← Chapters

ယုန်မလေးမုန့် အရှက်ကွဲခန်း

Vol. 5 Ch. 41

ယုန်မလေးမုန့် အရှက်ကွဲခန်း

Vol. 5 Ch. 41

"သူတို့နဲ့ မပက်သက်ဘူးတဲ့လား"

အစ်မကျန်းသည် ထိုစကားကိုကြားလိုက်အပြီး အံ့သြသွားဟန်ရှိကာ မျက်ရည်များကိုသုတ်ဖယ်ရင်း ပြန်ဖြေလာသည်။

"ငယ်ရည်းစားကတော့ သေချာပေါက်ရှိခဲ့ဖူးတာပေါ့။ အဲ့ဒီအချိန်တုန်းက သူတော်ဝင်စာမေးပွဲဖြေနေရတဲ့အချိန် ကြည့်ရတာ မိန်းကလေးတစ်ယောက်ကို သ‌ဘောကျမိတယ်နဲ့တူပါတယ်။ ဒါပေမဲ့ အမြဲလျှို့ဝှက်ထားခဲ့တာမလို့ အဲ့မိန်းကလေးဘယ်သူမှန်း ဘယ်သူမှမသိခဲ့ကြဘူး"

"နောက်ပိုင်း ချင်းယွီတစ်ယောက် တော်ဝင်စာမေးပွဲမှာ စာခိုးချတဲ့အထိပါတယ်လို့ မှားယွင်းစွပ်စွဲခံရပြီး သူ့အနာဂတ်လမ်းလည်း ရစရာမရှိအောင် ပျက်စီးသွားခဲ့တာပါပဲ"

"အဲ့ဒီနောက် အဲ့ဒီမိန်းကလေးနဲ့ အဆက်အသွယ်ထပ်မရှိတော့ဘူးထင်ပါရဲ့။ သူ့ဘက်ကစဆက်သွယ်တာလည်း တစ်ခါမှမမြင်ရတော့ဘူး"

"တစ်ခါတလေဆို သူက အခန်းထဲတစ်ယောက်တည်းလော့ချပြီး မိန်းကလေးပုံပန်းချီတွေဆွဲတတ်တယ်။ ကျွန်မကိုတော့ ကြည့်ခွင့်မပေးဘူး။ သူဘာမှပြောပြမလာပေမဲ့ အဲ့ဒီငယ်ရည်းစားမိန်းကလေးကို သူအရမ်းလွမ်းနေတယ်ဆိုတာ ကျွန်မရိပ်မိပါတယ်"

အစ်မကျန်း၏ စကားများက လီနန်ခယ့်စိတ်ထဲက ခန့်မှန်းချက်ကို အတည်ပြုပေးကာ ပိုပြီးခိုင်မာစေခဲ့သည်။

နောက်ဆုံးတော့ သူ့စိတ်ထဲမှရှုပ်ထွေးမှုတချို့ကို ဖြည်ချလိုက်နိုင်ပြီဖြစ်၏။

"ဒီတလော ဟယ့်ချင်းယွီဆီက မူမမှန်တဲ့အပြုအမူမျိုး မြင်ခဲ့ဖူးသေးလား" လီနန်ခယ့်က ထပ်မေးလာသည်။

အစ်မကျန်းက ခဏလောက်တွေးတောနေပြီး မျက်မှောင်ကြုတ်သွားသည်။

"တကယ်တော့ရှိခဲ့တယ်။ လွန်ခဲ့တဲ့လဝက်လောက်တုန်းက သူ့စိတ်တွေ တော်တော်ကိုကယောင်ကတမ်းဖြစ်နေတာ။ တစ်ခါတလေ အကျယ်ကြီးထရယ်လိုရယ်၊ တစ်ခါတလေ ဘာမှမရှိတာကို အကြာကြီးငေးစိုက်ကြည့်နေတတ်တယ်။ သူငိုတာကိုတောင် နှစ်ခါမြင်ခဲ့သေးတယ်ရယ်"

"ကျွန်မက ဘာလို့လဲမေးတော့လည်း သူကမပြောဘူး။ ထူးဆန်းတဲ့စကားတွေကိုပဲ ရေရွတ်နေတာ။ ငါတို့အဲ့တုန်းကလမ်းမခွဲခဲ့သင့်ဘူးတို့၊ ကောင်းကင်ဘုံကငါ့ကို ကောင်းကောင်းဆက်ဆံခဲ့တာပဲတို့"

