ကန့်သတ်ချက်များကို တွန်းအားပေးခြင်း
Vol. 37 Ch. 370
ငရဲချော်ရည်ထွက်ပေါက်သည် တိတ်ဆိတ်နေပြီး ဆူပွက်နေသော ချော်ရည်များ စီးဆင်းနေသံသာ ရှိပေ၏။
လူများအားလုံး ကျုံးချင်၏အပြုအမူကြောင့် လုံးလုံးလျားလျား စိတ်ဓာတ်ကျသွားခဲ့သည်။
ချောက်နက်အရှင်သခင်သည် ကျုံးချင်ကို ကြည့်ကာ သူ၏စိတ်နှလုံးသားထဲရှိ မငြိမ်မသက်မှုများကို ဖိနှိပ်ရန် ကြိုးစားလိုက်သည်။
"မင်းက ချောက်နက်ထဲကို အဝေးကြီးကနေ ရောက်လာတယ်...ငါ့ရဲ့ပစ္စည်းတွေကို ယူတယ် ငါ့ရဲ့ပစ္စည်းတွေကို သုံးတယ်...ပြီးတော့ မင်းက မကျေနပ်သေးဘူးလား... အခုထိတောင် မင်းက ငါ့ဆီကနေ ရတနာတွေကို တောင်းချင်သေးတာလား..."
ကျုံးချင်က တုံ့ပြန်ပြောဆိုလိုက်၏။
"ဒါက ခင်ဗျားရဲ့ရင်းနှီးမြှုပ်နှံမှု အလဟဿ ဖြစ်သွားမှာကို ကျွန်တော် စိုးရိမ်လို့ မဟုတ်ဘူးလား..အခု အချိန်တွေက အရမ်းခက်ခဲနေတယ် ဆိုတာကို ခင်ဗျားလည်း သိတာပဲ..."
"ကျွန်တော်က ခင်ဗျားရဲ့ရင်းနှီးမြှုပ်နှံမှုအပေါ် အာမခံချက်တစ်ခု ထပ်ထည့်ပေးချင်ရုံ သက်သက်ပါ... ကျွန်တော် အများကြီး မတောင်းဆိုပါဘူး... တစ်ရာ ဒါမှမဟုတ် ရှစ်ဆယ် လောက်ဆို ရပါပြီ..."
ထိုစကားများ ထွက်ပေါ်လာသည်နှင့် တပြိုင်နက် သရဲစိမ်းနှင့်မိုးခေါင်မီးတို့၏ ပါးစပ်များ ရှုံမဲ့သွားပြီး သူတို့၏စိတ်ထဲတွင် အော်ဟစ်လိုက်ကြ၏။
ရတနာများကို လမ်းဘေးရှိ ဂေါ်ဖီထုပ်များအလား သူ အမှန်တကယ် ထင်မှတ်နေသလော...
မည်မျှထိ လိုချင်လိုချင်ရနိုင်သည်ဟု သူ ထင်မှတ်ထားပုံရသည်။
ဤသည်မှာ ကျုံးချင် ဖြစ်နေသောကြောင့်သာ ဖြစ်သည်။ အကယ်၍ တခြားတစ်ယောက်ယောက်ကသာ အရှင်ထံသို့ ထိုကဲ့သို့ တောင်းဆိုမှုမျိုး ပြုလုပ်ပါက ထိုလူ၏အရိုးပြာများ ပြန့်ကျဲသွားလောက်လေပြီ။
ငရဲချော်ရည်အတွင်းရှိ ချောက်နက်အရှင်သခင်၏မျက်နှာ သုန်မှုန်နေခဲ့သည်။
အချိန်အတော်ကြာပြီးနောက်...
"တစ်ရာ ဒါမှမဟုတ် ရှစ်ဆယ်တော့ မရှိဘူး...တစ်ခုပဲ ရှိတယ်... အချိန်စေတီ...ယူမလား မယူဘူးလား..."
