အနိုင်ယူ၍ မရနိုင်ဆုံး မျက်နှာ
Vol. 37 Ch. 369
အချိန်တခဏအတွင်းတွင် ချောက်နက်အရှင်သခင်မှ ကျုံးချင်ကို ကြည့်သည့် အကြည့်သည် လုံးလုံးလျားလျား ပြောင်းလဲသွားပေ၏။
အကယ်၍ သူ ပြောဆိုခဲ့သည့် စကားများသာ မှန်ကန်ပါက ထိုပါရမီရှင်သည် အနာဂတ်တွင် အမှန်တကယ်ကို အကန့်အသတ်မဲ့သော အလားအလာများ ရှိပေလိမ့်မည်။
သူ၏မျက်လုံးများအတွင်း၌ ဇဝေဇဝါအရိပ်အယောင်များနေပြီး သူက ပြောဆိုလိုက်သည်။
"မင်းရဲ့ပါရမီက တကယ့်ကို အံ့အားသင့်စရာကောင်းပါတယ်... ငါတောင်မှ အဲဒီအတွက် တုန်လှုပ်မိတယ်...ဒါပေမဲ့ မင်းရဲ့ပါရမီက ဘယ်လောက်ပဲ အံ့အားသင့်ဖို့ ကောင်းနေပါစေ အဲ့ဒီဖရိုဖရဲချီက ဒီအဆင့်မှာ မင်းအတွက် သိပ်အသုံးဝင်မှာ မဟုတ်ဘူး...ဒါပေမဲ့ အဲ့ဒီအရာက ငါ့အတွက် အရေးကြီးတယ်..."
"မင်း အဲ့ဒါကို ပြန်ပေးနိုင်သရွေ့ မင်းနဲ့ငါကြားမှာ ကောင်းမွန်တဲ့ ဆက်သွယ်မှုတစ်ခုကို ဖန်တီးနိုင်တယ်..."
ကျုံးချင်က ပြန်ဖြေလိုက်၏။
"အရှင်က ကျွန်တော်နဲ့ ကောင်းမွန်တဲ့ ဆက်သွယ်မှုတစ်ခု ဖန်တီးချင်မှတော့ အဲ့ဒီဆက်သွယ်မှုကို ပိုပြီးကြီးမားအောင် ဘာလို့ မလုပ်ဘဲ နေရမှာလဲ..."
ကျုံးချင်သည် သူ၏အခြေခံအုတ်မြစ်ကို ထုတ်ဖော်ရန် မည်သည်ကြောင့် မတွန့်ဆုတ်ခဲ့သနည်း....
ကြွားလုံးထုတ်ရန်လော..
ထိုသို့ လုံးလုံးလျားလျား မဟုတ်ချေ။
သူသည် ရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်ချင်ခဲ့သည်။
ပထမအချက်အနေဖြင့် ဖရိုဖရဲချီသည် သူ၏ကိုယ်ပိုင်ကမ္ဘာငယ်လေးအတွက် အာဟာရ အဖြစ်သို့ ပြောင်းလဲသွားသည်မှာ ကြာမြင့်နေပြီဖြစ်ရာ သူ မည်သို့ ပြန်ထုတ်ပေးနိုင်မည်နည်း။
ဒုတိယအချက်အနေဖြင့် သူ ထိုအရာကို ပြန်ထုတ်ပေးနိုင်လျှင်တောင်မှ ထိုအရာက ကိုယ်ပိုင်ကမ္ဘာငယ်လေးကို များစွာတိုးတက်စေခဲ့ပေ၏။
ထိုအရာကို လွှဲပြောင်းပေးရန် သူ ဆန္ဒမရှိခဲ့ချေ။
ဤအခိုက်အတန့်တွင် ချောက်နက်အရှင်သခင်က ကျုံးချင်၏စကားများကြောင့် သိသိသာသာ ဇဝေဇဝါ ဖြစ်သွားခဲ့သည်။
"ဆက်သွယ်မှုကို ဘယ်လို ပိုပြီးကြီးမားအောင် လုပ်နိုင်မှာလဲ..."
