← Chapters

အခန်း (၁၆၀၉-၁၆၁၁)

Vol. 108 Ch. 1609-1611

အခန်း (၁၆၀၉-၁၆၁၁)

Vol. 108 Ch. 1609-1611

အခန်း( ၁၆၀၉ )

မူမမှန်သော မြို့‌စောင့်စစ်သည်များ

အလွန်ကျယ်ပြောလှသော သဲကန္တာရကြီးတစ်ခုအတွင်း၌ ရှန်ရှမြို့ တည်ရှိ၏။ ထိုနေရာသို့ သာမန်လူသားတို့ လာရောက်ရန် ခက်ခဲလွန်းလှသဖြင့် အခြားဒေသများနှင့်လည်း အဆက်အသွယ် ပြတ်တောက်နေသည်။

နတ်များသည် ထိုသဲကန္တာရကို ဖြတ်သန်းနိုင်သော်လည်း ကျင့်ကြံရန် သို့မဟုတ် အခြေချရန် နေရာရွေးချယ်ရာတွင် စိတ်ဝိညာဉ်စွမ်းအား ကြွယ်ဝသည့် နေရာများကိုသာ ရွေးချယ်လေ့ရှိကြသည်။

စိတ်ဝိညာဉ်စွမ်းအားလည်းမရှိ၊ အလားအလာလည်းမရှိ၊ လူဦးရေလည်း နည်းပါးလှသော ရှန်ရှမြို့ကဲ့သို့ နေရာမျိုးကို မိစ္ဆာနတ်များပင် စိတ်ဝင်စားလိမ့်မည်မဟုတ်ချေ။

လွန်ခဲ့သော နှစ်ကု‌ဋေပေါင်းများစွာကထက်စာလျှင် ယခု ရှန်ရှမြို့သည် များစွာဆုတ်ယုတ်နေခဲ့ပြီ ဖြစ်သည်။ မြို့ပြင်ပတွင် ဝါကျင်ကျင် သဲများ ဖုံးလွှမ်းနေပြီး လက်ရှိလူဦးရေသည် မြို့အတွင်းပိုင်းကိုပင် မဖုံးလွှမ်းနိုင်တော့ပေ။

ရှန်ရှမြို့၏ ယခုကဲ့သို့ ယိုယွင်းနေသည့် အခြေအနေကို ကြည့်ရင်း လုချန်း စိတ်ထဲ တစ်မျိုးကြီး ခံစားလိုက်ရ၏။ အချိန်ကာလဆိုသည်က အရာအားလုံးကို တကယ်ပင် ပြောင်းလဲပစ်နိုင်ပေသည်။

လွန်ခဲ့သော နှစ်များစွာအကြာက ဤမြို့သို့ သူ ရောက်ရှိစဉ်ကတော့ မြို့သည် အလွန်စည်ကားခဲ့ရုံသာမက နတ်ဘုရင်ခံ အမြောက်အမြားပင် ရှိနေခဲ့ဖူး၏။

ရှန်ရှမြို့ အထက်သို့ ရောက်သည်နှင့် တစ်စုံတစ်ခုကို ရှာဖွေနေသကဲ့သို့ နတ်အာရုံကို လုချန်း တိုက်ရိုက် ထုတ်လွှတ်လိုက်သည်။

မကြာမီပင် သူ ရှာဖွေနေသည့် အရာကို လုချန်း တွေ့ရှိသွားပြီး နတ်လှေပေါ်မှ ထိုနေရာသို့ ပျံသန်းဆင်းသက်သွားသည်။

လုချန်း နတ်လှေပေါ်မှ ဆင်းသွားသည်ကို မြင်လျှင် ရှောင်ရွှီရင်နှင့် ကောက်ရှီယွမ်တို့လည်း လိုက်ပါဆင်းသက်ကြ၏။ ထို့နောက် ကောက်ရှီယွမ်က နတ်လှေကို သူမ၏ အတွင်းကမ္ဘာထဲသို့ ပြန်လည် သိမ်းဆည်းလိုက်၏။

မကြာမီမှာပင် ထိုအမျိုးသမီးနှစ်ဦးကို သဲသောင်ကုန်းတစ်ခုဆီသို့ လုချန်း ခေါ်ဆောင်သွားသည်။

သဲသောင်ကုန်းကို မြင်သောအခါ သူတို့၏ ဂျူနီယာမောင်လေး ဘာများလုပ်မလို့လဲဟု တွေးကာ ထိုအမျိုးသမီးနှစ်ဦး ပို၍ ဇဝေဇဝါ ဖြစ်သွားကြ၏။

ထိုအခိုက်အတန့်တွင် သူ၏လက်ကို လုချန်း မြှောက်လိုက်ပြီး နတ်အငွေ့အသက်ကို သုံးကာ သဲသောင်ကုန်းတစ်ခုလုံးကို ဖယ်ရှားလိုက်သည်။ ခဏချင်းအတွင်းမှာပင် သူတို့ရှေ့ရှိ သဲများအားလုံး ပျောက်ကွယ်သွား၏။

ပတ်ဝန်းကျင်ရှိ သဲများ ဖယ်ရှားပြီးသွားသည်နှင့် ကျောက်ဂူသင်္ချိုင်းတစ်ခု သူတို့ရှေ့၌ ပေါ်လာသည်။ ထိုကျောက်ဂူရှေ့တွင် ကျောက်စာတိုင်တစ်တိုင် ရှိနေသော်လည်း ရာသီဥတုဒဏ်ကို အချိန်ကြာမြင့်စွာ ခံခဲ့ရသဖြင့် မည်သည့်စာသားမှ မရှိတော့ချေ။

ကျောက်ဂူအထက်၌ နည်းဗျူဟာပုံစံတစ်ခု၏ အမှတ်အသားများကို တွေ့ရသဖြင့် အတိတ်ကာလကတော့ ဤဂူကို ကာကွယ်ထားခဲ့မှာ ဧကန်မုချပင်။

သို့သော် အချိန်ကာလ အလွန်ကြာမြင့်သွားခြင်းနှင့် ထိန်းသိမ်းရန် စိတ်ဝိညာဉ်စွမ်းအား မရှိခြင်းတို့ကြောင့် ထိုနည်းဗျူဟာလည်း ပျက်စီးသွားခဲ့ပြီ ဖြစ်၏။

ထိုနည်းဗျူဟာသာ မရှိခဲ့လျှင် ဤကျောက်ဂူသင်္ချိုင်းလည်း ယခုအချိန်အထိ ကျန်ရှိနေတော့မည် မဟုတ်ချေ။

ထိုကျောက်ဂူကို မြင်လျှင် အတွင်း၌ မည်သူ့ကို မြှုပ်နှံထားသနည်း၊ လုချန်းနှင့် မည်သို့ ပတ်သက်သနည်းဟု အမျိုးသမီးနှစ်ဦး စပ်စုချင်နေကြသော်လည်း လက်ရှိအခြေအနေအရ မမေးပဲ နေလိုက်ကြ၏။

ကျောက်စာတိုင်အနီးသို့ လုချန်း လျှေက်လာကာ ကျောက်ဂူတစ်ခုလုံးကို နတ်အာရုံဖြင့် စစ်ဆေးလိုက်သည်။ ထို့နောက် ကျောက်ဂူကို ကာကွယ်ရန် စိတ်ဝိညာဉ်ကျောက်တုံးအချို့ကို သူ၏ အာကာသ လက်စွပ်အတွင်းမှ ထုတ်ကာ နည်းဗျူဟာပုံစစ်အသစ် တစ်ခု ချလိုက်၏။

အားလုံးပြီးစီးသွားလျှင် ကျောက်ဂူသင်္ချိုင်းကို ဖုံးလွှမ်းနေစေရန် သဲများကို အစကအတိုင်း ပြန်လည် ထားရှိလိုက်သည်။

ထို့နောက် ရှန်ရှမြို့ဘက်သို့ ဦးတည်ကာ လုချန်း လှည့်ထွက်လာခဲ့သဖြင့် ထိုအမျိုးသမီးနှစ်ဦးလည်း အနောက်မှ အလျင်အမြန် လိုက်ပါလာခဲ့ကြ၏။