သူ စကားပြောဆိုနေစဉ်မှာပင် မြေအောက် ချော်ရည်များအတွင်းမှ အလင်းတန်းတစ်ခု ပျံ့လွင့်လာသည်။
ထိုအရာသည် ကျုံးချင်ထံသို့ တိုက်ရိုက် ပျံသန်းသွားပေ၏။
ကျုံးချင် ထိုအရာကို လက်ခံရရှိပြီးနောက် ချောက်နက်အရှင်သခင်၏ စိတ်မရှည်သော အသံ ထွက်ပေါ်လာခဲ့သည်။
"ဒီအချိန်စေတီကို ယူပြီး ထွက်သွားတော့..."
ယခုအချိန်တွင် ကျုံးချင်ကို မြင်ရုံဖြင့် သူ ဒေါသထွက်နေလေပြီ။
"ကျေးဇူးပဲ..."
ချောက်နက်အရှင်သခင်သည် ဒေါသကြောင့် ပေါက်ကွဲထွက်လုနီးပါး ဖြစ်နေကြောင်းကို ကျုံးချင်လည်း မြင်တွေ့ခဲ့ရသည်။
သူ ထပ်မံရန်စ၍ မရနိုင်တော့ချေ။
ကျေးဇူးတင်စကား ပြောပြီးနောက် သူသည် မူလလမ်းကြောင်းအတိုင်း ချက်ချင်း နောက်ကြောင်းပြန်လှည့်သွားခဲ့သည်။
လမ်းတစ်ဝက်တွင် ကျုံးချင်သည် သူ၏လက်ထဲရှိ လက်တဖဝါး အရွယ်အစားရှိသော စေတီငယ်လေးကို ကြည့်ရင်း အလွန်ကောင်းမွန်သော ခံစားချက်ကို ရရှိနေပေ၏။
သူသည် သူ၏ကံကို စမ်းကြည့်ရန်သာ မူလက တွေးခဲ့သော်လည်း ရတနာ တစ်ခုကို အမှန်တကယ် ရရှိလိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။
ထို့ပြင် ချောက်နက်အရှင်သခင်သည် အံ့အားသင့်စရာ ကောင်းလောက်အောင် တွေးခေါ်တတ်သည်။
အချိန်စေတီတွင် ထိုအရာ၏အသုံးပြုပုံကို အသေးစိတ် ဖော်ပြထားသော ကျောက်စိမ်းပြား တစ်ခု ချိတ်ဆွဲထားပေ၏။
ထိုအရာကို လေ့လာပြီးနောက် ကျုံးချင်၏ စိတ်ဓာတ်ကြံ့ခိုင်မှုဖြင့်ပင် သူ အံ့အားသင့်မသွားဘဲ မနေနိုင်ခဲ့ချေ။
ထိုအချိန်စေတီတွင် အလွန်အမင်း ကောင်းကင်ကို ဆန့်ကျင်သော လုပ်ဆောင်ချက်တစ်ခု ရှိနေသည်။
ထိုစေတီအတွင်းတွင် ရှိနေခြင်းက အချိန်စီးဆင်းမှုနှုန်းကို အရှိန်မြှင့်တင်ပေးနိုင်ပေ၏။
ထို့ပြင် အချိန်အချိုးအစားမှာ အများဆုံး အဆ တစ်ထောင်အထိ ရောက်ရှိနိုင်သည်။
ဤသည်က မည်ကဲ့သို့ သဘောတရားမျိုး ဖြစ်သနည်း...
