မှီခိုရာလိပ်ဘိုးတော်ကြီး
Vol. 94 Ch. 1304
တစ်ချိန်တည်းမှာပင် နဝမတောင်မှ တဂျုန်းဂျုန်းထစ်ချုန်းသံများ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ စိတ်ဆန္ဒတစ်ခုသည် နဝမတောင်ပင်လယ်တစ်ခုလုံးအပြည့် ဖြာထွက်ရင်း နိုးထလာနေသဖြင့် တောင်တစ်လုံးစလုံး တုန်ရီနေတော့သည်။
နဝမတောင်ပင်လယ်အပေါ်၌ အမျက်ဒေါသမီးလျှံများ တောက်လောင်နေပုံရသော ဧရာမမျက်လုံးကြီးတစ်လုံး ပေါ်လာသည်။ သို့သော် မီးတောက်များက မကြာခင် ငြိမ်းကျသွားပြီး မျက်လုံးကြီး၏ သူငယ်အိမ်အတွင်း၌ အဘိုးအိုတစ်ဦး၏ပုံရိပ် ပေါ်လာသည်။ သူသည် တင်းမာခက်ထန်သော မျက်နှာထားဖြင့် တင်ပျဉ်ခွေထိုင်နေ၏။ သို့သော် တခဏကြာသော် သူက ရုတ်တရက် ထရယ်လေသည်။
“မင်းကို ကျေးဇူးတင်ရမလား မုန်းရမလားတောင် မသိတော့ဘူး....” အဘိုးအိုက တိုးညင်းစွာ ရေရွတ်လိုက်သည်။
“ငါ မအောင်မြင်ခဲ့တာက အံ့ဩစရာမဟုတ်သလို၊ ငါ မျှော်လင့်ထားတာနဲ့လည်း ကွဲလွဲနေတယ်... ငါသာ အောင်မြင်ခဲ့ရင် ငါ ဖြစ်တော့မှာ မဟုတ်ဘူး။ ငါ့ရဲ့ကိုယ်အစစ်ကို စိုးမိုးထားတဲ့ အဲဒီစိတ်ဆန္ဒအမျှင်ဟာ သေချာပေါက် အံ့ဖွယ်သရဲ အစွမ်းထက်လာမှာ။ ငါအနေနဲ့ တောင်ပင်လယ်သခင်အားလုံးအထဲမှ အားအနည်းဆုံးနေရာကနေ ခိတိဂဗ္ဗကို စိန်ခေါ်နိုင်တဲ့နေရာအထိ ရောက်သွားနိုင်တယ်
“ဒါပေမဲ့ အဲဒီအခွင့်အရေးကို ဆုံးရှုံးနိုင်ခဲ့ပေမယ့်လည်း အဲဒီစိတ်ဆန္ဒအမျှင်ဟာ ဖျက်စီးခံလိုက်ရပြီဆိုတော့ နောက်ဆုံးတော့ ငါ ... ငါ့ကိုယ်ငါ အပြည့်အဝ ပြန်ထိန်းချုပ်နိုင်သွားပြီ” အဘိုးအို၏ရှေးဆန်မှုက သူ အကြာကြီး အိပ်ပျော်နေခဲ့သော်လည်း ယခုတွင် နိုးထလာနေပြီဖြစ်ကြောင်း သက်သေပြနေသည်။
“မန်ဟို ... “ သူက အတွေးများဖြင့် အဝေးကို လှမ်းကြည့်ရင်း ခပ်တိုးတိုး ရေရွတ်သည်။ အတန်ကြာသော် သူသည် သူ၏မျက်လုံးများကို ပြန်ပိတ်လိုက်၏။
