အခန်း (၂၀၂-၂၀၄)
Vol. 14 Ch. 202-204
အခန်း ၂၀၂ ကမ္ဘာပေါင်းစည်းခြင်းနှင့် တိုက်ခိုက်မှုစည်းမျဉ်းများ ပြောင်းလဲခြင်း
“ဒါဆိုရင်တော့ တားမြစ်ချက်ကို စောစောဖောက်ထွင်းခဲ့တဲ့သူကို ကျေးဇူးတင်ရမယ်။ မဟုတ်ရင် တကယ်ပဲ အေးစက်သေဆုံးသွားမှာပဲ။”
“ဟုတ်တယ်။ အနီးအနားက ဒေသခံတွေကိုလည်း အထိရောက်ဆုံး သတ်ပစ်နိုင်ခဲ့တယ်။ အဝေးမှာရှိနေသေး ဒေသခံတွေကလည်း ဒီကိုရောက်လာဖို့ဆိုရင် အချိန်ယူရဦးမှာပဲ။ ဒါက ငါတို့ဖွံ့ဖြိုးဖို့အတွက် အချိန်ဝယ်ပေးလိုက်တာနဲ့ အတူတူပဲ။”
“ငါ့ရဲ့ဓားကိုပြန်ရုတ်သိမ်းလိုက်ပြီ။ တားမြစ်ချက်ကိုဖောက်ထွင်းခဲ့တဲ့ သူဌေးကို တောင်းပန်ပါတယ်။”
[နောက်တစ်ခုက ကြယ်ပြာဂြိုဟ်က လူသားအားလုံးကို ပေါင်းစည်းပါမယ်။ ကျန်ရှိနေတဲ့လူသားအားလုံးကို အများသုံးချန်နယ်တစ်ခုတည်းမှာပဲ ထားရှိမယ်။ ပင်လယ်သတ္တဝါတွေရဲ့တိုက်ခိုက်မှုတွေကလည်း လက်တွေ့ဘဝနဲ့ ပိုနီးစပ်လာလိမ့်မယ်။]
ကျွန်းအထိမ်းအမှတ်ကျောက်တိုင်က ဆက်ပြောလိုက်သည်။
“ဒါက ဆာဗာမျှဝေလား။ ဒီတိုင်း ထိုးသိပ်ထည့်လိုက်တာလား။”
“မင်းက တကယ်ပဲ ဂိမ်းဆော့နေတယ်လို့ ထင်နေတုန်းပဲလား။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်က အရမ်းစွမ်းအားကြီးတယ်။ ဘယ်တော့မှ နောက်မှာမဟုတ်ဘူး။”
“နောက်ဆုံးတော့ မင်းတို့ရဲ့ချစ်ရသူတွေကို ရှာနိုင်ပြီမဟုတ်ဘူးလား။”
“ပင်လယ်သတ္တဝါတွေရဲ့တိုက်ခိုက်မှုက လက်တွေ့ဘဝနဲ့ ပိုနီးစပ်လာမယ်ဆိုတာက ဘာကိုဆိုလိုတာလဲ။”
“မသိဘူး။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရဲ့ အရိပ်အမြွတ်တွေက အမြဲလျှို့ဝှက်ဆန်းကြယ်နေတာပဲမဟုတ်ဘူးလား။”
[သင်တို့အားလုံး ထောက်ပံ့ရေးသေတ္တာတွေကရတဲ့ ပစ္စည်းတွေကို အသုံးချပြီး ပိုအားကောင်းလာပြီး ဒီနေရာရဲ့စိန်ခေါ်မှုတွေကို အတူတူရင်ဆိုင်နိုင်ဖို့မျှော်လင့်တယ်။]
ထိုစကားက ကျွန်းအထိမ်းအမှတ်ကျောက်တိုင်၏ နောက်ဆုံး အရိပ်အမြွတ်ဖြစ်သည်။
ကျွန်းအထိမ်းအမှတ်ကျောက်တိုင်၏ အရိပ်အမြွတ် ပြီးသွားသောအခါ အများသုံးချန်နယ်က ချက်ချင်းပင် ပေါက်ကွဲထွက်သွားတော့လေသည်။
မိသားစုနှင့် မိတ်ဆွေများကို ရှာဖွေသောသတင်းအချက်အလက်မျိုးစုံ ရုတ်တရက်ပေါ်လာခဲ့ပြီး အရေးအကြီးဆုံးမှာ အမျိုးမျိုးသောဘာသာစကားများဖြင့် ပြည့်နှက်နေခဲ့ခြင်းပင်။
ရှောင်းယီက ရှေ့တိုးပြီး ရှားဘာသာစကားမဟုတ်သောသတင်းအားလုံးကို ပိတ်ဆို့ရန် ချိန်ညှိလိုက်၏။
သို့သော်လည်း ထိုကဲ့သို့ အချိန်ခဏလေးအတွင်းမှာပဲ သောင်းနှင့်ချီသော မက်ဆေ့ချ်များ ရှိနေဆဲပင်။
ထိုအချိန်တွင် လူပေါင်းများစွာက တူညီသောဝါကျတစ်ခုကို ပေးပို့လိုက်ကြ၏။
“လူတိုင်းပဲ ကျုပ်က ရွှမ်းယွမ်ဝူဝေ့ပါ။ လူတိုင်းပဲ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရဲ့ အရိပ်အမြွတ်ကို မြင်ကြပြီးဖြစ်ကြမှာပဲ။ ကျုပ်တို့ ရှားနိုင်ငံတစ်ခုလုံး စည်းလုံးညီညွတ်ဖို့ မျှော်လင့်ပါတယ်။”
“လူတိုင်း ဒီလိုမက်ဆေ့ဂျ်ပို့နေတာက အလကားပါပဲ။ ဘယ်သူမှရှင်းရှင်းလင်းလင်း မမြင်နိုင်ဘူး။ လူတိုင်းကို နိုင်ငံအလိုက် ခွဲခြားပြီး ဂရုချက်လုပ်ဖို့အကြံပြုချင်ပါတယ်။ ဒါဆိုရင် ဆွေမျိုးတွေကိုရှာရတာ ပိုပြီးလွယ်ကူသွားလိမ့်မယ်။”
“ဒါ့အပြင် ကျုပ်က ရှားလူမျိုးတွေအတွက် ဂရုကြီးတစ်ခုထောင်ပါမယ်။ ရှားလူမျိုးအားလုံးဝင်လို့ရတယ်။ ကျုပ်ရထားတဲ့သတင်းအချက်အလက် တချို့ကိုလည်း မျှဝေပေးပါမယ်။”
တစ်ချိန်တည်းမှာပင် ထိုဝါကျသုံးကြောင်းကို အများသုံးချန်နယ်မှာ ထပ်ခါထပ်ခါ တွေ့နေရပြီး ရွှမ်းယွမ်ဝူဝေ့တွင် လူများစွာရှိကြောင်း သိသာနေခဲ့သည်။
အများသုံးချန်နယ်က အနည်းငယ်ငြိမ်သွားသောအခါ ရွှမ်းယွမ်ဝူဝေ့က အများသုံးချန်နယ်တွင် သူထောင်ထားသော ဂရုအကောင့်ကို တင်လိုက်၏။
ရှောင်းယီသည်လည်း ထိုရှားနိုင်ငံဂရုထဲသို့ ဝင်ရောက်ရန် ရွေးချယ်လိုက်သည်။
သို့သော် ဒေသခံ ဂရုများနှင့် ပတ်သက်ပြီးတော့ သူမဝင်ခဲ့ပေ။ သူရှာရန်လိုအပ်သောသူလည်း မရှိပေ။
“ခင်ဗျားတို့ထဲက လူရှာချင်တဲ့သူရှိရင် ဂရုထဲဝင်ဖို့ ရွေးလိုက်ပါ။”
ရှောင်းယီက ယွမ်နွန်တို့ကိုပြောလိုက်သည်။ လုပင်းအာကလွဲ၍ ကျန်သူများအားလုံး ဒေသခံဂရုတစ်ခုခုကို ဝင်ခဲ့ကြ၏။
ဂရုပိုင်ရှင်၏ တောင်းဆိုချက်အရ ရှာဖွေနေသောသူ၏နာမည်ကို ဂရုထဲတွင် နာမည်ပြောင် အဖြစ်သုံးပြီး လူပျောက်ကြော်ငြာများ အဆက်မပြတ် ပို့စရာမလိုဘဲ ဂရုမန်ဘာစာရင်းကိုကြည့်ပြီး ဆွေမျိုးများကိုရှာနိုင်အောင် လုပ်ထားခဲ့သည်။
ယွမ်နွန်တို့သည် ဂရုထဲ၌ နာမည်ပြောင်များ ပြောင်းပြီးသောအခါ ရှောင်းယီက စတင်မေးမြန်လိုက်၏။
“ဒီကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရဲ့အရိပ်အမြွတ်ကို ခင်ဗျားတို့ ဘယ်လိုထင်လဲ။”
“ဒီကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရဲ့နောက်ကွယ်မှာ တစ်ယောက်ယောက်ရှိနေတယ်။”
ယွမ်နွန်က ပြောလိုက်၏။
“သူ့ရဲ့စွမ်းအားတွေက ငါတို့စိတ်ကူးလို့တောင် မရနိုင်တဲ့အဆင့်မှာရှိတယ်။”
လူတိုင်း ခေါင်းညိတ်လိုက်ကြသည်။
“သူက လူရွေးနေတာပဲ။ ဘယ်လိုလူမျိုးကိုရွေးနေတာလဲမသိပေမယ့် ငါတို့ကို ထူးချွန်လာအောင်စောင့်နေတယ်လို့ပြောထားတယ်။”
ကျန်းယွင်ထျန်းက ပြောလိုက်၏။ ထို့နောက် အန်းယွဲ့ ဆက်ပြောလိုက်သည်။
“ပင်လယ်သတ္တဝါတွေရဲ့တိုက်ခိုက်မှုတွေက လက်တွေ့ဘဝနဲ့ ပိုနီးစပ်တယ်ဆိုတာကရော ဘာကိုဆိုလိုတာလဲ။”
“မနက်ဖြန် ပင်လယ်သတ္တဝါတွေရဲ့တိုက်ခိုက်မှုကိုကြည့်ရင် သိလာပါလိမ့်မယ်။”
ရှောင်းယီသည်လည်း ထိုဝါကျကို ဘယ်လိုဘာသာပြန်ရမလဲဆိုသည်ကို မသိပေ။
“ပြီးတော့ ဒီကမ္ဘာရဲ့စိန်ခေါ်မှုတွေကို အတူတူရင်ဆိုင်ဖို့ ပြောထားတာဆိုတော့ ကျွန်မတို့ ပေါင်းစည်းဖို့လိုသေးတယ်။”
အန်းရန်က ပြောလိုက်သည်။ ရှောင်းယီက ခေါင်းညိတ်လိုက်သည်။
“လက်ရှိအခြေအနေက မရင့်ကျက်သေးဘူး။ ဒါပေမယ့် နောက်ပိုင်းမှာတော့ အခွင့်အလမ်းတွေရှိလာနိုင်ပါတယ်။”
“နောက်ပိုင်းမှာ အရိပ်အမြွတ်တွေ မရှိတော့ဘူး။ အဲ့ဒါကြောင့် အရာအားလုံးကို ကိုယ့်ဘာသာကိုယ်ပဲ ဖြည်းဖြည်းချင်း ရှာဖွေရမယ်။”
လီယန်က ပြောလိုက်သည်။
“အရင်ကလည်း အရိပ်အမြွတ်တွေ များများစားစား မရှိခဲ့ပါဘူး။ အဲ့ဒါကြောင့် ဘာမှထူးခြားမှုမရှိပါဘူး။”
ရှောင်းယီက ဂရုမစိုက်ဘဲ ပြန်ဖြေလိုက်၏။
လူတိုင်းလည်း ထိုအချက်ကို လက်ခံကြသည်။ အရင်က အရိပ်အမြွတ်များရှိခဲ့သော်လည်း အမြဲတမ်း ခန့်မှန်းချက်များစွာဖြင့် ကိုယ်တိုင်ရှာဖွေရဆဲပင်။
“ကောင်းပြီ။ ကောင်းကောင်း အနားယူလိုက်ကြပါ။ မနက်ဖြန်မှာ စည်းမျဉ်းတွေက ဘာဖြစ်မလဲဆိုတာ ကြည့်ကြတာပေါ့။”
ရှောင်းယီက ပြောလိုက်၏။
လူတိုင်း ခေါင်းညိတ်လိုက်ကြပြီး သူတို့၏အိပ်ခန်းများဆီသို့ ပြန်သွားခဲ့ကြသည်။
ရှောင်းယီ သူ၏အိပ်ခန်းသို့ ပြန်ရောက်သောအခါ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တွင် တစ်စုံတစ်ယောက်က သီးသန့်စာတိုပို့ထားသည်ကို တွေ့လိုက်ရလေသည်။
“သူဌေးကြီး ကျုပ် တားမြစ််ချက်ကို ဖောက်ထွင်းခဲ့တာ မှန်ရဲ့လား။”
ကုထောင်ချွေ့ရှန်းက မေးထားခြင်းဖြစ်သည်။
“မှန်တယ်”
ရှောင်းယီက ချက်ချင်း ပြန်ဖြေလိုက်သည်။
“အများကြီးမတွေးနဲ့။ မင်း မဖောက်ထွင်းခဲ့ရင်တောင် ငါတို့ ကောင်းကောင်းဖွံ့ဖြိုးနိုင်မလားဆိုတာ မသေချာဘူး။ ဒီအတိုင်း ဖြစ်လာပြီဆိုမှတော့ နောက်လာမယ့်စိန်ခေါ်မှုကို ရင်ဆိုင်ဖို့ စိတ်အေးအေးထားလိုက်ပါ။”
“ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်သူဌေး”
ကုထောင်ချွေ့ရှန်းက ချက်ချင်းပင် ပြန်ဖြေလိုက်သည်။
သူသည်လည်း ရှောင်းယီဆီက ပြန်ရမည့်အဖြေကို စောင့်နေခြင်းဖြစ်၏။
ရှောင်းယီ ခေါင်းခါပြီး အိပ်ရာထဲပြန်ဝင်ရန်ပြင်နေစဉ် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်က အသံထပ်မြည်ခဲ့သည်။
“ဒင် ကျွန်းရဲ့အုတ်မြစ်ကျောက်တစ်ခုဖျက်ဆီးခံလိုက်ရပါပြီ။”
ရှောင်းယီ၏ မျက်လုံးများ ပြူးကျယ်သွားပြီး ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ အပြေးသွားကာ မြေပုံကို စစ်ဆေးလိုက်ပြီးနောက် နေရာတစ်နေရာ ပျက်စီးသွားသည်ကို တွေ့လိုက်ရလေသည်။
ထို့အပြင် ပျက်စီးသွားသော အုတ်မြစ်ကျောက်အနီးတွင် နောက်ထပ်ပင်လယ်သတ္တဝါတစ်ကောင် တိုက်ခိုက်နေသည်ကိုလည်း တွေ့လိုက်ရပြီး ခုနက ဖျက်ဆီးလိုက်သော ပင်လယ်သတ္တဝါ ဖြစ်နိုင်ပေသည်။
သူသည် ဆက်တင်များကို မြန်မြန် ချိန်ညှိလိုက်ပြီး ကျွန်းအထိမ်းအမှတ်ကျောက်တိုင်၏ သတိပေးချက်အားလုံးကို တိုက်ခိုက်မှုကိုအချက်ပြရန် သတ်မှတ်လိုက်သည်။
အရင်က ရှောင်းယီသည် အပြင်ဘက်ရှိ သင်္ဘောပေါ်က လက်အောက်ခံ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကိုသာ တိုက်ခိုက်မှုအချက်ပြရန် သတ်မှတ်ထားသောကြောင့် အချက်ပြမှုကို မသိခဲ့ရပေ။ ပျက်စီးသွားသည့်အခါမှသာ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်က အချက်ပြခဲ့ခြင်းဖြစ်သည်။
ချိန်ညှိပြီးသည့်အခါ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တွင် အချက်ပြမှုများ ချက်ချင်းပင် ထွက်ပေါ်လာခဲ့သည်။
“သတိပေးချက် - ကျွန်းအုတ်မြစ်ကျောက်ကို တိုက်ခိုက်ခံနေရပါသည်။ အချိန်မီကိုင်တွယ်ပါ။”
“သတိပေးချက် - ကျွန်းအုတ်မြစ်ကျောက်ကို တိုက်ခိုက်ခံနေရပါသည်။ အချိန်မီကိုင်တွယ်ပါ။”
ထိုအရာသည် ထပ်ခါထပ်ခါ သတိပေးနေခြင်းမဟုတ်ပေ။ နေရာနှစ်ခုကို အမှန်တကယ် တိုက်ခိုက်ခံနေရခြင်းဖြစ်သည်။
“သေစမ်း...။”
ရှောင်းယီက ကျိန်ဆဲလိုက်ပြီး ကျန်းယွင်ထျန်းကို ချက်ချင်း ဖုန်းခေါ်လိုက်တော့သည်။
“ကလင်! ကလင်!”
