အခန်း (၁၆၁၂-၁၆၁၄)
Vol. 108 Ch. 1612-1614
အခန်း (၁၆၁၂)
မြို့တော်ဝန် ဖြစ်ချင်ကြသူများ
ရှောင်ရွှီရင်၏ စကားကို ကြားလျှင် လုချန်း သတိပြန်ဝင်လာ၏။
“အင်း... တစ်ခုခု ထူးဆန်းနေတာတော့ အမှန်ပဲ”
ထိုထူးဆန်းမှုနောက်ကွယ်တွင် မည်သည့်အကြောင်းရှိမည်ကို လုချန်း စဉ်းစားကြည့်မိ၏။
ကောက်ရှီယွမ်က လုချန်းကို
“မောင်လေး... ခုနက အဲဒီလူကို ဝိညာဉ်ရှာဖွေ စစ်ဆေးခဲ့သေးလား။”
ထိုစွမ်းအား၏ ကြောက်မက်ဖွယ်ကောင်းမှုကို ခံစားမိပြီးနောက် ရန်ယန်သည်လည်း သွေးလင်းယုန်ခန်းမမှ စေလွှတ်လိုက်သော သူလျှိုတစ်ယောက် ဖြစ်နိုင်မလားဟု ကောက်ရှီယွမ် တွေးဆနေမိ၏။
ထိုသူလျှိုသည် သူတို့ကို ချောင်းမြောင်းရန် စေလွှတ်ခံထားရခြင်း ဖြစ်နိုင်သည်ဟုလည်း သူမ သံသယဝင်မိသည်။
လုချန်းက ကောက်ရှီယွမ်ကို
“မစစ်ဆေးရသေးပါဘူး... ကျုပ် ဝိညာဉ်ရှာဖွေ စစ်ဆေးဖို့ ပြင်လိုက်ရုံရှိသေးတယ် သူ့ရဲ့ နတ်ဝိညာဉ်က တိုက်ရိုက် ပေါက်ကွဲသွားခဲ့တာ။”
ကောက်ရှီယွမ်က လုချန်းကို
“သူ့ရဲ့ နတ်ဝိညာဉ်ကို တစ်စုံတစ်ယောက်က ကန့်သတ်ချက် ချထားခဲ့ပုံပဲ။”
ကောက်ရှီယွမ်
“သူက သွေးလင်းယုန်ခန်းမက လွှတ်လိုက်တဲ့ နောက်ထပ် သူလျှိုတစ်ယောက် ဖြစ်ဖို့များတယ်။”
ရှောင်ရွှီရင်က ကောက်ရှီယွမ်ကို
“ဒီလူက သွေးလင်းယုန်ခန်းမက စေလွှတ်တဲ့ သူလျှို မဟုတ်နိုင်ဘူး ထင်တယ်နော်။ ရှန်ရှမြို့ရဲ့ စိတ်ဝိညာဉ်ကြောကလည်း ခန်းခြောက်နေပြီ။ စွမ်းအားတွေကလည်း နည်းနေတော့ ဘာတန်ဖိုးမှ မရှိတော့ဘူး။ သွေးလင်းယုန်ခန်းမက သူလျှိုလွှတ်မယ်ဆိုရင်တောင် ဒီလိုနေရာမျိုးကို လွှတ်မှာ မဟုတ်ပါဘူး။”
လုချန်းက ရှောင်ရွှီရင်ကို
“သူက သွေးလင်းယုန်ခန်းမက သူလျှို ဖြစ်ချင်မှ ဖြစ်မှာပါ။”
ရန်ယန့်ထံမှ မိစ္ဆာစွမ်းအားများ ထွက်ပေါ်နေသော်လည်း ကြီးမားလှသော ခေါင်းတလားကို တွေ့ရှိခဲ့သည့် အချိန်မှစကာ သူ၏ မှတ်ဉာဏ်များကို ဖတ်မရတော့သဖြင့် ထိုမိစ္ဆာစွမ်းအားများ ခေါင်းတလားထံမှ လာခြင်း ဖြစ်နိုင်သည်ဟု လုချန်း ယူဆလိုက်၏။
ရန်ယန်နှင့် သွေးလင်းယုန်ခန်းမမှ နတ်များသည် မိစ္ဆာနတ်များ ဖြစ်ကြသည့်အတွက် သူ သွေးလင်းယုန်ခန်းမသို့ ဝင်ရောက်ခဲ့ခြင်းလည်း ဖြစ်နိုင်ခြေ ရှိသည်။
ရန်ယန်သည် သွေးလင်းယုန်ခန်းမနှင့် ဆက်နွှယ်နေခဲ့လျှင် သူတို့၏ ရည်ရွယ်ချက်က ရှန်ရှမြို့ကို ခြေကုပ်ယူရန်လည်း ဖြစ်နိုင်သည်ဟု လုချန်း ဆက်စပ်စဉ်းစားမိလိုက်၏။
သို့သော် ရှောင်ရွှီရင် ပြောတာက ပိုမှန်သည်။ အကယ်၍ ရန်ယန်သာ သူလျှိုတစ်ယောက် တကယ် ဖြစ်ခဲ့လျှင် ရှန်ရှမြို့ကဲ့သို့သော နေရာမျိုးသို့ အဘယ်ကြောင့် လာရောက်ပါမည်နည်း။
လုချန်းက အမျိုးသမီးနှစ်ဦးကို
“လူလည်း သေသွားပြီဆိုတော့ စံအိမ်ကို ပြန်ကြတာပေါ့။ အဲဒီမှာ သူ့ရဲ့ ဇစ်မြစ်နဲ့ ပတ်သက်တဲ့ တစ်ခုခုကို ရှာတွေ့နိုင်ကောင်းရဲ့။”
ထိုသို့ပြောပြီးနောက် အမျိုးသမီးနှစ်ဦးကို ခေါ်ကာ ရှန်ရှမြို့ မြို့တော်ဝန် စံအိမ်သို့ လုချန်း တိုက်ရိုက် ဦးတည်လိုက်၏။
ရှန်ရှမြို့ရှိ ကျင့်ကြံသူအားလုံးသည် ခုနက တိုက်ပွဲကို အာရုံခံမိကြ၏။
ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများကြောင့် သူတို့ ထိတ်လန့်နေကြသော်လည်း တစ်ဖက်တွင်တော့ ပြင်ပမှ ရောက်ရှိလာသော နတ်များက ရန်ယန့်ကို အနိုင်ယူနိုင်ပါစေဟု ဆုတောင်းနေကြ၏။
ရှန်ရှမြို့သို့ ပြန်ရောက်လျှင် မြို့ထဲရှိ လူအားလုံး ကြားနိုင်ရန် လုချန်း အသံလွှင့်လိုက်၏။
လုချန်းက
“မိစ္ဆာနတ် ရန်ယန် သေဆုံးသွားပြီ။ ရှန်ရှမြို့က ဂုဏ်သရေရှိ မိသားစု အကြီးအကဲတွေ အားလုံး မြို့တော်ဝန် စံအိမ်ကို အခုချက်ချင်း လာခဲ့ကြပါ။”
လုချန်း၏ စကားကို ကြားလျှင် ကျင့်ကြံသူများလည်း ဝမ်းသာတစ်ဝက် စိုးရိမ်တစ်ဝက် ဖြစ်သွားကြ၏။
မိစ္ဆာနတ် ရန်ယန် သေဆုံးခြင်းအတွက် သူတို့ ဝမ်းသာသော်လည်း ရောက်ရှိလာသော နတ်များက ရန်ယန်နှင့် အမျိုးအစားတူ ဖြစ်နေမည်ကို သူတို့ စိုးရိမ်နေကြခြင်း ဖြစ်၏။
စိုးရိမ်မှုများ ရှိနေသော်လည်း ရှန်ရှမြို့ရှိ မိသားစု အကြီးအကဲများ စံအိမ်သို့ ချက်ချင်း ရောက်ရှိလာကြ၏။
