← Chapters

အခန်း (၇၅-၇၆)

Vol. 5 Ch. 75-76

အခန်း (၇၅-၇၆)

Vol. 5 Ch. 75-76

မဟာယာနအဆင့်ရောက်မှ စနစ်က ပေါ်လာသတဲ့

Mahayana 75

အခန်း ၇၅ ။ နတ်ဘုရားသိုက် စွမ်းအား

"လုံမိသားစုသာ ဒုက္ခရောက်ခဲ့ရင် တစ်နေရာကို မဖြစ်မနေသွားရမယ်၊ အဲ့ဒီမှာ အဖွဲ့အစည်းတစ်ခုက လူတွေ လာကြိုလိမ့်မယ်။ အဲ့ဒီအဖွဲ့အစည်းထဲ ဝင်လိုက်ရင် လုံမိသားစုကို ပြန်လည်ထူထောင်ခွင့် ရနိုင်တယ်။" လုံမိသားစု ဘိုးဘေးကြီးက မိသားစုခေါင်းဆောင်ကို ပြောပြဖူးသော စကားဖြစ်သည်။

လုံမိသားစုခေါင်းဆောင်ကလည်း ဤအကြောင်းကို သားသုံးယောက်စလုံးအား ပြောပြထားခဲ့သည်။

ရောက်တော့မယ်... နီးလာပြီ။

လုံဆန်းရွှေသည် စိတ်အေးလက်အေး အနားယူရန် ပြင်လိုက်စဉ်မှာပင်၊ သူ့နားထဲသို့ စကားသံတစ်ခု ဝင်ရောက်လာသည်။

"တတိယသခင်လေး... တော်တော်ဝေးဝေး ပြေးလာရတာဆိုတော့ ခဏလောက် အနားယူပါဦးလား။ ရေလေးဘာလေး သောက်လိုက်ပါဦး။"

ကျန်းလီသည် လုံဆန်းရွှေကို သဘောကောင်းစွာဖြင့် သတိပေးလိုက်ပြီး ဘူးသီးခြောက်လေးတစ်ခုကို ကမ်းပေးလိုက်ရာ၊ လုံဆန်းရွှေမှာ လန့်ဖျပ်ပြီး ခြေခလုတ်တိုက်ကာ မြေကြီးပေါ်သို့ လဲကျသွားတော့သည်။

"ဟေ့ ဟေ့... ငါ့မှာ သူ့ကို တိုက်စရာ ရေ ဘယ်ရှိမလဲ။" ဆန္ဒပြည့်ဘူးသီးက မကျေမနပ် ဝင်ပြောလိုက်သည်။ ကျန်းလီက သူ့ကို စကားမပြောရန် မှာထားသော်လည်း၊ ယခု ဤနေရာတွင် လူလည်း သိပ်မရှိ၊ ချင်းလွန့်တို့ သုံးဦးမှာလည်း ကိုယ့်လူများသာဖြစ်ပြီး၊ ဤလုံဆိုသောကောင်မှာလည်း သက်တမ်းစေ့တော့မည် မဟုတ်ရာ စကားပြော၍ ရလောက်ပြီဟု ယူဆလိုက်ခြင်းဖြစ်သည်။

ရတနာများ အသိဉာဏ်ပွင့်လာသည့် အချိန်မှစ၍၊ ရတနာများ စကားပြောခြင်းမှာ အဆန်းတကြယ် မဟုတ်တော့သဖြင့် ချင်းလွန့်တို့မှာလည်း မအံ့သြကြတော့ပေ။

သို့သော် ၎င်းမှာ 'ဆန္ဒပြည့်ဘူးသီး' ဟူသော နတ်ဘုရားလက်နက်မှန်း သူတို့သာ သိခဲ့မည်ဆိုပါက အမူအရာ တစ်မျိုး ပြောင်းသွားမည်မှာ သေချာလှသည်။

"မင်း... မင်း... မင်းတို့ တစ္ဆေတွေလိုပဲ လိုက်နှောင့်ယှက်နေပါလားကွာ။"

ကျန်းလီကို မြင်လိုက်ရသည်နှင့် လုံဆန်းရွှေတွင် မည်သည့် အမုန်းတရားမျှ မကျန်တော့ပေ။ အကယ်၍ တောင်းပန်၍သာ ရမည်ဆိုပါက သူသည် ချက်ချင်း ဒူးထောက်ကာ ခွေးတစ်ကောင်ကဲ့သို့ အသက်ချမ်းသာပေးရန် အသနားခံမိမည်မှာ သေချာသည်။

"တစ္ဆေလို နှောင့်ယှက်တယ် (ယင်ဝိညာဉ် မကွဲကွာခြင်း) ဆိုတာက နားထောင်ရတာ အရုပ်ဆိုးပါတယ်။ 'ယန်ဝိညာဉ် မကွဲကွာခြင်း' လို့ ခေါ်မှ မှန်မှာပေါ့။" ကျန်းလီက အလေးအနက် ပြင်ပေးလိုက်သည်။

"ကျွန်တော်တို့ လုံမိသားစုကလည်း ပျက်စီးသွားပါပြီ၊ ကျွန်တော့်ကို အသက်ချမ်းသာပေးဖို့ တောင်းပန်ပါတယ်။ နောက်ဆိုရင် လူကောင်း ပြန်လုပ်ပါ့မယ်၊ တစ်သက်လုံး ကောင်းမှုကုသိုလ်တွေပဲ လုပ်ပါ့မယ်လို့ ကတိပေးပါတယ်။"

ကျန်းလီက ခေါင်းလှည့်ကာ မေးလိုက်သည် - "သူပြောတာ မင်းတို့ ကြားတယ်မလား၊ လူကောင်း ပြန်လုပ်မယ်လို့ သူကိုယ်တိုင် ပြောတာနော်။"

"အဲ့ဒါဆိုရင်..." စုန့်ယင်မှာ ကျန်းလီ၏ဆိုလိုရင်းကို နားမလည်ပေ။ သူ့ကို လွှတ်ပေးလိုက်တော့မလို့လား။

ချင်းလွန့်က ခေါင်းညိတ်လိုက်ပြီး - "လူကောင်းပြန်လုပ်မယ်ဆိုမှတော့... ဝင်စားဖို့ လိုတာပေါ့။ တတိယသခင်လေးက သေချင်နေမှတော့ ငါတို့ သူ့ဆန္ဒကို ဖြည့်ဆည်းပေးရမှာပေါ့။"

