← Chapters

အခန်း (၉၅-၉၆)

Vol. 6 Ch. 95-96

အခန်း (၉၅-၉၆)

Vol. 6 Ch. 95-96

စူပါ-ဖမ်း(SFS)

SFS 95

အခန်း ၉၅ ။ ချင်းရှန်းရွာ၏ အပြောင်းအလဲများ

ကတုံးချန်တစ်ယောက် အလွန်ကံကောင်းသည်ဟု ခံစားနေရသည်။ သူ လင်းယန်ကို ပြဿနာလာရှာသည့် အချိန်တွင် လင်းယန်၏အနောက်၌ ဤကဲ့သို့သော လူများ မရှိနေခဲ့သည်ကို ကျေးဇူးတင်နေမိသည်။ မဟုတ်ပါက သူတို့တစ်သိုက် ဘယ်လို သေသွားမှန်းတောင် သိလိုက်ရမည် မဟုတ်ပေ။ ဤအချက်ကပင် လင်းယန်နောက်သို့လိုက်ရန် ရွေးချယ်ခဲ့ခြင်းမှာ အလွန်မှန်ကန်ကြောင်း သူတို့ကို ပို၍ ခံစားလာရစေသည်။

"ဒါနဲ့ အစ်ကိုလင်း... ကျွန်တော် အခုမှ သတိရတယ်။ မနက်ဖြန်ကျရင် အဖွဲ့-၂ က လူတွေနဲ့ လှေကားထစ် လယ်ကွက်တွေ ပြင်ဖို့ ကိစ္စရှိသေးတယ်။ အဲ့ဒါ ကျွန်တော်တို့ တောင်အောက်ကို ဆင်းပြီး အဖွဲ့-၂ က လူတွေနဲ့ သွားတိုင်ပင်လိုက်ပါဦးမယ်။"

"ဟုတ်တယ်၊ ဟုတ်တယ် အစ်ကိုလင်း... ကျွန်တော်တို့ကို စိတ်မပူပါနဲ့။ အစ်ကို့အတွက် ပြဿနာ လုံးဝ မရှာပါဘူး။"

"အစ်ကို့ ခြံဝင်းကို စောင့်ပေးဖို့ လူလည်း ကြုံတုန်း ရှာပေးခဲ့ပါ့မယ်။"

ကတုံးချန်တို့တစ်သိုက်မှာ ရယ်ရယ်မောမောနှင့် စကားပြောရင်း အခြေအနေကို နားလည်စွာဖြင့် ခြံဝင်းထဲမှ ထွက်ခွာသွားကြသည်။ သူတို့က တောင်အောက်ရှိ ဆောက်လုပ်ရေးအဖွဲ့နှင့် သွားရောအိပ်ရန် စဉ်းစားထားပုံရသည်။ ဤသည်ကို လင်းယန်လည်း သဘောတူလိုက်သည်။ ဤလူမိုက်လေးများကို အပြင်ဘက် ကွင်းပြင်တွင် ထပ်အိပ်ခိုင်းရန်လည်း သူ မရက်စက်နိုင်တော့ပေ။

"ခင်ဗျားတို့တော့ ခွဲပြီး အိပ်ရလိမ့်မယ် ထင်တယ်"

လင်းယန်က တပ်ခွဲမှူးကို လှမ်းပြောလိုက်သည်။ ဤခြံဝင်းကြီးမှာ မကျဉ်းသော်လည်း၊ ဤမျှ လူအများကြီးကိုတော့ သေချာပေါက် ဆန့်မည် မဟုတ်ပေ။

သို့သော် ထိုတပ်ခွဲမှူးကမူ အလွန် ကျေနပ်နေပုံရသည်။

"ကျွန်တော်တို့ စစ်တပ်သုံး တဲတွေ ပါလာပါတယ်။ ဒီခြံဝင်းအကျယ်က လုံလောက်ပါတယ်။"

လင်းယန် ခေါင်းညိတ်လိုက်ပြီး ထိုလူငယ် တပ်ခွဲမှူးကို မေးလိုက်သည်။

"ကျွန်တော် ခင်ဗျား နာမည်ကို မသိရသေးဘူး။"

ထိုတပ်ခွဲမှူးက အလွန် စိတ်လှုပ်ရှားစွာဖြင့် ပြန်ဖြေသည်။

"ကျွန်တော့် နာမည်က ဟောင်ကျန့် ပါ။"

"..."

လင်းယန် ဆွံ့အသွားသည်။

'ဒီနာမည်က... ဟာသကားထဲက နာမည်နဲ့ တူနေသလိုပဲ'

"တပ်ခွဲမှူးဟောင်... ခင်ဗျားတို့ အခုလောလောဆယ် ဒီမှာပဲ နေလိုက်ကြပါ။ ဘာပြဿနာရှိရှိ ခြံထဲကိုလာပြီး ကျွန်တော့်ကို ပြောပါ။"

"အရာရှိ... စိတ်ချပါ!"

လင်းယန် ပြုံးပြီး ခေါင်းယမ်းလိုက်သည်။ ကြည့်ရသည်မှာ သူ ဘာပဲလုပ်လုပ် ဤစစ်သားများ၏ရင်ထဲရှိ 'အရာရှိ' ဆိုသည့် နေရာမှ ရုန်းထွက်နိုင်မည် မဟုတ်တော့ပေ။

'ဒီကိစ္စကို အဘိုးစူးဆီကနေပဲ ဖြေရှင်းဖို့ နည်းလမ်းရှာရတော့မယ် ထင်တယ်!'