ကျုံးချင် ပြသခဲ့သော ပါရမီသည် မွန်းစတားဆန်လွန်းကြောင်း ငြင်းဆို၍ မရနိုင်ချေ။
သူ အမှန်တကယ်ပင် သွေးဆောင်ခံရသည့် အခိုက်အတန့်တစ်ခု ရှိခဲ့ပေ၏။
ထိုအချိန်တွင် ကျုံးချင်က ထပ်မံ၍ ဖြည့်စွက်ပြောဆိုလိုက်သည်။
"ကြည့်စမ်းပါ... ကျွန်တော်က ဘာမှမရှိတဲ့ ဘဝကနေ အခု လက်ရှိအခြေအနေကို တစ်နှစ်အတွင်း ရောက်လာနိုင်ခဲ့တာ... ကျွန်တော့်ရဲ့ ပါရမီက သေချာပေါက် ချီးကျူးထိုက်ပါတယ်..."
ချောက်နက်အရှင်သခင်က ခေါင်းညိတ်ပြသည်။
ကျုံးချင်က ဆက်လက်၍ ပြောဆိုသည်။
"ဒါဆိုရင် ခင်ဗျားက ကျွန်တော့်ကို ကြီးထွားဖို့ အချိန်ပိုပေးရင် ဘယ်လို ဖြစ်လာမလဲ...တကယ်လို့ ခင်ဗျားက အခု ကျွန်တော့်အပေါ် ရင်းနှီးမြှုပ်နှံ မယ်ဆိုရင် ကျွန်တော့်ရဲ့ ကြီးထွားမှုနှုန်းက ပိုပြီးမြန်ဆန်လာနိုင်တယ်..."
"ဖြစ်နိုင်တာက မကြာခင် အနာဂတ်မှာ ကျွန်တော် ခင်ဗျားကို ကူညီနိုင်လိမ့်မယ်..."
"တကယ်လို့ ခင်ဗျားက ကျွန်တော်ရဲ့အကူအညီကို မလိုအပ်ဘူး ဆိုရင်တောင်မှ သူငယ်ချင်း ပိုများတာက လမ်းပိုပွင့်တာပေါ့..."
"ကျင့်ကြံခြင်းလောကက အရမ်း နက်ရှိုင်းတယ်... ရန်သူနည်းနည်းမှ မရှိတဲ့သူဆိုလို့ ဘယ်သူ ရှိလို့လဲ..."
"အကူအညီပေးမယ့်သူ တစ်ယောက် ရှိတာက အရေးကြီးတဲ့ အချိန်တွေမှာ အမြဲတမ်း အသုံးဝင်နိုင်တယ်... ခင်ဗျား သဘောတူတယ်မလား..."
ချောက်နက်အရှင်သခင်သည် သူ၏ရှေ့တွင် စကားကို ကျွမ်းကျင်ပါးနပ်စွာ ပြောဆိုနေသော ကျုံးချင်ကိုကြည့်ပြီး သူ တိတ်ဆိတ်သွားခဲ့သည်။
ကျုံးချင်၏ပါရမီက အားကောင်းသလော...
သူ၏အမြင်အရ အလွန်အားကောင်းပေ၏။
အနည်းဆုံးအနေဖြင့် သူ ရှင်သန်ခဲ့သော နှစ်များ တလျှောက်လုံးတွင် ထိုကဲ့သို့သော ထိတ်လန့်ဖွယ် မွန်းစတားဆန်သည့် ပါရမီမျိုးကို သူ တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးခဲ့ချေ။
သူသည် လောကတွင် ပြိုင်ဘက်ကင်းသည်ဟု ဆိုခြင်းမှာ ချဲ့ကားပြောဆိုခြင်း မဟုတ်ချေ။
သို့သော် သူ၏အမြင်အရ...
သန်မာအားကောင်းသော လူတစ်ယောက်တွင် အားကောင်းသော လူတစ်ယောက်၏ ကျောရိုး ရှိသင့်ပြီး ပါရမီရှင်တစ်ယောက်တွင် ပါရမီရှင် တစ်ယောက်၏ဂုဏ်သိက္ခာ ရှိသင့်သည်။
ကျုံးချင်နှင့်ပတ်သက်၍မူ သူ၏အတွေးများ အရိုင်းဆန်စွာ ခုန်ပေါက်နေပေ၏။
ထိုလူငယ်ထံတွင် ပါရမီရှင်တစ်ယောက်၏ အရိပ်အယောင် တစိုးတစိမျှ မရှိချေ။
ထိုလူငယ်ကို သူ ယုံကြည်ရမည်လော...
