ပူးကပ်ခြင်းနှင့် ဝါးမြိုခြင်း
Vol. 94 Ch. 1303
“ငါ မင်းကို ကျီတုံယမ်းလို့ ခေါ်သင့်လား ဒါမှမဟုတ် ... ကျီမျိုးနွယ်စုခေါင်းဆောင်ကြီးလို့ ခေါ်သင့်လား” ကျီတုံယမ်းကို ကြည့်နေစဉ် မန်ဟို၏မျက်လုံးများသည် မှေးကျဉ်းနေပြီး သတိအပြည့်ရှိနေ၏။ အန္တရာယ်အချက်ပေးခေါင်းလောင်းသံများက သခင်အဖြူနှင့် တိုက်ခိုက်နေခဲ့တုန်းကထက်ပင် ပိုမိုကျယ်လောင်လာသည်။
မန်ဟို၏ လက်ရှိအခြေအနေမှာ အားအနည်းဆုံးဖြစ်နေ၍ ကျီတုံယမ်း ယခု ပေါ်လာသည့်အချက်က အချိန်ကောင်းကို ကြာမြင့်စွာ စောင့်နေခဲ့သည်ဟု သက်သေပြနေသည်။ သူ့အတွက် ဤကဲ့သို့အခွင့်အရေးမျိုးကို ကြုံတွေ့နိုင်ခြေကား မဖြစ်နိုင်လောက်အောင် နည်းပါးသည်မဟုတ်ပါလော။
မန်ဟို့အား ကျီတုံယမ်း၏ သရုပ်မှန်ကို သံသယဝင်စေခဲ့သော အချက်တစ်ချက်မှာ ကျီတုံယမ်း သူ့ကို ဤမျှအချိန်အတိုင်းအတာထိ တိတ်ဆိတ်စွာ လိုက်နေနိုင်ခဲ့သည့်အချက်ပင်။ ထို့ကြောင့် မန်ဟိုသည် သူ ခန့်မှန်းထားသည့် ဤလူ၏သရုပ်မှန်ကို ဖွင့်ဟပြောလိုက်ခြင်းဖြစ်၏။
ထိုမျှသာမက ကျီတုံယမ်းသည် စောင့်နေခဲ့သည့် အခွင့်အရေး နောက်ဆုံးတော့ ရောက်ရှိလာသဖြင့် စိတ်လှုပ်ရှားနေ၍ဖြစ်လိမ့်မည်၊ အရေးကြီးသောအချက်အလက်အနည်းငယ်ကို အမှတ်တမဲ့ လွှတ်ခနဲ ပြောခဲ့မိ၏။ စကားတစ်ခွန်းတည်းနှင့် သူ မည်သူမှန်း မန်ဟို ခန့်မှန်းနိုင်ခဲ့ကြောင်း သိသွားလျှင် ကျီတုံယမ်းသည် မုချအံ့အားသင့်သွားလိမ့်မည်။
ကျီတုံယမ်းက တခဏ ပါးစပ်အဟောင်းသား ဖြစ်သွားပြီးနောက် သူ၏သရုပ်မှန်ကို မန်ဟိုသိလည်း အရေးမကြီးမှန်း နားလည်၍ မခိုးမခန့်ရယ်လိုက်သည်။
“ဒီနေ့ခေတ်မှာတော့ ကျီတုံယမ်းဆိုတဲ့ နာမည်ကို ငါ သဘောကျပေမယ့် .. အတိတ်တုန်းက ငါ့ကို ကျီတျန်းလို့ သိကြတယ်”
