အခန်း (၇၅-၇၆)
Vol. 8 Ch. 75-76
အခန်း ၇၅ - ဂိုဏ်းသို့ ပြန်ရောက်ခြင်း
"ငါ ပြန်ရောက်လာပြီ... အရာအားလုံးက ပြန်ရောက်လာပြီ..."
အိုးယန်က ချင်းယွင်ဂိုဏ်းရှိရာဘက်သို့ ကြည့်လိုက်လေ၏။ ဂိုဏ်းမှ ရက်အနည်းငယ်ကြာ ထွက်ခွာသွားပြီးနောက် သူ၏ စိတ်နှလုံးထဲတွင် လှိုင်းဂယက်လေးတစ်ခုကို ခံစားနေရဆဲ ဖြစ်ပေသည်။
သူ ချင်းယွင်ဂိုဏ်းနှင့် ပိုမို နီးကပ်လာလေလေ ကောင်းကင်နှင့်မြေကြီး မူလချီသည် ပိုမို သိပ်သည်းလာလေလေ ဖြစ်၏။
အိုးယန်က အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်ပြီး သူ၏ အမူအယာများ ပြေလျော့သွားကာ ကျေနပ်စွာဖြင့် ပြောဆိုလိုက်လေသည်။
"မဆိုးဘူးပဲ... ဒါက အိမ်ရဲ့ အရသာပဲ..."
သူ၏ နံဘေးတွင် ဓားပျံစီးလာသော လန်ချင်းဆုန့်၏ မျက်နှာပေါ်တွင်လည်း အပြုံးတစ်ခု ရှိနေပေ၏။ ချင်းယွင်ဂိုဏ်းတွင် ဆယ်စုနှစ်တစ်ခုကျော် နေထိုင်ခဲ့ပြီးနောက် သူသည် ထိုနေရာကို သူ၏ အိမ်အဖြစ် သတ်မှတ်ခဲ့သည်မှာ ကြာလှပြီ ဖြစ်လေသည်။
သူမ၏ စက္ကူကြိုးကြာငှက်ကို ညွှန်ကြားနေသော ဟူထူ တစ်ယောက်တည်းသာ တတိယအစ်ကို ချက်ပြုတ်ထားသော ကြက်သားကို စားရန် တောင်ထိပ်ငယ်လေးသို့ အမြန် ပြန်သွားချင်နေပေ၏။ လူ့လောကသည် စည်ကားသော်လည်း သူမသည် ထိုနေရာကို တကယ်ပင် သဘောမကျခဲ့ချေ။
သူတို့ သုံးဦး ဂိုဏ်း၏ နယ်နိမိတ်သို့ ရောက်ရောက်ချင်းမှာပင် ဓားပျံစီးလာသော ပုံရိပ် နှစ်ခုက သူတို့ကို တားဆီးလိုက်လေ၏။
လူငယ်များထဲမှ တစ်ဦးက အိုးယန်နှင့် အခြားနှစ်ဦးကို လက်အုပ်ချီကာ ပြောဆိုလိုက်သည်။
"ဒီနေရာက ချင်းယွင်ဂိုဏ်းရဲ့ နယ်မြေပါ... တာအိုမိတ်ဆွေ... ဘာကိစ္စများ ရှိလို့လဲ မသိဘူး... မင်းက အိုးယန် လား..."
အိုးယန်က လှမ်းကြည့်လိုက်လေ၏။ ယနေ့ တံခါးစောင့်နေသူမှာ အသိဟောင်း တစ်ဦးဖြစ်ပြီး အပြင်စည်းဂိုဏ်း ပြိုင်ပွဲအတွင်း မန်နေဂျာဆွန်းက အနိုင်ရရန် ကူညီပေးခဲ့သော မာရှင်းယဲ့ ပင် ဖြစ်လေသည်။
ဤကမ္ဘာလောကကြီးက တကယ်ပင် သေးငယ်လှပေ၏။ သို့သော် ဤ မာရှင်းယဲ့ မှာ တော်တော်လေး အံ့ဩစရာ ကောင်းလှပေသည်။ ချင်းယွင်ဂိုဏ်း၏ အတွင်းစည်းဂိုဏ်းသို့ ဝင်ရောက်ရန် အားထုတ်မှုများစွာ ပြုလုပ်ပြီးနောက် နောက်ဆုံးတွင် သူသည် ချင်းယွင်ဂိုဏ်း၏ တံခါးများကို စောင့်ကြပ်ရသည့် အလုပ်တစ်ခုကို ရရှိခဲ့လေသည်။
ဆိုရိုးစကား ရှိသည့်အတိုင်း ဆယ်နှစ်ကြာ ကြိုးစားပမ်းစား လေ့လာပြီးနောက် တစ်မနက်ခင်းတွင် လုံခြုံရေး အစောင့် ဖြစ်လာသည် ဆိုသကဲ့သို့ပင်။
သူသည် တကယ်ပင် အလားအလာ ရှိလှပေ၏။ အနှစ်သုံးဆယ် ကြိုးစားရမည့် အချိန်ကို တန်း၍ ကျော်လွှားသွားလေသည်။
မာရှင်းယဲ့၏ နည်းလမ်းများသည် အနည်းငယ် အောက်တန်းကျသော်လည်း အိုးယန်က သူနှင့် အငြင်းပွားမနေလိုချေ။ သူက သူ၏ ခါးမှ တံဆိပ်ပြားကို ထုတ်ယူကာ မာရှင်းယဲ့ကို ပြသလိုက်လေ၏။
မာရှင်းယဲ့က လက်ကို မြှောက်ကာ အိုးယန်ကို ဦးညွတ်လိုက်ပြီး ပြောဆိုလိုက်သည်။
"စီနီယာအစ်ကို... ကျေးဇူးပြုပြီး ဝင်ပါ..."
