အခန်း (၃၀၇-၃၀၈)
Vol. 31 Ch. 307-308
အခန်း။ ၃၀၇
“ဒါဆို ငါတို့ဂိုဏ်းက ဗဟိုတိုက်ကြီးမှာ ဘယ်လိုလုပ် ခြေကုပ်ယူနိုင်ခဲ့တာလဲ”
လုံယီက သိချင်စိတ်ဖြင့် ရေရွတ်လိုက်မိသည်။
“ငါတို့ဂိုဏ်းရဲ့ ကျင့်စဉ်တွေက နောက်ပိုင်းအဆင့်တွေကို ပိုပြီး အသားပေးထားတာလေ။ အစပိုင်းမှာတော့ မြက်ခြောက်အလောင်း၊ လမ်းလျှောက်အလောင်းနဲ့ ဝိညာဉ်အလောင်းတွေက တိုက်ခိုက်ရေးစွမ်းရည် သိပ်မရှိကြဘူး။ ဒါပေမဲ့ တစ်ခါက သူတို့ကို သံမဏိအလောင်းအဖြစ် သွန်းလုပ်ပြီးသွားရင်တော့ ဓားမတိုး၊ လှံမတိုး ဖြစ်သွားရုံတင်မကဘူး။ သူတို့ကိုယ်ပေါ်က ဇီးပွင့်တံဆိပ်သုံးခုကနေ ကောင်းကင်နဲ့ မြေကြီးရဲ့ ဝိညာဉ်ချီတွေကို အလိုအလျောက် စုပ်ယူနိုင်တဲ့ စွမ်းအင်အစီအရင်တစ်ခုကိုတောင် ဖန်တီးနိုင်လာတယ်”
ရုံရွှယ်ကျန်းက လုံယီကို စိတ်ရှည်လက်ရှည် ဆက်လက်ရှင်းပြနေသည်။
“ကြေးနီအလောင်းအဆင့်အထိ သွန်းလုပ်နိုင်ရင်တော့ သူတို့ရဲ့ အရှိန်အဝါက ကြယ်ပျံတစ်စင်းလို မြန်ဆန်လာပြီး သာမန် ဝိညာဉ်လက်နက်တွေက ကျင့်ကြံသူရဲ့ အနားကိုတောင် မကပ်
နိုင်တော့ဘူး။ အဲ့ဒီအဆင့်မှာဆိုရင် ငါတို့ဂိုဏ်းက ကျင့်ကြံသူတွေဟာ ဘယ်သူ့ကိုမဆို ယှဉ်နိုင်
ပြီ။ ငွေရောင်အလောင်းအဆင့်ကို ရောက်ရင်တော့ ကောင်းကင်မှာ ပျံသန်းနိုင်ရုံတင်မကဘဲ အစွမ်းထက်တဲ့ မှော်အတတ်တွေကိုပါ ထုတ်ဖော်နိုင်လာတာမို့လို့ တိုက်ခိုက်ရေး ဝိညာဉ်လက်နက်တွေနဲ့တောင် တူညီတဲ့အစွမ်း ရှိလာတာပေါ့...”
“သံမဏိအလောင်းက ဝိညာဉ်ချီတွေကို အလိုအလျောက် စုပ်ယူနိုင်တယ် ဟုတ်လား”
“ဟုတ်တယ် အစ်ကိုကြီးလုံ။ အစ်ကို့မှာက ပင်ကိုယ်ပါရမီပါတဲ့ ဝိညာဉ်အလောင်းရှိတာပဲ။ အဲ့ဒီအလောင်းကို ကြယ်စင်သံမဏိတွေ ကျွေးနိုင်ရင်တော့ သူ့ရဲ့ အသွင်ပြောင်းလဲမှုကို အများကြီး မြန်ဆန်စေမှာပါ။ ဒါပေမဲ့ ကြယ်စင်သံမဏိက ဈေးမပေါသလို ဂိုဏ်းရဲ့ အကျိုးဆောင်မှတ်တွေနဲ့ပဲ လဲလှယ်လို့ ရတာလေ...”