သို့သော် သူ ပြန်ရောက်သွားချိန်တွင် အဘိုးစူးမှာ အိပ်ရာဝင်သွားပြီ ဖြစ်သည်။

'ဒီအဘိုးကြီးကတော့... တချို့အချိန်တွေဆို တကယ်ကို ဒေါသထွက်ဖို့ ကောင်းတာပဲ!' ဘာမှလုပ်မရတော့သဖြင့် လင်းယန်လည်း လက်လျှော့လိုက်သည်။ ဤမျှ အလုပ်ရှုပ်သွားရာ မိုးပင် ချုပ်သွားပြီ ဖြစ်သည်။ မနက်ဖြန်မှပဲ ဆက်ဆွေးနွေးရန် ဆုံးဖြတ်လိုက်ရသည်။

နေရာချထားပေးပြီးချိန်တွင် ညဉ့်နက်နေပြီ ဖြစ်ရာ၊ မိန်းကလေး လေးယောက်နှင့် ဆက်လက် စကားပြောရန် အချိန်မရတော့ဘဲ မနက်ဖြန်မှသာ ဆက်ပြောရန် ရွှေ့ဆိုင်းလိုက်ရသည်။

"အလုပ်သမား အင်အားတွေ ထပ်တိုးလာပြန်ပြီပဲ" ဟု လင်းယန် ညည်းတွားလိုက်သည်။

မူလက ရွာကို ရောက်လာသော ကျောင်းသားများနှင့်တင် လယ်စိုက်ရန် လုံလောက်နေပြီ ဖြစ်သည်။ ယခု ဤစစ်သားများပါ အများအပြား ရောက်လာသောအခါ လုပ်အားများ အလွန်အကျွံ ပိုလျှံနေပြီ ဖြစ်သည်။

"ဒါပေမဲ့ သူတို့က မြေပဲခင်းအတွက် သီးသန့်ရောက်လာတာ ဖြစ်လောက်တယ်။"

လင်းယန် ခနစဉ်းစားပြီးနောက်၊ လောင်ဝမ်ထံ သွားရောက်ကာ ဝူယင်းကို မြေဆီလွှာများ ထပ်မံ ဓာတ်ခွဲစမ်းသပ်ခိုင်းပြီး မည်သည့်နေရာက မြေပဲစိုက်ရန် အသင့်တော်ဆုံးဖြစ်မည်ကို ရှာဖွေရမည်ဟု ဆုံးဖြတ်လိုက်သည်။ နိုင်ငံတော် အရေးကိစ္စနှင့် ပတ်သက်နေသဖြင့် အနည်းငယ်မျှ နှောင့်နှေး၍ မရပေ။

တစ်ခုတော့ ပြောရမည်။ ဤစစ်သားများ ရောက်လာပြီးနောက် ချင်းရှန်းရွာ၏ လုံခြုံရေးခံစားမှုမှာ အမြင့်ဆုံးသို့ တက်သွားခဲ့သည်။ ညဘက် သားရဲတိရစ္ဆာန်များ ရွာထဲ ဝင်လာမည်ကို လုံးဝ ကြောက်စရာ မလိုတော့ပေ။

လင်းယန်သည် ဤစစ်သားများ၏ နိုးကြားမှုကို ပို၍ပင် လေးစားမိသွားသည်။ ညဘက်ရောက်သည်တိုင် အလှည့်ကျ ကင်းလှည့်နေကြသည်။ ရွာပတ်ဝန်းကျင် တစ်ဝိုက်တွင်သာ ဖြစ်သော်လည်း၊ ချင်းရှန်းရွာလေးမှာ သေးငယ်သဖြင့် ရွာထဲတွင် ဘာဖြစ်သည်ကို လင်းယန် အကုန်သိနေသည်။ အထူးသဖြင့် သူ့ခြံဝင်းပတ်လည်တွင် ကင်းလှည့်နေသော စစ်သား အများဆုံးဖြစ်သည်။ ဤကဲ့သို့သော အခွင့်အရေးမျိုးကို သူ ပထမဆုံးအကြိမ် ခံစားဖူးခြင်းဖြစ်သည်။

သို့သော် အပြင်ဘက် ခြံဝင်းတွင် ယာယီ နေထိုင်နေကြသော ကျောင်းသားများစွာကတော့ ညည်းညူနေကြသည်။

"ပါမောက္ခလင်းက တကယ်တော့ ဘာရာထူးလဲဟ? ဒီစစ်သားတွေ ရောက်လာတော့... ညဘက် တောကောင် သွားပစ်လို့ မရတော့ဘူး။"

ကျောင်းသားများ၏ ရင်ထဲတွင် နှမြောတသ ဖြစ်နေကြသော်လည်း၊ တိတ်ဆိတ်သော ညယံတွင် ပြောစရာ အကြောင်းအရာများ ပိုမို များပြားလာခဲ့သည်။

တကယ်တမ်း ပြောရလျှင် လင်းယန်၏အနားတွင်ရှိနေပါက စကားပြောစရာ အကြောင်းအရာ လုံးဝ မရှားပါချေ။ ဤကျောင်းသားများသည်လည်း တောင်ပေါ်ရွာလေး၏ ဘဝကို အသားကျနေပြီ ဖြစ်သည်။ ဤသည်မှာ သူတို့၏ ကျောင်းသားဘဝအတွက် အလွန်ကောင်းမွန်သော အတွေ့အကြုံ တစ်ခုပင်။ လင်းယန်၏အနားတွင် ပညာသင်ယူခွင့်ရသည်ကို သူတို့ ပို၍ပင် ကျေးဇူးတင်နေကြသည်။ ဘွဲ့ရပြီးနောက် ဤအတွေ့အကြုံကို အသုံးပြု၍ အလွန်ကောင်းမွန်သော အလုပ်အကိုင် အခွင့်အလမ်းများကို ရရှိနိုင်မည်ဖြစ်သည်။ ဤကဲ့သို့ လူပြောများသော စိုက်ပျိုးရေး ထွက်ကုန်များကို ပြုစုပျိုးထောင်ရာတွင် ပါဝင်ခွင့်ရခြင်းထက် တန်ဖိုးရှိသောအရာ ဘာများ ရှိဦးမှာလဲ?