စကားလုံးများ ကျီတုံယမ်း၏ပါးစပ်မှ ထွက်လာသည်နှင့် မန်ဟို၏သူငယ်အိမ်များ ကျဉ်းမြောင်းသွားသည်။ ကျီတျန်းသည် ဖန်မျိုးနွယ်စု၏ ပထမဆုံးမျိုးဆက်ခေါင်းဆောင်ကြီးနှင့် ခေတ်ပြိုင်ဖြစ်သော အစွမ်းထက်ပညာရှင်၊ ကျီမျိုးနွယ်စု၏ခေါင်းဆောင်ကြီး ဖြစ်၏။ နဝမတောင်ပင်လယ်သခင်ရာထူးအတွက် ယှဉ်ပြိုင်တိုက်ခိုက်ရာတွင် သူက ထိပ်ဆုံးသို့ တက်လာနိုင်ခဲ့သည်။
“ကုစားလို့ရအောင် အချိန်ဆွဲနေစရာမလိုပါဘူး။ မင်းရဲ့ ဒဏ်ရာတွေက အချိန်တိုတိုနဲ့ ပြန်သက်သာလာဖို့ ပြင်းထန်လွန်းတယ်။ ငါတောင်မှ သခင်အဖြူရဲ့ အတိုက်အခိုက်စွမ်းရည်အဆင့်နဲ့ဆို သခင်အဖြူကို နိုင်မှာမဟုတ်ဘူး။ သေချာပေါက် ရှုံးလိမ့်မှာ
“မင်းကတော့ .... မင်းကြောင့် ငါ သိပ်သိပ်ပျော်မိတယ်
“မင်းကို ငါ့ကို ကိုးဘဝမြောက်အဖြစ် ရွေးချယ်ခဲ့တာက ငါ့အတွက် လုံးဝအကောင်းဆုံးဆုံးဖြတ်ချက်ပဲ .. ကဲ လာတော့ မန်ဟို ငါနဲ့တစ်ကိုယ်တည်း ဖြစ်လိုက်တော့။ ငါ့ရဲ့ ကိုးသက်မြောက် ဖြစ်လိုက်တော့။ ပြီးရင် ငါဟာ အရာအားလုံးကို တစ်ချိန်တုန်းအတိုင်း ပြန်ဖြစ်အောင် ပြုပြင်ပေးမယ်။ နဝမတောင်ပင်လယ်ကို ဦးဆောင်ရင်း ကောင်းကင်ဘုံ ၃၃ ဘုံကို တိုက်ခိုက်မယ်။ သူတို့ပြန်အလာကို တွန်းလှန်မယ်
“မင်းကိုယ်မင်း စတေးလိုက်တော့။ မင်းအနေနဲ့ ငါ့ကိုတင်မကဘူး တောင်ပင်လယ်လောကတစ်ခုလုံးကို ကူညီနိုင်လိမ့်မယ်။ ဖန်မျိုးနွယ်စုကို ကောင်းကောင်းစောင့်ရှောက်ပေးပါ့မယ်လို့တောင် ငါ ကတိပေးနိုင်တယ်....
“မင်းအပိုင်တွေအားလုံး ... ငါ့အပိုင် ဖြစ်လာလိမ့်မယ်" ကျီတုံယမ်းက အားရဝမ်းသာစွာ ရယ်နေပြီး မျက်လုံးများ တလက်လက် တောက်ပနေသည်။ သို့သော် သူသည် မန်ဟိုအနား ကပ်မလာသေးပေ။ စောစောက သူ စောင့်ကြည့်နေခဲ့သော တိုက်ပွဲက သူ့ကို အတိုင်းထက်အလွန် ထိတ်လန့်တုန်လှုပ်စေခဲ့လေသည်။
မန်ဟိုက မျက်နှာထားတင်းတင်းဖြင့် ပြန်တုံ့ပြန်မပေ။ သူသည် ကျီတုံယမ်းကို အေးစက်စက်သာ ကြည့်ရင်း လေတွင် ပျံဝဲနေ၏။
မန်ဟိုလည်း မလှုပ်ရှားသလို၊ ကျီတုံယမ်းလည်း အလျင်စလို ပြုမူခြင်းမရှိ။ သူတို့သည် အသက်ဆယ်ရှိုက်ကြာသည်အထိ တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေပြီးနောက် ကျီတုံယမ်းက မျက်မှောင်ကြုတ်ကာ မန်ဟို့ထံ ခြေသုံးလှမ်း လှမ်းသည်။
