← Chapters

အခန်း (၉၄၀-၉၄၂)

Vol. 63 Ch. 940-942

အခန်း (၉၄၀-၉၄၂)

Vol. 63 Ch. 940-942

အခန်း (၉၄၀) ဆေးကျိုဆောင်မှထုတ်ကုန်သစ်

စုစည်းခြင်းအဆင့်တွင် ကြုံရနိုင်သည် စွန့်စားခန်းများကို လုယန်တွေးနေစဉ် အေးစက်စက်စကားသံတစ်ခု ပေါ်လာသည်။

"ဟားဟား၊ လနန်းတော်က ယောက်ျားတွေစိတ်ရှိတိုင်းဝင်လို့ရတဲ့ နေရာမျိုးတောင်ဖြစ်နေပြီလား"

"အားးးး"

ရွှဲ့ရှီလုန် မြေပေါ်တွင် တွန့်လိမ်နေသည်။ သူ့အော်သံက အပြစ်သားခန်းမထဲ ပဲ့တင်ထပ်နေသည်။

"အရင်က ငါ့အုပ်ချုပ်မှုအောက်မှာ လနန်းတော်ဟာ အရမ်းဂုဏ်သရေရှိ-"

"အားးး"

ရွှဲ့ရှီလုန် သူ့ဦးခေါင်းသူထု၍ ဝေဒနာကို အာရုံလွှဲဖို့ ကြိုးစားနေသည်။

"အခု အပျက်မလော်ဟုန်ရှားလက်အောက်ရောက်မှ ဒီလိုအခြေအနေရောက်-"

"အားးး"

ရွှဲ့ရှီလုန် ခန္ဓာကိုယ်ကို ကုတ်ခြစ်နေသည်။ တစ်ကိုယ်လုံး အနီရောင်အစင်းကြောင်းများ ပေါ်လာသည်။

"အော်မနေနဲ့"

အေးစက်စက်အသံရှင် ဒေါသထွက်လာသည်။ တိတ်ဆိတ်အေးချမ်းသည့် ပတ်ဝန်းကျင်က ရွှဲ့ရှီလုန်အော်သံကြောင့် အကျည်းတန်နေသည်။

အပြစ်သားခန်းမထဲမှာသာမဟုတ်လျှင် လူတစ်ယောက် ဒေါသတကြီးအော်ငေါက်လိုက်သည်နှင့် ရွှဲ့ရှီလုန် ထပ်အော်ရဲမည်မဟုတ်။

သို့သော် ဤခန်းမတွင် ကျင့်စဉ်စွမ်းအားပိတ်ဆို့သည့် မှော်စက်ဝန်တစ်ခုရှိနေသည်။ ထိုအသံရှင် ဘယ်လောက်စွမ်းအားကြီးသည်ဖြစ်စေ ရွှဲ့ရှီလုန်မချိတင်ကဲအော်သံများကို တားဆီးနိုင်မည်မဟုတ်။

အသံရှင်ကို လုယန်လှမ်းကြည့်သည်။ အသားဖြူဖြူမျက်နှာတင်းတင်းနှင့် မိန်းမတစ်ယောက်ဖြစ်သည်။

"သူကဘယ်သူလဲ"

"လနန်းတော်သခင်မဟောင်း ချွီလင်းပါ။ ဝါစဉ်အရဆို ကျွန်မသူ့ကို ဘိုးဘေးဆရာလို့ ခေါ်ရမှာပါ"

လုယန် အတော်အံ့ဩသွားသည်။ လနန်းတော်သခင်မဟောင်းက အပြစ်သားခန်းမထဲတွင် အကျဉ်းသားဘဝရောက်နေသည်။

"မင်းက အခုတလော အပြင်မှာနာမည်ကြီးနေတဲ့ လုယန်ဆိုတာလား"

အပြစ်သားခန်းမထဲတွင် အကျဉ်းကျနေသော်လည်း အပြင်လောကနှင့် အဆက်ပြတ်မသွား။ ထောင်ထဲရောက်လာသည့် လူသစ်များက ပြတ်လပ်သည်မရှိ။ အပြင်လောကမှသတင်းများကို သူကြားနေရ။

"လနန်းတော်က တကယ်ပျက်စီးသွားပြီပဲ။ အားကြီးတဲ့လူကိုမီခိုဖို့ ဘိုးဘေးစည်းမျဉ်းတွေကိုချိုးဖောက်ပြီး နန်းတော်ထဲကို ယောက်ျားတွေဝင်ခွင့်ပေးနေပြီပေါ့"

ချွီလင်း အဆက်မပြတ် ခနဲ့နေသည်။ လုယန်နှင့် တာအိုလမ်းစဉ်ဂိုဏ်းကို သူအရေးမစိုက်ကြောင်းပြသည်။

"လော်ဟုန်ရှားသာ ဒုက္ခမပေးခဲ့ရင် ငါဒီလိုအခြေအနေ မရောက်ဘူး။ လနန်းတော်ကလည်း ဒီလောက်ထိပျက်စီးသွားမှာမဟုတ်ဘူး"

"ခင်ဗျားက ဘာလို့အဖမ်းခံရတာလဲ"

လုယန် ပို၍စိတ်ဝင်စားလာသည်။ နောက်သို့ခြေနှစ်လှမ်းဆုတ်၍ အကျဉ်းခန်းတံခါးမှ ဆိုင်းဘုတ်ပြားကိုကြည့်သည်။

'ချွီလင်း၊ ငွေအလွဲသုံးစားလုပ်မှု။ တစ်သက်တစ်ကျွန်းထောင်ဒဏ်'

"ကူးဖြတ်ခြင်းအဆင့်ကိုတက်ဖို့ ဘိုးဘေးဆရာက ဂိုဏ်းရဲ့အထောက်အပံ့ရင်းမြစ်တွေကို အလွဲသုံးစားလုပ်တယ်။ သူအဆင့်တက်တာ မအောင်မြင်တော့မှ ဒီကိစ္စပေါ်လာတယ်။

ဒါကြောင့် ဆရာနဲ့တစ်ခြားအကြီးအကဲတွေက သူ့ကိုဖမ်းခဲ့တာပါ"

လန်ထင်က ရှင်းပြသည်။

"ပြီးတော့ အပြင်လောက တရားမဝင်လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်ခဲ့တယ်ဆိုတာလည်း‌ နောက်ပိုင်းတော့သိလာရတယ်။ ဂိုဏ်းရဲ့ပိုင်ဆိုင်မှုတွေနဲ့ လောင်းကစားလုပ်တာတို့ဘာတို့ပေါ့။ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအများကြီးပါပဲ။

ဆိုင်းဘုတ်လုပ်တဲ့လူက အများကြီးရေးရမှာပျင်းလို့ အရေးကြီးဆုံးပြစ်မှုတစ်ခုပဲ ရေးထားတာ"

"ဒါက နင့်ဆရာ ဂိုဏ်းသခင်နေရာလိုချင်လို့ သူနဲ့အမြင်မတူတဲ့လူတွေကို ရှင်းထုတ်တဲ့သဘောပါ။ နိုင်ရင်ဘုရင် ရှုံးရင်ဓားပြတဲ့။ ရှေးခေတ်ကတည်းက အမြဲတမ်းဒီလိုပါပဲ"

လုယန် တွေးရခက်သွားသည်။

"ဂိုဏ်းသခင်အဲလိုခံယူထားရင် ဘာလို့ကျုပ်ကိုပုတ်ခတ်ပြီးပြောနေတာလဲ"