ထိုအခိုက်အတန့်တွင် စပ်စုလိုစိတ်ကို မထိန်းနိုင်တော့ပဲ ကောက်ရှီယွမ်က လုချန်းကို

“မောင်လေး... အဲ့ဒီလူက ရှင့်ရဲ့ ဆွေမျိုးလား”

ပြုံးလျက် လုချန်းက

“တစ်မျိုးတော့ တော်ပါတယ်”

ထိုကျောက်ဂူအတွင်း၌ မြှုပ်နှံထားသူသည် အတိတ်ကာလက သူ့ကို ပြုစုပျိုးထောင်ပေးခဲ့သည့် အစေခံများထဲမှ တစ်ဦး ဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာက သူ ရှုံးနိမ့် ထွက်ပြေးရစဉ်၌ သူမက သူ့ကို နတ်ဘုရင်တစ်ပါး၏ ချောင်းမြောင်းတိုက်ခိုက်မှုမှ ကာကွယ်ပေးခဲ့ခြင်း ဖြစ်၏။

အလျင်အမြန် ဆုတ်ခွာနေရသည့်ကြားမှ သူမ၏ ရုပ်အလောင်းကို ရှန်ရှမြို့၌ လုချန်း မြှုပ်နှံပေးခဲ့ခြင်း ဖြစ်သည်။

လုချန်း၏ အဖြေကို ကြားလျှင် ကောက်ရှီယွမ်လည်း ထပ်မမေးတော့ချေ။

လုချန်းကိုယ်တိုင် လာရောက်ဂါရဝပြုသည့်သူသည် သူ၏ ဇနီးများထဲမှ တစ်ဦး ဖြစ်နိုင်သည်ဟု ရှောင်ရွှီရင်၏ စိတ်ထဲ တွေးတောနေ၏။

မကြာမီမှာပင် ရှန်ရှမြို့၏ မြို့တံခါးသို့ သူတို့သုံးဦး ရောက်ရှိသွားကြသည်။ ထိုနေရာတွင် ရွှေရောင်ဝတ်စုံများ ဝတ်ဆင်ထားသည့် လူသားအချို့ ကင်းစောင့်နေကြပြီး သူတို့၏ အဆင့်များမှာ များသောအားဖြင့် နတ်လောင်း အဆင့်များ ဖြစ်ကြ၏။

နတ်လောင်း ကျင့်ကြံသူများ မြို့တံခါးကို စောင့်ကြပ်နေခြင်းက ထိုမြို့တော်ဝန်သည် သာမန်လူတစ်ယောက် မဟုတ်ကြောင်း ဖော်ပြနေသည်။

နတ်များအတွက် နတ်လူအဆင့်သည် ပြောပလောက်သည် မဟုတ်သော်လည်း လူသားလောကတွင်တော့ နတ်လူအဆင့် ကျင့်ကြံသူများသည် အလွန်ပင် အားကောင်းကြ၏။

ကင်းစောင့်များ နတ်လောင်းအဆင့်များ ဖြစ်နေခြင်းက လူသားတစ်ဦး မဟုတ်ပဲ နတ်ဘုရားတစ်ပါးက ထိုမြို့ကို စီမံခန့်ခွဲနေသည်ဟု ဆိုလိုခြင်း ဖြစ်၏။

ရှန်ရှမြို့ လုံးဝဥဿုံ ပျက်စီးသွားခြင်း မရှိသေးဟု လုချန်း စိတ်ထဲ တွေးလိုက်၏။

ဝိညာဉ်ကြောများ ကုန်ခမ်းလုနီးပါး ဖြစ်နေသော်လည်း ဤနေရာ၌ နတ်တစ်ပါး ကျန်ရှိနေသေးသည်။

မြို့တံခါးဆီသို့ တိုက်ရိုက် ဦးတည်သွားရင်း လုချန်းက

“စီနီယာအစ်မ ကောက်... ကျုပ် ရှန်ရှမြို့မှာ ခဏလောက် နေဖို့ စိတ်ကူးထားတယ်။”

ကောက်ရှီယွမ်က

“ကျင့်ကြံခြင်းဆိုတာ စိတ်နှလုံးကို လေ့ကျင့်တာပဲလေ... မောင်လေး နေချင်တဲ့နေရာမှာ နေလို့ရပါတယ်။”

ထပ်မံ၍ ဘာမှမပြောတော့ပဲ မြို့တံခါးဆီသို့ လုချန်း ဆက်လက် လျှောက်လှမ်းသွား၏။

မကြာမီမှာပင် သူတို့သုံးဦး မြို့တံခါးသို့ ရောက်ရှိသွား၏။ သူတို့ကို မြင်လျှင် ကင်းစောင့်နေသည့် နတ်လောင်းအဆင့် စစ်သားများက ချက်ချင်း တားဆီးလိုက်ကြသည်။

စစ်သားများက

“ဘယ်သူတွေလဲ”

တားဆီးခံလိုက်ရသဖြင့် ကောက်ရှီယွမ်လည်း စကားအရှည်ကြီး မပြောတော့ပဲ သူမ၏ နတ်အငွေ့အသက်ကို တိုက်ရိုက် ထုတ်လွှတ်လိုက်သည်။ နတ်တစ်ပါး၏ ဖိအားကို ခံစားလိုက်ရသဖြင့် ကင်းစောင့်များ ခဏခန့် တွန့်ဆုတ်သွားကြသော်လည်း ဘေးသို့တော့ ဖယ်မပေးကြချေ။

ဖယ်မပေးသည်ကို မြင်လျှင် လျှို့ဝှက်လဝန်းနန်းတော်၏ သက်သေခံတံဆိပ်ပြားကို သူမ၏ အာကာသ လက်စွပ်အတွင်းမှ ကောက်ရှီယွမ် ထုတ်ပြလိုက်သည်။

သို့သော် မမျှော်လင့်ထားသည်က ထိုစစ်သားများက လမ်းဖယ်မပေးကြသေးခြင်းပင်။

အေးစက်စက် လေသံဖြင့် ကောက်ရှီယွမ်က

“ဘာလဲ... အထက်ဂိုဏ်းရဲ့ တံဆိပ်ပြားကိုတောင် မင်းတို့ မမှတ်မိကြဘူးလား”

ထိုစကားကို ကြားလျှင် စစ်သားများ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် လုချန်းတို့ အဖွဲ့ကို ဂါရဝပြုလိုက်ကြ၏။ စစ်သားများက

“အထက်ဂိုဏ်းက သံတမန်တွေကို ဂါရဝပြုပါတယ်”

သို့သော် ဂါရဝပြုပြီးသည့်တိုင်အောင် သူတို့က လမ်းဖယ်မပေးကြသေးချေ။

၎င်းကို ကြည့်ရင်း ကောက်ရှီယွမ်က

“ဒါက ဘာအဓိပ္ပာယ်လဲ”

ဟု အေးစက်စက် မေးလိုက်သည်။

“တို့ကို လျှို့ဝှက်လဝန်းနန်းတော်က နတ်တွေမှန်း သိလျက်နဲ့ ဘာလို့ ဖြတ်ခွင့်မပေးသေးတာလဲ။”

ထိုစဉ် စစ်သားတစ်ဦး ရှေ့သို့ တိုးလာပြီး

“သံတမန်တော်ကြီး... ကျုပ်တို့ မြို့တော်ဝန်က သူ တံခါးပိတ် ကျင့်စဉ်စခန်း ဝင်နေတဲ့အချိန်မှာ ဘယ်နတ်ကိုမှ ရှန်ရှမြို့ထဲ ပေးမဝင်ဖို့ အမိန့်ထုတ်ထားပါတယ်... အထက်ဂိုဏ်းက သံတမန်တော်တွေတောင် ဝင်ခွင့်မရှိပါဘူး။”