"ကျွန်တော် အဲ့ဒီလို ဆိုလိုတာ မဟုတ်ပါဘူး။" လုံဆန်းရွှေက အလျင်အမြန် ငြင်းဆန်လိုက်သည်။

"မိတ်ဆွေလေးယောက်... လွှတ်ပေးသင့်တဲ့ အချိန်မှာတော့ လွှတ်ပေးလိုက်ပါ။ ကျွန်တော်က လုံမိသားစု ဘိုးဘေးကြီးနဲ့ နည်းနည်း သိကျွမ်းဖူးပါတယ်။ သူ့ကို ထွက်မကူညီပေးနိုင်ခဲ့ပေမဲ့၊ သူ့ရဲ့ တစ်ဦးတည်းသော မျိုးဆက်ကိုတော့ ချန်ထားပေးချင်ပါတယ်။"

အရပ်မျက်နှာအသီးသီးမှ ထွက်ပေါ်လာသော ထိုအသံမှာ တည်နေရာကို ခန့်မှန်း၍မရဘဲ၊ ကျောချမ်းစရာကောင်းသော ခံစားချက်ကို ပေးစွမ်းနေသည်။

ယွမ်ဝူရှင်းသည် သတိဝင်သွားပြီး အမြန် လှည့်ပတ်ကြည့်ရှုလိုက်သော်လည်း မည်သူ့ကိုမျှ မတွေ့ရပေ။ သို့သော် သူ ပြန်လှည့်ကြည့်လိုက်သောအခါ လုံဆန်းရွှေ၏ဘေးတွင် အဘိုးအိုတစ်ဦး ရပ်နေသည်ကို တွေ့လိုက်ရသည်။

ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့် ကျင့်ကြံသူတစ်ဦးပင်။

"လူကြီးမင်းက ဘိုးဘေးကြီးပြောခဲ့တဲ့ အဲ့ဒီအဖွဲ့အစည်းက လူလား။" လုံဆန်းရွှေမှာ ကယ်တင်ရှင်ကို တွေ့လိုက်ရသကဲ့သို့ အလွန် ဝမ်းသာသွားသည်။

"အဘိုးကြီးလုံက အဖွဲ့အစည်းအတွက် အကျိုးရှိတဲ့ 'လူသားလောင်စာ' တွေ အများကြီး ပို့ပေးခဲ့ဖူးတယ်။ မင်းက လုံမိသားစုရဲ့ တစ်ဦးတည်းသော အသက်ရှင်ကျန်ရစ်သူဆိုတော့၊ အဖွဲ့အစည်းထဲ ဝင်ခွင့်ရတဲ့အပြင် တောင်းဆိုချက်တစ်ခုပါ တောင်းခွင့်ရှိတယ်။ ငါ လုပ်ပေးနိုင်သမျှပေါ့လေ။" အဘိုးအိုက သဘောကောင်းသည့်ပုံစံဖြင့် ပြုံးပြုံးရွှင်ရွှင် ပြောလိုက်သည်။

"ဒါဆိုရင် ဒီလူတွေကို သတ်ပေးပါ။" လုံဆန်းရွှေက ကျန်းလီတို့ကို လက်ညှိုးထိုးကာ တောင်းဆိုလိုက်သည်။

အဘိုးအိုက ခေါင်းခါလိုက်ပြီး - "ဒီလူတွေက ငါ့ကို မြင်သွားပြီဆိုမှတော့ ဘယ်လိုပဲဖြစ်ဖြစ် သေရမှာပါပဲ။ မင်း နောက်ထပ်တစ်ခု ထပ်တောင်းလို့ ရပါသေးတယ်။"

လုံဆန်းရွှေ၏ မျက်လုံးများမှာ သွေးလွှမ်းနေပြီး အမုန်းတရားများဖြင့် ပြည့်နှက်နေသည် - "ကျွန်တော့်မှာ တခြား တောင်းဆိုစရာ မရှိတော့ပါဘူး။ ဒီလူတွေကို သေလုမျောပါး ဖြစ်အောင်လုပ်ပေးဖို့ပဲ တောင်းဆိုချင်ပါတယ်။ ကျွန်တော့်လက်နဲ့ ကိုယ်တိုင် သတ်ချင်လို့ပါ။"

"ရတာပေါ့။" အဘိုးအိုက ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။ ဝိညာဉ်သန္ဓေ အစောပိုင်းတစ်ယောက်၊ ရွှေအမြုတေ အစောပိုင်းနှစ်ယောက်နဲ့ အခြေခံတည်ဆောက်ခြင်းတစ်ယောက်... ဒီလူတွေ အားလုံးပေါင်းရင်တောင် သူ့လက်တစ်ဖက်ကို ယှဉ်နိုင်မည် မဟုတ်ပေ။

ယွမ်ဝူရှင်းမှာမူ ရန်သူကြီးကို ရင်ဆိုင်ရသကဲ့သို့ အလွန်တင်းမာသွားသည်။ ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့် ကျင့်ကြံသူကို ရင်ဆိုင်ရမည်ဆိုလျှင် သူ ဘယ်လောက်ပဲ တိုက်ခိုက်နိုင်ပါစေ၊ ချင်းလွန့်၊ စုန့်ယင်နှင့် ဟွမ်လီတို့ကို ကာကွယ်ပေးနိုင်မည် မဟုတ်ပေ။ နေပါဦး... တစ်ခုခု မှားနေသလိုပဲ၊ သူ ကာကွယ်ပေးစရာ မလိုတဲ့သူ တစ်ယောက် ပါနေသလားလို့။

ချင်းလွန့်ကလည်း ရွှေအမြုတေအဆင့်သာရှိသော ဟွမ်လီသည် ဤအခြေအနေမျိုးတွင် ဘာလုပ်မည်ကို သိချင်နေသည်။ မည်သို့ပင်ဖြစ်စေ သူကတော့ ဘာမှမတတ်နိုင်တော့ပေ။

မည်သူက ထင်ပါ့မလဲ။ ကျန်းလီသည် ပေတစ်ရာခန့် မြင့်သော ဖာရှန်းထျန်းတိကိုယ်ပွားကြီးကို ထုတ်ဖော်လိုက်ပြီး အလွန်ကြောက်မက်ဖွယ်ကောင်းသော အင်အားဖြင့် လုံဆန်းရွှေကို ချက်ချင်း သတ်ပစ်လိုက်ကာ၊ အဘိုးအိုကိုလည်း သေလုမျောပါး ဖြစ်သွားစေခဲ့သည်။

