Extra
Vol. 47 Ch. extra
အခန်း ၇၀၃ ။ အချပ်ပို ၁ - အိမ်ထောင်ရေးဆီသို့ ခရီးရှည်
အစ်မကြီးကျင်းက မျက်နှာပြင်တစ်ခုလုံးဆီ သတင်းစကား ပို့လိုက်ပြီးကတည်းက ဘာကြောင့်မှန်းမသိ စားဖိုမှူးနဲ့ ဖေဖေနျိုတို့ရဲ့ မျက်နှာပြင်တွေမှာ ကျူးကျော်သူဝင်တာ နည်းသွားခဲ့တယ်။ သူတို့တွေလည်း တော်တော်လေး အားလပ်သွားကြတာပေါ့။ ဒါကြောင့် ၀ူတိဂိုဏ်းမှာ ခဏလောက် နေပြီးတဲ့နောက် ကောင်းကင်ဘုံဆီ သူတို့ ပြန်လာခဲ့ကြတယ်။
ကူယွဲ့က ဂိုဏ်းထဲက ကိစ္စအဝဝကို ယွီဟုန်တို့ဆီ လွှဲပေးခဲ့ပြီးပြီ။ သူတို့က ဂိုဏ်းချုပ်ရာထူးကို တကယ်တမ်း လက်မခံချင်ကြပေမဲ့ ဂိုဏ်းချုပ်တစ်ယောက် လုပ်သင့်လုပ်ထိုက်တာတွေကိုတော့ အကုန်လုပ်ပေးနေကြတာပဲ။ ဒါပေမဲ့ သူတို့ဦးနှောက်တွေက တစ်ခုခုလွဲနေသလားတော့ မသိဘူး၊ ရှန်းရင် တစ်ယောက်တည်းသာ ဂိုဏ်းချုပ်ဆိုတဲ့ နာမည်နဲ့ ထိုက်တန်တယ်လို့ အမြဲတွေးနေကြတယ်။
ကူယွဲ့ကတော့ အစက ဒီ cheat နှစ်ယောက်ကို သူ့ရဲ့ မျက်နှာပြင်ဆီ ခေါ်သွားပြီး အကူအညီတောင်းဖို့ ကြံစည်ထားတာ။ ကျူးကျော်သူတွေ မရှိတော့ဘူးဆိုပေမဲ့ သူ့မျက်နှာပြင်က အသစ်စက်စက် မျက်နှာပြင်ပဲလေ။ ကောင်းကင်တာအိုကလည်း ဖြစ်တည်လာတာ မကြာသေးဘူး။ စည်းမျဉ်းစည်းကမ်းတွေက ပြင်ဆင်စရာတွေ အများကြီး ရှိနေတုန်းပဲ။ နေရာတိုင်းမှာ ဖြေရှင်းရမဲ့ ပြဿနာတွေချည်းပဲ။ ဟုန်မုန့်၊ ဖက်တီး၊ ယုန်နဲ့ မှိုတို့က မဆိုးဘူးဆိုပေမဲ့ တချို့ကိစ္စတွေကိုတော့ စီမံခန့်ခွဲသူကိုယ်တိုင် လုပ်မှရတာ။
စားဖိုမှူးကလည်း စီမံခန့်ခွဲသူတစ်ယောက် ဖြစ်နေတော့ တစ်ခုခု ကူညီနိုင်လိမ့်မယ်လို့ ကူယွဲ့က တွေးခဲ့တယ်။ တကယ်လို့ ဘာမှမတတ်နိုင်ရင်တောင် စားဖိုမှူးရဲ့ မျက်နှာပြင်ထဲက ကောင်းကင်တာအိုကို ကူယွဲ့ရဲ့ မျက်နှာပြင်ထဲ Copy-Paste လုပ်ခိုင်းရင် ရတာပဲလေ။ ရှန်းရင်အတွက်ကတော့... ထားလိုက်ပါတော့။
ဒါပေမဲ့ တကယ်တမ်း လုပ်ကြည့်တဲ့အခါမှာတော့ မျက်နှာပြင်နှစ်ခုက ဆင်တူသလိုရှိပေမဲ့ အရေးကြီးတဲ့ ကွာခြားချက်တွေ ရှိနေတာကို သူ သိလိုက်ရတယ်။ အဲဒါကတော့ ကျင့်စဉ်တွေနဲ့ ခန္ဓာကိုယ်ရဲ့ ဓာတ်သဘာဝတွေပဲ။ စားဖိုမှူးရဲ့ မျက်နှာပြင်ထဲက ကျင့်စဉ်အချို့က ကူယွဲ့ရဲ့ မျက်နှာပြင်မှာ သုံးလို့မရဘူး။ အာနိသင်ပဲဖြစ်ဖြစ်၊ ဂါထာမန္တန်ပဲဖြစ်ဖြစ်၊ ပုံစံပဲဖြစ်ဖြစ် တစ်ခုခုကတော့ အမြဲလွဲနေတာပဲ။
အဲဒီတော့မှ အစ်မကြီးကျင်း ပြောခဲ့တဲ့ မျက်နှာပြင်တိုင်းက သီးသန့်ဖြစ်ပြီး ထူးခြားတယ် ဆိုတဲ့ စကားကို သူ သတိရသွားတယ်။ ကြည့်ရတာ ဒါက တကယ်ပဲ။ စားဖိုမှူးရဲ့ မျက်နှာပြင်ကို ကူးယူမယ်ဆိုတဲ့ သူ့ရဲ့ မျှော်လင့်ချက်ကတော့ သုည ဖြစ်သွားပြီ။ သူလုပ်နိုင်တာကတော့ အချိန်ယူပြီး သူ့ဘာသာသူပဲ ပြင်ဆင်ရတော့မယ်။ အဲဒါကိုလည်း သူတစ်ယောက်တည်း လုပ်ရမှာ။ ဒါကြောင့် သူ မျှော်လင့်ထားတဲ့ အားလပ်ရက်ကတော့ ဒီမှာတင် ပြီးဆုံးသွားပြီး ပြန်ပြီး အလုပ်ရှုပ်ရပြန်တယ်။ စားဖိုမှူးနဲ့ အစားပုတ်တစ်ယောက်ကတော့ တစ်နေကုန် စားလိုက် အိပ်လိုက်နဲ့ ကူယွဲ့ကိုပဲ ဝါးမျိုနေကြတော့တယ်။
စားဖိုမှူးကတော့ တစ်နေကုန် မီးဖိုချောင်ထဲမှာပဲ အချိန်ဖြုန်းနေနိုင်တဲ့အထိ အားလပ်နေတယ်။ သူ ဟင်းမချက်ဘူးဆိုရင် ဟင်းချက်ဖို့ ပြင်ဆင်နေတာပဲ။ ကောင်းကင်ဘုံတစ်ခုလုံးမှာလည်း သူချက်တဲ့ ဟင်းနံ့တွေပဲ မွှေးနေတာ။ အဲဒီအနံ့ကလေ... တကယ့်ကို အံ့မခန်းပဲ။ တစ်ခါတစ်ရံ အလုပ်ကူလုပ်ဖို့ ရောက်လာတဲ့ ဖက်တီးတောင်မှ ထမင်းတစ်ပန်းကန်လောက် မစားဘဲ မနေနိုင်တော့ဘူး။ ပြီးရင်တော့ ထောင့်တစ်နေရာမှာ ထိုင်ပြီး အရသာခံ စားနေတော့တယ်။
