အခန်း (၁၆၁၅-၁၆၁၆)
Vol. 115 Ch. 1615-1616
အခန်း (၁၆၁၅) မဟာနတ်မိစ္ဆာတစ်ပါးရဲ့ရုပ်အလောင်းက ရတနာပစ္စည်းပဲ
ကြယ်စင်မြစ်တိုက်ပွဲတွင် မငြိမ်းသောမီးအိမ်တာအိုဆရာက ပင်လယ်ငြိမ်သက်ပုလဲ (၆)လုံး ဆုံးရှုံးခဲ့ရသည်။
ဖန်းယွင်ရှန်းက ပုလဲတစ်လုံး ရယူနိုင်ခဲ့ပြီး ရန်ကျောက်ကဲကလည်း တောင်ပိုင်းချန်စန်းဧကရာဇ်ထံမှ နောက်ထပ်ပုလဲတစ်လုံး ရရှိခဲ့သည်။
ထို့ကြောင့် သူတို့နှစ်ယောက်လက်ထဲတွင် ပုလဲနှစ်လုံး ရှိနေပေပြီ။
ပင်လယ်ငြိမ်သက်ပုလဲများသာမက ကြယ်စင်မြစ်ထဲတွင် ပြန့်ကျဲနေသော အခြားရတနာများသည်လည်း နတ်ဘုရားသုတ်သင်အစီအရင်ထဲ ဝင်ရောက်လာခဲ့သည်။
အစီအရင်၏အဖျက်စွမ်းအားက ကြောက်မက်ဖွယ်ကောင်းလှသည်ဖြစ်ရာ ဓားအလင်းတန်းများနှင့် ထိတွေ့ရုံဖြင့် ထိုရတနာပစ္စည်းများ အစိတ်စိတ်အမွှာမွှာ အက်ကွဲသွားနိုင်သည်။
သို့သော် ရန်ကျောက်ကဲက အစီအရင်အပြောင်းအလဲများကို အသေးစိတ်ထိန်းချုပ်ပြီး သက်မဲ့ရတနာပစ္စည်းများ ပျက်ဆီးမသွားစေရန် ထိန်းသိမ်းထားခဲ့သည်။
ကောင်းဟန် ယူသွားသည့် နတ်ဘုရားသတ်ဖြတ်ဓားပျံနှင့် ကျောက်စိမ်းကျိုင်းတံတို့မှလွဲ၍ နတ်ဘုရားသုတ်သင်အစီအရင်အတွင်းသို့ ဝင်ရောက်လာသည့် အခြားသော ရတနာပစ္စည်းများအားလုံး ရန်ကျောက်ကဲလက်ထဲ ရောက်ရှိလာသည်။
မြစ်ဝါကိုးကွေ့အစီအရင်ကို ထိန်းချုပ်ခဲ့သည့် အမတခုံရုံးမှ ပြင်ပတာအိုကျင့်ကြံသူ 'ဗုံခရာကောင်းကင်ဘုံအရှင်' ကတော့ နတ်ဘုရားသုတ်သင်အစီအရင်ကို ခုခံနိုင်စွမ်းပင်မရှိဘဲ အသက်ပျောက်သွားခဲ့သည်။
သူ၏ခန္ဓာကိုယ်က ဓားချီများကြောင့် သဲလွန်စမကျန် ပျောက်ကွယ်သွားခဲ့သ်ောလည်း သူ၏ပိုင်ဆိုင်ပစ္စည်းများကိုတော့ ထိန်းသိမ်းထားနိုင်ခဲ့သည်။
အခြားပစ္စည်းများက သိပ်အရေးမပါလှသော်လည်း “ကောင်းကင်တက်လှမ်းဗုံ” ဆိုသည့် အမတမှော်ဝင်ပစ္စည်းတစ်ခုကတော့ သိသိသာသာ ထူးခြားမှုရှိသည်။
ပြင်ပတာအိုကျင့်ကြံသူတစ်ယောက်အတွက် မူလကောင်းကင်ကပ်ဘေးကို ရင်ဆိုင်ကျော်ဖြတ်ရာတွင် အားနည်းချက်များစွာ ရှိနိုင်သော်လည်း ရတနာပစ္စည်းများကို သန့်စင်ရာတွင်တော့ အခက်အခဲ မရှိလှပေ။
ဗုံခရာကောင်းကင်ဘုံအရှင်က ပြင်ပတာအိုကျင့်ကြံသူတစ်ယောက်ဖြစ်သည့်တိုင် အမတမှော်ဝင်ပစ္စည်းတစ်ခုကိုတော့ သန့်စင်နိုင်စွမ်းရှိသူဖြစ်သည်။
သို့သော် ကံဆိုးစွာပင် သူက ထိုပစ္စည်း၏အစွမ်းကို ထုတ်ဖော်အသုံးပြုရန်ပင် မတတ်နိုင်ခဲ့ပေ။
ရန်ကျောက်ကဲက ကောင်းကင်တက်လှမ်းဗုံကိုကြည့်ရင်း ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
"အင်း... ဒီဗုံကတော့ မဆိုးဘူးပဲ"
ရှေးခေတ်အချိန်ကတည်းက တည်ရှိခဲ့သော ထိပ်တန်းရတနာများနှင့် အမတမှော်ဝင်ပစ္စည်းအများစုမှာ ကမ္ဘာဦးအစ ရှေးခေတ်ကာလကတည်းက မြစ်ဖျားခံလာသော ကြွယ်ဝသည့်သမိုင်းကြောင်းများ ရှိကြသည်။
မဟာကပ်ဘေးကြီးနောက်ပိုင်းမှာတော့ ကောင်းကင်နတ်ဘုရားအဆင့် အမတမှော်ဝင်ပစ္စည်းအသစ်များ ထွက်ပေါ်လာခြင်းမှာ အလွန်ပင် ရှားပါးသွားခဲ့သည်။
လွန်ခဲ့သော နှစ်ပေါင်း(၁၀၀)ကျော်ကတည်းက ကောင်းကင်နတ်ဘုရားအဆင့်သို့ တက်လှမ်းနိုင်ခဲ့သည့် စောမင်ကျန့်သည်ပင် ယခုအချိန်ထိ လက်ဗလာဖြင့်သာ ရှိနေသေးသည်။
သူက မည်သည့် မှော်ဝင်ပစ္စည်းမှအသုံးမပြုဘဲ အစွမ်းနိုင်သည်ဆိုသော်ငြား လုံးဝမလိုအပ်ဟုတော့ မဆိုလိုပေ။
ဤသို့ဖြစ်ရခြင်း၏ အဓိကအကြောင်းရင်းမှာ ကျင့်ကြံခြင်းရင်းမြစ်များ ရှားပါးလွန်းသောကြောင့် ဖြစ်သည်။
