အပိုင်း(၁၇၀)-ရှီမာမျိုးနွယ်အား ဆန့်ကျင်သည့် ရှီမာမျိုးနွယ်
Vol. 002 Ch. 170
ရှီမာယူယူသည် ခဏတာတွေးဆပြီး ပြောလိုက်သည် “သခင်မ၊ ကျွန်တော်တို့မှာ လုပ်စရာရှိသေးလို့ အကြာကြီးတော့ နေလို့မရဘူး၊ သားရဲစီးကြောင်းက မြန်မြန်ဖြစ်ခဲ့မယ်ဆိုရင်တော့ ကျွန်တော်တို့အားနဲ့ သေချာပေါက်ကူညီမှာပါ၊ ကျွန်တော်တို့ နှစ်တစ်ဝက်လောက် စောင့်ဖို့ဖြစ်နိုင်ပေမယ့် အဲထက်တော့ ကြာလို့မဖြစ်ဘူး”
“ဘာလုပ်စရာရှိတာလဲ မေးလို့ရမလား” စွန်းလီလီပြောလိုက်သည်။
“လူကယ်ဖို့” ရှီမာယူယူသည် ဖုံးကွယ်ရန်အစီအစဉ်မရှိပေ။ “လွန်ခဲ့တဲ့ နှစ်နှစ်က ရှီမာမျိုးနွယ်က ကျွန်တော့် အဖိုးနဲ့ အစ်ကိုတွေကို ဖမ်းသွားတယ်၊ အဲအချိန်တုန်းက အဲလူတွေနဲ့ သုံးနှစ်ကတိရှိခဲ့တယ်၊ ကျွန်တော့်အဖိုးနဲ့ တခြားသူတွေကို သုံးနှစ်အတွင်းကယ်ရမယ်”
“အဲလိုကိုး” စွန်းလီလီသည် နားလည်စွာဖြင့် ခေါင်းညိတ်ကာ ပြောလိုက်သည် “ဒါဆို မင်းတို့အချိန်ဘယ်လောက်ကျန်သေးတာလဲ”
“နှစ်တစ်ဝက်တိတိ” ရှီမာယူယူပြန်ဖြေသည်။
မြို့တော်တွင် ကြန့်ကြာနေသည်မှာ နှစ်တစ်ဝက်၊ ဆိုဖီယာတောင်တန်းမှာ နေသည်က နှစ်နှစ်ဖြစ်၍ သူမတွင် ကျန်ရှိသည်မှာ နှစ်တစ်ဝက်အချိန်သာဖြစ်သည်။
“ရှီမာမျိုးနွယ်က လူတွေကကောင်းတာကို မရှိဘူး၊ အဲအချိန်တုန်းက မင်းနဲ့ သဘောတူညီချက်ရခဲ့တာ ဘယ်သူလဲ၊ အဲလူက ယုံရော ယုံလို့ရရဲ့လား” ဘိုင်ယွန်ရွှီသည် ရှီမာမျိုးနွယ်မှ လူများအား မုန်းတီးကာ ဒေါသြဖ့် လက်သီးအား တင်းကျပ်စွာဆုပ်ထားမိလေသည်။
“ရှီမာလင်းနဲ့ သဘောတူထားတာပါ” ထိုနှစ်ကဖြစ်ခဲ့သော အရာများကို တွေးရင်း ရှီမာယူယူ၏ မျက်လုံးသည် အေးစက်လာသည်။
“ရှီမာလင်းဟုတ်လား” ထိုနာမည်အားကြားသည်နှင့် ဘိုင်ယွန်ရွှီ၊ စွန်းလီလီနှင့် လီကီတို့သည် မျက်မှောင်ကြုတ်သွားကြသည်။
သူတို့သည် ထိုနာမည်အား မကြားဖူးသည့်ပုံပင်။
“ဘာဖြစ်လို့လဲ၊ အဲလူက မကောင်းဘူးလား၊ အဲလူက ကိုယ့်စကားကိုယ်မတည်ဘူးလို့တော့ မပြောနဲ့နော်” သူတို့ ပြဿနာတက်နေသည်ကို မြင်သည်နှင့် ဖက်တီးကျူ ရင်ခုန်သံများ မြန်လာသည်။
“ရှီမာလင်းရဲ့ အားအဆင့်က ဘယ်လောက်လဲ” စွန်းလီလီသည် ပြန်မဖြေပဲ မေးလိုက်သည်။
