← Chapters

အခန်း (၂၂၈-၂၁၀)

Vol. 14 Ch. 208-210

အခန်း (၂၂၈-၂၁၀)

Vol. 14 Ch. 208-210

အခန်း ၂၀၈ ပိုးစာပင်ရှာဖွေခြင်း

“ဒီလိုရိုးရှင်းတဲ့ကိရိယာလေးနဲ့တောင် ဒီလိုအင်္ကျီတစ်ထည် ရက်လုပ်နိုင်တယ်ပေါ့။ တကယ် အံ့ဩစရာပဲ။”

ရှောင်းယီက သူမကို လက်မထောင်ပြလိုက်သည်။ ထိုအခါ လီယန်က ခါးသက်စွာပြုံးလိုက်သည်။

“ငါ့အမြင်မှာတော့ ဒါက အရည်အချင်းပြည့်မီတဲ့ ထုတ်ကုန်တစ်ခု မဟုတ်သေးဘူး။ အမှိုက်တစ်စသာသာပဲ ရှိပါသေးတယ်။”

“ဒီလောက်လည်း တင်းမာမနေပါနဲ့။ နောက်ဆုံးတော့ အခုအခြေအနေက ကန့်သတ်ချက်တွေ ရှိနေသေးတယ်လေ။”

ရှောင်းယီက ပြုံးကာ ပြန်ဖြေလိုက်သည်။

“ငါငယ်ငယ်တုန်းက အဖွားဆီကနေ ရက်ကန်းပညာကို သင်ယူခဲ့တယ်။ အဖွားရက်တဲ့အထည်က ခေတ်မီစက်တွေနဲ့ ထုတ်ထားတာတွေနဲ့ ယှဉ်လို့ရပေမယ့် ငါ့ရဲ့ကျွမ်းကျင်မှုက နည်းနည်းလေးတော့ နောက်ကျသေးတယ်။”

လီယန်က ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။

“အဲ့ဒါကြောင့် ဒီလိုကျွမ်းကျင်နေတာကိုး။ ဒါက မျိုးရိုးစဥ်ဆက် အမွေဆက်ခံထားတဲ့ ရှေးအတတ်ပညာပဲ။”

ရှောင်းယီက နောက်တစ်ခါထပ်ပြီး လက်မထောင်ပြလိုက်သည်။ လီယန်က ခေါင်းညိတ်လိုက်၏။ သူမက အနည်းငယ်နောင်တရနေဟန်ဖြင့် ဆက်ပြောလိုက်သည်။

“ရက်ကန်းရက်တဲ့နည်းပညာက ပြဿနာမရှိပေမယ့် အရောင်ဆိုးတဲ့နည်းလမ်းတွေကိုတော့ ငါသိပ်မရင်းနှီးသေးဘူး။ အခုအချိန်မှာ အရောင်အသွေးစုံလင်တဲ့အထည်မျိုးစုံကို ရက်လုပ်ဖို့ နည်းလမ်းမရှိသေးဘူး။”

“အခုအချိန်မှာ အလှအပဆိုတာက ဘာအဓိပ္ပါယ်ရှိလို့လဲ။ ဝတ်ဖို့ဘအဝတ်အစားရှိရင်ကိုပဲ အတော်ကောင်းနေပြီ။”

ရှောင်းယီက ပြောလိုက်သည်။ လီယန်က ခေါင်းညိတ်ပြီး တစ်ခုခုကို သတိရသွားဟန်ဖြင့် ဆက်ပြောလိုက်၏။

“ဟုတ်သားပဲ။ ငါတို့ အနာဂတ်မှာ ပိုးမွေးဖို့အတွက် ပိုးစာပင်ကို အမြန်ဆုံးရှာဖို့ လိုနေပြီ။ အပူချိန်တွေကလည်း တစ်နေ့တခြား မြင့်တက်လာနေတယ်။”

ဝါဂွမ်းအပြင် ပိုးချည်သည်လည်း အထည်ရက်လုပ်ရန်အတွက် အရေးကြီးသော ချည်မျှင်အရင်းအမြစ်ဖြစ်သည်။

“ကောင်းပြီ အပြင်မှာ အပင်တွေ ပေါက်နေတာ ကျုပ်တွေ့ထားတယ်။ ခဏနေရင် ဦးလေးယွမ်ကိုခေါ်ပြီး တောထဲမှာသွားရှာလိုက်မယ်။”

ရှောင်းယီက ပြောပြီး သစ်စက်ရုံထဲမှ ထွက်သွားခဲ့သည်။

လယ်ကွင်းထဲသိူ့ ရောက်သောအခါ ရှောင်းယီသည် လယ်အကူစက်၏ အလုပ်လုပ်ပုံကို ကြည့်နေသော ယွမ်နွန်ကို တွေ့လိုက်ရ၏။

“အန်တီလီယန်က ပိုးစာပင်တွေ ရှာဖို့လိုနေတယ်။ ကျုပ်က အဲ့ဒါတွေကို လုံးဝမသိဘူးဆိုတာ ဦးလေးလည်းသိပါတယ်။ အဲ့ဒါကြောင့် ဦးလေးရဲ့အကူအညီကို လိုအပ်နေတယ်။”

သူက ပြောလိုက်သည်။

“ပြဿနာမရှိပါဘူး။”

ယွမ်နွန်က ချက်ချင်း ပြန်ဖြေလိုက်သည်။

ထို့နောက် သူသည် ဝေါ်ကီတော်ကီကို လယ်အကူစက်ပေါ်တွင် တင်လိုက်ပြီး သတိပေးလိုက်သည်။

“တစ်ခုခုဖြစ်ရင် ငါ့ကို အချိန်မီ ဆက်သွယ်လိုက်ပါ။”

ထို့နောက် သူ၏ဘေးနားက သံလှံကိုကောက်ကိုင်လိုက်ပြီး ရှောင်းယီနောက်သို့ လိုက်သွားခဲ့သည်။

“နုန်ကျူးက အရာအားလုံးကို သိတယ်။ ငါ့ထက်တောင် ပိုသိနေသလိုပဲ။”

ယွမ်နွန်က လမ်းလျှောက်လာရင်း သက်ပြင်းချလိုက်၏။

“သူက စက်ရုပ်တစ်ခုပါပဲ။ သူတို့ရဲ့ဉာဏ်ရည်တုထဲကို နည်းပညာထည့်ပေးထားရုံပါ။ စက်မပျက်ဘဲ ဓာတ်အားရှိနေသရွေ့ အမြဲတမ်း မှတ်တမ်း‌တွေက ရှိနေမှာပဲလေ။ လူသားတွေက အမြဲမေ့တတ်တယ်။ အဲ့ဒါကြောင့်ပဲ စက်ရုပ်တွေကို တီထွင်ခဲ့တာပေါ့။”

ရှောင်းယီက ပြောလိုက်သည်။

“ဒါပေမယ့် လူသားတွေရဲ့အားသာချက်က ဖန်တီးနိုင်စွမ်းပဲ။ အနာဂတ်မှာ စက်ရုပ်တွေက လူသားတွေလို ဖန်တီးနိုင်စွမ်းရှိ၊ မရှိ မသိပေမယ့် အခုအချိန်မှာတော့ စက်ရုပ်တွေက လူသားတွေလောက် ဖန်တီးနိုင်စွမ်းမရှိသေးဘူး။”

ယွမ်နွန်က သဘောတူဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။

“ဦးလေးယွမ် ဒီအပင်တွေမှာက အရွက်လေးတွေပဲ ထွက်သေးတော့ ဘယ်ဟာက ပိုးစာပင်လဲဆိုတာ သိနိုင်ပါ့မလား။”

ရှောင်းယီက မေးလိုက်သည်။

ရှောင်းယီသည် စနစ်၏သတိပေးချက်ဖြင့် တစ်ခုချင်းစီကို စစ်ဆေးနိုင်သော်လည်း အချိန်အရမ်းကုန်မည်ဖြစ်သည်။ ထို့ကြောင့် ၎င်းကိုသိသည့်လူကို လုပ်ခိုင်းသည်က ပို၍လွယ်ကူပေလိမ့်မည်။