ထိုခြေသုံးလှမ်း ကျဆင်းနေစဉ် မန်ဟို့မျက်လုံးများက သတ်ဖြတ်လိုစိတ်ဖြင့် မီးဝင်းဝင်းတောက်နေပြီး သူလည်း ကျီတုံယမ်းထံ စလျှောက်သည်။ ထိုကဲ့သို့ မထင်ထားသည့် လှုပ်ရှားမှုက ကျီတုံယမ်းကို ရင်ထဲထိတ်သွားစေပြီး သူ့မှာ စဉ်းပင်မစဉ်းစားမိဘဲ အလိုလိုနောက်ဆုတ်မိလိုက်သည်။
သို့သော် သူ နောက်ဆုတ်လိုက်သည့်အခိုက်အတန့်တွင် မန်ဟိုလည်း ထိုနည်းတူ လုပ်သည်။ မျက်စိတစ်မှိတ်အတွင်း သူကား အဝေးသို့ ရောက်သွားလေပြီ။
ကျီတုံယမ်းသည် စိတ်သက်သာရာရသွားပြီး မျက်လုံးများ အေးစက်စက် တောက်ပနေလျက် မန်ဟို့နောက် လိုက်၏။ သူက အနားရောက်သွားသည့်အခါ ညာလက်ကို ဆန့်တန်း၍ မုဒြာလက်ကွက်တစ်ကွက်ဖော်ကာ လက်ညှိုးထိုးလိုက်သည်။ ချက်ချင်းပင် အနက်ရောင်အလင်းတန်းတစ်တန်းက မန်ဟို့ထံ ပြေးဝင်သွား၏။
မန်ဟိုလည်း သက်ပြင်းခိုးချလိုက်သည်။ ကျီတုံယမ်းကို ရင်ဆိုင်ခြင်းက ခက်ခဲမည်ဖြစ်ကြောင်း သူ သိသည်။ ကျီတုံယမ်းအတွက် လက်ရှိအဆင့်အတန်းအထိ ရောက်နေခဲ့သည်က သူသည် မလှုပ်ရှားခင် စနည်းနာတတ်သော လူစားမျိုးဖြစ်ကြောင်း သက်သေပြနေ၏၊။ သူက အင်မတန် သတိကြီးသောလူတစ်ယောက်ဖြစ်မှန်းလည်း သိသာသည်။
ထိုမျှသာမက မန်ဟို့အနေဖြင့် အားအကုန်ခံနိုင်သောအခြေအနေတွင် မရှိပေ။ သူ့ဒဏ်ရာများမှာ လွန်စွာဆိုးရွားနေသလို၊ ယခုလေးတင်မှ စတင်ကုစားခဲ့ခြင်းဖြစ်သည်။ သူက မျက်မှောင်ကြုတ်ရင်း သူ့လက်ကို အနက်ရောင်အလင်းတန်းထံသို့ ဝှေ့ယမ်း၍ ၎င်းကို ခွဲခြေပစ်လိုက်သည်။
ပေါက်ကွဲသံတစ်သံ ပဲ့တင်ထပ်သွားပြီး တန်ပြန်အားက သူ့ပါးစပ်မှ သွေးများ စီးကျလာစေသည်။ သူ့အနောက်တွင် ကျီတုံယမ်းက မခိုးမခန့် ရယ်သည်။
“ညီနောင်မန်၊ သိပ်စိတ်ပူမနေပါနဲ့။ အချိန်တွေ အများကြီးရှိပါသေးတယ်။ မင်း ဒဏ်ရာတွေကလည်း ပြင်းထန်နေတယ်လေ။ ငါက စိတ်ရှည်တတ်ပါတယ်ကွ။ မင်း တောင့်မခံနိုင်တော့ဘဲ သတိလစ်သွားတဲ့အထိ ငါ စောင့်ပေးပါ့မယ်