ချွီလင်းက သူ့အပေါ်ဒေါသဖွင့်ထုတ်ချင်၍ ပြောသည်ဟု လုယန်ထင်ခဲ့သည်။

မသေမျိုးငါးဂိုဏ်းသည် ဥပဒေပြုအာဏာပိုင်ဆိုင်ရုံသာမက။ တစ်ဂိုဏ်းနှင့်တစ်ဂိုဏ်းလည်း ကြီးကြပ်ပိုင်ခွင့်ရှိသည်။

ချွီလင်းက နှုတ်ခမ်းတွန့်၍ ထူးထူးဆန်းဆန်းပြုံးနေသည်။

ထိုပုံစံကိုကြည့်၍ လုယန် ချက်ချင်းနားလည်သွားသည်။

"သဘောပေါက်ပြီ။ အဲလိုပြောလိုက်ရတာကို အရမ်းမိုက်တယ်ထင်လို့ တွေးနေတာမဟုတ်လား"

ချွီလင်း ဆက်ပြုံးနေရသည်။ သူဘာဆက်ပြောရမှန်းမသိတော့။

ကျွေးယွဲ့ဘိုးဘေး အပြင်မှယူလာသည့် စာအုပ်များထဲတွင် ထိုဇာတ်ကွက်မျိုး အတော်များများပါသည်။ အကျဉ်းကျနေသည့် လူထူးဆန်းတစ်ယောက်က ဇာတ်လိုက်ကိုတားသည်။ လှောင်ပြောင်ခနဲ့သည်။

ဘယ်သူမှနားမလည်သည့် စကားလုံးများပြောသည်။ ဇာတ်လိုက်မင်းသားက အူကြောင်ကြောင်ဖြင့် ထွက်သွားရသည်။ လူထူးဆန်းက အကျဉ်းခန်းထောင့်တွင် မပွင့်တပွင့်ပြုံး၍ ကျန်ခဲ့သည်။

ထိုစာအုပ်များတွင် လူထူးဆန်းက ဇာတ်လိုက်ကို ဘာကြောင့်တားပြီး ဘာကြောင့်ခနိုးခနဲ့ပြောရသည်ကို လုံးဝရှင်းပြမထား။

ချွီလင်းအမူအရာကိုကြည့်၍ ခန့်မှန်းချက်မှန်ကန်ကြောင်း လုယန်သိလိုက်သည်။ သူစိတ်ကျေနပ်သွားပြီး လန်ထင်နှင့်အတူ အပြစ်သားခန်းမထဲမှထွက်သည်။

အပြင်မထွက်မီ အကြီးအကဲမိုရန် ဘာတွေရေးနေသည်ကို ကြည့်ဖို့ကြိုးစားသည်။ သို့သော် မိုရန်၏လှုပ်ရှားမှုက မြန်လွန်းသဖြင့် သူဘာမှမမြင်လိုက်ရ။

ခန်းမထဲမှထွက်လာချိန်တွင် မနီးမဝေးမှ ပေါက်ကွဲသံတစ်ခု ရုတ်တရက်ကြားလိုက်ရသည်။ ထို့နောက် မီးတောက်များ ကောင်းကင်သို့ထိုးထွက်လာသည်။ သိပ်သည်းသည့်နတ်ဆိုးစွမ်းအင်များ လေထဲတွင်ပြန့်နှံ့သွားသည်။

"အဲဒါ ဆေးကျို‌ဆောင်ဘက်ကမဟုတ်လား။ သွားကြည့်ကြစို့"

နှစ်ယောက်သား ဘာမှဆက်မတွေးအားဘဲ ဆေးကျိုဆောင်ချီ အမြန်ပြေးသည်။

ကြီးမားသည့် နတ်ဆိုးယုန်ဖြူတစ်ကောင် ဆေးကျိုဆောင်ခေါင်မိုးကို ဖောက်ထွက်လာသည်။ မျက်လုံးများက သွေးလိုနီရဲနေသည် ခေါင်မိုးအုတ်ကြွတ်များကို ဆွဲခွာ၍ ပါးစပ်ထဲထည့်သည်။ ကြိတ်ဝါးနေသည့်အသံများ စူးရှစွာပေါ်လာသည်။

"မကောင်းဆိုးဝါးကောင်၊ ရပ်လိုက်စမ်း"

လန်ထင်က အပြာရောင်ဖဲကြိုးကို ပစ်လွှတ်လိုက်သည်။ မြေတစ်ကောင်ကဲ့သို့ တွန့်လိမ်ဆန့်ထွက်သွားပြီး နတ်ဆိုးယုန်ကို ချုပ်နှောင်သည်။

နတ်ဆိုးယုန်သည် ကြောက်စရာကောင်းသယောင်ရှိသော်လည်း ရွှေသန္ဓေအဆင့်သာရှိသည်။ ဘာမှအရေးစိုက်စရာမလို။

ချုပ်နှောင်ခံရပြီးနောက် နတ်ဆီုးယုန် မြေပေါ်တွင်လဲသွားပြီး ရုန်းကန်နေသည်။ မြေပေါ်တွင်ကျနေသည့် အုတ်ကြွပ်ပြားများကို လည်ပင်းဆန့်၍ လှမ်းစားသည်။

"ကူညီပေးလို့ ကျေးဇူးပါ အမလန်"

နန်းတော်တပည့်တစ်ယောက် ဆေးကျိုဆောင်ထဲမှ ပြေးထွက်လာသည်။ ထိုမိန်းကလေးနာမည်က ချင်နန်ဖြစ်သည်။

"ဘယ်လိုဖြစ်တာလဲ"

လန်ထင်မြေပေါ်သို့ဆင်းလာပြီးနောက် ကျောက်စိမ်းယုန်၏ပါးစပ်ကို ဖဲကြိုးဖြင့်တုပ်နှောင်သည်။ အုပ်ကြွပ်ပြားများ ဆက်မစားနိုင်တော့။ နားမခံသာစရာအသံလည်း ထွက်မလာတော့။

"ဒီနတ်ဆိုးယုန်က ဆေးတွေစမ်းသပ်ဖို့သုံးတာမဟုတ်လား။ ဘာလို့ ရုတ်တရက် ဒီလောက်ထိကြီးသွားတာလဲ"

ဆေးအာနိသင်စမ်းသပ်ရန် နတ်ဆိုးယုန်များစွာ သူတို့မွေးထားသည်။ နတ်ဆိုးမျိုးနွယ်နှင့်မတူ။ ထိုသတ္တဝါများသည် ဆင်ခြင်သိစိတ်ကင်းမဲ့သည်။ ဆေးဝါးစမ်းသပ်ဖို့ အကောင်းဆုံးသတ္တဝါဖြစ်သည်။

ဆူဆူညံညံအသံများကြောင့် ချင်နန်အတွက်စိုးရိမ်သဖြင့် လနန်းတော်တပည့်များလည်း ချက်ချင်းရောက်လာသည်။

ချင်နန်က မလုံမလဲခေါင်းကုတ်၍ ရှင်းပြသည်။

"ဆေးအာနိသင်တွေ စမ်းသပ်ကြည့်နေတာပါ။ ဒါပေမယ့် အဆင်မချောဘူး။ ဆေးစပ်တဲ့အချိုးအစား မမှန်လို့ဖြစ်မယ်။ နတ်ဆိုးယုန်ရဲ့သွေးဆက်ကို လှုံ့ဆော်သလိုဖြစ်သွားတယ်။ ဒါကြောင့် အရွယ်အစားချက်ချင်းကြီးလာပြီး ထိန်းမနိုင်သိမ်းမရဖြစ်လာတာပါ"