သို့သော် ချောက်နက်အရှင်သခင် ဝန်ခံရမည့် အရာတစ်ခုရှိသည်။
ကျုံးချင် ပြောဆိုသည့် စကားများသည် အလွန်အဓိပ္ပာယ် ရှိပေ၏။
အကယ်၍ ထိုအချိန်က သူ့ထံတွင် တူညီသော အဆင့်ရှိ အကူအညီပေးမည့်သူ တစ်ယောက် ရှိခဲ့ပါက ယခုအချိန်တွင် ချောက်နက်အတွင်း၌ ပုန်းအောင်းနေရုံ သက်သက်အဖြစ်သို့ ကျဆင်းသွားမည် မဟုတ်ချေ။
ထိုအရာကို တွေးမိချိန်တွင် ချောက်နက်အရှင်သခင်သည် မမေးမြန်းဘဲ မနေနိုင်ခဲ့ချေ။
"မင်းအပေါ်မှာ ငါက ဘယ်လို... ရင်းနှီးမြှုပ်နှံရမှာလဲ..."
"ရင်းနှီးမြှုပ်နှံ" ဟူသော စကားလုံးမှာ ချောက်နက်အရှင်သခင်အတွက် အလွန်အသစ်အဆန်း ဖြစ်နေသည်။
သို့သော် ထိုအရာမှာ နားလည်ရန်လည်း အလွန် လွယ်ကူသည်။
ယခု ရင်းနှီးမြှုပ်နှံပြီး နောက်မှ အကျိုးအမြတ် ရယူရမည်မှာ အလွန်တိကျသော အကျဉ်းချုပ် တစ်ခုပင်။
ကျုံးချင်က အလျင်အမြန် ပြောဆိုလိုက်သည်။
"ကျွန်တော့်ကို ဖရိုဖရဲချီကို နောက်ထပ် သုံးရက် ဝါးမျိုခွင့်ပေးပါ..."
"ဘာ..."
ကျုံးချင် ထိုသို့ ပြောဆိုလိုက်သည်နှင့် တပြိုင်နက် ချောက်နက်အရှင်သခင်သည် နောက်တစ်ကြိမ် ဒေါသထွက်သွားပေ၏။
"မင်းက ဖရိုဖရဲချီကို နောက်ထပ်သုံးရက် ဝါးမျိုချင်တယ်လို့ ပြောလိုက်တာလား...မဖြစ်နိုင်ဘူး...ဘယ်လိုမှ မဖြစ်နိုင်ဘူး..."
ဖရိုဖရဲချီများသည် သူ၏အသက်သွေးကြော ပင်။
အကယ်၍ ထိုအရာများအနက် အနည်းငယ်မျှ ဆုံးရှုံးသွားပါက ချောက်နက်အရှင်သခင်သည် အချိန်အတော်ကြာအောင် နှလုံးနာကျင်ကြေကွဲမှုကို ခံစားရပေမည်။
ထို့ပြင် ကျုံးချင်၏လုပ်ရပ်သည် သူ၏ ခန္ဓာကိုယ်မှအသားကို လှီးထုတ်နေခြင်းနှင့် မကွာခြားချေ။
ထိုအရာမှာ သူ၏နှလုံးသွေးကို လှီးထုတ်နေခြင်းပင်။
ချောက်နက်အရှင်သခင်သည် ထိုမျှထိ ပြင်းထန်စွာ တုံ့ပြန်လိမ့်မည်ဟု ကျုံးချင် မျှော်လင့်မထားခဲ့ချေ။
သို့သော် သူက သူ့ကိုယ်သူ ခုခံကာကွယ်နေဆဲ ပင်။
"ကျွန်တော် မြင်ခဲ့ပြီးပြီ... ချောက်နက်ထဲမှာ ဖရိုဖရဲချီတွေ အများကြီးရှိတယ်...သုံးရက် အတွင်းမှာ ကျွန်တော့်ရဲ့စွမ်းအားနဲ့ ဝါးမျိုနိုင်တဲ့ ပမာဏက အကန့်အသတ် ရှိပါတယ်...ဒီ ဖရိုဖရဲချီ ပမာဏက ခင်ဗျားအပေါ် သိသိသာသာ သက်ရောက်မှု ရှိမှာမဟုတ်ဘူး... အနည်းဆုံးတော့ ခင်ဗျားရဲ့အခြေခံအုတ်မြစ်ကို မထိခိုက်စေနိုင်ပါဘူး..."
