အပိုင်း(၁၇၉)-သဘောတူညီမှု ပြုလုပ်ခြင်း
Vol. 002 Ch. 179
သုံးရက်လုံးပင် ရှီမာယူယူသည် မီးတောက်ထဲတွင် နှစ်မြုပ်နေသည်။ သူမ သတိမေ့နေသည်ဟု အားလုံးကထင်ကြသော်လည်း သူမသည် တစ်ချိန်လုံး သတိရနေခဲ့သည်။ သူမ သတိရနေသည့်အတောအတွင်းတွင် မီးတောက်သည် သူမ အရိုးအစိတ်အပိုင်းတိုင်းကို ပြုပြင်ပေးနေသည်ကို ခံစားမိသည်။
ပြီးခဲ့သည့်တစ်ခေါက် ပူလွောင်တောင်တန်းတွင် ကြက်သွေးရောင်မီးတောက်သည် မီးတောက်အားအသုံးပြုကာ သူမ အကြောများကို ပြုပြင်ပေးခဲ့သည်။ အခုတစ်ခေါက်တွင် သူမ အရိုးများပြုပြင်ပေးရန် မီးတောက်အား အသုံးပြုခဲ့သည်။ အရိုးများသည် ပြောင်းလဲကာ ဝိညာဉ်ချီအား ပြန်လည်မွမ်းမံသည်။
ပြီးခဲ့သည့် သုံးရက်ကကဲ့သို့ အခြေအနေမျိုးကြုံလာပါက သူမအရိုးများသည် အလွယ်တကူကျိုးတော့မည် မဟုတ်ပေ။
သုံးရက်အကြာတွင် ကြက်သွေးရောင်မီးတောက်သည် သူမခန္ဓာကိုယ်အား ပြောင်းလဲပေးသည်မှာ ပြီးဆုံးသွားပြီး ဖြေးညင်းစွာပင် သူ၏ မီးတောက်အား ပြန်ရုတ်သိမ်းလိုက်သည်။
“မင်းအရင်ဆုံး အင်္ကျိဝတ်ပါဦး” ကြက်သွေးရောင်မီးတောက်သည် စာချုပ်နေရာမှ ပြောလိုက်သည်။
ရှီမာယူယူသည် အခုတော့ လုံးဝကောင်းသွားပြီဖြစ်သည်။ အဝတ်ဗလာကျင်းဖြစ်နေသော ခန္ဓာကိုယ်အားကြည့်ကာ သူမ အဝတ်ထုတ်ကာဝတ်လိုက်သည်။
အစပိုင်းတွင် သူမ မီးတောက်အား မထိန်းချုပ်နိုင်ပေ။ ထို့ကြောင့်ပင် သူမ အဝတ်များလောင်ကျွမ်းသွားသော်လည်း သူမ အသားမှာ မထိမရှပေ။
သူမ အဝတ်အစားများ သေချာစွာဝတ်ဆင်ပြီးနောက် သူမအား လွှမ်းခြုံထားသော မီးတောက် ပျောက်ကွယ်သွားရန် ရှီမာယူယူ တွေးလိုက်သည်။
“ယူယူ”
ရှီမာယူယူ၏ ခန္ဓာကိုယ်မှ မီးတောက်ပျောက်ကွယ်သွားသည်ကို မြင်သည်နှင့် ဘေဂုံထန်နှင့် တခြားသူများသည် ပြေးလာကြသည်။
သူတို့သည် အထွတ်အထိပ်သားရဲကြောင့်ဒဏ်ရာများရထားသည်ကို တွေးမိသည်နှင့် ရှီမာယူယူ မေးလိုက်သည် “မင်းတို့ဘယ်လိုနေလဲ”
“ငါတို့ ပြန်ကောင်းနေပြီ မင်းရော”
ရှီမာယူယူ သူမခန္ဓာကိုယ်အား လှုပ်ရှားကာ ပြုံးလိုက်သည် “အကုန်ကောင်းသွားပြီ”