ထိုအရာမှာ အချိန်စေတီအတွင်းတွင် နှစ်တစ်ထောင် ကျင့်ကြံခြင်းက အပြင်ဘက်တွင် တစ်နှစ်သာရှိမည်ဟု ဆိုလိုခြင်းပင်။
ဤသည်မှာ ယုံမှားသံသယဖြစ်ဖွယ် မရှိအောင်ပင် ကျင့်ကြံခြင်းအတွက် အထွတ်အထိပ်ရတနာ တစ်ခုဖြစ်သည်။
ချောက်နက်အရှင်သခင်၏ လက်ဝယ်တွင် ပစ္စည်းကောင်းများရှိကြောင်း ကျုံးချင် သိထားပေ၏။
သို့သော် ဤမျှထိ ကောင်းမွန်သော အရာမျိုး ရှိနေလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။
ဤအထွတ်အထိပ်ရတနာသည် သူ့အတွက် အမှန်တကယ်ကို အလွန်အသုံးဝင်လှသည်။
ထိုအရာက သူ၏ အရေးတကြီး လိုအပ်ချက်ကို လုံးလုံးလျားလျား ဖြေရှင်းပေးနိုင်ပေ၏။
မည်သို့ပင်ဆိုစေကာမူ သူ့တပည့်များ၏ ကျင့်ကြံခြင်းပါရမီသည် အမှန်တကယ်ပင် ကောင်းကင်ဘုံကို ဆန့်ကျင်နေသော်လည်း သူတို့၏အားနည်းချက်များမှာလည်း သိသာထင်ရှားလှသည်။
ဤသည်မှာ ကျင့်ကြံခြင်းလမ်းကြောင်းပေါ်တွင် သူတို့ကိုယ်သူတို့ တိုးတက်အောင်လုပ်နိုင်သည့် အချိန် တဖြည်းဖြည်း တိုတောင်းလာခြင်းပင်။
ယခုအချိန်တွင် လှည့်စားမှုတစ်ခုနီးပါး ဖြစ်သည့် အထွတ်အထိပ်မှော်ရတနာတစ်ခုဖြင့် သူတို့၏စွမ်းအားသည် သင့်လျော်သောအချိန်တွင် လျင်မြန်သော တိုးတက်မှုတစ်ခုကို သေချာပေါက် ကြုံတွေ့ရပေမည်။
လမ်းတလျှောက်လုံး ကျုံးချင်သည် လေထဲတွင် လွင့်မျောနေသကဲ့သို့ လမ်းလျှောက်နေခဲ့သည်။
ထို အချိန်စေတီတွင် ကြိုတင်သတ်မှတ်ချက် တစ်ခုရှိသော်လည်း ဤသည်မှာ ထိုအရာကို မောင်းနှင်ရန် များပြားသော စိတ်ဝိညာဉ်ကျောက်တုံးပမာဏ လိုအပ်ခြင်းပင်။
သို့သော် ထိုအရာ၏ ကောင်းကင်ကို ဆန့်ကျင်သော ထိရောက်မှုနှင့် နှိုင်းယှဉ်ပါက ထိုကြိုတင် သတ်မှတ်ချက်လေးသည် အမှန်တကယ်ကို ဖော်ပြရန်ပင် မထိုက်တန်ချေ။
သို့သော် အနာဂတ်တွင် မမျှော်လင့်ထားသော လိုအပ်ချက်များအတွက် စိတ်ဝိညာဉ်ကျောက်တုံးများကို သူ ပို၍စုဆောင်းရပေမည်။
အချိန်စေတီနှင့် အနည်းငယ် ဆော့ကစားပြီးနောက် ကျုံးချင်သည် ဖရိုဖရဲချီများအပေါ်သို့ ပြန်လည်၍ အာရုံစိုက်လိုက်၏။
သူသည် ယခင်က သူ ရှိနေခဲ့သော ရှေးဟောင်း လမ်းသို့ ပြန်သွားကာ ပလ္လင်ခွေထိုင်ပြီး ဖရိုဖရဲချီများကို စတင်၍ ဝါးမျိုလိုက်သည်။
သုံးရက်ဆိုသည်မှာ မရှည်လျားသလို မတိုတောင်းလှချေ။
ပထမနေ့....
