သတ်ဖြတ်ခြင်း ဝင်္ကပါ စတင်ပြီ
Vol. 37 Ch. 364
ကိုယ်ပိုင်ကမ္ဘာငယ်လေး၏ ဆင့်ကဲပြောင်းလဲမှုကို အရှိန်မြှင့်နိုင်ကြောင်း တွေးမိသည်နှင့် တပြိုင်နက် ကျုံးချင်၏နတ်ဘုရားစိတ်အာရုံ လှုပ်ရှားသွားပေ၏။
သူသည် ထိုနေရာတွင် ချက်ချင်း ပလ္လင်ခွေထိုင်လိုက်ပြီး ပတ်ဝန်းကျင်ရှိ ဖရိုဖရဲချီများကို ဝါးမျိုရန် အပြည့်အဝ အာရုံစိုက်လိုက်ရာ သူ၏ စိတ်ဝိညာဉ်နှင့်ခန္ဓာကိုယ် ပေါင်းစပ်သွားခဲ့သည်။
ကောင်းကင်ယံတခွင်လုံး၌ ပြည့်နှက်နေသော မြူခိုးဖြူများသည် ဖရိုဖရဲချီများ၏ ပြန့်ကျဲနေသော အခြေအနေပင်။
ကျုံးချင် ဝါးမျိုလိုက်သည်နှင့်အမျှ မြူခိုးဖြူများသည် ကိုယ်ပိုင်ကမ္ဘာငယ်လေးထဲသို့ ဝင်ရောက်သွားပြီးနောက် ဖရိုဖရဲ အနက်ရောင် အလင်းတန်းများအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ဤသည်မှာ ဖရိုဖရဲချီ၏ အခြေခံပုံစံပင်။
လုပ်ငန်းစဉ် တစ်ခုလုံးမှာ သိမ်မွေ့ပြီး နူးညံ့သော မိုးရေစက်များအလား ချောမွေ့နေသည်။
သို့သော် ဖရိုဖရဲချီကို ဝါးမျိုသည့် အမြန်နှုန်းသည် လုံးလုံးလျားလျား မနှေးကွေးခဲ့ချေ။
ထို့ပြင် ကိုယ်ပိုင်ကမ္ဘာငယ်လေးအတွင်း၌ ဤ ဖရိုဖရဲချီ များထပ်မံ ပေါင်းထည့်လိုက်မှုနှင့်အတူ လေဟာနယ်တစ်ခုလုံးမှာ မှုန်ဝါးဝါးဖြစ်သွားပြီး ကောင်းကင်ဘုံနယ်မြေ တစ်ခုအလား ခံစားရစေခဲ့ပေ၏။
သို့သော်...
ကျုံးချင်၏လှုပ်ရှားမှုများကို အဆက်မပြတ် စောင့်ကြည့်နေသော သရဲစိမ်းနှင့်မိုးခေါင်မီးတို့သည် ပုံမှန်မဟုတ်သော မည်သည့်အရာကိုမျှ မသိရှိခဲ့ကြချေ။
ကျုံးချင်၏ပတ်ဝန်းကျင်ရှိ မြူခိုးဖြူများ ပို၍ ထူထပ်သိပ်သည်းလာသည်ကို သူတို့ မြင်တွေ့ကြ၏။
သို့သော် သူသည် မြူခိုးဖြူများကို ဝါးမျိုနိုင်လိမ့်မည်ဟု သူတို့ လုံးလုံးလျားလျား ထင်မှတ်မထားခဲ့ကြချေ။
မည်သို့ပင်ဆိုစေကာမူ သာမန်လူများသည် ဤအရာကို သိရှိနိုင်စွမ်းပင် မရှိကြပေ။
ထို့ပြင် လူအများစုအတွက် ဖရိုဖရဲချီသည် အန္တရာယ်ရှိပြီး အသုံးမဝင်လှချေ။ အစွမ်းထက်ဆုံး ကျွမ်းကျင်သူများသာလျှင် ထိုအရာကို သန့်စင်နိုင်ကြ၏။
သို့တိုင် ကျုံးချင်သည် ထိုအရာကို သူကိုယ်တိုင် သန့်စင်နေခြင်း မဟုတ်ဘဲ ကိုယ်ပိုင်ကမ္ဘာငယ်လေးတစ်ခုသို့ တိုက်ရိုက်ထောက်ပံ့ပေးနေခြင်း ဖြစ်မည်ဟု မည်သူက တွေးထင်ထားမိမည်နည်း။
ဤသို့ဖြင့် ကျုံးချင်သည် သရဲစိမ်းနှင့် မိုးခေါင်မီးတို့၏မျက်စိအောက်တွင် 'မီးခွက်အောက်က အလင်းရောင်' ဟူသော လုပ်ရပ်တစ်ခုကို လုပ်ဆောင်နေခဲ့သည်။
သူသည် ဆန်ပုံးထဲသို့ ကျသွားသော ကြွက်တစ်ကောင်
အလား အတိုင်းအဆမရှိ ဝမ်းသာပျော်ရွှင်နေခဲ့သည်။
တခြားတစ်ဖက်တွင်..