"ဟိုလေ... ရှင့်ရဲ့ ခုနက တိုက်ကွက်တွေက ရွှေအမြုတေအဆင့် လုပ်နိုင်တဲ့အရာတွေနဲ့ မတူဘူးနော်။" စုန့်ယင်က တိုးတိုးလေး သတိပေးလိုက်သည်။

"ဪ... တကယ်တော့ မင်းတို့ မသိကြလို့ပါ။ ငါ့ရဲ့ လက်စွပ်ထဲမှာ မဟာယာနအဆင့် ပုဂ္ဂိုလ်ကြီးတစ်ယောက်ရဲ့ ဝိညာဉ် ရှိနေတယ်။ အရေးကြီးတဲ့ အချိန်ကျရင် ငါ့ရဲ့အစွမ်းကို ခဏတာ မြှင့်တင်ပေးနိုင်တယ်လေ။" ကျန်းလီက ရှင်းပြလိုက်သည်။ "တကယ်တော့ ငါ ဒါကို မထုတ်သုံးချင်ခဲ့ပါဘူး၊ ဒါဟာ ငါ့ရဲ့ အကြီးမားဆုံး လျှို့ဝှက်ချက်ပဲလေ။ ဒါပေမဲ့ ဒီနေ့က အခြေအနေက ထူးခြားနေလို့။ ဒီလျှို့ဝှက်ချက်ကို မထုတ်ရင် သေရမှာမို့လို့ပါ။"

"မင်းတို့ သေချာပေါက် လျှို့ဝှက်ထားပေးရမယ်နော်။" ကျန်းလီက ထပ်ခါတလဲလဲ သတိပေးရာ၊ စုန့်ယင်မှာ မသိမသာ ခေါင်းညိတ် သဘောတူမိတော့မလိုပင် ဖြစ်သွားသည်။

"မင်း... မင်းက ဘယ်သူလဲ။" အဘိုးအိုမှာ အလွန် ထိတ်လန့်နေခဲ့သည်။ တိုက်ကွက် တစ်ကွက်တည်းနှင့် သူ၏ အသက်တစ်ဝက်ခန့်ကို နှုတ်ယူသွားနိုင်သူမှာ သေချာပေါက် ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူသာ ဖြစ်ရမည်။

"ရွှေအမြုတေအဆင့် ကျင့်ကြံသူ ဟွမ်လီ ပါ။" ကျန်းလီက မိတ်ဆက်လိုက်သည်။

"မင်း သရဲကို သွားလိမ်လိုက်။" အဘိုးအိုက ဟိန်းဟောက်လိုက်သည်။ သူ့ကိုယ်တွင်းမှ ထူးဆန်းသော စွမ်းအားတစ်ခု ထွက်ပေါ်လာပြီး ခန္ဓာကိုယ်ကို ချက်ချင်း ကုသပေးလိုက်ကာ နောက်သို့ လှည့်၍ ပြေးတော့သည်။

ထိုထူးဆန်းသော စွမ်းအားကို အာရုံရလိုက်သည်နှင့် ကျန်းလီ၏မျက်နှာမှာ ပြောင်းလဲသွားပြီး၊ ရွှေအမြုတေအဆင့် ဟန်ဆောင်နေခြင်းကို ရပ်တန့်လိုက်သည်။ သူသည် ဖာရှန်းထျန်းတိဖြင့် အဘိုးအိုကို ဆုပ်ကိုင်ထားကာ အော်ဟစ်မေးမြန်းလိုက်သည်။ "မင်းရဲ့ အဲ့ဒီစွမ်းအားက ဘာလဲ။ ဘယ်က ရလာတာလဲ။ မင်းလို လူသတ်ဖို့ ဝန်မလေးတဲ့ကောင်ဆီမှာ ဒီလို စွမ်းအားမျိုး ဘယ်လိုလုပ် ရှိနေရတာလဲ။"

"မင်း... မင်းက ဖာရှန်းထျန်းတိဂိုဏ်းက အကြီးအကဲလား။" အဘိုးအိုသည် ကျန်းလီ၏ တိုက်ကွက်ကို မှတ်မိသွားသည်။ ဂိုဏ်းကြီး (၆) ဂိုဏ်းထဲမှ ဖာရှန်းဂိုဏ်းသာလျှင် ဤကဲ့သို့ ကြီးမားသော ဖာရှန်းထျန်းတိကို ထုတ်ဖော်နိုင်စွမ်း ရှိသည်။

"မင်းရဲ့ စွမ်းအားတွေ ဘယ်က ရလာတာလဲ။"

"ဟက်... ငါက ပြောပြလိုက်ရင် မင်းက ငါ့ကို အသက်ချမ်းသာ ပေးမှာမို့လို့လား။" အဘိုးအိုသည် ယနေ့ မိမိ သေရတော့မည်ကို သိရှိထားသဖြင့် သူ့စွမ်းအားအကြောင်းကို လုံးဝ ထုတ်မပြောတော့ပေ။

"နောက်ကျရင် ငါ့ကို သတ်ပေးပါလို့ မင်း မတောင်းဆိုဖို့ မျှော်လင့်ပါတယ်။" ကျန်းလီသည် ရက်စက်သော အပြုံးတစ်ခုကို ပြုံးလိုက်သည်။

တောင်းပန်သံများနှင့် စူးစူးဝါးဝါး အော်ဟစ်သံများ ထွက်ပေါ်လာသည်။ စုန့်ယင်မှာ ထိုအသံကို ကြားရုံနှင့်ပင် ကြက်သီးထလာပြီး၊ အဘိုးအို မည်သို့သော ညှဉ်းပန်းနှိပ်စက်မှုကို ခံစားနေရမည်ကိုပင် တွေးမကြည့်ရဲတော့ပေ။

"တောင်းပန်ပါတယ်... ကျွန်တော့်ကို သတ်... သတ်ပေးပါတော့။" အဘိုးအိုမှာ ကျန်းလီ၏လက်ချက်ဖြင့် လူရုပ်ပင် မပေါက်တော့ပေ။ "မင်း... ဘာသိချင်လဲ မေးပါ... အကုန်ပြောပြပါ့မယ်... မြန်မြန်သာ သတ်ပေးပါတော့။"

ဤလောကတွင် ဤမျှ ကြောက်စရာကောင်းသော ညှဉ်းပန်းနှိပ်စက်မှု ရှိလိမ့်မည်ဟု အဘိုးအို မယုံကြည်နိုင် ဖြစ်နေမိသည်။

"မင်းရဲ့ စွမ်းအားက ဘာလဲ? ဘယ်လိုရလာတာလဲ?"

