ဝမ်မိသားစု အိမ်တော်
Vol. 58 Ch. 606
ဝမ်မိသားစု အိမ်တော်
ယနေ့ ဝမ်မိသားစုက ထူးဆန်းစွာ တိတ်ဆိတ်နေပြီး ဖိအားတစ်ခုအောက် ရောက်နေသကဲ့သို့ပင် ရှိနေသည်။
တံခါးဝတွင် စောင့်ကြပ်နေသည့် အစောင့်များပင်လျှင် တည်ကြည်လေးနက်ကာ သတိကြီးစွာ ထားနေကြသည့် ပုံစံများ ပေါက်နေသည်။
ကျွင်းယန်တာအိုအရှင် စီစဉ်သည့် ဤညီလာခံမှာ လူသိရှင်ကြားဖြစ်သဖြင့် ဝမ်မိသားစုမှ ကျန်ရှိသူများမှာလည်း ဤအကြောင်းကို အခြေခံအားဖြင့် သိထားကြသည်။
ဤသည်မှာ ဝမ်မိသားစု၏ အနာဂတ် ကံကြမ္မာကို ဆုံးဖြတ်မည့် အချိန်ဖြစ်ကြောင်းနှင့် အခြေအနေမှာလည်း အလွန်ပင် မကောင်းနိုင်ကြောင်း အားလုံး နားလည်ထားကြသည်။
အစောင့်များအပြင် ဝမ်မိသားစုမှ အဆင့်မြင့် အကြီးအကဲ အတော်များများမှာလည်း တံခါးဝတွင် ရပ်နေကြပြီး မြို့သခင်အိမ်တော်ဘက်သို့ မျှော်ကြည့်ကာ မိသားစုအကြီးအကဲ ဝမ်ချန်းရုန် ပြန်လာမည့်အချိန်ကို စိုးရိမ်တကြီး စောင့်ဆိုင်းနေကြသည်။
လူတိုင်းမှာ စိတ်မသက်မသာဖြစ်နေကြပြီး မိသားစု၏ အနာဂတ်မှာ မည်သို့ဖြစ်လာမည်ကို မသိနိုင်ကြချေ။
မည်မျှကြာအောင် စောင့်ဆိုင်းခဲ့ရသည်မသိ၊ ရုတ်တရက် လူတစ်စုက အဝေးမှ ပျံသန်းလာကြပြီး တံခါးမကြီး အပြင်ဘက်သို့ ဆင်းသက်လိုက်ကြသည်။
ရောက်လာသူများမှာ ယနေ့ ညီလာခံသို့ တက်ရောက်ခဲ့သည့် ဝမ်ချန်းရုန်နှင့် အဖွဲ့ပင် ဖြစ်သည်။
လူတိုင်းမှာ အလျင်အမြန် ခရီးဦးကြိုပြုရန် ထွက်လာကြပြီး ဝမ်ချန်းရုန်၏ မျက်နှာအမူအရာကို အကဲခတ်နေကြသည်။
အခြေအနေ မကောင်းပါက မျက်နှာကို ကြည့်ရုံနှင့် အခြေခံအားဖြင့် သိနိုင်သောကြောင့်ဖြစ်သည်။
သို့သော် သူတို့ မမျှော်လင့်ထားသည်မှာ ပြန်လာသည့်အဖွဲ့ထဲတွင် သူစိမ်း သုံးဦး ပါဝင်နေခြင်းပင်။
ထို့ပြင် ဝမ်ချန်းရုန်နှင့် အကြီးအကဲများမှာ ထိုအထဲမှ လူငယ်တစ်ဦးကို ဝိုင်းရံထားကြပြီး ခစားနေကြသည့် ပုံစံမျိုး ပေါက်နေသည်။
လူတိုင်းမှာ ဘာမှန်းမသိဖြစ်နေကြသော်လည်း ရိုသေစွာ နှုတ်ဆက်လိုက်ကြသည်။ "မိသားစုအကြီးအကဲ..."
