အခန်း (၂၂၃-၂၂၄)
Vol. 23 Ch. 224-225
အခန်း (၂၂၃) အစ်ကိုကြီး၊ ဘာဖြစ်လို့လဲ
ကျန်းရိုကို နှုတ်ဆက်ပြီးနောက် ရှောင်မိုက တာအိုမေးမြန်းခြင်း ယဇ်ပလ္လင်သို့ ပြန်လာခဲ့ပြီး ဘဝတစ်ရာကျမ်းထဲသို့ တစ်ဖန်ပြန်လည် ဝင်ရောက်သွားလေသည်။
ဒီ ရက်နှစ်ဆယ်အတွင်းမှာ သူ၏ စတုတ္ထမြောက် ဘဝဖြတ်သန်းမှုကို အပြီးသတ်နိုင်မည်ဆိုပါက သူ့အတွက် အကောင်းဆုံးဖြစ်မည်ဆိုသည်ကို ရှောင်မို သိထားသော်လည်း အလွန်အမင်း အလျင်စလို မလုပ်နိုင်ကြောင်းကိုလည်း သူက နားလည်ထားသည်။
ဒီဘဝတွင် သူ၏ ကျင့်ကြံခြင်းလမ်းကြောင်းမှာ ပထမဆုံးအကြိမ် ပိတ်ဆို့မှုဖြင့် ကြုံတွေ့နေရလေသည်။ သူက ပို၍ စိုးရိမ်ပူပန်လေလေ၊ အဆင့်တက်ရန် အခွင့်အလမ်း ပိုနည်းလေလေ ဖြစ်သည်။
သူကျင့်ကြံနေသည်က သွေးမိစ္ဆာဓားသိုင်း ဖြစ်ပြီး ကျင့်စဉ်သွေဖည်ခြင်းကိုပင် ဖြစ်ပေါ်စေနိုင်သည်ဆိုသည်ကိုတော့ ပြောစရာပင် မလိုတော့ပေ။
ရှောင်မိုက သူ့ကိုယ်သူ ဖြေသိမ့်ထားလိုက်သည်။ အကယ်၍ ဒီဘဝရဲ့ တာဝန်ကို အပြီးမသတ်နိုင်ခဲ့ဘူးဆိုရင်လည်း ဖြစ်ချင်ရာဖြစ်ပါစေတော့။ မင်္ဂလာဆောင်ပြီးမှပဲ သူ ဖြေရှင်းတော့မည်။
ထို့ကြောင့် ရှောင်မိုက လောကအနှံ့ ခရီးလှည့်လည်ခဲ့ပြီး သူ၏ လွန်ခဲ့သောနှစ်များအတွင်းက ကျင့်ကြံခြင်းမှ ရရှိလာသော အသိပညာများကို စုစည်းကာ နာမည်ကြီး ကျင့်ကြံသူများကို ရှာဖွေပြီး သူ၏ ဓားတာအိုနှင့် ယှဉ်ပြိုင်တိုက်ခိုက်ခဲ့သည်။
တိုက်တိုက်ဆိုင်ဆိုင်ပင် ရှောင်မိုက အခြားသော သူတော်စင်ကိုယ်စားလှယ်လောင်း ကိုးယောက်၏ သတင်းအစအနများကိုလည်း စုံစမ်းနေခဲ့သည်။
ဒီ သူတော်စင်ကိုယ်စားလှယ်လောင်း ကိုးယောက်က ဝမ်ရှင်းကို သတ်ရန် နည်းလမ်းရှာဖွေဖို့ အနန္တတာအိုဂိုဏ်းမှ ထွက်ခွာသွားခဲ့ကြပြီ ဖြစ်သည်။
အကယ်၍ သူသာ သူတို့နှင့် ဆုံတွေ့ခဲ့ပါက သူတို့ကို သတ်ပစ်မည်ဖြစ်သည်။
သွေးမိစ္ဆာ ပြောခဲ့သော ကြီးမြတ်သော မိစ္ဆာဂိုဏ်းကြီးဆယ်ခုကို စိန်ခေါ်ရမည့် ကိစ္စနှင့်ပတ်သက်၍မူ ရှောင်မိုက စောင့်ဆိုင်းရန် လိုအပ်သေးသည်ဟု ခံစားလိုက်ရသည်။
သူ၏ လက်ရှိအဆင့်ဖြင့်သာ ထို ကြီးမြတ်သော မိစ္ဆာဂိုဏ်းကြီးဆယ်ခုဆီသို့ တိုက်ရိုက်သွားရောက်ခဲ့ပါက သူ အသက်ရှင်လျက် ပြန်ထွက်လာနိုင်မည် မဟုတ်ပေ။
အနည်းဆုံးတော့ သူ ကျောက်စိမ်းသန့်စင်ခြင်းအဆင့်သို့ ဝင်ရောက်နိုင်သည့်အချိန်အထိ စောင့်ဆိုင်းရန် လိုအပ်ပေသည်။
အထက်တန်းအဆင့်သုံးခုသို့ ဝင်ရောက်ပြီးသွားသည်နှင့် သူ ထွက်ခွာချင်ပါက မည်သူကမျှ သူ့ကို တားဆီးနိုင်မည်မဟုတ်ဟု ရှောင်မိုက ယုံကြည်ထားသည်။
ထို့အပြင် ကြီးမြတ်သော မိစ္ဆာဂိုဏ်းကြီးဆယ်ခုဆီသို့ မသွားရောက်မီ ရှောင်မိုက သူ၏ အစ်ကိုကြီးများကိုလည်း တွေ့ချင်နေသေးသည်။
ရှောင်မိုက သူ၏ အစ်ကိုကြီးလေးယောက်ကို မတွေ့ရသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သော်လည်း သူတို့ကို မေ့ပျောက်သွားခြင်း မရှိဘဲ ဘယ်အချိန်မှာ ပြန်ဆုံတွေ့နိုင်မလဲဟု တွေးတောနေခဲ့သည်။