ထိုစဉ် အဋ္ဌမတောင်ပင်လယ်တွင် မန်ဟိုသည် သူ့ကိုယ်ထဲမှ ထစ်ချုန်းသံကဲ့သို့အသံကြီးတစ်သံ ထွက်လာသဖြင့် မျက်လုံးများကို ဖွင့်လိုက်၏။ တခဏကြာသော် သူ့ဒဏ်ရာများကား အကောင်းပကတိ ပြန်သက်သာသွားတော့သည်။
ကျီတုံယမ်းမှာ ပူးကပ်ခြင်းမအောင်မြင်ခဲ့၍ လောဘ၏အသက်စွမ်းအားအနှစ်သာရ၏ အစားခံခဲ့ရလေသည်။ သူသည် မန်ဟို့ဒဏ်ရာများကို အားဖြည့်ကုသပေးလိုက်ရသော စွမ်းအား၏အရင်းမြစ် ဖြစ်သွားခဲ့၏။ အမှန်တွင် ကျီတုံယမ်းမှာ သူ့ကို အမှန်တကယ် ပူးကပ်မည့်အစား သူ့ကို ကူညီကုစားပေးဖို့ သူ့ကိုယ်သူ စတေးခဲ့သည်လားဟုပင် မန်ဟို တွေးမိသည်။
ကျီတုံယမ်းသည် မှန်ကန်သောအချိန်၌ မလှုပ်ရှားခဲ့၍မဟုတ်သလို၊ ထိုအခိုက်အတန့်က မန်ဟို့အတွက် အရေးမကြီးခဲ့ခြင်းလည်း မဟုတ်ပေ။ ထိုအစား ပူးကပ်ဖို့အတွက် နတ်ဘုရားအာရုံချင်း တိုက်ခိုက်ရာတွင် အမှားသေးသေးလေးက သေရွာသို့ ပို့ပေးနိုင်သည်။ ကျီတုံယမ်းက ထိုကဲ့သို့အမှားတစ်ခုကို ပြုလုပ်ခဲ့ခြင်းဖြစ်ပေသည်။
မန်ဟိုသည် နတ်ဘုရားအာရုံတိုက်ပွဲတွင် ဖြစ်ပျက်ခဲ့သောအရာကို ပြန်တွေးရင်း မျက်လုံးများ လင်းလက်တောက်ပလာ၏။ နောက်ဆုံးတော့ သူက ရိပ်ခနဲ ပျောက်ကွယ်သွားသည်။
သူက ကျီတုံယမ်းကိစ္စကို အချိန်ကုန်ခံစဉ်းစားမနေပေ။ ပူးကပ်ခြင်းတိုက်ပွဲတွင် အနိုင်ရခဲ့သော်လည်း မန်ဟိုမှာ အသက်အန္တရာယ် ကျရောက်ခဲ့သေးသည်။ သူသည် အစကတည်းက ကျီမျိုးနွယ်စုကို သဘောမကျခဲ့၍ ယခုအဖြစ်အပျက်ပြီးနောက် ကျီတျန်းနှင့် တစ်နေ့ပြန်တွေ့ပြီး တစ်ခါတည်း စာရင်းအပြတ်ရှင်းမည်ဟု စိတ်ပိုင်းဖြတ်လိုက်၏။
“အခုလောလောဆယ်မှာ အချိန်က ရွှေပဲ။ သတ္တမတောင်ပင်လယ်သခင်က သေချာပေါက် ပြန်လာမှာ။ သူ ပြန်မလာခင် ငါ အစွမ်းပိုထက်လာဖို့ လိုတယ်။ အဲဒါမှ အနိုင်ယူနိုင်မယ်” မန်ဟိုက အတွေးများနေသော မျက်နှာအမူအရာဖြင့် ကြယ်တာရာကောင်းကင်ထဲတွင် ပြန်ပေါ်လာပြီး သူ၏နတ်ဘုရားအာရုံကို ဖြန့်ကျက်လိုက်သည်။ အချိန်တိုလေးအတွင်း ၎င်းသည် အဋ္ဌမတောင်ပင်လယ်တစ်ခုလုံးကို လွှမ်းခြုံသွား၏။
