အခန်း (၁၆၀၇-၁၆၀၈)
Vol. 115 Ch. 1607-1608
အခန်း (၁၆၀၇) ဆင်းသက်လာသောဓားချက်
ဖုရှိဗျပ်စောင်း၏ ကျန်ရှိသော စောင်းကြိုးများအားလုံး တစ်ခုမကျန် ပြတ်တောက်သွားခဲ့ပြီ ဖြစ်သည်။
အလင်းရောင်များ တောက်ပသွားပြီး နောက်ထပ်ကနဦးကောင်းကင် အဋ္ဌဂံသင်္ကေတကားချပ်တစ်ခု ထပ်မံထွက်ပေါ်လာသည်။
ထိုကားချပ်ကြီးက ကောင်းကင်တစ်ခွင် ဖုံးလွှမ်းသွားကာ ပတ်ဝန်ကျင်းတစ်ခုလုံးအား ဝါးမျိုသွားပြီး အစိမ်းရောင်ကြာပန်းမှာလည်း ပြန်လည်ငြိမ်သက်သွားသည်။
တိုက်ပွဲကတော့ ဆက်လက်ပြင်းထန်နေဆဲပင်။
နောက်ဆုံးစောင်းကြိုး ပြတ်တောက်သွားသည်ကိုတွေ့မြင်သည်နှင့် တာအိုကျင့်ကြံသူများနှင့် နတ်မစ္ဆာများက အချိန်အလွန်နည်းနေပြီဖြစ်ကြောင်း သဘောပေါက်လိုက်သည်။
မကြာမီအချိန်အတွင်း အော်မီတော်ဖော်ဗုဒ္ဓ ဤနေရာသို့ သက်ဆင်းလာပေတော့မည်။
ထိုသို့ဖြစ်လာလျှင် အင်အားစု (၃)ခုကြားမှ တိုက်ပွဲသည်လည်း ယခုထက်ပိုပြီး ရှုပ်ထွေးကာ ပြင်းထန်လာပေမည်။
ချီထျန်းမဟာသူတော်စင်၊ မဟာမာရူယိ၊ မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓ၊ စောမင်ကျန့်၊ ဖန်းယွင်ရှန်း၊ ယွမ်ဟုန်၊ ယန်ကျန်း၊ တိမ်မြူမိုင်တစ်သောင်းမဟာဂဠုန်၊ တိုက်တိုင်းအောင်ဗုဒ္ဓ၊ မဟာဉာဏ်အလင်းဗောဓိသတ္တ၊ ရန်တိ၊ ဂုဏ်ရောင်ထည်ဝါဗုဒ္ဓ...
လူတိုင်းက ရှုပ်ထွေးသောတိုက်ပွဲကြီးအတွင်းသို့ ဝင်ရောက်လိုက်ကြသည်။
ချီထျန်းမဟာသူတော်စင်ကြောင့် ဒဏ်ရာရထားသော တာအိုသခင်’လုယာ’ သည်ပင် သူ့ကိုယ်ပေါ်မှ ဒဏ်ရာများကို အရေးမစိုက်နိုင်တော့ဘဲ အံတင်းတင်းကြိတ်ကာ တိုက်ပွဲအတွင်းဝင်ရောက်ရန် ပြင်ဆင်လိုက်သည်။
တောင်ပိုင်းချန်စန်းဧကရာဇ်နှင့် မြောက်ပိုင်းကြယ်စင်ဧကရာဇ်တို့မှာလည်း ရောင်စဉ်ငါးမျိုးအလင်းတန်းများ၏ ချုပ်နှောင်မှုမှ လွတ်မြောက်သွားပြီ ဖြစ်သည်။
သူတို့က အချိန်မဆွဲဘဲ တာအိုသခင်’လုယာ’ ကို အလျှင်အမြန်ပင်တားဆီးလိုက်ပြီး ဂုဏ်ရောင်ထည်ဝါဗုဒ္ဓ၊ ခြင်္သေ့နတ်ဘုရား၊ ခေါင်းကိုးလုံးပိုးကောင်နှင့် အခြားသူများကိုပါ တိုက်ခိုက်လိုက်ကြသည်။
နတ်ဘုရားသုတ်သင်အစီအရင်ထဲမှာတော့ ဝူတန့်မယ်တော်က သေလုမျောပါးဖြစ်နေသည့်တိုင် အားယူကာ ထထိုင်လိုက်သည်။
သူမ၏ စွမ်းအားရောင်ဝါက အလွန်အားနည်းနေပြီး အချိန်မရွေး သေဆုံးသွားနိုင်သည့် အခြေအနေသို့ ရောက်ရှိနေသည်။
ကောင်းချင်းရွှမ်က ချင်းဖိန်ဓားကိုအသုံးပြုကာ နတ်ဘုရားအဆုံးသတ်ဓားတွင် ကျန်ရှိနေသေးသည့် ကျောက်စိမ်းရောင်အလင်းတန်းများကို သန့်စင်နေသည်။
တစ်ချိန်တည်းမှာပင် ရန်ကျောက်ကဲက ကောင်းချင်းရွှမ်၏ ကိုယ်ပွားနှင့်အတူ နတ်ဘုရားသုတ်သင်အစီအရင်ကို ဆက်လက်ထိန်းချုပ်လျှက် ရှိ၏။
ထိုအချိန် အနက်ရောင်ဝတ် တာအိုကျင့်ကြံသူတစ်ယောက် နတ်ဘုရားသုတ်သင်အစီအရင်အတွင်း ဝင်ရောက်လာပြီး ချီထျန်းမဟာသူတော်စင်နှင့် မဟာမာရူယိတို့၏ တိုက်ပွဲကို အကဲခတ်ကြည့်ရှုနေသည်။
တိမ်မြူမှောင်မိုက်နတ်ဘုရား ပြန်ရောက်လာခြင်းပင် ဖြစ်၏။
အစောပိုင်းက မဟာမာရူယိ၏ ခြိမ်းခြောက်မှုကြောင့် သူက အစီအရင်ထဲသို့ ဆက်မဝင်ဘဲ ဆုတ်ခွာသွားခဲ့သည်။
ယခု မဟာမာရူယိက ချီထျန်းမဟာသူတော်စင်နှင့် ရင်ဆိုင်နေရသဖြင့် တိမ်မြူမှောင်မိုက်နတ်ဘုရားက သူ၏ မူလရည်ရွယ်ချက်အတိုင်း ပြန်လည်ရောက်ရှိလာခြင်း ဖြစ်၏။
တာအိုသခင်’လုယာ’ ဒဏ်ရာအပြင်းအထန်ရထားသည့်တိုင် တောင်ပိုင်းချန်စန်းဧကရာဇ်နှင့် မြောက်ပိုင်းကြယ်စင်ဧကရာဇ်တို့မှာ သူ့ကို လျှော့မတွက်ရဲကြပေ။
ထို့ပြင် သူတို့က စန္ဒကူးဗုဒ္ဓနှင့် အခြားသူများကိုလည်း ရင်ဆိုင်နေကြရသည်။
တိမ်မြူမှောင်မိုက်နတ်ဘုရားက အခွင့်အရေးရည်နှင့် လက်လွှတ်မခံဘဲ နတ်ဘုရားသုတ်သင်အစီအရင်အတွင်းသို့ ပြန်ဝင်လာတော့သည်။
သူ၏ရည်ရွယ်ချက်က တိုက်ပွဲအရှိန်ကြောင့် အခြေအနေရှုပ်ထွေးနေသည်ကို အခွင့်ကောင်းယူပြီး အစီအရင်ကို လုယူရန် ဖြစ်သည်။
သို့သော် တိမ်မြူမှောင်မိုက်နတ်ဘုရား၏ လှုပ်ရှားမှုကိုမြင်သည်နှင့် ရန်ကျောက်ကဲက လှောင်ပြောင်ရယ်မောလိုက်သည်။
“တိမ်မြူမှောင်မိုက်နတ်ဘုရား... မင်းက အသက်ရှင်ဖို့ အခွင့်အရေးရှိပါလျက်နဲ့ ကိုယ့်သေတွင်းကိုယ်တူးနေတာပဲ”
“ဟမ်...”