ငရဲချော်ရည်အတွင်း၌....
ချောက်နက်အရှင်သခင်သည် သူ၏နတ်ဘုရားစိတ်အာရုံကို အသုံးပြု၍ သူ၏ပျောက်ဆုံးသွားသော ရတနာများနှင့် ဆက်သွယ်ရန် အကြိမ်ကြိမ် ကြိုးစားနေခဲ့သည်။
သို့သော် သူ မည်သို့ပင် ကြိုးစားစေကာမူ ထိုရတနာများသည် ဤလောကမှ လုံးလုံးလျားလျား ပျောက်ကွယ်သွားပုံရသည်။ ထိုအရာများကို သူ လုံးလုံးလျားလျား ရှာမတွေ့နိုင်ခဲ့ချေ။
ဤအရာက သူ၏အမူအယာကို အလွန်အမင်း သုန်မှုန်ကုပ်သွားစေခဲ့သည်။
သူ၏ ရတနာများနှင့် မည်သည်ကြောင့် လုံးလုံးလျားလျား အဆက်အသွယ် ပြတ်တောက်သွားရသနည်းဟု သူ တွေးတောနေစဉ်မှာပင်....
ရုတ်တရက် သူ၏စိတ်နှလုံးသား ပြင်းထန်စွာ တုန်ရီသွားခဲ့သည်။
ချောက်နက်အတွင်း၌ သူ သိမ်းဆည်းထားသော ဖရိုဖရဲချီ များ လျှင်မြန်စွာ ပျောက်ကွယ်သွားပြီး သူ၏ထိန်းချုပ်မှုအောက်မှ လွတ်ထွက်သွားကြောင်းကို သူ ခံစားမိပေ၏။
ဖရိုဖရဲချီ ဆိုသည်မှာ ဖန်တီးခြင်းအစမှ ကျန်ရစ်ခဲ့သော အခိုးအငွေ့တစ်မျိုးပင်။ ထိုအရာကို တစ်စက် အသုံးပြုလိုက်တိုင်း တစ်စက် လျော့နည်းသွားပေမည်။
ဤအရာများကို သူသည် ကြီးမားသော တန်ကြေးပေး၍ စုဆောင်းခဲ့ရခြင်းဖြစ်သည်။
ဤဖရိုဖရဲချီများကို စုဆောင်းနေစဉ် သူသည် အကြိမ်အနည်းငယ် သေလုနီးပါးပင် ဖြစ်ခဲ့ရပြီး စိတ်ကူးယဥ်ကြည့်၍ မရနိုင်သော တန်ကြေးတစ်ခုကို ပေးဆပ်ခဲ့ရပေ၏။
ဤအထွတ်အထိပ်ရတနာသည် သူ၏ဒဏ်ရာများ ပြန်လည်သက်သာလာရေးအတွက် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေသည်။
သို့သော် ယခုအချိန်တွင် ထိုအရာကို တစ်စုံတစ်ယောက်က ခိုးယူသွားလေပြီ။
"ဘယ်သူလဲ..."