"နင်သူ့ကို ဘာဆေးကျွေးလိုက်တာလဲ"

"ရုပ်ပျိုဆေးဝါးမျိုးပါ။ သံလွင်ပန်းမုန့်ဖြည့်ထားတဲ့ ရုပ်ပျိုလမုန့်ပါ"

ချင်နန်က လမုန်တစ်ခု ထုတ်ပြသည်။ မျက်နှာပြင်တစ်ဘက်တွင် 'လသံလွင်နန်းတော်' နောက်တစ်ဘက်တွင် 'ရုပ်ပျို'ဟု တံဆိပ်နှိပ်ထားသည်။

"မင်းတို့လနန်းတော်က ဒီလိုလမုန့်တွေလုပ်တယ်ပေါ့"

လုယန် အံ့အားသင့်သွားသည်။ ရိုးရာလမုန့်၊ ရုပ်ပျိုဆေးနှင့် သံလွင်ပန်းမုန့် သုံးမျိုးစပ်လမုန့်မျိုးကို သူတစ်ခါမှမကြားဖူး။

လန်ထင်က ခပ်တိုးတိုးပြောသည်။

"ဆောင်းဦးလွန်ပွဲတော် နီးလာပြီလေ။ ကျွန်မတို့ လနန်းတော်က နှစ်တိုင်း လမုန့်လုပ်ကြတဲ့ဓလေ့ရှိတယ်။ ဆေးကျိုဆောင်က လမုန့်တွေကို ဆေးဝါးတွေနဲ့ ပေါင်းစပ်ပြီး အမြဲတမ်းဆန်းသစ်အောင်လုပ်တယ်။ ဒါပေမယ့်အခု စမ်းသပ်တာ အဆင်မပြေဘူးထင်တယ်"

ဆောင်းဦးလွန်ပွဲတော်သည် ရှေးဟောင်းခေတ်ကတည်းကရှိခဲ့သည့် ရိုးရာတစ်ခုဖြစ်သည်။ လမင်းအသွင်ပြောင်းချိန်လည်းဖြစ်သည်။ ရှစ်လပိုင်း ဆယ့်ငါးရက် လပြည့်နေ့တွင် ဆောင်းဦးလွန်ပွဲတော်ကို ကျင်းပကြသည်။

ကိုးဆမသေမျိုး နေနှင့်လကို တစ်ခုတည်းဖြစ်အောင် ဖန်တီးပြီးကတည်းက လဆန်းလဆုတ်ရက်များမရှိတော့။ အမြဲတမ်း လပြည့်ရက်များသာဖြစ်သည်။ သို့သော် ပွဲတော်ရိုးရာဓလေ့က ဆက်လက်တည်မြဲနေသည်။

တာအိုလမ်းစဉ်ဂိုဏ်းတွင် ဆောင်းဦးလည်ပွဲတော်ကို သိပ်မကျင်းပကြ။ လသံလွင်နန်းတော်အတွက် လမင်းသည် အထူးအရေးပါသဖြင့် ဤပွဲတော်ကို အလေးထားကြခြင်းဖြစ်မည်။

"ဒီယုန်ကို ဘယ်လိုလုပ်ကြမလဲ"

မြေပြင်ပေါ်တွင် တွန့်လိမ်ရုန်းကန်နေသည့် ဆယ့်ခြောက်မီတာရှည်သည့် သတ္တဝါကိုကြည့်၍ လုယန်မေးလိုက်သည်။

"ဘာကြောင့် အသိစိတ်လွတ်သွားသလဲဆိုတာသိဖို့ ဝမ်းကိုခွဲကြည့်မယ်"

နန်းတော်တပည့်တစ်ယောက်က ဘေးမှလှမ်းအော်သည်။

"ကြည့်လိုက်၊ ဒီယုန်ရဲ့မျက်လုံးတွေက နီရဲနေပြီ။ ရူးသွားတဲ့သဘောပဲ။ ကယ်လို့မရ‌တော့ဘူး"

"ယုန်မျက်လုံးဆိုတာ ပုံမှန်ဆိုလည်း အနီရောင်ပဲမဟုတ်လား"

တစ်ခြားမျိုးဆက်သစ်တပည့်တစ်ယောက်က တွေးမရဖြစ်နေဟန်ရှိသည်။

"ပါးစပ်ပိတ်ထားစမ်း၊ နင်ယုန်သားမစားချင်ဘူးလား"

မျိုးဆက်သစ်တပည့်စိတ်တွင် အမှန်အတိုင်းပြောပြီး ယုန်ကိုကယ်ဖို့နှင့် လိမ်ညာပြောပြီး ယုန်သားချိုချိုစားခွင့်ရဖို့ ရွေးချယ်မှုနှစ်ခုကြား လွန်ဆွဲနေသည်။

လူကြီးလောကသည် ဘယ်လိုမှန်းမသိ။ အလိမ်အညာများ၊ ရွေးချယ်စရာများ အမြဲပြည့်နေသည်ထင်သည်။

သူသေချာစဉ်းစားသည်။ အတွေးအမြင်နှင့် လက်တွေ့အခြေအနေကြား ဗျာများနေသည်။ နောက်ဆုံးတွင် သူဆုံးဖြတ်ချက်ချလိုက်သည်။

"ဒါဆိုလည်း ယုန်သားကင်ပဲ စားကြတာပေါ့"

*************************************

အခန်း (၉၄၁) သံလွင်ဘိုးဘေး၏စောင့်ရှောက်မှု

လသံလွင်နန်းတော်သည် လုပ်ရာကိုင်ရာတွင် ဆင်ခြင်တုံတရားရှိသည်။ ဝမ်းခွဲစစ်ဆေးမည်ဟုအကြောင်းပြပြီး နတ်ဆိုးယုန်သားကိုစားသည့်အလုပ်မျိုး လုံးဝလုပ်မည်မဟုတ်။

မှန်သည်။ ထိုယုန်သား အဆိပ်သင့်နိုင်မသင့်နိုင် အတည်ပြုပြီးမှသာ စားကြလိမ့်မည်။

မသေမျိုးနန်းတော်တပည့်များ နတ်ဆိုးယုန်သားကို ဝိုင်းဖျက်ရာတွင် စိတ်ပါလက်ပါ ကူညီကြသည်။ အိုးခွက်များဆေးကြောသည်။ ဟင်းသီးဟင်းရွက်များ ခုတ်စဉ်းသည်။ ရေနွေးအိုးတည်သည်...

အားလုံးက အတော်ကျွမ်းကျင်ကြဟန်ရှိသည်။ ဤတစ်ကြိမ်သည် ပထမဆုံးအတွေ့အကြုံမဟုတ်လောက်။

"စားဖိုမှူးလိုသေးလား"

နတ်မယ်စိတ်ထဲ အစွမ်းပြချိန်ရောက်ပြီဟု တွေးလိုက်သည်။ စာချုပ်ချုပ်ရန် စိတ်အားထက်သန်စွာကမ်းလှမ်းသည်။ မသေမျိုးတို့၏ ဟင်းချက်ပညာစွမ်းကို ပြလိုသည်။

နတ်မယ်ကို ခွင့်ပြုသင့်မပြုသင့် မေးစရာပင်မလို။

လကမ္ဘာပေါ်မှ စားသောက်ပွဲ...