အစီအရင်အတွင်း ခြေချလိုက်သည်နှင့် တိမ်မြူမှောင်မိုက်နတ်ဘုရား ပြင်းထန်သော သတ်ဖြတ်လိုသည့် အငွေ့အသက်များကို ခံစားလိုက်ရသည်။
သူက နတ်ဘုရားသုတ်သင်အစီအရင်ကို ကောင်းစွာနားလည်ထားသူဖြစ်သော်လည်း ယခုတော့ စိတ်ထဲတွင် သေမင်းအရိပ်အယောင်များ ကြီးစိုးလာသည်။
ဤခံစားချက်က သူ ပထမဆုံးအကြိမ် အစီအရင်ထဲသို့ ဝင်ရောက်စဉ်ကနှင့် လုံးဝ ခြားနားသည်။
အရင်က သူအစီအရင်ထဲသို့ ဝင်ရောက်ခဲ့စဉ် အစီအရင်ကို သူကိုယ်တိုင်မထိန်းချုပ်နိုင်သော်လည်း အခက်အခဲများကြားမှ ရှေ့တိုးလာနိုင်ခဲ့သည်။
ထိုစဉ်က သေမင်းနှင့်ရင်ဆိုင်ရသကဲ့သို့ ကြောက်မက်ဖွယ်ရာ အန္တရယ်မျိုးကို မခံစားခဲ့ရပေ။
ယခုတော့ ရန်ကျောက်ကဲစကားသံ အဆုံးသတ်သွားသည်နှင့် ပြန်လမ်းမရှိသော သေမင်းနယ်မြေအတွင်း ရောက်ရှိသွားသည့်ပမာ ခံစားလိုက်ရသည်။
တိမ်မြူမှောင်မိုက်နတ်ဘုရား ထိတ်လန့်တုန်လှုပ်သွားအချိန် အစီအရင်ထဲမှ ရွှေရောင်အလင်းတန်းများနှင့် မြေဝါရောင်မြူခိုးများ ထွက်ပေါ်လာကာ တံခါး(၄)ခုလုံး အသက်ဝင်လာသည်။
တံခါး(၃)ခုထက်တွင် နတ်ဘုရားသုတ်သင်ဓား၊ နတ်ဘုရားထောင်ချောက်ဓားနှင့် နတ်ဘုရားသတ်ဖြတ်ဓားတို့က အေးစိမ့်သောအလင်းတန်းများ ထုတ်လွှတ်လျှက် ပျံဝဲနေကြသည်။
ကျန်ရှိသော တံခါးတစ်ချက်ထက်မှာတော့ နတ်ဘုရားအဆုံးသတ်ဓား၏ ပုံရိပ်ယောင်က ပျံဝဲနေသည်။
ထိုခဏမှာပင် နတ်ဘုရားသုတ်သင်အစီအရင်တစ်ခုလုံး စတင်လည်ပတ်လာပြီး မည်သူမှ မယှဉ်နိုင်သော တန်ခိုးစွမ်းအားများ ထွက်ပေါ်လာသည်။
ယခင်က ယိမ်းယိုင်နေသောအခြေအနေ လုံးဝ ပျောက်ကွယ်သွားပြီ ဖြစ်၏။
“စောစောကပဲ မြစ်ဝါကိုးကွေ့အစီအရင်နဲ့ အကြိတ်အနယ် တိုက်နေတာ မဟုတ်ဘူးလား”
တိမ်မြူမှောင်မိုက်နတ်ဘုရား တစ်စုံတစ်ခုကို တွေးမိသွားပြီး သိသိသာသာပင် မျက်နှာအမူအရာ ပျက်ယွင်းသွားသည်။
ယခင်က ကြယ်စင်မြစ်ထဲတွင် တိုက်ခတ်နေသော အနက်ရောင်လေပြင်းများက လုံးဝနီးပါးကင်စင်သွားပြီဖြစ်သလို ကြယ်စင်မြစ်၏ နောက်ကျိနေသော ရေပြင်မှာလည်း ပိုမိုကြည်လင်လာပေပြီ။
ကြယ်စင်မြစ်ထဲမှ ကြယ်စင်များသည်လည်း မြစ်ရေပြင်ထဲတွင် ပေါ်လာလိုက် ပျောက်သွားလိုက်ဖြင့် လှိုင်းလေးများပမာ ရိုက်ခတ်နေကြသည်။
နတ်ဘုရားသုတ်သင်အစီအရင်က တစ်စတစ်စ ပိုမိုခိုင်မာလပြီး တန်ခိုးစွမ်းအားလည်း တဖြည်းဖြည်း မြင့်တက်လာနေပေပြီ။
ဆန့်ကျင်ဘက်အနေဖြင့် မြစ်ဝါကိုးကွေ့အစီအရင်ကတော့ ပိုပြီး အားနည်းလာနေပေပြီ။
ကြယ်စင်မြစ်ထဲတွင်တိုက်ပွဲဝင်နေသူတိုင်း ဤထူးခြားပြင်းထန်သော အပြောင်းအလဲကို သတိပြုလိုက်မိကြသည်။
ပတ်ဝန်းကျင်ကိုပင် ဂရုမစိုက်နိုင်ဘဲ တစ်ယောက်နှင့်တစ်ယောက် အငြိုးတကြီး သတ်ပုတ်နေကြသည့် ချီထျန်းမဟာသူတော်စင်နှင့် မဟာမာရူယိတို့ကို လှမ်းကြည့်လိုက်ပြီးနောက် အခြေအနေကို သူတို့ နားလည်သွားကြသည်။
နတ်ဘုရားသုတ်သင်အစီအရင်က နတ်ဘုရားသုတ်သင်ဓားလေးလက်ကိုအခြေခံပြီး အစီအရင်တည်ဆောက်ထားခြင်း ဖြစ်သည်။
မြစ်ဝါကိုးကွေ့အစီအရင်ကတော့ ကြယ်စင်မြစ်၏ ရေကြောတည်နေရာ အားသာချက်ကိုအသုံးပြုပြီး အစီအရင် တည်ဆောက်ထားခြင်း ဖြစ်သည်။
ကောင်းကင်နတ်ဘုရားအဆင့် အထွတ်ထိပ်တွင်ရှိနေသော တန်ခိုးစွမ်းအားရှင်နှစ်ယောက် အဆုံးမရှိ အပြင်းအထန် တိုက်ခိုက်ကြလေရာ တိုက်ပွဲလှိုင်းလုံးများကြောင့် ကြယ်စင်မြစ်ကြီး အစိတ်စိတ်အမွှာမွှာ ပြတ်တောက်သွားပြီး ဗလာနယ်သည်လည်း ပြိုကွဲပျက်ဆီးလျှက် ရှိသည်။
မြစ်ဝါကိုးကွေ့အစီအရင်ကို တာအိုအဆင့် တန်ခိုးစွမ်းအားရှင်ဖြစ်သော အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်က ဖန်တီးခဲ့ခြင်း ဖြစ်သည်။
သို့သော် သူကိုယ်တိုင် ဤနေရာတွင် ရှိမနေခဲ့ပေ။