"ပါမောက္ခလင်းက စိုက်ပျိုးရေးလောကကို လမ်းကြောင်းသစ်တစ်ခုဆီ လုံးဝ ဆွဲခေါ်သွားတာပဲ။"

"ပါမောက္ခလင်းက အင်တာနက် ပလက်ဖောင်းတွေကို သိပ်မကြိုက်လို့သာပေါ့။ မဟုတ်ရင် သူ ကိုယ်တိုင်သာ ကြေညာလိုက်ရင် စိုက်ပျိုးရေးကဏ္ဍကို လူတွေ အများကြီး ပိုစိတ်ဝင်စားလာမှာ သေချာတယ်။ နိုင်ငံတော်ကတောင် မူဝါဒပိုင်းဆိုင်ရာ ပံ့ပိုးမှုတွေ လုပ်လာနိုင်တယ်။"

"အေးလေ... အခု အင်တာနက်ပေါ်မှာ ပါမောက္ခလင်းနဲ့ နည်းနည်းလေး ပတ်သက်နေတဲ့ အကြောင်းအရာဆိုရင်ကို လူစိတ်ဝင်စားမှု အရမ်းများနေတာ။"

"ကျောင်းသားတချို့ဆိုရင် ပါမောက္ခလင်းအကြောင်းကို Short Video တွေ လုပ်ပြီး ပိုက်ဆံ တော်တော်များများတောင် ရှာနေကြပြီလို့ ကြားတယ်။"

"ကံကောင်းတာပဲ။"

"ပါမောက္ခလင်းကမှ တကယ် အစွမ်းထက်တာ။ ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်ကျော်ကြားနေပြီ။ သူ့ဘေးနားက ဝိုင်းရံနေတဲ့ မိန်းမလှလေးတွေကို ကြည့်လိုက်ပါဦး... တစ်ယောက်ချင်းစီတိုင်းက တကယ်ကို မိုက်တာချည်းပဲ။"

"ငါတို့ရဲ့ ဆရာမ ဝူယင်း တောင် သူ့ကို သဘောကျနေတာ။ ဒါပေမဲ့ အခွင့်အရေး မရဘူး ဖြစ်နေတယ်။"

"ဟို ကျောင်းသူတွေကို သွားမေးကြည့်လိုက်ပါလား... ပါမောက္ခလင်းကို သဘောမကျတဲ့သူ ဘယ်နှယောက် ရှိလဲလို့? ဒီလို တောခေါင်ခေါင်ရွာလေးမှာ နေရတာကိုကြိုက်တယ်ဆိုတာကလွဲရင် ကျန်တာ လုံးဝ အပြစ်ပြောစရာ မရှိဘူး။"

"မင်း တကယ် တော်နေပြီဆိုရင်၊ ဘယ်လောက်ပဲ ခေါင်ကျတဲ့ နေရာမှာ ရောက်နေပါစေ... မင်းရဲ့ အလင်းရောင်က အရပ်လေးမျက်နှာကို ထွန်းလင်းစေပြီး၊ မင်းလိုပဲ တော်တဲ့လူတွေ အများကြီး မင်းဆီကို ရောက်လာအောင် ဆွဲဆောင်နိုင်တယ်ဆိုတာ လက်တွေ့ သက်သေပြနေတာပဲ။"

"အများကြီး လျှောက်မတွေးပါနဲ့ကွာ။ ပါမောက္ခလင်းရဲ့အဆင့်အတန်းက ငါတို့ နားလည်နိုင်တဲ့ အဆင့် မဟုတ်တော့ဘူး။ အိပ်ကြစို့။"

"ဘယ်သူက အိပ်ပျော်မှာလဲကွ! ဟို စစ်သားတွေက ပါမောက္ခလင်းကို 'အရာရှိ' လို့ ခေါ်နေတာ... မင်းတို့ စိတ်မဝင်စားဘူးလား?"

"ငါ့အစ်ကိုလည်း စစ်တပ်ထဲမှာပဲ။ ဒါပေမဲ့ သူ့ရဲ့ အရှိန်အဝါက ဒီစစ်သားတွေလောက် လုံးဝ မပြင်းဘူး။ ကြည့်ရတာ သာမန် စစ်သားတွေတော့ မဟုတ်လောက်ဘူး။"

"စကားပိုတွေ ပြောနေပြန်ပြီ... သေနတ်တွေ အပြည့်အစုံနဲ့ကို။"

"ဒါပေမဲ့... ပါမောက္ခလင်းက ဘာလို့ သူ့ကို 'အရာရှိ' လို့ ခေါ်တာကို ငြင်းဆန်နေရတာလဲ?"

"ဘယ်သူသိမှာလဲကွာ?"

ဤညတွင် စစ်သားများ ရောက်ရှိလာမှုနှင့်အတူ အိပ်မပျော်နိုင်သူ မည်မျှ ရှိမည်ကို မသိနိုင်တော့ပေ။

…..

နောက်နေ့ မနက်ခင်းတွင် လင်းယန် စောစောထကာ၊ ဟိုဟိုဒီဒီ လမ်းလျှောက်ရင်း လယ်အလုပ် အနည်းငယ် လုပ်သည်။ မနက်ခင်း၏ လတ်ဆတ်ပြီး ချိုမြိန်သော လေကို ရှူရှိုက်လိုက်သည်။

"အင်း... နေလို့ကောင်းလိုက်တာ!"

လှပသော နေ့သစ်တစ်ရက် ပြန်လည်စတင်တော့မည်။

သို့သော် ခြံဝင်းအပြင်ဘက်သို့ ရောက်သောအခါ၊ ချင်းရှန်းရွာ၏ လမ်းမများက အလွန် သန့်ရှင်းသပ်ရပ်နေသည်ကို မြင်လိုက်ရသဖြင့် လင်းယန် လုံးဝ ကြောင်အမ်းအမ်း ဖြစ်သွားတော့သည်။

"ဘယ်လိုဖြစ်ပြီး... ဒီလောက်တောင် သန့်ရှင်းနေရတာလဲ!"

