အခန်း (၁၆၁၁-၁၆၁၂)
Vol. 115 Ch. 1611-1612
အခန်း (၁၆၁၁) အနိုင်ရသူနှင့် ရှုံးနိမ့်သူ
အမုန်းတရားမဲ့ကောင်းကင်ဘုံ။
သိုးလွိနန်းတော်။
ဤနေရာသို့ တစ်ခေါက်မှ မရောက်ဖူးကြသော်လည်း နတ်ဒေဝါတို့၏ ခမ်းနားထည်ဝါသော အငွေ့အသက်ကို အာရုံခံမိသည်နှင့် “သိုးလွိနန်းတော်” ဖြစ်ကြောင်း လူတိုင်းသိလိုက်ကြသည်။
သိုးလွိနန်းတော်နှင့်အတူ လူတစ်ယောက်၏အမည်သည်လည်း သူတို့စိတ်ထဲ ပဲ့တင်ထပ် ထွက်ပေါ်လာသည်။
ထိုက်စန့်လောင်ကျွင်း...။
ကျောက်စိမ်းတံခါးနှင့် အဖြူရောင်ကြာပန်းတို့က နတ်ဘုရားသုတ်သင်အစီအရင်ထဲမှ ချင်းဖိန်ဓားကို လုယူနိုင်ခြင်း မရှိခဲ့ကြပေ။
ထို့ပြင် နတ်ဘုရားသုတ်သင်အစီအရင် ထွက်ခွာသွားသည်ကိုလည်း သူတို့ မတားဆီးနိုင်ခဲ့ကြပေ။
အစီအရင်က အမုန်းတရားမဲ့ကောင်းကင်ဘုံသို့ ရောက်ရှိသွားချိန်မှာတော့ သူတို့က ရန်ကျောက်ကဲတို့နောက်သို့ လိုက်ပါသွားခြင်းမရှိခဲ့ကြပေ။
ကျောက်စိမ်းတံခါးနှင့် အဖြူရောင်ကြာပန်းတို့က အမုန်းတရားမဲ့ကောင်းကင်ဘုံအပြင်ဘက်တွင်သာ ဝဲပျံနေခဲ့ကြသည်။
နတ်ဘုရားသုတ်သင်အစီအရင် တဖြည်းဖြည်းပြိုကွဲသွားပြီး ရွှေရောင်မြူခိုးတိမ်တိုက်များအဖြစ် လွင့်ပြယ်သွားသည်ကို သူတို့ စောင့်ကြည့်နေခဲ့ကြသည်။
အစီအရင်ပျက်ပြယ်သွားသည်နှင့် နတ်ဘုရားသုတ်သင်ဓား(၄)လက်က အောက်ဘက်သို့ကျဆင်းသွားပြီး သဲလွန်စမကျန် ပျောက်ကွယ်သွားသည်။
ရိုးရှင်းသည့်အသွင်ရှိသော သိုးလွိနန်းတော်တံခါးမကြီး ပွင့်ဟလာသည်။
ရွှမ်တုကိုယ်တော်၏ ဦးဆောင်မှုဖြင့် ရန်ကျောက်ကဲတို့အားလုံး နန်းတော်ထဲသို့ အတူတကွ ဝင်ရောက်သွားကြသည်။
ယခု အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်နှင့် ဘုရားလောင်းတို့က လူတစ်ယောက်ကိုသာ အာရုံစိုက်နေခဲ့ကြသည်။
သိုးလွိနန်းတော်ထဲတွင် တာအိုဝတ်စုံဝတ်ဆင်ထားသည့် အဘိုးအိုတစ်ယောက်က ကြီးမားသော ဆေးပြင်းဖိုကြီးနံဘေးတွင် မှေးစက်လျှက်ရှိသည်။
ပြင်ပလောကတွင် မည်သည့်အရာများဖြစ်ပျက်နေပါစေ သူ့အတွက်တော့ အရေးမပါသည့်အလားပင်။
နတ်ဘုရားသုတ်သင်အစီအရင်က အမုန်းတရားမဲ့ကောင်းကင်ဘုံသို့ ဝင်ရောက်သွားကြောင်း တွေ့မြင်သည်နှင့် ရှေးဟောင်းခေါင်းလောင်းကြီးနှင့် အစိမ်းရောင်ကြာပန်းတို့က လမ်းကြောင်းပြောင်းလိုက်ပြီး မိမိတို့နယ်မြေများသို့ ပြန်လည်ထွက်ခွာသွားသည်။
အဖြူရောင်ကြာပန်းသည်လည်း ကျောက်စိမ်းတံခါးနှင့် ဆက်လက်မတိုက်ခိုက်တော့ဘဲ အဖြူရောင်ကြာပန်းသုခဘုံသို့ ထွက်ခွာသွားသည်။
ခဏမျှတိတ်ဆိတ်သွားပြီးနောက် ကျောက်စိမ်းတံခါးကလည်း "လူသားအမြုတေကျောက်တုံးအပိုင်းအစ" အတွက် အဖြူရောင်ကြာပန်းနှင့် ဆက်လက်တိုက်ခိုက်ခြင်းမပြုရန် ဆုံးဖြတ်လိုက်သည်။
ကျောက်စိမ်းတံခါးကြီးသည်လည်း အမတခုံရုံးသို့ ပြန်လည်ဆုတ်ခွာသွားလေသည်။
ထိုသို့ဖြင့် နောက်ဆုံးမှာတော့ တုန်လှုပ်ခြောက်ခြားဖွယ် တိုက်ပွဲကြီး အဆုံးသတ်သွားခဲ့သည်။
ဗလာနယ် အစွန်အဖျားမှာတော့ တာအိုသခင် 'လုယာ'၊ မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓ ၊ တိမ်မြူမိုင်တစ်သောင်းမဟာဂဠုန်နှင့် ကျန်ရှိသူအားလုံး ရင်ထဲလေးလံစွာ ခံစားနေကြရသည်။
ယနေ့တိုက်ပွဲ၏ ရိုက်ခတ်မှုက အနာဂတ်အချိန်တစ်ခုအထိ အရေးပါသော လွှမ်းမိုးမှုများ ရှိနေပေလိမ့်မည်။
အနောက်ဘက်သူတော်စင်ဘုံနှင့် နတ်မိစ္ဆာမျိုးနွယ်တို့အတွက်တော့ တိုက်ပွဲရလဒ်က မျှော်လင့်ထားသလို ဖြစ်မလာခဲ့ပေ။ အဖြူရောင်ကြာပန်းသုခဘုံနှင့် အမတခုံရုံးဆိုလျှင်တော့ ပို၍ပင် အခြေအနေဆိုးရွားသေးသည်။
“ငါတို့အားလုံး ဝိုင်းတိုက်တာတောင် သူတို့က လွတ်သွားကြတယ်”
တိမ်မြူမိုင်တစ်သောင်းမဟာဂဠုန်က အံတင်းတင်းကြိတ်ရင်း မကျေမနပ်ဖြင့် ရေရွတ်လိုက်သည်။
"ဝိညာဉ်ခြောက်ဖြာအလံရှည်... အဲ့ဒီ ဝိညာဉ်ခြောက်ဖြာအလံရှည်ကြောင့်ပဲ..."
