← Chapters

အခန်း (၁၆၀၉-၁၆၁၀)

Vol. 115 Ch. 1609-1610

အခန်း (၁၆၀၉-၁၆၁၀)

Vol. 115 Ch. 1609-1610

အခန်း (၁၆၀၉) စောင်းကြိုး(၄)ချောင်းထက်ပိုပါတယ်

ဗုဒ္ဓဘာသာကိုယ်တော်များနှင့် နတ်မိစ္ဆာများအားလုံးမှာ နတ်ဘုရားသုတ်သင်အစီအရင်ထဲတွင် မပိတ်မိစေရန် အစွမ်းကုန်ရုန်းကန်ကာ ထွက်ပြေးကြတော့သည်။

ထို့ကြောင့် ချီထျန်းမဟာသူတော်စင် ၊ ယန်ကျန်း ၊ စောမင်ကျန့်နှင့် ဖန်းယွင်ရှန်းတို့အတွက် အတားအဆီးများလျော့နည်းသွားပြီး သူတို့၏တိုက်စစ်စွမ်းအားများ အရှိန်အဟုန် ပြင်းထန်လာသည်။

တိုက်ပွဲအခြေအနေ ပြောင်းပြန်လှန်နိုင်ခဲ့ပြီဖြစ်ရာ လမ်းမှန်တာအိုဝါဒမှ ကောင်းကင်နတ်ဘုရားများက ထွက်ပြေးကုန်သောရန်သူများနောက်သို့ ထပ်ချပ်မကွာလိုက်လံတိုက်ခိုက်ကြသည်။

သူတို့က ရန်သူများကို အငြိုးတကြီးဖြင့် ဖိနှိပ်တိုက်ခိုက်ကြသည်ဖြစ်ရာ မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓနှင့် တိမ်မြူမိုင်တစ်သောင်းမဟာဂဠုန်တိုသည်ပင် ပြန်လည်ခုခံနိုင်စွမ်းမရှိဘဲ အသက်လုထွက်ပြေးကြရသည်။

ကူရာကယ်ရာမဲ့အခြေအနေသို့ ရောက်ရှိသွားခြင်းက သူတို့အတွက် အလွန်ပင် စိတ်ပျက်စရာ ကောင်းလှသည်။

အဆုံးသတ်မှာတော့ သူတို့၏ အဓိကဦးစားပေးမှာ နတ်ဘုရားသုတ်သင်အစီအရင်၏ ဝါးမြိုခြင်းမခံရစေရန်သာ ဖြစ်သည်။

တိုက်တိုင်းအောင်ဗုဒ္ဓ နောက်သို့လှည့်ကြည့်လိုက်တော့ သူ ဗုဒ္ဓဘာသာသို့ဝင်ရောက်စဉ်က ဆရာသခင်ဖြစ်သော စန္ဒကူးဗုဒ္ဓမှာ ရူယိရွှေတုတ်အောက်တွင် အသက်ပျောက်သွားကြောင်း တွေ့မြင်လိုက်ရသည်။

သူ့မျက်နှာထက် အဓိပ္ပါယ်ဖော်ရခက်သော အရိပ်အယောင်များ ဖုံးလွှမ်းသွားသည်။

“ကံတရားပဲ... တကယ့် ကံတရားအတိုင်းပါပဲလား...”

အမြဲတမ်း တည်ငြိမ်အေးဆေးစွာရှိတတ်သော တိုက်တိုင်းအောင်ဗုဒ္ဓ၏ မျက်ဝန်းအစုံတွင် ရှားရှားပါးပါး ဝမ်းနည်းရိပ်များ ယှက်သမ်းလာသည်။

သူနှင့်ရင်းနှီးပြီးသား ချီထျန်းမဟာသူတော်စင်၏ပုံရိပ်ကို တွေ့မြင်လိုက်ရချိန် တိုက်တိုင်းအောင်ဗုဒ္ဓ၏စိတ်အစဉ် တုန်လှုပ်သွားရပြီး ရှုပ်ထွေးသောခံစားချက်များနှင့်အတူ အတိတ်ဟောင်းကို သတိရသွားမိသည်။

ထိုအချိန် စကြာဝဠာအထက် ဗလာနယ်ထဲတွင် လှုပ်ခတ်မှုတစ်ခု ဖြစ်ပေါ်လာသည်။

မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓ၊ တာအိုသခင်'လုယာ' နှင့် အခြားသူများမှာ စိတ်ပျက်လက်ပျက်ဖြင့် ညည်းတွားလိုက်မိကြသည်။

တာအိုအဆင့်အောက် တိုက်ပွဲတွင် သူတို့၏ခန့်မှန်းချက်မှားယွင်းမှုကြောင့် အရှုံးနှင့်ရင်ဆိုင်ရပြီ ဖြစ်၏။

ယခု သူတို့အခြေအနေက တာအိုအဓိပတိများ၏ အကူအညီကိုရယူရန် လိုအပ်နေပေပြီ။ သို့သော် ထိုသို့ပြုလုပ်လိုက်ပါက မည်သူမှ ပြီးပြည့်စုံသည့် နတ်ဘုရားသုတ်သင်အစီအရင်ကို ရရှိနိုင်တော့မည် မဟုတ်ပေ။

မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက ပျောက်ကွယ်လုနီးပါးဖြစ်နေသော ကနဦးကောင်းကင် အဋ္ဌဂံသင်္ကေတကားချပ်ကိုကြည့်ပြီး ပို၍ပင် နောင်တရသွားမိသည်။

ဤသည်က ဖုရှီဗျပ်စောင်းမှ နောက်ဆုံးစောင်းကြိုး၏တားဆီးမှုပင်ဖြစ်ပြီး ခဏမျှ ထပ်မံစောင့်ဆိုင်းနိုင်လျှင် အော်မီတော်ဖော်ဗုဒ္ဓ ဆင်းသက်လာနိုင်တော့မည် ဖြစ်၏။

အံ့ဩစရာအကောင်းဆုံးအချက်မှာ မဟာမာရူယိ ရှိနေသည့်တိုင် လမ်းမှန်တာအိုဝါဒကို အနိုင်မတိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။

