← Chapters

အခန်း (၂၂၉-၂၃၀)

Vol. 23 Ch. 229-230

အခန်း (၂၂၉-၂၃၀)

Vol. 23 Ch. 229-230

အခန်း ၂၂၉ ကျင့်ကြံခြင်းအတွက်နဲ့ တခြားဘာကိုမှ ဂရုစိုက်စရာ မလိုတော့ဘူးလား

ထိုည။

ရှောင်မိုက ဖုန်းယဲ့မြို့တော် မြို့သခင်အိမ်တော်၏ ခြံဝင်းအတွင်း၌ ထိုင်နေသည်။

ဤအချိန်တွင် ရှောင်မိုက ကျင့်ကြံနေခြင်းမရှိပေ။ ယင်းအစား မြို့ပေါ်ရှိ ညကောင်းကင်ယံကို တည်ငြိမ်စွာ ငေးမောကြည့်နေခဲ့သည်။ ကြည့်လေကြည့်လေ သူ၏ မျက်ဝန်းများက ပိုမိုနက်ရှိုင်းလာလေဖြစ်ပြီး အမည်မသိ အတွေးများထဲတွင် နစ်မြုပ်နေပုံရသည်။

"ညီငါး"

ချန်ကျိန်းဟောင်၏ အသံက ခြံဝင်း၏ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။

"အစ်ကိုလေး"

ရှောင်မိုက ကြယ်များဆီမှ အကြည့်ကိုရုပ်သိမ်းလိုက်ပြီး သူ၏ အစ်ကိုလေးထံသို့ လှည့်ကြည့်လိုက်သည်။

"ဘာတွေလုပ်နေတာလဲ ညီငါး" ချန်ကျိန်းဟောင်က ပြုံးကာ သူ၏ဘေးတွင် ဝင်ထိုင်လိုက်သည်။

"ဘာမှမလုပ်ပါဘူး။ ဒီလိုပဲ စဉ်းစားနေတာပါ" ရှောင်မိုက ခေါင်းခါလိုက်သည်။ "ကျွန်တော့်ဆီလာတာ ကိစ္စတစ်ခုခုရှိလို့လား အစ်ကိုလေး"

"ဟားဟား... ရင်းရင်းနှီးနှီး စကားလာပြောလို့ မရဘူးလား" ချန်ကျိန်းဟောင်က ပြုံးကာ ပြန်ဖြေလိုက်သည်။

ရှောင်မိုက ဘာမှပြန်မပြောဘဲ လက်ဖက်ရည်ကို တစ်ငုံသောက်လိုက်သည်။

"ဒါပေမဲ့" ချန်ကျိန်းဟောင်၏ မျက်လုံးများက ရွှေ့လျားသွားပြီး "မင်း ခန့်မှန်းတာ မှန်ပါတယ်။ မင်းကို ပြောစရာကိစ္စလေးတစ်ခု ရှိတယ်"

"ပြောလေ အစ်ကိုလေး"

"ဒါက ကြီးမားတဲ့ ကံကောင်းမှုကြီးပဲ။ ရော့... ဒါလေးယူထား"

ချန်ကျိန်းဟောင်က သူ၏ အင်္ကျီလက်စထဲမှ ဆေးလုံးပုလင်းတစ်ပုလင်းကို ထုတ်ပေးလိုက်သည်။

"ဒါတွေကို သွေးသန့်စင်ဆေးလုံးတွေလို့ ခေါ်တယ်။ တစ်လုံးသောက်ပြီးတာနဲ့ မင်းရဲ့ သွေးချီတွေ တက်လာပြီး ခန္ဓာကိုယ်ထဲက အညစ်အကြေးတွေကို ဖယ်ရှားပေးလိမ့်မယ်။ တော်တော်လေး အကျိုးများတယ်။ တစ်ရက်ကို တစ်လုံးသောက်ပါ။ လေးရက်နေရင် ဂိုဏ်းတူအစ်မက မင်းကို စမ်းသပ်လိမ့်မယ်။ အောင်မြင်သွားရင် မင်း ဝမ်ချွမ်ဂိုဏ်းထဲကို ဝင်ခွင့်ရလိမ့်မယ်"

ရှောင်မိုက ဆေးလုံးများကို လှမ်းယူလိုက်ပြီး ဖန်ပုလင်းလေး၏ အဖုံးကိုဖွင့်ကာ သေချာစွာ လေ့လာကြည့်လိုက်သည်။

ဆေးဖော်စပ်ခြင်းပညာနှင့် ပတ်သက်၍ အသိပညာအချို့ရှိသောကြောင့် ဤသွေးသန့်စင်ဆေးလုံးများက သာမန်မဟုတ်ကြောင်း သူ ချက်ချင်းပင် သိရှိသွားခဲ့သည်။

အစ်ကိုလေး ပြောတာမှန်ပါသည်။ ဤဆေးလုံးများက သွေးချီများကို အမှန်တကယ်ပင် မြှင့်တင်ပေးနိုင်ပြီး အညစ်အကြေးများကို ဖယ်ရှားပေးနိုင်သည်။

သို့သော် ၎င်းတို့က ဆေးမီးဖိုနည်းစနစ်များအတွက် အစပျိုးမှုတစ်ခုလည်း ဖြစ်နေသည်။

ပန်းတစ်သောင်းတောင်ထွတ်မှ မိန်းမပျိုတပည့်တစ်ဦးက ဤကဲ့သို့ ဆင်တူသောအရာမျိုးကို သူ့အား လှည့်စားတိုက်ကျွေးရန် ကြိုးစားဖူးသော်လည်း သူက အကဲခတ်မိသွားခဲ့သည်။

