အခန်း (၂၂၈-၂၂၉)
Vol. 22 Ch. 228-229
အခန်း (၂၂၈) ကွမ်းကျိုး တောင်
လင်းဟန်ကျွင်း ကိုယ်တိုင်သည် အရိုးသန့်စင်ခြင်း အဆင့်၏ ကျွမ်းကျင်သူ တစ်ဦးဖြစ်ပြီး အရိုးသန့်စင်ခြင်း အဆင့်တွင် အကောင်းဆုံးသူများထဲမှ တစ်ဦးဖြစ်သော်လည်း ချန်ဖေးကို တစ်ကွက်ပင် ခံနိုင်ရည် မရှိခဲ့ချေ။
သို့မဟုတ် ချန်ဖေးရှေ့တွင် လင်းဟန်ကျွင်းသည် သိုင်းပညာကို လုံးလုံးလျားလျား မသိရှိဘဲ ခုခံနိုင်စွမ်းမရှိသော သာမန်လူတစ်ယောက်ကဲ့သို့ ခံစားနေရခြင်း ဖြစ်သည်။
"အခု သေချာ စကားပြောလို့ ရပြီလား..."
ချန်ဖေးက လင်းဟန်ကျွင်းကို တည်ငြိမ်စွာ မေးလိုက်သည်။
သူတို့နှစ်ဦး တွေ့ဆုံမှု နှစ်ကြိမ်ကြားတွင် အချိန်အများကြီး မကွာခြားဘဲ နှစ်နှစ်ပင် မပြည့်သေးချေ။ သိုင်းပညာရှင်များ၊ အထူးသဖြင့် လေလွင့်ကျင့်ကြံသူများအတွက် နှစ်နှစ်ဆိုသည်မှာ အလွန်တိုတောင်းသော အချိန်ဖြစ်ပြီး သူတို့၏ ကျင့်ကြံမှု ရပ်တန့်နေနိုင်လောက်အောင် တိုတောင်းလွန်းလှသည်။
လင်းဟန်ကျွင်း၏ ကျင့်ကြံမှုအဆင့်သည် ရပ်တန့်လုနီးပါး ဖြစ်နေပြီဖြစ်သည်။ ဖျင်ရင်ခရိုင်တွင် လင်းဟန်ကျွင်းနှင့် ချန်ဖေး ပထမဆုံးအကြိမ် ဆုံတွေ့ခဲ့စဉ်က တစ်ဖက်လူသည် အရိုးသန့်စင်ခြင်း အဆင့်၏ အထွတ်အထိပ်တွင် ရှိနေခဲ့သည်။
နှစ်နှစ် ကြာသွားသော်လည်း သူ၏ ကျင့်ကြံမှုအဆင့်က ယခင်အတိုင်းပင် ရှိနေဆဲဖြစ်သည်။
သို့ရာတွင် ဤအခြေအနေမှာ
လေလွင့်ကျင့်ကြံသူများစွာအတွက် သာမန်အခြေအနေပင် ဖြစ်သည်။ ကောင်းမွန်သော ကျင့်စဉ်များ သို့မဟုတ် အရင်းအမြစ်များ မရှိဘဲ အရိုးသန့်စင်ခြင်း အဆင့်သို့ ရောက်ရှိခြင်းကိုပင် ထူးချွန်သော ပါရမီလက္ခဏာ တစ်ရပ်အဖြစ် သတ်မှတ်ကြသည်။
သူတို့အများစုသည် မိသားစုများစွာ၏ သက်တော်စောင့်များကဲ့သို့ အရိုးသန့်စင်ခြင်း အဆင့်သို့ပင် မရောက်ရှိကြဘဲ သွေးသားသန့်စင်ခြင်း အဆင့်တွင်သာ ရှိနေကြပေသည်။
လေလွင့်ကျင့်ကြံသူ တစ်ယောက်သည် အရိုးသန့်စင်ခြင်း အဆင့်သို့ ရောက်ရှိပြီး ခြင်ဆီသန့်စင်ခြင်း အဆင့်သို့ ဆက်လက် တက်လှမ်းနိုင်ပါက နေရာများစွာတွင် အဆင့်မြင့် တိုက်ခိုက်ရေးသမားများအဖြစ် မှတ်ယူခံရပြီး သူတို့ရရှိနိုင်သော ခံစားခွင့်များနှင့် အရင်းအမြစ်များသည် သိသိသာသာ ပြောင်းလဲသွားမည် ဖြစ်သည်။
ကံမကောင်းစွာဖြင့် လေလွင့်ကျင့်ကြံသူများစွာသည် သူတို့၏ ဘဝတစ်သက်တာလုံး အရိုးသန့်စင်ခြင်း အဆင့်တွင်သာ တစ်ဆို့နေတတ်ကြသည်။
"စီနီယာ... ဘာမေးစရာ ရှိလို့လဲ... ကျွန်တော် သိသလောက် ဖြေပါ့မယ်..."
လင်းဟန်ကျွင်းက တံတွေးကို အခက်အခဲဖြင့် မျိုချလိုက်သည်။
ချန်ဖေး၏ အမူအရာက တည်ငြိမ်နေပြီး မည်သည့် လူသတ်လိုစိတ်မျှ မပြသသော်လည်း အကယ်၍ သူသာ မေးခွန်းတစ်ခုကို အမှားဖြေဆိုမိပါက မနက်ဖြန် နေထွက်လာသည်ကို မြင်တွေ့ရတော့မည် မဟုတ်ကြောင်း လင်းဟန်ကျွင်း လုံးလုံးလျားလျား ယုံမှားသံသယ မရှိခဲ့ချေ။
"ဒီအရေခွံကို မှတ်မိလား..."
ချန်ဖေးသည် လင်းဟန်ကျွင်းကို မြေပြင်ပေါ်သို့ ပေါ့ပေါ့ပါးပါး ပစ်ချလိုက်ပြီး ထိုင်ခုံတစ်ခုဆီသို့ လျှောက်သွားကာ ထိုင်ချလိုက်သည်။ သူ၏ လက်အင်္ကျီထဲသို့ နှိုက်လိုက်ဟန်ဆောင်ပြီး သူ၏ အာကာသသိုလှောင်အိတ်ထဲမှ နဂါးနှိမ်နင်းခြင်း ရုပ်ပြကျင့်စဉ်၏ တိရစ္ဆာန်အရေခွံကို ထုတ်ယူလိုက်၏။
ထို့နောက် "ကျင့်စဉ်" ဟု ရေးသားထားသော ဘက်ကို လင်းဟန်ကျွင်းအား ပြသလိုက်သည်။
ချန်ဖေး၏ လက်ထဲရှိ သားရဲအရေခွံကို မြင်ချိန်တွင် လင်းဟန်ကျွင်း၏ မျက်လုံးများ အနည်းငယ် ပြူးကျယ်သွား၏။ ဤသားရဲအရေခွံကို သူ အလွန်ရင်းနှီးပေသည်။ လွန်ခဲ့သော နှစ်များက ရရှိပြီးနောက် ကျင့်စဉ်များကို လေ့လာရန် အိပ်ချိန် စားချိန်များကိုပင် လျစ်လျူရှုကာ မြှုပ်နှံထားခဲ့သည်။
အကယ်၍ လူတစ်ယောက်က ကျင့်စဉ်ကို အမှန်တကယ် နားမလည်သေးပါက အကြောင်းအရာများသည် တစ်စုံတစ်ယောက်၏ စိတ်ထဲမှ တဖြည်းဖြည်း ပျောက်ကွယ်သွားလိမ့်မည် ဖြစ်သည်။ ဤအချက်တစ်ခုတည်းကပင် အမှန်တကယ် နတ်ဘုရားအဆင့် စွမ်းရည်တစ်ခုဖြစ်ကြောင်း လင်းဟန်ကျွင်းကို နားလည်သွားစေခဲ့သည်။