အဲဒီလိုနဲ့ ရှေးနတ်ဘုရားဖြစ်တဲ့ ဟုန်မုန့်တောင်မှ ဖက်တီးဘေးမှာ ထိုင်ပြီး ထမင်းလာစားတဲ့အထိ ဖြစ်လာတယ်။ အဲဒီနောက်တော့ ယုန်နဲ့ မှိုတို့လည်း ပါလာကြတာပေါ့။ သူတို့တွေ အတန်းလိုက်ကြီး ထိုင်ပြီး ထမင်းစားနေကြတာ။ အစကတော့ တစ်ခါတစ်လေမှ လာစားကြတာ၊ နောက်ပိုင်းကျတော့ ခဏခဏ လာစားကြတော့တယ်။ ကြည့်ရတာ ထူးဆန်းတဲ့ မြင်ကွင်းကြီးပဲ။ ကူယွဲ့၊ ရှန်းရင်နဲ့ စားဖိုမှူးတို့က စားပွဲမှာ ဟင်းမျိုးစုံနဲ့ ထိုင်စားနေကြပြီး သူတို့နောက်မှာတော့ လူလေးယောက်က အတန်းလိုက် ဆောင့်ကြောင့်ထိုင်ရင်း သူတို့လက်ထဲက ထမင်းဖြူတွေကို စားနေကြတာ၊ မျက်လုံးတွေကတော့ စားပွဲပေါ်က ဟင်းတွေကိုကြည့်ပြီး သွားရည်ကျနေကြတယ်။
သူတို့ရဲ့ သနားစရာကောင်းတဲ့ ပုံစံကို ရှန်းရင်က ကြောက်သွားပုံရတယ်။ တစ်နေ့မှာတော့ သူမက မေးလိုက်တယ်။ "နင်တို့... ငါတို့နဲ့ တူတူစားမလား"
"စားမယ်" သူတို့ လေးယောက်လုံး ပြိုင်တူ အော်လိုက်ကြတယ်။
ဒါနဲ့ပဲ သူတို့ ဘေးမှာ နောက်ထပ် စားပွဲတစ်လုံး ထပ်ပြင်ပြီး ဟင်းသီးဟင်းရွက် ဟင်းတွေကို အတူတူ မျှစားကြတယ်။ အစကတော့ ကူယွဲ့က ဒါကို သိပ်အရေးမကြီးဘူးလို့ ထင်ခဲ့တာ။ ဒါပေမဲ့ နောက်ပိုင်းကျတော့ တစ်ခုခု လွဲနေပြီဆိုတာ သူ သတိထားမိလာတယ်။ စားဖိုမှူးက ဟင်းချက်ရင် ဝက်ကျွေးသလိုမျိုး အများကြီး ချက်တာလေ။ ရှန်းရင်ကလည်း အစားပုတ်ဆိုတော့ ဗိုက်က ပေါက်နေသလား အောက်မေ့ရတယ်။ သူတို့ သုံးယောက်တည်း စားတုန်းကတောင် တစ်နပ်ကို အနည်းဆုံး နှစ်နာရီ ကြာတာ။ အဲဒါက တစ်နေ့ကို ခြောက်နာရီပေါ့။ အခု လူတွေ ပိုများလာတော့ ထမင်းစားချိန်က ပိုကြာသွားတာပေါ့။ တစ်နေ့ကို ထမင်းစားချိန် နှစ်နာရီ ပိုတိုးသွားတယ်ဆိုရင် တစ်နေ့မှာ ရှစ်နာရီလုံး စားနေကြတာပဲ။
စီးပွားရေးသမားကောင်း တစ်ယောက်ပီပီ ကူယွဲ့က တစ်နေ့ကို အလုပ်ချိန် ရှစ်နာရီလို့ပဲ သတ်မှတ်ထားတာ။ သူ့တွက်ချက်မှုအရဆိုရင် တစ်နေ့ကုန် သေအောင် အလုပ်လုပ်နေရတာ သူတစ်ယောက်တည်းပဲ။ သူ့မျက်နှာပြင်က တခြား လေးယောက်ကတော့ အလုပ်ချိန်ထဲမှာ စားရုံပဲစားပြီး ဘာမှ မလုပ်ကြဘူး။
ဒါက ကူယွဲ့ကို တော်တော်လေး စိတ်မသက်မသာ ဖြစ်စေတယ်။ ဒီလို ဆက်သွားလို့ မဖြစ်တော့ဘူး။ ဒါနဲ့ပဲ သူက အလုပ်ချိန်အတွင်း ထမင်းစားတာကို ပိတ်လိုက်ပြီး အဲဒီလေးယောက်ကို ကောင်းကင်ဘုံထဲကနေ အတင်းမောင်းထုတ်လိုက်တော့တယ်။ ပြီးတော့ နောက်ထပ် ဝင်ခွင့်ကိုလည်း ပိတ်ပစ်လိုက်တယ်။ သူတို့ကို ထမင်းဖြူပဲ ပြန်စားခိုင်းလိုက်တော့တယ်။ ပြီးတော့ ဒီအသုံးမကျတဲ့ နှစ်ယောက်ကိုလည်း သူ လှည့်ဟောက်လိုက်တယ်။ အကူအညီ မပေးတာက ထားပါဦး၊ ငါ့ဝန်ထမ်းတွေကိုပါ အပျက်အစီး လာလုပ်နေကြတာလား။ ဒီအစားအသောက်တွေ ဝယ်ဖို့ ဘယ်သူက မုန့်ဖိုးပေးနေလဲဆိုတာ သူတို့ မေ့နေကြပြီလား။
ဒါပေမဲ့ အဲဒီနှစ်ယောက်ကတော့ သူတို့ မှားနေတယ်လို့ မထင်ကြဘူး။ အဲဒီအစား စားဖိုမှူးက လူနည်းသွားတော့ ဟင်းချက်နည်း အသစ်တွေကို စမ်းသပ်နေတော့တယ်။ သူက ဓားကျင့်ကြံသူဆိုတာကိုတောင် လုံး၀ မေ့နေတဲ့ပုံပဲ။ တစ်ခါတစ်လေကျရင် ဟင်းအသစ်တွေကို ကူယွဲ့ဆီ ယူလာပြီး မြည်းခိုင်းသေးတယ်။
"ဖေဖေနျို... အကြီးအကဲရှန်းရဲ့ မျက်နှာပြင်ထဲမှာ ဒီလို မုန့်မျိုး မြင်ခဲ့ဖူးတယ်။ ဒါပေမဲ့ ဆရာက အချို သိပ်မကြိုက်ဘူးလေ။ ဒါကြောင့် ကျွန်တော်က အစပ်မုန့်အဖြစ် ပြောင်းလုပ်ထားတာ။ မြည်းကြည့်ပါဦးလား"