ထိုစကားကို ကြားပြီးနောက် လုံယီမှာ ခေါင်းကိုသာ ခါလိုက်မိသည်။
ငါ့ရဲ့ အကျိုးဆောင်မှတ်တွေက ငါကိုယ်တိုင် ကျင့်ကြံဖို့အတွက်တောင် မလုံလောက်ချင်ဘူး။ ဒီလို အခြေအနေမျိုးမှာ လုံအာအတွက် လိုအပ်တဲ့ ရတနာတွေကို ငါ ဘယ်လိုလုပ်ပြီး လဲလှယ်ပေးနိုင်မှာလဲ။
၎င်းပြင် ရုံရွှယ်ကျန်း၏ အပြောအရ သူ၏ အသက်သွေးကြောအလောင်းမှာ ကြေးနီအလောင်းအဆင့်သို့ ရောက်လျှင်ပင် သူ၏ တိုက်ခိုက်ရေးစွမ်းရည်အပေါ် များစွာ သက်ရောက်မှု ရှိလာမည်မဟုတ်ပေ။ သူ ယုံကြည်သည်မှာ လုံအာ၏ ပင်ကိုယ်ပါရမီကြောင့် မည်သည့်ရတနာမျှ မပါဘဲနှင့်ပင် သံမဏိအလောင်းအဆင့်သို့ မှန်မှန်ကန်ကန် တက်လှမ်းနိုင်မည်ပင်။
ရက်အနည်းငယ်အကြာ ဝူကျိုဇုန်ရှိ စိုက်ခင်းများတွင် ပိုးမွှားများကို နှိမ်နင်းနေစဉ်အတွင်း လုံယီ၏ ကျင့်ကြံခြင်းအဆင့်မှာ ပြောင်းလဲသွားခဲ့သည်။
[ကျင့်ကြံခြင်းအဆင့် - အပ်စိုက်မှတ်လေးနေရာရ ကိုယ်ခံပညာရှင် (၆၀၀/၆၀၀)၊ သံမဏိအသားအရေ ကိုယ်ခံပညာရှင် (၃၉၄/၆၀၀)၊ ချီစွမ်းအားကျင့်ကြံခြင်း အဆင့် ၀ (၃၆၁/၆၀၀)]
သူသည် အပ်စိုက်မှတ်လေးနေရာရ ကိုယ်ခံပညာရှင်နောက်က အပေါင်းအမှတ်အသားကို စွမ်းအင်ဖြင့် ဖိနှိပ်လိုက်သည်ဟု စိတ်ကူးကြည့်လိုက်ရာ
[အပ်စိုက်မှတ်လေးနေရာရ ကိုယ်ခံပညာရှင် (၆၀၀/၆၀၀) → အပ်စိုက်မှတ်ငါးနေရာရ ကိုယ်ခံပညာရှင် (၀/၆၀၀)]
သူ၏ ခန္ဓာကိုယ်အတွင်းရှိ စစ်မှန်သောခွန်အားများသည် ဆူပွက်နေသော အိုးတစ်လုံးကဲ့သို့ အရှိန်အဟုန်ဖြင့် လုံယီ၏ ဦးခေါင်းပိုင်းဆီသို့ တိုးဝှေ့တက်လှမ်းသွားတော့သည်။
မျက်စိ၊ နှာခေါင်း၊ ပါးစပ်၊ နား နှင့် လည်ချောင်း အစရှိသော အာရုံငါးပါး အစိတ်အပိုင်းများကို ပြင်းထန်စွာ ပြန်လည်ဖွဲ့စည်းနေပြီး ဆဲလ်များမှာလည်း သာမန်ထက် အဆပေါင်းသန်းချီသောနှုန်းဖြင့် အသွင်ပြောင်းလဲနေကြသည်။
သူ၏ ဦးခေါင်းပေါ်ရှိ ချွေးပေါက်အားလုံးမှ အဖြူရောင် အခိုးအငွေ့များ ထွက်ပေါ်နေပြီး အာရုံငါးပါးမှာ လျင်မြန်စွာ မြင့်မားလာသကဲ့သို့ အာရုံခံစားနိုင်စွမ်းမှာလည်း သိသိသာသာ ကြီးထွားလာခဲ့သည်။ အသွင်ပြောင်းလဲမှု ပြီးဆုံးသွားသောအခါ လုံယီသည် တစ်ကမ္ဘာလုံးမှာ ယခင်နှင့်မတူဘဲ ထူးခြားပြောင်းလဲသွားသည်ဟု ခံစားလိုက်ရသည်။
ပထမဆုံးအနေဖြင့် သူ၏မျက်လုံးများသည် သူ၏ဆန္ဒအတိုင်း သူငယ်အိမ်ကို ကျုံ့ခြင်း၊ ချဲ့ခြင်း ပြုလုပ်နိုင်လာပြီး ပိုမိုကြည်လင်သော အမြင်အာရုံကို ရရှိစေသည်။ အဝေးကြည့်ကွင်းမှာလည်း ပိုမိုကျယ်ပြန့်လာပြီး မိုင်ပေါင်းများစွာ အကွာအဝေးရှိ သစ်ရွက်များ၏ အကြောအမျှင်များကိုပင် အထင်အရှား မြင်နိုင်စွမ်း ရှိလာတော့သည်။