ကျန်းယွင်ထျန်းသည် ကျွင်းကျွင်း၏ အဝတ်အစားများကို ချွတ်ပေးပြီး အိပ်ရာထဲသို့ ထည့်သိပ်လိုက်ချိန်တွင် အခန်းထဲရှိ ကြိုးဖုန်းမှ အသံမြည်လာခဲ့သည်။
“ဘာဖြစ်လို့လဲ။”
ကျန်းယွင်ထျန်းက ဖုန်းကိုကောက်ယူပြီး လေးနက်စွာ မေးလိုက်၏။
“ကျွန်းကိုတိုက်ခိုက်ခံနေရပြီ။ တစ်ခုထက်ပိုပြီးရှိနေတယ်။ အခုချက်ချင်း ကိုင်တွယ်ဖို့လိုတယ်။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“ပင်လယ်သတ္တဝါတွေရဲ့တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး လက်တွေ့ဘဝနဲ့ ပိုနီးစပ်တယ်ဆိုတဲ့ဝါကျက ဘာကိုဆိုလိုတာလဲဆိုတာ ငါသိလိုက်ပြီ။”
ယခင်က ပင်လယ်သတ္တဝါများ၏ တိုက်ခိုက်မှုများသည် မနက် ၆ နာရီမှ ညနေ ၆ နာရီအထိသာ ဖြစ်သော်လည်း ယခုအချိန်တွင် အချိန်မရွေးဖြစ်လာနိုင်ပေသည်။
ထို့ပြင် ယခု ပင်လယ်သတ္တဝါများက အုတ်မြစ်ကျောက်တစ်ခုကို ဖျက်ဆီးပြီးနောက် ထွက်ခွာသွားတော့မည်မဟုတ်ပေ။
ကျန်းယွင်ထျန်းက ထိုအကြောင်းကိုကြားအခါ ကျွင်းကျွင်းကို ချက်ချင်းကောက်ချီပြီး ပထမထပ်ကိုသွားကာ ယွမ်နွန်၏ အခန်းတံခါးကို ခေါက်လိုက်၏။
ယွမ်နွန် သူ၏အိပ်ရာပေါ်လှဲချလိုက်သည့် အချိန်တွင် တံခါးခေါက်သံကြားလိုက်ရသောကြောင့် စိတ်ရှုပ်ထွေးသွားပြီး တံခါးဖွင့်လိုက်သောအခါ ကျန်းယွင်ထျန်းက ကျွင်းကျွင်းကိုပွေ့ထားပြီး အပြင်တွင်ရပ်နေသည်ကို တွေ့လိုက်ရလေသည်။
“ဘာဖြစ်နေတာလဲ။”
ယွမ်နွန်က စိတ်ရှုပ်ထွေးစွာ မေးလိုက်၏။
“ကျွင်းကျွင်းကို ကြည့်ထားပေးပါဦး။ ကျွန်းကို ပင်လယ်သတ္တဝါတစ်ကောင်ထက်ပိုပြီး တိုက်ခိုက်နေတယ်။”
ကျန်းယွင်ထျန်းက မြန်မြန်ပြောပြီး ကျွင်းကျွင်းကိုချထားခဲ့ကာ အပြင်ကို အလွန်လျင်မြန်စွာ ပြေးထွက်သွားတော့သည်။
သူထွက်လာပြီးနောက် ဗီလာ၏ အပြင်ဘက်တံခါးနားတွင် ရှောင်းယီနှင့် ဆုံလိုက်သည်။
“တပိုင် မင်းနဲ့ အစ်ကိုကျန်းက အရှေ့မြောက်ဘက်က တိုက်ခိုက်ခံရတဲ့နေရာကိုသွားလိုက်။”
ရှောင်းယီက ပြောလိုက်၏။
တပိုင်က ခေါင်းညိတ်ပြီး ကျန်းယွင်ထျန်းနှင့်အတူ အရှေ့မြောက်ဘက်ကို အမြန်ပြေးထွက်သွားခဲ့သည်။ ရှောင်းယီက သူ့ကိုနေရာအတိအကျကို ကြိုတင်ပြောပြထားပြီးဖြစ်သည်။
S အဆင့်ရောက်ပြီးနောက် တပိုင်၏အမြန်နှုန်းက ပိုမိုလျင်မြန်လာပြီး ကျန်းယွင်ထျန်းပင် လိုက်မမီနိုင်တော့ပေ။
သို့သော်လည်း ကံကောင်းသည်မှာ အကွာအဝေးက သိပ်မဝေးလှပေ။ ကျွန်း၏အလျားမှာ စုစုပေါင်း ၄၀၀ မီတာသာ ရှိနေသေးသည်။
တပိုင်က ရှေ့ကဦးဆောင်ပြီး တိုက်ခိုက်ခံရသောနေရာသို့ ရောက်သည့်အခါ ပင်လယ်ထဲသို့ ချက်ချင်းပင် တိုက်ရိုက်ခုန်ချလိုက်တော့သည်။
အခန်း ၂၀၃ ညသန်းခေါင်မှာ ကျွန်းကိုတိုက်ခိုက်ခြင်း၊ မရပ်တန့်နိုင်တော့ဘူး
“နေဦး...။”
ကျန်းယွင်ထျန်း ပြောချိန်မမီလိုက်ခင်မှာပင် တပိုင်က ရေထဲသို့ ခုန်ချသွားပြီဖြစ်သည်။
မကြာမီ တပိုင်သည် သူ၏လက်ထဲ၌ ရှည်လျားသော သတ္တဝါတစ်ကောင်ကို ဆုပ်ကိုင်ပြီး ရေထဲမှ ပြန်တက်လာခဲ့သည်။
ကျန်းယွင်ထျန်းသည် လရောင်အောက်တွင် အနီးကပ်ကြည့်ရှုလိုက်ပြီးနောက် ၎င်းမှာ ပင်လယ်မြွေတစ်ကောင်ဖြစ်ကြောင်း တွေ့လိုက်ရလေသည်။ ထိုအချိန်တွင် ပင်လယ်မြွေသည် တပိုင်၏လက်မောင်းကို ထပ်မံရစ်ပတ်ရန် ကြိုးစားနေဆဲပင်။
တပိုင်သည် ထိုပင်လယ်မြွေကို သူ၏လက်သည်းများဖြင့် အလွယ်တကူ အပိုင်းပိုင်းဖြတ်တောက်ပစ်လိုက်ပြီး ကမ်းစပ်ပေါ်သို့ ပစ်ချလိုက်တော့သည်။
၎င်းမှာ သာမန်ပင်လယ်မြွေတစ်ကောင်သာဖြစ်ပြီး တပိုင်က ၎င်းကိုစားရန် စိတ်မဝင်စားပေ။
“ဝုတ် ဝုတ် ဝုတ်”
ထိုအချိန်တွင် ဝမ်ချိုင်သည် ဗီလာထဲမှ ပြေးထွက်လာပြီး ရှောင်းယီရှိရာသို့ ပြေးသွားခဲ့၏။
ထိုအချိန်တွင် ရှောင်းယီသည် ရွှမ်းယွမ်ဓား၏ထက်ရှမှုကို အသုံးပြု၍ တိုက်ခိုက်လာသော သာမန်ဂျယ်လီငါးတစ်ကောင်ကို အောင်မြင်စွာ ကိုင်တွယ်နိုင်ခဲ့ပြီးဖြစ်သည်။
“ရှောင်းယီ အနောက်ဘက်မှာ ပင်လယ်သတ္တဝါတွေက ကျွန်းကိုတိုက်ခိုက်နေတယ်။”
ထိုအချိန်တွင် ရှောင်းယီ သယ်ဆောင်လာသော ဝေါ်ကီတော်ကီမှ အသံမြည်လာ၏။ ထိုအသံမှာ အန်းရန်၏အသံဖြစ်သည်။