ထို့ကြောင့် မြစ်ဝါကိုးကွေ့ အစီအရင်၏ အခြေခံအုတ်မြစ်က ဆက်တိုက်ဆိုသလိုပျက်ဆီးလာခဲ့ပြီး အစီအရင်၏စွမ်းအားကိုပါ ပြင်းထန်စွာ ထိခိုက်သွားခဲ့သည်။
အချိန်ကြာလာသည်နှင့်အမျှ နတ်ဘုရားသုတ်သင်အစီအရင်က အသာစီးရလာခဲ့ပြီး မြစ်ဝါကိုးကွေ့အစီအရင်ကို အပြတ်အသတ် ဖိနှိပ်ချေမှုန်းလိုက်နိုင်သည်။
အစီအရင်နှစ်ခုက အပြန်အလှန် တိုက်ခိုက်နေကြသည်ဖြစ်ရာ တစ်ဖက်က အားကောင်းလာသည်နှင့် ပြိုင်ဘက်ကို ဝါးမျိုချေမှုန်းပြီး ပစ်မှတ်ကို တိုက်ခိုက်ဖျက်ဆီးမည်သာ ဖြစ်သည်။
နတ်ဘုရားသုတ်သင်အစီအရင်က အားကောင်းလာလေ မြစ်ဝါကိုးကွေ့အစီအရင်က အားနည်းသွားလေ ဖြစ်သည်။
မြစ်ဝါကိုးကွေ့အစီအရင် အားနည်းသွားလေ နတ်ဘုရားသုတ်သင်အစီအရင်က အသာစီးရလေ ဖြစ်သည်။ အသာစီးရမှု ပိုမိုကြီးမားလာသည့်အခါ နောက်ဆုံး မြစ်ဝါကိုးကွေ့အစီအရင်က ခံနိုင်ရည်မရှိတော့ဘဲ ပြိုလဲသွားရသည်။
နတ်ဘုရားအဆုံးသတ်ဓား မရှိသေးသည့်တိုင် နတ်ဘုရားသုတ်သင်အစီအရင်က တာအိုအဆင့်အောက် မည်သည့်ပြိုင်ဘက်ကိုမဆို အကြီးအကျယ် ခြိမ်းခြောက်နိုင်စွမ်း ရှိနေဆဲပင်။
တိမ်မြူမှောင်မိုက်နတ်ဘုရား အလျင်စလိုရှေ့တိုးလာမိသည်ဖြစ်ရာ စွမ်းအားများ တဟုန်ထိုး မြင့်တက်လာနေသည့် နတ်ဘုရားသုတ်သင်အစီအရင်အတွင်းသို့ ခြေချမိသွားခဲ့သည်။
“ခဏလောက် လောဘတက်မိတာနဲ့ ငါ... အသက်ပေးရတော့မှာလား”
တိမ်မြူမှောင်မိုက်နတ်ဘုရားမှာ မတတ်သာသည့်အဆုံး သက်ပြင်းတစ်ချက်ချလိုက်ပြီး အနောက်သို့ အလျှင်အမြန်ပင် ဆုတ်ခွာလိုက်သည်။
အစီအရင်ထဲတွင် ရန်ကျောက်ကဲက စန့်ချင်အဆက်အနွယ် ဓားသိုင်းတစ်ခု ထုတ်ဖော်လိုက်သည်။
ဓားဝိညာဉ်က မိုးကြိုးအလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး တံခါးများထက်တွင်ရှိနေသည့် နတ်ဘုရားသုတ်သင်ဓားလေးလက်ထံသို့ ဝင်ရောက်သွားသည်။
မိုးကြိုးအရှိန်ကြောင့် နတ်ဘုရားသုတ်သင်ဓားလေးလက်လုံး တုန်ခါသွားပြီး စူးရှသောအလင်းတန်းများ ဖြာထွက်လာသည်။
ရက်စက်ကြမ်းတမ်းသော ဓားဝိညာဉ်များ ပျံ့နှံ့သွားသည်နှင့် ထိတ်လန့်ဖွယ်ရာ ဓားအလင်းတန်းများက မိုးစက်မိုးပေါက်များပမာ တိမ်မြူမှောင်မိုက်နတ်ဘုရားရှိရာသို့ တဟုန်ထိုးဝင်ရောက်သွားသည်။
ဤအပြောင်းအလဲကြောင့် တိမ်မြူမှောင်မိုက်နတ်ဘုရား အလွန်ထိတ်လန့်သွားပြီး သူ နားလည်ထားသည့် နတ်ဘုရားသုတ်သင်အစီအရင်အကြောင်းကို အားကိုးပြီး အစီအရင်အတွင်း ဟိုမှသည်မှ ရှောင်ကွင်းကာ ကျရောက်လာသော ဓားအလင်းတန်းများကို အလူးအလဲ ရှောင်တိမ်းနေရတော့သည်။
သူက စန့်ချင်အဆက်အနွယ်ဖြစ်ပြီး နတ်ဘုရားသုတ်သင်အစီအရင်ကို ဖတ်ရှုလေ့လာဖူးသော်လည်း ယခုတော့ သေမင်းနှင့်လက်တစ်ကမ်းသို့ ရောက်ရှိနေပေပြီ။
ကြယ်စင်မြစ်ထဲတွင် အနက်ရောင်ဝတ်စုံနှင့် တာအိုကျင့်ကြံသူပုံရိပ် ပျောက်ကွယ်သွားပြီး ရွှေရောင်မုတ်ဆိတ်နှင့် နဂါးခေါင်းပါသော ငါးကြီးတစ်ကောင် ထွက်ပေါ်လာသည်။
ထိုငါးကြီးက မြစ်ရေပြင်ထဲကျဆင်းလာသည့် တိုက်ခိုက်မှုများကို ပုန်းလျှိုးကွယ်လျှိုးဖြင့် ရှောင်တိမ်းနေလေသည်။
ရှောင်နေသည့်ကြားမှပင် ဓားအလင်းတန်းများ၏ပွတ်တိုက်ခြင်းခံရသဖြင့် အသားအရေများစုတ်ပြဲကာ သွေးချင်းချင်းနီနေတော့သည်။
နတ်ဘုရားသုတ်သင်အစီအရင် ပြင်ပမှာတော့ အဖြူရောင်ကြာပန်းသုခဘုံမှ ဗုဒ္ဓများနှင့် ချန်စန်းရှင်းဟိုင်မှ နတ်မိစ္ဆာများမှာ နတ်ဘုရားသုတ်သင်အစီအရင် ပြန်လည်ဦးမော့လာသည်ကို ငေးစိုက်ကြည့်ရင်း ကျောရိုးထဲအထိ စိမ့်သွားကြသည်။
နတ်ဘုရားအဆုံးသတ်ဓား မရှိသေးသည့်တိုင် ဤအစီအရင်သာ အပြည့်အဝ လည်ပတ်သွားပါက မဟာမာရူယိပင် အထဲသို့ ဇွတ်အတင်း ဝင်ရောက်ရဲတော့မည် မဟုတ်ပေ။
မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက ဗုဒ္ဓကျမ်းစာများကို တိုးလျစွာ ရွတ်ဖတ်လိုက်ပြီး ပင်လယ်ငြိမ်သက်ပုလဲ (၆)လုံးကို အရပ်လေးမျက်နှာသို့ပစ်လွှတ်ကာ ပျက်ဆီးလုနီးပါးဖြစ်နေသော ကောင်းကင်မြစ်ကို ပြန်လည်ပြုပြင်လိုက်သည်။
ပုလဲ(၆)လုံးနှင့် မလုံလောက်သည်ကိုမြင်တော့ သူက နောက်ထပ် ပုလဲ(၆)လုံးကိုပါ ထပ်မံထုတ်လွှတ်လိုက်သည်။
သို့သော် စောမင်ကျန့်၏ တိုက်ခိုက်မှုကလည်း အဆပေါင်းများစွာ ပိုမိုပြင်းထန်လာလေရာ မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓမှာ စောမင်ကျန့်ကို အာရုံစိုက်ပြီး ခုခံရပြန်သည်။
ဗုဒ္ဓဘာသာကိုယ်တော်များနှင့် နတ်မိစ္ဆာများက အချိန်ဆွဲနိုင်သမျှဆွဲထားပြီး တာအိုကျင့်ကြံသူများကို ဤနေရာတွင် ကြာကြာထိန်းထားရန် အစွမ်းကုန် ကြိုးစားနေကြသည်။
ဖုရှီဗျပ်စောင်း၏ နောက်ဆုံးစောင်းကြိုးမှ ဖန်တီးပေးထားသော ကနဦးကောင်းကင် အဋ္ဌဂံသင်္ကေတကားချပ်က တဖြည်းဖြည်း မှေးမှိန်လာပြီ ဖြစ်သည်။
ရန်ကျောက်ကဲက တံခါးတစ်ခုထက်တွင် ပျံဝဲနေသည့် နတ်ဘုရားသုတ်သင်ဓားကို ဆွဲယူလိုက်ပြီး တိမ်မြူမှောင်မိုက်နတ်ဘုရားရှိရာသို့ လျှောက်လှမ်းသွားသည်။
နတ်ဘုရားသုတ်သင်ဓား မူလရှိခဲ့သည့်နေရာတွင် ပုံရိပ်ယောင်ဓားတစ်လက် အစားထိုးထွက်ပေါ်လာသည်။ ယခု တံခါးများထက်တွင် ဓားအစစ်နှစ်လက် ၊ ပုံရိပ်ယောင်ဓားနှစ်လက်တို့ ပျံဝဲနေသည်။
ဓားအလင်းတန်းများက အဆက်မပြတ် အောက်သို့ကျဆင်းလာနေသဖြင့် တိမ်မြူမှောင်မိုက်နတ်ဘုရားမှာ အစီအရင်ထဲတွင် အရူးပမာ ပြေးလွှားနေရသည်။
သို့သော် အပြင်ပြန်ထွက်၍ မရတော့ပေ။
ရန်ကျောက်ကဲ၏ပုံရိပ်က ရိပ်ခနဲလှုပ်ရှားသွားပြီး တိမ်မြူမှောင်မိုက်နတ်ဘုရား၏ဘေးသို့ ရောက်ရှိလာသည်။ သူက နတ်ဘုရားသုတ်သင်ဓားကို ကိုင်မြှောက်ပြီး ရန်သူကို အားကုန်ထိုးစိုက်ချလိုက်သည်။
တိမ်မြူမှောင်မိုက်နတ်ဘုရားက အသည်းအသန် ရှောင်တိမ်းရန် ကြိုးစားသော်လည်း နတ်ဘုရားသုတ်သင်အစီအရင်ထဲတွင် သူနင်းနေကျ ခြေလှမ်းများက ချက်ချင်းပုံပျက်သွားသည်။
အစီအရင်ထဲတွင် မရေမတွက်နိုင်သော ရွှေရောင်အလင်းတန်းများတောက်ပသွားပြီး ၊ ထိုအလင်းတန်းများက တိမ်မြူမှောင်မိုက်နတ်ဘုရား၏ ခန္ဓာကိုယ်အား ဖောက်ထွင်းထွက်သွားသည်။
ရွှေရောင်မုတ်ဆိတ်နှင့် နဂါးခေါင်းရှိသော ဧရာမငါးကြီးမှာ တစ်စစီ ပြတ်တောက်လုနီးပါး ဖြစ်သွားသည်။
သူက နာကျင်စွာအော်ဟစ်လိုက်ပြီး နောက်ဆုံးလက်ကျန်အင်အားကိုစုစည်းကာ ရန်ကျောက်ကဲအား အတင်းဝင်ရောက် တိုက်ခိုက်လိုက်သည်။
ရန်ကျောက်ကဲက ဘေးသို့ အသာရှောင်တိမ်းလိုက်ပြီး လက်ထဲမှဓားကို ကိုင်မြှောက်လိုက်သည်။
စူးရှသော အစိမ်းရောင်ဓားအလင်းတန်းများ လက်ခနဲ တောက်ပသွားပြီး နဂါးခေါင်းငါးကြီး၏ ဦးခေါင်းပြတ်တောက်ကာ လွင့်စင်ထွက်သွားတော့သည်။
အခန်း (၁၆၀၈) ဒဏ္ဍာရီထဲမှ အကြမ်းတမ်းဆုံးအစီအရင်
ရန်ကျောက်ကဲက ဓားကိုခုတ်ပိုင်းချလိုက်ပြီး နတ်ဘုရားသုတ်သင်အစီအရင်ထဲမှာပင် တိမ်မြူမှောင်မိုက်နတ်ဘုရားကို သုတ်သင်ပစ်လိုက်သည်။
တစ်ချိန်က စန့်ချင်အဆက်အနွယ်၏ အဓိကပုဂ္ဂိုလ်တစ်ယောက်ဖြစ်ပြီး ယခု နတ်မိစ္ဆာမျိုးနွယ် မဟာသူတော်စင်တစ်ပါးမှာ အစီအရင်ထဲမှာပင် အသက်ပျောက်သွားရသည်။
ဤဖြစ်ရပ်က နတ်ဘုရားသုတ်သင်အစီအရင်၏ ရက်စက်ကြမ်းကြုတ်သော ဂုဏ်သတင်းကို ပိုမိုကြီးထွားစေခဲ့၏။
တိမ်မြူမှောင်မိုက်နတ်ဘုရားကို သတ်ဖြတ်ပြီးနောက် ရန်ကျောက်ကဲက လက်တစ်ဖက်ဝှေ့ယမ်းလိုက်ရာ နတ်ဘုရားသုတ်သင်ဓားက သတ်မှတ်ထားသည့် တံခါးထက်သို့ ပျံသန်းထွက်ခွာသွားသည်။
အစီအရင်ထဲတွင် ရွှေရောင်အလင်းတန်းများ ဖြာထွက်လာပြီး ဝါဂွမ်းပမာ တိမ်မြူများက တလိမ့်လိမ့်တက်လာသည်။ ခမ်းနားသည့်တံခါး(၄)ခုမှာလည်း မားမားမတ်မတ် ရပ်တည်လျှက်ပင်။
