အခန်း (၃၀၁-၃၀၂)
Vol. 31 Ch. 301-302
အခန်း။ ၃၀၁
လုံယီသည် သူရရှိထားသော အကျိုးဆောင်မှတ် ၁၀ မှတ်ကို အလဟဿမဖြစ်စေဘဲ သူ၏ အစွမ်းသတ္တိအဖြစ်သို့ အမြန်ဆုံး ပြောင်းလဲရန် စိတ်အားထက်သန်နေမိသည်။ ထို့ကြောင့် သူသည် ရုံရွှယ်ကျန်းနှင့်အတူ ရတနာသိုလှောင်ရာတောင်ထိပ်သို့ သွားရန် ပြင်ဆင်လိုက်သည်။
အလောင်းထိန်းချုပ်ခြင်းဂိုဏ်းတွင် စုစုပေါင်း တောင်ထိပ် ၁၃ ခုရှိပြီး တစ်ခုစီတွင် သီးခြားလုပ်ဆောင်ချက်များ ရှိကြသည်။ ဥပမာအားဖြင့် ဧည့်ကြိုတောင်ထိပ်သည် တပည့်သစ်စုဆောင်းခြင်းဆိုင်ရာ ကိစ္စရပ်များကို ကိုင်တွယ်သကဲ့သို့ ရတနာသိုလှောင်ရာတောင်ထိပ်တွင်မူ ကျင့်ကြံခြင်းခန်းမ၊ မှော်လက်နက်ခန်းမနှင့် ဝိညာဉ်ဆေးဝါးခန်းမ စသည်ဖြင့် ခန်းမဆောင်များစွာ ရှိနေသဖြင့် တပည့်များ အသွားအလာအများဆုံး တောင်ထိပ်တစ်ခု ဖြစ်သည်။
“ညီအစ်ကိုရုံ... မင်းကော ဘာလဲလှယ်ဖို့ စိတ်ကူးထားလဲ”
လုံယီက စူးစမ်းစွာ မေးလိုက်သည်။
“ငါ့မှာက အမှတ်နည်းပါတယ်။ ၅ မှတ်ပဲ ရှိတာဆိုတော့ အခြေခံအကျဆုံး လက်နက်သွန်းလုပ်နည်း လမ်းညွှန်စာအုပ်နဲ့ပဲ လဲလှယ်ဖို့ စိတ်ကူးထားတယ်။ ဒါဆိုရင်တော့ လုံလောက်ပါပြီ”
“မင်းက နောင်ကျရင် လက်နက်သွန်းလုပ်သူလမ်းစဉ်ကို လျှောက်လှမ်းမလို့လား။ အဲ့ဒီပညာရပ်က နောင်ကျရင် တကယ့်ကို နေရာရမယ့် အတတ်ပညာပဲ”
လုံယီက ပြန်ပြောလိုက်သည်။
“ငါကတော့ ဝိညာဉ်အပင်တစ်ခုနဲ့ လဲဖို့ စဉ်းစားထားတယ်။ ဒါပေမဲ့ ဝိညာဉ်ဆေးဝါးခန်းမမှာ ရှိမရှိတော့ မသေချာဘူး”
ရတနာသိုလှောင်ရာတောင်ထိပ်သို့ ရောက်သောအခါ သူတို့နှစ်ဦး လမ်းခွဲလိုက်ကြသည်။ ရုံရွှယ်ကျန်းက ကျင့်ကြံခြင်းခန်းမသို့ ဦးတည်သွားပြီး လုံယီကမူ ဝိညာဉ်ဆေးဝါးခန်းမဆီသို့ ထွက်ခွာခဲ့သည်။
ပြင်ပမှကြည့်လျှင် ဝိညာဉ်ဆေးဝါးခန်းမမှာ လူ့လောကရှိ အစိုးရအရာရှိကြီးများ၏ နေအိမ်နှင့် အတန်ငယ် ဆင်တူလှသည်။ အနီရောင် နံရံများ၊ အစိမ်းရောင် အုတ်ကြွပ်များ၊ ပျံတက်တော့မည့်အလား ရှိသော အမိုးစွန်းများနှင့် နွယ်ပင်များ ရစ်ပတ်နေသည့် မြင့်မားသော တံတိုင်းများဖြင့် ဝန်းရံထားသည်။ သို့သော်လည်း အဝင်ဝရှိ ကြေးခြင်္သေ့ရုပ်နှစ်ရုပ်မှာမူ သာမန်လောကနှင့် မတူဘဲ ကွဲပြားခြားနားလှသည်။ ၎င်းတို့၏ မျက်လုံးများကို စိမ်းလဲ့ကြည်လင်သော ကျောက်စိမ်းများဖြင့် ပြုလုပ်ထားပြီး တကယ့်အသက်ရှိသကဲ့သို့ ထင်မှတ်ရသည်။ တပည့်တစ်ဦးဦး အနီးသို့ ချဉ်းကပ်လာတိုင်း ထိုမျက်လုံးများမှာ အစိမ်းရောင်အလင်းတန်းများ လင်းလက်လာပြီး တစ်စုံတစ်ခုကို စစ်ဆေးနေသကဲ့သို့ပင်။
ဝိညာဉ်ဆေးဝါးခန်းမသည် ဆေးလုံးများသာမက အဖိုးတန်သစ်ပင်ပန်းမန်များနှင့် ကောင်းကင်မြေကြီး ရတနာများကိုပါ လဲလှယ်ပေးသဖြင့် အမျိုးသား၊ အမျိုးသမီး တပည့်များစွာ အဆက်မပြတ် ဝင်ထွက်သွားလာနေကြသည်။ လုံယီ အထဲသို့ လှမ်းဝင်လိုက်သောအခါ ဖြူဖွေးကျယ်ဝန်းပြီး သန့်ရှင်းသပ်ရပ်သော ကျောက်ဖြူစင်္ကြံလမ်းကြီးက သူ့ကို ဆီးကြိုနေတော့သည်။
စင်္ကြံလမ်း၏ ဝဲယာတစ်ချက်စီတွင် လူတစ်ရပ်နီးပါး မြင့်မားသော ဆေးဘက်ဝင်အပင်များ စိုက်ပျိုးထားသည့် ဆေးဥယျာဉ်ကြီးများ ရှိနေသည်။ ထိုအပင်များ၏ အရွက်နှင့် ပင်စည်များမှာ ခရမ်းနုရောင်သန်းနေပြီး စိတ်ကို ကြည်လင်လန်းဆန်းစေသော ချိုမြိန်သည့် ရနံ့များကို ထုတ်လွှတ်နေသည်။
