အခန်း (၆၈၅-၆၈၆)
Vol. 57 Ch. 685-686
အခန်း ၆၈၅ ချန်ထျန်း၊ အဆုံးအစမဲ့
ဆံဖြူ ဘိုးဘေး၏ စကားများ ဆုံးသွားသောအခါ တရားနာသူများကို စဉ်းစားရန် အချိန်များများ မပေးတော့ဘဲ ရှေ့ဆုံးတွင် ထိုင်နေသည့် ကြားနာသူ အား မေးခွန်းတစ်ခု စတင် မေးခွင့်ပြုလိုက်၏။
ထိုကြားနာသူ ဟောပြောနေစဉ်အတွင်း ဖြစ်ပေါ်လာသော သံသယများကို မေးမြန်းခဲ့သည်။ စွမ်းအား လမ်းစဉ်မှာ ကျယ်ဝန်းလှပြီး အဆုံးအစ မရှိသည့်အပြင် ဆံဖြူ ဘိုးဘေး၏ တာအိုကျင့်ကြံမှုကလည်း အလွန် နက်ရှိုင်းလှပေသည်။ တာအို နားလည်သဘောပေါက်မှုတွင် အောင်မြင်မှုများ ရရှိထားသော ကုအန်ပင်လျှင် ဤတရားနာကြားခြင်းမှ အကျိုးကျေးဇူးများစွာ ရရှိခဲ့၏။
ကြားနာသူ၏ မေးခွန်းကို ရင်ဆိုင်ရာတွင် ဆံဖြူ ဘိုးဘေးက သံသယများကို လျင်မြန်စွာ ဖြေရှင်းပေးခဲ့ပြီး နက်နဲသော အဓိပ္ပာယ်များဖြင့် ဖြေကြားပေးခဲ့ရာ တရားနာသူများစွာကို တွေးတော ဆင်ခြင်မိသွားစေသည်။
ဆံဖြူ ဘိုးဘေးက လူများကို ဆက်လက် ခေါ်ယူ၍ တရားနာသူများအား တစ်ယောက်ပြီး တစ်ယောက် မေးခွန်းများ မေးခွင့်ပြုလိုက်၏။
ကုအန်က မူလက သတင်းအချက်အလက် အချို့ကို စုဆောင်းချင်ခဲ့သော်လည်း ယခင် မေးခွန်းများ အားလုံးမှာ ကျင့်ကြံခြင်း ကိစ္စများနှင့်သာ သက်ဆိုင်နေသည်ကို မြင်သောအခါ သူကလည်း ချွင်းချက် ပြုလုပ်၍ မဖြစ်နိုင်ဟု ခံစားလိုက်ရသည်။
သို့သော်လည်း ကြားနာသူ ဒါဇင်ပေါင်းများစွာ ပြီးသွားသောအခါ တစ်စုံတစ်ယောက်က ကျင့်ကြံခြင်းနှင့် မသက်ဆိုင်သော မေးခွန်းတစ်ခုကို နောက်ဆုံးတွင် မေးမြန်းလာခဲ့၏။
“ဘိုးဘေး... အရှင်က ကောင်းကင်နန်းတော်ရဲ့ ကောင်းကင်တာအို အရှင်မြတ် အဖြစ် ဂုဏ်ပြုခံရသူပါ... ဖရိုဖရဲနယ်မြေနဲ့ ကောင်းကင်နန်းတော်ကြားက ဆက်ဆံရေးကို ဘယ်လို မြင်ပါသလဲ... ကောင်းကင်နန်းတော်က ဖရိုဖရဲနယ်မြေအတွက် နေရာ ချန်ထားပေးမှာလား...”
ထိုတရားနာသူ၏ အသံမှာ အမျိုးသမီး တစ်ဦး၏ အသံဖြစ်ပြီး သူမ၏ စကားလုံးများက ထက်မြက်ကာ လေသံမှာလည်း ရန်လိုနေပြီး စစ်ကြောမေးမြန်းနေသည်နှင့် ပို၍ တူနေ၏။
သူမ၏ ကျင့်ကြံခြင်းအဆင့်မှာ ကောင်းကင်ဖွင့် တာလော့အမတ အဆင့်သာ ရှိသေးသော်လည်း ဆံဖြူ ဘိုးဘေးအား ဤသို့သော လေသံဖြင့် ပြောဆိုဝံ့သည်ကို ကြည့်လျှင် သူမ၌ မည်သို့သော နောက်ခံမျိုး ရှိနေသနည်းဟု ကုအန် တွေးမိလိုက်သည်။
“ဖရိုဖရဲနယ်မြေဆိုတာ မဟာတာအိုကို ပြုစုပျိုးထောင်ပေးတဲ့ နေရာဖြစ်ပြီး အမြစ်ပြတ် ဖယ်ရှားပစ်လို့ မရနိုင်ဘူး... ကောင်းကင်နန်းတော်က နယ်နိမိတ်တွေကိုပဲ သတ်မှတ်ပေးနိုင်ပြီး အပေးအယူလုပ်ဖို့ နေရာ ချန်ထားမှာ မဟုတ်ဘူး...”
ဆံဖြူ ဘိုးဘေးက ဂရုမစိုက်သည့်ဟန်ဖြင့် တုံ့ပြန်လိုက်ပြီး သူမ၏ လေသံမှာ ယခင်ကနှင့် မပြောင်းလဲဘဲ ဒေါသထွက်နေပုံ မပေါ်ချေ။
ထိုတရားနာသူမှာ နိယာမ အရှိန်အဝါများဖြင့် ဝန်းရံခံထားရသဖြင့် ထိုအဖြေကို သူမ ကျေနပ်ခြင်း ရှိမရှိ ကုအန်လည်း သေချာ မသိနိုင်ချေ။
မေးခွန်းများ ဆက်လက် ထွက်ပေါ်လာပြီး တစ်ယောက်က စတင် လမ်းကြောင်းပေးလိုက်သည်နှင့် နောက်ဆက်တွဲ မေးခွန်းများ အားလုံးမှာ ကောင်းကင်နန်းတော်နှင့် သက်ဆိုင်လာကြတော့သည်။
“ကောင်းကင်တာအို အမတရာထူး စစ်ဆေးမှုနဲ့ ကောင်းကင်စစ်တပ် ရွေးချယ်မှုမှာ ပါဝင်တာအပြင် အမတအဆင့်ထဲကို ဝင်ဖို့ တတိယနည်းလမ်း ရှိသေးလား...”
“ကမ္ဘာတစ်ခုခုက သက်ရှိတွေအတွက် ကြီးမားတဲ့ ကုသိုလ်ပြုခဲ့ရင် ကောင်းကင်နန်းတော်က သူတို့ကို ဆုချီးမြှင့်ပြီး အမတအဆင့်ထဲ ဝင်ခွင့်ပြုလိမ့်မယ်... ဒီအရာက ကောင်းကင်တာအိုရဲ့ အဓိက ရည်ရွယ်ချက်လည်း ဖြစ်တယ်...”