ကူယွဲ့က သူ့လက်ထဲက ပန်းကန်ကို ကြည့်ပြီး နှုတ်ခမ်းစေ့လိုက်တယ်။ အဲဒီအချိန်မှာ ယိချင်းကို ဓားနဲ့ပဲ ထိုးပစ်ချင်တော့တယ်။ "သွားစမ်း။ ငါ့ကို မသိဘူး ထင်နေလား။ ဘယ်သူက အစပ်ကိတ်မုန့် စားမှာလဲ"
"ဟမ်… ဒီအရသာက အဆင်မပြေဘူးလား" သူ တစ်ခါပဲ မြင်ဖူးတာလေ။
"မပြေဘူး၊ မင်းဘာသာမင်း မြည်းကြည့်ပါလား"
"အော်" ယိချင်းက စိတ်ပျက်လက်ပျက်နဲ့ မုန့်ကို ပြန်ယူလိုက်တယ်။ ပြီးတော့ သူ့လက်ထဲမှာ မီးတောက်တစ်ခု ခေါ်လိုက်ပြီး ပန်းကန်ကိုပါ ပြာဖြစ်အောင် ရှို့ပစ်လိုက်တယ်။
ကူယွဲ့။ ။ "..."
ခွေးမသားပဲ မင်းတောင် မမြည်းရဲလို့ ငါ့ကို လာမြည်းခိုင်းတာ မဟုတ်လား။
凸(艹皿艹)
ဒါပေမဲ့ စားဖိုမှူးကတော့ လှည့်ထွက်သွားပြီ။ သူက ဟင်းချက်စရာ အသစ်တွေကို ထပ်ရှာနေပြန်ပြီ။ သူ ကြည့်ရတာ အရမ်းကို အေးဆေးပြီး တည်ငြိမ်နေတာကြောင့် သီချင်းတောင် မဆိုတာ ထူးဆန်းတယ်လို့ ကူယွဲ့ တွေးမိတယ်။ အရင်ကထက်စာရင် စားဖိုမှူးက ပိုပြီးတော့တောင် ပေါ့ပေါ့ပါးပါး ဖြစ်နေသလိုပဲ။ ကြည့်ရတာ သူ့မျက်နှာပြင်မှာ ကျူးကျော်သူတွေ နည်းသွားပြီး အရာအားလုံး တည်ငြိမ်သွားလို့ သူ စိတ်အေးသွားပုံရတယ်။ အန္တရာယ်ရှိတယ်ဆိုတဲ့ ခံစားချက် လုံး၀ မရှိတော့ဘူး။
ကူယွဲ့ကတော့ သေခါနီး ခွေးတစ်ကောင်လို အလုပ်လုပ်နေရတဲ့ သူ့ကိုယ်သူ ပြန်ကြည့်လိုက်တယ်။ ပြီးတော့ ကုလားထိုင်ပေါ်မှာ မှီပြီး နေနေတဲ့ တစ်စုံတစ်ယောက်ကို ကြည့်လိုက်ပြီး သူ ပြဿနာရှာဖို့ ဆုံးဖြတ်လိုက်တယ်။
"စားဖိုမှူး... မင်း ဒီလောက်တောင် စိတ်အေးလက်အေး နေနေတာ ဟုတ်ရဲ့လား"
စားဖိုမှူးက အိုးကို မကိုင်ခင် ခဏ ရပ်သွားတယ်။ သူက ဇဝေဇဝါ ဖြစ်နေတဲ့ ပုံစံနဲ့ ပြောလိုက်တယ်။
"ဒါပေမဲ့ ကျူးကျော်သူတွေလည်း မရှိတော့ဘူး၊ အပုလေးကလည်း မျက်နှာပြင်ကို စောင့်ကြည့်ပေးနေတာပဲ။ စိုးရိမ်စရာ ဘာမှ မရှိပါဘူး။ အကြီးအကဲရှန်းကလည်း တရားသူကြီး ဖြစ်သွားပြီဆိုတော့ နောင်ကျရင် ပြဿနာတွေ ရှိလာမှာ မဟုတ်တော့ဘူးလေ"
ဘယ်မျက်စိကန်းတဲ့သူကမှ ကိုယ်တိုင်တော့ ပြဿနာလာမရှာလောက်ဘူးမလား။
"အော်" ကူယွဲ့က စားပွဲပေါ်က မုန့်တစ်ခုကို ယူပြီး ပါးစပ်ထဲ အကုန်ထည့်လိုက်တယ်။ "ဒါဆို မင်းနဲ့ ရှန်းရင်နဲ့ကော။ ဘာအစီအစဉ်မှ မရှိဘူးလား"
"ဆရာလား" သူက ကုလားထိုင်ပေါ်မှာ မှီအိပ်နေတဲ့ ရှန်းရင်ကို လှည့်ကြည့်လိုက်တယ်။ သူ့အကြည့်တွေက နူးညံ့သွားပြီး တစ်ကိုယ်လုံးက အချစ်တွေ လျှံထွက်နေသလိုပဲ။
"ဆရာသာ ကျွန်တော့်ဘေးမှာ ရှိနေမယ်ဆိုရင် ကျွန်တော် ဘာမှ ထပ်မလိုချင်တော့ပါဘူး"
"..." ကူယွဲ့ ရုတ်တရက် မုန့်နင်သွားသလို ခံစားလိုက်ရတယ်။ သူ ချက်ချင်းပဲ ငုံ့ကြည့်လိုက်မိတယ်။ ငါ မျက်စိကန်းတော့မယ်၊ ငါ မျက်စိကန်းတော့မယ်။ သူတို့ကို မီးရှို့ပစ်ချင်လိုက်တာ သူက စားဖိုမှူးကို ခေါင်းစခြေဆုံး ကြည့်ပြီး မပြောဘဲ မနေနိုင်တော့ဘူး။
"ငါ မင်းကို မေးပါဦးမယ်။ မင်းနဲ့ ရှန်းရင်နဲ့ အခြေတကျဖြစ်ဖို့ ဘယ်တော့လောက် စဉ်းစားထားလဲ။ မင်းအခြေအနေနဲ့ အစ်မကြီးကျင်းရဲ့ သဘောတူညီချက်ကို ရမယ် ထင်လို့လား"
စားဖိုမှူးရဲ့ မျက်နှာက ချက်ချင်း သွေးဆုတ်ဖြူဖပ်သွားတော့တယ်။ သူ့လက်တွေက တုန်ယင်လာတယ်။ သူ့လက်ထဲက အိုးကလည်း ဝုန်းခနဲ အသံကြီးနဲ့ မြေပြင်ပေါ် ပြုတ်ကျသွားတယ်။ မီးဖိုပေါ်က ဖီးနစ်မီးတောက်တောင်မှ ငြိမ်းသွားတော့တယ်။
"ခွေးမ…သားပဲ မင်းက အခုမှ အဲဒါကို စဉ်းစားတာလား"
"..."