လေလွင့်ကျင့်ကြံသူများအတွက် သိုင်းပညာလမ်းစဉ်သည် အလွန်ခက်ခဲပေသည်။ ဆေးလုံးများကဲ့သို့သော အရင်းအမြစ်များကို မဆိုထားနှင့် ကျင့်စဉ်များ ကိုယ်တိုင်ကပင် မရေမတွက်နိုင်အောင် များပြားလှသော သူများအတွက် ကြီးမားသော အတားအဆီးတစ်ခု ဖြစ်နေသည်။
လင်းဟန်ကျွင်း လေ့ကျင့်ခဲ့သော ပထမဆုံး သိုင်းပညာကျင့်စဉ်မှာ အလွန် အခြေခံကျသော ကျင့်စဉ်တစ်ခု ဖြစ်သည်။ နောင်တွင် သူ၏ ကြမ်းတမ်းသော ကိုယ်ရည်ကိုယ်သွေးနှင့် ကံကောင်းမှု အနည်းငယ်တို့ကြောင့် သင့်တင့်လျောက်ပတ်သော ကျင့်စဉ်အချို့ကို ရရှိခဲ့ပြီး သူ၏ ကျင့်ကြံမှုအဆင့်ကို အရိုးသန့်စင်ခြင်း အဆင့်အထိ မြှင့်တင်နိုင်ခဲ့သည်။
သို့ရာတွင် ခြင်ဆီသန့်စင်ခြင်း အဆင့်သို့ ရောက်ရှိရန်မှာ လင်းဟန်ကျွင်းအတွက် အလွန် ခက်ခဲပေသည်။ ဤတိရစ္ဆာန်အရေခွံ ပေါ်ထွက်လာခြင်းက ခြင်ဆီသန့်စင်ခြင်း အဆင့်နှင့် အတွင်းကလီစာသန့်စင်ခြင်း အဆင့်သို့ပင် တက်လှမ်းနိုင်ရန် သူ၏ မျှော်လင့်ချက် ဖြစ်လာခဲ့သည်။
ကံမကောင်းစွာဖြင့် လင်းဟန်ကျွင်း မည်မျှပင် ကြိုးစားစေကာမူ၊ ကျင့်စဉ်ကို မည်မျှပင် အပြင်းအထန် လေ့လာစေကာမူ မည်သည့်အခါမျှ ကျွမ်းကျင်နိုင်ခဲ့ခြင်း မရှိချေ။ နောက်ဆုံးတွင် လင်းဟန်ကျွင်းသည် တိရစ္ဆာန်အရေခွံကို သူ၏ ညီအစ်ကိုကောင်း ကျန်လျန်ထံသို့ ပေးအပ်ရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။
သူတို့နှစ်ဦး၏ ပူးပေါင်းကြိုးပမ်းမှုဖြင့် ဤကျင့်စဉ်ကို နားလည်နိုင်ရန် သူတို့ မျှော်လင့်ခဲ့ကြသည်။
ရလဒ်အနေဖြင့် ကျန်လျန်သည်လည်း နားမလည်နိုင်ခဲ့သည့်အပြင် ဖျင်ရင်ခရိုင်တွင် အသတ်ခံလိုက်ရသဖြင့် တိရစ္ဆာန်အရေခွံကို တိုက်ရိုက် ဆုံးရှုံးသွားစေခဲ့သည်။
လင်းဟန်ကျွင်းသည် ဤတိရစ္ဆာန်အရေခွံကို ရှာဖွေရန် ဖျင်ရင်ခရိုင် အနှံ့အပြားတွင် ရှာဖွေခဲ့ပြီး နောက်ဆုံးတွင် သူပုန်များနှင့်ပင် ပူးပေါင်းခဲ့သော်လည်း ရှာမတွေ့ခဲ့ပေ။
နှစ်နှစ်နီးပါး ကြာမြင့်သွားခဲ့ပြီးနောက် ယနေ့ ဤနေရာတွင် ဤတိရစ္ဆာန်အရေခွံကို ထပ်မံတွေ့ရလိမ့်မည်ဟု လင်းဟန်ကျွင်း လုံးလုံးလျားလျား မမျှော်လင့်ထားခဲ့ချေ။ သို့သော် လင်းဟန်ကျွင်း နားမလည်နိုင်သောအရာမှာ အလွန်အမင်း ခွန်အားကြီးမားသူက ဤတိရစ္ဆာန်အရေခွံနှင့် သူ ပတ်သက်နေကြောင်းကို မည်သို့ သိရှိနေသနည်း ဆိုသည်ပင်။
"ဟင်..."
လင်းဟန်ကျွင်း စကားမပြောသည်ကို မြင်ချိန်တွင် ချန်ဖေးက အသံကို အနည်းငယ် မြှင့်လိုက်သည်။
လင်းဟန်ကျွင်း လန့်သွားပြီး ခေါင်းကို အမြန်ငုံ့ကာ ပြန်ဖြေလိုက်၏။
"မှတ်မိပါတယ်... ဒီတိရစ္ဆာန်အရေခွံကို မှတ်မိပါတယ်... အဲ့ဒီတုန်းက အဲ့ဒီပေါ်မှာရှိတဲ့ ကျင့်စဉ်တွေကို နားလည်အောင် ကြိုးစားခဲ့ပါသေးတယ်... ဒါပေမဲ့ ကျွန်တော်က ဉာဏ်နည်းလွန်းတော့ နောက်ဆုံးမှာ ဘာမှ မရခဲ့ပါဘူး…”
လင်းဟန်ကျွင်းသည် လိမ်လည်ရန် မဝံ့ရဲချေ။ တစ်ဖက်လူက သူ့ကို ရှာတွေ့ပြီး တိရစ္ဆာန်အရေခွံကို ပြသလာကတည်းက သူ့နှင့် အရေခွံကြားက ဆက်ဆံရေးကို သိရှိထားပြီး ဖြစ်ရမည်။
"စီနီယာ... ဒီအရေခွံကို ဘယ်ကနေ ရခဲ့တာလဲ..."
လင်းဟန်ကျွင်းသည် ခဏမျှ တုံ့ဆိုင်းနေပြီးနောက် နောက်ဆုံးတွင် သူ့ကို အနှောင့်အယှက်ပေးနေသော မေးခွန်းကို မေးလိုက်သည်။
သူ ချန်ဖေးကို တစ်ခါမျှ မမြင်ဖူးကြောင်း လင်းဟန်ကျွင်း သေချာပေသည်။
အကယ်၍ လင်းဟန်ကျွင်းသာ သူ့ကို မြင်ဖူးခဲ့ပါက သူ၏ စွမ်းရည်များနှင့် ကျင့်ကြံမှုအဆင့်တို့ကြောင့် သေချာပေါက် နက်ရှိုင်းသော အထင်အမြင်တစ်ခု ရှိနေပေလိမ့်မည်။
ကံမကောင်းစွာဖြင့် လင်းဟန်ကျွင်းသည် ချန်ဖေး၏ မျက်နှာကို လုံးလုံးလျားလျား မှတ်မိခြင်း မရှိချေ။
ထို့ပြင် လင်းဟန်ကျွင်းက ချန်ဖေးကို "စီနီယာ" ဟု ခေါ်ဆိုခဲ့သော်လည်း ချန်ဖေးသည် အတော်လေး ငယ်ရွယ်ပြီး အနည်းဆုံး သူ့ထက် ငယ်ရွယ်နိုင်ကြောင်း သူ ခံစားသိရှိနိုင်ပေသည်။
ဤမျှ ငယ်ရွယ်ပြီး ခွန်အားကြီးမားခြင်းမှာ ကျော်ကြားသော ဂိုဏ်းကြီးများမှ သူများသာလျှင် ဖြစ်နိုင်ပေလိမ့်မည်။
သို့သော် လင်းဟန်ကျွင်းသည် နေရာသေးသေးလေးတွင်သာ အမြဲနေထိုင်ခဲ့သဖြင့် ထိုဂိုဏ်းကြီးများမှ တပည့်များနှင့် တွေ့ဆုံရန် အခွင့်အရေး မည်သို့ ရရှိနိုင်မည်နည်း။
"အဲ့ဒီတုန်းက ဒီအရေခွံကို မင်း ဘယ်ကနေ ရခဲ့တာလဲ..."