ရန်ယန့်ကို အချိန်တိုအတွင်း သတ်နိုင်သော နတ်အသစ်သည် ရန်ယန့်ထက် များစွာ ပို၍ အစွမ်းထက်မည်မှာ ထင်ရှားလှ၏။ ထိုသူ ဘာပဲလုပ်လုပ် ကျင့်ကြံသူ မိသားစုများအနေဖြင့် ခုခံနိုင်စွမ်း မရှိချေ။
စံအိမ် တစ်ခုလုံးကို နတ်အာရုံဖြင့် လုချန်း အသေးစိတ် ရှာဖွေလိုက်ရာ လျှို့ဝှက် အခန်းတစ်ခုကို မကြာမီ တွေ့ရှိလိုက်ရ၏။
လျှို့ဝှက်အခန်းထဲသို့ ဝင်လိုက်သည်နှင့် နေရာအနှံ့ ပျံ့ကျဲနေသော ကျင့်ကြံသူများ၏ အရိုးစုများနှင့် ငိုကြွေးမြည်တမ်းနေသော ဝိညာဉ်များကို မြင်တွေ့လိုက်ရ၏။
ထိုအခန်းထဲတွင် အရိုးစုများနှင့် ဝိညာဉ်များမှအပ အခြား မည်သည့်အရာကိုမှ လုချန်း ရှာမတွေ့ခဲ့ပေ။ ထိုအရိုးစုများနှင့် ဝိညာဉ်များသည် ရန်ယန်၏ ရာဇဝတ်မှုများကို သက်သေပြနေသကဲ့သို့ ဖြစ်နေသည်။
ဤအရာများလောက်နှင့်တော့ ရန်ယန်နှင့် သွေးလင်းယုန်ခန်းမတို့ အကြား ဆက်နွှယ်မှုကို သက်သေမပြနိုင်ချေ။
အာရုံစိုက်မခံရစေရန်အတွက် စိတ်ဝိညာဉ်ကြော ခန်းခြောက်နေသော ရှန်ရှမြို့ကဲ့သို့သော နေရာမျိုးသို့ ရန်ယန် လာရောက် ပုန်းအောင်းနေခြင်း ဖြစ်နိုင်သည်ဟု လုချန်း တွေးမိ၏။
သူသည် မိစ္ဆာနတ်တစ်ဦး ဖြစ်သည့်အပြင် ကျင့်ကြံသူများ၏ အသက်သွေးခဲများကို သုံးကာ အသက်ဆက်နေသည်ကို မြင့်မြတ်သော နတ်များ သိသွားပါက သူ့ကို တကယ်ပင် အရေးယူကြမည် ဖြစ်သည်။
နတ်များ လုံးဝမရှိသလောက်ဖြစ်ပြီး သာမန်ကျင့်ကြံသူများအဖို့ လွတ်မြောက်ရန် ခဲယဉ်းသော ရှန်ရှမြို့သည် သူ ပုန်းအောင်းရန် အလွန် သင့်တော်သော နေရာပင် ဖြစ်၏။
ရှန်ရှမြို့ ပြင်ပရှိ သဲပင်လယ်သည် မြေကမ္ဘာအနီးရှိ ကြဿပတေးဂြိုဟ်၏ မျက်နှာပြင်ထက်ပင် ကြီးမားပြီး အဆုံးမဲ့သော ဝါကျင့်ကျင့် သဲပြင်ကြီးကိုသာ မြင်တွေ့နိုင်၏။
ထိုနေရာသို့ ဝင်ရောက်သွားသော ကျင့်ကြံသူများအတွက် လမ်းပျောက်ရန် လွယ်ကူသလို အခြားသော အန္တရာယ်များလည်း သဲပင်လယ်အတွင်း၌ ရှိနေနိုင်သေးသည်။
ထွက်ပြေးရန် ကြိုးပမ်းခဲ့ကြသော ကျင့်ကြံသူ အမြောက်အမြားသည် သဲပင်လယ်အတွင်းမှာပင် သေဆုံးခဲ့ကြရ၏။
စံအိမ်ကို ရှာဖွေပြီးနောက် မိသားစု အကြီးအကဲများ စောင့်ဆိုင်းနေသော မြို့တော်ဝန် ခန်းမသို့ လုချန်း ရောက်ရှိလာ၏။
လူအများ၏ စိုးရိမ်ထိတ်လန့်နေသော မျက်ဝန်းများအကြား ခန်းမထဲသို့ လုချန်း ဝင်ရောက်လာပြီး လူအားလုံးကို ဝေ့ကြည့်လိုက်၏။
ရောက်ရှိနေသော အကြီးအကဲ အများစုသည် လူနတ်နယ်ပယ်သို့ ရောက်ရန် တစ်လှမ်းအလို ကံကြမ္မာကို ဖြတ်ကျော်ခြင်းအဆင့် ကျင့်ကြံသူများ ဖြစ်ကြ၏။
ရှေ့မှ လူများကို တစ်ချက်ကြည့်ကာ လုချန်းက
“မိစ္ဆာနတ်ကို ရှင်းလင်းလိုက်ပြီ။ ကျုပ် ရှန်ရှမြို့မှာ ခဏလောက် နေသွားမယ်။ အဲဒီအချိန်အတွင်းမှာ မြို့တော်ဝန်အသစ်ကို ရွေးချယ်ပေးခဲ့မယ်။”
ထိုအရာကို ကြားလျှင် ကျန်းမိသားစု အကြီးအကဲက လုချန်းကို
“သခင်... မြို့တော်ဝန် ဖြစ်ပြီးရင် ကျုပ်တို့ ရှန်ရှမြို့ကနေ တခြားမြို့တွေကို သွားလို့ရမလား။”
ထိုမေးခွန်းကို လုချန်းက ကျန်းမိသားစု အကြီးအကဲကို
“ခင်ဗျား သိချင်တာက ရှန်ရှမြို့ကနေ ထွက်သွားလို့ ရမရ ဆိုတာ မဟုတ်လား။”
ရန်ယန် မြို့တော်ဝန် ဖြစ်စဉ်က မြို့ရှိ ကျင့်ကြံသူများက သူ၏ သတင်းကို ပေါက်ကြားစေမည်ကို စိုးရိမ်သဖြင့် ပြင်ပလူများကို ဝင်ခွင့်မပြုသလို မြို့ထဲက လူများကိုလည်း ထွက်ခွင့်မပေးခဲ့ပေ။
ထို့ကြောင့်ပင် မြို့တော်ဝန် ဖြစ်သူကတော့ ရှန်ရှမြို့မှ ထွက်ခွာခွင့် ရှိမရှိကို ကျန်းမိသားစု အကြီးအကဲ သိလိုနေခြင်း ဖြစ်၏။
လုချန်းက ကျန်းမိသားစု အကြီးအကဲကို
“ဒီနေ့ကစပြီး ခင်ဗျားတို့ မြို့တော်ဝန် မဟုတ်ရင်တောင် ထွက်သွားချင်တယ်ဆိုရင် ဘယ်သူမှ တားမှာ မဟုတ်ဘူး။”
ရှန်ရှမြို့၏ စိတ်ဝိညာဉ်ကြော ခန်းခြောက်နေပြီ ဖြစ်သဖြင့် ထိုကံကြမ္မာဖြတ်ကျော် ကျင့်ကြံသူများအနေနှင့် လူနတ်အဆင့်သို့ တက်လှမ်းလိုပါက စွမ်းအားများ ကြွယ်ဝသော နေရာသို့ သွားရန် လိုအပ်ပေလိမ့်မည်။
လုချန်းက ဆက်လက်၍
“ဒါ့အပြင် မြို့တော်ဝန်သစ်ကို နတ်တစ်ပါး ဖြစ်လာအောင် ကျုပ် တိုက်ရိုက် ကူညီပေးမယ်။”
လုချန်း၏ စကားကို ကြားလျှင် လူအားလုံး၏ မျက်ဝန်းများလည်း စိတ်လှုပ်ရှားမှုများဖြင့် တောက်ပလာကြ၏။