သူ၏ ဦးညွတ်မှုက အပြစ်အနာအဆာကင်းပြီး ကြိုဆိုတတ်သော ပရော်ဖက်ရှင်နယ် ဆန်မှုများဖြင့် ပြည့်နှက်နေကာ အလုပ်မဝင်မီ အထူးပြု လေ့ကျင့်မှုများ ရရှိထားကြောင်း ရှင်းလင်းစွာ ပြသနေပေ၏။
အိုးယန်က ခေါင်းညိတ်လိုက်ပြီး သူတို့ သုံးဦးသည် ချင်းယွင်ဂိုဏ်း နယ်မြေထဲသို့ ပျံသန်းဝင်ရောက်သွားကြလေသည်။
မာရှင်းယဲ့က အိုးယန်နှင့် အခြားနှစ်ဦး၏ ဝင်ရောက်သွားသော ပုံရိပ်များကို ကြည့်လိုက်ရာ သူ၏ မျက်လုံးထဲတွင် ဝေခွဲမရဖြစ်မှု အရိပ်အယောင်တစ်ခု လင်းလက်သွားပေ၏။
သူသည် အတွင်းစည်းဂိုဏ်းသို့ ခက်ခက်ခဲခဲ ဝင်ရောက်ခဲ့သော်လည်း ဤနေရာရှိ အရာအားလုံးသည် သူ စိတ်ကူးထားခဲ့သည်နှင့် လုံးဝ ကွဲပြားခြားနားနေလေသည်။
မူလက အပြင်စည်းဂိုဏ်းတွင် သူသည် ကြယ်များအကြားရှိ လမင်း တစ်စင်းကဲ့သို့ ဖြစ်ခဲ့ပေ၏။ အတွင်းစည်းဂိုဏ်းသို့ ရောက်ရှိသွားသည်နှင့် တစ်ပြိုင်နက် အတွင်းစည်းဂိုဏ်းကို လွှမ်းမိုးရန် သူ၏ ထူးခြားပြောင်မြောက်သော ပါရမီနှင့် အစွမ်းထက်သော မန္တန်များကို အားကိုးကာ မုန်တိုင်းတစ်ခုနှင့် ကြုံတွေ့ရချိန်တွင် နဂါးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားမည်ဟု သူ ထင်မှတ်ထားခဲ့လေသည်။ သို့သော် သူသည် အခြား သာမန်လူ တစ်ယောက်သာ ဖြစ်လာကြောင်းကို မာရှင်းယဲ့ တွေ့ရှိခဲ့ရပေ၏။
ချင်းယွင်ဂိုဏ်း အတွင်းစည်းဂိုဏ်းတွင် အရင်းအမြစ်များ ပေါများသဖြင့် ကျင့်ကြံခြင်း အရင်းအမြစ်များအတွက် သူ စိုးရိမ်စရာ မလိုတော့သော်လည်း ဤနေရာရှိ စီနီယာအစ်ကိုများ အားလုံးသည် သူ့ထက် ပို၍ ပါရမီ ပါကြပြီး မန္တန်များကို သူ့ထက် ပိုမြန်အောင် သင်ယူနိုင်ကြလေသည်။
တစ်ချိန်က အပြင်စည်းဂိုဏ်းတွင် ကောင်းကင်ဘုံ၏ မျက်နှာသာပေးခံရသော သားတော် တစ်ဦး ဖြစ်ခဲ့သည့် မာရှင်းယဲ့သည် ချင်းယွင်ဂိုဏ်း အတွင်းစည်းဂိုဏ်းသို့ ရောက်ရှိလာပြီးနောက် သာမန် လမ်းသွားလမ်းလာ တစ်ဦးသာ ဖြစ်လာခဲ့ပေ၏။
အိမ်မှ စာတစ်စောင် ရရှိတိုင်း မာရှင်းယဲ့သည် ချင်းယွင်ဂိုဏ်းက မည်မျှ အံ့ဩဖွယ်ကောင်းကြောင်းကို ဖော်ပြလေ့ရှိပြီး သူ၏ မိဘများက အလွန် ဝမ်းသာကျေနပ်ခဲ့ကြလေသည်။ သို့သော် သူ ပျော်ရွှင်မှု မရှိကြောင်းကို မာရှင်းယဲ့ ကိုယ်တိုင်သာ သိရှိခဲ့ပေ၏။
ဤနေရာရှိ ဖိအားမှာ အလွန် ကြီးမားလွန်းလှသည်။ ထူးချွန်သော လူများ အလွန်များပြားလှပေ၏။ လေထုက ငြိမ်းချမ်းနေပြီး လူတိုင်းက တွေ့ဆုံချိန်တွင် ပြုံးရယ်ကာ စကားစမြည် ပြောဆိုကြပြီး အေးအေးဆေးဆေး အလုပ်မလုပ်ဘဲ နေတတ်သူများကဲ့သို့ ပုံပေါ်သော်လည်း တကယ်တမ်းတွင်မူ သူတို့သည် နောက်ကွယ်၌ မည်သူ့ထက်မဆို ပို၍ ပြိုင်ဆိုင်မှု ပြင်းထန်ကြလေသည်။
သူ အတွင်းစည်းဂိုဏ်းသို့ ဝင်ရောက်ပြီးနောက် အပြင်စည်းဂိုဏ်းမှ မန်နေဂျာဆွန်းကပင် အိုးယန်နှင့် ပဋိပက္ခ မဖြစ်စေရန်နှင့် သူတို့ တွေ့ဆုံချိန်တွင် တတ်နိုင်သမျှ ယဉ်ကျေးပျူငှာစွာ ဆက်ဆံရန် သူ့ကို အထူးတလည် မှာကြားခဲ့ပေ၏။
ရှောင်ဖုန်းသည်လည်း ချင်းယွင်ဂိုဏ်း အတွင်းစည်းဂိုဏ်းသို့ ခေါ်ဆောင်ခံရပြီး အိုးယန်၏ မျိုးဆက်နှင့် တောင်ထိပ်တစ်ခုတည်းတွင် ရှိနေကြောင်းကို သူ ကြားသိခဲ့ရလေသည်။
ရှောင်ဖုန်းသည် သူ့လိုပင် အလွန်အမင်း ဖိအားများကို ခံစားနေရမည်လား ဆိုတာကိုသာ သူ မသိရှိချေ။ မည်သို့ပင်ဆိုစေ ရှောင်ဖုန်းသည် သူ့ကို ကိုယ်တိုင်ကိုယ်ကျ အနိုင်ယူခဲ့သော အမျိုးသား ဖြစ်လေသည်။
ရှောင်ဖုန်း၏ ခွန်အားနှင့် ပတ်သက်၍ မာရှင်းယဲ့က ရှုံးနိမ့်သွားသော ပြိုင်ဘက် တစ်ဦးဖြစ်သည်ဟု ဆိုသော်လည်း သူ၏ စိတ်နှလုံး အနက်ရှိုင်းဆုံးမှ ရှောင်ဖုန်းကို သူ တိတ်တဆိတ် လေးစားမိပေ၏။
အမည်းစက်လေး တစ်စက် ဖြစ်သွားပြီဖြစ်သော အိုးယန်ကို မာရှင်းယဲ့ ကြည့်ကာ တိုးညှင်းစွာ သက်ပြင်းချလိုက်လေသည်။
"ချင်းယွင်ဂိုဏ်းက ကျယ်ပြန့်ပေမယ့် ဒီမှာ နေထိုင်ဖို့က မလွယ်ကူပါဘူး..."