သူသာ ဤဆေးလုံးများကို မျိုချလိုက်ပါက လေးရက်ကြာပြီးနောက် သူ့ထံမှ စွမ်းအင်ရိတ်သိမ်းမည့် မည်သူမဆို အလွန်ကောင်းမွန်သော ရလဒ်များကို ရရှိမည်ဖြစ်သည်။

"ဒါဆိုလည်း ကျေးဇူးတင်ပါတယ် အစ်ကိုလေး"

ရှောင်မိုက ဘာမှမဖြစ်သည့်အလား ပုလင်းကို ပိတ်ကာ သိမ်းဆည်းလိုက်သည်။

"ကျေးဇူးတင်စရာ မလိုပါဘူး" ချန်ကျိန်းဟောင်က သူ၏ပခုံးကို ပုတ်လိုက်သည်။ "ငါတို့က ညီအစ်ကိုတွေပဲ။ ကျေးဇူးတင်စကားတွေက အပိုတွေပါ"

စကားပြောနေစဉ် ချန်ကျိန်းဟောင်၏ မျက်လုံးများထဲတွင် အပြစ်ရှိသလို ခံစားချက်တစ်ခု ဖြတ်ပြေးသွားပြီးနောက် အလျင်အမြန်ပင် ပျောက်ကွယ်သွားခဲ့သည်။

ဆေးမီးဖိုနှင့် ရိတ်သိမ်းခြင်းတို့မှာ တာအိုလမ်းစဉ်၏ နှစ်ကိုယ်တူကျင့်ကြံခြင်း မဟုတ်ပေ။

နှစ်ကိုယ်တူကျင့်ကြံခြင်းက ပါဝင်သူ နှစ်ဦးစလုံးကို အကျိုးကျေးဇူး ရရှိစေသည်။

၎င်းက အပြန်အလှန် အကျိုးအမြတ်အတွက် ယင်နှင့်ယန်ကို မျှတစေသည်။

နှစ်ကိုယ်တူကျင့်ကြံခြင်းက တာအိုလမ်းစဉ်ဆီသို့ သွားရာလမ်းတစ်ခုပင် ဖြစ်နိုင်သေးသည်။

သို့သော် နှစ်ကိုယ်တူကျင့်ကြံခြင်းက အဆုံးစွန်တွင် နှေးကွေးလှသည်။

ထို့ကြောင့် ဂိုဏ်းတူအစ်မက ရှောင်မိုအား ဆေးမီးဖိုတစ်ခုအဖြစ် အသုံးပြုကာ သူ၏စွမ်းအင်များကို ရိတ်သိမ်းရန်သာ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ရိတ်သိမ်းခံရပြီးသည်နှင့် ရှောင်မို၏ အုတ်မြစ်မှာ ထိခိုက်ပျက်စီးသွားမည်ဖြစ်ပြီး သူ၏ ကျင့်ကြံခြင်းလမ်းစဉ် ရပ်တန့်သွားကာ သူ၏ ကျင့်ကြံခြင်းအဆင့်မှာလည်း ကျဆင်းသွားနိုင်ပေသည်။

အကြိမ်ကြိမ် ရိတ်သိမ်းခံရပြီးနောက် သူ၏ အနှစ်သာရနှင့် သွေးများ ခန်းခြောက်သွားကာ ခြောက်သွေ့နေသော အလောင်းတစ်ခုသာ ကျန်ရစ်ပေလိမ့်မည်။

"ညီငါး... အစ်ကိုလေးက မင်းကို ဒုက္ခပေးချင်လို့ မဟုတ်ပါဘူး။ ဂိုဏ်းတူအစ်မရဲ့ အမိန့်ကို လွန်ဆန်လို့မရလို့ပါ။ ဒါပေမဲ့ စိတ်အေးအေးသာ ထားပါ။ မင်းသေသွားပြီးတဲ့နောက် အစ်ကိုလေးက မင်းရဲ ဝိဉာဉ်ကိုပါ သယ်ဆောင်ပြီး ဆက်လက်ရှင်သန်သွားပါ့မယ်"

ဤသို့ ကိုယ့်ကိုယ်ကိုယ် ဖြေသိမ့်ပြီးနောက် ချန်ကျိန်းဟောင်သည် များစွာ သက်သာရာရသွားခဲ့သည်။

"ညီငါး... အစ်ကိုလေး နောက်ရက်တွေမှာ အလုပ်နည်းနည်းရှုပ်နေမှာမို့ လာတွေ့ဖြစ်မှာ မဟုတ်ဘူး။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပါ" ချန်ကျိန်းဟောင်က ရှောင်မိုကို ပြောလိုက်သည်။

ရှောင်မိုက ခေါင်းညိတ်လိုက်သည်။ "ရပါတယ်။ အစ်ကိုလေး ကိစ္စတွေသာ လုပ်ပါ။ ကျွန်တော့်အတွက် စိတ်မပူပါနဲ့"

"ကောင်းပြီ။ ကောင်းကောင်းအနားယူပါ။ တစ်ခုခု လိုအပ်ရင် ငါ့ကိုလာရှာဖို့ အစေခံမလေးတွေကို ပြောလိုက်ပါ။ ငါ သွားတော့မယ်"

ချန်ကျိန်းဟောင်က သူ၏ပေါင်ကို ပုတ်ကာ မတ်တတ်ရပ်လိုက်သည်။

"အစ်ကိုလေးကို လိုက်ပို့ပေးပါ့မယ်" ရှောင်မိုလည်း မတ်တတ်ရပ်လိုက်သည်။

သူတို့နှစ်ဦး မြို့သခင်အိမ်တော်အတွင်း လမ်းလျှောက်သွားကြသည်။ ငှက်အော်သံများ၊ ပိုးကောင်ငယ်လေးများ၏ အသံများနှင့် လရောင်တို့ ရောယှက်နေပြီး ကြည်လင်သော ရေကန်ထဲမှ ရေပြင်က အလင်းရောင်အောက်တွင် ညင်သာစွာ တဖျပ်ဖျပ် လှိုင်းထနေသည်။