ရွှေအတောင်မဟာဂဠုန်မှာ ရန်သူများကိုဒေါသထွက်နေသည့်တိုင် ဘာမှမတတ်နိုင်တော့ပေ။
ဤကိစ္စတွင် လောင်ကျွင်း ပါဝင်ခြင်း ရှိ မရှိ ဆိုသည်က တစ်ပိုင်းဖြစ်သော်လည်း သူတို့အနေဖြင့် အမုန်းတရားမဲ့ကောင်းကင်ဘုံကိုတော့ သွားရောက်တိုက်ခိုက်ဝံ့ခြင်း မရှိကြပေ။
လောင်ကျွင်း၏ တန်ခိုးစွမ်းအားကြီးမားမှုကို ဘေးဖယ်ထားလျှင်တောင်မှ အခြားသော တာအိုအဓိပတိများ စုပေါင်းတိုက်ခိုက်သဖြင့် လောကကိုကျော်လွန်သွားပြီဖြစ်သော လမ်းမှန်တာအိုဝါဒ၏ စန်းချင်း (၃) ပါး ဆရာဘိုးဘိုးများ ပြန်လည်နိုးထလာစေရန် လှုံ့ဆော်သလို ဖြစ်သွားနိုင်သည်။
ထို့ပြင် ဝိညာဉ်ခြောက်ဖြာအလံရှည်ကို နားရွက်ရှည်တင်ကွမ်းနတ်ဘုရားနှင့် ယွင်ရှောင်းနတ်သမီးကဲ့သို့ ကောင်းကင်နတ်ဘုရားများအသုံးပြုခြင်းနှင့် တာအိုအဆင့် တန်ခိုးစွမ်းအားရှင်များအသုံးပြုခြင်းက လုံးဝကွဲပြားသည့် ရလဒ်များကို ဖြစ်ပေါ်စေနိုင်သည်။
တာအိုအဓိပတိများအကြားတွင်လည်း စည်းလုံးညီညွတ်မှု မရှိကြပေ။
ဆန့်ကျင်ဘက်အနေဖြင့် တစ်ဦးနှင့်တစ်ဦး ရန်လိုမုန်းတီးမှုများသည်ပင် ပြည့်နှက်နေကြသည်။
တိုက်ပွဲဖြစ်ပွားပြီး တစ်ဖက်က အထိနာသွားပါက အခြားအင်အားစုများဝင်ရောက်လာပြီး ကြားထဲမှအမြတ်ထုတ်သွားပေမည်။
သို့ဖြစ်ရာ နတ်ဘုရားသုတ်သင်အစီအရင်ကို ရယူနိုင်ခြင်းမရှိမှတော့ အမုန်းတရားမဲ့ကောင်းကင်ဘုံအထိ လိုက်လံတိုက်ခိုက်ရန် မည်သူမှ မစဉ်းစားကြပေ။
ထို့ပြင် ဝိညာဉ်ခြောက်ဖြာအလံရှည် ပေါ်ပေါက်လာခြင်းနှင့် ၎င်းပေါ်တွင် ရေးထိုးထားသော အမည်သုံးခုကြောင့် သံသယများစွာလည်း ရှိနေခဲ့ကြသည်။
တာအိုသခင် 'လုယာ' က ခေါင်းခါယမ်းလျှက် သက်ပြင်းချရင်း...
"နောက်ဆုံးတော့ ငါတို့ ကြိုးစားသမျှ အလကားဖြစ်သွားတာပဲ ၊ လမ်းမှန်တာအိုဝါဒ ပြန်လည်ဦးမော့လာဖို့က ရှောင်လွှဲလို့မရတဲ့ ကိစ္စဖြစ်သွားပြီ... ၊ ငါတို့ရဲ့ ကံကြမ္မာက ကျောက်စာပေါ်မှာ ရေးထားသလို အစောကြီးကတည်းက သတ်မှတ်ပြီးသားထင်ပါရဲ့..."