ထိုအရာကို ကြားလျှင် ကောက်ရှီယွမ်၏ မျက်ခုံးအစုံ အနည်းငယ် တွန့်သွား၏။

အထက်ဂိုဏ်းမှ သံတမန်များပင် ရှန်ရှမြို့ထဲသို့ ဝင်ခွင့်မရှိဘူး ဟုတ်လား။

ကောက်ရှီယွမ်က

“ရှင်တို့ မြို့တော်ဝန်က လျှို့ဝှက်လဝန်းနန်းတော်ကို သစ္စာဖောက်လိုက်ပြီလား။”

ရှန်ရှမြို့သည် လျှို့ဝှက်လဝန်းနန်းတော်၏ လက်အောက်ခံ မြို့ငယ်လေးတစ်ခုသာ ဖြစ်သည်။

မြို့တော်ဝန်က နန်းတော်မှ နတ်များကို ဝင်ခွင့်မပေးဝံ့ခြင်းက တကယ်ပင် ထူးဆန်းနေသည်။

နန်းတော်မှ သံတမန်များကို ဝင်ခွင့်မပေးခြင်းက လျှို့ဝှက်လဝန်းနန်းတော်ကို သစ္စာဖောက်ခြင်းပင်ဖြစ်သည်။

ဤရှန်ရှမြို့တော်ဝန်က အတော်လေး သတ္တိရှိလှသည်။

ကောက်ရှီယွမ်၏ စကားကို ကြားလျှင် စစ်သားများကိုယ်‌ပေါ်၌ ချွေးစေးများ ထွက်လာကြသော်လည်း လမ်းကိုတော့ ဖယ်မပေးကြသေးချေ။

ထို့ကြောင့် သူမ၏ ဖိအားကို ကောက်ရှီယွမ်က ပို၍ တိုးမြှင့်လိုက်၏။

နောက်တစ်ခဏ၌ ထိုစစ်သားများလည်း သူမ၏ အငွေ့အသက်အောက်တွင် ဒူးထောက်ရန် အတင်းအကျပ် ဖိနှိပ်ခြင်း ခံလိုက်ရသည်။

စစ်သားတစ်ဦးက

“သံတမန်တော်ကြီး... ကျုပ်တို့က ရှန်ရှမြို့ထဲကို ပေးမဝင်ချင်တာ မဟုတ်ပါဘူး... ဒါပေမဲ့ ပေးဝင်လိုက်ရင် ကျုပ်တို့ရော ကျုပ်တို့ရဲ့ မိသားစုတွေပါ အသတ်ခံရပါလိမ့်မယ်”

ဟု အလျင်အမြန် ပြောလိုက်၏။

ထိုအရာကို ကြားလျှင် လုချန်းတို့လည်း ရယ်ချင်စိတ်ကို မထိန်းနိုင်တော့ပေ။

လုချန်းက

“အထက်ဂိုဏ်းက သံတမန်တွေကို တားဆီးရင်‌ ခင်ဗျားတို့နဲ့ ခင်ဗျားတို့ မိသားစုတွေကို သူတို့က လွှတ်ပေးမယ်လို့ ထင်နေတာလား။”

“ဒါမှမဟုတ် အထက်ဂိုဏ်းက သံတမန်တွေက ခင်ဗျားတို့ မြို့တော်ဝန်ထက် ပိုပြီး သနားတတ်တယ်လို့ ခင်ဗျားတို့ ထင်နေကြတာလား။”

ထိုစကားကို ကြားလျှင် မြို့တံခါးစောင့်များ၏ မျက်နှာများ ပျက်ယွင်းသွားကြ၏။

သူတို့၏ အမူအရာကို ကြည့်ရင်း ရှန်ရှမြို့၏ လက်ရှိမြို့တော်ဝန်သည် စိတ်ကောင်းရှိသူတစ်ဦး မဟုတ်ကြောင်း လုချန်း တွေးလိုက်သည်။ ဤလူများသည် မြို့တော်ဝန်ကို အပြစ် မပြုမိစေရန်အတွက် အထက်ဂိုဏ်းမှ သံတမန်များကိုပင် ပြစ်မှားရန် ဝန်မလေးကြချေ။

…………..

အခန်း( ၁၆၁၀)

ခင်ဗျား... ဘယ်လိုလုပ် အသက်ရှင်နေသေးတာလဲ

ထိုလူသားများနှင့် စကားပြောရန် လုချန်း စိတ်မပါတော့သဖြင့် လက်ကို ဝှေ့ယမ်းလိုက်ရာ နတ်စွမ်းအားတစ်ခု ထွက်ပေါ်လာခဲ့ပြီး စစ်သားအားလုံးကို လွင့်စင်သွားစေ၏။ ထို့နောက် ရှန်ရှမြို့အတွင်းသို့ သူ တိုက်ရိုက် လျှောက်လှမ်းသွားသည်။

ရှန်ရှမြို့၏ ပြင်ပမြို့သည် အလွန်ပင် ခြောက်ကပ်နေပြီး လူသူကင်းမဲ့လုနီးပါး ဖြစ်နေကာ လူတစ်ယောက်စ နှစ်ယောက်စကိုသာ တွေ့ရသည်။

အတွင်းမြို့ဆီသို့ လုချန်း တိုက်ရိုက် သွားနေစဉ်မှာပင် ရှေ့၌ စစ်သားတစ်ဖွဲ့ ရုတ်တရက် ပေါ်လာ၏။

ခဏချင်းမှာပင် ထိုစစ်သားများက လုချန်းတို့ သုံးဦးကို ဝိုင်းရံလိုက်ကြသည်။ စစ်သားများက လုချန်းတို့ကို

“ဘယ်သူက ရှန်ရှမြို့ထဲကို ကျူးကျော်ဝင်ရောက်ရဲတာလဲ။”

ထိုစစ်သားများ၏ စွမ်းအားကို လုချန်း အကဲခတ်လိုက်ရာ သူတို့အားလုံးမှာ မဟယာန အဆင့်များ ဖြစ်ကြပြီး ခေါင်းဆောင်ကတော့ ကံကြမ္မာကို ဖြတ်ကျော်ခြင်း အဆင့်တွင် ရှိနေ၏။

သူတို့သည် သာမန်လူသားများသာ ဖြစ်သဖြင့် လုချန်း စကားအရှည်ကြီး မပြောလိုတော့ချေ။ နတ်တစ်ပါး၏ ဖိအားကို သူ တိုက်ရိုက် ထုတ်လွှတ်လိုက်ရာ နောက်တစ်ခဏ၌ ရှိရှိသမျှ စစ်သားအားလုံး မြေပြင်ပေါ်တွင် မလှုပ်မယှက် လဲကျသွားကြကုန်၏။

ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် ကံကြမ္မာကို ဖြတ်ကျော်ခြင်း အဆင့် ကျင့်ကြံသူ၏ ရှေ့မှောက်သို့ လုချန်း ရောက်ရှိသွားပြီး သူတို့ ဘာတွေ ကြုံတွေ့ခဲ့ရသလဲဆိုသည်ကို သိရန် ဝိညာဉ်ရှာဖွေခြင်း အတတ်ကို တိုက်ရိုက် အသုံးပြုလိုက်သည်။

ထိုကျင့်ကြံသူ၏ မှတ်ဉာဏ်ကို ဖတ်ပြီးနောက် လုချန်းက

“ဒီလိုကိုး... ဒါကြောင့်လည်း ဒီလူတွေက သေမှာကို လုံးဝ မကြောက်ကြတာပဲ”

ဟု တိုးတိုးလေး ရေရွတ်လိုက်၏။

ကောက်ရှီယွမ်က လုချန်းအနားသို့ လာကာ

“ဂျူနီယာ မောင်လေး... ဘာတွေများ တွေ့ခဲ့လို့လဲ”

လုချန်းက

“ရှန်ရှမြို့တော်ဝန်က ကျင့်ကြံသူတွေရဲ့ သွေးအနှစ်သာရတွေကို သုံးပြီး ကျင့်ကြံနေတာပဲ... ဒီသတင်း ပေါက်ကြားရင် တစ်မိသားစုလုံးကို သတ်ပစ်မယ်ဆိုပြီးတော့လည်း မြို့ထဲက မိသားစုကြီးတွေကို ခြိမ်းခြောက်ထားတယ်။”