"အစ်ကိုလေး" ရှောင်မိုက လင်းလက်နေသော လမင်းကြီးကို တစ်ချက်ကြည့်ကာ ခေါ်လိုက်သည်။

"ဟင်" ချန်ကျိန်းဟောင်က သူ့ကို နားမလည်စွာဖြင့် ကြည့်လိုက်သည်။

"ဘာမှမဖြစ်ပါဘူး။ ငယ်ငယ်တုန်းက အကြောင်းတွေကို သတိရမိလို့ပါ"

"ငါတို့ ငယ်ငယ်တုန်းက..."

ချန်ကျိန်းဟောင်က သူ၏ အင်္ကျီလက်စကို တင်းကျပ်စွာ ဆွဲလိုက်သည်။

"အဲဒီတုန်းက ဘဝက တော်တော်လေး ခက်ခဲခဲ့တာ။

ငါတို့မှာ အကောင်းပကတိဖြစ်နေတဲ့ အဝတ်အစား တစ်ထည်တောင် မရှိခဲ့ဘူး။ နေ့တိုင်း ဆေးပင်တွေနဲ့ အမဲလိုက်ဖို့ တောင်ပေါ်တက်ပြီး ဈေးကောင်းရဖို့ မျှော်လင့်ခဲ့ကြတယ်။

ဗိုက်ဆာလွန်းလို့ မခံနိုင်တော့တဲ့အခါ ပေါက်စီတွေနဲ့ ငွေတွေကို ခိုးခဲ့ကြတယ်။

တစ်နေကုန် နောက်တစ်နပ်အတွက် ပူပန်နေခဲ့ရပြီး

မနက်ဖြန်အထိ ဘယ်လို အသက်ရှင်ရမလဲဆိုတာ တွေးနေခဲ့ရတာ"

"ဟုတ်တယ်။ အဲဒီလိုမျိုးပါပဲ" ရှောင်မိုက ခေါင်းညိတ်ကာ သက်ပြင်းပြင်းပြင်းတစ်ချက် ရှိုက်လိုက်သည်။ "ဒါပေမဲ့ အစ်ကိုလေး... အစ်ကိုကြီး ငါတို့ကို ဘာပြောခဲ့လဲဆိုတာ မှတ်မိသေးလား"

"အစ်ကိုကြီး ပြောခဲ့တဲ့စကားလား" ချန်ကျိန်းဟောင်က မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်သွားပြီး ပြုံးလိုက်သည်။ "သူက စကားတွေ အများကြီး ပြောခဲ့တာပဲ"

"သူက စကားရှည်တတ်ပေမယ့် သူ အလေးအနက်ထား ပြောခဲ့တာကို ကျွန်တော် မှတ်မိနေတုန်းပဲ"

ရှောင်မို၏ မျက်လုံးများထဲတွင် အတိတ်ကို လွမ်းဆွတ်တသမှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့သည်။

"ငါတို့ ဘယ်လောက်ပဲ ဆင်းရဲ၊ ခါးသီး၊ ဆာလောင်နေပါစေ... ဆင်းရဲတဲ့သူတွေဆီကနေ ဘယ်တော့မှ မခိုးဖို့ ဒါမှမဟုတ် သူတို့ရဲ့ အစားအစာတွေကို မလုဖို့ သူ ပြောခဲ့တယ်။

ဘာဖြစ်လို့လဲဆိုတော့ ငါတို့ကိုယ်တိုင်က ဆင်းရဲနေလို့ပဲ။ ဆင်းရဲသားအချင်းချင်း သနားကြင်နာသင့်တယ်။ ဘဝက ခက်ခဲနေပြီးသားပဲလေ။

ဒါကြောင့် ငါတို့က ချမ်းသာတဲ့သူတွေဆီကပဲ ခိုးခဲ့ကြတာ"

"ဟားဟား... မင်းအခုပြောမှ ငါ မှတ်မိတော့တယ်" ချန်ကျိန်းဟောင်က အနည်းငယ် လွမ်းဆွတ်နေသော အမူအရာဖြင့် ခေါင်းညိတ်လိုက်သည်။ "အစ်ကိုကြီးမှာ အမြဲတမ်း ထူးဆန်းတဲ့ မူဝါဒတွေ ရှိနေတတ်တာပဲ"

"ထူးဆန်းပေမယ့် သူက အဲဒီအတိုင်းပဲ နေထိုင်ခဲ့တာပါ"

ရှောင်မိုက ခေါင်းပေါ်ရှိ ကြယ်များကို ငေးမောကြည့်လိုက်သည်။

"ငါတို့က ဆင်းရဲပေမယ့် ရည်မှန်းချက်တွေ ကြီးကြတယ်။ မြင့်မားတဲ့ နေရာကို ရောက်ဖို့နဲ့ မိန်းမတွေ အများကြီးယူဖို့ အိပ်မက်မက်ခဲ့ကြတယ်။

ဗိုက်ဆာနေပေမယ့်လည်း စားစရာရှိလာတဲ့အခါ... ကြမ်းတမ်းတဲ့ ပေါက်စီတွေဖြစ်နေရင်တောင် ဟင်းပွဲကောင်းတွေလို အရသာရှိခဲ့တယ်။