မာရှင်းယဲ့သည် အိုးယန်နှင့် အခြားနှစ်ဦးအတွက် ကြားဖြတ် ဇာတ်လမ်းလေး တစ်ခုသာ ဖြစ်ပေ၏။ တောင်ထိပ်ငယ်လေး သူတို့ရှေ့တွင် ပေါ်လာချိန်၌ သူတို့ သုံးဦးစလုံး တစ်ပြိုင်နက်တည်း ကျယ်လောင်စွာ ရယ်မောလိုက်ကြလေသည်။
ဟူထူသည် သူမ၏ စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်ဘဲ တောင်ထိပ်ငယ်လေးသို့ ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
"ဟေး... ကျွန်မပါ... ထူထူ လေ... ပြန်ရောက်ပြီ..."
"ကျွန်မပါ... ထူထူ လေ... ပြန်ရောက်ပြီ..."
"ငါ ပြန်ရောက်ပြီ..."
....
ဟူထူ၏ အသံက တောင်ထိပ်ငယ်လေး တစ်လျှောက် ပဲ့တင်ထပ်သွားလေ၏။ သူမ၏ အသံ လုံးဝ ပျောက်ကွယ်သွားချိန်အထိ သူတို့ကို နှုတ်ဆက်ရန် တောင်ထိပ်ငယ်လေးမှ မည်သူမျှ ထွက်မလာခဲ့ကြချေ။
ဟူထူက အိုးယန်ဘက်သို့ လှည့်ကာ အနည်းငယ် နာကြည်းစွာဖြင့် မေးမြန်းလိုက်သည်။
"စီနီယာအစ်ကိုကြီး... ကျွန်မတို့ကို လာကြိုဖို့ ဘာလို့ ဘယ်သူမှ မရှိတာလဲ..."
အိုးယန်သည်လည်း အနည်းငယ် ထူးဆန်းနေပေ၏။ ယုတ္တိဗေဒအရ တတိယအစ်ကို၊ ရှောင်ပိုင်နှင့် ဂျူနီယာညီလေး ရှောင်တို့သည် တောင်ပေါ်တွင် ရှိနေဆဲ ဖြစ်လေသည်။ သူတို့ သုံးဦးစလုံး ဖုန်မှုန့်များ ပေကျံလျက် ပြန်ရောက်လာသော်လည်း ကြီးမြတ်သော စီနီယာအစ်ကိုကြီး ဖြစ်သော သူ့ကို လာရောက် နှုတ်ဆက်သူ မရှိဘူးလော။
ထိုအရာက ကြီးမြတ်သော စီနီယာအစ်ကိုကြီး ဖြစ်သော သူ့ကို မျက်နှာ အများကြီး ပျက်စေမည် မဟုတ်ပါလော။
အိုးယန်နှင့် အခြားနှစ်ဦး တောင်ထိပ်ငယ်လေး၏ ထိပ်ရှိ ခြံဝင်းထဲသို့ ဆင်းသက်လိုက်ချိန်တွင် ပုံမှန်အားဖြင့် သစ်ပင်ပေါ်တွင် ရပ်နေတတ်သော ရှောင်ပိုင်သည် လဲလျောင်းနိုင်သော ကုလားထိုင်ပေါ်တွင် လှဲလျောင်းကာ ကောင်းကင်ယံကို စိုက်ကြည့်နေသည်ကို အိုးယန် ချက်ချင်း မြင်တွေ့လိုက်ရလေ၏။
သူတို့ သုံးဦး ခြံဝင်းထဲသို့ ဆင်းသက်ပြီးနောက်၌ပင် ရှောင်ပိုင်သည် သူတို့ကို သတိမထားမိခဲ့ချေ။
ထိုအရာက ထူးဆန်းနေပေ၏။ ယခင်က ပိုင်ယွီသည် အရာအားလုံးကို ထိန်းချုပ်ထားနိုင်သည့်အလား အမြဲတမ်း တည်ငြိမ်ပြီး ယုံကြည်မှု ရှိခဲ့ပေ၏။ ပိုင်ယွီ ဤမျှ စိတ်ဓာတ်ကျပြီး လမ်းပျောက်နေသည်ကို အိုးယန် တစ်ခါမျှ မမြင်ဖူးခဲ့ချေ။
အိုးယန်က ခေါင်းလှည့်ကာ ပိုင်ယွီ၏ အကြည့်ကို လိုက်ကြည့်လိုက်ရာ ပိုင်ယွီသည် ကောင်းကင်ယံရှိ စက်ဝိုင်းပုံစံ ခုံးနေသော အမိုးပါရှိသည့် နန်းတော်ကို ကြည့်နေကြောင်း တွေ့ရှိလိုက်ရလေသည်။
လခွီး... ဤနန်းတော်က ရှောင်ပိုင်နှင့် ကြီးမားသော ဆက်နွှယ်မှု တစ်ခု ရှိနေမည်တော့ မဟုတ်တန်ရာ။
အိုးယန်က ရှေ့သို့ လျှောက်သွားပြီး ပိုင်ယွီ၏ မျက်လုံးရှေ့တွင် သူ၏ လက်ချောင်းကို ဝှေ့ယမ်းပြလိုက်လေ၏။ မည်သည့် တုံ့ပြန်မှုမျှ မတွေ့ရချိန်တွင် သူက ပိုင်ယွီ၏ ပခုံးများကို ဆုပ်ကိုင်ကာ အားပြင်းပြင်း လှုပ်ယမ်းရင်း ပြောဆိုလိုက်သည်။
"ရှောင်ပိုင်... သေးပေါက်ဖို့ ထတော့လေ..."