"တကယ်လို့ အဲ့ဒီထက် ပိုသွားရင် ခင်ဗျားက ကျွန်တော်နဲ့ အသေအကြေ တိုက်ခိုက်လိမ့်မယ် ဆိုတာကိုလည်း ကျွန်တော် သိတယ်..."
"ဒီဖရိုဖရဲချီ ပမာဏနည်းနည်းလောက်ကို အသုံးပြုပြီးတော့ အနာဂတ်မှာ ခင်ဗျားအတွက် ကြီးမားတဲ့ အကူအညီ ဖြစ်လာမယ့် သူတစ်ယောက်နဲ့ မိတ်ဆွေဖွဲ့ဖို့တာက... ဘယ်လိုပဲ ကြည့်ကြည့် ဆုံးရှုံးမှု မဟုတ်ပါဘူး...ဘာပဲဖြစ်ဖြစ် ရတနာတစ်ခုက ဘယ်လောက်ပဲ ကောင်းနေပါစေ ဒါက သက်မဲ့အရာ တစ်ခုပါပဲ..."
"ကိုယ်ပိုင်အကျိုးစီးပွားကို အမြင့်ဆုံး အထိ တိုးမြှင့်ဖို့ ရတနာတွေကို အကျိုးသင့်အကြောင်းသင့် အသုံးချတာကသာ ပညာရှိ ရွေးချယ်မှု တစ်ခုပါ..."
"ခင်ဗျား သဘောတူတယ် မဟုတ်လား..."
မသိလိုက်မသိဘာသာဖြင့် ချောက်နက်အရှင်သခင်သည် ကျုံးချင်၏သွေးဆောင်မှုကို အမှန်တကယ် ခံလိုက်ရသည်။
သူသည် သူ၏စိတ်နှလုံးသားထဲတွင် စဉ်းစားတွေးတောလိုက်၏။
"ဒီကောင်လေးရဲ့ ကြီးထွားမှုနှုန်းကို ကြည့်ရင် အနာဂတ်မှာ သူက လောကရဲ့ ထိပ်တန်း အစွမ်းထက်သူတွေ ကြားထဲမှာ နေရာတစ်ခု ရလာနိုင်ခြေ အရမ်းများတယ်..."
ထို့ပြင် ဝင်္ကပါတားမြစ်ချက်များကို လျစ်လျူရှုနိုင်သော ကျုံးချင်၏စွမ်းဆောင်ရည်က သူ့ကိုအမြင်သစ်ဖြင့် ကြည့်စေခဲ့သည်။
"တကယ်လို့ ငါသာ သူ့ရဲ့ ရိုးသားတဲ့ အကူအညီကို တကယ် ရနိုင်မယ်ဆိုရင် ဖရိုဖရဲချီတချို့ ဆုံးရှုံးရတာက လက်ခံလို့ မရနိုင်စရာ မဟုတ်ဘူးလို့ ငါ ထင်တယ်..."
"အများဆုံးအနေနဲ့ ငါ့ရဲ့ ပြန်လည်နာလန်ထမှု အချိန်က နည်းနည်းပိုကြာသွားမယ်... ပြီးတော့ ချောက်နက်ထဲမှာ နည်းနည်း ပိုကြာကြာနေရမယ်..."
"ငါ ဒီနေရာမှာ နေလာတာ အရမ်းကြာနေပြီပဲ... အချိန်နည်းနည်းပိုတာက ကိစ္စမရှိဘူးလို့ ငါ ထင်တယ်..."
ချောက်နက်အရှင်သခင်သည်သူ စဉ်းစား၍ မရနိုင်ခဲ့သည့်အရာကို ကျုံးချင်အား ထုတ်ဖော်မေးမြန်းလိုက်သည်။
"ဖရိုဖရဲချီက မင်းရဲ့ကျင့်ကြံဆင့် ကြီးထွားမှုနှုန်းကို အရှိန်မြှင့်ပေးနိုင်တာလား..."
ကျုံးချင်က ခေါင်းညိတ်လိုက်သည်။
"ဟုတ်ပါတယ်...ကျေးဇူးပြုပြီး ကျွန်တော့်ရဲ့ တောင်းဆိုချက်ကို ခွင့်ပြုပေးပါ..."