ကိတ်မုန့်တစ်လုံးတည်းကို ညီအစ်ကိုတွေကြားမှာ ငါးစုခွဲပြီး စားခဲ့ကြတယ်"

"အခုတော့ မဟုတ်တော့ဘူးလေ"

ချန်ကျိန်းဟောင်က ရှောင်မို၏ ကျောကို ပုတ်လိုက်သည်။

"အခု အစ်ကိုလေးက ချမ်းသာနေပြီ။ ငါ လိုချင်တာမှန်သမျှ အကုန်ရှိတယ်။ ကိတ်မုန့်တစ်လုံးကို ခွဲစားစရာ မလိုတော့ဘူး။ လှေကားထစ်တွေမှာ ခင်းထားတဲ့ ကျောက်စိမ်းတွေကို မြင်လား။

တစ်ဖဲ့လောက် ခွာယူလိုက်ရုံနဲ့ သာမန်လူတွေ တစ်ဘဝစာလုံး ရှာနိုင်တဲ့ ပိုက်ဆံထက်တောင် ပိုများတယ်"

"ဟုတ်တယ်။ အခု အစ်ကိုလေး ချမ်းသာနေပါပြီ။ ဒါပေမဲ့ ပိုက်ဆံက အရာအားလုံးပဲလား။ ကျင့်ကြံခြင်းအတွက်နဲ့ တခြားဘာကိုမှ ဂရုစိုက်စရာ မလိုတော့ဘူးလား"

ရှောင်မိုက လမ်းလျှောက်နေခြင်းကို ရပ်တန့်ကာ ချန်ကျိန်းဟောင်၏ မျက်လုံးများကို စိုက်ကြည့်လိုက်သည်။

ချန်ကျိန်းဟောင် အေးခဲသွားသည်။ "ဘာလို့ ဒီလိုတွေ ပြောနေတာလဲ ညီငါး"

"ဘာမှမဖြစ်ပါဘူး" ရှောင်မိုက ခေါင်းခါလိုက်သည်။ "ရုတ်တရက် တွေးမိသွားလို့ပါ"

ထိုသို့ပြောပြီးနောက် ရှောင်မိုက သူ၏ဓားကို ပွေ့ဖက်ကာ အစ်ကိုလေးအား ဦးညွှတ်လိုက်သည်။ "ကျွန်တော် ဆက်မလိုက်ပို့တော့ဘူး... ဂရုစိုက်ပါ"

"ကိစ္စမရှိပါဘူး။ ကောင်းကောင်းအနားယူပါ။ ငါ သွားတော့မယ်"

ချန်ကျိန်းဟောင်က ပြန်လည်ဦးညွှတ်လိုက်သည်။

"ကောင်းကောင်းသွားပါ အစ်ကိုလေး" ရှောင်မိုက ခါးမတ်လိုက်သည်။

"အင်း"

ချန်ကျိန်းဟောင်က ခေါင်းညိတ်လိုက်ပြီး ဘေးဘက်ခြံဝင်းဆီသို့ လျှောက်သွားခဲ့သည်။

ရှောင်မိုလည်း လှည့်ထွက်သွားခဲ့သည်။ သူတို့နှစ်ဦးမှာ ဆန့်ကျင်ဘက် အရပ်မျက်နှာဆီသို့ လျှောက်သွားကြရင်း တစ်ယောက်နှင့်တစ်ယောက် ပို၍ပို၍ ဝေးကွာသွားကြတော့သည်။

အခန်း ၂၃၀ ငါ မင်းကို မေးနေတယ်... ရှောင်မို ဘယ်မှာလဲ

မြို့သခင်အိမ်တော်တွင် နေထိုင်ရသော နေ့ရက်များအတွင်း ရှောင်မိုသည် ခြံဝင်းထဲ၌ နေ့စဉ် သူ၏ ဓားသိုင်းပညာရပ်များကို လေ့ကျင့်နေခဲ့သည်။

လွန်ခဲ့သော ရက်အနည်းငယ်အတွင်း တစ်အိမ်တော်လုံးရှိ ဝမ်ချွမ်ဂိုဏ်း၏ တပည့်များအားလုံး အလုပ်ရှုပ်နေခဲ့ကြသည်။

သို့သော် ၎င်းက ပုံမှန်ပင်ဖြစ်သည်။

သွေးပူဇော်ခြင်း မှော်အစီအရင်ကို စတင်အသက်မသွင်းမီ အချိန်ကာလသည် မမျှော်လင့်ထားသော ကိစ္စရပ်များ အဖြစ်နိုင်ဆုံးအချိန်ဖြစ်သည်။

ထို့ကြောင့် ချန်ကျိန်းဟောင်အနေဖြင့် မှော်အစီအရင်၏ အဓိကဗဟိုချက်ကို နေ့စဉ် စောင့်ကြည့်စစ်ဆေးရန် လိုအပ်ပြီး အခြားသော ဝမ်ချွမ်ဂိုဏ်းမှ တပည့်များကလည်း မြို့၏ ထောင့်အသီးသီးတွင် ချထားသော အစီအရင်များ ပျက်စီးနေခြင်း ရှိမရှိကို စစ်ဆေးရန် လိုအပ်သည်။

ဝမ်ချွမ်ဂိုဏ်း၏ ဂိုဏ်းတူအစ်မကြီး ဘာကြောင့် ရောက်မလာသနည်း ဆိုသည့်အချက်ကတော့ ရှောင်မိုကို အတော်လေး အံ့အားသင့်စေခဲ့သည်။

သူ၏ သွေးချီများက အလွန်အားကောင်းလွန်းနေသဖြင့် သူမအနေဖြင့် အနီးကပ်လာပါက သူ့ကို အရင်မျိုချပစ်ချင်သည့် စိတ်ကို မအောင့်အည်းနိုင်ဖြစ်မည်စိုး၍ နေမည်ဟု ရှောင်မို ခန့်မှန်းမိသည်။