အိုးယန်၏ လှုပ်ယမ်းမှုကြောင့် နိုးလာသော ပိုင်ယွီက သူ၏ ဗလာကျင်းနေသော မျက်လုံးများကို အိုးယန်ထံသို့ လှည့်ကာ တိုးညှင်းစွာ ပြောဆိုလိုက်၏။
"ဒီတစ်ခေါက် တောင်အောက်ဆင်းတာ မင်းတို့ ဘာလုပ်ဖို့ သွားကြတာလဲ... ကောင်းကင်ယံက အဲ့ဒီ နန်းတော်က မင်းတို့ကြောင့် ဖြစ်လာတာတော့ မဟုတ်ပါဘူးနော်..."
ပိုင်ယွီ၏ စကားများကို ကြားချိန်တွင် အိုးယန်က သဘာဝကျသော အမူအယာဖြင့် ပြောဆိုလိုက်လေသည်။
"သေချာတာပေါ့... မင်းရဲ့ စီနီယာအစ်ကိုက ဘယ်သူလဲဆိုတာကို မင်း မသိဘူးလား... ဒီလောက် ကြီးမားတဲ့ ရုတ်ရုတ်သဲသဲ ဖြစ်မှုက ငါတို့ကြောင့် ဖြစ်ရမှာပေါ့... အဲ့ဒါ မမိုက်ဘူးလား..."
ပိုင်ယွီ၏ အမူအယာမှာ ရုတ်တရက် ကြမ်းတမ်းလာပြီး သူ၏ ပုံမှန် တည်ငြိမ်ပြီး နူးညံ့သိမ်မွေ့သော အမူအကျင့်များကို လုံးဝ ဆုံးရှုံးသွားလေ၏။ သူက ဝေခွဲမရဖြစ်နေသော အိုးယန်အပေါ်သို့ ဆာလောင်နေသည့် ကျားတစ်ကောင်ကဲ့သို့ ခုန်အုပ်လိုက်ပေသည်။
ပိုင်ယွီ၏ ရုတ်တရက် ပေါက်ကွဲမှုက ဟူထူကို လန့်ဖြန့်သွားစေခဲ့လေ၏。 ပုံမှန်အားဖြင့် ချောမောပြီး နူးညံ့သိမ်မွေ့သော စီနီယာအစ်ကို ပိုင်သည် အဘယ်ကြောင့် ရုတ်တရက် အခြားလူ တစ်ယောက်လို ဖြစ်သွားရသနည်း။
"ဝါး... ဝါး... ဝါး... လူချော... စီနီယာအစ်ကို ပြောင်းလဲသွားပြီ..."
ဟူထူသည် ပွဲကြည့်ရန် ပြေးလာသော တိဗက်မြေခွေးကို ကောက်ချီကာ မျက်ရည်များ ပေါက်ကွဲထွက်လာပြီး စီနီယာအစ်ကို ပိုင်၏ ရုတ်တရက် စိတ်နေစိတ်ထား ပြောင်းလဲသွားခြင်းမှာ သူမ ထွက်ခွာသွားသောကြောင့် ဖြစ်သည်ဟု ဝမ်းနည်းစွာ ယုံကြည်လိုက်လေ၏။ အကြောင်းမှာ သူက သူမကို မမြင်နိုင်သောကြောင့် ဖြစ်ပေသည်။
တစ်ချိန်တည်းမှာပင် လန်ချင်းဆုန့်သည် ပိုင်ယွီနှင့် အိုးယန်တို့အကြား နောက်ပြောင်သော ရန်ဖြစ်မှုများကို အသားကျနေပုံရလေ၏။ အခြေတည်စဝိညာဉ်ကို ယခုလေးတင် အောင်မြင်စွာ ဖွဲ့စည်းနိုင်ခဲ့သော သူ့အတွက် သူ၏ နယ်ပယ်ကို တည်ငြိမ်အောင် လုပ်ဆောင်ခြင်းက လောလောဆယ် အရေးအကြီးဆုံး ဖြစ်ပေသည်။
ထို့ကြောင့် လန်ချင်းဆုန့်သည် သူ၏ ကျင့်ကြံမှုကို စတင် တည်ငြိမ်စေရန် သူ၏ အခန်းထဲသို့ တိုက်ရိုက် ပြန်သွားလေတော့၏။
ခဏတာမျှ တောင်ထိပ်ငယ်လေးသည် ၎င်း၏ ပုံမှန် ဖရိုဖရဲ အခြေအနေသို့ ပြန်လည်ရောက်ရှိသွားပေသည်။
ပိုင်ယွီက အိုးယန်၏ လည်ပင်းကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ အရူးအမူး လှုပ်ယမ်းလိုက်လေ၏။
"မင်းတို့ တောင်အောက်ဆင်းသွားတာ ဘယ်လောက်တောင် ကြာပြီလဲ... ဘာလို့ တစ်ယောက်ယောက်ရဲ့ ဘိုးဘေး သင်္ချိုင်းကိုတောင် တူးဖော်ခဲ့ရတာလဲ... မင်းတို့ ရူးနေကြပြီလား..."
"ဟမ်..."
ပိုင်ယွီ၏ အရူးအမူး လှုပ်ယမ်းခြင်းကို ခံနေရသော အိုးယန်သည် ခဏမျှ တုံ့ပြန်နိုင်စွမ်း မရှိခဲ့ချေ။ ထို့နောက် ပိုင်ယွီ၏ ဖုံးကွယ်ထားသော သရုပ်မှန်မှာ ရှေးဟောင်း ဓားအင်မော်တယ် တစ်ပါး ဖြစ်ကြောင်းကို သူ ရုတ်တရက် သတိရသွားလေ၏။
ပြီးတော့ သူ၏ အဘိုးကြီး ပြောစကားအရ ဤ အင်မော်တယ် လျှို့ဝှက်နယ်မြေသည် ဓားတာအိုကို အထူးပြုသော လန်ချင်းဆုန့်အတွက်လည်း အလွန် သင့်တော်ပေသည်။
ရူးသွပ်နေပုံရသော ပိုင်ယွီကို ကြည့်ရင်း အိုးယန်၏ စိတ်ထဲတွင် အတွေးတစ်ခု ရုတ်တရက် ပေါ်လာလေ၏။
"ကောင်းကင်ဘုံရေ... ကောင်းကင်ယံက နန်းတော်က ဒုတိယညီလေး တူးဖော်လိုက်သည့် ယခင်ဘဝက ရှောင်ပိုင်၏ သင်္ချိုင်းများ ဖြစ်နေမည်လော..."