ထိုအရာကို ကြားလျှင် ကောက်ရှီယွမ်နှင့် ရှောင်ရွှီရင်တို့ နှစ်ဦးစလုံး မှင်တက်သွားကြ၏။ ကျင့်ကြံသူများ၏ သွေးအနှစ်သာရ ကို သုံး၍ ကျင့်ကြံသည်ဆိုပါက သွေးလင်းယုန်ခန်းမမှ မိစ္ဆာနတ်များ ဖြစ်နေမလား။

ထိုသို့ တွေးမိသည်နှင့် အမျိုးသမီးနှစ်ဦးလည်း သူတို့၏ အာကာသလက်စွပ်အတွင်းမှ ဝိညာဉ်ဓားများကို ချက်ချင်း ထုတ်ယူလိုက်ကြပြီး သတိထားစောင့်ကြည့်နေကြတော့သည်။

ထို့နောက် ရှိနေသည့် စစ်သားများကို လုချန်းက

“အဲ့ဒီမိစ္ဆာနတ်အတွက် ဒီလျှို့ဝှက်ချက်ကို ထိန်းသိမ်းပေးထားရုံနဲ့ ဒီကိစ္စက ပေါက်ကြားမှာ မဟုတ်ဘူးလို့ တကယ်ပဲ ထင်နေကြတာလား”

“တကယ်ကို ရယ်စရာကောင်းတာပဲ”

“သူများက ခင်ဗျားတို့ကို အစာပြေ စားစရာ လိုပဲ သဘောထားနေတာကို ခင်ဗျားတို့က သူ့ကို ကာကွယ်ပေးချင်နေသေးတယ်။”

လုချန်း၏ စကားကို ကြားလျှင် စစ်သားတစ်ဦးက မကျေမနပ်ဖြင့်

“ကျုပ်တို့ ဘာလုပ်နိုင်မှာလဲ... ကျုပ်တို့ ရှန်ရှမြို့ကနေ လုံးဝ ထွက်သွားလို့ မရဘူးလေ... အဲ့ဒီနတ်ရဲ့ စွမ်းအားက အရမ်းကြီးလွန်းတော့ ကျုပ်တို့ ဘယ်လိုမှ မတတ်နိုင်ဘူး။”

ထိုလူများနှင့် စကားအရှည်ကြီး မပြောလိုတော့သဖြင့် လုချန်းက အထင်အမြင်သေးစွာ ရယ်မောလိုက်၏။ သူတို့မှာ ခုခံလိုစိတ်များ ကုန်ခမ်းနေပြီ ဖြစ်ရာ ကိုယ့်ကိုယ်ကိုယ် ကယ်တင်နိုင်မည့် အခွင့်အရေး ရလျှင်ပင် ဆုပ်ကိုင်နိုင်ကြတော့မည် မဟုတ်ချေ။

ထို့နောက် ရှန်ရှမြို့တော်ဝန်ကို ရှာဖွေရန် သူ၏ အရှိန်အဝါကို လုချန်း ဖြန့်ကျက်လိုက်ပြီး နတ်အာရုံကို အသုံးပြုလိုက်သည်။ ထိုစဉ် လုချန်း၏ နတ်အာရုံက တစ်စုံတစ်ခုကို ရုတ်တရက် အာရုံခံမိသွားသဖြင့် ကောင်းကင်သို့ ချက်ချင်း ပျံတက်လိုက်ပြီးနောက် ဓားဖြင့် တစ်ချက် ခုတ်ပိုင်းလိုက်၏။

ထိုအခါ စွမ်းအားကြီးမားလှသော ဓားအရှိန်အဝါတစ်ခုသည် မြို့တော်ဝန်စံအိမ်ရှိ နေရာတစ်ခုဆီသို့ တိုက်ရိုက် ပြေးဝင်သွားသည်။ ဓားအရှိန်အဝါ၏ ခြိမ်းခြောက်မှုကို အာရုံခံမိသွားသဖြင့် မြို့တော်ဝန်စံအိမ်အတွင်းမှ အသံတစ်သံ ထွက်ပေါ်လာ၏။

မြို့တော်ဝန်က

“ရှန်ရှမြို့ဟာ ခင်ဗျားတို့ လာရမယ့် နေရာမဟုတ်ဘူး”

ထိုအရာကို ကြားလျှင် လုချန်း နှာခေါင်းရှုံ့လိုက်ပြီး

“ရှန်ရှမြို့က လျှို့ဝှက်လဝန်းနန်းတော်ရဲ့ မြို့ပဲ... ဘယ်တုန်းက ခင်ဗျားအပိုင် ဖြစ်သွားတာလဲ... မိစ္ဆာနတ်ရဲ့။”

“မိစ္ဆာနတ်” ဆိုသည့် စကားလုံးကြောင့် မြို့တော်ဝန် အလွန် ထိခိုက်သွားပုံရ၏။ ခဏအတွင်းမှာပင် နီရဲပြီး ကြမ်းတမ်းလှသော စိတ်ဝိညာဉ်စွမ်းအားများသည် လေဆင်နှာမောင်းတစ်ခုအဖြစ် ပြောင်းလဲကာ မြို့တော်ဝန်စံအိမ်အတွင်းမှ လုချန်းထံသို့ တိုက်ရိုက် ပြေးထွက်လာသည်။

ထိုလေဆင်နှာမောင်းနှင့် လုချန်း၏ ဓားအရှိန်အဝါတို့ ကောင်းကင်ယံ၌ ထိပ်တိုက်တွေ့ကာ ပေါက်ကွဲသွား၏။ နှစ်ဦးစလုံးသည် အစွမ်းကုန် အသုံးမပြုကြသေးပဲ စမ်းသပ်သည့် အနေနှင့်သာ တိုက်ခိုက်ခြင်း ဖြစ်သည်။

နှစ်ဦးစလုံးသည် နတ်များ ဖြစ်ကြသဖြင့် အစွမ်းကုန် တိုက်ခိုက်ကြမည်ဆိုပါက ရှန်ရှမြို့တစ်မြို့လုံး ပျက်စီးသွားပေလိမ့်မည်။ ရှန်ရှမြို့တွင် မည်သည့် နည်းဗျူဟာပုံစံမှ မရှိတော့သဖြင့် လူနတ်တစ်ပါး၏ တိုက်ခိုက်မှုကိုပင် တောင့်ခံနိုင်စွမ်း မရှိတော့ချေ။

ထိုအခိုက်အတန့်တွင် မြို့တော်ဝန်စံအိမ်အတွင်းမှ နီရဲသော အရိပ်တစ်ခု ပျံထွက်လာပြီး ရှန်ရှမြို့နှင့် ဝေးကွာလှသော အလွန်ကျယ်ပြောသည့် သဲပင်လယ်ဆီသို့ ဦးတည်သွားသည်။

မဆိုင်းမတွပင် ထိုသူ့နောက်သို့ လုချန်း တစ်ပါတည်း လိုက်သွား၏။ ထိုအခြေအနေကို မြင်သည်နှင့် ကောက်ရှီယွမ်နှင့် ရှောင်ရွှီရင်တို့လည်း အလျင်အမြန် လိုက်ပါသွားကြ၏။

မကြာမီမှာပင် နီရဲသော အရိပ်ကို လုချန်း မှီသွားသည်။ တစ်ဖက်လူက ထွက်ပြေးရန် ရည်ရွယ်ချက် ရှိပုံမရပေ။ တိုက်ပွဲဖြစ်ချိန်တွင် ရှန်ရှမြို့ကို မထိခိုက်စေရန် သဲပင်လယ်ထဲသို့ လုချန်းကို တမင်ခေါ်ဆောင်လာခြင်း ဖြစ်ဟန်တူ၏။

ထိုအခိုက်အတန့်တွင် အရှေ့မှ ပျံသန်းနေသည့် နတ်က လုချန်းကို ပြန်ကြည့်လိုက်သည်။ ထိုသူသည် အနီရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး ဝိညာဉ်မျက်နှာဖုံးတစ်ခုကို တပ်ဆင်ထား၏။

လုချန်းကို မြင်သည်နှင့် ထိုသူ မှင်တက်သွားကာ

“ခင်ဗျား... ခင်ဗျားပဲ...”

