့်ရင်း ရန်ကျောက်ကဲ မျက်ခုံးတစ်ချက် ပင့်လိုက်သည်။

“အိုး... သွေးအလင်းကျောက်စိမ်းပဲ... ၊ ဒီလိုရတနာပစ္စည်းမျိုး ဒီကောင့်မှာရှိနေတာက နည်းနည်းတော့ များသွားပြီကွာ ၊ သူ့နောက်ခံက အတော်လေးနက်ရှိုင်းတာပဲ ၊ ဒီကောင့်ကို သတ်ချင်တယ်ဆိုရင် ရီကျင်းတို့ ကျောက်ဟိုတို့ထက်ပိုပြီး ကြိုတင်ပြင်ဆင်မှုတွေ အများကြီးလုပ်ရလိမ့်မယ်”

အားဟူက အထွတ်ထိပ်မှော်ဝင်ပစ္စည်းအပိုင်းအစ၏ မူမမှန်သောတန်ခိုးစွမ်းအားများကို ဖိနှိပ်ထားရင်း စိုးရိမ်တကြီးလေသံဖြင့် ဆိုသည်။

“သခင်လေး... ၊ ဒီကောင်လွတ်သွားပြီ ၊ ‘ဖန်း’ မိန်းကလေးက တိမ်လွှာတောင်မှာ ရှိနေတုန်းပဲနော်”

ရန်ကျောက်ကဲက ပေါ့ပေါ့ပါးပါး ရယ်မောလိုက်ရင်း...

“ကိစ္စမရှိဘူး... ၊ အခုပဲ ငါ သူ့ကို ရည်ရွယ်ချက်ရှိရှိနဲ့ လှည့်စားလိုက်တာ”

သူက ဆက်ပြောသည်။

“ဂိုဏ်းတူညီမလေး’ဖန်း’က တကယ်တော့ နောက်ဆုံးအဆင့် ရောက်နေပါပြီ ၊ ယင်ယန်တိမ်တိုက်စမ်းချောင်းကနေ ထွက်ခွာသွားရမယ်ဆိုရင်တောင် သူ့ကို မထိခိုက်နိုင်တော့ဘူး ၊ ငါတို့လည်း ဒီမှာ သိပ်ကြာကြာနေမှာ မဟုတ်ပါဘူး ၊ ဒါပေမဲ့ တိမ်လွှာတောင်ကို အခုပဲ စာတစ်စောင်ပို့လိုက်မယ် ၊ ဒါမှ ဆရာဒေါ်လေး’ဖူ’ အခြေအနေကိုနားလည်ပြီး ချက်ချင်းဖြေရှင်းနိုင်လိမ့်မယ်”

ထို့နောက် ရန်ကျောက်ကဲက မျက်လုံးများကို အသာကျဉ်းမြောင်းလိုက်ရင်း...

“ငါတော့... ဒီကောင် ထုတ်ဖော်ပြလိုက်တဲ့ကိစ္စတွေကို အတော်လေး စိတ်ဝင်စားနေပြီ”

“ပွင့်ပွင့်လင်းလင်းပြောရရင် သူက သိုင်းပညာရှင်အဆင့်ပဲရှိသေးပေမယ့် မိုးကြိုးလျှပ်စီးယှက်နွယ်ကို အသုံးပြုသွားတာကို ငါ့စိတ်ထဲ အနည်းနဲ့အများလက်ခံနိုင်ပါတယ် ၊ ဒါပေမဲ့ ကျောက်စိမ်းပင်လယ်မြို့တော်ရဲ့ ယဉ်စွန်းတန်းဓားသိုင်းကို တတ်ကျွမ်းနေတာကတော့ ငါခန့်မှန်းထားတာထက် ကျော်လွန်နေတယ်”

မိုးကြိုးလျှပ်စီးယှက်နွယ်က ကောင်းကင်မိုးကြိုးခန်းမ၏ ကိုယ်ပိုင်သိုင်းပညာ ဖြစ်သည်။

ကြယ်လိုက်နဂါးခြေကန်သိုင်း မူကွဲကတော့ ကံကောင်းပြီး တတ်မြောက်ခဲ့ခြင်းဟု ယူဆနိုင်သည်။

ရန်ကျောက်ကဲ ဝိညာဉ်မိစ္ဆာလက်သီးသိုင်းပညာ (၆)မျိုးကို မည်သို့သိရှိသနည်းဟု အခြားသူများမေးမြန်လျှင် ဆင်ခြေပေးရန် အသင့်ရှိနေသကဲ့သို့ပင် ဖြစ်၏။

