အခန်း (၈၉-၉၀)
Vol. 6 Ch. 89-90
စူပါ-ဖမ်း(SFS)
SFS 89
အခန်း ၈၉ ။ နိုင်ငံ့ဂုဏ်ဆောင် ပညာရှင်
စကားဝိုင်း ပိုမိုနက်ရှိုင်းလာသည်နှင့်အမျှ လင်းယန်လည်း တဖြည်းဖြည်း သဘောပေါက်လာသည်။
လေယာဉ်ဆီနှင့် သာမန်ဓာတ်ဆီတို့၏ ကွာခြားချက်မှာ ဈေးနှုန်းကြီးမြင့်မှု တစ်ခုတည်း မဟုတ်ပေ။
၎င်းသည် နိုင်ငံတော် မဟာဗျူဟာနှင့်ပါ သက်ဆိုင်နေသည်။
ပုံမှန်အားဖြင့် မတူညီသော ဂျက်အင်ဂျင်များအတွက် သီးသန့် လေယာဉ်ဆီ အမျိုးအစားများကို သီးခြား ထုတ်လုပ်ရလေ့ရှိသည်။ နည်းပညာ အဆင့်အမြင့်ဆုံးဖြစ်သည့် အမေရိကန်သည်လည်း ဤသို့ပင် လုပ်ဆောင်လေ့ရှိသည်။
ပြည်တွင်းတွင်လည်း ထိုသို့ လုပ်ဆောင်ချင်သော်လည်း... လေယာဉ်အင်ဂျင်နည်းပညာမှာ အကောင်းဆုံးအဆင့်သို့ မရောက်သေးပေ။
တိုက်လေယာဉ် ဒီဇိုင်းပိုင်းတွင် ကမ္ဘာ့အဆင့်မီဖြစ်နေသော်လည်း၊ တိုက်လေယာဉ်၏ နှလုံးသားဖြစ်သော အင်ဂျင်ပြဿနာကိုမူ အပြည့်အဝ မဖြေရှင်းနိုင်သေးပါ။
အဓိက အကြောင်းရင်းမှာ ပြည်တွင်းက နောက်ကျမှ စတင်ခဲ့ရခြင်းကြောင့်သာ ဖြစ်သည်။ သို့သော် လင်းယန်ရော၊ လောင်ဝမ်ပါ ယုံကြည်ထားသည်မှာ... နောက်ထပ် နှစ်အနည်းငယ်ကြာလျှင် ကမ္ဘာ့အဆင့်မီ အကောင်းဆုံး အင်ဂျင်များ ထွက်ပေါ်လာမည်ဆိုသည်ကိုပင် ဖြစ်သည်။ ဘယ်လောက်ကြာကြာ စောင့်ရမလဲဆိုတာကတော့ မသိနိုင်သေးပေ။
လောင်ဝမ်က ပြောရင်းဆိုရင်း လင်းယန်ကို အားကျသော အကြည့်များဖြင့် ကြည့်လိုက်သည်။
"ကောင်လေး... မင်းစိုက်တုန်းကတော့ မင်းရဲ့ မြေပဲတွေမှာ ဒီလောက်ကြီးမားတဲ့ အသုံးဝင်မှုတွေ ရှိနေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး မဟုတ်လား။"
လင်းယန် ခေါင်းယမ်းလိုက်သည်။
"တကယ် မထင်ထားခဲ့ဘူး။"
သာမန်လူတွေ နေ့တိုင်း စားနေတဲ့ အရာတစ်ခုက... ဒီလောက် အဆင့်မြင့်တဲ့ လေယာဉ်အင်ဂျင်ကြီးတွေနဲ့ ပတ်သက်သွားလိမ့်မယ်လို့ ဘယ်သူ ထင်မှာလဲ။
ဒါပေမဲ့ တစ်ခါတလေကျရင် သိပ္ပံပညာဆိုတာ အဲ့ဒီလိုပါပဲ။
အရမ်းကို အဆင့်မြင့်တယ်လို့ ထင်ရတဲ့ အရာတွေရဲ့ ကုန်ကြမ်းတွေက တကယ်တော့ အရမ်းကို ရိုးရှင်းနေတတ်တယ်။ ဥပမာ - အဆင့်အမြင့်ဆုံး ကွန်ပျူတာ CPU တွေကို စီလီကွန်/သဲကနေ ထုတ်လုပ်ထားတယ် မဟုတ်လား?
"အဲ့ဒီ မြေပဲတွေကို မစားနဲ့တော့။ စစ်တပ်ဘက်ကနေ မင်းနဲ့ လာဆွေးနွေးမယ့်အချိန်ကို စောင့်နေလိုက်။”
"အာ... စားဖို့ နည်းနည်းပါးပါးတော့ ချန်ထားပါဦးမယ်။"
"ဟားဟား... မင်းပြောတာ မှန်တယ်။ ဒီညတော့ မြေပဲလှော်လေးနဲ့ အရက် သောက်ကြတာပေါ့ကွာ!"