မဟာလွတ်မြောက်ခြင်းကောင်းကင်နတ်ဆိုးက အရှေ့ဧကရာဇ်'ထိုက်ယိ' ကို ဟန့်တားပေးခဲ့သော်လည်း သူ၏ အကူအညီမှာ အတိုင်းအတာတစ်ခုအထိသာ ရှိခဲ့သည်။

ထို့ထက်ပို၍ မျှော်လင့်နေခြင်းမှာ စိတ်ကူးယဉ်အိမ်မက်သက်သက်သာ ဖြစ်ပေလိမ့်မည်။

နေရာတွင်ရှိနေသူအားလုံးက အစီအရင်ထဲမှ တံခါးတစ်ချပ်ထက်တွင် ရှိနေသော နတ်ဘုရားအဆုံးသတ်ဓားကို စူးစိုက်ကြည့်မိကြသည်။

အစီအရင်လည်ပတ်လာသည်နှင့်အမျှ ထိုဓားမှ ကျောက်စိမ်းရောင်အလင်းတန်းများသည်လည်း တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။

နောက်ဆုံးမှာတော့ လမ်းမှန်တာအိုဝါဒမှလူများက နတ်ဘုရားအဆုံးသတ်ဓားထက်မှ အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်၏ အမှတ်အသားများကို ဖယ်ရှားသန့်စင်နိုင်ခဲ့ပေပြီ။

ယခုဆိုလျှင် ထိုဓားကို လမ်းမှန်တာအိုဝါဒက ပိုင်ဆိုင်သွားခဲ့ပြီ ဖြစ်၏။

သို့သော် နတ်ဘုရားအဆုံးသတ်ဓား(၄)လုံးကို ယူဆောင်သွားရန်မှာ လွယ်ကူသည့်ကိစ္စတော့ မဟုတ်ပေ။

နတ်ဘုရားသုတ်သင်အစီအရင် မူလအတိုင်းပြန်လည်တည်ငြိမ်သွားသည်နှင့် မဟာလွတ်မြောက်ခြင်းကောင်းကင်နတ်ဆိုးက အရှေ့ဧကရာဇ်’ထိုက်ယိ’ အား ဟန့်တားထားခြင်းကို ရပ်တန့်လိုက်ပြီး ငရဲကိုးထပ်သို့ ပြန်လည်ထွက်ခွာသွားသည်။

ယခုမှစပြီး ဤကိစ္စက ငရဲကိုးထပ်နှင့် မသက်ဆိုင်တော့ပေ။

မနားတမ်း တိုက်ခိုက်နေကြသော အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်နှင့် ဘုရားလောင်းတို့သည်လည်း ခဏမျှ တိုက်ပွဲရပ်နားလိုက်ကြသည်။

နတ်ဘုရားသုတ်သင်အစီအရင်တစ်ခုလုံးအား တာအိုအဓိပတိတစ်ပါးပါး သို့မဟုတ် လမ်းမှန်တာအိုဝါဒက ရရှိသွားမည်ကို သူတို့ မဖြစ်စေချင်ကြပေ။

အထူးသဖြင့် အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်နှင့် ဘုရားလောင်းတို့အတွက် ပို၍ပင် အရေးကြီးနေသည်။

လမ်းမှန်တာအိုဝါဒက နတ်ဘုရားသုတ်သင်အစီအရင်ကို ရရှိသွားခြင်းမှာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန်အတွက် မဟုတ်ဘဲ တန်ပြန်တိုက်ခိုက်ရန်အတွက် ဖြစ်လာပေမည်။

ဤအစီအရင်က ခံစစ်အဖြစ် အသုံးပြုရမည့်အရာ မဟုတ်ပေ။

အမတခုံရုံးနှင့် အဖြူရောင်ကြာပန်းသုခဘုံ နှစ်ခုလုံးက မိမိတို့နယ်မြေများထက်သို့ နတ်ဘုရားသုတ်သင်အစီအရင် ကျရောက်လာမည်ကို သေလောက်အောင် ကြောက်ရွံ့ကြသည်။

ထိုအစီအရင်က တာအိုအဓိပတိတစ်ပါးသည်ပင် ဝင်ရောက်နှောက်ယှက်၍မရသော လူသတ်အစီအရင်တစ်ခုဖြစ်နေသည် မဟုတ်လား။

တာအိုအဓိပတိများအတွက် အစီအရင်၏ထိုးစစ်ကို ကြောက်ရွံ့မည်မဟုတ်သော်လည်း သူတို့၏ လက်အောက်ငယ်သားများနှင့် နောက်လိုက်များကတော့ ထိုသို့ မဟုတ်ပေ။

ထို့ကြောင့် မည်သူမဆို မိမိတို့ ထိန်းချုပ်နိုင်စွမ်းထက် ကျော်လွန်နေသော တည်ရှိမှုမျိုးကို ကြောက်ရွံ့ကြသည်။

ကြယ်စင်မြစ်က ကျယ်ပြောလှသည့် စကြာဝဠာကို ဖြတ်သန်းတည်ရှိနေသော်လည်း နတ်ဘုရားသုတ်သင်အစီအရင်က ဗလာနယ်ကို ပုံဖြတ်နိုင်စွမ်းမြင့်မားသည့်အတွက် မြစ်၏ဝေးကွာလွန်းသော အစွန်းနှစ်ဖက်သည်ပင် ထိကပ်သွားသည်အထိ အစီအရင်၏ဝါးမျိုမှုကို ခံလိုက်ရသည်။

အစီအရင်ထဲမှ သတ်ဖြတ်လိုသည့်အငွေ့အသက်များက မိုးကောင်းကင်ထိအောင် ထိုးတက်နေပြီး တစ်လောကလုံးရှိ အရာခပ်သိမ်းကို သုတ်သင်ဖျက်ဆီးတော့မည့်အလား ထင်မှတ်ရသည်။

သို့သော် အစီအရင်ထက်ရှိ အဆုံးမရှိသောဗလာနယ်ထဲတွင် ကျောက်စိမ်းတံခါးတစ်ချပ် ၊ ရှေးဟောင်းခေါင်းလောင်းတစ်လုံးနှင့် အဖြူရောင်ကြာပန်းတစ်ပွင့် ထွက်ပေါ်လာသည်။