စင်္ကြံလမ်း၏ အစွန်းနားတွင်မူ မြေပြင်ပေါ်၌ ရှုပ်ထွေးနက်နဲသော အနက်ရောင် မျဉ်းကြောင်းများ ရေးဆွဲထားသည်ကို လုံယီ သတိပြုမိလိုက်သည်။ ၎င်းတို့မှာ စနစ်တကျ ရှိလှပြီး လျှို့ဝှက်ဆန်းပြားသော ပုံစံတစ်ခုကို ဖော်ဆောင်နေသည်။
ဂိုဏ်းအနေဖြင့် တပည့်များ ဆေးဥယျာဉ်ထဲသို့ မတော်တဆ ဝင်ရောက်မိပြီး ဆေးပင်များ ပျက်စီးဆုံးရှုံးမှု မရှိစေရန် အစီအရင်အတတ်များဖြင့် တားဆီးထားခြင်း ဖြစ်ကြောင်း သိသာလှသည်။ လုံယီသည် ထိုအရာကို တစ်ချက်မျှသာ ကြည့်လိုက်ပြီး ဝိညာဉ်ဆေးဝါးခန်းမ၏ ရုံးခန်းမဆောင်ကြီးဆီသို့ အရှိန်အဟုန်ဖြင့် လှမ်းလျှောက်သွားတော့သည်။
ရုတ်တရက်ဆိုသလို သူ၏ ညာဘက်ရှိ ဆေးဥယျာဉ်ထဲမှ ရှဲရှဲဟု အသံတစ်ခု ထွက်ပေါ်လာသဖြင့် လုံယီမှာ ခြေလှမ်းရပ်ကာ လှည့်ကြည့်လိုက်မိသည်။
နက်ပြာရောင် ကျင့်ကြံသူဝတ်စုံတွင် ရွှံ့နက်များနှင့် ခရမ်းရောင် ဆေးရည်များ ပေကျံနေသော သွယ်လျသည့် ပုံရိပ်ကလေးတစ်ခုမှာ ဥယျာဉ်ထဲမှ ဖျတ်လတ်စွာ ထွက်ပေါ်လာသည်။ လက်ထဲတွင် ဆေးတူးသည့် ပေါက်ပြားအသေးလေးတစ်ခုကို ကိုင်ထားပြီး ပါးပြင်ပေါ်တွင်လည်း အညစ်အကြေးများ ပေကျံနေသဖြင့် ရုပ်ရည်ကို အသေအချာ မမြင်ရပေ။ သို့သော် လင်းလက်တောက်ပနေသော မျက်ဝန်းအစုံက လုံယီ၏ မျက်လုံးများနှင့် ဆုံမိသွားသောအခါ နှစ်ဦးသား မှင်တက်သွားကြတော့သည်။
“မိန်းကလေးယို့”
လုံယီသည် ယို့ချင်းယီကို ဤနေရာတွင် တွေ့ရလိမ့်မည်ဟု မထင်ထားသကဲ့သို့ သူမ၏ ရှားရှားပါးပါး အနေခက်နေသော အခိုက်အတန့်ကိုလည်း တိုက်တိုက်ဆိုင်ဆိုင် မြင်တွေ့လိုက်ရခြင်းပင်။
အမြဲတမ်း အေးစက်တည်ငြိမ်နေတတ်သော စစ်သူကြီးသမီးလေးမှာ ယခုအခါတွင်မူ ကျေးလက်တောရနံ့ သင်းပျံ့နေသည့် သဘာဝအလှမျိုး ထွက်ပေါ်နေပြီး တစ်မျိုးလေး ချစ်စရာကောင်းနေတော့သည်။
“ကျွန်မ ဒီမှာ ဝိညာဉ်ဆေးဝါးတွေကို ဘယ်လိုပြုစုရမလဲဆိုတာနဲ့ ဆေးဖက်ဝင်အပင်တွေရဲ့ ဂုဏ်သတ္တိတွေကို အကဲဖြတ်ဖို့ သင်ယူနေတာပါ”
ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ယို့ချင်းယီက အနည်းငယ် ရှက်ကိုးရှက်ကန်းဖြင့် ဆံပင်များကို နားရွက်နောက်သို့ သပ်ရင်း ရိုးရှင်းစွာ ရှင်းပြလိုက်သည်။
တပည့်သစ်များ စတင်ဝင်ရောက်ချိန်တွင် အုပ်စုနှစ်စု ခွဲခြားထားခြင်း ဖြစ်သည်။ လုံယီကဲ့သို့ ပါရမီနိမ့်ပါးသူများကို စိုက်ပျိုးရေးဘက်သို့ ပို့ဆောင်သော်လည်း အလယ်အလတ်အဆင့် ဝိညာဉ်အမြစ်ပါရမီနှင့် အထက်ရှိသူများမှာမူ ပိုမိုကောင်းမွန်သော တာဝန်များကို ရရှိကြသည်။ ယို့ချင်းယီ၏ သင်ကြားမှုမှာ ဆေးလုံးဖော်စပ်ခြင်းနှင့် ဝိညာဉ်ပင်များအကြောင်းနှင့် ဆက်စပ်နေပုံပင်။
“အဲ့ဒါ တကယ်ကောင်းတာပဲ”
လုံယီက ပြုံးလျက် ခေါင်းညိတ်ပြလိုက်သည်။
“ငါကတော့ ဝိညာဉ်ဆေးဝါးတစ်ခုနဲ့ လဲလှယ်ဖို့ လာတာပါ။ မင်းရဲ့ အလုပ်ကို ဆက်လုပ်ပါဦး”
သူတို့နှစ်ဦး လမ်းခွဲလိုက်ကြပြီးနောက် လုံယီသည် ဝိညာဉ်ဆေးဝါးခန်းမ၏ ခန်းမဆောင်ကြီးထဲသို့ ရောက်ရှိသွားတော့သည်။ ရင်ဘတ်အထိ မြင့်မားသော အနက်ရောင် သစ်သားကောင်တာရှည်ကြီး၏ နောက်ကွယ်တွင် လှပကျော့ရှင်းသော အမျိုးသမီးကျင့်ကြံသူ လူငယ်အချို့မှာ မြင့်မားသော သစ်သားကုလားထိုင်များပေါ်တွင် ထိုင်နေကြသည်။
သူတို့မှာ နက်ပြာရောင် ဝတ်စုံများကို ဝတ်ဆင်ထားကြပြီး သူတို့၏ နောက်ကွယ်ရှိ နံရံများတွင်မူ လူ့လောကရှိ ဆေးဆိုင်များကဲ့သို့ပင် အကန့်ကလေးများစွာ ပါရှိသည့် ခရမ်းရောင် သစ်သားဗီရိုကြီးများ စီစီရီရီ ရှိနေတော့သည်။