“တိုက်ခိုက်ချင်လည်း အချိန်မရွေး တိုက်ခိုက်လို့ရတယ်နော်။ မင်း ငါ့ကို မသတ်နိုင်ခင် သတိလစ်သွားလိမ့်မယ်လို့ ငါ ရဲရဲကြီး လောင်းရဲတယ်။ ဒီတော့ မင်း ငါ့ကို တိုက်ခိုက်ချင်ရဲ့လား သေချာစဉ်းစား” ကျီတုံယမ်းသည် မန်ဟို့ကို စိုက်ကြည့်နေပြီးနောက် ညာလက်ဖြင့် မုဒြာလက်ကွက်တစ်ကွက် ဖော်လိုက်ကာ ကံကြွေးစွမ်းအားအပြည့်ပါသော အနက်ရောင်အလင်းတန်းဆယ်တန်းအား မန်ဟို့ထံ ပြေးဝင်သွားစေသည်။
မန်ဟိုက အရှိန်တင်ရုံမှတစ်ပါး ဘာမှပြန်မလုပ်ပေ။ မျက်စိတစ်မှိတ်အတွင်း သူကား သူတို့အကြားက အကွာအဝေးကို ပိုလှမ်းသွားစေပြီး ထွက်ပြေးလိုက်သည်။ သို့သော် ကောင်းကင်နတ်ဘုရားမဟာမိတ်အဖွဲ့ထံ မဟုတ် ... သတ္တမနှင့် အဋ္ဌမတောင်ပင်လယ်ကို ဆက်သွယ်ပေးထားသော အကွဲကြောင်းဆီသို့ ပင်။
သူက သခင်အဖြူ ဆုတ်ခွာသွားခဲ့သော လမ်းကြောင်းနောက် လိုက်နေလေသည်။
မန်ဟိုသည် မယုံကြည်နိုင်ဖွယ် အမြန်နှုန်းဖြင့် တအံ့တဩ ငေးကြည့်နေကြသော ဆံနီအဘိုးအိုနှင့် သတ္တမတောင်ပင်လယ်ကျင့်ကြံသူများကို ဖြတ်ကျော်သွား၏။
ကျီတုံယမ်းက အံ့အားသင့်နေဟန်ဖြင့် နောက်မှထပ်ကြပ်မကွာ လိုက်လာသည်။ သူသည် မန်ဟို တိုက်ခိုက်ခိုက်၊ မတိုက်ခိုက်ခိုက် ဘာလုပ်ရမလဲ အစီအစဉ်ချထားပြီးဖြစ်၏။ မန်ဟို မတိုက်ခိုက်လျှင် တိုက်ခိုက်အောင် သူ ဖိအားပေးမည်။ မန်ဟို တိုက်ခိုက်လျှင် ခြေကုန်လက်ပန်းကျအောင် သူ လုပ်မည်။ သို့သော် မန်ဟိုက အကွဲကြောင်းထဲ ဝင်ဖို့ ရွေးချယ်လိမ့်မည်ဟု သူ ခန့်မှန်းမိခဲ့ပေ။
အကွဲကြောင်းထဲ ဝင်ပါက သတ္တမတောင်ပင်လယ်သို့ နေရာရွှေ့ပြောင်းခံရလိမ့်မည်။ ထိုအခါ သူ့အတွက် ကျားဂူထဲ ရောက်သွားသလို အန္တရာယ်ဖြစ်နိုင်သော်လည်း မန်ဟိုက ထိုနေရာတွင် အသက်ရှင်နိုင်ခြေများကြောင်း ခံစားနေရပုံပင်။