လီနန်ခယ့်က အသုံးဝင်သောအချက်အလက်များကိုရွေးချယ်ပြီး စာရွက်ပေါ်ချရေးကာ ထပ်ပြီးဖော်ထုတ်စရာသဲလွန်စမရှိတော့ကြောင်း အတည်ပြုပြီး အစ်မကျန်းအိမ်မှ လိန်ရှင်းနန်နှင့်အတူ ပြန်ထွက်လာခဲ့လိုက်သည်။

ခြံဝင်းအပြင်ဘက်ကိုလျှောက်ထွက်လာခဲ့ရင်း လိန်ရှင်းနန်၏မျက်လုံးများ တစ်ချက်လက်သွားသည်။

"နယ်ခယ့်၊ ရှင်ထင်တာ ဟယ့်ချင်းယွီရဲ့ အဲ့ဒီငယ်ရည်းစားကများ..."

"အရာရှိလိန်၊ ကျွန်‌တော်တို့ သဲလွန်စထပ်ရှာဖို့ ဘယ်နေရာကိုသွားသင့်သေးလဲ"

လီနန်ခယ့်က ရုတ်တရတ် မေးခွန်းတစ်ခုထုတ်လာသည်။

"ဟယ့်ချင်းယွီအခန်းကိုလား" အမျိုးသမီးက ဆိုသည်။

လီနန်ခယ့်က ခပ်ဖျော့ဖျော့ပြုံး၏။

"သူ့အခန်းလည်းပါတာပေါ့။ ဒါပေမဲ့အခုတော့ ကျွန်တော် ချူဟုန်တောင်ကိုသွားပြီး မှုခင်းဖြစ်ခဲ့တဲ့နေရာကို မျက်မြင်သွားကြည့်ချင်သေးတယ်"

...

တောင်ထိပ်မှာ ဓားတစ်စင်းကဲ့သို့ မြင့်မားမတ်စောက်လှသည်။

အောက်ဘက်မှကြည့်လျှင် ချူဟုန်တောင်သည် အလွန်မတ်စောက်မြင့်မားလှရာ ကောင်းကင်သို့ ပျံတက်တော့မည့် နတ်နဂါးကြီး အမောက်ထောင်ထားသကဲ့သို့ပင်။

တောင်တစ်ခုလုံးကို ထင်းရှူးပင်များနှင့် ဝါးပင်များက ဖုံးလွှမ်းထားကာ တိမ်တိုက်ထူထူများက နေရောင်အား ပိတ်ဆို့ဖုံးကွယ်ထားသည်။

လိန်ရှင်းနန်က မျက်နှာလေးကိုပင့်မော့ကြည့်ကာ ခံစားချက်အပြည့်ဖြင့် သက်ပြင်းချသည်။

"ပြောရမယ်ဆိုရင် လင်ကျောင်ယွဲ့က တကယ်ကို ကံကောင်းတဲ့သူပဲ။ ဒီလောက်မြင့်တဲ့ ချောက်ကမ်းပါးထဲ ဒီအတိုင်းပြုတ်ကျတာတောင် အသက်ရှင်ကျန်ခဲ့သေးတယ်။ ပြီးတော့ ပညာသင်ဝမ်က မိုးနီနဲ့ အဆိပ်ခတ်ပြန်တော့လည်း အချိန်မီကယ်တင်ခံခဲ့ရတယ်"

"ဟုတ်ပါရဲ့ အလွန်ကံကောင်းတဲ့မိန်းကလေးပဲ"

လီနန်ခယ့်က တောင်ထိပ်ကိုမော့ကြည့်ရင်း တည်ငြိမ်စွာ‌ထောက်ခံသည်။

တိုက်တိုက်ဆိုင်ဆိုင်ပင် သံမဏိနှင့်ကောကန်းတို့လည်း မိစ္ဆာသတ္တဝါကို အနီးအနားတွင် ခြေရာခံရှာဖွေနေကြသောကြောင့် လိန်ရှင်းနန်တို့ရောက်လာသည်ကိုမြင်သော် အတူလာနှုတ်ဆက်ကြသည်။

"အစ်မလိန် ပညာသင်ဝမ် ဝန်ခံလိုက်ပြီလား"

သံမဏိကမေးသည်။

လိန်ရှင်းနန်က ခေါင်းတစ်ချက်ညိတ်ပြပြီး အေးတိအေးစက်မေးလိုက်သည်။

"ယုန်မလေးကိုတွေ့ကြပြီလား"