အမျိုးသမီးကျင့်ကြံသူတစ်ဦးစီ၏ ရှေ့တွင် ဆေးလုံးများ၊ ဝိညာဉ်ဆေးဝါးများ သို့မဟုတ် အထူးအထောက်အပံ့ပစ္စည်းများ စသည်ဖြင့် အမျိုးအစားအလိုက် ခွဲခြားထားသော သစ်သားဆိုင်းဘုတ်ကလေးများကို ချိတ်ဆွဲထားသည်။ လုံယီသည် ဝိညာဉ်ဆေးဝါးများ လဲလှယ်ပေးသည့် တန်းစီရာနေရာသို့ လျှောက်လှမ်းသွားလိုက်သည်။
သူ့ရှေ့တွင် နက်ပြာရောင် ဝတ်စုံဝတ်ထားသော မျက်နှာလေးထောင့်ကျကျနှင့် တပည့်တစ်ဦးမှာ တာဝန်ကျအမျိုးသမီးနှင့် စကားပြောဆိုနေသည်။
“ဘာလိုအပ်လို့လဲ”
“ရွှေရောင်အကြေးခွံသီးသုံးလုံးပါ”
“တစ်လုံးကို အကျိုးဆောင်မှတ် ၂၀၀ ပေးရမယ်။ မင်းရဲ့ တိုကင်ပြားထဲမှာ အမှတ်မလောက်ဘူး”
“မဖြစ်နိုင်တာ။ ဘယ်လိုလုပ် မလောက်ရမှာလဲ။ စီနီယာအစ်မကြီး မှားနေတာများလား”
ထိုတပည့်က ရေရွတ်ရင်း သူ၏နဖူးကို လက်ဝါးဖြင့် ရိုက်လိုက်သည်။
“မှားပြီ မှားပြီ... အပြာရောင်ချီလင်သီးဖြစ်ရမှာ”
“ရွှေရောင်အကြေးခွံသီးလား အပြာရောင်ချီလင်သီးလား”
ကောင်တာမှ အမျိုးသမီးက စိတ်မရှည်စွာဖြင့် မေးလိုက်သည်။
“ရွှေရောင်အကြေးခွံသီးက ဝိညာဉ်အာရုံကို အားကောင်းစေတာ။ အပြာရောင်ချီလင်သီးကတော့ အဆိပ်ဖြေဖို့ သုံးတာ။ ဒီနှစ်ခုရဲ့ အာနိသင်က လုံးဝကို ကွာခြားတယ်နော်”
“ထားလိုက်တော့... အိမ်ပြန်ပြီး သေချာအောင် အရင်လုပ်ခဲ့ဦး နောက်မှပဲ လာခဲ့တော့”
ထိုသို့ပြောကာ ထိုအမျိုးသမီးက အော်ခေါ်လိုက်သည်။
“နောက်တစ်ယောက်”
“ဟာ... ကျွန်တော်က ဝမ်သောင်တောင်ထိပ်ကနေ ရတနာသိုလှောင်ရာတောင်ထိပ်အထိ အဝေးကြီး လာခဲ့ရတာဗျ အားနာပါဦး”
မျက်နှာလေးထောင့်နှင့် တပည့်က မကျေမနပ် ပြောဆိုသော်လည်း အမျိုးသမီးဖြစ်သူက အေးစက်စွာ လျစ်လျူရှုထားသဖြင့် နောက်သို့ ခပ်ရို့ရို့ဖြင့် ဆုတ်ပေးလိုက်ရတော့သည်။
ဒီနေရာက လူတွေက တော်တော်လေး အာဏာပြတာပဲ။
လုံယီက တွေးတောမိသွားသည်။ သူ၏ အတိတ်ဘဝက ကုမ္ပဏီများရှိ လုပ်ငန်းဆောင်ရွက်ရေးဌာနများသို့ သွားရောက်စဉ်က ကြုံတွေ့ခဲ့ရသော မြင်ကွင်းများနှင့် ဆင်တူနေသဖြင့် ဘဝနှစ်ခုစလုံးတွင် ထိုအတွေ့အကြုံမှာ မေ့မရနိုင်စရာ ဖြစ်နေတော့သည်။
“မင်းကော ဘာလိုချင်လို့လဲ”
ကောင်တာမှ အမျိုးသမီးက လုံယီကို စူးစူးရှရှ အသံဖြင့် အလျင်အမြန် မေးလိုက်သည်။ သူမ၏ အသားအရေမှာ ဖြူဝင်းပြီး မျက်နှာမှာ ငန်းဥပုံသဏ္ဌာန်ရှိသဖြင့် ချောမောသည်ဟု ဆိုနိုင်သော်လည်း ပါးရိုးများမှာ အနည်းငယ် မြင့်နေပြီး ကြည့်ရသည်မှာ အနည်းငယ် ခက်ထန်မာကြောသော ပုံစံမျိုး ပေါက်နေသည်။
“ပစ္စည်းလဲလှယ်တဲ့ စာအုပ်ငယ်ကို အရင်ကြည့်လို့ ရမလားခင်ဗျာ”
လုံယီက ယဉ်ကျေးစွာ မေးလိုက်သည်။
လုံယီသည် ရုံရွှယ်ကျန်းထံမှ ပစ္စည်းလဲလှယ်ခြင်းဆိုင်ရာ စည်းကမ်းချက်များကို ကြိုတင်လေ့လာထားပြီးဖြစ်သည်။
“ဘာလိုချင်လဲဆိုတာ တိုက်ရိုက်ပဲပြောစမ်းပါ”
သူမက စိတ်မရှည်စွာဖြင့် ပြန်ဖြေသည်။
“လူတိုင်းက စာအုပ်ကြည့်ချင်တယ်ဆိုရင် ငါတို့အလုပ်တွေ ဘယ်လိုပြီးပါ့မလဲ”
“စီနီယာအစ်မခင်ဗျာ... ကျွန်တော်က ဂိုဏ်းကိုရောက်တာ သုံးလပဲရှိသေးတဲ့ တပည့်သစ်မို့လို့ ဝိညာဉ်ဆေးဝါးတွေရဲ့ အာနိသင်ကို သေချာနားမလည်သေးလို့ပါ။ အကယ်၍ မှားရွေးမိရင် ကျွန်တော့်ရဲ့ ကျင့်ကြံခြင်းကို ထိခိုက်မှာစိုးလို့ပါ”
လုံယီက စိတ်ရှည်လက်ရှည် ရှင်းပြလိုက်သည်။
အဓိကမှာ သူ၏ အရည်အချင်းပြမျက်နှာပြင်ထဲတွင် ကောင်းကင်နှင့်မြေကြီး ရတနာများစွာ လိုအပ်နေခြင်းဖြစ်ပြီး ၎င်းတို့ကို တစ်ခုချင်းစီ လိုက်လံမေးမြန်းနေပါက သဘာဝမကျသလို ဖြစ်နေမည်စိုးသောကြောင့်ပင်။