ထူထပ်လှသည့် သတ်ဖြတ်လိုသည့်အငွေ့အသက်များ ကောင်းကင်ထက်သို့ ထိုးတက်သွားပြီး စကြာဝဠာတစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားသည်။
အစီအရင်ထဲတွင် ကြမ်းတမ်းသော ဓားချီများ ပရမ်းပတာစီးဆင်းနေပြီး ဗလာနယ်ကိုပင် စုတ်ဖြဲပစ်နေသည်။
ကမ္ဘာဦးကာလ မြေ ၊ ရေ ၊ လေ ၊ မီး ဒြပ်စင်တို့၏ မူသဏ္ဌန်များသည်လည်း တဟုန်းဟုန်း လှုပ်ခတ်လျှက် ရှိသည်။
ဖန်ဆင်းရှင်၏ ကမ္ဘာမြေကြီးတစ်ခုလုံး ပျက်ဆီးသွားသကဲ့သို့ အရာအားလုံး အစိတ်စိတ်အမွှာမွှာပြိုကွဲကာ မူလသုညတ္တ အခြေအနေသို့ ပြန်လည်ရောက်ရှိတော့မည့်ပမာ ထင်မှတ်ရ၏။
မြင်ကွင်းက ကမ္ဘာဖျက်ကပ်ဘေး ဆိုက်ရောက်သည်နှင့်ပင် ဆင်တူသည်။
ဤသို့ ထိတ်လန့်တုန်လှုပ်ဖွယ်ရာ အခြေအနေနှင့် ရင်ဆိုင်ရသည့်တိုင် ရန်ကျောက်ကဲက တုန်လှုပ်ခြင်း မရှိပေ။
သူက ကြီးမားသော အစီအရင်ထဲတွင် တည်ငြိမ်စွာ မတ်တတ်ရပ်လျှက် ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်ရှုနေသည်။
ယခင်က နတ်ဘုရားသုတ်သင်အစီအရင်ထဲသို့ အပြိုင်အဆိုင်ဝင်ရောက်ရန် ကြိုးစားခဲ့ကြသော ဗုဒ္ဓများ ၊ မဟာနတ်မိစ္ဆာများအားလုံး ယခု မည်သူမှ မဝင်ရဲကြတော့ပေ။
ကောင်းကင်ဘုံများစွာမှထွက်ပေါ်လာသည့် ရက်စက်ကြမ်းတမ်းသော အမျက်ဒေါသရောင်ဝါများက ကြောက်မက်ဖွယ်ရာ အစီအရင်ထဲတွင် စုစည်းသွားကြသည်။
ထို့နောက် အလုံးစုံသုတ်သင်ရာ ချောက်နက်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ပြင်းထန်သော စုပ်အားဖြင့် အရာအားလုံးကို ဝါးမျိုပစ်တော့သည်။
နတ်ဘုရားသုတ်သင်အစီအရင်၏ လွှမ်းမိုးမှုအောက်တွင် စီးဆင်းနေသော ကြယ်စင်မြစ်နှင့် များပြားလှသော ကြယ်စင်စုတို့မှာ တဖြည်းဖြည်း ခမ်းခြောက်ပျက်သုဉ်းခြင်းဆီသို့ ဦးတည်သွားသည်။
ကြယ်စင်မြစ်ထဲတွင် ကျောက်စိမ်းအလင်းတန်းဖြင့် ဖွဲ့စည်းထားသည့် အင်းသင်္ကေတအချို့ ကျန်ရှိနေသေးသော်လည်း မှောင်မိုက်သည့်လေပြင်းများကတော့ ပျောက်ကွယ်သွားကာ မြစ်ရေသည်လည်း ညစ်ညမ်းမှုများမရှိတော့ဘဲ တဖန်ပြန်လည် ကြည်လင်လာသည်။
နတ်ဘုရားသုတ်သင်အစီအရင်က ၎င်း၏ အံမခန်းတန်ခိုးစွမ်းအားကို စတင်ထုတ်ဖော်လိုက်ချိန်တွင် မြစ်ဝါကိုးကွေ့အစီအရင်က ဆက်လက်တောင့်ခံနိုင်ခြင်းမရှိတော့ပေ။
ရက်စက်ကြမ်းတမ်းသည့် ဓားချီများက မြစ်ဝါကိုးကွေ့အစီအရင်ကို ထိုးဖောက်ဖျက်ဆီးပစ်လိုက်သည်။
နတ်ဘုရားသုတ်သင်အစီအရင်မှာ သမိုင်းတစ်လျှောက် အဆိုးဝါးဆုံးနှင့် အရက်စက်ဆုံး အစီအရင်ဟူသော ဂုဏ်သတင်းနှင့် ထိုက်တန်လှပေသည်။
အစီအရင်နှစ်ခု ထိပ်တိုက်တွေ့ပြီးနောက် အဆုံးသတ်တွင် နတ်ဘုရားသုတ်သင်အစီအရင်ကသာ အောင်ပွဲခံခဲ့သည်။
မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓ ကြယ်စင်မြစ်ကို တည်ငြိမ်အောင်ထိန်းရန် အသုံးပြုထားသည့် ပင်လယ်ငြိမ်သက်ပုလဲများသည်ပင် မမြင်ရသော စွမ်းအားတစ်ခုကြောင့် လွင့်ထွက်သွားသည်။
ရှေးဟောင်းဗုဒ္ဓမှာလည်း ကြည့်နေရုံမှတပါး ဘာမှမတတ်နိုင်ခဲ့ပေ။
အမတခုံရုံးမှ ကောင်းကင်နတ်ဘုရားဖြစ်သော ဗုံခရာကောင်းကင်ဘုံအရှင်၏ ပုံရိပ်မှာလည်း ပြန်လည်ပေါ်ထွက်လာသည်။ သူ၏မျက်နှာက ဖြူဖျော့နေပြီး စွမ်းအားရောင်ဝါကလည်း အားနည်းလျှက် ရှိသည်။
မြစ်ဝါကိုးကွေ့အစီအရင်က ဗုံခရာကောင်းကင်ဘုံအရှင်၏ အသက်ဓာတ်စွမ်းအားနှင့် ချိတ်ဆက်နေခဲ့သည်။ ထို့ကြောင့် မြစ်ဝါကိုးကွေ့အစီအရင် ပျက်ဆီးသွားသည့်အခါ သူလည်း ဒဏ်ရာအပြင်းအထန် ရရှိသွားပေသည်။
အဆိုးဆုံးကတော့ နတ်ဘုရားသုတ်သင်အစီအရင်ထဲတွင် ကောင်းချင်းရွှမ်က နတ်ဘုရားအဆုံးသတ်ဓားကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်ခြင်း ဖြစ်သည်။