"ဒါက 'နတ်ဘုရားသိုက် စွမ်းအား' ပါ။ ဂိုဏ်းသားတိုင်း ဂိုဏ်းထဲ ဝင်ပြီးတာနဲ့... 'နတ်ဘုရားသိုက် ဆရာတော်' ကို စိတ်ရင်းမှန်နဲ့ ကိုးကွယ်ယုံကြည်ရင်၊ ခန္ဓာကိုယ်ထဲမှာ ပုန်းကွယ်နေတဲ့ နတ်ဘုရားသိုက် စွမ်းအားတွေကို ရှာတွေ့နိုင်ပါတယ်။"

"ဘာဂိုဏ်းလဲ?"

ကျန်းလီသည် ဤကဲ့သို့သော ဂိုဏ်းမျိုးကို တစ်ခါမှ မကြားဖူးသလို၊ 'နတ်ဘုရားသိုက် ဆရာတော်' ဆိုသည်ကိုလည်း မသိပေ။

ကျိုကျိုးတိုက်ကြီးတွင် နတ်ဘုရားဘုံမှ နတ်ဘုရားများကို ကိုးကွယ်သည့် ဂိုဏ်းများစွာရှိသည်။ ဥပမာအားဖြင့် ‘ကျန့်ဝူဧကရာဇ်’၊ 'ထိုက်ယင်ရှန်းကျွင်း ' နှင့် 'ထိုက်ယန်ရှန်းကျွင်း '၊ 'ဟွမ်ကျောင် နတ်ဘုရားကြီး' စသည်တို့ကို ကိုးကွယ်ကြသည်။ လူသားဧကရာဇ်ဆိုသည်မှာလည်း အခြေခံအားဖြင့် ယုံကြည်ကိုးကွယ်မှုတစ်မျိုးပင် ဖြစ်ပြီး၊ လူသားဧကရာဇ်နန်းဆောင်မှ ရရှိသော ယုံကြည်မှုစွမ်းအားများမှာ ထိုအချက်ကြောင့်ပင်ဖြစ်သည်။

နတ်ဘုရားဘုံလှေကား မပြတ်တောက်မီက နတ်ဘုရားများကို ကိုးကွယ်သော ယုံကြည်မှုစွမ်းအားများသည် နတ်ဘုရားဘုံသို့ ရောက်ရှိနိုင်ပြီး၊ နတ်ဘုရားများကလည်း တန်ခိုးပြလေ့ ရှိကြသည်။ သို့သော် နတ်ဘုရားဘုံလှေကား ပျောက်ကွယ်သွားပြီးနောက် နတ်ဘုရားဘုံနှင့် အဆက်အသွယ် ပြတ်တောက်သွားရာ၊ ယုံကြည်မှုစွမ်းအားများလည်း မပို့နိုင်တော့သလို နတ်ဘုရားများလည်း မဆင်းသက်လာနိုင်တော့သဖြင့်၊ ထိုဂိုဏ်းများမှာ ယခုအခါ ပျောက်ကွယ်လုနီးပါး ဖြစ်နေပြီ ဖြစ်သည်။

"ကျွန်တော်က 'နတ်ဘုရားသိုက်ဂိုဏ်း' ကပါ။ ဂိုဏ်းချုပ်က ပြောတယ်... ကျွန်တော်တို့ လူတိုင်းရဲ့ ခန္ဓာကိုယ်ထဲမှာ အဆုံးအစမရှိတဲ့ စွမ်းအားတွေ ရှိနေတယ်တဲ့။ ဒါပေမဲ့ ကိုယ့်ရဲ့ အသိဉာဏ် ကန့်သတ်ချက်ကြောင့် မခံစားမိကြတာပါ။ နတ်ဘုရားသိုက် ဆရာတော်ကို ယုံကြည်ကိုးကွယ်ပြီး 'လူသားလောင်စာ' ကို သုံးလိုက်ရင်၊ ကိုယ့်ရဲ့ နတ်ဘုရားသိုက် စွမ်းအားတွေကို ဖော်ထုတ်နိုင်ပါတယ်။"

"လူသားလောင်စာ ဆိုတာက ဘာလဲ။"

"လူကို ပြောတာပါ။ လူကောင်းဖြစ်ဖြစ် လူဆိုးဖြစ်ဖြစ် ဂရုစိုက်စရာမလိုဘူး။ လူသတ်လိုက်တာနဲ့ နတ်ဘုရားသိုက် စွမ်းအားကို တူးဖော်နိုင်တယ်။"

"ဒါက မိစ္ဆာလမ်းစဉ်ရဲ့ ကျင့်စဉ်ပဲ မဟုတ်လား။" ချင်းလွန့်က မနေနိုင်ဘဲ ဝင်ပြောလိုက်ရာ၊ ယွမ်ဝူရှင်းကလည်း ခေါင်းညိတ် ထောက်ခံလိုက်သည်။ ၎င်းမှာ ကျန်းရီရှင်းကို ပြန်လည် သတိရသွားစေသည်။

"ဘာမိစ္ဆာလမ်းစဉ်လဲ။ မိစ္ဆာလမ်းစဉ်ရဲ့ စွမ်းအားတွေက နာကြည်းချက်တွေပါတယ်၊ နတ်ဘုရားသိုက် စွမ်းအားက အဲ့ဒီလို မဟုတ်ဘူး။" အဘိုးအိုက မျက်လုံးပြူးကာ ပြောရင်း သူ၏ နတ်ဘုရားသိုက် စွမ်းအားကို ချင်းလွန့်အား ပြသလိုက်သည်။

နတ်ဘုရားသိုက် စွမ်းအားမှာ ရွှေရောင်တောက်ပနေပြီး နွေးထွေးနူးညံ့လှကာ၊ အေးစက်သော မိစ္ဆာလမ်းစဉ်နှင့် ကောင်းကင်နှင့် မြေကြီးပမာ ကွာခြားလှသည်။

"ဒီစွမ်းအားကို ငါ ဘယ်လိုခေါ်လဲ မင်း သိလား။" ကျန်းလီက တည်ကြည်စွာ မေးလိုက်သည်။

"ဘယ်လိုခေါ်လို့လဲ။"

