ငါ ကာကွယ်ပေးမယ်
Vol. 57 Ch. 601
ဝမ့်ချွမ်းမြို့တော်၊ မြို့သခင်အိမ်တော်
ပြာခရမ်းရောင် တာအိုဝတ်စုံကို ဝတ်ဆင်ထားသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက စာကြည့်ခန်းအတွင်း၌ ထိုင်ကာ ရှေ့ရှိ ကျောက်စိမ်းပြား ပုံကြီးကို တစ်ခုချင်း စစ်ဆေးနေသည်။
သူက ဝမ့်ချွမ်းမြို့တော်၏ မြို့သခင် ကျွင်းယန်တာအိုအရှင် ပင် ဖြစ်သည်။
သူ့ရှေ့ရှိ ကျောက်စိမ်းပြား များက ဝမ့်ချွမ်းပင်မမြို့တော်၏ အုပ်ချုပ်မှုအောက်ရှိ အခြားမြို့ကြီးများမှ တင်ပြလာသည့် အရေးကြီးကိစ္စများ ဖြစ်သည်။
သို့သော် မြို့ကြီးတိုင်းက ကိုယ်ပိုင်အုပ်ချုပ်ခွင့်မူဝါဒကို ကျင့်သုံးနေကြသဖြင့် ကျောက်စိမ်းပြား အတော်များများကို သူက တစ်ချက်ကြည့်ရုံဖြင့် ပြန်ချထားလိုက်သည်။
အနက်ရောင် ကျောက်စိမ်းပြား တစ်ခုကို ကောက်ကိုင်လိုက်သည့် အခါတွင်မူ သူ၏ လှုပ်ရှားမှုများ ခေတ္တရပ်တန့်သွားသည်။
၎င်းမှာ ဟေးယာမြို့တော်၏ မြို့သခင် ကွမ်းယွမ်တာအိုအရှင် ပေးပို့လာသည့် ကျောက်စိမ်းပြား ဖြစ်သည်။
ကျောက်စိမ်းပြား ထဲတွင် ပါရှိသည့် အကြောင်းအရာများက သူ့ကို အံ့အားသင့်သွားစေသည်။
"ကျိကျွင်းတစ်ယောက်ဟု ယူဆရသည့် ကျွမ်းကျင်သူတစ်ဦးက ထိတ်လန့်ဖွယ်ရာ ငွေကြေးဓနအင်အားဖြင့် ဟေးယာမြို့၏ ကုန်သွယ်ရေးလောက တစ်ခုလုံးကို ရုတ်တရက် သိမ်းပိုက်လိုက်သည်"
"သို့သော် တစ်ဖက်လူက စည်းကျော်သည့် လုပ်ရပ်မျိုး မလုပ်ဘဲ ကုန်သွယ်ရေး နယ်ပယ်အတွင်း၌သာ ကန့်သတ်ထားပုံရသည်..."
ကျွင်းယန်တာအိုအရှင်က အကြောင်းအရာများကို အသေးစိတ် ဆက်ဖတ်နေသည်။
ကုန်သွယ်ရေးလောကကို သိမ်းပိုက်သည်ဆိုသည့် ကိစ္စအပေါ် သူ အထူးတလည် စိတ်မဝင်စားပေ။ မြို့သခင်အိမ်တော်နှင့် ကုန်သွယ်ရေးလောက က သီးခြားစီဖြစ်ပြီး အခြေခံ လူမှုစီးပွားကို မထိခိုက်သရွေ့ သူတို့အချင်းချင်း ဝါးမြိုနေကြသည်မှာ ပြဿနာမဟုတ်ပေ။
သို့သော် သူ့ကို အာရုံစိုက်မိစေသည်မှာ "ကျိကျွင်းတစ်ယောက်ဟု ယူဆရသူ" ဆိုသည့် အချက်ပင်။
"ကျိကျွင်း" ဆိုသည့် စကားလုံးမှာ မည်သူမဆို လွယ်လွယ်နှင့် သုံးရဲသည့် စကားလုံးမျိုး မဟုတ်ပေ။
ကွမ်းယွမ်တာအိုအရှင်က ဤကဲ့သို့ ဆုံးဖြတ်ချက်ချရဲသည်ဆိုလျှင် အကြောင်းမဲ့တော့ မဖြစ်နိုင်ပေ။
ကျိကျွင်းတစ်ယောက် ပေါ်ထွန်းလာခြင်းမှာ ထိုက်ယိမြင့်မြတ်နယ်မြေ တစ်ခုလုံးအတွက်ပင် သေးငယ်သည့် ကိစ္စမဟုတ်ပေ။
ခဏမျှ စဉ်းစားပြီးနောက် ကျွင်းယန်တာအိုအရှင်က အဓိက အချက်အလက်အချို့ကို ထုတ်နုတ်လိုက်သည်။
"ထျန်းရှထုန် ကုန်သွယ်ရေးအသင်း၊ ပုံရိပ်ယောင် ကမ္ဘာ၊ ထန်ထျန်း..."