သူတို့ထဲမှ အချို့သည် ပါရမီ ညံ့ဖျင်းကြသဖြင့် ကံကြမ္မာဖြတ်ကျော်ခြင်း အဆင့်၌ နှစ်ပေါင်းများစွာ ကြာမြင့်နေခဲ့ရုံသာမက အချို့မှာ သက်တမ်းပင် ကုန်ဆုံးလုနီး ဖြစ်နေကြပြီ ဖြစ်၏။
မြို့မှ ထွက်ခွာနိုင်ခဲ့လျှင်ပင် ထိုနယ်ပယ်ကို ကျော်ဖြတ်နိုင်မည်ဟု အာမခံချက် မရှိသလို သဲပင်လယ်ကြီးကို ဖြတ်ကျော်နိုင်မည်ဟုလည်း မသေချာချေ။
မြို့တော်ဝန် ဖြစ်လာမည်ဆိုပါက ထိုအန္တရာယ်များသော ခရီးကို သွားစရာမလိုပဲ အောင်မြင်မှု ရနိုင်မည်ဖြစ်ရာ သူတို့ အလွန်ပင် စိတ်လှုပ်ရှားနေကြ၏။
မိသားစု အကြီးအကဲများ တစ်ယောက်ပြီး တစ်ယောက် ရှေ့သို့ တိုးလာကြ၏။
မိသားစု အကြီးအကဲ တစ်ဦးက လုချန်းကို
“သခင်... ကျုပ် ရှန်ရှမြို့ရဲ့ မြို့တော်ဝန် ဖြစ်ချင်ပါတယ်”
အခြား အကြီးအကဲ တစ်ဦးက လုချန်းကို
“သခင်... ကျုပ်လည်း မြို့တော်ဝန် လုပ်ပါရစေ”
ရှမိသားစု အကြီးအကဲက လုချန်းကို
“သခင်... ကျုပ်တို့ ရှမိသားစုက မြို့မှာ သမိုင်းကြောင်း အရှည်ကြာဆုံးပါ။ ကျုပ်တို့ ဘိုးဘေးတွေကလည်း မြို့တော်ဝန် လုပ်ခဲ့ဖူးပါတယ်။”
လုချန်းက လူအားလုံးကို
“အားလုံးက မြို့တော်ဝန် ဖြစ်ချင်နေကြမှတော့ ကျင့်စဉ်လောကရဲ့ ထုံးစံအတိုင်း အင်အားကြီးသူကိုသာ ရွေးချယ်ကြတာပေါ့။”
လုချန်း
“နောက်ရက်အနည်းငယ်ကြာရင် သဲပင်လယ်ထဲမှာ ကျုပ် စင်မြင့်တစ်ခု တည်ဆောက်ပေးမယ်။ မဟယာန အဆင့် အထက်က ကျင့်ကြံသူတိုင်း ပါဝင်ယှဉ်ပြိုင်နိုင်ပြီး အနိုင်ရတဲ့သူက မြို့တော်ဝန်သစ် ဖြစ်လာလိမ့်မယ်။”
လုချန်း
“ဒီနေ့တော့ ဒီလောက်ပဲ။ အားလုံး ပြန်ပြီး ပြင်ဆင်ကြပါတော့။”
စကားအဆုံးတွင် လုချန်း၏ ပုံရိပ် ထိုနေရာမှ ပျောက်ကွယ်သွား၏။
အကြီးအကဲများ အားလုံး ထွက်ခွာသွားကြပြီးနောက် ရှောင်ရွှီရင်၊ ကောက်ရှီယွမ်တို့နှင့်အတူ စံအိမ်ရှိ အဆောင်တစ်ခုသို့ လုချန်း ရောက်ရှိလာ၏။
ထိုအခါ ကောက်ရှီယွမ်က လုချန်းကို
“မောင်လေး... ရှန်ရှမြို့မှာ ဘယ်လောက်ကြာကြာ နေဖို့ စိတ်ကူးထားလဲ။”
အစပိုင်းတွင်တော့ လုချန်း ကြိုက်သလောက် နေစေရန် ကောက်ရှီယွမ် ရည်ရွယ်ခဲ့ခြင်း ဖြစ်၏။
သို့သော် ရှန်ရှမြို့သို့ ရောက်ရှိပြီး ခန်းခြောက်နေသော ဝိညာဉ်ကြောကို မြင်လိုက်ရသောအခါ ဤနေရာတွင် ဆက်လက် နေထိုင်ခြင်းက လုချန်း၏ ကျင့်စဉ်အတွက် အကျိုးရှိမည် မဟုတ်ဟု သူမ ခံစားလိုက်ရ၏။
လုချန်းက ကောက်ရှီယွမ်ကို
“နှစ်အနည်းငယ်လောက်ပါ”
လုချန်း၏ အဖြေကို ကြားရမှ ကောက်ရှီယွမ် စိတ်သက်သာရာ ရသွား၏။ နှစ်အနည်းငယ်ဆိုသည်မှာ သူတို့အတွက် သိပ်မကြာလှပေ။
နတ်များအဖို့ နှစ်အနည်းငယ်ဆိုသည်မှာ မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားမည့် အချိန်မျှသာ ဖြစ်သည်။
လုချန်းက အမျိုးသမီးနှစ်ဦးကို
“စီနီယာကောက်... စီနီယာရှောင်... ကျုပ် အရင်သွားပြီး ကျင့်ကြံလိုက်ဦးမယ်။”
အမျိုးသမီးနှစ်ဦးက လုချန်းကို
“ကောင်းပါပြီ”
လုချန်းက သူရွေးချယ်ထားသော အခန်းထဲသို့ ဝင်သွားပြီးနောက် ကောက်ရှီယွမ်က ရှောင်ရွှီရင်ကို
“ရှောင်ရှောင်... ငါ နှစ်အနည်းငယ်လောက် တံခါးပိတ်ကျင့်စဉ် ဝင်ဖို့ စဉ်းစားထားတယ်။ အဲဒီအချိန်အတွင်း မောင်လေးကို စောင့်ရှောက်ပေးပါဦး။ တစ်ခုခုဖြစ်ရင် ငါ့ကို ချက်ချင်း နှိုးလိုက်နော်။”
ကောက်ရှီယွမ်၏ စကားကို ကြားလျှင် ရှောင်ရွှီရင် အနည်းငယ် အံ့အားသင့်သွား၏။
အခန်း (၁၆၁၃)
သူ ပြန်လာပြီ
ကောက်ရှီယွမ်က တံခါးပိတ်ကျင့်စဉ် ဝင်ချင်တာလား။
ဒါက တကယ့်ကို ကောင်းတဲ့ကိစ္စပဲ။
သူမ တံခါးပိတ်ကျင့်စဉ် ဝင်သွားပြီဆိုရင် လုချန်းနဲ့ ...
ကောင်းကင်ဝံပုလွေမြို့၌ သူမနှင့် လုချန်းတို့ လုပ်ခဲ့ကြတဲ့ အကြောင်းအရာများကို တွေးမိပြီး ရှောင်ရွှီရင်၏ ပါးပြင်ပေါ်၌ ရှက်သွေးတွေ ဖြာတက်သွား၏။
ရှောင်ရွှီရင် ငိုင်နေတာကို မြင်လျှင် ကောက်ရှီယွမ်က
“ညီမလေးရှောင်... ဘာဖြစ်လို့လဲ”
ဟု နားမလည်နိုင်စွာ မေးလိုက်သည်။
ရှောင်ရွှီရင် သတိပြန်ဝင်လာပြီး
“စီနီယာ... စိတ်ချလက်ချ တံခါးပိတ်ကျင့်စဉ် ဝင်ပါ။ မောင်လေးချန်းကို ကျွန်မ စောင့်ရှောက်ထားပါ့မယ်။”
ထို့ပြင် ကောက်ရှီယွမ်က ရှောင်ရွှီရင်ကို အချို့ကိစ္စများ မှာကြားပြီး မြို့တော်ဝန်စံအိမ်ရှိ လျှို့ဝှက်အခန်းတစ်ခုကို ရှာကာ သူမ၏ တံခါးပိတ်ကျင့်စဉ်ကို စတင်လိုက်သည်။
…….