“သေစမ်း ယူယူ မင်းရဲ့ မီးတောက်က ဘာမီးတောက်မို့လို့ အဲလောက် ထူးခြားနေတာလဲ၊ အဲဥက ဘယ်လိုဝိညာဉ်သားရဲလဲ” ဘိုင်ယွန်ရွှီသည် ရှီမာယူယူအား အံ့သြစွာဖြင့် ကြည့်လိုက်သည်။
ရှီမာယူယူခေါင်းရမ်းကာ ပြောလိုက်သည် “သူက ဘာဝိညာဉ်သားရဲလဲတော့ ငါလည်းမသိဘူး၊ သူငါ့ကို တစ်ခါမှမပြောဖူးဘူး”
သူမပြောလိုက်သည်ကို အားလုံးသည် ပြောစရာစကားမဲ့သွားသည်။ သူမတွင် ရှိနေတာ ဘာဝိညာဉ်သားရဲလည်းဆိုတာ သူမကိုယ်တိုင်တောင် မသိဘူး။ ထိုသည်မှာ သူမလုပ်နိုင်သည့်အရာလေ။
ရှီမာယူယူ၏ ခန္ဓာကိုယ်မှ ထွက်လာချိန်တွင် ကြက်သွေးရောင်မီးတောက်သည် မြေပေါ်တွင် တစ်ချိန်လုံး လဲနေသော မျက်လုံးလေးလုံးငှက်ရှေ့တွင် ပျံသန်းလေသည်။
“မင်းအပြစ်ကို မင်းသိပြီလား” ကြက်သွေးရောင်မီးတောက်၏ အသံသည် ဒေါသထွက်ခြင်းမရှိပဲ မွေးရာပါ ခန့်ညားသော အသံဖြစ်သည်။
“ငါ့အပြစ်ငါသိပါပြီ…” မျက်လုံးလေးလုံးငှက်သည် မြေပေါ်မှ ညင်သာစွာခေါင်းထောင်ကာ ပြန်ဖြေသည်။
“ဟိန်းသံလေးက မင်းကိုနှောင့်ယှက်တယ်၊ မင်းကသူ့အသက်ကို လိုချင်တယ်၊ မင်းက ငါ့ပိုင်ရှင်ကို ထိခိုက်အောင်လုပ်တယ်၊ ဒါ့ကြောင့် မင်းအသက်ကို ယူတာပဲ” ကြက်သွေးရောင်မီးတောက်သည် ဖျော့တော့စွာပြောလေသည်။
ဝေကျိရွှီနှင့် တခြားသူများသည် အံ့သြသဖြင့် ပါးစပ်အဟောင်းသားဖြစ်သွားရသည်။ သူက သူ့ကို သတ်တော့မှာလား။
မျက်လုံးလေးလုံးငှက်၏ မျက်လုံးများသည် မလိုလားသည့်အရိပ်အယောင်ဖြတ်သွားသည်။ သို့သော် ထိုဝိညာဉ်သားရဲမှ ပေးသော အမိန့်ကို သူမဆန့်ကျင်ရဲပေ။ သူတို့သည် သူ့သရုပ်မှန်ကို မသိသော်လည်း သူသိသည်။
“ကျွီ ကျွီ”
သူခေါင်းမော့ကာ ကျယ်လောင်စွာအော်ပြီး သတ်သေသွားလေသည်။
“ခဏစောင့်ပါဦး” ရှီမာယူယူသည် တားလိုက်ပြီး လျင်မြန်စွာပင် မျက်လုံးလေးလုံးငှက်၏ ရှေ့သို့သွားကာ သူ့လုပ်ဆောင်ချက်အား တုံ့ဆိုင်းစေသည်။
“ဘာဖြစ်လို့လဲ” ကြက်သွေးရောင်မီးတောက် မေးလိုက်သည်။
“အဲဒါ…မျက်လုံးလေးလုံးငှက်က ကြမ်းကြုတ်တဲ့ သားရဲမဟုတ်ပါဘူး၊ သူက လူသားတွေကို လက်လွတ်စပယ်မသတ်ခဲ့ဘူး၊ ပြီးတော့ သူက အခက်အခဲကြားထဲမှာမှ အထွတ်အထိပ်သားရဲအဆင့် ရောက်ခဲ့တာ၊ သူ့ကို ဒီမှာ သေခိုင်းတာ နှမြောစရာကောင်းပါတယ်” ရှီမာယူယူ ပြောလေသည်။