"မင်း အစ်မကြီးကျင်း စောင့်ကြည့်သူပဲ ရှိသေးတဲ့အချိန်တုန်းကတောင် မနိုင်ခဲ့ဘူး။ အခု သူ တရားသူကြီး ဖြစ်သွားတဲ့အချိန်မှာရော မင်း သူ့ကို နိုင်မယ် ထင်လို့လား"
"..."
"မင်း ငါ့ကို ဘာကြည့်ကြည့်နေတာလဲ။ ငါလည်း ဘာမှ မတတ်နိုင်ဘူး။ အစ်မကြီးကျင်းက သူ့ညီမကို ဘယ်လောက် ထိန်းချုပ်ချင်လဲဆိုတာ မင်းလည်း သိတာပဲ။ သူ မင်းကို သတ်မှာ သေချာတယ်"
"..."
"အဲဒီလို မလုပ်ပါနဲ့... ကြမ်းပြင်ပေါ်မှာ ထိုင်ပြီး စက်ဝိုင်းတွေ လိုက်ဆွဲနေလို့လည်း ဘာမှ ထူးလာမှာ မဟုတ်ဘူး"
"..." စိတ်ကျန်းမာရေး ချို့တဲ့သွားပြီလား။
"နေဦး... မင်း ဓားကို ဘာလို့ ကိုင်တာလဲ"
"..."
"ခွေးမသား။ ငါ့ကို လွှတ်စမ်း မင်းရဲ့ ထူးဆန်းတဲ့ လေ့ကျင့်ခန်းတွေထဲမှာ ငါ မပါချင်ဘူး"
တောက်… ဒီလို ဖြစ်လာမှန်း သိရင် စောစောကတည်းက ပြဿနာ သွားမရှာခဲ့ဘူး။
…
အခန်း ၇၀၄ ။ အချပ်ပို ၂ - ဓားကျင့်ကြံသူနဲ့ ဆေးလုံးကျင့်ကြံသူတို့ရဲ့ ကွာခြားချက်
ဖေဖေနျိုရဲ့ မျက်နှာပြင်အသစ်နဲ့ ယှဉ်ရင် ၀ူတိဂိုဏ်းကတော့ တကယ်ကို စိတ်ပူစရာ ဘာမှမရှိဘူး။ ဂိုဏ်းစတည်တုန်းက ယွီဟုန်နဲ့ တခြားညီအစ်မ ရှစ်ယောက်ပဲ ရှိခဲ့တာလေ။ အခုတော့ သူတို့အားလုံးက မသေမျိုးကျင့်ကြံသူတွေ ဖြစ်ကုန်ကြပြီ။ အထူးသဖြင့် စစ်ယွီကတော့ အငြိမ်ဆုံး ဖြစ်ပေမဲ့ အရာအားလုံးကို အသိဆုံးပဲ။ သဘာဝအတိုင်းပဲ သူမရဲ့ ကျင့်ကြံခြင်းအဆင့်ကလည်း အမြင့်ဆုံးပဲပေါ့။ အခုဆိုရင် သူမက ဧကရာဇ်အငယ်အဆင့်ကို ရောက်နေပြီး မသေမျိုးဧကရာဇ် ဖြစ်ဖို့လည်း လမ်းကြောင်းပေါ် ရောက်နေပြီ။ သူမက ခန္ဓာကိုယ်ကျင့်ကြံသူလည်း ဖြစ်နေတော့ တခြားတိုက်ကြီးတွေက အဇဋာဧကရာဇ်တွေထက်တောင် အများကြီး ပိုပြီး အစွမ်းကြီးနေသေးတယ်။
မကြာခင်ကမှ ကောင်းကင်ဘုံ တက်လာတဲ့ ထျန်းယိရဲ့ ကံကောင်းမှုကတော့ ပေါ်ပင်လယ်ဆီကို တိုက်ရိုက်ရောက်သွားတာပဲ။ သူက ဖေဖေနျို ပေးလိုက်တဲ့ တံဆိပ်ကို ကိုင်ပြီး ၀ူတိ နတ်နန်းဆီကို လမ်းရှာလာခဲ့တယ်။ ယွီဟုန်က သူ့ကို သူဌေးလန်နဲ့ မျောလွင့်တို့ဆီမှာ ပညာသင်ဖို့ စီစဉ်ပေးလိုက်တယ်၊ ဒါမှလည်း သူတို့ဆီမှာ ဆေးလုံးဖော်စပ်နည်းတွေကို ဆက်သင်နိုင်မှာလေ။ ဘာပဲဖြစ်ဖြစ် သူက အခုမှ နတ်ပြည်တက်လာတာဆိုတော့ အောက်လောကက ဆေးလုံးပညာတွေက အသုံးမဝင်တော့ဘူး။ အစကနေ ပြန်သင်ရမှာပဲ။