တောင်ပေါ်ရွာလေးက တိတ်ဆိတ်အေးချမ်းပြီး၊ အဘိုးအဘွားများက သွားလာရခက်ခဲသဖြင့် ရွာထဲတွင် သန့်ရှင်းသည်ဟု ဆိုနိုင်သော်လည်း၊ ဤမျှလောက်အထိ သပ်ရပ်နေမည်တော့ မဟုတ်ပေ။ ရွာထိပ်ရှိ ကျောက်တုံးပေါ်တွင် ဖုန်တစ်စက်မျှပင် မရှိချေ! သန့်ရှင်းလွန်း၍ ကြောက်စရာပင် ကောင်းနေသည်။

အဝေးသို့ လှမ်းကြည့်လိုက်ရာ ရွာထိပ်ရှိ ကျောက်မုခ်ဦးပေါ်သို့ စစ်သားအချို့တက်ကာ သန့်ရှင်းရေး လုပ်နေသည်ကို မြင်လိုက်ရသည်။ ရေညှိများ တက်နေသော မုခ်ဦးမှာ မူလအရောင်အတိုင်း ပြန်လည် တောက်ပလာခဲ့သည်။

ရှေးဟောင်းအငွေ့အသက်များ လွှမ်းခြုံနေသော ရွာလေးမှာ လွန်မင်းစွာ သန့်ရှင်းသပ်ရပ်နေသဖြင့် လင်းယန်၏စိတ်ထဲတွင် ယောင်ချာချာပင် ဖြစ်သွားသည်။ ဤနေရာက သူ ငယ်ငယ်ကတည်းက ကြီးပြင်းလာခဲ့သည့် ရွာလေးမှန်းသိသော်လည်း ယခုတော့ နည်းနည်းစိမ်းသွားသလို ခံစားရသည်။

ထိုစဉ် အဘိုးစူးတစ်ယောက် သန်းဝေရင်း ထွက်လာခဲ့သည်။

"ဘယ်လိုလဲ... အံ့ဩသွားလား?"

"အဘိုး ခိုင်းထားတာလား?" ဟု လင်းယန်က မေးလိုက်သည်။

"ဒါက စစ်သားတိုင်းရဲ့ အကျင့်ပါပဲကွာ။ ကိုယ့်အိမ်လေး တစ်ခန်းကိုတောင် သန့်ရှင်းအောင် မလုပ်နိုင်ရင်၊ တစ်လောကလုံးကို ဘယ်လိုလုပ် သန့်ရှင်းအောင် (ငြိမ်းချမ်းအောင်) လုပ်နိုင်မှာလဲ။"

လင်းယန် ခေါင်းငုံ့ကာ စဉ်းစားလိုက်သည်။ စစ်သားများတွင် အနည်းနှင့်အမျှ သန့်ရှင်းရေးကို အစွဲအလမ်းကြီးသည့်ရောဂါ ရှိတတ်သည်ကို သူ သိထားပါသည်။ သို့သော်... ဤမျှလောက်အထိ သန့်ရှင်းအောင် လုပ်ပစ်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ နောက်ဆိုလျှင် ရွှံ့ပေနေသော ဖိနပ်ဖြင့် ရွာထဲ ပြန်ဝင်လာရန်ပင် သူ အားနာနေမိပြီ။

ထို့အပြင်... ထိုစစ်သားများသည် အထီးကျန် အဘိုးအဘွားများ၏ အိမ်များသို့ သွားရောက်ကာ သန့်ရှင်းရေး ကူညီလုပ်ပေးနေသည်ကို သူ မြင်လိုက်ရသည်။ ရှုပ်ပွနေသော ခြံဝင်းများမှာ ဖုန်တစ်စက်မျှ မရှိအောင် သန့်ရှင်းသွားခဲ့လေပြီ။

'ဒါက ပြည်သူ့တပ်မတော် ဆိုတာပဲ ဖြစ်မယ်'

လင်းယန်လည်း ဤကဲ့သို့သော စည်းကမ်းသေဝပ်မှုအပေါ် အနည်းငယ် စိတ်လှုပ်ရှားသွားရသည်။ သူ့ရင်ထဲတွင် လေးစားမှုများ အလိုလို ဖြစ်ပေါ်လာခဲ့သည်။

"ဘယ်လိုလဲ ကောင်လေး... စစ်တပ်ထဲ ဝင်ရတာ မဆိုးဘူး မဟုတ်လား?"

လင်းယန်က အမြန်လက်ကာပြလိုက်သည်။

"ကျွန်တော် တစ်ခါမှ သဘောမတူခဲ့ပါဘူး။"

"ဒီစစ်သား တစ်ရာလောက် ရောက်လာကတည်းက၊ ဒီချင်းရှန်းရွာက စစ်တပ်စခန်းတစ်ခု ဖြစ်သွားပြီလေကွာ..."

***

စူပါ-ဖမ်း(SFS)

SFS 96

အခန်း ၉၆ ။ အပြည့်အဝ အလိုအလျောက် စိုက်ပျိုးရေး စိတ်ကူး

တပ်ခွဲ ၆ ရောက်ရှိလာခြင်းက ချင်းရှန်းရွာတစ်ခုလုံး၏ပုံရိပ်ကို ကြီးမားစွာ ပြောင်းလဲသွားစေခဲ့သည်။ တကယ်ကို လွန်မင်းစွာ သန့်ရှင်းသပ်ရပ်လွန်းနေသည်။ ထို့အပြင် ဤစစ်သားများ၏ ပုံမှန်လုပ်ရိုးလုပ်စဉ်များကိုလည်း လင်းယန် သတိထားမိလိုက်သည်။ အချိန်မရွေး သူတို့က လုံလောက်သော သတိဝီရိယကို အမြဲတမ်း ထားရှိကြသည်။ ဤလူတစ်ရာခန့်အနက် လင်းယန်နှင့်အတူ တကယ်တမ်း လယ်ဆင်းစိုက်မည့်သူမှာ အယောက်သုံးဆယ်ခန့်သာ ရှိသည်။ ထိုအယောက်သုံးဆယ်ကလည်း အလှည့်ကျစနစ်ဖြင့် လုပ်ဆောင်ကြခြင်း ဖြစ်သည်။ လင်းယန် စဉ်းစားခန်း ဝင်သွားသည်။