လောင်ဝမ်က အလွန် ပျော်ရွှင်စွာ ရယ်မောလိုက်သည်။ ဤသည်မှာ မည်သူ့အတွက်မဆို အလွန်ကောင်းမွန်သော သတင်းတစ်ရပ်ဖြစ်သည်။
"ငါထင်တာတော့... ဒီမြေပဲ မျိုးစေ့တွေကို တို့ ကျန်းနန်စိုက်ပျိုးရေးတက္ကသိုလ်ကိုပဲ ပေးစိုက်ခိုင်းလိမ့်မယ်။ မျိုးစေ့တွေကို အပြင်ကို အလွယ်တကူ ပေါက်ကြားခံမှာ မဟုတ်ဘူး။"
လောင်ဝမ်က ပြုံးစိစိဖြင့် ပြောလိုက်သည်။ ဒီမြေပဲဆီက လေယာဉ်တွေအတွက် ပိုက်ဆံအများကြီး သက်သာစေတာကိုး။ အဲ့ဒါကြောင့် ဒီမြေပဲ စိုက်ရတာကလည်း အကျိုးအမြတ် အများကြီး ရှိလာမှာပါ။ ဘယ်လောက်ပဲ ဈေးကြီးပေးရပါစေ၊ လေယာဉ်ဆီ အစစ်လောက်တော့ ဈေးကြီးမှာ မဟုတ်ဘူးလေ။ ဒါက ကျန်းနန်စိုက်ပျိုးရေးတက္ကသိုလ် တစ်ခုလုံးအတွက် သတင်းကောင်းပါပဲ။
ပိုအရေးကြီးတာက...
လင်းယန် စိုက်ပျိုးလိုက်တဲ့ အရာတွေကြောင့် ကျန်းနန်စိုက်ပျိုးရေးတက္ကသိုလ်ရဲ့ ဂုဏ်သတင်းကလည်း အများကြီး တက်လာခဲ့တယ်။ တက္ကသိုလ်ဝင်ခွင့်လျှောက်ထားတဲ့ ကျောင်းသားတွေတောင် အများကြီး ပိုများလာပြီး ဝင်ခွင့်အမှတ်ကလည်း အများကြီး မြင့်တက်သွားခဲ့တယ်လေ။
"ကောင်လေး... နောက်နောင် ဘာပြဿနာပဲရှိရှိ၊ ကျောင်းကိုသာ လှမ်းပြောလိုက်။ ပိုက်ဆံ လိုလို၊ လူ လိုလို ကျောင်းကနေ အကုန် ကူညီဖြေရှင်းပေးမယ်။"
လောင်ဝမ်က အလွန် ကျေနပ်နေသော မျက်နှာဖြင့် ပြောသည်။
"အခုခေတ်မှာ ဘယ်သူက လယ်စိုက်ချင်ကြတော့မှာလဲ။ ငါတို့စိုက်ပျိုးရေးတက္ကသိုလ်ကလည်း ရပ်တည်ရတာ မလွယ်ပါဘူး။ လာတက်ချင်တဲ့ ကျောင်းသားက သိပ်မရှိဘူးလေ။ ဒါပေမဲ့ မင်းရဲ့ ဩဇာလွှမ်းမိုးမှုက ဒီလောက်ကြီးလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး။ ငါတို့ကျောင်းတင် မကဘူး၊ တခြား စိုက်ပျိုးရေးတက္ကသိုလ်တွေမှာတောင် စိုက်ပျိုးရေးမေဂျာကို လာတက်ချင်တဲ့ ကျောင်းသားတွေ အများကြီး တိုးလာတယ်။ ဒါက 'စံပြပုဂ္ဂိုလ်' ရဲ့ စွမ်းအားပဲ။"
လင်းယန် နားထောင်ရင်း မျက်နှာပူလာသည်။ သူက စနစ်ကို အားကိုးပြီး လုပ်နေရုံပါပဲ။ အစကတော့ ပိုက်ဆံနည်းနည်းရှာပြီး ကမ္ဘာ့အချမ်းသာဆုံး ဖြစ်လာဖို့လောက်ပဲ တွေးခဲ့တာလေ။ ဘယ်သူထင်မှာလဲ... မတော်တဆနဲ့ သူ့နာမည်က ဒီလောက်အထိ ကြီးသွားလိမ့်မယ်လို့။
အခုဆိုရင်... သူက အသက် ၂၀ ကျော်လေးပဲ ရှိသေးပေမဲ့ 'နိုင်ငံ့ဂုဏ်ဆောင် ပညာရှင်' ဆိုတဲ့ ဂုဏ်ပုဒ်ကြီးနဲ့ လုံးဝကို ထိုက်တန်နေပါပြီ။
တကယ်တော့ ဒီနိုင်ငံမှာ လူငယ်ပါရမီရှင်တွေဆိုတာ ဘယ်တုန်းကမှ မရှားပါဘူး။ ဉာဏ်ကြီးရှင် လူငယ်လေးတွေအကြောင်း သတင်းတွေ ခဏခဏ ကြားရတတ်ပါတယ်။
ဒါပေမဲ့ အဲ့ဒီလူတွေနဲ့ ယှဉ်ရင်တော့ လင်းယန်က တော်တော်လေး နှိမ့်ချနေထိုင်တဲ့သူလို့ ပြောလို့ရတယ်။
ဥပမာ - ဂရပ်ဖင်းနည်းပညာကို ရှာဖွေတွေ့ရှိခဲ့တဲ့ လူငယ်လေးဆိုရင် အနာဂတ် ခေတ်တစ်ခေတ်လုံးကို ပြောင်းလဲပစ်နိုင်မယ့် သူလေ။ အဲ့ဒီလူနဲ့ ယှဉ်ရင်တော့ လင်းယန် စိုက်ပျိုးလိုက်တဲ့ အရာတွေက သိပ်မပြောပလောက်ပါဘူး။
ကွာခြားချက်ကတော့... လင်းယန်ရဲ့ လယ်ထွက်ကုန်တွေက သဘာဝအတိုင်း အန္တရာယ်ကင်းပြီး တကယ့်ကို လက်တွေ့ ဝင်ငွေတိုးစေတဲ့ အရာတွေ ဖြစ်နေတာပါပဲ။ လူ့အဖွဲ့အစည်း တစ်ခုလုံးအတွက်လည်း ထူးခြားတဲ့ အကျိုးကျေးဇူးတွေ ရှိနေတယ်။
ဒီလောက်ဆို လုံလောက်ပါပြီ။
ပိုက်ဆံကိစ္စ ဆိုရင်တော့...