ပြောင်းလဲမှုမှာ အမြင်အာရုံတစ်ခုတည်း မဟုတ်ချေ။
လုံယီသည် သူ၏မျက်လုံးများအတွင်းသို့ စစ်မှန်သောခွန်အားများကို စီးဆင်းစေလိုက်ရာ မျက်ဝန်းများမှ အနီရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး သူ၏ရှေ့မှ ကမ္ဘာကြီးမှာ ချက်ချင်းပင် အမှောင်ထုအဖြစ် ပြောင်းလဲသွားသည်။ အပင်များ၊ မြေကြီးနှင့် အခြားသော အသက်မဲ့အရာဝတ္ထုများမှာ မီးခိုးရောင်အဖြစ် မြင်တွေ့ရသော်လည်း အပင်များကြားတွင် ပုန်းအောင်းနေသော ပိုးမွှားများနှင့် အခြားသော သက်ရှိသတ္တဝါများမှာမူ အဝါနုရောင် သို့မဟုတ် အနီရောင်အဖြစ် အသွင်ပြောင်းသွားကြသည်။ သက်ရှိများ၏ အသက်ဓာတ် ပိုမိုအားကောင်းလေလေ၊ အရောင်မှာ ပိုမိုတောက်ပလေလေ ဖြစ်သည်။
အနီရောင် ရောင်ခြည် အမြင်အာရုံလား
အပ်စိုက်မှတ်ငါးခုမြောက်ဖြစ်သော မျက်စိအပ်စိုက်မှတ်ကို အပြည့်အဝ ဖွင့်လှစ်နိုင်ခြင်းက ဤမျှကြီးမားသော ပြောင်းလဲမှုကို ဖြစ်ပေါ်စေလိမ့်မည်ဟု လုံယီ မျှော်လင့်မထားခဲ့ပေ။ ယခုအခါ သူ၏မျက်လုံးများသည် ရုပ်ပိုင်းဆိုင်ရာ ပုံသဏ္ဌာန်များကိုသာမက နတ်ဘုရားကဲ့သို့သော အရှိန်အဝါများကိုပါ မြင်နိုင်စွမ်း ရှိလာပြီဖြစ်သည်။ ရန်သူ၏ အရှိန်အဝါအင်အား၊ သွေးစွမ်းအင်နှင့် ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်ချီများ စီးဆင်းပြောင်းလဲမှုများကိုပါ လုံယီအနေဖြင့် တိကျစွာ သိရှိနိုင်တော့မည် ဖြစ်သည်။ ထို့ကြောင့် ရန်သူ၏ နောက်ထပ်လှုပ်ရှားမှုကို ကြိုတင်ခန့်မှန်းနိုင်စွမ်း ရှိလာပေလိမ့်မည်။
နားအာရုံ၏ ပြောင်းလဲမှုမှာလည်း ထပ်တူပင် ထူးခြားလှသည်။ ပိုမိုများပြားသော အသံများကို ဖမ်းယူနိုင်စွမ်း ရှိလာသည်။ သူ၏ခြေဖဝါးအောက်ရှိ မြေကြီးထဲတွင် တီကောင်များ လှုပ်ရှားနေသည့်အသံနှင့် အနီးအနားရှိ လယ်ကွင်းများပေါ်တွင် နားနေကြသော ငှက်ငယ်များ၏ ခန္ဓာကိုယ်အတွင်း သွေးလေစီးဆင်းနေသည့် အသံကိုပင် ကြားနိုင်စွမ်း ရှိလာသည်။ လေတိုက်နှုန်း ပြောင်းလဲသွားသည့်အသံကို နားထောင်ရုံဖြင့် တစ်စုံတစ်ဦး၏ တည်နေရာ မည်မျှအကွာအဝေးတွင် ပြောင်းလဲသွားသည်ကိုပင် ခန့်မှန်းနိုင်တော့သည်။
နှာခေါင်း၏ အာရုံခံစားမှုမှာလည်း ပိုမိုထက်မြက်လာပြီး အနံ့ခံနိုင်စွမ်းမှာလည်း သိသိသာသာ မြင့်မားလာခဲ့သည်။
သူသည် အပင်များနှင့် ပိုးမွှားများ၏ မတူညီသော အနံ့အသက်များကို ခွဲခြားသိရှိနိုင်ရုံသာမက ထိုအနံ့များကို သူ၏ ဦးနှောက်ထဲတွင် မှတ်တမ်းတင်ထားနိုင်သဖြင့် နောင်တွင် ရှာဖွေဖော်ထုတ်ခြင်းနှင့် နောက်ယောင်ခံလိုက်ခြင်းတို့တွင် များစွာ အထောက်အကူပြုစေမည်ဖြစ်သည်။