"အဘိုးစူး... သူတို့ကို ရွာအဝင်လမ်းဝမှာ စောင့်ခိုင်းထားလိုက်ရင် ဘယ်လိုလဲ?" ဟု လင်းယန်က မေးလိုက်သည်။

မနေ့က ချင်စုစုတို့နှင့် စကားပြောပြီးကတည်းက ပရိသတ်အများအပြား ရောက်လာခဲ့ကြကြောင်း သူ သိထားပြီး ဖြစ်သည်။ သို့သော် ထိုသူများ အားလုံးကို မိန်းကလေးများက နည်းလမ်းပေါင်းစုံသုံးကာ လှည့်စားမောင်းထုတ်ခဲ့ကြသည်။ ထိုသို့ မောင်းထုတ်ရခြင်းမှာ လာသမျှ ပရိသတ်အများစုက မိန်းကလေးတွေချည်း ဖြစ်နေခြင်းကြောင့်တော့ လုံးဝ မဟုတ်ရပါ! သို့သော် လင်းယန်က ပြဿနာကို အမြစ်ပြတ် ဖြေရှင်းချင်နေသည်။ အရင်တစ်ခေါက် စားသောက်တန်းလမ်းမပေါ်တွင် ဖြစ်ခဲ့သလို၊ လူတွေ ဝိုင်းအုံလာပြီး မျောက်တစ်ကောင်လို အငေးခံရသည့် မြင်ကွင်းမျိုးကို သူ ထပ်မကြုံချင်တော့ပေ။ ဤသည်မှာ သူ လုံးဝ မမြင်တွေ့လိုသော မြင်ကွင်းပင်။

"သူတို့က မင်းစကားကိုပဲ နားထောင်မှာ။ မင်း ဘာလုပ်ခိုင်းခိုင်း သူတို့ လုပ်ကြလိမ့်မယ်" ဟု အဘိုးစူးက ပြန်ဖြေသည်။

လင်းယန် မျက်နှာ ရှုံ့မဲ့သွားပြီး- "ကျွန်တော်က လယ်ပဲ စိုက်ချင်တာ"

"လယ်စိုက်တာနဲ့ စစ်သားလုပ်တာက တစ်ခုနဲ့တစ်ခု ဆန့်ကျင်နေတာမှ မဟုတ်တာ။ ရှေးခေတ်က စစ်သည်တော်တွေဆိုရင်လည်း လယ်စိုက်ကြတာချည်းပဲ"

"ကျွန်တော်က စစ်လည်း မတိုက်ချင်ဘူး"

"ခေတ်သစ် စစ်ပွဲတွေမှာ လှံစွပ်တပ်ပြီး အသေခံ ထိုးခုတ်ရတဲ့ အကြမ်းပတမ်းတွေ မရှိတော့ပါဘူးကွာ။ စစ်ဆင်ရေး အခန်းထဲမှာ ထိုင်နေပြီး၊ လေယာဉ်တွေ၊ ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ အရင် ရှင်းလင်းပစ်တာ။ နောက်ဆုံးကျမှ ခြေလျင်တပ်တွေက စစ်မြေပြင်ကို ဝင်ရှင်းရတာလေ။ ငါတို့ နိုင်ငံရဲ့ အင်အားကလည်း တက်လာပြီဆိုတော့ လုံးဝကို ရင်ပေါင်တန်းနိုင်နေပြီ။"

လင်းယန်၏ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားရသည်။ အဘိုးစူး ပြောသည်မှာ အမှန်ပင်ဖြစ်သည်။ ခေတ်သစ် စစ်ပွဲများဆိုသည်မှာ လေယာဉ်တင် သင်္ဘောများ၊ တိုက်လေယာဉ်များ၊ ဒုံးကျည်များနှင့် တင့်ကားများကဲ့သို့သော ခေတ်မီ လက်နက်သစ်များ၏ တိုက်ပွဲသာ ဖြစ်သည်။ စစ်သားများ ကိုယ်တိုင် ရှေ့တန်းထွက်ပြီး ထိုးစစ်ဆင်ရမည့် နေရာမျိုးက အလွန် ရှားပါးသွားပြီ ဖြစ်သည်။ မည်သို့ပင်ဆိုစေ တရုတ်နိုင်ငံ၏ လေ့လာစံထားရာ ပစ်မှတ်မှာ ဤနယ်ပယ်တွင် အထွတ်အထိပ်သို့ ရောက်နေပြီဖြစ်သော အမေရိကန်ပင် မဟုတ်လား။ စက်မှုလုပ်ငန်းလွှမ်းမိုးသော စစ်ပွဲဆိုသည်မှာ အရင်းအမြစ် စတေးမှုသာ ဖြစ်ပြီး၊ ကိုယ်တွင်းအင်အားကို ယှဉ်ပြိုင်ကာ ဘယ်သူက အရင် တောင့်မခံနိုင်တော့ဘူးလဲ ဆိုတာကို ကြည့်ရခြင်းဖြစ်သည်။ ဤခေတ်ကြီးတွင် မည်သူကမျှ စစ်မတိုက်ချင်ကြတော့ပေ။ ကုန်ကျစရိတ်က အရမ်းကြီးမားလွန်းလှသည်။

"ဒါတွေက ကျွန်တော် ဒုတိယဗိုလ် လုပ်ရမယ့်ကိစ္စနဲ့ ဘာမှမဆိုင်ပါဘူး"

"ဘာလဲ? ရာထူးနိမ့်နေလို့လား? မင်းသာ ဒီမြေပဲတွေကို သေချာ စိုက်ပေးမယ်ဆိုရင် မင်းကို ဗိုလ်အထိ ရာထူးတိုးပေးမယ်!"

"အဘိုးစူး... ကျွန်တော့် မြေပဲကနေ ထွက်တဲ့ဆီကို လေယာဉ်ဆီထဲ ရောထည့်လို့ ရတယ်ဆိုပေမဲ့၊ တကယ်ရော ပြဿနာမရှိနိုင်ဘူးဆိုတာ သေချာလို့လား? နောက်ပြီး ရောထည့်နိုင်တဲ့ ပမာဏကရော ဘယ်လောက်များများ ရမှာမို့လို့လဲ?"