ရှေးဟောင်းမသေမျိုးလေးယောက်လုံး အစာအဆိပ်သင့်၍ သတိလစ်ခဲ့သည်။ နတ်မယ်က ပြန်သယ်သွားရသည်။ ထို့ကြောင့် လကမ္ဘာပေါ်တွင် မသေမျိုးမီးတောက် ကျန်နေခဲ့သည်။ ဤလနန်းတော်တပည့်များက သေမျိုးခန္ဓာသာ ပိုင်ဆိုင်ကြသည်။

မသေမျိုးအဆိပ်ကို ခံနိုင်ရည်ရှိကြမည်မထင်။

တိုက်ရိုက်လည်း ငြင်းဖို့အဆင်မပြေ။ လုယန်က အတွေးစေ့စပ်သည်။ လုပ်ကိုင်ရာတွင် မြန်ဆန်သည်။ နတ်မယ်ကို ပြန်ဖြေရမည့်စကား အမြန်စဉ်းစားသည်။ လမ်းပိတ်ခြင်းထက် လမ်းလွှဲခြင်းက ပိုကောင်းသည်ဟူသည့်စကားရှိသည်။

ကမ်းလှမ်းချက်ကို တိုက်ရိုက်ငြင်းပယ်လျှင် နတ်မယ်၏ ဆိုးသွမ်းသည့်ဗီဇ ပြန်ပေါ်လာနိုင်သည်။ အကောင်းဆုံးနည်းလမ်းက နတ်မယ်စိတ်ကျေနပ်စေမည့် စားဖိုမှူးတစ်ယောက် ရှာဖို့သာရှိသည်။

ထိုစားဖိုမှူးကလည်း သူကိုယ်တိုင်မှလွဲ၍ တစ်ခြားလူမဖြစ်နိုင်။

"အရှင်မလို တော်ဝင်မြင့်မြတ်တဲ့လူက ဒီလိုကိစ္စတွေ ဘယ်လုပ်လို့ဖြစ်ပါ့မလဲ။ ကျွန်ယုံဖြစ်တဲ့...အဲ..ကျုပ်ကိုယ်တိုင်ပဲ လုပ်ပါ့မယ်"

လုယန် အခုရက်ပိုင်း လနန်း‌တော်ကျမ်းစာတိုက်မှ ဝတ္ထုများကို ဖတ်နေသည်။ အထူးသဖြင့် နန်းတွင်းတိုက်ပွဲဝတ္ထုများ အဓိကဖတ်ဖြစ်သည်။ သူကိုယ်တိုင်ပင် သတိမထားမိဘဲ စကားမှားပြောမိမတတ်ဖြစ်သွားသည်။

"ဒါလည်း အဆင်ပြေတာပဲ"

လုယန်စကား ယုတ္တိကျသည်ဟု နတ်မယ်ယူဆသည်။ အင်ပါယာတစ်ပါးသည် ကိုယ့်ဂုဏ်သရေနှင့် မအပ်စပ်သည့်ကိစ္စများကို မလုပ်သင့်။ ရှောင်ယန်ကို တာဝန်လွှဲပေးလိုက်သည်က အဆင်ပြေသည်။

"ခဏနေရင် အသားကင်ပေးရမလား"

လုယန်က လန်ထင်ကို သိစိတ်အာရုံမှလှမ်းပြောသည်။

ယန်ကျင်းတွင် လုယန်၏ အသားကင်လက်ရာကို လန်ထင်မြည်းစမ်းဖူးပြီးဖြစ်သည်။ ထူးခြားသည်။ ပြိုင်ဘက်ကင်းအရသာမျိုးရှိသည်။

ယခု လုယန်က ဝိညာဉ်ပြောင်းအဆင့်ရောက်ပြီဖြစ်၍ အပူချိန်နှင့် အသားအရည်အသွေးကိုလည်း အရင်ထက် ပိုထိန်းချုပ််နိုင်လိမ့်မည်။

အသားကင်အရသာလည်း အရင်ထက် ပိုကောင်းမည်မှာ သေချာသည်။

ထို့ပြင် လုယန်လက်ရာကို သူမမြည်းစမ်းရသည်မှာလည်း အတော်ကြာပြီဖြစ်သည်။

"စားဖိုဆောင်တာဝန်ယူထားတဲ့အမကို သွားပြောကြည့်မယ်လေ"

....

"ဒါဆိုလည်း စမ်းကြည့်ခိုင်းလိုက်လေ။ သူဘယ်လောက်တော်သလဲ သိရတာပေါ့"

စားဖိုဆောင်တာဝန်ခံအမက မကျေမနပ်ပြောသည်။

လန်ထင် ဝမ်းသာသွားသည်။ အသားကင်ခွင့်ရပြီဖြစ်ကြောင်း လုယန်ကို သတင်းပို့သည်။

"စားဖိုဆောင်အမက အကို့အစွမ်းအစကို ကိုယ်တိုင်မြင်ချင်တယ်တဲ့"

"သူက တကယ်အဲလိုပြောတာလား"

လုယန် လန်ထင်ကို သိပ်မသင်္ကာချင်။ သူများပြောသည့်စကားကို သူခိုးနားထောင်လေ့မရှိသော်လည်း လန်ထင်သွားညှိနှိုင်းချိန်တွင် စားဖိုဆောင်အမ၏မျက်နှာက သိပ်အလိုကျပုံမပေါ်။

"အဲဒီ့သဘောမျိုးပါပဲ"

"ဒါဆိုလည်း ကောင်းပြီလေ"

လုယန်စိတ်သက်သာရာရသွားသည်။ သူ့လုပ်ရပ်ကြောင့် စားဖိုဆောင်အမ စိတ်ဆိုးသွားလျှင် အားနာဖို့ကောင်းသည်။

လနန်းတော်၏ စွမ်းဆောင်ရည်က အတော်ကောင်းသည်။ အိုးခွက်များဆေးကြောနေချိန်မှာပင် နတ်ဆိုးယုန် ရုတ်တရက်အသွင်ပြောင်းသွားရသည့် အကြောင်းရင်းကို အဖြေရှာတွေ့သည်။

"ရုပ်ပျိုဆေးက သံလွင်ပန်းနဲ့ ဓာတ်မတည့်လို့ပဲ"

ချင်နန်က ကောက်ချက်ချသည်။

"နုပျိုဆေးရဲ့ ပင်ကိုယ်သဘာဝက ကြီးထွားစေတဲ့အာနိသင်ရှိတယ်။ ‌‌အော်စမန်ပန်းတွေကလည်း အဲဒီ့အာနိသင်မျိုးရှိတယ်။ အတူပေါင်းစပ်လိုက်တော့ နတ်ဆိုးယုန်က အရွယ်အစားကြီးလာတာပေါ့"

"အဲဒါကြောင့်လည်း နတ်ဆိုးယုန်က ရူးသွားတာ"

မျိုးဆက်သစ်ညီမတစ်ယောက်က အရေးကြီးသည့်အချက်ကို ထပ်ဖြည့်သည်။

"ဟုတ်တယ်၊ အဲဒါကြောင့် ရူးသွားတာ။ ဒါပေမယ့် ကောင်းတာတစ်ခုက ဒီဆေးအာနိသင်တွေအားလုံးကို နတ်ဆိုးယုန်က ချေဖျက်ပြီးပြီ။