သူ့စကားသံတွင် ဒေါသအရိပ်အယောင်များ မတွေ့မြင်ရပေ။
သူ့အတွက်တော့ နတ်ဘုရားသုတ်သင်အစီအရင်က မြစ်ဝါကိုးကွေ့အစီအရင်ကို ချေမှုန်းလိုက်ပြီး တာအိုဝါဒ ကျင့်ကြံသူများက စစ်မြေပြင်တစ်ခုလုံးကို လွှမ်းမိုးသွားကတည်းက ဤတိုက်ပွဲ၏ အနိုင်အရှုံးကို သိရှိပြီးသား ဖြစ်သည်။
ဤတိုက်ပွဲတွင် ရန်သူမှန်သမျှကို ချေမှုန်းနိုင်စွမ်းရှိသည့် မဟာမာရူယိမှလွဲပြီး အခြားသော နတ်မိစ္ဆာမျိုးနွယ်များနှင့် လမ်းမှန်ဗုဒ္ဓဘာသာ ကျင့်ကြံသူများက တစ်ဖက်နှင့်တစ်ဖက် ထိပ်တိုက်ရင်ဆိုင်ခြင်း မပြုလုပ်ခဲ့ကြပေ။
နတ်ဘုရားသုတ်သင်အစီအရင်ကို အရယူနိုင်ရန်အတွက် နှစ်ဖက်စလုံးက တာအိုဝါဒကျင့်ကြံသူများ၏ခံစစ်ကို ထိုးဖောက်ထွက်ရန်သာ အစွမ်းကုန်ကြိုးစားခဲ့ကြပြီး မိမိတို့၏ မဟာမိတ်များကို နောက်ကွယ်မှ နှောက်ယှက်ခြင်းမျိုး မရှိခဲ့ကြပေ။
သို့သော် လမ်းမှန်တာအိုဝါဒက ထိုအင်အားကြီးအုပ်စုနှစ်ခုလုံး၏ထိုးစစ်ကို ခံနိုင်ရည်ရှိစွာ တောင့်ခံခဲ့ကြသည်။
နတ်ဘုရားအဆုံးသတ်ဓားကို အောင်မြင်စွာသန့်စင်နိုင်သည်အထိ အချိန်ဆွဲနိုင်ခဲ့ပြီး နတ်ဘုရားသုတ်သင်အစီအရင်ကို အပြီးသတ် တည်ဆောက်နိုင်ခဲ့ကြ၏။
အကယ်၍ အချိန်သာ အနည်းငယ် ထပ်ကြာသွားခဲ့လျှင် အနိုင်အရှုံးရလဒ်က မရေမရာ ဖြစ်နေဦးမည်သာပင်။
အဘယ်ကြောင့်ဆိုသော် ရန်ကျောက်ကဲတို့အုပ်စု ပေါင်းစပ်ဖန်တီးထားသည့် "ချီထျန်းမဟာသူတော်စင်" ၏ စွမ်းအားမှာ အချိန်အကန့်အသတ် ရှိနေသောကြောင့်ပင်။
ထိုအချိန်အပိုင်းအခြား ကုန်ဆုံးသွားသည်နှင့် တိုက်ပွဲအခြေအနေက ပြောင်းလဲသွားနိုင်သည်။
သို့သော် ယခုတော့ “အကယ်၍” ဆိုသည့်စကားကို အသုံးပြု၍ မရနိုင်တော့ပေ။
အဆုံးသတ်တွင် လမ်းမှန်တာအိုဝါဒကသာ ပိုင်ပိုင်နိုင်နိုင် အောင်ပပွဲခံသွားခဲ့ပြီး အခြားအင်အားစုများကတော့ တစ်ပူပေါ်နှစ်ပူဆင့်လျှက် ဆုံးရှုံးမှုများသာ ခံစားခဲ့ကြရသည်။
တာအိုသခင်’လုယာ’ ဆိုလျှင် ဒဏ်ရာအပြင်းအထန်ရရှိသည့်အပြင် သူ၏ နတ်ဘုရားသတ်ဖြတ်ဓားပျံကိုပါ ဆုံးရှုံးလိုက်ရသည်။
သူ၏ဘူးသီးခြောက်မှာလည်း ကျောက်စိမ်းကျိုင်းတံဖြင့် ချိတ်ပိတ်ခံလိုက်ရပြီး ကြယ်စင်မြစ်ထဲနစ်မြုပ်သွားကာ နတ်ဘုရားသုတ်သင်အစီအရင်ထဲတွင် အစအနပင်မကျန် ပျောက်ကွယ်သွားရသည်။
ရှေးဟောင်းဗျပ်စောင်းတစ်လက်ဖြစ်သော ‘ဖုရှီဗျပ်စောင်း’ မှာ တာအိုသခင်’လုယာ’ က တာအိုအဓိပတိများ၏အန္တရယ်မှကာကွယ်ရန် သိမ်းဆည်းထားသည့် ဝှက်ဖဲတစ်ခုဖြစ်သည်။
ထိုပစ္စည်းကို လမ်းမှန်တာအိုဝါဒဘက်နှင့် အလဲအလှယ်ပြုလုပ်ခဲ့သဖြင့် အခြားသောအကျိုးအမြတ်အချို့ ရရှိခဲ့သည်။
လမ်းမှန်တာအိုဝါဒက အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်နှင့် အော်မီတော်ဖော်ဗုဒ္ဓတို့ကို ဟန့်တားရာတွင် ထိုဗျပ်စောင်းကို အသုံးပြုခြင်းမှာလည်း သူ၏ အစီအစဉ်အတိုင်းပင် ဖြစ်ခဲ့၏။
သို့သော် အဆုံးသတ်မှာတော့ ကံဆိုးစွာဖြင့် သူ ကြံစည်ထားသည့်အတိုင်း ဖြစ်မလာခဲ့ပေ။
ထို့ပြင် ခေတ်တစ်ခေတ်တွင် တစ်ကြိမ်သာအသုံးပြုနိုင်သော မြားခုနစ်စင်းကျိန်စာမှာလည်း အလကားဖြစ်သွားခဲ့သည်။
ဤတိုက်ပွဲတွင် တာအိုသခင်’လုယာ’ ၏ ဆုံးရှုံးမှု မည်မျှကြီးမားလိုက်ပါသနည်း။
ထို့မျှမကသေးဘဲ အဝါရောင်လေမုန်တိုင်းနတ်မိစ္ဆာနှင့် တိမ်မြူမှောင်မိုက်နတ်ဘုရား တို့မှာလည်း တိုက်ပွဲတွင် ကျဆုံးသွားခဲ့ကြရပြီး ကျန်ရှိသူများမှာလည်း မသေရုံတမယ် ဒဏ်ရာများရရှိထားကြသည်။
တာအိုသခင်’လုယာ’ က သက်ပြင်းချရင်း...
“နောက်ထပ် ဘာတွေဆက်ဖြစ်မလဲ စောင့်ကြည့်ကြတာပေါ့ ၊ ကံမကောင်းတာက နောက်ထပ် ကစားသမားတစ်ယောက် စစ်တုရင်ခုံပေါ်ကို ရောက်လာတာပဲ”
ထို့နောက် သူက တိမ်မြူမိုင်တစ်သောင်းမဟာဂဠုန်နှင့် အခြားသော မဟာနတ်မိစ္ဆာများကို ခေါ်ဆောင်ကာ ထွက်ခွာသွားလေသည်။
ဗုဒ္ဓဘာသာကိုယ်တော်များကလည်း ဆက်လက်တိုက်ခိုက်ရန် ဆန္ဒမရှိကြတော့ပေ။
ယနေ့ဖြစ်ရပ် ရိုက်ခတ်မှုက အနာဂတ်အတွက် များစွာသောအပြောင်းအလဲများ ဖြစ်ပေါ်စေနိုင်သည်။
ထို့ကြောင့် သူတို့အနေဖြင့် မိမိတို့၏ အစီအစဉ်များကို အမြန်ဆုံး ပြန်လည်စိစစ်ပြီး မဟာဗျူဟာများကို ပြန်လည်ပြင်ဆင်ရန် လိုအပ်သည်။
မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက မဟာမာရူယိအား လက်အုပ်ချီလျှက် ဦးညွှတ်လိုက်ပြီး...