“လွန်ခဲ့တဲ့နှစ်နှစ်လောက်ကတော့ သူက အဆင့်မြင့်ဝိညာဉ်ဧကရာဇ်ပဲ၊ အခုတော့ စံတင်အဆင့်ဝိညာဉ်ဖြစ်နေလောက်ပြီလားတော့ မသိဘူး” ရှီမာယူယူသည် စွန်းလီလီ၏ ထူးဆန်းသော မျက်နှာထားအားကြည့်ကာ မေးလိုက်သည် “ဘာပြဿနာရှိလို့လဲ”
“ယူယူ ငါတို့သိရသလောက်တော့ ရှီမာမျိုးနွယ်မှာ ရှီမာလင်းဆိုတဲ့လူ မရှိဘူး” ဘိုင်ယွန်ရွှီပြောလိုက်သည်။
“အဲလိုလူမရှိဘူး ဟုတ်လား၊ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ” ရှီမာယူယူနှင့် ဝေကျိရွှီတို့၏ မျက်နှာသည် မယုံနိုင်ခြင်းများ ဖြစ်ပေါ်နေသည်။
ရှီမာမိသားစုသာဖြစ်ပါက အဲလိုလူမရှိတာ ဖြစ်နိုင်ပါ့မလား။
“ဟုတ်တယ်၊ သူသာ စံတင်အဆင့်ဝိညာဉ်သာဆိုရင် သူလအနောက်တိုင်းပြည်မှာ ကျော်ကြားတဲ့သူဖြစ်မှာပဲ၊ ဒါပေမယ့် ရှီမာမိသားစုမှာ ဝိညာဉ်ဧကရာဇ် ရှီမာလင်းဆိုတာ မရှိဘူး” လီကီရှင်းပြသည်။
“ဘယ်လိုလုပ်….”
“ရှီမာလင်းဆိုတာ မရှိဘူး” ရှီမာယူယူသည် စိတ်ငြိမ်ငြိမ်ထားကာ မေးလိုက်သည် “ဒါဆို ရှီမာခိုင်၊ ရှီမာခစ်ရော ရှိလား”
“မရှိဘူး၊ မင်းပြောတဲ့ အဲလူတွေကို ကြားကိုမကြားဖူးဘူး၊” ဘိုင်ယွန်ရွှီပြောလိုက်သည် “ငါတို့နဲ့ ရှီမာမိသားစုက ငြိမ်းချမ်းရေးမြို့တော်မှာနေကြတာ၊ အဲလူတွေရှိရင် မသိစရာအကြောင်းမရှိဘူး”
ရှီမာယူယူ ထိုင်ခုံတွင် ထိုင်ကာ ခဏတာမျှ တုန့်ပြန်နိုင်ခြင်းမရှိပေ။
“တစ်ခုခုများမှားနေမလား၊ မင်းရှာနေတဲ့ ရှီမာမိသားစုက ငြိမ်းချမ်းရေးမြို့တော်က မဟုတ်တာလား” ဘိုင်ယွန်ရွှီခန့်မှန်းသည်။
“မဖြစ်နိုင်ဘူး” ဘေဂုံထန်ပြောလိုက်သည် “တိုင်းပြည်တစ်ခုထဲမှာ မျိုးနွယ်တူတဲ့ မိသားစုရှိတာ မထူးဆန်းဘူး”
“ဒါဆို ငြိမ်းချမ်းရေးမြို့တော်က ရှီမာမိသားစုကလွဲလို့ ရှီမာ မိသားစုနာမည်ရှိတဲ့ တခြားနေရာမရှိဘူးလား” ဝူရန်ဖေမေးလိုက်သည်။
“ရှီမာမိသားစုနာမည်ရှိတဲ့ မိသားစုတော့ငါမသိဘူး” စွန်းလီလီပြောလိုက်သည် “ဒါပေမယ့် မင်းပြောတဲ့ မိသားစုက မင်းရင်ဆိုင်ရမယ့် အတားအဆီးအကြီးကြီးဖြစ်လောက်တယ်”
“သခင်မပြောတဲ့ မျိုးနွယ်က ဘာမျိုးနွယ်လဲ” ဖက်တီးကျူမေးလိုက်သည်။
စွန်းလီလီ ခဏတာမျှစဉ်းစားကာ ပြန်ဖြေလိုက်သည် “အလယ်ပိုင်းဝူတိုင်းပြည်မှာ ရှီမာမျိုးနွယ်ရှိတယ်လို့ ငါတို့မိသားစုတစ်ယောက်ပြောတာ ကြားဖူးတယ်….”