စိတ်ချက်လက်ချစားလို့ရတယ်။ အဆိပ်မသင့်နိုင်ဘူး။ အသားက အကောင်းအတိုင်းပါပဲ"

တကယ်သတင်းကောင်းဖြစ်သည်။ လုယန် သူ့အသားကင်လက်ရာအစွမ်းကို ပြခွင့်ရသည်။ သို့သော် သူနားမလည်သည့်အချက်တစ်ခုတော့ရှိသည်။

"ဘာလို့ ရုပ်ပျိုဆေးမှာ ကြီးထွားစေတဲ့အာနိသင်မျိုး ရှိနေတာလဲ"

ရုပ်ပျိုဆေးဆိုသည်မှာ အရွယ်တင်နုပျိုဖို့သာ ဖြစ်သင့်သည်မဟုတ်လော။

ထိုမေးခွန်းမျိုးမေးသူသည် သူငယ်နာမစင်သေး၍သာဖြစ်သည်။ လုယန်မှလွဲ၍ လနန်းတော်တပည့်အားလုံး အဖြေကိုသိသည်။

ချင်နန်က ရှင်းပြသည်။

"ဒါက ဒီလိုပါ။ မိန်းကလေးကျင့်ကြံသူတွေက ဆေးနှစ်မျိုးစားလေ့ရှိတယ်။ ထာဝရနုပျိုဆေးရယ်။ ရုပ်ပျိုဆေးရယ်ပေါ့။ ထာဝရနုပျိုဆေးက အရွယ်တင်စေတယ်။ ရုပ်ပျိုဆေးက ရုပ်ရည်သွင်ပြင်ကို ပြောင်းလဲစေတယ်။

ရုပ်ရည်သွင်ပြင်ပြောင်းလဲတာ နှစ်မျိုးရှိတယ်။ တိုးလာတာရယ် လျော့သွားတာရယ်ပေါ့။ တစ်ချို့မိန်းကလေးကျင့်ကြံသူတွေက ပါရမီကောင်းတော့ ကျင့်စဉ်တိုးတက်တာ မြန်တယ်။ အသက်ငယ်ငယ်နဲ့ စုစည်းခြင်းအဆင့်ကိုရောက်တယ်။ အဲတော့ သူ့ရုပ်သွင်က အပြောင်းအလဲမရှိတော့ဘူး။

အဲဒါက ပြဿနာဖြစ်လာတယ်။ ခန္ဓာကိုယ်က အပြည့်အဝမဖွံ့ဖြိုသေးတော့ ရုပ်ပျိုဆေးစားဖို့လိုလာတယ်လေ"

ထိုအပိုင်းကို သူတစ်ခါမှ မလေ့လာဖူးသေးကြောင်း လုယန်နားလည်လာသည်။ အသေးစိတ်အချက်အလက်များက အတော်ရှုပ်ထွေးသည်။

"ဆေးစားတယ်ဆိုတာက လှည့်စားမှုသက်သက်ပါပဲ"

နတ်မယ်က ထိုအလေ့အထကို အထင်မကြီး။ ရှေးဟောင်းခေတ် ထိပ်တန်းအလှပိုင်ရှင်ဆယ်ယောက်၏ နံပတ်တစ်ဖြစ်၍ ထိုစကားမျိုး သူပြောခွင့်ရှိသည်။

သို့သော် နံပတ်တစ်အလှပိုင်ရှင်ကို လုယန် အရေးမစိုက်။ ရုပ်ပျိုဆေးအကြောင်းသာ စိတ်ဝင်တစား လေ့လာသည်။

သိပ်လိုအပ်မည်မထင်သော်လည်း နည်းနည်းဗဟုသုတတိုးလျှင်ပင် မဆိုးလှ။

လုယန် အရေဆုတ်၍ဝမ်းခွဲထားသည့် နတ်ဆိုးယုန်ကို ကြည့်လိုက်သည်။ ဆော့ရည်နှပ်ရန်ပြင်သည်။

အချိန်ကုန်သက်သာစေရန် အရသာမြန်မြန်စိမ့်ဝင်စေသည့် ဆော့ရည်နှပ်နည်းတစ်ခုကိုသုံးသည်။

"ဒါနဲ့မင်း သံလွင်ပင်ကို ထင်းအဖြစ်သုံးပြီး အသားကင်ခဲ့ဖူးလား"

လုယန်က ဟင်းခတ်အမွှေးအကြိုင်များကိုကြိတ်ရင်း ‌လန်ထင်ကိုမေးသည်။ နတ်မယ်၏နည်းလမ်းကို သူသဘောကျသည်။

"သံလွင်ပင်ကို ထင်းအဖြစ်သုံးမယ်..ဟုတ်လား"

လန်ထင် ခဏစကားရပ်သွားသည်။ ထိုသို့လုပ်ဖို့ သူတစ်ခါမှ မစဉ်းစားခဲ့ဖူး"

"ခဏနေဦး။ သံလွင်ဘိုးဘေးကို သွားမေးလိုက်မယ်။ သူသဘောတူရင် အဆင်ပြေပါတယ်"

"သံလွင်ဘိုးဘေးက အသိစိတ်ရှိနေပြီလား"

လုယန် အံ့အားသင့်သွားသည်။ ထိုသစ်ပင်ကို သာမန်သစ်ပင်ရှည်တစ်ခုဟုသာ သူထင်ထားခဲ့သည်။

"အသိစိတ်ရှိပါတယ်။ ဒါပေမယ့် သူစကားပြောတာ တစ်ခါမှမကြားဖူးဘူး။ သံလွင်ဘိုးဘေးက ကျွန်မတို့ဂိုဏ်းရဲ့ အရေးအကြီးဆုံးဝှက်ဖဲပဲလို့ပြောတယ်"

လုယန်စိတ်ဝင်စားမှန်းသိသဖြင့် လန်ထင်က သံလွင်တောအုပ်ထဲသို့ ပြန်ခေါ်သွားသည်။

သံလွင်ဘိုးဘေးကို လန်ထင်က သုံးကြိမ်ဦးညွှတ်အရိုအသေပေးသည်။ ရိုးရာအတိုင်း ပူဇော်မှုများလုပ်သည်။ ထို့နောက် လေးလေးစားစားမေးသည်။

"လောင်စားအဖြစ်သုံးဖို့ သံလွင်ပင်တစ်ပင်လောက် ခုတ်ချင်ပါတယ်။ ဘိုးဘေးခွင့်ပြုပေးနိုင်မလား"

"ရွှီး ရွှီး ရွှီး"

ကြီးမားသည့် သစ်ကိုင်းများ လေမတိုက်ဘဲ လှုပ်ခါလာသည်။

လန်ထန် ဝမ်းသာအားရခေါင်းမော့ကြည့်သည်။

"ဘိုးဘေးက သဘောတူတယ်တဲ့"

သံလွင်ဘိုးဘေး ထိုမျှသဘောကောင်းမည်ဟု လုယန်ထင်မထားခဲ့။ သူလည်း သုံးကြိမ်ဦးညွှတ်၍ အရိုအသေပေးလိုက်သည်။