"ကုသိုလ်တော်စွမ်းအားလို့ ခေါ်တယ်။"

ချင်းလွန့်နှင့် ယွမ်ဝူရှင်းတို့သည် ခြေဖဝါးမှသည် ခေါင်းအထိ အေးစက်သွားသကဲ့သို့ ခံစားလိုက်ကြရသည်။

***

မဟာယာနအဆင့်ရောက်မှ စနစ်က ပေါ်လာသတဲ့

Mahayana 76

အခန်း ၇၆ ။ ကျွန်တော်တို့က ကုန်သည်တွေပါ

ကုသိုလ်တော်စွမ်းအားတွင် ဆန်းကြယ်သော အသုံးဝင်မှုများစွာ ရှိသည်။ ကျင့်ကြံမှုအဆင့်ကို မြှင့်တင်ပေးခြင်း၊ စိတ်မိစ္ဆာကို ရှောင်ရှားနိုင်ခြင်း၊ ကောင်းကင်တာအိုကို နားလည်သဘောပေါက်ခြင်း၊ ကောင်းကင်၏အလိုတော်ကို ဖုံးကွယ်ခြင်း စသည်ဖြင့် အသုံးဝင်လှသဖြင့်၊ ယခင်က ကျင့်ကြံသူတိုင်း တောင့်တခဲ့သော ဆန်းကြယ်သည့် စွမ်းအားတစ်ခု ဖြစ်ခဲ့သည်။ နတ်ဘုရားဘုံလှေကား ပျောက်ကွယ်သွားခဲ့သည့် နှစ်ပေါင်း ၉၀၀၀ အတွင်း၊ ကုသိုလ်တော်စွမ်းအားသည်လည်း ကျိုကျိုးတွင် နှစ်ပေါင်း ၉၀၀၀ တိုင်တိုင် ပျောက်ကွယ်နေခဲ့သည်။ လူသားများ မည်မျှပင် ကြီးမားသော ကောင်းမှုကုသိုလ်များ ပြုလုပ်ပါစေ၊ ကုသိုလ်တော်စွမ်းအား အနည်းငယ်မျှပင် ကျဆင်းလာခြင်း မရှိတော့ပေ။ တဖြည်းဖြည်းနှင့် ကျင့်ကြံသူများသည် ကုသိုလ်တော်စွမ်းအား ရှိခဲ့သည်ကိုပင် မေ့လျော့သွားကြတော့သည်။

ကုသိုလ်တော်စွမ်းအား အများဆုံး ကျန်ရှိနေသည့် အင်အားစုမှာ မုန့်ကျန်းအင်ပါယာဖြစ်ပြီး၊ ဟုန်ချန်းနတ်သမီးအတွက် ရွှေအိမ်ကိုပင် ကုသိုလ်တော်ရွှေအုတ်များဖြင့် တည်ဆောက်ပေးနိုင်လောက်အောင် ချမ်းသာကြွယ်ဝလှသည်။ သို့သော် ၎င်းမှာ မုန့်ကျန်းဧကရာဇ်၏ အသိလွတ်နေစဉ် လုပ်ရပ်တစ်ခုသာဖြစ်ပြီး၊ သူ သတိပြန်ဝင်လာသောအခါ ရွှေအုတ်များကို အလျင်အမြန် သိမ်းဆည်းကာ နိုင်ငံတော်ရတနာတိုက်ထဲတွင် တမြတ်တနိုး သိမ်းဆည်းထားခဲ့သည်။

ဘိုးဘေးများ၏ အမှာစကားအရ 'နိုင်ငံတော်၏ သေရေးရှင်ရေးနှင့် မသက်ဆိုင်လျှင် ဤကုသိုလ်တော်ရွှေအုတ်များကို လုံးဝ အသုံးမပြုရ' ဟု ဆိုထားသည် မဟုတ်လား။

ကုသိုလ်တော်စွမ်းအားမှာ အလွန်ရှားပါးသွားပြီဖြစ်ရာ ယခုအခါ ထိုစွမ်းအားကို မှတ်မိသော ကျင့်ကြံသူမှာ လက်ချိုးရေတွက်၍ ရလောက်အောင်ပင် နည်းပါးသွားပြီဖြစ်သည်။ ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့် အဘိုးကြီးကိုယ်တိုင်ပင် ထိုစွမ်းအားကို မိမိ၏ နတ်ဘုရားသိုက်မှ ရရှိလာသော စွမ်းအားဟုသာ ထင်မှတ်နေပြီး၊ ကောင်းကင်မှ ကျလာသော ကုသိုလ်တော်ဟု မထင်မှတ်ခဲ့ပေ။

တာအိုဂိုဏ်းက ဤကိစ္စနှင့် ပတ်သက်၍ ရှင်းပြထားသည်မှာ "ကုသိုလ်တော်စွမ်းအား အားလုံးသည် နတ်ဘုရားဘုံ၌ ပိတ်မိနေသဖြင့် အောက်သို့ မဆင်းလာနိုင်ခြင်း ဖြစ်သည်" ဟူ၍ ဖြစ်သည်။ သို့သော် ယခုကြည့်ရသည်မှာ ထိုသို့ လုံးဝ မဟုတ်ပေ။

ကုသိုလ်တော်စွမ်းအား ကျဆင်းလာမည့် စည်းမျဉ်းစည်းကမ်းများ ပြောင်းလဲသွားခြင်းသာဖြစ်သည်။

လူသတ်ရုံဖြင့် ကုသိုလ်တော် ရနိုင်သည်တဲ့လား။

မဟုတ်သေးဘူး... သူကိုယ်တိုင် လူသတ်ခဲ့ဖူးသည်မှာ မနည်းတော့ပေ။ ခုလေးတင် လုံဆန်းရွှေကို သတ်လိုက်သော်လည်း ကုသိုလ်တော်စွမ်းအား အနည်းငယ်မျှပင် မရရှိခဲ့ပေ။ ၎င်းနောက်ကွယ်တွင် အခြားသော စည်းကမ်းချက်များ ရှိနေရမည်။

"စည်းကမ်းက ဘာလဲ? ဒီ 'နတ်ဘုရားသိုက်ဂိုဏ်း' ထဲကို မဖြစ်မနေ ဝင်ရမှာလား၊ ဒါမှမဟုတ် အခမ်းအနား တစ်ခုခု လုပ်ရမှာလား၊ ဒါမှမဟုတ် ဘယ်ကမှန်းမသိ ပေါ်လာတဲ့ 'နတ်ဘုရားသိုက် ဆရာတော်' ကို ယုံကြည်ကိုးကွယ်ရမှာလား။" ကျန်းလီက စဉ်းစားရင်း အဘိုးအိုအား မေးလိုက်သည်။