“ကောင်းပြီလေ”
လုံယီ၏ ကျိုးကြောင်းဆီလျော်သော တောင်းဆိုမှုကြောင့် အမျိုးသမီးကျင့်ကြံသူသည် လှည့်ထွက်သွားပြီး သစ်သားအံဆွဲတစ်ခုဆီသို့ လျှောက်သွားသည်။ သူမ၏ ကျောက်စိမ်းကဲ့သို့ ဖြူဝင်းသော လက်ချောင်းလေးများမှ အဖြူရောင်အလင်းဖျော့ဖျော့ ထွက်ပေါ်လာပြီး အံဆွဲကိုဖွင့်ကာ အပြာရောင်စာအုပ်ငယ်လေးတစ်အုပ်ကို လုံယီထံ ကမ်းပေးလိုက်သည်။
စာအုပ်မျက်နှာဖုံးတွင် ဝိညာဉ်ဆေးဝါးကဏ္ဍ ချီစွမ်းအားကျင့်ကြံခြင်းအဆင့်ဟု ရေးသားထားသည်ကို လုံယီ တွေ့လိုက်ရသည်။ စာအုပ်ကို လှန်လိုက်သောအခါ အဝါရောင်စာမျက်နှာအလွတ်တစ်ခုကို တွေ့ရပြီး လုံယီက အာရုံစိုက်ကြည့်လိုက်ချိန်တွင် အနက်ရောင်စာသားများ တဖြည်းဖြည်း ပေါ်ပေါက်လာတော့သည်
သွေးခဲမြက် - ဒဏ်ရာများမှ သွေးတိတ်စေရန် အသုံးပြုသည်။ အသက်ရှူနှုန်း သုံးကြိမ်အတွင်း အနာဖေးတက်စေနိုင်သည်။ ကျင့်ကြံခြင်း အစောပိုင်းအဆင့်တွင် လဲလှယ်နိုင်ပြီး တစ်ပင်လျှင် အကျိုးဆောင်မှတ် ၃ မှတ် ပေးရမည်။
ကြည်လင်နှလုံးကြာပန်း - စိတ်နှလုံးကို တည်ငြိမ်အေးချမ်းစေသည်။ အသုံးပြုသူ၏ ကျင့်ကြံမှုအဆင့်ပေါ် မူတည်၍ အသက်ရှူနှုန်း အကြိမ်တစ်ရာကျော်မှ အမွှေးတိုင်တစ်တိုင်စာအထိ ကြာမြင့်နိုင်သည်။ ကျင့်ကြံခြင်း အစောပိုင်းအဆင့်တွင် လဲလှယ်နိုင်ပြီး တစ်ပင်လျှင် အကျိုးဆောင်မှတ် ၅ မှတ် ပေးရမည်။
အရိုးဆွေးမြက် - အရိုးအတွင်းရှိ အညစ်အကြေးများကို ဖယ်ရှားပေးသည်... ကျင့်ကြံခြင်း အစောပိုင်းအဆင့်တွင် လဲလှယ်နိုင်ပြီး တစ်ပင်လျှင် အကျိုးဆောင်မှတ် ၈ မှတ် ပေးရမည်။
ခုနစ်ရွက်နီအသီး - ချီစွမ်းအား စီးဆင်းမှုကို မြန်ဆန်စေပြီး အဆင့်တက်ရန် အတားအဆီးများကို ကျော်ဖြတ်ရာတွင် အထောက်အကူပြုသည်။ ကျင့်ကြံခြင်း အလယ်အလတ်အဆင့်တွင် လဲလှယ်နိုင်ပြီး တစ်ပင်လျှင် အကျိုးဆောင်မှတ် ၁၀ မှတ် ပေးရမည်။
နဂါးကတိုးပင် - ၎င်း၏အရည်ကို ချက်တွင် လိမ်းပေးပါက ချီအာရုံခံစားမှုကို ပိုမိုနက်ရှိုင်းစေသည်။ ကျင့်ကြံခြင်း အလယ်အလတ်အဆင့်တွင် လဲလှယ်နိုင်ပြီး တစ်ပင်လျှင် အကျိုးဆောင်မှတ် ၁၀ မှတ် ပေးရမည်။
နဂါးကတိုးပင်ကို မြင်လိုက်ရသောအခါ လုံယီ၏ ရင်ထဲတွင် ဝမ်းသာသွားသော်လည်း တစ်ပြိုင်နက်တည်းမှာပင် စိတ်ပျက်သွားရသည်။ ဝမ်းသာရခြင်းမှာ သူ၏ ထူးကဲယင်ကျင့်စဉ်တိုးတက်ရန် အလွန်အရေးပါသော ပစ္စည်းဖြစ်နေပြီး သူပိုင်ဆိုင်ထားသော အမှတ်နှင့်လည်း ကွက်တိဖြစ်နေသောကြောင့်ပင်။ စိတ်ပျက်ရခြင်းမှာမူ ၎င်းကို ကျင့်ကြံခြင်း အလယ်အလတ်အဆင့်ရှိသော တပည့်များသာ လဲလှယ်ခွင့်ရှိသောကြောင့်ပင်။
“ကြည့်လို့ ပြီးပြီလား”
ကောင်တာမှ အမျိုးသမီးက တိုက်တွန်းလိုက်သည်။
လုံယီသည် စာအုပ်ငယ်နှင့် သူ၏ တပည့်တိုကင်ပြားကို အတူတကွ ကမ်းပေးလိုက်သည် ာ
“စီနီယာအစ်မခင်ဗျာ... ကျွန်တော် နဂါးကတိုးပင်နဲ့ လဲချင်ပါတယ်ဗျ”
“မရဘူး အဲ့ဒါကို အတွင်းစည်းတပည့်တွေပဲ လဲလို့ရတာ”
သူမက အေးစက်စွာ ပြန်ဖြေသည်။
“နည်းနည်းလောက် အခွင့်အရေးပေးလို့ မရဘူးလားခင်ဗျာ ကျွန်တော့်ကျင့်ကြံခြင်းအတွက် ဒီဆေးပင်က တကယ်ကို လိုအပ်လို့ပါ”
လုံယီက တောင်းပန်တိုးလျှိုးလိုက်သည်။
အခန်း။ ၃၀၂
“လူတိုင်းကသာ စည်းကမ်းတွေကို ချိုးဖောက်နေကြမယ်ဆိုရင် ဂိုဏ်းရဲ့ လုပ်ထုံးလုပ်နည်းတွေက ဘာအဓိပ္ပာယ် ရှိတော့မှာလဲ”
ထိုအမျိုးသမီးကျင့်ကြံသူက လုံယီကို မျက်စောင်းတစ်ချက်ထိုးရင်း သရော်လိုက်သည်။
တောက်….