ယခုတွင် အဋ္ဌမတောင်ပင်လယ်အတွင်း တည်ရှိသမျှအရာအားလုံးကို သူ့စိတ်ထဲတွင် မြင်လိုက်ရသည်။ တိုက်ခိုက်နေသော ကျင့်ကြံသူများကို သူ မြင်လိုက်သည်။ မရေမတွက်နိုင်သော အလောင်းများနှင့် အပျက်အစီးများကို သူ မြင်လိုက်သည်။ အဋ္ဌမတောင်ပင်လယ်၏ ခေါင်ဖျားဝေးလံသော ချောင်တစ်ချောင်ရှိ အရာတစ်ခုကိုလည်း သူ မြင်လိုက်ရသည်။
၎င်းသည် ကျွန်းကြီးတစ်ကျွန်းနှင့် တူသော ဧရာမကုန်းမြေထုကြီးတစ်ခု ဖြစ်သည်။ ကြယ်တာရာကောင်းကင်ထဲ၌ ဝဲနေသော အဆိုပါကုန်းမြေကြီး၏အပေါ်တွင် တောင်တန်းမြစ်ချောင်းများ၊ မြို့များ၊ ဂိုဏ်းများ၊ သေမျိုးများနှင့် ကျင့်ကြံသူအားလုံး နေထိုင်နေကြ၏။ ၎င်းကား ဦးတည်ရာမရှိဘဲ လွင့်မျောနေသယောင်ပင်။
ထိုဧရာမကုန်းမြေကြီး၏အပေါ်တွင် မန်ဟို့စိတ်ထဲ၌ ထာဝရစွဲထင်ကျန်ရစ်နေသော တောင်တစ်လုံး ရှိသည်.... တာ့ချင်းတောင်။
မြေထုကြီး၏အောက်တွင်တော့ ..... ၎င်းကို ကျောပေါ် ထမ်းပေးထားသော ဧရာမလိပ်ကြီးတစ်ကောင်။ လောလောဆယ်တွင် လိပ်ကြီးက အပြုံးလေးဖြင့် လွင့်မျောနေစဉ် ပျင်းရိပျင်းတွဲ သမ်းလိုက်၏။ ထို့နောက် သီချင်းလေး စညည်းသည်။
မန်ဟို့နတ်ဘုရားအာရုံ ထိုလိပ်ကို လွှမ်းခြုံသွားသောအခိုက်အတန့်တွင် လိပ်သည် တဆတ်ဆတ် တုန်လာပြီး သီချင်းအဆိုရပ်သွား၏။ သူ၏လိပ်မျက်လုံးများက မယုံကြည်နိုင်မှုအပြည့်ဖြင့် ပြူးကျယ်လာသည်။ သူသည် ကြယ်တာရာကောင်းကင်ထဲသို့ ဆတ်ခနဲ လှည့်ကြည့်ပြီးနောက် .... မချိတင်ကဲ အော်တော့သည်။
“အားးးးးးး လိပ်ကျိုးနည်း။ ဒီနတ်ဘုရားအာရုံ ... မင်းပဲကိုး ။ ခွေးသူတောင်းစားလေး။ အားးးး။ ငါ ဂိုဏ်းချုပ်ခမျာ ဒီနေရာအထိ ပြေးလာခဲ့ရတာကို မင်းက ... မင်းက ငါ့ကို တကယ်ကြီး တွေ့သေးတယ်တဲ့လား”
ထိုလိပ်ကား မှီခိုရာဂိုဏ်းချုပ်မှတစ်ပါး အခြားမဟုတ်ပေ။