အလယ်ပိုင်း ဝူတိုင်းပြည်အကြောင်းကြားသည်နှင့် လီကီနှင့် ဘိုင်ယွန်ရွှီတို့သည် အလန့်တကြားဖြင့် ခုံမှထကာ ပြောလိုက်သည် “ဒေါ်လေးပြောတာ အဲမျိုးနွယ်တော့မဟုတ်ပါဘူးနော်”
“ဘာမျိုးနွယ်လဲ” ဖက်တီးကျူမေးလိုက်သည်။
“တကယ်တော့ ငါတို့က အင်ပါယာလေးခုက တစ်ခုအပါအဝင်ဖြစ်ပေမယ့် အလယ်ပိုင်းဝူတိုင်းပြည်က လူတွေက တခြားသုံးနိုင်ငံထက် ဝိညာဉ်မှာ ပိုသန်မာကြတယ်” ဘိုင်ယွန်ရွှီပြောလိုက်သည် “သူတို့ တစ်ယောက်တည်းရဲ့ ပကတိ စွမ်းအားတောင်မှ ငါတို့ထက် ပိုအားကောင်းတယ်”
“ဘာလို့အဲလိုဖြစ်ရတာလဲ”
“မင်းကို အရင်ကငါမပြောဘူးလား၊ ရီလင်းပြည်မကြီးမှာ စွမ်းအားတွေက သုံး၊ခြောက်၊ကိုးဆိုပြီး ခွဲထားတယ်ဆိုတာ” ဘိုင်ယွန်ရွှီပြောလိုက်သည် “အလယ်ပိုင်း ဝူတိုင်းပြည်ရဲ့ အကောင်းဆုံးထဲက တစ်ခုနဲ့ ဒုတိယအကောင်းဆုံးက….”
“ရှီမာမျိုးနွယ်…”
“အရင်က ရှီမာမျိုးနွယ်က အားအကောင်းဆုံးပဲ ဒါပေမယ့် သိပ်မကြာသေးဘူး၊ သူတို့ကျသွားပြီး အဆင့်နှစ်ဖြစ်သွားတယ်” စွန်းလီလီပြောလိုက်သည် “ဒါပေမယ့် ပြောရကြေးဆိုရင် ဆင်ပိန်ရင် ကျွဲလောက်တော့ ရှိကြတာပဲ၊ ရှီမာမျိုးနွယ်က အရင်ကလောက်အားမကောင်းတော့ပေမယ့် သာမာန်လူတွေ မကိုင်လှုပ်နိုင်ကြဘူး၊ အဲဒါကြောင့်ငါပြောတာ မင်းရှာနဲ့ ရှီမာမျိုးနွယ်ဆိုရင်တော့ မင်းပြိုင်ဘက်အကြီးကြီးကို ရင်ဆိုင်ရမှာပဲ”
စွန်းလီလီပြောသည်ကို ကြားသည့်နောက်တွင် ရှီမာယူယူနှင့် တခြားသူများသည် တိတ်ဆိတ်သွားကြသည်။
သူတို့ဆိုဖီယာတောင်တန်းတွင်ရှိစဉ်က ဘိုင်ယွန်ရွှီသည် သူတို့အား သုံး၊ခြောက်၊ကိုးနှင့် တခြားအားများအကြောင်း ပြောဖူးသည်။ ထိပ်တန်းအင်အားရှိရန်အတွက် စံတင်အဆင့်ဝိညာဉ် လူနှစ်ဆယ်နှင့်အထက်၊ ဝိညာဉ်ဧကရာဇ် အနည်းဆုံး အယောက်တစ်ရာရှိရမည်။ သူတို့သည် လေ့ကျင့်ခြင်း အရင်းအမြစ်များပိုင်ဆိုင်ကြပြီး အင်အားထောက်ပံ့ခြင်းများလည်း ရရှိကြသည်။
အလယ်ပိုင်းဝူတိုင်းပြည်မှ ရှီမာမိသားစုသာဖြစ်ပါက ရှီမာလိုင်နှင့် တခြားသူများကိုကယ်တင်ခြင်းသည် အလွန်အမင်းခက်ခဲသွားမည်ဖြစ်သည်။
“အဲဒီရှီမာမျိုးနွယ်နှစ်ခုအပြင် ရှီမာနာမည်နဲ့ တခြားမျိုးနွယ်မရှိတော့ဘူးလား” ဝေကျိရွှီသည် ထိုအချက်အားစဉ်းစားမိကာ မျက်မှောင်ကြုတ်ပြီးမေးလိုက်သည်။