မဟာကပ်ဘေးကြီးက သိုင်းပညာအမွေအနှစ်များစွာကို ပျက်စီးသွားစေသည့်တိုင် များပြားလှစွာသောအမွေအနှစ်များ ကြွင်းကျန်ရစ်နေသေးသည်။ ထို့ကြောင့် ယနေ့ခေတ် အသစ်တစ်ဖန် ပြန်လည်စတင်သည့် သိုင်းကျင့်ကြံသူများအတွက် အခွင့်အရေးများစွာ ရှိနေခြင်းပင်။

သို့သော် ယဉ်စွန်းတန်းဓားသိုင်းကတော့ မတူခြားနားသည်။ ထိုဓားသိုင်းက လက်ရှိ ရေနယ်မြေမှ ထိပ်သီးသိုင်းဂိုဏ်းကြီးတစ်ခုဖြစ်သည့် ကျောက်စိမ်းပင်လယ်မြို့တော်၏ တိုက်ရိုက်ကိုယ်ပိုင်သိုင်းပညာ ဖြစ်သည်။

ထိုဓားသိုင်းကို ကျောက်စိမ်းပင်လယ်မြို့တော်မှ သိုင်းကျင့်ကြံသူများ တီထွင်ဖန်တီးခဲ့ကြခြင်း ဖြစ်သည်။ မဟာကပ်ဘေးမတိုင်ခင်က မည်သည့်သိုင်းပညာနှင့်မှ ချိတ်ဆက်ထားခြင်းမရှိဘဲ လက်ရှိသိုင်းကျင့်ကြံခြင်းလောကတွင် ကိုယ်ပိုင်တီထွင်ထားသည့် ရတနာတစ်ခု ဖြစ်သည်။

ယခု လင်ကျိုးထုတ်ဖော်အသုံးပြုလိုက်သည့် ယဉ်စွန်းတန်းဓားသိုင်းသည်‌ ကျောက်စိမ်းပင်လယ်မြို့တော်၏ တိုက်ရိုက်ကိုယ်ပိုင်ဓားသိုင်းနှင့် တစ်ပုံစံတည်းတူညီသည်။

ရန်ကျောက်ကဲသာ ကျောက်စိမ်းပင်လယ်မြို့တော်မှ သိုင်းသမားတစ်ယောက်နှင့် ရင်ဆိုင်ရမည်ဆိုလျှင် သို့နှယ်ပင် ရင်ဆိုင်ရမည် ဖြစ်သည်။

ဤကိစ္စက ရန်ကျောက်ကဲကို အလွန်အမင်း စိတ်ဝင်စားသွားစေသည်။

“ဒီကောင်က ယဉ်စွန်းတန်းဓားသိုင်းကို ဘယ်တုန်းကသင်လိုက်တာလဲ”

အားဟူက သွားဖြဲကာ ပြုံးလိုက်ရင်း...

“သခင်လေး... သူက ‘ဖန်း’မိန်းကလေးအကြောင်းတွေကို အဆုံးမဲ့တောင်တန်းနဲ့ နေသူတော်စင်ဂိုဏ်းကို သတင်းလွှင့်မှာပဲ ၊ သူ့ဘက်က အဲဒီသတင်းလွှင့်လိုက်တာနဲ့ ကျွန်တော်တို့ကလည်း ဒီအကြောင်းကို ကျောက်စိမ်းပင်လယ်မြို့တော်ကို ပြောပြလိုက်ရုံပဲ ၊ ဒါဆို ကျောက်စိမ်းပင်လယ်မြို့တော်က သူ့ကို ချက်ချင်းသွားပြီး ပြဿနာရှာလိမ့်မယ်”

“ဒါဆိုရင်တော့ ကျောက်စိမ်းပင်လယ်မြို့တော်နဲ့ ကောင်းကင်မိုးကြိုးခန်းမ သောက်ပြဿနာတက်ပြီပဲ ၊ ဒီကောင် ငြင်းလို့ရမှာမဟုတ်ဘူး ၊ ဝန်ခံရုံပဲရှိမယ် ၊ လိုအပ်ရင် ကျွန်တော်ကိုယ်တိုင်သူ့ဆီသွားပြီး သွေးဝိညာဉ်အမှတ်ရခြင်းနည်းစနစ်နဲ့ စစ်ဆေးခံမယ် သခင်လေးရာ”

ရန်ကျောက်ကဲက...