အခန်း ၇၆ - လူချောလို့ အခေါ်ခံရတာကို ဘယ်သူက ငြင်းဆန်နိုင်မှာလဲ
မျက်လုံးများ သွေးရဲနေသော ပိုင်ယွီကို ကြည့်ရင်း အိုးယန်က ဒုတိယညီလေးဆီသို့ အပြစ်လွှဲချရန် ပြင်လိုက်သော်လည်း ဒုတိယညီလေးသည် သူ၏ နယ်ပယ်ကို တည်ငြိမ်စေရန် သူ၏ အခန်းထဲသို့ ပြန်သွားခဲ့ပြီ ဖြစ်လေ၏။
မည်သို့ လုပ်ရမည်နည်း။
သူ၏ ဒုတိယညီလေးသည် ခိုင်လုံသော အကြောင်းပြချက် မရှိဘဲ ယခင်ဘဝက သူ၏ စတုတ္ထညီလေး၏ သင်္ချိုင်းကို တူးဖော်ခဲ့ခြင်း ဖြစ်ပေသည်။
အိုးယန်သည် သူ၏ ခေါင်းမှာ ကြီးထွားလာသည်ကို ချက်ချင်း ခံစားလိုက်ရပြီး တံတွေးမျိုချကာ ခြောက်ကပ်ကပ် ရယ်မောရင်း ပြောဆိုလိုက်လေ၏။
"ရှောင်ပိုင်... မင်း ဘာလို့ ဒီလောက်တောင် စိတ်လှုပ်ရှားနေတာလဲ... ကောင်းကင်ယံက နန်းတော်က မင်းရဲ့ ဘိုးဘေး များ ဖြစ်နေလို့လား..."
အိုးယန်၏ စကားကို ကြားချိန်တွင် ရက်အနည်းငယ်ကြာ ဒေါသထွက်နေခဲ့သော ပိုင်ယွီမှာ ကြောင်အသွားလေ၏။ သူ၏ ပြန်လည်ဝင်စားခြင်းသည် သူ၏ အကြီးမားဆုံး လျှို့ဝှက်ချက်ဖြစ်ရာ ပိုင်ယွီက မည်သို့ ထုတ်ဖော်နိုင်မည်နည်း။
ပိုင်ယွီက အိုးယန်၏ လည်ပင်းကို လွှတ်ပေးလိုက်ပြီး ချောင်းဟန့်ကာ ဖြောင့်မတ်သော ဒေါသများဖြင့် ဟန်ဆောင်ရင်း ပြောဆိုလိုက်သည်။
"ဒီ ကောင်းကင်ယံက နန်းတော်က ရှေးဟောင်း ဓားအင်မော်တယ် တစ်ပါးရဲ့ အနားယူရာ နေရာဖြစ်ကြောင်းကို ရှင်းလင်းစွာ ပြသနေတယ်လေ... ဓားကျင့်ကြံသူ တစ်ယောက်အနေနဲ့ စီနီယာ တစ်ယောက်ရဲ့ အနားယူခြင်းကို နှောင့်ယှက်ခံရတဲ့အခါ ဘာမှမလုပ်ဘဲ ငါက ဘယ်လိုလုပ် ရပ်ကြည့်နေနိုင်မှာလဲ..."
အရှက်မရှိသော ပိုင်ယွီကို ကြည့်ရင်း အိုးယန်က သူ၏ စိတ်ထဲတွင် မျက်လုံးလှန်ပြလိုက်လေ၏။ ပိုင်ယွီ၏ စိတ်နေသဘောထားကို သူ အလွန် ကောင်းစွာ သိရှိပေသည်။
ပိုင်ယွီသည် ဘယ်အချိန်ကများ ဤမျှလောက် ဝင်ပါတတ်သွားသနည်း။
မနက်ဖြန် ချင်းယွင်ဂိုဏ်း၏ တောင်တံခါး ကျိုးပေါက်သွားလျှင်ပင် သူ့လို ကောင်ဆိုးလေးက သစ်ပင်ပေါ် ရပ်ပြီး ပွဲကြည့်နေဦးမည်မှာ သေချာလှပေ၏။
ဖြောင့်မတ်သော ဒေါသများ ဟုတ်လော။
သူ၏ သင်္ချိုင်းက တူးဖော်ခံရတော့မည်မို့ မဟုတ်ပါလော။
လန့်သွားပြီလော။
အိုးယန်က သူ၏ စိတ်ထဲတွင် ဤသို့ တွေးလိုက်သော်လည်း သူ စကားပြောချိန်တွင် လေးနက်စွာ ပြောဆိုလိုက်လေ၏။
"စီနီယာ တစ်ယောက် ချန်ထားရစ်ခဲ့တဲ့အရာက ကံကြမ္မာ ဆက်စပ်မှု ရှိတဲ့သူတွေ အတွက်လေ... ဒုတိယညီလေး က ဒီ သင်္ချိုင်းကို ဖွင့်နိုင်တယ်ဆိုတာက စီနီယာက သူ့ကို အသိအမှတ်ပြုတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ..."
အိုးယန်၏ စကားများသည် အလွန် ယုတ္တိရှိပြီး ဒုတိယညီလေးကို ထိုကြီးမြတ်သော ဓားကျင့်ကြံသူ၏ ဆက်ခံသူအဖြစ် လုံးလုံးလျားလျား ပုံဖော်ပေးလိုက်လေ၏။
အိုးယန်၏ စကားများကို ပိုင်ယွီ နားထောင်နေစဉ် သူ၏ နဖူးပေါ်ရှိ သွေးကြောများ ထောင်ထလာပြီး သူ၏ စိတ်နှလုံးထဲတွင် ဒေါသတကြီး ဟောက်လိုက်ပေသည်။
"ထိုခေါင်းမာသော နွားသိုးကို ငါက ဘယ်အချိန်က အသိအမှတ်ပြုလိုက်သနည်း... အဘယ်ကြောင့် ငါ မသိရသနည်း..."