နတ်ဘုရားသုတ်သင်ဓား၏ ဓားသွားအဖျားတွင်ကျန်ရှိသော ကျောက်စိမ်းရောင်အလင်းတန်းများက ပျောက်ကွယ်လုနီးပါး ဖြစ်နေပေပြီ။
ဝူတန့်မယ်တော် လှုပ်ရှားနိုင်ခြင်းမရှိသည့်တိုင် ရန်ကျောက်ကဲနှင့် ကောင်းချင်းရွှမ်တို့က ဘာဆက်လုပ်ရမည်ကို ကောင်းစွာနားလည်ထားသည်။
ကောင်းချင်းရွှမ်က လက်နှစ်ဖက်ကို ပင့်မြှောက်လိုက်ရာ နတ်ဘုရားအဆုံးသတ်ဓားက လေထုထဲတွင် ဝဲပျံရပ်တည်နေသည်။
ထို့နောက် ကောင်းချင်းရွှမ်က ချင်းဖိန်ဓားကိုဝှေ့ယမ်းပြီး လေထုထဲတွင်ရှိနေသော နတ်ဘုရားအဆုံးသတ်ဓားဆီသို့ ထိုးညွှန်လိုက်သည်။
နတ်ဘုရားအဆုံးသတ်ဓား တစ်ချက်တုန်ခါသွားပြီးနောက် နတ်ဘုရားသုတ်သင်အစီအရင်မှ ပုံရိပ်ယောင်ဓားဝိညာဉ် နေရာယူထားသော တံခါးထက်သို့ ပျံသန်းထွက်ခွာသွားသည်။
ရှေးခေတ် နတ်ဘုရားများအပ်နှင်းခြင်းကာလ ကုန်ဆုံးပြီးနောက် ယခုမှ နတ်ဘုရားသုတ်သင်ဓား (၄)လက်လုံး ၎င်းတို့၏ မူလနေရာသို့ ပြန်လည်ရောက်ရှိသွားကြခြင်းပင်။
နတ်ဘုရားအဆုံးသတ်ဓား နေရာမှန်သို့ ရောက်ရှိသွားသည်နှင့် နတ်ဘုရားသုတ်သင်အစီအရင် တစ်ခုလုံးမှာလည်း တုန်ခါသွားပြီး ကျယ်လောင်သောအသံကြီးတစ်သံ ထွက်ပေါ်လာသည်။
ဤမြင်ကွင်းကိုတွေ့ရသည်နှင့် အစီအရင်ပြင်ပရှိလူတိုင်းမှာ ကမ္ဘာပျက်ကပ်ဘေးကြီး ဆိုက်ရောက်လာသည်ကို ကိုယ်တိုင်မြင်တွေ့ရသည့်ပမာ တုန်လှုပ်သွားကြသည်။
ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူများက အကန့်အသတ်မရှိဘဲ ထာဝရတည်မြဲသော ရုပ်ခန္ဓာကို ပိုင်ဆိုင်သည်။
သို့သော် ဤသို့ ကြောက်မက်ဖွယ်ကပ်ဘေးကြီးနှင့် ရင်ဆိုင်ရချိန်မှာတော့ ကောင်းကင်နတ်ဘုရားတစ်ပါးသည်လည်း သာမန်လူနှင့်မခြားတော့ပေ။
အစီအရင်စွမ်းအားအောက်တွင် နတ်ဘုရားအဆုံးသတ်ဓား၏ ဓားဖျားတွင်ကျန်ရှိနေသော ကျောက်စိမ်းရောင်အလင်းတန်းလေးမှာလည်း တဖြည်းဖြည်း မှိန်ဖျော့ပျောက်ကွယ်သွားလေသည်။
ရန်ကျောက်ကဲ၏ အမိန့်ပေးမှုအောက်တွင် ကြောက်မက်ဖွယ်ရာ အစိအရင်ကြီးက အပြင်ဘက်သို စတင်ချဲ့ကားလာသည်။
အဆုံးမရှိ ရက်စက်ကြမ်းတမ်းသော ဓားချီများက ပင်လယ်လှိုင်းလုံးများပမာ ပတ်ဝန်းကျင်သို့ တဟုန်ထိုး တင်ရောက်သွားကြသည်။
ကျယ်ပြန့်လှသော ကြယ်စင်မြစ်တစ်ခုလုံး ဓားအစီအရင်၏ ဝါးမျိုခြင်းကိုခံလိုက်ရပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ဘာမှမရှိသည့် သုညတ္တအနေအထားသို့ ပြောင်းလဲသွားသည်။
ကြယ်စင်မြစ်က မည်သည့်အခါမှ အေးခဲခြင်းမရှိသလို ကြယ်တာရာတို့၏အပူရှိန်ကြောင့်လည်း အငွေ့ပျံသွားခြင်း မရှိခဲ့ဖူးပေ။
သို့သော် နတ်ဘုရားသုတ်သင်အစီအရင်ထဲ ရောက်ရှိသွားချိန်မှာတော့ ချက်ချင်းဆိုသလို အစိတ်စိတ်အမွှာမွှာ အက်ကွဲသွားပြီး ကနဦးကောင်းကင်မတိုင်ခင် အမှောင်ထုအနေအထားသို့ ရောက်ရှိသွားသည်။
ကမ္ဘာဦးကာလ မည်သည့်အရာမှ တည်ရှိမနေသော အနေအထားမျိုး ဖြစ်၏။
ကြယ်စင်စုများမှာလည်း အစီအရင်ထဲသို့ ဝါးမျိုခံရသည်နှင့် ပြန့်ကားလာပြီး တစ်ခဏအတွင်း ပြန်လည်ပြိုကွဲကာ ပျက်သုဉ်းသွားကြသည်။
ကြယ်စင်များအားလုံးမှာ အရေးမပါသော ဂြိုဟ်သိမ်ဂြိုဟ်မွှားလေးများကဲ့သို့ ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားကြတော့သည်။
မြင်ကွင်းကိုကြည့်ရင်း ဗုဒ္ဓဘာသာကိုယ်တော်များနှင့် နတ်မိစ္ဆာများ မျက်နှာပျက်ယွင်းသွားကြ၏။
နတ်ဘုရားသုတ်သင်အစီအရင်ထဲ ဝင်ရောက်မိပါက သေခြင်းတရားက စောင့်ကြိုနေမည်သာပင်။
ယခု ထိုအစီအရင်က လျှင်မြန်စွာ နယ်မြေချဲ့ထွင်လာပြီး သူတို့အားလုံးကို ဝါးမျိုပစ်ရန် ကြိုးစားနေပေပြီ။
အစီအရင်ထဲရောက်သွားပါက မည်သူလွတ်မြောက်နိုင်ပါမည်နည်း။
မဟာမာရူယိအပါအဝင် အခြားသော ဗုဒ္ဓဘာသာကိုယ်တော်များ ၊ တာအိုသခင်’လုယာ’ နှင့် အခြားသော နတ်မိစ္ဆာမဟာသူတော်စင်များအားလုံး တစ်ချက်မတုံ့ဆိုင်းဘဲ လျှင်မြန်စွာ ဆုတ်ခွာသွားကြသည်။