ဗျပ်စောင်းအိုကြီး၏ စောင်းကြိုးပြတ်တောက်ရာမှဖြစ်ပေါ်လာသော ကနဦးကောင်းကင် အဋ္ဌဂံသင်္ကေတကားချပ်က တာအိုအဓိပတိတစ်ပါး၏ဆင်းသက်မှုကို တစ်ကြိမ်လျှင် တစ်ပါးနှုန်းသာ တားဆီးနိုင်စွမ်းရှိသည်။

ယခု ကျောက်စိမ်းတံခါး ၊ ရှေးဟောင်းခေါင်းလောင်းနှင့် အဖြူရောင်ကြာပန်းတို့ တပြိုင်တည်း ထွက်ပေါ်လာပေပြီ။

နတ်ဘုရားသုတ်သင်အစီအရင်၏ပြင်ပတွင် အစိမ်းရောင်ကြာပန်းသည်လည်း ရှိနေသေးပြီး ကနဦးကောင်းကင် အဋ္ဌဂံသင်္ကေတကားချပ်က တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်နေပြီဖြစ်သည်။

နတ်ဘုရားသုတ်သင်အစီအရင်၏ သက်ရှိမှန်သမျှကိုသုတ်သင်ပြီး တာအိုတရားကိုပင် ဖြတ်တောက်ပစ်နိုင်သော ကြောက်မက်ဖွယ်ရာ ဓားချီများက အစိမ်းရောင်ကြာပန်း ၊ အဖြူရောင်ကြာပန်း ၊ ကျောက်စိမ်းတံခါးနှင့် ရှေးဟောင်းခေါင်းလောင်းတို့အပေါ် မည်သည့်ခြိမ်းခြောက်မှုမှ မပြုနိုင်ခဲ့ပေ။

နတ်ဘုရားသုတ်သင်အစီအရင်က တာအိုအဆင့် တန်ခိုးစွမ်းအားရှင်များကို အန္တရယ်မပေးနိုင်ပေ။ ထိုအဓိပတိကြီးများအနေဖြင့် အစီအရင်ထဲသို့ မိမိအလိုရှိသည့်အတိုင်းပင် ဝင်ထွက်သွားလာနိုင်သေးသည်။

သို့သော် တာအိုအဓိပတိ(၄)ပါး စုပေါင်းတိုက်ခိုက်ခြင်းမရှိဘဲ နတ်ဘုရားသုတ်သင်အစီအရင်ကို မည်သူမှ ဖျက်ဆီးနိုင်မည် မဟုတ်ပေ။

ယခု မဟာလွတ်မြောက်ခြင်းကောင်းကင်နတ်ဆိုးက ငရဲကိုးထပ်သို့ပြန်သွားပြီဖြစ်သော်လည်း ဤနေရာသို့ အတိအကျပင် တာအိုအဓိပတိ(၄)ပါး ဆင်းသက်လာခဲ့သည်။

အကယ်၍ အစီအရင်သာ ပျက်ဆီးသွားပါက လမ်းမှန်တာအိုဝါဒအနေဖြင့် နတ်ဘုရားသုတ်သင်ဓား(၄)လက်ကို ရရှိရန် ပြန်လည်တိုက်ပွဲဝင်ရပေဦးမည်။

တာအိုအဓိပတိများအနေဖြင့် တစ်ယောက်လျှင် ဓားတစ်လက်စီရရှိသွားရန် အခွင့်အရေးရသွားပြီး မည်သူမှ ပြီးပြည့်စုံသည့် နတ်ဘုရားသုတ်သင်အစီအရင်ကို ထုတ်ဖော်နိုင်ကြမည် မဟုတ်ပေ။

သို့သော် တာအိုဝါဒကျင့်ကြံသူများကတော့ လက်ဗလာဖြင့်သာ ဒုက္ခတောထဲ ကျန်ရစ်ခဲ့ပေမည်။

တာအိုသခင်’လုယာ’ က ဖြည်းညင်းစွာခေါင်းခါယမ်းရင်း...

“နောက်ဆုံးတော့လည်း... ဒီလိုအခြေအနေမျိုး ရောက်လာခဲ့ရတာပဲ”

ထို့နောက် သူက ရန်ကျောက်ကဲ ၊ ယန်ကျန်းနှင့် အခြားသူများကို လှမ်းကြည့်ပြီး သက်ပြင်းတစ်ချက်ချလိုက်သည်။

“ဖုရှီဗျပ်စောင်းမှာ စောင်းကြိုး(၄)ချောင်းပဲကျန်လို့ တော်သေးတယ် ၊ မဟုတ်ရင် မင်းတို့ အောင်မြင်သွားနိုင်တယ်”

နတ်ဘုရားသုတ်သင်အစီအရင်၏ နယ်မြေချဲ့တွင်မှု ရပ်တန့်သွားပြီ ဖြစ်သည်။

ရန်ကျောက်ကဲက အစီအရင်ထဲမှပင် တာအိုသခင်’လုယာ’ ကို လက်နှစ်ဖက်ဆုပ် ဂါရဝပြုလိုက်ရင်း...

“တကယ်လို့ စောင်းကြိုးတွေ ဒီထက်ပိုများနေခဲ့ရင်လည်း ခင်ဗျားက ဒီလို အလဲအလှယ်လုပ်လိမ့်မယ်လို့ ကျွန်တော် မထင်ဘူး”

ထိုစကားကြားတော့ တာအိုသခင်’လုယာ’ မထိန်းနိုင်ဘဲ အော်ဟစ်ရယ်မောလိုက်သည်။

သို့သော် ရန်ကျောက်ကဲက ပြုံးလိုက်ရင်း...

“ဒါပေမဲ့ ကျွန်တော်တို့ဘက်ကလည်း ပြင်ဆင်ထားတာတွေ ရှိပါတယ် ၊ ကျွန်တော်တို့ရဲ့ အားကိုးရာက ဒီစောင်းကြိုးတွေပဲရှိတာ မဟုတ်ပါဘူး”

“ဟမ်...”