လုံယီမှာ ဘာမှပြန်မပြောနိုင်တော့ပေ။ ဆက်လက်ပြောဆိုနေပါက ကိုယ့်ကိုကိုယ် အရှက်ခွဲရာသာ ရောက်တော့မည်ကို သိသဖြင့် ထပ်မံ၍ မကြိုးစားတော့ရန် ဆုံးဖြတ်လိုက်သည်။
အမှန်စင်စစ် သူ လဲလှယ်၍ရသော အခြားပစ္စည်းတစ်ခု ရှိသေးသည်။ ၎င်းမှာ သူ၏ အဆိပ်
ပါရမီကို မြှင့်တင်ပေးနိုင်သည့် အရိုးဆွေးမြက်ပင်။ သို့သော် ဤပါရမီမှာ လက်ရှိတွင် အသုံးမဝင်သလောက် ဖြစ်နေသဖြင့် လုံယီအနေဖြင့် ခက်ခက်ခဲခဲ ရရှိထားသော အကျိုးဆောင်မှတ်များကို အလဟဿ အကုန်အကျမခံလိုပေ။
တပည့်တောင်ထိပ်ကို အရင်ပြန်ပြီး ယို့ချင်းယီ ဒါမှမဟုတ် ရုံရွှယ်ကျန်းတို့မှာ အကြံကောင်းရှိမလား မေးကြည့်ရမယ်။
လုံယီက စိတ်ပျက်လက်ပျက် တွေးတောလိုက်မိသည်။ အလောင်းထိန်းချုပ်ခြင်းဂိုဏ်း၏ ပြင်ပတပည့်များထဲတွင် သူနှင့် အနည်းငယ် ရင်းနှီးသည်ဆို၍ သူတို့နှစ်ဦးသာ ရှိသည်။
လုံယီသည် ကောင်တာမှ အမျိုးသမီးနှင့် အဆင်မပြေဖြစ်ပြီးနောက် ထွက်ခွာရန် ပြင်လိုက်
စဉ်မှာပင် တန်းစီစောင့်ဆိုင်းနေသော တပည့်အမျိုးသားတစ်ဦး ရှေ့သို့ တက်လှမ်းလာသည်။
ထိုသူကို မြင်လိုက်ရသောအခါ လုံယီအပေါ် အေးစက်ခက်ထန်နေခဲ့သော အမျိုးသမီးမှာ ရုတ်တရက်ဆိုသလို မျက်နှာပြောင်းလဲသွားကာ ပြုံးရွှင်သွားတော့သည်။ ၎င်းမှာ စီချွမ်ဇာတ်ပွဲမှ မျက်နှာဖုံးလဲသည့် အတတ်ပညာကဲ့သို့ပင် အံ့သြစရာ ကောင်းလှသည်။
“အို... စီနီယာအစ်ကိုကြီးချောင်ပါလား။ မတွေ့တာတောင် ကြာပြီနော်”
“အလုပ်တစ်ခု လက်စသတ်နေရတာနဲ့ ထင်ထားတာထက် ပိုကြာသွားလို့ ဂျူနီယာညီမလေး ချန်ဆီကို မလာဖြစ်တာပါ”
ထိုတပည့်က နွေးထွေးစွာ ပြန်လည်နှုတ်ဆက်လိုက်သည်။
“ဘာများ လဲလှယ်ချင်လို့လဲရှင်”
“အရင်ဆုံး နဂါးကတိုးပင်တစ်ပင်လောက် လဲချင်ပါတယ်”
ထိုစကားကို ကြားလိုက်ရချိန်တွင် တံခါးဝသို့ ရောက်လုနီးပါးဖြစ်နေသော လုံယီသည် ခြေလှမ်းများကို ရုတ်တရက် ရပ်တန့်လိုက်ပြီး နောက်သို့ လှည့်ကြည့်မိသည်။
ထိုနေရာတွင် အသစ်ရောက်ရှိလာသော တပည့်အမျိုးသားမှာ နက်ပြာရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး အရပ်ရှည်ရှည်၊ ရုပ်ရည်ချောမောကာ နူးညံ့သိမ်မွေ့သော အမူအရာ ရှိသည်။ အသက် ၂၀ ခန့်သာ ရှိဦးမည်ဟု ခန့်မှန်းရသည်။
စီနီယာအစ်ကိုကြီးချောင်ဟု ခေါ်ဝေါ်ခြင်းခံရသူ ထိုလူငယ်က “ငါ့ရဲ့ ဂျူနီယာညီမလေးကို ပေးဖို့ အစာရှောင်ဆေးလုံးတစ်လုံးလောက် လိုနေတာ။ အခုချိန်မှာ တစ်ယောက်ယောက်ကသာ အဲ့ဒါကို လဲပေးနိုင်ရင် ဘယ်လောက်တောင် ကောင်းလိုက်မလဲ” ဟု သူ့ဘာသာ ရေရွတ်လိုက်သည်။
လုံယီ၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာသည်။ ဤစီနီယာအစ်ကိုကြီးချောင်ဆိုသူမှာ တကယ့်ကို လူလည်တစ်ယောက်ပင် ဖြစ်သည်။ လုံယီသည် ဆေးလုံးများဟု ကပ်ထားသော အခြားသစ်သားကောင်တာတစ်ခုသို့ လျှောက်သွားလိုက်ပြီး တာဝန်ကျအမျိုးသမီးထံမှ ပစ္စည်းလဲလှယ်ရေး စာအုပ်ငယ်ကို တောင်းခံလိုက်သည်။