များလေ ကောင်းလေပေါ့။ ဘယ်သူကများ ကိုယ့်ပိုက်ဆံ ကိုယ်များတာကို မုန်းမှာလဲ?
လင်းယန်ကလည်း သာမန်လူ တစ်ယောက်ပါပဲ။ လယ်ထဲက ကိစ္စတွေကိုတော့ နောက်ဆုံးကျရင် ရှင်းမယ့်သူ ရှိလာမှာပါ။ လောလောဆယ် လင်းယန်က အစီအစဉ်ဆွဲရုံကလွဲရင် တခြား ဘာမှလုပ်စရာ မလိုပါဘူး။ ကျောင်းသားတွေရဲ့ တက်ကြွမှုကလည်း အလွန်မြင့်မားနေသည် မဟုတ်လား။
ထိုအချိန်တွင် လမ်း၌ ကတုံးချန်တို့ကို တွေ့လိုက်ရသဖြင့် လောင်ဝမ် အနည်းငယ် အံ့ဩသွားသည်။
"ဒီလူမိုက်လေးတွေက မင်းစကားကို ဒီလောက် နားထောင်လိမ့်မယ်လို့ မထင်ထားဘူး။ လမ်းမှားရောက်နေတဲ့ လူတွေကို ပြုပြင်ပေးတဲ့နေရာမှာ မင်းက တကယ် တော်တာပဲ။"
လင်းယန် ရယ်လိုက်သည်။
"သူတို့က လယ်စိုက်ရတာကို ဝါသနာပါလို့ ဖြစ်မှာပါ။"
ထိုစကားကို ကြားလိုက်ရသော ကတုံးချန်တို့မှာ မျက်စောင်းထိုးချင်စိတ် ပေါက်သွားသည်။
လယ်စိုက်ရတာ ဝါသနာပါတယ်? ဘာတွေ လာနောက်နေတာလဲ!
နည်းနည်း ကြောက်လို့ပေါ့!
နောက်ပြီး... ဒီမှာ အလုပ်လုပ်ရတာ တစ်လကို ယွမ် ၅,၀၀၀ တောင် ရတယ်လေ! လစာက တော်တော်များတယ်လို့ ပြောလို့ရတယ်။ ဒါ့အပြင် လင်းယန်နဲ့ အတူရှိနေရတာ သူတို့အတွက် အနာဂတ်လမ်းကြောင်း ပိုကောင်းမယ်လို့ ခံစားနေရလို့ပါ။
သူတို့ လိမ္မာနေတာကို ကြည့်ပြီး လောင်ဝမ် ပို၍ပင် ကျေနပ်သွားသည်။
"ကျောင်းမှာလည်း ခေါင်းမာတဲ့ ကျောင်းသားတချို့ရှိတယ်။ နောက်ရက်ကျရင် မင်းဆီ ပို့ပေးလိုက်မယ်။"
လင်းယန် ပြုံးလိုက်သည်။
လာတဲ့ ကျောင်းသားတွေထဲမှာလည်း ပျင်းရိတဲ့သူတွေ၊ အချောင်ခိုချင်တဲ့သူတွေ ပါတာပါပဲ။ ဒါပေမဲ့ ဝန်ခံရရင်တော့ ကတုံးချန်တို့ တစ်သိုက်က အဲ့ဒီကျောင်းသားတွေကို ဆုံးမတဲ့နေရာမှာ တကယ် အသုံးဝင်ပါတယ်။
လယ်စိုက်ချင်တယ်ဆိုရင်တော့... ပျင်းနေလို့ လုံးဝ မရပါဘူး။
ချွင်းချက်အနေနဲ့... လင်းယန်လိုမျိုး ပိုက်ဆံ အများကြီးရှိနေရင်တော့ တစ်မျိုးပေါ့။ ဒါပေမဲ့ စိုက်ပျိုးရေးလောကမှာ လင်းယန်ရဲ့ ပိုင်ဆိုင်မှုက ထိပ်တန်းအဆင့်မှာရှိနေတာ သေချာပါတယ်။ ဒီလောကမှာ တကယ် ချမ်းသာတဲ့သူဆိုတာ အရမ်းရှားတာကိုး။
ရွာထိပ်သို့ ရောက်သောအခါ၊ ရွာလူကြီး ရန်လောင်တစ်ယောက် ရွာထိပ်မှာ ရပ်စောင့်နေသည်ကို မြင်လိုက်ရသဖြင့် လင်းယန် အံ့ဩသွားသည်။
"ရွာလူကြီး... ခြေထောက်က သိပ်မကောင်းဘဲနဲ့ ဘာလို့ ဒီလောက်ဝေးဝေး ထွက်လာရတာလဲ?"