ယခုအချိန်တွင် ချောက်နက်အရှင်သခင်သည် ကျုံးချင်ကို ပို၍ပင် နားမလည်နိုင်တော့ချေ။
ထိုလူငယ်လေးသည် အံ့အားသင့်စရာများစွာကို အမှန်တကယ် ယူဆောင်လာပေးခဲ့သည်။
ထိုထိတ်လန့်ဖွယ် ကျင့်ကြံမှုတိုးတက်နှုန်း ဖြစ်စေ သို့မဟုတ် ဝင်္ကပါစွမ်းအားကို လျစ်လျူရှုနိုင်သည့် စွမ်းဆောင်ရည်ဖြစ်စေ သူ အံ့အားသင့်ခဲ့ရသည်။
ယခုအချိန်တွင် သူ့အတွက်ပင် သန့်စင်ရန် ခက်ခဲသော ဖရိုဖရဲချီကို တစ်ဖက်လူက အသုံးပြုနိုင်ပေ၏။
သေချာသည်မှာ ကျုံးချင်သည် ပို၍ထူးခြားလေလေ ချောက်နက်အရှင်သခင်သည် ပို၍ပျော်ရွှင်လေလေပင်။
မည်သို့ပင်ဆိုစေ ထိုအရာမှာ သူ၏အနာဂတ် အောင်မြင်မှုများ ပို၍မြင့်မားလာမည်ဟု ဆိုလိုခြင်းဖြစ်သည်။
အကြိမ်ကြိမ် စဉ်းစားပြီးနောက်...
"မင်းကို ဖရိုဖရဲချီတွေ နောက်ထပ်သုံးရက် ဝါးမျိုခွင့်ပေးဖို့က မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး...ဒါပေမဲ့ မင်း ငါ့ကို တစ်ခု ကတိပေးရမယ်..."
ကျုံးချင်က တိုက်ရိုက်ပြောဆိုလိုက်၏။
"ကျေးဇူးပြုပြီး ပြောပါ..."
ချောက်နက်အရှင်သခင်က ပြောဆိုသည်။
"တကယ်လို့ အနာဂတ်မှာ တစ်နေ့နေ့ကျရင် မင်းက ငါ့ရဲ့အဆင့်ထိ တကယ် ကြီးထွားလာရင် ငါ့ကို ဘာအခကြေးငွေမှမယူဘဲ တစ်ကြိမ်ကူညီပေးရမယ်..."
"ပြဿနာ မရှိဘူး..."
ကျုံးချင်က အလွန်လွယ်ကူစွာ သဘောတူလိုက်သည်။
ရင်းနှီးမြှုပ်နှံမှုက နေရာတကျ ရှိနေပြီ ဖြစ်ရာ အကယ်၍ သူသည် ကတိတစ်ခုမျှပင် မပေးနိုင်ပါက ထိုအရာမှာ အမှန်တကယ်ကို ရိုးသားမှု ကင်းမဲ့လွန်းရာ ကျပေလိမ့်မည်။
ဤသို့ဖြင့် ရင်းနှီးစွာ စေ့စပ်ညှိနှိုင်းမှုတစ်ခု အဆုံးသတ်ပြီးနောက် နှစ်ဖက်လုံးသည် ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် အသစ်တစ်ခုကို ရရှိခဲ့ကြ၏။
"တခြား ဘာမှ မရှိတော့ဘူးဆိုရင် ကျွန်တော် အခု သွားတော့မယ်..."
အထွေထွေအစီအစဉ်ကို အတည်ပြုပြီးပြီ ဖြစ်သည်ကို မြင်ချိန်တွင်...
ကျုံးချင်သည် ထွက်ခွာရန် ဟန်ပြင်လိုက်သည်။
ထိုဖရိုဖရဲချီများသည် ကိုယ်ပိုင်ကမ္ဘာငယ်လေး၏တိုးတက်မှုအတွက် အလွန်အမင်း အထောက်အကူပြုသည်။
သူ ဖြုန်းတီးလိုက်ရသော စက္ကန့်တိုင်းတွင် ကြီးမားသော ဆုံးရှုံးမှုတစ်ခုကို သူ ခံစားရသည်။
"သွားတော့... ငါတို့ရဲ့သဘောတူညီချက်ကို မမေ့နဲ့..."