သို့သော် သူတို့ စကားပြောရန် ပြင်လိုက်ရုံရှိသေး၊ ဝမ်ချန်းရုန်က လက်မြှောက်ကာ တားလိုက်သည်။
ထို့နောက် သူက မြှောက်ပင့်လိုသည့် အမူအရာမျိုးဖြင့် ထိုလူငယ်ကို ပြောလိုက်သည်။ "ကျိကျွင်း... ဒါကတော့ ကျွန်တော်တို့ ဝမ်အိမ်တော်ပါပဲ"
"ကျိကျွင်း ရှေ့မှာရှိနေတဲ့ သူတွေကတော့ ကျွန်တော်တို့ ဝမ်မိသားစုရဲ့ အဓိက စီမံသူတွေပါ"
ထို့နောက် သူက ထိုလူအုပ်ကို မျက်ရိပ်ပြလိုက်သည်။
ဝမ်ချန်းရုန်၏ လက်အောက်တွင် နှစ်ပေါင်း ရာချီ နေလာခဲ့ကြသူများဖြစ်သဖြင့် သူ ဘာကို ဆိုလိုသည်ကို ချက်ချင်း နားလည်လိုက်ကြသည်။
ထို့နောက် အားလုံးက ထန်ထျန်းကို မျက်နှာမူကာ ဒူးညွှတ် အလေးပြုရင်း တညီတညွတ်တည်း ပြောလိုက်ကြသည်။"ကျိကျွင်း ကို ကြိုဆိုပါတယ်"
ဤမြင်ကွင်းကို ကြည့်ပြီး ထန်ထျန်းက မတတ်သာသည့် လေသံဖြင့် "ဝမ်မိသားစု အကြီးအကဲ... ငါ့ကို သခင်လေးထန် လို့ပဲ ခေါ်ပါ"
"ဒါနဲ့... သူတို့ကို မင်း ကြိုပြီး အသိမပေးထားဘူးလား"
ဝမ်မိသားစု၏ ဤစီမံသူများမှာ ယနေ့ ညီလာခံ၏ ရလဒ်ကို မသိကြသလို သူ လာလည်မည်ကိုလည်း မသိကြကြောင်း ထန်ထျန်း မြင်နိုင်သည်။
ထန်ထျန်း၏ မေးခွန်းကို ဝမ်ချန်းရုန်က အိုးတိုးအောက်တောက် ပြုံးလျက် "ကျိကျွင်း... သခင်လေးထန် ရဲ့ ရှေ့မှာဆိုတော့ စာပို့ပြီး အသိပေးဖို့တောင် မဝံ့ရဲလို့ပါ"
ထန်ထျန်း စိတ်ထဲတွင် ဆွံ့အသွားသည်။
သူက အဲဒီလောက်တောင် ကြောက်ဖို့ကောင်းလို့လား
ထန်ထျန်းက ခေါင်းခါလိုက်ပြီး ဘေးရှိ ဝမ်ကျိယွီ ကို လှည့်ကြည့်လိုက်ရာ ဝမ်ကျိယွီမှာ ဝမ်အိမ်တော် တံခါးမကြီးပေါ်ရှိ ဆိုင်းဘုတ်ကို မျက်တောင်မခတ်တမ်း ကြည့်နေပြီး မှိုင်တွေနေသည်ကို တွေ့လိုက်ရသည်။
ထန်ထျန်း စိတ်ထဲမှ လှုပ်ရှားသွားပြီး မေးလိုက်သည်။ "ဘာဖြစ်လို့လဲ... "
"တစ်ခုခု သတိရလို့လား"
ဝမ်ကျိယွီက သတိပြန်ဝင်လာပြီး ကြောင်တောင်တောင်ဖြင့် ခေါင်းခါပြသည်။
"ဘာကို သတိရရမှာလဲ... မဟုတ်ပါဘူး"
"ကျွန်တော် က ဒီဆိုင်းဘုတ်ပေါ်က စာလုံးတွေက တော်တော်လေး ရုပ်ဆိုးနေလို့ ကြည့်နေတာ"
ထန်ထျန်း - "..."