ပါးစပ်နှင့် လည်ချောင်း၏ ပြောင်းလဲမှုများမှာလည်း လုံယီသည် သူ၏ ပါးစပ်ကို ဖွင့်လိုက်ပြီး ရင်ဘတ်ကို အနည်းငယ် ချဲ့လိုက်သည်။
“ဖူးးး”
မျက်မြင်ထင်ရှားလှသော အဖြူရောင် လေလှိုင်းတစ်ခုမှာ သူ၏ ပါးစပ်မှ ဝုန်းခနဲ ထွက်ပေါ်လာပြီး ရေဂယက်များကဲ့သို့ ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားတော့သည်။ ထိုလေလှိုင်းကြောင့် ဘေးပတ်ဝန်းကျင်ရှိ အပင်များမှာ မြေပြင်သို့ပင် ကပ်သွားရပြီး ကောင်းကင်ယံမှ ငှက်အချို့မှာလည်း ပြန်လည် မပျံသန်းနိုင်တော့ဘဲ မြေပြင်သို့ ဘုတ်ခနဲ ပြုတ်ကျလာကြသည်။
အားကောင်းလှသော သွေးစွမ်းအင်နှင့် မြှင့်တင်ထားသော ပါးစပ်၊ လည်ချောင်း အသားစိုင်များ ပေါင်းစပ်လိုက်သောအခါ လုံယီသည် ဟိန်းဟောက်ရုံမျှဖြင့်ပင် အသက်အန္တရာယ် ပေးနိုင်သည့် အဆင့်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
မျက်စိအပ်စိုက်မှတ်ကို အပြည့်အဝ ဖွင့်လှစ်နိုင်ခဲ့သော်လည်း သွေးစွမ်းအင်မှာ သိသိသာသာ တိုးတက်လာခြင်း မရှိဘဲ သူ၏ ခွန်အားမှာ ပေါင် ၅၀၀၀၀ကျော်တွင်သာ ရှိနေသေးသည်။ သို့သော် အာရုံငါးပါး၏ အံ့မခန်း ပြောင်းလဲမှုများက လုံယီ၏ တိုက်ခိုက်ရေးစွမ်းရည်ကို နောက်ထပ် အဆင့်တစ်ခုသို့ မြှင့်တင်ပေးလိုက်ခြင်းပင်။
သူ၏ သက်တမ်းမှာလည်း လေးနှစ်ခန့် တိုးလာသဖြင့် ယခုအခါ စုစုပေါင်း သက်တမ်း ၁၃၄ နှစ် ရှိသွားပြီ ဖြစ်သည်။
မကောင်းသော သတင်းတစ်ခုမှာမူ ငါးခုမြောက် အပ်စိုက်မှတ်ကို ဖွင့်ပြီးနောက်တွင် သူ၏ အသက်ရှူကျင့်စဉ် တိုးတက်မှုနှုန်းမှာ သိသိသာသာ လျော့နည်းသွားပြီး တစ်နေ့လျှင် တစ်
မှတ်သာ တိုးတော့ခြင်းပင်။ နောက်ဆုံးအပ်စိုက်မှတ်ဖြစ်သော ဦးနှောက်အပ်စိုက်မှတ်ကို အပြည့်အဝ ဖွင့်လှစ်ပြီး ကိုယ်ခံပညာရှင်အဆင့် ကျင့်ကြံမှုကို အဆုံးသတ်ရန်အတွက် နောက်ထပ် ရက်ပေါင်း ၆၀၀ တိတိ လိုအပ်မည် ဖြစ်သည်။
ကံကောင်းသည်မှာ ချီစွမ်းအားကျင့်ကြံခြင်း အစောပိုင်းအဆင့်ရှိသော တပည့်တစ်ဦးအနေဖြင့် စမ်းသပ်မှု တာဝန်များကို ထမ်းဆောင်ရန် မလိုသေးပေ။ လုံယီအတွက် ကျင့်ကြံအားမွေးရန် နောက်ထပ် သုံးနှစ်နီးပါး အချိန်ရနေသေးသည်။
မျက်စိအပ်စိုက်မှတ်ကို ဖွင့်ပြီးနောက်တွင် ပိုးမွှားများမှာ လုံယီ၏ အမြင်အာရုံအောက်မှ ပုန်းကွယ်နိုင်ခြင်း မရှိတော့ချေ။ လုံယီသည် ၎င်းတို့ကို လွယ်လင့်တကူ ရှာဖွေ သတ်ဖြတ်နိုင်ခဲ့သဖြင့် တစ်ရက်တည်းမှာပင် စွမ်းအင်မှတ် ၁၀၀၀ ကျော် ရရှိခဲ့သည်။
သို့သော် အလွန်အမင်း အမဲလိုက်မိသဖြင့် ပိုးမွှားများ၏ မျိုးပွားနှုန်းကို ထိခိုက်သွားစေသည်။ နောက်ပိုင်းရက်များတွင် သတ်ဖြတ်ရန် ပိုးမွှားများပင် မကျန်တော့သည်ကို တွေ့လိုက်ရသည်။