တာအိုသခင်’လုယာ’ ရင်ထိတ်သွားသည်။

သူ တစ်စုံတစ်ခုကို အာရုံခံမိလိုက်မိပြီး မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓ ၊ တိမ်မြူမိုင်တစ်သောင်းမဟာဂဠုန်တို့နှင့်အတူ အဝေးတစ်နေရာ မိုးကုတ်စက်ဝိုင်းဆီသို့ လှမ်းကြည့်လိုက်မိ၏။

ဗလာနယ်ထဲတွင် အနက်ရောင်အလံရှည်တစ်လက်ကိုင်ဆောင်ထားသော မိန်းမပျိုတစ်ယောက် ထွက်ပေါ်လာသည်။

မိန်းမပျိုက အလွန်ပင်ကျက်သရေရှိလှပြီး လောကီရေးရာအညစ်အကြေးများနှင့် ကင်းစင်နေသည့် သူတော်စင်တစ်ပါးပမာ ဖြစ်သည်။

နေရာတွင်ရှိနေသူတိုင်းက ဤလောကတွင် ကာလရှည်ကြာ ရှင်သန်လာခဲ့သော ထိပ်တန်းအဆင့် တန်ခိုးစွမ်းအားရှင်များဖြစ်လေရာ ထိုမိန်းမပျို မည်သူမည်ဝါဖြစ်ကြောင်း ချက်ချင်းသိလိုက်ကြ၏။

သူမက အတိတ်တစ်ချိန်က စန့်ချင်အဆက်အနွယ်မှ ထိပ်တန်းအဆင့် တန်ခိုးစွမ်းအားရှင်တစ်ယောက်ဖြစ်သော နတ်မိမယ်ကျွန်းမှ စန်းရှောင်းဧကရီ(၃)ပါးတွင် ခေါင်းဆောင်ဖြစ်သည့် ယွင်ရှောင်းနတ်သမီးပင် ဖြစ်လေသည်။

ရှေးခေတ် နတ်ဘုရားများအပ်နှင်းခြင်းကာလ၏ စစ်ပွဲကာလတွင် နတ်မိစမယ်ကျွန်းမှ နတ်သမီးများက မူလရွှေဖလားကို ကိုင်ဆောင်ကာ မြစ်ဝါကိုးကွေ့အစီအရင်ကို ခင်းကျင်းခဲ့ဖူးသည်။

ထိုစဉ်အချိန်က ဧကရီ(၃)ပါးမှာ တာအိုသခင်’လုယာ’ ကို ဖိနှိပ်နိုင်ခဲ့ရုံသာမက ယွိချင်အဆက်အနွယ်တစ်ခုလုံးကိုပါ လွှမ်းမိုးထားနိုင်ခဲ့ကြသည်။

ထိုစဉ်အချိန်က တိုက်ပွဲအတွင်း သူတို့၏စွမ်းဆောင်ရည်က စန့်ချင်အဆက်အနွယ်များထဲတွင် အတောက်ပဆုံးဟုဆိုနိုင်သည်။

သူတို့၏တန်ခိုးစွမ်းအားက ခုန်ရွှမ်းနှင့်ပင် ရင်ပေါင်တန်းနိုင်၏။

သို့သော် အဆုံးသတ်မှာတော့ သူတို့သည်လည်း ယွမ်စီထျန်းကျွင်းနှင့် တောက်တယ်ထျန်းကျွင်းတို့၏လက်ချက်ဖြင့် တိုက်ပွဲရှုံးနိမ့်ခဲ့ရသည်။

ပိရှာင်းနှင့် ချုန်းရှောင်းတို့က နတ်ဘုရားများအဖြစ် အတင်းအကျပ် အပ်နှင်းခံရပြီး နောက်ပိုင်း မိုးကောင်းကင်ခုံရုံး ၊ ကောင်းကင်ဘုံနန်းတော်သို့ ဝင်ရောက်ခဲ့ကြရသည်။

တောက်တယ်ထျန်းကျွင်းက ယွင်ရှောင်းနတ်သမီးကိုဖမ်းဆီးကာ ချီလင်ကမ်းပါးအောက်တွင် ချုပ်နှောင်ထားခဲ့သည်။

သူမ၏ညီမများက တောင်းပန်သောကြောင့် နောက်ပိုင်း တစ်နှစ်လျှင် (၆)လ ချီလင်ကမ်းပါးတွင်နေထိုင်စေပြီး ကျန်(၆)လတွင်တော့ ညီအစ်မများနှင့်အတူ ကောင်းကင်ဘုံနန်းတော်တွင် နေထိုင်ခွင့်ပြုခဲ့သည်။

ထိုအကြောင်းများကြောင့် သူတို့နတ်မိမယ်(၃)ဖော်၏ မြစ်ဝါကိုးကွေ့အစီအရင်က ကောင်းကင်ဘုံနန်းတော် စာကြည့်တိုက်ထဲသို့ ရောက်ရှိသွားခြင်း ဖြစ်၏။

ရန်ကျောက်ကဲနှင့် အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်တို့ မြစ်ဝါကိုးကွေ့အစီအရင်ကို ခင်းကျင်းနိုင်ခဲ့ခြင်းမှာလည်း ဤအချက်ကြောင့်ပင် ဖြစ်သည်။

မဟာကပ်ဘေးကြီးပြီးဆုံးသည့်နောက် ကောင်းကင်ဘုံနန်းတော်နှင့် ခွန်လွန်တောင်တို့ ပျက်ဆီးသွားခဲ့ပြီး ယွင်ရှောင်းနတ်သမီးနှင့်ပတ်သက်သော အချက်အလက်များလည်း လုံးဝ ပျောက်ကွယ်သွားခဲ့သည်။

ယခုတော့ သူမက ဤလောကအလယ် ပြန်လည်ထွက်ပေါ်လာခဲ့ပေပြီ။

သို့သော် မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓ ၊ တာအိုသခင်'လုယာ'နှင့် အခြားသူများမှာ ယွင်ရှောင်နတ်သမီးထက် သူမနှင့်အတူယူဆောင်လာသည့် အလံရှည်ကိုသာ စိုးရိမ်နေကြသည်။

မဟာကပ်ဘေးကြီးကာလအတွင်းမှာပင် မူလရွှေဖလားက ပျက်ဆီးသွားခဲ့ပေပြီ။ ထိုပစ္စည်းရှိနေလျှင်ပင် တာအိုအဓိပတိတစ်ပါးကို ဟန့်တားနိုင်မည် မဟုတ်ပေ။

သို့သော် ယွင်ရှောင်းနတ်သမီးလက်ထဲမှ အနက်ရောင်အလံရှည်ကတော့ အလွန်ထူးခြားသည်။

ထိုအလံရှည်၏ အမြိတ်(၆)ခုက လွင့်ပျံနေပြီး မြင်ရသူတိုင်း၏ရင်ကို ထိတ်လန့်ခြောက်ခြားသွားစေသည်။

မဟာဉာဏ်အလင်းဗောဓိသတ္တ ၊ ခေါင်းကိုးလုံးပိုးကောင် ၊ တိမ်မြူမိုင်တစ်သောင်းမဟာဂဠုန်နှင့် မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓတို့သည်ပင် ထိုအလံရှည်ကိုမြင်သည်နှင့် မျက်နှာပျက်သွားကြသည်။

"ဝိညာဉ်ခြောက်ဖြာအလံရှည်...”