“ဒါပေမယ့် သူမင်းကို နာအောင်လုပ်တယ်လေ” ကြက်သွေးရောင်မီးတောက်သည် ဒေါသဖြင့် ပြောလေသည်။ “မင်းအန္တရာယ်တာကို ခံစားမိပြီး ငါအိပ်ရာကနိုးလာလို့ပေါ့ မဟုတ်ရင် မင်းအခုသေနေလောက်ပြီ”
“အဲဒါကလည်း ဟိန်းသံလေးက သူ့ကို အနှောင့်အယှက်ပေးလို့မလား၊ အစကတည်းက သူ့အမှားမဟုတ်ပါဘူး” ရှီမာယူယူသည် မျက်လုံးလေးလုံးငှက်အစား ပြောပေးလိုက်သည်။
“ဒါဆို သူ့ကိုဘယ်လိုဖြေရှင်းမှာလဲ” ကြက်သွေးရောင်မီးတောက်သာ လူဖြစ်ခဲ့ပါက သူ့မျက်နှာ ပျက်သွားသည်ကို မြင်နိုင်မည်ဖြစ်သည်။
“သူ့ကို လွှတ်ပေးလိုက်ပါ” ရှီမာယူယူပြောလေသည်။
သူမ လက်စားချေချင်သည့် ပုံမပေါ်ပေ။ အစပိုင်းကတည်းက သူ့အမှားကြောင့် ဖြစ်လာသည့် ကိစ္စများမဟုတ်ပေ။ ထို့အပြင် သုံးနွေဦးမြို့တော်တွင် သူတို့အား လက်လွတ်စပယ် မသတ်သည်ကို တွေးမိလျှင် အထွတ်အထိပ်သားရဲအား သတ်ခြင်းသည် လွန်သည်ဟု သူမခံစားမိသည်။
အထူးသဖြင့် ထိုညက သူမိုးကြိုးအား ကြံ့ကြံ့ခံသည်ကို တွေ့ပြီးနောက် သူမ သူ့အား လေးစားသည်။
ကမ္ဘာပေါ်ရှိတိုက်ပွဲတွင် နေထိုင်ရဲသူသည် တခြားသူများ၏ လေးစားခြင်းကို ခံရစမြဲဖြစ်သည်။
ရှီမာယူယူသည် သူ့ကိုယ်စားပြောပေးလိမ့်မည်ဟု မျက်လုံးလေးလုံးငှက်သည် ထင်မထားပါ။ သူမသာ သူ့အား လွှတ်ပေးပါက သူသည် ဒီနေ့တွင် အသက်ရှင်မည်ကို သိသည်။
ကြက်သွေးရောင်မီးတောက်သည် တစ်ခဏမျှစဉ်းစားကာ ပြောလိုက်သည် “ငါသူ့ကို မလွှတ်ပေးနိုင်လို့ မဟုတ်ဘူး၊ မင်းစွမ်းအားက အခုအားနည်းနေသေးတယ် လက်ရှိမှာ မင်းကို ကာကွယ်ပေးဖို့ တစ်ယောက်ယောက်လိုတယ်၊ မျက်လုံးလေးလုံးငှက် မင်းသူမကို ပိုင်ရှင်အဖြစ် သဘောထားနိုင်လား”
အာ…
အထွတ်အထိပ်သားရဲကို ပိုင်ရှင်အဖြစ် သတ်မှတ်နိုင်သလားလို့ မေးလိုက်တာလား။
ဝိညာဉ်စေတီထဲမှ ဝိညာဉ်သားရဲများသည် ဒေါသများထွက်နေကြသည်။ သူတို့အထက်တွင် ဖိအားပေးနေသောသော ကြက်သွေးရောင်မီးတောက် ရှိနေပြီလေ။ အထွတ်အထိပ်သားရဲသာ ဝင်လာပါက သူတို့နေရာသည် ပိုပို၍ နောက်တွန်းခံလိုက်ရပြီလေ။
“အို ယူယူ ဒီကောင်က မင်းကိုအခုသတ်ချင်နေတာ၊ မင်းသဘောတူလို့မရဘူး” ဟိန်းသံလေး အော်လိုက်သည်။