ဒေါသတကြီး ဟိန်းဟောက်သံတစ်သံက ကောင်းကင်ယံတခွင်လုံးကို တုန်ခါသွားစေခဲ့သည်။
မြေအောက်မှနေ၍ ထိတ်လန့်ဖွယ်ဖိအားများ မြင့်တက်လာပေ၏။
ဤသည်မှာ လေဟာနယ်တစ်ခုလုံးကို ခြေမွှဖျက်ဆီးပစ်တော့မည့်အလားပင်။
ဦးတည်ချက်ငါးသွယ် နတ်ဘုရားခန်းမနှင့် တခြားအထွတ်အထိပ်ရတနာများအားလုံး သူနှင့် အဆက်အသွယ် ပြတ်တောက်သွားကြောင်း သိလိုက်ရချိန်တွင် ချောက်နက်အရှင်သခင်သည် ဒေါသထွက်ခဲ့သော်လည်း သူ၏ ဆင်ခြင်တုံတရားကို ထိန်းသိမ်းထားနိုင်ခဲ့ပေ၏။
သို့သော် ဖရိုဖရဲချီသည် သူ၏အသက်သွေးကြောနှင့် တူညီသည်။
ထိုအရာကို အနည်းငယ်မျှ ဆုံးရှုံးသွားခြင်းကပင် သူ၏နှလုံးသားကို နာကျင်စေပေလိမ့်မည်။
ဤအချိန်အခိုက်အတန့်တွင် သူသည် မရေမတွက်နိုင်သော နှစ်ပေါင်းများစွာ အသက်ရှင်လာခဲ့သော်လည်း သူ၏ဒေါသများသည် ထိန်းချုပ်၍ မရနိုင်လောက်အောင် တလိမ့်လိမ့်ထနေပေ၏။
သူသည် ဒေါသူပုန်ထနေသည်မှာ သိသာထင်ရှားသည်။
တလိမ့်လိမ့်ထနေသော ငရဲချော်ရည်ပြင်တွင် ချော်ရည်များ ဆူပွက်နေပြီး ချောက်နက်တစ်ခုလုံး တုန်ခါနေခဲ့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ချောက်နက်အရှင်သခင်သည် ပျောက်ကွယ်သွားသော ဖရိုဖရဲချီများကို ကျုံးချင်က ဝါးမျိုနေကြောင်း ခံစားမိပေ၏။
ရုတ်ချည်းဆိုသပင် သူ၏ဒေါသများ မြင့်တက်လာခဲ့သည်။
ပတ်ဝန်းကျင်ရှိ ချော်ရည်များသည် အဆုံးမဲ့ ဧရာမလှိုင်းလုံးကြီးများနှင့်အတူ လှိုင်းထလာခဲ့သည်။
"မင်းလိုသတ္တဝါလေးက အကောင်းနဲ့ အဆိုးကို တကယ်မခွဲခြားတတ်ဘူး... ငါ့ရဲ့ အခြေခံအုတ်မြစ်ကိုတောင် ထိရဲတယ်ပေါ့..သရဲစိမ်း... မိုးခေါင်မီး... မင်းတို့နှစ်ကောင် ဘယ်မှာလဲ... ငါ့ဆီကို မြန်မြန်လာခဲ့စမ်း..."
သူ၏အသံသည် အလွှာပေါင်းများစွာသော လေဟာနယ်ကို ထိုးဖောက်သွားပြီး သရဲစိမ်းနှင့် မိုးခေါင်မီးတို့၏စိတ်ထဲတွင် တိုက်ရိုက် ပေါက်ကွဲသွားပေ၏။
ကျုံးချင် ပလ္လင်ခွေထိုင်နေသည်ကို ကြည့်ရင်း ပျင်းရိနေသော သူတို့နှစ်ယောက်သား ရုတ်တရက် ညည်းညူလိုက်ကြသည်။
ထို့နောက် သူတို့၏နှုတ်ခမ်းထောင့်များမှ သွေးအနည်းငယ် ယိုစိမ့်ထွက်လာသည်။
"ဘာဖြစ်တာလဲ..."