“အဆင်ပြေပါတယ်။ စိတ်မပူပါနဲ့။”

ယွမ်နွန်က ယုံကြည်ချက်အပြည့်ဖြင့် ပြန်ဖြေလိုက်သည်။ ဤတစ်ကြိမ်တွင်တော့ သူသည် ရှောင်းယီကို ပိုးစာပင်၏လက္ခဏာများနှင့် ပတ်သက်ပြီး ရှင်းမပြတော့ပေ။

ရှောင်းယီသည် အရာရာကို သိထားရန်လည်း မလိုအပ်ပေ။ သူတို့သာ ဤအရာများကို နားလည်ထားရမည်ဖြစ်သည်။ နောက်ဆုံး၌ ရှောင်းယီကို ရလဒ်ကောင်းတစ်ခုပေးရန်သာ လိုအပ်ပေသည်။

နှစ်ယောက်သား ဆောင်းတွင်းတုန်းက ဖောက်ထားသော တောလမ်းကြောင်းအတိုင်း တောနက်ထဲသို့ ထပ်မံဝင်ရောက်လာခဲ့ကြ၏။

ရှောင်းယီက ရွှမ်းယွမ်ဓားဖြင့် အရှေ့မှ လျှောက်သွားလိုက်သည်။ သူသည် ပတ်ဝန်းကျင်၌ အန္တရာယ်ရှိ၊ မရှိကိုသာ အဓိကအာရုံစိုက်ထားပြီး ယွမ်နွန်က သူ့နောက်မှာနေပြီး ပတ်ဝန်းကျင်ရှိ အပင်များကို ဂရုတစိုက်ကြည့်နေခဲ့သည်။

ထိုစဉ် ရုတ်တရက် မီးခိုးရောင်အရိပ်တစ်ခု သူတို့ဘေးကနေ ခုန်ထွက်လာ၏။

ယုန်တစ်ကောင်ပဲ...။

မူလက ရှောင်းယီသည် ထိုယုန်ကို ဓားချက်တစ်ချက်တည်းဖြင့် သတ်ပစ်ရန် စိတ်ကူးလိုက်သော်လည်း ယုန်သည် အလွန်ပိန်ပြီး အသားလည်းမရှိကြောင်း မြင်လိုက်ရသောကြောင့် နောက်ဆုံးတွင် စိတ်လျှော့လိုက်သည်။

“ဆောင်းတွင်းကြီးကို ဒီတိုင်းကျော်ဖြတ်ခဲ့ရတဲ့ အကောင်လေးတွေက အခုအချိန်မှာ အရမ်းဆာလောင်နေမှာပဲ။”

ယွမ်နွန်က ပြုံးကာ ပြောလိုက်သည်။

“ဟုတ်တယ်။ သူ့မှာ အသားသိပ်မရှိဘူး။ လွှတ်လိုက်တော့မယ်။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

ထို့နောက် ဆက်လက်၍ တောနက်ထဲသို့ ဝင်ရောက်သွားသောအခါ တောထဲတွင် အကောင်လေးများ အမျိုးမျိုးထွက်ပေါ်လာခဲ့သည်။ ရှောင်းယီ သူတို့ကို မသတ်ပစ်ခဲ့ပေ။ အနည်းဆုံး ဝဖြိုးအောင်မွေးပြီးမှသာ သတ်မည်ဖြစ်သည်။

“ဟင်...”

ယွမ်နွန်က တစ်မီတာခန့်အမြင့်ရှိသော အပင်တစ်ပင်ကို ရုတ်တရက် တွေ့လိုက်ရပြီးနောက် အံ့အားသင့်သွားခဲ့သည်။

“ဘာလဲ။ အဲ့ဒါက ပိုးစာပင်လား။”

ရှောင်းယီက မေးလိုက်သည်။

“မဟုတ်ဘူး။ အဲ့ဒါက လျှော်ပဲ။”

ယွမ်နွန်က ပြန်ဖြေလိုက်သည်။

“လျှော်လား”

ရှောင်းယီက ယွမ်နွန်ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။

“ဦးလေးယွမ်က ဒီစကားလုံးတွေကို နားလည်မယ်လို့ မထင်ထားခဲ့ဘူး။ ဦးလေး အရင်က ရုပ်ရှင်တွေ အများကြီးကြည့်ဖူးတာပဲဖြစ်ရမယ်။”

ယွမ်နွန်က ခဏတာ ကြောင်အသွားပြီး သူ့ကို လက်နဲ့ပုတ်လိုက်၏။

“မင်းဘာတွေတွေးနေတာလဲ။ ငါပြောနေတာက ဒါက လျှော်ပင်ပဲ။ ဒါက အထည်ရက်လုပ်တဲ့နေရာမှာ အသုံးဝင်တဲ့ကုန်ကြမ်းပစ္စည်းပဲ။ သူ့ရဲ့အမျှင်တွေက ဝါဂွမ်းနဲ့ အတူတူပဲ။”

ရှောင်းယီက အံ့အားသင့်သွားခဲ့သည်။

“ဒါဆို အန်တီလီယန်က ဒါကိုသုံးပြီး ကျုပ်တို့အတွက် အဝတ်အစားတွေ လုပ်ပေးနိုင်မှာလား။”

“သေချာတာပေါ့။”

ယွမ်နွန်က ယုံကြည်ချက်အပြည့်ဖြင့်ပြောလိုက်သည်။

“ကောင်းလိုက်တာ။”

ရှောင်းယီက ဝမ်းသာအားရပြောလိုက်ပြီး ထပ်မေးလိုက်သည်။

“ဦးလေးရဲ့‌ဝေါ်ကီတော်ကီက နွန်ကျူးဆီမှာမလား။”

ယွမ်နွန်က ခေါင်းညိတ်လိုက်သည်။

“ဟုတ်တယ်”

ရှောင်းယီက ချက်ချင်းပင် သူ၏ဝေါ်ကီတော်ကီကို ကောက်ယူလိုက်သည်။

“နွန်ကျူး... နွန်ကျူး...ငါ့ပြောတာကိုကြားလား။”

“ကြားပါတယ် သခင် ဘာများအမိန့်ပေးစရာရှိပါသလဲ။”

နွန်ကျူး၏အသံက ဝေါ်ကီတော်ကီထဲမှ ထွက်လာခဲ့သည်။

“အနောက်ဘက်တံတိုင်းကနေ ထွက်လာပြီး ငါတို့ဖောက်ထားတဲ့ တောလမ်းကြောင်းအတိုင်း လာခဲ့။ ဒီမှာ လျှော်ပင်တွေကို ရိတ်သိမ်းရမယ်”

ရှောင်းယီက ပြောလိုက်သည်။

“ဟုတ်ကဲ့ပါ သခင် ခဏစောင့်ပေးပါ။”

နွန်ကျူးက ပြန်ဖြေလိုက်သည်။

ရှောင်းယီက ဝေါ်ကီတော်ကီ၏ အများသုံးလိုင်းတွင် ပြောလိုက်သောကြောင့် လီယန်လည်း ထိုစကားကို ကြားလိုက်ရသည်။

“မင်းတို့ တကယ်ပဲ လျှော်ပင်နဲ့ တွေ့ခဲ့တာလား။”

လီယန်က စိတ်လှုပ်ရှားစွာမေးလိုက်၏။

“ဟုတ်တယ်။ ဦးလေးယွမ်နဲ့ ကျုပ်နဲ့ ပိုးစာပင် ရှာဖို့ထွက်လာခဲ့တာ။ မျှော်လင့်မထားဘဲ ဆုလာဘ်တစ်ခုရသွားခဲ့တယ်လေ။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“သိပ်ကောင်းတယ်။ အဲ့ဒါဆို ပြန်ရောက်တာနဲ့ ချက်ချင်း ရက်ကန်းစက်နဲ့ ရက်ကန်းရက်လို့ရပြီ။”