အဘိုးအိုသည် ပါးစပ်ဟလိုက်သော်လည်း စကားတစ်ခွန်းမျှ မထွက်လာသေးမီမှာပင် သူ့ခန္ဓာကိုယ်သည် ဘောလုံးတစ်လုံးအလား ဖောင်းကားလာပြီး အချိန်မရွေး ပေါက်ကွဲထွက်တော့မည့် ပုံစံ ဖြစ်သွားသည်။ ကျန်းလီက အလျင်အမြန်ပင် အဘိုးအို၏ခန္ဓာကိုယ်ကို ချုပ်နှောင်လိုက်သဖြင့် ပေါက်ကွဲမှုကို တားဆီးနိုင်ခဲ့သော်လည်း၊ မူလပုံစံသို့ ပြန်ရောက်အောင်မူ မလုပ်နိုင်ဘဲ ဘောလုံးပုံစံဖြင့်သာ ထိန်းထားနိုင်ခဲ့သည်။

အကယ်၍ ကျန်းလီက အချုပ်အနှောင်ကို ဖြေလိုက်သည်နှင့် အဘိုးအိုသည် ပေါက်ကွဲသွားမည်မှာ သေချာသည်။

"... ပျောက်ကွယ်သွားပြီဖြစ်တဲ့ ကျိန်စာ။"

ကျန်းလီသည် ကျိန်စာများနှင့် ပတ်သက်သော ဖော်ပြချက်များကို ဖတ်ဖူးသည်။ အချို့သော အကြောင်းအရာများကို တွေးမိသည်နှင့် သို့မဟုတ် ပြောလိုက်သည်နှင့် ယခုလို ပေါက်ကွဲခြင်းမျိုးကဲ့သို့သော ပြစ်ဒဏ်များကို ခံရတတ်သည်။

နှစ်ပေါင်း ၉၀၀၀ ကြာမြင့်ခဲ့ပြီဖြစ်ရာ ကျိုကျိုးသည် အဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာခဲ့ပြီး၊ အမွေအနှစ်သစ်များ ပေါ်ပေါက်လာသကဲ့သို့ အမွေအနှစ်ဟောင်းများလည်း ပျောက်ကွယ်သွားခဲ့သည်။ ကျိန်စာအတတ်ပညာသည်လည်း ထိုအထဲမှ တစ်ခုဖြစ်သည်။ ကျိန်စာကို ကျင့်ကြံသူများသည် မိမိကိုယ်တိုင်လည်း ကျိန်စာသင့်နေပြီး၊ ဘဝတစ်လျှောက်လုံး အထီးကျန်စွာ နေရမည့် ကံကြမ္မာ ရှိသည်ဟု ဆိုကြသည်။ ထို့ကြောင့် ကျိန်စာအတတ်ပညာသည် တစ်ဦးတည်းသော ဆက်ခံသူစနစ်ဖြင့်သာ ဆင်းသက်လာခဲ့ရာ ပျောက်ကွယ်သွားခြင်းမှာလည်း မဆန်းပေ။

"မင်းတို့ ဒီကိစ္စကို အပြင်မှာ လျှောက်မပြောနဲ့နော်၊ ဒီအထဲကိုလည်း ဝင်မပါနဲ့။"

ကျန်းလီက ချင်းလွန့်တို့ သုံးဦးအား လေးနက်စွာ သတိပေးလိုက်သည်။ ဤသုံးဦး၏စရိုက်ကို သူ သိထားသဖြင့် လျှောက်မပြောတတ်မှန်း သိသော်လည်း မနေနိုင်ဘဲ သတိပေးလိုက်ခြင်းဖြစ်သည်။

ဤကိစ္စ၏နောက်ကွယ်ရှိ အရှုပ်အထွေးမှာ ကြီးမားလွန်းလှသည်။

ကျန်းလီသည် ဘောလုံးပုံစံ အဘိုးအိုကို သယ်ဆောင်ကာ ဟင်းလင်းပြင်ကို ဆွဲဖြဲ၍ ထွက်ခွာသွားတော့သည်။

"ပိုင်ဟုန်ထူ... ထွက်ခဲ့စမ်း။ ဒီဟာကို ဖြေလို့ရမလား ကြည့်ပေးဦး။" ကျန်းလီသည် တာအိုဂိုဏ်းသို့ ပျံသန်းသွားပြီး ကျင့်ကြံနေသော ပိုင်ဟုန်ထူကို ခေါ်ထုတ်လိုက်သည်။ ချန်ချွန်းရှန်းဝမ်နှင့် ယင်ယန်ကောင်းကင်စည်းတံဆိပ်တို့လည်း ကျန်းလီ၏အသံကို ကြားလိုက်သဖြင့် တစ်ခုခုဖြစ်ပြီမှန်း သိကာ အနားသို့ ရောက်လာကြသည်။

"ဘာကို ဖြေရမှာလဲ၊ အချုပ်အနှောင်ကို ဖြေရမှာလား။ ဖြေလိုက်ရင် သူက ပေါက်ကွဲသွားမှာပေါ့။" ပိုင်ဟုန်ထူမှာ ဘာမှနားမလည်ဘဲ ဖြစ်နေသည်။ ရုတ်တရက်ကြီး ခေါ်ထုတ်ပြီး ဘာလုပ်ခိုင်းနေမှန်း သူ မသိပေ။

"... မင်းက ကျိန်စာကို မသိဘူးလား။"

"မသိဘူးလေ။" ပိုင်ဟုန်ထူက တည်တည်ငြိမ်ငြိမ်ပင် ဖြေလိုက်သည်။ "ကျိန်စာအကြောင်း ဖတ်ဖူးရုံနဲ့ ဒါဟာ ကျိန်စာလို့ ဘယ်လိုလုပ် အတည်ပြုနိုင်မှာလဲ။ အဲ့ဒါကိုမှ သတိထားတယ်လို့ ခေါ်တာကွ။"