ဤကောင်တာမှ အမျိုးသမီးမှာ အစောပိုင်းက ဂျူနီယာညီမလေးချန်နှင့်ယှဉ်လျှင် များစွာ ပိုမိုယဉ်ကျေးပျူငှာလှသည်။ ဆေးလုံးလဲလှယ်ရေး စာအုပ်ငယ်မှာလည်း အဝါရောင် စာရွက်စာတမ်းလေးပင်။ ၎င်းကို ဖွင့်လိုက်သောအခါ အစပိုင်းတွင် အလွတ်ဖြစ်နေသော်လည်း စာမျက်နှာများပေါ်တွင် စာသားများ တဖြည်းဖြည်း ပေါ်ထွက်လာတော့သည်။
အဆင့်နိမ့် ချီစုပ်ယူခြင်းဆေးလုံး - ကျင့်ကြံခြင်းအစောပိုင်းအဆင့်ရှိ တပည့်များ၏ ပင်ပန်းခက်ခဲလှသော ကျင့်ကြံမှုကို တစ်ရက်မှ သုံးရက်အထိ လျှော့ချပေးနိုင်သည်။ သွေးကြောများကို မထိခိုက်စေရန် နှစ်ရက်လျှင် တစ်လုံးသာ သောက်သုံးသင့်သည်။ ကျင့်ကြံခြင်းအစောပိုင်းအဆင့်တွင် ရရှိနိုင်ပြီး၊ တစ်ပုလင်းလျှင် ဆေးလုံး ၁၀ လုံး ပါဝင်ကာ အကျိုးဆောင်မှတ် ၁၀ မှတ် ပေးရမည်။
အဆင့်နိမ့် ဝိညာဉ်နိုးကြားဆေးလုံး - ကျင့်ကြံသူ၏ ချီစွမ်းအားကို လျင်မြန်စွာ ပြန်လည်ပြည့်ဖြိုးစေသည်။ ကျင့်ကြံခြင်း ပထမအဆင့်တွင် အသက်ရှူနှုန်း အကြိမ် ၃၀ အတွင်း ၈၀ ရာခိုင်နှုန်း၊ ဒုတိယအဆင့်တွင် ၅၀ ရာခိုင်နှုန်းနှင့် တတိယအဆင့်တွင် ၃၀ ရာခိုင်နှုန်းအထိ ပြန်လည်ဖြည့်တင်းပေးနိုင်သည်။ အချိန်တိုအတွင်း တစ်လုံးသာ သောက်သုံးနိုင်သည်။ ကျင့်ကြံခြင်းအစောပိုင်းအဆင့်တွင် ရရှိနိုင်ပြီး၊ တစ်လုံးလျှင် အကျိုးဆောင်မှတ် ၈ မှတ် ပေးရမည်။
အဆင့်နိမ့် အစာရှောင်ဆေးလုံး - ၁၀ ရက်တိုင်တိုင် အစာမစားဘဲ နေနိုင်စေသည်။ သို့သော်လည်း ချီနှင့် သွေးခမ်းခြောက်မှုကို ဖြစ်ပေါ်စေနိုင်သည်။ ကျင့်ကြံခြင်းအစောပိုင်းအဆင့်တွင် ရရှိနိုင်ပြီး တစ်လုံးလျှင် အကျိုးဆောင်မှတ် ၁၀ မှတ် ပေးရမည်။
အလယ်အလတ်အဆင့် ဝိညာဉ်နိုးကြားဆေးလုံး - ချီစွမ်းအားကို အလွန်လျင်မြန်စွာ ပြန်လည်ဖြည့်တင်းပေးသည်။ ကျင့်ကြံခြင်း စတုတ္ထအဆင့်တွင် အသက်ရှူနှုန်း ၃၀ အတွင်း ၇၀
ရာခိုင်နှုန်းအထိ ပြန်လည်ဖြည့်တင်းပေးနိုင်သည်။ ကျင့်ကြံခြင်း အလယ်အလတ်အဆင့်တွင် ရရှိနိုင်ပြီး တစ်လုံးလျှင် အကျိုးဆောင်မှတ် ၃၀ ပေးရမည်။
ဝိညာဉ်ပြုစုဆေးလုံး - သွေးကြောများကို ပြုစုပျိုးထောင်ပေးပြီး အတွင်းဒဏ်ရာများကို ကုသပေးသည်။ ကျင့်ကြံခြင်း အလယ်အလတ်အဆင့်တွင် ရရှိနိုင်ပြီး တစ်လုံးလျှင် အကျိုးဆောင်မှတ် ၅၀ ပေးရမည်။
လုံယီသည် စာအုပ်ငယ်ကို အသာအယာ လှန်လှောကြည့်ရှုရင်း မသေမျိုးလမ်းစဉ်ဆိုင်ရာ ဗဟုသုတများကို လေ့လာလိုက်သည်။ တစ်ပြိုင်နက်တည်းမှာပင် သူ ပိုင်ဆိုင်ထားသော တစ်ခုတည်းသော အကျိုးဆောင်မှတ် ၁၀ မှတ်ကို အသုံးပြု၍ အစာရှောင်ဆေးလုံးတစ်လုံးနှင့် လဲလှယ်လိုက်တော့သည်။
လုံယီသည် အစာရှောင်ဆေးလုံးကို လဲလှယ်ပြီးနောက် စီနီယာအစ်ကိုကြီးချောင်ကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေလိုက်သည်။
စီနီယာအစ်ကိုကြီးချောင်၏ နက်ပြာရောင် ဝတ်စုံက သူသည် ဂိုဏ်း၏ အမွေခံတပည့်တစ်ဦးဖြစ်ပြီး ချီစွမ်းအားကျင့်ကြံခြင်း၏ နောက်ဆုံးအဆင့်သို့ ရောက်ရှိနေသူဖြစ်ကြောင်း ညွှန်ပြနေသည်။ သူသည် ရုပ်ရည်သန့်ပြန့်ကာ မျက်နှာပေါက် တိကျပြတ်သားသူဖြစ်ပြီး ညာဘက်ပါးပြင်မှ လည်ပင်းအထိ မှဲ့ခုနစ်လုံးမှာ မျဉ်းတစ်ကြောင်းတည်းနီးပါး တန်းနေသည်မှာ အလွန်ပင် ထူးခြားလှသည်။
