ထိုက်ယိသို့ ခရီးစဉ်
Vol. 58 Ch. 607
သန့်ရှင်းသပ်ရပ်သော ဤခြံဝန်းလေးအတွင်းသို့ လှမ်းဝင်လိုက်စဉ် ထန်ထျန်းက ဝမ်ကျိယွီ၏ တုံ့ပြန်မှုကို အမြဲမပြတ် အကဲခတ်နေခဲ့သည်။
တစ်ချိန်တည်းမှာပင် သူ၏ ကံကြမ္မာ လမ်းကြောင်း ပေါ်ရှိ လှုပ်ရှားမှုများကိုလည်း အာရုံစိုက်နေခဲ့သည်။
အကယ်၍ ဝမ်ကျိယွီက ဤမြင်ကွင်းကိုကြည့်ပြီး စိတ်လှုပ်ရှားကာ တစ်စုံတစ်ခုကို သတိရလာပါက ပြောင်းလဲခြင်းခံထားရသော သူ၏ကံကြမ္မာက လျော့ရဲလာမည်ဖြစ်သည်။
ထိုသို့ လျော့ရဲလာသည်နှင့်တစ်ပြိုင်နက် ထန်ထျန်းအနေဖြင့် သူ၏ကံကြမ္မာကို မူလအတိုင်း ပြန်လည်ပြင်ဆင်ပေးနိုင်မည်ဖြစ်သည်။
သို့သော် ဝမ်းနည်းစရာကောင်းသည်မှာ ခြံဝန်းတစ်ခုလုံးကို ပတ်ကြည့်ပြီးသည့်တိုင် ဝမ်ကျိယွီဘက်မှ မည်သည့်တုံ့ပြန်မှုမျှ ရှိမလာခြင်းပင်။
သူက ထိုဝက်ခြံလေးကိုသာ စိတ်ဝင်တစား ကြည့်နေခဲ့သော်လည်း ၎င်းမှာ သူ၏ ပျော်ကြည့်တတ်သော ဗီဇကြောင့်သာ ဖြစ်သည်။
ထန်ထျန်း စိတ်ထဲမှ သက်ပြင်းအသာချလိုက်မိသည်။
ဝမ်ကျိယွီ၏ နေအိမ်ဟောင်းကပင် မည်သည့် ဟာကွက်မျှ ဖြစ်ပေါ်အောင် မစွမ်းဆောင်နိုင်ခဲ့ချေ။
ကြည့်ရသည်မှာ နောက်ဆုံးမျှော်လင့်ချက်တစ်ခုသာ ကျန်တော့ပုံရသည်။
ခြံဝန်းထဲတွင် ခဏမျှ စောင့်ဆိုင်းပြီးနောက် ရိုးရှင်းစွာ ဝတ်ဆင်ထားသော်လည်း အထက်တန်းကျသော အရှိန်အဝါများ လွှမ်းခြုံထားသည့် အမျိုးသမီးတစ်ဦး အပြင်မှ ဝင်လာခဲ့သည်။
သူမမှာ ဝမ်မိသားစု ကတော်၊ ဝမ်ကျိယွီ၏ မိခင်ရင်းဖြစ်သူ ချန်ရှီး ပင် ဖြစ်သည်။
"သခင်လေးထန်ကို နှုတ်ဆက်ပါတယ်"
ချန်ရှီး ရောက်လာပြီးနောက် ထန်ထျန်းကို ရိုသေပြီး တင့်တယ်လျောက်ပတ်သော အရိုအသေပေး ခြင်းဖြင့် နှုတ်ဆက်လိုက်သည်။
သို့သော် ဤခြံဝန်းထဲသို့ ခြေချလိုက်ကတည်းက သူမ၏ မျက်ခုံးအစုံကြားတွင် ဖုံးကွယ်မရသော ဝမ်းနည်းရိပ်များ ယှက်သန်းနေခဲ့သည်။
ထန်ထျန်းက အသာအယာ ခေါင်းညိတ်ပြပြီးနောက် အေးဆေးစွာ ပြောလိုက်သည်။ "ခွင့်ပြုချက်မယူဘဲ လာနှောက်ယှက်မိတဲ့အတွက် ဝမ်ကတော်အနေနဲ့ စိတ်မရှိပါနဲ့"