ဘိုးဘေးခွင့်ပြုချက်ဖြင့် သင့်တော်သည့် သံလွင်ပင်တစ်ပင် လိုက်ရှာကြသည်။ တစ်ချက်ထဲခုတ်ဖြတ်နိုင်မည့်အပင်ကို ရှာဖို့လိုသည်။ ကြီးလွန်း၍မဖြစ်။ မခုတ်နိုင်လျှင် ရှက်စရာကောင်းသည်။

သေးလွန်းလျှင်လည်း ထင်းအဖြစ်သုံးဖို့ အဆင်ပြေမည်မဟုတ်။

"ဒီတစ်ပင် အဆင်ပြေလောက်တယ်"

သူ့ဘေးမှ ပေါင်ရင်းခန့်တုတ်သည့် သံလွင်ပင်ကို လုယန်ပုတ်လိုက်သည်။

"မကြီးလွန်းဘူးလား"

လန်ထင်ကမေးသည်။ သစ်ပင်က နည်းနည်းကြီးလွန်းသဖြင့် ခုတ်ဖြတ်နိုင်ဖို့မလွယ်ဟု သူယူဆသည်။

"စမ်းကြည့်တာပေါ့"

လုယန် ‌ကျောက်စိမ်းဓားကိုထုတ်၍ သံလွပင်ပင်ကို ခေါက်ကြည့်သည်။ သံလွင်ပင်ကို သူတစ်ခါမှမခုတ်ဖူး။ ပထမဆုံးအတွေ့အကြုံဖြစ်သည်။

ချင်ဖုန်းဓားထဲမှ ဓားတစ်သောင်းဌာနေပြန်စွမ်းအားများ စုစည်းလာသည်။ လက်မောင်းနှင့်လက်ကောက်ဝတ်ကို အားဖြည့်သည်။ ထို့နောက် ညာခြေကို ထောက်ကန်၍ ချင်ဖုန်းဓားထဲသို့ စွမ်းအားအပြည့်ထည့်ပြီး ခုတ်လိုက်သည်။

"ခုတ်ဓား"

"ဖျောင်း"

ဓားချက်သွားက သစ်ပင်တစ်ဝက်မြုပ်ဝင်သွားသည်။

သို့သော် လဲကျမသွား။

လုယန် ခေါင်းကုတ်လိုက်သည်။ လန်ထင်ရှေ့တွင် ကြွားလုံးထုတ်ဖို့ ကြိုးစားမိမှ အရှက်ကွဲရသည်။

အရှက်ပြေ တစ်ခုခုပြောရန်ပြင်နေစဉ် လန်ထင်က တစ်ဝက်ပြတ်နေသည့်သစ်ပင်ကို တအံ့တဩလက်ညှိုးထိုးပြသည်။

"ဓားခုတ်ရာက ပျောက်မသွားဘူး"

တစ်ခါမှ မကြုံခဲ့ဖူးသည့်ကိစ္စဖြစ်သည်။

လုယန် ဓားဖြင့် နောက်တစ်ကြိမ်ခုတ်သည်။

"ဖျောင်း"

"ဘုန်း"

သံလွင်ပင် မြေပေါ်သို့ လဲကျသွားသည်။

"ထူးဆန်းတယ်။ ငါခုတ်တာမြန်လွန်းလို့ သံလွင်ပင်က အချိန်မီပြန်မကုစားနိုင်တာများလား"

နတ်မယ်က မျက်လုံးစွေ၍ကြည့်သည်။ သံလွင်ပင် အချိန်မီပြန်မကုစားနိုင်၍မဟုတ်။ သံလွင်ဘိုး‌ဘေးက တမင်ထိန်းချုပ်ပေးထားမှန်း သိသာနေသည်။

"ရှောင်ယန်ကို သူတကယ်ဂရုစိုက်တာပဲ"

******************************

အခန်း (၉၄၂) ယုန်သားကောင်းသော်လည်း များများမစားသင့်

အသားကင်သည့်အလုပ်သည် ပညာအတော်လိုသည်။ အားလုံးအသင့်ဖြစ်ချိန်တွင် လုယန်နှင့်လန်ထင်တို့ ခုတ်လှဲထားသည့် သံလွင်ပင်ဆီ ပြန်သွားသည်။ ညနေချိန်ရောက်လာသည်။

လုယန်က သံလွင်ပင်ကို ပုခုံးပေါ်ထမ်း၍ အောင်ပွဲရစစ်သူကြီးလို လူအုပ်ထဲဖျတ်လျှောက်လာသည်။ တအံ့တဩရေရွတ်သံများ ဆူညံသွားသည်။

"ဘာလို့ သံလွင်ပင်ကိုသယ်လာတာလဲ"

"ထင်းဖြတ်ပြီး အသားကင်ဖို့လို့ပြောတယ်"

"အာ...သံလွင်ပင်တွေကို အဲလိုသုံးလို့ရလား"

"ရလောက်တယ်။ ဖြတ်တောင်ဖြတ်လာပြီဆိုတော့ ဘိုးဘေးကလည်း သဘောတူလို့ပဲဖြစ်မယ်"

လုယန် သံလွင်ပင်ကို အလယ်မှခွဲပြီး အပိုင်းငယ်များဖြတ်သည်။ အစိုဓာတ်ခမ်းသွားစေရန် မီးတွင်ကင်သည်။

ထို့နောက် ထင်းအဆစ်အပိုင်းများကို ကြိုတင်တူးထားသည့် တွင်းကြီးထဲထည့်သည်။ တွင်းပေါ်တွင် စင်တစ်ခုပြင်သည်။ ဆော့ရည်နှပ်ထားသည့် နတ်ဆိုးယုန်ကို စင်ပေါ်တင်သည်။

တွင်းထဲသို့ လက်ချောင်းထိပ်မှ ရသာသုံးမျိုးမီးတောက် ထုတ်လွှတ်သည်။ ထင်းပိုင်းများ ချက်ချင်းမီးစွဲသွားသည်။ နတ်မယ်အတွေ့အကြုံအရ ထိုကဲ့သို့သက်တမ်းရင့်သံလွင်ပင်ထင်းများသည် တစ်ညလုံးမီးမစဲ။

နတ်ဆိုးယုန် ကျက်အောင်ကင်ဖို့ အဆင်ပြေသည်။

ထင်းများမီးစွဲသည်နှင့် သံလွင်ပွင့်ချိန်ကဲ့သို့ စွဲမက်ဖွယ်ရနံ့မျိုး ထွက်ပေါ်လာသည်။ ထိုအချိန်သို့ ပြန်ရောက်သွားသလို ခံစားကြရသည်။

'နောက်တစ်ခေါက်'အသားကင်ဆိုင် တည်ထောင်သူတစ်ယောက်ဖြစ်၍ လုယန်၏ အသားကင်စွမ်းရည်က ပြောစရာမလို။ ခေတ်သစ်ပြိုင်ဘက်ကင်းဟု ဆိုနိုင်သည်။ သူ့ကိုယှဉ်နိုင်သူဆို၍ အလောင်းထိန်းပညာတတ်ထားသည့် အရိုးရီုင်းသာရှိသည်။

ဟင်းချက်ပညာတွင် နတ်မယ်ပြီးလျှင် သူအတော်ဆုံးဖြစ်သည်။

နတ်ဆိုးယုန်၏အသားများကို တစ်လက်မမကျန် ဝိညာဉ်အာရုံဖြင့် သူစစ်ဆေးသည်။ ရသာသုံးမျိုးမီးတောက်ကို ထိန်းချုပ်သည်။ ရံဖန်ရံခါ နောက်ထပ် သံလွင်ထင်းပိုင်းများ မီးပုံထဲသို့ ပစ်ထည့်သည်။ တဖျစ်ဖျစ်မြည်သံများ အဆက်မပြတ်ပေါ်နေသည်။