ရွာလူကြီးအိမ်က တောင်ခါးပန်းမှာ ရှိပြီး၊ ရွာထိပ်က အောက်ဘက်မှာရှိတာဆိုတော့ လမ်းလျှောက်ရတာ မလွယ်ဘူးလေ။
"ဟား... အထက်က ဖုန်းဆက်လာတယ်။ ငါတို့ရွာကို ဆင်းရဲတွင်းကနေ ကယ်တင်ဖို့အတွက် ရွာအုပ်ချုပ်ရေးမှူးအသစ် တစ်ယောက် စေလွှတ်လိုက်တယ်တဲ့။"
လင်းယန် ကြောင်သွားသည်။
"ရွာလူကြီး... ကျွန်တော်တို့ရွာက ဆင်းရဲတဲ့ရွာမှ မဟုတ်တော့တာ။"
သူ အခု စိုက်ပျိုးနေတဲ့ လယ်ထွက်ကုန် ၄ မျိုးထဲမှာ ဘယ်ဟာကမှ ဈေးပေါတာ မရှိပါဘူး။ တစ်မျိုးတည်းနဲ့တင် သာမန်ရွာတစ်ရွာ တစ်သက်လုံး စားလို့ရနေပြီလေ။ ရောင်းရတဲ့ ဈေးထက်စာရင် လယ်စိုက်တာက ပိုပြီး ပိုက်ဆံရနေလို့သာပေါ့။ ဒါကြောင့်လည်း သူက ဈေးနှုန်းကို သိပ်ပြီး ဂရုမစိုက်တာပါ။ စနစ်က သတ်မှတ်ချက် မရှိရင်ပေါ့လေ။
ရွာလူကြီးကတော့ အလွန်တည်ကြည်နေသည်။
"လေးလေးနက်နက် ထားစမ်းပါ! သူက 'အစိုးရရုံး' ကနေ ဆင်းလာတဲ့သူကွ။ ငါတို့ရွာမှာ လူငယ်တွေ ပိုများလာအောင် လုပ်ပေးနိုင်မယ့်သူ။"
လင်းယန် နှုတ်ခမ်းလေး တွန့်သွားသည်။ ရွာလူကြီးက တကယ်ပဲ အသက်ကြီးပြီး နည်းနည်း မေ့လျော့နေပြီ ထင်တယ်။
ကျန်းနန်စိုက်ပျိုးရေးတက္ကသိုလ်က ကျောင်းသားတွေ အကုန်လုံး ဒီရွာကိုပဲ လာနေကြတာလေ။ လူငယ်တွေက မများသေးဘူးလား?
နောက်ပြီး...
'အစိုးရရုံး'?
ခရိုင်အုပ်ချုပ်ရေးမှူးလား? အခုက ဘယ်ခေတ်ရောက်နေပြီလဲ? မင်မင်းဆက်လား? ချင်းမင်းဆက်လား?
ထားလိုက်ပါတော့... ဒီရွာက အပြင်လောကနဲ့ အဆက်အသွယ်ပြတ်နေတာ ကြာပြီဆိုတော့၊ အပြင်က အခေါ်အဝေါ်တွေကို သေချာနားမလည်တာလည်း မဆန်းပါဘူး။
ဒီရွာအုပ်ချုပ်ရေးမှူး အသစ်အတွက်တော့ လင်းယန် ဘာမှစိတ်မပူပါဘူး။
အေးအေးဆေးဆေးနေရင် ပြီးတာပဲလေ။ တကယ်လို့ ချင်းရှန်းရွာမှာ လာပြီး ပြဿနာရှာမယ်၊ ဟိုလုပ်ဒီလုပ် လာလုပ်မယ် ဆိုရင်တော့...
လင်းယန်ကလည်း အသီးအရွက်စားနေတဲ့သူ မဟုတ်ပါဘူး။ လောင်ဝမ် ဒါမှမဟုတ် အဘိုးစူးကို တစ်ခွန်းလောက် ပြောလိုက်တာနဲ့ အဲ့ဒီလူကို ချက်ချင်း ပြောင်းရွှေ့ပစ်လို့ရတယ်။ နောက်ဆုံး... အိမ်မှာ တံခါးစောင့်နေတဲ့ ချင်အဖေတောင်မှ ဒီကိစ္စကို အလွယ်တကူ ဖြေရှင်းပေးနိုင်တယ်။
"ရောက်တော့မယ်ဆိုရင်လည်း စောင့်ကြတာပေါ့လေ။"
လင်းယန်က ချင်စုစုကို မြေပဲလှော် နည်းနည်း ယူလာခိုင်းပြီး ရွာထိပ်က သစ်ပင်အောက်မှာ အေးအေးဆေးဆေး ထိုင်စောင့်နေလိုက်သည်။
သိပ်အကြာကြီး မစောင့်လိုက်ရပါဘူး။ အဝေးကနေ ဗော့စ်ဝက်ဂွန် ကားလေးတစ်စီး ဖြည်းဖြည်းချင်း ဝင်လာတာကို တွေ့လိုက်ရသည်။
ဒါပေမဲ့ ကားထဲက လူကို သေချာမြင်လိုက်ရချိန်မှာတော့ လင်းယန် အံ့ဩသွားသည်။
လူဟောင်းကြီးပါလား!