ထိုသူက

“မဟုတ်ဘူး... မဖြစ်နိုင်တာ... ခင်ဗျားက ဘယ်လိုလုပ် အသက်ရှင်နေသေးတာလဲ။”

စကားပြောနေသော်လည်း ထိုသူ၏ ခန္ဓာကိုယ်ကတော့ တုန်ယင်နေသည်။ မျက်နှာဖုံးက သူ၏ အမူအရာကို ဖုံးကွယ်ထားသော်လည်း သူ၏ အသံထဲရှိ ကြောက်ရွံ့မှုနှင့် တုန်ယင်နေသော ခန္ဓာကိုယ်ကတော့ ထင်ရှားနေ၏။

ဤလူက သူ့ကို သိနေတာလားဟု တွေးရင်း လုချန်း ခဏခန့် အံ့အားသင့်သွားသည်။

မဖြစ်နိုင်တာ...

သူ ပြန်မလာခဲ့တာ နှစ်သန်းပေါင်း ထောင်ချီ နေပြီဖြစ်သည်။

ပြန်ရောက်ရောက်ချင်းမှာပဲ သူ့ကို သိသည့်လူတွေနှင့် ဒီလောက်တောင် တိုးနေရတာလား။

နောင်တွင်တော့ ရုပ်ဖျက်အတတ်ကို အသုံးပြုရန် လိုအပ်နေပြီ ဖြစ်ကြောင်း သူ တွေးလိုက်မိသည်။ ကျင့်ကြံမှုအဆင့် မြင့်မားသူများက သူ၏ ရုပ်ဖျက်အတတ်ကို မြင်နိုင်သော်လည်း ကျင့်ကြံမှုအဆင့် နိမ့်သူများရန်မှ ကာကွယ်ရန်အတွက်တော့ ထိုအတတ်ကို အသုံးပြုရန် လိုအပ်နေသေးသည်။

သို့သော် ထိုသူပြောသည့် စကားအရတော့ ထိုသူသည် သူ၏ ရန်သူ ဖြစ်ပုံရ၏။

မဟုတ်ပါက သူ့ကို ဤမျှ ကြောက်ရွံ့နေမည် မဟုတ်ချေ။ တစ်ဖက်မှ လူကို လုချန်း အေးစက်စက် ကြည့်လိုက်၏။

စကားပြောနေစဉ်မှာပင် ထိုသူ၏ အရှိန်အဝါကို လုချန်း စမ်းသပ်ကြည့်ရာ လူနတ်တစ်ပါးသာ ဖြစ်ကြောင်း တွေ့လိုက်ရသည်။

လူနတ်တစ်ပါးကတော့ သူ့ကို မသိနိုင်လောက်ပေ။

သူ့ကို သိသူများသည် ယခုအချိန်တွင် အနည်းဆုံး ကောင်းကင်နတ် အဆင့်သို့ ရောက်နေသင့်ပြီ ဖြစ်၏။ မဟုတ်ပါက သက်တမ်းကုန်ဆုံးသွားကြမည်မှာ ဧကန်မုချပင် ဖြစ်၏။

ထို့နောက် စနစ်ကို သုံး၍ ထိုသူ၏ အချက်အလက်ကို ကြည့်လိုက်သည်။

[အမည် : ရန်ယန်]

[အချက်အလက် : ချန်ဘုရင်၏ လက်အောက်ငယ်သားဟောင်း။ ရှန်ရှမြို့တော်ဝန်]

[စွမ်းအား : လူနတ်]

[သစ္စာရှိမှု : ၀]

ထိုအချက်အလက်များကို မြင်လျှင် ဤသူက သူ့ကို အဘယ်ကြောင့် သိနေရသနည်း ဆိုတာကို လုချန်း ချက်ချင်း သဘောပေါက်သွား၏။

သူက သစ္စာဖောက်တစ်ဦးပင်။

လုချန်း နှာခေါင်းရှုံ့လိုက်ပြီး

“ဒါစစ်သူကြီး ရန် မဟုတ်လား... ဘယ်လိုဖြစ်လို့ ဒီလို အခြေအနေမျိုး ရောက်သွားရတာလဲ။”

အတိတ်ကာလတုန်းက အင်အားကြီးအဖွဲ့အစည်း အမြောက်အမြား သူ့ကို ဝိုင်းရံတိုက်ခိုက်စဉ် ရန်ယန်ကတော့ သူ့ကို ချက်ချင်း မစွန့်ခွာခဲ့ချေ။ ထိုအစား သူ၏ အနားတွင် နေကာ သူ၏ တည်နေရာအပါအဝင် သတင်းအချက်အလက်များကို အခြားအဖွဲ့အစည်းများဆီသို့ တိတ်တဆိတ် ပေးပို့နေခဲ့သည်။

ရန်ယန်သာ မရှိခဲ့လျှင် ထျန်းရန် နတ်ဘုရားနယ်မြေအတွင်း၌ သူ ပုန်းအောင်းနေနိုင်ကောင်း နေနိုင်ပေလိမ့်မည်။ နောက်ဆုံးတွင်တော့ သွားစရာ နေရာမရှိတော့သဖြင့် အမွေးဖြူမြို့သို့ လုချန်း မဖြစ်မနေ ထွက်ပြေးခဲ့ရ၏။ ထို့နောက် မကြာမီ သူ၏ ဇနီးများကို ခေါ်ကာ ကစဉ့်ကလျား ပင်လယ်အတွင်းသို့ ဝင်ရောက်ခဲ့ရတော့သည်။

အစကတည်းက ထွက်သွားရန် ရန်ယန် ရွေးချယ်ခဲ့မည်ဆိုပါက လုချန်း စိတ်ထဲ ထားမည်မဟုတ်ချေ။ ထိုစဉ်က ထျန်းရန် နတ်ဘုရားနယ်မြေမှ အထင်ကရ အင်အားစု အမြောက်အမြားက သူ့ကို တိုက်ခိုက်နေချိန် ဖြစ်ရာ သူ့ကဲ့သို့ နတ်ဘုရင် တစ်ပါးအတွက် အခွင့်အရေး နည်းနည်းမှ မရှိပေ။

သို့သော် ရန်ယန်က ချက်ချင်း ထွက်မသွားပဲ အနားတွင်နေကာ အင်အားကြီး အဖွဲ့အစည်းများဆီသို့ သတင်းအချက်အလက်များ လျှို့ဝှက် ပေးပို့နေခဲ့သည်။ ရှန်ရှမြို့အပြင်ဘက်၌ မြှုပ်နှံထားသည့် အစေခံကလည်း ရန်ယန်၏ သတင်းပေးမှုကြောင့် အသတ်ခံခဲ့ရခြင်း ဖြစ်သည်။

ရန်ယန်ထံမှ ထွက်ပေါ်နေသည့် သေမင်း အငွေ့အသက်ကို ခံစားရင်း သိက္ခာရှိလှသော နတ်ဘုရင်ခံတစ်ပါး ယခုကဲ့သို့ အခြေအနေမျိုး ရောက်သွားသည်ကို လုချန်း ရယ်ချင်နေမိသည်။

လုချန်း၏ စကားကို ကြားလျှင် ရန်ယန်က သူ၏ ခန္ဓာကိုယ်ရှိ နတ်အငွေ့အသက်များကို ချက်ချင်း စုစည်းလိုက်ပြီး လုချန်းထံသို့ လက်ဝါးတစ်ချက် ရိုက်နှက်လိုက်၏။

“ကျုပ် ဒီလိုဖြစ်သွားတာ ခင်ဗျားကြောင့်ပဲ”