မှန်သည်၊ ထိုအန္တရာယ်က ကျီတုံယမ်းအတွက်လည်း အတူတူဖြစ်မည်။ သူ၏အသက်ရှင်နိုင်ခြေလည်း ... နည်းပါးလိမ့်မည်။ သူသာ သတ္တမတောင်ပင်လယ်သို့ သွားလျှင် သူ့ကိုယ်ပွားမှာ ကိုယ်အစစ်နှင့် တောင်ပင်လယ်နှစ်ခုခြားသွားမည် မဟုတ်ပါလော။ နှစ်ခုကွာဝေးသွားမှုက အသက်အန္တရာယ်ကို ထိပါးလိမ့်မည်။
ထို့ကြောင့် သူ၏မူလအစီအစဉ်မှာ အဋ္ဌမတောင်ပင်လယ်တွင် မန်ဟို့ကို ပူးကပ်ရန် ဖြစ်ခဲ့သည်။ သို့သော် သတ္တမတောင်ပင်လယ် ကျူးကျော်လာသောအခါ မန်ဟိုက ထွက်မသွားရန် ရွေးချယ်ခဲ့သည့်အတွက် သူ၏အစီအစဉ်ကို နှောင့်နှေးစေခဲ့လေသည်။
“သောက်ကျိုးနည်း” ကျီတုံယမ်း၏ မျက်နှာ ရိပ်ခနဲ ဖြစ်သွာပြီး သူက မန်ဟို့ထံ အရှိန်ထပ်တင်လိုက်သဖြင့် ထစ်ချုန်းသံများ ပဲ့တင်ထပ်လာသည်။ မန်ဟို အကွဲကြောင်းအနား ရောက်သွားသည့်အချိန်မှာပင် ကျီတုံယမ်း၏ မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်တို့ တောက်ပလာပြီး သူက လှမ်း၍ ဖမ်းဆုပ်လိုက်ဟန် လုပ်သည်။ မရေမတွက်နိုင်သော ကံကြွေးမျှင်များသည် မန်ဟို့ကို ဖမ်းဆုပ်တော့မည့် လက်ကြီးတစ်ဖက်အဖြစ် လှည့်ပတ်စုဝေးလာ၏။
သို့သော် လက်ကြီးမှာ နှေးလွန်းပြီး မန်ဟိုက အကွဲကြောင်းထဲသို့ ကိုယ်တစ်ဝက် ရောက်နေလေပြီ။ သူသည် လွတ်သွားတော့မည့်ပေါ်နေရာ ကျီတုံယမ်းမှာ မည်မျှပင်သတိကြီးပါစေ ဤအခိုက်အတန့်တွင် စဉ်းစားရန် အချိန်မရပေ။ သူ တစ်စက္ကန့်လေး တွန့်ဆုတ်လိုက်လျှင်ပင် မန်ဟို ပျောက်ကွယ်သွားလိမ့်မည်။ သူသည် အံတင်းတင်းကြိတ်ရင်း ကျင့်ကြံခြင်းအခြေခံစွမ်းအားများကို ထုတ်ဖော်၍ နဝမတောင်ပင်လယ်မှ စွမ်းအားနှင့်အတူ သူ့တန်ခိုးက မြင့်တက်လာပြီး တောင်ပင်လယ်သခင်တစ်ဦး၏ ဘုန်တန်ခိုးကြီးမြတ်မှုသည် ထွက်ပေါ်လာ၏။
သူက မျက်စိတစ်မှိတ်အတွင်း အကွဲကြောင်းထဲ ရှစ်ဆယ်ရာခိုင်နှုန်း ဝင်ရောက်နေပြီဖြစ်သော မန်ဟို့ထံ ပြေးဝင်သွားသော ပုံရိပ်များအသွင် ပြောင်းသွားသည်။