ဖရိုဖရဲချီအမြောက်အများ ဝင်ရောက်လာသည်နှင့်အမျှ ကိုယ်ပိုင်ကမ္ဘာငယ်လေးသည် လောကကြီးကို တုန်လှုပ်သွားစေနိုင်သော အပြောင်းအလဲများကို ကြုံတွေ့ခဲ့ရသည်။
ပထမအချက်အနေဖြင့် ထိုအရာ၏ထုထည်သည် ကြီးမားသော အတိုင်းအတာ တစ်ခုအထိ နောက်တစ်ကြိမ် တိုးတက်လာခဲ့သည်။
ကမ္ဘာငယ်လေး၏အချင်းမှာ မိုင်တစ်သိန်းအဆင့်သို့ ရောက်ရှိသွားခဲ့ပေ၏။
ဒုတိယအချက်အနေဖြင့် တောင်များနှင့်မြေကြီးပေါ်တွင် အပင်များ အရိုင်းဆန်စွာ ပေါက်ရောက်လာခဲ့သည်။
တောအုပ်များနှင့်အိုအေစစ်များသည်လည်း ရှင်းလင်းစွာ ထွက်ပေါ်လာခဲ့သည်။
ဒုတိယနေ့....
ကိုယ်ပိုင်ကမ္ဘာငယ်လေးသည် များစွာမပြောင်းလဲတော့ဘဲ အတားအဆီးတစ်ခုခုနှင့် ကြုံတွေ့ရသကဲ့သို့ ဖြစ်နေခဲ့သည်။
ထိုအရာအတွင်း၌ အလွန်များပြားသော ဖရိုဖရဲချီများကို သိမ်းဆည်းထားလေ၏။
တတိယနေ့....
ကိုယ်ပိုင်ကမ္ဘာငယ်လေး၏ ဗဟိုချက်တွင် ကျန်း တစ်ရာအရွယ်အစားရှိ ရေကန်တစ်ခု ထွက်ပေါ်လာပြီး ဖရိုဖရဲချီအမြောက်အများဖြင့် ပြည့်နှက်နေခဲ့သည်။
ထိုဒြပ်စင်သည် ကမ္ဘာငယ်လေး၏ အခြေခံအုတ်မြစ် ဖြစ်လာကြောင်း သိသာထင်ရှားသည်။
နောက်ဆုံးနှစ်ရက်အတွင်း ကိုယ်ပိုင်ကမ္ဘာငယ်လေး၏ထုထည်သည် တိုးတက်မလာသော်လည်း...
သို့သော် ထိုရက်အနည်းငယ်အတွင်း၌ ကိုယ်ပိုင်ကမ္ဘာငယ်လေးတွင် ကောင်းကင်ဘုံတေးသံများ ဟိန်းဟောက်နေသော တာအိုအသံများ မြည်ဟီးနေသည်။ ထို့ပြင် တလက်လက် တောက်ပနေသော နတ်ဘုရား အလင်းတန်းများနှင့် ပျံ့နှံ့နေသော သက်ရှိ စွမ်းအားများဖြင့် ပြည့်နှက်နေပြီး ကောင်းကင်နှင့်မြေပြင် ကြားတွင် ဥပဒေသစွမ်းအားများပင် လူးလွန့်နေပေ၏။
ထိုအရာသည် ဥပဒေသ၏စွမ်းအားကို အစပြုနေခဲ့လေပြီ။
ထို့ပြင် ထိုရက်အနည်းငယ်အတွင်းတွင် နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦး၏ ရရှိမှုများသည်လည်း ထပ်တူထပ်မျှ ကြီးမားလှပေ၏။
သူတို့၏ဒဏ်ရာများ လုံးလုံးလျားလျား ပျောက်ကင်းသက်သာသွားခဲ့သည်။