နောက်တစ်ခဏ၌ ရန်ယန်၏ လက်ဝါးသည် ရေတွက်၍မရနိုင်သော ယင်ဝိညာဉ်များအဖြစ် ပြောင်းလဲသွားသည်။ ထိုယင်ဝိညာဉ်များအားလုံးသည် နတ်များ၏ ဝိညာဉ်များ ဖြစ်ကြ၏။

ထိုယင်ဝိညာဉ်များ ပေါ်လာသည်နှင့် တစ်ပြိုင်နက် သဲပင်လယ်၏ ကောင်းကင်ယံ၌ တိမ်မည်းများ ဖုံးလွှမ်းသွားပြီး ပတ်ဝန်းကျင်တစ်ခုလုံးလည်း ချက်ချင်း မှောင်အတိ ကျသွားတော့သည်။

လုချန်း၏ ကျင့်စဉ်အဆင့် သူထက် မြင့်မားသည်ကို ယန်ရန် အာရုံခံမိသော်လည်း နာကျည်းမှုများက သူ့ကို ဆင်ခြင်တုံတရား ကင်းမဲ့သွားစေခဲ့ပြီ ဖြစ်သည်။

…………

အခန်း (၁၆၁၁)

လျှို့ဝှက်သော ခေါင်းတလား

ရန်ယန့်၏ လက်ဝါးချက်ကို လုချန်း ခပ်ပြုံးပြုံး ကြည့်လိုက်၏။

ရန်ယန်သည် ယခုအခါ သူ့ထက် အားနည်းသော လူနတ် အဆင့်မျှသာ ရှိတော့သည့် အပြင် သူ အသုံးပြုသော စွမ်းအား၌ မိစ္ဆာ အငွေ့အသက်များ ပါဝင်နေသည်။ ယင်းက နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာ၏ နှိပ်ကွပ်မှုကို ခံရမည့် အရာပင် ဖြစ်၏။

သူထံသို့ တိုက်ရိုက် ပြေးဝင်လာသော ရန်ယန့်၏ လုပ်ရပ်က သေတွင်းထဲသို့ တမင်ဆင်းနေခြင်းသာ ဖြစ်သည်။

တွေဝေ မနေတော့ပဲ နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာကို လုချန်း ချက်ချင်း ထုတ်ဖော်လိုက်၏။ တစ်ခဏအတွင်းမှာပင် သဲပင်လယ် အထက် ကောင်းကင်ယံ၌ မရေမတွက်နိုင်သော မီးအိမ်များ ပေါ်ပေါက်လာပြီး ထိုမီးအိမ်များထံမှ နီရဲသော နတ်အငွေ့အသက်များ ထွက်ပေါ်လာသည်။

နီရဲသော နတ်အငွေ့အသက်နှင့် ရန်ယန် ထုတ်လွှတ်လိုက်သော ယင်ဝိညာဉ်များ ထိတွေ့မိသည်နှင့် ထိုဝိညာဉ်များသည် အလင်းစက်များအဖြစ် ချက်ချင်း ပြောင်းလဲသွားကာ လေထုထဲ၌ ပျောက်ကွယ်သွားကြ၏။

မျက်စိတစ်မှိတ်အတွင်းမှာပင် ရန်ယန့်၏ လက်ဝါးချက် အချည်းနှီး ဖြစ်သွားသည်။ အမုန်းတရားထဲ၌ နစ်မွန်းနေသော ရန်ယန်တစ်ယောက် ထိုအခိုက်အတန့်တွင် သတိပြန်ဝင်လာတော့သည်။

သူ၏ တိုက်ကွက်ကို လုချန်း အလွယ်တကူ ဖြိုခွင်းနိုင်သည်ကို မြင်လျှင် ရန်ယန့်၏ နှလုံးသားထဲ၌ ကြောက်ရွံ့မှု အရိပ်အယောင်များ ပေါ်ပေါက်လာ၏။

သူကျင့်ကြံထားသော ကျင့်စဉ်က လုချန်းကို နှိပ်ကွပ်နိုင်မည်ဟု အစက သူ ထင်မှတ်ထားခဲ့ခြင်း ဖြစ်၏။ လုချန်း၏ ကျင့်စဉ်အဆင့် ပို၍ မြင့်မားနေလျှင်ပင် သူ့၌ ပြန်လည် တိုက်ခိုက်နိုင်စွမ်း ရှိမည်ဟု ယူဆထားခဲ့သည်။

သို့သော်လည်း လုချန်းက သူ၏ တိုက်ကွက်များကို အားစိုက်ထုတ်စရာ မလိုပဲ ခုခံနိုင်ခဲ့ရုံမက ယခု သူ၏ ပြင်းထန်သော ဖိအားပေး နှိပ်ကွပ်မှုကိုပါ ခံစားနေရပြီ ဖြစ်၏။ ကောင်းကင်ယံရှိ မီးအိမ်များမှ ထွက်ပေါ်လာသော အလင်းတန်းများကြောင့် သူ၏ ခန္ဓာကိုယ်အတွင်းရှိ နတ်အငွေ့အသက်များ ချိပ်ပိတ် အကျဉ်းချခံထားရသကဲ့သို့ ရန်ယန် ခံစားလိုက်ရ၏။

မယုံကြည်နိုင်စွာဖြင့် ရန်ယန် အော်ဟစ်လိုက်သည်။

“ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

ထိုအခိုက်အတန့်တွင် လုချန်းက

“စစ်သူကြီးရန်... ခင်ဗျား ခန္ဓာကိုယ်ထဲက စွမ်းအားတွေက တစ်မျိုးပဲနော်။ မိစ္ဆာ အငွေ့အသက်တွေ ပါနေသလိုပဲ။ ခင်ဗျား သွေးလင်းယုန်ခန်းမနဲ့ ပူးပေါင်းလိုက်တာလား။”

လုချန်း၏ စကားကို ကြားလျှင် လွန်ခဲ့သော နှစ်ပေါင်းများစွာက သူ၏ အတွေ့အကြုံများကို ချက်ချင်း ရန်ယန် ပြန်လည် အမှတ်ရသွား၏။ ခဏချင်းမှာပင် သူ၏ မျက်ဝန်းများလည်း သွေးကဲ့သို့ နီရဲလာပြီး ပတ်ဝန်းကျင်ရှိ မိစ္ဆာစွမ်းအားများလည်း ပို ပြင်းထန်လာသည်။

ရန်ယန့်ထံမှ ထွက်ပေါ်လာသော မိစ္ဆာစွမ်းအားကို ခံစားမိသည်နှင့် လုချန်း အံ့အားသင့်သွား၏။ အကြောင်းရင်းကို သေချာမသိရသော်လည်း ရန်ယန့်ထံမှ မိစ္ဆာစွမ်းအားက ကစဉ့်ကလျား သားရဲတစ်ကောင်၏ စွမ်းအားနှင့် ဆင်တူနေသည်ဟု သူ ခံစားလိုက်ရ၏။

နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာကို လုချန်း ဆက်လက် ထုတ်ဖော်လိုက်ရာ သဲပင်လယ်အထက်ရှိ မီးအိမ်များမှ အလင်းတန်းများမှာ ဝင်းခနဲ တောက်ပလာပြီး ပတ်ဝန်းကျင် တစ်ခုလုံးကို နီရဲသော နတ်အငွေ့အသက်များဖြင့် လွှမ်းခြုံသွားစေ၏။

ထိုစဉ် ရန်ယန်က ဆေးလုံးတစ်လုံးကို ထုတ်ယူကာ ပါးစပ်ထဲသို့ တိုက်ရိုက် ပစ်ထည့်လိုက်၏။ ထို့နောက် သူ၏ ခန္ဓာကိုယ် စတင် တွန့်လိမ်လာပြီး ပင်မခန္ဓာမှ မရေမတွက်နိုင်သော လက်တံများ ထွက်ပေါ်လာသည်။

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ လုချန်း ခဏခန့် မှင်တက်သွား၏။