အဘိုးစူး၏ အကြည့်များက အလွန် လေးနက်တည်ကြည်သွားပြီး... "၁၅ ရာခိုင်နှုန်း ဝန်းကျင်လောက် ရတယ်။ ဒါပေမဲ့ အထူးအခြေအနေမျိုးမှာ ဆိုရင် ၅၀ ရာခိုင်နှုန်း အထက်အထိ ရောစပ်လို့ ရတယ်။ ပြီးတော့ ငါတို့ တွေ့ရှိထားတာက ဒီမြေပဲဆီရဲ့ သက်တမ်းက ရိုးရိုး လေယာဉ်ဆီထက်တောင် ပိုရှည်သေးတယ်" ဟု ပြန်ဖြေလိုက်သည်။

လင်းယန် လျှာလေး သပ်လိုက်မိသည်။ အဘိုးစူးက ဆက်လက်၍...

"ကောင်လေး... တိုက်လေယာဉ်တွေက ပိုက်ဆံ ဘယ်လောက်ကုန်လဲဆိုတာ မင်း မသိပါဘူး။ တစ်နာရီ ပျံသန်းဖို့အတွက်ကိုတင် လောင်စာဆီ ၂ တန်လောက် လိုတယ်။ တခြား စက်ပစ္စည်း ပွန်းပဲ့ပျက်စီးမှုတွေကိုပါ ထည့်တွက်လိုက်ရင် တစ်နာရီကိုတင် ယွမ် သိန်း ၂၀ လောက် လွင့်သွားတာပဲ။ အဲ့ဒါက လက်နက်တွေ အသုံးပြုမယ့် ကုန်ကျစရိတ်ကို မထည့်တွက်ရသေးဘူးနော်။ တကယ်လို့ မင်းရဲ့ မြေပဲဆီကိုသာ လေယာဉ်ဆီထဲ တစ်စိတ်တစ်ပိုင်း ရောစပ်လို့ ရမယ်ဆိုရင် ပျံသန်းမှု ကုန်ကျစရိတ်တွေ အများကြီး လျော့ကျသွားလိမ့်မယ်။ တကယ့်ကို ကောင်းမွန်တဲ့ ကိစ္စကြီးပဲ။ ဒါကြောင့် မြေပဲတွေကို သေသေချာချာ ဂရုစိုက်ပြီး စိုက်ပေးပါကွာ" ဟု အသေအချာ မှာကြားလေသည်။

လင်းယန် အနည်းငယ် ထိတ်လန့်သွားသည်။ ဒုံးကျည်တစ်လုံး ပစ်လွှတ်လိုက်သည် ဆိုသည်မှာ BMW ကားတစ်စီး လေထဲ လွင့်ထွက်သွားခြင်းနှင့် အတူတူပင်ဖြစ်ကြောင်း သူ ကြားဖူးထားသည်။ သေချာသည်မှာ ထိုဒုံးကျည်က အလွန် ရိုးရှင်း သာမန် ဒုံးကျည်မျိုးကို ဆိုလိုခြင်းဖြစ်သည်။

စစ်ဘက်ဆိုင်ရာ စက်မှုလုပ်ငန်း ဆိုသည်မှာ ပိုက်ဆံ အကုန်ဆုံး နေရာပင် ဖြစ်သည်။ သူ၏ လက်ရှိ ပိုင်ဆိုင်မှုများဖြင့်ဆိုလျှင် အဆင့်အမြင့်ဆုံး တိုက်လေယာဉ် နှစ်စင်းခန့်ကို မနည်း ဝယ်ယူနိုင်လောက်သည်။ သေချာသည်မှာ... ဝယ်နိုင်လျှင်တောင် ရေရှည်ထိန်းသိမ်းစရိတ်ကို တတ်နိုင်မည် မဟုတ်သော အမျိုးအစား ဖြစ်ပေမည်။

သို့သော် ဤအရာများက တွေးလွန်နေခြင်း သက်သက်သာ ဖြစ်သည်။ သူ ဝယ်ချင်လျှင်တောင် မည်သူကမျှ ရောင်းပေးမည် မဟုတ်ပေ။

"အဘိုးခေါ်လာတဲ့ စစ်သားတွေ ဒီလောက် အများကြီးဆိုတော့ လယ်စိုက်ဖို့က ကောင်းကောင်းကြီး လုံလောက်နေပါပြီ" ဟု လင်းယန်က ပြောလိုက်သည်။

နောက်ဆုံးတွင် လင်းယန်သည် စစ်သားဆယ်ယောက်ခန့်ကို ခေါ်ထုတ်ကာ ရွာအဝင်ဂိတ် ကိစ္စကို စီစဉ်ခိုင်းလိုက်သည်။ မည်သို့ပင်ဆိုစေ ယခု ဤနေရာတွင် စစ်သားများ အများအပြား တပ်စွဲထားသည့်အပြင်၊ မြေပဲကိစ္စပါ ပါဝင်ပတ်သက်နေပြီဖြစ်ရာ လူများအများအပြား လာရောက် လည်ပတ်ကြည့်ရှုရန် မသင့်တော်တော့ပေ။ ချင်စုစုတစ်ယောက်တည်းကို အားကိုးပြီး လူတွေကို အပြင်သို့ တွန်းထုတ်နေရသည်ကလည်း ရေရှည်အတွက် အဆင်မပြေလှပေ။

တစ်ချိန်တည်းမှာပင် နောက်ထပ် စစ်သား အယောက်သုံးဆယ်ကို ထပ်မံခေါ်ထုတ်ကာ လယ်မြေများ ပြင်ဆင်ရန် စေခိုင်းလိုက်သည်။ သေချာစွာ ပြင်ဆင်ထားသော လယ်မြေမှသာလျှင် သင့်တော်သော အချိန်တွင် မြေပဲမျိုးစေ့များကိုချရန် သင့်တော်မည် ဖြစ်သည်။ လင်းယန်ကတော့ သဘာဝကျကျပင် အလုပ်အားလုံးကို လွှဲချထားသော သူဌေးကြီးနေရာတွင်သာ နေလိုက်တော့သည်။