ချောက်နက်အရှင်သခင်က သူ့ကို ဟန့်တားခြင်း မပြုခဲ့ချေ။
သို့သော် ကျုံးချင်၏ ထွက်ခွာသွားသော ပုံရိပ်ကို ကြည့်ရင်း သူ၏နှလုံးသားထဲတွင် အနည်းငယ် စိတ်မသက်မသာ ဖြစ်နေပေ၏။
အစောပိုင်းက တစ်ဖက်လူကို သူ ခေါ်ခဲ့သည်မှာ ဖရိုဖရဲချီများကို ပြန်ယူရန် မဟုတ်လော...
ယခုအချိန်တွင် သူ၏ဖရိုဖရဲချီများ ပြန်မရခဲ့ရုံသာမက ပိုပေးရမည်ဟုပင် သူ သဘောတူလိုက်ရသည်။
ထိုအရာက ရှင်းပြ၍မရသော ဆုံးရှုံးမှုတစ်ခုအလား သူ မည်သည်ကြောင့် ခံစားနေရသနည်း...
သို့သော် ချောက်နက်အရှင်သခင်သည် သူ့ကိုယ်သူ နှစ်သိမ့်ရန် အတင်းအကြပ် ကြိုးစားခဲ့ပေ၏။
ဤသည်မှာ ရင်းနှီးမြှုပ်နှံမှုတစ်ခုမျှပင်။
ထို့ပြင် ရင်းနှီးမြှုပ်နှံမှုများတွင် အကျိုးအမြတ်များ ရှိနေသည်။
ဤအခိုက်အတန့်တွင် ထွက်ခွာသွားပြီဖြစ်သော ကျုံးချင်၏ပုံရိပ် ရုတ်တရက် ရပ်တန့်သွားခဲ့သည်။
ချောက်နက်အရှင်သခင်သည် အလွန် ကောင်းမွန်သူတစ်ယောက် ဖြစ်သည်ဟူသော ခံစားချက်ကို သူ ရရှိခဲ့သည်။
ထို့ပြင် တစ်ဖက်လူထံတွင် ရတနာများစွာ ရှိနေပေ၏။
ဤအတိုင်း ထွက်သွားရန်မှာ...
မည်သည်ကြောင့် သူ အနည်းငယ် ဆုံးရှုံးသွားသကဲ့သို့ ခံစားနေရသနည်း...
ထိုအရာကို တွေးမိချိန်တွင် သူ မရပ်တန့်ဘဲ မနေနိုင်တော့ဘဲ နောက်တစ်ကြိမ် ပြန်လှည့်လာခဲ့သည်။
သူက အရှက်မရှိစွာ ပြောဆိုလိုက်သည်။
"ကျွန်တော်က အရမ်းငယ်သေးတော့ အရွယ်မတိုင်ခင် သေဆုံးသွားနိုင်ခြေက ရှောင်လွှဲလို့ မရပါဘူး... တကယ်လို့ အဲ့ဒီလို ဖြစ်သွားရင် ခင်ဗျားရဲ့ ရင်းနှီးမြှုပ်နှံမှုက အလဟဿ ဖြစ်သွားမှာ မဟုတ်ဘူးလား..."
"ဒါကြောင့်... တကယ်လို့ ခင်ဗျားဆီမှာ ရတနာ ကောင်းကောင်းတွေရှိရင် ကျွန်တော့်ကို နည်းနည်းထပ်ပေးပါ..."
"အဲ့ဒီလိုဆိုရင် ကျွန်တော် အလွယ်တကူ သေမှာ မဟုတ်ဘူးလေ..."
ထိုစကားကိုကြားချိန်တွင် သရဲစိမ်းနှင့် မိုးခေါင်မီးတို့သည် အနည်းငယ် ဆွံ့အသွားခဲ့ကြ၏။
သူတို့ကိုယ်တိုင်နှင့် တစ်ဖက်လူ ကြားရှိ ကွာဟချက်ကို ဤအချိန်အခိုက်အတန့်တွင် သူတို့ အမှန်တကယ် နားလည်သွားခဲ့သည်။
ထိုမျှ ထူထဲသော အရှက်တရားမှာ အမှန်တကယ်ကို ပြိုင်ဘက်ကင်းလှသည်။
ချောက်နက်အရှင်သခင်အတွက်မူ သူထံ၌ ပြောစရာစကားလုံး လုံးလုံးလျားလျား မရှိတော့ချေ။
...