“ဖျက်ဆီးခြင်း နတ်ဘုရားက ကောင်းကင်နန်းတော်ရဲ့ အမိန့်ကို မကြေညာဘဲ လင်ကျန်း မဟာကမ္ဘာကို ဖျက်ဆီးပစ်ခဲ့တယ်... ဒီကိစ္စရဲ့ နောက်ကွယ်မှာ တခြား အကြံအစည် ရှိနေတာလား...”
“ငါက ကောင်းကင်နတ်ဘုရားတွေကို မထိန်းချုပ်ထားတဲ့အတွက် မင်းကို အဖြေမပေးနိုင်ဘူး... ဒီကိစ္စကို စုံစမ်းဖို့လည်း ငါ ကူညီပေးမှာ မဟုတ်ဘူး... မင်း မကျေနပ်ရင် ချန်ထျန်းဆီကို အသနားခံစာ တင်နိုင်တယ်...”
ကြားနာသူများ၏ မေးမြန်းမှုများကို ရင်ဆိုင်ရာတွင် ဆံဖြူ ဘိုးဘေး၏ အဖြေတိုင်းက လျင်မြန်စွာ ထွက်ပေါ်လာခဲ့၏။
သူမက အမတနတ်ဘုရား တစ်ပါး၏ ဟန်ပန်မျိုး ရှိနေပုံ မပေါ်ဘဲ အချို့သော စိန်ခေါ်မှုများသည့် မေးခွန်းများကို ရင်ဆိုင်ရာတွင်လည်း အတော်လေး မာကျောပြတ်သားမှုကို ပြသခဲ့သည်။
ကြားနာသူများ၏ မေးခွန်းများမှတစ်ဆင့် ချန်ထျန်း အကြောင်းကိုလည်း ကုအန် သိရှိလာခဲ့၏။
ချန်ထျန်း ဆိုသည်မှာ ကောင်းကင်တာအိုကို အသုံးပြု၍ ကောင်းကင်နန်းတော်မှ ဖော်ပြထားသော ဆန္ဒတစ်မျိုး ဖြစ်ပြီး နေရာအနှံ့တွင် တည်ရှိသည်။ လူသားကမ္ဘာ၌ ဆင်းရဲဒုက္ခများ ရှိနေပါက ချန်ထျန်းထံသို့ တိုင်ကြားနိုင်ပြီး ၎င်းက ကောင်းကင်နန်းတော်ထံသို့ ပေးပို့သွားမည် ဖြစ်၏။
ဆံဖြူ ဘိုးဘေးက တရားနာသူများစွာ၏ နာကြည်းချက်များကို ကိုင်တွယ် ဖြေရှင်းရာတွင် ချန်ထျန်းကို အသုံးပြုခဲ့သည်။
ချန်ထျန်း ဆိုသည်မှာ အတော်လေး ယုံကြည်နိုင်စရာ မရှိဟု ကုအန် ခံစားမိသော်လည်း ၎င်းက တာအိုအထွတ်အထိပ် တာလော့အမတ တစ်ပါးပင် တွက်ချက်၍ မရနိုင်သော ကောင်းကင်တာအို ကံကြမ္မာနှင့် သက်ဆိုင်နေပေသည်။
ကြားနာနေစဉ် တစ်လျှောက်လုံး၌ သူ၏ ရင်ထဲတွင် ခံစားချက် တစ်ခုတည်းသာ ရှိနေ၏။
သက်ရှိအားလုံးက ကောင်းကင်နန်းတော်၏ လက်အောက်တွင် ဆင်းရဲဒုက္ခ ခံစားနေရသည်မှာ ကြာမြင့်နေပြီ ဖြစ်သည်။
ကောင်းကင်နန်းတော်၏ လျစ်လျူရှုမှုနှင့် မဆင်မခြင် လုပ်ရပ်များက တသီးတခြား ဖြစ်ရပ်များ မဟုတ်သည်မှာ ထင်ရှားလှပေသည်။
သို့သော်လည်း မကျေနပ်ချက်များစွာကို ရင်ဆိုင်ရချိန်တွင် ဆံဖြူ ဘိုးဘေးက ဂရုမစိုက်ဘဲ နေခဲ့ပြီး မည်သည့် ကတိကဝတ်ကိုမျှ မပေးခဲ့သလို ကြားနာသူများ၏ မေးခွန်းများအပေါ်တွင်လည်း ဒေါသထွက်ခြင်း မရှိခဲ့ချေ။
သူမက သူ စိတ်ကူးထားသည့် အမတနတ်ဘုရား တစ်ပါးနှင့် အမှန်တကယ်ပင် တူညီနေ၏။
သက်ရှိအားလုံး၏ ပျော်ရွှင်မှု သို့မဟုတ် ဆင်းရဲဒုက္ခများအပေါ် ဝမ်းမြောက်ခြင်း၊ ဝမ်းနည်းခြင်းများ မခံစားရပေ။
သက်ရှိအားလုံး၏ ဆင်းရဲဒုက္ခများကို သူမ ဂရုမစိုက်ပုံပေါ်ပြီး ဤနေရာသို့ လာရခြင်း၏ ရည်ရွယ်ချက်မှာ ကောင်းကင်နန်းတော်အတွက် တစ်စုံတစ်ခု လုပ်ဆောင်ပေးရန် မဟုတ်ဘဲ တာအိုအကြောင်း ရှင်းလင်းပြသရန်သာ ဖြစ်ကာ အပြန်အလှန် မည်သည့်အရာကိုမျှ မျှော်လင့်မထားချေ။
မည်သည့် အကြောင်းတရား၏ အနှောင်အဖွဲ့မှ မခံရသော ဤသို့သော စိတ်နေစိတ်ထားမျိုးက အစွမ်းအထက်ဆုံး ဖြစ်ကြောင်း ကုအန် ဝန်ခံရပေမည်။
သေချာသည်မှာ သူ၏ ရပ်တည်ချက်အရ ကောင်းကင်နန်းတော်ကို ကုအန် သဘောမတူနိုင်ပေ။ အကြောင်းမှာ သူတို့၏ လျစ်လျူရှုမှုက သူ့အတွက်လည်း ခြိမ်းခြောက်မှု တစ်ခု ဖြစ်စေသောကြောင့်ပင်။
အချိန်များ လျင်မြန်စွာ ကုန်ဆုံးသွား၏။
မသိလိုက်မသိဘာသာပင် ကုအန် စကားပြောရမည့် အလှည့်သို့ ရောက်ရှိလာခဲ့သည်။
သူက ကြိုတင် ပြင်ဆင်ထားပြီး ဖြစ်ရာ ဆံဖြူ ဘိုးဘေး၏ အကြည့်များ သူ့ထံ ကျရောက်လာသောအခါ သူက ပါးစပ်ဟ၍ မေးလိုက်၏။ “ကျွန်တော်က စကြဝဠာများစွာကို လှည့်လည်သွားလာခဲ့ဖူးပြီး အစွမ်းထက်မြက်တဲ့သူတွေက အဆုံးအစမဲ့ ကျယ်ပြန့်မှုထဲမှာ ရှိနေတာကို တွေ့ခဲ့ရတယ်... ကျွန်တော် မေးချင်တာက မဟာတာအိုက တကယ်ပဲ အဆုံးအစ မရှိဘူးလား... ပြီးတော့ မဟာတာအိုအတွင်းက ကျင့်ကြံသူတွေ အနေနဲ့ ကျွန်တော်တို့ရဲ့ အဓိပ္ပာယ်က ဘာလဲ...”