ချန်ဖေးသည် လင်းဟန်ကျွင်း၏ မေးခွန်းကို မဖြေခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် ဖြေရန် မလိုအပ်သောကြောင့် ဖြစ်သည်။
ယနေ့ ချန်ဖေး လင်းဟန်ကျွင်းထံ ရောက်လာခြင်းမှာ နဂါးနှိမ်နင်းခြင်း ရုပ်ပြကျင့်စဉ်၏ နောက်ဆက်တွဲ ကျင့်စဉ်များ မည်သည့်နေရာတွင် ရှိသည်ကို သိရှိရန် သက်သက်သာ ဖြစ်သည်။
သူ၏ လက်ထဲရှိ တိရစ္ဆာန်အရေခွံပေါ်မှ နဂါးဆင်နှိမ်နင်းခြင်းကျင့်စဥ်အကြောင်း ဖော်ပြချက်သည် မပြည့်စုံဘဲ ဆင်၏ ခန္ဓာကိုယ်ကိုသာ ဖော်ပြထားသည်။ နောက်ဆက်တွဲဖြစ်သော စိတ်ဝိညာဉ် ဖိနှိပ်ခြင်းနှင့် ဝိညာဉ် ဖိနှိပ်ခြင်းတို့၏ ဖော်ပြချက်များ လုံးလုံးလျားလျား ပျောက်ဆုံးနေပေသည်။
နဂါးနှိမ်နင်းခြင်း ရုပ်ပြကျင့်စဉ်ကို မလေ့ကျင့်မီက ထိုအချိန်က ကျင့်စဉ် မည်သို့ဖြစ်မည်ကို သူ မသိရှိခဲ့သဖြင့် ပျောက်ဆုံးနေသော အစိတ်အပိုင်းများနှင့် ပတ်သက်၍ ချန်ဖေး များစွာ ခံစားချက် မရှိခဲ့ချေ။
ရိုးရှင်းအောင် ပြုလုပ်ထားသော နည်းလမ်းသည် ငွေစ ၅၀,၀၀၀ အထိ ကုန်ကျကာ အလွန်ဈေးကြီးပြီး လေလွင့် ကျင့်ကြံသူများစွာအတွက် လက်လှမ်းမမီနိုင်သော ပမာဏ ဖြစ်ပေသည်။
ထိုအချိန်က ချန်ဖေးသည် ဤကျင့်စဉ်က အတော်လေး ကောင်းမွန်ရမည်ဟုသာ ခံစားခဲ့ရသည်။ လေ့ကျင့်ရန်အတွက် ပြည့်စုံသော ခန္ဓာကိုယ် ဖိနှိပ်ခြင်း ကျင့်စဉ်တစ်ခု ရရှိထားခြင်းကပင် အတော်လေး အထင်ကြီးစရာ ကောင်းနေပြီ ဖြစ်သည်။
သို့သော် ယခုအခါ ချန်ဖေးသည် နဂါးနှိမ်နင်းခြင်း ရုပ်ပြကျင့်စဉ်၏ ခန္ဓာကိုယ် အစိတ်အပိုင်းကို ပြီးပြည့်စုံခြင်း အဆင့်အထိ ကျင့်ကြံပြီးဖြစ်ကာ နဂါးဆင်နှိမ်နင်းခြင်း၏ ခွန်အားကို အမှန်တကယ် ခံစားနေရပြီ ဖြစ်သည်။ ပြီးပြည့်စုံခြင်း အဆင့်သို့ မရောက်မီကပင် ချန်ဖေးသည် နဂါးဆင်နှိမ်နင်းခြင်းကျင့်စဥ်၏ ထူးခြားသော သဘာဝကို ရှာဖွေတွေ့ရှိခဲ့ပြီး ဖြစ်သည်။
ယွမ်ချန်ဓားဂိုဏ်းတွင် ပြီးပြည့်စုံသော အမွေအနှစ် သုံးခု ရှိသည်။ ချန်ဖေး၏ အမြင်အရ ခန္ဓာကိုယ် ဖိနှိပ်ခြင်း အစိတ်အပိုင်းသည် ဤအမွေအနှစ်များထက် မည်သည့်နည်းနှင့်မျှ နိမ့်ကျခြင်း မရှိသည့်အပြင် အချို့သော ကဏ္ဍများတွင် ပို၍ပင် သာလွန်နေသေးသည်။
ယခင်က ချန်ဖေးသည် သူပိုင်ဆိုင်ထားသော နဂါးဆင်နှိမ်နင်းခြင်းကျင့်စဥ်၏ တစ်စိတ်တစ်ပိုင်းကိုသာ ရရှိထားပြီး ကျန်အပိုင်းများကို မဖော်ထုတ်နိုင်သဖြင့် အကူအညီမဲ့နေခဲ့သည်။ သို့သော် ရှင်းဖန်မြို့တွင် လင်းဟန်ကျွင်းနှင့် ဆုံတွေ့ရခြင်းက ချန်ဖေးအတွက် ဝမ်းသာစရာ အံ့အားသင့်မှုတစ်ခု ဖြစ်လာခဲ့သည်။
ချန်ဖေးသည် နတ်တိမ်ဓားဂိုဏ်း၏ အစစ်အမှန်တပည့်များကြားတွင် ဒုတိယ သို့မဟုတ် ပထမနေရာအထိ ရောက်ရှိနိုင်ခြင်းမှာ သူ၏ ကျုံးယွမ် ဓားသိုင်းနှင့် စိတ်စွမ်းအားတို့ကြောင့် အများကြီး ဖြစ်သော်လည်း နဂါးဆင်ကျင့်စဉ် မပါဘဲဆိုလျှင် ချန်ဖေးသည် ထိုအဆင့်သို့ မည်သည့်အခါမျှ ရောက်ရှိနိုင်မည် မဟုတ်ချေ။
အကယ်၍ နဂါးဆင်ကို ဖိနှိပ်ခြင်းအတွက် နောက်ဆက်တွဲ ကျင့်စဉ်များကို ရရှိရန် အခွင့်အရေး ပေးအပ်မည်ဆိုပါက အန္တရာယ် အနည်းငယ် ရှိစေဦးတော့ ချန်ဖေးက သေချာပေါက် ကြိုးစားကြည့်မည် ဖြစ်သည်။
နဂါးနှိမ်နင်းခြင်း ရုပ်ပြကျင့်စဉ်၏ နောက်ဆက်တွဲ အစိတ်အပိုင်းသည် ဒွာရသန့်စင်ခြင်း အဆင့်အထက် ကျင့်ကြံမှုနှင့် သေချာပေါက် သက်ဆိုင်ကြောင်း ချန်ဖေး ခံစားမိ၏။ အကယ်၍ သူသာ ရရှိနိုင်ပါက ဒွာရသန့်စင်ခြင်း အဆင့်သို့ လျင်မြန်စွာ တက်လှမ်းနိုင်မည် ဖြစ်သည်။
ချန်ဖေးသည် သူ၏ မေးခွန်းကို မဖြေခဲ့သဖြင့် လင်းဟန်ကျွင်းသည် သဘာဝကျစွာပင် ဒေါသမထွက်ရဲချေ။ သူက အနေရခက်စွာ ပြုံးလိုက်ပြီး ပြောလိုက်သည်။
"ဒီအရေခွံကို အဲ့ဒီတုန်းက ဖျင်ရင်ခရိုင်မှာရှိတဲ့ ကွမ်းကျိုးတောင်ပေါ်က ဂူတစ်ခုထဲကနေ ရခဲ့တာပါ…”
"ကွမ်းကျိုး တောင်..."
ချန်ဖေး၏ နှလုံးသား အနည်းငယ် လှုပ်ခတ်သွား၏။
ထိုတောင်သည် ဖျင်ရင်ခရိုင်၏ မြောက်ဘက် မိုင် ၂၀ သို့မဟုတ် ၃၀ ခန့် အကွာတွင် တည်ရှိသည်။ ချန်ဖေး ထိုနေရာသို့ တစ်ခါမျှ မရောက်ဖူးသော်လည်း ကွမ်ကျိုးတောင်နှင့်ပက်သက်၍ အများကြီး ကြားဖူးပေသည်။
ကွမ်းကျိုးတောင်သည် ပင်မလမ်းမကြီးနှင့် နီးကပ်သောကြောင့် အခြားနေရာများမှ လာ၍ ဖျင်ရင်ခရိုင် သို့မဟုတ် အခြားနေရာများသို့ သွားသော ကုန်သည်အဖွဲ့ အများစုသည် များသောအားဖြင့် ထိုနေရာကို ဖြတ်သန်းသွားရလေ့ရှိသည်။
အလယ်အလတ် အရွယ်အစားရှိသော သယ်ယူပို့ဆောင်ရေး အချက်အချာနေရာတစ်ခု ဖြစ်သောကြောင့်
ကွမ်းကျိုးတောင်ပေါ်တွင် ကုန်သည်အဖွဲ့များ သို့မဟုတ် ကွမ်းကျိုးတောင်သို့ ဖြတ်သန်းသွားလာနေသော သာမန်လူများကို သီးသန့် ပစ်မှတ်ထားသည့် ဓားပြ အတော်များများ ရှိနေပေသည်။
ချန်ဖေး မူလနေထိုင်ခဲ့သော တောင်ပေါ်ရွာသည် ကွမ်းကျိုးတောင်နှင့် သိပ်မဝေးလှဘဲ ၄၅ လီခန့်သာ ကွာဝေးသည်။ ချန်ဖေး၏ လက်ရှိ အရှိန်အဟုန်ဖြင့်ဆိုလျှင် အမြန် သွားနိုင်ပေသည်။
"အဲ့ဒီဂူက ဘယ်မှာလဲ... မင်း မှတ်မိလား..."