"ကိုယ်တော်တို့ဘက်က ကူညီပေးတာ ကျေးဇူးတင်ပါတယ်"
သူက ဆက်ပြောလိုက်သည်။
“ကံမကောင်းတာက နတ်ဘုရားသုတ်သင်အစီအရင်က မြန်ဆန်လွန်းသွာတာပဲ ၊ အဲဒီလိုသာမဟုတ်ရင် ကိုယ်တော်တို့ဘက်က သေချာပေါက် အောင်ပွဲခံနိုင်မှာပါ”
မဟာမာရူယိက...
“ချီထျန်းမဟာသူတော်စင်က တကယ့်ကို နာမည်ဂုဏ်သတင်းနဲ့ ထိုက်တန်ပါတယ်”
သူက ဆက်ပြောလိုက်သည်။
“တကယ်လို့ သူ့မှာ ဖျက်ဆီးလို့မရတဲ့ နတ်မိစ္ဆာရုပ်ခန္ဓာသာ မရှိဘူးဆိုရင်... သူနဲ့ငါရဲ့ တိုက်ပွဲက သရေကျသွားနိုင်တယ်”
ထို့နောက် မဟာမာရူယိက ခေါင်းတစ်ချက်ခါယမ်းလိုက်ပြီး ဗုဒ္ဓရောင်ခြည်အလင်းတန်းအဖြစ်ပြောင်းလဲကာ နေရာမှ ထွက်ခွာသွားလေသည်။
မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓမှာမူ တိုက်တိုင်းအောင်ဗုဒ္ဓကို တိတ်ဆိတ်စွာလှမ်းကြည့်လိုက်ပြီး မည်သည့်စကားမှ မဆိုခဲ့ပေ။
ကြာပန်းစိမ်းရတနာအလံ၏ ကာကွယ်ပေးမှုအောက်တွင်ရှိနေသည့်တိုင် အနောက်ဘက်သူတော်စင်ဘုံသည်လည်း အတော်လေး အထိနာခဲ့သည်။
ဂုဏ်ရောင်ထည်ဝါဗုဒ္ဓ နှင့် စန္ဒကူးဗုဒ္ဓ နှစ်ပါးစလုံးကို ဆုံးရှုံးလိုက်ရသည် မဟုတ်ပါလား။
မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓသည်လည်း ပင်လယ်ငြိမ်သက်ပုလဲ (၆)လုံးကို ဆုံးရှုံးခဲ့ရသည်။ ယနေ့မှစပြီး သူ၏ ကောင်ကင်ဘုံ(၂၄)ထပ်က ဘယ်တော့မှ ပြန်လည်ပြည့်စုံလာတော့မည် မဟုတ်ပေ။
ထို့ပြင် သူစဉ်းစားရမည့် အချက်တစ်ချက်ရှိသည်။
သူတို့ လမ်းမှန်ဗုဒ္ဓဘာသာနှင့်နှိုင်းယှဉ်လျှင် နတ်မိစ္ဆာမျိုးနွယ်များ၏ထိခိုက်မှုက ပိုမိုကြီးမားခဲ့သည်။ သို့သော် အဖြူရောင်ကြာပန်းသုခဘုံကတော့ ဆုံးရှုံးမှုမရှိသလောက်ပင် ဖြစ်၏။
ထို့ပြင် ဘုရားလောင်းက အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်လက်မှ လွတ်မြောက်သွားခဲ့ပြီး လူသားအမြုတေကျောက်တုံးအပိုင်းအစကိုပါ သန့်စင်နိုင်ခဲ့သည်။
အနောက်ဘက်သူတော်စင်ဘုံနှင့် မဟာမိတ်ဖွဲ့ထားသည့် အမတခုံရုံးကတော့ သူတို့လက်ထဲပိုင်ဆိုင်ထားသည့် နတ်ဘုရားအဆုံးသတ်ဓားကိုပါ ဆုံးရှုံးသွားပြီး လမ်းမှန်တာအိုဝါဒက နတ်ဘုရားသုတ်သင်ဓား (၄)လက်လုံးကို စုစည်းရရှိသွားသည်။
ထို့ပြင် အမတခုံရုံးမှ ကောင်းကင်နတ်ဘုရားအရေအတွက်က အဖြူရောင်ကြာပန်းသုခဘုံထက် နည်းပါးနေသည့်ကြားမှ ယခု ဗုံခရာကောင်းကင်ဘုံအရှင်ပါ ထပ်မံကျဆုံးသွားခဲ့ပြန်သည်။
ဤသည်မှာ အနာပေါ် တုတ်ကျသကဲ့သို့ အခြေအနေကို ပိုမိုဆိုးရွားသွားစေသည်။
ဤကိစ္စဖြစ်ပြီးနောက် အတိုင်းအဆမဲ့ကောင်းကင်ဘုံအနေဖြင့် အချိန်တိုင်း သတိထားနေရပေတော့မည်.
လမ်းမှန်တာအိုဝါဒ၏ လက်ထဲတွင် နတ်ဘုရားသုတ်သင်အစီအရင် ရှိနေသရွေ့ အဖြူရောင်ကြာပန်းသုခဘုံနှင့် အမတခုံရုံးအတွက် ကြီးမားသော ခြိမ်းခြောက်မှုကြီး ဖြစ်နေပေလိမ့်မည်။
အထူးသဖြင့် လွန်ခဲ့သော ရာစုနှစ်များစွာကတည်းက လမ်းမှန်တာအိုဝါဒနှင့် အငြိုးအတေးကြီးမားခဲ့သော အမတခုံရုံးအတွက် ပို၍ပင်ဆိုးရွားပေသည်။
အကယ်၍ အမတခုံရုံးနှင့် အနောက်ဘက်သူတော်စင်ဘုံကို အုပ်စုတစ်ခု၊ အဖြူရောင်ကြာပန်းသုခဘုံနှင့် နတ်မိစ္ဆာမျိုးနွယ်ကို အုပ်စုတစ်ခုဟု သတ်မှတ်မည်ဆိုလျှင် ယနေ့တိုက်ပွဲကြောင့် မည်သည့်ဘက်က ပိုမိုထိခိုက်သည်လဲ တပ်အပ်မပြောနိုင်ပေ။
တစ်ခုတည်းသော သေချာသည့်အရာကတော့ “လမ်းမှန်တာအိုဝါဒ” က အကြီးမားဆုံး အောင်နိုင်သူ ဖြစ်သွားခဲ့ခြင်းပင်။
မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက မျက်လုံးများကိုမှေးမှိတ်ရင်း သက်ပြင်းတိုးတိတ်ချလိုက်သည်။
“ငါတို့တွေ နတ်ဘုရားသုတ်သင်အစီအရင်ကို ရယူဖို့ကြိုးစားခဲ့တယ် ၊ အခု ရှုံးသွားပြီဆိုတော့ အပြောင်းအလဲတွေအများကြီး ဖြစ်ပေါ်လာတော့မှာပဲ”
အခန်း (၁၆၁၂) အတက်အကျ
“ယန်ကျန်း...”