လုချန်း အတွေးများ မစူးစမ်းနိုင်သေးခင်မှာပင် ရန်ယန်က သူ၏ ကြီးမားလှသော လက်တံများကို သူထံသို့ လွှဲယမ်းကာ တိုက်ခိုက်လာသည်ကို မြင်လိုက်ရ၏။ ထိုလက်တံများထံမှ ထွက်ပေါ်နေသော ထူထပ်လှသည့် မိစ္ဆာစွမ်းအားများသည် လုချန်းအတွက်ပင် အနည်းငယ် ခြိမ်းခြောက်မှု ရှိနေသကဲ့သို့ ခံစားလိုက်ရ၏။

သို့သော်လည်း ထိုလက်တံများ လုချန်းအား ထိတွေ့တော့မည့် ဆဲဆဲတွင် နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာ၏ ဆီမီးအလင်းတန်းများကလည်း နီရဲသော ကြိုးမျှင်များအဖြစ် စုစည်းသွားကာ ရန်ယန်နှင့် သူ၏ လက်တံများကို ချက်ချင်း ဝန်းရံလိုက်သည်။

ထို့နောက် နီရဲသော ကြိုးမျှင်များအတွင်းမှ ရန်ယန်၏ အသည်းခိုက်မတတ် အော်ဟစ်သံကို လုချန်း ကြားလိုက်ရပြီး တစ်ဆက်တည်း ဆိုသလိုပင် ကြိုးမျှင်ကြားများမှ အဖြူ ရောင် အခိုးအငွေ့များ ထွက်ပေါ်လာခဲ့၏။

တစ်ခုခု မှားယွင်းနေပြီဟု ခံစားလိုက်ရသဖြင့် သူ၏ စွမ်းအားကို လုချန်း ချက်ချင်း ပြန်လည် ထိန်းချုပ်လိုက်၏။ ရန်ယန့်ကို ယခု သတ်လိုက်မည်ဆိုပါက ဖြစ်ပျက်ခဲ့သမျှကို သူ သိနိုင်တော့မည် မဟုတ်ပေ။

ထို့ပြင် ရန်ယန့်ထံ၌ ကစဉ့်ကလျား သားရဲ၏ အငွေ့အသက်များ ပါရှိနေသည်ဟုလည်း သူ၏ အာရုံခံစားမှုအရ ယုံကြည်ထား၏။

ကံကောင်းထောက်မစွာဖြင့် လုချန်း အချိန်မီ နောက်ဆုတ်လိုက်နိုင်ခဲ့၏။ ရန်ယန့်၏ ပင်မခန္ဓာ ပျက်စီးသွားသော်လည်း သူ၏ နတ်ဝိညာဉ်ကတော့ မသေရုံတမယ် ကျန်ရှိနေသေး၏။

ရန်ယန့်ကို ရင်ဆိုင်ရန် လုချန်း ရှေ့သို့ တစ်လှမ်း တိုးလိုက်၏။

လုချန်း၏ စွမ်းဆောင်ရည်ကို မြင်တွေ့သွားရသော နတ်ဝိညာဉ်သာ ကျန်ရှိတော့သည့် ရန်ယန်က

“သခင်... ကျုပ်အသက်ကို ချမ်းသာပေးပါ။ အဲဒီတုန်းက ကျုပ် သခင့်ကို သစ္စာဖောက်ခဲ့တာက အခြေအနေအရ မတတ်သာလို့ပါ။”

ရန်ယန် ဘာပြောပြော လုချန်း ဂရုမစိုက်ပေ။ လုချန်းက ချက်ချင်းပင် သူ၏ ဝိညာဉ်ကို တိုက်ရိုက်ပင် ရှာဖွေစစ်ဆေးလိုက်၏။

ထို့နောက် လွန်စွာ များပြားလှသော မှတ်ဉာဏ်များ လုချန်း၏ စိတ်ထဲသို့ အလုံးအရင်းနှင့် ဝင်ရောက်လာခဲ့သည်။

လွန်ခဲ့သော နှစ်ပေါင်း သန်းတစ်သောင်းကျော် တစ်လျှောက် ကြုံတွေ့ခဲ့ရသော ရန်ယန့်၏ မှတ်ဉာဏ်များ လုချန်း၏ အတွေးထဲတွင် လျှပ်ခနဲ ဖြတ်ပြေးသွားကြ၏။ သို့သော်လည်း လုချန်းက သီးခြား မှတ်ဉာဏ်တစ်ခုကို စစ်ဆေးရန် ပြင်လိုက်စဉ်မှာပင် ရန်ယန် ရုတ်တရက် နာကျင်စွာ အော်ဟစ်လိုက်၏။

“အား...”

နတ်ဝိညာဉ် ကန့်သတ်ချက် တစ်ခုကို သူ ထိမိသွားပြီ ဖြစ်ကြောင်း လုချန်း ချက်ချင်း သိလိုက်ရသဖြင့် အာကာသ တည်နေရာရွှေ့ပြောင်းခြင်းကို သုံးကာ ထိုနေရာမှ အလျင်အမြန် ထွက်ခွာလိုက်၏။ ချက်ချင်းဆိုသလိုပင် ရန်ယန့် နတ်ဝိညာဉ်လည်း ပြင်းထန်စွာ ပေါက်ကွဲသွားတော့၏။

ကံကောင်းစွာဖြင့် လျင်မြန်စွာ ရှောင်တိမ်းနိုင်ခဲ့သောကြောင့် ထိုပေါက်ကွဲမှုဒဏ်မှ သူတို့ လွတ်မြောက်ခဲ့သည်။

အဝေးရှိ ပေါက်ကွဲမှုမှ ထွက်ပေါ်လာသည့် အဖြူရောင် အခိုးအငွေ့များကို ကြည့်ရင်း သူ ခုနက ရရှိခဲ့သော မှတ်ဉာဏ်များကို လုချန်း ပြန်လည် ဆင်ခြင်ကြည့်လိုက်၏။

သစ္စာဖောက်ပြီးနောက် ထိုအကျိုး‌ဆောင်မှုကြောင့် ကွမ်းရန်ဘုရင် လုကျင့်ဖူ၏ မျက်နှာသာပေးမှုကို ရရှိလိမ့်မည်ဟု ရန်ယန် ထင်မှတ်ခဲ့ခြင်း ဖြစ်၏။ သို့သော် သူ မျှော်လင့်ထားသည်နှင့် ဆန့်ကျင်စွာပင် လုကျင့်ဖူက သူ့ကို မည်သည့် အရေးကြီးသော ရာထူးမှ မပေးခဲ့သည့်အပြင် အချိန်တိုအတွင်းမှာပင် ဘေးဖယ်ထားခဲ့သည်။

အစက ကတိပေးထားသည့်အတိုင်း နတ်ဘုရင် အဆင့်သို့ တက်လှမ်းနိုင်မည့် ကျင့်စဉ် အရင်းအမြစ်များကို ရန်ယန် တောင်းဆိုခဲ့သော်လည်း လုကျင့်ဖူက နတ်ကျောက်အချို့ကိုသာ သူ့အား ပေးအပ်ခဲ့၏။ ထိုသို့ဖြင့် မကျေမနပ် ဖြစ်နေသော ရန်ယန်နှင့် လုကျင့်ဖူတို့ စကားများခဲ့ကြပြီး လုကျင့်ဖူက သူ့ကို အလျှော့မပေးခဲ့ရုံမက ရန်ယန်သည် ထျန်းရှ နတ်ဘုရား နိုင်ငံတော်ကို သစ္စာဖောက်ခဲ့သည်ဟု အကြောင်းပြကာ သူ့ကို လုပ်ကြံရန် လူလွှတ်ခဲ့သေး၏။

လုပ်ကြံမှုများမှ ရန်ယန် အကြိမ်ကြိမ် လွတ်မြောက်ခဲ့သော်လည်း သူ၏ အဆင့်နှင့် စွမ်းအားကတော့ သိသိသာသာ ကျဆင်းသွားခဲ့၏။ ထိုသို့ အဆင့်ကျဆင်းသွားမှုနှင့်အတူ သူ၏ သက်တမ်းလည်း တိုတောင်းသွားခဲ့ရသည်။