သံမဏိနှင့်ကောကန်းတို့ ခေါင်းငုံ့ကျသွားကာ အဖြေစကားထွက်မလာကြတော့။

ပြန်ဖြေစရာတစ်ခုခုပင် မရှိသည့်ပုံပေါ်သည်။

"ဒီမိန်းကလေးတော့ တကယ်ပဲ အရိုက်ခံသင့်နေပြီ" လိန်ရှင်းနန်က တိုးတိုးကြိမ်းသည်။

လီနန်ခယ့်က သူတို့ပြောနေသောယုန်မလေးမှာ ညကင်းလှည့်တပ်ဖွဲ့၏ အဆင့်မြင့် အိပ်မက်လမ်းလျှောက်သူတစ်ဦးဖြစ်သော ယုန်မလေးမုန့်ကိုပြောနေမှန်း သိထားပြီးဖြစ်သည်။

သို့သော် ထိုကိစ္စကို သူစိတ်မဝင်စားလှပါ။

နာမည်ကိုကြားရုံမျှဖြင့် အားကိုးလို့မရလောက်ကြောင်း သေချာနေသဖြင့် သူမကိုတွေ့ရဖို့လည်း စိတ်လှုပ်ရှားခြင်းမရှိလှပေ။

သူထိုသို့တွေးနေစဥ်မှာပင် ကောကန်းက ရုတ်တရတ်ထအော်သည်။

"အစ်မလိန် ကြည့်ဦး"

လီနန်ခယ့်လည်း သူညွှန်ပြသည့်နေရာသို့ အတူလိုက်မော့ကြည့်လိုက်ရာ တောင်ကမ်းပါးယံမှထိုးဆင်းလာသည့် ဧရာမငှက်ကြီးတစ်ကောင်ကို မြင်တွေ့လိုက်ရလေသည်။

အနားသို့ နီးကပ်လာသည်နှင့်အမျှ ထိုအရာမှာ အလွန်ကြီးမားသော စက္ကူစွန်ကြီးတစ်ခုမျှသာဖြစ်ကြောင်း သိလိုက်ရသည်။

ထို့အပြင် ထိုစွန်ကြီးပေါ်တွင် လူတစ်ယောက်မတ်တပ်ရပ်လိုက်ပါလာလေသည်။

ပုံရိပ်ကိုအကဲခတ်ရသလောက် အမျိုးသမီးတစ်ယောက်ပင်။

"အဲ့ဒါ ယုန်မလေးပဲ"

သံမဏိ၏မျက်လုံးများ ပြူးကျယ်သွားပြီး ဒေါသကထောင်းခနဲထွက်လာသည်။

"ချီးတဲ့မှ၊ ဒီကောင်မလေး နတ်ဘုရားစက်မှုဆောင်ကစွန်ပျံကြီးကို ဘယ်အချိန်ကခိုးသွားတာလဲ။ ငါတို့ကဖြင့် သူ့ကိုတစ်နေကုန်ပတ်ရှာနေရတာ၊ သူကဒီမှာ လာပြီးကစားနေနိုင်သေးတယ်ပေါ့"

ထိုစွန်ပျံကြီးမှာ နတ်ဘုရားစက်မှုဆောင်မှထုတ်လုပ်သော မှော်အသုံးအ‌ဆောင်တစ်ခုဖြစ်ပြီး ရဲမက်များတာဝန်ထမ်းဆောင်ရာတွင် အသုံးပြုကြရုံမက စစ်ပွဲများတွင်ပါ သုံးနိုင်သောလက်နက်ဖြစ်သည်။

မျိုးဆက်အဆင့်ဆင့် မွမ်းမံပြင်ဆင်လာခဲ့ကြအပြီး ထိုစွန်ပျံကို လက်နက်များတပ်ဆင်နိုင်ရုံသာမက ပျံသန်းရာတွင် အရှိန်ကိုလိုသလိုထိန်းချုပ်နိုင်သောကြောင့် သာမန်လူများပင် ကောင်းကောင်းစီးနင်းကာ ဘေးကင်းစွာဆင်းသက်နိုင်ပေသည်။

လိန်ရှင်းနန်၏မျက်နှာလှလှလေးမှာတော့ ဒေါသဖြင့် စိမ်းပုပ်နေလေပြီ။

စွန်ပျံကြီး နီးသည်ထက်နီးလာသည်နှင့်အမျှ မိန်းကလေး၏ပုံသဏ္ဍာန်ကို လီနန်ခယ့်အကြမ်းဖျင်းခန့်မှန်းမိလာသည်။