“ဒါပေမယ့် ဒါက အထွတ်အထိပ်သားရဲလေ၊ သခင်ရဲ့စွမ်းအားကို နည်းနည်းဖြစ်ဖြစ် တိုးစေတယ်လေ” ဟိန်းသံတစ်ထောင်သည် နည်းလမ်းကျကာ အရှေ့သို့ ကြည့်သည်။
“ဘယ်လိုပဲဖြစ်ဖြစ် ငါတို့က အမြီးကိုတွဲလောင်းခိုရမှာပဲ” အခုလေးတင် အံ့ဖွယ်အဆင့်တက်သွားသော ရာဟွောင်သည် မြေပေါ်တွင်လှဲနေသည်။ သို့သော် သူ့အသံမှာ အနည်းငယ် ဝမ်းနည်းနေသည့်ပုံပေါက်သည်။
ဝိညာဉ်သားရဲများအတွက်တော့ သူအဆင့်တက်ခြင်းသည် မြန်သည့်အထဲတွင် ပါသည်။ ရှီမာယူယူ သခင်အဆင့်ရောက်သည်ကို သုံးပြီး တခြားဝိညာဉ်သားရဲများနှင့် စာချုပ်ချုပ်သည်နှင့် သူသည် ဖြေးညင်းစွာပင် သူတော်စင်အဆင့်မှ အံ့ဖွယ်အဆင့်သို့တက်သွားလေသည်။
ရှီမာယူယူသည် မျက်လုံးလေးလုံးငှုက်အား လေးနက်စွာကြည့်ပြီး ပြောလိုက်သည် “မင်းငါ့နောက်ကို လိုက်ဖို့မလိုပါဘူး၊ အခုလက်ရှိ ငါ့စိတ်စွမ်းရည်ကလည်း တခြားဝိညာဉ်သားရဲနဲ့ စာချုပ်ချုပ်လို့မရသေးဘူး၊ ပြီးတော့ မင်းက အထွတ်အထိပ်သားရဲပဲ မင်းကို စာချုပ်ချုပ်ဖို့ရော ထိန်းကျောင်းဖို့ရော ငါ့မှာ အဲလောက်စွမ်းရည်မရှိသေးဘူး”
“ဒါဆို သူ့ကိုမင်းကစပြီး ပိုင်ရှင်အဖြစ်လက်ခံပေးလိုက်” ကြက်သွေးရောင်မီးတောက် ပြောလိုက်သည်။
ရှီမာယူယူ ခေါင်းရမ်းကာ ပြောလိုက်သည် “ငါ့ကို မင်းကစပြီး သခင်အဖြစ်လက်ခံတာကလည်း နှမြောစရာကောင်းပါတယ်၊ ငါစာချုပ်ချုပ်တဲ့ နည်းလမ်းကိုသုံးရင် လူရောသားရဲရော အကျိုးရှိတယ်၊ နောက်ကျရင်အဲဒါက အဆင့်တက်ဖို့ ပိုလွယ်လိမ့်မယ်”
“မင်းတကယ်ပဲ…” ရှီမာယူယူ၏ အကြောင်းပြချက်များကြောင့် ကြက်သွေးရောင်မီးတောက်သည် ပြောစရာစကားမဲ့သွားသည်။
ရှီမာယူယူသည် မျက်လုံးလေးလုံးငှက်၏ နှုတ်သီးရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ကာ ပုလင်းအားထုတ်ပြီး ပြောလိုက်သည် “ဒါက ငါဖော်ထားတဲ့ ဆေးတွေပဲ ဟိန်းသံလေးနဲ့ တခြားသူတွေက သူတို့ဒဏ်ရာရတဲ့အချိန်မှာ စားကြတယ်၊ မင်းက အထွတ်အထိပ်သားရဲဆိုတော့ မင်းအတွက် အသုံးဝင်မလား မဝင်ဘူးလားဆိုတာတော့ ငါမသိဘူး၊ မင်းဆေးနည်းနည်းတော့ စားသင့်တယ်”