ကောင်းကင်နန်းတော်၏ ပြဿနာများနှင့် ပတ်သက်၍ လူများစွာက မေးမြန်းထားပြီး ဖြစ်ရာ သူ့အနေဖြင့် ဆက်လက် မေးမြန်းလိုစိတ် မရှိတော့ချေ။
မဟာတာအိုက အဆုံးအစ မရှိဘူးလား ဆိုသည်မှာ သူ မကြာခဏ တွေးတောမိသော မေးခွန်းတစ်ခု ဖြစ်၏။
အကယ်၍ မဟာတာအိုက အမှန်တကယ်ပင် အဆုံးအစ မရှိဘူးဆိုလျှင် အချိန်နှင့် ဟင်းလင်းပြင်သည်လည်း အဆုံးအစ မရှိဘဲ အတိတ်နှင့် အနာဂတ်ကြား ကွာခြားချက် မရှိတော့ကြောင်းနှင့် ကျင့်ကြံသူများက မဟာတာအို၏ အစိတ်အပိုင်း တစ်ခုသာ ဖြစ်ပြီး ၎င်းကို ဘယ်သောအခါမျှ ကျော်လွန်နိုင်မည် မဟုတ်ကြောင်း ဆိုလိုပေသည်။
အကယ်၍ ကုအန်သည်လည်း မဟာတာအိုကဲ့သို့ အဆုံးအစ မရှိဘူးဆိုလျှင် အနာဂတ်တွင် အဆုံးအစမဲ့သော အလားအလာများ ရှိနေရုံသာမက သူ၏ အတိတ်သည်လည်း အဆုံးသတ် မရှိဖြစ်နေသင့်ပြီး သူ၏ အတိတ်အတွက် အရင်းအမြစ် မရှိခြင်းကို သူ စိတ်ကူးမယဉ်နိုင်ချေ။
ဤသည်က ကြက်နှင့် ကြက်ဥ မည်သည်က အရင်ဖြစ်လာသနည်း ဆိုသော မေးခွန်းနှင့် တူနေ၏။
အကယ်၍ ကုအန်သည် ကြက်တစ်ကောင် ဖြစ်ပြီး မဟာတာအိုကဲ့သို့ အဆုံးအစမဲ့မှုကို ရရှိရန် ရည်ရွယ်ထားလျှင် သူကိုယ်တိုင်အတွက် ကြက်ဥတစ်လုံး ဖန်တီးရန် လိုအပ်မည် မဟုတ်ပါလား။ ၎င်းက ရှေ့နောက်မညီသော ပြဿနာတစ်ခုဆီသို့ အလွယ်တကူ ဦးတည်သွားစေနိုင်သည်။
အကြောင်းအကျိုး လမ်းစဉ် တည်ရှိနေခြင်းက အရာအားလုံး၌ အစမှတ်တစ်ခု ရှိကြောင်းကို သက်သေပြနေ၏။
ကုအန်၏ မေးခွန်းကြောင့် စံကျောင်းအတွင်း တိတ်ဆိတ်သွားပြီး တီးတိုးပြောဆိုသံများ မရှိတော့ချေ။
ဆံဖြူ ဘိုးဘေးက ပြောလိုက်သည်။ “လက်ရှိအချိန်အထိ မဟာတာအိုက အမှန်တကယ်ပဲ အဆုံးအစ မရှိသေးဘူး... ကောင်းကင်နန်းတော်တောင်မှ မဟာတာအိုရဲ့ အရင်းအမြစ်ကို မရောက်နိုင်သလို အမြင့်မြတ်ဆုံး ကောင်းကင်ဧကရာဇ်ကလည်း မဟာတာအိုရဲ့ အဆုံးသတ်ကို မမြင်နိုင်ဘူး... ဒီအကြောင်းရင်းကြောင့်ပဲ ငါတို့တွေက မဟာတာအိုကို ဆက်တိုက် နားလည်သဘောပေါက်နိုင်ပြီး ဘယ်တော့မှ မငြီးငွေ့ဘဲ မရောင့်ရဲနိုင်တာပေါ့...”
ဤအဖြေက ကုအန်ကို အပြည့်အဝ မကျေနပ်စေသော်လည်း အနည်းဆုံး ကောင်းကင်နန်းတော်သည် မဟာတာအိုကို လွှမ်းမိုးနိုင်သည့် အဆင့်သို့ မရောက်သေးကြောင်းကို ရှင်းလင်းသွားစေခဲ့သည်။
မေးခွန်းများ ဆက်လက် ထွက်ပေါ်လာသည်။ လူတိုင်း မေးမြန်းပြီးသွားသောအခါ ရက်အနည်းငယ် ကုန်လွန်သွားခဲ့ပြီ ဖြစ်၏။
ဉာဏ်အလင်းရခြင်း ပြဿနာများနှင့် ပတ်သက်လာလျှင် ဆံဖြူ ဘိုးဘေးက ပို၍ ပြောဆိုလေ့ရှိသည်။
မေးခွန်းများ အဆုံးသတ်သွားပြီးနောက် ဆံဖြူ ဘိုးဘေးက မတ်တတ်ရပ်၍ ထွက်ခွာသွားခဲ့သည်။ သူမ ထွက်ခွာသွားသည်နှင့် စံကျောင်းအတွင်း၌ အသက်ဝင်လာပြီး အချို့သော တရားနာသူများက ချက်ချင်း ထွက်ခွာသွားကြကာ အချို့ကမူ ဆက်လက် နေထိုင်၍ လူမှုရေးအရ ဆက်ဆံကြရန် ရွေးချယ်ခဲ့ကြ၏။
ဟုန်ယာကျီက ထွက်မသွားဘဲ ကုအန်ကို ဆွဲခေါ်၍ အပြန်အလှန် စကားပြောဆိုရာ ကုအန်နှင့် အကိုက်ညီဆုံး ဖြစ်သွားခဲ့သည်။
မဟာကမ္ဘာမှ ကောင်းကင်ဖွင့် တာလော့အမတ တစ်ပါးနှင့် တွေ့ဆုံသောအခါ ကုအန်က စပ်စုချင်ယောင်ဆောင်ကာ မေးလိုက်၏။ “ဖရိုဖရဲနယ်မြေက ဖရိုဖရဲ နာကြည်းချက် လော့ က မဟာကမ္ဘာမှာ ဖျက်ဆီးမှုတွေ လုပ်နေတယ်လို့ တာအိုမိတ်ဆွေ တစ်ယောက်ဆီက ကြားလိုက်ရတယ်... ကောင်းကင်နန်းတော်က ဒီကိစ္စကို ကိုင်တွယ်ဖြေရှင်းမှာလား...”