“ပူးကပ်ခြင်း” ကျီတုံယမ်းက ဟိန်းဟောက်သည်။ သူ့ခန္ဓာကိုယ်သည် အရည်ပျော်နေပုံရပြီး သူ့ဝိညာဉ်မှာ မန်ဟို့ကို ပူးကပ်ဖို့ ပျံထွက်ခါနီးနေလေပြီ။ ထိုအခိုက်အတန့်တွင် .... သူ သူ့ဝိညာဉ်ကို ထုတ်ဖို့ ပါးစပ်ဟနေသည့်အချိန်မှာပင် မန်ဟိုက စိတ်ပိုင်းဖြတ်ထားသော မျက်နှာထားဖြင့် ချာခနဲ လှည့်လာသည်။ သူ့နှုတ်ခမ်းတွင် မထီမဲ့မြင်အပြုံးတစ်ခု ဖြစ်ထွန်းနေပြီး သူ့မျက်နှာထားအရ ထွက်ပြေးရန် အစီအစဉ်မရှိသည့်အလားပင်။ အမှန်တွင် သူသည် ကျီတုံယမ်းကို ထောင်ချောက်ထဲ မျှားခေါ်နေခဲ့ခြင်းဖြစ်၏။
ဤသည်က သခင်အဖြူထံမှ သူ သင်ယူခဲ့သော ဗျူဟာတစ်ခုပင်။
ကျီတုံယမ်း၏မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားသည်။
“အရာခပ်သိမ်းကို ဝါးမြိုမယ့် ဝံပုလွေ” မန်ဟိုက ဟိန်းဟောက်သည်။ မန်ဟို့ကိုယ်ထဲ၌ အားတစ်ဖုံလေးမျှသာ အမှန်တကယ် ကျန်တော့၍ ထိုတစ်ဖုံကို မည်သို့အသုံးပြုမလဲဟူ၍ မေးခွန်း ထုတ်စရာရှိသည်။ သို့သော် ဤနောက်ဆုံးတစ်ဖုံက သူ ကျီတုံယမ်းကို နိုင်မလား၊ ရှုံးမလား ဆုံးဖြတ်ပေးနိုင်သည်။
သူ လုပ်ခဲ့သည်မှာ သူ၏တာအိုသစ်သီးအတွင်း၌ တည်ရှိသော လောဘ၏အသက်စွမ်းအားအနှစ်သာရကို လှုံ့ဆော်ဖို့ ထိုအားအင်တစ်ဖုံကို အသုံးပြုခဲ့ခြင်းပင်။ ချက်ချင်းပင် မိုးကောင်းကင်ကို တုန်ခါ၍ မြေကြီးကို ကြေမွအက်ကွဲသွားစေသော ဧရာမဝံပုလွေကြီးတစ်ကောင်က သူ့အနောက်တွင် ခေါင်းနောက်လှန်၍ ဟိန်းဟောက်ရင်း ပေါ်လာသည်။
ကျီတုံယမ်း မန်ဟို့ကို ပူးကပ်ဖို့ ကြိုးစားလိုက်သည့်အချိန်မှာပင် ဝံပုလွေကြီးက ကျီတုံယမ်းကို စားဖို့ ပြင်သည်။
တစ်ယောက် ပူးကပ်ဖို့ ကြိုးစားနေသည်။ တစ်ယောက်က စားဖို့ ကြိုးစားနေသည်။ မည်သူ အနိုင်ရမည်လဲ ဆုံးဖြတ်ဖို့ ခက်သည်။ ကျီတုံယမ်း၏ဝိညာဉ်က မန်ဟို၏အသိစိတ်ပင်လယ်ထဲအထိ ထိုးဖောက်ဝင်ရောက်သွားပြီး တစ်ဆက်တည်းမှာပင် ကျီတုံယမ်း၏ခန္ဓာကိုယ်မှာ ဝံပုလွေကြီး၏ စားခြင်းခံလိုက်ရသော အသက်ငွေ့များ ဖြစ်လာသည်။