ကံကောင်းတာက ၀ူတိဂိုဏ်းက အလုပ်လုပ်တာ တော်တော်လေး ထိရောက်တယ်။ သူတို့မှာ ဝိညာဉ်ဆေးပင်တွေက အမြဲမပြတ် ရှိနေတာလေ။ ဒါ့အပြင် ထျန်းယိက မွေးရာပါ ဆေးလုံးကျင့်ကြံသူဆိုတော့ အရာရာကို မြန်မြန်ဆန်ဆန် သင်ယူနိုင်တယ်။ သူဌေးလန်ကလည်း သူ့ရဲ့ တိုးတက်မှုကို ကြည့်ပြီး တော်တော်လေး စိတ်ကျေနပ်နေတာ။ သူ့ကို သင်ခန်းစာ နှစ်ခုလောက် ပေးပြီးတဲ့နောက် သူဌေးလန်က ဆေးနည်းအချို့နဲ့ ညွှန်ကြားချက်အချို့ ပေးလိုက်ပြီး သူ့ဘာသာသူ လေ့ကျင့်ဖို့ ပြောလိုက်တော့တယ်။
ထျန်းယိကတော့ အစမှာ နည်းနည်း ကြောက်နေသေးတယ်။ အဆင့်နိမ့် ဝိညာဉ်ဆေးလုံးတွေ ဖော်စပ်ဖို့တောင် ဝိညာဉ်ဆေးပင်တွေ အများကြီး လိုတာလေ။ သူက အခုမှ မြေကမ္ဘာနတ်အဆင့်ပဲ ရှိသေးတာဆိုတော့ ဆေးပင်တွေကို အများကြီး ဖြုန်းတီးမိမှာ စိုးရိမ်နေတာပေါ့။ ဒါပေမဲ့ ပထမဆုံး အဆင့် ၁ ဆေးလုံးတွေကို စမ်းဖော်ကြည့်တဲ့အခါမှာတော့ ဆယ်ကြိမ်ဆက်တိုက် ပေါက်ကွဲသွားတော့တယ်။ အစကတော့ သူ ပြစ်ဒဏ်ခံရမယ်လို့ ထင်ထားတာ။ ဒါပေမဲ့ သူဌေးလန်က သူ့ကို သိုလှောင်ရုံသော့ ကမ်းပေးပြီး ပြောလာတယ်။ "ရော့ မင်းဘာသာမင်း သွားယူတော့။ ငါကတော့ မင်းဆီ လာပို့ပေးဖို့ ပျင်းနေပြီ"
ပြီးတော့ မုန်လာဥလို့ ခေါ်တဲ့ မသေမျိုးကို လှမ်းခေါ်ပြီး ဝိညာဉ်ဆေးပင်တွေကို ရေလောင်းဖို့ ထွက်သွားကြတော့တာပဲ။
ထျန်းယိခမျာတော့ ဒုက္ခပေးမိသလို ဖြစ်နေလို့ တော်တော်လေး အားနာနေတာ။ ခဏလောက် စဉ်းစားပြီးတဲ့နောက် သူက မျောလွင့်ဆီ သွားပြီး ဝန်ခံဖို့ ဆုံးဖြတ်လိုက်တယ်။
ဝိညာဉ်ဆေးပင်တွေ အများကြီး ဖြုန်းတီးမိနေတာကို သိသိကြီးနဲ့ သူ စိတ်အေးလက်အေး မနေနိုင်ဘူးလေ။ ဒါ့အပြင် ၀ူတိ နတ်နန်းဆိုတာ ပေါ်ပင်လယ် ဧကရာဇ်ရဲ့ နတ်နန်းလို့လည်း သူ ကြားထားတာ။ ပေါ်ဧကရာဇ်က ရာထူးရကတည်းက တပည့်တစ်ယောက်မှ လက်မခံခဲ့ဘူး။ ထျန်းယိအနေနဲ့ ၀ူတိဂိုဏ်းထဲ ဝင်ခွင့်ရတာကလည်း ကူယွဲ့ပေးလိုက်တဲ့ တံဆိပ်ကြောင့်ပဲ။ ကူယွဲ့ အခု ဘယ်မှာမှန်း သူ မသိပေမဲ့ သူ့ကိုတော့ မျက်နှာပျက်အောင် မလုပ်ချင်ဘူး။
ဒါပေမဲ့ မျောလွင့်က သူ့စကားကို ကြားတော့ ဒုဓလီပန်းနဲ့ တူတဲ့ ဝိညာဉ်ဆေးပင်တစ်ပင်ကို ထျန်းယိကို ပေးလိုက်တယ်။ ပြီးတော့ လျှို့ဝှက်တဲ့ ပုံစံနဲ့ ပြောလိုက်တာက "ဒါကို ဆေးအိုးထဲ ထည့်ကြည့်ပါလား၊ ဘာဖြစ်မလဲဆိုတာ။ အဲဒါက ဆေးလုံးအဆင့်ကို မြှင့်ပေးမဲ့အပြင် ဆေးအိုး မပေါက်ကွဲအောင်လည်း ကာကွယ်ပေးလိမ့်မယ်" ခဏနေတော့ သူက ထပ်ဖြည့်ပြောသေးတယ်။
"မုန်လာဥ မမြင်အောင်တော့ သတိထားပေါ့"
ထျန်းယိ။ ။ "..."