ချန်ရှီးက ပြန်ပြောသည်။ "စိတ်မရှိပါဘူးရှင်"
" အကယ်၍ ယင်းအာ (ဝမ်ယင်း) သာ လူ့ပြည်မှာ ရှိနေသေးရင် အဆင့်အတန်းမြင့်မားတဲ့ ကျိကျွင်းတစ်ယောက် သူ့ဆီ လာလည်တာကို သိရင် သူလည်း သေချာပေါက် အရမ်းဝမ်းသာမှာပါ"
ထန်ထျန်း ခေါင်းညိတ်လိုက်ပြီး ဝက်ခြံဘေးတွင် ရပ်နေဆဲဖြစ်သော ဝမ်ကျိယွီကို လှမ်းခေါ်လိုက်သည်။ "ဝမ်ကျိယွီ... ဒီကို ခဏလာဦး"
ထိုစကားကို ကြားသောအခါ ဝမ်ကျိယွီက "အော်" ဟု ထူးပြီး လျှောက်လာခဲ့သည်။
ချန်ရှီးသည်လည်း လှမ်းကြည့်လိုက်သည်။
သို့သော် ဝမ်ကျိယွီ၏ ပုံရိပ်ကို မြင်လိုက်ရသောအခါ ချန်ရှီး၏ ခန္ဓာကိုယ်မှာ သိသိသာသာ တုန်ခါသွားပြီး သူမ၏ မျက်လုံးများထဲတွင် ဖော်ပြမရသော အရောင်အဝါတစ်ခု လက်ခနဲ ပေါ်လာခဲ့သည်။
ထန်ထျန်းက ဤအချက်ကို ထက်မြက်စွာ သတိပြုမိလိုက်ပြီး ချန်ရှီး၏ ကံကြမ္မာလမ်းကြောင်းကို တိုက်ရိုက် စတင်လေ့လာလိုက်သည်။
အမှန်ပင်... ပြောင်းလဲခံထားရသော ဝမ်ကျိယွီ၏ ကံကြမ္မာလမ်းကြောင်းထဲတွင် အလွန်သေးငယ်သော အက်ကြောင်းတစ်ခု ပေါ်လာခဲ့သည်။
မိခင်တစ်ဦးအနေဖြင့် သူမက အမှန်တကယ်ပင် အစစ်အမှန်မဟုတ်သော အရာများကို အတင်းအဓမ္မ ထိုးဖောက်နိုင်ခဲ့ခြင်းဖြစ်သည်။
အရာအားလုံးကို ပြန်လည်သတိရရန် အလှမ်းဝေးနေသေးသော်လည်း ဤသည်မှာပင် အံ့ဖွယ်တစ်ခုဟု ခေါ်ထိုက်ပေသည်။
မကြာမီ ဝမ်ကျိယွီက ထန်ထျန်း၏ ဘေးသို့ ရောက်လာပြီး ချန်ရှီး၏ ရှေ့တွင် ရပ်လိုက်သည်။
ချန်ရှီးမှာ ဝမ်ကျိယွီကို ငေးကြည့်ရင်း မျက်နှာတွင် အဆုံးစမဲ့ ဝေခွဲမရမှုများဖြင့် ပြည့်နှက်နေသည်။
သူမ၏ နှလုံးသားက လှုပ်ခတ်သွားခဲ့ပြီး ကံကြမ္မာလမ်းကြောင်းပေါ်ရှိ အက်ကြောင်းမှာလည်း ပိုမိုကြီးမားလာခဲ့သည်။
"ဘာလဲ"
သို့သော် ဝမ်ကျိယွီ စကားပြောလိုက်သည်နှင့် အက်ကြောင်းမှာ ဆက်လက်မကျယ်ပြန့်တော့ဘဲ ရပ်တန့်သွားသည်။
သူက ထန်ထျန်းကိုသာ ကြည့်နေပြီး ချန်ရှီး ရောက်ရှိနေမှုကို လုံးဝ ဂရုမစိုက်ပေ။