အသက်ရှင်သန်နိုင်ရန်အတွက် နောက်ထပ် နှစ်ပေါင်း သန်းတစ်သောင်း တစ်လျှောက် အဖွဲ့အစည်း အသီးသီးသို့ ဝင်ရောက်ကာ သက်တမ်းတိုးရန် နည်းလမ်းများကို ရန်ယန် ရှာဖွေခဲ့၏။

သို့သော် ရန်ယန်သည် လွန်ခဲ့သော နှစ်သန်း‌ထောင်ပေါင်းများစွာကတည်းက နတ်ဘုရင်ခံ အဆင့်သို့ ရောက်ရှိနေခဲ့ပြီး ဖြစ်သလို သူ၏ သက်တမ်းကလည်း ကုန်ဆုံးလုနီးပါး ဖြစ်နေပြီ ဖြစ်၏။ သက်တမ်းတိုးနိုင်ရန် နတ်ဘုရင် အဆင့်သို့ တက်လှမ်းနိုင်ရေးအတွက် ကျင့်စဉ် အရင်းအမြစ်များကို လုကျင့်ဖူထံမှ သူ တောင်းခံခဲ့သော်လည်း လုကျင့်ဖူ လွှတ်လိုက်သော လူများ၏ ပြင်းထန် သော တိုက်ခိုက်မှုကို ခံရပြီးနောက်တွင်တော့ သူ၏ သက်တမ်း ပို၍ပင် တိုတောင်းသွားခဲ့ရသည်။

မည်သို့ပင်ဖြစ်စေ ရန်ယန်သည် နည်းလမ်းအမျိုးမျိုးဖြင့် အသက်ဆက်ခဲ့ရာမှ ယခုအချိန်အထိ ရှင်သန်နေခဲ့ခြင်း ဖြစ်၏။

လွန်ခဲ့သော နှစ်ပေါင်း ရာဂဏန်းခန့်ကအာကာသ လှိုင်းထန်မှုကြောင့် လျှို့ဝှက်နယ်မြေတစ်ခုသို့ ရန်ယန် ရောက်ရှိသွားခဲ့ပြီး ထိုနေရာတွင် ကြီးမားလှသော ခေါင်းတလားတစ်ခုကို တွေ့ရှိခဲ့ကြောင်း သိလိုက်ရချိန်တွင် သူ၏ မှတ်ဉာဏ်များ ရုတ်တရက် ပြတ်တောက်သွားခဲ့၏။ ထို့နောက်တွင်တော့ ရန်ယန့်၏ နတ်ဝိညာဉ် ပေါက်ကွဲသွားတော့၏။

ထိုခေါင်းတလား၏ ပိုင်ရှင်က သာမန်လူတစ်ယောက် မဟုတ်သည်မှာ ထင်ရှားလှ၏။ ထိုသူက ရန်ယန့်၏ နတ်ဝိညာဉ် အနက်ရှိုင်းဆုံးနေရာတွင် ကန့်သတ်ချက် တစ်ခုကို ထားရှိခဲ့ခြင်း ဖြစ်၏။ အကယ်၍ တစ်စုံတစ်ယောက်က သူ့အကြောင်းနှင့် ပတ်သက်ပြီး ဝိညာဉ်ရှာဖွေ စစ်ဆေးရန် ကြိုးပမ်းပါက ထိုကန့်သတ်ချက် ပေါက်ကွဲသွားမည် ဖြစ်သည်။

နတ်ဘုရင်ခံ အဆင့် ရှိသော ရန်ယန့်ကို ကျင့်စဉ် အရင်းအမြစ် အနည်းငယ်တောင် မပေးပဲ ငြင်းဆန်ခဲ့သည့် လုကျင့်ဖူကတော့ တကယ်ပင် ကပ်စေးနှဲလှသည်ဟု လုချန်း တွေးမိလိုက်၏။

လုကျင့်ဖူ ဘာကြောင့် ထိုသို့ ပြုလုပ်ရသလဲဆိုတာကို လုချန်း နားလည်နိုင်၏။ ရန်ယန်သည် ပါရမီ ထူးလှသူ မဟုတ်ပဲ သာမန် နတ်ဘုရင်ခံ အဆင့်မျှသာ ဖြစ်သောကြောင့် နတ်ဘုရင် အဆင့်သို့ တက်လှမ်းနိုင်ရန်က သူ့အတွက် လွန်စွာ ခဲယဉ်းလှ၏။

အကယ်၍ သူ ကျရှုံးသွားပါက အရင်းအမြစ်များကို ဆက်လက် ပေးအပ်နေခြင်းက ဖြုန်းတီးခြင်းသာ ဖြစ်ပေလိမ့်မည်။ သာမန် ပါရမီရှိသော နတ်ဘုရင်ခံ တစ်ယောက်ကို နတ်ဘုရင် ဖြစ်လာအောင် ကူညီပေးရန် များပြားလှသော အရင်းအမြစ်များ လိုအပ်သည်။

ထို့ပြင် ရန်ယန်သည် သစ္စာဖောက်တစ်ယောက်သာ ဖြစ်၏။ သူသည် ချန်ဘုရင်ကို သစ္စာဖောက်နိုင်လျှင် လုကျင့်ဖူကိုလည်း သစ္စာဖောက်နိုင်ပေသည်။

လုကျင့်ဖူတွင် ပို၍ ပါရမီရှိသော လက်အောက်ငယ်သားများ ရှိနေခဲ့လျှင် ထိုအရင်းအမြစ်များကို ရန်ယန့်ကို ပေးမည့်အစား ထိုသူများ နတ်ဘုရင် ဖြစ်လာစေရန်အတွက်သာ ပေးအပ်မည်မှာ သဘာဝပင် ဖြစ်၏။

သို့သော်လည်း ရန်ယန်ကတော့ ထိုအရာအားလုံးအတွက် ချန်ဘုရင်ကိုသာ အပြစ်တင်နေခဲ့၏။

ဤအချက်က ရယ်ချင်စရာ ကောင်းလှသည်ဟု လုချန်း တွေးမိ၏။ သူကိုယ်တိုင် သစ္စာဖောက်ခဲ့ပြီးနောက် ကြုံတွေ့ရသော ဆင်းရဲဒုက္ခများက လုချန်း၏ အမှားကြောင့် ရန်ယန်က သတ်မှတ်နေခြင်းဖြစ်သည်။

ထိုအချက်က အဓိပ္ပာယ် မဲ့လှသလို ရယ်စရာလည်း ကောင်း၏။ ဖြစ်နိုင်သည်က ရန်ယန့်၏ စိတ်ဓာတ်သည် ခန္ဓာကိုယ်အတွင်းရှိ မိစ္ဆာစွမ်းအားများ၏ တိုက်စားမှုကို ခံလိုက်ရခြင်းလည်း ဖြစ်နိုင်၏။

လုချန်း အတွေးများထဲ၌ နစ်မောနေစဉ် ကောက်ရှီယွမ်နှင့် ရှောင်ရွှီရင်တို့ သူ့ထံသို့ လျှောက်လှမ်းလာကြ၏။ အစကကတော့ သူတို့နှစ်ဦးစလုံး တိုက်ပွဲတွင် ပါဝင်ကူညီရန် ရည်ရွယ်ခဲ့သော်လည်း တိုက်ပွဲက မြန်ဆန်လွန်းစွာပင် ပြီးဆုံးသွားခဲ့ရုံမက ရန်ယန့်ထံမှ ထွက်ပေါ်နေသော မိစ္ဆာစွမ်းအားများကြောင့်လည်း သူတို့မှာ ကျောချမ်းခဲ့ကြရ၏။

ရှောင်ရွှီရင်က လုချန်းကို

“မောင်လေး... ရှင့်ကို တိုက်ခိုက်သွားတဲ့ အဲဒီလူရဲ့ နတ်အငွေ့အသက်က ထူးဆန်းနေတယ်။”

All Chapters