ခေတ်အဆက်ဆက်တွင် ထူးချွန်ထက်မြက်သူများစွာ ပေါ်ထွက်ခဲ့သော်လည်း ရတနာအစစ်အမှန်ဆိုသည်မှာ ကံတရားအထောက်အပံ့ အလွန်ကောင်းမှသာ ရရှိနိုင်သည့်အရာ ဖြစ်သည်။
ထိုသို့သော ရတနာပစ္စည်းတစ်ခု ထွက်ပေါ်လာခြင်းမှာပင် ကြီးမားသော အံ့သြဖွယ်ရာတစ်ခု ဖြစ်နေပေပြီ။
သို့ပေသိ မိုးကြိုးက တစ်နေရာတည်းကို နှစ်ကြိမ်ပစ်ရိုးထုံးစံမရှိသလို ထိုသို့သောရတနာပစ္စည်းများ ထပ်မံထွက်ပေါ်လာရန်မှာလည်း အလွန်ခက်ခဲလှသည်။
တစ်ဖက်မှကြည့်လျှင်လည်း ဤအခြေအနေက ကောင်းမွန်သည်ဟု ရန်ကျောက်ကဲ ယူဆမိသည်။
အဘယ်ကြောင့်ဆိုသော် ပြင်ပတာအိုကျင့်ကြံသူများထဲမှ ကောင်းကင်နတ်ဘုရားတစ်ပါး ထွက်ပေါ်လာရန် ခက်ခဲသည်ဆိုသော်လည်း လမ်းမှန်တာအိုဝါဒထက်စာလျှင် ပို၍လွယ်ကူနေပေသည်။
မှော်ဝင်ပစ္စည်း၏ အရည်အသွေးနှင့် အသုံးပြုသူ၏စွမ်းအား မပြောင်းလဲဘဲ လုံလောက်သော ရင်းမြစ်များသာ ရရှိမည်ဆိုပါက ပြင်ပတာအို ကျွမ်းကျင်သူများအနေဖြင့် ရတနာပစ္စည်းများနှင့် အမတမှော်ဝင်ပစ္စည်းများကို အသုံးပြုပြီး လမ်းမှန်တာအိုဝါဒ စန်းချင်း(၃)ပါးအဆက်အနွယ်ကြားမှ ကျင့်ကြံခြင်းကွာဟချက်ကို အစားထိုး ဖြည့်ဆည်းသွားနိုင်ပေမည်။
သို့သော် ထိုသို့သာ အမှန်တကယ် ဖြစ်လာခဲ့လျှင် အနောက်ဘက်သူတော်စင်ဘုံနှင့် နတ်မိစ္ဆာမျိုးနွယ်တို့ကလည်း လက်ပိုက်ကြည့်နေကြမည် မဟုတ်ပေ။
ဗုံခရာကောင်းကင်ဘုံအရှင်၏ 'ကောင်းကင်တက်လှမ်းဗုံ' မှာ မဟာကပ်ဘေးကြီးနောက်ပိုင်း ထွက်ပေါ်လာသော အနည်းငယ်မျှသော ကောင်းကင်နတ်ဘုရားအဆင့် အမတမှော်ဝင်ပစ္စည်းများထဲမှ တစ်ခုဖြစ်သည်။
ယခု ထိုဗုံမှာ သူ၏လက်ဝယ်သို့ ရောက်ရှိလာပြီဖြစ်ရာ ရန်ကျောက်ကဲမှာ အလွန်ပင် ကျေနပ်နေတော့သည်။
ထို့ပြင် သူ့ကို ပိုပြီးဝမ်သာစေသော အခြားရတနာပစ္စည်းတစ်ခုလည်း ရှိနေသည်။
၎င်းမှာ တိမ်မြူမှောင်မိုက်နတ်ဘုရား၏ 'မူလပရမ်းပတာတူ' ပင် ဖြစ်၏။
ဤရတနာပစ္စည်းက အလွန်ထူးခြားပြီး ကွမ်းချန်ထျန်းကျွင်း၏ 'စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်' နှင့်ပင် ယှဉ်နိုင်စွမ်းရှိသည်။
ရှေးခေတ် နတ်ဘုရားများအပ်နှင်းခြင်းကာလ စစ်ပွဲတွင် ကွမ်းချန်ထျန်းကျွင်း၊ ချိကျင်းကျီနှင့် အခြားသော ယွိချင်အဆက်အနွယ် တန်ခိုးစွမ်းအားရှင်များက ဤရတနာပစ္စည်းအောက်တွင် အလူးအလဲ ခံခဲ့ကြရဖူးသည်။
တိမ်မြူမှောင်မိုက်နတ်ဘုရားက ဤတူကို ကိုင်စွဲ၍ စန့်ချင်ကျိုးဂိုဏ်း၏ အပေါင်းအပါ နတ်မိစ္ဆာနတ်ဘုရားများဖြစ်ကြသည့် ခြင်္သေ့နတ်ဘုရား ၊ ရွှေရောင်အလင်းနတ်ဘုရား၊ ဆင်နတ်ဘုရားနှင့် ငှက်မွှေးနတ်ဘုရားတို့ထက်ပင် သာလွန်ကျော်ကြားခဲ့သူ ဖြစ်သည်။
သို့သော် မဟာမာရူယိ၏ ရောင်စဉ်ငါးမျိုး အလင်းတန်းများက အလွန်အစွမ်းထက်သည်ဖြစ်ရာ သူ့အနေဖြင့် မူလပရမ်းပတာတူကို ဆုံးရှုံးရခြင်းမှာ ရှက်စရာကိစ္စတော့ မဟုတ်ပေ။
ချီထျန်းမဟာသူတော်စင်က မဟာမာရူယိ၏ ရောင်စဉ်ငါးမျိုး အလင်းတန်းချုပ်နှောင်မှုမှ ရုန်းထွက်နိုင်တော့မှသာ တောင်ပိုင်းချန်စန်းဧကရာဇ်၊ မြောက်ပိုင်းကြယ်စင်ဧကရာဇ်၊ ခေါင်းကိုးလုံးပိုးကောင်နှင့် အခြားသူများသည်လည်း သူနှင့်အတူ လွတ်မြောက်လာခဲ့ကြသည်။
ထိုအချိန် ရောင်စဉ်ငါးမျိုးအလင်းတန်းများကြောင့် ကြယ်စင်မြစ်ထဲ နစ်မြုပ်သွားသည့် မူလပရမ်းပတာတူသည်လည်း သဲလွန်စမကျန် ပျောက်ဆုံးသွားရသည်။