ထိုစဉ်က သူ၏ အစ်ကိုကြီးများက မသေမျိုးများကို ရှာဖွေရန် နဂါးနက်ဂိုဏ်းသို့ သွားမည်ဟု ပြောခဲ့ကြသည်။
ထို့ကြောင့် ရှောင်မိုက နဂါးနက်ဂိုဏ်းသို့ အရင်သွားရန် ဆုံးဖြတ်လိုက်သည်။
နဂါးနက်ဂိုဏ်း၏ အမည်က မိစ္ဆာဂိုဏ်းတစ်ခုနှင့် တူသော်လည်း တကယ်တမ်းတွင်မူ အနောက်ဘက်ဒေသရှိ နာမည်ကြီး လမ်းမှန်ဂိုဏ်း ဂိုဏ်းတစ်ခုဖြစ်သည်။
နဂါးနက်ဂိုဏ်း၏ ဘိုးဘေးကြီးကို အနက်ရောင် နဂါးပျံတစ်ကောင်က ကယ်တင်ခဲ့ဖူးသည်ဟု ဆိုကြပြီး ကျေးဇူးဆပ်သည့်အနေဖြင့်နှင့် သူတို့၏ ကျေးဇူးရှင်ကို တကယ့်နဂါးစစ်စစ် ဖြစ်လာစေရန် မျှော်လင့်ချက်ဖြင့် နဂါးနက်ဂိုဏ်းဟု အမည်ပေးခဲ့ခြင်းဖြစ်သည်ဟု ဆိုကြသည်။
ခရီးသွားနေစဉ်အတွင်း ရှောင်မိုက သူ၏ အဆင့်ကို အုတ်မြစ်ချခြင်းအဆင့်သို့ ဖိနှိပ်ထားခဲ့သည်။
ရလဒ်အနေဖြင့် တောင်ပေါ်မှ ဆင်းလာပြီး တစ်လအတွင်းမှာပင် ရှောင်မိုက မိစ္ဆာဂိုဏ်းမှ တပည့်များနှင့် တကိုယ်တော်ကျင့်ကြံသူများ၏ ချုံခိုတိုက်ခိုက်မှုပေါင်း မြောက်မြားစွာကို ကြုံတွေ့ခဲ့ရသည်။
သူတို့၏ ကံကြမ္မာနဲ့ ပတ်သက်ပြီးတော့ကတော့ သူတို့တွေ စောစောစီးစီးပဲ နောက်ဘဝကို ပြောင်းသွားကြတာ သဘာဝပါပဲ။
အကယ်၍ ရှောင်မိုကသာ သူ၏အဆင့်ကို အပြည့်အဝ ထုတ်ဖော်ထားမည်ဆိုပါက ကျင့်ကြံသူအများစုက သူ့အနားသို့ ချဉ်းကပ်ဝံ့မည် မဟုတ်သော်လည်း ရှောင်မိုက ထိုသို့ပြုလုပ်ခြင်းက ခရီးစဉ်ကို အရမ်းပျင်းစရာကောင်းသွားစေမည်ဟု ခံစားလိုက်ရသည်။ တစ်ခါတစ်ရံ ငါးမျှားရခြင်းကလည်း အတော်လေး ပျော်စရာကောင်းပေသည်။
ဘယ်လိုပဲဖြစ်ဖြစ် သူသတ်လိုက်တဲ့သူတွေက သနားဖို့ မထိုက်တန်တဲ့သူတွေချည်းပါပဲ။
နှစ်လကြာပြီးနောက် ရှောင်မိုက ဖုန်းရွက်မြို့ဟုခေါ်သော မြို့တစ်မြို့သို့ ရောက်ရှိလာခဲ့သည်။
မြို့တံခါးဝတွင် ရပ်နေရင်း ရှောင်မိုက မျက်မှောင်ကြုတ်သွားလေသည်။
မြို့တစ်ခုလုံးက သွေးချီဓာတ်များဖြင့် ဖုံးလွှမ်းနေလေသည်။
မိစ္ဆာဂိုဏ်းမှ တပည့်တစ်ယောက်အနေဖြင့် ဤအရာက ဘာကိုဆိုလိုသည်ကို ရှောင်မိုက အတိအကျ သိရှိထားသည်။
ဘယ် မိစ္ဆာဂိုဏ်းကများ ဒီမြို့ကို အာဟာရအဖြစ် အသုံးပြုပြီး မြို့ထဲက သောင်းနဲ့ချီတဲ့ သာမန်ပြည်သူတွေကို သန့်စင်ပစ်ဖို့ စီစဉ်နေတာလဲလို့ သူက တွေးတောနေမိသည်။
ရှောင်မိုက မြို့ထဲသို့ ဝင်ရောက်သွားပြီး စားသောက်ဆိုင်တစ်ခုသို့ ဝင်ကာ ဟင်းပွဲအချို့ကို မှာယူလိုက်သည်။
သို့သော် ရှောင်မို ထိုင်လိုက်သည်နှင့်တပြိုင်နက် သူ့အနီးရှိ စားသုံးသူအချို့၏ ဆွေးနွေးသံများကို ကြားလိုက်ရလေသည်—
"ခင်ဗျားတို့ ကြားပြီးကြပြီလား။ အနန္တတာအိုဂိုဏ်းက မိစ္ဆာခေါင်းဆောင်တစ်ယောက် တောင်ပေါ်က ဆင်းလာတယ်တဲ့။"
"သိတယ် သိတယ်။ သူ့နာမည်က ရှောင်မို မဟုတ်လား။"
"ဒီ ရှောင်မိုက သွေးမိစ္ဆာဓားသိုင်းကို ကျင့်ကြံတယ်လို့ ကြားတယ်။ ဒီ ဓားသိုင်းက လူသတ်ဖို့ လိုအပ်တယ်တဲ့။ သူ လူပိုသတ်လေလေ၊ သူ့ရဲ့ ကျင့်ကြံမှုက ပိုမြင့်လာလေလေပဲတဲ့။"
"အဲ့ဒါ ဟုတ်တယ်မလား။ အဲဒီ ရှောင်မိုက တောင်ပေါ်က ဆင်းဆင်းချင်းပဲ ရွာတစ်ရွာလုံးကို သတ်ပစ်ခဲ့တာတဲ့။"