သူ အထင်ကြီးသွားမိပုံရသည်။
သို့သော် ထိုဆိုင်းဘုတ်ပေါ်ရှိ "ဝမ်အိမ်တော်" ဟူသော စာလုံးကြီး နှစ်လုံးမှာ အမှန်တကယ်ပင် သပ်ရပ်မှု မရှိဘဲ လက်ရေးစသင်နေသည့် ကလေးတစ်ယောက် ရေးထားသကဲ့သို့ပင် ရှိနေသည်။
ထိုစဉ် ဝမ်ချန်းရုန်က ရှင်းပြလာသည်။ "သခင်လေးတို့ နှစ်ယောက်ကို ရယ်စရာ ဖြစ်သွားစေပါပြီ"
"ဒီစာလုံး နှစ်လုံးက တကယ်တော့ ကျွန်တော့်သားလေး ငယ်ငယ်တုန်းက ရေးထားတာပါ"
" အဲဒီတုန်းက သူက တာအိုလမ်းစဉ်ထဲ မဝင်ရသေးတော့ ကြည့်ရတာ နည်းနည်း နုနယ်နေတာပေါ့"
ထန်ထျန်း မျက်ခုံးပင့်လိုက်သည်။
သားလေး လား
သူက ဘေးရှိ ဝမ်ချုန်းကို လှည့်ကြည့်လိုက်ရာ ဝမ်ချုန်းက လန့်သွားပြီး ခေါင်းအမြန်ခါပြသည်။ "ကျွန်တော် မဟုတ်ပါဘူး"
"ဒါက ကျွန်တော့်ရဲ့ တခြား ညီအစ်ကိုတစ်ယောက်ရဲ့ လက်ရာပါ"
" သူက တကယ်တော့ ပါရမီ အရမ်းကောင်းတာ၊ ဒီဆိုင်းဘုတ်ပေါ်က စာလုံးတွေကို သူ နှစ်နှစ်ခွဲလောက်မှာ ရေးခဲ့တာလေ။ ဒါပေမဲ့ နောက်ပိုင်းမှာတော့..."
"မတော်တဆမှုတစ်ခုကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ ကွယ်လွန်သွားခဲ့တယ်"
ထန်ထျန်း မျက်လုံးများ မှေးလိုက်မိသည်။
"သူ့နာမည်က ဘယ်သူလဲ"
ဝမ်ချုန်းက ပြန်ဖြေသည်။ "ဝမ်ယင်း"
ထန်ထျန်း တစ်စုံတစ်ခုကို စဉ်းစားနေမိသည်။
ဝမ်ယင်း နှစ်နှစ်ခွဲသားအရွယ်တွင် ရေးထားသည့် စာလုံးများကို ဝမ်အိမ်တော်၏ တံခါးမကြီး ဆိုင်းဘုတ်အဖြစ် ချိတ်ဆွဲထားနိုင်သည်ဆိုလျှင် သူ၏ အဆင့်အတန်းမှာ သေချာပေါက် ထူးခြားပေလိမ့်မည်။
ဝမ်မိသားစု တစ်ခုလုံးတွင် ဤသို့သော အရည်အချင်းရှိသူမှာ တစ်ဦးတည်းသာ ရှိပုံရသည်။
"ယင်း" ဆိုသည့် စာလုံးမှာလည်း အဖိုးတန်ကျောက်မျက် (ယွီ) ဟူသော အဓိပ္ပာယ်ပင် ဖြစ်သည်။
ငယ်ရွယ်စဉ် ကွယ်လွန်သွားသည်ဆိုသော ဝမ်ယင်းမှာ ကောင်းကင်တာအိုမှ ဖျက်ဆီးခြင်း ခံလိုက်ရသည့် ဝမ်ကျိယွီ သာ ဖြစ်ရမည်ဟု ထန်ထျန်း ချက်ချင်း တွေးမိလိုက်သည်။
"နှစ်နှစ်ခွဲလောက်ပဲ လေ့ကျင့်ပြီး ဒီလောက်ကောင်းတဲ့ လက်ရေးမျိုး ရေးနိုင်တာ တော်တော်လေး မဆိုးဘူးပဲ"
သူက ဘာမှမသိသလို ပြောလိုက်သည်။
ထို့နောက် ထိုအကြောင်းအရာကို ကျော်လိုက်ပြီး ပြောလိုက်၏။ "ဒါဆို အထဲကို ဝင်ကြည့်ရအောင်"
ခဏအကြာတွင် ထန်ထျန်းနှင့်အဖွဲ့က ဝမ်မိသားစု အိမ်တော် အတွင်းသို့ ရောက်ရှိလာကြသည်။