မဟာဉာဏ်အလင်းဗောဓိသတ္တ ရေရွတ်လိုက်သည်။
သူက သက်ပြင်းချလိုက်ရင်း...
“အစကတည်းက လမ်းမှန်တာအိုဝါဒက ငါတို့ကို နဖားကြိုးထိုးသွားတာပဲ”
မြေကမ္ဘာဘုရင်မဆိုသည်မှာ ယန်ကျန်းမှ ဟန်ဆောင်ထားခြင်းဖြစ်ကြောင်း သိရှိသွားပြီးနောက် မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓ၊ မဟာဉာဏ်အလင်းဗောဓိသတ္တနှင့် အခြားသော ဗုဒ္ဓဘာသာ ထိပ်တန်းတန်ခိုးစွမ်းအားရှင်များ အခြေအနေအရပ်ရပ်ကို ရိပ်မိသွားကြသည်။
တိုက်ပွဲစကတည်းက အမတခုံရုံးနှင့် အနောက်ဘက်သူတော်စင်ဘုံမှ ဆင်ထားသည့်ထောင်ချောက်ကို လမ်းမှန်တာအိုဝါဒက သိရှိနေကြောင်း သူတို့ အာရုံခံမိခဲ့ကြသည်။
သို့သော် အဘက်ဘက်မှ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားပြီးဖြစ်ရာ စီစဉ်ထားသည့်အတိုင်း ဆက်လုပ်ရန်သာ ရွေးချယ်ခဲ့ရသည်။
ပြီးတော့ တိုက်ပွဲရလဒ်ဆိုသည်က အဆုံးသတ်တွင် တန်ခိုးစွမ်းအားနှင့် အင်အားကြီးမားမှုအပေါ်တွင်သာ မူတည်သည် မဟုတ်လား။
ယန်ကျန်း၏ သရုပ်မှန် ထွက်ပေါ်လာပြီးနောက် လျှို့ဝှက်ချက်အားလုံးက ရှင်းလင်းသွားခဲ့သည်။
လမ်းမှန်တာအိုဝါဒက ဆင်ထားသည့် ထောင်ချောက်အတွင်းတိုးဝင်ပြီး သူတို့အတွက် အခွင့်အရေးအဖြစ် ပြောင်းလဲအသုံးချသွားခဲ့သည်။
အလွန်တရာ အန္တရယ်ကြီးမားကြောင်း သိရှိပါလျှက် နတ်ဘုရားအဆုံးသတ်ဓား ရရှနိုင်မည့်အခွင့်အရေးကို လက်မလွှတ်ဘဲ စွန့်စားခဲ့ကြသည်။
အဆုံးသတ်မှာတော့ နတ်ဘုရားသုတ်သင်ဓား(၄)လက်လုံး တာအိုဝါဒလက်ထဲသို့ရောက်ရှိသွားပြီး နတ်ဘုရားသုတ်သင်အစီအရင်ကိုပါ ဖော်ထုတ်အသုံးပြုနိုင်ခဲ့သည်။
မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက ခေါင်းကို ဖြည်းညှင်းစွာ ခါယမ်းလိုက်ရင်း...
“ယန်ကျန်း အသက်ရှင်နေတာရယ် ၊ သူက မြေကမ္ဘာဘုရင်မအဖြစ် လှည့်စားဟန်ဆောင်ခဲ့တာရယ်က အလှည့်အပြောင်းသက်သက်ပဲ”
သူက ဆက်ပြောလိုက်သည်။
“ဒီတိုက်ပွဲမှာ အဓိကအကျဆုံးက ချီထျန်းမဟာသူတော်စင်ပဲ”
ဟုတ်ပေ၏။
ချီထျန်းမဟာသူတော်စင်သာ မရှိခဲ့ပါက မဟာမာရူယိ အကူအညီဖြင့် အနောက်ဘက်သူတော်စင်ဘုံက အောင်မြင်မှုရရန် အခွင့်အရေးပိုများပေမည်။
ယန်ကျန်းနှင့် စောမင်ကျန့် ရှိနေလျှင်ပင် မဟာမာရူယိကိုရင်ဆိုင်ရန် အခက်တွေ့ပေမလိမ့်မည်။
မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက မချိပြုံးပြုံးလိုက်ပြီး...
“နှမျောစရာကောင်းတာက...”
ခဏနားပြီးမှ သူက ဆက်ပြောလိုက်သည်။
“ငါတို့က အင်အားနည်းလွန်းနေတာပဲ...”
တာအိုသခင်’လုယာ’ သည်လည်း ဝှက်ဖဲအားလုံးကို ထုတ်သုံးခဲ့ပြီး သူ့တွင်ရှိသော နတ်ဘုရားသတ်ဖြတ်ဓားပျံ၊ မြားခုနစ်စင်းကျိန်စာနှင့် ရှေးဟောင်း ဖုရှီဗျပ်စောင်းတို့ကိုပင် စတေးခဲ့ရသည်။
ထို့အတူပင် မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓနှင့် အခြားသော ဗုဒ္ဓဘာသာ ကျင့်ကြံသူများသည်လည်း ဤတိုက်ပွဲတွင် ကြီးမားသောပေးဆပ်မှုများ ပြုလုပ်ခဲ့ကြရသည်။
မဟာမာရူယိ ထွက်ခွာသွားရာသို့ ငေးစိုက်ကြည့်ရင်း မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက အဖြူရောင်ကြာပန်းသုခဘုံလက်ထဲရောက်နေသည့် စကြာမုနိဗုဒ္ဓ၏ သရီရဓာတ်တော်အကြောင်း တွေးလိုက်မိသည်။
ထို့နောက် ရှေးဟောင်းဗုဒ္ဓ၏ မျက်ဝန်းအစုံမှ စိတ်ရှုပ်ထွေးသည့်ခံစားချက်များ ပျောက်ကွယ်သွားပြီး ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။
“ကဲ... သွားကြစို့”
သူက ဆက်ပြောလိုက်သည်။
“ဒီနေ့ကိစ္စတွေက အခုမှ အစပဲ ရှိသေးတာ ၊ နောက်ထပ်ဖြစ်လာမယ့် ပြဿနာတွေက ပိုပြီး တုန်လှုပ်ချောက်ချားစရာ ကောင်းလိမ့်မယ်”
“အော်မီတော်ဖော်...”