ချန်ဖေးက လင်းဟန်ကျွင်းကို ကြည့်ကာ အနည်းငယ် ရှေ့သို့ ကိုင်းလိုက်ရာ ရုတ်တရက် အငွေ့အသက်တစ်ခုက သူ့အပေါ် ဖိနှိပ်လာ၏။
ရှေးဟောင်း ဧရာမ သားရဲကြီး တစ်ကောင်နှင့် ရင်ဆိုင်နေရသကဲ့သို့ လင်းဟန်ကျွင်း၏ မျက်နှာက ရုတ်တရက် ဖြူရော်သွားပြီး မည်သည့်အချိန်တွင်မဆို ဝါးမြိုခံရတော့မည့်အလား ခြေထောက်များက အားပျော့သွားလေသည်။
"မှတ်မိပါတယ်... မှတ်မိပါတယ်... အဲ့ဒါက... အဲ့ဒါက..."
လင်းဟန်ကျွင်းက အမြန် ခေါင်းညိတ်လိုက်သော်လည်း စကားတစ်ဝက်သာ ပြောပြီးနောက် ဆက်ပြောရန် တုံ့ဆိုင်းသွား၏။
"ဘာဖြစ်လို့လဲ..."
ချန်ဖေးက အသံနက်ကြီးဖြင့် မေးလိုက်သည်။
"လွန်ခဲ့တဲ့ ဆယ်ရက်ကျော်လောက်က ရွှီဝမ်လျန်က လူတစ်စုကို အဲ့ဒီကို ခေါ်သွားတယ်..."
လင်းဟန်ကျွင်းက အမြန် ခေါင်းငုံ့ကာ ပြောလိုက်သည်။
သူ၏ အထွတ်အထိပ် အရိုးသန့်စင်ခြင်း အဆင့် ကျင့်ကြံမှုက အတော်လေး ကောင်းမွန်ပြီး ရွှီဝမ်လျန်အတွက် အသုံးဝင်ရုံသာမက ထိုဂူ၏ တည်နေရာကို ရွှီဝမ်လျန်အား ပေးအပ်ခဲ့သောကြောင့်လည်း လင်းဟန်ကျွင်းသည် ရွှီမိသားစုထဲသို့ ဝင်ရောက်နိုင်ခဲ့ခြင်း ဖြစ်သည်။
လွန်ခဲ့သော နှစ်များက လင်းဟန်ကျွင်းသည် ထိုဂူကို မတော်တဆ ရှာတွေ့ခဲ့ပြီး တိရစ္ဆာန်အရေခွံကို ရရှိခဲ့သော်လည်း နှစ်အတော်ကြာသည်အထိ ထိုဂူသို့ ပြန်သွားရန် မဝံ့ရဲခဲ့ချေ။
အဘယ်ကြောင့်ဆိုသော် ထိုဂူထဲတွင် မိစ္ဆာသားရဲများ ရှိနေပြီး ပင့်ကူမိစ္ဆာ အုပ်စုတစ်စု ထိုနေရာတွင် စုဝေးနေသောကြောင့် ဖြစ်သည်။
လင်းဟန်ကျွင်း၏ ကျင့်ကြံမှုအဆင့်သည် ထိုဂူကို ဆက်လက် စူးစမ်းရန် လုံလောက်မှု မရှိတော့ပေ။
သို့သော် လင်းဟန်ကျွင်းသည် ထိုနေရာအကြောင်းကို အခြားမည်သူ့ကိုမျှ မပြောခဲ့ချေ။ သူ၏ ကျင့်ကြံမှုအဆင့် တိုးတက်လာချိန်တွင် ဂူကို အတူတကွ စူးစမ်းရန် တစ်စုံတစ်ယောက်ကို ရှာဖွေမည်ဟု သူ တွေးထားခဲ့သည်။
ကံမကောင်းစွာဖြင့် လင်းဟန်ကျွင်းသည် တိရစ္ဆာန်အရေခွံပေါ်တွင် ရေးထိုးထားသော ကျင့်စဉ်များကို သင်ယူနိုင်ခြင်း မရှိခဲ့ဘဲ သူ၏ ကျင့်ကြံမှုအဆင့်ကလည်း နှစ်များတစ်လျှောက် တိုးတက်လာခြင်း မရှိခဲ့ချေ။
ဖျင်ရင်ခရိုင်မှ သီသီလေး လွတ်မြောက်လာပြီး ရှင်းဖန်မြို့သို့ ရောက်ရှိလာခဲ့သော လင်းဟန်ကျွင်းသည် ပိုမိုကောင်းမွန်သော ဘဝတစ်ခုတွင် နေထိုင်နိုင်ရန် ရွှီဝမ်လျန်ထံတွင် ခိုလှုံခဲ့ပြီး ဤလျှို့ဝှက်ချက်ကို ထုတ်ဖော်ခဲ့သည်။
အစပိုင်းတွင် ရွှီဝမ်လျန်သည် ဂူကို သိပ်ဂရုမစိုက်ခဲ့ဘဲ လူအချို့ကိုသာ စုံစမ်းရန် စေလွှတ်ခဲ့သည်။ ရလဒ်များက အံ့သြစရာကောင်းလောက်အောင် အားတက်စရာ ဖြစ်ခဲ့၏။
ဂူထဲတွင် အလွန် သက်တမ်းရင့်သော ဆေးဖက်ဝင် အပင်များစွာ ရှိနေပေသည်။
ထိုပင့်ကူများသည် ဆေးဖက်ဝင် အပင်များကို လုံးလုံးလျားလျား မစားကြချေ။ ယင်းအစား ဆေးဖက်ဝင် အပင်များကို ယနေ့တိုင် ဆက်လက်ရှင်သန် ကြီးထွားခွင့် ပေးထားခဲ့ကြသည်။
သာမန် သိုင်းပညာရှင်များသည် ထိုပင့်ကူမိစ္ဆာများ၏ ပြိုင်ဘက် မဟုတ်ကြချေ။
ရွှီဝမ်လျန် ကိုယ်တိုင် အဖွဲ့များစွာကို ဦးဆောင်ခဲ့သော်လည်း ရလဒ်များက အနည်းငယ်သာ ရှိခဲ့ပြီး သူ၏ အသက်ကိုပင် ဆုံးရှုံးလုနီးပါး ဖြစ်ခဲ့ရသည်။
အခြားရွေးချယ်စရာ မရှိတော့သဖြင့် လွန်ခဲ့သော ဆယ်ရက်ကျော်က ရွှီဝမ်လျန်သည် နောက်ဆုံးတွင် အတွင်းကလီစာသန့်စင်ခြင်း အဆင့်ရှိ မိတ်ဆွေအချို့ကို စုဆောင်းကာ ထိုဂူသို့ ထပ်မံ သွားရောက်ခဲ့သည်။
"ဒေါက်... ဒေါက်... ဒေါက်..."
လင်းဟန်ကျွင်း၏ စကားများကို နားထောင်ပြီးနောက် ချန်ဖေးသည် သူ၏ လက်ချောင်းများဖြင့် စားပွဲကို ဖွဖွလေး ခေါက်လိုက်သည်။ ဆယ်ရက်ကျော် ကုန်လွန်သွားခဲ့သော်လည်း သူ ပြန်မလာသေးချေ။ သူ ဂူထဲတွင် ရှိနေလောက်သေးသည်။
ချန်ဖေးအတွက် ယခုအခါ ရွေးချယ်စရာ နှစ်ခု ရှိနေသည်။ တစ်ခုက ရွှီဝမ်လျန်နှင့် အခြားသူများ ပြန်လာမည့်အချိန်ကို စောင့်ဆိုင်းပြီးနောက် သူတို့ကို အိုးထဲက လိပ်များကဲ့သို့ ဖမ်းဆီးရန် သို့မဟုတ် လင်းဟန်ကျွင်းကို ဂူဆီသို့ လမ်းပြခိုင်းရန် ဖြစ်သည်။
ရွေးချယ်စရာ နှစ်ခုစလုံးတွင် အားသာချက် အားနည်းချက် ကိုယ်စီ ရှိကြသော်လည်း အချိန်အခါက အနည်းငယ် အနေရခက်နေပေသည်။ အကယ်၍ လွန်ခဲ့သော ရက်အနည်းငယ်ကသာဆိုလျှင် ချန်ဖေးသည် သေချာပေါက် တုံ့ဆိုင်းနေမည် မဟုတ်ဘဲ အပြေးအလွှား သွားရောက်လိမ့်မည်။
"လမ်းပြစမ်း... ဒီနေ့ ကွမ်းကျိုးတောင်ကို သွားမယ်..."