ရုတ်တရက် ပိုင်ယွီ အေးခဲသွားလေ၏။ လန်ချင်းဆုန့် ကျင့်ကြံနေသော ဓားတာအိုသည် သူ၏ ယခင်ဘဝက လမ်းဟောင်းအတိုင်း လိုက်နေပုံရကြောင်းကို သူ ရုတ်တရက် သတိရသွားပေသည်။
သူ၏ ယခင်ဘဝတွင် သူသည် ဓားကို သူ၏ တာအိုအဖြစ် ယူကာ အရာအားလုံးကို ခုတ်ပိုင်းရန် သူ၏ ဓားကို အသုံးပြုခဲ့လေ၏။
သို့သော် ဤလမ်းကြောင်းသည် လမ်းပိတ် တစ်ခု ဖြစ်ပေသည်။
မဟုတ်ပါက သူ၏ ယခင်ဘဝတွင် သူ သေဆုံးခဲ့မည် မဟုတ်ချေ။
ပိုင်ယွီ၏ မျက်နှာသည် ချက်ချင်း မည်းမှောင်သွားလေ၏။ လန်ချင်းဆုန့် ရွေးချယ်ခဲ့သော လမ်းကြောင်းသည် သူ လျှောက်လှမ်းခဲ့ပြီးသော လမ်းကြောင်းတစ်ခု ဖြစ်ပေသည်။ လန်ချင်းဆုန့် သူ၏ အမှားများကို ထပ်မံ ကျူးလွန်နေသည်ကို သူ ရပ်ကြည့်မနေနိုင်ချေ။
သူတို့သည် ဆယ်နှစ်နီးပါး အတူတကွ ရှိနေခဲ့ကြပြီး သူ၏ ယခင်ဘဝတွင် သူသည် သူ၏ ဓားနှင့်သာ အမြဲတမ်း အဖော်ပြုကာ အထီးကျန်သော ပုံရိပ်တစ်ခု ဖြစ်ခဲ့လေ၏။ ဤဘဝတွင် သူသည် ဤလူများနှင့် ဆွေမျိုးပေါက်ဖော်ကဲ့သို့ ခံစားချက်ကို ရရှိခဲ့ပေသည်။
လန်ချင်းဆုန့်က သူ၏ ကိုယ်ပိုင် ပျက်စီးမှုကို ယူဆောင်လာသည်ကို ပိုင်ယွီ ရပ်ကြည့်မနေနိုင်ချေ။
ဤအချက်ကို တွေးမိချိန်တွင် ပိုင်ယွီက လှည့်ကာ လန်ချင်းဆုန့်၏ အခန်းဆီသို့ လျှောက်သွားလိုက်သော်လည်း ခြေလှမ်း နှစ်လှမ်း အကွာတွင် သူက နောက်သို့ ပြန်လှည့်လာပြီး အိုးယန်ကို ကြည့်ကာ အနည်းငယ် လေးနက်သော အမူအယာဖြင့် ပြောဆိုလိုက်လေ၏။
"ဒုတိယ စီနီယာအစ်ကို က ဒီ အင်မော်တယ် လျှို့ဝှက်နယ်မြေကို သွားလို့ မရဘူး..."
"…."
အိုးယန်က လေးနက်နေသော ပိုင်ယွီကို ကြည့်လိုက်ပြီး ပိုင်ယွီ ဘာကို ဆိုလိုသနည်းကို ချက်ချင်း နားမလည်ခဲ့သော်လည်း ပိုင်ယွီ၏ မျက်နှာပေါ်ရှိ ယခင်က မကြုံဖူးသော ဆုံးဖြတ်ချက်ကို မြင်တွေ့ရချိန်တွင် အိုးယန်သည် ခဏမျှ ဝေခွဲမရ ဖြစ်သွားလေ၏။
အိုးယန်က တိုးညှင်းစွာ ပြောဆိုလိုက်သည်။
"ဒါက အဘိုးကြီးရဲ့ အစီအစဉ်လေ... ဒီတစ်ကြိမ် တောင်အောက်ဆင်းတာကလည်း အဘိုးကြီးရဲ့ အစီအစဉ်ပဲ..."
"ဆရာ..."
ပိုင်ယွီ၏ အမူအယာမှာ မသေချာမရေရာ ဖြစ်သွားပေ၏။ သူတို့၏ ဆရာ ဟူယွမ် အကြောင်း အိုးယန် ပြောသည်ကို ကြားချိန်တွင် ပိုင်ယွီလည်း ဝေခွဲမရ ဖြစ်သွားလေသည်။
ဟူယွမ် အကြောင်း အိုးယန် ပြောသည်ကို ကြားချိန်တွင် ပိုင်ယွီသည် အရာအားလုံးကို မြင်နိုင်ပုံရသော ထိုမျက်လုံးများကို သူ၏ စိတ်အာရုံထဲတွင် မြင်တွေ့လိုက်ရပေ၏။
ထိုမျက်လုံးများက သူ့ကို ကြည့်လိုက်ချိန်တွင် သူ၏ လျှို့ဝှက်ချက်များ အားလုံးကို လုံးလုံးလျားလျား မြင်တွေ့သွားသကဲ့သို့ ဖြစ်နေလေသည်။
သူ၏ ပြန်လည်ဝင်စားခြင်း ပြီးနောက် မည်သည့် ဂိုဏ်းကိုမဆို ဝင်ရောက်ရန် ပိုင်ယွီ ဂရုမစိုက်ခဲ့ချေ။ သူ၏ ယခင်ဘဝမှ အတွေ့အကြုံများအပေါ် အခြေခံ၍ သူသည် မရေမတွက်နိုင်သော ရှေးဟောင်း လျှို့ဝှက် လက်စွဲစာအုပ်များ ရှိပြီး ကျင့်ကြံခြင်း နည်းလမ်းများလည်း မလိုအပ်ခဲ့ချေ။
သို့သော် ထိုမျက်လုံးများ၏ စိုက်ကြည့်ခြင်းကို ခံရချိန်တွင် ပိုင်ယွီသည် ပူးကပ်ခံရသူ တစ်ဦးကဲ့သို့ ခေါင်းညိတ်ခဲ့ဆဲ ဖြစ်လေ၏။
အကယ်၍ ၎င်းမှာ သူ၏ ဆရာ၏ ရည်ရွယ်ချက် ဖြစ်ပါက ပိုင်ယွီသည် တွေးတောခြင်းထဲသို့ ကျဆင်းသွားလေတော့၏။
ပိုင်ယွီ တွေဝေသွားသည်ကို မြင်ချိန်တွင် သူတို့အထဲ၌ သူတို့၏ အဘိုးကြီးကို အလေးစားဆုံးသူမှာ ရှောင်ပိုင် ဖြစ်ကြောင်း အိုးယန် သိလိုက်လေ၏။
ရှေးဟောင်း ဓားအင်မော်တယ် တစ်ပါး၏ ပြန်လည်ဝင်စားခြင်း ဖြစ်သော ရှောင်ပိုင်က သူတို့၏ အဘိုးကြီး စကားကို ဤမျှလောက် နားထောင်လိမ့်မည်ဟု အိုးယန် မမျှော်လင့်ထားခဲ့ချေ။
သူတို့၏ အဘိုးကြီးအပေါ် စနစ်၏ အကဲဖြတ်ချက် ကြောင့်များ ဖြစ်နိုင်မလား...