“ရှီမာနာမည်ရှိတာ ရှားပါတယ်၊ ဒါပေမယ့် ငါတို့မျိုးနွယ်အကြောင်းပြောရင်တော့ အဲနှစ်ခုကိုပဲသိတယ်” စွန်းလီလီပြောလိုက်သည် “ငါတို့သူတို့ကို မကြားဖူးရင် ဘယ်မျိုးနွယ်က ဆိုဖီယာတောင်တန်းကို ဖြတ်ပြီး မင်းအဘိုးနဲ့ တခြားသူတွေကို ဖမ်းသွားနိုင်မှာလဲ”
“ဒါဆို သခင်မ အဲရှီမာမျိုးနွယ်က လေ့ကျင့်တဲ့ ဝိညာဉ်ချီအရည်အချင်းကိုတော့ သိမှာပဲ” ရှီမာယူယူမေးလိုက်သည်။
“ငြိမ်းချမ်းရေးမြို့တော်က ရှီမာမိသားစုက အများစုက သတ္တုနဲ့ မြေကြီး၊ အလယ်ပိုင်းဝူတိုင်းပြည်က မီးပဲ” စွန်းလီလီပြန်ဖြေသည်။
“မီး…” ရှီမာယူယူရေရွတ်သည် “ဒါဆို အလယ်ပိုင်းဝူတိုင်းပြည်က ရှီမာမျိုးနွယ်ဖြစ်လောက်တယ်”
“ဟုတ်တယ် မကြာခင်က ငါ့မျိုးနွယ်ကလူတွေတောင်ပြောသေးတယ်၊ အလယ်ပိုင်းဝူတိုင်းပြည်က ရှီမာမိသားစုက လူနဲ့ကံကောင်းပြီးတွေ့ခဲ့တယ်တဲ့ သူက ကောင်းကင်က မီးတောက်ကို ဓားရှည်အဖြစ်ပြောင်းတယ်၊ အဲမီးတောက်ရဲ့စွမ်းရည်က ပြင်းထန်ပြီး အထွတ်အထိတ်သားရဲကို တောင်အလွယ်တကူ ခေါင်းဖြတ်နိုင်တယ်တဲ့”
“မီးတောက်ဓားရှည်”
ဝေကျိရွှီနှင့် တခြားသူများသည် ရှီမာယူယူအားကြည့်မိသည်။ ထိုနေ့တွင်လည်း သူမသည် မီးတောက်ဓားရှည်အား ထုတ်ခဲ့လေသည်။
ရှီမာယူယူ ထိုအကြောင်းအားကြားသည်နှင့် အလယ်ပိုင်းဝူတိုင်းပြည်ရှိ ရှီမာမျိုးနွယ်သည် သူမရှာနေသော ရှီမာမျိုးနွယ်ဖြစ်ကြောင်းခံစားမိသည်။ ထို့ကြောင့် ပြီးခဲ့သည့်တစ်ခေါက်က သူတို့ပြန်လာခဲ့လျှင် ထိုထက်အားကောင်းသော လူများပါလာလိမ့်မည်ဟု ရှီမာလင်းပြောခဲ့ခြင်းဖြစ်သည်။ ရှီမာလိုင် သူတို့နှင့် ပြန်မလိုက်ပါက သူတို့သည် သာမာန်အင်အားမဟုတ်ဆိုသည်ကို ဆိုလိုခြင်းဖြစ်သည်။
တောင်ပိုင်းလကြတ်တိုင်းပြည်တွင် ဘာမှမရှိဟု ဝူရန်ဖေပြောခဲ့ကာ အနောက်လတိုင်းပြည်လည်း မဟုတ်ပေ။ ကျန်သည်မှာ နှစ်ခု.. မြောက်ပိုင်းယန်းနှင့် အလယ်ပိုင်းဝူတိုင်းပြည်တို့ဖြစ်သည်။ တခြားရှီမာမျိုးနွယ်သာရှိပါက နှစ်ပေါင်းတစ်ရာနေခဲ့သော စွန်းလီလီ သိလိမ့်မည်။
“ပထမအဆင့် စွမ်းအား ငြင်းမယ်ဆိုရင်တောင် ပုံမှန်မဟုတ်တဲ့ တည်ရှိမှုပဲ” ရှီမာယူယူသည် သူမခံစားချက်အား အံ့အားသင့်စွာပြောလိုက်သည်။
သူမ အဘိုးနှင့်အစ်ကိုများ ကယ်တင်ခြင်းသည် သူမစဉ်းစားထားသည်ထက် ပိုခက်မည့်ပုံပင်။
ရှီမာယူယူ သုန်မှုန်နေသည်ကို တွေ့သည်နှင့် အားလုံးစိုးရိမ်လာကြသည်။
ဘိုင်ယွန်ရွှီသည် ချောင်းနှစ်ခါ ဟန့်ကာ ရှီမာယူယူအားကြည့်ပြီးမေးလိုက်သည် “ယူယူ အလယ်ပိုင်းဝူတိုင်းပြည်က ရှီမာမျိုးနွယ်ဆိုရင် မင်းဘာလုပ်မယ်စိတ်ကူးလဲ”