သူ၏ကြည်လင်နေခဲ့သော စိတ်အခြေအနေမှာ ချက်ချင်း အုံ့မှိုင်းသွားတော့သည်။ သူ့မှာ စောစောကလေးတင် အင်မတန် ဇိမ်ကျလှသည်ဟု ခံစားနေခဲ့ရသော်လည်း ယခုတော့ ခံပြင်းမှုအပြည့်၊ ဝမ်းနည်းမှုအပြည့်၊ အမျက်ဒေါသအပြည့်၊ ရူးချင်စိတ်အပြည့် ဖြစ်နေရလေပြီ။
မန်ဟိုဆီက ထွက်ပြေးဖို့ သူသည် တောင်ကောင်းကင်ဂြိုဟ်မှ ခွာ၍ အရှေ့အောင်ပွဲဂြိုဟ်သို့ သွားခဲ့ရ၏။ ထို့နောက် အင်မော်တယ်အပျက်အစီးများနယ်သို့ ထွက်ပြေးခဲ့ရပြီး နောက်ဆုံးတော့ နဝမတောင်ပင်လယ်နှင့် အဋ္ဌမတောင်ပင်လယ်အကြားက အတားအဆီးကို ဖောက်ထွက်ခဲ့ရသည်။ သူ့ဘဝတွင် မန်ဟို့ကို ဘယ်သောအခါမှ ထပ်မြင်ရတော့မည်မဟုတ်ဟု သူ ထင်ခဲ့သည်။ ယခုလို ထပ်အတွေ့ခံရဦးမည်ဟု သူ မည်သို့ထင်ထားခဲ့မည်နည်း။
“လီး လီးတဲ့မှပဲ” လိပ်ကြီးက မျက်ပြူးဆန်ပြူးနှင့် ခံပြင်းစွာ ဆဲနေသည်။ “အသေလေးမွေးလာသင့်တဲ့ ခွေးသူတောင်းစားလေး။ ငါ ဂိုဏ်းချုပ် ဆက်သည်းမခံနိုင်တော့ဘူး” သူ့ရင်ထဲတွင် အလွန်လေးလံသောခံစားချက်များ ပြည့်ကြပ်လာသည်။ မန်ဟို့နတ်ဘုရားအာရုံက သူ့ကိုပင် ဖောက်ခွဲပစ်နိုင်သည်အထိ အစွမ်းထက်နေသည်။ သူသည် ခေါင်းနောက်လှန်၍ အသံရှည်ဆွဲအော်လိုက်ရင်း သူ၏အရှိန်ကို ဆယ်ဆမြှင့်ပြီး အဝေးသို့ တစ်ချိုးတည်း ထွက်ပြေးသဖြင့် ထစ်ချုန်းသံများ ပဲ့တင်ထပ်လာ၏။
သူ့မှာ အမှန်တကယ် မတရားသဖြင့် အနိုင်ကျင့်ခံနေရသလို ခံစားနေရသည့်အပြင် ဤသို့ကံဆိုးအောင် မည်သည့်အပြစ်ကို ကျူးလွန်ခဲ့မိမှန်းလည်း မတွေးတတ်တော့ပေ။
“လိပ်ကျိုးနည်းပြီ လိပ်ကျိုးနည်းပြီ လိပ်ကျိုးနည်းပြီဟေးးးး ခွေးသူတောင်းစားအပြည့်နဲ့ မိစ္ဆာချုပ်နှောင်သူအဖွဲ့။ မင်းတို့အားလုံး ခွေးသူတောင်းစားတွေ
“ဟိုးအရင်နှစ်တွေတုန်းက အဲဒီစိတ္တဇကောင်က သူ့တစ်ယောက်တည်း ငါ့ကို ရိုက်နှက်တာနဲ့တင် အားမရလို့ စိတ္တဇအရူးတစ်သိုက်ကို ငါ့ကို ရိုက်ခိုင်းခဲ့တယ်။ ခွေးသူတောင်စားတွေ ခွေးသူတောင်စားတွေ ခွေးသူတောင်းစားတွေ