***
စူပါ-ဖမ်း(SFS)
SFS 90
အခန်း ၉၀ ။ လူဟောင်းကြီး
တောင်ကြားရွာလေးသည် တိတ်ဆိတ်အေးချမ်းပြီး လေပြေလေးများ တိုက်ခတ်နေကာ၊ ငှက်ကလေးများ၊ ပိုးကောင်လေးများ၏ အသံများဖြင့် သာယာနေသည်။
ဗော့စ်ဝက်ဂွန်ကားလေးသည် ရွာထိပ်တွင် ဖြည်းညှင်းစွာ ရပ်တန့်သွားသည်။ ရှုချင်က ကားတံခါးကို ဖွင့်ကာ ဆင်းလာပြီး နေကာမျက်မှန်ကို ချွတ်လိုက်သည်။ ရွာထိပ်မှာ ရပ်နေသော လင်းယန်ကို မြင်သောအခါ သူမ၏နှုတ်ခမ်းတွင် အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့သော အပြုံးတစ်ခု ပေါ်လာသည်။
"ဒီလမ်းက တကယ်ကို သေသေချာချာ ဖောက်ထားတာပဲ" ဟု ရှုချင်က ပြောလိုက်သည်။
လင်းယန်လည်း ပြုံးပြီး မတ်တပ်ထရပ်လိုက်သည်။ ဒီသံမဏိလို မာကျောတဲ့ ရွာအုပ်ချုပ်ရေးမှူးမလေးကို သူ ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး။ အရင်တစ်ခေါက်လာတုန်းက ကားမူးပြီး လမ်းမှာ ဘယ်နှစ်ခါတောင် အန်ခဲ့လဲဆိုတာ မသိနိုင်ဘူးလေ။ ဒါပေမဲ့ သတိရလာတာနဲ့ တာဝန်ကိုပဲ အဓိကထားပြီး လုပ်ဆောင်ခဲ့တဲ့သူပါ။
ဒါပေမဲ့ သူ မထင်ထားတာက... ချင်ဖခင်တောင် မျက်နှာချိုသွေးရတဲ့ ဒီလောက် အဆင့်မြင့်တဲ့ အရာရှိမလေးက ဒီတောခေါင်ခေါင် ရွာလေးမှာ လာနေဖို့ ဆန္ဒရှိလိမ့်မယ်လို့ပါ။
"ခင်ဗျားက ရွာအုပ်ချုပ်ရေးမှူး အသစ်လား?" ဟု လင်းယန်က မေးလိုက်သည်။
"ဘာလဲ? မကြိုဆိုဘူးလား?"
"ကြိုဆိုတာပေါ့။ ဒါပေမဲ့ နည်းနည်းတော့ အံ့ဩသွားလို့ပါ။ ခင်ဗျားက လူကြီးတွေကို ရန်စမိလို့ ဒီကို အပို့ခံလိုက်ရတာလားလို့။"
ရှုချင် မျက်စောင်းထိုးလိုက်သည်။
"ကျွန်မဘာသာ လာချင်လို့ တောင်းဆိုပြီး လာခဲ့တာ မရဘူးလား?"
ရွာလူကြီး ရန်လောင်ကတော့ သူတို့နှစ်ယောက်ကို ကြည့်ပြီး ဝင်ပြောစရာ စကားတောင် မရှိတော့ပါဘူး။ အကြာကြီး စောင့်နေတာ အလကားဖြစ်သွားပြီပဲ။ သူတို့နှစ်ယောက်က အရင်ကတည်းက ရင်းနှီးပြီးသားကိုး။ အဲ့ဒီတုန်းက ရှုချင်ကို ရွာထဲအထိ ကုန်းပိုးပြီး ခေါ်လာတာ လင်းယန်ဆိုတာ သူ မှတ်မိနေပါသေးတယ်။
"မင်းတို့ အချင်းချင်း ရင်းနှီးပြီးသား ဆိုတော့လည်း... ကောင်လေးလင်းပဲ မင်းကို ရွာထဲ လိုက်ပြလိုက်တော့။ ကောင်လေးလင်းက ငယ်တယ်ဆိုပေမဲ့ သူက ငါတို့ရွာရဲ့ အနာဂတ် ရွာလူကြီးပဲကွ။ ငါလည်း သိပ်မရပ်နိုင်တော့ဘူး၊ အရင် ပြန်နှင့်တော့မယ်"
ရွာလူကြီးက မှာစရာရှိတာမှာပြီး အကူအညီဖြင့် အိမ်ပြန်သွားတော့သည်။ ရွာရဲ့ အခြေအနေတွေ ပိုကောင်းလာတာ မှန်ပေမဲ့ သူ့အသက်က ကြီးလွန်းနေပြီမို့ လမ်းသိပ်မလျှောက်နိုင်တော့ပါဘူး။ မတတ်နိုင်ဘူးလေ၊ အသက်က တကယ်ကို ကြီးနေပြီကိုး။
နောက်ထပ် ရွာလူကြီး ရာထူးဆိုတာကလည်း... တကယ်တော့ သေချာနေပြီးသား ကိစ္စပါ။ ဘာလို့လဲဆိုတော့ ရွာထဲမှာ လင်းယန်ကလွဲရင် တခြား လူငယ်မှ မရှိတော့တာ။ သူ မလုပ်ရင် ဘယ်သူ လုပ်မှာလဲ?
ရှုချင်လည်း ဒါကို မအံ့ဩပါဘူး။ ရွာရဲ့ အခြေအနေကို သူမ ကောင်းကောင်း သိထားပြီးသားလေ။ ရွာလူကြီး ပြန်သွားပြီးနောက် သူမသည် လောင်ဝမ်ကို နှုတ်ဆက်လိုက်သည်။ လောင်ဝမ်က သူမကို ချီးကျူးလိုက်သည်။
"အသက်အငယ်ဆုံး ရွာအုပ်ချုပ်ရေးမှူးမလေးပဲ။ ငါတောင် မင်းနာမည်ကို ကြားဖူးတယ်။ ဟူချန်လို နေရာမျိုးမှာ ဘဏ္ဍာရေးကို အေးအေးဆေးဆေး မအုပ်ချုပ်ဘဲ၊ ဘာလို့ ဒီလို တောခေါင်ခေါင် ရွာလေးကို ရောက်လာရတာလဲ?"