ချီထျန်းမဟာသူတော်စင်နှင့် မဟာမာရူယိတို့ တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း တိမ်မြူမှောင်မိုက်နတ်ဘုရားက နတ်ဘုရားသုတ်သင်အစီအရင်ကို အရယူရန် ကြိုးပမ်းခဲ့သော်လည်း ရန်ကျောက်ကဲ၏ဓားချက်ဖြင့် အသက်ပျောက်ခဲ့ရသည်။
နောက်ပိုင်း နတ်ဘုရားသုတ်သင်အစီအရင်က ကြယ်စင်မြစ်အတွင်းရှိ အရာအားလုံးကို ဆွဲငင်လိုက်သည့်အခါ မူလပရမ်းပတာတူသည်လည်း အစီအရင်ထဲသို့ ရောက်ရှိလာသည်။
ထို့ကြောင့် ထိုရတနာပစ္စည်းသည်လည်း ကောင်းကင်တက်လှမ်းဗုံကဲ့သို့ပင် ရန်ကျောက်ကဲလက်ထဲ ရောက်ရှိလာခဲ့သည်။
ကောင်းကင်တက်လှမ်းဗုံနှင့် နှိုင်းယှဉ်လျှင် မူလပရမ်းပတာတူက အင်အားသုံးတိုက်ခိုက်ရန် ပိုမိုသင့်တော်သည်။
ထိုက်ရွှီးမူလနတ်ဘုရားတစ်ပါးသာ ဤလက်နက်ကို ရရှိသွားပါက ကောင်းကင်နတ်ဘုရားတစ်ပါးကို ရှောင်တခင် တိုက်ခိုက်ခြင်းဖြင့် တိုက်ပွဲအခြေအနေကို ပြောင်းလဲပစ်နိုင်စွမ်း ရှိပေသည်။
ထို့ပြင် ဤအမတမှော်ဝင်ပစ္စည်း နှစ်ခုလုံးက အသုံးပြုသူစိတ်အလိုရှိတိုင် ချက်ချင်းပင် စွမ်းအားထုတ််ဖော်နိုင်စွမ်း ရှိကြသည်။
ရန်ကျောက်ကဲ ရရှိခဲ့သည့် အခြားရတနာပစ္စည်းများစွာလည်း ရှိနေသေးသည်။ သေချာစွာ စစ်ဆေးပြီးမှသာ ထိုပစ္စည်းများကို မည်သို့ ထိရောက်စွာ အသုံးပြုရမည်ကိုဆုံးဖြတ်ရပေမည်။
နတ်ဘုရားသုတ်သင်အစီအရင်၏ ဖျက်ဆီးမှုဒဏ်ကြောင့် ဂုဏ်ရောင်ထည်ဝါဗုဒ္ဓ၏ ရုပ်အလောင်းက လုံးဝ ပျက်ဆီးသွားခဲ့သည်။
သူ၏ သရီရဓာတ်တော်သည်ပင် ကြွင်းကျန်ခြင်း မရှိခဲ့ပေ။
ဗုံခရာကောင်းကင်ဘုံအရှင်၏ ကောင်းကင်တက်လှမ်းဗုံနှင့် မတူသည်မှာ ဂုဏ်ရောင်ထည်ဝါဗုဒ္ဓ၏ရတနာပစ္စည်းများက သူ၏ဗုဒ္ဓနယ်မြေထဲတွင် သိမ်းဆည်းထားခြင်း ဖြစ်သည်။
သူ၏ရွှေခန္ဓာ အစိတ်စိတ်အမွှာမွှာ ပျက်ဆီးသွားချိန် ထိုဗုဒ္ဓနယ်မြေသည်လည်း အတူပျက်သုဉ်းသွားခဲ့သည်။
ကျဆုံးသွားခဲ့သော အခြားဗုဒ္ဓတစ်ပါးဖြစ်သည့် 'စန္ဒကူးဗုဒ္ဓ' ကတော့ ရူယိရွှေတုတ်ဖြင့် ရိုက်နှက်ခံရကာ သေဆုံးသွားသည့်အတွက် သရီရဓာတ်တော် ကျန်ရစ်ခဲ့သည်။
ဖန်းယွင်ရှန်းက အဝါရောင်လေမုန်တိုင်းနတ်မိစ္ဆာကို လုပ်ကြံသတ်ဖြတ်ခဲ့ပြီး ရန်ကျောက်ကဲက တိမ်မြူမှောင်မိုက်နတ်ဘုရားကို နတ်ဘုရားသုတ်သင်အစီအရင်ထဲတွင် သုတ်သင်ခဲ့သည်။
အဝါရောင်လေမုန်တိုင်းနတ်မိစ္ဆာ၏အလောင်းက ပျက်ဆီးမသွားသော်လည်း တိမ်မြူမှောင်မိုက်နတ်ဘုရား၏ အလောင်းကတော့ ဓားချီများကြောင့် အတော်လေးပျက်ဆီးသွားသည်။
ကံကောင်းစွာဖြင့် အချို့သော အစိတ်အပိုင်းများက ကောင်းမွန်စွာ ကျန်ရစ်နေသေးသည်။
ဤရုပ်အလောင်းများမှာ အဖိုးမဖြတ်နိုင်သော ရတနာများပင် ဖြစ်သည်။
"မဟာနတ်မိစ္ဆာတစ်ကောင်ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးက ရတနာတွေပဲ" ဟူသော စကားမှာ အပိုပြောခြင်း မဟုတ်ပေ။
အဖိုးတန်ရတနာများကို သန့်စင်ရန် အသုံးပြုသည့် ကုန်ကြမ်းပစ္စည်းများမှာ ဤရုပ်အလောင်းများမှပင် ရရှိခြင်း ဖြစ်၏။
ရန်ကျောက်ကဲက အဝါရောင်လေမုန်တိုင်းနတ်မိစ္ဆာ၏ ရုပ်အလောင်းကို စစ်ဆေးကြည့်တော့ ပြင်းထန်သော လေမုန်တိုင်းအအေးဓာတ်ကို အာရုံခံမိသည်။
ဤရုပ်အလောင်းကို အသုံးပြု၍ 'သမာဓိကောင်းကင်လေ' ကို ထိန်းချုပ်စေခိုင်းနိုင်မည့် ရတနာပစ္စည်းမျိုးအထိ သန့်စင်နိုင်မည်လား မသေချာသော်လည်း လေမုန်တိုင်းများကို ဆင့်ခေါ်နိုင်သည့် ရတနာပစ္စည်းမျိုးဖန်တီးရန် မခက်ခဲလှပေ။