ဆီကိုအဆက်မပြတ်သုတ်ပြီး အသားကင်ကိုလှည့်သည်။ အရေပြား၊ အသား၊ အကြော၊ အရိုးများ အရသာနှင့် အကျက်ညီအောင်ဂရုစိုက်သည်။ ကြက်သွန်ဖြူနှင့် ဟင်းခတ်အမွှေးအကြိုင်များ အသားထဲသို့ စိမ့်ဝင်အောင်လုပ်သည်။

အော်တိုအသားကင်မှော်စက်ဝန်းသည်ပင် သူ့အကန့်အသတ်နှင့်သူရှိသည်။ ထိုမျှအရွယ်အစားကြီးသည့် နတ်ဆိုးယုန်တစ်ကောင်ကို မှော်စက်ဝန်းက မထိန်းနိုင်။ အတွေ့အကြုံရင့်သည့် လုယန်လို စာဖိုမှူးကောင်းလိုအပ်သည်။

မီးပုံအအပူဓာတ်ကြောင့် သံလွင်ရနံ့နှင့် အသားကင်နံ့တို ရောယှက်နေသည်။ လသံလွင်နန်းတော်တပည့်များ အချင်းချင်းပြောဆိုရယ်မောနေသည်။

လန်ထင်က လုယန်ဘေးတွင်ထိုင်နေသည်။ သူတို့ချင်းစကားမပြောဖြစ်ကြ။ လန်ထင်အိပ်ပျော်သွားသည်။ နောက်ဆုံးတွင် လုယန်က သူ့ကိုနှိုးသည်။

"ညီမလန်၊ နည်းနည်းမြည်းကြည့်ပါ"

လန်ထင် မျက်လုံးပွင့်လာသည်။ နတ်ဆိုးယုန်ကင်က ရွှေရောင်သန်းနေပြီဖြစ်သည်။

အရေပြားနှင့်တွဲနေသည့် အသားတစ်တုံးဖဲ့ယူသည်။ အောက်ဘက်တွင်ရှိသည့် အရည်များထွက်ပေါက်တစ်ခုရသွားပြီး မီးဖိုထဲသို့ကျ၍ တဖျစ်ဖျစ်အသံမြည်လာသည်။

အပေါ်ယံအရေပြားက ကြွပ်ရွနေသည်။ တစ်ကြိမ်ဝါးလိုက်တိုင်း တစ်ကြိမ်အရသာရှိသည်။ အဆီနည်းသည့်အသားလွှာက နူးညံ့နေသည်။ အပေါက်ယံအရေပြားထက် ပို၍အရသာထူးသည်။ သံလွင်ရနံ့က လျှာအကြောပေါင်းတစ်ထောင်ကို လှုံ့ဆော်သည်။ နှမ်းဆီ၊ ပဲပိစပ်နှင့် နှမ်းစေ့များရောထားသည့်ဆော့ချဉ်ထဲ နှစ်၍စားလိုက်သည်နှင့် ဆွေမျိုးမေ့လောက်သည့် အာရုံကြောင့် လန်ထင်အိပ်ချင်စိတ်လုံးလုံးပြေသွားသည်။

သူ့လက်ချောင်းထိပ်များကိုစုပ်နေသည်။ အားရကျေနပ်သေးဟန်မတူ။

လန်ထင်မျက်နှာကဲကိုကြည့်၍ ယုန်သားကင် ကောင်းကောင်းကျက်ပြီဖြစ်ကြောင်း လုယန် မမေးဘဲနှင့်သိလိုက်သည်။

"ကဲ..အားလုံးပဲ စားလို့ရပါပြီ။ ဘယ်ဘက်အခြမ်းက အစပ်မပါဘူး။ ညာဘက်ခြမ်းက အစပ်ပါတယ်။ မီးပုံဘေးက အိုးလေးထဲမှာ ဆော့ချဉ်ရှိပါတယ်"

လနန်းတော်တပည့်များကလည်း ထိုအချိန်ကို စောင့်မျှော်နေကြခြင်းဖြစ်သည်။ သက်တူရွယ်တူများဖြစ်၍ ဘာမှဣန္ဒြေဆယ်နေစရာမလို။ အတော်ကြာအောင်စောင့်ခဲ့ရသည့် ယုန်သားကင်အရသာကိုခံစားဖို့ အားလုံးစုပြုံတိုးဝှေ့၍ ရောက်လာသည်။

ကျင့်ကြံသူလောကတွင် စွမ်းအားကြီးသူကို လေးစားသည့်ဓလေ့က ဤနေရာတွင် ရှင်းလင်းစွာပေါ်လာသည်။ စွမ်းအားမြင့်သူများ ရှေ့ဆုံးမှပြေးလာသည်။ စွမ်းအားနိမ့်သူများက အလှည့်ရောက်အောင် စောင့်ကြရသည်။

"ကောင်းလိုက်တာ"

"ဒီလောက်ကောင်းတဲ့အသားကင်မျိုး တစ်ခါမှမစားဖးဘူး"

"နောက်တစ်ခေါက်အသားကင်ဆိုင်ကို ငါရောက်ဖူးတယ်။ သူတို့အသားကင်တောင် အကိုလုယန်ရဲ့အသားကင်လောက် အရသာမရှိဘူး"

အစားအရွေးဆုံး စားဖိုဆောင်အမပင် လုယန်၏အသားကင်စွမ်းရည်က သူ့ထက်များစွာသာကြောင်း ဝန်ခံရသည်။

သူတကယ် အသိအမှတ်ပြုရသည်။

ပုံမှန်အသားကင်များတွင် ထိုမျှအဆာပလာများများထည့်လျှင် အပြင်ပိုင်းမီးကျွမ်းပြီး အတွင်းပိုင်းမကျက်တကျက်ဖြစ်လိမ့်မည်။ သို့သော် လုယန်၏ရသာသုံးပါးမီးတောက်က နတ်ဆိုးယုန်၏ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်သည်။ မကျက်သည့်နေရာ လုံးဝမရှိ။

နတ်မယ်ကလည်း လုယန်၏ ယုန်သားကင်ကို ချီးကျးနေသည်။

"ရှောင်ယန်၊ နင်က စွမ်းရည်နည်းနည်းရှိသားပဲ။ ရသာသုံးပါးမီးတောက်က ရိုးတွင်းခြင်ဆီထဲက လောက်ကောင်တွေလိုပဲ နတ်ဆိုးယုန်သားထဲကို စိမ့်ဝင်သွားတယ်။ အရိုးတွေတောင် ကြွပ်ရွပြီး မွှေးကြိုင်နေတယ်။ ငါမသေမျိုးရဲ့ပညာကို သုံးပုံတစ်ပုံလောက် ရနေပြီ"

ချီးကျူးစကားဖြစ်သော်လည်း တစ်ခုခုလွဲနေသလို လုယန်ခံစားရသည်။

ထိုအချိန်တွင် ပိုင်ယဲ့သည် လူအုပ်ကြားထဲတိုးဝှေ့ပြီး ယုန်သားကင်တစ်တုံးဖဲ့ယူ၍ ထွက်သွားသည်ကို ဘယ်သူမှသတိမထားမိ။ သံလွင်ဘိုးဘေး၏ သစ်ကိုင်းပေါ်တွင်ထိုင်၍ ပါးစပ်တွင် အဆီများပေကျံသည်အထိ စားသောက်နေသည်။

"အား..ငါတို့သံလွင်ထင်းနဲ့ကင်လိုက်တော့ အနံ့ကအရမ်းမွှေးတာပဲ"

.....