သူက ထိုအချက်အလက်များကို ရွေးထုတ်ကာ အသေးစိတ် စုံစမ်းရန် ပြင်ဆင်လိုက်ပြီး ထန်ထျန်း၏ ပုံတူပန်းချီကားလည်း ပါဝင်သည်။
သို့သော် ထိုအချိန်မှာပင် အခန်းထဲ၌ အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
"ငါ့ကို ရှာနေတာလား"
ပုံရိပ်တစ်ခုက ကျွင်းယန်တာအိုအရှင်၏ ရှေ့မှောက်တွင် မည်သည့်အချိန်က ရောက်နေမှန်းမသိ ထိုင်နေလေပြီ။
ကျွင်းယန်တာအိုအရှင်၏ မျက်နှာမှာ ချက်ချင်းပင် ထိတ်လန့်တုန်လှုပ်သွားသည်။ ဤလူ ပေါ်လာသည်ကို သူ လုံးဝ အာရုံမခံမိခဲ့ခြင်းကြောင့်ပင်
သူက ဝူကျိတာအိုအရှင် တစ်ဦးဖြစ်သည်။ ဝူကျိတာအို အထွတ်အထိပ် ကျွမ်းကျင်သူ ဖြစ်လျှင်တောင် သူ့အနားသို့ တိတ်တဆိတ် ရောက်လာဖို့မှာ မဖြစ်နိုင်ပေ။
သို့သော် ရှေ့ရှိလူက လုပ်နိုင်ခဲ့သည်။
အဖြေမှာ ရှင်းနေပြီဖြစ်သည်၊ ဤလူက အစစ်အမှန် ကျိကျွင်းတစ်ယောက်ပင်
ရှေ့ရှိ လူငယ်လေး၏ မျက်နှာကို ကြည့်ကာ သူပြင်ဆင်ထားသည့် ပုံတူ ပန်းချီ ကားကို ပြန်ကြည့်ပြီးနောက် ကျွင်းယန်တာအိုအရှင်က ပုံတူ ပန်းချီ ကားကို အမြန်ပြန်သိမ်းကာ ထရပ်၍ ရိုသေစွာ ဂါရဝပြုလိုက်သည်။
"ကျိကျွင်း ကို ဂါရဝပြုပါတယ်"
"ကျိကျွင်း ရောက်ရှိလာတာကို မသိလိုက်လို့ပါ၊ ဘာများ မိန့်ကြားလိုပါသလဲ"
ကျွင်းယန်တာအိုအရှင်က နှစ်ပေါင်း သောင်းနှင့်ချီ အသက်ရှင်ခဲ့သူဖြစ်သည်။ ကျိကျွင်းတစ်ယောက်၏ ရှေ့မှောက်တွင် တစ်ဖက်လူက မည်သူဖြစ်စေ၊ ထိုက်ယိမြင့်မြတ်နယ်မြေနှင့် မည်သို့ပတ်သက်စေကာမူ သူ ပြသရမည့် ပုံစံမှာ တစ်ခုတည်းသာ ရှိသည်။
နာခံမှုပင်။
ထိတ်လန့်နေသော မြို့သခင်ကို ကြည့်ပြီး ထန်ထျန်းက ဖြေးညှင်းစွာ ပြောလိုက်သည်။ "သိပ်ပြီး စိတ်မလှုပ်ရှားပါနဲ့"
"အသေးအဖွဲ ကိစ္စလေးတွေပါပဲ"
"ထိုင်ပါ"
ကျွင်းယန်တာအိုအရှင်မှာ မငြင်းရဲဘဲ အမိန့်အတိုင်း ထိုင်လိုက်သည်။
ထန်ထျန်းက အနက်ရောင် ကျောက်စိမ်းပြား ကို လှမ်းယူကြည့်ကာ ပြုံးလျက် ပြော လိုက်သည်။ "ကြည့်ရတာ မင်း ငါ့အကြောင်းကို သိနေပြီပဲ"
ကျွင်းယန်တာအိုအရှင်က သတိထား၍ ပြန်ပြောသည်။ "ဟေးယာမြို့က ဝမ့်ချွမ်းပင်မမြို့တော်ရဲ့ တိုက်ရိုက်အုပ်ချုပ်မှုအောက်မှာ ရှိတာမို့ အရေးကြီး သတင်းပို့တာက သူတို့ရဲ့ တာဝန်ပါပဲ။ ကျိကျွင်း အနေနဲ့ အပြစ်မယူဖို့ မျှော်လင့်ပါတယ်"