ထို့ကြောင့် သူမက ရိုးရှင်းစွာပင် သည်းခံနေခြင်း ဖြစ်မည်။

မကြာမီတွင် ရှောင်မို ဤမြို့သို့ ရောက်ရှိလာခဲ့သည်မှာ ခုနစ်ရက်တိုင်တိုင် ကြာမြင့်သွားခဲ့ပြီဖြစ်သည်။

ယနေ့တွင်တော့ ဖုန်းယဲ့မြို့တော်သည် အကြောင်းပြချက်တစ်ခုပေးကာ မြို့တံခါးများအားလုံးကို ပိတ်လိုက်ပြီး မနက်ဖြန်နံနက်မှသာ ပြန်လည်ဖွင့်လှစ်မည်ဟု ကြေညာခဲ့သည်။

ညနေခင်းအချိန်တွင် ခြံဝင်းထဲ၌ ထိုင်နေသော ရှောင်မိုသည် သူ၏လက်ထဲရှိ နလင်ဓားကို သုတ်သင်နေခဲ့သည်။

ရှောင်မိုက ဓားကို ထပ်ခါတလဲလဲ သုတ်သင်နေခဲ့သည်။ သူက ဓားရှည်ကြီးကို အလျားလိုက် ကိုင်ဆောင်လိုက်ချိန်တွင် တောက်ပနေသော ဓားမျက်နှာပြင်ပေါ်၌ ရှောင်မို၏ မျက်လုံးများကိုပင် ရောင်ပြန်ဟပ်နေပြီဖြစ်သည်။

သွေးပူဇော်ခြင်း မှော်အစီအရင်၏ အနီရောင် မိစ္ဆာချီများက တစ်မြို့လုံးသို့ ပျံ့နှံ့လွှမ်းခြုံတော့မည် ဖြစ်သော်လည်း ဖုန်းယဲ့မြို့တော်မှ လူများကမူ မြို့ထဲတွင် တစ်စုံတစ်ခု မှားယွင်းနေကြောင်းကို သတိမထားမိကြသေးပေ။

လူတိုင်းအတွက်တော့ ယနေ့ညနေခင်း၏ အနီရောင် ဆည်းဆာအလင်းတန်းများက အနည်းငယ် ပိုမိုတောက်ပနေပြီး သွေးများကဲ့သို့ ခပ်ပြစ်ပြစ် အငွေ့အသက်လေးတစ်ခု ပါဝင်နေသည်ဟုသာ ထင်မှတ်နေကြသည်။

"သွားရမယ့်အချိန် တဖြည်းဖြည်း နီးလာပြီပဲ"

ရှောင်မိုက ကောင်းကင်ယံသို့ မော့ကြည့်လိုက်သည်။

သူက ဓားရှည်ကို ကောက်ကိုင်လိုက်ပြီး ခြေလှမ်းစတင်ကာ ခြံဝင်းအပြင်သို့ လျှောက်လှမ်းသွားခဲ့သည်။

ရှောင်မို၏ ခြံဝင်းအပြင်ဘက်တွင် တပ်ဆင်ထားသော မှော်အစီအရင်ကဖြစ်စေ၊ ခြံဝင်းပတ်လည်တွင် စောင့်ကြပ်နေကြသော ကျင့်ကြံသူများကဖြစ်စေ ရှောင်မို ထွက်ခွာသွားသည်ကို အာရုံမခံမိလိုက်ကြပေ။

မကြာမီတွင် အနီရောင် ဆည်းဆာအလင်းတန်းများ ပျောက်ကွယ်သွားသည်နှင့်အမျှ ညအမှောင်ထုက ကောင်းကင်ယံသို့ တဖြည်းဖြည်း လွှမ်းခြုံလာပြီး ကြယ်ကလေးများက လေထုထဲတွင် တစ်ပွင့်ပြီးတစ်ပွင့် ပေါ်ထွက်လာကြသည်။

သွေးပူဇော်ခြင်း မှော်အစီအရင်ကို မစတင်မီ တစ်နာရီအလိုတွင် သွေးချီများကို ဆက်လက်ဖုံးကွယ်ထား၍ မရနိုင်တော့ပေ။ နီရဲသော သွေးမြူခိုးများက ဖုန်းယဲ့မြို့တော် တစ်ခွင်သို့ အဆက်မပြတ် ပျံ့နှံ့လာခဲ့သည်။

"အဖိုးကြီး... ထကြည့်ပါဦး"

ဖုန်းယဲ့မြို့တော်ရှိ သီးခြားခြံဝင်းတစ်ခုအတွင်း၌ အမျိုးသမီးတစ်ဦးက သူမဘေးရှိ ခင်ပွန်းဖြစ်သူကို လှုပ်နှိုးလိုက်သည်။

"ဘာဖြစ်လို့လဲ။ ဘာလို့ ဒီလောက်တောင် အလန့်တကြား လုပ်နေရတာလဲ" ခင်ပွန်းဖြစ်သူက တစ်ဖက်သို့ လှည့်ကာ ပါးစပ်ကို ပြက်သပ်လိုက်သည်။

"အပြင်ကို ကြည့်ပါဦး။ သွေးတွေလိုပဲ နီရဲနေတာပဲ" အမျိုးသမီးက ဆက်လက်၍ လှုပ်နှိုးနေခဲ့သည်။

ခင်ပွန်းဖြစ်သူက အိပ်မှုန်စုံမွှားဖြင့် မျက်လုံးများကို ဖွင့်ကာ ပြတင်းပေါက်အပြင်ဘက်သို့ ကြည့်လိုက်သည်။