(⊙_⊙)
မဟုတ်ဘူးလေ... သူက ခွင့်လွှတ်ပေးဖို့ လာတောင်းပန်တာ၊ အလုပ်ကို ခိုးလုပ်ဖို့ နည်းလမ်းလာမေးတာ မဟုတ်ဘူး။ သူ့လက်ထဲက ဝိညာဉ်ဆေးပင်ကတော့ တကယ့် ထိပ်တန်းအဆင့် ဝိညာဉ်ဆေးပင်ဆိုတာ သေချာတယ်။ တောင်နောက်ဘက်က ဆေးပင်တွေထက်တောင် ပိုပြီး တန်ဖိုးကြီးပုံရတယ်။ ဘာလို့ မျောလွင့်က သူ့ကို ဒါမျိုး အလကား ပေးရတာလဲ သူတို့တွေက ဒီလောက်အထိ ဖြုန်းတီးနေကျမို့လို့လား။
ထျန်းယိ ဘာမှ မတတ်နိုင်တော့ဘူး။ ဒါနဲ့ပဲ ဂိုဏ်းကို စီမံခန့်ခွဲတဲ့ အကြီးအကဲ ယွီဟုန်ဆီ သွားပြောဖို့ ဆုံးဖြတ်လိုက်တယ်။ သူမက ဂိုဏ်းထဲမှာ ဝါအရင့်ဆုံးဖြစ်ပြီး အရာရာကို ထိန်းချုပ်ထားတဲ့သူလေ။ သူမဆီ သွားပြောရင်တော့ မှားမှာမဟုတ်ဘူးလို့ ထျန်းယိ ယုံကြည်နေတာ။
တကယ်ပါပဲ၊ အကြီးအကဲ ယွီဟုန်က သူ့စကားကို ကြားတော့ မျက်မှောင်ကြုတ်ပြီး စားပွဲကို ခေါက်ရင်း စဉ်းစားနေတယ်။ သူမက ထျန်းယိကို တစ်ချက်ကြည့်လိုက်ပြီး တွေးတောနေပုံရတယ်။ အတော်ကြာမှ သော့တစ်ခု ထုတ်ပေးပြီး ပြောလိုက်တာက "ဂိုဏ်းထဲမှာ အဆင့်နိမ့် ဝိညာဉ်ဆေးပင်တွေက တကယ်ပဲ ပြတ်လပ်နေတာ။ အဲဒီတော့ မင်း အဆင့် ၄ နဲ့ ၅ ဆေးပင်တွေကို အရင် သုံးကြည့်ပါလား။ မင်း လိုချင်ရင် အဆင့် ၆ နဲ့ ၇ ဆေးပင်တွေကိုတောင် သုံးလို့ ရတယ်နော်" လို့ ပြောပြီး သော့ကို သူ့လက်ထဲ ထည့်ပေးလိုက်တယ်။
ထျန်းယိ။ ။ "..."
ဟမ် ဘာကြီးလဲ
Σ(°△°|||)
မဟုတ်ဘူးလေ... သူက ဝိညာဉ်ဆေးပင်တွေ မလောက်ဘူးလို့ ညည်းနေတာ မဟုတ်ဘူး ပိုပြီး အဆင့်မြင့်တဲ့ ဆေးပင်တွေကို လိုချင်နေတာလည်း မဟုတ်ဘူး ဘာလို့ လူတိုင်းက သူပြောတာကို လွဲပြီး နားလည်နေကြတာလဲ
"မောင်လေး ထျန်းယိ... ဆက်ပြီး ကြိုးစားပါဦး" ထျန်းယိ ဘာမှ ပြန်မပြောရသေးခင်မှာပဲ ယွီဟုန်က သူ့ပခုံးကို ပုတ်ပြီး အားပေးလိုက်တယ်။
"မင်းရဲ့ လေ့ကျင့်မှုကို ဆက်လုပ်ပါ။ မသိတာရှိရင် သူဌေးလန်ကို မေးပေါ့။ သူက အားလပ်တဲ့ အချိန်တွေ အများကြီး ရှိပါတယ်"
"..." မဟုတ်ဘူး အကြီးအကဲ... ကျွန်တော့်စကားကို အဆုံးထိ နားထောင်ပါဦး။
"စိတ်မပူပါနဲ့။ ငါတို့ ဂိုဏ်းက ဆင်းရဲတယ်ဆိုပေမဲ့ မင်း လေ့ကျင့်ဖို့ အဆင့်နိမ့် ဝိညာဉ်ဆေးပင်တွေ လိုတယ်ဆိုတာ ငါတို့ သိပါတယ်။ အဇဋာဧကရာဇ် ပြောင်လေး ဆီကနေ ထပ်တောင်းဖို့ တပည့်တွေကို ငါ လွှတ်လိုက်မယ်။ သေချာပေါက် လောက်လောက်ငင ရှိမှာပါ"
"..." မဟုတ်ပါဘူးဗျာ... ကျွန်တော်က ဝိညာဉ်ဆေးပင်တွေ ထပ်လိုချင်လို့ လာတာ မဟုတ်ပါဘူး
(; ́༎ຶД༎ຶ`)
"စဉ်းစားကြည့်ဦးမှ... ငါတို့ဆီမှာ နတ်ကျောက်တုံးတွေ မလောက်တော့ဘူး ထင်တယ်... ငါတို့ရဲ့ သိုလှောင်ရုံထဲမှာ ၂၀၀ ရာခိုင်နှုန်းပဲ ပြည့်နေတာဆိုတော့... မိစ္ဆာဘုံဘက်ကိုပါ ငါတို့ ဈေးကွက်ချဲ့ရင် မကောင်းဘူးလား"
"..." တော်ပါတော့... နတ်တွေနဲ့ မိစ္ဆာတွေက တည့်တာမှ မဟုတ်တာ။
နေဦး။
ဘာလို့ သူ ခံစားနေရတာလဲ... အကြီးအကဲ ယွီဟုန်ရဲ့ အမြတ်ရှာချင်တဲ့ အကျင့်က တစ်စုံတစ်ယောက်နဲ့ အရမ်းတူနေသလိုပဲ။ ဒါပေမဲ့ ဘယ်သူနဲ့ တူလဲဆိုတာကိုတော့ သူ မမှတ်မိဘူး။
အတော်ကြာမှ ထျန်းယိ နားလည်သွားတော့တယ်။ တခြား နတ်ဘုရားတွေအတွက် တန်ဖိုးကြီးလှတဲ့ ဝိညာဉ်ဆေးပင်တွေက ၀ူတိဂိုဏ်းမှာတော့ အမှိုက်လိုပဲ ဖြစ်နေတာကိုး။