သူတို့၏စိတ်နှလုံးသားများအတွင်း၌ အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားပေ၏။
သူတို့၏ နတ်ဘုရားစိတ်ဝိညာဉ် များတွင် အမှတ်အသားတစ်ခုကို ခတ်နှိပ်ထားပြီးဖြစ်သည်။
သူတို့သည် အတိုင်းအတာ တစ်ခုအထိ သူတို့အရှင်၏ စိတ်ခံစားမှုများကို သွယ်ဝိုက်သော နည်းဖြင့် ခံစားနိုင်ကြသည်။
သူတို့သည် ချောက်နက်အရှင်သခင်၏ လက်အောက်ငယ်သားများ ဖြစ်လာကတည်းက သူတို့၏အရှင် ဤမျှထိ စိတ်ပျက်လက်ပျက်နေသည်ကို ပထမဆုံးအကြိမ် ခံစားရခြင်းပင်။
သူတို့နှစ်ယောက်သား ထိတ်လန့်သွားကြပြီး သူတို့ တုံ့ပြန်ရန် အချိန်မရလိုက်မီမှာပင် သူတို့၏ မူလနေရာမှ ပျောက်ကွယ်သွားခဲ့လေပြီ။
ဤအမှတ်အသားသည် ထိတ်လန့်ဖွယ် ကောင်းလှ၏။ ချောက်နက်အရှင်သခင်၏ အတွေးတစ်ချက်ဖြင့် သူတို့၏သေရေးရှင်ရေးကို ထိန်းချုပ်နိုင်ပြီး သူတို့ကို အချိန်မရွေး သူ၏အနီးသို့ ဆင့်ခေါ်နိုင်သည်။
မူးဝေနေသော ခံစားချက်များကြားတွင် သူတို့နှစ်ယောက်သည် ငရဲချော်ရည် ထွက်ပေါက်သို့ ရောက်ရှိနေခဲ့လေပြီ။
"အရှင်... အရှင် ဘာအမိန့်ပေးစရာ ရှိလို့ပါလဲ..."
သူတို့နှစ်ယောက်သည် မြေပြင်ပေါ်တွင် ဒူးထောက်လိုက်ကြပြီး သရဲစိမ်းက သူ၏ စိတ်မသက်မသာ ဖြစ်မှုများကို ဖိနှိပ်ကာ တုန်ယင်စွာဖြင့် ပြောဆိုလိုက်သည်။
ချောက်နက်အရှင်သခင်သည် အလွန်အမင်း ဒေါသထွက်နေပေ၏။
သူ၏အသံသည် မိုးခြိမ်းသံအလားကျယ်လောင်ကာ အဆုံးမဲ့သော သတ်ဖြတ်လိုခြင်း အငွေ့အသက်များကို သယ်ဆောင်လာခဲ့သည်။
"အဲ့ဒီသတ္တဝါလေးက ငါ့ရဲ့ အခြေခံအုတ်မြစ်ကို ထိရဲတယ်... သူက ငါ့ရဲ့ အထွတ်အထိပ်ရတနာဖြစ်တဲ့ ဖရိုဖရဲချီကို ဝါးမျိုနေတယ်..."
ထိုစကားများ ထွက်ပေါ်လာသည်နှင့် တပြိုင်နက် သရဲစိမ်းနှင့်မိုးခေါင်မီးတို့၏ မျက်နှာအမူအယာများ သိသိသာသာ ပြောင်းလဲသွားပေ၏။
အကယ်၍ ချောက်နက်အရှင်သခင်သာ မပြောပြခဲ့ပါက ကျုံးချင်သည် သူတို့အရှင်၏ ဖရိုဖရဲချီ ကို မျက်စိကျနေကြောင်းကိုပင် သူတို့ သိရှိခဲ့မည် မဟုတ်ချေ။
ထို့ပြင် သူသည် သူတို့၏မျက်စိအောက်၌ ခိုးယူနေခြင်းပင်။
သူတို့နှစ်ယောက်သည် ကျုံးချင် ပြဿနာ မရှာနိုင်စေရန် မည်မျှထိ ကြိုးစားပမ်းစား စောင့်ကြည့်နေခဲ့သည်ကို ပြန်တွေးမိကြသည်။
သို့သော် သူတို့ထံ၌ ကြိုတင်ကာကွယ်မှုများအားလုံး ရှိနေသော်လည်း သူ အောင်မြင်သွားခဲ့ဆဲပင်။
အချိန်တခဏအတွင်း၌ သူတို့သည် လုံးလုံးလျားလျား အရှက်ရသွားသကဲ့သို့ ခံစားလိုက်ရသည်။
အချိန်တခဏကြာမျှ ရပ်နားပြီးနောက် ချောက်နက်အရှင်သခင်က စကားလုံးတစ်လုံးချင်းစီ ပီပီသသ ပြောဆိုလိုက်၏။
"မင်းတို့နှစ်ယောက်ကို ချောက်နက်သတ်ဖြတ်ခြင်းဝင်္ကပါကို ချက်ချင်းအသက်သွင်းဖို့ ငါ အမိန့်ပေးတယ်... သူ ချောက်နက်ထဲမှာ မြှုပ်နှံခံရတာကို ငါ လိုချင်တယ်..."