လီယန်က စိတ်လှုပ်ရှားစွာပြောလိုက်၏။

ရှောင်းယီ၏အတွေးထဲ၌ သံသယများဖြင့် ပြည့်နှက်သွားခဲ့သည်။

“ဒါက လျှော်ပင်လေးပဲမဟုတ်ဘူးလား။ ဘာလို့ ဒီလောက်တောင် စိတ်လှုပ်ရှားနေရတာလဲ။”

“လျှော်က အဝတ်အစားလုပ်ဖို့ အရမ်းကောင်းတဲ့ကုန်ကြမ်းပစ္စည်းတစ်မျိုးပဲ။ လျှော်ရဲ့အမျှင်က လီနင်နဲ့ ပိတ်ချောအထည်အမျိုးမျိုးကို ရက်လုပ်နိုင်တယ်။ ဝါဂွမ်း၊ သိုးမွေး၊ ပိုးချည် ဒါမှမဟုတ် ဓာတုအမျှင်တွေနဲ့လည်း ရောစပ်နိုင်တယ်။ လျှော်ရဲ့အမျှင်မှာ အခြားအမျှင်တွေနဲ့ ယှဉ်လို့မရနိုင်တဲ့ အားသာချက်တွေရှိတယ်။”

လီယန်က ရှင်းပြလိုက်သည်။

လူတိုင်းက လီယန်၏ နောက်ထပ်ပြောမည့် စကားများကို စိတ်ဝင်တစား နားထောင်လိုက်ကြသည်။

“လျှော်ရဲ့အမျှင်မှာ စိုထိုင်းစကို စုပ်ယူနိုင်စွမ်းနဲ့ လေဝင်လေထွက်ကောင်းစေတဲ့ လုပ်ဆောင်ချက်တွေရှိတယ်။ အဲဲ့ဒါကြောင့် လီနင်ချည်ထည်က ဝတ်လိုက်ရင် အရမ်းအေး‌မြပြီး ချွေးထွက်ရင်တောင် အရေပြားနဲ့ ကပ်မနေတာပဲ။ လျှော်က ပေါ့ပါးပြီး ခိုင်ခံ့တယ်။ အင်းဆက်နဲ့ မှိုစွဲတဲ့ဒဏ်ကိုလည်း ခံနိုင်တယ်။ အလွယ်တကူလည်း မစွန်းထင်းဘူး။ ဒီအားသာချက်တွေက ငါတို့လိုအပ်နေတဲ့အရာတွေနဲ့ ကိုက်ညီနေတာပဲမဟုတ်ဘူးလား။”

လီယန်က လျှော်၏ အားသာချက်များကို ပြောပြလိုက်၏။

“အန်တီပြောတာတွေကြားတာနဲ့တင် ဒီလျှော်တွေအားလုံးကို ပြန်ယူလာဖို့ မစောင့်နိုင်တော့ဘူး။”

ရှောင်းယီသည်လည်း စိတ်လှုပ်ရှားသွားခဲ့သည်။ သူ ယခုဝတ်ဆင်ထားသော အဝတ်အစားများကို၂၉ ရက်တိတိ ကြာမြင့်နေပြီဖြစ်သည်။

“ဟုတ်တယ်။ မြန်မြန်ပြန်ယူလာခဲ့တော့။ ရောက်တာနဲ့ စလုပ်ကြမယ်။”

လီယန်က ပြောလိုက်သည်။

“ကောင်းပြီ သစ်သားစက်ရုံထဲမှာ စောင့်နေလိုက်ပါ။ နွန်ကျူးက အဲ့ဒါတွေကို လာပို့ပေးလိမ့်မယ်။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“အိုကေ”

ခဏအကြာတွင် နွန်ကျူးသည် သူ၏ကားနှင့်အတူ ရောက်ရှိလာပြီး ယွမ်နွန်၏ညွှန်ကြားချက်အတိုင်း လျှော်ပင်များအားလုံးကို ရိတ်သိမ်းလိုက်‌တော့သည်။

“ဒါတွေအားလုံးကို သစ်သားစက်ရုံပို့ပြီး အန်တီလီယန်ဆီကို အပ်လိုက်ပါ။”

ရှောင်းယီက အမိန့်ပေးလိုက်သည်။

“ဟုတ်ကဲ့ပါ သခင် “

ထို့နောက် နွန်ကျူးက ကားဖြင့် ပြန်ထွက်သွားခဲ့သည်။

ရှောင်းယီသည် ယွမ်နွန်းကို ခေါ်ဆောင်ပြီး တောအုပ်ထဲသို့ ဆက်လက်ဝင်ရောက်သွားခဲ့သည်။ သူတို့ခရီးစဉ်၏ ပန်းတိုင်ဖြစ်သော ပိုးစာပင်ကို ရှာမတွေ့သေးပေ။

နောက်ထပ်ဆယ်မိနစ်ခန့် လျှောက်လာပြီးနောက် ယွမ်နွမ်က တစ်စုံတစ်ခုကို ရုတ်တရက်တွေ့လိုက်ရသည်။ သူက အဝေးတစ်နေရာက အပင်တစ်ပင်ကို လက်ညိုးထိုးပြလိုက်၏။

“ခဏလေး ဒီတစ်ပင် ဖြစ်နိုင်တယ်။”

ရှောင်းယီက ချက်ချင်းပင် ထိုအပင်ဘက်ကို လှည့်ကြည့်လိုက်သည်။ ထိုအခါ ထွက်ပေါ်လာသော စနစ်၏သတိပေးချက်များက သူ၏မျက်လုံးများကို ပိုမိုတောက်ပသွားစေခဲ့သည်။

အခန်း ၂၀၉ A အဆင့် ပိုးစာပင်နှင့် ချည်ထည်ရှပ်အင်္ကျီများ ရောင်းချခြင်း

“ပိုးစာပင် (A အဆင့်) - ရွက်ကြွေပင်တစ်မျိုးဖြစ်ပြီး ဘဲဥပုံစံအရွက်များ ပါရှိသည်။ ပိုးစာသီးများသည် ခရမ်းနက်ရောင်၊ ပန်းနုရောင်သို့မဟုတ် အဖြူရောင်ရှိပြီး အရည်ရွှမ်းကာ ချိုမြိန်သည်။”

ရှောင်းယီ အံ့အားသင့်သွားခဲ့သည်မှာ ပိုးစာပင်ကို တွေ့ခဲ့ရရုံသာမက ထိုပိုးစာပင်တွင် အဆင့်သတ်မှတ်ချက်ပင် ပါရှိနေပြီး အဆင့်သည်လည်း မနိမ့်လှပေ။

“အမှန်ပဲ။ ဒါက တကယ်ကို ပိုးစာပင်ပဲ။ ပြီးတော့ အဲ့ဒါက A အဆင့် ပိုးစာပင်ပဲ။”

ရှောင်းယီက ဝမ်းသာအားရ ပြောလိုက်သည်။

ယွမ်နွန်၏ မျက်လုံးများ ပြူးကျယ်သွားပြီး မယုံနိုင်အောင် ဖြစ်သွားခဲ့၏။

“ဒီပိုးစာပင်က A အဆင့်လား။”

ရှောင်းယီခေါင်းညိတ်ကာ ဆက်ပြောလိုက်သည်။

“အဲ့ဒါကို ခြံထဲ အတူတူပြန်ရွှေ့ကြရအောင်။”

ယွမ်နွန်သည် စိတ်လှုပ်ရှားစွာဖြင့် သူပြင်ဆင်လာခဲ့သော တုရွင်းအသေးတစ်လက်ကို ထုတ်ယူလိုက်ပြီး စတင်တူးဖော်လိုက်သည်။

နှစ်ယောက်သား ပူးပေါင်းလုပ်ဆောင်ပြီးနောက် မြန်မြန်ဆန်ဆန်ပင် ထိုပိုးစာပင်ကိုကို တူးဖော်နိုင်ခဲ့၏။ အမြစ်များစွာ ပျက်စီးသွားသော်လည်း ရှောင်းယီအတွက် စိုးရိမ်စရာမရှိပေ။