ဗုဒ္ဓဘာသာကိုယ်တော်များနှင့် နတ်မိစ္ဆာများ တပြိုင်တည်း ရေရွတ်လိုက်ကြသည်။

နတ်ဘုရားသုတ်သင်အစီအရင်ထဲတွင်ရှိနေသည့် ရန်ကျောက်ကဲက အေးဆေးစွာပင် ပြုံးလိုက်ပြီး...

“အမှန်ပဲ... ကျုပ် ညာပြောခဲ့တာ မဟုတ်ဘူး ၊ ဒီပစ္စည်းက တကယ်ပဲ ကျုပ်တို့လက်ထဲမှာ ရှိနေတာပါ”

အခန်း (၁၆၁၀) အမျက်ဒေါသသည် ရှုံးနိမ့်မှုအတွက်လျော်ကြေးမဟုတ်

ယခင်က ရန်ကျောက်ကဲတို့အုပ်စုက အပြာရောင်ခရီးရှည်နန်းတော်ကို လိုက်လံရှာဖွေဟန်ဆောင်ခဲ့ကြသည်။ တကယ်တော့ သူတို့က ထိုနေရာတွင်ရှိနေနိုင်သည့် ရတနာပစ္စည်းများကို ရှာဖွေနေကြခြင်း ဖြစ်၏။

လူအများစိတ်အဝင်စားဆုံး ရတနာပစ္စည်းက ဝိညာဉ်ခြောက်ဖြာအလံရှည် ဖြစ်ပြီး ၊ ထိုရတာနပစ္စည်းက အတိတ်ကာလက အငြင်းပွားစရာများစွာ ဖြစ်ပေါ်စေခဲ့သည်။

ဝိညာဉ်ခြောက်ဖြာအလံရှည် မည်သည့်နေရာတွင်ရှိသည်က လျှို့ဝှက်ချက်တစ်ခုဖြစ်ပြီး အပြာရောင်ခရီးရှည်နန်းတော်၏ တည်နေရာမှာလည်း ပဟေဠိဖြစ်နေခဲ့သည်။

လမ်းမှန်တာအိုဝါဒအတွက် မျက်စိရှေ့ရောက်နေသည့် နတ်ဘုရားသုတ်သင်အစီအရင်က ပိုမိုယုံကြည်စိတ်ချရသည်။

သို့သော် သူတို့က အနောက်ဘက်သူတော်စင်ဘုံနှင့် နတ်မိစ္ဆာမျိုးနွယ်တို့၏ အစီအစဉ်များအတိုင်း အလိုက်သင့်စီးမျောရင်း အပြာရောင်ခရီးရှည်နန်းတော်ကို ရှာဖွေသယောင် ဟန်ဆောင်ခဲ့ကြသည်။

တကယ်တော့ လမ်းမှန်တာအိုဝါဒ၏ မူလရည်မှန်းချက်ကို လူတိုင်းသိကြသည်။

ထို့ကြောင့် မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓနှင့် အခြားသူများက ဤအခွင့်အရေးကိုအသုံးချကာ သူတို့အား အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်၏ ထောင်ချောက်ထဲသို့တွန်းပို့ခဲ့ကြခြင်း ဖြစ်၏။

မျှော်လင့်သည့်အတိုင်းပင် ရန်ကျောက်ကဲတို့အုပ်စုက နတ်ဘုရားသုတ်သင်အစီအရင်အတွက် ဤနေရာသို့ရောက်လာခဲ့ကြသည်။

တာအိုဝါဒမှ တန်ခိုးစွမ်းအားရှင်များ အားလုံးသည်လည်း ဤနေရာသို့ ဆင်းသက်လာကြသည်။

မြေကမ္ဘာဘုရင်မအဖြစ် ဟန်ဆောင်ထားသော ယန်ကျန်း ရောက်ရှိလာသည်။

သိုးလွိနန်းတော်တွင် တစ်ကိုယ်တည်း သီးခြားနေထိုင်တတ်သည့် ရွှမ်တုကိုယ်တော်လည်း ရောက်ရှိလာသည်။

ရန်ကျောက်ကဲ ၊ တောင်ပိုင်းချန်စန်းဧကရာဇ်နှင့် ဝူတန့်မယ်တော်တို့အပေါ် ရန်သူပမာသဘောထားသည်ဟု ထင်မှတ်ရပြီး ကိုယ်ပိုင်လမ်းစဉ်ကိုလျှောက်လှမ်းနေသည့် မြောက်ပိုင်းကြယ်စင်ဧကရာဇ်သည်ပင် ရောက်ရှိလာခဲ့သည်။

လမ်းမှန်တာအိုဝါဒဘက်မှ အစွမ်းကုန်ကြိုးစားထားကြောင်း သိနိုင်သည်။

ဤသည်က မဟာကပ်ဘေးကြီးနောက်ပိုင်း တစ်ခါမှမရှိဖူးသေးသော ခမ်းနားထည်ဝါသည့် အဖြစ်အပျက်တစ်ခုပင် ဖြစ်၏။

ဤကိစ္စတွင် မတူညီသည့်အပြောင်းအလဲများစွာ ရှိနေသော်လည်း အခြေအနေအရပ်ရပ်က လူတိုင်းခန့်မှန်းထားသည့်အတိုင်း ဖြစ်လာခဲ့သည်။

သို့သော် ယွင်ရှောင်းနတ်သမီးထွက်ပေါ်လာခြင်းကတော့ အားလုံး၏မျှော်လင့်ချက်ကို ကျော်လွန်သွားခဲ့သည်။