ရှုချင် သက်ပြင်းချလိုက်သည်။
"ဘဏ္ဍာရေးနဲ့ ပတ်သက်တာတွေက ကျွန်မ ဝါသနာ မဟုတ်ဘူးဆိုတာ သိလိုက်ရလို့ပါ။ ဒါပေမဲ့ အဓိက အကြောင်းရင်းကတော့... ဟူချန်မှာ နေတုန်းက ဖိအားတွေအရမ်းများတော့ ကောင်းကောင်းမစားရ၊ ကောင်းကောင်းမအိပ်ရဘူး ဖြစ်နေလို့ပါ။ ဒီတောင်ကြားရွာလေးရောက်တော့မှ ကျွန်မ အိပ်လို့ အကောင်းဆုံး ဖြစ်သွားခဲ့တယ်။ အဲ့ဒါကြောင့် အနားယူဖို့အတွက် ဒီကို ကိုယ်တိုင် တောင်းဆိုပြီး လာခဲ့တာပါ။"
ထို့နောက် ရှုချင်က လင်းယန်ဘက် လှည့်ကာ "ဒါပေမဲ့ ချင်းရှန်းရွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း ကျွန်မ လုပ်ပေးနိုင်တာလေးတွေ လုပ်ပေးချင်ပါတယ်။ မောင်လေးလင်းက မကြိုဆိုဘဲတော့ မနေလောက်ပါဘူးနော်?" ဟု မေးလိုက်သည်။
လင်းယန် အမြန် ခေါင်းယမ်းလိုက်သည်။
"ရှုကျဲကိုယ်တိုင် လာတာကို ဘယ်လိုလုပ် မကြိုဆိုဘဲ နေမလဲ။"
ဘာပဲဖြစ်ဖြစ် သူမက အထက်က စေလွှတ်လိုက်တဲ့သူလေ။ သူမနဲ့ အချိတ်အဆက် လုပ်ထားနိုင်ရင် ပိုကောင်းတာပေါ့။ ချင်းရှန်းရွာမှာ သူ ဂရုစိုက်ရမှာက ရွာထဲက လူကြီးတွေရဲ့ အငြိမ်းစားဘဝ အဆင်ပြေဖို့ပဲ ရှိတာပါ။ ဒါကြောင့် ရှုချင်နဲ့ ဆက်ဆံရေးကောင်းထားတာ အကောင်းဆုံးပါပဲ။
"လောလောဆယ်တော့ မင်းအိမ်မှာပဲ တည်းမယ်နော်၊ ရမလား?" ဟု ရှုချင်က ပွင့်ပွင့်လင်းလင်းပဲ ပြောလိုက်သည်။ သူမက စကားကို သွယ်ဝိုက်ပြောတတ်သူ မဟုတ်ပေ။
"ရှုကျဲ ကြိုက်သလောက် နေလို့ရပါတယ်။"
လင်းယန် တကယ်ကို ဘာမှ မငြင်းပါဘူး။ သူ့အိမ်ဝင်းက အရမ်းကျယ်တာလေ။ သူနဲ့ ရှောင်ဝူ နှစ်ယောက်တည်းနေရင် အရမ်း ခြောက်ကပ်နေမှာပါ။ လူများများရှိတော့ ပိုပျော်စရာကောင်းတာပေါ့။
တစ်ခုတည်းသောပြဿနာက အဘိုးစူးကိုတော့ သူ သိပ်မလိုလားဘူး။ နေတာကို မကြိုက်တာ မဟုတ်ဘူး၊ အဘိုးကြီးက စူးရို့ရို့ကို အရမ်း မျက်စိဒေါက်ထောက် ကြည့်နေလို့... လင်းယန်အတွက် အရမ်း အနေခက်နေရတာပါ။
ရှုချင်ကတော့ အလုပ်ကိစ္စကို ချက်ချင်း ဝင်လိုက်သည်။
"ငါ ချင်းရှန်းရွာကိုလာတာ အလကား လာတာမဟုတ်ဘူးနော်။ ဟူချန်က ကုမ္ပဏီသူဌေးကြီးတချို့ကို ငါသိတယ်။ သူတို့ကို ဒီရွာကို မိတ်ဆက်ပေးပြီး ကျေးလက်ဖွံ့ဖြိုးရေး ပရောဂျက်တွေ လုပ်ချင်တယ်။ မင်းရဲ့ ဖရဲသီးက အရမ်း ဈေးကြီးတော့ သာမန်လူတွေက ဝယ်မစားနိုင်ဘူးလေ။"
သိသာပါတယ်။ ရှုချင်ရဲ့ အတွေးတွေက ဟို ယွမ်ငါးထောင်တန် ဖရဲသီးဆီမှာပဲ ရပ်တန့်နေတုန်းပါပဲ။ ဒါကြောင့် လင်းယန်ရဲ့ ဖရဲသီးကို ဝယ်နိုင်မယ့် ဖောက်သည်တွေကို လိုက်ရှာပေးချင်နေတာပါ။
"ရတာပေါ့၊ ပြဿနာ မရှိပါဘူး။ ဒါပေမဲ့ ဖရဲသီးသစ်တွေ ထွက်ဖို့က အချိန်နည်းနည်းတော့ စောင့်ရဦးမယ်" ဟု လင်းယန်က ပြန်ဖြေသည်။
"ကိစ္စမရှိဘူး၊ မှည့်ပြီဆိုရင် သူတို့ကို ဖုန်းဆက်လိုက်ရုံပဲ။ ဒါနဲ့... မင်းဆီမှာ တခြား လယ်ထွက်ကုန်တွေရော ရှိသေးလား? ငါသိတဲ့ စားသောက်ကုန် လုပ်ငန်းရှင်တစ်ယောက် ရှိတယ်။ ကုမ္ပဏီက တော်တော် ကြီးတယ်။ မင်းရဲ့ ထွက်ကုန်တွေ အရည်အသွေးကောင်းရင်၊ သူက ချင်းရှန်းရွာကို သူတို့ရဲ့ ထုတ်လုပ်ရေး အခြေစိုက်စခန်းအဖြစ် လုပ်ဖို့ စိတ်ဝင်စားတယ်။ အဲ့ဒါဆိုရင် အကျိုးအမြတ် အများကြီး ရမှာပဲ။"