"ဒီ ရှောင်မိုက အဓမ္မကျင့်တာတွေ၊ စော်ကားတာတွေ၊ နှိပ်စက်တာတွေ လုပ်ပြီး မကောင်းမှုမျိုးစုံကို လုပ်တယ်လို့လည်း ကျွန်တော် ကြားတယ်။ သူက တိရစ္ဆာန်ထက်တောင် ဆိုးသေးတယ်။"
"အခုဆိုရင် မိစ္ဆာဂိုဏ်းတွေရော လမ်းမှန်ဂိုဏ်းကပါ ဒီ ရှောင်မိုကို လိုက်လံရှာဖွေနေကြပြီ။"
"ဒါနဲ့စကားမစပ် ဒီ ရှောင်မိုက ဘယ်အဆင့်မှာလဲ။"
"သူက နဂါးတံခါးအဆင့်မှာလို့ ကြားတယ်။"
"သူ ရွှေအမြူတေအဆင့်ကို ရောက်နေပြီလို့ ကျွန်တော် ကြားတယ်။"
"သူ ဂူဗိမာန်အဆင့်မှာလို့ ကျွန်တော်က ဘာလို့ ကြားရတာလဲ။"
သူတို့၏ စကားများကို နားထောင်ရင်း ရှောင်မိုက သူ၏ လက်ဖက်ရည်ခွက်ကို ကောက်ကိုင်ကာ အေးဆေးစွာ တစ်ငုံသောက်လိုက်ပြီး သူ၏ မျက်နှာအမူအရာက တည်ငြိမ်နေကာ ဒေါသထွက်နေခြင်း မရှိပေ။
ရှောင်မို၏ အမြင်တွင် သူသည် ချောက်ချခံလိုက်ရခြင်း ဖြစ်နိုင်ပေသည်။
သူ့ကို ချောက်ချသူများမှာ အနန္တတာအိုဂိုဏ်းမှ အခြားသော သူတော်စင်ကိုယ်စားလှယ်လောင်း ကိုးယောက် ဖြစ်နိုင်ပေသည်။
သို့သော် ရှောင်မိုက ဂရုမစိုက်သလို ရှင်းလင်းပြောဆိုရန်လည်း ရည်ရွယ်ချက် မရှိပေ။
အနောက်ဘက်ဒေသကဲ့သို့ နေရာမျိုးတွင် အသုံးအမကျဆုံးအရာမှာ မိမိ၏ ဂုဏ်သတင်းကို ရှင်းလင်းပြောဆိုခြင်းပင် ဖြစ်သည်။
တကယ်တမ်း မိစ္ဆာဆန်တဲ့ သွေးမိစ္ဆာဓားသိုင်းကို ကျင့်ကြံနေတဲ့ မိစ္ဆာဂိုဏ်းက တပည့်တစ်ယောက်အနေနဲ့ သူ ရှင်းပြရင်တောင် ဘယ်သူမှ ယုံမှာမဟုတ်ဘူးဆိုတာကတော့ ပြောနေစရာတောင် မလိုတော့ပါဘူး။
ဗိုက်ဝအောင် စားပြီးနောက် ရှောင်မိုက ကျသင့်ငွေရှင်းကာ ထွက်ခွာလာခဲ့ပြီး ဖုန်းရွက်မြို့တစ်ဝိုက်တွင် ဆက်လက်လှည့်လည်သွားလာနေရင်း မှော်ဝင်္ကပါကိုလည်း အာရုံခံနေခဲ့သည်။
ယေဘုယျအားဖြင့် သွေးပူဇော်ခြင်း မှော်ဝင်္ကပါတစ်ခုကို တည်ဆောက်ပြီးပါက ၎င်းကို အသက်မသွင်းမီ အချိန်အတိုင်းအတာတစ်ခုအထိ ပြင်ဆင်ရန် လိုအပ်သည်။
မှော်ဝင်္ကပါမှ ထွက်ပေါ်နေသော သွေးချီဓာတ်ကို ကြည့်ခြင်းအားဖြင့် ၎င်းကို နောက်ထပ် ခုနစ်ရက်အတွင်း အသက်သွင်းမည်ဟု ခန့်မှန်းရသည်။
ထို့အပြင် ဤမှော်ဝင်္ကပါ၏ အဆင့်က မနိမ့်ပေ။ ရွှေအမြူတေအဆင့်အောက်ရှိ ကျင့်ကြံသူများက ၎င်းကို ရှာဖွေတွေ့ရှိနိုင်မည်ပင် မဟုတ်ပေ။
"ကောင်းပြီ၊ ငါ နောက်ထပ် ရက်အနည်းငယ်လောက် နေပြီး အဲဒီ မိစ္ဆာဂိုဏ်းက လူတွေကို သတ်ပစ်ပြီးမှ ထွက်သွားတော့မယ်။"
ရှောင်မိုက အဲဒီအကြောင်းကို ဆက်မတွေးတော့ပေ။
ဒါက ဓားချက်အနည်းငယ်လောက် ခုတ်ပိုင်းရုံပါပဲ။
ရှောင်မိုက တည်းခိုရန် တည်းခိုခန်းတစ်ခုကို ရှာဖွေတော့မည့်ဆဲဆဲတွင် သူနှင့် မလှမ်းမကမ်းမှ ကလေးအချို့၏ ဆော့ကစားနေသော အသံများကို ကြားလိုက်ရလေသည်။
ရှောင်မိုက လှမ်းကြည့်လိုက်ရာ ကောင်လေးငယ်အချို့က အရုပ်တစ်ရုပ်ကို ကိုင်ထားပြီး အပြန်အလှန် ပစ်ပေါက်နေကြစဉ် အလယ်တွင် ဝိုင်းခံထားရသော ကလေးမလေးက အရုပ်ကို အဆက်မပြတ် လိုက်လံဖမ်းယူနေသည်ကို မြင်လိုက်ရသည်။