ထိုစကားကို ကြားသောအခါ ထိုကောင်းကင်ဖွင့် တာလော့အမတက နှာမှုတ်လိုက်သည်။ “ကောင်းကင်နန်းတော်က ဘယ်လိုလုပ် ဖြေရှင်းမှာလဲ... ဖရိုဖရဲနယ်မြေကနေ အသက်ရှင်ကျန်ရစ်နိုင်တဲ့ သတ္တဝါတွေ ဆိုတာ ကောင်းကင်နန်းတော်က အစွမ်းထက် ပုဂ္ဂိုလ်ကြီးတွေရဲ့ မျက်နှာသာပေးခံရသူတွေချည်းပဲ... ဖရိုဖရဲ နာကြည်းချက် လော့ ရဲ့ ကိစ္စက မဟာကမ္ဘာ ဒါဇင်ပေါင်းများစွာကို သက်ရောက်မှု ရှိနေတာကို ငါ သိထားပြီးပြီ... ဒါပေမဲ့ ကောင်းကင်နန်းတော်က ဘာမှ လှုပ်ရှားတာမရှိသေးဘူး...သူတို့ကြား ပူးပေါင်းအကြံအစည် တစ်ခုခု ရှိနေတာ ထင်ရှားတယ်... ငါတို့က မသိချင်ယောင်ပဲ ဆောင်နေသင့်တယ်...”
အခြား တာလော့အမတ တစ်ပါးက ဝင်ပြောလိုက်၏။ “တကယ်ပါပဲ... မဟာကမ္ဘာသုံးထောင်က ကောင်းကင်တာအိုရဲ့ အဓိက စင်မြင့်နဲ့ တူပေမဲ့ သေခြာကြည့်ရင် ကောင်းကင်နန်းတော်ရဲ့ ပျိုးခင်းနဲ့ ပိုတူတယ်... မဟာကမ္ဘာသုံးထောင်အတွင်းမှာ ဖြစ်ပျက်သမျှက သူတို့ရဲ့ မျက်စိအောက်ကနေ မလွတ်နိုင်ဘူး... သူတို့ မလှုပ်ရှားဘူးဆိုရင် အဲဒါက သူတို့ လုပ်ရပ်ဆိုတာကို ပြသနေတာပဲ...”
အခြားသူများကလည်း ထိုအတိုင်း လိုက်လုပ်ကြပြီး ကောင်းကင်နန်းတော်အပေါ် ကြီးမားသော မကျေနပ်မှုများကို ဖော်ပြကြလေသည်။
ကုအန်က သူတို့ကို များစွာ အထင်ကြီးသွား၏။ ဤလူများက အမှန်တကယ် ရဲရဲဝံ့ဝံ့ ပြောဆိုရဲကြပေသည်။ ဤစကားများ ကောင်းကင်နန်းတော်၏ နားထဲသို့ ရောက်သွားမည်ကို သူတို့ မကြောက်ကြပေဘူးလား။
သူတို့၏ စကားဝိုင်း အဆုံးသတ်သွားပြီးနောက် ဟုန်ယာကျီက ကုအန်ကို လူသူကင်းမဲ့သော နေရာတစ်ခုသို့ ဆွဲခေါ်သွားပြီး တီးတိုး ပြောလိုက်သည်။ “သူတို့က ကောင်းကင်နန်းတော်အကြောင်းကို ဘာလို့ ဒီလောက် ရဲရဲဝံ့ဝံ့ ပြောရဲကြတာလဲ ဆိုတာ မင်း သိချင်နေလား...”
ကုအန်က ခေါင်းညိတ်ပြလိုက်၏။
“ဘာလို့လဲဆိုတော့ အဆုံးမဲ့ တာအိုတောင်က ကောင်းကင်တာအို ကံကြမ္မာရဲ့ လွှမ်းမိုးမှုကို မခံရလို့ပဲ... မင်းလည်း ဒီအချက်ကို ခံစားနိုင်မှာပါ... ပြီးတော့ ဒီနေရာကို လာနိုင်တဲ့ အမတနတ်ဘုရားတွေက ကောင်းကင်နန်းတော်ရဲ့ စည်းမျဉ်းတွေ အောက်မှာ မရှိဘူး... ဒါကြောင့် သူတို့ ကြားသွားရင်တောင် ဘာမှ အန္တရာယ် မရှိဘူးလေ...” ဟုန်ယာကျီက ရှင်းပြလိုက်သည်။
ကုအန်က စပ်စုချင်စိတ်ဖြင့် မေးလိုက်၏။ “မြူခိုး အမတနန်းတော်က ကောင်းကင်နန်းတော်ကို ဘယ်လို မြင်လဲ...”
မြူခိုး အမတနန်းတော်သည် အမတနတ်ဘုရားများစွာကို မွေးထုတ်ပေးခဲ့ပြီး ကောင်းကင်နန်းတော်၏ လက်အောက်ခံ ဂိုဏ်းတစ်ခုအဖြစ် အသိအမှတ်ပြု ခံထားရသည်။
ဟုန်ယာကျီက လှောင်ပြုံး ပြုံးလိုက်သည်။ “ဘယ်လို မြင်ရမှာလဲ... အပေါ်ယံမှာတော့ ကောင်းကင်နန်းတော်ကို ဖားယားနေရတုန်းပဲလေ... ကောင်းကင်တာအို အတွင်းမှာ ကောင်းကင်နန်းတော်ကို ဆန့်ကျင်ရဲတဲ့ အင်အားစု ဘယ်သူမှ မရှိဘူး... ဆန့်ကျင်တဲ့ သူတွေကလည်း အမြစ်ပြတ် ချေမှုန်းခံရပြီးပြီ... ဘယ်လောက်ပဲ အစွမ်းထက်ထက် နောက်ဆုံးမှာတော့ ကောင်းကင်စွမ်းအားကြောင့် ဖျက်ဆီးခံရမှာပဲ...”