“ငါ့ကို ရိုက်ချင်ရုံပဲဆိုလည်း ထားပါဦး။ ဒါပေမဲ့ ငါ့ကို ချုပ်နှောင်တဲ့အထိတောင် လွန်ခဲ့ကြတယ်။ ငါ အလျှော့မပေးနိုင်ဘူး။ ငါ ဂိုဏ်းချုပ် အလျှော့ပေးဖို့ ငြင်းဆန်တယ်” မှီခိုရာဂိုဏ်းချုပ်သည် တစ်ချိုးတည်းပြေးနေစဉ် သူ၏နာကြည်းချက်များကို ဖွင့်ထုတ်နေ၏။
ထိုအခိုက်အတန့်တွင် သူ၏ခေါင်းပေါ်၌ လင်းခနဲ လက်လာကာ မိန်းကလေးတစ်ယောက် ထိုင်လျက် ပေါ်လာသည်။ သူမက နူးညံ့ညင်သာစွာ ရယ်ရင်း မှီခိုရာဂိုဏ်းချုပ်၏ခေါင်းကို ပွတ်သပ်ရင်း ဆိုသည်။ “စိတ်အေးအေးထားပါ ဂိုဏ်းချုပ်ရယ် မိတ်ဆွေဟောင်းတွေနဲ့ ပြန်တွေ့ရတာ မကောင်းဘူးလား”
“လီးကို ကောင်းတာလား။ မိစ္ဆာချုပ်နှောင်သူအဖွဲ့က ခွေးသူတောင်းစားအဖွဲ့ဟ။ အဲဒီခွေးသူတောင်းစားလေးက ခွေးသူတောင်းစားတွေကြားက ခွေးသူတောင်းစား” မှီခိုရာဂိုဏ်းချုပ်သည် ဆဲဆိုကြိမ်းဝါးရင်း အသက်ပြင်းပြင်းရှူလိုက်ရာ ကြယ်တာရာကောင်းကင်မှာ တုန်ရီလာသည်။ အဆုံးမဲ့မိုးနှင့်မြေစွမ်းအင်များ သူ့ကိုယ်ထဲ စီးဆင်းလာသည့်အခါ သူသည် ပို၍ပင်လျင်မြန်သော အရှိန်ဖြင့် အဝေးသို့ တဟုန်ထိုးထွက်သွားသော အလင်းတန်းတစ်တန်းအသွင် ပြောင်းသွား၏။
အဝေးတစ်နေရာတွင် မန်ဟို့မျက်လုံများ လင်းလက်သွားသည်။
“တွေ့ပြီ” သူက အေးစက်စက် နှာမှုတ်သည်။ သူသည် မှီခိုရာဂိုဏ်းချုပ်အား ရင်းနှီးလွန်း၍ ဒီထက်ပိုပြီး မရင်းနှီးနိုင်တော့ပေ။ နှစ်ယောက်သား အတိတ်တုန်းကလည်း တစ်ချိန်ထက်ပို၍ တိုက်ခိုက်ခဲ့ဖူးသည်။
“ဒီတစ်ခေါက် ခင်ဗျား ဘယ်လိုလွတ်အောင် ပြေးမလဲ ကြည့်ကြသေးတာပေါ့” မန်ဟိုက ခြေတစ်လှမ်းလှမ်းပြီးနောက် ပျောက်ကွယ်သွားသည်။ သူ ပြန်ပေါ်လာသောအခါ ထိတ်ထိတ်ပျာပျာ ထွက်ပြေးနေသော မှီခိုရာဂိုဏ်းချုပ်ကို ချက်ချင်း မြင်လိုက်ရသည်။
“ပြေးဖို့ စိတ်တောင်မကူးနဲ့ လိပ်အိုကြီး” သူက ခြောက်လှန့်လိုက်သည်။
“ငါ့ကို လိုက်ပို့ပေးစရာမလိုဘူး ခွေးသူတောင်းစားလေး” မှီခိုရာဂိုဏ်းချုပ်က တဆတ်ဆတ် တုန်ရီနေလျက် အော်သည်။ သူသည် အရှိန်ထပ်တင်ရန် သူ့ဝိညာဉ်အဆီအနှစ်တချို့ကိုပင် ထွေးထုတ်လိုက်၏။