သူမ ဖမ်းမိတော့မည့် အချိန်တိုင်းတွင် အရုပ်က အခြားတစ်ဖက်သို့ ပစ်ပေါက်ခံလိုက်ရလေသည်။
ကျစ်ဆံမြီးလေး ကျစ်ထားသော ကလေးမလေးမှာ စိတ်ပျက်အားငယ်မှုကြောင့် ငိုတော့မည့်ပုံ ပေါက်နေလေသည်။
နောက်ဆုံးတွင် ကလေးမလေးက မြေကြီးပေါ်တွင် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ဒူးများကို ပွေ့ဖက်ကာ သူမ၏ မျက်နှာပေါ်တွင် မျက်ရည်များ စီးကျလာလေသည်။
"မရဘူးလေ၊ မရဘူးလေ။"
"ငကြောက်မလေး၊ မရဘူးလေ။"
ကောင်လေးငယ်များက ကောင်မလေးကို ဝိုင်းရံကာ လှောင်ပြောင်နေကြသည်။
"အား။"
"ဘယ်သူက ငါ့ကို ရိုက်တာလဲ။"
"အား"
"လူကြီးဖြစ်ပြီးတော့ ကလေးတွေကို အနိုင်ကျင့်ရသလား မရှက်ဘူးလား"
"အို"
မကြာမီမှာပင် ကလေးမလေးက ကောင်လေးများထံမှ အော်ဟစ်သံ အချို့ကို ကြားလိုက်ရလေသည်။
သူမ မော့ကြည့်လိုက်သောအခါ အစ်ကိုကြီးတစ်ယောက်က သူတို့၏ ခေါင်းများကို နှစ်ချက်လောက် ခေါက်လိုက်သည်ကို မြင်လိုက်ရပြီး သူတို့က ခေါင်းများကို ကိုင်ကာ ငိုယိုပြီး ထွက်ပြေးသွားကြလေသည်။
"ရော့ ဒီမှာ။"
ရှောင်မိုက အရုပ်ကို ကောက်ယူကာ ဖုန်ခါလိုက်ပြီး ကလေးမလေးထံသို့ ကမ်းပေးလိုက်သည်။
ကလေးမလေးက မျက်တောင်တဖျပ်ဖျပ်ခတ်ကာ အစ်ကိုကြီးကို ကြည့်နေလေသည်။
အချိန်အနည်းငယ် ကြာပြီးနောက် ကလေးမလေးက နောက်ဆုံးတွင် သတိဝင်လာပြီး အရုပ်ကို အလျင်အမြန် လှမ်းယူကာ ရင်ခွင်ထဲတွင် ပွေ့ဖက်ထားလိုက်သည်။
"ကျေးဇူးတင်ပါတယ် အစ်ကိုကြီး"
"ရပါတယ်။" ရှောင်မိုက ထွက်ခွာရန် လှည့်လိုက်သည်။
"အစ်ကိုကြီး"
ရှောင်မို ခြေလှမ်းအနည်းငယ်သာ လျှောက်ရသေးချိန်တွင် သူ၏ အနောက်မှ ကလေးမလေး၏ အသံကို ကြားလိုက်ရလေသည်။
"ဟင်" ရှောင်မိုက လှည့်ကြည့်လိုက်သည်။
"အစ်ကိုကြီး၊ အစ်ကိုကြီးက ဖုန်းရွက်မြို့ကလား" ဟု ကလေးမလေးက သူမ၏ လေသံတွင် စိုးရိမ်ပူပန်မှု အနည်းငယ်ဖြင့် မေးလိုက်သည်။
"မဟုတ်ဘူး၊ ငါက ဖြတ်သွားဖြတ်လာပါပဲ။ ဘာဖြစ်လို့လဲ။"
"အစ်ကိုကြီး၊ ဒါဆိုရင် အစ်ကိုကြီး မြန်မြန် ထွက်သွားသင့်တယ်။" ကလေးမလေးက တံတွေးမြိုချလိုက်သည်။ "ဒီနေရာက အရမ်းအန္တရာယ်များတယ်။"
"အန္တရာယ်များတယ်"
ရှောင်မိုက အနီးသို့ တိုးသွားကာ ကလေးမလေး၏ ရှေ့တွင် ဆောင့်ကြောင့်ထိုင်လိုက်ပြီး ပြုံးလျက် "ညီမလေး၊ ဘာဖြစ်လို့ အဲဒီလို ပြောရတာလဲ" ဟု မေးလိုက်သည်။
"ကျွန်မ... ကျွန်မ မသိဘူး။"
ကလေးမလေးက ဖုန်းရွက်မြို့၏ အထက်ရှိ ကောင်းကင်ယံကို မော့ကြည့်လိုက်သည်။
"ချန်ကျိန်းဟောင်လို့ခေါ်တဲ့ လူကြီးတစ်ယောက် ကျွန်မတို့ရဲ့ မြို့သခင် ဖြစ်လာကတည်းက ဒီနေရာကို ဖုံးလွှမ်းနေတဲ့ သွေးမြူခိုးတွေလိုမျိုး အရမ်းကို ထူးဆန်းပြီး ကြောက်စရာကောင်းတဲ့ အရာတစ်ခု ရှိနေတယ်။"
ကလေးမလေး၏ စကားများကို နားထောင်ရင်း ရှောင်မိုက အနည်းငယ် အံ့အားသင့်သွားလေသည်။
"ညီမလေး၊ ခုနက အဲဒီလူကြီးရဲ့ နာမည်ကို ဘယ်လိုပြောလိုက်တာလဲ။"
"ချန်ကျိန်းဟောင်။"
ကလေးမလေးက ထပ်ပြောလိုက်သည်။
"အစ်ကိုကြီး၊ ဘာဖြစ်လို့လဲ။"
အခန်း ၂၂၄ ယင်ယန်မျက်လုံး