သူမ ထွက်ပေါ်လာခြင်းက စိုးရိမ်စရာမရှိသော်လည်း သူမနှင့်အတူ ဝိညာဉ်ခြောက်ဖြာအလံရှည် ပါလာခဲ့သည်။

ဤသည်ကိုကြည့်ခြင်းအားဖြင့် ဝိညာဉ်ခြောက်ဖြာအလံရှည်မှာ အစောကြီးကတည်းက လမ်းမှန်တာအိုဝါဒ၏လက်ထဲတွင်ရှိနေသည်ဆိုသော အဓိပ္ပါယ်ပင် ဖြစ်၏။

မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓနှင့် အခြားသူများမှာ နာသာခံခက်ဖြင့် သွေးအန်လုမတတ် ခံစားလိုက်ရသည်။

တိမ်မြူမိုင်တစ်သောင်းမဟာဂဠုန်ကတော့ တင်ကွမ်းပျော်ရွှင်ခြင်းဗုဒ္ဓကို အပိုင်းပိုင်းအစစ ချေမွပစ်ချင်စိတ်များ တဖွားဖွားပေါ်လာသည်။

မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက ပင့်သက်တစ်ချက်ရှိုက်လိုက်ပြီး...

"ငါ အပြာရောင်ခရီးရှည်နန်းတော် ပေါ်ထွက်လာတာကို အာရုံမခံမိခဲ့ဘူး... ဒါဆိုရင် ဒီရတနာက အစကတည်းက အပြာရောင်ခရီးရှည်နန်းတော်ထဲမှာ ရှိမနေခဲ့ဘူးဆိုတဲ့ သဘောလား"

“တင်ကွမ်းပျော်ရွှင်ခြင်းဗုဒ္ဓရော ၊ တာအိုအဓိပတိတွေရော ၊ ငါတို့အားလုံးမသိအောင် ဖုံးကွယ်ထားနိုင်တယ်ဆိုတော့... ဖြစ်နိုင်ခြေတစ်ခုပဲရှိတယ် ၊ ဝိညာဉ်ခြောက်ဖြာအလံရှည်က ဒီအတောအတွင်း သိုးလွိနန်းတော်မှာ ရှိနေခဲ့တာပဲ”

လူတိုင်းစိတ်ထဲ အတွေးများသွားကြသည်။

“ဒါက... စန်းချင်း(၃)ပါး ဆရာဘိုးဘိုးတွေ လောကကို မကျော်လွန်ခင်ကတည်းက သိုးလွိနန်းတော်မှာ ထားခဲ့တာလား ၊ ဒါမှမဟုတ် သူတို့တွေ လောကကိုကျော်လွန်သွားပြီးမှ လောင်ကျွင်းက သိုးလွိနန်းတော်ကို ယူလာတာလား”

“ယွင်ရှောင်းက ယန်ကျန်းနဲ့အတူ သိုးလွိနန်းတော်မှ ဒဏ်ရာကုသနေတာ မဟုတ်လား ၊ သူ ရောက်လာတာ... လောင်ကျွင်းရဲ့အမိန့်ကြောင့်လား ၊ သူ့ကိုယ်ပိုင်ဆုံးဖြတ်ချက်လား”

"လောင်ကျွင်း ဘာတွေတွေးနေတာလဲ... သူ အခု လှုပ်ရှားတော့မှာလား... သူ ဒီကို ရောက်နေပြီလား"

လူတိုင်းစိတ်ထဲ အတွေးပေါင်းစုံ ဖြတ်သန်းသွားသည်။

သို့သော် သူတို့အားလုံး ထူးခြားသည့်မြင်ကွင်းတစ်ခုကို တွေ့မြင်လိုက်ရသည်။

ယွင်ရှောင်းက အလံရှည်ကိုဦးညွှတ်ပြီး အလေးအနက်ဆုတောင်းစကားဆိုလိုက်ခြင်း ဖြစ်သည်။

တာအိုအဓိပတိ(၄)ပါး ဆင်းသက်လာတော့မည့်ဆဲဆဲတွင် ဝိညာဉ်ခြောက်ဖြာအလံရှည်က စတင်ယိမ်းခါလာသည်။

"တာအိုအဓိပတိတွေပဲ ဝိညာဉ်ခြောက်ဖြာအလံပေါ်မှာ နာမည်တွေ ရေးထိုးနိုင်တာ မဟုတ်ဘူးလား”

ထိုသို့တွေးမိသည်နှင့် လူတိုင်း အလံရှည်ကို အာရုံစူးစိုက်ပြီး ကြည့်လိုက်ကြသည်။

အလံရှည်အစွန်းရှိ အမွှေးဖွား(၆)ခုအနက် (၃)ခုက အလွတ်ဖြစ်နေသည်။ ကျန်ရှိသော (၃)ခုမှာတော့ နာမည်တစ်ခုစီ ရေးထိုးထားကြောင်း တွေ့ရသည်။

"အော်မီတော်ဖော်ဗုဒ္ဓ"

"အရှေ့ဧကရာဇ်'ထိုက်ယိ'"

"မဟာလွတ်မြောက်ခြင်းကောင်းကင်နတ်ဆိုး"

ယွင်ရှောင်း ရွတ်ဆိုလိုက်သည်နှင့် ဝိညာဉ်ခြောက်ဖြာအလံရှည်က တုန်ခါလာပြီး အမွှေးဖွား(၆)ခုလုံး တဖျတ်ဖျတ်လွင့်ပျံလာကာ မှောင်မိုက်သောအလင်းတန်းများ ထွက်ပေါ်လာသည်။

ထိုအလင်းတန်းများက ဗလာနယ်ဖြင့်ရောယှက်သွားပြီး ပတ်ဝန်းကျင်တစ်ခုလုံး အမှောင်ထု ဖုံးလွှမ်းသွားသည်။

အမှောင်ထုများထဲမှ မြူခိုးများပမာ လှိုင်းဂယက်များ ထွက်ပေါ်လာသည်။ ထိုလှုပ်ခတ်မှုများကြားမှာ သဏ္ဌန်မဲ့ ဓားဝိညာဉ်များက စကြာဝဠာအလွှာများကို ဖြတ်ကျော်ကာ အဆုံးမရှိ ထွက်ပေါ်လာသည်။