ချန်ဖေးသည် ခဏမျှ စဉ်းစားပြီးနောက် ဆုံးဖြတ်ချက်ချလိုက်သည်။
အကယ်၍ ရွှီဝမ်လျန်နှင့် အခြားသူများက ကြိုတင် ပြန်လာမည်ဆိုပါက လမ်းတွင် သူတို့နှင့် ဆုံတွေ့နိုင်သည်။ နောင်တွင် ရွှီဝမ်လျန်နှင့် အခြားသူများကို မတွေ့ရလျှင်ပင် သူ၏ စွဲလမ်းမှုကို ဖယ်ရှားရန် သူ၏ မူလခန္ဓာကိုယ် ရှိခဲ့သော ရွာသို့ ချန်ဖေး ဦးစွာ သွားရောက်ရမည်ဖြစ်သည်။
အခန်း (၂၂၉) စွဲလမ်းမှုများ လွင့်စင်သွားခြင်း
ရှင်းဖန်မြို့တွင် အကူအညီမဲ့စွာ စောင့်ဆိုင်းနေခြင်းက သူ့ကို အလွန်အမင်း တုံ့ဆိုင်းသွားစေလိမ့်မည်။ ထို့ပြင် နဂါးနှိမ်နင်းခြင်း ရုပ်ပြကျင့်စဉ်၏ စွမ်းအားအရ ထိုဂူထဲရှိ အခြေအနေသည် ရိုးရှင်းလောက်မည် မဟုတ်ပေ။
ရွှီဝမ်လျန်နှင့် သူ၏အဖွဲ့က နောက်ဆက်တွဲ ကျင့်ကြံမှုနည်းလမ်းများကို ရရှိနိုင်မည်လား ဆိုသည်မှာ စောင့်ကြည့်ရဦးမည် ဖြစ်သည်။
"ကောင်းပြီလေ..."
ချန်ဖေးက ယနေ့ ကွမ်းကျိုးတောင်သို့ သွားမည်ဟု ကြားလိုက်ရချိန်တွင် လင်းဟန်ကျွင်းသည် မည်သည့် ကန့်ကွက်မှုမျှ မပြုလုပ်ဝံ့ချေ။ ယခု သူသည် ချန်ဖေး၏ ကရုဏာအောက်တွင် ရောက်ရှိနေပြီး ဈေးဆစ်ရန် အခွင့်အရေး လုံးလုံးလျားလျား မရှိပေ။
နာရီဝက်ခန့်အကြာတွင် ချန်ဖေးနှင့် လင်းဟန်ကျွင်းတို့သည် မြင်းနှစ်ကောင် စီးကာ ရှင်းဖန်မြို့မှ ထွက်ခွာခဲ့ပြီး ဖျင်ရင်ခရိုင်ရှိ ကွမ်းကျိုးတောင်ဆီသို့ ဦးတည်သွားကြသည်။
မြင်းများ၏ အရှိန်သည် ချန်ဖေး၏ ခြေလှမ်းအရှိန်နှင့် နှိုင်းယှဉ်၍ မရတော့သော်လည်း ခွန်အားကို ပိုမိုသက်သာစေသည်။
လင်းဟန်ကျွင်း၏ ကျင့်ကြံမှုအဆင့်ကို ချန်ဖေးက ပိတ်လှောင်ထားသော်လည်း သူသည် သာမန်လူများထက် များစွာ ပိုမိုသန်စွမ်းနေဆဲဖြစ်ကာ မြင်းစီးခြင်းက သူ့အတွက် ပြဿနာ မဟုတ်ချေ။
ဖျင်ရင်ခရိုင်မှ ရှင်းဖန်မြို့သို့ သွားရန် ချန်ဖေးအတွက် ၅ ရက်တိတိ အချိန်ယူခဲ့ရသဖြင့် မြင်းဖြင့် ပြန်လာခြင်းက သဘာဝကျစွာပင် များစွာ ပိုမိုမြန်ဆန်ပေလိမ့်မည်။
သေချာသည်မှာ လုံခြုံရေးအကြောင်းပြချက်များကြောင့် သူတို့သည် ကြောက်မက်ဖွယ်ကောင်းသော တောင်ပေါ်ရွာကို ရှောင်ကွင်းသွားခဲ့ကြသော်လည်း သူတို့နှစ်ဦးသည် နှစ်ရက်အကြာတွင် ကွမ်းကျိုးတောင်ခြေသို့ ရောက်ရှိလာခဲ့ကြသည်။
လွန်ခဲ့သော နှစ်ရက်အတွင်း လမ်းတစ်လျှောက်တွင် မြင်တွေ့ခဲ့ရသောအရာများက လူသူကင်းမဲ့လျက် ရှိသည်။ ဖျင်ရင်ခရိုင်သည် ယခင်ကတည်းက ဝေးလံခေါင်သီပြီး ထူးဆန်းသော မိစ္ဆာကောင်များက သိမ်းပိုက်ပြီးနောက်တွင် သွားလာသူ ပို၍ပင် နည်းပါးသွားသဖြင့် ပိုမို ခြောက်ကပ်သွားစေခဲ့သည်။
ကွမ်းကျိုးတောင်ခြေသို့ ရောက်သည်နှင့် လူနေထူထပ်သော နေရာတစ်ခုသို့ ရောက်ရှိသွားမည် ဖြစ်သည်။ မည်သို့ပင်ဆိုစေ ထိုနေရာသည် သယ်ယူပို့ဆောင်ရေး အချက်အချာနေရာတစ်ခု ဖြစ်သည်။ အကယ်၍ ဖျင်ရင်ခရိုင်သို့ မသွားလျှင်ပင် ကွမ်းကျိုးတောင်ခြေမှတစ်ဆင့် အခြားနေရာများသို့ ရောက်ရှိနိုင်ပေသည်။
"မင်းတို့နှစ်ယောက်... အဲ့ဒီမှာ ရပ်လိုက်... မင်းတို့ဆီမှာ ရှိတာတွေ အကုန်ပေးစမ်း..."
မြားအချို့က ချန်ဖေးဆီသို့ ရုတ်တရက် ပစ်ခတ်လာသော်လည်း သူက ပေါ့ပေါ့ပါးပါးပင် ပုတ်ထုတ်လိုက်သည်။
လမ်းဘေးရှိ ကျောက်တုံးများ အကြားမှ လူတစ်ဒါဇင်ကျော် ထွက်ပေါ်လာပြီး လူတိုင်းက လေးနှင့်မြားကို ကိုင်ဆောင်ထားကာ အောက်ဘက်ရှိ ချန်ဖေးနှင့် သူ၏ အဖော်ထံသို့ ချိန်ရွယ်ထားကြ၏။
သို့သော် ချန်ဖေးက မြားများကို လက်ဗလာဖြင့် ပုတ်ထုတ်လိုက်သည်ကို မြင်ချိန်တွင် ဓားပြများသည် ရုတ်တရက် ထိတ်လန့်သွားကြသည်။
"သူတို့နှစ်ယောက်ကို ဖမ်းပြီး ဒီဒေသက အခြေအနေကို မေးကြည့်..."
ချန်ဖေးသည် ထိုလူ တစ်ဒါဇင်ခန့်ကို ဝေ့ကြည့်လိုက်သည်။ သူတို့အားလုံးက အတော်လေး သန်စွမ်းကြသော်လည်း သူတို့၏ ကျင့်ကြံမှုအဆင့်ကို ကြည့်ရသည်မှာ အများစုမှာ သာမန်လူများသာ ဖြစ်ကြပြီး အရေပြားသန့်စင်ခြင်း အဆင့်တွင် အနည်းငယ်သာရှိကာ ခေါင်းဆောင်မှာ သွေးသားသန့်စင်ခြင်း အဆင့်တွင် ရှိသည်။
ထိုမျှလောက်သာရှိသော ကျင့်ကြံမှုအဆင့်များဖြင့် အနည်းငယ် ကြီးမားသော ကုန်သည်အဖွဲ့ကိုပင် သူတို့ ကြားဖြတ် တိုက်ခိုက်နိုင်မည် မဟုတ်ချေ။ သူတို့က ဤနေရာတွင် ချုံခိုစောင့်ကြည့်ရန် ရောက်နေခြင်း ဖြစ်လောက်ပေသည်။ ချန်ဖေးတို့က နှစ်ယောက်တည်း ဖြစ်နေသည်ကို မြင်ချိန်တွင် သူတို့ ချက်ချင်း ခုန်ထွက်လာကြခြင်း ဖြစ်သည်။
"ဟုတ်ကဲ့..."