ကလေးမလေး၏ နှုတ်ခမ်းဖျားမှ ချန်ကျိန်းဟောင် ဆိုသည့် စကားလုံးသုံးလုံး ထွက်ပေါ်လာသည်ကို ကြားလိုက်ရချိန်တွင် ရှောင်မို၏ မျက်ခုံးများက အနည်းငယ် တွန့်ချိုးသွားခဲ့သည်။
ထိုလူသည် သူ၏ အကိုနှင့် နာမည်တူနေခြင်းသာ ဖြစ်နိုင်မည်လောဟု ရှောင်မိုက စိတ်ထဲတွင် တွေးတောနေမိသည်။
"အစ်ကိုကြီး"
သူမရှေ့ရှိ အစ်ကိုကြီးမှာ အတွေးနယ်လွန်နေသည်ကို မြင်လိုက်ရသဖြင့် ကလေးမလေးက သူမ၏ လက်သေးသေးလေးများကို ဆန့်ထုတ်ကာ ရှောင်မို၏ အင်္ကျီလက်စကို ဖွဖွလေး ဆွဲကိုင်လိုက်သည်။
"ဘာမှမဖြစ်ပါဘူး" ရှောင်မိုက ခေါင်းခါယမ်းလိုက်ပြီး "ဒါပေမဲ့ ညီမလေး... ညီမလေး မြင်ရတဲ့အရာတွေအကြောင်းကို တခြားသူတွေကိုကော ပြောပြဖူးသေးလား"
"အင်း... သမီးအမေကိုတော့ ပြောပြဖူးတယ်"
ထိုသို့ပြောရင်း ကလေးမလေးက ခေါင်းငုံ့သွားကာ သူမရင်ခွင်ထဲရှိ အဝတ်အရုပ်လေးကို တင်းကျပ်စွာ ဖက်တွယ်ထားလိုက်သည်။
"ဒါပေမဲ့ အမေက သမီးကို မယုံဘူး။ ပြီးတော့ တခြားဘယ်သူ့ကိုမှလည်း လျှောက်မပြောနဲ့လို့ မှာထားတယ်။ မဟုတ်ရင် လူတွေက သမီးကို ထူးဆန်းနေတယ်လို့ ထင်ကြလိမ့်မယ်တဲ့။ ပြီးတော့ မြို့သခင်ကိုများ ပြစ်မှားမိသွားရင် သမီးတို့ ဒုက္ခရောက်ကုန်လိမ့်မယ်တဲ့လေ"
"ညီမလေးရဲ့အမေ ပြောတာမှန်ပါတယ်။ အဲဒီလိုကိစ္စတွေကို လျှောက်ပြောတာက အရမ်းအန္တရာယ်များတယ်" ရှောင်မိုက ကလေးမလေး၏ ခေါင်းလေးကို ပွတ်သပ်ပေးလိုက်ရင်း "ဒါဆို ညီမလေးက ငယ်ငယ်လေးကတည်းက လမ်းတွေပေါ်မှာ လွင့်မျောနေတဲ့ လူတွေကို အများကြီး မြင်ခဲ့ရတာပေါ့။ သူတို့က များသောအားဖြင့် ဖောက်ထွင်းမြင်ရတဲ့ ပုံစံမျိုးတွေဖြစ်ပြီး တခြားသူတွေကတော့ မမြင်နိုင်ကြဘူးလေ။ ညဘက်တွေဆိုရင် သူတို့က ပိုတောင်များသေးတယ်မလား"
"ဟင်" ကလေးမလေးက မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်သွားပြီး "အစ်ကိုကြီးက ဘယ်လိုလုပ် သိနေတာလဲ"
စိတ်တူကိုယ်တူ လူတစ်ယောက်ကို တွေ့လိုက်ရသကဲ့သို့ ကလေးမလေး၏ မျက်လုံးလေးများက အရောင်လက်သွားခဲ့သည်။ "သမီး အရမ်းငယ်ငယ်လေးကတည်းက လမ်းတွေပေါ်မှာ လွင့်မျောနေတဲ့ လူကြီးတွေကို အများကြီး မြင်ဖူးတယ်"
"အရင်တုန်းကဆိုရင် သမီးအမေကိုလည်း ပြောပြခဲ့သေးတယ်"
"ဒါပေမဲ့ အမေက သမီး အမြင်မှားတာလို့ပဲ အမြဲပြောတယ်"
"ပြီးတော့ တခြားဘယ်သူ့ကိုမှလည်း လျှောက်မပြောနဲ့လို့ မှာတယ်"
"သမီးအတွက် နတ်ဆိုးနှင်ထုတ်ပေးဖို့ တာအိုဆရာတွေကိုတောင် ပင့်ပြီး ယဇ်ပူဇော်တာတွေ လုပ်ခဲ့သေးတယ်။ ဒါပေမဲ့ ဘာမှမထူးပါဘူး။ သမီးက အခုထက်ထိ မြင်နေရတုန်းပဲ"
"ဘာမှမထူးတာက သဘာဝပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဒါက ကောင်းကင်ဘုံကနေ ညီမလေးကို ပေးသနားထားတဲ့ လက်ဆောင်တစ်ခု ဖြစ်နေလို့ပဲ" ရှောင်မိုက ညင်သာစွာ ပြောလိုက်သည်။
"လက်ဆောင်" ကလေးမလေးမှာ နားလည်သလိုလို နားမလည်သလိုလို ဖြစ်သွားသည်။