ဗုဒ္ဓဘာသာကိုယ်တော်များ ဘုရားစာရွတ်ဆိုရင်း ဗလာနယ်ထဲမှ ပျောက်ကွယ်သွားကြသည်။
အခြားအင်အားစုများက မကျေနပ်မှု ၊ ကူရာကယ်ရာမဲ့မှုများနှင့် ပြည့်နက်နေစဉ် အမုန်းတရားမဲ့ကောင်းကင်ဘုံရှိ သိုးလွိနန်းတော်၏လေထုကတော့ လုံးဝ မတူကွဲပြားလျှက် ရှိ၏။
ရန်ကျောက်ကဲက စိတ်သက်သာရာရစွာဖြင့် သက်ပြင်းရှည်တစ်ချက် မှုတ်ထုတ်လိုက်သည်။
လွန်ခဲ့သော နှစ်ပေါင်း(၅၀)က နတ်ဘုရားအဆုံးသတ်ဓားမှာ အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်၏ လက်ထဲတွင် ရှိနေကြောင်း သိလိုက်ရစဉ်က သူ၏စိတ်များတင်းကျပ်နေခဲ့သည်။
ယခုမှ သူ့ရင်ထဲမှ ဖိစီးမှုများအားလုံး ကင်းစင်သွားတော့သည်။
အခြားသူများ၏ မျက်နှာများထက်တွင်လည်း ထပ်တူကျသော ဝမ်းမြောက်မှုအရိပ်အယောင်များ ပေါ်လွင်နေသည်။
သူတို့က သိုးလွိနန်းတော်ကို အကဲခတ်ကြည့်ရှုရင်း ရွှမ်တုကိုယ်တော်ကို မေးမြန်းလိုက်ကြသည်။
“ကျုပ်တို့ လောင်ကျွင်းကို ဂါရဝပြုခွင့် ရနိုင်မလား”
ရွှမ်တုကိုယ်တော်က အားနာဟန်ဖြင့်...
“မင်းတို့ကို စိတ်ပျက်အောင်လုပ်တာတော့ မဟုတ်ပါဘူး ၊ ဒါပေမဲ့ ဆရာကြီးက ဘာမှ အမိန့်ပေးမထားတော့ ကျုပ်သဘောနဲ့ကျုပ် ဆုံးဖြတ်လို့မရဘူး ဖြစ်နေတယ်”
ယန်ကျန်းက ပြုံးလိုက်ရင်း...
“ငါတောင် သိုးလွိနန်းတော်မှာ နှစ်တွေအကြာကြီးနေခဲ့တာ ၊ တစ်ခါမှ လောင်ကျွင်းနဲ့ မတွေ့ခဲ့ဖူးဘူး”
ယွင်ရှောင်းနတ်သမီးကလည်း ခပ်သဲ့သဲ့ ပြုံးလိုက်ရင်း...
“ငါလည်း အတူတူပဲ”
“ဒါဆိုရင်တော့ စိတ်မကောင်းစရာပဲ”
အားလုံး အနည်းငယ် စိတ်ပျက်သွားကြသော်လည်း ယန်ကျန်း ၊ ယွင်ရှောင်းနတ်သမီးနှင့် ရွှမ်တုကိုယ်တော်တို့ကို ကျေးဇူးတင်စကား ဆိုလိုက်ကြသည်။
“ဒီတစ်ခေါက် တိုက်ပွဲမှာ ခင်ဗျားတို့သာ မကူညီရင် တိုက်ပွဲရလဒ်က တခြားစီဖြစ်သွားမှာ သေချာတယ်”
ရွှမ်တုကိုယ်တော်တို့ (၃)ယောက်လုံး ခေါင်းခါယမ်းလိုက်ကြသည်။
ယန်ကျန်းက...
“ငါတို့အားလုံးက မျိုးနွယ်တစ်ခုတည်းပဲလေ ၊ ကျေးဇူးတင်စရာမလိုပါဘူး ၊ ပြီးတော့ ဒီနေ့တိုက်ပွဲက ငါတို့ လမ်းမှန်တာအိုဝါဒရဲ့ အနာဂတ်နဲ့လည်းသက်ဆိုင်နေတယ် ၊ ဘယ်လိုလုပ် လျစ်လျူရှုထားလို့ရမလဲ”
ယွင်ရှောင်းနတ်သမီးက...