“အဲဒီကိစ္စခဏထားဦး ၊ အခု အထွတ်ထိပ်မှော်ဝင်ပစ္စည်းအပိုင်းအစက စွမ်းအားအတက်အကျတွေ အရမ်းပြင်းထန်နေတယ် ၊ လင်ကျိုးက ဒီပစ္စည်းကိုရှာဖို့ ရောက်လာတာ ၊ စောစောက ရန်ရှန်းပါ ဒီနေရာရောက်နေတာကို ကြည့်မယ်ဆိုရင်... ဒီပတ်ဝန်းကျင်မှာ ကောင်းကင်မိုးကြိုးခန်းမက သိုင်းသမားတွေ ဘယ်လောက်တောင်ရောက်နေမလဲ မသိနိုင်ဘူး”

“ဒီတော့ မိုးကြိုးဧကရာဇ်မျက်လုံးအပိုင်းအစကို အရင်သိမ်းထားလိုက်ကြရအောင်”

ပြောပြီးသည်နှင့် ရန်ကျောက်ကဲက ထိုပစ္စည်း‌‌ရှေ့သို့ရောက်သွားပြီး လက်သီးဖြင့် ထိုးစိုက်ချလိုက်သည်။

သူက အထွတ်ထိပ်မှော်ဝင်ပစ္စည်းအပိုင်းအစကို လက်သီးဖြင့်ထိုးစိုက်ချလိုက်ခြင်း မဟုတ်ပေ။ ကိုယ်ပိုင်လက်သီးဝိညာဉ်တစ်ခု ထုတ်လွှတ်ကာ ထိုပစ္စည်းဖြင့် ပေါင်းစည်းလိုက်ခြင်း ဖြစ်သည်။

ဤဖြစ်စဉ်တွင် ရန်ကျောက်ကဲ၏ စိတ်ဝိညာဉ်က မိုးကြိုးဧကရာဇ်မျက်လုံးအပိုင်းအစဖြင့် ချိတ်ဆက်သွားသည်။

သူ့ရှေ့တွင် မိုးကြိုးလျှပ်စီးများပြည့်နက်နေသည့် လောကတစ်ခု ထွက်ပေါ်လာသည်။

လင်ကျိုး၏ ကြယ်တာရာချီနှင့်ဖန်ဆင်းထားသည့် ပုံရိပ်ယောင်လျှပ်စီးကမ္ဘာထက် များစွာသာလွန်သော လောကတစ်ခုဖြစ်ပြီး ပိုပြီးလက်တွေ့ကျသလို ပို၍လည်းကြောက်စရာကောင်းသည်။

ရန်ကျောက်ကဲက ထိန်းချုပ်ထားသည့် သူ့စိတ်အစဉ်ကို လွှတ်ချလိုက်သည်နှင့် သူ့စိတ်ဝိညာဉ်က ချက်ချင်းပင် အစိတ်စိတ်အမွှာမွှာကွဲအက်သွားပြီး ခန္ဓာကိုယ်က လမ်းလျှောက်နေသည့် ဖုတ်ကောင်တစ်ကောင်ပမာ အခွံလိုက်ကြီး ဖြစ်သွားသည်။

သို့သော် သူနားလည်လိုက်သည့် သဘောတရားများက တုနှိုင်းမရအောင် လေးနက်သည်။ မဟာကပ်ဘေးမတိုင်ခင်က အပိုင်းပိုင်းကွဲသွားသည့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းဖြစ်သောကြောင့် ပြီးပြည့်စုံခြင်း မရှိသည့်တိုင် ထိုပစ္စည်းကိုကြည့်ပြီး ရန်ကျောက်ကဲအနေဖြင့် များစွာသောအရာများကို နားလည်နိုင်ခဲ့သည်။

မိုးကြိုးဧကရာဇ်မျက်လုံးအပိုင်းအစသည် မိုးကြိုးလျှပ်စီးစွမ်းအား၏ မူလအခြေခံအကျဆုံးဖြစ်ပြီး သေခြင်းရှင်ခြင်းကို ညွှန်ပြသည့် စွမ်းအားအပြောင်းအလဲတစ်ခုကို ထုတ်လွှတ်နိုင်စွမ်းရှိသည်။

တဟုန်းဟုန်မြည်ဟည်းနေသည့် မိုးခြိမ်းသံက တရကြမ်းဆင်းသက်လာကာ ကောင်းကင်ကိုဖွင့်လှစ်ပြီး မြေပြင်တစ်ခုလုံး ကွဲအက်တော့မည့်အလား ခံစားရသည်။

ရန်ကျောက်ကဲက အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ရင်း...