"ဟုတ်တယ်။ ညီမလေးရဲ့ မျက်လုံးတွေကို ယင်ယန်မျက်လုံးလို့ ခေါ်တယ်။ ကောင်းကင်ဘုံက ပေးသနားထားတဲ့ လက်ဆောင်ပေါ့။ အစ်ကိုကြီးက ညီမလေးတို့အိမ်ကို လိုက်ခဲ့ပြီး အမေနဲ့ တွေ့လို့ရမလား။ ညီမလေးရဲ့ မျက်လုံးတွေအကြောင်း အစ်ကိုကြီးက ညီမလေးရဲ့အမေနဲ့ သေချာဆွေးနွေးချင်လို့ပါ" ရှောင်မိုက ပွင့်လင်းစွာပင် မေးလိုက်သည်။
ယင်ယန်မျက်လုံးသည် အပေါက်ခုနစ်ပေါက်ပါ နူးညံ့သိမ်မွေ့သော နှလုံးသားနှင့် မွေးရာပါ ဓားအရိုးတို့လောက် ရှားပါးခြင်းမရှိသော်လည်း ၎င်းက အထူးခန္ဓာကိုယ်ဖွဲ့စည်းပုံတစ်မျိုး ဖြစ်ပေသည်။
ထို့ပြင် ယင်ယန်မျက်လုံးနှင့် မွေးဖွားလာသူများသည် ယင်နှင့်ယန် တာအိုမှော်ပညာရပ်များကို ကျင့်ကြံရန်အတွက် အလွန်သင့်တော်လှသည်။
သို့သော်လည်း အချို့သောသူများက ယင်ယန်မျက်လုံးကို ဆေးလုံးဖော်စပ်ရာတွင် ပါဝင်ပစ္စည်းအဖြစ် အသုံးပြုတတ်ကြသည်။
ဂူဗိမာန်အဆင့်ရှိ ယင်ယန်မျက်လုံးများကို ရွှေအမြူတေအဆင့် ကျင့်ကြံသူများ သန္ဓေတည်ဝိညာဉ်အဆင့်သို့ အဆင့်တက်လှမ်းနိုင်ရန် ကူညီပေးနိုင်သော ဆေးလုံးအဖြစ် ဖော်စပ်နိုင်သည်။
ထို့ကြောင့် ဤကလေးမလေးကိုသာ ကျင့်ကြံသူများ တွေ့ရှိသွားပါက အလွန်အန္တရာယ်များပေလိမ့်မည်။
သူမ၏မိခင်ကို သွားရောက်မေးမြန်းကြည့်မည်။ အကယ်၍ သားအမိနှစ်ယောက်စလုံးက ရဲ့ရွှယ်တောင်ထွတ်သို့ သွားရန် ဆန္ဒရှိပါက သူတို့အား ထိုနေရာသို့ ခေါ်ဆောင်သွားရန် လူလွှတ်ပေးမည်ဖြစ်သည်။
အနန္တတာအိုဂိုဏ်းသည် အမှန်တကယ်ပင် မိစ္ဆာဂိုဏ်းတစ်ခု ဖြစ်သော်လည်း ရဲ့ရွှယ်တောင်ထွတ်ကမူ အနည်းဆုံးတော့ အနည်းငယ် ပုံမှန်ဆန်သေးသည်။
ထို့ပြင် သွေးမိစ္ဆာကလည်း သိပ်ပြီးပြောဆိုနိုင်မည် မဟုတ်ပေ။
သွေးမိစ္ဆာက တောင်ထွတ်သခင်ဖြစ်သော်လည်း ဤနှစ်များတစ်လျှောက်လုံး ရဲ့ရွှယ်တောင်ထွတ်နှင့် ပတ်သက်သမျှ ကိစ္စအဝဝကို ခေါင်းဆောင်တပည့်ဖြစ်သူ သူကသာ ဆုံးဖြတ်ခဲ့ပုံရသည်။
အကယ်၍ သူတို့က ထွက်မသွားချင်ဘူးဆိုပါက ရှောင်မိုက သူမ၏ ယင်ယန်မျက်လုံးများကို ယာယီချိတ်ပိတ်ပေးထားမည်ဖြစ်သည်။ ထိုသို့ဆိုလျှင် အနည်းဆုံးတော့ သန္ဓေတည်ဝိညာဉ်အဆင့်အောက်ရှိ ကျင့်ကြံသူများက ၎င်းတို့ကို အာရုံခံနိုင်မည်မဟုတ်ဘဲ သူမအနေဖြင့် အေးချမ်းသောဘဝကို ဖြတ်သန်းနိုင်ပေလိမ့်မည်။
"ရတာပေါ့။ အစ်ကိုကြီးကို သမီး ခေါ်သွားပေးမယ်"
အပြစ်ကင်းစင်သော ကလေးမလေးက ခေါင်းညိတ်ပြလိုက်သည်။
အစ်ကိုကြီးနှင့် ယခုမှ စတင်သိကျွမ်းခဲ့ရခြင်း ဖြစ်သော်ငြားလည်း။
ကလေးမလေး၏ စိတ်ထဲတွင်တော့ ဤအစ်ကိုကြီးသည် လူကောင်းတစ်ယောက်ဖြစ်သည်ဟု ခံစားနေရသည်။
"ဒါဆိုလည်း သွားကြတာပေါ့"
ရှောင်မိုက မတ်တတ်ရပ်လိုက်ပြီး ကလေးမလေးက သူမ၏ အဝတ်အရုပ်လေးကို ပွေ့ဖက်ကာ ရှောင်မိုအား သူမ၏အိမ်သို့ လမ်းပြခေါ်ဆောင်သွားခဲ့သည်။
လမ်းတစ်လျှောက်တွင် ရှောင်မိုက ကလေးမလေးနှင့် စကားစမြည်ပြောဆိုခဲ့ရာ သူမ၏အမည်မှာ နင်ဝေ့ဖြစ်ပြီး သူမ၏ဖခင်မှာ ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်း၊ ထို့ကြောင့် သူမနှင့် သူမ၏မိခင်တို့မှာ တစ်ယောက်ကိုတစ်ယောက် အားကိုးကာ နေထိုင်နေကြရကြောင်း သိလိုက်ရသည်။