ငရဲကိုးထပ် အနက်ရှိုင်းဆုံးနေရာတွင်ရှိသော အဆုံးမဲ့ချောက်နက် နတ်ဆိုးပင်လယ်ထဲတွင် နက်မှောင်သည့် ရှေးဟောင်းကြေးမုံမှန်တစ်ချပ် ထွက်ပေါ်လာသည်။

ကြေးမုံမှန်မှထွက်ပေါ်လာသော အလင်းတန်းများက ဝင်ရောက်လာသည့် သဏ္ဌန်မဲ့ဓားချီများ ရှေ့ဆက်မတိုးနိုင်အောင် ပိတ်ဆို့လိုက်သည်။

အနက်ရောင်ကြေးမုံမှန်က အမိန့်ပေးလိုက်သည်နှင့် ငရဲကိုးထပ်တစ်ခုလုံး တုန်ခါသွားပြီး သဏ္ဌန်မဲ့ဓားချီများကို စုပေါင်းတွန်းလှန်ကြသည်။

နတ်ဘုရားသုတ်သင်အစီအရင်ထက်တွင်ရှိနေသည့် ကျောက်စိမ်းတံခါးနှင့် အဖြူရောင်ကြာပန်းတို့က လုံးဝ ထိခိုက်ခြင်းမရှိပေ။

သို့သော် ရှေးဟောင်းခေါင်းလောင်းကြီးနှင့် အစိမ်းရောင်ကြာပန်းတို့ကတော့ ဆင်းသက်လာရာမှ ရပ်တန့်သွားသည်။

အစိမ်းရောင်ကြာပန်းထက်တွင် တောက်ပသည့် သရီရဓာတ်တော်တစ်ခု ပေါ်ထွက်လာသည်။ ရှေးဟောင်းခေါင်းလောင်းကြီးမှ မြည်ဟည်းသံထွက်ပေါ်လာပြီး ကောင်းကင်ကိုးထပ်တိုင် ပဲ့တင်ထပ်သွားသည်။

ရှေးခေတ် နတ်ဘုရားများအပ်နှင်းခြင်းကာလ စစ်ပွဲကဲ့သို့ပင် ဝိညာဉ်ခြောက်ဖြာအလံရှည်က တာအိုအဆင့် အဓိပတိကြီးများကို မည်သို့မှ ထိခိုက်အောင် မလုပ်နိုင်ခဲ့ပေ။

သို့သော် ဝိညာဉ်ခြောက်ဖြာအလံရှည်၏ နှောက်ယှက်မှုကြောင့် အော်မီတော်ဖော်ဗုဒ္ဓနှင့် အရှေ့ဧကရာဇ်'ထိုက်ယိ' တို့၏ ဆင်းသက်မှု ရပ်တန့်သွားခဲ့ရသည်။

အကယ်၍ မဟာလွတ်မြောက်ခြင်းကောင်းကင်နတ်ဆိုးသာ ဤနေရာတွင် ရှိနေခဲ့လျှင် သူသည်လည်း ဝိညာဉ်ခြောက်ဖြာအလံရှည်၏ ဟန့်တားမှုကို သေချာပေါက် ခံစားရမည်ပင်။

ရန်ကျောက်ကဲက တာအိုသခင်’လုယာ’ ကို ပြောခဲ့သည့်အတိုင်းပင် ဖုရှီဗျပ်စောင်းအပြင် အခြားသောပြင်ဆင်မှုများကိုလည်း ပြုလုပ်ထားခဲ့သည်။

ယခု ဝိညာဉ်ခြောက်ဖြာအလံရှည်က တာအိုအဓိပတိများစွာ၏ လှုပ်ရှားမှုကို ဟန့်တားလိုက်ပေပြီ။

အော်မီတော်ဖော်ဗုဒ္ဓနှင့် အရှေ့ဧကရာဇ်'ထိုက်ယိ' တို့ တားဆီးခံထားရချိန် အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်နှင့် ဘုရားလောင်းတို့ကတော့ အတားအဆီးမရှိဘဲ ဆက်လက်ဆင်းသက်လာကြသည်။

သို့သော် ယွင်ရှောင်းနတ်သမီးက ဝိညာဉ်ခြောက်ဖြာအလံရှည်ကို အသုံးပြုနေချိန် ရန်ကျောက်ကဲတို့အုပ်စုကလည်း ငြိမ်မနေခဲ့ကြပေ။

နတ်ဘုရားသုတ်သင်အစီအရင်ထဲတွင် ကောင်းချင်းရွှမ်နှင့် သူမ၏ကိုယ်ပွားတို့ အတူတကွ လေထုထဲခုန်ဝင်သွားပြီး ချင်းဖိန်ဓားကိုကိုင်ဆွဲကာ အဝေးတစ်နေရာရှိ ကောင်းကင်ယံထက်သို့ ချိန်ရွယ်လိုက်သည်။

နတ်ဘုရားသုတ်သင်အစီအရင် အပြင်ဘက်တွင်ရှိသော ရွှမ်တုကိုယ်တော်က သူ၏ဦးထုပ်ကို ဆွဲချွတ်လိုက်သည်။

ထိုအခါ အဝေးတစ်နေရာ ကောင်းကင်ယံတွင် အက်ကွဲကြောင်းတစ်ခု ထွက်ပေါ်လာသည်။

မွှေးပျံ့သည့်ရနံ့များ လွင့်ပျံလာပြီး နတ်ဘုရားတေးသံများပဲ့တင်ထပ်ထွက်ပေါ်လာကာ တိမ်မြူများကြားမှ နတ်ဘုံနတ်နန်းများဆီဦးတည်သော လမ်းကြောင်းတစ်ခု ဖွင့်လှစ်သည့်ပမာ ဖြစ်သည်။

ရန်ကျောက်ကဲက လက်ဟန်တစ်ခုပြုလုပ်လိုက်ရာ နတ်ဘုရားသုတ်သင်အစီအရင်ထဲရှိ ယာဇ်ပလ္လင်(၄)ခုက ကောင်းကင်ယံထက်သို့ မြားတစ်စင်းပမာ ပျံတက်သွားပြီး ချင်းဖိန်ထားနှင့် ပေါင်းစည်းသွားသည်။