“ချက်ချင်းဖြစ်တည်လာတဲ့ မိုးကြိုးစွမ်းအား”

ဟု ရေရွတ်လိုက်သည်။

“ချက်ချင်းဖြစ်တည်လာသည့်မိုးကြိုးစွမ်းအား” ဆိုသည်မှာ စုစည်းထားသည့် မိုးကြိုးစွမ်းအားတစ်ခုလုံးကို တစ်ချက်တည်းထုတ်လွှတ်လိုက်ခြင်းဖြစ်ပြီး အရာအားလုံးကို တစ်ခဏအတွင်း လောင်ကျွမ်းသွားစေနိုင်သည်။

တစ်ခဏဆိုသည့်အချိန်က လက်ဖျောက်တစ်ချက်တီးမျှသောအချိန်ကိုဆိုလိုပြီး ထိုခဏအတွင်းမှာပင် စွမ်းအားစုစည်းမှု အချက်ပေါင်း (၆၀) ဖြစ်ပေါ်နိုင်စွမ်းရှိသည်။

ထာဝရနှင့် တစ်ခဏ ၊ အရှည်ဆုံးနှင့် အတိုဆုံး ၊ နယ်ပယ် (၂)ခုကြားမှ အစွန်း (၂)ဖက် ၊ ထာဝရနှင့်တစ်ခဏကို နားလည်ပြီးနောက် လူတစ်‌ယောက်သည် အချိန်၏ နက်နဲခြင်းကို ဆုပ်ကိုင်မိမည် ဖြစ်သည်။

မိုးကြိုးဧကရာဇ်မျက်လုံး၏အဓိပ္ပါယ်က မိုးကြိုးစွမ်းအားသာမက သေခြင်းရှင်ခြင်းနှင့်ပါ ဆက်နွယ်နေသည်။ သေခြင်းရှင်ခြင်းက သက်ရှိများနှင့်ချိတ်ဆက်နေပြီး မိုးမြေပြောင်းလဲခြင်းတရားနှင့် အချိန်ကာလ၏ တုနှိုင်းမရသော လေးနက်မှုကို သက်သေပြသည်။

ရန်ကျောက်ကဲက လက်ဖဝါးတစ်ချက် ဆောင့်ချလိုက်ရာ သူ့အရှေ့မှ မိုးကြိုးဧကရာဇ်မျက်လုံးအပိုင်းအစက တုန်လှုပ်သွားပြီး မိုးခြိမ်းသံများထွက်ပေါ်လာကာ အလင်းရောင်များ တောက်ပလာသည်။

လက်သီးဆုပ်အရွယ်ထက် အနည်းငယ်ပိုမိုကြီးမားသော ခရမ်းရောင်အလုံးအဝန်းသည် တဖြည်းဖြည်းကျုံ့ဝင်သွားပြီး မိုးခြိမ်းသံနှင့်အတူ ခရမ်းရောင်အလင်းတန်းငယ်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။

ရန်ကျောက်ကဲက ရှေ့တည့်တည့်သို့စိုက်ကြည့်ရင်း မျက်လုံးကို ဖြည်းညင်းစွာဖွင့်လိုက်သည်။ ထိုအခါ သူ့အရှေ့မှ ခရမ်းရောင်အလင်းတန်းက သူ၏ညာဘက်မျက်လုံးအတွင်းသို့ ဝင်ရောက်ပေါင်းစပ်သွားသည်။

“ဟူး...”

ညည်းတွားသံတစ်သံထုတ်လွှတ်ရင်း ရန်ကျောက်ကဲ မျက်လုံးကိုမှိတ်လိုက်ပြီး သူ့လက်ဖြင့် ညာဘက်မျက်လုံးကို အုပ်ကိုင်လိုက်မိသည်။

မသက်မသာခံစားရမှုကြောင့် ညာဘက်မျက်လုံးသည် တုန်လှုပ်နေသည်။ မျက်လုံးမှိတ်ထားသည့်တိုင် ခရမ်းရောင်အလင်းတန်းက သူ့မျက်အိမ်ရှေ့တွင် အဆက်မပြတ် လှုပ်ရှားတောက်ပနေသည်။