ရှောင်မိုတစ်ယောက် ကလေးမလေးအိမ်၏ ခြံဝသို့ ရောက်ရှိသွားချိန်မှာပင် အိမ်ထဲမှ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ အချင်းများနေသည့် အသံကို ကြားလိုက်ရသည်။
"ခယ်မ... ကျုပ် ခင်ဗျားကို ပြောပြီးပြီလေ။ ဝမ်ချွမ်ဂိုဏ်းထဲကို ဝင်ခွင့်ရတာက နင်ဝေ့အတွက် ကံကောင်းမှုကြီးပဲ။ နင်ဝေ့ကသာ သေချာကျင့်ကြံမယ်ဆိုရင် အနာဂတ်မှာ မသေမျိုးတစ်ပါး ဖြစ်လာပြီး အဆုံးမဲ့ ဂုဏ်ကျက်သရေနဲ့ စည်းစိမ်ချမ်းသာတွေကို ရရှိလာလိမ့်မယ်။ ဘာလို့ နားမထောင်ရတာလဲ။ လူဘယ်နှယောက်လောက်က ဒီလိုကိစ္စမျိုးကို အိပ်မက်မက်နေကြရလဲဆိုတာ ခင်ဗျား သိရဲ့လား"
"ဘာဂုဏ်ကျက်သရေနဲ့ စည်းစိမ်ချမ်းသာလဲ။ ဝမ်ချွမ်ဂိုဏ်းရဲ့ နာမည်ဆိုးကို ရှင် မကြားဖူးဘူးလား။ သူတို့က မျက်တောင်တစ်ချက်မခတ်ဘဲ လူတွေကို စားသောက်နေကြတဲ့ မိစ္ဆာကောင်တွေပဲ"
"ဘာ မိစ္ဆာကောင်တွေလဲ။ သူတို့က မသေမျိုးတွေဗျ။ ကျုပ်တို့ ဖုန်းယဲ့မြို့တော်ရဲ့ မြို့သခင်ကိုယ်တိုင်က ဝမ်ချွမ်ဂိုဏ်းရဲ့ တပည့်တစ်ယောက်ပဲ" အမျိုးသားဖြစ်သူက စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။ "အစ်မ... ခင်ဗျား အဲဒီစကားတွေကို အပြင်မှာသွားပြောရင် ခေါင်းဖြတ်ခံရနိုင်တယ်ဗျ"
"ခေါင်းဖြတ်ခံရရင်လည်း ခံရပါစေတော့။ နင်ဖူကွေ့... ဝမ်ချွမ်ဂိုဏ်းက ရှင့်ကို ဒီလာပြီး ဖျောင်းဖျပေးဖို့အတွက် အကျိုးအမြတ် ဘယ်လောက်တောင် ပေးထားလို့လဲ။ ထွက်သွားစမ်း။ ကျွန်မ ပြောပြီးပြီနော်... ဝေ့ဝေ့ကို ဝမ်ချွမ်ဂိုဏ်းထဲကို လုံးဝ ဝင်ခိုင်းမှာမဟုတ်ဘူး"
"ဝမ်ချန်... ကောင်းကောင်းပြောနေတာကို နားမထောင်ဘဲ အတင်းအကျပ် လုပ်ရတဲ့အထိ မရောက်ပါစေနဲ့။ ဝမ်ချွမ်ဂိုဏ်းက ငါ့တူမလေးမှာ ကျင့်ကြံခြင်းပါရမီရှိတာကို မြင်လို့ ငါ့ကို အထူးတလည် လာပြီး ဖျောင်းဖျခိုင်းတာ။ မဟုတ်ရင် သူတို့လို ဂိုဏ်းကြီးတစ်ခုအတွက် နင့်လို တောသူမတစ်ယောက်က ဘာမျက်နှာရှိလို့လဲ"
"ထွီ"
"ဝမ်ချန်... ငါ နင့်ကို ပြောထားမယ်။ ဝမ်ချွမ်ဂိုဏ်းက လူကြီးတွေ စိတ်ရှည်သည်းခံနိုင်စွမ်း ကုန်ဆုံးနေပြီ။ နောက်တစ်ခါလာရင် ငါလာမှာမဟုတ်တော့ဘူး။ ဝမ်ချွမ်ဂိုဏ်းက လူကြီးတွေ ကိုယ်တိုင် လာလိမ့်မယ်"
"ဘယ်သူပဲလာလာ ဂရုမစိုက်ဘူး။ ထွက်သွားစမ်း"
"ကောင်းကောင်းပြောနေတာကို အတင်းအကျပ် လုပ်ရတဲ့အထိ မရောက်ပါစေနဲ့"
"နောက်ဆုံးတစ်ခေါက် ပြောမယ်။ ငါ့မျက်စိရှေ့ကနေ ထွက်သွားစမ်း"
စားပွဲပေါ်သို့ ဒလှိမ့်တုံးဖြင့် "ဒိုင်း" ခနဲ ရိုက်ချလိုက်သံနှင့်အတူ အမျိုးသားတစ်ဦးသည် ကျိန်ဆဲမြည်တွန်ရင်း ခြံဝင်းထဲမှ ပြေးထွက်လာခဲ့သည်။
ဝမ်ဖူကွေ့သည် သူ၏တူမလေးကို မြင်လိုက်ရသောအခါ ပထမတော့ ကြက်သေသေသွားသော်လည်း ချက်ချင်းပင် မျက်နှာပွင့်လန်းစွာဖြင့် ပြုံးရွှင်ကာ နှုတ်ဆက်လိုက်သည်။ "ဝေ့ဝေ့ ပြန်လာပြီပဲ။ နောက်ရက်ကျရင် ဦးလေးတို့အိမ်ကို အလည်လာခဲ့ဦးနော်"
"ဟုတ်ကဲ့ပါ ဦးလေး" နင်ဝေ့က ခေါင်းညိတ်လိုက်သော်လည်း မသိစိတ်၏ စေ့ဆော်မှုကြောင့် ရှောင်မို၏ ကျောဘက်တွင် ဝင်ပုန်းလိုက်မိသည်။