SS အဆင့် ရေသန့်ဖြင့်ဆိုလျှင် အသက်တစ်မျှင်မျှသာ ကျန်ရှိနေစေကာမူ အမြဲတမ်း ရှင်သန်နိုင်မည်ဖြစ်သည်။

တစ်ခါတစ်ရံ ရှောင်းယီက ထိုအဆင့်မြင့် ရေသန့်များသည် ကွမ်ယင်မယ်တော်၏ ကျောက်စိမ်းပုလင်းထဲက ထွက်လာသလားဟုပင် ထင်မိသည်။ ထိုအရာက အလွန် စွမ်းအားကြီးလှသည်။

ပိုးစာပင်ကို တူးထုတ်ပြီးနောက် ရှောင်းယီသည် ထိုအပင်ကို ကြိုးနှင့်ချည်ပြီး ယွမ်နွန်နှင့်အတူ တုရွင်းကို ထမ်းပိုးလုပ်ထမ်းကာ သိပ်မကြီးလှသော ပိုးစာပင်ကို ပြန်သယ်လာခဲ့သည်။

ခြံထဲသို့ ရွှေ့ပြီးနောက် ယွမ်နွန်က A အဆင့် လယ်ကွင်း၏အစွန်းတွင် တွင်းတူးကာ ထိုအပင်ကို စိုက်ပျိုးလိုက်တော့သည်။

ရှောင်းယီက ကျေးလက်အိမ်မှ SS အဆင့် ရေသန့်ကို ယူဆောင်လာပြီး ပိုးစာပင်များ ရှင်သန်နိုင်ရန်နှင့် အမြစ်ထွက်အားကောင်းစေရန် ရေအနည်းငယ်လောင်းပေးလိုက်သည်။

ထိုသို့လုပ်ဆောင်ပြီးနောက် ရှောင်းယီသည် ပိတ်ချောထည်ထုတ်လုပ်မှုလုပ်ငန်းစဉ်ကို လေ့လာရန် သစ်သားစက်ရုံသို့ ပြန်သွားလိုက်တော့သည်။

စက်ရုံအနီးသို့ ရောက်သည်နှင့် ရှောင်းယီသည် လီယန်နှင့် လုပင်းအာတို့သည် ရိတ်သိမ်းထားသော ဝါဂွမ်းအစေ့များအားလုံးကို မြေပေါ်တွင် ဖြန့်ထားသည်အား တွေ့လိုက်ရလေသည်။

“အမျှင်တွေခွဲထုတ်ဖို့ အခြောက်ခံဖို့လိုတယ်လေ။”

လီယန်က ရှောင်းယီကြည့်နေသည်ကို မြင်သောအခါ ရှင်းပြလိုက်သည်။ ရှောင်းယီက ခေါင်းညိတ်ပြလိုက်သည်။

“အန်တီက ကျွမ်းကျင်သူပဲ။ အန်တီ လုပ်ချင်တဲ့ပုံစံအတိုင်းသာ လုပ်လိုက်ပါ။ ဒီမတိုင်ခင် အန်တီလုပ်ထားတဲ့ ဖျင်ကြမ်းအင်္ကျီတွေကို ယူလာပေးပါဦး။ အဲ့ဒါကို တစ်ယောက်ယောက်လိုချင်မလားဆိုတာ ကြည့်ရမယ်။”

“အဲ့ဒါကိုလား။ ဒီလောက်ကြမ်းထော်‌နေတဲ့ဟာကို ဘယ်သူကလိုချင်မှာလဲ။”

လီယန်က တဒင်္ဂကြောင်အသွားပြီးနောက် မရေမရာဖြင့် ပြောလိုက်သည်။

“လူတိုင်းက အဝတ်အစားတစ်စုံကို တစ်လနီးပါးဝတ်ထားကြရတာလေ။ ဒီဟာကို ကောင်းကောင်းလုပ်နိုင်ရင် ကျုပ်တို့အတွက် အမြတ်အစွန်းတွေ အများကြီး ယူဆောင်လာနိုင်လိမ့်မယ်။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

သူသည် ဤတစ်လအတွင်း ထောက်ပံ့ရေးသေတ္တာများစွာကို ဖွင့်ခဲ့သော်လည်း ဝတ်ရုံရှည်တစ်စုံကိုသာ ရရှိခဲ့ပေသည်။ ထိုကြောင့် အဝတ်အစားများ ရရှိနိုင်သည့်အခွင့်အလမ်းမှာ အလွန်နည်းပါးလှပေသည်။

ရှားပါးပစ္စည်းများမှာ အလွန်တန်ဖိုးရှိလှ၏။

ဤဖျင်ကြမ်းအင်္ကျီကို ဝယ်ယူနိုင်သည့် ပိုမိုကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်နေသည့် လူတချို့တော့ ရှိသင့်ပေသည်။

ထိုအချိန်တွင် လုပင်းအာက ဖျင်ကြမ်းအင်္ကျီကို ယူလာခဲ့၏။ ရှောင်းယီက သူမဆီက အင်္ကျီများကို ယူလိုက်ပြီး သူ၏အိပ်ခန်းဆီသို့ ပြန်သွားလိုက်သည်။

ထိုအချိန်တွင် အန်းရန်သည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တွင် ချိတ်ဆက်ထားသော ရှားနိုင်ငံဂရုကို ကြည့်ရှုနေ၏။

“ရှောင်းယီ ဒီရွှမ်းယွမ်ဝူဝေ့က ဂရုထဲမှာ နင့်အကြောင်း မကောင်းပြောနေတယ်။”

အန်းရန်က ဒေါသအနည်းငယ်ထွက်နေခဲ့သည်။ ရှောင်းယီက ပြုံးပြီးလိုက်၏။

“သူက စိတ်သဘောထားကြီးမားတဲ့သူဆိုတော့ ငါ့အကြောင်း မကောင်းပြောတာ မဆန်းပါဘူး။ သူ ငါ့အကြောင်း အကောင်းပြောနိုင်မယ်ဆိုရင်တော့ တကယ်ကို အံ့အားသင့်စရာပဲ။ အခြားသတင်းတွေရော ရှိသေးလား။”

“အကြီးမားဆုံးသတင်းက ပင်လယ်သတ္တဝါတွေရဲ့ တိုက်ခိုက်မှုတွေပဲ။ သူတို့ကို တိုက်ထုတ် သတ်ဖြတ်ပြီးမှ ငါတို့ကျွန်းရဲ့အုတ်မြစ်ကျောက်ကို ကာကွယ်နိုင်လိမ့်မယ်။ လူအများရဲ့တုံ့ပြန်မှုတွေအရ ပင်လယ်သတ္တဝါတွေက အုတ်မြစ်ကျောက်တစ်ခုကို မဖျက်ဆီးရဘဲ ထွက်မသွားဘူး။”

အန်းရန်က ပြန်ဖြေလိုက်၏။ ရှောင်းယီကး ခေါင်းညိတ်လိုက်သည်။

“အင်း မင်းမှာ အချိန်ရမှ အဲ့ဒါတွေကို အာရုံစိုက်ပါ။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှေ့မှာပဲ အမြဲတမ်းမနေနဲ့။”

“အင်း”

အန်းရန်က တုံ့ပြန်လိုက်သည်။

ရှားနိုင်ငံဂရုထဲတွင် ရွှမ်းယွမ်ဝူဝေ့က ရှောငယီကို ဆက်လက်ထိပါးနေသော်လည်း ရှောင်းယီနှင့် နယ်မြေတူညီသည့်နေရာက လူအများအပြားက ရှောင်းယီကို လျှို့ဝှက်စွာ ထောက်ခံနေကြဆဲပင်ဖြစ်သည်။

သို့သော်လည်း သူတို့က ထိုအကြောင်းကို အသံကျယ်ကျယ် မပြောဝံ့ကြပေ။ ထိုသို့ဆိုလျှင် ရွှမ်းယွမ်ဝူဝေ့က သူတို့ကို ချက်ချင်းပင် ဂရုထဲကနေ ထုတ်ပစ်ပေလိမ့်မည်။