သူ့ကို အနီးကပ် လေ့လာကြည့်ရှုရင်း လုံယီ၏ စိတ်ထဲတွင် တင်းကြပ်သွားရသည်။ ထိုသူ၏ အရှိန်အဝါမှာ တည်ငြိမ်အေးဆေးနေပြီး သာမန်လူတစ်ယောက်ကဲ့သို့ပင် ထင်မှတ်ရသည်။ သို့သော် သာမန်ထက် သာလွန်သော အာရုံခံစားမှုရှိသည့် လုံယီမှာမူ ထိုအေးချမ်းမှု၏ နောက်ကွယ်တွင် နက်နဲလှသော စွမ်းအားများ ကိန်းအောင်းနေသည်ကို ခံစားမိနေသည်။ ထိုစွမ်းအားများ ပေါက်ကွဲထွက်လာပါက မည်မျှအထိ ပြင်းထန်မည်ကို ခန့်မှန်းရခဲလှသည်။
အလောင်းထိန်းချုပ်ခြင်းဂိုဏ်းရှိ ချီစွမ်းအားကျင့်ကြံခြင်းအဆင့်ရှိသည့် မည်သည့်ကျင့်ကြံသူမျှ သူ့ကို ဤကဲ့သို့သော ခံစားချက်မျိုး မပေးခဲ့ဖူးချေ။ ယခင်က အကဲဖြတ်ပွဲမှ စောင့်ရှောက်သူများပင်လျှင် ဤမျှ မပြင်းထန်ပေ။ စောင့်ရှောက်သူဝမ်နှင့် စောင့်ရှောက်သူခုံတို့မှာ ရှေ့ဆက်တိုးတက်ရန် မျှော်လင့်ချက်မရှိတော့သော အမွေခံတပည့်များဖြစ်ကြပြီး ချီစွမ်းအားကျင့်ကြံခြင်း၏ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေသူများဖြစ်ကြောင်း လုံယီ သိရှိထားသည်။ သို့သော် ဤစီနီယာအစ်ကိုကြီးချောင်မှာမူ သူတို့ထက် သိသိသာသာ ပိုမိုအစွမ်းထက်နေပုံပင်။
စီနီယာအစ်ကိုကြီးချောင်က “ဂျူနီယာညီမလေးချန်... ငါ့ကို ပြဒါးနီတစ်ပေါင်၊ နိုးထခြင်းမြက်သုံးပင်နဲ့ အနှစ်ငါးရာသက်တမ်းရှိတဲ့ ဝိညာဉ်ဂျင်းဆင်းနှစ်မြစ်လောက် ထပ်ပေးပါဦး” ဟု ပြောလိုက်သည်။
ထို့နောက် သူသည် အနက်ရောင် အိတ်ငယ်လေးတစ်အိတ်ကို ကမ်းပေးလိုက်ရာ လုံယီမှာ အလွန်ပင် အားကျသွားမိသည်။ ၎င်းမှာ သိုလှောင်အိတ်ဖြစ်ကြောင်း သိနေသောကြောင့်ပင်။ ဝိညာဉ်အာရုံတိုးတက်လာပြီးနောက် လုံယီသည် မြစ်နားတွင် သူ့ကိုလိုက်လံလုပ်ကြံခဲ့သော အမျိုးသမီးကျင့်ကြံသူ၏ သိုလှောင်အိတ်ကို ဖွင့်ရန် ကြိုးစားခဲ့သော်လည်း ကျဆုံးခဲ့ရသဖြင့် အခြားနည်းလမ်းများကိုသာ စဉ်းစားနေရဆဲပင်။
“စုစုပေါင်း အကျိုးဆောင်မှတ် ၆၅၃ မှတ် ကျသင့်ပါတယ်ရှင်”
ယခင်က ခက်ထန်ခဲ့သော ဂျူနီယာညီမလေးချန်မှာ ယခုအခါ ပြုံးရွှင်စွာဖြင့် သိုလှောင်အိတ်နှင့် တပည့်တိုကင်ပြားကို စီနီယာအစ်ကိုကြီး ချောင်ထံ ပြန်လည်ပေးအပ်လိုက်သည်။
စီနီယာအစ်ကိုကြီး ချောင်မှာ စစ်ဆေးခြင်းပင် မပြုလုပ်ဘဲ အိတ်ကို သိမ်းဆည်းလိုက်သည်။ ထိုသို့သော ယုံကြည်မှုကို မြင်လိုက်ရသောအခါ ဂျူနီယာညီမလေးချန်၏ အပြုံးမှာ ပိုမိုတောက်ပလာတော့သည်။
စီနီယာအစ်ကိုကြီး ချောင်သည် လှည့်ထွက်လာပြီး လုံယီ၏အနားသို့ ချဉ်းကပ်လာကာ “ဒီက ဂျူနီယာညီလေး... မင်းရဲ့ ချီနဲ့ သွေးအခြေအနေက တကယ့်ကို အထင်ကြီးစရာကောင်းတာပဲ။ သာမန် လူသားစစ်သည်တော်တွေထက်တောင် အများကြီး သာလွန်နေတယ်။ ငါ့ရဲ့ မိတ်ဆွေဟောင်းတစ်ယောက်ကိုတောင် သတိရမိသွားစေတယ်...”