အချိန်မရွေးမူးလဲသွားတော့မည့်အလား ရန်ကျောက်ကဲ ခေါင်းများချာချာလည်လာသည်။

သူ့ခန္ဓာကိုယ်တစ်ခုလုံးတွင်ဖြတ်သန်းစီးဆင်းနေသည့် ချီစွမ်းအားစီးကြောင်းက လျှပ်စီးကြောင်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး တစ်ကိုယ်လုံးထုံကျဉ်သွားသည်။

လျှပ်စီးချီစွမ်းအားများကြောင့် ရန်ကျောက်ကဲ၏ ခန္ဓာကိုယ်တစ်ခုလုံးမှ မွေးညင်းပေါင်များမှာ တဆတ်ဆတ်ခုန်လှုပ်နေသည်။ သူ၏ စွမ်းအင်ဗဟိုချက်ချီပင်လယ်သည် အလွန်မြင့်မားသော မြန်နှုန်းဖြင့် ထိုလျှပ်စီးချီစွမ်းအားများအား စုပ်ယူလိုက်သည်။

ခဏအကြာတွင် ရန်ကျောက်ကဲ သူ၏ညာဘက်မျက်လုံးကို ဖွင့်ကြည့်လိုက်သည်။ ပြင်းထန်သောခရမ်းရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး သူ့နှလုံးသာကိုပင် တုန်လှုပ်သွားစေသည်။

ဤသည်ကိုမြင်တော့ ဘေးနားတွင် တိတ်တဆိတ်စောင့်နေသည့် အားဟူက...

“သခင်လေး... အထွတ်ထိပ်မှော်ဝင်ပစ္စည်းအပိုင်းအစကို သခင်လေးရဲ့ ခန္ဓာကိုယ်နဲ့ ပေါင်းစပ်လိုက်တာ ခန္ဓာကိုယ်အတွက်ရော ကျင့်ကြံခြင်းအတွက်ပါ အကျိုးရှိပေမယ့် အရမ်းလည်း အန္တရယ်များတယ်နော်”

ညာဘက်မျက်လုံးက မသက်မသာခံစားနေရဆဲဖြစ်သော်လည်း ရန်ကျောက်ကဲ ခေါင်းညိတ်လိုက်သည်။

“မင်း စိတ်အေးအေးထားပါ ၊ ငါ့အကန့်အသတ်ကို ငါသိပါတယ်”

“ကဲ... ဒီနေရာမှာ အကြာကြီးနေဖို့ မသင့်တော်ဘူး ၊ အန္တရယ်များတယ် ၊ သွားကြစို့”

ထို့နောက် ရန်ကျောက်ကဲက ဘေးဘက်တွင် ပြန့်ကျဲနေသည့် မှော်ဝင်ပစ္စည်းအနည်းငယ်ကို ကောက်ယူလိုက်ပြီး နှစ်ယောက်သား ကမန်းကတန်း ထွက်ခွာသွားကြတော့သည်။

အထွတ်ထိပ်မှော်ဝင်ပစ္စည်းအပိုင်းအစပြင် လင်ကျိုး၏ မှော်ဝင်လက်နက်ဖြစ်သော ပျံသန်းမိုးကြိုးတစ်ဖက်သွားဓားကိုလည်း ရန်ကျောက်ကဲ ရရှိခဲ့သည်။

“အဟမ်း... မဟာနေမင်းဘီး ၊ ခရမ်းရွှေရောင်မိုးကြိုးဓား ၊ အခု ပျံသန်းမိုးကြိုးတစ်ဖက်သွားဓားကို ရပြန်ပြီ ၊ ငါတော့ ရန်သူတွေရဲ့  အမှတ်တံဆိပ်လက်နက်တွေကို အတော်လေး စုဆောင်းမိနေတာပဲ”

ရန်ကျောက်ကဲက နှုတ်ခမ်းကိုတစ်ချပ်ပွတ်သပ်လိုက်ရင်း မိုးကြိုးနယ်မြေတည်ရှိရာသို့ လှမ်းကြည့်လိုက်သည်။

“ဒါပေမဲ့ ငါ ပိုပြီးစိတ်ဝင်စားတာက ထူးကဲယင်မိန်းမပျိုတွေနဲ့ပတ်သက်ပြီး ဒီကောင်ဘယ်လောက်သိလဲ ဆိုတာပဲ ၊ သူ ကိုယ်တိုင်လေ့လာရင်းသိရှိလာတာလား ၊ ဒါမှမဟုတ် ဘယ်နေရာက သိလာတာလဲ”

All Chapters