ရှားနိုင်ငံဂရုကို ရွှမ်းယွမ်ဝူဝေ့၏ အဖွဲ့ဝင်များက ဖွဲ့စည်းထားခြင်းဖြစ်ပြီး အုပ်စုခေါင်းဆောင်အနေဖြင့် သူသည် အဖွဲ့ဝင်များကို ထုတ်ပစ်ပိုင်ခွင့်ရှိပေသည်။

ထိုထောက်ခံသူများက ဤဂရုကြီးကို သူတို့၏မိသားစုနှင့် သူငယ်ချင်းများကို ရှာဖွေရန် အသုံးပြုရန် လိုနေသေးသောကြောင့် ငြိမ်သက်စွာ နေနေကြရ၏။

ရှောင်းယီက ဆုဝမ်ကိုခေါ်ပြီး ဘာသာပြန်အလုပ်ကို ဆက်လုပ်ရန် ပြောလိုက်သည်။

“[ဖျင်ကြမ်းအင်္ကျီ] ၁၊ ဒါက နည်းနည်းတော့ကြမ်းတယ်။ ဒါကို စိတ်ဝင်စားတဲ့သူရှိလား။ ရှိရင် သီးသန့်စာတိုပေးပို့ဖို့ အပြည်ပြည်ဆိုင်ရာဘာသာစကားကိုသုံးပါ။”

ရှောင်းယီက အများသုံးချန်နယ်တွင် ပြောလိုက်သည်။

ရှောင်းယီ ထိုအရာကို ပို့စ်တင်လိုက်သည်နှင့် တစ်စုံတစ်ယောက်က ချက်ချင်းပင် ရှားနိုင်ငံဂရုဆီသို့ မျှဝေလိုက်တော့သည်။

“ယီရန်ပင်းက အဝတ်အစားတွေ လုပ်နိုင်တဲ့အထိတောင် စွမ်းအားကြီးနေပြီလား။”

“ဟုတ်တယ်။ အဲ့ဒါက ဖျင်ကြမ်းပိတ်စပဲ ဖြစ်နေရင်တောင် ငါတို့ဝတ်ထားတဲ့အဝတ်တွေက တစ်လနီးပါးရှိနေပြီ။ ညစ်ပတ်ပြီး စုတ်ပြဲနေပြီ။”

“ဟမ့်..မင်းက ညစ်ပတ်စုတ်ပြဲနေတယ်ပေါ့။ ငါ့ဟာဆိုရင် စုတ်ပြတ်သတ်နေလို့ ဝတ်လို့တောင် မရတော့ဘူး။ အနွေးထည်အင်္ကျီပဲ ဝတ်ထားရတယ်။”

“ဘယ်လို ရောင်းလဲဆိုတာ မေးကြည့်သင့်လား။”

“မေ့လိုက်တော့...။ ဒီဟာက ငါတို့လို ဆင်းရဲသားတွေအတွက် မဟုတ်ဘူး။”

“ဟုတ်တယ်။ ဒီအင်္ကျီကို ရနိုင်ဖို့ အခွင့်အလမ်းရှိတာက အကောင်ကြီးတွေပဲ။”

တကယ်တမ်းတွင်မူ ထိုဆွေးနွေးမှုများကြားတွင် လူများစွာသည် ရှောင်းယီအား ဖျင်ကြမ်းအင်္ကျီ မည်သို့ရောင်းမည်ကို မေးမြန်းနေကြသည်။

ရှောင်းယီက အနည်းငယ် စဉ်းစားပြီး ဆုံးဖြတ်ချက်ချလိုက်၏။

“အနိမ့်ဆုံးတန်ဖိုးက အုတ်မြစ်ကျောက်ငါးခုပဲ။ အမြင့်ဆုံးဈေးပေးနိုင်တဲ့သူ ရမယ်။”

ထိုသို့ပြောပြီးသည်နှင့် သူသည် ထိုအင်္ကျီကို ဈေးကွက်တွင် ချိတ်ဆွဲလိုက်တော့သည်။

“[ဖျင်ကြမ်းအင်္ကျီ] ၁ - [အုတ်မြစ်ကျောက်]၊

မှတ်ချက်: အုတ်မြစ်ကျောက် ပိုပေးနိုင်သူရဲ့ စျေးနှုန်းကို အတည်ပြုမည်။ ဤဖျင်ကြမ်းအင်္ကျီက အနည်းငယ်ကြမ်းတမ်းသည်။ အသားအရေနုနယ်တဲ့သူတွေ မဝယ်သင့်ပါ။”

ရှောင်းယီ၏ အရောင်းပို့စ်ကို မြင်လိုက်ရသောအခါ လူတိုင်း၏စိတ်ထဲတွင် ခံစားချက်များဖြင့် ပြည့်နှက်သွားခဲ့၏။

“ဟုတ်တယ်။ ဒါကမှ သူဌေးကြီးယီရန်ပင်းရဲ့ အနံ့ပဲ။”

“ဟုတ်တယ် လူတွေရဲ့လက်ထဲက အုတ်မြစ်ကျောက်တွေကို အကြီးအကျယ်အခွင့်အရေးယူတဲ့အပြင် ပစ္စည်းရဲ့အားနည်းချက်တွေကိုလည်း နွေးနွေးထွေးထွေးသတိပေးတယ်။”

“သူဌေးယီရန်ပင်းက အရမ်းနွေးထွေးတာပဲ။”

ရွှမ်းယွမ်ဝူဝေ့သည် လူအများ၏ ရှောင်ယီအကြောင်း မှတ်ချက်တွေများကို မြင်သောအခါ အနည်းငယ်မကျေမနပ်ဖြစ်သွားပြီး ဂရုထဲတွင် ပြောလိုက်သည်။

“ဒီလိုမျိုး အမြတ်ကြီးစားတဲ့ စီးပွားရေးသမားတွေကို မထောက်ခံသင့်ဘူး။ ကိုယ့်လူမျိုးတွေကိုကျ မကူညီဘဲ အခြားနိုင်ငံတွေကို ပစ္စည်းတွေရောင်းနေတယ်။”

“ဒါပေမယ့် သူက ကိုယ့်လူမျိုးတွေကို မရောင်းဘူးလို့ မပြောခဲ့ဘူးလေ ဟုတ်တယ်မလား။”

“ဟုတ်တယ်။ မနေ့ကဆို ငါလည်း ယီရန်ပင်းဆီက ရေနဲ့အစားအစာတွေ နည်းနည်းလဲလှယ်ခဲ့သေးတယ်။”

“ဘယ်သူ့ရဲ့အရင်းအမြစ်ကမှ လေနဲ့အတူ ပါလာတာမဟုတ်ဘူး။ ရောင်းဝယ်ဖောက်ကားမှုဆိုတာက နှစ်ဦးနှစ်ဖက်သဘောတူညီမှုနဲ့ပဲ ဆိုင်တယ်။ အနည်းဆုံးတော့ ဒီလိုလုပ်လို့ဆိုပြီး ယီရန်ပင်းကို မစော်ကားသင့်ဘူး။”

“အက်ဒမင်က အဖွဲ့ဝင်အားလုံးကို ဘန်းလိုက်ပါပြီ။”

သတိပေးချက်တစ်ခု လူအများကို အနည်းငယ် ထိတ်လန့်သွားစေခဲ့သည်။

“မင်းတို့ရဲ့စကားတွေက ငါ့ကိုတကယ်စိတ်ပျက်စေတယ်။ ငါက အများအကျိုးစီးပွားအတွက် အမြဲကြိုးစားနေတာ။ မင်းတို့ကို နှစ်နာရီပိတ်ပင်လိုက်ပြီ။ ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ကြည့်ကြပေါ့။”

ရွှမ်းယွမ်ဝူဝေ့က ပြောလိုက်၏။ သူက အုပ်စုခေါင်းဆောင်ဖြစ်သောကြောင့် ပိတ်ပင်မှုများနှင့် မသက်ဆိုင်ပေ။ သူ မလုပ်ချင်သောအလုပ်များကို အခြားသူများကို ခိုင်းလိုက်ရုံပင်။