ထန်ထျန်းက လက်ကာပြကာ "စိတ်ချပါ၊ အဲဒီလို အသေးအဖွဲလေးတွေကို ငါ စိတ်ထဲမထားပါဘူး"
"ဒါ့အပြင် ငါကလည်း ဗြောင်ကျကျ လုပ်ကိုင်နေတာဆိုတော့ တခြားသူတွေ ငါ့နာမည် သိသွားမှာကိုလည်း မစိုးရိမ်ဘူး"
"ဒီနေ့ မင်းဆီ လာတာ ကိစ္စနှစ်ခု ရှိတယ်"
ကျွင်းယန်တာအိုအရှင်က ရိုသေစွာ ပြော၏။ "မိန့်ကြားပါ ကျိကျွင်း ကျွန်တော် တတ်နိုင်တဲ့ ကိစ္စမှန်သမျှ အစွမ်းကုန် ဆောင်ရွက်ပေးပါ့မယ်"
ထန်ထျန်းက "အင်း" ဟု တစ်ချက်ဆိုကာ "ပထမ ကိစ္စကတော့ ခုနက မင်းဖတ်နေတဲ့ အရာပဲ"
"ထျန်းရှထုန် ကုန်သွယ်ရေးအသင်းနဲ့ ပုံရိပ်ယောင် ကမ္ဘာတွေက ငါ့ရဲ့ လုပ်ငန်းတွေပဲ"
"နောက်ပိုင်းမှာ ကုန်သွယ်ရေးလောကထဲကို ဆက်ပြီး တိုးချဲ့သွားမှာဖြစ်လို့ ဝမ့်ချွမ်းမြို့သခင် တစ်ယောက်အနေနဲ့ မင်း ငါ့ကို ကူညီနိုင်မယ်လို့ ထင်တယ်"
ကျွင်းယန်တာအိုအရှင်က စမ်းသပ်သည့် အနေဖြင့် မေးလိုက်သည်။ "ကုန်သွယ်ရေး နယ်ပယ်အတွင်းမှာပဲ ကန့်သတ်ထားမှာလားလို့ မေးပါရစေ ကျိကျွင်း..."
ထန်ထျန်းက ခေါင်းညိတ်ပြကာ "ဟုတ်တယ်၊ ကုန်သွယ်ရေး နယ်ပယ်ထဲမှာပဲ"
" သာမန် ကျင့်ကြံသူတွေရဲ့ အရောင်းအဝယ် ကိစ္စတွေမှာ ဘာဆိုးကျိုးမှ ရှိမှာမဟုတ်ဘူး"
"တကယ်လို့ သက်ရောက်မှု ရှိမယ်ဆိုရင်တောင် ကောင်းကျိုးဘက်ကပဲ ဖြစ်လိမ့်မယ်"
"တကယ်တော့ မင်းတို့ မြို့သခင်အိမ်တော်က ကုန်သွယ်ရေးလောကကို ဝင်မစွက်ဖက်တာက အသားထဲက လောက်ထွက်တဲ့ အုပ်စုတချို့ကို ပေါ်ပေါက်စေတာပဲ"
အကျိုးအမြတ် လိုက်စားခြင်းမှာ ကုန်သည်တို့၏ သဘာဝ ဖြစ်သည်။
အစွမ်းထက်သူက အစိုးရသည့် ဤကမ္ဘာတွင် သူတို့ အနည်းငယ် ဆင်ခြင်ကြသော်လည်း လူ့သွေးစုပ်သည့် လုပ်ရပ်များမှာ ရှိနေဆဲ ဖြစ်သည်။ စည်းမကျော်သရွေ့ မြို့သခင်အိမ်တော်ကလည်း ဝင်မပါပေ။
ထန်ထျန်း၏ စကားကို ကြားသောအခါ ကျွင်းယန်တာအိုအရှင်က အားနာဟန်ဖြင့် ရယ်မောကာ "ကျိကျွင်း မိန့်ကြားတာ မှန်ကန်ပါတယ်"
"ဟင်း... ကုန်သွယ်ရေး နယ်ပယ်ထဲမှာပဲ ဆိုရင်တော့ ထျန်းရှထုန်နဲ့ ပုံရိပ်ယောင် ကမ္ဘာ တိုးချဲ့မှုမှာ ဘာအတားအဆီးမှ မရှိစေရဘူးလို့ ကျွန်တော်မျိုး အာမခံပါတယ်"