“ဒီနေ့ တိုက်ပွဲအောင်မြင်လိုက်တာက ငါတို့ရဲ့ နောက်ပိုင်းရပ်တည်ချက်တွေကို သိသိသာသာ ပြောင်းလဲသွားစေလိမ့်မယ်”
သူမက ဆက်ပြောလိုက်သည်။
“ဒါပေမဲ့ ငါတို့ သတိတော့ထားရမယ် ၊ မဟုတ်ရင် နှစ်ပေါင်းများစွာ ကြိုးစားခဲ့သမျှ အလကားဖြစ်သွားနိုင်တယ်”
သူမက စကားဆုံးသွားသည်နှင့် မဟူရာရောင်သွေး ဖုံးလွှမ်းနေသည့် ဝိညာဉ်ခြောက်ဖြာအလံရှည်ကို လှမ်းကြည့်လိုက်သည်။
ယခု ထိုအလံထက်တွင် မည်သည့်အမည်မှ ရေးထိုးထားခြင်းမရှိဘဲ ဗလာဖြစ်နေသည်။
လောင်ကျွင်းကိုယ်တိုင် ပါဝင်တိုက်ခိုက်ခြင်း မရှိသည့်တိုင် နတ်ဘုရားသုတ်သင်အစီအရင်ကိုသာ ပိုင်ဆိုင်ထားပါက လမ်းမှန်တာအိုဝါဒအတွက် အခြားသော အင်အားကြီးအုပ်စုများကို ကောင်းစွာ ယှဉ်ပြိုင်နိုင်ပေပြီ။
တာအိုအဓိပတိများ ပါဝင်ပတ်သက်လာလျှင်ပင် လမ်းမှန်တာအိုဝါဒအနေဖြင့် အရင်ကလို ကူရာကယ်ရာမဲ့နေမည် မဟုတ်တော့ပေ။
နတ်ဘုရားသုတ်သင်အစီအရင်က အော်မီတော်ဖော်ဗုဒ္ဓ၊ မီလဲ့ကိုယ်တော်၊ အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်၊ အရှေ့ဧကရာဇ်'ထိုက်ယိ' နှင့် မဟာလွတ်မြောက်ခြင်းကောင်းကင်နတ်ဆိုးတို့ကို ထိခိုက်အောင် မလုပ်ဆောင်နိုင်ပေ။
သို့သော် ဤအစီအရင်က သမိုင်းတစ်လျှောက် အကြမ်းတမ်းဆုံးအစီအရင်ဖြစ်လေရာ ထိုအဓိပတိများ၏ လက်အောက်ခံများကတော့ အလွန်တရာ ကြောက်ရွံ့ကြပေမည်။
သို့သော် ပြဿနာတစ်ခု ရှိနေသေး၏။
ဝိညာဉ်ခြောက်ဖြာအလံရှည် သို့မဟုတ် ဖုရှီဗျပ်စောင်းကဲ့သို့သော ရတနာပစ္စည်းများ မရှိပါက တာအိုအဓိပတိများ စုပေါင်းတိုက်ခိုက်မည်ဆိုလျှင် ၊ သူတို့က အစီအရင်ကဖျက်ဆီးပြီး ဓားများကို လုယူသွားနိုင်သည်။
ထို့ကြောင့် မမျှော်လင့်သည့် အပြောင်းအလဲများ မဖြစ်စေရန်အတွက် ထိုအဓိပတိများ ထွက်ပေါ်လာသည်နှင့် နတ်ဘုရားသုတ်သင်အစီအရင်၏တိုက်ကွက်များကို ထုတ်ဖော်ရန်လိုအပ်သည်။
တိုက်ခိုက်ရန်အခွင့်အရေးက တစ်ကြိမ်တည်းသာ ရှိနိုင်သည်။
သို့သော် အင်အားစုများကြား အားပြိုင်မှုနှင့် ရန်လိုမှုများ ပြင်းထန်နေချိန် မည်သူက နတ်ဘုရားသုတ်သင်အစီအရင်၏ ခြောက်ခြားဖွယ်ရာ တိုက်ခိုက်မှုကို ခံယူချင်ပါမည်နည်း။
ဤအချက်ကပင် လမ်းမှန်တာအိုဝါဒအတွက် အခွင့်အရေးတစ်ရပ် ဖြစ်လာခဲ့သည်။
ထို့ကြောင့်လည်း ရန်ကျောက်ကဲ ၊ ယန်ကျန်းနှင့် အခြားသူများက နတ်ဘုရားသုတ်သင်အစီအရင်ကိုရရှိရန် အပြင်းအထန် ကြိုးစားခဲ့ကြခြင်း ဖြစ်၏။
မဟာကပ်ဘေးကြီး နောက်ပိုင်း အဘက်ဘက်မှ ကျရှုံးနေသည့် လမ်းမှန်တာအိုဝါဒမှာ ယခုတော့ သမိုင်းအသစ် ရေးထိုးနိုင်ခဲ့ပေပြီ။
ရွှမ်တုကိုယ်တော်က...
“နတ်ဘုရားသုတ်သင်အစီအရင်က သိုးလွိနန်းတော်မှာပဲ ဆက်ရှိနေမယ်ဆိုရင် ဆရာကြီးက သိပ်သဘောကျမှာ မဟုတ်ဘူး”
သူက ယွင်ရှောင်းနတ်သမီးနှင့် ဝူတန့်မယ်တော်ကို လှမ်းကြည့်လိုက်ပြီး...
“ချင်းဖိန်ဓားကိုယူပြီးတော့ အစီအရင်ကို ပြင်ပဗလာနယ်ထဲ ရွှေ့ပြောင်းထိန်းသိမ်းထားဖို့ မင်းတို့နှစ်ယောက်ကိုပဲ အားကိုးရတော့မယ်”
ဤသည်က ရှောင်လွှဲမရသည့် ကိစ္စတစ်ခုပင်။
သူတို့အနေဖြင့် လျှို့ဝှက်စွာ ပုန်းအောင်းရင်း အစဉ်တစိုက် အင်အားစုစည်းထားနိုင်မှသာ အခြားသူများအပေါ် ခြိမ်းခြောက်နိုင်စွမ်းကို မြှင့်တင်နိုင်ပေမည်။
သို့သော် နတ်ဘုရားသုတ်သင်ဓားများကို ကိုင်ဆောင်ထားသူသည် ဗလာနယ်ထဲတွင် တစ်ကိုယ်တည်းလွင့်မျောနေရမည်ဖြစ်ပြီး ဟင်းလင်းပြင်နှင့်လည်း တသားတည်းကျနေရပေမည်။
ယွင်ရှောင်းနတ်သမီးက ခေါင်းညိတ်လိုက်ပြီး...
“ဒါဆို ငါတို့တွေ တစ်လှည့်စီ တာဝန်ယူကြတာပေါ့ ၊ ဂိုဏ်းတူအစ်မက ဒဏ်ရာရထားတယ်ဆိုတော့ လောလောဆယ် ငါပဲ ဒီတာဝန်ကို ယူထားလိုက်မယ်”
ဒဏ်ရာကြောင့် အားအင်ချည့်နဲ့နေဆဲဖြစ်သော ဝူတန့်မယ်တော်က ခေါင်းညိတ်လိုက်ပြီး...
“ကျေးဇူးပါပဲ...”
ရန်ကျောက်ကဲက ပြုံးလိုက်ရင်း...