ထိုအရာက အချို့သော ဒေါသအိုးများကို အလွန်ဒေါသထွက်သွားစေခဲ့ပြီး သူတို့သည် ချက်ချင်းပင် အများသုံးချန်နယ်ကို ပြောင်းလိုက်ကြတော့သည်။

“သေစမ်း...ရွှမ်းယွမ်ဝူဝေ့ မင်းက မင်းကိုယ်မင်း ဘာထင်နေတာလဲ။ ငါ့ကို ဘန်းရဲတယ်ပေါ့။ ငါ အခုချက်ချင်း ဂရုထဲကနေ ထွက်မယ်ကွ။”

“ရွှမ်းယွမ်ဝူဝေ့... တူလေး မင်းက လူတွေကို အမှန်တရားကိုတောင် ပြောခွင့်မပေးချင်တော့ဘူးလား။ ငါက မင်းအမြင်ကိုပဲ သဘောတူရမှာလားကွ။”

“ငါ သူ့ကို လုံးဝစိတ်ပျက်သွားပြီ။ @ယီရန်ပင်း သူဌေး ကျးဇူးပြုပြီး ဂရုဖွဲ့ပေးပါ။ ရွှမ်းယွမ်ဝူဝေ့ရဲ့ မောက်မာနေတဲ့အမူအရာကို ကျုပ်သည်းမခံနိုင်တော့ဘူး။”

“ဟုတ်တယ်။ အစကတည်းက သူ့ကိုယ်သူ ခေါင်းဆောင်လို့ ထင်နေတာ။ ငါတော့ တော်ပြီ။ ဒီနေရာမှာ လူတိုင်းက အတူတူပဲ။ ဘယ်သူကမှ ဘယ်သူ့ထက် မနိမ့်ကျဘူး။”

“တစ်စုံတစ်ယောက်က ဦးဆောင်လာခဲ့ရင် ငါဒီဂရုကနေ ထွက်သွားတာကြာပြီ။ @ယီရန်ပင်းသူဌေး ကျေးဇူးပြုပြီး ရှေ့ထွက်ပေးပါ။”

အခန်း ၂၁၀ ယီရန်ပင်းမဟာမိတ်အဖွဲ့အား တည်ထောင်ခြင်း

ရှောင်းယီနှင့် ဆုဝမ်တို့သည် မူလက အခြားနိုင်ငံများမှ လူများ၏ မှတ်ချက်များကို အများသုံးချန်နယ်တွင် ကြည့်ရှုနေစဉ် ရုတ်တရက် ပေါ်လာသော ရှားနိုင်ငံမှ လူများ၏ မှတ်ချက်များကြောင့် စိတ်ရှုပ်ထွေးသွားခဲ့သည်။

ထိုအခါ ရှောင်းယီက ဝေါ်လ်ကီတော်ကီကို ကောက်ယူပြီး မေးလိုက်သည်။

“အန်းရန်၊ ရှားနိုင်ငံဂရုထဲမှာ ဘာဖြစ်သွားတာလဲ။ ဘာလို့ အားလုံးက အများသုံးချန်နယ်ကို သွားနေကြတာလဲ။”

အန်းရန်သည် ရွှမ်းယွမ်ဝူဝေ့က လူအများကို ဘန်းလိုက်ကြောင့်နှင့် အပြစ်တင်ပြောဆိုသည့်အကြောင်းများကို ချက်ချင်းပြန်ပြောပြလိုက်၏။ ရှောင်းယီ အံ့အားသင့်သွားခဲ့သည်။

“ရွှမ်းယွမ်ဝူဝေ့ရဲ့ အရင်လုပ်ရပ်တွေအရ သူက ဒီလောက်တော့ ဦးနှောက်မမဲ့သင့်ဘူး။ ဒါက ရှားနိုင်ငံဂရုထဲက လူတိုင်းကို ဒေါသထွက်သွားစေမှာပဲ။”

“မဟုတ်ဘူးလို့ ဘယ်သူပြောတာလဲ။ သူဘာဖြစ်နေတာလဲတော့ ငါတကယ်မသိဘူး။ ဒါမှမဟုတ် သူ့အရင်လုပ်ရပ်တွေက အလိမ်အညာတွေဖြစ်ပြီး အခု ဆက်ပြီး ဟန်မဆောင်နိုင်တော့တာနေမှာပေါ့။”

အန်းရန်က ပြောလိုက်သည်။ ရှောင်းယီ ပြောစရာစကားများ ကင်းမဲ့သွားခဲ့ပြီး ခေါင်းခါလိုက်မိသည်။

အန်းရန်က ဆက်ပြောလိုက်သည်။

“အများသုံးချန်နယ်ထဲက လူတွေက နင့်ကို ဂရုဖွဲ့ပေးဖို့ တောင်းဆိုနေကြတယ်။ နင်လုပ်ချင်လား။”

ရှောင်းယီက စဉ်းစားလိုက်မိသည်။

ရှောင်းယီနှင့် အန်းရန်တို့၏ စကားပြောဆိုမှုသည် ဝေါ်လ်ကီတော်ကီ၏ အများသုံးချန်နယ်ပေါ်တွင် ဖြစ်သောကြောင့် အခြားသူများလည်း ကြားနိုင်ပြီး ၎င်းတို့၏ အမြင်များကို တစ်ဆက်တည်း ဖော်ပြလာခဲ့ကြသည်။

“ငါကတော့ ဒါက အခွင့်အရေးတစ်ခုလို့ထင်တယ်။”

ယွမ်နွန်၏အသံက ဝေါ်လ်ကီတောကီမှတစ်ဆင့် ထွက်ပေါ်လာခဲ့သည်။

“ဂရုဖွဲ့တာက မခက်ခဲပါဘူး။ အဆက်အသွယ်တွေကိုလည်း စုစည်းနိုင်တယ်။ ဒါပေမယ့် အဆက်အသွယ်တွေကို စုစည်းတာက ခေါင်းဆောင်ဖြစ်ဖို့ မဟုတ်ဘူး။ ဒီအဆက်အသွယ်တွေနဲ့အတူ ငါတို့ ထုတ်လုပ်လိုက်တဲ့ အစားအစာ၊ အဝတ်အစားတွေအတွက် ကျယ်ပြန့်တဲ့ ဈေးကွက်တစ်ခုရှိလာလိမ့်မယ်။”

လက်ရှိဖွံ့ဖြိုးတိုးတက်မှု အခြေအနေအရ ရှောင်းယီ၏ ကျွန်းပေါ်တွင် အစားအစာများနှင့် အဝတ်အစားများ ပေါများလာမည်မှာ သေချာ၏။ ထိုအရာများကို အပြင်ဘက်ကို ရောင်းချရန် လိုအပ်ပေသည်။

ကျယ်ပြန့်သည့် ဆက်သွယ်ရေး ကွန်ရက်တစ်ခုက ရောင်းအားကို အလွန်လွယ်ကူစေမည်ဖြစ်ပြီး ယခင်ကမ္ဘာက မိုက်ခရိုလုပ်ငန်းများကဲ့ပင်ဖြစ်သည်။

သင့်တွင် အသိမိတ်ဆွေများလာလျှင် ဝယ်ယူသူတစ်ချို့တော့ အမြဲရှိမည်ဖြစ်သည်။

“လယ်သမားပြောတာကို ငါလည်း သဘောတူတယ်။ နောက်ပြီး ကျွန်းက ကြီးလာတာနဲ့အမျှ လူအင်အားလည်း ပိုပြီးလိုအပ်လာလိမ့်မယ်။ အဲ့ဒါကြောင့် အရည်အချင်းရှိတဲ့သူတွေကို အရင်ရှာထားဖို့ လိုတယ်။”

အန်းယွဲ့ကလည်း သဘောတူလိုက်သည်။

“ငါလည်း သဘောတူတယ်။ လူများမှ အင်အားရှိတယ်။ အလုပ်တွေကို လူတွေနဲ့ပဲ လုပ်ရမှာ။ ဒါပေမယ့် သေချာစစ်ဆေးဖို့တော့ လိုတယ်။”