ရှောင်းယီသည် အခုလေးတင် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်အားလုံးကို တိုက်ခိုက်မှုအချက်ပြရန် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ ဗီလာဧည့်ခန်းရှိ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်က အန်းရန်နှင့် အခြားသူများကို နှိုးလိုက်ခြင်းဖြစ်နိုင်သည်။
“ဟုတ်ပြီ။”
ရှောင်းယီက တုံ့ပြန်လိုက်ပြီး ချက်ချင်းပင် အနောက်ဘက်သို့ ဦးတည်ကာ ပြေးထွက်သွားလိုက်၏။ ထိုအချိန်တွင် ဝမ်ချိုင်သည်လည်း ပြေးလာပြီး ရှောင်းယီကို အကြိမ်ကြိမ် အော်ခေါ်နေခဲ့သည်။
“အင်း ငါသိပြီ။ မင်းပြန်သွားပြီး ဝေါ်ကီတော်ကီတစ်ခုယူပြီး အစ်ကိုကျန်းကို သွားပေးလိုက်။”
ရှောင်းယီက ပြန်ပြောလိုက်သည်။
“ဝုတ် ဝုတ်!း”
ဝမ်ချိုင် နှစ်ခါဟောင်လိုက်ပြီး နောက်လှည့်ကာ ပြန်ပြေးထွက်သွားခဲ့သည်။
အန်းရန်က ဝေါ်ကီတော်ကီဖြင့် စကားပြောနေခဲ့သော်လည်း ကျန်းယွင်ထျန်းဘက်မှ တုံ့ပြန်မှုမရှိသဖြင့် သူသည် အလျင်အမြန်ထွက်သွားခဲ့ရပြီး ဝေါ်ကီတော်ကီကို ယူမသွားခဲ့မိခြင်းသာ ဖြစ်ရပေမည်။
ထို့ကြောင့် ရှောင်းယီက ဝမ်ချိုင်ကို ဝေါ်ကီတော်ကီယူရန် အကူအညီတောင်းခဲ့ပြီး လူတိုင်းသည် အချက်အလက်များကို အချိန်နှင့်တပြေးညီ ဖလှယ်နိုင်စေရန် ဖြစ်သည်။
ဝမ်ချိုင်သည် ဗီလာထဲသို့ပြန်သွားပြီး အားသွင်းထားသော ဝေါ်ကီတော်ကီတစ်လုံးကိုယူကာ အပြင်သို့ ပြေးထွက်သွားခဲ့၏။
အန်းရန်တို့ အမျိုးသမီးသုံးယောက်သည် ဧည့်ခန်းတွင်ရှိနေကြသော်လည်း ဝမ်ချိုင်၏လှုပ်ရှားမှုကို သတိမထားမိခဲ့ကြပေ။ အဘယ်ကြောင့်ဆိုသော် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှ အချက်ပြမှုများ ထပ်မံရောက်ရှိလာသောကြောင့်ဖြစ်သည်။
မကြာမီ ဝမ်ချိုင်သည် ဝေါ်ကီတော်ကီနှင့်အတူ ပြန်လာနေသော ကျန်းယွင်ထျန်းကို တွေ့လိုက်ရ၏။
ဝမ်ချိုင်၏ပါးစပ်ထဲရှိ ဝေါ်ကီတော်ကီကိုမြင်သောအခါ ကျန်းယွင်ထျန်းက သူ့ဆီမှ ချက်ချင်းယူလိုက်သည်။
“ကျေးဇူးတင်ပါတယ်။ ငါ အလျင်အမြန်ထွက်လာခဲ့ရတော့ ဒါကိုမေ့သွားခဲ့တာ။”
“ရှောင်းယီ အခု တိုက်ခိုက်မှုနှစ်ခုရှိနေတယ်။ တစ်ခုက အရှေ့ဘက်နဲ့ တစ်ခုက အနောက်မြောက်ဘက်မှာ။”
ထိုစဉ် အန်းရန်၏အသံက ဝေါ်ကီတော်ကီထဲမှ ထွက်ပေါ်လာခဲ့သည်။
“ငါအရှေ့ဘက်ကိုသွားလိုက်မယ်။ တပိုင်ကို အနောက်မြောက်ဘက်ကို သွားခိုင်းလိုက်။”
ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။
“ကောင်းပြီ!”
ရှောင်းယီက တုံ့ပြန်လိုက်သည်။
နောက်တစ်နာရီအတွင်း ရှောင်းယီ၊ ကျန်းယွင်ထျန်းနှင့် တပိုင်တို့သည် ကျွန်းတစ်ခုလုံးနီးပါး ပြေးလွှားနေခဲ့ကြရ၏။
ပင်လယ်သတ္တဝါများ၏ တိုက်ခိုက်မှုကို ၅၆ ကြိမ် ခံခဲ့ကြရသည်။
“အရင်က ပင်လယ်သတ္တဝါတိုက်ခိုက်မှုအရေအတွက်ထက် ကျော်လွန်သွားပြီ။ ဒါပေမယ့် ဆက်တိုးနိုင်မလားဆိုတာ မသိရသေးဘူး။”
ရှောင်းယီက မျက်မှောင်ကြုံ့ကာ ပြောလိုက်သည်။
နှစ်ယောက်သား နာရီဝက်ကျော်စောင့်ဆိုင်းခဲ့ပြီးနောက် ပင်လယ်သတ္တဝါတိုက်ခိုက်မှုများ မရှိတော့သဖြင့် ဗီလာသို့ ပြန်လျှောက်သွားခဲ့ကြသည်။
“အစ်ကိုကျန်း မင်းသွားအိပ်တော့လေ။”
ရှောင်းယီက ပြောလိုက်သည်။
“ဝမ်ချိုင်နဲ့ တပိုင်ကိုပဲ ကျန်တာတွေ စောင့်ကြည့်ခိုင်းလိုက်တော့မယ်။”
ကျန်းယွင်ထျန်းက ခေါင်းညိတ်ပြီး အနီးရှိဗီလာသို့ လျှောက်သွားလိုက်တော့သည်။
ရှောင်းယီသည် ဝမ်ချိုင်နှင့် တပိုင်ကို တာဝန်ပေးလိုက်ပြီးနောက် အန်းရန်နှင့် အခြားသူများကိုလည်း အိပ်ရာပြန်ဝင်ရန် ပြောကာ သူသည်လည်း အိပ်ခန်းထဲသို့ ပြန်သွားလိုက်သည်။
“ငါတစ်ယောက်တည်းပဲ တိုက်ခိုက်ခံရတာတော့ မဟုတ်လောက်ဘူးမလား။”
ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ား ရှားနိုင်ငံဂရုကြီးဆီသို့ ပြောင်းကြည့်လိုက်သည်။
သေချာပေါက်ပင် ဂရုထဲ၌ အားလုံး ဖရိုဖရဲဖြစ်နေကြပြီဖြစ်သည်။
“ဘာဖြစ်နေတာလဲ။ ဒီအချိန်ကြီးမှာ ပင်လယ်သတ္တဝါတွေက ဘာလို့တိုက်ခိုက်နေတာလဲ။ လူတွေကို အိပ်မပျော်နိုင်အောင် လုပ်နေတာလား။”
“ဟုတ်တယ်။ အပြင်က အရမ်းမှောင်နေတာ ဘာမှမမြင်ရဘူး။ ဘယ်လိုကာကွယ်ရမှာလဲ။”