အခန်း ၆၈၆ ယွမ်လော့ ဝင်စားခြင်း
ဟုန်ယာကျီသည် ကောင်းကင်နန်းတော်အပေါ် အတော်လေး မကျေမနပ် ဖြစ်နေသည်မှာ ထင်ရှား၏။ ကုအန် မေးလိုက်သောအခါ သူက ချက်ချင်းပင် ပွင့်ပွင့်လင်းလင်းနှင့် သွက်လက်စွာ စတင် ပြောဆိုလာတော့သည်။
အမှန်တကယ်တွင် မြူခိုး အမတနန်းတော်၌ အမတအဖြစ်သို့ တက်လှမ်းရန် လမ်းကြောင်း ရှိနေသော်လည်း ၎င်းအတွက် ကြီးမားသော ပေးဆပ်မှုများ ပြုလုပ်ရ၏။ နှစ်တစ်သောင်းပြည့်တိုင်း ၎င်းက ကောင်းကင်နန်းတော်ထံသို့ များပြားလှသော အရင်းအမြစ်များကို ဆက်သရပြီး အမတစံအိမ်တိုင်းတွင် ကောင်းကင်နန်းတော်မှ အမတများ၏ နတ်ဘုရား ရုပ်တုများကို စိုက်ထူထားရသည်။ အမတအဆင့်သို့ အောင်မြင်စွာ ဝင်ရောက်သွားသူများသည် မြူခိုး အမတနန်းတော်နှင့် အဆက်အသွယ် မဖြတ်ကြသော်လည်း မောက်မာလာကြပြီး အခြားသူများကို ကျွန်များသဖွယ် ဆက်ဆံလာကြသည်။
ဟုန်ယာကျီမှတစ်ဆင့် ကုအန်က မြူခိုး အမတနန်းတော်အကြောင်းကို ပိုမို နားလည်လာခဲ့၏။
မြူခိုး အမတနန်းတော်၏ ကံကြမ္မာက ကောင်းကင်နန်းတော်လောက် အစွမ်းမထက်သော်လည်း ၎င်းက ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုတစ်ခု ဖြစ်နေဆဲပင်။ ၎င်း၏အတွင်း၌ ပြီးပြည့်စုံသော တာလော့အမတအဆင့် ရှိသူ တစ်ယောက် ရှိမရှိ ဆိုသည်ကို လောလောဆယ်တွင် ပြောရခက်ပေသည်။ သူက အပြည့်အဝ တွက်ချက်၍ မရနိုင်ဘဲ ထိုသို့ တွက်ချက်၍ မရနိုင်ခြင်းကပင် ထိုသို့သော တည်ရှိမှုမျိုး အမှန်တကယ် ရှိနေနိုင်ကြောင်းကို ညွှန်ပြနေ၏။
၎င်းက ယုံရှန်းဧကရာဇ် တစ်ပါးကို ပြုစုပျိုးထောင်ပေးနိုင်ခြင်းကပင် မြူခိုး အမတနန်းတော်၏ နက်ရှိုင်းသော အုတ်မြစ်ကို သက်သေပြရန် လုံလောက်နေပြီ ဖြစ်သည်။
ဟုန်ယာကျီသည် ကုအန်ကို အတော်လေး သဘောကျနေပြီး ပထမဆုံး တွေ့ဆုံမှုမှာပင် မိတ်ဆွေဟောင်းများကဲ့သို့ ခံစားနေရ၏။ သူသည် ကုအန်အား နောင်တစ်ချိန်တွင် မြူခိုး အမတနန်းတော်သို့ လာရောက်လည်ပတ်ရန် ဖိတ်ခေါ်ခဲ့ပြီး အနီရောင်နယ်မြေအမတအမိန့်တော်ပြား ဟုခေါ်သော အမိန့်တော်ပြား တစ်ခုကို ပေးအပ်ခဲ့သည်။
ဤအမိန့်တော်ပြားဖြင့် ကုအန်သည် မြူခိုး အမတနန်းတော်သို့ ဝင်ရောက်နိုင်ပြီး ဂုဏ်သရေရှိ ဧည့်သည်တော် တစ်ဦးအဖြစ် ဂုဏ်ပြုခံရမည် ဖြစ်သည်။
မြူခိုး အမတနန်းတော်တွင် အမတနယ်မြေများစွာ ရှိ၏။ ဟုန်ယာကျီမှာ အနီရောင်နယ်မြေအမတစံအိမ်၏ အိမ်တော်သခင် ဖြစ်ပြီး မြူခိုးအမတနန်းတော်အတွင်း၌ ကြီးမားသော စွမ်းအားကို ပိုင်ဆိုင်ထားသည်။
ကုအန်သည် တွန့်ဆုတ်ခြင်းမရှိဘဲ လက်ခံလိုက်ပြီး သူ၏ထံသို့ သေချာပေါက် လာရောက်လည်ပတ်မည်ဟု ပြောလိုက်သည်။
ထို့နောက် သူတို့နှစ်ယောက် လမ်းခွဲခဲ့ကြ၏။
ကုအန်က ကိုယ်ပွားတစ်ခုသာ ဖြစ်သဖြင့် အဆုံးမဲ့ တာအိုတောင်မှ ယခုချက်ချင်း ထွက်ခွာရန် အစီအစဉ် မရှိသေးချေ။ ထိုအစား သူက အခြေချရန် သင့်လျော်သော တာအိုတောင် တစ်တောင်ကို ရှာဖွေရန် ရည်ရွယ်ထားသည်။
သူသည် အစစ်အမှန် ခန္ဓာကိုယ်ထံသို့ ပြန်သွားရန် မလိုအပ်ပေ။ သူ၏ အစစ်အမှန် ခန္ဓာကိုယ်သည် သူ၏ မှတ်ဉာဏ်များကို ရယူနိုင်နေပြီ ဖြစ်ပြီး သူ့ကို တိုက်ရိုက်ပင် ထိန်းချုပ်နိုင်စွမ်း ရှိသည်။
တစ်ချိန်တည်းမှာပင် အဝေးရှိ သက်တမ်းတာအိုနယ်မြေတွင် ကုအန်က ဟုန်ယာကျီနှင့် တွေ့ဆုံရန် မြူခိုး အမတနန်းတော်သို့ သွားရောက်လည်ပတ်သင့် မသင့် စတင် စဉ်းစား တွေးတောနေ၏။
သူ၏ လက်ရှိ ကျင့်ကြံခြင်းအဆင့်အရ မြူခိုး အမတနန်းတော်တွင် ပြဿနာ ကြုံတွေ့ရလျှင်ပင် သူက အလွယ်တကူ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ပေသည်။
ထားလိုက်ပါတော့...