“ဝိညာဉ်ခြောက်ဖြာအလံရှည်ပေါ်မှာ ဘာနာမည်မှ မရှိတော့ဘူးဆိုတော့ ဒီအလံပေါ်မှာ နာမည်အသစ်တွေ ထပ်ရေးထားမလားဆိုတာ အပြင်လူတွေ သိမှာမဟုတ်ဘူး”
သူက ဆက်ပြောလိုက်သည်။
“ပြီးတော့ လောင်ကျွင်းရဲ့ ရပ်တည်ချက်က ဘယ်လိုရှိမလဲဆိုတာကိုလည်း သူတို့ ခန့်မှန်းနိုင်မှာ မဟုတ်ဘူး”
လောင်ကျွင်း၏ရပ်တည်ချက်ကို လမ်းမှန်တာအိုဝါဒ ကျင့်ကြံသူများသည်ပင် ခန့်မှန်းနိုင်ခြင်း မရှိပေ။
သို့သော် ယခုအချိန်ထိ လောင်ကျွင်း နှုတ်ဆိတ်နေသည်ကို ကြည့်ခြင်းအားဖြင့် သူတို့၏လုပ်ဆောင်ချက်များကို အသိအမှတ်ပြုထားကြောင်း ထင်ရှားသည်။
မည်သို့ပင်ဖြစ်စေ ဤအခြေအနေကို သူတို့အတွက် အကျိုးရှိအောင် အသုံးချနိုင်ပေသည်။
စိုးရိမ်ရမည့်အချက်တချို့ ရှိနေသေးသဖြင့် သူတို့က အမုန်းတရားမဲ့ကောင်းကင်ဘုံတွင် လာရောက်ပုန်းအောင်းနေကြခြင်း ဖြစ်သည်။
သွေးဓားသည့်ဓားတစ်လက်ဆိုသည်က အရေးကြီးသောအခိုက်အတန့်တွင်သာ အကြီးမားဆုံးတန်ဖိုးကို ထုတ်ဖော်နိုင်မည် မဟုတ်လား။
ဥပမာအားဖြင့် ယခုတစ်ကြိမ်တွင် နတ်ဘုရားသုတ်သင်အစီအရင်ကို အရယူနိုင်ခဲ့ခြင်းမျိုး ဖြစ်သည်။
ယန်ကျန်းက ပြုံးလိုက်ရင်း...
“ငါတို့ တာအိုဝါဒက အတိတ်တုန်းကတော့ အထွတ်ထိပ်ကို ရောက်ခဲ့ဖူးပါတယ် ၊ နောက်ပိုင်းကျတော့ အောက်ခြေကို ထိုးဆင်းသွားခဲ့တယ် ၊ အခုတော့... အမှောင်ထုပျောက်ကွယ်ပြီး အလင်းရောက်မယ့်အချိန်ကို ရောက်ပြီထင်တာပဲ”
သူက ဆက်ပြောလိုက်သည်။
“ချောက်ကမ်းပါးအောက်ခြေမှာ အကြာကြီးနေခဲ့ပြီးပြီဆိုတော့ အထွတ်ထိပ်ကို ပြန်တက်ရမယ့်အချိန် ရောက်လာပြီ ၊ အခုဆိုရင် အနာဂတ်က တောက်ပနေပြီ ၊ ငါတို့အားလုံး စည်းစည်းလုံးလုံးနဲ့ ကြိုးစားမယ်ဆိုရင် လက်လှမ်းမမီနိုင်တဲ့အရာ ရှိမှာမဟုတ်တော့ဘူး”
ရန်ကျောက်ကဲက ယန်ကျန်း၏စကားကို နားထောင်ရင်း ပြုံးလိုက်သည်။
ယန်ကျန်းပြောသကဲ့သို့ပင် လမ်းမှန်တာအိုဝါဒက အလယ်ခေတ်တွင် အလွန်တရာ အင်အားကြီးမားခဲ့သည်။
ကောင်းကင်မဖွင့်လှစ်မီ ယွမ်စီကောင်းကင်နတ်ဆိုးက ယွမ်စီထျန်းကျွင်းထံမှ “မူလကနဦး(ယွမ်စီ)” ဆိုသော ဂုဏ်ပုဒ်ကို လုယူရန်ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။
ကောင်းကင်ဖွင့်လှစ်ပြီးနောက် ရှေးဦးကာလတွင်လည်း ထိုနတ်ဆိုးက ယွမ်စီထျန်းကျွင်း၏ ဖိနှိပ်မှုကို ခံခဲ့ရပြန်သည်။
ရှေးဦးကာလတွင် စန်းချင်း(၃)ပါး ဆရာသခင်များက လူသားမျိုးနွယ်အပါအဝင် သက်ရှိပေါင်းစုံကို တန်းတူရည်တူ ဖန်တီးအုပ်ချုပ်ခဲ့ကြသည်။
သို့သော် တောက်တယ်ထျန်းကျွင်းက တာအိုဝါဒ အဆုံးအမများဖြင့် ကမ္ဘာလောကကို ပြုပြင်ပြောင်းလဲပေးခဲ့သဖြင့် လူသားမျိုးနွယ်များက အခြားသောမျိုးနွယ်များအပေါ် အောင်နိုင်ကာ ရှေ့တန်းသို့ ရောက်ရှိလာကြသည်။
ထို့ကြောင့် လူသားမျိုးနွယ်များက စန်းချင်း(၃)ပါး ဆရာသခင်များကို အလွန်အမင်း ရိုသေကိုးကွယ်ကြသည့်တိုင် သူတို့၏ သိုင်းပညာလမ်းစဉ်အများစုက တောက်တယ်ထျန်းကျွင်း၏ အဆုံးအမများနောက်သို့သာ အများဆုံး လိုက်နာခဲ့ကြသည်။
သမိုင်းတစ်လျှောက်တွင် ပထမဆုံး ကျဆုံးခဲ့သော တာအိုအဓိပတိမှာ လင်ပေါင်ထျန်းကျွင်း၏ သုတ်သင်ခြင်းကို ခံခဲ့ရသည့် “ဖန်ဆင်းခြင်းကောင်းကင်နတ်ဆိုး” ဖြစ်သည်။
ကမ္ဘာလောကမဖြစ်တည်ခင် ကမ္ဘာဦးအက်ကွဲကြောင်း ကာလမှသည် ရှေးဦးကာလအထိ စန်းချင်း(၃)ပါး ဆရာဘိုးဘိုးတို့မှာ မည်သည့်အခါမျှ အရေးမနိမ့်ခဲ့ကြပေ။
ရန်ကျောက်ကဲက လက်ဖြင့် ဦးခေါင်းကိုတစ်ချက် ပွတ်သပ်လိုက်ရင်း...
“ကျွန်တော်တို့ရဲ့ ရှေ့ဆောင်လမ်းပြ ဆရာဘိုးဘိုးတွေက အရမ်းထက်မြက်ခဲ့ကြတယ် ၊ ဒါကလည်း ကံကြမ္မာစက်ဝန်းအတက်အကျနဲ့ ကိုက်ညီတယ်လို့ ပြောရမှာပေါ့လေ”