ယနေ့ည ဘယ်တပည့်မှာ မကျင့်ကြံကြ။ စိတ်ရှိလက်ရှိ စားသောက်နေသည်။ ပျော်ပျော်ပါးပါးစားသောက်နေကြသည့် ယုခက်ရှိသူတို့ပုံစံသည် အပြင်လောကနှင့် အဆက်အဆံမရှိဘဲ မာနကြီးသည့် မိန်းမလှများ၏ပုံရိပ်နှင့် လုံးဝဆက်စပ်၍မရ။

လုယန်လည်း ပျော်နေသည်။ စားဖိုမှူးတစ်ယောက်သည် သူ့အစားအသောက်ကို စားသုံးသူများက ချီးကျူးသည်ကို အလိုချင်ဆုံးဖြစ်သည်။

ပေါ်ပေါ်ထင်ထင် မချီးကျူးသော်လည်း အရိုးကိုပါအငမ်းမရစုပ်နေသည့် လနန်းတော်ဂိုဏ်းတပည့်များကိုကြည့်၍ သူ့အသားကင် အဆင်ချောကြောင်း သူသိသည်။

"ဝါး...အိပ်ချင်ပြီ"

လုယန် သမ်းတစ်ချက်ဝေလိုက်သည်။ ယနေ့ သူလည်းပျင်းသလိုရှိသဖြင့် ကျင့်ကြံမှုမလုပ်ဘဲ အိပ်ဖို့ဆုံးဖြတ်လိုက်သည်။

လနန်းတော်တပည့်များလည်း အဆက်မပြတ်သမ်းဝေနေသည်။ မိန်းကလေးဣန္ဒြေကို အရေးမစိုက်တော့ဘဲ နေရာတင်လှဲအိပ်ကြသည်။

သူတို့ကျင့်စဉ်အဆင့်အတန်းအရ နှင်းတောထဲအိပ်လျှင်လည်း သွေးခဲပြီးသေမည်မဟုတ်။ ကြိုက်သည့်နေရာ အိပ်နိုင်သည်။

လူတစ်ယောက် ကောင်းကင်အထက်မှ ငုံ့ကြည့်မည်ဆိုလျှင် လနန်းတော်အလယ်မှ မီးဖိုကြီးကို မြင်ရမည်။ မီးဖိုကျင်းထဲတွင် မီးကျွမ်းနေသည့် သံလွင်ထင်းများရှိသည်။ မီးဖိုဘေးတွင် လနန်းတော်တပည့်များစွာ လဲလျောင်းအိပ်စက်နေသည်။

လမင်းက နေအဖြစ်အသွင်ပြောင်းသွားသည်။ မျက်နှာပေါ်ကျလာသည့် မနက်ခင်းနေခြည်အလင်း၏ အနွေးဓာတ်ကို လုယန်ခံစားရသည်။ မျက်လုံးကို ကြိုးစား၍ဖွင့်သည်။ အမှန်တော့ သူမျက်လုံးမဖွင့်ချင်သေး။

ထိုသို့ သက်တောင့်သက်သာမအိပ်စက်ခဲ့ရသည်မှာ အတော်ကြာပြီဖြစ်သည်။

"ငါ့ကိုဘယ်သူစောင်ခြုံပေးသွားတာလဲ"

သူ့ကိုယ်ပေါ်တွင် စောင်တစ်ထည်ရှိနေသည်ကိုခံစားမိသည်။ ဘယ်သူခြုံပေးသွားမှန်းတော့မသိ။

ညီမလန်များလား...

အိပ်ချင်မူးတူးဖြင့် မျက်လုံးဖွင့်ပြီး 'စောင်'ထဲမှ လျှောထွက်ရန်ကြိုးစားသည်။ ဘေးပတ်လည်မှ လနန်းတော် ညီအမများကိုကြည့်သည်။ သူ့စိတ်အာရုံက သိပ်မကြည်လင်သေး။

"တစ်ခုခုတော့ မူမမှန်သလိုပဲ"

သူ့ဘာသာရေရွတ်သည်။

ရုတ်တရက် မူမမှန်သလိုခံစားရသည့် အကြောင်းရင်းကို နားလည်သွားသည်။

"ငါဘာလို့ အဝတ်ဗလာဖြစ်နေတာလဲ"

လုယန် သူ့လက်ကိုမြှောက်ကြည့်သည်။ မျက်လုံးပြူးသွားသည်။

"ဟာ...ငါ့ခန္ဓာကိုယ် ကျုံ့သွားတာလား"

ခုနက 'စောင်'ဟုထင်ခဲ့သည့်အရာမှာ သူ့အဝတ်အစားသာဖြစ်သည်။ ခန္ဓာကိုယ်ကျုံ့သွားပြီး ချောင်ချိလွန်းသဖြင့် စောင်ဟုထင်ခဲ့ခြင်းဖြစ်သည်။

သူချက်ချင်းအသိပြန်ဝင်လာပြီး ဘေးတွင်အိပ်နေသည့် လန်ထင်ကိုလှည့်ကြည့်သည်။

လန်ထင်နေရာတွင် ရှစ်နှစ်ကိုးနှစ်အရွယ် ကလေးမတစ်ယောက်ရှိနေသည်။

လန်ထင်လည်း ကျုံ့သွားသည်။

ဘေးပတ်လည်ကို မျက်လုံးဝေ့ကြည့်သည်။ လန်ထင်သာမဟုတ်။ လူအားလုံး ခန္ဓာကိုယ်ကျုံ့နေသည်။

......

လော်ဟုန်ရှားနှင့် အကြီးအကဲကျူးဟုန်တို့ တာအိုလမ်းစဉ်ဂိုဏ်းမှ ပြန်လာကြသည်။ လောဟုန်ရှားက ကျူးဟုန်ကို လက်နက်သွန်းဆောင်သို့ လိုက်ပို့သည်။

"ညီမလေး၊ စိတ်မပျက်ပါနဲ့။ ယွမ်ကျိက အမွှာမြစ်အကြောင်းသိတာနဲ့ မင်းကိုစမ်းကြည့်ခွင့်ပေးမှာပါ။ မင်းကလေးလိုချင်ခဲ့တာ တစ်ရက်နှစ်ရက်တည်းမှမဟုတ်တာ။ နည်းနည်းပိုစောင့်ရတာ ဘာအရေးလဲ"

ကျူးဟုန် ခေါင်းငြိမ့်သည်။ စကားသိပ်မပြော။

သူ့စကားများ အရာမထင်ကြောင်း လော်ဟုန်ရှားသိလိုက်သည်။

နှစ်ယောက်သား မြေပြင်သို့ဆင်းချိန်တွင် လေအေးထဲ၌ အောက်ပိုင်းဗလာဖြင့် ရပ်နေသည့်လုယန်နှင့် ကလေးမလေးများပြည့်နေသည့် မြေပြင်ကို မြင်လိုက်ရသည်။

နှစ်ယောက်လုံး ပါးစပ်အဟောင်းသားဖြစ်သွားသည်။

*****************************

All Chapters