အခြားလူများကို ဖယ်ရှားလိုက်ပြီဖြစ်ရာ ယခုအခါ ဝမ်ချန်းရုန်နှင့် ဝမ်ချုန်း နှစ်ဦးသာ အနားတွင် လိုက်ပါနေကြသည်။
သူတို့ နှစ်ဦးစလုံးမှာ ဝမ်ကျိယွီ၏ တိုက်ရိုက် သွေးသားတော်စပ်သူများ ဖြစ်ကြသည်။
ဝမ်းနည်းစရာမှာ ဝမ်ကျိယွီ၏ စိတ်ဝိညာဉ်ထဲတွင် သူတို့အပေါ် မည်သည့် လှုပ်ခတ်မှုမျှ မရှိခြင်းပင်။
ဝမ့်ချွမ်းမြို့တွင် မိသားစုကြီးလေးခုပြီးလျှင် စီးပွားရေး အင်အားအကောင်းဆုံးဖြစ်သည့် ဝမ်မိသားစု၏ အိမ်တော် မှာ အလွန်ပင် ခမ်းနားလှသည်။
သို့သော် အတွင်းပိုင်း အပြင်အဆင်များမှာ လွန်ခဲ့သည့် ဆယ်စုနှစ် အနည်းငယ်အတွင်းမှသာ အသစ်ထပ်မံ ထည့်သွင်းထားခြင်းဖြစ်ပြီး သမိုင်းဝင် အမွေအနှစ်များစွာ မရှိကြောင်း ထန်ထျန်း တစ်ချက်ကြည့်ရုံနှင့် သိနိုင်သည်။
စဉ်းစားကြည့်လျှင် ဝမ်ကျိယွီက ထိုက်ယိမြင့်မြတ်နယ်မြေသို့ ရောက်ရှိပြီး တောက်ပလာပြီးမှသာ ဝမ်မိသားစုသည်လည်း ရုတ်တရက် အင်အားကြီးထွားလာခြင်း ဖြစ်သည်။
ထို့ကြောင့် ဤသည်မှာ လွန်ခဲ့သည့် ဆယ်စုနှစ် အနည်းငယ်အတွင်း ဖြစ်ပျက်ခဲ့သည့် ကိစ္စများသာ ဖြစ်ပေလိမ့်မည်။
ထန်ထျန်းက ဝမ်ချုန်းနှင့် စကားစမြည် ပြောရင်း အိမ်တော်အတွင်း လျှောက်သွားနေသည်။
ကြည့်ရသည်မှာ သာမန်အတိုင်း လျှောက်သွားနေသကဲ့သို့ ရှိသော်လည်း သူ၏ ဦးတည်ချက်မှာ တိကျလှသည်။
ဝမ်ကျိယွီ၏ ပြောင်းလဲခြင်း ခံထားရသည့် ကံကြမ္မာလမ်းကြောင်းကို လေ့လာခဲ့စဉ်က ဝမ်မိသားစုအတွင်းရှိ နေရာတစ်ခုက ဝမ်ကျိယွီနှင့် ပတ်သက်မှု အနက်ရှိုင်းဆုံး ဖြစ်နေသည်။
ထိုနေရာမှာ ဝမ်ကျိယွီ ငယ်စဉ်က ကြီးပြင်းခဲ့သည့် နေရာ ဖြစ်ရပေမည်။
ခဏကြာ လျှောက်သွားပြီးနောက် လှပသည့် ခြံဝန်းငယ်တစ်ခုက အားလုံး၏ ရှေ့တွင် ပေါ်လာသည်။
ခြံဝန်းအတွင်းမှာ အလွန် သန့်ရှင်းသော်လည်း လူမနေသည်မှာ ကြာပြီဖြစ်သည့် ပုံစံမျိုး ရှိနေသည်။
ထန်ထျန်းက တိုက်ရိုက် မေးလိုက်သည်။ "ဒါက ဘယ်လိုနေရာမျိုးလဲ"
ဝမ်ချုန်း ကြောင်အသွားပြီးနောက် ခါးသီးစွာ ပြုံးလျက် "ဒီနေရာက ကျွန်တော့်ညီ ဝမ်ယင်း အရင်က နေခဲ့တဲ့ နေရာပါ"
" ကျွန်တော်တို့ နှစ်ယောက် ငယ်ငယ်တုန်းက ဒီမှာပဲ ကစားခဲ့ကြတာပေါ့"
"ခြံစည်းရိုး ဘေးမှာ ဝက်ခြံလေး တစ်ခုရှိတယ်၊ ကျွန်တော်တို့က တိုက်ခိုက်တတ်တဲ့ တိရစ္ဆာန်လေးတွေကို ခေါ်လာပြီး အဲဒီထဲမှာ သူတို့ တိုက်နေတာကို ကြည့်ပြီး ပျော်ခဲ့ကြတာ"
" အခုဆိုရင်... နှစ်ပေါင်း ရာချီသွားပြီပဲ..."