သူ၏ မျက်ဝန်းများထဲတွင် အတိတ်ကို ပြန်လည်တမ်းတနေသော အရိပ်အယောင်များ ယှက်သန်းသွားသည်။
ထို့နောက် သူသည် လွှသွားကဲ့သို့ အနားစောင်းများပါရှိသော အစိမ်းရောင် ဝိညာဉ်ဆေးပင်တစ်ပင်ကို သူ၏လက်ထဲတွင် ထုတ်ဖော်လိုက်သည်။ လုံယီကလည်း ထိုနည်းတူပင် အစာရှောင်ဆေးလုံးထည့်ထားသော ဆေးပုလင်းကို ကမ်းပေးလိုက်တော့သည်။
“ကျေးဇူးတင်ပါတယ် စီနီယာအစ်ကိုကြီးချောင်”
လုံယီက ကျေးဇူးတင်ရှိကြောင်း ဖော်ပြသည့်အနေဖြင့် အနည်းငယ် ဦးညွှတ်လိုက်သည်။
“ဒါက ဘာမှ မဟုတ်ပါဘူးကွာ”
ချောင်ရှောက်ကျဲက ပြုံးလျက် လက်ကာပြကာ ငြင်းပယ်လိုက်သည်။
သူတို့နှစ်ဦးမှာ စကားအများကြီး မပြောဖြစ်ကြဘဲ အသီးသီး လမ်းခွဲထွက်ခွာခဲ့ကြသည်။
တပည့်တောင်ထိပ်သို့ ပြန်ရောက်သောအခါ လုံယီသည် ရုံရွှယ်ကျန်းမှာလည်း သူနှင့် မနီးမဝေးသော နေရာသို့ ပြောင်းရွှေ့လာကြောင်း သိလိုက်ရသည်။
“ညီအစ်ကိုရုံ... စီနီယာအစ်ကိုကြီးချောင်ဆိုတဲ့လူကို သိလား”
လုံယီက ထိုစီနီယာ၏ ရုပ်ရည်သွင်ပြင်နှင့် အထူးသဖြင့် ညာဘက်ပါးပြင်ပေါ်ရှိ မှဲ့ခုနစ်လုံးအကြောင်းကို ရှင်းပြလိုက်သည်။
“မှဲ့ခုနစ်လုံးဆိုရင်တော့ ဒါ ချောင်ရှောက်ကျဲပဲ အမှားမရှိနိုင်ဘူး”
ရုံရွှယ်ကျန်း၏ မျက်နှာမှာ တည်ကြည်သွားပြီး “ဒီလူက သာမန်လူမဟုတ်ဘူးဗျ။ ငါးနှစ်အတွင်းမှာတင် ဂိုဏ်းရဲ့ အမွေခံတပည့် ဖြစ်လာခဲ့တာ။ ဒါဟာ အလောင်းထိန်းချုပ်ခြင်းဂိုဏ်း သမိုင်းတစ်လျှောက်မှာ အမြန်ဆုံးပဲ။ ကြားဖူးတာတော့ သူက အခြေခံအုတ်မြစ် တည်ဆောက်ခြင်းအဆင့်ကို တက်လှမ်းနိုင်နေပြီဆိုပေမဲ့ နောင်ကျရင် ပိုပြီး မြင့်မားတဲ့ အဆင့်တွေအထိ ချိုးဖောက်တက်လှမ်းနိုင်ဖို့အတွက် သူက လက်ရှိ ကျင့်ကြံမှုကို အတင်းအဓမ္မ ဖိနှိပ်ပြီး စွမ်းအားတွေ စုဆောင်းနေတာတဲ့။ အကယ်၍ ဒီဂိုဏ်းထဲမှာ နောင်တစ်ချိန်မှာ ရွှေရောင်အမြုတေအဆင့်ကို ရောက်နိုင်မယ့်သူ ရှိတယ်ဆိုရင် သူက တစ်ယောက်အပါအဝင်ပဲ။ သူက ဂိုဏ်းချုပ်ကြီးပြီးရင် အလားအလာအရှိဆုံးသူလို့တောင် သတ်မှတ်ခံထားရတာ”
“သြော်...”
လုံယီမှာ သူ့ကို အလွယ်တကူ ကူညီပေးခဲ့သော စီနီယာအစ်ကိုကြီးချောင်မှာ ဤမျှအထိ အစွမ်းထက်လိမ့်မည်ဟု မထင်ထားမိပေ။
ထို့အပြင် သူ၏ အပြုအမူနှင့် စကားပြောပုံအရ သူသည် ကျင့်ကြံခြင်းတစ်ခုတည်းကိုသာ အာရုံစိုက်ပြီး မိမိကိုယ်ကိုယ် ဗဟိုပြုတတ်သူမျိုး မဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာ နားလည်မှုအလွန်မြင့်မားသူတစ်ဦး ဖြစ်ကြောင်း သိသာလှသည်။ သူနှင့်ယှဉ်လျှင် ချောင်ရှောက်ကျဲက ဂျူနီယာညီမလေးချန်ဟု ခေါ်ဆိုခဲ့သော ကောင်တာမှ အမျိုးသမီးကျင့်ကြံသူမှာ များစွာ လိုအပ်ချက်ရှိနေပုံပင်။
“အဲ့ဒီ အမျိုးသမီးကျင့်ကြံသူရဲ့ နာမည်က ချန်ရွေ့ချင်းတဲ့။ သူမရဲ့ မိသားစုထဲမှာ ဂိုဏ်းရဲ့ အကြီးအကဲတွေ ရှိနေလို့ သူမက အဲ့ဒီလောက်အထိ မောက်မာနေတာပေါ့။ လူအများကြီး သူမရဲ့ စောင်းမြောင်းပြောဆိုတာတွေကို ခံခဲ့ရပေမဲ့ သည်းခံနေကြရတာ။ ဝိညာဉ်ဆေးဝါးခန်းမမှာ အလုပ်လုပ်ရတာက အေးဆေးပြီး သက်သာတဲ့အလုပ်ဆိုတော့ အဲ့ဒီကို ရောက်လာတဲ့သူတွေက တကယ့် နောက်ခံတောင့်တင်းတဲ့သူတွေချည်းပဲ”
ရုံရွှယ်ကျန်းက ချန်မျိုးနွယ်စုဝင် အမျိုးသမီးအကြောင်းကို ပြောဆိုရာတွင် ထူးဆန်းသော မျက်နှာပေးမျိုးဖြင့် ပြောလိုက်သည်။
“မသေမျိုးဂိုဏ်းတစ်ခုထဲမှာတောင် ဒီလိုကိစ္စတွေ ရှိလိမ့်မယ်လို့ မထင်ထားမိဘူး”
လုံယီက ထိုစကားကို ကြားရသောအခါ ခေါင်းကိုသာ ခါလိုက်မိတော့သည်။
“ကျင့်ကြံသူတွေဆိုတာလည်း လူသားတွေနဲ့ မခြားပါဘူးကွာ။ သူတို့မှာလည်း ခံစားချက်တွေ၊ လိုအင်ဆန္ဒတွေနဲ့ အကျိုးစီးပွားတွေ ရှိနေကြတာပဲ။ သူတို့က တကယ့် မသေမျိုးစစ်စစ်တွေ ဖြစ်မလာသေးသရွေ့ပေါ့”
ရုံရွှယ်ကျန်းက ရယ်မောကာ ပြောလိုက်သည်။
သူ၏ ဂူအိမ်သို့ ပြန်ရောက်သောအခါ လုံယီသည် ခုနက ရရှိလာသော နဂါးကတိုးပင်ကို ထုတ်ယူလိုက်သည်။ သူသည် ကျင့်စဉ်များအောက်ရှိ အရည်အချင်းပြမျက်နှာပြင်ကို ကြည့်လိုက်ပြီး မသေမျိုးလမ်းစဉ် အခြေခံကျင့်စဉ်၏ ဘေးရှိ အပေါင်းလက္ခဏာကို နှိပ်လိုက်တော့သည်။
[ထူးကဲယင်ကျင့်စဉ် (အခြေခံအဆင့် ၀/၂၀၀ + နဂါးကတိုးပင်) → ထူးကဲယင်ကျင့်စဉ် (နှံ့စပ်ကျွမ်းကျင်မှုအဆင့် ၀/၁၀၀၀ + လရောင်နှင်းစက်)]