ဤကိစ္စအတွက် အလောတကြီး လုပ်ဆောင်ရန် မလိုအပ်သလို မြူခိုး အမတနန်းတော်သို့ သွားရောက်ရန် ဖိအားပေးနေသည့် အကြောင်းရင်းလည်း မရှိချေ။
ပထမဦးစွာ သူ၏ ကျင့်ကြံခြင်းကို တာအိုအထွတ်အထိပ် တာလော့အမတအဆင့်၏ ပြီးပြည့်စုံသောအဆင့်သို့ မြှင့်တင်ပြီးမှသာ စဉ်းစားသင့်ပေသည်။
ကုအန်က မျက်လုံးများကို မှိတ်၍ ကျောက်တုံးပေါ်တွင် လှဲလျောင်းကာ နေပူဆာလှုံနေရင်း သူ၏ အတွေးများက နေရာအနှံ့တွင် ရှိနေသော တာအိုနိယာမများထံသို့ လွင့်မျောသွားလေသည်။
ခမ်းနားထည်ဝါလှသော ရွှေရောင်မီးဖိုကြီး၏ ထိပ် လေဟာပြင်တွင် ဟွမ်ဖုန်း အမတအရှင်က တင်ပျဉ်ခွေ ထိုင်နေပြီး လက်နှစ်ဖက်ကို ဒူးပေါ်တင်ကာ တိတ်ဆိတ်စွာ ကျင့်ကြံအားထုတ်နေ၏။
သူ၏ နောက်ကျောတွင် ရွှေရောင်အလင်းတန်း တစ်ခု ပေါ်လာပြီး လူရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။
၎င်းမှာ ကောင်းကင်ငြိမ်းချမ်းရေး နတ်ဘုရား ဖြစ်၏။
ကောင်းကင်ငြိမ်းချမ်းရေး နတ်ဘုရားက လက်နှစ်ဖက်ကို ဆုပ်၍ အရိုအသေပေးကာ ပြောလိုက်သည်။ “အမတအရှင်... ဖရိုဖရဲ နာကြည်းချက် လော့ က အတော်လေး အားကောင်းတဲ့ အင်အားစု တစ်ခု ဖြစ်လာပါပြီ... သူ့ကို အမြန်ဆုံး မဖိနှိပ်ဘူးဆိုရင် ပြဿနာကြီးတွေ ဖြစ်လာနိုင်ပါတယ်... ကောင်းကင်တာအိုအောက်က အဆင့်မြင့်တဲ့ အစွမ်းထက်သူတွေ သေချာပေါက် သတိထားမိလာပါလိမ့်မယ်...”
ဟွမ်ဖုန်း အမတအရှင်က ကျောခိုင်းထားရင်းနှင့် မျက်လုံးများကို မဖွင့်ဘဲ မေးလိုက်၏။ “ဖရိုဖရဲ နာကြည်းချက် လော့ ရဲ့ စွမ်းအားက ကောင်းကင်ဝိညာဉ် မဟာကမ္ဘာကို ကျူးကျော် ဝင်ရောက်သွားပြီလား...”
ကောင်းကင်ငြိမ်းချမ်းရေး နတ်ဘုရားက မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။ “ဟုတ်ပါတယ်... ဒါပေမဲ့ သူ့ရဲ့ စွမ်းအားတွေက ပျောက်ကွယ်သွားပါပြီ... သူ ဆုတ်ခွာသွားတာလား ဒါမှမဟုတ် အစွမ်းထက် ပုဂ္ဂိုလ်ကြီး တစ်ယောက်က ဝင်စွက်ဖက်လိုက်တာလား ဆိုတာတော့ မသေချာပါဘူး...”
လွန်ခဲ့သော နှစ်များအတွင်း သူက ဖရိုဖရဲ နာကြည်းချက် လော့ ကို စောင့်ကြည့်နေခဲ့ပြီး ကောင်းကင်ဝိညာဉ် မဟာကမ္ဘာရှိ ပုံမှန်မဟုတ်သော ဖြစ်ရပ်များကြောင့် အတော်လေး အံ့အားသင့်ခဲ့ရ၏။
ကောင်းကင်ဝိညာဉ် မဟာကမ္ဘာ၏ အတိတ်ကို သိထားသဖြင့် သူသည် ကောင်းကင်စိတ်ဝိညာဉ် နတ်ဘုရားနှင့် တိုင်ပင်ခြင်း မရှိခဲ့ဘဲ ၎င်းတွင် သူ ဝင်ရောက် မစွက်ဖက်ရဲသော မဟာ အကြောင်းအကျိုး တစ်ခု ရှိနေသည်ဟု ခံစားခဲ့ရသည်။ ယခု ဟွမ်ဖုန်း အမတအရှင်သည် ကောင်းကင်ဝိညာဉ် မဟာကမ္ဘာအကြောင်း ထည့်ပြောလာသောအခါ သူ၏ သတိထားမှုက ပိုမို မြင့်တက်လာခဲ့၏။
ကောင်းကင်ဝိညာဉ် မဟာကမ္ဘာ၏ အကြောင်းအကျိုးများနှင့် ငြိတွယ်ခြင်းမှ သူ သေချာပေါက် ရှောင်ရှားရပေမည်။
သူ၏ စကားများကို ကြားသောအခါ ဟွမ်ဖုန်း အမတအရှင်က မျက်လုံးများကို ဖွင့်လိုက်သည်။ သူသည် မီးဖိုကြီး အတွင်းရှိ ကမ္ဘာလောကကို ငုံ့ကြည့်ကာ မသိနိုင်သော အရာတစ်ခုကို တွေးတောနေ၏။
အချိန်အတန်ကြာပြီးနောက်
“ပိုက်ကွန်ကို စတင် ရုပ်သိမ်းလိုက်တော့... မင်းက ဖရိုဖရဲ နာကြည်းချက် လော့ ရဲ့ စွမ်းအားကို အမြစ်ပြတ် ချေမှုန်းဖို့ တာဝန်ယူလိုက်... သူ့ကို ဖမ်းဆီးဖို့အတွက် ကောင်းကင်တာအိုရဲ့ ပိုပြီး အစွမ်းထက်တဲ့ အင်အားစုတွေကို ငါ အကူအညီ တောင်းလိုက်မယ်...”