တိမ်မြူမှောင်မိုက်နတ်ဘုရားက ရွှေရောင်မုတ်ဆိတ်နှင့် နဂါးခေါင်းပါသော ငါးကြီးတစ်ကောင်ဖြစ်ပြီး ရေတွင်ကျက်စားသည့် နတ်မိစ္ဆာတစ်ပါး ဖြစ်သည်။
သူ၏ရုပ်အလောင်းက ပေါက်ပြဲပျက်ဆီးနေပြီး အသက်ဓာတ်စွမ်းအားများ ယိုစိမ့်နေသော်လည်း ရေဓာတ်အမြုတေစွမ်းအားကတော့ အရင်အတိုင်း အားကောင်းနေဆဲပင်။
ရန်ကျောက်ကဲအတွက် ဤရုပ်အလောင်းက လောလောဆယ် အသုံးမဝင်သေးသော်လည်း သူ၏တန်ဖိုးက မူလပရမ်းပတာတူနှင့် ကောင်းကင်တက်လှမ်းဗုံတို့ထက်ပင် သာလွန်နိုင်သည်။
တကယ်တော့ ရန်ကျောက်ကဲစိတ်ထဲ ဆန်းသစ်သော အတွေးအခေါ်များစွာ ရှိနေခဲ့သည်။ ထိုအရာများကို လက်တွေ့အကောင်အထည်ဖော်ရန် ရင်းမြစ်များမရှိသဖြင့် မပြုလုပ်နိုင်ခြင်း ဖြစ်၏။
ယခု ရတနာပစ္စည်းများ တဖြည်းဖြည်းများပြားလာပြီဖြစ်ရာ သူ၏စိတ်ကူးကို အသက်သွင်းနိုင်ပေတော့မည်။
သို့ပေသိ ဤတိုက်ပွဲ၏ အကြီးမားဆုံးသောအောင်မြင်မှုမှာ နတ်ဘုရားသုတ်သင်အစီအရင်ပင် ဖြစ်သည်။
မဟာကပ်ဘေးကြီး နောက်ပိုင်းတွင် တာအိုဝါဒ၏ ရပ်တည်ချက်မှာ ယနေ့မှစ၍ အမှန်တကယ် ပြောင်းလဲသွားပြီဟု ဆိုနိုင်သည်။
ယနေ့မှစ၍ စန်းချင်း(၃)ပါး အဆက်အနွယ်များမှာ ပုန်းလျှိုးကွယ်လျှိုး နေစရာမလိုတော့ဘဲ ပိုမိုအဆင့်အတန်း မြင့်မားလာပေတော့မည်။
တာအိုဝါဒ၏ ကောင်းကင်ဘုံအရှင်များသည်လည်း ဗလာနယ်ထဲတွင် ကိုယ်ယောင်ဖျောက်ကာ လွင့်မျောနေစရာမလိုတော့ဘဲ မိမိတို့စိတ်ကြိုက် ကျောက်ဂူအိမ်တော်များတည်ထောင်ကာ လွတ်လပ်စွာ လှုပ်ရှားသွားလာနိုင်ပေမည်။
တာအိုအဆင့်အောက် ကျင့်ကြံသူများကြားတွင် စန်းချင်း(၃)ပါးအဆက်အနွယ် ၊ နတ်မိစ္ဆာမျိုးနွယ် ၊ ဗုဒ္ဓဘာသာကျင့်ကြံသူ ၊ ငရဲကိုးထပ်နှင့် အခြားအင်အားစုများကြား တိုက်ခိုက်မှုများတွင် အနိုင်အရှုံးက မိမိတို့ကိုယ်ပိုင်စွမ်းရည်ပေါ်တွင်သာ မူတည်နေမည်ဖြစ်သော်လည်း တာအိုအဆင့် တန်ခိုးစွမ်းအားရှင်များ၏ ခြိမ်းခြောက်မှုကတော့ သိသိသာသာ လျော့နည်းသွားပေပြီ။
သို့သော် တစ်ယောက်ယောက်ကတော့ ဗလာနယ်ထဲတွင် ကိုယ်ယောင်ဖျောက်လျှက် နတ်ဘုရားသုတ်သင်အစီအရင်ကို ဆက်လက်ထိန်းသိမ်းထားရန် လိုအပ်သည်။
စန့်ချင်ကျိုးဂိုဏ်းမှ ဝူတန့်မယ်တော်နှင့် ယွင်ရှောင်းနတ်သမီးတို့က ထိုပင်ပန်းလှသော တာဝန်ကို တစ်လှည့်စီ ပုခုံးထမ်းရန် ဆုံးဖြတ်ခဲ့ကြသည်။
ဝူတန့်မယ်တော်က ဒဏ်ရာရရှိထားသဖြင့် ယွင်ရှောင်းနတ်သမီးက အစီအရင်ကို ထိန်းချုပ်ရန် ဦးစွာတာဝန်ယူလိုက်ပြီး ဝူတန့်မယ်တော်၏ဒဏ်ရာများ သက်သာသွားမှသာ လူစားလဲရန် သဘောတူလိုက်သည်။
အခြားသူများကို နှုတ်ဆက်စကားဆိုပြီးနောက် ယွင်ရှောင်းနတ်သမီးက ချက်ချင်းပင် စတင်လှုပ်ရှားလိုက်သည်။
ကျန်ရှိသူများကတော့ ခဏမျှ ဆက်လက်ဆွေးနွေးမှုများ ပြုကြသည်။
ထို့နောက်မှာတော့ လောင်ကျွင်းက မည်သည့်ဧည့်သည်ကိုမှ မတွေ့ဆုံသည်ဖြစ်ရာ အားလုံး ပင်လယ်ငြိမ်သက်ပုလဲ တစ်လုံးစီယူဆောင်ပြီး ရွှမ်တုကိုယ်တော်ကိုနှုတ်ဆက်ကာ အမုန်းတရားမဲ့ကောင်းကင်ဘုံရှိ သိုးလွိနန်းတော်မှ ထွက်ခွာခဲ့ကြသည်။
နန်းတော်တံခါးကြီးမှ ထွက်ခွာလာစဉ် ရန်ကျောက်ကဲ လည်ပြန်လှည့်ကြည့်လိုက်ပြီး စိတ်ထဲတွင် တစ်စုံတ်စခုကို နက်နက်နဲနဲ စဉ်းစားလိုက်မိသည်။
အခန်း (၁၆၁၆) ထိုက်စန့်ကောင်းကင်နတ်ဆိုးနှင့် သဏ္ဌန်မဲ့ကောင်းကင်နတ်ဆိုး
“သိုးလွိနန်းတော်” ဟု ရေးထိုးထားသည့် ဆိုင်းဘုတ်ကိုကြည့်ရင်း ရန်ကျောက်ကဲ ခဏမျှ အတွေးနက်သွားမိသည်။