ပိတ်လှောင်ခံထားရသော သူ၏ ကျင့်ကြံမှု တစ်စိတ်တစ်ပိုင်း ပွင့်သွားသည်ကို ခံစားလိုက်ရသဖြင့် လင်းဟန်ကျွင်းက မဲ့ပြုံး ပြုံးလိုက်ပြီး ဓားပြများဆီသို့ ပြေးဝင်သွားလေ၏။
အချိန်တိုအတွင်းမှာပင် ဓားပြများဘက်မှ အော်ဟစ်သံများနှင့် အသက်ချမ်းသာပေးရန် တောင်းပန်သံများ ထွက်ပေါ်လာသည်။
ချန်ဖေးက အမူအရာမဲ့စွာ နေနေ၏။ လက်ထဲတွင် သွေးစွန်းနေသော ဤဓားပြများက သူ့ထံမှ မည်သည့် စာနာမှုကိုမျှ မရရှိနိုင်ချေ။ ယခင် ဓားပြခေါင်းဆောင် လင်းဟန်ကျွင်းကို သူတို့နှင့် ဖြေရှင်းခိုင်းခြင်းက လုံးလုံးလျားလျား လက်ခံနိုင်ဖွယ် ရှိပေသည်။
ခဏအကြာတွင် လင်းဟန်ကျွင်းသည် လူနှစ်ယောက်ကို ဆွဲလျက် ချန်ဖေးထံသို့ ပြန်ရောက်လာသည်။
လင်းဟန်ကျွင်းသည် အခွင့်အရေးယူ၍ ထွက်ပြေးသင့်မသင့် စဉ်းစားခဲ့သော်လည်း လွန်ခဲ့သော ရက်အနည်းငယ်က ချန်ဖေး သူ့ကို ဖမ်းဆီးခဲ့သည့် မြင်ကွင်းကို တွေးမိချိန်တွင် ထိုအကြံကို စွန့်လွှတ်လိုက်ရ၏။
အကယ်၍ သူ ထွက်ပြေးပြီး ပြန်လည် ဖမ်းဆီးခံရပါက ရင်ဆိုင်ရမည့် မြင်ကွင်းကို လင်းဟန်ကျွင်း စိတ်ကူးကြည့်နိုင်ပေသည်။
"ကျေးဇူးပြုပြီး ကျွန်တော်တို့ကို အသက်ချမ်းသာ ပေးပါ သခင်... ကျေးဇူးပြုပြီး အသက်ချမ်းသာ ပေးပါ... ကျွန်တော်တို့ မျက်စိကန်းပြီး သခင်တို့ကို စော်ကားမိပါတယ်... သခင်တို့ ကျွန်တော်တို့ကို ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်..."
ဓားပြနှစ်ယောက်သည် မြေပြင်ပေါ်တွင် ဒူးထောက်ကာ မျက်ရည်များ စီးကျလျက် အသက်ချမ်းသာပေးရန် အပြင်းအထန် တောင်းပန်နေကြသည်။
"လွန်ခဲ့တဲ့ ဆယ်ရက်လောက်က အတွင်းကလီစာသန့်စင်ခြင်း အဆင့်ရှိတဲ့ ကျွမ်းကျင်သူ တချို့ ဒီကို ရောက်လာခဲ့တယ်... အဲ့ဒီအကြောင်း မင်းတို့ သိလား..."
ချန်ဖေးက ဓားပြနှစ်ယောက်ကို မေးလိုက်သည်။
"ဟင်... အတွင်းကလီစာသန့်စင်ခြင်း အဆင့် ကျွမ်းကျင်သူတွေ ဟုတ်လား..."
ဓားပြနှစ်ယောက်စလုံး အံ့သြသွားကြသည်။ အတွင်းကလီစာသန့်စင်ခြင်း အဆင့် ဟူသည် သာမန်အားဖြင့် မည်သည့်အခါမျှ မဆုံတွေ့နိုင်သော ကျွမ်းကျင်မှုအဆင့်တစ်ခု ဖြစ်သည်။
ကုန်သည်အဖွဲ့ကြီးများသာလျှင် ထိုကဲ့သို့သော ကျွမ်းကျင်သူများကို ပိုင်ဆိုင်ထားနိုင်ပေသည်။
ကုန်သည်အဖွဲ့များနှင့် ဆုံတွေ့ချိန်တွင် ကွမ်းကျိုးတောင်ပေါ်ရှိ ဓားပြများအားလုံးသည် ပုန်းအောင်းနေပြီး သူတို့၏ အဆင့်အတန်းကို မကျော်လွန်ဝံ့ဘဲ ငြိမ်သက်စွာ နေလေ့ရှိကြသည်။
“မကြာသေးမီက တောင်ပေါ်မှာ ထူးဆန်းတဲ့ အဖြစ်အပျက်တွေ ရှိခဲ့လို့လား…”
သူတို့၏ အမူအရာကို မြင်ချိန်တွင် ရွှီဝမ်လျန်နှင့် သူ၏အဖွဲ့အကြောင်းကို သူတို့ ဘာမှမသိကြောင်း ချန်ဖေး နားလည်လိုက်သည်။ ဤသည်မှာ နားလည်နိုင်ပေသည်။ အတွင်းကလီစာသန့်စင်ခြင်း အဆင့်ရှိ ကျင့်ကြံသူတစ်ဦးသည် အရိုးသန့်စင်ခြင်း အဆင့်သို့ပင် မရောက်သေးသော ဤသိုင်းပညာရှင်များထံမှ မိမိကိုယ်ကို လွယ်ကူစွာ ဖုံးကွယ်ထားနိုင်ပေလိမ့်မည်။
"ဟုတ်ကဲ့... ဟုတ်ကဲ့... ဟုတ်ကဲ့... မကြာသေးခင်က တောင်ရဲ့ တောင်ဘက်ခြမ်းမှာ မြူတွေ ဆိုင်းနေတယ်... ညီအစ်ကို တချို့ အထဲဝင်သွားပြီး ပြန်မထွက်လာတော့ဘူး..."
ဓားပြက အမြန် ပြန်ဖြေလိုက်သည်။
"တောင်ဘက်ခြမ်း ဟုတ်လား..."
ချန်ဖေးက လင်းဟန်ကျွင်းကို မော့ကြည့်လိုက်သည်။ အကယ်၍ လင်းဟန်ကျွင်း၏ တည်နေရာ ဖော်ပြချက်သာ မှန်ကန်ပါက ဂူသည် ကွမ်းကျိုးတောင်၏ တောင်ဘက်ခြမ်းတွင် အမှန်တကယ် ရှိနေပေသည်။
“မြူတွေဆိုင်းနေတာ ဘယ်လောက်ကြာပြီလဲ…”
"ကြည့်ရတာ... ကြည့်ရတာ... ဆယ်ရက်လောက် ရှိသွားပြီ..."
ချန်ဖေးက ခေါင်းညိတ်လိုက်ပြီး ရှေ့သို့ ဆက်လက် မြင်းစီးသွားလိုက်သည်။
ခဏအကြာတွင် လင်းဟန်ကျွင်းက သူ့နောက်မှ လိုက်မီလာ၏။ သူသည် ဓားပြနှစ်ယောက်ကို ရှင်းလင်းပြီးသွားပြီ ဖြစ်သည်။
ခဏအကြာတွင် ချန်ဖေးနှင့် လင်းဟန်ကျွင်းသည် တောင်ခြေတစ်ခုသို့ ရောက်ရှိလာကြသည်။ ချန်ဖေး မော့ကြည့်လိုက်ရာ တောင်စောင်းကို ဖုံးလွှမ်းနေသော မြူခိုးများကို အမှန်တကယ် မြင်တွေ့လိုက်ရ၏။
အကွာအဝေးက ဝေးလွန်းသဖြင့် ချန်ဖေး သတိမပြုမိနိုင်သော်လည်း ခဏမျှ စောင့်ကြည့်ပြီးနောက် မြူများသည် တစ်နေရာတည်းတွင် အမြဲတမ်း ပိတ်လှောင်နေကြောင်း သူ တွေ့ရှိလိုက်ရပြီး မြူများသည် အစီအရင်တစ်ခုကြောင့် အမှန်တကယ် ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း ချန်ဖေး နားလည်လိုက်သည်။
"စီနီယာ... အဲ့ဒီဂူက အဲ့ဒီနေရာမှာ ရှိတာ..."
လင်းဟန်ကျွင်းက ချန်ဖေးကို တိုးတိုးလေး ပြောလိုက်သည်။
ချန်ဖေးက တိတ်ဆိတ်နေ၏။ မလာမီက ဂူထဲတွင် တစ်စုံတစ်ရာ ရှိနေနိုင်ကြောင်း သူ စဉ်းစားမိခဲ့သည်။ သို့ရာတွင် သူ အထဲသို့ မဝင်ရောက်မီမှာပင် အစီအရင်တစ်ခုက အသက်ဝင်လာပြီး ပတ်ဝန်းကျင်ဒေသကို ဖုံးလွှမ်းသွားလိမ့်မည်ဟု သူ လုံးလုံးလျားလျား မမျှော်လင့်ထားခဲ့ချေ။
"ငါနဲ့ နေရာတစ်ခုကို အရင်လိုက်ခဲ့... ပြီးမှ ပြန်လာမယ်..."