“မဖြစ်နိုင်ဘူး။ အုတ်မြစ်ကျောက်တစ်ခုပျက်စီးသွားတဲ့အချိန်မှာတောင် အဲ့ဒီပင်လယ်သတ္တဝါက မထွက်သွားဘူး။ ဆက်ပြီးဖျက်ဆီးနေတုန်းပဲ။”
“အဓိပ္ပါယ်မရှိဘူး။ မြန်မြန်လုပ်ကြ။ သံလှံကို ချက်ချင်းကောက်ကိုင်ကြတော့။”
“စိတ်မပူကြပါနဲ့။ လူတိုင်းပဲ မင်းတို့ အဲ့ဒီသတ္တဝါကိုထိခိုက်အောင်လုပ်နိုင်ရင် သူ့ကိုမောင်းထုတ်ဖို့ အခွင့်အလမ်းရှိတယ်။”
ရွှမ်းယွမ်ဝူဝေ့က ဂရုထဲရှိ လူများကို ချက်ချင်းပြောလိုက်သည်။
“ဟုတ်တယ်။ ငါသံလှံနဲ့ တိုက်ခိုက်ခံရတဲ့နေရာကို ကြုံသလိုလှည့်လိုက်တော့ ပင်လယ်သတ္တဝါက တန်းနေအောင်ထွက်ပြေးသွားတာပဲ။”
“မဟုတ်ဘူး။ ငါအမှောင်ကို ကြောက်တယ်။”
“အပေါ်ကလူ..မင်းဒီအချိန်အထိ အသက်ရှင်နိုင်အောင် ဘယ်လိုလုပ်ခဲ့တာလဲ။ အမှောင်ကိုတောင် မကျော်လွှားနိုင်ရင် အခုချက်ချင်း ကိုယ့်ကိုယ်ကို သတ်သေလိုက်တော့။”
“မနေ့ညက ပင်လယ်သတ္တဝါ တိုက်ခိုက်မှု မရှိခဲ့ဘူးလေ။”
“အား...ဘာဖြစ်သွားတာလဲ။ ငါရေထဲကိုတည့်တည့်ကြီး ပြုတ်ကျသွားတာပဲ။ တော်သေးတာပေါ့။ ငါမြန်မြန်ပြန်တက်လာခဲ့လို့။”
“ညီအစ်ကို။ မင်း ဘယ်လောက်တောင် အိပ်ငိုက်နေတာလဲ။ ပင်လယ်သတ္တဝါတွေက မင်းကျွန်းကို ဖျက်ဆီးလုနီးပါးဖြစ်သွားပြီလေ။”
“ဘာဖြစ်နေတာလဲ။ ငါ့ကျွန်းမှာ ၂ စတုရန်းမီတာပဲ ကျန်တော့တယ်။ ငါ့ရဲ့အရင်းအမြစ်တွေက ဘယ်ရောက်သွားတာလဲ။”
“ပင်လယ်သတ္တဝါတွေကို မြန်မြန်ပြန်တိုက်ဖို့ လုပ်တော့။ နောက်ထပ်စောင့်နေရင် အဲ့ဒီ ၂ စတုရန်းမီတာတောင် ကျန်မှာမဟုတ်တော့ဘူး။”
“မဖြစ်နိုင်ဘူး။ ငါ့လက်နက်က ရေထဲပြုတ်ကျသွားပြီ။ အရင်းအမြစ်တွေလည်း ပျောက်သွားပြီ။ အနည်းဆုံး သံလှံတစ်ချောင်းတောင် မလုပ်နိုင်တော့ဘူး။ ဘယ်သူ ငှားပေးနိုင်လဲ။”
ရွှမ်းယွမ်ဝူဝေ့သည် ချက်ချင်းပင် သူ၏လူများကိုခေါ်ယူပြီး ပင်လယ်သတ္တဝါများကို ကိုင်တွယ်ပြီးသူအားလုံးအား ၎င်းတို့၏လက်နက်များကို အများသုံးချန်နယ်တွင် အခမဲ့ငှားရမ်းပေးရန် စီစဉ်လိုက်ကြသည်။
“ကျုပ်နဲ့ ကျုပ်ရဲ့မိတ်ဆွေတွေက လက်နက်အားလုံးကို အခမဲ့ငှားရမ်းပေးထားပါတယ်။ လူတိုင်းကို ကူညီနိုင်မယ်လို့မျှော်လင့်ပါတယ်။ လက်နက်အပိုရှိရင် ငှားလို့ရပါတယ်။ ဒါမှမဟုတ် ရောင်းလို့လည်းရတယ်။”
ရွှမ်းယွမ်ဝူဝေ့က ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ် သူဌေးရွှမ်းယွမ်။”
လူတိုင်းက အဖွဲ့ထဲတွင် ကျေးဇူးတင်စကားများ ပြောလိုက်ကြ၏။
“စိတ်ထားကောင်းတဲ့လူတစ်ယောက်ပဲ။”
ရှောင်းယီက ထိုသို့ပြောလိုက်ပြီးနောက် ကျွန်းပေါ်က အပိုရှိသော သံလှံများအားလုံးကို အဖွဲ့ထဲတွင် အခမဲ့ငှားရမ်းပေးလိုက်သည်။
အဆင့်မြင့်လက်နက်များကိုတော့ သူဘယ်တော့မှ ငှားရမ်းပေးမည်မဟုတ်ပေ။
အဖွဲ့ထဲရှိလူများစွာ၏ တုံ့ပြန်မှုများကိုကြည့်လိုက်ပြီးနောက် ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်၏ အချက်ပြမှု၏ အဓိပ္ပါယ်ကို နားလည်သွားတော့သည်။
ယခင်တုန်းက ပင်လယ်သတ္တဝါများသည် နေ့ခင်းဘက်တွင်သာ တိုက်ခိုက်ကြခြင်းဖြစ်၏။ သို့သော်လည်း ယခုအချိန်တွင်မူ ပင်လယ်သတ္တဝါအားလုံးက နေ့ခင်းဘက်တွင်သာ အလုပ်လုပ်ကြမည် မဟုတ်ပေ။ ထိုတိုက်ခိုက်မှုများက ကျပန်းဖြစ်နိုင်ပြီး မည်သည့်အချိန်တွင်မဆို တိုက်ခိုက်လာနိုင်သည်။
ယခင်တုန်းက ပင်လယ်သတ္တဝါများသည် တိုက်ခိုက်ပြီးနောက် အုတ်မြစ်ကျောက်တစ်ခုကို ဖျက်စီးကာ ထွက်သွားတတ်ကြသည်။ သို့သော်ဘယခုအချိန်တွင်မူ ထွက်မသွားကြတော့ဘဲ တန်ပြန်တိုက်ခိုက်မှုကို မခံရလျှင် အုတ်မြစ်ကျောက်အားလုံးကို ဖျက်ဆီးသွားနိုင်ပေသည်။
ဒါက တကယ်ကို လက်တွေ့ကျတာပဲ။
ထိုအကြောင်းကိုတွေးလိုက်ပြီး ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို အများသုံးချန်နယ်သို့ ပြောင်းလိုက်သည်။
အမျိုးမျိုးသော ဘာသာစကားများကြောင့် သူ့မျက်လုံးများ မှုန်ဝါးသွားပြီး အသံများကိုသာ သူနားလည်နိုင်၏။
အဘယ်ကြောင့်ဆိုသော အသံများထဲတွင် လူတစ်ဦးချင်းစီ၏ စိတ်ခံစားချက်များပါဝင်ပြီး ရှောင်းယီ၏ တယ်လီပသီစွမ်းရည်က သူတို့ပြောသောစကားများကို နားလည်နိုင်သောကြောင့်ပင်။
“လူတိုင်း တိုက်ခိုက်မှုမျိုးစုံကို ကြုံနေရပြီထင်တယ်။”
ရှောင်းယီက ရေရွတ်လိုက်မိသည်။