ညနေခင်း။
ကောက်ရှီယွမ် လျှို့ဝှက်အခန်းထဲသို့ ဝင်ကာ တံခါးပိတ်ကျင့်စဉ် စတင်လိုက်သည်နှင့် လုချန်း၏ ပုံရိပ် ရှောင်ရွှီရင်၏ အခန်းထဲသို့ ရောက်ရှိလာ၏။
လုချန်း ရောက်လာသည်ကို အာရုံခံမိသောကြောင့် ကုတင်ပေါ်တွင် တင်ပလ္လင်ခွေကာ ကျင့်ကြံနေသော ရှောင်ရွှီရင်လည်း မျက်လုံးဖွင့်ကြည့်လိုက်ရာ လုချန်းကို မြင်သဖြင့် သူမ၏ ပါးပြင်ပေါ်တွင် ရှက်သွေးများ ဖြာသွားပြန်သည်။
လုချန်းက ပြုံးလျက်
“စီနီယာကောက်က တံခါးပိတ်ကျင့်စဉ် ဝင်သွားပြီ ထင်တယ်နော်။”
ရှောင်ရွှီရင်က
“အင်း”
ဟု တိုးတိုးလေး ပြန်ပြောလိုက်သည်။
လုချန်း သူမအခန်းထဲ ရောက်လာမှတော့ လုချန်း နောက်ထပ် ဘာလုပ်တော့မည်ကို သူမ မသိပဲ မနေပေ။
မည်သည့် တွန့်ဆုတ်မှုမှ မရှိပဲ လုချန်းက ရှောင်ရွှီရင်၏ ဘေးတွင် ထိုင်လိုက်ပြီးနောက် သူမကို ပွေ့ဖက်လိုက်တော့သည်။
……..
အမွေးဖြူမြို့။
လုကျန့်ကျီနှင့် လျောင်ရှောင်ရွှမ်တို့၏ ကြိုးပမ်းအားထုတ်မှုအောက်တွင် အမွေးဖြူမြို့ တစ်ဖန်ပြန်လည် ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။
မြို့၏ ဖွံ့ဖြိုးတိုးတက်မှုသည် အနီးနားရှိ အချို့သော မြို့များ၏ အာရုံစိုက်မှုကို ရရှိခဲ့၏။
ကစဉ့်ကလျား ပင်လယ်နှင့် နီးကပ်သော ဤနယ်မြေတွင် နတ်ဘုရင်အဆင့် အင်အားစုများ မရှိသဖြင့် အတော်အတန် ပရမ်းပတာ ဖြစ်နေသည်။
ကစဉ့်ကလျား ပင်လယ်အနီးရှိ မြို့များအတွက် လူဦးရေက အရေးကြီးဆုံး ဖြစ်သည်။
ယခင်က အမွေးဖြူမြို့၌ လူဦးရေ အစဉ်အမြဲ လျော့နည်းနေခဲ့သဖြင့် အခြားမြို့များက အမွေးဖြူမြို့ကို ခြိမ်းခြောက်မှုတစ်ခု အနေနှင့် မယူဆခဲ့ကြပေ။
သို့သော် မကြာသေးမီက အမွေးဖြူမြို့၏ ချဲ့ထွင်မှု မြန်ဆန်လာပြီး လူဦးရေလည်း တိုးပွားလာခဲ့သည်။
ထို့ကြောင့် အခြားမြို့များသို့ သွားရန် ရည်ရွယ်ထားသော သာမန်လူ အမြောက်အမြားလည်း အမွေးဖြူမြို့သို့သာ လာရောက်ကြတော့သည်။
အမွေးဖြူမြို့ ပြင်ပရှိ တောင်ထိပ်ပေါ်တွင် ခရမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသော လူတစ်ယောက် ရပ်နေပြီး အမွေးဖြူမြို့ကို စူးစိုက်ကြည့်နေ၏။
ထိုအခိုက်အတန့်တွင် သတင်းစုဆောင်းနေသော နောက်လိုက်တစ်ဦး ထိုလူ၏ အနားသို့ ရောက်လာပြီး
“မြို့တော်ဝန်... အခြေအနေကို စုံစမ်းသိရပါပြီ။ လုကျန့်ကျီက အဆင့်တက်မသွားပါဘူး။ သူက အခုထိ ကောင်းကင်နတ် အဆင့်မှာပဲ ရှိပါသေးတယ်။”
ထိုအရာကို ကြားလျှင် ခရမ်းရောင်လမင်းမြို့၏ မြို့တော်ဝန် ကျားဝမ်ရွှီက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး
“သင်္ချိုင်းထဲ ခြေတစ်ဖက် ရောက်နေတဲ့ အဘိုးကြီးက ငါနဲ့ လူလုနေတာပေါ့လေ။”
ခရမ်းရောင်လမင်းမြို့သည် အမွေးဖြူမြို့နှင့် မဝေးလှပေ။
ယခင်က အမွေးဖြူမြို့မှ လူဦးရေသည် ခရမ်းရောင်လမင်းမြို့ထဲသို့ စီးဝင်ခဲ့သော်လည်း မကြာသေးမီက အမွေးဖြူမြို့သည် အကြောင်းရင်းမရှိပဲ ဒုက္ခသည်များကို လက်ခံလာပြီး လူထုအတွက် အကျိုးရှိမည့် မူဝါဒအမျိုးမျိုးကို ချမှတ်လာကာ သာမန်လူများကိုပင် ကျင့်စဉ်များ ပေးအပ်ခဲ့သည်။
ထို့ကြောင့် ခရမ်းရောင်လမင်းမြို့သို့ လာရောက်ရန် ရည်ရွယ်ထားသော ဒုက္ခသည်များနှင့် ကျင့်ကြံသူများလည်း အမွေးဖြူမြို့ကိုသာ ရွေးချယ်သွားကြတော့သည်။
လုကျန့်ကျီ ဘာလုပ်ချင်နေမှန်း ကျားဝမ်ရွှီ နားမလည်နိုင် ဖြစ်နေ၏။
အားလုံး သိထားသည့်အတိုင်း လုကျန့်ကျီသည် သေခါနီး ဖြစ်နေပြီဖြစ်သလို သူနှင့် လျောင်ရှောင်ရွှမ်တို့ကြားတွင်လည်း အမွေဆက်ခံမည့်သူ မရှိပေ။ ထို့ကြောင့် အမွေးဖြူမြို့ကို စီမံခန့်ခွဲရန် မည်သည့်နေရာမှ တွန်းအားများ ရနေမှန်း ခန့်မှန်း၍မရ ဖြစ်နေ၏။
အမွေးဖြူမြို့ ယခင်က မည်သည့် အခြေအနေမျိုး ဆိုတာကို သူတို့ ကောင်းကောင်းသိထား၏။
“လုကျန့်ကျီက အဆင့်တက်သွားပြီး သက်တမ်း တိုးလာလို့။ ဒါမှမဟုတ် သူ့ရဲ့ ကန့်သတ်ချက်ကို ကျော်ဖြတ်နိုင်သွားလို့ အမွေးဖြူမြို့ကို စီမံဖို့ ဇွဲတွေ ရှိလာပြီး ဒီလို မူဝါဒတွေကို ချမှတ်နေတာလား”
ဟု ကျားဝမ်ရွှီ တွေးမိခဲ့သည်။
ကျားဝမ်ရွှီသည် အခြေအနေကို ရှင်းရှင်းလင်းလင်း သိနိုင်ရန် လူအချို့ကို ကုန်သည်များ အနေနှင့် ဟန်ဆောင်ခိုင်းကာ အမွေးဖြူမြို့ထဲသို့ ခိုးဝင်စေပြီး သတင်းစုဆောင်းခိုင်းခဲ့သည်။
သို့သော် ရရှိလာသော သတင်းများအရ လုကျန့်ကျီ အဆင့်တက်မသွားကြောင်း သိရသည်။
ဒီအဘိုးကြီး လုကျန့်ကျီက အဆင့်မတက်ပဲနဲ့ လာပြီး ရှုပ်ရှုပ်ရှက်ရှက် လုပ်နေတာလား။
နေပါဦး...