"ဒါက တကယ်ကို ကျိန်စာပဲ။ ပြီးတော့ သတ်မှတ်ချက် အရမ်းတင်းကျပ်တဲ့ အာရုံခြောက်ပါး ပိတ်လှောင်ကျိန်စာ။ ကျိုကျိုးမှာ ကျိန်စာအတတ်က ပျောက်ကွယ်သွားတာ ကြာပြီကို၊ မင်း ဒီလူကို ဘယ်ကနေ ရှာတွေ့ခဲ့တာလဲ။" အသိပညာ ကြွယ်ဝသော ချန်ချွန်းရှန်းဝမ်က အဘိုးအို ခံထားရသော ကျိန်စာကို ချက်ချင်း မှတ်မိသွားသည်။

"ဖြေလို့ ရမလား။"

ချန်ချွန်းရှန်းဝမ် ခေါင်းခါလိုက်သည်။ "သာမန် ကျိန်စာတွေဆိုရင်တော့ ငါ ဖြေပေးလို့ရတယ်။ ဒါပေမဲ့ အာရုံခြောက်ပါး ပိတ်လှောင်ကျိန်စာရဲ့ သတ်မှတ်ချက်က အရမ်း တင်းကျပ်လွန်းလို့၊ ကျိန်စာတိုက်ခဲ့တဲ့သူကလွဲရင် ဘယ်သူမှ ဖြေလို့မရဘူး။"

"ကျိန်စာတိုက်ဖို့ ဘယ်လို သတ်မှတ်ချက်တွေ လိုအပ်တာလဲ။"

"ပထမအချက်က - တစ်ဖက်လူဟာ အခြေအနေကို အပြည့်အဝ သိရှိပြီး မိမိသဘောဆန္ဒအရ လုံးဝ သဘောတူညီရမယ်။ အသက်အန္တရာယ်၊ မိသားစု အန္တရာယ်နဲ့ ခြိမ်းခြောက်လို့မရသလို၊ ရတနာတွေ၊ ပိုက်ဆံတွေနဲ့ မြှူဆွယ်လို့လည်း မရဘူး။ ဒုတိယအချက်က - ကျိန်စာတိုက်မယ့်သူဟာ အတိုက်ခံရမယ့်သူထက် ကျင့်ကြံမှု အဆင့်တစ်ဆင့်အပြည့် သာလွန်နေရမယ်။"

"ကိုယ့်သဘောဆန္ဒအရ ကျိန်စာတိုက်ခံမယ့် ဒီလို ငတုံးမျိုးကို မင်း ဘယ်က သွားရှာလာတာလဲ။" ပိုင်ဟုန်ထူက စိတ်ဝင်တစား မေးလိုက်သည်။

ကျန်းလီ မဖြေပေ။ ဤကိစ္စကို သိသူ နည်းလေ ပိုကောင်းလေ ဖြစ်သည်။ "တံဆိပ်... မင်း ကြည့်စမ်း၊ ဒီလူက ဘယ်သူတွေနဲ့ ကံတရားပတ်သက်မှု ရှိဖူးလဲဆိုတာ။"

"... ဒီလူရဲ့ ကံတရားကို တစ်ခုခုက ဖုံးကွယ်ထားလို့ သေသေချာချာ မမြင်ရဘူး။ အကြမ်းဖျင်းပဲ မြင်ရတယ်။ ဒီလူက ထျန်းယွမ်အင်ပါယာကနေ တစ်ခါမှ ထွက်မသွားဖူးဘူး ဆိုတာလောက်ပဲ သိရတယ်၊ အတိအကျတော့ မသိရဘူး။" ယင်ယန်ကောင်းကင်စည်းတံဆိပ်မှာ အလွန် စိတ်ပျက်သွားရသည်။ ၎င်း အသိဉာဏ် ပွင့်လာပြီးကတည်းက ကံတရားစွမ်းအားကို အသုံးပြု၍ အောင်မြင်ခဲ့သည်မှာ ဆရာကြီးကို ရှာဖွေတွေ့ရှိခဲ့ခြင်း တစ်ခုသာရှိသည်။ ၎င်းမှာလည်း ရုပ်အလောင်းသာ ဖြစ်နေခဲ့သည်။

တံဆိပ်ရေ... မင်း ကြိုးစားမှ ရတော့မယ်။ သေသေချာချာ မကျင့်ကြံရင် တစ်နေ့နေ့ ကျန်းလီက မင်းကို မီးဖိုထဲ ပြန်ပစ်ထည့်လိုက်မှာ သေချာတယ်။

ယင်ယန်ကောင်းကင်စည်းတံဆိပ်သည် စိတ်ထဲမှ ဆုံးဖြတ်ချက်ချလိုက်တော့သည်။ ပထမဆုံးအနေဖြင့် ရတနာများ ကျင့်ကြံနိုင်မည့် နည်းလမ်းတစ်ခုကို ဖန်တီးရမည်။ ၎င်းသည် အသိဉာဏ် မပွင့်ခင်ကတည်းက မိမိကိုယ်ကိုယ် ပြန်လည်သန့်စင်နိုင်ခဲ့သဖြင့် ဤကိစ္စနှင့် ပတ်သက်၍ အတွေ့အကြုံ အနည်းငယ် ရှိထားသည်။

ကျန်းလီသည် ကုသိုလ်တော်စွမ်းအားက ကံတရားကို ဖုံးကွယ်ထားခြင်းဖြစ်မှန်း သိလိုက်သည်။ ထိုသို့ ဖုံးကွယ်ထားသည့်တိုင် ယင်ယန်ကောင်းကင်စည်းတံဆိပ်က အကြမ်းဖျင်း မြင်နေရသေးသဖြင့်၊ ၎င်း၏ ကံတရားကို ထိန်းချုပ်နိုင်စွမ်းမှာ အတော်လေး ကောင်းမွန်နေသေးကြောင်း တွေ့ရသည်။

"ထျန်းယွမ်အင်ပါယာလား... ကောင်းပြီ။" ကျန်းလီသည် ဘာမှ ထပ်မပြောတော့ဘဲ အဝေးသို့ ပျံသန်းသွားကာ၊ အဘိုးအို၏ အချုပ်အနှောင်ကို ဖြေပေးပြီး ပေါက်ကွဲစေလိုက်သည်။