ရှုချင် ပြောလိုက်တဲ့ စကားတွေက တကယ့် စေတနာစစ်နဲ့ ပြောနေတာပါ။ ချင်းရှန်းရွာ ဖွံ့ဖြိုးရေးအတွက် သူမ သေသေချာချာ စီစဉ်ထားတာ သိသာတယ်။ ဒီအစီအစဉ်က ဘဏ္ဍာရေး ရှုထောင့်ကနေ စဉ်းစားထားတာပါ။ ငွေကြေးအရင်းအနှီးကို အသုံးပြုပြီး ရွာရဲ့ ဖွဲ့စည်းပုံကို ပြောင်းလဲမယ်၊ ပြီးတော့ မြို့ပြက စားသောက်ကုန် ကုမ္ပဏီကြီးတွေရဲ့ ထောက်ပံ့ရေး ကွင်းဆက်ထဲကို ဝင်မယ်။ ဒီလိုဆိုရင် ဝင်ငွေက တည်ငြိမ်သွားပြီလေ။ ဒါက ကျေးလက်ဖွံ့ဖြိုးရေးအတွက် တကယ်ကို အကောင်းဆုံး ဗျူဟာတစ်ခုပါပဲ။
နောက်ပြီး ရှုချင် ခေါ်လာမယ့် စားသောက်ကုန် ကုမ္ပဏီက ဟူချန်ကပင်။ ဟူချန်ဆိုတာ နှစ်တစ်ရာ သမိုင်းကြောင်းရှိတဲ့ နိုင်ငံတကာ မြို့ကြီးဖြစ်ပြီး လက်ရှိ ပြည်တွင်းရဲ့ စီးပွားရေး ဗဟိုချက်လည်း ဖြစ်တယ်။ ရှုချင်ရဲ့ အဆင့်အတန်းနဲ့ ရွေးချယ်ထားတဲ့ ကုမ္ပဏီဆိုတော့ သေချာပေါက် သာမန်တော့ မဟုတ်နိုင်ဘူး။
နှမြောစရာကောင်းတာက... သူမရဲ့ အတွေးတွေက လင်းယန်ရဲ့ ယွမ်ငါးထောင်တန် ဖရဲသီးမှာပဲ ရပ်နေတုန်းပါပဲ။ နောက်ဆုံးတော့ လင်းယန်က ငြင်းလိုက်တယ်။
"ရှုကျဲရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့... အခုလောလောဆယ် ချင်းရှန်းရွာက ကျန်းနန်စိုက်ပျိုးရေးတက္ကသိုလ်ရဲ့ စမ်းသပ်လယ်ကွင်းလို ဖြစ်နေပြီ။ ပြီးတော့ လယ်မြေ အကုန်လုံးကိုလည်း ကျနော်ပဲ အုပ်ချုပ်တယ်။ ရန်ပုံငွေလည်း ဘာမှ မလိုဘူး။ လက်ရှိ အကြီးဆုံး ပြဿနာက... လယ်မြေတွေ နည်းနေပြီး စိုက်စရာတွေက အရမ်းများနေတာပဲ။"
ဘဏ္ဍာရေး အရင်းအနှီးတွေ ဝင်လာတာ၊ စာရင်းဝင် ကုမ္ပဏီကြီးတွေရဲ့ ထောက်ပံ့ရေး ကွင်းဆက်မှာ ပါဝင်တာက ရွေးချယ်မှုကောင်းတစ်ခုဆိုပေမဲ့... လင်းယန်က ပိုက်ဆံ လုံးဝ မလိုပါဘူး။ ချင်းရှန်းရွာကို ဘဏ္ဍာရေးလောကထဲ ဆွဲသွင်းဖို့လည်း လုံးဝ စိတ်ကူးမရှိပါဘူး။ ဘာမှ မလိုအပ်ဘူးလေ။
နောက်ပြီး... 'စူပါမုန်ညင်းစေ့' မျိုးစေ့ ပွားတဲ့ ပရောဂျက်၊ 'ကင်ဆာတိုက်ဖျက်ရေး မုန်လာဥနီ' ပရောဂျက် နဲ့ မကြာခင် လာတော့မယ့် 'မြေပဲ' စိုက်ပျိုးရေး ပရောဂျက်တွေက လယ်မြေ အများကြီး လိုအပ်မှာပါ။ အဲ့ဒီထဲက တစ်ခုတည်းကိုပဲ စိုက်မယ်ဆိုရင်တောင် လင်းယန်ဆီမှာရှိတဲ့ လယ်ဧက ၈၀၀ က လောက်မှာ မဟုတ်ပါဘူး။ စိုက်ပျိုးလိုက်တဲ့ သီးနှံတိုင်းက သက်ဆိုင်ရာ နယ်ပယ်တွေမှာ အစားထိုးလို့ မရတဲ့ အလွန် အရေးပါတဲ့ နေရာတွေမှာ ရှိနေကြတာလေ။
ကျန်းနန်စိုက်ပျိုးရေးတက္ကသိုလ်က လင်းယန်ကို ရန်ပုံငွေအများကြီးပေးပြီး လယ်မြေအားလုံးမှာ စူပါမုန်ညင်းစေ့တွေပဲ စိုက်ခိုင်းဖို့ ကြိုးစားခဲ့ပေမဲ့ နောက်ဆုံးမှာ လင်းယန်က ငြင်းလိုက်တယ်။ တခြားကြောင့် မဟုတ်ပါဘူး... နောင်ကျရင် သူ စားချင်တဲ့ သီးနှံတွေ စုံစုံလင်လင်ရှိနေအောင်လို့ပါ။ သူက အဲ့ဒီပိုက်ဆံလေးကို မက်နေတာမှ မဟုတ်တာ။
ကင်ဆာတိုက်ဖျက်ရေး မုန်လာဥနီလည်း အတူတူပါပဲ။ တောင်ပိုင်းဆေးရုံက လင်းယန်နဲ့ ပူးပေါင်းချင်ပေမဲ့ လင်းယန်က လုံးဝငြင်းလိုက်ပြီး ဧက ၁၀၀ ပဲ စိုက်ပေးမယ်လို့ ပြောခဲ့တယ်။ ဒီထက်ပိုပြီး မစိုက်ပေးနိုင်ဘူးလေ!