နောက်မှ အခြားသူများနှင့်အတူ ထိုနေရာမှ ထွက်ခွာလာခဲ့လေသည်။
သူတို့အားလုံး အမုန်းတရားမဲ့ကောင်းကင်ဘုံမှထွက်ခွာလာပြီးနောက် အဆုံးမရှိသော ဗလာနယ်အာကာသထဲသို့ ပြန်လည်ရောက်ရှိလာကြသည်။
“ထူးထူးခြားခြား ခံစားရတာမျိုး ရှိနေလို့လား”
ဖန်းယွင်ရှန်းက အသံပို့လွှတ်စနစ်ဖြင့် မေးမြန်းလိုက်သည်။
စောစောက ရန်ကျောက်ကဲ၏အမူအရာကိုကြည့်ပြီး သူ အဘယ့်ကြောင့် ထိုသို့ပြုလုပ်ရသည်ကို သူမ ချက်ချင်း ရိပ်မိလိုက်သည်။
ဒြပ်စင်ငါးပါးတောင်ခြေတွင် ချီထျန်းမဟာသူတော်စင်နှင့် တွေ့ဆုံခဲ့ပြီးနောက်ပိုင်း အခြေအနေများကို ပြန်လည်သုံးသပ်ကြည့်မည်ဆိုလျှင် ဤဖြစ်ရပ်များနောက်ကွယ်တွင် လောင်ကျွင်း တစ်နည်းနည်းဖြင့် ပတ်သက်နေနိုင်သည်ဟု ရန်ကျောက်ကဲ သံသယဝင်ခဲ့မိသည်။
ယခု သူကိုယ်တိုင် အမုန်းတရားမဲ့ကောင်းကင်ဘုံရှိ သိုးလွိနန်းတော်သို့ လာရောက်ခွင့်ရခဲ့ပြီ။ သို့သော် ကံကြမ္မာဖန်သည်လားမသိ ၊ လောင်ကျွင်းနှင့် တွေ့ဆုံခွင့်မရခဲ့ပေ။
“ဘာမှ ထူးခြားတာ မရှိပါဘူး”
ရန်ကျောက်ကဲက အသံပို့လွှတ်စနစ်ဖြင့်ပင် ပြန်လည်ဖြေကြားလိုက်သည်။
ဖန်းယွင်ရှန်းက အံ့အားသင့်သွားပြီး...
“ဘာမှမထူးခြားဘူး... ဟုတ်လား”
ရန်ကျောက်ကဲက တစ်ယောက်တည်း ရေရွတ်သည့်ဟန်ဖြင့် စကားဆိုလိုက်သည်။
“ဟုတ်တယ်... ဘာမှ မထူးခြားတာကပဲ ပိုပြီးထူးဆန်းနေသလားလို့”
ဖန်းယွင်ရှန်းက ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။
သူမ အတန်ကြာ စဉ်းစားပြီးမှ...
“ရွှမ်တုကိုယ်တော်ကလည်း ရှင့်ကိုကြည့်တဲ့အကြည့်တွေမှာ ဘာမှထူးဆန်းတဲ့အမူအရာမျိုး မရှိဘူးနော်”
ရန်ကျောက်ကဲက...
“ချီထျန်းမဟာသူတော်စင်က လောင်ကျွင်းနဲ့ ထိတွေ့ဆက်ဆံခဲ့ဖူးတာမို့လို့ တခြားသူတွေ မမြင်နိုင်တာကို သူ သိမြင်နိုင်တာ ဖြစ်လိမ့်မယ်”
သူက ဆက်ပြောလိုက်သည်။
“ဒါပေမဲ့ ချီထျန်းမဟာသူတော်စင်က လောင်ကျွင်းနဲ့ တွေ့ဆုံတဲ့ အကြိမ်ရေက ရွှမ်တုကိုယ်တော်လောက်တော့ မများနိုင်ဘူး မဟုတ်လား”
ဖန်းယွင်ရှန်းက...
“ကျွန်မတို့ တစ်ခုခုလွဲနေတာမျိုးလည်း ဖြစ်နိုင်တယ်”
သူမက ဆက်ပြီး ခန့်မှန်းကြည့်လိုက်သည်။
“ရွှမ်တုကိုယ်တော်က သိလျက်နဲ့ မသိချင်ယောင်ဆောင်နေတာလည်း ဖြစ်နိုင်တယ်”
ရန်ကျောက်ကဲ ခေါင်းညိတ်လိုက်ပြီး တောင်ပိုင်းချန်စန်းဧကရာဇ်ကို တစ်ချက်လှမ်းကြည့်လိုက်သည်။
“ဒီလူကလည်း အတော်လေး သံသယဖြစ်စရာကောင်းတယ်”
သူက အတွေးများကို လက်စသတ်လိုက်ပြီး...
“ဘာမှမဆုံးဖြတ်နိုင်ခင်အထိတော့ ဆက်ပြီး စောင့်ကြည့်ကြတာပေါ့”
အမုန်းတရားမဲ့ကောင်းကင်ဘုံမှ ထွက်ခွာလာပြီးနောက် အားလုံး လမ်းခွဲခဲ့ကြသည်။
ယန်ကျန်းသည်လည်း တစ်ခြားကိစ္စတစ်ခုခု ရှိနေပုံရပြီး သိုးလွိနန်းတော်မှ ထွက်ခွာသွားခဲ့၏။
“ခဏလောက် စောင့်ပါဦး... ကျွန်တော် မေးစရာလေး တစ်ခုရှိလို့ပါ”
ရန်ကျောက်ကဲက အသံပို့လွှတ်စနစ်ဖြင့် ယန်ကျန်းအား စကားလှမ်းပြောလိုက်သည်။
“ကောင်းပြီ...”
ယန်ကျန်းက အသံပို့လွှတ်စနစ်ဖြင့် ပြန်ပြောလိုက်သော်လည်း အခြားသူများ မရိပ်မိအောင် အမူအရာမပျက် ရှေ့ဆက်ထွက်ခွာသွားသည်။
ကျန်လူများအားလုံးကို မျက်ခြေဖြတ်နိုင်ပြီဆိုတော့မှ သူက ရန်ကျောက်ကဲ ၊ ဖန်းယွင်ရှန်း ၊ ရန်တိနှင့် ရွှီဖေးတို့အား မတ်တတ်ရပ်လျှက် စောင့်ဆိုင်းနေလိုက်၏။
ယန်ကျန်းက...
“ဘာကိစ္စရှိလို့လဲ ကျောက်ကဲ”
ထို့နောက် သူက ပြုံးလိုက်ပြီး...