သေချာသည်မှာ စနစ်ထဲမှ အဆက်မပြတ် ထွက်ပေါ်လာသော အသိပေးချက်များကတော့ သူ့ကို အလွန်အမင်း ပျော်ရွှင်ကြည်နူးစေခဲ့သည်။

[သင်သည် မြေတစ်ဧကကို အောင်မြင်စွာ ပြင်ဆင်နိုင်ခဲ့သဖြင့် ဆုကြေး + 200,000 ရရှိပါသည်။]

[သင်သည် မြေတစ်ဧကကို အောင်မြင်စွာ ပြင်ဆင်နိုင်ခဲ့သဖြင့် ဆုကြေး + 200,000 ရရှိပါသည်။]

လင်းယန် အလွန် ပီတိဖြစ်သွားသည်။ ဤ ဧက ၂၀၀ လုံးကို ပြင်ဆင်ပြီးသွားပါက ဝင်ငွေ သန်း ၄၀ ရရှိမည် ဖြစ်သည်။ သေချာသည်မှာ ငွေကြေးယူနစ်က အမေရိကန်ဒေါ်လာ ဖြစ်နေဆဲပင်။ ဤစစ်သားများ၏ အလုပ်လုပ်နိုင်စွမ်းမှာ အလွန် မြင့်မားလှသည်ဟုလည်း ချီးကျူးမိသည်။

သို့သော် မကြာသေးမီက အမေရိကန်ဒေါ်လာတန်ဖိုး အနည်းငယ် ကျဆင်းလာသည်ကိုတော့ လင်းယန် အနည်းငယ် နှမြောတသ ဖြစ်မိသည်။ ကံကောင်းသည်မှာ နိုင်ငံတကာ သုံးငွေဖြစ်နေဆဲဖြစ်ပြီး၊ ဒေါ်လာဖြင့် ဝယ်ယူနိုင်သော ကုန်ပစ္စည်းများမှာ အလွန် များပြားနေဆဲပင်။ ပြည်တွင်းငွေကြေးသို့ လဲလှယ်ရာတွင်လည်း ဘာအခက်အခဲ အတားအဆီးမျှ မရှိချေ။ မည်သို့ပင်ဆိုစေ ထိုဒေါ်လာများကို ကိုင်ဆောင်ထားခြင်းဖြင့် နိုင်ငံတကာ ကုန်စည် အများအပြားကို ဝယ်ယူနိုင်ဆဲ ဖြစ်သည်။ ဘယ်သူကများ ပိုက်ဆံကို ငြင်းဆန်မှာမို့လို့လဲ?

'ဒီ ဧက ၂၀၀ လုံး စိုက်လို့ပြီးသွားရင်... ငါ့ရဲ့ ပိုင်ဆိုင်မှုက ယွမ် ဘီလီယံ ၂၀ (ဒေါ်လာ သန်း ၃၀၀ ဝန်းကျင်) ကို ကျော်သွားလောက်ပြီ။' ဟု တွေးကာ လင်းယန် ခေါင်းယမ်းလိုက်သည်။

ယွမ် ဘီလီယံ ၂၀ ဆိုသည်မှာ သေးငယ်သော ကိန်းဂဏန်း မဟုတ်ပေ။ နွန်ခရိုင် တစ်ခုလုံးတွင်ဆိုလျှင် သူဌေးများထဲမှ သူဌေးကြီးအဖြစ် သတ်မှတ်၍ရနေပြီဖြစ်သည်။ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကြည့်လျှင်တောင်မှ ဤမျှ ပိုင်ဆိုင်မှုရှိသူ အရေအတွက် သိပ်မများလှချေ။ သို့သော် သေချာ ပြန်တွေးကြည့်လျှင်လည်း ယွမ် ဘီလီယံ ၂၀ ဆိုသည်မှာ ထင်သလောက်ကြီး မဟုတ်သေးပေ။ ဒရုန်းကုမ္ပဏီတစ်ခု၏ ရှယ်ယာများကို ဝယ်ယူရန်ပင် လောက်ငမည် မဟုတ်ချေ။

ယခုအချိန်အထိ၊ စိုက်ပျိုးရေးလုပ်ငန်းစဉ် တစ်ခုလုံးကို အပြည့်အဝ အလိုအလျောက်ပြုလုပ်မည့် စိတ်ကူးကို လင်းယန် စွန့်လွှတ်ရခြင်း မရှိသေးပေ။ မည်သို့ပင်ဆိုစေ စက်ယန္တရားများကို အသုံးပြု၍ စိုက်ပျိုးပါက လင်းယန်အနေဖြင့် ဆုကြေး အပြည့်အဝရရှိမည်ဖြစ်သည်။ အကယ်၍ လူအင်အားကို အသုံးပြု၍ စိုက်ပျိုးပါက လင်းယန်၏ ဆုကြေးများမှာ တစ်စိတ်တစ်ပိုင်း ဖြတ်တောက်ခံရမည်ဖြစ်သည်။ ပိုမို များပြားသော ငွေကြေးများကို ရှာဖွေချင်ပါက အပြည့်အဝ အလိုအလျောက် စိုက်ပျိုးသည့် စနစ်က မဖြစ်မနေ လိုအပ်နေပြီ! အိမ်တွင် အေးအေးဆေးဆေး ထိုင်ရင်း ခလုတ်အနည်းငယ် နှိပ်လိုက်ရုံဖြင့်၊ ထိုစက်ယန္တရားများက နေ့ရောညပါ လယ်ကွင်းထဲတွင် သွားရောက် အလုပ်လုပ်ပေးနေမယ်! တွေးကြည့်ရုံနှင့်ပင် တကယ့်ကို သာယာလွန်းလှသည်။