ကျန်းယွင်ထျန်းကလည်း ပြောလိုက်သည်။

အကယ်၍ စိတ်ချရသော လက်အောက်ငယ်သားတစ်ချို့ ရှိလာလျှင် ရှောင်းယီသည် သူ၏ကျွန်းကို စိတ်ချလက်ချ ချဲ့ထွင်နိုင်မည်ဖြစ်ပြီး မနေ့ကကဲ့သို့ အကန့်အသတ်ရှိတော့မည်မဟုတ်ဘဲ လွတ်လွတ်လပ်လပ် ချဲ့ထွင်နိုင်မည်ဖြစ်သည်။

လက်အောက်ငယ်သားများကို ရှာဖွေရန်မှာ အလွန်လွယ်ကူလှသည်။ ယခုဆိုလျှင် ရှောင်းယီသည် ဂရုဖွဲ့ပြီး လူများကို စုရုံးလိုက်ပါက တုံ့ပြန်လာကြမည့်သူများမှာ အလွန်များပြားပေလိမ့်မည်။

သို့သော်လည်း ထိုလူများက ရှောင်းယီနှင့်အတူ အမှန်တကယ်ဖွံ့ဖြိုးတိုးတက်ချင်၍လော သို့မဟုတ် သူ့တွင်ရှိသော အရင်းအမြစ်များ၏ ဝေစုတစ်စုကို ရယူချင်၍လောဆိုသည်ကိုမူ ပြောရခက်ပေသည်။

တစ်ခြားနည်းလမ်းတစ်ခုမှာ စာချုပ်ကတ်များ ပိုမိုစုဆောင်းရန်ပင်။ ထိုလူများ မည်သည့်အတွက်ကြောင့် ရောက်လာစေကာမူ သစ္စာရှိမည်ဆိုပါက ပြဿနာရှိတော့မည်မဟုတ်ပေ။

အခြားမိန်းကလေးများကလည်း သဘောတူညီကြသည်။

“ငါတို့လည်း သဘောတူတယ်။”

ရှောင်းယီက ခေါင်းညိတ်လိုက်လိုက်၏။

“ကောင်းပြီ။ ဒါဆို ကျုပ် ဂရုဖွဲ့လိုက်မယ်။”

အနည်းငယ် စဉ်းစားပြီးနောက် ရှောင်းယီသည် အသစ်ဖွဲ့လိုက်သော ဂရုအမည်ကို “ယီထျန်း” ဟု ရေးသားလိုက်သည်။

ယီဆိုသည်မှာ လွယ်ကူရိုးရှင်းခြင်းဟု အဓိပ္ပာယ်ရပြီး နောင်တစ်ချိန်တွင် နေ့ရက်များမှာ ပိုမိုလွယ်ကူရိုးရှင်းစေချင်သည့် ဆန္ဒပင်ဖြစ်သည်။

ယီဆိုသည်မှာ ပြောင်းလဲချင်သည့် ဆန္ဒလည်း ပါရှိ၏။ ရှောင်းယီ ဤကမ္ဘာကြီးကို ပြောင်းလဲပစ်ချင်သည်။

“အားလုံးပဲ ကျုပ်က ယီရန်ပင်းပါ။ လူတိုင်းရဲ့ တောင်းဆိုမှုအရ ကျုပ် ယီထျန်းလို့ခေါ်တဲ့ ဂရုတစ်ခုကို ဖွဲ့စည်းထားပါတယ်။ ရှားနိုင်ငံသားအားလုံးနဲ့ ရှားဘာသာစကားကို နားလည်တဲ့ နိုင်ငံတကာမိတ်ဆွေများအားလုံး ဝင်ရောက်နိုင်ပါတယ်။”

“တစ်စုံတစ်ယောက်ကိုရှာဖို့ ဂရုထဲဝင်ချင်တာဆိုရင်တော့ အိုင်ဒီကို ‘xxx ကိုရှာသည်’ ဆိုပြီးပြောင်းပေးပါ။”

“နောက်ပြီး ဂရုထဲမှာ လွတ်လပ်စွာဆွေးနွေးနိုင်ပါတယ်။ ဒါပေမယ့် ဆဲရေးတိုင်းထွာတာနဲ့ ရန်စစော်ကားမှုတွေ မဖြစ်အောင်တော့ တားမြစ်ထားပါတယ်။ တစ်စုံတစ်ယောက်က ဆဲရေးတိုင်းထွာပြီး ရန်စစော်ကားမှုတွေ ဖြစ်စေရင် ချက်ချင်း ဂရုထဲကနေ ထုတ်ပယ်ပြီး ဘလော့ခ်ပါမယ်။”

ရှောင်းယီက ထိုသတင်းကို အများသုံးချန်နယ်တွင် ရှားဘာသာစကားဖြင့်သာ တင်လိုက်သည်။

နိုင်ငံခြားသားများကို ကြိုဆိုပါသည်။ သို့သော်လည်း ရှားဘာသာစကားကို နားလည်ရန်တော့ လိုအပ်မည်ဖြစ်သည်။

ရှောင်းယီကို ဂရုဖွဲ့ရန် တောင်းဆိုနေကြသော လူများကသည်ထိုသတင်းကိုမြင်သောအခါ ချက်ချင်းပင် စိတ်လှုပ်ရှားသွားကြ၏။

“အရမ်းကောင်းတယ်။ နောက်ဆုံးတော့ ယီရန်ပင်းက ဂရုဖွဲ့လိုက်ပြီ။ ငါ အခုချက်ချင်း သွားတော့မယ်။”

“ငါရောပဲ။ ယီရန်ပင်းရဲ့ဂရုထဲကို ဝင်ချင်နေတာ အချိန်အတော်ကြာပြီ။ နောက်ဆုံးတော့ အခွင့်အရေးရသွားပြီ။”

“မြန်မြန်ဝင်လိုက်တော့။ ယီရန်ပင်းရဲ့ ဂရုထဲမှာ အသုံးဝင်တဲ့အချက်အလက်တွေ အများကြီးရှိမယ်လို့ ငါထင်တယ်။”

“သူဌေးယီရန်ပင်းက အမြဲတမ်း အလုပ်ဖြစ်တာတွေပဲ ပြောတယ်။ အဲ့ဒါက အရမ်းအဆင်‌ပြေတယ်။”

“ဒါကဘယ်လိုသူဌေးမျိုးလဲ။ အခြေအနေကောင်းကို အခွင့်ကောင်းယူချင်တာပဲ။ နိုင်ငံခြားသားတွေတောင် ထည့်ချင်နေတယ်။ ဘိုးဘေးတွေကို မေ့ထားတော့မလိုပဲ။”

“အပေါ်ကလူ မင်းက ရွှမ်းယွမ်ဝူဝေ့ရဲ့ လက်ပါးစေလား။”

“ထွက်သွားစမ်း။ မင်းက မဟုတ်တဲ့စကားတွေ လာပြောနေတာပဲ။”

“ဟုတ်ပြီ။ ရွှမ်းယွမ်ဝူဝေ့က မင်းကို အရင်းအမြစ်ဘယ်လောက်ပေးထားလဲ။ ကြည့်ရအောင် မင်းက ဘယ်လောက်ထိ တန်သလဲလို့။”

“ဒီယီရန်ပင်းက နိုင်ငံခြားသားတွေကိုကျတော့ လိုလိုလားလားနဲ့ ကူညီပေးဖို့ အဆင်သင့်ဖြစ်နေတယ်။ ဒါပေမယ့် ကိုယ့်လူမျိုးတွေကိုကျတော့ လိုလိုလားလားနဲ့ မကူညီနိုင်ဘူး။ တကယ်ကို စိတ်အနှောင့်အယှက်ဖြစ်စရာပဲ။”

“ရွှမ်းယွမ်ဝူဝေ့က ကျွန်တွေ မွေးထားတာလား။ မဟုတ်ရင် ကိုယ့်ဘာသာကိုယ် ထွက်တိုက်လေ။ ဖိနှိပ်တာတွေ၊ ထိန်းချုပ်ခံရတာတွေ ရပ်လိုက်တော့။”