သူ၏ ကံကြမ္မာလမ်းကြောင်းမှာလည်း မည်သည့်ပြောင်းလဲမှုမျှ မရှိဘဲ ငြိမ်သက်နေဆဲပင်။
၎င်းမှာ သံယောဇဉ် နည်းပါးခြင်းကြောင့်မဟုတ်ဘဲ သူ၏ကံကြမ္မာမှာ အလွန်အမင်း ပြတ်တောက်အောင် ဖျက်ဆီးခံထားရခြင်းကြောင့် ဖြစ်သည်။
ချန်ရှီး၊ ဝမ်ချန်းရုန်၊ ဝမ်ချုန်း။
မိခင်၊ ဖခင်၊ ငယ်သူငယ်ချင်းနှင့် ညီအစ်ကို။
ရှေ့မှ ဤသုံးဦးမှာ ဝမ်ကျိယွီနှင့် ကံအကျိုးပေး သံယောဇဉ် အနက်ရှိုင်းဆုံးသူများ ဖြစ်သော်လည်း သူ၏ အတိတ်ကို ပြန်ရှာတွေ့ရန်အတွက်မူ မလုံလောက်သေးချေ။
ဆုံတွေ့ပါသော်လည်း မသိကျွမ်းကြဘဲ သူစိမ်းများကဲ့သို့ ဖြစ်နေသည်။
ဤမြင်ကွင်းကို မြင်သောအခါ ထန်ထျန်းမှာ အံကြိတ်လိုက်မိသည်။
ကောင်းကင်တာအိုကို ပြောင်းလဲခဲ့သည့် ထိုသူမှာ မည်သူပင်ဖြစ်စေ၊ မည်သည့်ရည်ရွယ်ချက်ရှိရှိ သူ သေချာပေါက် ဖော်ထုတ်မည်ဖြစ်သည်။
ထိုသူ၏ အမြင်တွင် ဝမ်ကျိယွီမှာ နယ်ရုပ်တစ်ခု သို့မဟုတ် လမ်းပေါ်က ပုရွက်ဆိတ်တစ်ကောင်မျှသာ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ထန်ထျန်းအတွက်မူ ဝမ်ကျိယွီမှာ သူ ဤလောကသို့ ရောက်လာပြီးနောက် ပထမဆုံးရခဲ့သည့် သူငယ်ချင်းဖြစ်သည်။
ဤကိစ္စကို သူ လွယ်လွယ်နှင့် လက်လျှော့မည်မဟုတ်ပေ။
သက်ပြင်းအသာချရင်း ထန်ထျန်းက ပြောလိုက်သည်။ "ဘာမှမဟုတ်ဘူး"
" ငါတို့ သွားကြမယ်"
သူက ဤကဲ့သို့သော လေထုထဲတွင် ဆက်မနေလိုတော့သလို ချန်ရှီးကိုလည်း ကံကြမ္မာ၏ အစွန်းတွင် တစ်ယောက်တည်း ရုန်းကန်မနေစေချင်တော့ပေ။
မှတ်ဉာဏ်များ ပြန်ရလာလျှင်ပင် ဝမ်ကျိယွီက သူမကို မသိသလို သူမကလည်း ဝမ်ကျိယွီကို မမှတ်မိတော့ပေ။ အရာအားလုံးကို အတင်းအဓမ္မ သတိရလာခြင်းမှာ နာကျင်မှု၏ အစသာ ဖြစ်ပေလိမ့်မည်။
ထိုသို့ဖြစ်မည့်အစား အချိန်တန်မှသာ အရာအားလုံးကို ပြန်လည်ရယူပေးခြင်းက ပိုကောင်းပေလိမ့်မည်။
"အာ... "
"ဟုတ်ကဲ့"
ဝမ်ကျိယွီက ထန်ထျန်းဘေးတွင် လိမ္မာစွာ ရပ်လိုက်သည်။
ဝမ်ချုန်းမှာ အံ့ဩသွားပြီး မေးလိုက်သည်။ "အခုပဲ သွားတော့မလို့လား"