မြေပဲကိစ္စဆိုရင်လည်း အဘိုးစူး လာတောင်းဆိုမယ့်အချိန်ကို စောင့်နေရတာပါ။ စူးရို့ရို့ မျက်နှာနဲ့မို့လို့ မြေပဲအတွက် မြေနေရာနည်းနည်းလောက်ပဲ တောင်းပါစေလို့ ဆုတောင်းနေရတယ်။ ဘာလို့လဲဆိုတော့ သူက မက်မွန်ပင်တွေလည်း စိုက်ရဦးမယ်လေ။ နောက်ထပ် မစိုက်ရသေးတဲ့ မျိုးစေ့တွေလည်း အများကြီး ကျန်နေသေးတယ်။
ဒါကြောင့် စားသောက်ကုန် ကုမ္ပဏီကို သီးနှံတွေ ထောက်ပံ့ဖို့ဆိုတာ... အဲ့ဒီကုမ္ပဏီက ကမ္ဘာ့ထိပ်တန်း ၅၀၀ စာရင်းဝင် ကုမ္ပဏီကြီးဖြစ်နေရင်တောင် လင်းယန် လုံးဝ စိတ်မဝင်စားပါဘူး။ လယ်မြေက တကယ်ကို မလောက်လို့ဗျို့!
"ရှုကျဲ... ဒီကို ရွာအုပ်ချုပ်ရေးမှူး လာလုပ်တာဆိုတော့၊ နောင်ကျရင် အေးအေးဆေးဆေးပဲ အနားယူပါ။ ကျွန်တော် တစ်ခုခုအခက်အခဲရှိရင် ရှုကျဲကို ပထမဆုံး လာတိုင်ပင်ပါ့မယ်" ဟု လင်းယန်က ပြောလိုက်သည်။
လင်းယန်က 'ရှုကျဲ' လို့ ခဏခဏခေါ်နေသဖြင့် ရှုချင်မှာ နားထောင်ရ အလွန် သက်သောင့်သက်သာ ဖြစ်သွားသည်။ အရင်တစ်ခေါက်က ဒီလိုမခေါ်ခဲ့တာက သူမက စုံစမ်းစစ်ဆေးရေးအနေနဲ့ လာခဲ့တာမို့လို့ပါ။ အခုက ဒီရွာရဲ့ အုပ်ချုပ်ရေးမှူး ဖြစ်လာပြီဆိုတော့ နောင်ကျရင် နေ့တိုင်း တွေ့နေရမယ့်သူတွေလေ၊ ဆက်ဆံရေးက ပိုကောင်းထားရမှာပေါ့။
ဒါပေမဲ့ ရှုချင် လုံးဝ သတိမထားမိတာက... လင်းယန်ရဲ့ စကားအနည်းငယ်အတွင်းမှာတင်၊ ရွာအုပ်ချုပ်ရေးမှူး တစ်ယောက်အနေနဲ့ သူမရဲ့ လုပ်ပိုင်ခွင့်အာဏာတွေ အားလုံးကို လင်းယန်က လုံးဝ ရုပ်သိမ်းလိုက်ပြီ ဆိုတာပါပဲ။
လောင်ဝမ်ကတော့ ဒီမြင်ကွင်းကို ကြည့်ပြီး ခေါင်းယမ်းလိုက်သည်။
'ဒီ ရှုချင် ဆိုတဲ့ ကောင်မလေးက ပညာတတ်တာ မှန်ပေမဲ့၊ လူမှုရေးပိုင်းမှာ လည်လည်ဝယ်ဝယ်ရှိဖို့တော့ အများကြီး လိုသေးတာပဲ။ ဒီကောင်လေးရဲ့ လက်ထဲမှာ သူမ လုံးဝ အသုံးချခံဘဝ ရောက်သွားတော့မှာပဲ' ဟု လောင်ဝမ်က စိတ်ထဲမှ တွေးလိုက်လေသည်။