ထားလိုက်ပါတော့... ငါးဖမ်းဖို့အတွက် ကန်ထဲက ရေကုန်အောင် ခမ်းပစ်လို့ မဖြစ်ဘူးလေ။ နဂိုအတိုင်းပဲ သွားတာက ပိုကောင်းပါတယ်။
နောက်ပိုင်းကာလများတွင် လုံယီသည် ပုံမှန်အတိုင်းပင် အဆောင်နှင့် စိုက်ခင်းကြား ကူးချည်သန်းချည်ဖြင့် သူ၏ နေ့စဉ်ဘဝကို ဖြတ်သန်းနေခဲ့တော့သည်။
နေ့စဉ်နေ့တိုင်း သူသည် စိုက်ခင်းများတွင် အလုပ်လုပ်ရင်း ပိုးမွှားများကို သတ်ဖြတ်လိုက် ဂူသို့ပြန်ကာ ကိုယ်ခံပညာနှင့် မသေမျိုးကျင့်စဉ်များကို ကျင့်ကြံလိုက်ဖြင့် အချိန်ကုန်လွန်စေခဲ့သည်။
ရံဖန်ရံခါတွင် ငွေကြေးရရှိရန်အတွက် အလောင်းလောင်းကစားပွဲများတွင် ပါဝင်တတ်ပြီး အကြီးအကဲများ၏ ဟောပြောပွဲများကိုလည်း တက်ရောက်လေ့ရှိသည်။ လူမှုရေးအရ ရုံရွှယ်ကျန်းနှင့် အများဆုံး စကားပြောဖြစ်ပြီး လူကောင်ဝဝ သိုက်ရှန်းနှင့်လည်း ရံဖန်ရံခါ စကားလက်ဆုံကျတတ်သည်။
သို့သော် ယခင်က ယို့ချင်းယီနှင့် မကြာခဏ အတတ်ပညာ နှီးနှောဖလှယ်ခဲ့မှုများမှာမူ ကောလာဟလများကြောင့် လုံးဝနီးပါး ရပ်တန့်သွားခဲ့ပြီး တစ်ဦးနှင့်တစ်ဦး အသိအကျွမ်းအဆင့်မျှသာ ဆက်ဆံကြတော့သည်။
အချိန်များမှာ လျင်မြန်စွာ ကုန်လွန်သွားပြီး တပည့်သစ်များ၏ တတိယအကြိမ် သုံးလပတ် အကဲဖြတ်ပွဲသို့ ရောက်ရှိလာခဲ့သည်။
[ကျင့်ကြံခြင်းအဆင့် အပ်စိုက်မှတ်ငါးနေရာရ ကိုယ်ခံပညာရှင် (၈၀/၆၀၀)၊ သံမဏိအသားအရေ ကိုယ်ခံပညာရှင် (၅၃၄/၆၀၀)၊ ချီစွမ်းအားကျင့်ကြံခြင်း အဆင့် ၀ (၄၆၆/၆၀၀)]
ဤသုံးလပတ် စစ်ဆေးမှုတွင် ယို့ချင်းယီ၊ ဝမ်ဝမ်ပိုင်နှင့် ရုံရွှယ်ကျန်းတို့မှာ အစွမ်းပြနိုင်ခဲ့ကြပြီး ချီစွမ်းအားကျင့်ကြံခြင်း ပထမအဆင့်သို့ ချိုးဖောက်တက်လှမ်းနိုင်ခဲ့ကြသည်။ အမှတအများဆုံးပေးသည့် ချီစွမ်းအားပိုင်းတွင် သူတို့က အဆင့် က ရရှိခဲ့ကြသော်လည်း လုံယီမှာမူ အဆင့် က အနုတ်သာ ရရှိခဲ့သည်။
စိုက်ခင်းထွက်နှုန်းပိုင်းတွင်လည်း ဝူကျိုဇုန်ရှိ စိုက်ခင်းများ၏ ကန့်သတ်ချက်ကြောင့် လုံယီမှာခ အပေါင်းအဆင့်သာ ရရှိခဲ့သည်။ အလောင်းထိန်းချုပ်ခြင်းအတတ်နှင့် မိုးခေါ်အတတ်တို့တွင်သာ လုံယီက အပြတ်အသတ် ဆက်လက် ဦးဆောင်နိုင်ခဲ့သည်။
သို့သော် ဤမှော်အတတ်နှစ်ခုကို အခြားတပည့်သစ်များကလည်း လိုက်မီလာကြပြီဖြစ်သည်။ ယို့ချင်းယီနှင့် ရုံရွှယ်ကျန်းတို့မှာ သိသိသာသာ တိုးတက်လာပြီး က အဆင့်အထိပင် ရရှိခဲ့ကြသည်။ လုံယီ၏ မှော်အတတ်အဆင့်မှာ များစွာ ပိုမြင့်မားနေသော်လည်း အမြင့်ဆုံးသတ်မှတ်
ချက်မှာ က အဆင့်သာ ဖြစ်သည်။ ၎င်းမှာ မူလတန်းစာမေးပွဲတွင် တက္ကသိုလ်ကျောင်းသားတစ်ဦးက အမှတ် ၁၀၀ ဖိုး ဖြေဆိုရာ၌ အမြင့်ဆုံးအမှတ် ၁၀၀ သာ ရရှိနိုင်သကဲ့သို့ ဖြစ်နေသည်။