မန်ဟို့မျက်နှာထားက လွန်စွာလေးနက်နေသော်လည်း ရယ်ချင်နေသောအရိပ်အယောင်အား သူ့မျက်ဝန်းများတွင် မြင်ရနိုင်သည်။ သူနှင့် လိပ်အိုကြီးအကြား ဖြစ်ခဲ့သမျှအရာအားလုံးကို ပြန်တွေးလိုက်တိုင်း မနေ့တစ်နေ့ကလို ခံစားရလေသည်။
မှီခိုဂိုဏ်းမှာတုန်းက အချိန်များသည် မန်ဟို့အတွက် အလွန်တန်ဖိုးရှိသော အရာများဖြစ်ပြီး ထိုနှစ်များက တစ်နည်းနည်းဖြင့် သူ၏အအေးချမ်းဆုံးအမှတ်တရများ ဖြစ်လာခဲ့သည်။
ယခုတွင် လိပ်အိုကြီးသည် ပို၍ပင်လျင်မြန်စွာ ပြေးနေသဖြင့် မန်ဟိုက အေးစက်စက် နှာမှုတ်ပြီးနောက် ညာလက်ကို ဆန့်ကာ ကြယ်ခူးသိုင်းကွက်နှင့် ဖမ်းဆုပ်လိုက်ဟန် လုပ်သည်။ ချက်ချင်း လိပ်ကြီး၏ အမြီးသေးသေးလေးမှာ အဆွဲခံလိုက်ရတော့၏။
တဝုန်းဝုန်းမြည်သံများ ပဲ့တင်ထင်နေပြီး မှီခိုရာဂိုဏ်းချုပ်မှာ ခေါင်းနပန်းကြီးလွန်း၍ တစ်ခေါင်းလုံး ပေါက်ကွဲတော့မလို ခံစားနေရသည်။ အမြီးအဆွဲခံထားရသော ခံစားချက်က သူ့ကို ဒေါပွသွားစေသည်။ သူ့မျက်လုံးများက နီရဲလာပြီး သူသည် သူ၏ခန္ဓာကိုယ်ကြီးကို ချာခနဲ လှည့်လိုက်ပြီးနောက် မန်ဟို့ကို စားတော့မည့်အလား ပါးစပ်ကြီးဟလိုက်သည်။
“ငါ မင်းကို ကံကောင်းမှုတွေ ချီးမြှင့်ပေးမယ် ခွေးသူတောင်းစားလေး”
“အံမယ် အပြောကြီးသားဟ” မန်ဟိုက ရှောင်ပင်မရှောင်ပေ။ သူသည် ပျံဝဲလျက်သာ ရှိနေ၏။ မှီခိုရာဂိုဏ်းချုပ်၏ ပါးစပ်ပြဲကြီးမှာ တုံ့ခနဲ ရပ်သွားပြီး သူ့မျက်လုံးများတွင် အကြီးအကျယ်စိတ်ညစ်ဒေါကန်နေသော အရိပ်အယောင်တစ်ခု ပေါ်လာသည်။
“မန်ဟို ခွေးသူတောင်းစားလေး။ ငါတို့ ဒီနေရာမှာ အခုချက်ချင်း သူသေကိုယ်သေ တိုက်ကြမယ်” သူက ကြိမ်းဝါးသည်။ သူ့စွမ်းအားသည် မြင့်တက်လာပြီး သူကား တကယ်ကြီး သူသေကိုယ်သေ တိုက်တော့မည့်အလား ထင်ရ၏။