ဓားချီများ အပြင်ဘက်သို့ လွှမ်းမိုးလာသည်နှင့် သက်ရှိဟူသမျှ ပျောက်ကွယ်သွားပြီး ဟင်းလင်းပြင်သည်လည်း ပြိုကျပျက်ဆီးသွားသည်။
မဟာတာအိုသည်ပင် ဆုတ်ယုတ်ပျက်သုဉ်းခြင်းဆီသို့ ဦးတည်သွားလေသည်။
ယခင်က ပြသခဲ့သော ထူးခြားဆန်းကျယ်မှုများအားလုံး ယခု နွမ်းလျပျောက်ကွယ်သွားကြသည်။
မဟာမာရူယိ၏ ရောင်စဉ်ငါးမျိုး နတ်ဘုရားအလင်းတန်းကိုပင် ခုခံနိုင်ခဲ့သော ကြာပန်းစိမ်းရတနာအလံသည်ပင်လျှင် နတ်ဘုရားသုတ်သင်အစီအရင်၏ ခြိမ်းခြောက်မှုအောက်တွင် အဖြူရောင်အခိုးအငွေ့များ လွင့်ပြယ်သွားပြီး ရွှေရောင်အလင်းတန်းများ မှိန်ဖျော့သွားရသည်။
တိုက်တိုင်းအောင်ဗုဒ္ဓ၊ မဟာဉာဏ်အလင်းဗောဓိသတ္တနှင့် အခြားသူများ ဖန်တီးထားသော ဗုဒ္ဓနယ်မြေမှာလည်း ယခုအခါမှာတော့ ကမ္ဘာပျက်ကပ်ဘေးခံစားရသည့် ဖုန်းဆိုးနယ်မြေတစ်ခုအလား ပြောင်းလဲသွားသည်။
ဗောဓိပင်များ ညှိုးနွမ်းကုန်ပြီး ဘုံကျောင်းများပြိုကျပျက်ဆီးကာ ကျမ်းစာရွတ်ဖတ်သံများလည်း တိတ်ဆိတ်သွားသည်။ သူတော်စင်တို့၏ အေးချမ်းကြည်လင်မှုများမှာ သဲလွန်စမကျန် ပျောက်ကွယ်သွားလေသည်။
ကြာပန်းစိမ်းရတနာအလံက နတ်ဘုရားသုတ်သင်အစီအရင်ကို ခုခံနိုင်စွမ်းရှိမရှိ စမ်းသပ်ကြည့်နေမည့်အစား သူတို့အားလုံး အမြန်ဆုတ်ခွာရန်သာ ရွေးချယ်လိုက်ကြသည်။
အစီအရင်မှ ဓားချီများက ရောင်စဉ်ငါးမျိုး နတ်ဘုရားအလင်းတန်းများကို ဖြတ်သန်းသွားချိန် ချက်ချင်းဆိုသလိုပင် ရောင်စဉ်ငါးမျိုးအလင်းတန်းများ မှိန်ဖျော့သွားရသည်။
အစောပိုင်းက သောင်းကျန်းနေခဲ့သော မဟာမာရူယိသည်ပင် ချီထျန်းမဟာသူတော်စင်နှင့် ဆက်လက်တိုက်ခိုက်လိုစိတ် မရှိတော့ပေ။
သူက ရောင်စဉ်ငါးမျိုး နတ်ဘုရားအလင်းတန်းများကိုရုပ်သိမ်းကာ ချက်ချင်းပင် ဆုတ်ခွာတိမ်းရှောင်သွားတော့သည်။
နတ်ဘုရားသုတ်သင်အစီအရင်ထဲတွင် ကောင်းချင်းရွှမ်က နတ်ဘုရားအဆုံးသတ်ဓားကို ကိုင်မြှောက်လိုက်သည်နှင့်
နတ်ဘုရားသုတ်သင်အစီအရင်အတွင်း၌ ကောင်းချင်းရွှမ်က နတ်ဘုရားအဆုံးသတ်ဓားကို မြှောက်လိုက်သည်ကို မြင်သည်နှင့် တပြိုင်နက် တာအိုသခင် လုယာသည် နတ်မိစ္ဆာများအားလုံးကို ဆုတ်ခွာရန် အမိန့်ပေးလိုက်သည်။
သူကိုယ်တိုင်လည်း နေရောင်ခြည်တန်းတစ်ခုအဖြစ် အသွင်ပြောင်းကာ ချက်ချင်း ထွက်ပြေးလေသည်။
ဗလာနယ် ပြိုကျပျက်ဆီးသါားသည်နှင့် အရာအားလုံးက ပရမ်းပတာ ဖြစ်ကုန်သည်။
တိမ်မြူမိုင်တစ်သောင်းမဟာဂဠုန်ပင်လျှင် သူ၏ အတောင်များထက်တွင် အလွန်လေးလံသည့် ဝန်ထုပ်ဝန်ပိုးတစ်ခု ဖိစီးထားသည့်ပမာ ခံစားလိုက်ရသည်။
သူက အစီအရင်ပတ်ဝန်းကျင်တွင် ပျံသန်းနေရန် သတ္တိမရှိတော့ဘဲ အလျှင်အမြန်ပင် ပျံသန်းထွက်ခွာသွား၏။
မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓ၏ ဦးခေါင်းအနောက်ဘက်မှ ဗုဒ္ဓရောင်ခြည်အလင်းတန်းကလည်း တဖျတ်ဖျတ် တုန်ခါနေသည်။
ထိုအလင်းတန်းက မုန်တိုင်းကြားမှ ဖယောင်းတိုင်ငယ်ပမာ အချိန်မရွေး ငြိမ်းသတ်ခံရနိုင်သည်။
ယခင်က အရောင်ငါးမျိုးဖြင့် တောက်ပနေခဲ့သော ပင်လယ်ငြိမ်သက်ပုလဲများမှာလည်း ဖုံမှုန့်လွှမ်းသည့်ပမာ အလင်းရောင်များအားလုံး ပျောက်ကွယ်သွားသည်။
မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက မြစ်ထဲတွင်ရှိနေသည့် အစိမ်းရောင်ကြာပန်းကို လှမ်းကြည့်လိုက်ပြီး သက်ပြင်းချရင်း ခေါင်းခါယမ်းလိုက်သည်။
ထို့နောက် အမြန်ဆုံး အရှိန်အဟုန်ဖြင့် နတ်ဘုရားသုတ်သင်အစီအရင်နှင့် ဝေးရာသို့ ဆုတ်ခွာသွားတော့၏။
ဖန်းယွင်ရှန်း၊ ရန်တိ၊ စောမင်ကျန့်နှင့် ယန်ကျန်းတို့ပင်လျှင် အစီအရင်ကိုကြည့်ပြီး အကြီးအကျယ် ထိတ်လန့်တုန်လှုပ်မှု ခံစားလိုက်ရသည်.