တဝုန်းဝုန်းထစ်ချုန်းသံများ မြည်ဟည်းနေစဉ် ကျီတုံယမ်း ပျောက်ကွယ်သွားသည်။ မန်ဟိုမှာတော့ သူ့ကိုယ်ထဲတွင် ပေါက်ကွဲအားတစ်လှိုင်း ထကြွလာနေသဖြင့် တစ်ကိုယ်လုံးကို တုန်ရီနေသည်။ ထိုအားလှိုင်းက သူ့ကို အကွဲကြောင်း၏ဝေးရာသို့ တွန်းပို့လိုက်ပြီးနောက် သူ ပျောက်ကွယ်သွားတော့သည်။
မန်ဟိုရော၊ ကျီတုံယမ်းရော သတ္တမတောင်ပင်လယ်၏ကျင့်ကြံသူများ ရှေ့မှောက်တွင် တစ်ယောက်ကိုတစ်ယောက် စားလိုစိတ်၊ ပူးကပ်လိုစိတ် မရှိကြပေ။ နှစ်ယောက်လုံး တစ်ပြိုင်တည်း ဝေးရာသို့ နေရာရွှေ့ပြောင်းသွားကြသည်။ မျက်စိတစ်မှိတ်အတွင်း သူတို့သည် အဋ္ဌမတောင်ပင်လယ်ကြယ်တာရာကောင်းကင်၏ ချောင်ကျသောတစ်နေရာတွင် ပြန်ပေါ်လာကြ၏။
မန်ဟိုမှာ ခန္ဓာကိုယ်မှ အသက်ဓာတ်များကို ရံဖန်ရံခါ ထုတ်လွှတ်လျက် အလောင်းကြီးလို လွင့်မျောနေသည်။ တစ်ခါတလေ ဝုန်းခနဲ ထစ်ချုန်းသံကို ကြားရပြီး တစ်ချိန်တည်းမှာပင် သခင်အဖြူနှင့်တိုက်ပွဲမှ ရရှိခဲ့သော သူ၏ဒဏ်ရာများမှာ ကျီတုံယမ်း၏အသက်ငွေ့များကို စားခဲ့ခြင်းကြောင့် ရရှိလိုက်သော ကုစားစွမ်းအား၏ရလဒ်အနေဖြင့် သက်သာလာသည်။ အတွင်းဒဏ်ရာများလည်း လျင်မြန်စွာ ပျောက်ကင်းနေသည်။
သို့သော် မန်ဟို၏ အသိစိတ်ပင်လယ်တွင်မူ ရင်သပ်ရှုမောဖွယ် တိုက်ပွဲကြီးတစ်ပွဲသည် ဝါးမြိုခြင်းနှင့် ပူးကပ်ခြင်းစွမ်းအားများအကြား ဖြစ်ပွားနေ၏။ တိုက်ပွဲမှာ အတိမ်းအစောင်းမခံသော အခြေအနေသို့ ရောက်ရှိနေပြီဖြစ်၍ ရှုံးသည့်မည်သူမဆို သေချာပေါက် သေရလိမ့်မည်။
ထိုမျှသာမက ... တစ်ယောက်၏သေဆုံးခြင်းက ကျန်တစ်ယောက်ကို ပိုအစွမ်းထက်အောင် ကူညီပေးနိုင်မည်။
ဉာဏ်များပြီး သတိကြီးသော ကျီတုံယမ်းသည် မန်ဟို ကျင့်ကြံခြင်းအခြေခံအရရော၊ နတ်ဘုရားအာရုံအရပါ အားနည်းနေသောအချိန်တွင် တိုက်ခိုက်ဖို့ ဤအခိုက်အတန့်ကို စောင့်နေခဲ့၏။ ထို့ကြောင့် သူ၏အစီအစဉ်အတိုင်းသာ သွားခဲ့လျှင် ကျီတုံယမ်းအနေဖြင့် မန်ဟို့ကို လွယ်လင့်တကူ ပူးကပ်နိုင်လိမ့်မည်။