ကျားဝမ်ရွှီ ရုတ်တရက် တစ်ခုခုကို တွေးမိသွားပြီး
“လျောင်ရှောင်ရွှမ် ကိုယ်ဝန်ရှိနေတာလား”
ဟု လှည့်မေးလိုက်သည်။
အကယ်၍ သူတို့တွင် အမွေဆက်ခံမည့်သူ ရှိလာခဲ့လျှင် ကလေးအတွက် အရင်းအမြစ်အချို့ ချန်ထားပေးလိုသဖြင့် လုကျန့်ကျီက အမွေးဖြူမြို့ကို တစ်ဖန်ပြန်၍ စီမံခန့်ခွဲခြင်း ဖြစ်နိုင်သည်ဟု ရှင်းပြနိုင်သည်။
သူလျှိုက
“သခင်ကြီး... လျောင်ရှောင်ရွှမ် ကိုယ်ဝန်ရှိနေတဲ့ လက္ခဏာ ဘာမှ မတွေ့ရပါဘူး။”
သူလျှို၏ အဖြေကို ကြားလျှင် ကျားဝမ်ရွှီ စဉ်းစားခန်း ဝင်သွား၏။
အဆင့်တက်တာလည်း မဟုတ် ကလေးကြောင့်လည်း မဟုတ်ဘူးဆိုရင် လုကျန့်ကျီက ဘာလို့ ဒီလိုတွေ ရှုပ်အောင် လုပ်နေတာလဲ။
ကျားဝမ်ရွှီက
“မြို့တော်ဝန်စံအိမ်က စစ်သားတစ်ယောက်ကို ကျုပ်ဆီ ခေါ်လာခဲ့။”
“ဟုတ်ကဲ့ မြို့တော်ဝန်”
နောက်တစ်ခဏတွင် သူလျှို ထိုနေရာမှ ပျောက်ကွယ်သွား၏။ ကျားဝမ်ရွှီ၏ မျက်လုံးများကတော့ အမွေးဖြူမြို့ပေါ်၌သာ စူးစိုက်မြဲ ရှိနေသည်။
ကျားဝမ်ရွှီက
“သေခါနီးလူက ကျင့်ကြံခြင်း အခန်းထဲမှာပဲ နေသင့်တာ။ ဒါမှ နောက်ထပ် နှစ်အနည်းငယ် ပိုအသက်ရှည်မှာ”
ဟု တစ်ဦးတည်း ရေရွတ်လိုက်သည်။
…….
မကြာမီတွင် သူလျှိုသည် အမွေးဖြူမြို့ မြို့တော်ဝန်စံအိမ်မှ စစ်သားတစ်ဦးကို ဖမ်းဆီးခေါ်ဆောင်လာခဲ့ပြီး
“မြို့တော်ဝန်... လူကို ခေါ်လာပါပြီ”
ကျားဝမ်ရွှီထံမှ ထွက်ပေါ်နေသော အရှိန်အဝါကို အာရုံခံမိသည်နှင့် အမွေးဖြူမြို့ စစ်သားက ချက်ချင်း ဒူးထောက်လိုက်ပြီး
“ကျုပ်ကို ချမ်းသာပေးပါ စီနီယာ”
ကျားဝမ်ရွှီသည် ရှေ့မှ သာမန်စစ်သားကို တစ်ချက်ကြည့်လိုက်ပြီး မည်သည့် တွန့်ဆုတ်မှုမှ မရှိပဲ ထိုစစ်သားအပေါ် ဝိညာဉ်ရှာဖွေ စစ်ဆေးခြင်း အတတ် အသုံးပြုလိုက်၏။
ဤစစ်သားကို မေးမြန်းနေမည့်အစား သူ၏ ဝိညာဉ်ကို တိုက်ရိုက် စစ်ဆေးလိုက်ခြင်းက ပို၍ မြန်ဆန်သည်။
နောက်တစ်ခဏတွင် ထိုစစ်သား၏ မှတ်ဉာဏ်ထဲမှ အရာများစွာကို ကျားဝမ်ရွှီ မြင်တွေ့လိုက်ရ၏။
နတ်ဘုရင် တစ်ပါးနှင့် ကောင်းကင်မှ ဆင်းသက်လာသော လူတစ်ယောက်ကိုလည်း သူ မြင်လိုက်ရသည်။
နေဦး...
အဲဒီလူက...
မြို့တော်ဝန်စံအိမ်သို့ ဆင်းသက်လာသော ထိုလူကို မြင်လိုက်ရလျှင် ကျားဝမ်ရွှီ၏ မျက်နှာအမူအရာမှာ ရုတ်တရက် ပြောင်းလဲသွား၏။
ထို့နောက် လုကျန့်ကျီတစ်ယောက် အခုနှစ်ပိုင်းအတွင်း အမွေးဖြူမြို့ကို ဖွံ့ဖြိုးအောင် ဘာ့ကြောင့် အသည်းအသန် လုပ်နေသည်ကိုလည်း သူ နားလည်သွားပုံရသည်။
ကျားဝမ်ရွှီက
“သူပဲ... သူ ပြန်လာပြီ”
ဟု တစ်ဦးတည်း ရေရွတ်လိုက်သည်။
“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ သူ သေသွားပြီ မဟုတ်ဘူးလား။ ဘယ်လိုလုပ် အသက်ရှင်နေသေးတာလဲ။”
ကျားဝမ်ရွှီသည် ထိုလူကို ကျုပ်တိုင် မမြင်ဖူးသော်လည်း သူ၏ အဘိုးနှင့် အဘွားသည် ယခင်က ချန်ဘုရင်၏ လက်အောက်ငယ်သားများ ဖြစ်ခဲ့ကြဖူးပြီး ပုံရိပ်ဖမ်း ကျောက်တုံးများမှတစ်ဆင့် ချန်ဘုရင်၏ ရုပ်သွင်ကို မြင်ဖူးခဲ့ခြင်း ဖြစ်၏။
ချန်ဘုရင်ကို အမွေးဖြူမြို့တွင် နှစ်သန်းပေါင်းရာချီ စောင့်ဆိုင်းခဲ့သော်လည်း သူ ကစဉ့်ကလျား ပင်လယ်ထဲမှ ပြန်ထွက်မလာခဲ့သဖြင့် ကျားဝမ်ရွှီ၏ အဘိုးအဘွားများလည်း ချန်ဘုရင် သေဆုံးသွားပြီဟု ယူဆကာ အမွေးဖြူမြို့မှ ထွက်ခွာသွားရန် ရွေးချယ်ခဲ့ကြသည်။
အမွေးဖြူမြို့တွင် သူပြန်လာသည်အထိ စောင့်ရန် သူ၏ လက်အောက်ငယ်သားများကို ချန်ဘုရင်က အမိန့်ပေးခဲ့ဖူးသဖြင့် အမွေးဖြူမြို့မှ ထွက်ခွာခြင်းက ချန်ဘုရင်ကို သစ္စာဖောက်ခြင်းဟု ယူဆနိုင်သည်။
ကျားဝမ်ရွှီ ထိတ်လန့်သွားရခြင်းက ချန်ဘုရင်က ထွက်ခွာသွားသူများကို စာရင်းလိုက်ရှင်းမှာ စိုးရိမ်သောကြောင့် ဖြစ်၏။
အစပိုင်းတွင် ထိတ်လန့်သွားသော်လည်း ကျားဝမ်ရွှီ၏ မျက်နှာပေါ်တွင် မှိန်ဖျော့သော အပြုံးတစ်ခု ပေါ်လာ၏။
သူ တကယ် ပြန်လာတာဆိုရင် ဒီသတင်းကို လူအများကြီး စိတ်ဝင်စားကြမှာ အသေအချာပင်။
သူသည် ချန်ဘုရင်၏ လက်အောက်ငယ်သားဟောင်းများ၏ မျိုးဆက်မျှသာ ဖြစ်ပြီး ချန်ဘုရင်အပေါ် မည်သည့် သစ္စာစောင့်သိမှုမှ မရှိချေ။
အကယ်၍ သူသာ ချန်ဘုရင် ပြန်လည်ရှင်သန်လာသည့် သတင်းကို လူအချို့ထံ ရောင်းချလိုက်ပါက ကျင့်စဉ်အရင်းအမြစ်များစွာ ရရှိနိုင်ပြီး အဆင့်တက်ရန် ပို၍ နီးစပ်သွားလိမ့်မည်ဟု ကျားဝမ်ရွှီ တွေးလိုက်သည်။
ထို့နောက် သူက သူလျှိုကို
“သူတို့ကို ဆက်စောင့်ကြည့်ထား”
ထိုစကားနှင့်အတူ ကျားဝမ်ရွှီ လှည့်ထွက်သွားပြီး မည်သူ့ကို သတင်းရောင်းရမည်၊ စိတ်ဝင်စားသူများနှင့် မည်သို့ ဆက်သွယ်ရမည်ကိုသာ စဉ်းစားနေတော့သည်။
…….