ချန်ဖေးက ခဏမျှ စဉ်းစားပြီးနောက် လောလောဆယ် အထဲသို့ မဝင်ရန် ဆုံးဖြတ်လိုက်သည်။ မည်သို့ပင်ဆိုစေ ဤနေရာသည် သူ၏ မူလခန္ဓာကိုယ် နေထိုင်ခဲ့သော တောင်ပေါ်ရွာနှင့် မဝေးလှပေ။
သူ ထိုနေရာသို့ အရင်သွားပြီး ဒွာရအပြင်ဘက်ရှိ စွဲလမ်းမှုကို ဖြေရှင်းနိုင်မလားဆိုသည်ကို သွားကြည့်ခြင်းက ပိုကောင်းပေလိမ့်မည်။
လင်းဟန်ကျွင်းနှင့် ပတ်သက်၍မူ ချန်ဖေးက သူ့ကို ဆက်လက် ခေါ်ဆောင်သွားမည် ဖြစ်သည်။ ဂူထဲသို့ ဝင်ရောက်ပြီးနောက် တိရစ္ဆာန်အရေခွံကို ရရှိခဲ့သော နေရာကို အတိအကျ ညွှန်ပြရန် လင်းဟန်ကျွင်းကို ချန်ဖေး လိုအပ်ပေသည်။
"ဟုတ်ကဲ့..."
လင်းဟန်ကျွင်းသည် အခြားမေးခွန်းများကို မမေးဝံ့တော့ဘဲ ချန်ဖေးနောက်မှ နာခံစွာ လိုက်ပါသွားလေ၏။ ယခုအခါ လင်းဟန်ကျွင်းသည် သူ ကောင်းစွာ စွမ်းဆောင်ပြီး နောက်ဆုံးတွင် ချန်ဖေးက သူ၏ အသက်ကို ချမ်းသာပေးရန်သာ မျှော်လင့်နိုင်တော့သည်။
ကြမ်းတမ်းသော မြေမျက်နှာသွင်ပြင်နှင့် လမ်းမရှိသော မိုင်လေးငါးဆယ်ခန့်ကို ဖြတ်သန်းရသော်လည်း ချန်ဖေးနှင့် လင်းဟန်ကျွင်းသည် တစ်နာရီကျော်အကြာတွင် တောင်ပေါ်ရွာသို့ ရောက်ရှိလာခဲ့ကြသည်။
သူ၏ရှေ့ရှိ လူသူကင်းမဲ့နေသော ရွာကို ကြည့်ကာ လင်းဟန်ကျွင်းသည် ချန်ဖေး အဘယ်ကြောင့် ဤနေရာသို့ သီးသန့် လာရသနည်းဟု တွေးတောလျက် ချန်ဖေးကို အနည်းငယ် တွေဝေစွာ ကြည့်လိုက်သည်။မင်းဆက်တစ်ခုလုံးသည် ဖရိုဖရဲဖြစ်ပြီး စစ်ပွဲများ ဖြစ်ပွားနေသည်။
ခရိုင်ငယ်လေးများကိုပင် သူပုန်များက သိမ်းပိုက်ထားကြသည်။ ဤနေရာရှိရွာများသည် တစ်ခါတစ်ရံတွင် တောင်ပေါ်ဓားပြများ၏ လုယက်ခြင်းကို ခံရတတ်ပြီး အသက်ရှင်ကျန်ရစ်သူ အလွန်နည်းပါးပေသည်။
ဤရွာသည်လည်း ဖျက်ဆီးခံရမည့် ကံကြမ္မာမှ မလွတ်မြောက်နိုင်ခဲ့ကြောင်း ရှင်းလင်းနေပြီး စွန့်ပစ်ခံထားရမှု အတိုင်းအတာကို ကြည့်ရသည်မှာ အချိန်အတော်ကြာနေပြီ ဖြစ်သည်။
ချန်ဖေးက စကားမပြောချေ။ သူ မြင်းပေါ်မှ ဆင်းကာ မြင်းကြိုးကို ကောက်ကွေးနေသော သစ်ပင်တစ်ပင်တွင် ချည်ထားလိုက်ပြီး ရွာထဲသို့ လျှောက်သွားလိုက်သည်။
ရွာကို မြင်လိုက်ရသည့် အချိန်မှစ၍ ချန်ဖေး၏ အထဲမှ ထူးဆန်းသော ခံစားချက်တစ်ခု ထွက်ပေါ်လာ၏။ ဤခံစားချက်သည် အလွန်သိမ်မွေ့ပြီး လူတစ်ယောက်၏ အာရုံလွဲနေသော အတွေးများကဲ့သို့ လွယ်ကူစွာ လျစ်လျူရှုခံရနိုင်သည်။
သို့ရာတွင် ဝိညာဉ်မူလ နှလုံးသား သော့ခတ် ကျင့်စဉ်ကို ကျင့်ကြံထားသော ချန်ဖေးသည် ဤနေရာအတွက် မူလခန္ဓာကိုယ်၏ တုံ့ပြန်မှုဖြစ်သော ခံစားချက်ကို လွယ်ကူစွာ ဆုပ်ကိုင်နိုင်ခဲ့သည်။
မူလဝိညာဉ်သည် လွင့်စင်သွားခဲ့သည်မှာ ကြာပြီဖြစ်သဖြင့် မည်သည့် တုံ့ပြန်မှုမျှ မရှိသင့်တော့ပေ။ သို့သော် ဒွာရများ အပြင်ဘက်ရှိ စွဲလမ်းမှုကဲ့သို့ပင် အရာများစွာသည် ရှင်းပြရန် ခက်ခဲပေသည်။
ချန်ဖေး ရွာထဲသို့ ဖြည်းညင်းစွာ လျှောက်သွားချိန်တွင် ပြိုကျနေသော ခြံဝင်းတံတိုင်းများ၊ ဆွေးမြည့်နေသော ခေါင်မိုးများနှင့် ကျိုးပဲ့နေသော အုပ်ကြွပ်ပြားများသည် ဤနေရာတွင် ဖြစ်ပျက်ခဲ့သမျှကို ပုံပြင်တစ်ခုအဖြစ် ပြောပြနေသကဲ့သို့ပင်။
ချန်ဖေး၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော ခံစားချက်သည် တဖြည်းဖြည်း ပြင်းထန်လာသော်လည်း အမှတ်တစ်ခုသို့ ရောက်ပြီးနောက်တွင် ပြင်းထန်မှုသည် တဖြည်းဖြည်း လွင့်စင်သွားလေ၏။
ချန်ဖေး ရွာ၏ အလယ်ဗဟိုသို့ ရောက်ချိန်တွင် သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော စိတ်ခံစားမှုများသည် လုံးလုံးလျားလျား ပျောက်ကွယ်သွားပြီ ဖြစ်သည်။
တစ်လျှောက်လုံးတွင် ချန်ဖေးသည် တည်ငြိမ်နေခဲ့သည်။ ဤအချိန်၌ ချန်ဖေးသည် နောက်ဆုံးဆန္ဒတစ်ခုကို ဖြည့်ဆည်းပေးနေသူ တစ်ယောက်နှင့် ပိုတူနေပေသည်။
ဝိညာဉ်သည် ကမ္ဘာမြေမှ ဤကမ္ဘာသို့ ခရီးသွားလာခဲ့သည်။ ဤခန္ဓာကိုယ်၏ မူလပိုင်ရှင်သည် ရုတ်တရက် သေဆုံးသွားခဲ့ပြီး ချန်ဖေးကို ဤကမ္ဘာတွင် ရှင်သန်ရန် အခွင့်အရေး ပေးခဲ့သည်။ အကယ်၍ ဒွာရများကြောင့်သာ မဟုတ်ပါက မူလပိုင်ရှင်တွင် ဤကဲ့သို့သော စွဲလမ်းမှုရှိကြောင်း ချန်ဖေး သိရှိခဲ့မည် မဟုတ်ချေ။
ချန်ဖေးသည် ငြိမ်သက်စွာ ရပ်နေရင်း မျက်လုံးများကို ဖြည်းညင်းစွာ မှိတ်လိုက်ပြီး သူ၏ စိတ်စွမ်းအားကို စီးဆင်းစေကာ ဒွာရကို ချက်ချင်း ရှာဖွေတွေ့ရှိလိုက်သည်။ သူ၏ စိတ်စွမ်းအားသည် ဒွာရဆီသို့ ဖြည်းညင်းစွာ ချဉ်းကပ်သွားပြီး နောက်တစ်ခဏတွင် လုံးလုံးလျားလျား ဖုံးလွှမ်းသွားလေ၏။
ချန်ဖေးကို ဆယ်လတိတိ တားဆီးထားခဲ့သော အတားအဆီးသည် ပျောက်ကွယ်သွားပြီ ဖြစ်သည်။
ကျေးဇူးပါပဲ...