အဘိုးကြီး၏ အကဲဖြတ်ချက်ကို အိုးယန် ပထမဆုံးအကြိမ် မြင်တွေ့ရချိန်တွင် သူ ကျယ်လောင်စွာ မရယ်မောဘဲ မနေနိုင်ခဲ့ချေ။
"ကျင့်ကြံခြင်း လောကမှာ ငါးဆယ်-ငါးဆယ် ခွဲဝေနိုင်တယ်... ခွေးတစ်ကောင်နဲ့တောင် ငါးဆယ်-ငါးဆယ် ခွဲဝေနိုင်တယ်..."
အကယ်၍ ချင်းယွင်ဂိုဏ်း ဂိုဏ်းချုပ်၏ ဂျူနီယာညီလေး ဟူသော ဂုဏ်ပုဒ်သာ မရှိပါက ဤအဘိုးကြီး ဖြစ်သော သူ၏ ဆရာသည် သိုင်းလောကမှ လူလိမ် တစ်ဦးများ ဖြစ်နေမလားဟု အိုးယန် သံသယဝင်မိမည် ဖြစ်ပေ၏။
အိုးယန်က ဟူထူကို တည်ငြိမ်စွာ အနည်းငယ် ချော့မော့လိုက်ပြီးနောက် မေးမြန်းလိုက်လေသည်။
"တတိယအစ်ကို နဲ့ ဆဋ္ဌမညီလေးကို ဘာလို့ မတွေ့ရတာလဲ..."
တွေးတောခြင်း အနှောင့်အယှက် ခံလိုက်ရသော ပိုင်ယွီက ပေါ့ပေါ့ပါးပါး ပြန်လည်ဖြေကြားလိုက်၏။
"စီနီယာအစ်ကို ချန်က ချင်းယွင် လျှို့ဝှက်ရတနာကို ပုံဖော်ကြည့်ဖို့ ချင်းယွင်တောင်ထိပ် တားမြစ်နယ်မြေကို သွားတယ်... ဂျူနီယာညီလေး ရှောင်က သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို သွေးပူလေ့ကျင့်ဖို့ တားမြစ်နယ်မြေကို သွားတယ်..."
ယခုလေးတင် ငိုခြင်းကို ရပ်တန့်ထားသော ဟူထူသည် နှုတ်ခမ်းဆူကာ ရှည်လျားသော မျက်နှာဖြင့် ငိုယိုလိုက်လေ၏။ တကယ်လို့ တတိယအစ်ကိုသာ ဒီမှာ မရှိရင် သူမအတွက် အရသာရှိတဲ့ ကြက်သားကို ဘယ်သူက ချက်ပေးတော့မှာလဲ...
အနီးအနားတွင် ရပ်နေသော အိုးယန်က လှောင်ပြောင်လိုက်ပြီး ပြောဆိုလိုက်သည်။
"တတိယအစ်ကိုက လျှို့ဝှက်ရတနာကို ပုံဖော်ကြည့်ဖို့ သွားတယ် ဟုတ်လား... သူ့ရဲ့ ခန္ဓာကိုယ်အစစ် သွားတာလား... ငါတော့ မယုံဘူး..."
ထို့နောက် အိုးယန်က အပေါ်သို့ အော်ဟစ်လိုက်လေ၏။
"တတိယအစ်ကို... ငါ ဗိုက်ဆာနေပြီ... ထွက်လာပြီး ဟင်းချက်တော့..."
အိုးယန်၏ အသံ ဆုံးသွားသည်နှင့် တစ်ပြိုင်နက် လွတ်ဟာနေသော မီးဖိုချောင်ထဲမှ မီးခိုးငွေ့များ ထွက်ပေါ်လာပေသည်။ ခါးစည်းပတ် ဝတ်ဆင်ထားသော ချန်ချန်ရှန်းက မီးဖိုချောင်ထဲမှ ချောင်းကြည့်ကာ အိုးယန်ကို ရိုးသားစွာ ပြုံးပြရင်း ပြောဆိုလိုက်လေ၏။
"စီနီယာအစ်ကို ပြန်ရောက်ပြီပဲ... ခဏလေး စောင့်ဦးနော်... ကျွန်တော် ခုလေးတင် ကြက်သားကို ပြုတ်ဖို့ တင်ထားလိုက်တယ်..."
"ချင်းယွင် လျှို့ဝှက်ရတနာကို ပုံဖော်ကြည့်ဖို့ မင်း သွားတာ မဟုတ်ဘူးလား..."