ထန်ထျန်း ခေါင်းညိတ်လိုက်သည်။ "ငါ အရင်က ပြောခဲ့သလိုပဲ"
"ထိုက်ယိမြင့်မြတ်နယ်မြေကို သွားဖို့ အချိန်ရောက်ပြီ"
ထို့နောက် သူက ဝမ်ချန်းရုန်ကို လှည့်ပြောလိုက်သည်။ "အကျိုးအမြတ် ခွဲဝေမှုကိစ္စတွေကို မင်း စိတ်ပူစရာမလိုဘူး။ ကျွင်းယန်တာအိုအရှင်က အားလုံးကို အဆင်ပြေအောင် လုပ်ပေးလိမ့်မယ်"
" မင်းကတော့ အဲဒီလုပ်ငန်းတွေကို လက်ခံဖို့ပဲ ပြင်ထားလိုက်"
" ငါ ရှိနေသရွေ့ ဘာမှ ကြောက်စရာမလိုဘူး"
ဝမ်ချန်းရုန်က ရိုသေစွာ ကျေးဇူးတင်စကား ပြောလိုက်သည်။
ထို့နောက် ထန်ထျန်းက ချန်ရှီးကို ကြည့်လိုက်သည်။
"ကိုယ်ကိုယ်ကို ဂရုစိုက်ပါ"
ဒါလေးသာ သူ ပြောနိုင်တော့သည်။
ချန်ရှီးက ကျေးဇူးတင်စကား ပြန်ပြောသော်လည်း သူမ၏ အကြည့်များမှာ ဝမ်ကျိယွီထံမှ မခွာသေးပေ။
ထန်ထျန်း စိတ်ထဲမှ သက်ပြင်းချရင်း လက်ဝှေ့ယမ်းလိုက်ရာ သူတို့ သုံးဦးစလုံး၏ ပုံရိပ်မှာ ခြံဝန်းထဲမှ ပျောက်ကွယ်သွားတော့သည်။
ထန်ထျန်းတို့ ထွက်သွားပြီးနောက် ဝမ်ချန်းရုန်က မေးလိုက်သည်။ "ရှင်မ... ခုနက မင်း ဘာဖြစ်လို့လဲ"
ဇနီးဖြစ်သူ၏ ထူးခြားသော အမူအရာကို သူ သတိပြုမိခဲ့ခြင်း ဖြစ်သည်။
ချန်ရှီး ခဏမျှ တိတ်ဆိတ်နေပြီးမှ ပြောလိုက်သည်။ "ကျွန်မ ခံစားချက်အရ ခုနက ကလေးက..."
သို့သော် သူမ ဆက်မပြောတော့ဘဲ ခေါင်းခါလိုက်သည်။ "ကျွန်မပဲ လျှောက်တွေးနေတာ ဖြစ်မှာပါ"
" ဒီနေရာရောက်ရင် အတိတ်ကို သတိရပြီး စိတ်ကူးယဉ်မိတတ်လို့လေ"
" ဒါနဲ့... သခင်လေးထန်က ကျွန်မကို တကူးတက တွေ့ချင်တာလား"
ဝမ်ချန်းရုန် ခေါင်းညိတ်သည်။ "ဟုတ်တယ်"
" ဒါပေမဲ့ တွေ့ပြီးတာနဲ့ ချက်ချင်း ပြန်သွားတာပဲ"
" သူ့ရဲ့ အတွေးကို ငါ တကယ်ပဲ နားမလည်နိုင်ဘူး။ ဝမ်မိသားစုအပေါ် ဘာလို့ ဒီလောက်အထိ ကောင်းနေရတာလဲဆိုတာလည်း စဉ်းစားလို့မရဘူး"
သူက ဝမ်ချုန်းကို လှည့်ကြည့်ကာ မေးလိုက်သည်။ "မင်းတို့ တကယ်ပဲ တိုက်တိုက်ဆိုင်ဆိုင် တွေ့ခဲ့ကြတာလား"
ဝမ်ချုန်းက ခါးသီးစွာ ပြုံးလျက် "တကယ်ပဲ တိုက်ဆိုင်တာပါ"