ဖြုန်းတီးတတ်တဲ့ ဆေးလုံးကျင့်ကြံသူ တစ်ယောက်အနေနဲ့ သူက ပစ္စည်းပြတ်လပ်တာကို ကျင့်သားရနေခဲ့တာ။ အခုတော့ သူက ချက်ချင်းကြီး ချမ်းသာသွားသလို ဖြစ်နေပြီ။ ထျန်းယိအနေနဲ့ ဒီလို လူနေမှုပုံစံသစ်ကို ကျင့်သားရဖို့ အချိန်အများကြီး ယူရဦးမယ်လို့ သူ ခန့်မှန်းထားမိတယ်။
ဒါပေမဲ့ ထျန်းယိ ကျင့်သားမရခင်မှာပဲ ၀ူတိဂိုဏ်းက လူသစ်တွေကို ကြိုဆိုရပြန်တယ်။ ကျိုးနှစ်ကျပ်က နောက်ဆုံးတော့ နတ်ပြည်တက်လာပြီ။ နတ်ပြည်က အချိန်နဲ့ အောက်လောကက အချိန်က မတူဘူးလေ။ နတ်ပြည်မှာ တစ်လတောင် မပြည့်သေးပေမဲ့ အောက်လောကမှာတော့ နှစ်ပေါင်း ထောင်ချီ ကုန်ဆုံးသွားပြီ။
ဒါ့အပြင် ကျိုးနှစ်ကျပ်က တစ်ယောက်တည်း တက်လာတာ မဟုတ်ဘူး။ သူနဲ့အတူ ကွေ့ယီဂိုဏ်းမှာ နှစ်ပေါင်း ထောင်ချီအောင် မထွက်ဘဲ နေခဲ့တဲ့ နတ်ဆိုးရှောင်စန်းလည်း ပါလာတယ်။
ရှန်းရင် သူတို့ကို ထားခဲ့ကတည်းက ရှောင်စန်းဟာ ဒူးထောက်ထားတဲ့ နေရာကနေ မထချင်ခဲ့ဘူး။ အစမှာတော့ ကွေ့ယီဂိုဏ်းက လူတွေက နည်းနည်း ကြောက်နေကြသေးတာပေါ့။ ဘာပဲဖြစ်ဖြစ် သူက နတ်ဆိုးတစ်ယောက်လေ။ ကောင်းကင်နတ်ဆိုးတောင် ဖြစ်နေတာကိုး။ ဒါပေမဲ့ အချိန်ကြာလာတော့ သူက အဲဒီနေရာမှာတင် အမြစ်တွယ်နေသလို ဖြစ်နေတာကို သူတို့ သတိထားမိလာတယ်။ သူက နေရာကနေ တစ်လက်မတောင် မရွေ့ဘူး။ ဖြည်းဖြည်းချင်းပဲ ကွေ့ယီဂိုဏ်းက လူတွေလည်း စိတ်ချသွားကြတာပေါ့။
ဒါပေမဲ့ သူ တိုက်ခိုက်ခြင်း မပြုတာတောင် သူ့ဆီက ထွက်လာတဲ့ နတ်ဆိုးချီတွေက ဂိုဏ်းကို ဒုက္ခပေးနေတုန်းပဲ။ အစမှာတော့ သူ့ပတ်ဝန်းကျင်က အပင်တွေ ညှိုးနွမ်းကုန်တယ်။ ဖြည်းဖြည်းချင်း တောင်ပေါ်က ဆေးပင်တွေ အကုန် သေကုန်တော့တာပဲ။ ရှောင်စန်း ဒူးထောက်ထားတဲ့ နေရာရဲ့ ပတ်ပတ်လည်မှာ ဘာဝိညာဉ်ဆေးပင်မှ စိုက်လို့ မရတော့ဘူး။
ကွေ့ယီဂိုဏ်းရဲ့ ဂိုဏ်းချုပ်ခမျာ စိုးရိမ်လွန်းလို့ ငိုတောင် ငိုမိတယ်။ ဘာပဲဖြစ်ဖြစ် သူတို့က ဆေးလုံးကျင့်ကြံသူ ဂိုဏ်းလေ။ ဝိညာဉ်ဆေးပင်တွေ စိုက်လို့မရရင် ဒီမြေက ဘာအသုံးကျမှာလဲ။ ဒါပေမဲ့ ဘယ်သူက ဘာပြောပြော ရှောင်စန်းကတော့ မထဘူး။ သူက သူတို့ကို ကြည့်နေတဲ့ ပုံစံက "ငါ့လို ဦးနှောက်တွေ အများကြီး ရှိတဲ့ နတ်ဆိုးကို လာပြီး မလှည့်စားနဲ့" လို့ ပြောနေသလိုပဲ။
အဲဒီလိုနဲ့ ရှောင်စန်းက နှစ်ပေါင်း ရာချီအောင် ဒူးထောက်နေခဲ့တယ်။ ဂိုဏ်းထဲက ဝိညာဉ်ဆေးပင်တွေလည်း အကုန် ပြောင်သလောက် ဖြစ်သွားပြီ။ အဲဒီအချိန်မှာ နတ်ဝိညာဉ်အဆင့် ကျင့်ကြံသူ ဖြစ်နေတဲ့ ကျိုးနှစ်ကျပ်က မပြောဘဲ မနေနိုင်တော့ဘူး။
"ရှောင်စန်း... ဒီမှာ ဒူးထောက်နေတာကလည်း အဖြေမဟုတ်ပါဘူး။ မိန်းကလေးရှန်းလို ကြင်နာတတ်တဲ့သူမျိုးဆိုရင် မင်း အပြင်ထွက်ပြီး တခြားသူတွေကို ကူညီပေးတာကိုပဲ မြင်ချင်မှာ သေချာတယ်။ ကောင်းတာတွေ များများလုပ်ပါ။ အဲဒါဆိုရင် သူ ပိုပြီး ပျော်သွားပြီး မင်းကို ခွင့်လွှတ်ပေးမှာပေါ့"
"တကယ်လား" ရှောင်စန်းက သူ့ကို ကြောင်ကြည့်နေတယ်။ သူက တော်တော်လေး ယုံကြည်သွားပုံရတယ်။
ကျိုးနှစ်ကျပ်က သူ့ကို ထဖို့အတွက် ဆက်ပြီး နားချနေခဲ့တယ်။ နောက်ဆုံးတော့ ရှောင်စန်းက သူ့စကားကို ယုံပြီး တွန့်ဆုတ်စွာနဲ့ ထလိုက်တယ်။ အဲဒီအချိန်ကစပြီး သူက ကျိုးနှစ်ကျပ်နောက်ကို လိုက်ပြီး ကောင်းတာတွေ လိုက်လုပ်ပေးတော့တယ်။ သူက နတ်ဆိုးတစ်ယောက် ဖြစ်နေတော့ ပတ်ဝန်းကျင်က လူတွေအပေါ်မှာ သက်ရောက်မှုက တော်တော်ကြီးတာပေါ့။ သူ့ရဲ့ လုပ်ရပ်တွေကြောင့် ပတ်ဝန်းကျင်က နတ်ဆိုးကျင့်ကြံသူ ဂိုဏ်းတွေအားလုံးဟာ လူကောင်းတွေ ဖြစ်ကုန်ကြတော့တယ်။