ဟွမ်ဖုန်း အမတအရှင်က ပြောလိုက်ရာ ကောင်းကင်ငြိမ်းချမ်းရေး နတ်ဘုရားမှာ သက်ပြင်းတစ်ချက် ချနိုင်သွားပြီး အမိန့်ကို လက်ခံကာ ထွက်ခွာသွားလေသည်။
ကောင်းကင်ငြိမ်းချမ်းရေး နတ်ဘုရား ထွက်ခွာသွားပြီးနောက် ထိုနေရာမှာ တိတ်ဆိတ်သွားပြီး ဟွမ်ဖုန်း အမတအရှင်၏ မျက်လုံးများက တလက်လက် တောက်ပနေကာ ရင်ထဲတွင် တစ်စုံတစ်ခုကို တွေးတောနေ၏။
အချိန်များက ဖြည်းညင်းစွာ ကုန်ဆုံးသွား၏။ အဆုံးမဲ့ တာအိုတောင်ရှိ တရားဟောပြောခြင်း ပြီးဆုံးသွားကတည်းက ကုအန်သည် မည်သည့် အဖြစ်အပျက်ကြီးများနှင့်မျှ မကြုံတွေ့ရတော့ဘဲ ဘဝက တစ်ဖန် ပြန်လည် အေးချမ်းလာခဲ့သည်။
လူသားကမ္ဘာတွင် ပဋိပက္ခများ ဆက်လက် တည်ရှိနေသေးသော်လည်း ကမ္ဘာကြီးအပေါ် လွှမ်းမိုးနေသော တိမ်မည်းကြီးများက လွင့်စင်သွားခဲ့ပြီ ဖြစ်သည်။
ကုအန်သည် ဖရိုဖရဲ နာကြည်းချက် လော့ ၏ စွမ်းအားများကို ဖယ်ရှားပစ်လိုက်ပြီးနောက် နှစ်တစ်ရာ အတွင်းမှာပင် ချမ့်ခွန်းဂိုဏ်းသည် ငြိမ်းချမ်းမှုကို ပြန်လည် ရရှိခဲ့ပြီး ကမ္ဘာလောကကို ကယ်တင်ရန် တပည့်များကို တစ်ဖန် ပြန်လည် စေလွှတ်လာခဲ့၏။
မျက်စိတစ်မှိတ်အတွင်းနှစ်တစ်သောင်းဆိုသော အချိန်သည် လျင်မြန်စွာ ကုန်လွန်သွားခဲ့သည်။
သက်တမ်း ဆယ့်ခုနစ်သန်းကျော် ရှိပြီဖြစ်သော ကုအန်သည် သက်တမ်း ၁.၆ ထရီလီယံ ကို စုဆောင်းရရှိထားပြီး ဖြစ်ကာ သက်တမ်း အတားအဆီးမှ ကုန်ခမ်းသွားသည်များကို မပါဝင်ဘဲ တာအိုအထွတ်အထိပ် တာလော့အမတအဆင့် အစောပိုင်းမှ အလယ်အလတ်အဆင့်သို့ တက်လှမ်းရန် သက်တမ်း ၈၀၀ ဘီလီယံ ကို အသုံးပြုခဲ့ရသည်။ ထို့ကြောင့် သူသည် နောက်တစ်ဆင့်သို့ မချိုးဖျက်မီ သက်တမ်း ၂ ထရီလီယံ အထိ ရောက်ရှိရန် စီစဉ်ထား၏။
တာအိုအထွတ်အထိပ် တာလော့အမတအဆင့်၏ ပြီးပြည့်စုံသောအဆင့်သို့ မရောက်မချင်း သက်တမ်း ၁၀ ထရီလီယံ တဆိုသော စွမ်းဆောင်ရည် ကန့်သတ်ချက်ကို သူ လိုက်လံ ရှာဖွေရန် ရည်ရွယ်မထားချေ။
ထိုနှစ်၏ နွေဦးရာသီတွင် ကုအန်က ခြံဝင်းအတွင်း၌ စုတ်တံဖြင့် စာရေးနေစဉ် ရုတ်တရက် ခေါင်းမော့လိုက်ရာ သူ၏ မျက်လုံးများထဲတွင် ပုံမှန်မဟုတ်သော အရိပ်အယောင်များ ပေါ်လာ၏။
သူ့ဘေးတွင် စောင်းတီးနေသော ရှန်ကျန်းက သူ၏ ပုံမှန်မဟုတ်သော အမူအရာကို သတိပြုမိသွားပြီး မေးလိုက်သည်။
“ဆရာ ဘာဖြစ်လို့လဲ... ချမ့်ခွန်းဂိုဏ်းမှာ တစ်ခုခု ဖြစ်လို့လား...”
ကုအန် ကြည့်နေသည့် နေရာမှာ ချမ့်ခွန်းဂိုဏ်း ရှိရာ အရပ်ပင် ဖြစ်၏။
“ဘာမှမဖြစ်ပါဘူး... ချမ့်ခွန်းဂိုဏ်းမှာ ထူးခြားတဲ့ ပါရမီရှင် တပည့်တစ်ယောက် မွေးဖွားလာတော့မှာမို့လို့ပါ...” ကုအန်က ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်ပြီး သူ၏ အကြည့်များကို ရုပ်သိမ်းကာ ဆက်လက် စာရေးနေလိုက်သည်။
ရှန်ကျန်းမှာ စပ်စုချင်စိတ် ဖြစ်ပေါ်လာပြီး ထပ်မံ စူးစမ်း မေးမြန်းလိုက်၏။ “သူက ထျန်းဟုန် ဧကရာဇ် ဒါမှမဟုတ် ကျောက်ရူရှန်တို့နဲ့ ယှဉ်ရင် ဘယ်လိုနေလဲ...”