ကျီတုံယမ်းမှာ ပူးကပ်ဖို့ အချိန်ကြာမြင့်စွာ ပြင်ဆင်ခဲ့ရလေသည်။ သူသည် မန်ဟို့ကို စေ့စေ့စပ်စပ် လေ့လာခဲ့၍ သူ၏ကြောက်မက်ဖွယ် နတ်ဘုရားအာရုံနှင့် ထူးခြားသောကျင့်ကြံခြင်းအခြေံကို ကောင်းကောင်းသိ၏။ မန်ဟိုက တောင်ပင်လယ်လောက၏ သခင်အလောင်းအလျာဖြစ်၍ တန်ခိုးကြီးမားကြောင်း သူ သိထားသော်လည်း ထိုအခြင်းအရာများက သူ့ကို ပိုမိုစွဲလမ်းစေသည်။ ထို့ကြောင့် မန်ဟို့ကို ပူးကပ်ဖို့ အကြာမှအကြာကြီး စောင့်ခဲ့ပြီး မန်ဟို သူ့လက်ထဲမှ လွတ်၍ သူ့အစီအစဉ်အားလုံး သဲထဲရေသွန်ဖြစ်ခါနီးတွင် အခွင့်အရေးက သူ့ဆီ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့၏။ မန်ဟိုက သခင်အဖြူကို တိုက်ခိုက်ရင်း အလွန်တရာအားနည်းသွားခဲ့လေသည်။
ထိုအချိန်တုန်းက သူ့မှာ အတိုင်းထက်အလွန် စိတ်လှုပ်ရှားခဲ့မိသည်။
သို့သော် သူ၏ ထောင့်စေ့သောအစီအစဉ်တွင် ... သူ သတိလွတ်သွားခဲ့သည့် တစ်နေရာရှိ၏။
သူသည် မန်ဟို့အနောက် လိုက်ဖို့ ငရဲဘုံ ၃၃ ဘုံထဲအထိ သွားခဲ့သော်လည်း ထိုအထဲက သင်္ချိုင်းဗိမာန်ထဲ သူ လိုက်မဝင်နိုင်ခဲ့ပေ။ လူတိုင်း သင်္ချိုင်းထဲ ဆွဲခေါ်ခံခဲ့ရသောအချိန်တွင် သူက ကောင်းကင်နတ်ဘုရားအဖွဲ့အစည်း၏ ဓမ္မစောင့်ရှောက်သူချုပ်နည်းတူ ထွက်ပြေးဖို့ ရွေးချယ်ခဲ့သည်။ ထို့ကြောင့် လောဘနှင့်ပတ်သက်၍ ဖြစ်ပွားခဲ့သမျှအရာအားလုံးကို သူ မသိခဲ့ပေ။
သို့ဖြစ်၍ မန်ဟို နောက်ဆုံးအခိုက်အတန့်တွင် ဆင့်ခေါ်ခဲ့သော စွမ်းအား၊ လောဘ၏ အသက်စွမ်းအားအနှစ်သာရကိုလည်း သူ မသိတော့။ လောဘ၏အနှစ်သာရသည် ကျီတုံယမ်း၏ အသက်စွမ်းအားနှင့် ဝိညာဉ်အပါအဝင် အရာအားလုံးကို စားသုံးနိုင်၏။ သူ ထုတ်လွှတ်ခဲ့သည့် ပူးကပ်ခြင်းစွမ်းအားပင် အစားခံလိုက်ရသည်။
“မလုပ်နဲ့” ရက်အနည်းငယ်ကြာသော် မန်ဟို့ကိုယ်ထဲမှ ဒေါသတကြီးဟိန်းဟောက်သံကဲ့သို့ အသံတစ်သံ ထွက်လာသည်။ သူ့တစ်ကိုယ်လုံး တုန်ရီသွားပြီး သူ့မျက်လုံးများ ပွင့်လာသည်။ သူ့နှုတ်ခမ်းထက်တွင် စောစောကအတိုင်း မထီမဲ့မြင်အပြုံးတစ်စ ဖြစ်ထွန်းလာသည်။