ဝမ်ဖူကွေ့က ရှောင်မိုကို တစ်ချက် ထပ်ကြည့်လိုက်ပြီး ဤမျှရုပ်ရည်ချောမောလှပသော လူငယ်လေးတစ်ယောက် ဘယ်ကနေ ရောက်လာသနည်းဟု တွေးတောနေမိသည်။
"ဘာလို့ မထွက်သွားသေးတာလဲ"
ဝမ်ဖူကွေ့တစ်ယောက် ဤလူငယ်လေးနှင့် သူ၏ခယ်မတို့ကြားက ပတ်သက်မှုကို မေးမြန်းရန် ပြင်လိုက်စဉ်မှာပင် ခြံဝင်းထဲမှ အမျိုးသမီးဖြစ်သူက သူ့အား မောင်းထုတ်လိုက်ပြီဖြစ်သည်။ ထို့ကြောင့် ဝမ်ဖူကွေ့လည်း အလျင်အမြန်ပင် ထွက်ပြေးသွားတော့သည်။
ဝမ်ချန်သည် တံခါးဝတွင် ရပ်ကာ ဒလှိမ့်တုံးကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး ဒေါသကြောင့် သူမ၏ ရင်ဘတ်မှာ နိမ့်ချည်မြင့်ချည် ဖြစ်နေသည်။
ရှောင်မိုက ဘေးတွင်ရပ်ကာ ထိုအမျိုးသမီးအား အကဲခတ်ကြည့်လိုက်သည်။
အမျိုးသမီးမှာ အသက်သုံးဆယ်ခန့် ရှိမည်ဟု ခန့်မှန်းရသည်။ သူမ၏ ဝတ်စားဆင်ယင်မှုမှာ ရိုးရှင်းသော်လည်း ခန္ဓာကိုယ်အချိုးအစား ပြေပြစ်ကာ သာမန်အမျိုးသမီးများထက် ပို၍ အသားအရေ ဖြူဝင်းလှသည်။
အသားဖြူခြင်းက အပြစ်အနာအဆာ တစ်ရာကို ဖုံးကွယ်ပေးနိုင်သည်ဟု ဆိုကြသည့်အတိုင်း ဤအမျိုးသမီး၏ မျက်နှာသွင်ပြင်ကလည်း အတော်လေး နူးညံ့သိမ်မွေ့နေသည်ကိုတော့ ဆိုဖွယ်ရာပင် မရှိတော့ပေ။
ထို့အပြင် အိမ်ထောင်ရှင်အမျိုးသမီးတစ်ဦး၏ ဆွဲဆောင်မှုမျိုးလည်း ပေါင်းစပ်ပါဝင်နေသေးသည်။
သူမက ပုံပြင်စာအုပ်များထဲမှ လှပသော မုဆိုးမလေး တစ်ဦးကဲ့သို့ ခံစားချက်မျိုးကို ပေးစွမ်းနေသည်။
"ကျွန်တော်က ရှောင်မိုပါ။ သခင်မကို ဂါရဝပြုပါတယ်" ရှောင်မိုက အမျိုးသမီးအား အရိုအသေပေးလိုက်သည်။
"ရှင်" သခင်မဝမ်က သူမ၏ စိတ်ခံစားချက်များကို တည်ငြိမ်အောင် ထိန်းချုပ်လိုက်ပြီးနောက် သူမ၏သမီးဘေးရှိ လူငယ်လေးကို ကြည့်ကာ အလျင်အမြန်ပင် ပြန်လည်အရိုအသေပေးလိုက်သည်။ "သခင်လေးက အရမ်း ယဉ်ကျေးလွန်းနေပါပြီ။ ဘယ်ကိစ္စများရှိလို့ ဒီကို ရောက်လာတာလဲဆိုတာ မေးခွင့်ပြုပါ"
တစ်ဖက်လူမှာ ဓားအိမ်ကို ကိုင်ဆောင်ထားသော်လည်း သူ၏ပုံစံက ပညာတတ်တစ်ဦး၏ ကျက်သရေရှိမှုနှင့်အတူ သိုင်းလောကသူရဲကောင်းတစ်ဦး၏ အငွေ့အသက်များကိုပါ ပေးစွမ်းနေသည်။
"အမေ... ချန်ဝမ်တို့က သမီးရဲ့ အဝတ်အရုပ်လေးကို လုယူပြီး သမီးကို အနိုင်ကျင့်ကြတယ်။ အစ်ကိုကြီးက သမီးကို ကူညီပြီး သူတို့ကို ပညာပေးခဲ့တာ။ ပြီးတော့ သမီးရဲ့ အဝတ်အရုပ်လေးကိုလည်း ပြန်ယူပေးတယ်" နင်ဝေ့က ပြောလိုက်သည်။
"အဲဒီလိုလား" သခင်မဝမ်က မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်သွားပြီး "ကျွန်မရဲ့ သမီးလေးကြောင့် သခင်လေး ဒုက္ခရောက်ရပြီ"
"ကိစ္စသေးသေးလေးပါဗျာ" ရှောင်မိုက ပြုံးလိုက်သည်။ "ဒါပေမဲ့ ဝေ့ဝေ့နဲ့ပတ်သက်တဲ့ ကိစ္စတချို့ကိုတော့ သခင်မနဲ့ ဆွေးနွေးလို့ ရနိုင်မလားမသိဘူး"
"ဝေ့ဝေ့နဲ့ပတ်သက်တဲ့ ကိစ္စတွေ"
သခင်မဝမ်မှာ တစ်ခဏမျှ မှင်တက်သွားပြီး သူမ၏သမီးကို နားမလည်နိုင်စွာဖြင့် ကြည့်လိုက်မိသည်။