ထန်ထျန်း တိတ်ဆိတ်သွားသည်။ ဝမ်ကျိယွီ၏ အပျော်ကြည့်တတ်သည့် အကျင့်မှာ ငယ်ငယ်ကတည်းက စတင်ခဲ့ခြင်းပင်။
"ဒါနဲ့... သူ ဘာဖြစ်သွားတာလဲ"
ထန်ထျန်းက မေးလိုက်သည်။
ဝမ်ချုန်းက သက်ပြင်းရှည်ကြီး ချလိုက်ပြီးနောက် ရှုပ်ထွေးမှုမရှိသည့် ဇာတ်လမ်းတစ်ခုကို ပြောပြလာသည်။
ဝမ်ယင်းမှာ ငယ်ငယ်ကတည်းက ပါရမီထူးချွန်ပြီး ထက်မြက်သူဖြစ်သဖြင့် ဝမ်မိသားစု တစ်ခုလုံး၏ ချစ်ခင်မှုကို ရရှိခဲ့သည်။
အသက် ဆယ်ကျော်သက်အရွယ်မှာပင် ကြီးမားသည့် အောင်မြင်မှုများ ရရှိခဲ့ပြီး တက်ကြွသူဖြစ်သည်။
ဝမ်းနည်းစရာမှာ ထိုအချိန်က ဝမ်မိသားစုမှာ အင်အားသိပ်မကြီးသေးဘဲ ရန်သူများပြားလှသည်။
မိသားစု၏ အခြေခံကို ထိခိုက်စေနိုင်သည့် အဖြစ်အပျက်တစ်ခုအတွင်း ဝမ်ယင်းက မိသားစုကို ကယ်တင်ရန်အတွက် အသက်ပေးခဲ့ရသည်။
ထိုအချိန်မှစ၍ ဝမ်ယင်းက ဝမ်မိသားစုဝင် အားလုံး၏ နှလုံးသားထဲတွင် သူရဲကောင်းတစ်ဦး ဖြစ်လာခဲ့သည်။
ထို့ကြောင့် တံခါးမကြီးရှိ ဆိုင်းဘုတ်မှာ ဝမ်ယင်း နှစ်နှစ်ခွဲအရွယ်က ရေးခဲ့သည့် စာလုံးများကို သုံးထားခြင်း ဖြစ်သည်။
ဤခြံဝန်းလေးက ပိုင်ရှင် မရှိတော့သော်လည်း နေ့တိုင်း သန့်ရှင်းရေး လုပ်ပေးမည့်သူ သီးသန့်ရှိနေသဖြင့် အမြဲ သန့်ရှင်းနေခြင်း ဖြစ်သည်။
ဝမ်ယင်း၏ မိခင်ရင်းမှာလည်း ဤအကြောင်းကြောင့် အဆင့်အတန်း မြင့်မားလာခဲ့ကာ နောက်ပိုင်းတွင် သားသမီး ထပ်မံ မထွန်းကားသော်လည်း ဝမ်ချန်းရုန်၏ တရားဝင်ဇနီး၊ ဝမ်မိသားစု ကတော် ဖြစ်လာခဲ့သည်။
ဇာတ်လမ်းကတော့ ဤမျှသာ။
နားထောင်ပြီးနောက် ထန်ထျန်း စိတ်ထဲမှ ခေါင်းခါလိုက်မိသည်။
ဤဆင်ခြင်တုံတရားမှာ အတော်လေး အားနည်းလှသည်။ ကောင်းကင်တာအိုကို ပြောင်းလဲခဲ့သည့် ထိုကျိကျွင်း မှာ ဤအပိုင်းတွင် အားစိုက်ထုတ်မှု များများစားစား မရှိခဲ့ပုံရသည်။
သို့သော် အခြေခံအားဖြင့်တော့ အကြောင်းအရာများက ဆက်စပ်နေပေသည်။
အနည်းဆုံးတော့ ဝမ်မိသားစုဝင်များမှာ လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း ဤကိစ္စကို သံသယ မဝင်ခဲ့ကြပေ။
ဘေးရှိ ဝမ်ကျိယွီကို တစ်ချက်ကြည့်ပြီးနောက် ထန်ထျန်းက အေးဆေးစွာ ပြောလိုက်သည်။
"အထဲကို ဝင်ကြည့်ရအောင်"