"ဘုရားရေ... ဒါက ဘာကြီးလဲ"

ပြတင်းပေါက်အပြင်ဘက်တွင် သွေးမြူခိုးများ လွင့်မျောနေပြီး တဖြည်းဖြည်း ပို၍ပို၍ ထူထပ်လာနေသည်။

တစ်ချိန်တည်းမှာပင် မအိပ်ရသေးသော ဖုန်းယဲ့မြို့တော်မှ သာမန်ပြည်သူများအားလုံးက ယခင်က တစ်ခါမှ မပေါ်ပေါက်ဖူးသော ဤသွေးမြူခိုးများမှာ မည်သည့်အရာဖြစ်ကြောင်း သိချင်နေကြသည်။

သို့သော် ဖုန်းယဲ့မြို့တော်ရှိ ကျင့်ကြံသူအချို့ကတော့ တစ်စုံတစ်ခု မှားယွင်းနေပြီဖြစ်ကြောင်း ခံစားမိနေကြပြီဖြစ်သည်။

သူတို့၏ ကျင့်ကြံခြင်းအဆင့်က နိမ့်ကျပြီး အသိပညာကန့်သတ်ချက်များ ရှိနေသော်ငြားလည်း ဤမြူခိုးများ၏ ဆိုးယုတ်လှသော သဘာဝက သူတို့၏ တာအိုနှလုံးသားကို သတိပေးနေပြီး တစ်စုံတစ်ယောက်က တစ်မြို့လုံးကို ဒုက္ခပေးတော့မည်ကို သိရှိနေကြသည်။

သို့သော် မြို့က ချိတ်ပိတ်ခံထားရပြီးဖြစ်သလို ပျံသန်းမှုဆန့်ကျင်ရေး အစီအရင်ကလည်း အလုပ်လုပ်နေပြီဖြစ်သည်။ နဂါးတံခါးအဆင့်အောက်ရှိသူများမှာ ပျံသန်းနိုင်ခြင်းမရှိသဖြင့် သူတို့အနေဖြင့် ဖုန်းယဲ့မြို့တော်မှ ခြေတစ်လှမ်းမျှပင် ထွက်ပြေးလွတ်မြောက်ရန် မဖြစ်နိုင်တော့ပေ။

ထို့အပြင် ဤမြူခိုးများကို အချိန်အနည်းငယ် ရှူရှိုက်မိပြီးနောက်တွင် သူတို့၏ ဝိညာဉ်စွမ်းအင်များ ပိတ်ဆို့သွားသလို ခံစားလိုက်ရပြီး ခန္ဓာကိုယ်များကလည်း အားအင်ကုန်ခမ်းကာ အားနည်းလာကြသည်။

"ဒါများ..."

ကျင့်ကြံသူများစွာက မြို့သခင်အိမ်တော်ရှိရာ အရပ်ဆီသို့ မျှော်လင့်ချက်မဲ့စွာ ကြည့်လိုက်ကြပြီး သူတို့၏ ရင်ထဲတွင် ကြောက်မက်ဖွယ်ကောင်းသော ခန့်မှန်းချက်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ဖုန်းယဲ့မြို့တော် မြို့သခင်အိမ်တော်တွင်တော့ လျိုယွဲ့ယာသည် ခြံတံခါးကို တွန်းဖွင့်ကာ ရှောင်မိုနေထိုင်ရာ သီးခြားခြံဝင်းအတွင်းသို့ ဝင်ရောက်လာခဲ့သည်။

သူမက သွယ်လျသော ခါးလေးကို လှုပ်ခါရင်း အခန်းဆီသို့ တစ်လှမ်းချင်း လျှောက်လှမ်းသွားခဲ့သည်။

လေးရက်။

လျိုယွဲ့ယာအတွက်တော့ သူမသည် လေးရက်တိုင်တိုင် သည်းခံခဲ့ရခြင်း ဖြစ်သည်။

လျိုယွဲ့ယာတစ်ယောက် ရှောင်မိုနှင့် ဆုံတွေ့ခဲ့ပြီးကတည်းက ညတိုင်းညတိုင်း သူမသည် သူ၏ ချောမောလှပသော အသွင်အပြင်နှင့် သူ၏ အားကောင်းလှသော သွေးချီများအကြောင်းကိုသာ တွေးတောနေခဲ့မိသည်။

အထူးသဖြင့် ရှောင်မို၏ မူလယန်စွမ်းအင်များက မထုတ်လွှတ်ရသေးသောကြောင့် ဖြစ်သည်။

ဤအရာက သူမအတွက် ပို၍ပင် သေစေလောက်အောင် ဆွဲဆောင်မှုရှိသော သွေးဆောင်မှုတစ်ခု ဖြစ်ပေသည်။

မနက်တိုင်းမနက်တိုင်း လျိုယွဲ့ယာ နိုးထလာချိန်တွင် သူမ၏ အဝတ်အစားများနှင့် အိပ်ရာခင်းများ ရွှဲနစ်နေသည်ကို တွေ့ရတတ်သည်။

သို့သော် အလျင်လိုလျှင် အမှားပါတတ်သည် မဟုတ်ပါလား။ ရှောင်မိုကို အကောင်းဆုံး စားသုံးနိုင်ရန်အတွက် သူမက ကိုယ့်ကိုယ်ကိုယ် အတတ်နိုင်ဆုံး ထိန်းချုပ်ထားခဲ့ရသည်။

ယခုအခါတွင်တော့ အသီးအနှံက နောက်ဆုံးတွင် မှည့်ရင့်လာခဲ့ပြီဖြစ်ရာ သူမ အားရပါးရ ခံစားနိုင်ပြီဖြစ်သည်။