ထို့နောက် နတ်ဘုရားသုတ်သင်အစီအရင်တစ်ခုလုံး ဗလာနယ်ထဲတွင် ပွင့်ဟနေသည့် အက်ကွဲကြောင်းဆီသို့ တဟုန်ထိုး ပျံတက်သွားတော့သည်။

ဓားအစီအရင်ကြီး ပျံတက်သွားသည်နှင့် ယန်ကျန်း၊ ရန်တိ၊ တောင်ပိုင်းချန်စန်းဧကရာဇ်၊ ယွင်ရှောင်းနှင့် ဝိညာဉ်ခြောက်ဖြာအလံရှည်တို့ကိုပါ တပါတည်း ဆွဲခေါ်သွားသည်။

နက်မှောင်သည့်အလံရှည်က လေထဲတွင် တဖျတ်ဖျတ်လွင့်ပျံနေဆဲဖြစ်သည့်တိုင် အလံရှည်ထက်တွင် ရေးထိုးထားသည့်နာမည်များကတော့ ပျောက်ကွယ်သွားခဲ့ပေပြီ။

သို့ပေသိ ကျောက်စိမ်းတံခါးနှင့် အဖြူရောင်ကြာပန်းတို့က နတ်ဘုရားသုတ်သင်အစီအရင် ရှေ့ဆက်သွားမည်ကို ဟန့်တားထားလိုက်သည်။

နတ်ဘုရားသုတ်သင်အစီအရင်အတွင်းမှ ကြောက်မက်ဖွယ်ရာ သတ်ဖြတ်လိုသည့်အငွေ့အသက်များထွက်ပေါ်လာပြီး ဓားချီများမြင့်တက်လာသည်။

ထိုဓားချီများက ကျောက်စိမ်းတံခါးနှင့် အဖြူရောင်ကြာပန်းတို့ကို အန္တရယ်မပြုနိုင်သော်လည်း အစီအရင်၏မြန်နှုန်းကို မြှင့်တင်ပေးလိုက်သည်။

ကျောက်စိမ်းတံခါးနှင့် အဖြူရောင်ကြာပန်းတို့က အစီအရင်ထဲသို့ အတင်းအကျပ်ဝင်ရောက်လာပြီး ယုံကြည်မှုရတနာအလင်းတန်းနှင့် ဗုဒ္ဓရောင်ခြည်အလင်းတန်းများကိုအသုံးပြုကာ အစီအရင်၏တံခါးများထက်တွင် လွင့်မျောနေသည့် ဓားများကိုသိမ်းပိုက်ရန် ကြိုးစားကြသည်။

သို့သော် နတ်ဘုရားသုတ်သင်ဓား(၄)လက် တပြိုင်တည်းလှုပ်ရှားသွားပြီး ယာဇ်ပလ္လင်များသည်လည်း နေရာရွှေ့သွားကြသည်။

တံခါးချပ်များ ပြောင်းပြန်လန်သွားပြီး တာအိုအဓိပတိကြီးနှစ်ပါး၏ ရတနာအလင်းတန်းနှင့် ဗုဒ္ဓအလင်းတန်းတို့ကို လွင့်စင်သွားစေပြီး မည်သည့်ဓားကိုမှ မသိမ်းပိုက်နိုင်အောင် ဟန့်တားလိုက်၏။

ရုတ်ချည်းပင် ကျောက်စိမ်းတံခါးအတွင်းမှ လက်ဖဝါးကြီးတစ်ဖက် ထွက်ပေါ်လာပြီး လောကဖျက်ဆီးပစ်မည့် ထိတ်လန့်ဖွယ်ရာဓားချီများကို ဖယ်ရှားကာ ချင်းဖိန်ထားကို ဖမ်းဆုပ်လိုက်သည်။

ချင်းဖိန်ဓားက ဗလာနယ်ထဲတွင် လှုပ်ခတ်သွားပြီး အစီအရင်၏ အစိမ်းရောင်အလင်းတန်းများနှင့် အဝါရောင်မြူခိုးများကြား ဖုံးကွယ်ကာ ကိုယ်ရောင်ဖျောက်သွားသည်။

ထို့ကြောင့် ကျောက်စိမ်းတံခါးမှ ထွက်ပေါ်လာသော လက်ဖဝါးကြီးမှာ ချင်းဖိန်ဓားကို ဖမ်းဆုပ်နိုင်ခြင်း မရှိခဲ့‌ပေ။

ထိုအချိန်မှာပင် အဖြူရောင်ကြာပန်းက အဆမတန်ကြီးမားလာပြီး ဗလာနယ်တစ်ခုလုံးကိုဖုံးလွှမ်းကာ အစီအရင်အား ဝါးမျိုရန် ကြိုးစားလိုက်သည်။

ဗုဒ္ဓအလင်းတန်းများ ဖြာထွက်လာပြီး နတ်ဘုရားသုတ်သင်အစီအရင်ကို ချုပ်နှောင်ကာ အောက်သို့ ဆွဲချလိုက်သဖြင့် အစီအရင်မှာ ဟင်းလင်းပြင်ထက် ခဏမျှရပ်တန့်သွားရသည်။

သို့သော် တစ်ခဏအတွင်းမှာပင် မရေမတွက်နိုင်သော ဓားချီများ ပွင့်ထွက်လာပြီး ဗုဒ္ဓရောင်ခြည်အလင်းတန်းများကို ဖျက်ဆီးပစ်လိုက်သည်။

ထို့နောက် အစီအရင်တစ်ခုလုံး ကောင်းကင်ယံထက်မှ အက်ကွဲကြောင်းဆီသို့ တဟုန်ထိုးဝင်ရောက်သွားလေသည်။

ရုတ်ချည်းပင် ပတ်ဝန်းကျင်မြင်ကွင်းများက ပြောင်းလဲသွားပြီး သူတို့အားလုံး ထူးဆန်းသည့် နတ်ဘုံတစ်ခုသို့ ရောက်ရှိသွားကြသည်။

ထိုနတ်ဘုံတွင် သာမန်ဆန်ပြီး ရိုးရှင်းသော နန်းတော်တစ်ခု တည်ရှိနေသည်ကို‌ တွေ့ရလေ၏။

All Chapters