နှစ်ထောင်ပေါင်းများစွာ ကုန်လွန်သွားသည်နှင့်အမျှ လူသားကမ္ဘာရှိ ပဋိပက္ခများက အဆုံးသတ်ရန် နီးကပ်လာခဲ့ပြီ ဖြစ်သည်။ ထျန်းဟုန် ဧကရာဇ်နှင့် ကျောက်ရူရှန်တို့ကြားရှိ ရန်ငြိုးများက ကမ္ဘာအနှံ့ ကျော်ကြားနေပြီး သူတို့ နှစ်ယောက်စလုံးမှာ ကွဲပြားသော ခေတ်များမှ အစွမ်းအထက်ဆုံး ပါရမီရှင်များ ဖြစ်ကြ၏။ ယခုအခါ သူတို့သည် ရေနှင့်မီးကဲ့သို့ ထိပ်တိုက် ရင်ဆိုင်နေကြရာ နောက်ဆုံးတွင် မည်သူက အနိုင်ရရှိမည်ကို ကမ္ဘာလောကကြီးက သိချင်နေကြသည်။
“သူတို့ထက်တောင် ပိုသာနိုင်သေးတယ်...” ကုအန်က နက်နဲသော အဓိပ္ပာယ်များဖြင့် ပြောလိုက်သည်။
ထျန်းဟုန် ဧကရာဇ်သည် အမတနတ်ဘုရား ပြန်လည်ဝင်စားသူ ဖြစ်ပြီး ယခု ဖော်ပြထားသော တပည့်မှာမူ ဖရိုဖရဲ နာကြည်းချက် လော့ ဝင်စားသူ ဖြစ်၏။
ဖရိုဖရဲ နာကြည်းချက် လော့ သည် သူ၏ ကိုယ်ပိုင် ဆန္ဒဖြင့် ဝင်စားလာခြင်း မဟုတ်ပုံပေါ်ပေ။ သူက အစွမ်းထက် ပုဂ္ဂိုလ်ကြီး တစ်ဦး၏ လက်ချက်ဖြင့် ကောင်းကင်ဝိညာဉ် မဟာကမ္ဘာ၏ ဝင်စားခြင်း သံသရာထဲသို့ ပစ်ချခံလိုက်ရခြင်း ဖြစ်ပုံရပြီး ချမ့်ခွန်းဂိုဏ်းသို့ အဆင်ပြေပြေ ရောက်ရှိလာခြင်းမှာ သေချာပေါက် တိုက်ဆိုင်မှု တစ်ခု မဟုတ်ချေ။
ထိုက်ရီ အမတအရှင် သို့မဟုတ် ဆန်းကြယ်ကြယ်တာရာ အမတအရှင်၏ နောက်ကွယ်တွင် ကုအန်ကို စောင့်ကြည့်နေသော ပိုမို အစွမ်းထက်သည့် တည်ရှိမှု တစ်ခု ရှိနေပုံရ၏။
ကောင်းကင်တာအို ကံကြမ္မာဖြင့် ခြားနားထားသဖြင့် ကုအန်အနေဖြင့် တွက်ချက်ရန် ခက်ခဲနေသော်လည်း တစ်ဘက်လူက အဆင့် မချိုးဖျက်မီက သူနှင့် ရင်ဆိုင်ရစဉ်မှာပင် မဆင်မခြင် မလှုပ်ရှားရဲခဲ့ချေ။ ထို့ကြောင့် ယခု အဆင့်ချိုးဖျက်ပြီးသွားပြီ ဖြစ်သော သူ့အနေဖြင့် ပို၍ပင် ထိတ်လန့်စရာ အကြောင်း မရှိတော့ပေ။
“ဒီလိုဆိုရင်တော့ ချမ့်ခွန်းဂိုဏ်းက နောက်ဆုံးမှာ တိုးတက်လာတော့မှာပေါ့...” ရှန်းကျန်သည် အများကြီး မစဉ်းစားဘဲ အံ့အားသင့်သည့် လေသံဖြင့် မှတ်ချက်ချလိုက်သည်။
ချမ့်ခွန်းဂိုဏ်းသည် ဖွံ့ဖြိုးတိုးတက်နေသော်လည်း နှစ်သန်းပေါင်းများစွာ၊ ဘီလီယံပေါင်းများစွာ သို့မဟုတ် ထိုထက်မက ကြာရှည် တည်တံ့ခဲ့သော ဂိုဏ်းများနှင့် ယှဉ်လျှင် အလွန် ငယ်ရွယ်လွန်းနေသေး၏။ ရှုထောင့်ပေါင်းစုံမှ ကြည့်လျှင် ၎င်းသည် အများကြီး နောက်ကောက်ကျနေသေးသည်။
အကယ်၍ ထျန်းဟုန် ဧကရာဇ် သို့မဟုတ် ကျောက်ရူရှန်တို့ထက်ပင် သာလွန်သော ပါရမီရှင် တပည့်တစ်ယောက်ကို မွေးထုတ်ပေးနိုင်မည် ဆိုလျှင် ထိုကွာဟချက်ကို ပိတ်ဆို့နိုင်ကောင်း ပိတ်ဆို့နိုင်ပေမည်။
ချမ့်ခွန်းဂိုဏ်း အနီးတွင် နှစ်သောင်းချီ၍ နေထိုင်ခဲ့ရသဖြင့် ရှန်းကျန်မှာ ဂိုဏ်းအပေါ် သံယောဇဉ် တွယ်နေခဲ့ပြီ ဖြစ်သည်။ ဝူရှီ တပည့် မည်သူမဆို ချမ့်ခွန်းဂိုဏ်းသို့ လာရောက်ပါက ဂုဏ်သရေရှိ ဧည့်သည်တော်များအဖြစ် လက်ခံ ကြိုဆိုလေ့ရှိပြီး ယခုတိုင် မရိုမသေ ပြုလုပ်သည့် ဖြစ်ရပ်မျိုး တစ်ကြိမ်မျှ မရှိခဲ့ဖူးချေ။ ချမ့်ခွန်းဂိုဏ်း၏ ခေါင်းဆောင်ပိုင်းများက ဝူရှီကို များစွာ အထင်ကြီး လေးစားကြပြီး ပေါ့ပေါ့တန်တန် သဘောမထားရဲကြပေ။
“ချမ့်ခွန်းဂိုဏ်းက အစောနဲ့အနှောင်း ဆိုသလို တိုးတက်လာမှာ.. နောက်ဆုံးတော့လည်း သူတို့ ကျဆင်းသွားမှာပါပဲ...” ကုအန်က စာကို ဆက်ရေးရင်း ပြောလိုက်၏။
သူက အဓိပတိဂိုဏ်းကိုပင် စွန့်လွှတ်ခဲ့ပြီးပြီ ဖြစ်ရာ ချမ့်ခွန်းဂိုဏ်းကိုလည်း အမြဲတမ်း ကာကွယ်ပေးနေမည် မဟုတ်ပေ။
ရှန်းကျန်က ကုအန်၏ စကားများကို မေးခွန်းထုတ်ခြင်း မပြုဘဲ အစားထိုး၍ မေးလိုက်သည်။ “အကယ်လို ထျန်းဟုန် ဧကရာဇ် ပြန်ရောက်လာရင် သူ့ကို တပည့်အဖြစ် တကယ် လက်ခံမှာလား...”
ကုအန်က ပြန်ဖြေလိုက်၏။ “ငါက ကတိဖျက်ရတာကို သဘောမကျဘူး...”
သက်တမ်းတာအိုနယ်မြေတွင် သိမ်းဆည်းထားစရာ ကြီးကြီးမားမား လျှို့ဝှက်ချက်များ မရှိပေ။ နယ်မြေ ကိုယ်တိုင်က ရွှေ့ပြောင်း၍သော်လည်းကောင်း၊ ပြန်လည် တည်ဆောက်၍သော်လည်းကောင်း ရနိုင်၏။
ထျန်းဟုန် ဧကရာဇ်သည် ထိုမျှ နှစ်ပေါင်းများစွာ ကြာအောင် ဒူးထောက်နိုင်ခဲ့ခြင်းကပင် သူ၏ စရိုက်လက္ခဏာကို သက်သေပြရန် လုံလောက်နေပြီ ဖြစ်သည်။
သူက အမတနတ်ဘုရား ပြန်လည်ဝင်စားသူ ဖြစ်နေရင်ကော ဘာဖြစ်လဲ။
ကုအန်အနေဖြင့် ထျန်းဟုန် ဧကရာဇ်ထံမှတစ်ဆင့် ကောင်းကင်နန်းတော်အကြောင်းကို ပိုမို သိရှိလာနိုင်ကောင်း သိရှိလာနိုင်ပေသည်။