"ဂျက်"

လျိုယွဲ့ယာက ရှောင်မို၏ အခန်းတံခါးကို ညင်သာစွာ တွန်းဖွင့်လိုက်ပြီး ကုတင်ပေါ်တွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေသော ရှောင်မိုကို ကြည့်ကာ တံတွေးမျိုချလိုက်မိသည်။

"ဂိုဏ်းတူမောင်လေးရှောင်... မင်းရဲ့ ဂိုဏ်းတူအစ်မ ရောက်လာပြီ"

လျိုယွဲ့ယာက ခါးမှ ပိုးဖဲကြိုးလေးကို ဖြည်ချရင်း သူ၏ဆီသို့ တစ်လှမ်းချင်း လျှောက်သွားခဲ့သည်။

သူမ ရှေ့သို့ တစ်လှမ်းတိုးလိုက်တိုင်း ပေါ့ပါးသော အဝတ်အစား တစ်ခုချင်းစီက သူမ၏ ဖြူဝင်းနုနယ်သော ခြေဖဝါးလေးများအောက်သို့ ကျဆင်းသွားခဲ့သည်။

နောက်ဆုံးတွင် လျိုယွဲ့ယာက ကုတင်ပေါ်သို့ တက်ကာ ရှောင်မို၏ ဘေးတွင် လှဲလျောင်းလိုက်ပြီး သူ၏ ပါးပြင်ကို ညင်သာစွာ ပွတ်သပ်ရင်း တိုးညှင်းစွာ ပြောလိုက်သည်။ "ဒီလောက်တောင် ညဉ့်နက်နေပြီပဲ... ဂိုဏ်းတူမောင်လေးရှောင်... အိပ်ချင်ယောင် မဆောင်နေပါနဲ့တော့။ စိတ်မပူပါနဲ့။ မင်းရဲ့ ဂိုဏ်းတူအစ်မက မင်းကို နတ်ပြည်ရောက်သွားသလို ခံစားရအောင် လုပ်ပေးပါ့မယ်"

လျိုယွဲ့ယာက ရှေ့သို့ ကိုင်းညွတ်လိုက်ချိန်မှာပင် ရုတ်တရက် သူမ၏ စိတ်ထဲတွင် တင်းမာသွားခဲ့သည်။

"ဒုက္ခပဲ"

လျိုယွဲ့ယာက အလျင်အမြန်ပင် မှော်ဂါထာတစ်ပုဒ်ကို ရွတ်ဆိုကာ အဆောင်လက်ဖွဲ့တစ်ခုကို ဖန်တီးလိုက်သည်။

လျိုယွဲ့ယာ၏ ဘေးရှိ ရှောင်မိုမှာ ခန္ဓာကိုယ်ပေါ်တွင် မှော်အက္ခရာများ ထွင်းထုထားသော ကောက်ရိုးရုပ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

"ဘုန်း"

ပေါက်ကွဲသံကြီးတစ်ခုနှင့်အတူ အိမ်တစ်လုံးလုံး ပွင့်ထွက်သွားခဲ့သည်။

လျိုယွဲ့ယာမှာ ပေါက်ကွဲမှု၏ အရှိန်ကြောင့် ခြံဝင်းထဲသို့ လွင့်စင်သွားခဲ့သည်။

"ရှောင်မို..."

လျိုယွဲ့ယာက မတ်တတ်ရပ်ကာ သွေးနှစ်လုပ်သုံးလုပ်ခန့် အန်ထုတ်လိုက်ပြီး ပြိုကျသွားသော သူမရှေ့ရှိ အိမ်ကြီးကို အေးစက်စွာ စိုက်ကြည့်ကာ မျက်လုံးများကို ကျဉ်းမြောင်းလိုက်သည်။

ဂိုဏ်းချုပ်ကြီး ပေးသနားထားသော အလွန်တန်ဖိုးကြီးလှသည့် ကာကွယ်ရေး အဆောင်လက်ဖွဲ့သာ မရှိခဲ့ပါက ရွှေအမြူတေအဆင့် ကျင့်ကြံသူတစ်ဦးဖြစ်သည့် သူမကိုယ်တိုင်ပင် ဤပေါက်ကွဲမှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရသွားနိုင်သည်ဟု လျိုယွဲ့ယာ ခံစားလိုက်ရသည်။

မကြာမီတွင် ခြံဝင်းအပြင်ဘက်မှ ဆူညံသော ခြေသံများ ထွက်ပေါ်လာခဲ့သည်။

လျိုယွဲ့ယာက သူမ၏ သိုလှောင်အိတ်ထဲမှ အဝတ်အစားတစ်စုံကို ထုတ်ယူကာ ဝတ်ဆင်လိုက်သည်။

"ဂိုဏ်းတူအစ်မ"

ပေါက်ကွဲသံကို ကြားပြီး အပြေးအလွှား ရောက်ရှိလာကြသော ဝမ်ချွမ်ဂိုဏ်း၏ တပည့်များအားလုံးက လျိုယွဲ့ယာကို မြင်လိုက်ရသောအခါ သူတို့၏ ဂိုဏ်းတူအစ်မ ဘာကြောင့် ဤနေရာတွင် ရှိနေသနည်းဟု တွေးကာ မှင်တက်သွားကြသည်။

လျိုယွဲ့ယာမှာ ဒေါသထွက်နေခဲ့သည်။ သူမက တပည့်တစ်ဦး၏ ကော်လာကို ဆွဲကိုင်လိုက်ပြီး သူမ၏ မျက်လုံးများတွင် သတ်ဖြတ်လိုသော အရိပ်အယောင်များ ပြည့်နှက်နေသည်။ "ငါ မင်းကို မေးနေတယ်... ရှောင်မို ဘယ်မှာလဲ"