ထို့ကြောင့် လုံယီ၏ စုစုပေါင်းအဆင့်သတ်မှတ်ချက်မှာ တတိယနေရာသို့ ကျဆင်းသွားခဲ့သည်။ ယို့ချင်းယီနှင့် ရုံရွှယ်ကျန်းတို့က ပထမနှင့် ဒုတိယနေရာများကို ရယူသွားကြပြီး ဝမ်ဝမ်ပိုင်မှာ စတုတ္ထနေရာသို့ တက်လှမ်းလာခဲ့သည်။
၎င်းကို မြင်သောအခါ ဝမ်ဝမ်ပိုင်၏ နောက်လိုက်များမှာ ဝမ်းသာအားရ ဖြစ်သွားကြပြီး အခွင့်အရေးကို အရယူကာ အခြားသူကို နှိမ်ချရန် ကြိုးပမ်းကြတော့သည်။ ကျန်းပေါင်ဖုန်းမှာ အတက်ကြွဆုံးဖြစ်ပြီး လုံယီသည် ယခင်က ဆေးလုံးများ အလွန်အကျွံသုံးကာ ကျင့်ကြံမှုကို အတင်းအဓမ္မ မြှင့်တင်ခဲ့ခြင်းကြောင့်သာ ပထမရခဲ့ခြင်းဖြစ်သည်ဟု လျှောက်ပြောနေတော့သည်။
ဆေးလုံးများမှာ အစပိုင်းတွင်သာ အသုံးဝင်ပြီး နောက်ပိုင်းအဆင့်များတွင်မူ ကိုယ့်၏ ပါရမီအပေါ်တွင်သာ မူတည်ကြောင်း အားကောင်းသော ဝိညာဉ်အမြစ်ပါရမီ မရှိဘဲနှင့်မူ နောက်ဆုံးတွင် ပါရမီရှင်ကြီး သုံးဦး၏ နောက်ကွယ်၌သာ ကျန်ရစ်ခဲ့မည်ဖြစ်ကြောင်း သူက ပြောလိုက်သည်။
သို့သော် လုံယီမှာမူ ထိုကိစ္စများကို အာရုံစိုက်ရန် စိတ်မကူးပေ။ တတိယအကြိမ် အကဲဖြတ်ပွဲအပြီး ၃၃ ရက်အကြာတွင် သူသည် အသားအရေကျောက်စိမ်းကျင့်စဉ်၌ ချိုးဖောက်အောင်မြင်မှုရရှိခဲ့ပြီး အမြင့်ဆုံးဖြစ်သော အနက်ရောင်အသားအရေအဆင့်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
အခန်း။ ၃၀၈
အသားအရေကျောက်စိမ်းကျင့်စဉ်ကို အသက်သွင်းလိုက်သည်နှင့် လုံယီ၏ အသားအရေမှာ သတ္တုရောင်သန်းသည့် အနက်ရောင်မှိုင်းမှိုင်းအဖြစ် ပြောင်းလဲသွားပြီး မည်သည့်လက်နက်မျိုးမဆို အလွယ်တကူ ခုခံနိုင်စွမ်း ရှိလာသည်။
အကယ်၍ သူ၏ ကျောက်ဖြစ်စေခြင်းပါရမီကိုပါ ထပ်ဆင့်ပေါင်းစပ်လိုက်မည်ဆိုပါက သူ၏ ခံစစ်စွမ်းရည်မှာ ကြောက်မက်ဖွယ်ကောင်းသော အဆင့်သို့ ရောက်ရှိသွားမည်ဖြစ်သည်။ ဥက္ကာခဲသံမဏိနှင့် ပြုလုပ်ထားသော ပုဆိန်ကြီးဖြင့် အားကုန်လွှဲရိုက်လျှင်ပင် ယားကျိကျိဖြစ်ရုံမျှသာ ရှိတော့မည်။
ခွန်အားပိုင်းတွင်လည်း သိသိသာသာ တိုးတက်လာခဲ့သည်။ အသက်ရှူကျင့်စဉ်နှင့် နှိုင်းယှဉ်
လျှင် အသားအရေကျောက်စိမ်းကျင့်စဉ်မှာ ပြင်ပကိုယ်ခံပညာနှင့် ပိုမိုနီးစပ်သဖြင့် ခွန်အားမြှင့်တင်မှုအပိုင်းတွင် ပိုမိုထင်ရှားလှသည်။
လုံယီ၏ အခြေခံခွန်အားမှာ ပိဿာချိန် ၅၃၀၀၀ မှ ၇၀၀၀၀ အထိ ရုတ်တရက် ခုန်တက်သွားပြီး လူသားတို့၏ ကန့်သတ်ချက်ကို အဆပေါင်းများစွာ ကျော်လွန်သွားခဲ့ပြီဖြစ်သည်။
နှမြောစရာကောင်းသည်မှာ နဂါးဖောက်ထွင်းအတတ်တွင် ကန့်သတ်ချက်တစ်ခု ရှိနေခြင်းပင်။ နဂါးဖောက်ထွင်း လျှို့ဝှက်နည်းစနစ်၏ အကူအညီပါလျှင်ပင် ပိဿာချိန် ၁ သိန်း ကို ကျော်လွန်ရန် ခဲယဉ်းလှသည်။ ဆန်းကြယ်လှသော စကြဝဠာနိယာမတစ်ခုက ကိုယ်ခံပညာရှင်တစ်ဦး၏ ခွန်အားကို ပိဿာချိန် ၁ သိန်းထက် မပိုစေရန် တားဆီးထားသကဲ့သို့ပင်။