“ဒါနဲ့ စကားမစပ်... မင်းရဲ့နာမည်က ဘာအဓိပ္ပာယ်လဲဆိုတာ ငါသိချင်နေတာ ၊ ကြည့်ရတာ တစ်ယောက်ယောက်ကို အခွင့်ကောင်းယူထားတဲ့ နာမည်မျိုးနဲ့တူနေသလိုပဲ”
ထိုစကားကြားတော့ ရန်ကျောက်ကဲက ရန်တိကို လှမ်းကြည့်လိုက်သည်။
ရန်တိနှင့် အခြားသူများက ရယ်မောလိုက်ကြလေသည်။
ရန်ကျောက်ကဲက ရယ်ကျဲကျဲဖြင့်...
“ကျွန်တော်ငယ်ငယ်က အောက်ဘုံကမ္ဘာတစ်ခုမှာ ကြီးပြင်းခဲ့တာပါ ၊ အဲဒီမှာ ‘ရန်ကျောက်’ လို့ခေါ်တဲ့ ဒေသတစ်ခုရှိတယ် ၊ အဲဒီမှာနေထိုင်တဲ့သူတွေက သတ္တိရှိပြီး တရားမျှတမှုကို မြတ်နိုးကြသလို သူရဲကောင်းတွေအတွက် စပ်ဆိုထားတဲ့ တေးသီချင်းတွေကိုလည်း သီဆိုရတာဝါသနာပါတယ် ၊ အဲဒါကြောင့် အဖေက ကျွန်တော့်ကို အဲဒီနာမည်ပေးခဲ့တာ”
ယန်ကျန်းက ပြုံးလိုက်ပြီး...
“အဲဒီလိုကိုး... ဟုတ်ပါပြီ ၊ ဆိုတော့... အဓိကအကြောင်းအရာကို ပြန်သွားရအောင် ၊ မင်း ငါ့ကို ဘာမေးစရာရှိလို့လဲ”
ရန်ကျောက်ကဲက မျက်နှာကို ပြန်တည်လိုက်ပြီး...
“မဟာလွတ်မြောက်ခြင်းကောင်းကင်နတ်ဆိုးက အော်မီတော်ဖော်ဗုဒ္ဓကို ကူညီပြီး အရှေ့ဧကရာဇ်ကို တားဆီးပေးခဲ့တယ် ၊ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ခင်ဗျား ဘယ်လိုမြင်လဲ”
ယန်ကျန်းက တည်ကြည်လေးနက်သည့် မျက်နှာထားဖြင့်...
“မင်းစိတ်ထဲမှာ တစ်ခုခု ခန့်မှန်းထားပြီးသား မဟုတ်လား”
ရန်ကျောက်ကဲက ခပ်တိုးတိုးလေသံဖြင့်...
“ခင်ဗျားလည်း ကျွန်တော့်လိုပဲ သံသယဝင်နေတယ် မဟုတ်လား”
သူက ဆက်ပြောလိုက်သည်။
“အရင်က နတ်ဘုရားသုတ်သင်ဓားကိစ္စနဲ့ဆိုရင်ရော... ဒီအဖြစ်အပျက်နှစ်ခုက ဆက်စပ်နေနိုင်မလား”
လွန်ခဲ့သော နှစ်ပေါင်း(၅၀)ခန့်က ရန်ကျောက်ကဲတို့အုပ်စု နတ်ဘုရားသုတ်သင်ဓားကို လိုက်လံရှာဖွေစဉ်က ထိုဓားက သိုးလွိနန်းတော်တွင် အစောကြီးကတည်းက ရှိနေခဲ့သည်။
ထိုစဉ်က ယန်ကျန်းက မြေကမ္ဘာဘုရင်မအဖြစ် ဟန်ဆောင်ပြီး နတ်ဘုရားသုတ်သင်ဓားကို အသုံးပြုကာ အခြားသူများကို အာရုံလွှဲခဲ့သည်။
ထို့နောက် သူက ကျောက်စိမ်းဝိညာဉ်နန်းတော်သို့ သွားရောက်ပြီး ကျောက်စိမ်းဝိညာဉ်ဖန်မီးအိမ်ကို သွားရောက် ယူငင်ခဲ့သည်။
နောက်ပိုင်း သူက ထိုမီးအိမ်ကို တာအိုသခင်’လုယာ’ ထံမှ ဟောင်းနွမ်းနေသော ‘ဖုရှီဗျပ်စောင်း’ ဖြင့် လဲလှယ်ခဲ့သည်။
ယနေ့တိုက်ပွဲတွင် ထိုဗျပ်စောင်းက အစားထိုးမရသော အခန်းကဏ္ဍမှ ပါဝင်ခဲ့၏။
သို့သော် နတ်ဘုရားသုတ်သင်ဓားက နဂိုကတည်းက သိုးလွိနန်းတော်တွင် ရှိနေခဲ့ခြင်း မဟုတ်ပေ။
မဟာကပ်ဘေးကြီးကာလတွင် ကွမ်းချန်ထျန်းကျွင်း ကျဆုံးသွားခဲ့ပြီး နတ်ဘုရားသုတ်သင်ဓားသည်လည်း ငရဲကိုးထပ်ကလ်ထဲသို့ ရောက်ရှိသွားခဲ့သည်။
နောက်ပိုင်း ငရဲကိုးထပ်က သိုးလွိနန်းတော်နှင့် အပေါးအယူလုပ်ခဲ့ပြီး နတ်ဘုရားသုတ်သင်ဓားကို တာအိုဝါဒသို့ ပြန်လည်ပေးအပ်ခဲ့သည်။
ထိုအပေးအယူကိစ္စအားလုံးကို ရွှမ်တုကိုယ်တော်က ကိုင်တွယ်ခဲ့ခြင်း ဖြစ်ပြီး ယန်ကျန်းသည်ပင် ထိုကိစ္စကို အသေးစိတ် သိရှိခဲ့ခြင်း မရှိပေ။
သို့သော် သူ့စိတ်ထဲမှာတော့ တစ်စုံတစ်ခု ခန့်မှန်းထားခဲ့မိသည်။
မဟာလွတ်မြောက်ခြင်းကောင်းကင်နတ်ဆိုးက တာအိုအဓိပတိတစ်ပါး ဖြစ်သည်။
ထိုကဲ့သို့ ပုဂ္ဂိုလ်တစ်ယောက်နှင့် အပေးအယူပြုလုပ်ရန် ထိုက်တန်သောပစ္စည်းဆိုသည်က အလွန်တရာ ရှားပါးသည်။
အရင်က ယန်ကျန်းကိုယ်တိုင်လည်း သူ၏ခန့်မှန်းချက်အပေါ် အနည်းငယ် ဝေခွဲမရ ဖြစ်နေခဲ့သည်။
သို့သော် အနောက်ဘက်သူတော်စင်ဘုံနှင့် အမတခုံရုံးတို့က မဟာလွတ်မြောက်ခြင်းကောင်းကင်နတ်ဆိုးကို မည်သို့စည်းရုံးခဲ့သနည်းဟု ပြန်လည်စဉ်းစားကြည့်လျှင် သူတို့ပေးလိုက်ရသည့်တန်ဖိုးမှာလည်း သေချာပေါက် အလွန်ကြီးမားပေမည်။
ထိုနှစ်ချက်ကို ဆက်စပ်ကြည့်လိုက်တော့ သူတို့အားလုံးစိတ်ထဲ အဖြေတစ်ခု ထွက်ပေါ်လာသည်။
ငရဲကိုးထပ်ကို စည်းရုံးနိုင်သည့်အရာ များစွာရှိသော်လည်း မဟာလွတ်မြောက်ခြင်းကောင်းကင်နတ်ဆိုးကိုပင် စည်းရုံးနိုင်လောက်အောင် လေးနက်သည့်အရာမှာ အလွန်ပင် ရှားပါးလှသည်။
ရွှီဖေးက တည်ကြည်လေးနက်သောအသံဖြင့်...