ထိုစကားကို ကြားချိန်တွင် သရဲစိမ်းနှင့်မိုးခေါင်မီးတို့ အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။
ချောက်နက်သတ်ဖြတ်ခြင်းဝင်္ကပါသည် ရှေးဟောင်းခေတ်က အကျော်ကြားဆုံး သတ်ဖြတ်ခြင်း ဝင်္ကပါဆယ်ခုအနက်မှ တစ်ခု ဖြစ်ပြီး တစ်ကြိမ် အသက်သွင်းလိုက်ပါက သေမင်းထံမှ လွတ်မြောက်ရန် လမ်းမရှိတော့ချေ။
လွန်ခဲ့သော နှစ်ပေါင်းတစ်သိန်းအတွင်း၌ အလယ်ပိုင်းဒေသမှ ချောက်နက်ကို ဖြတ်ကူးလာသော ထိတ်လန့်ဖွယ် တည်ရှိမှုတစ်ခုတည်းကြောင့်သာ ဤသတ်ဖြတ်ခြင်း ဝင်္ကပါကို အသုံးပြုခဲ့ဖူးသည်။
ထိုလူသည် သူ၏ခြေထောက်ကို တစ်ချက်ဆောင့်လိုက်ရုံဖြင့် အလယ်ပိုင်းဒေသတစ်ခုလုံးကို သုံးကြိမ်တိုင်တိုင် တုန်ခါသွားစေနိုင်သည်။
သို့သော် ထိုကဲ့သို့ တည်ရှိမှုမျိုးပင်လျှင် သတ်ဖြတ်ခြင်းဝင်္ကပါ၏ရှေ့တွင် အသက်သုံးရှိုက်စာပင် တောင့်မခံနိုင်ခဲ့ဘဲ နေရာတွင် တိုက်ရိုက်သတ်ဖြတ်ခြင်း ခံလိုက်ရပေ၏။
ယခုအချိန်တွင် အသက်နှစ်ဆယ်အရွယ်သာ ရှိသေးသော လူငယ်တစ်ယောက်အတွက် သတ်ဖြတ်ခြင်းဝင်္ကပါကို အသက်သွင်းရမည်လော...
သူတို့၏အမြင်တွင် ဤအရာမှာ အလွန်အမင်း ယုံကြည်နိုင်စရာ မရှိလှချေ။
သရဲစိမ်းက ဖျော့တော့တော့လေသံဖြင့် ပြောဆိုသည်။
"အရှင်... အဲ့ဒီလူက စမ်းသပ်မှုတွေ အားလုံးကို အောင်မြင်ပြီးတော့ လောကကြီးမှာ အရှင်ရဲ့ ကိုယ်စားလှယ် ဖြစ်လာဖို့ အလားအလာ အရမ်း များပါတယ်...အရှင်က သူ့ကို တကယ်ပဲ ဒီအတိုင်း သတ်ပစ်တော့မလို့လား..."
နှစ်ပေါင်းတစ်သိန်း....
နှစ်ပေါင်းတစ်သိန်းတိတိ ရှိခဲ့လေပြီ။
ယခုအချိန်တွင် ဤမျှထိ အခက်အခဲများစွာကို ကြုံတွေ့ပြီးနောက် စမ်းသပ်မှုများအားလုံးကို အောင်မြင်ရန် အလားအလာရှိသူတစ်ဦးကို သူတို့ နောက်ဆုံးတွင် ရှာတွေ့ခဲ့သည်။
အကယ်၍ သူ့ကို ဤအတိုင်း သတ်ပစ်လိုက်ပါက သူတို့၏အရှင် နောင်တရမည်ကို သရဲစိမ်း စိုးရိမ်နေခဲ့ပေ၏။
သို့သော် ချောက်နက်အရှင်သခင်၏ သဘောထားက အလွန်အမင်း ခိုင်မာနေခဲ့သည်။
ချော်ရည်များ ဆူပွက်လာသည်နှင့်အမျှ ချောက်နက်အရှင်သခင်၏ ဒေါသတကြီးအော်ဟစ်သံက ပဲ့တင်ထပ်လာသည်။
"တကယ်လို့ အဲ့ဒီသတ္တဝါလေးသာ ဆက်ပြီးဝါးမျိုစုပ်နေမယ်ဆိုရင် ငါ့ရဲ့ ဒဏ်ရာတွေက ပြန်ပြီးသက်သာလာဖို့ မရေမတွက်နိုင်တဲ့ နှစ်ပေါင်းများစွာ ကြန့်ကြာသွားနိုင်တယ်..."