"စိုက်ပျိုးရေးကို ခေတ်မီအောင်လုပ်ရမယ့် လမ်းခရီးက တာဝန်ကြီးပြီး လျှောက်ရမယ့်လမ်းက အဝေးကြီးပါလား!" ဟု လင်းယန် ညည်းတွားလိုက်သည်။

လင်းယန်၏ရင်ထဲတွင် သက်ပြင်းချမှုများဖြင့် ပြည့်နှက်နေသည်။ ဤကဲ့သို့ အပြည့်အဝ အလိုအလျောက် စိုက်ပျိုးထုတ်လုပ်သည့် နည်းလမ်းသည်သာ စစ်မှန်သော အနာဂတ် ဖြစ်သည်ဟု သူ ယူဆသည်။ သို့သော် ဤအရာကို အကောင်အထည်ဖော်ရန် ငွေကြေးမည်မျှ ရင်းနှီးမြှုပ်နှံရမည် ဆိုသည်ကတော့ မိုးပေါ်က ကိန်းဂဏန်းတစ်ခု ဖြစ်နိုင်ပေသည်။ သို့သော် ကံကောင်းသည်က လင်းယန်၏ဝင်ငွေမှာ ဘယ်သောအခါမှ မနည်းပါးခဲ့ချေ။ ဤမျှ ငွေကုန်ကြေးကျများသော ကိစ္စမျိုးကို သူ အပြည့်အဝ ကစားနိုင်စွမ်းရှိသည်။ တစ်ခုတည်းသော ပြဿနာကတော့ ထိုနယ်ပယ်အတွက် လိုအပ်သည့် ကျွမ်းကျင်ပညာရှင်များ မရှိသေးခြင်းပင်။

'ကျန်းနန်စိုက်ပျိုးရေးတက္ကသိုလ်ရဲ့ နည်းပညာတွေက သီးနှံတွေ မျိုးစပ်ပျိုးထောင်တဲ့ နေရာမှာပဲ ဗဟိုပြုထားတာ။ စက်ယန္တရားနဲ့ စိုက်ပျိုးရေးအပိုင်းမှာတော့ သာမန်အဆင့်လောက်ပဲ ရှိတယ်။ ပညာရှင်တွေ တကယ် လိုအပ်နေတာပဲ'

လင်းယန် အနည်းငယ် ခေါင်းခဲနေမိသည်။ တစ်ချိန်တည်းမှာပင် သူ လယ်ကွင်းထဲ၌ အချိန်အကြာကြီး ဆက်မနေတော့ပေ။ ထိုစစ်သားများက အလုပ်အားလုံးကို သေသေချာချာ ဆောင်ရွက်ကြလိမ့်မည်။ မည်သို့ပင်ဆိုစေ လာကတည်းက သူတို့ သိထားပြီးသားဖြစ်သည်။ ဤမြေပဲက ကြည့်ရသည်မှာ အလွန် ရိုးရှင်းသည်ဟု ထင်ရသော်လည်း၊ တကယ်တမ်းတွင် စစ်တပ်၏ လျှို့ဝှက်ချက်နှင့် သက်ဆိုင်နေခြင်း ဖြစ်သည်။ ထို့ကြောင့်ပင် ဤသို့ ခေါ်ယူချထားခြင်း ခံရခြင်းဖြစ်သည်။ အများစုမှာ အထက်တန်းအဆင့်များသာ ဖြစ်ကြသည်။ အနည်းငယ်တော့ လွန်ကဲဇိမ်ကျလွန်းသည်ဟု ဆိုနိုင်သော်လည်း၊ ဤကဲ့သို့ အစပျိုးသည့် အဆင့်တွင် လျှို့ဝှက်ချက်များနှင့်ပါ ပတ်သက်နေသဖြင့် ဤသို့လုပ်ဆောင်ခြင်းမှာ အလွန်လိုအပ်လှသည်။

မြင်းနက်ကလေး ဝူးယာကို ဆွဲကာ အေးအေးဆေးဆေး လမ်းလျှောက်နေရင်း... သူကိုယ်သူ မြေရှင်ကြီး တစ်ယောက်နှင့် ပိုပိုတူလာသည်ဟု လင်းယန် ခံစားနေရသည်။

'အပြည့်အဝ အလိုအလျောက် စိုက်ပျိုးရေး စနစ်ကိုတော့ အစီအစဉ်ဆွဲပြီး အကောင်အထည်ဖော်မှ ရတော့မယ်'

လင်းယန်က ဤကိစ္စသည် တကယ်ကို လုပ်သင့်လုပ်ထိုက်သော အရာတစ်ခုဟု ယူဆသည်။ ပြည်တွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းအတွက် ကြီးမားလှသော အကျိုးပြုမှုတစ်ခုလည်း ဖြစ်လာမည် မဟုတ်လား။

'လောင်ဝမ်ကို သွားရှာပြီး သူ့မှာများ အဆက်အသွယ်တွေရှိမလား မေးကြည့်ရမယ်' ဟု လင်းယန် ဆုံးဖြတ်လိုက်သည်။

လောင်ဝမ်သည် စိုက်ပျိုးရေးလောကတွင် နှစ်ပေါင်းများစွာ နစ်မြုပ်လုပ်ကိုင်ခဲ့သဖြင့် သူ၏ ဩဇာလွှမ်းမိုးမှုမှာ အလွန်ကြီးမားကြောင်း လင်းယန် ရှင်းလင်းစွာ သိထားသည်။ ဖြစ်နိုင်သည်မှာ သူ၏ထံမှတစ်ဆင့် အပြည့်အဝ အလိုအလျောက် စိုက်ပျိုးရေးစနစ်နှင့် ပတ်သက်သည့် လမ်းစတစ်ခုကို ရှာဖွေနိုင်လိမ့်မည်။

သို့သော်... လောင်ဝမ် ပေးလိုက်သော အဖြေက လင်းယန်ကို အလွန်အမင်း အံ့အားသင့်သွားစေခဲ့သည်။

All Chapters