တာအိုဂိုဏ်းကိုတော့ သွေးတွေ မပေကျံစေချင်ဘူးလေ။

ထို့နောက် ကျန်းလီသည် မဟာကျိုးအင်ပါယာရှိ ကောင်းကင်လျှို့ဝှက်ချက်မျှော်စင် ဌာနခွဲသို့ ရောက်ရှိလာခဲ့သည်။ အထဲသို့ ဝင်ဝင်ချင်း ဧည့်ခန်းမတွင် ချိတ်ဆွဲထားသော 《လူသားဧကရာဇ်ကျန်း ကောင်းကင်လျှို့ဝှက်ချက်မျှော်စင်သို့ ရောက်ရှိခြင်း》 ပန်းချီကားကို မြင်လိုက်ရသဖြင့် လန့်သွားမိသည်။

ကျန်းလီသည် ကျိုးယုံဖူ၏ ပခုံးကို ပုတ်ကာ တစ်ခုခုကို တာဝန်ပေးနေသကဲ့သို့ ရှိနေပြီး၊ ကျိုးယုံဖူ၏ မျက်နှာမှာလည်း ထိုတာဝန်ကို မဖြစ်မနေ ပြီးမြောက်အောင် လုပ်ဆောင်မည့် အမူအရာမျိုး ဖြစ်နေသည်။

ယုတ္တိအရဆိုလျှင် မဟာယာနအဆင့်၏ မှတ်ဉာဏ်မှာ အလွန်ကောင်းမွန်ပြီး၊ အထူးသဖြင့် မကြာသေးမီက ဖြစ်ပျက်ခဲ့သော ကိစ္စရပ်များကို ပို၍ မှတ်မိနေသင့်သည်။ သို့သော် ကျန်းလီသည် မိမိ၏ မှတ်ဉာဏ်ကိုပင် သံသယ ဝင်လာမိသည်။

ကျိုးယုံဖူသည် လူသားဧကရာဇ် ရောက်လာကြောင်း ကြားသည်နှင့် အောက်ထပ်သို့ အပြေးဆင်းလာခဲ့သည်။ သူ၏ အဆီများ တုန်ခါနေပုံမှာ ဝက်မကြီးတစ်ကောင် လှေကားပေါ်မှ ပြေးဆင်းလာသည်နှင့် တူနေသည်။

ယခုတစ်ကြိမ်တွင် ကျန်းလီသည် ကျိုးယုံဖူကို စိတ်ကူးယဉ်ခွင့် မပေးတော့ဘဲ လျှို့ဝှက်ခန်းတစ်ခုအတွင်းသို့ တိုက်ရိုက် ဆွဲခေါ်သွားခဲ့သည်။ "ငါ လာတာ ကောင်းကင်လျှို့ဝှက်ချက်မျှော်စင်ကို စစ်ဆေးဖို့ မဟုတ်ဘူး။ ငါ 'နတ်ဘုရားသိုက်ဂိုဏ်း' နဲ့ ပတ်သက်တဲ့ အချက်အလက် အကုန်လုံးကို ဝယ်ချင်လို့။"

"နတ်ဘုရားသိုက်ဂိုဏ်း?" ကျိုးယုံဖူ၏ မျက်နှာမှာ အခက်တွေ့သွားသည်။ ရောက်ရောက်ချင်း ကောင်းကင်လျှို့ဝှက်ချက်မျှော်စင်တောင် သိပ်မသိတဲ့ နတ်ဘုရားသိုက်ဂိုဏ်းအကြောင်း မေးနေပြီးတော့၊ လာစစ်ဆေးတာ မဟုတ်ဘူးလို့ ပြောနေသေးတယ်။

ကျိုးယုံဖူသည် နတ်ဘုရားသိုက်ဂိုဏ်းနှင့် ပတ်သက်သော အချက်အလက်များကို အမြန်ဆုံး စုစည်းကာ ကျန်းလီထံ ပေးအပ်လိုက်သည်။

"ဒီလောက်ပဲလား။" ကျန်းလီသည် ကျောက်စိမ်းပြားထဲရှိ အချက်အလက်များကို တစ်ချက်ကြည့်လိုက်ရာ သနားစရာကောင်းလောက်အောင် နည်းပါးနေသည်။

"ဒီလောက်ပါပဲ။" ကျိုးယုံဖူက ရိုးရိုးသားသားပင် ပြန်ဖြေသည်။ "ရုတ်တရက်ကြီး ပေါ်လာတဲ့ ဒီဂိုဏ်းအကြောင်းကို ကျွန်တော်တို့ ကောင်းကင်လျှို့ဝှက်ချက်မျှော်စင်လည်း သိပ်မသိပါဘူး။"

"အစတုန်းက ဒီဂိုဏ်းအကြောင်း သိလိုက်ရတော့ တပည့်တချို့ကို စုံစမ်းဖို့ လွှတ်လိုက်သေးတယ်။ ဒါပေမဲ့ ရလဒ်ကတော့ အဲ့ဒီတပည့်တွေ အကုန်လုံး နတ်ဘုရားသိုက်ဂိုဏ်းထဲ ရောက်သွားပြီး သူတို့ရဲ့ သစ္စာအရှိဆုံး ဘာသာဝင်တွေ ဖြစ်သွားကြတာပဲ။ အဲ့ဒီအချိန်ကစပြီး နတ်ဘုရားသိုက်ဂိုဏ်းက ကျွန်တော်တို့ သူတို့ကို စုံစမ်းနေမှန်း သိသွားလို့ နေရာတိုင်းမှာ သတိထားနေကြတော့တာ။"

"တပည့်တွေ သစ္စာဖောက်သွားတာတောင်မှ၊ ဂုဏ်သိက္ခာကို ပြန်ဆယ်ဖို့ နတ်ဘုရားသိုက်ဂိုဏ်းကို အသေအချာ စုံစမ်းဖို့ မစဉ်းစားမိဘူးလား။"

"လူသားဧကရာဇ်ကလည်း နောက်နေပြန်ပါပြီ။ ကျွန်တော်တို့က ကုန်သည်တွေလေ။ တပည့် နည်းနည်းပါးပါး ဆိုင်တစ်ဆိုင်ကနေ နောက်ဆိုင်တစ်ဆိုင်ကို ပြောင်းသွားတာပဲ၊ သစ္စာဖောက်တယ်လို့ ဘယ်ခေါ်လို့ ရမလဲ။ ပြီးတော့... ဝိညာဉ်ကျောက်တုံး လာပေးမယ့် ဖောက်သည်မှမရှိတာ၊ ကျွန်တော်တို့က ဘာဖြစ်လို့ အပင်ပန်းခံပြီး နတ်ဘုရားသိုက်ဂိုဏ်းကို သွားစုံစမ်းနေရမှာလဲ။"

***

All Chapters