" မြို့ကြီးအားလုံးကိုလည်း ကျိကျွင်းရဲ့ လုပ်ဆောင်ချက်တွေကို အစွမ်းကုန် ပူးပေါင်းဆောင်ရွက်ဖို့ မှာကြားထားလိုက်ပါ့မယ်"
ထန်ထျန်း ခေါင်းညိတ်လိုက်သည်။
ကျွင်းယန်တာအိုအရှင်၏ အကူအညီဖြင့် ကုန်သွယ်ရေးအသင်းနှင့် ပုံရိပ်ယောင် ကမ္ဘာ တိုးချဲ့မှုမှာ သေချာပေါက် ချောမွေ့သွားပေလိမ့်မည်။
"ပထမ ကိစ္စက ဒါပဲ"
" ဒုတိယ ကိစ္စကတော့ ဝမ့်ချွမ်းမြို့က ဝမ်မိသားစု အကြောင်းပဲ"
ထန်ထျန်းက ကျွင်းယန်တာအိုအရှင်ကို ကြည့်ကာ ဖြေးညှင်းစွာ မေးလိုက်သည်။ "ဝမ်မိသားစုက အခု ဘေးဒုက္ခတစ်ခုနဲ့ ရင်ဆိုင်နေရတယ်လို့ ငါ ကြားတယ်"
ကျွင်းယန်တာအိုအရှင်က ခေါင်းညိတ်ကာ "ဟုတ်ပါတယ်၊ ဒီလို ကိစ္စရှိပါတယ်"
"လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကစလို့ ဝမ်မိသားစုက ဝမ့်ချွမ်းမြို့က တခြား ထိပ်တန်း မိသားစုကြီးတွေရဲ့ ဖိနှိပ်မှုကို ခံနေရတာပါ။ အခုဆိုရင် နောက်ဆုံး ရလဒ်ထွက်ပေါ်မယ့် အချိန်ကို ရောက်နေပါပြီ"
ထန်ထျန်းက အေးစက်စွာ ပြော၏ "အသေးစိတ် ပြောပြ"
ထို့နောက် ကျွင်းယန်တာအိုအရှင်၏ ရှင်းပြချက်အရ ဝမ်မိသားစု ဘေးဒုက္ခ၏ အစအဆုံးကို ထန်ထျန်း သိလိုက်ရသည်။
ဝမ့်ချွမ်းမြို့တွင် အင်အားအကြီးဆုံး ရှေးဟောင်းမိသားစုကြီး လေးခု ရှိသည်။
ထိုမိသားစု လေးခုမှာ ထန်ထျန်း ယခင်က မြင်တွေ့ခဲ့သည့် အခြားသော ဝူကျိတာအိုအရှင် လေးဦး ရှိရာ မိသားစုများ ဖြစ်ကြသည်။
သူတို့က ဝမ့်ချွမ်းမြို့၏ အဓိကနေရာနှင့် အကျိုးအမြတ် အများဆုံးကို ချုပ်ကိုင်ထားကြပြီး အခြားအင်အားစုများမှာ သူတို့နှင့် ထိပ်တိုက်မတွေ့ရဲကြပေ။
သို့သော် ထိုအင်အားစုများထဲတွင် ဝမ်မိသားစုမှာ ချွင်းချက်ဖြစ်နေသည်။
ဝမ်မိသားစု၏ အလုံးစုံ အင်အားမှာ ထိပ်ဆုံးအဆင့် မဟုတ်သော်လည်း သူတို့ ပိုင်ဆိုင်သည့် အကျိုးအမြတ် နယ်ပယ်မှာ အလွန်ကျယ်ပြန့်ပြီး မိသားစုကြီး လေးခုနှင့် မရှေးမနှောင်းပင် ဖြစ်နေသည်။
ထို့ပြင် အကျိုးအမြတ် အတော်များများမှာ မိသားစုကြီး လေးခုနှင့် ထိပ်တိုက် ပဋိပက္ခ ဖြစ်နေသည်။