ယခင်က သူတို့၏ အမြင့်ဆုံးစွမ်းအားမှာ ကွေ့ယီနယ်ပယ်ပင်။
ကျင့်ကြံဆင့်နယ်ပယ်များသည် ရုပ်ခန္ဓာကိုယ် သန့်စင်ခြင်းမှစ၍ မွေးရာပါနယ်ပယ် ကြယ်တာရာနက်နဲသိမ်မွေ့နယ်ပယ် လမင်းနက်နဲသိမ်မွေ့နယ်ပယ် နေမင်းနက်နဲသိမ်မွေ့နယ်ပယ် ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ်ပြီးနောက် ယင်သုံးပါးနယ်ပယ် ယန်သုံးပါးနယ်ပယ် ဓမ္မသောင်းချီနယ်ပယ်နှင့် ကွေ့ယီနယ်ပယ်အထိပင်။
မွေးရာပါနယ်ပယ်မတိုင်မီက သူတို့ကို သေမျိုးများဟု ခေါ်ဆိုကြပြီး ကြယ်တာရာနက်နဲသိမ်မွေ့နယ်ပယ်နောက်ပိုင်းတွင် ကျင့်ကြံသူတစ်ဦးဟု ခေါ်ဆိုနိုင်သည်။
ထို့ပြင် ဓမ္မသောင်းချီနယ်ပယ်သို့ ရောက်မှသာ ကျင့်ကြံခြင်း၏ အစစ်အမှန်အဓိပ္ပာယ်မှ အရိပ်အယောင်ကို မြင်တွေ့နိုင်ပေမည်။
ရှေးဟောင်းစာပေများတွင် ဓမ္မသောင်းချီနယ်ပယ်ကို ကျင့်ကြံခြင်း၏တံခါးပေါက်သို့ အမှန်တကယ် ဝင်ရောက်ခြင်းဟုလည်း လူသိများပြီး မဟာကျင့်ကြံသူဟုလည်း ရည်ညွှန်းထားကြ၏။
ကွေ့ယီနယ်ပယ်...
ထိုအရာသည် ဥပဒေသများအားလုံး တစ်ခုတည်းသို့ ပြန်လည်ရောက်ရှိခြင်း ဟူသော အဓိပ္ပာယ်မှနေ၍ ထိုနယ်ပယ်၏နာမည်ကို ယူဆောင်ထားခြင်းပင်။
ထိုနယ်ပယ်သည် ကျင့်ကြံခြင်းလမ်းကြောင်းပေါ်တွင် အလွန်ဝေးကွာသော အကွာအဝေး တစ်ခုကို ဖြတ်သန်းခဲ့ပြီး ဖြစ်ပေ၏။
ဤသည်ကို ကျင့်ကြံခြင်းလမ်းကြောင်း၏ အမြင့်ဆုံး အမှတ်ငယ်လေးတစ်ခုဟုပင် ခေါ်ဆိုနိုင်သည်။
ကွေ့ယီနယ်ပယ်ပြီးနောက် ကျင့်ကြံခြင်းလမ်းကြောင်းသည် လုံးလုံးလျားလျား တခြားအဆင့်တစ်ခု ဖြစ်သွားလေပြီ။
ထိုအဆင့်မှာ 'လူသား'တစ်ယောက်၏ နယ်ပယ်ကိုပင် ကျော်လွန်သွားပြီး အင်မော်တယ်များနှင့် နတ်ဘုရားများ၏ အဆင့်ဆီသို့ စတင်၍ ဆင့်ကဲပြောင်းလဲသွားခဲ့သည်။
ဤအချိန်အခိုက်အတန့်တွင် နတ်ဆိုးစစ်သူကြီး ဆယ့်နှစ်ဦးသည် ယုံမှားသံသယဖြစ်ဖွယ် မရှိအောင်ပင် စိတ်လှုပ်ရှားနေကြသည်။
နှစ်ကာလများ မည်မျှထိများများ ကြာမြင့်ခဲ့ပြီနည်း....