ထိုမိန်းကလေးမှာ စွန်ပျံပေါ်မှာ အားရပါးရ လက်များဝှေ့ယမ်းပြနေသည်ပင်။

"ဒီမိန်းကလေး ငါတို့ကို လက်ပြနှုတ်ဆက်ရဲသေးတယ်ပေါ့"

သံမဏိမှာ ဒေါသထွက်ထွက်ဖြင့် ရယ်ချမိသည်။

သို့သော် တဖြည်းဖြည်းနှင့် သူတို့ တစ်ခုခုမှားနေသည်ကို သတိပြုမိလာသည်။

စွန်ပျံကြီးမှာ အရှိန်လျှော့မည့်ဟန် ရေးရေးမှမပြဘဲ သူတို့ဆီတည့်တည့် ထိုးစိုက်ဆင်းသက်လာခြင်းပင်။

မိန်းကလေး၏အော်သံမှာလည်း တဖြည်းဖြည်းရှင်းလင်းလာသည်။

"ဘေးကိုဖယ်ကြ"

"ဘေးကိုကပ်ကြ"

မိန်းကလေးသည် လက်ကိုဝှေ့ယမ်းကာ သနားစဖွယ် အော်ဟစ်နေရှာသည်ပင်။

"ဘုရားရေ" သံမဏိ ချက်ချင်းမျက်နှာပျက်သွားပြီး ခုန်အော်လိုက်သည်။

"မြန်မြန်လမ်းရှင်းကြ"

သူတို့အားလုံး အမြန်ပင် လူစုခွဲလိုက်ကြသည်။

လိန်ရှင်းနန်က လီနန်ခယ့်လက်မောင်းကိုဆွဲကာ ဆယ်မီတာလောက်နောက်ဆုတ်လိုက်သည်။

စွန်ပျံကြီး အရှိန်မြင့်လာသည်ကိုမြင်သော် လိန်ရှင်းနန်က ခြေဖဝါးဖြင့် မြေပြင်ကိုကန်ကာ လေထဲသို့ခုန်တက်လိုက်ပြီး စွန်ကြီးမြေပြင်ထက် တိုက်ကျတော့မည့်ဆဲဆဲတွင် အတောင်ပံကိုဆွဲဖမ်းကာ အတင်းအရှိန်ရပ်စေလိုက်သည်။

ထိုအချိန်တွင် ယုန်မလေးမုန့်မှာ ခြေကားယားလက်ကားယားဖြင့် ရှေ့သို့လွင့်ထွက်သွားတော့သည်။

မြေပြင်ပေါ် ဘေးကင်းကင်းကျလာနိုင်ခဲ့ပါသော်ငြား ကျောက်ခဲတစ်လုံးကို ခလုတ်တိုက်မိသွားပြီး ခန္ဓာကိုယ်မှာ အရှိန်မထိန်းနိုင်စွာ ရှေ့သို့ယိုင်ကျသွားခဲ့သည်။ ဘုတ်ခနဲအသံဖြင့် သူမဒူးထောက်ကျသွားမိသည်မှာ လီနန်ခယ့်၏ရှေ့တည့်တည့်တွင်။

မသိလိုက်စွာဖြင့် အရှေ့မှလူ၏ခြေထောက်နှစ်ဖက်ကို သူမပိုက်ဖက်ထားလိုက်မိသည်။

ချစ်စဖွယ် မျက်နှာသေးသေးလေးမှာ လီနန်ခယ့်၏ဝမ်းဗိုက်အောက်ပိုင်းနှင့် တည့်တည့်ဝင်တိုက်မိလျက်သား။

အချိန်မှာ ရုတ်ချည်းရပ်တန့်သွားသည့်အလား။

လူတိုင်းသည် မျက်စိရှေ့မှမြင်ကွင်းကို ပါးစပ်အဟောင်းသားဖြင့် ခံစားနစ်ဝင်စွာ ငေးမောနေမိကြသည်။

လီနန်ခယ့်လည်း ကြက်သေသေလျက်သား။

ထို့နောက် အောက်ဘက်မှမိန်းက‌လေးကိုငုံ့ကြည့်ကာ သူမေးလိုက်သည်။

"အခုမှစတွေ့တာပေမဲ့ အဲ့လောက်ကြီးခမ်းခမ်းနားနားနှုတ်ဆက်ဖို့မလိုပါဘူး မမလေး"

All Chapters