သို့သော် လုံယီမှာ ထိုအချက်ကို ဂရုမစိုက်ဘဲ သူ၏ တစ်သမတ်တည်းဖြစ်သော ကျင့်ကြံခြင်းလမ်းစဉ်ကိုသာ ဆက်လက် လျှောက်လှမ်းနေခဲ့သည်။ ကိုယ်ခံပညာနှင့် မသေမျိုးကျင့်စဉ်တို့မှာ ဟန်ချက်ညီညီ တိုးတက်နေကြသည်။
စတုတ္ထအကြိမ် သုံးလပတ် အကဲဖြတ်ပွဲ မတိုင်မီ တစ်ရက်အလိုတွင် သူ၏ မသေမျိုးကျင့်ကြံခြင်းမှာ နောက်ဆုံးတွင် ချီစွမ်းအားကျင့်ကြံခြင်း ပထမအဆင့်သို့ ချိုးဖောက်ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ ဤတိုးတက်မှုကြောင့် အခြေခံ ရွှမ်ယင်ကျင့်စဉ်၏ ကျင့်ကြံမှုနှုန်းမှာလည်း တစ်နေ့လျှင် တစ်မှတ်နှုန်းသို့ ပြောင်းလဲသွားပြီး ၎င်းမှာ အလယ်အလတ်အဆင့် ဝိညာဉ်အမြစ်ပါရမီရှိသူတစ်ဦး၏ အဆင့်နှင့် တူညီသွားခြင်းပင်။
စတုတ္ထအကြိမ် အကဲဖြတ်ပွဲတွင် လုံယီ၏ ကျင့်ကြံခြင်းအဆင့်မှာ…
[ကျင့်ကြံခြင်းအဆင့်: အပ်စိုက်မှတ်ငါးနေရာရ ကိုယ်ခံပညာရှင် (၁၇၀/၆၀၀)၊ အနက်ရောင်အသားအရေ ကိုယ်ခံပညာရှင် (၅၇/၆၀၀)၊ ချီစွမ်းအားကျင့်ကြံခြင်း အဆင့် ၁ (၁/၆၀၀)]
ချီစွမ်းအားကျင့်ကြံခြင်း ပထမအဆင့်သို့ ရောက်ရှိသွားခြင်းကြောင့် လုံယီ၏ ဝိညာဉ်
စွမ်းအား အဆင့်သတ်မှတ်ချက်မှာ အလယ်အလတ်အဆင့်သို့ ထိုးတက်သွားခဲ့ပြီး ယခုနှစ်တပည့်သစ်များကြားတွင် စတုတ္ထမြောက် အစွမ်းထက်ဆုံး ဖြစ်လာခဲ့သည်။ စုစုပေါင်း အဆင့်သတ်မှတ်ချက်တွင်လည်း ဒုတိယနေရာကို ပြန်လည်ရရှိခဲ့ပြီး ယို့ချင်းယီ၏ နောက်တွင်သာ ရှိတော့သည်။
၎င်းကြောင့် ယခင်က စိတ်ကြိုက် လေလုံးထွားနေကြသော ဝမ်ဝမ်ပိုင်၊ ကျန်းပေါင်ဖုန်းနှင့် အခြားသူများမှာ ပါးစပ်ပိတ်သွားကြပြီး လုံယီကို ပေါ့ပေါ့ဆဆ စိန်ခေါ်ရန် မဝံ့ရဲကြတော့ချေ။ သို့သော် လုံယီ သိသည်မှာ ဤတိုးတက်မှုမှာ ယာယီသာ ဖြစ်နိုင်သည်ဟူသောအချက်ပင်။ ရှေ့နှစ်၏ အကဲဖြတ်မှုများတွင် ချီစွမ်းအားပိုင်းအတွက် ပေးမှတ်များမှာ ယခုထက် ပိုမိုများပြားလာဦးမည်ပင်။
အခြေအနေများမှာ မျှော်လင့်ထားသည့်အတိုင်းပင် ဖြစ်ပျက်လာခဲ့သည်။ ပုံမှန်မဟုတ်သော အပြောင်းအလဲများ မရှိပါက လုံယီ၏ သုံးလပတ် အကဲဖြတ်ပွဲ အဆင့်သတ်မှတ်ချက်မှာ အတန်ကြာ ငြိမ်သက်နေတော့မည်ဖြစ်သည်။
တပည့်သစ်များ၏ ဒုတိယနှစ်သို့ ရောက်ရှိလာသောအခါ အကဲဖြတ်ပွဲများတွင် ချီစွမ်းအားအပိုင်းအတွက် ပေးမှတ်အချိုးအစားမှာ ၇၀ ရာခိုင်နှုန်းအထိ အဆမတန် မြင့်တက်လာခဲ့သည်။ အမှန်စင်စစ် ကျင့်ကြံသူတစ်ဦးအတွက် အခြေခံအုတ်မြစ်မှာ ကျင့်ကြံခြင်းသာဖြစ်ပြီး မှော်