သူမပြောပြီးနောက် ဆေးများထုတ်လိုက်ကာ သူ့နှုတ်သီးထဲသို့ ပစ်ထည့်လိုက်သည်။
သူ့ပါးစပ်ထဲသို့ ဆေးများဝင်သွားကာ မျက်လုံးလေးလုံးငှက်သည် ရှီမာယူယူအား ကြောင်ကြည့်နေတော့သည်။
ရှီမာယူယူပြုံးကာ ပြောလိုက်သည် “မင်းသွားလို့ရပြီ”
မျက်လုံးလေးလုံးငှက်သည် ကြက်သွေးရောင်မီးတောက်အား ကြည့်လိုက်သည်။ သူ့ခွင့်ပြုချက်မရပဲ သူမသွားရဲပေ။
ကြက်သွေးရောင်မီးတောက်သည် ခဏတာမျှ စဉ်းစားကာ ပြောလိုက်သည် “သူမ ရီလင်းတိုင်းပြည်ထဲမှာ ရှိတုန်းတော့ သူမနောက်လိုက်ပေး၊ သူမ ဒီတိုင်းပြည်ကထွက်တာနဲ့ သူမ မင်းကို စာချုပ်မချုပ်ရင် မင်းသွားလိုရာသွားလို့ရပြီ၊ သူမ ရီလင်းတိုင်းပြည်ထဲမှာ ဒဏ်ရာရရင် ခဏစောင့် မင်းကို ငှက်ကင်လုပ်ပစ်မယ်”
သူပြောပြီးနောက်တွင် ရွှေရောင်အလင်းတန်းအဖြစ်ပြောင်းကာ ရှီမာယူယူ၏ မျက်ခုံးကြားထဲသို့ဝင်ပြီး စာချုပ်နေရာသို့ ပြန်သွားလေသည်။
ကြက်သွေးရောင်မီးတောက်ဝင်သွားပြီးနောက်တွင် ရှီမာယူယူသည် သူမနှာခေါင်းအားထိလိုက်သည်။
“မင်း မလုပ်ချင်ရင် ကြက်သွေးရောင်မီးတောက်ကို မင်းဂရုစိုက်စရာမလိုပါဘူး”
မျက်လုံးလေးလုံးငှက်သည် ရှီမာယူယူအား ကြည့်လိုက်သည်။ အချိန်တစ်ခုကြာပြီးနောက်တွင် သူပြောလိုက်ည “ငါမင်းနောက်ကို လိုက်ချင်ပါတယ်”
သူဆိုလိုသည်မှာ အချိန်တစ်ခုတော့ သူမနောက်သို့ လိုက်မည်။ သူမအား သခင်အဖြစ် သတ်မှတ်မည်ဟု ပြေခြင်းမဟုတ်ပေ။ သူမသည် သူ့အပေါ်တွင် မကောင်းခဲ့ပါက သူမအား ရွေးချယ်မည်မဟုတ်ပေ။
ကြက်သွေးရောင်မီးတောက်၏ ဖိအားမှလွတ်မြောက်သောအခါ မျက်လုံးလေးလုံးငှက်သည် လူသားအသွင်ပြန်ပြောင်းသွားသည်။
“ကောင်းပြီ”
သည်လိုနှင့် ရှီမာယူယူသည် အထွတ်အထိပ်သားရဲအား ထပ်ရတော့သည်။ ထိုအပြောင်းအလဲသည် တခြားသူများအား မနာလိုခြင်းနှင့် မုန်းတီးခြင်းကို ဖြစ်စေသည်။
“ဟုတ်သားပဲ မင်းနာမည်ဘာလဲ” ရှီမာယူယူမေးလိုက်သည်။ သူမ ဘေးမှလူများကို နာမည်မဟုတ်သည်များကို မခေါ်လိုပေ။
“နာမည်ဟုတ်လား” မျက်လုံးလေးလုံးငှက်သည် ကြက်သေသေသွားလေသည်။ တစ်စုံတစ်ယောက်မှ သူ့နာမည်အား မခေါ်ပေးသည်မှာ အချိန်အတော်ကြာပြီဖြစ်သည် “ငါ့ကို ဟာစွန်လို့ပဲခေါ်ပါ”