“ထိုက်စန့်ကောင်းကင်နတ်ဆိုး... ပြီးတော့...”
သူက ဆက်ပြောလိုက်သည်။
“... သဏ္ဌန်မဲ့ကောင်းကင်နတ်ဆိုး...”
ရန်ကျောက်ကဲ၊ ဖန်းယွင်ရှန်း၊ ရန်တိနှင့် ယန်ကျန်းတို့အားလုံး တိတ်ဆိတ်သွားကြသည်။
မူလက ငရဲကိုးထပ်တွင် ဘိုးဘေးမဟာနတ်ဆိုး (၆) ပါး ရှိခဲ့သည်။
သို့သော် ထိုက်ချင်ဘိုးဘေး ‘ထိုက်စန့်လောင်ကျွင်း’ နှင့် အနောက်ဒေသမှ ‘အော်မီတော်ဖော်ဗုဒ္ဓ’ တို့က သူတို့၏ တန်ခိုးစွမ်းအားနှင့် ဉာဏ်အလင်းကို အသုံးပြုကာ ထိုနတ်ဆိုးနေရာနှစ်ခုကို ဝင်ရောက် သိမ်းပိုက်ခဲ့ကြသည်။
ထို့ကြောင့် သူတို့က ကနဦးကောင်းကင်ကာလကတည်းက ထိုနတ်ဆိုးများ၏ ကံကြမ္မာကို ဖြတ်တောက်နိုင်ခဲ့ကြသည်။
ထိုသို့ဖြင့် ထိုက်စန့်လောင်ကျွင်း၏ကိုယ်ပွားက တတိယမြောက် ဘိုးဘေးနတ်ဆိုးဖြစ်သော “ထိုက်စန့်ကောင်းကင်နတ်ဆိုး” ဖြစ်လာခဲ့ပြီး အော်မီတော်ဖော်ဗုဒ္ဓ၏ နတ်ဆိုးကိုယ်ပွားကတော့ စတုတ္ထမြောက် ဘိုးဘေးနတ်ဆိုးဖြစ်သော “သဏ္ဌန်မဲ့ကောင်းကင်နတ်ဆိုး” ဖြစ်လာခဲ့သည်။
ထိုနတ်ဆိုးများက ကိုယ်ပွားဆိုသော်လည်း ကိုယ်ပွားသက်သက် မဟုတ်ကြပေ။
အတိအကျပြောရလျှင် ဤဘိုးဘေးနတ်ဆိုးများသည် အမှန်တကယ် သီးခြားတည်ရှိနေသည့် သက်ရှိများ မဟုတ်ကြချေ။
ရန်ကျောက်ကဲ၏ အမြင်အရဆိုလျှင် ထိုနတ်ဆိုးများမှာ ထိုက်စန့်လောင်ကျွင်းနှင့် အော်မီတော်ဖော်ဗုဒ္ဓတို့၏ ရုပ်သေးရုပ်များဟုခေါ်လျှင် ပို၍မှန်ကန်ပေမည်။
ဤသည်က တာအိုဆရာ’ကျူးထီ’ က ဗောဓိဘိုးဘိုးအဖြစ် ကိုယ်ပွားရယူပြီး နောက်ပိုင်း တထာဂတဿဗုဒ္ဓဖြစ်လာသကဲ့သို့ ဖြစ်၏။
သို့သော်လည်း အပြင်လောကမှ မသိမြင်နိုင်သည့် နက်နဲရှုပ်ထွေးသော အချက်အလက်များစွာ ရှိနေသေးသည်။
ရှေးယခင်အချိန်က အချို့သူများက ထိုက်စန့်ကောင်းကင်နတ်ဆိုးဆိုသည်မှာ ထိုက်စန့်လောင်ကျွင်း လောကကိုကျော်လွန်သွားပြီးနောက် လောင်ကျွင်းက ကိုယ်ပွားနေရာ ရယူထားခြင်းဖြစ်သည်ဟု ယူဆခဲ့ကြသည်။
သို့သော် ချီထျန်းမဟာသူတော်စင်၏ ပြောပြချက်အရ ထိုအယူအဆမှာ လုံးဝမှားယွင်းနေကြောင်း ရန်ကျောက်ကဲ သိရှိခဲ့ရသည်။
ငရဲကိုးထပ်က ထိုက်စန့်ကောင်းကင်နတ်ဆိုးနှင့် သဏ္ဌန်မဲ့ကောင်းကင်နတ်ဆိုးတို့ကို အငမ်းမရ လိုချင်နေကြသည် ဆိုသော်လည်း သူတို့က ထိုက်စန့်လောင်ကျွင်းနှင့် အော်မီတော်ဖော်ဗုဒ္ဓတို့ကို သူတို့၏နေရာများမှ ဖယ်ရှားပေးရန် တောင်းဆိုခြင်း မဟုတ်ပေ။
အကြောင်းမှာ ထိုနေရာများကို သိမ်းပိုက်ထားပြီးသား ဖြစ်နေသောကြောင့်ပင်။
ထိုက်စန့်လောင်ကျွင်းနှင့် အော်မီတော်ဖော်ဗုဒ္ဓတို့ သက်ရှိထင်ရှား ရှိနေသရွေ့ ငရဲကိုးထပ်သည် အခြားတာအိုအဓိပတိ နှစ်ပါးကို အလိုအလျောက် ထပ်မံ ထွက်ပေါ်လာစေနိုင်မည် မဟုတ်ချေ။
သို့ပေသိ ငရဲကိုးထပ်အနေဖြင့် ထိုက်စန့်ကောင်းကင်နတ်ဆိုးနှင့် သဏ္ဌန်မဲ့ကောင်းကင်နတ်ဆိုးတို့နှင့် သက်ဆိုင်သည့် “အခွင့်အာဏာ” ကိုတော့ ပြန်လည်ရယူနိုင်ကြသည်။
ငရဲကိုးထပ်အနေဖြင့် ထိုဘိုးဘေးမဟာနတ်ဆိုးနှစ်ပါး၏ အခွင့်အာဏာကို ပြန်လည်ရယူနိုင်သည့်တိုင် ထိုဘိုးဘေးနတ်ဆိုးများ အမှန်တကယ် ဆင်းသက်လာအောင် မလုပ်ဆောင်နိုင်သေးပေ။
သို့သော် သူတို့အတွက် အလွန်တရာ အကျိုးသက်ရောက်မှုရှိသော လျှို့ဝှက်ချက်တစ်ခု ရှိနေပေသည်။
“မိစ္ဆာနတ်ဘုရား(၁၂)ပါး အစီအရင်”
ရန်ကျောက်ကဲ ရေရွတ်လိုက်သည်။
ယန်ကျန်းက...