"သခင်လေးရှောင်က..." တပည့်ဖြစ်သူက တံတွေးမျိုချလိုက်ပြီး "ဂိုဏ်းတူအစ်မ... ကျွန်တော် မသိပါဘူး။ ကျွန်တော်တို့ ခြံဝင်းပတ်လည်မှာ စောင့်ကြပ်နေခဲ့တာပါ။ သခင်လေးရှောင်က ခြံဝင်းထဲမှာ အမြဲတမ်း ရှိနေခဲ့တာ မဟုတ်ဘူးလား"

"အသုံးမကျတဲ့ကောင်"

လျိုယွဲ့ယာက သူမ၏ လက်ဝါးဖြင့် ရိုက်ချလိုက်ရာ ထိုတပည့်မှာ ချက်ချင်းပင် သွေးမြူခိုးများအဖြစ်သို့ ပေါက်ကွဲထွက်သွားခဲ့သည်။

အခြားတပည့်များမှာ ကြောက်လန့်တကြားဖြစ်ကာ အလျင်အမြန် နောက်ဆုတ်သွားကြသည်။

သို့သော် လျိုယွဲ့ယာက သူတို့ကို တစ်ချက်လေးပင် လှည့်မကြည့်ဘဲ မြို့သခင်အိမ်တော်ပြင်ပသို့ ပျံသန်းထွက်ခွာသွားတော့သည်။

အနောက်ဘက်မြို့တော်ရှိ သီးခြားခြံဝင်းတစ်ခုတွင် နင်ဝေ့သည် သူမ၏မိခင်နှင့် တစ်ခန်းတည်း အတူအိပ်နေခဲ့သည်။

နင်ဝေ့က အစ်ကိုကြီးရှောင် ပေးထားသော ကျောက်စိမ်းပြားကို ကိုင်ဆောင်ထားပြီး ပြတင်းပေါက်အပြင်ဘက်ရှိ သွေးမြူခိုးများကို သတိထား၍ ကြည့်ရှုနေခဲ့သည်။

သခင်မဝမ်၏ စိတ်ကလည်း တင်းမာနေခဲ့သည်။

ဤသွေးမြူခိုးများက မည်သည့်အရာဖြစ်ကြောင်း သူမ မသိသော်ငြားလည်း သူမ၏ ရင်ထဲတွင် အလွန်နိမိတ်မကောင်းသော ခံစားချက်တစ်ခု ဖြစ်ပေါ်နေခဲ့သည်။

"ဒိုင်း"

ညဉ့်နက်လာသည်နှင့်အမျှ ခြံတံခါးကို ကန်ဖွင့်လိုက်သော အသံက တိတ်ဆိတ်နေသော ခြံဝင်းအတွင်း ပဲ့တင်ထပ်သွားခဲ့သည်။

နင်ဝေ့မှာ လန့်ဖြတ်သွားပြီး သူမ၏ မိခင်အနီးသို့ အလျင်အမြန် ပြေးသွားခဲ့သည်။

သခင်မဝမ်ကတော့ နံရံမှ တံမြက်စည်းတစ်ခုကို ကောက်ကိုင်ကာ သူမ၏ သမီးကို ကာကွယ်ပေးထားပြီး အခန်းတံခါးဆီသို့ စိုးရိမ်တကြီး စိုက်ကြည့်နေခဲ့သည်။

"ဒိုင်း"

ကျယ်လောင်သော အသံကြီးတစ်ခုနှင့်အတူ အခန်းတံခါး ပွင့်ထွက်သွားပြီး မျက်နှာဖုံးစွပ်ထားသော အနက်ရောင်ဝတ် လူဆိုးများစွာ အပြေးအလွှား ဝင်ရောက်လာကြသည်။

"ရှင်တို့ ဘာလုပ်ချင်တာလဲ" သခင်မဝမ်က သူမ၏ လက်ထဲရှိ တံမြက်စည်းကို တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်သည်။

"သူတို့ကို သတ်လိုက်"

ခေါင်းဆောင်ဖြစ်သူ အနက်ရောင်ဝတ်လူ၏ အမိန့်ပေးသံနှင့်အတူ သူ၏ဘေးရှိ ဓားရှည်များကို ကိုင်ဆောင်ထားကြသော ကျင့်ကြံသူများက အမျိုးသမီးဆီသို့ တစ်ပြိုင်နက်တည်း ထိုးခုတ်ဝင်ရောက်လာကြသည်။

ဖုန်းယဲ့မြို့တော်ပြင်ပ လီသုံးဆယ်အကွာတွင် ကမ္ဘာလောကကြီးကို လှည့်လည်သွားလာရန်အတွက် ဘုရားကျောင်းတစ်ခုမှ ထွက်ခွာလာခဲ့သော မိန်းကလေးငယ်တစ်ဦးက အရပ်မျက်နှာတစ်ခုဆီသို့ မော့ကြည့်လိုက်သည်။

အဝေးဆီတွင် ပျံ့နှံ့နေသော ကြီးမားလှသည့် သွေးချီများကို သူမ မြင်တွေ့လိုက်ရသည်။

မိန်းကလေးငယ်၏ ကြည်လင်သော မျက်လုံးများက ပုတ်ခတ်ပုတ်ခတ်ဖြစ်သွားပြီး သူမ၏ ခြေလှမ်းများကို မတတ်သာဘဲ ခပ်သွက်သွက် လျှောက်လှမ်းလိုက်မိတော့သည်။

All Chapters