မျက်စိတစ်မှိတ်အတွင်းမှာပင်။
နောက်ထပ် နှစ်နှစ် ကုန်ဆုံးသွားခဲ့သည်။
ဤနှစ်နှစ်အတွင်း ယဲ့ချူယောင်၏ ဦးဆောင်မှုအောက်တွင် လျို့ဝှက်လဝန်းနန်းတော်သည် ချီယန်ဂိုဏ်းနှင့် မဟာမိတ် စာချုပ် လက်မှတ်ရေးထိုးခဲ့သည်။
စာချုပ်အရ လျို့ဝှက်လဝန်းနန်းတော် သို့မဟုတ် ချီယန်ဂိုဏ်းကို သွေးလင်းယုန်ခန်းမက တိုက်ခိုက်လာလျှင် တစ်ဖက်မှ မည်သည့် ကန့်သတ်ချက်မှ မရှိပဲ ကူညီရမည် ဖြစ်သည်။
ဤမဟာမိတ်စာချုပ်သည် ခုခံကာကွယ်ရေး သဘောတူညီချက်မျှသာ ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် သွေးလင်းယုန်ခန်းမတွင် နတ်ဘုရင် သုံးပါး ရှိပြီး လျို့ဝှက်လဝန်းနန်းတော်၏ နတ်ဘုရင်ကတော့ အခုထိ တံခါးပိတ်ကျင့်စဉ် ဝင်နေဆဲ ဖြစ်သောကြောင့် ဖြစ်၏။
လျို့ဝှက်လဝန်းနန်းတော်နှင့် ချီယန်ဂိုဏ်း၏ စွမ်းအားဖြင့် သွေးလင်းယုန်ခန်းမကို သွားရောက် တိုက်ခိုက်ခြင်းက ကိုယ့်ကိုယ်ကို သတ်သေခြင်းပင် ဖြစ်လိမ့်မည်။ ထို့ကြောင့် သွေးလင်းယုန်ခန်းမမှ မိစ္ဆာနတ်များကို ခုခံနိုင်ရန် ခုခံကာကွယ်ရေးများကို အားကောင်းအောင် လုပ်ပြီး နည်းဗျူဟာ ပုံစံများကိုသာ အာရုံစိုက်နေကြသည်။
……
ထိုအခိုက်အတန့်တွင်။
လျို့ဝှက်လဝန်းနန်းတော်။
အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ယဲ့ချူယောင်သည် ချောက်ကမ်းပါးတစ်ခု၏ အစွန်းတွင် ရပ်နေပြီး ရှန်ရှမြို့ရှိရာ အရပ်ဆီသို့ ငေးကြည့်နေ၏။
သူမ၏ ရှေ့တွင် အပြာရောင် ပုံရိပ်ယောင် မျက်နှာပြင်တစ်ခု ရှိနေပြီး ရှန်ရှမြို့ တည်ရှိရာနေရာတွင် အနီရောင် အစက်ကလေး တစ်စက် ပြနေသည်။
……………
အခန်း (၁၆၁၄)
ကောက်ရှီယွမ် တံခါးပိတ်ကျင့်စဉ်မှ ထွက်လာခြင်း
လျှို့ဝှက်လဝန်းနန်းတော်မှ ရှောင်ရွှီရင်နှင့် ကောက်ရှီယွမ်တို့ ထွက်ခွာသွားစဉ် ၎င်းတို့၏ တည်နေရာကို အချိန်မရွေး သိနိုင်ရန် ခြေရာခံ အင်းကွက်တစ်ခုကို ယဲ့ချူယောင် ထည့်ပေးလိုက်၏။
ရှန်ရှမြို့တွင် ရပ်တန့်နေသည့် အနီစက်လေးကို ကြည့်ကာ ယဲ့ချူယောင် ဇဝေဇဝါ ဖြစ်သွားသည်။ ရှန်ရှမြို့၏ ဝိညာဉ်ကြောများ ခမ်းခြောက်သွားပြီးနောက် ထိုနေရာသို့ မည်သူမှ မသွားလိုကြတော့ချေ။
ယခင်က ရှန်ရှမြို့သည် အလွန်စည်ကားခဲ့သည့် မြို့ကြီးတစ်မြို့ ဖြစ်ခဲ့ဖူးသလို လျှို့ဝှက်လဝန်းနန်းတော်ကပင် တည်နေရာရွှေ့ပြောင်း နည်းဗျူဟာ ပုံစံတစ်ခု ထားရှိခဲ့ရသော ဒေသတစ်ခုဖြစ်၏။
သို့သော် ယခုတော့ ဖုန်ထူ၍ လူသူကင်းမဲ့သော မြေရိုင်းတစ်ခုသာ ဖြစ်နေတော့သည်။
ရှန်ရှမြို့၌ လုချန်း ဘာများလုပ်နေသနည်း။
လုချန်း ယခုတစ်ကြိမ် လောကီနယ်ပယ်သို့ လှည့်လည်ခြင်းက လောကဓံဖြင့် စိတ်နှလုံးကို ပွတ်တိုက်ရန် သက်သက်ဖြစ်သော်လည်း ဝိညာဉ်စွမ်းအား ကင်းမဲ့သည့် နေရာမှာတော့ ကျင့်စဉ်အတွက် အထောက်အကူ ဖြစ်လိမ့်မည် မဟုတ်ပေ။
စိတ်အခြေအနေကိုတစ်ခုကို ဖောက်ထွက်ရန်အတွက် ဝိညာဉ်စွမ်းအား အမြောက်အမြား လိုအပ်မည် ဖြစ်၏။
ရှန်ရှမြို့တွင် သူအရေးတယူ လုပ်စရာ တစ်စုံတစ်ရာ ရှိနေတာလား။
ထိုသို့တွေးတောရင်း သူမ၏ အာကာသလက်စွပ်ထဲမှ အင်းကွက်တစ်ခုကို ထုတ်ကာ အသက်သွင်းလိုက်သည်။