ရန်သူများ ထွက်ပြေးသွားသည့်တိုင် နတ်ဘုရားသုတ်သင်အစီအရင်၏ နယ်မြေလွှမ်းမိုးမှုက လျှင်မြန်စွာ ကျယ်ပြန့်နေဆဲ ဖြစ်သည်။
တာအိုသခင်’လုယာ’ နှင့် တိမ်မြူမိုင်တစ်သောင်းမဟာဂဠုန်တို့၏ အကူအညီဖြင့် နတ်မိစ္ဆာမျိုးနွယ်များ အချိန်မီ ထွက်ပြေးနိုင်ခဲ့ကြသော်လည်း ဗုဒ္ဓဘာသာကျင့်ကြံသူများကတော့ ကံမကောင်းခဲ့ကြပေ။
အစောပိုင်းက ရန်တိနှင့်တိုက်ခိုက်နေသော ဂုဏ်ရောင်ထည်ဝါဗုဒ္ဓက ချဲ့ထွင်လာသည့် အစီအရင်ထဲသို့ အတင်းအကျပ် ဆွဲသွင်းခံလိုက်ရသည်။
သူ၏ဗုဒ္ဓနယ်မြေ ချက်ချင်းပြိုကွဲသွားပြီး ဗုဒ္ဓရောင်ခြည်အလင်းတန်းမှာလည်း ရောင်ဝါကင်းမဲ့သွားကာ ရွှေခန္ဓာသည်လည်း ပုပ်သိုးဆွေးမြေ့သွားလေ၏။
ဂုဏ်ရောင်ထည်ဝါဗုဒ္ဓ သက်ပြင်းတိုးတိတ် ချလိုက်သည်။
ထို့နောက် လက်အုပ်ချီလိုက်ပြီး နေရာမှာပင် ဘဝဇာတ်သိမ်းသွားလေသည်။
သူ၏ခန္ဓာကိုယ်သည်လည်း ရေစီးကြောင်းပမာ အဆီးအတားမရှိ စီးဆင်းနေသော ဓားချီများကြား အပိုင်းပိုင်းပြတ်တောက်သွားပြီး သဲလွန်စမကျန် ပျောက်ကွယ်သွားသည်။
သူ၏ သရီရဓာတ်တော်သည်ပင် သူနှင့်အတူ တပါတည်း ပျက်ဆီးသွားလေသည်။
အမတခုံရုံးမှ ဗုံခရာကောင်းကင်ဘုံအရှင်သည်လည်း ထွက်ပြေးလွတ်မြောက်နိုင်ခြင်း မရှိခဲ့ပေ။
သူက ကြယ်စင်မြစ်မှ ကြယ်တာရာများနှင့်အတူ ဝါးမျိုခံလိုက်ရပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် သေခြင်းတရားနှင့် ရင်ဆိုင်လိုက်ရသည်။
သူ၏ခန္ဓာကိုယ်ထဲတွင်ကိန်းအောင်းနေသော ယုံကြည်ခြင်းစွမ်းအားများဖြင့်ပြည့်နက်နေသည့် ရတနာအလင်းတန်းမှာလည်း ငြိမ်းသတ်ခံလိုက်ရပြီး သူ၏တည်ရှိမှုက လုံးဝပျောက်ကွယ်သွားသည်။
စန္ဒကူးဗုဒ္ဓက ထွက်ပြေးရန် ကြံရွယ်လိုက်သော်လည်း သူ့နောက်တွင် တစ်စုံတစ်ယောက် ရောက်ရှိနေကြောင်း အာရုံခံလိုက်မိသည်။
သူ နောက်သို့လှည့်ကြည့်လိုက်တော့ ချီထျန်းမဟာအသူတော်စင်၏ စူးရှတောက်ပသော မီးလျှံမျက်ဝန်းများဖြင့် ရင်ဆိုင်လိုက်ရသည်။
စန္ဒကူးဗုဒ္ဓက သက်ပြင်းချလိုက်ပြီး...
“အစကတည်းက မင်းတို့အားလုံးက ရှုံးနိမ့်ဖို့ ကံပါလာပြီးသားပဲ ၊ ဒီလို ယုတ်ညံ့တဲ့ကံတရားရှိသူတွေက ငါတို့ကို ဘယ်တော့မှ အနိုင်ရမှာမဟုတ်ဘူး”
သူက ဆက်ပြောလိုက်သည်။
“နောက်ဆုံးမှာတော့ တာအိုအဓိပတိတွေက နတ်ဘုရားသုတ်သင်အစီအရင်ကို ဖျက်ဆီးပစ်ကြလိမ့်မယ် ၊ ပြီးရင် ဓားတွေကို အညီအမျှခွဲဝေယူကြလိမ့်မယ်”
ခေါင်းသုံးလုံး လက်ခြောက်ဖက်အသွင်ကို ပြန်လည်ရုတ်သိမ်းလိုက်ပြီဖြစ်သော ချီထျန်းမဟာသူတော်စင်က အေးစက်စွာရယ်မောလိုက်ပြီး...
“ဘုန်းကြီး... မင်းက စကားအရမ်းများတာပဲ”
ထို့နောက် သူက ရူယိရွှေတုတ်ဖြင့် စန္ဒကူးဗုဒ္ဓ၏ဦးခေါင်းကို တည့်တည့်မတ်မတ် ရိုက်ချလိုက်သည်။
အလယ်ခေတ် အနောက်သို့ခရီးသွားမှတ်တမ်းကာလတွင် ထွက်ပေါ်လာခဲ့သော ဒဏ္ဍာရီလာပုဂ္ဂိုလ်တစ်ယောက်ဖြစ်သည့် စန္ဒကူးဗုဒ္ဓ၏ဦးခေါင်းကွဲကြေသွားပြီး သူ၏ဘဝသည်လည်း နိဂုံးချုပ်သွားတော့သည်။