" အဲဒီတုန်းက ကျွန်တော် ဓားပြတွေကို ဖမ်းနေရင်း သူတို့ကို ဓားပြတွေ ဖမ်းထားတယ် ထင်ခဲ့တာလေ"
" ဘယ်သူက ထင်မှာလဲ... သူက ဒီလောက်အထိ အစွမ်းထက်ပြီး ကျွန်တော်တို့ကို အံ့ဩစရာတွေ ပေးလိမ့်မယ်လို့"
"မနေ့က သူ ကျွန်တော့်ကို မေးတုန်းကတောင် သူ့ကို ဒုက္ခမရောက်စေချင်လို့ ဘာမှ မပြောခဲ့မိဘူး"
ဝမ်ချန်းရုန် တိတ်ဆိတ်သွားသည်။
ထန်ထျန်း၏ ပေါ်ပေါက်လာမှုနှင့် အပြုအမူများမှာ ထူးဆန်းလွန်းလှသည်။
သို့သော် ဝမ်မိသားစုတွင် ကျိကျွင်းတစ်ဦး မက်မောလောက်စရာ မည်သည့်အရာမျှ မရှိချေ။
အဆုံးတွင်မူ ၎င်းမှာ ကံကောင်းခြင်းကြောင့်ဟုသာ သူ သတ်မှတ်လိုက်တော့သည်။
ကျိကျွင်းတစ်ဦး၏ အတွေးကို မည်သူကမှ သိနိုင်မည်မဟုတ်ပေ။
တစ်ချိန်တည်းမှာပင် ဝမ့်ချွမ်းမြို့၏ တည်နေရာကူးပြောင်းခြင်း အစီအရင် ၌
ဝမ်အိမ်တော်မှ ထွက်လာပြီးနောက် ထန်ထျန်းက ကုရှောင်းရွှယ်နှင့် ဝမ်ကျိယွီတို့ကို ခေါ်ကာ ထိုက်ယိမြင့်မြတ်နယ်မြေသို့ တိုက်ရိုက်သွားရန် ပြင်ဆင်လိုက်သည်။
မထွက်ခွာမီ သူက ဝမ်မိသားစုအတွက် အကာအကွယ် အလွှာတစ်ခု ချထားပေးခဲ့သည်။ ကျိကျွင်းအဆင့်အောက် မည်သူမျှ မဖျက်ဆီးနိုင်သလို ကျိကျွင်းအဆင့်ရှိသူများအနေဖြင့်လည်း ထန်ထျန်း ချန်ထားခဲ့သော အမှတ်အသားကို မြင်တွေ့ရမည်ဖြစ်ရာ ကျိကျွင်းတစ်ဦးနှင့် ရန်ငြိုးမဖွဲ့လိုပါက ဝမ်မိသားစုကို ထိပါးရဲလိမ့်မည် မဟုတ်ပေ။
ထို့ပြင် ဝမ်မိသားစု၏ အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုအတွက် ဟင်းလင်းပြင် ကံကြမ္မာ အချို့ကိုလည်း ချပေးခဲ့ပြီး ကျွင်းယန်တာအိုအရှင်ကိုလည်း သေချာစွာ ထပ်မံ မှာကြားခဲ့သည်။
ဤအရာများ ပြီးဆုံးသွားသောအခါ ဝမ်မိသားစုအတွက် စိုးရိမ်စရာ မရှိတော့ပေ။
အချိန်တန်လျှင် သူတို့က ထိုက်ယိမြင့်မြတ်နယ်မြေအတွင်း အင်အားအကောင်းဆုံး အင်အားစုတစ်ခု ဖြစ်လာပေလိမ့်မည်။
"ကဲ... ထိုက်ယိမြင့်မြတ်နယ်မြေဆီကို သွားကြမယ် "
မကြာမီ သူတို့ သုံးဦး၏ ပုံရိပ်မှာ အစီအရင်အတွင်းမှ ပျောက်ကွယ်သွားတော့သည်။