ချန်ဖေး၏ စိတ်ထဲတွင် အတွေးတစ်ခု ဖြတ်ပြေးသွား၏။ သူသည် မူလပိုင်ရှင်၏ ဆန္ဒတစ်ခုကို ဖြည့်ဆည်းပေးခဲ့ပြီ ဖြစ်သည်။ အောင်ပွဲခံ၍ အိမ်ပြန်လာခြင်းဟု မခေါ်နိုင်သော်လည်း အနည်းဆုံးတော့ ရွာကို နောက်ဆုံးအကြိမ်အဖြစ် မြင်တွေ့ခဲ့ရပြီ ဖြစ်သည်။
သို့သော် ဤရွာအတွက် ရလဒ်က မကောင်းခဲ့ချေ။
ဤသည်မှာ လောက၏ လက်ရှိအခြေအနေဖြစ်ပြီး ရှောင်လွှဲ၍မရသော ရလဒ်တစ်ခုအဖြစ် ထင်ရပေသည်။ အားနည်းခြင်းက ကြီးလေးသော အပြစ်တစ်ခု ဖြစ်လာခဲ့သည်။ သင်သည် အခြားသူများကို ဒုက္ခပေးရန် မရည်ရွယ်သော်လည်း သူတို့က သင့်ကို၊ သင့်အကြောင်း အရာအားလုံးကို အမြဲတမ်း စောင့်ကြည့်နေကြပေသည်။
လင်းဟန်ကျွင်းသည် ချန်ဖေးနှင့် မလှမ်းမကမ်းတွင် ရပ်နေပြီး သူ၏ စိတ်ကူးယဉ်မှုသက်သက်လားဟု မသေချာဖြစ်နေ၏။ လွန်ခဲ့သော စက္ကန့်အနည်းငယ်က ချန်ဖေး၏ အငွေ့အသက် အနည်းငယ် ပြောင်းလဲသွားသည်ကို လင်းဟန်ကျွင်း ခံစားလိုက်ရသည်။
သို့သော် ထိုခံစားချက်က အမြန် ပျောက်ကွယ်သွားသဖြင့် လင်းဟန်ကျွင်းကို အနည်းငယ် တွေဝေသွားစေသည်။
ချန်ဖေး မျက်လုံးများကို ဖွင့်လိုက်ရာ တောက်ပသော အလင်းတန်းတစ်ခု လင်းလက်သွားသကဲ့သို့ပင်။
ဒွာရများ အပြင်ဘက်ရှိ သူ၏ စွဲလမ်းမှု လွင့်စင်သွားပြီး သူ၏ ကျင့်ကြံမှုကလည်း အတွင်းကလီစာသန့်စင်ခြင်း အဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်ရာ ချန်ဖေးသည် ယခုအခါ ဒွာရသန့်စင်ခြင်း အဆင့်သို့ တက်လှမ်းရန် အသင့်ဖြစ်နေပြီ ဖြစ်သည်။
သို့ရာတွင် လက်ရှိ ပတ်ဝန်းကျင်က အနည်းငယ် မသင့်လျော်ဖြစ်နေပေသည်။
ချီစွမ်းအင်သန့်စင်ခြင်း အဆင့်သို့ တက်လှမ်းရန် ချီဒွာရများကို ဖွင့်ရမည် ဖြစ်သည်။ သို့သော် ချီဒွာရများကို ဖွင့်ခြင်းသည် တဖြည်းဖြည်း လုပ်ဆောင်ရသော လုပ်ငန်းစဉ်တစ်ခု ဖြစ်ပြီး အထူးသဖြင့် ပထမဆုံး ချီဒွာရအတွက် ဖြစ်သည်။
လုံခြုံသော နေရာတစ်ခုကို ရှာရမည်။ ထိုသို့မဟုတ်ဘဲ ကျပန်းနေရာတစ်ခုကို ရှာ၍ တက်လှမ်းရန် ကြိုးစားပြီး လမ်းတစ်ဝက်တွင် အခြားအရာများ၏ နှောင့်ယှက်မှုကို ခံရပါက အကျိုးဆက်များကို စိတ်ကူးကြည့်၍ပင် ရမည်မဟုတ်ချေ။
ချန်ဖေးသည် အနည်းငယ် မျက်မှောင်ကြုတ်သွားပြီး လုံခြုံသော နေရာတစ်ခုကို ရှာကာ သူ၏ ကျင့်ကြံမှုကို မြှင့်တင်ရန် အချိန်အနည်းငယ် ယူရမည်လား သို့မဟုတ် ယခု ကွမ်းကျိုးတောင်သို့ သွားကာ ဂူထဲသို့ ဝင်ရောက်ပြီး နဂါးနှိမ်နင်းခြင်း ရုပ်ပြကျင့်စဉ်အကြောင်း သဲလွန်စများ ရှိမရှိ ကြည့်ရမည်လားဟု တုံ့ဆိုင်းနေမိသည်။
အကယ်၍ ရွှီဝမ်လျန်နှင့် အခြားသူများ ထိုနေရာတွင် မရှိခဲ့ပါက ချန်ဖေးသည် ကျင့်ကြံမှုအဆင့် တက်လှမ်းရန်ကိုသာ အရင် ရွေးချယ်ခဲ့ပေလိမ့်မည်။ သို့သော် ရွှီဝမ်လျန်နှင့် အခြားသူများ ထိုနေရာတွင် ရှိနေသောကြောင့် နဂါးနှိမ်နင်းခြင်း ရုပ်ပြကျင့်စဉ်၏ နောက်ဆက်တွဲ ကျင့်စဉ်များကို မည်သို့ဖြစ်သွားမည်ကို ချန်ဖေး စိုးရိမ်နေမိသည်။
အကယ်၍ နဂါးဆင်ကို ဖိနှိပ်ခြင်းအတွက် နောက်ဆက်တွဲ ကျင့်စဉ်များသာ ပျောက်ဆုံးသွားပါက နောင်တရရုံမျှမကသော ကိစ္စတစ်ခု ဖြစ်လာပေလိမ့်မည်။
ခန္ဓာကိုယ်ကို ဖိနှိပ်ခြင်း၊ စိတ်ဝိညာဉ်ကို ဖိနှိပ်ခြင်း၊ ဝိညာဉ်ကို ဖိနှိပ်ခြင်း...
နဂါးနှိမ်နင်းခြင်း ရုပ်ပြကျင့်စဉ်၏ နောက်ဆက်တွဲ ကျင့်စဉ်များတွင် ဒွာရသန့်စင်ခြင်း အဆင့်ထက် ပိုမိုမြင့်မားသော အဆင့်တစ်ခုအတွက် ကျင့်ကြံမှု နည်းလမ်းများ ပါဝင်နေမည်ဟု ချန်ဖေး သံသယရှိမိသည်။ အကယ်၍ ဤအချက်သာ မှန်ကန်ပါက နဂါးနှိမ်နင်းခြင်း ရုပ်ပြကျင့်စဉ်၏ တန်ဖိုးသည် မခန့်မှန်းနိုင်လောက်အောင် ဖြစ်သွားပေလိမ့်မည်။
"ကွမ်းကျိုးတောင်ကို ပြန်သွားမယ်..."
ချန်ဖေးသည် ခဏမျှ စဉ်းစားပြီးနောက် လင်းဟန်ကျွင်းကို ပြောလိုက်သည်။
နောက်ဆုံး ဆုံးဖြတ်ချက် မချမီ အစီအရင်များကို အနီးကပ် လေ့လာရန်အတွက် ကွမ်းကျိုးတောင်သို့ ထပ်မံသွားရန် ချန်ဖေး ဆုံးဖြတ်လိုက်သည်။
ချန်ဖေး၏ လုပ်ရပ်များကြောင့် လင်းဟန်ကျွင်းသည် အနည်းငယ် တွေဝေသွား၏။ သူက အဘယ်ကြောင့် ရုတ်တရက် ပျက်စီးနေသော တောင်ပေါ်ရွာကို လေ့လာပြီးနောက် မရပ်မနားဘဲ ကွမ်းကျိုးတောင်သို့ အမြန် ပြန်သွားရသနည်း။ သူ ဘာကို လိုချင်နေတာလဲ။
တစ်နာရီအကြာတွင် ကွမ်းကျိုးတောင်၏ တောင်စောင်းပေါ်ရှိ မြူခိုးများကို အဝေးမှ မြင်တွေ့နိုင်ပြီး ခဏအကြာတွင် တောင်ခြေသို့ ရောက်ရှိလိမ့်မည်ဖြစ်သည်။
ရုတ်တရက် ချန်ဖေးက ခေါင်းမော့ကာ ကွမ်းကျိုးတောင်၏ တောင်စောင်းဆီသို့ ကြည့်လိုက်သည်။ ထိုနေရာမှ လှိုင်းလုံးတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး ဤဘက်သို့ ပျံ့နှံ့လာလေ၏။