သူတို့သည် နတ်ဆိုးသင်္ချိုင်းနယ်မြေတွင် မရေမတွက်နိုင်သော နှစ်ပေါင်းများစွာကြာအောင် နေထိုင်ခဲ့ကြ၏။
သူတို့သည် အကြွင်းအကျန်စိတ်ဝိညာဉ်အခြေအနေမှ ယခုအချိန်တွင် သူတို့၏အထွတ်အထိပ်သို့ ပြန်လည်ရောက်ရှိလာခြင်းအထိ...
ကြာမြင့်ခဲ့သောအချိန်မှာ တစ်နှစ်ခွဲပင် မရှိသေးချေ။
သူတို့၏ကျင့်ကြံဆင့်သည် အထွတ်အထိပ်အခြေအနေသို့ ပြန်လည်၍ ရောက်ရှိလာသည်နှင့်အမျှ နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦး၏ အစစ်အမှန်ပုံစံများသည် သာမန် မွေးမြူရေး တိရစ္ဆာန်များနှင့် မတူညီတော့ပေ။
သူတို့တစ်ဦးစီတိုင်းသည် သာမန်ထက် သာလွန်ထူးကဲသော နတ်ဆိုးအရှိန်အဝါကို ပြသနေကြ၏။
ကြက်ပေါက်စတစ်သည် ကြက်တစ်ကောင်ပုံစံသာ ရှိနေသေးသော်လည်း ကြမ်းတမ်းသော စွမ်းအား ပေါက်ကွဲမှုများက သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်နေခဲ့သည်။
သူသည် ပြိုင်ဘက်ကင်းသော နတ်ဆိုးကြီးတစ်ကောင်အလားပင်။
"ငါ့ရဲ့အထွတ်အထိပ်အခြေအနေကို ပြန်ရောက်လာပြီ..."
တောင်မြင့်ကြီးတစ်လုံးပေါ်တွင် ကြက်ပေါက်စတစ်သည် ကျောက်တုံးတစ်တုံးပေါ်တွင် မတ်တတ်ရပ်နေပြီး သူ၏ခေါင်းပေါ်ရှိ ကြက်မွှေးသုံးချောင်းသည် လေထဲတွင် လူးလွန့်နေသည်။ သူ့ထံ၌အားများ ပြည့်ဝနေပြီး တောက်ပမှုအရှိန်အဝါများကို ထုတ်လွှတ်ထားသည်။
တခြားနတ်ဆိုးစစ်သူကြီးများသည်လည်း တောင်ထိပ်အသီးသီးပေါ်တွင် ပြန့်ကျဲနေပြီး လောကကြီးကို လွှမ်းမိုးထားသော နတ်ဆိုးများ အားလုံး အတူတကွစုဝေးနေသည့် ခံစားချက်ကို အမှန်တကယ် ပေးစွမ်းနေခဲ့သည်။
နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦးသည် သူတို့၏ အထွတ်အထိပ် အခြေအနေသို့ ပြန်လည်ရောက်ရှိသွားသည်နှင့်အမျှ...
သူတို့ တစ်ဦးစီတိုင်းက ထူးဆန်းသော ရယ်မောသံများကို မထုတ်လွှတ်ဘဲ မနေနိုင်ခဲ့ကြချေ။
သူတို့သည် မာနထောင်လွှားနေပြီး ပျော်ရွှင်မြူးထူးနေကာ အော်ဟစ်နေကြသည်။
ကောင်းကင်နှင့်မြေပြင်ကြားတွင် တစ္ဆေများ ငိုကြွေးပြီး ဝံပုလွေများ ဟိန်းဟောက်နေသည့်အလား နတ်ဆိုးများ၏ဟိန်းဟောက်သံများမှလွဲ၍ တခြားမည်သည့်အရာမျှ မရှိချေ။
"မင်းတို့ ဘာလုပ်နေကြတာလဲ..."