“တိုက်ခိုက်မှုအရေအတွက်လည်း ပြောင်းလဲသွားမလားမသိဘူး။”
သို့သော် အဖွဲ့ထဲတွင် တိုက်ခိုက်မှုအရေအတွက်နှင့် ပတ်သက်ပြီး မည်သူမျှ မပြောကြသောကြောင့် ရှောင်းယီသည် တိုက်ခိုက်မှုအရေအတွက်ကို ကန့်သတ်ထားသည့် စည်းမျဉ်းများ ရှိလိမ့်မည်ဟု ကောက်ချက်ချလိုက်၏။
ရှောင်းယီသည် ပင်လယ်သတ္တဝါများ၏ တိုက်ခိုက်မှုယန္တရားကို တွေးတောနေစဉ် တိလင်းထျန်းရှားသည်လည်း ပင်လယ်သတ္တဝါများ၏ တိုက်ခိုက်မှုကို ကိုင်တွယ်ဖြေရှင်းနေရလေသည်။
နောက်ဆုံးအကြိမ် ကျွန်း၏အကျယ်အဝန်းကို ၂၅၉ စတုရန်းမီတာအထိ ချဲ့ထွင်ပြီးကတည်းက ပင်လယ်သတ္တဝါတိုက်ခိုက်မှု သုံးကြိမ်ရှိခဲ့သည်။
သူ၏ကျွန်းပေါ်တွင် သူတစ်ယောက်တည်းသာ ရှိပေသည်။ ယနေ့ ထိုတိုက်ခိုက်မှုသုံးကြိမ်မှာ တစ်ချိန်တည်းတွင် ဖြစ်ပွားခဲ့ပြီး ဦးတည်ရာမှာလည်း သုံးမျိုးကွဲနေခဲ့လေသည်။
“သေစမ်း... ဒါက ဘာဖြစ်နေတာလဲ။”
တိလင်းထျန်းရှားက ကျိန်ဆဲလိုက်၏။
သူသည် အနီးဆုံး တိုက်ခိုက်ခံရသောနေရာသို့ အလျင်အမြန်သွားလိုက်ပြီး အုတ်မြစ်ကျောက် မပျက်စီးသေးမီ ထိုပင်လယ်သတ္တဝါကို သတ်ပစ်လိုက်သည်။
ဒုတိယတိုက်ခိုက်ခံရသောနေရာသို့ ရောက်သွားသောအခါ သူ့ရှေ့တွင် ဖြစ်ပျက်နေသောအခြေအနေကို မြင်လိုက်ရပြီး ဒေါသထွက်သွားတော့သည်။
အခန်း ၂၀၄ တိလင်းထျန်းရှား၏ ပြဿနာနှင့် စိုက်ပျိုးရေးလက်ထောက်
တိလင်းထျန်းရှားသည် မူလက စတုရန်းပုံစံကျွန်းတွင် အက်ကွဲကြောင်းတစ်ခုရှိနေပြီး အုတ်မြစ်ကျောက်နှစ်ခုပျက်စီးသွားသည်ကို တွေ့လိုက်ရ၏။
ထိုအက်ကွဲကြောင်းအနီးတွင် အရိပ်တစ်ခုရှိနေပြီး ၎င်းက ကျွန်းကို ဆက်လက်ဖျက်ဆီးနေဆဲပင်။
တိလင်းထျန်းရှားသည် လရောင်အောက်တွင် ၎င်းမှာ ပြားချပ်နေသော ပင်လယ်ငါးတစ်ကောင်ဖြစ်ကြောင်း တွေ့လိုက်ရပြီး ၎င်းက ကျွန်း၏အုတ်မြစ်ကျောက်ကို အဆက်မပြတ်ထိုးဖောက်နေခဲ့သည်။
“အခုပဲ!”
အခွင်းအရေးရသည်နှင့် တိလင်းထျန်းရှားသည် သူ၏သံလှံကို ရေထဲသို့ ထိုးချလိုက်၏။
စွပ်...
တစ်ချက်တည်ဖြင့် ထိမှန်သွားခဲ့သည်။ တိလင်းထျန်းရှားသည် ထိုငါးကို ပင်လယ်ထဲမှ ဆွဲထုတ်ပြီး ကမ်းခြေပေါ်သို့ ပစ်တင်လိုက်တော့သည်။
ထို့နောက် နောက်ဆုံးတိုက်ခိုက်ခံရသောနေရာသို့ ဆက်သွားလိုက်သောအခါ ထိုနေရာရှိ အုတ်မြစ်ကျောက်နှစ်ခုမှာ ပျက်စီးသွားခဲ့ပြီဖြစ်သည်။
သို့သော် နောက်ဆုံးတွင် ထိုပင်လယ်သတ္တဝါသည် ရှည်လျားသောပုံသဏ္ဍာန်ရှိပြီး သူ၏လက်ထဲရှိသံလှံဖြင့် ထိုးစိုက်၍ မရပေ။ တိလင်းထျန်းရှား၏ အကြိမ်ကြိမ်တိုက်ခိုက်ခြင်းကို ခံရပြီးနောက် ၎င်းက ထွက်ပြေးသွားတော့သည်။
“ဖူး....။”
တိလင်းထျန်းရှားက မြေကြီးပေါ်တွင် ထိုင်ချလိုက်၏။
“ဒါက လူတွေ လုပ်နိုင်တဲ့အရာ မဟုတ်ဘူး။ ကျွန်းကို အရမ်းကြီးအောင်မချဲ့သင့်တဲ့ပုံပဲ။ မဟုတ်ရင် တစ်ယောက်တည်းနဲ့ သေအောင်ပင်ပန်းလိမ့်မယ်။”
သူက ရေရွတ်လိုက်သည်။
ခဏနားပြီးနောက် တိလင်းထျန်းရှားသည် သူ၏ကျွန်း၌ လာရောက်ကူညီရန် လူအနည်းငယ်ကို ရှာဖွေရန် သင့်၊ မသင့် စဉ်းစားလိုက်၏။
လူတစ်ယောက်တည်းဖြင့် သူလုပ်ချင်တာတွေအားလုံးကို လုပ်နိုင်ရန်မှာ အလွန်အလုပ်ရှုပ်လွန်းလှပေသည်။
သို့သော် ယခင်က ကျူးချန်းကလန်နှင့် သူ၏ဆက်ဆံရေးမှာ အလွန်တင်းမာထားခဲ့သည်။ ယခုအချိန်တွင် တစ်ဖက်လူများက သူ့ကျွန်း၏တည်နေရာကို သိသွားလျှင် အခြားအတွေးများ ရှိမလားဆိုသည်ကို သူမသိနိုင်ပေ။
အထူးသဖြင့် သူ၏ကျွန်းက ကောင်းကောင်းကြီး ဖွံ့ဖြိုးတိုးတက်နေသည့်အချိန်မျိုးတွင်ဖြစ်သည်။
တိလင်းထျန်းရှားသည် ထိုအတွေးကို ခဏတာ စဉ်းစားပြီးနောက် စိတ်ကူးကို စွန့်လွှတ်လိုက်၏။
သူ၏ကျွန်းသို့ တစ်စုံတစ်ဦးကိုရှာဖွေရန် လိုအပ်ပါက ကျူးချန်းကလန်၏ ခရီးသည်ဝန်ဆောင်မှုကို အားကိုးရန် မလိုအပ်ပေ။
ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှိ အချက်အလက်များကို ခဏကြာအောင် စောင့်ကြည့်နေခဲ့သော်လည်း နောက်ထပ် အချက်အလက်များ မတွေ့ရတော့သောကြောင့် အိပ်ပျော်သွားခဲ့သည်။
ရှောင်းယီ၏ကျွန်းသည် နောက်ပိုင်းအချိန်များတွင် အလွန်အေးချမ်းနေပြီး ပင်လယ်သတ္တဝါများ၏ တိုက်ခိုက်မှုများကို ထပ်မကြုံရတော့ပေ။