ဤအခြေအနေက မိသားစုကြီး လေးခု၏ မကျေနပ်မှုကို ဖြစ်ပေါ်စေခဲ့သည်။ အချိန်အတော်ကြာ လေ့လာပြီးနောက် သူတို့က ဝမ်မိသားစုကို ဓားထုတ်ရန် ဆုံးဖြတ်လိုက်ကြသည်။
ဝမ်မိသားစုမှာ မိသားစုကြီး လေးခု၏ ဝိုင်းဝန်းတိုက်ခိုက်မှုကို မည်သို့ ခံနိုင်ရည် ရှိပါမည်နည်း
ထိပ်တိုက်တွေ့ဆုံမှုများတွင် သူတို့မှာ အရေးနိမ့်ခဲ့ပြီး ပိုင်ဆိုင်မှု အမြောက်အမြား ဆုံးရှုံးခဲ့ရသည်။
ယခုအခါတွင်မူ လမ်းဆုံးသို့ ရောက်နေပြီ ဖြစ်သည်။
"တကယ်တော့ ဝမ်မိသားစုရဲ့ တိုးတက်မှုက တော်တော်လေး ထူးဆန်းပါတယ်။ သူတို့က ဒီလောက်အထိ အကျိုးအမြတ်တွေကို မပိုင်ဆိုင်သင့်ဘူးလေ"
"ကျွန်တော်မျိုး စုံစမ်းကြည့်ဖူးပေမယ့် ရလဒ်ကတော့ မတော်တဆ ကံကောင်းမှုတွေကြောင့်လို့ပဲ ထွက်လာပါတယ်"
" သူတို့ရဲ့ ကံကောင်းမှုတွေက အခုတော့ ကုန်ဆုံးသွားပြီလို့ပဲ ပြောရမှာပါ"
ကျွင်းယန်တာအိုအရှင်က ပြော၏။
ထန်ထျန်း ဘာမှပြန်မပြောပေ။ ဝမ်မိသားစု ဘာကြောင့် ဤမျှ အကျိုးအမြတ်များ ပိုင်ဆိုင်ခဲ့သလဲဆိုသည်ကို သူ သေချာပေါက် သိသည်။
ဝမ်ကျိယွီက အသက်တစ်ရာပင် မပြည့်သေးသည့် ဟွမ်ယွမ်တာအို အထွတ်အထိပ် ကျွမ်းကျင်သူဖြစ်ရာ ထိုက်ယိမြင့်မြတ်နယ်မြေတွင် ရာထူး မှာ သာမန် မဟုတ်ပေ။
သူ၏ အရှိန်အဝါဖြင့် ဝမ်မိသားစုကို ဝမ့်ချွမ်းမြို့ရှိ မိသားစုကြီး လေးခုနှင့် ယှဉ်နိုင်အောင် လုပ်ပေးထားခြင်းမှာ လုံးဝ ပြဿနာမဟုတ်ပေ။
သို့သော် နှမြောစရာကောင်းသည်မှာ ဝမ်ကျိယွီ၏ တည်ရှိမှုမှာ အဖျက်ခံလိုက်ရသဖြင့် ဝမ်မိသားစု၏ အကျိုးအမြတ်များမှာ "အကြောင်းမဲ့" ဖြစ်လာခဲ့သည်။
ထို့ကြောင့် ဝိုင်းဝန်း တိုက်ခိုက်ခြင်းကို ခံရကာ ပြိုလဲမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရခြင်း ဖြစ်သည်။
"ဝမ်မိသားစုမှာ လုံလောက်တဲ့ အင်အား ဒါမှမဟုတ် အကာအကွယ် မရှိတော့တဲ့အတွက် ဒီလိုဖြစ်လာတာက မလွဲဧကန်ပါပဲ"
ကျွင်းယန်တာအိုအရှင်က ပြော၏။
ထန်ထျန်းက တည်ငြိမ်သော မျက်နှာထားဖြင့် အေးဆေးစွာ ပြောလိုက်သည်။
"ဒါဆိုရင် အခုကစပြီး..."
"ဝမ်မိသားစုကို ငါကိုယ်တိုင် ကာကွယ်ပေးမယ်"
"ဒါကို ဘာကန့်ကွက်စရာ ရှိသေးလဲ"