မန်ဟို့မျက်နှာထားက တည်နေသော်လည်း မှီခိုရာဂိုဏ်းချုပ်သည် ဒေါသူပုန်ထနေပြီး မသေမချင်း တိုက်ခိုက်တော့မလို ကြိမ်းဝါးနေသော်လည်း အမှန်တွင် နောက်ဆုတ်နေကြောင်း တွေ့လိုက်ရသဖြင့် သူ့မှာ ပါးစပ်အဟောင်းသား ဖြစ်သွားတော့သည်။ ဤဖြစ်ရပ်က မန်ဟို့အတွက် အလွန်ရင်းနှီးနေ၍ နဝမပင်လယ်မှာတုန်းက ထူးထူးဆန်းဆန်းကိုယ်ကာယာကျင့်ကြံသူလည်း ယခုလိုလုပ်ခဲ့ကြောင်း သူ မှတ်မိလိုက်လေသည်။ မှီခိုရာဂိုဏ်းချုပ်နှင့် ထိုကိုယ်ကာယကျင့်ကြံသူမှာ ဤနေရာတွင် အင်မတန်တူ၏။
မှီခိုရာဂိုဏ်းချုပ်က ထွက်ပြေးဖို့ အသင့်ဖြစ်နေပြီး သူတို့နှစ်ယောက်အကြား အကွာအဝေးတစ်ခုပင် ထားပြီးလေပြီ။ သူသည် ထွက်ပြေးဖို့ .... အစွမ်းထုတ်နေ၏။ ထိုမျှသာမက အားရကျေနပ်နေသော အရိပ်အယောင်က သူ၏မျက်ဝန်းများတွင် သိသာနေခဲ့လေပြီ။
“ခွေးသူတောင်းစားလေးက ငါ ဂိုဏ်းချုပ်ရဲ့ ဉာဏ်ရည်ကို မမှီဘူးပဲ ။ ဟားဟားဟား သူက ငါ သူ့ကို မသေမချင်း တိုက်ခိုက်မယ်လို့ ထင်နေပေမယ့် ငါ့ရဲ့ တကယ့်အကြံအစည်က ထွက်ပြေးဖို့ပဲ” မှီခိုရာဂိုဏ်းချုပ် ပြေးနေရင်းတန်းလန်း သူ့ကိုယ်သူ အင်မတန်မှ မကျေနပ်နေသည့်အချိန်တွင် သူ့အရှေ့ရှိ ဟင်းလင်းပြင်သည် ဝုန်းခနဲ ကြေမွသွား၏။ အကွဲကြောင်းတစ်ကြောင်း ပွင့်လာပြီး လေပြင်းတစ်ချက်က မှီခိုရာဂိုဏ်းချုပ်၏လမ်းကို ဟန့်တားတိုက်ခတ်လိုက်သည်။
မှီခိုရာဂိုဏ်းချုပ်၏ မျက်လုံးကြီးများ ပြူးသွားပြီး သူက ကပျာကယာ ဦးတည်ရာပြောင်းလိုက်သည်။ သို့သော် စောစောကအတိုင်း ဖြစ်ပြန်၍ သူက ဦးတည်ရာထပ်ပြောင်းပြန်သည်။
မှန်သည်၊ မန်ဟိုကတော့ သူ့အမြီးပေါ်တွင် အေးအေးဆေးဆေး ထိုင်လိုက်နေပြီး သူ့လက်ချောင်းကို ဝှေ့ယမ်းကာ ကြယ်တာရာကောင်းကင်ကို ပုံပျက်ကြေမွသွားစေ၏။ မှီခိုရာဂိုဏ်းချုပ်မှာ ရင်တဒိန်းဒိန်းခုန်လာပြီး ခံပြင်းစွာ အော်တော့သည်။ “မင်းဘယ်လိုလုပ် ဒီလောက် အစွမ်းထက်လာရတာတုန်း ခွေးသူတောင်းစားလေးရ။ စိတ္တဇကောင်၊ မင်းတို့ မိစ္ဆာချုပ်နှောင်သူတစ်ဖွဲ့လုံး စိတ္တဇကောင်တွေ”