ဘာပဲဖြစ်ဖြစ် နတ်ဆိုးကျင့်ကြံသူတွေရဲ့ ရည်မှန်းချက်က နောက်ဆုံးမှာ နတ်ဆိုးတစ်ယောက် ဖြစ်လာဖို့ပဲလေ။ တကယ့် နတ်ဆိုးကြီးကတောင် ကောင်းတာတွေ လုပ်နေပြီဆိုတော့ သူတို့ရဲ့ အရင်က ကျင့်စဉ်တွေက မှားနေပြီဆိုတာ သိသာနေတာပေါ့။
ဒါနဲ့ ရှောင်စန်းရဲ့ လမ်းညွှန်မှုအောက်မှာ နတ်ဆိုးကျင့်ကြံသူတွေဟာ တခြား ကျင့်ကြံသူတွေနဲ့ သင့်တင့်အောင် နေထိုင်တတ်လာကြတယ်။ သူတို့တွေ သူငယ်ချင်းတွေ ဖြစ်လာကြပြီး ပူးပေါင်းဆောင်ရွက်လာကြတယ်။ ဒီလို သာယာတဲ့ အခြေအနေက ကျိုးနှစ်ကျပ် နတ်ပြည်တက်တဲ့အထိ ဆက်ရှိနေခဲ့တာပဲ။
ကျိုးနှစ်ကျပ် နတ်ပြည်တက်သွားရင် ရှောင်စန်း တစ်ယောက်တည်း ကျန်ခဲ့ပြီး ပြန်ပြီး ဒူးထောက်နေမှာ စိုးတာနဲ့ ကျိုးနှစ်ကျပ်က ရှောင်စန်းကို နတ်ပြည်ကိုပါ အတင်း ဆွဲခေါ်လာခဲ့တယ်။ အဲဒီလိုနဲ့ ရှောင်စန်းလည်း ကျိုးနှစ်ကျပ်နောက်ကို လိုက်ပြီး ၀ူတိဂိုဏ်းဆီကို ရောက်လာခဲ့တာပေါ့။ သူက ပြောသလိုပါပဲ။ နတ်ဘုရားမဆီမှာ ခွင့်လွှတ်ပေးဖို့ သွားတောင်းပန်ရမယ်လေ။
အောက်လောကမှာ နှစ်ပေါင်း ထောင်ချီ ကျင့်ကြံခဲ့တဲ့ အချိန်အတွင်း ကျိုးရှုမင်ဟာ သူ့ရဲ့ လမ်းကြောင်းကနေ တစ်ခါမှ မသွေဖည်ခဲ့ဘူး။ သူက ဓားကျင့်ကြံသူ ကောင်းတစ်ယောက် ဖြစ်ဖို့ပဲ အာရုံစိုက်ခဲ့တာ။ ယွီဟုန်က သူ့ကို မြင်တာနဲ့ ဒါဟာ အကြီးအကဲ ကူယွဲ့ လေ့ကျင့်ပေးထားတဲ့သူဆိုတာကို ချက်ချင်း သိလိုက်တယ်။ သူမက သူ့ကို ဂိုဏ်းထဲကို ချက်ချင်း လက်ခံလိုက်ပြီး တခြားတပည့်တွေကို သူ့ကို လေ့ကျင့်ပေးဖို့ ညွှန်ကြားလိုက်တယ်။ သူက အခုမှ မြေကမ္ဘာနတ်အဆင့်ပဲ ရှိသေးတာလေ။ တခြားတပည့်တွေကလည်း သူနဲ့အတူ လေ့ကျင့်ဖို့ လူတစ်ယောက် လိုနေတာပဲ။ မကြာခင်မှာပဲ သူ တိုးတက်လာမှာပါ အင်း... ဓားကျင့်ကြံသူတွေက သည်းခံနိုင်စွမ်း ကောင်းကြတယ် မဟုတ်လား။
ကျိုးနှစ်ကျပ်။ ။ "..."
"နေဦး အစ်မ ကျွန်တော့်မှာ နတ်ဓားတောင် မရှိသေးဘူး။ ကျွန်တော့်ကို မရိုက်ခင် ဓားလေးတစ်ချောင်းလောက် အရင်ပေးပါဦး"
"ပါးစပ်ပိတ်စမ်း ရိုက်စမ်း"
"..."
"စီနီယာ အစ်ကို... ကျွန်တော်က မြေကမ္ဘာနတ်အဆင့်ပဲ ရှိသေးတာပါ။ ဒီအဆင့်က ဓားကျင့်ကြံသူတွေတောင်မှ ဆန်းကြယ်မသေမျိုးအဆင့်ရဲ့ ထိုးချက်ကို မခံနိုင်ဘူးဗျ။ ကျေးဇူးပြုပြီး ကျွန်တော့်ကို လက်ဝှေ့အိတ်လိုမျိုး သဘောမထားကြပါနဲ့"
"အဆင်ပြေသွားမှာပါ မောင်လေး။ မင်း မသေပါဘူး"
"..."
"ဟမ် အစ်မ... ဘာလုပ်မလို့လဲ။ အစ်မ ပုံစံပြောင်းစရာ မလိုပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်က အစ်မကို နိုင်မှာ မဟုတ်ဘူးလေ"
"ငါက ငါ့ရဲ့ ပြိုင်ဘက်ကို လေးစားလို့ပါ"
"နေဦးလေ... မဟုတ်ဘူး... ကယ်ကြပါဦး"
ကျိုးနှစ်ကျပ်ဟာ သူ့ရဲ့ ဘဝရွေးချယ်မှုတွေ မှန်ရဲ့လားလို့တောင် သံသယဝင်လာမိတယ်၊ အထူးသဖြင့် ထျန်းယိကို မြင်လိုက်ရတဲ့ အချိန်မှာပေါ့။ ထျန်းယိကတော့ ဆေးလုံးဖော်တဲ့ အခန်းထဲမှာ အေးအေးဆေးဆေး ထိုင်နေပြီး ဘယ်ဘက်လက်မှာ အဆင့် ၅ ဝိညာဉ်ဆေးပင်ကို ကိုင်ထားသလို ညာဘက်လက်မှာလည်း အဆင့် ၈ ဝိညာဉ်ကြာပန်းကို ကိုင်ထားတာလေ။ တကယ်တော့ ဒီမြင်ကွင်းက ကျိုးနှစ်ကျပ်ကို အောက်လောကဆီ ပြန်ပြေးသွားဖို့တောင် စဉ်းစားမိစေတယ်။
ဒါနဲ့ ပြောရဦးမယ်... အခုမှ ဆေးလုံးကျင့်ကြံသူ ပြောင်းလုပ်ရင်ရော နောက်ကျသွားပြီလား။
…