ရွှမ်းယွမ်ဝူဝေ့က အများသုံးချန်နယ်ထဲရှိ လူအများ၏မှတ်ချက်များကို မြင်သောအခါ ပေါက်ကွဲလုနီးပါးဖြစ်သွားခဲ့၏။

သူသည် အမှန်တကယ်ပင် အများသုံးချန်နယ်တွင် ရှောင်းယီကို တိုက်ခိုက်ရန် လူများစီစဉ်ထားသော်လည်း အခြားသူများက ထိုအဖုံးကို ဖွင့်လိုက်သည့်အခါ ဒေါသထွက်သွားခဲ့ရသည်။

“မဖြစ်ဘူး။ ဒီယီရန်ပင်းရဲ့ဂရုကို အရှက်ရအောင် လုပ်ဖို့ လူတွေရှာရမယ်။ ရှားနိုင်ငံမှာ ဂရုတစ်ခုပဲရှိရမယ်။ အဲ့ဒါက ငါရဲ့ဂရုပဲ။”

ရွှမ်းယွမ်ဝူဝေ့က သူ၏မျက်လုံးများကို မှေးကျဉ်းပြီး ပြောလိုက်သည်။

ရှောင်းယီသည် အများသုံးချန်နယ်ထဲရှိ ဆဲဆိုမှုများကို လျစ်လျူရှုထားပြီး ဂရုထဲဝင်ရန် စာသားမေးခွန်းအနည်းငယ်ကို သတ်မှတ်လိုက်သည်။ အားလုံးကို မှန်ကန်စွာဖြေဆိုနိုင်လျှင် ဂရုထဲသို့ ဝင်ရောက်နိုင်မည်ဖြစ်သည်။

“ဒင်...’ဝမ်ထဲ့နျူကိုရှာရန်’ ဂရုထဲ ဝင်လိုက်ပါပြီ။”

“ဒင် ‘တတူ’ က ဂရုထဲဝင်လိုက်ပါပြီ။”

“ဒင်....ဂရုထဲဝင်လိုက်ပါပြီ။”

ကျွန်းအထိမ်းအမှတ်ကျောက်တိုင်၏ သတိပေးချက်များ အဆက်မပြတ် မြည်ဟီးနေသောကြောင့် ရှောင်းယီက ထိုသတိပေးချက်များကို ပိတ်လိုက်သည်။

တစ်ခြားတစ်ဖက်တွင်မူ ရွှမ်းယွမ်ဝူဝေ့ ဖွဲ့စည်းထားသောဂရုမှ လူများမှာမူ အဆက်မပြတ် ထွက်သွားနေကြသည်။

“ခွေးသူတောင်းစားတွေ...။ မင်းတို့အားလုံးက ကျေးဇူးကန်းတဲ့သူတွေပဲ။ ငါ မင်းတို့ကို ဘယ်လိုကူညီခဲ့တယ်ဆိုတာ မင်းတို့မေ့သွားပြီလား။”

ရွှမ်းယွမ်ဝူဝေ့သည် ဘေးနားက သစ်ပင်ကြီးကို ပြင်းပြင်းထန်ထန် ကန်ထုတ်လိုက်၏။

ယီထျန်းဂရုထဲသို့ ဝင်ပြီးသား အဖွဲ့ဝင်များက ဂရုကို သဘောကျသွားပြီး ကြော်ငြာပေးလာကြသည်။

“သူဌေးကြီးယီရန်ပင်းမှာ မကုန်မခမ်းနိုင်တဲ့ ရေနဲ့ အစားအစာတွေရှိတယ်။ ဒီကမ္ဘာရဲ့ နိယာမတွေကိုလည်း နားလည်တယ်။ မြန်မြန်ဝင်လိုက်ကြတော့။”

“ယီထျန်းနဲ့ချိတ်ဆက်ပြီး မင်းရဲ့ကမ္ဘာကြီးကို ပြောင်းလဲလိုက်ပါ။”

“ကျွန်းဖွံ့ဖြိုးတိုးတက်မှုရဲ့ လျှို့ဝှက်ချက်ကို မင်းတို့သိကြလား။ ငါတို့ရဲ့သူဌေးယီရန်ပင်းက ငါတို့ကို တစ်ပတ်အလိုကတည်းက ပြောပြထားတာကွ။”

အခြားလူများသည် ထိုကြော်ငြာများကိုမြင်ပါက အုပ်စုထဲဝင်ရန် ရွေးချယ်ကြမည်ဖြစ်သည်။ သူတို့တွင် ရေနှင့် အစားအစာများ ရှိမည်ဖြစ်ပြီး ဤကမ္ဘာ၏ နိယာမနှင့် လျှို့ဝှက်ချက်များကိုလည်း လေ့လာနိုင်မည်ဖြစ်သည်။

ဒါကိုမလုပ်တဲ့သူက လူမိုက်ပဲ။

သို့သော်လည်း လူတိုင်းက ရွှမ်းယွမ်ဝူဝေ့၏ ဂရုထဲကနေ ထွက်လာကြသည်တော့ မဟုတ်ပေ။

နှစ်ဖက်စလုံးက အကျိုးကျေးဇူးများကို ခံစားရမည်ဆိုလျှင် ပိုကောင်းမည်ဖြစ်သည်။

ရွှမ်းယွမ်ဝူဝေ့၏ မူလလက်အောက်ငယ်သားများပင် ယီထျန်းဂရုထဲသို့ လျှို့ဝှက်စွာဝင်ရောက်ရန် ရွေးချယ်ခဲ့ကြသည်။

သူတို့သည် ယီရန်ပင်း၏ ဩဇာအာဏာကို နားမလည်သော်လည်း ဤနည်မြေရှိ လူများက ထိုဂရုကို အလွန်ချီးကျူးနေကြသောကြောင့် သူတို့သည်လည်း ကြည့်ရှုရမည်ဖြစ်သည်။

ပြောသလောက် အစွမ်းမထက်ဘူးဆိုလျှင်ပင် သူတို့သည် ဂရုထဲသို့ အခုမှဝင်ထားခြင်းဖြစ်သောကြောင့် အချိန်မရွေး ထွက်သွားနိုင်ပေသည။

အကယ်၍ အမှန်တကယ် အစွမ်းထက်စည်ဆိုပါက သူတို့အတွက် အမြတ်ထွက်မည်မှာ သေချာပေသည်။

တစ်ချိန်တည်းမှာပင် ရှောင်းယီ အသစ်ဖွဲ့ထားသော ဂရုမှာ အဖွဲ့ဝင်အများအပြားရရှိသွားခဲ့သည်။

ဆယ်မိနစ်အကြာတွင် အဖွဲ့ဝင်တိုးပွားမှုနှုန်းမှာ နှေးကွေးသွားခဲ့၏။

ဂရုထဲရှိ လူများသည်လည်း စကားစမြည်ပြောနေကြပြီဖြစ်သည်။

“ဟားဟားဟား တကယ်တော့ ငါ ယီရန်ပင်းနဲ့ ဂရုဖွဲ့ချင်တာ အချိန်အတော်ကြာနေပြီ။ ရှင်းရှင်းလင်းလင်းမပြောရဲခဲ့လို့သာ ဒီတိုင်းနေနေရတာ။”

“မပြောရဲစရာ ဘာအကြောင်းရှိလို့လဲ။ သူဌေးယီရန်ပင်းက ရွှမ်းယွမ်ဝူဝေ့လို လူမျိုးမဟုတ်ဘူး။ သူက မင်းကို အမြဲတမ်း အံ့အားသင့်စေလိမ့်မယ်။

“ရွှမ်းယွမ်ဝူဝေ့အကြောင်းပြောရင် သူက ငါတို့ဂရုထဲမှာ သူလျှိုတွေ စီစဉ်ထားမလားဆိုတာ နည်းနည်းစိုးရိမ်မိတယ်။”

All Chapters