နောက်နေ့တွင် ရှောင်းယီသည် သဘာဝအတိုင်း နိုးထလာသည်အထိ အိပ်ခဲ့ပြီးနောက် တတိယထပ်ရှိ လသာဆောင်ဆီသို့ းလျှောက်သွားလိုက်သည်။
ယွမ်နွန်၊ အန်းယွဲ့၊ လီယန်နှင့် လုပင်းအာတို့မှာ လယ်ကွင်းထဲတွင် အလုပ်လုပ်နေကြပြီဖြစ်သည်။
တံတိုင်းအပြင်ဘက်ရှိ သစ်တောများမှာ စိမ်းလန်းစိုပြေလာပြီဖြစ်ပြီး အများဆုံးတစ်ရက်အတွင်း သစ်တောများ ပြန်လည်ထူထပ်လာလိမ့်မည်ဟု ခန့်မှန်းရပေသည်။
ဤကဲ့သို့ လန်းဆန်းစေသောမြင်ကွင်းကိုကြည့်ရင်း ရှောင်းယီက တီးတိုးရေရွတ်လိုက်၏။
“စနစ် လက်မှတ်ထိုးဝင်မယ်။”
“လက်မှတ်ထိုးဝင်ခြင်း အောင်မြင်ပါသည်။ ရရှိသောဆုလာဘ် - အလိုအလျောက်စိုက်ပျိုးရေးလက်ထောက် (SSS အဆင့်)။”
“အလိုအလျောက်စိုက်ပျိုးရေးလက်ထောက် (SSS အဆင့်) - စိုက်ပျိုးရေးလုပ်ငန်းအားလုံးကို ၎င်းထံ အပ်နှံထားနိုင်သည်။”
ရှင်းလင်းချက်သည် စာလုံး ၁၂ လုံးသာရှိသော်လည်း ၎င်း၏အသုံးဝင်ပုံကို အပြည့်အဝ ရှင်းပြထားပေသည်။
ထိုဆုလာဘ်ကိုမြင်သောအခါ ရှောင်းယီက ခေါင်းညိတ်လိုက်မိသည်။
“အခု လူတိုင်းအတွက် အခြားအရာတွေလုပ်ဖို့ အချိန်ပိုရသွားပြီ။”
လယ်ကွင်း ၁၄ ဧကနှင့် အရင်လယ်ကွင်းများကို ပေါင်းထည့်လိုက်သောအခါ ယွမ်နွန်နှင့် အန်းယွဲ့တို့မှာ အလုပ်ကြိုးစားရန် လိုအပ်လာမည်ဖြစ်သည်။
ဤနေရာတွင် အပင်စက်ဝန်းကို ရက်များဖြင့်တွက်ချက်ပြီး အိမ်ရာမြေခြံဝင်းအတွင်း၌ အပူထိန်းစနစ်လည်းရှိသောကြောင့် နွေဦးနှင့် ဆောင်းဦးကို ခွဲခြားထားခြင်းမရှိပေ။ အကူကိရိယာများမပါလျှင် သူတို့သည် တစ်နှစ်ပတ်လုံး အလုပ်လုပ်ကြရမည်ဖြစ်သည်။
သူဌေးတစ်ဦးအနေဖြင့် ရှောင်းယီသည် လူတိုင်း၏လုပ်အားကို ဤနည်းဖြင့်ညှစ်ထုတ်ခြင်းမျိုး မလုပ်လိုပေ။ လူတိုင်းကို အလုပ်လုပ်ရင်း အနားယူနိုင်စေရန်လည်း မျှော်လင့်မိသည်။
ရှောင်းယီသည် ဗီလာအပြင်ဘက်သို့ထွက်လာပြီး အလိုအလျောက်စိုက်ပျိုးရေးလက်ထောက်ကို စနစ်သိုလှောင်ခန်းမှ ထုတ်ယူလိုက်တော့သည်။
အလိုအလျောက်ရေလောင်းစနစ်ကဲ့သို့ပင် ၎င်းသည်လည်း ကားတစ်စီးပင်ဖြစ်သည်။ ဤအချိန်တွင်မူ ထိုကားသည် ကောက်ရိတ်စက်နှင့် ပိုတူပေသည်။
ထို့နောက် ကားထဲမှ စက်ရုပ်တစ်ခုထွက်လာပြီး ရှောင်းယီကို နှုတ်ဆက်လာခဲ့သည်။
“သခင် ကျုပ်က စိုက်ပျိုးရေးလက်ထောက်စက်ရုပ်ဖြစ်ပါတယ်။ ကျုပ် ဘာများကူညီ ပေးရမလဲ။”
“ငါ့နောက် လိုက်လာခဲ့။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။ ထို့နောက် စက်ရုပ်သည် ကားကိုမောင်းပြီး ရှောင်းယီနောက်သို့လိုက်ကာ လယ်ယာခြံဝင်းအတွင်းသို့ ရောက်ရှိလာခဲ့သည်။
ရှောင်းယီ ခြံထဲသို့ဝင်ရောက်သည်နှင့် တစ်ပြိုင်နက် လယ်ကွင်းတွင် အလုပ်လုပ်နေသော ယွမ်နွန်နှင့် အခြားသူများသည်လည်း သူ့ကို လှည့်ကြည့်လိုက်ကြသည်။ တိတိကျကျဆိုရလျှင် သူ့နောက်က ကားကြီးကို ကြည့်နေကြခြင်းဖြစ်သည်။
“အားလုံးပဲ ဒီကိုလာကြဦး။”
ရှောင်းယီက လက်ခုပ်တီးကာ ပြောလိုက်၏။
ယွမ်နွန်နှင့် အခြားသူများသည် လယ်ကွင်းဘေးရှိ ရေပိုက်မှရေဖြင့် လက်များကိုဆေးကြောပြီး စိတ်ရှုပ်ထွေးစွာဖြင့် လျှောက်လာခဲ့ကြသည်။
“ဒါက ကောက်စက်နဲ့တူတယ်။”
ယွမ်နွန်က ထိုစက်ကိုကြည့်ပြီး မရေမရာဖြစ်နေဟန်ဖြင့် ပြောလိုက်၏။ ရှောင်းယီက ပြုံးလိုက်သည်။
“ဒါက အလိုအလျောက် စိုက်ပျိုးရေးလက်ထောက်ပဲ။ စက်တစ်ခုပေါ့။”
သူက ရှင်းပြလိုက်သည်။
ထိုအချိန်တွင် စက်ရုပ်မှာ ကားထဲမှ ထွက်လာခဲ့သည်။
“နောက်ထပ်စက်ရုပ်တစ်ခုလား။”
အန်းယွဲ့က ထိတ်လန့်သွားသောလေသံဖြင့် ပြောလိုက်သည်။ သူတို့သည် အရင်က အလိုအလျောက်ရေလောင်းစနစ်အတွင်းရှိ စမတ်စက်ရုပ်တစ်ခုကို မြင်ခဲ့ဖူးပေသည်။
ရှောင်းယီ ခေါင်းညိတ်ပြလိုက်သည်။
“နောက်လာမယ့်နေ့တွေမှာ လယ်ယာအလုပ်ကို ကိုယ်တိုင်လုပ်စရာမလိုတော့ဘူး။ ညွှန်ကြားချက်ပေးလိုက်ရုံပဲ။”
ယွမ်နွန်က စက်ရုပ်ကို အံ့အားသင့်စွာကြည့်လိုက်ပြီး ပြောလိုက်သည်။
“သူက လယ်ယာအလုပ်တွေအားလုံးကို ကိုင်တွယ်နိုင်မယ်ဆိုတာ သေချာလို့လား။”
“ကျေးဇူးပြုပြီး ကျုပ်ရဲ့စွမ်းရည်ကို မသံသယဖြစ်ပါနဲ့။ ကျုပ်က လယ်ယာအလုပ်အားလုံးမှာ ကျွမ်းကျင်ပြီး တစ်ချိန်တည်းနဲ့ လယ်ကွင်း ၆၄၀ ဧကကို စီမံခန့်ခွဲနိုင်ပါတယ်။”