……
ထိုအချိန်တွင်။
ရှန်ရှမြို့ရှိ လျှို့ဝှက်အခန်းတစ်ခုအတွင်း၌။
မျက်လုံးမှိတ်၍ ကျင့်စဉ်ကျင့်နေသည့် ကောက်ရှီယွမ်သည် သူမ၏ ခါးဆီမှ တုန်ခါမှုကို ရုတ်တရက် ခံစားလိုက်ရသဖြင့် ကျင့်စဉ်မှ ထွက်ကာ အင်းကွက်ကို ကောက်ကိုင်လိုက်၏။ ခဏအကြာတွင် အင်းကွက်မှ အပြာရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး ယဲ့ချူယောင်၏ ပုံရိပ်ယောင် လျှို့ဝှက်ခန်းအတွင်း ပေါ်ထွက်လာခဲ့၏။
ယဲ့ချူယောင်ကို မြင်သောအခါ ကောက်ရှီယွမ် မှင်တက်သွားပြီး ချက်ချင်း မတ်တပ်ရပ်လိုက်သည်။
ကောက်ရှီယွမ်က
“စီနီယာအစ်မကို ဂါရဝပြုပါတယ်”
ယဲ့ချူယောင် ကောက်ရှီယွမ်ကို
“မင်းတို့ ရှန်ရှမြို့မှာ နေတာ နှစ်နှစ်တောင် ကျော်နေပြီ။ အဲ့ဒီမှာ ဘာလုပ်နေကြတာလဲ။”
ထိုအရာကို ကြားလျှင် တစ်စုံတစ်ခုကို ပြောရန် ကောက်ရှီယွမ် ပြင်လိုက်သော်လည်း ရှောင်ရွှီရင် မှာကြားထားသည်ကို သတိရသွား၏။
သို့သော် ပြန်စဉ်းစားကြည့်လျှင် ရှန်ရှမြို့ကိစ္စများက လျှို့ဝှက်ထားစရာ မရှိဟု သူမ ထင်မိသည်။
ကောက်ရှီယွမ်
“ဂျူနီယာမောင်လေး လုချန်းက ရှန်ရှမြို့မှာ မိစ္ဆာနတ်တစ်ပါးကို တွေ့ခဲ့တာပါ။ အဲဒီမိစ္ဆာနတ်ကို နှိမ်နင်းပြီးတဲ့နောက်မှာ မြို့တော်ဝန် အသစ်တစ်ယောက် ရွေးချယ်ပေးဖို့နဲ့ တခြားမိစ္ဆာနတ်တွေ ရှိမရှိ စောင့်ကြည့်ဖို့ ဒီမှာ ခဏနေဖို့ ဆုံးဖြတ်ခဲ့တာပါ။”
ယဲ့ချူယောင်
“မိစ္ဆာနတ် ဟုတ်လား”
ရှန်ရှမြို့ကဲ့သို့ လူသူကင်းမဲ့သည့် နေရာမျိုးတွင် မိစ္ဆာနတ် မည်သို့ရှိနေနိုင်မည်နည်းဟုတွေးရင်း ယဲ့ချူယောင် ဇဝေဇဝါ ဖြစ်သွားသည်။ သွေးလင်းယုန်ခန်းမမှ မိစ္ဆာနတ်များ သူလျှိုလွှတ်ချင်လျှင်ပင် ရှန်ရှမြို့ကို ရွေးချယ်စရာ အကြောင်းမရှိပေ။
အနည်းဆုံးတော့ ကျင့်ကြံသူများရှိသော မြို့များကိုသာ ရွေးချယ်ကြလိမ့်မည်။
ယဲ့ချူယောင် ကောက်ရှီယွမ်ကို
“ဒါဆို ပြီးခဲ့တဲ့ နှစ်နှစ်အတွင်းမှာ ဂျူနီယာမောင်လေးက ဘာတွေလုပ်နေလဲ။”
ကောက်ရှီယွမ်
“သူလည်း လွန်ခဲ့တဲ့ နှစ်နှစ်လုံး ကျင့်စဉ်ပဲကျင့်နေတာပါ။”
ယဲ့ချူယောင် ကောက်ရှီယွမ်ကို
“ကောင်းပြီ။ မင်းနဲ့ ဂျူနီယာညီမလေး ရှောင်တို့ သူ့ကို ဆက်ပြီး စောင့်ကြည့်ထားလိုက်ဦး။”
ကောက်ရှီယွမ်က
“ဟုတ်ကဲ့ပါ စီနီယာအစ်မ”
ခဏအကြာတွင် အင်းကွက်မှ အပြာရောင်အလင်းတန်း ကွယ်ပျောက်သွား၏။ အပြာရောင်အင်းကွက်ကို အာကာသလက်စွပ်ထဲ ပြန်ထည့်ကာ လျှို့ဝှက်ခန်းထဲမှ ကောက်ရှီယွမ် ချက်ချင်း ထွက်လာခဲ့သည်။
လျှို့ဝှက်ခန်းအပြင်သို့ ရောက်သောအခါ ကောက်ရှီယွမ် လေကို ဝဝရှူလိုက်၏။ သူမအတွက် နှစ်နှစ်ဆိုသည်မှာ မျက်တောင်တစ်ခတ်စာမျှသာဖြစ်၏။
သို့သော် လုချန်း ဤနှစ်နှစ်အတွင်း ဘာများလုပ်နေသနည်းဟု သူမ စိတ်ဝင်စားမိသဖြင့် ရှောင်ရွှီရင်၏ အဆောင်ဆီသို့ သွားကာ မေးမြန်းရန် ပြင်လိုက်သည်။
သို့သော် ရှောင်ရွှီရင်၏ အဆောင်သို့ ရောက်သောအခါ သူမကို မတွေ့ရပေ။ နတ်အာရုံဖြင့် ရှာဖွေသော်လည်း ရှောင်ရွှီရင်၏ တည်နေရာကို ကောက်ရှီယွမ် ရှာမတွေ့ခဲ့ပေ။
ဒါက...