မှီခိုရာဂိုဏ်းချုပ်သည် ပြေးပေါက်အားလုံးပိတ်ခံလိုက်ရသည့်နောက်ဆုံး အမြီးကို ဝှေ့ယမ်းလိုက်ပြီး ရုတ်တရက် သူ့ပတ်ပတ်လည်ရှိ အရာအားလုံး တုန်ရီလာသည်။ ကြည့်သရွေ့ သူကား စွမ်းအားမြှင့်တင်နေပုံပေါ်ပြီး သူ့ကိုယ်သူ ကယ်တင်ဖို့ နောက်ဆုံးအကြိမ် ရုန်းထွက်တော့မည့်ပုံရသည်။
သို့သော် သူက စွမ်းအားမြှင့်တင်လိုက်သည့်အချိန်မှာပင် မထင်မှတ်ဖွယ်ကောင်းစွာနှင့် မပြေးဘဲ မန်ဟို့ဆီ ပြေးဝင်သွားသည်။ သူသည် မန်ဟို့ကို သူ့တစ်ယောက်တည်း ကိုင်တွယ်နိုင်သည်အထိ စွမ်းအားကြီးမားသည်ဟု စိတ်ကြီးဝင်နေ၏။
ဟိန်းဟောက်ရင်း မှီခိုရာဂိုဏ်းသည် မန်ဟို့အနား ချဉ်းကပ်သွားလေသည်။ “ဟမ့် ငါ ဂိုဏ်းချုပ်က ထပ်ပြီး ဉာဏ်ကောင်းပြန်တာပဲ။ မသေမချင်း တိုက်ခိုက်မယ်လို့ မင်းတွေးနေတဲ့အချိန် ငါက ထွက်ပြေးတယ်။ ထွက်ပြေးနေတယ်လို့ မင်း တွေးနေတဲ့အချိန် ငါက တိုက်ခိုက်တယ်လေ ငှဲငှဲ”
ဤအဖြစ်အပျက်က မန်ဟို့မျက်နှာအပေါ်တွင် ထူးဆန်းသောအမူအရာတစ်ခုအား ပေါ်လာစေသည်။ သူ့မှာ တကယ်လည်း မှီခိုရာဂိုဏ်းချုပ်၏အတွေးကို မနည်းလိုက်နေရသည်။ မှီခိုရာဂိုဏ်းချုပ်က ထွက်ပြေးတော့ပုံဖမ်းရင်း တိုက်ခိုက်နေသည်မဟုတ်ပါလော။ မန်ဟိုမှာ ခါးသီးစွာ ပြုံးပြီးနောက် သူ့လက်ကို ဆန့်လိုက်၏။ မှီခိုရာဂိုဏ်းချုပ်ကို ရက်ရက်စက်စက် ဖမ်းဆုပ်လိုက်သော ဧရာမပုံရိပ်ယောင်လက်ကြီးတစ်ဖက် ပေါ်လာသဖြင့် တဝုန်းဝုန်းမြည်သံများ ကြားလိုက်ရသည်။
လက်ကြီးသည် မှီခိုရာဂိုဏ်းချုပ်ကို ဆုပ်ကိုင်၍ ဖြစ်ညစ်လိုက်၏။ သို့သော် မှီခိုရာဂိုဏ်းချုပ်က မာန်သွင်းဟိန်းဟောက်ကာ ရွှေရောင်အလင်းအား သူ့ထံမှ ဖြန့်ကျက်ရင်း မန်ဟို၏ပုံရိပ်ယောင်လက်ကို ခြေမွလိုက်သည်။
“ဟ ငါ ဂိုဏ်းချုပ်က ပြိုင်ဘက်ကင်းပဲ” သူက ကြိမ်းဝါးသည်။ “မကြောက်သေးဘူးလား မန်ဟို ခွေးသူတောင်းစားလေး” မန်ဟို့ကို သူ စိုက်ကြည့်နေစဉ် သူ့မျက်နှာပေါ်ရှိ လိပ်နှုတ်ခမ်းမွှေးများက ထူးခြားဆန်းကြယ်စွာ မျောလွင့်နေစရာ သူ့အား အလွန်ဩဇာကြီးမားပုံပေါ်နေစေတော့သည်။