ပိုင်ယွီက ချန်ချန်ရှန်းကို အံ့အားသင့်စွာဖြင့် မေးမြန်းလိုက်လေ၏။
ချန်ချန်ရှန်း တောင်ထိပ်ငယ်လေးပေါ်တွင် ရှိနေသေးသည်ကို သူ အဘယ်ကြောင့် သတိမထားမိခဲ့ရသနည်း။
ရှေးဟောင်း ဓားအင်မော်တယ် တစ်ပါး၏ ပြန်လည်ဝင်စားခြင်း ဖြစ်သော သူသည် ထိုမျှလောက်တောင် အသုံးမကျဖြစ်နေသလော။
တောင်ထိပ်ငယ်လေးပေါ်တွင် သူ အရမ်းကြီး မိုက်မဲနေပုံ မပေါ်စေရန်အတွက် သူ၏ ကျင့်ကြံမှုကို အလျင်အမြန် မြှင့်တင်ပြီး နတ်ဘုရားဝိညာဉ်ကို စောစောစီးစီး ထိတွေ့ရန် လိုအပ်ပုံရလေ၏။
ရှေးဟောင်း ဓားအင်မော်တယ် တစ်ပါး၏ ပြန်လည်ဝင်စားခြင်း ဖြစ်သော ပိုင်ယွီသည် ဖိအားကို ပထမဆုံးအကြိမ် ခံစားလိုက်ရပေသည်။
ပြန်လည်ဝင်စားခြင်း မတိုင်မီက မှတ်ဉာဏ်များ အားလုံးကို ပိုင်ဆိုင်ထားသော သူသည် သူ၏ လက်ရှိ ကျင့်ကြံမှုမှာ တောင်ထိပ်ငယ်လေး တစ်ခုလုံးတွင် အနိမ့်ဆုံး ဖြစ်နေကြောင်းကို တွေ့ရှိခဲ့ရသည်။
ဤသည်က ပိုင်ယွီကို အရေးတကြီး ခံစားမှုတစ်ခု၊ ဖိအား တစ်မျိုးကိုပင် ပေးစွမ်းခဲ့လေ၏။
ဤအချက်ကို တွေးမိချိန်တွင် ပိုင်ယွီက အေးစက်စွာ နှာမှုတ်လိုက်ပြီး သူ၏ အခန်းထဲသို့ ပြန်ဝင်သွားလေတော့သည်။
ယှဉ်ပြိုင်မည်လော…
သူ၏ ယခင်ဘဝက ဓားအင်မော်တယ် တစ်ပါးအနေဖြင့် ကျင့်ကြံခြင်း လောက တစ်ခုလုံးကို သေဆုံးသွားသည်အထိ သူက အနိုင်ယူခဲ့လေသည်။
အိုးယန်နှင့် ဟူထူတို့သည် မီးဖိုချောင်ထဲသို့ ဝင်သွားကြလေ၏။
အိုးထဲရှိ ကြက်ကင် ပြုတ်ကို မြင်ချိန်တွင် ဟူထူ၏ မျက်လုံးများ လင်းလက်သွားပေသည်။ လူသား အစားအစာများ အများကြီး ရှိသော်လည်း အရသာကတော့ အမြဲတမ်း အနည်းငယ် လိုအပ်နေဆဲ ဖြစ်လေ၏။
သေမျိုး ပါဝင်ပစ္စည်းများက ကောင်းကင်နှင့်မြေကြီး မူလချီဖြင့် ကျွေးမွေးထားသော ဝိညာဉ်သားရဲများနှင့် ဝိညာဉ်အပင်များလောက် အရသာရှိနိုင်မည်မဟုတ်ပေ။
သံအိုးထဲမှ ထွက်ပေါ်လာသော ရနံ့ကို ဟူထူက နှာခေါင်းဖြင့် ရှူရှိုက်လိုက်ရာ သူမ၏ ပါးစပ်ထောင့်မှ သွားရည်များ ကျဆင်းလာပြီး သူမ၏ ရင်ခွင်ထဲရှိ တိဗက်မြေခွေး၏ ခေါင်းပေါ်မှ အမွေးများကို စိုရွှဲသွားစေခဲ့လေ၏။
တိဗက်မြေခွေး ဟူယန်သည် လူ့လောကမှ ပြန်ရောက်လာပြီးကတည်းက သူ၏ မျိုးနွယ်စုဝင် မည်သည့် တိုးတက်မှုမျိုး ရရှိခဲ့သနည်းဆိုတာကိုသာ မူလက ကြည့်ရှုချင်ခဲ့ခြင်း ဖြစ်ပေသည်။
ဟူထူကို သူ မြင်တွေ့လိုက်ရသည့် အခိုက်အတန့်မှစ၍ သူ၏ ခေါင်းပေါ်ရှိ အမွေးများ သွားရည်များဖြင့် စိုရွှဲသွားသည့် အချိန်အထိပင်။
သူ၏ မျိုးနွယ်စုဝင်သည် မည်သည့် တိုးတက်မှုမျှ မရရှိခဲ့ကြောင်းကို ဟူယန် သဘောပေါက်သွားလေ၏။
သူ မရှိလျှင် အမြီးကိုးချောင်း ကောင်းကင်ဘုံ မြေခွေး ဆိုသည်ကို ထားလိုက်ပါဦး၊ ဤကလေးမလေး အမြီးငါးချောင်းသို့ တက်လှမ်းနိုင်လျှင်ပင် ကံကောင်းနေပြီဟု ထင်ရလေ၏။ ဤမျှ ကောင်းသော ပါရမီကတော့ နှမြောစရာပင်။
တိဗက်မြေခွေး၏ စတုရန်းပုံ မျက်နှာပေါ်တွင် မည်သည့် အမူအယာမျှ မရှိသော်လည်း သူ၏ စိတ်နှလုံးထဲတွင် အစီအစဉ် တစ်ခုကို သူ စတင် ရေးဆွဲနေပြီ ဖြစ်၏။
ချင်းချိုးတောင်ကို ပြန်လည်အသက်သွင်းရန် ဟူယန်တွင် စိတ်ဝင်စားမှု မရှိသော်လည်း သူ၏ မျိုးနွယ်စုဝင်ကို သူ တကယ်ပင် သဘောကျမိပေသည်။
မည်သို့ပင်ဆိုစေ တစ်နေ့လုံး သူ့ကို အချောဟု အမြဲခေါ်နေသော မြေခွေး တစ်ကောင်ကို မည်သူက သဘောမကျဘဲ နေမည်နည်း။ သို့တည်းမဟုတ်... အကြွေးဆပ်ခြင်းများလား။