စက်ရုပ်က ချက်ချင်း ပြန်ပြောလိုက်သည်။
ရှောင်းယီသည် ထိုနံပါတ်ကို ကြားလိုက်ရသောအခါ လန့်သွားခဲ့၏။ အဘယ်ကြောင့်ဆိုသော် ဤစက်သည် လယ်ကွင်းမည်မျှစီမံခန့်ခွဲနိုင်သည်ကို ယခင်က မိတ်ဆက်မပေးခဲ့သောကြောင့်ပင်။
ယွမ်နွန်၏မျက်လုံးများမှာလည်း ပြူးကျယ်သွားခဲ့သည်။
“လယ်ကွင်းတွေ အများကြီးကို မင်းတစ်ယောက်တည်း စီမံခန့်ခွဲနိုင်မှာလား။”
“မှန်ပါတယ်။ ကျုပ် တစ်ယောက်တည်းပါပဲ။”
စက်ရုပ်က ပြန်ဖြေလိုက်သည်။ ယွမ်နွန်က ၎င်းကို ကြည့်လိုက်၏။
“ငါတို့မှာ ကန်စွန်းပျိုးပင်တွေ ရှိတယ်။ ကန်စွန်းပျိုးပင်အားလုံးကို လယ်ကွင်းထဲမှာ စိုက်ပျိုးလိုက်ပါ။”
ရှောင်းယီသည် ယွမ်နွန်က စက်၏စွမ်းရည်အား စမ်းသပ်နေသည်ကို သိလိုက်ရပြီး သူသည်လည်း ဤစက်မှာ အမှန်တကယ် ထိရောက်မှုရှိ၊ မရှိ ကြည့်ရှုလိုနေခဲ့သည်။
စက်ရုပ်သည် ရှောင်းယီ ကိုကြည့်လိုက်၏။
“သခင် ကျုပ် ဒီအမိန့်ကို လိုက်နာနိုင်ပါသလား။”
“ရတယ်။ နောက်ပိုင်းမှာ မင်း သူ့ရဲ့အမိန့်ကို နာခံရမယ်။”
ရှောင်းယီက ယွမ်နွန်ကိုညွှန်ပြပြီး ပြန်ဖြေလိုက်သည်။
“ဟုတ်ကဲ့”
စက်ရုပ်သည် ၎င်း၏ကားပေါ်သို့ တက်သွားပြီး လယ်ကွင်းထဲရှိ ကန်စွန်းပျိုးပင်များအနီးသို့ မောင်းနှင်သွားလိုက်သည်။ ထို့နောက် စက်ရုပ်လက်တံတစ်ခုက ကန်စွန်းပျိုးပင်များကို ကောက်ယူပြီး စက်ထဲသို့ထည့်လိုက်တော့လေသည်။
ထို့နောက် စက်သည် လယ်ကွင်းထဲသို့ ဖြတ်ပြေးသွား၏။
လူတိုင်း၏မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။
စက်ဖြတ်သန်းသွားသောနေရာတွင် လယ်ကွင်းများမှာ ထွန်ယက်ပြီးသားဖြစ်သွားပြီး ကန်စွန်းပျိုးပင်များကိုလည်း စိုက်ပျိုးပြီးဖြစ်လေသည်။
ယွမ်နွန်သည် အလျင်အမြန် ရှေ့သို့လျှောက်သွားပြီး စစ်ဆေးကြည့်လိုက်၏။ စိုက်ပျိုးမှုအတိမ်အနက်သည်လည်း တိကျမှန်ကန်နေခဲ့သည်။
ရှောင်းယီက “ဘယ်လိုလဲ” ဟု မေးလိုက်သည်။
“အရမ်းကောင်းတယ်။ စိုက်ပျိုးတဲ့နည်းလမ်းနဲ့ အတိမ်အနက်က အရမ်းတိကျတယ်။”
ယွမ်နွန်က အံ့အားသင့်နေသောလေသံဖြင့် ပြန်ဖြေလိုက်သည်။
“ဒီစက်က အရမ်းအစွမ်းထက်တာပဲ။”
“ဟုတ်တယ်။ လယ်တစ်ဧကကို တစ်မိနစ်ကျော်နဲ့ ထွန်ယက်နိုင်ပုံပဲ။ တကယ်ပဲ လယ်ကွင်း ဧက ၆၀၀ ကျော်ကို တစ်ချိန်တည်းမှာ စီမံခန့်ခွဲနိုင်လောက်တယ်။”
အန်းယွဲ့က ပြောလိုက်သည်။
စနစ်မှထုတ်လုပ်သော ထုတ်ကုန်များသည် အရည်အသွေးမြင့်မားသော ထုတ်ကုန်များသာ ဖြစ်ရပေမည်။
“အဲ့ဒါက အသုံးဝင်တယ်ဆိုရင် သူက အခုကစပြီး ဦးလေးနောက်ကို လိုက်လိမ့်မယ်။”
ရှောင်းယီက ပြုံးကာ ပြောလိုက်၏။
ထိုအချိန်တွင် စက်ရုပ်သည်လည်း သူတို့ဆီသို့ ပြန်ရောက်လာခဲ့သည်။
“မင်းကို နာမည်တစ်ခုပေးမယ်။ သူ့ကို လယ်ကူလို့ခေါ်မယ်။ သူက စိုက်ပျိုးရေးလက်ထောက်ဖြစ်ပြီး လယ်သမားအိုကြီးရဲ့လက်ထောက်လည်းဖြစ်တယ်။”
ရှောင်းယီသည် ၎င်း၏နာမည်ကို သာမန်အတိုင်းရွေးချယ်လိုက်သည်။
“ဟုတ်ကဲ့။ စိုက်ပျိုးရေးလက်ထောက်က သင့်ကို ဝန်ဆောင်မှုပေးရတာ ဝမ်းသာပါတယ်။”
စက်ရုပ်စိုက်ပျိုးရေးလက်ထောက်က ပြန်ဖြေလိုက်သည်။
“အခုကစပြီး သူ့ရဲ့ညွှန်ကြားချက်ကို မင်း နာခံရမယ်။”
ရှောင်းယီက နောက်တစ်ခါထပ်ပြီး အလေးပေးကာ ပြောလိုက်သည်။
“ဟုတ်ကဲ့ပါ သခင်၊ ကျုပ် နားလည်ပါပြီ။”
စိုက်ပျိုးရေးလက်ထောက်က ပြန်ဖြေလိုက်၏။
ယွမ်နွန်က ထိုစိုက်ပျိုးရေးလက်ထောက်ကိုကြည့်ကာ ညည်းညူးလိုက်သည်။
“ငါက ငါ့ကိုယ်ငါ အသုံးဝင်နေသေးတယ်လို့ ထင်ခဲ့တာ။ အခုတော့ စက်နဲ့အစားထိုးခံလိုက်ရပြီ။”
“မဟုတ်တာ...။ သူက အလုပ်လုပ်တဲ့နေရာကို ပိုကောင်းအောင် လုပ်ရုံပါပဲ။ ပြီးတော့ သူက လယ်ယာအလုပ်ကိုပဲ လုပ်နိုင်တယ်။ ဦးလေးကတော့ အစီအစဉ်ဆွဲရမယ်။ ကျုပ်တို့ရဲ့စားနပ်ရိက္ခာသိုလှောင်မှု၊ သီးနှံအမျိုးမျိုးကို ခြုံငုံချိန်ညှိရမယ်။ ဒါတွေအားလုံးက ဦးလေးအပေါ်မှာပဲ မူတည်နေတာပါ။”
ရှောင်းယီက ပြောလိုက်သည်။
“ဒါ့အပြင် ဦးလေးက အရင်က သိပ္ပံနည်းကျ သုတေသနတွေ လုပ်ခဲ့တာလေ။ ဒီလိုအလုပ်ကြမ်းတွေ ဆက်လုပ်နေလို့ မရဘူး။ နောက်ပိုင်းမှာ သုတေသနဆက်လုပ်ဖို့လည်း လိုအပ်လာနိုင်တယ်။”