"ဒီအခြေအနေမှာ ကိုယ်စားလှယ် ဆိုတာကို ထားလိုက်တော့... သူက ကောင်းကင်ဘုရင် ဖြစ်နေရင်တောင် အသုံးမကျဘူး..."
"သူ့ကို သတ်လိုက်..."
သတ်ဖြတ်လိုခြင်း အငွေ့အသက်များဖြင့် ပြည့်နှက်နေသောအသံသည် ကျယ်ပြန့်သည့် မိုးကောင်းကင်ယံတွင် ပဲ့တင်ထပ်နေပြီး ပဲ့တင်သံများစွာကို သယ်ဆောင်လာကာ ချောက်နက် တစ်ခုလုံးသို့ ပျံ့နှံ့သွားပေ၏။
ဤအချိန်အခိုက်အတန့်တွင် အစောပိုင်းက သူ ဆုံးရှုံးခဲ့ရသော ရတနာများနှင့် ခရမ်းဝါးတော ကိုပင် သူ ဂရုမစိုက်တော့ချေ။
သူသည် ကျုံးချင်ကို နေရာတွင် အပိုင်းပိုင်းခုတ်ထစ်ပစ်ချင်နေခဲ့သည်။
...
ချောက်နက် သတ်ဖြတ်ခြင်းဝင်္ကပါ၏ မူလ အမည်မှာ ကြယ်တာရာ သုံးရာခြောက်ဆယ့်ငါးလုံး သတ်ဖြတ်ခြင်းဝင်္ကပါပင်။
ထိုဝင်္ကပါ၏စွမ်းအားမှာ အလွန်အမင်း ထိတ်လန့်ဖွယ် ကောင်းလှ၏။
ရှေးခေတ်က ဤဝင်္ကပါသည် အစွမ်းထက် ကျွမ်းကျင်သူများကို သတ်ဖြတ်ခဲ့ပြီး သူတော်စင်များကို သတ်ဖြတ်ကာ တော်ဝင်သွေးများဖြင့် စွန်းထင်းနေခဲ့သည်။
ထိုဝင်္ကပါသည် ပြိုင်ဘက်ကင်းသော ဂုဏ်သတင်းတစ်ခုကို တည်ဆောက်ခဲ့ပြီး ခေတ်တစ်ခုလုံးကို သတ်ဖြတ်၍ ဖြတ်သန်းခဲ့သည်။
ထိုအရာ၏ကျော်ကြားမှုက ကောင်းကင်နှင့်မြေပြင်ကို တုန်လှုပ်သွားစေခဲ့သည်။
ထိုအရာ၏ နာမည်ကို ကြားရုံဖြင့် မရေမတွက်နိုင်သော စွမ်းအားကြီးမားသူများကို တိတ်ဆိတ်သွားစေနိုင်ပြီး သူတော်စင်များ၏ မျက်နှာအရောင်ကို ပြောင်းလဲသွားစေကာ ကောင်းကင်ဧကရာဇ်များကိုပင် မျက်နှာလွှဲသွားစေနိုင်သည်။
ထိုဝင်္ကပါမှာ အလွန်ကြာမြင့်စွာ အိပ်မောကျနေခဲ့ပေ၏။
ဤခေတ်တွင် ထိုအရာမှာ လုံးလုံးလျားလျား ပျောက်ကွယ်လုနီးပါး ဖြစ်နေလေပြီ။
ယခုအချိန်တွင် ဤလောကကြီးကို တုန်လှုပ်သွားစေသော ဝင်္ကပါကြီးသည် နောက်ဆုံးတွင် နောက်တစ်ကြိမ် အသက်ဝင်လာခဲ့လေပြီ။
ထို့ပြင် ထိုဝင်္ကပါသည် ထိတ်လန့်ဖွယ် ကောင်းသောဘက်ကို နောက်တစ်ကြိမ် ဖော်ထုတ်တော့ပေမည်။