တစ်စုံတစ်ခု ဖြစ်နေပြီလားဟု ကောက်ရှီယွမ် တွေးကာ မှင်တက်သွား၏။ သူမက ရှောင်ရွှီရင်၏ အဆောင်ရှိ အစေခံကို ဖမ်းဆွဲလိုက်ကာ
“ ညီမလေး ဘယ်မှာလဲ”
အစေခံက
“နတ်မိမယ်... နတ်မိမယ်ရှောင်က အခန်းထဲမှာ ရှိနေပါတယ်။”
ရှောင်ရွှီရင်၏ အိပ်ဆောင်ဆီသို့ ကောက်ရှီယွမ် ကြည့်လိုက်၏။
အခန်းထဲမှာလား။
သူမ၏ နတ်အာရုံဖြင့် အဘယ်ကြောင့် ရှာမရသနည်း။
နတ်အာရုံကို ပိတ်ပင်သည့် နည်းဗျူဟာများ ခင်းကျင်းထားခြင်းလားဟု သူမ တွေးတောလိုက်သည်။
ခဏလောက် ကျင့်စဉ်ကျင့်တာတောင် နတ်အာရုံကို ပိတ်ပင်ရန် နည်းဗျူဟာ ခင်းကျင်းထားသည့် ညီမလေးရှောင်၏ အစိုးရိမ်လွန်မှုကို ကောက်ရှီယွမ် နားမလည်နိုင် ဖြစ်သွားသည်။
ဤကဲ့သို့ အချိန်တို တံခါးပိတ်ကျင့်စဉ် ဝင်ခြင်းက စိတ်ဝိညာဉ် တစ်ခုလုံး နစ်မြောသွားခြင်း မရှိသဖြင့် အန္တရာယ် တစ်စုံတစ်ရာ ရှိလျှင် သိနိုင်သည်။
ထို့ကြောင့် နည်းဗျူဟာများ ခင်းကျင်းရန် မလိုအပ်ချေ။
ကောက်ရှီယွမ် ပြန်စဉ်းစားကာ မောင်လေးချန်းလု ဘာလုပ်နေသလဲဆိုတာကို အရင်သိချင်သွား၏။
ကောက်ရှီယွမ် အစေခံကို
“ဒါဆို မောင်လေးရော ဘယ်မှာလဲ”
အစေခံက
“နတ်သားလုလည်း အဲ့ဒီအခန်းထဲမှာပဲ ရှိနေပါတယ်”
ကောက်ရှီယွမ် မှင်တက်သွားပြန်သည်။ သို့သော် မောင်လေးချန်းလုနှင့် ညီမလေးရှောင်တို့ အရေးကြီးသည့် ကိစ္စတစ်ခုကို ဆွေးနွေးနေသဖြင့် နတ်အာရုံကို ပိတ်ပင်ထားခြင်း ဖြစ်မည်ဟု သူမ ချက်ချင်း တွေးလိုက်မိ၏။
သို့သော် အရေးကြီးကိစ္စဆိုလျှင် သူမကိုပါ နှိုးပြီး အတူတူ ဆွေးနွေးသင့်သည် မဟုတ်ပါလား။
ကောက်ရှီယွမ် အစေခံကို
“သူတို့ အခန်းထဲမှာ ရှိနေတာ ဘယ်လောက်တောင် ကြာပြီလဲ။”
အကယ်၍ အရေးကြီးသည့် ကိစ္စဖြစ်လျှင် သူမလည်း ပါဝင် နားထောင်သင့်သည်ဟု ကောက်ရှီယွမ် ယူဆသည်။
အစေခံ ကောက်ရှီယွမ်ကို
“သူတို့ အခန်းထဲမှာ ရှိနေတာ တစ်နှစ်တောင် ရှိပါပြီ။”
အစေခံ၏ စကားကို ကြားလျှင် အေးစက်စက် အလှပိုင်ရှင် ကောက်ရှီယွမ်၏ နှုတ်ခမ်းများ အံ့ဩတကြီး ဟသွား၏။
တစ်နှစ်လုံးတောင်...
သူမသည် လူအ မဟုတ်ပေ။ ယောက်ျားတစ်ယောက်နှင့် မိန်းမတစ်ယောက် အခန်းထဲတွင် တစ်နှစ်ပတ်လုံး ကိစ္စရပ်များကို ဆွေးနွေးနေတာ မဖြစ်နိုင်ကြောင်း သူမ သိ၏။
ရှောင်ရွှီရင်က လုချန်းကို အလွန် နီးနီးကပ်ကပ် သင်ကြားပေးနေတာလား...
သို့သော်လည်း တစ်နှစ်အတွင်းမှာတော့ အခန်းထဲက ထွက်လာသင့်သည် မဟုတ်ပါလား...
စုံတွဲကျင့်စဉ် တစ်ခုခု ကျင့်နေကြတာများလား...
…..
ထိုအခိုက်အတန့်တွင်။
လုချန်းသည် ရှောင်ရွှီရင်၏ အိပ်ဆောင်အတွင်း၌ ကျင့်ကြံနေ၏။ ရှန်ရှမြို့အတွက် မြို့တော်ဝန် ရွေးချယ်ပြီးနောက် ဤနှစ်နှစ်အတွင်း လုချန်းနှင့် ရှောင်ရွှီရင်တို့သည် ညတိုင်းလိုလို အတူတူ ရှိနေခဲ့ကြသည်။
နောက်ပိုင်းတွင် နည်းဗျူဟာ ခင်းကျင်းလိုက်ပြီးနောက် တစ်နှစ်လုံး အခန်းထဲတွင်ပင် နေထိုင်ခဲ့ကြ၏။ နှစ်ဦးစလုံးသည် နတ်များ ဖြစ်ကြသဖြင့် အစားအသောက် မလိုပေ။
လုချန်းက အတန်ငယ် ကြမ်းတမ်းသော်လည်း ရှောင်ရွှီရင်ကတော့ စိတ်ရှည်လက်ရှည်ဖြင့် သည်းခံပေးခဲ့သည်။
ထို့ပြင် သူမသည် လုချန်းကို မြတ်နိုးသူဖြစ်သဖြင့် သူ မည်မျှပင် ရူးသွပ်ပါစေ သည်းခံနိုင်စွမ်း ရှိ၏။
လုချန်းတွင် အဆင့်မြင့် နတ်ကျင့်စဉ်များ မရှိသေးပေ။
သူတို့ ကျင့်ကြံစဉ် နဂါးနှင့်ဖီးနစ် ယင်ယန်ကျင့်စဉ်ကိုသာ သုံးခဲ့၏။ ထို့ပြင် ရှောင်ရွှီရင်ကိုလည်း လျှို့ဝှက်ဆန်းကြယ်မိန်းမပျိုကျင့်စဉ်ကို သင်ကြားပေးခဲ့သည်။
လူသား ကျင့်ကြံသူများ သုံးသည့် ကျင့်စဉ်များက သူတို့အတွက် အလွန်အကျိုးမများသော်လည်း ထိုအရာက သူတို့၏ ရည်မှန်းချက် မဟုတ်သဖြင့် ဂရုမစိုက်ကြပေ။
ဤကျင့်စဉ်များသည် အပိုဆောင်း အရာများသာဖြစ်သည်။
လုချန်း တကယ် လိုလားသည်က ရှောင်ရွှီရင်ကို ကိုယ်ဝန်ရစေရန် ဖြစ်၏။ ကံဆိုးသည်က နတ်များအဖို့ ရင်သွေးရရှိရန် အလွန်ပင် ခဲယဉ်းလှသည်။
ထိုအခိုက်အတန့်တွင် သူ၏ကိုယ်မှ ထွက်ပေါ်လာသည့် အစိမ်းရောင် လမ်းစဉ် အငွေ့အသက်များက သူတို့နှစ်ဦးကို ဝန်းရံထားသည်ကို လုချန်း သတိပြုမိလိုက်၏။ ထိုအငွေ့အသက်များတွင် အမည်းရောင် မြူခိုးများ ကပ်ပါနေသည်ကိုလည်း တွေ့လိုက်ရသည်။
ဒါက...
ဖန်တီးခြင်း လမ်းစဉ်၏ အငွေ့အသက်တွင် အဘယ်ကြောင့် အမည်းရောင် မြူခိုးများ ရှိနေသနည်းဟု တွေးတောရင်း လုချန်း မှင်တက်သွား၏။
ထိုအမည်းရောင် အရာက ဘာများနည်း။
ဖန်တီးခြင်း လမ်းစဉ်၏ စွမ်းအားကို သုံးကာ ထိုအမည်းရောင် မြူခိုးများကို ဖယ်ရှားရန် လုချန်း ချက်ချင်း ကြိုးစားလိုက်သည်။
သို့သော် အမည်းရောင် မြူခိုးများသည် လမ်းစဉ် အငွေ့အသက်တွင် တွယ်ကပ်နေဆဲ ဖြစ်ပြီး ဖယ်ရှား၍ မရခဲ့ပေ။
ထျန်းရန် နတ်ဘုရား နယ်မြေရှိ လူများကို မျိုးဆက်မပြန့်ပွားအောင် ဟန့်တားနေသည့် တရားခံက ဤအမည်းရောင် မြူခိုးများ ဖြစ်ကြောင်း လုချန်း နားလည်သွားပုံ ရသည်။
ဖန်တီးခြင်း လမ်းစဉ် စွမ်းအားများ တိုက်စားခံနေရပြီး မျိုးဆက်ပြန့်ပွားခြင်း လမ်းစဉ်ပင် တဖြည်းဖြည်း ပျောက်ကွယ်နေသဖြင့် လူသားများနှင့် နတ်များအတွက် ရင်သွေးရရှိရန်မှာ အလွန်ပင် ခက်ခဲနေခြင်း ဖြစ်သည်။