ဤနေရာတွင် သုံးရက် ပြည့်သွားသည်နှင့် တပြိုင်နက် ကျုံးချင်သည် လုံလောက်အောင် ဝါးမျိုပြီးပြီဟု ခံစားမိပေ၏။
အကယ်၍ သူသာ ဖရိုဖရဲချီများကို ဆက်လက်၍ ဝါးမျိုနေမည်ဆိုပါက ချောက်နက်အရှင်သခင်၏ဒေါသများ သေချာပေါက် ပေါက်ကွဲသွားလောက်သည်။
တစ်ဖက်လူ၏ အခြေခံအုတ်မြစ်ကို ထည့်သွင်း စဉ်းစားကြည့်လျှင် အကယ်၍ အကျိုးဆက်ကို ဂရုမစိုက်ဘဲ သူ့ကို သတ်ရန် အမှန်တကယ် ဆုံးဖြတ်လိုက်ပါက ကျုံးချင်သည် တန်ကြေးတစ်ခုကို သေချာပေါက် ပေးဆပ်ရပေမည်။
ထို့ကြောင့် အဓိကအချက်မှာ သူ၏လုပ်ရပ်များ အတိအကျ မှန်ကန်နေရန်ပင်။
ထို့ကြောင့် ဖရိုဖရဲချီများအား ဝါးမျိုခြင်းကို ရပ်တန့်ပြီးနောက် ကမ္ဘာငယ်လေးကို စစ်ဆေးရန် သူ ပြင်ဆင်လိုက်၏။ ကမ္ဘာငယ်လေး၏ အပြောင်းအလဲများကို ကြည့်ရှုပြီးသည်နှင့် တပြိုင်နက် နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦး၏ အထိန်းအကွပ်မဲ့သော ရယ်မောသံများကို သူ ကြားလိုက်ရသည်။
သူ မျက်မှောင်ကြုတ်ကာ မမေးမြန်းဘဲ မနေနိုင်ခဲ့ချေ။
ထိုစကားကိုကြားချိန်တွင် နတ်ဆိုးစစ်သူကြီး ဆယ့်နှစ်ဦး၏ရယ်မောသံများ ရုတ်တရက် ရပ်တန့်သွားခဲ့သည်။
"သခင်..."
ကျုံးချင်၏ပုံရိပ်ကို မြင်တွေ့ပြီးနောက် သူတို့ အားလုံးသည် သူတို့၏ အရိုင်းဆန်မှုများ ပျောက်ဆုံးသွားပြီး သူတို့၏ မာနထောင်လွှားမှုများ ပျောက်ကွယ်သွားကာ သူ၏ရှေ့သို့ အပြေးသွားခဲ့ကြသည်။
သူတို့သည် မယုံနိုင်လောက်အောင် နာခံရို့ကျိုးမှု ရှိနေခဲ့ကြ၏။
ကျုံးချင်က ထိုကောင်စုတ်များကို လျစ်လျူရှုလိုက်သည်။
ထိုအစား ကိုယ်ပိုင်ကမ္ဘာငယ်လေးကို သူ စတင်၍ စစ်ဆေးလိုက်ရာ သူ၏ရှေ့ရှိ မြင်ကွင်းက သူ့ကို သူစိမ်းဆန်သော ခံစားချက်တစ်ခုအား ပေးစွမ်းနေခဲ့သည်။
အကြောင်းအရင်းမှာ ထိုအရာ၏ အပြောင်းအလဲများသည် အလွန်အံ့အားသင့်ဖွယ် ကောင်းနေသောကြောင့်ပင်။
ဤသည်က အလွန်အံ့အားသင့်စရာ ကောင်းလွန်းသဖြင့် သူပင်လျှင် မမှတ်မိနိုင်လုနီးပါး ဖြစ်နေခဲ့သည်။
Thank For Reading.