“အမှန်ပဲ... ငရဲကိုးထပ်က ထိုက်စန့်ကောင်းကင်နတ်ဆိုးနဲ့ သဏ္ဌန်မဲ့ကောင်းကင်နတ်ဆိုးတို့ရဲ့ အခွင့်အာဏာကို အသည်းအသန် လိုချင်နေတဲ့အကြောင်းရင်းက မိစ္ဆာနတ်ဘုရား(၁၂)ပါး အစီအရင်ကို ဖော်ဆောင်ဖို့ပဲ ၊ ဒီအစီအရင်နဲ့သာဆိုရင် သူတို့ရဲ့ နတ်ဆိုးရောင်ဝါကို မြှင့်တင်ပေးနိုင်ရုံတင်မကပဲ ယွမ်စီကောင်းကင်နတ်ဆိုးကိုပါ ချိတ်ပိတ်ထားရာက နိုးထအောင် လုပ်နိုင်လိမ့်မယ်”
မိစ္ဆာနတ်ဘုရား (၁၂)ပါး အစီအရင်...။
နာမည်အတိုင်းပင် မိစ္ဆာနတ်ဘုရား (၁၂)ပါး၏ ပေါင်းစပ်စွမ်းအားဖြင့် ဖော်ဆောင်ရသော အစီအရင်ဖြစ်၏။
တာအိုအဆင့်ရှိသည့် ဘိုးဘေးမဟာနတ်ဆိုး(၆)ပါးနှင့် ကောင်းကင်နတ်ဘုရား အထွတ်ထိပ်အဆင့်ရှိသည့် ထိပ်တန်းမဟာနတ်ဆိုး(၆)ပါးတို့၏ စွမ်းအားများ ပေါင်းစပ်ဖွဲ့စည်းထားသည့် အစီအရင်တစ်ခု ဖြစ်ပေသည်။
တွေးကြည့်ရုံရုံနှင့်ပင် ကျောချမ်းစရာ ကောင်းလှပေသည်။
လောလောဆယ်မှာတော့ အသံကြားရုံဖြင့် ထိတ်လန့်တုန်လှုပ်စရာကောင်းသော ထိုအစီအရင်မှာ စာအုပ်ထဲမှ နိယာမတစ်ခုအဖြစ်သာ ရှိနေသေးသည်။
ယွမ်စီကောင်းကင်နတ်ဆိုးသာ ချိတ်ပိတ်ခံထားရာမှ လွတ်မြောက်လာပြီး ဓမ္မအဆုံးသတ်ကောင်းကင်နတ်ဆိုး ဤလောကသို့ ဆင်းသက်လာမည်ဆိုလျှင်တောင်မှ ဖန်ဆင်းခြင်းကောင်းကင်နတ်ဆိုးကတော့ ရုပ်အလောင်းသာလျှင် ကျန်ရှိတော့မည် ဖြစ်သည်။
ထို့ပြင် ထိုက်စန့်ကောင်းကင်နတ်ဆိုးနှင့် သဏ္ဌန်မဲ့ကောင်းကင်နတ်ဆိုးတို့မှာလည်း အမှန်တကယ် ထွက်ပေါ်လာနိုင်မည် မဟတု်ပေ။
ထို့ကြောင့် ဤအစီအရင်ကို အကောင်အထည်ဖော်နိုင်သည့်တိုင် စွမ်းအားအပြည့် ထုတ်ဖော်ရန်ကတော့ မဖြစ်နိုင်သလောက်သာပင်။
ရန်ကျောက်ကဲက အလေးအနက် တွေးလိုက်ရင်း...
“ငရဲကိုးထပ်က ယွမ်စီကောင်းကင်နတ်ဆိုးရဲ့ စည်းတံဆိပ်ကို ဖြေဖျောက်ဖို့နဲ့ ဓမ္မအဆုံးသတ်ကောင်းကင်နတ်ဆိုးကို ဆင့်ခေါ်ဖို့အတွက် ဒီအစီအရင်ကို ယန္တရားတစ်ခုအနေနဲ့ သုံးချင်တာ ဖြစ်ရမယ်”
ယန်ကျန်းက...
“အဲဒါက ဖြစ်နိုင်ခြေ အရှိဆုံးပဲ ၊ ငရဲကိုးထပ်က အမြဲတမ်း အခွင့်အရေးကိုချောင်းနေတာ ၊ သူတို့တွေ တကျော့ပြန်အင်အားကြီးလာဖို့ ဘယ်တော့မှ လက်လျှော့မှာ မဟုတ်ဘူး ၊ ဒါပေမဲ့ သူတို့ တကယ်လုပ်မယ်ဆိုရင်တောင် ရှေ့ဆက်လျှောက်ရမယ့်လမ်းက အဝေးကြီးကျန်ပါသေးတယ်”
ခဏနားပြီးမှ သူက ဆက်ပြောလိုက်သည်။
“တကယ်တော့ ရှေးခေတ်ကာလကတည်းက အင်အားစုအားလုံးက ငရဲကိုးထပ်ရဲ့လှုပ်ရှားမှုတိုင်းကို မျက်ခြေမပြတ် စောင့်ကြည့်ခဲ့ကြတာပဲလေ ၊ ငရဲကိုးထပ် အသည်းအသန်လိုချင်နေတဲ့ အခွင့်အရေးဆိုတာ တခြားသူတွေလည်း သူတို့နည်းသူတို့ဟန်နဲ့ ရယူချင်နေကြတဲ့ အခွင့်အရေးမျိုးပဲ မဟုတ်လား”