အတတ်နှင့် စိုက်ပျိုးရေးတို့မှာ အရန်မျှသာ ဖြစ်သည်။
ပဉ္စမအကြိမ် အကဲဖြတ်ပွဲတွင် လုံယီသည် ယခင်က စုဆောင်းထားမှုများကြောင့် ထိပ်ဆုံးသုံးဦးစာရင်းထဲသို့ မနည်းတိုးဝှေ့ဝင်ရောက်နိုင်ခဲ့သည်။ သို့သော် ဆဋ္ဌမအကြိမ် အကဲဖြတ်ပွဲသို့ ရောက်သောအခါ သူ၏ ချီစွမ်းအားပိုင်း အသာစီးရမှုမှာ လျော့ပါးသွားပြီး အလယ်အလတ်အဆင့် ဝိညာဉ်အမြစ်ပါရမီရှိသူ အများအပြားက သူ့ကို ကျော်တက်သွားကြတော့သည်။
၎င်းပြင် ဝူကျိုဇုန်ရှိ စိုက်ခင်းများ၏ ကန့်သတ်ချက်ကြောင့် ထွက်နှုန်းမှာလည်း ပျမ်းမျှအဆင့်သာ ရှိတော့ရာ လုံယီသည် ဝမ်ဝမ်ပိုင်၏ လက်အောက်တွင် ပထမဆုံးအကြိမ် ရှုံးနိမ့်ခဲ့ရပြီး ထိပ်ဆုံးသုံးဦးစာရင်းမှ ဖယ်ထုတ်ခံလိုက်ရကာ စတုတ္ထနေရာသို့ ကျဆင်းသွားခဲ့သည်။ သတ္တမအကြိမ်တွင် အဆင့် ၆ နှင့် အဋ္ဌမအကြိမ်တွင်မူ အဆင့် ၈ သို့ ရောက်ရှိသွားပြီး ထိပ်ဆုံးဆယ်ဦးစာရင်း၏ အမြီးပိုင်းကိုသာ မနည်းဆွဲကိုင်ထားနိုင်တော့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ဒုတိယနှစ် ကုန်လွန်သွားခဲ့ပြီဖြစ်သည်။ ယခုနှစ်အတွင်း ယို့ချင်းယီ၊ ဝမ်ဝမ်ပိုင်နှင့် ရုံရွှယ်ကျန်းတို့မှာ အကဲဖြတ်ပွဲများ၏ ထိပ်ဆုံးသုံးနေရာကို ခိုင်ခိုင်မာမာ ရယူထားနိုင်ခဲ့ကြသည်။ သူတို့မှာ ယခင်မျိုးဆက်သစ် ပါရမီရှင်များနှင့် နှိုင်းယှဉ်လျှင်ပင် အားမနည်းသော မျိုးဆက်သစ် ပါရမီရှင်များအဖြစ် နာမည်ကျော်ကြားလာခဲ့ကြသည်။
လုံယီ၏ အမည်မှာမူ တဖြည်းဖြည်း မှေးမှိန်လာခဲ့ရသည်။ သူ့အကြောင်းကို ပြောဆိုကြလျှင်ပင် အစကောင်းသော်လည်း အဆုံးမလှသည့် ပါရမီရှင်လေး ကျုံးယုံ၏ ဇာတ်လမ်းကဲ့သို့ သင်ခန်းစာယူစရာအဖြစ်သာ တင်စားလာကြတော့သည်။
ထိုအချိန်တွင် ဝမ်ဝမ်ပိုင်၏ နောက်လိုက်များမှာ ဝမ်းသာအားရဖြင့် ရှေ့သို့ထွက်လာကြပြီး လုံယီကို စကားလုံးများဖြင့် အဆက်မပြတ် နှိမ်ချလာကြတော့သည်။
“အဆင့်နိမ့်ပါရမီကတော့ အဆင့်နိမ့်ပါရမီပါပဲ။ အစပိုင်းမှာ ဆေးလုံးတွေအားကိုးပြီး အတင်းတိုးခဲ့ပေမဲ့ အခုတော့ သူ့ရဲ့ ပင်ကိုယ်ပုံစံအစစ်က ပေါ်လာပြီမဟုတ်လား”
“ဘာလဲ... ရုံရွှယ်ကျန်း မင်းက မကျေနပ်လို့လား ငါ အကြံပေးပါရစေ။ ဒီကိစ္စထဲ ဝင်မပါတာ ကောင်းမယ်။ ရှေ့နှစ်ဆိုရင် လုံယီရဲ့ အဆင့်က ဒီထက်တောင် ကျဦးမှာ။ ထိပ်ဆုံးဆယ်ယောက်စာရင်းထဲကတောင် ပြုတ်သွားလိမ့်မယ်လို့ မင်း ယုံလား”
“လုံယီက ဘာလို့ ပထမနှစ်မှာ ဇယားကို ဦးဆောင်နိုင်ခဲ့တာလဲလို့ မင်းတို့ ငါ့ကို မေးချင်နေတာလား ငါ ပြောပြမယ်။ သူက လမ်းမှားကို လျှောက်ခဲ့လို့ပဲ။ ဆေးလုံးတွေရဲ့ စွမ်းအားအပေါ်မှာပဲ အရူးအမူး အာရုံစိုက်ခဲ့တာလေ။ ဒါပေမဲ့ ဘယ်ဆေးလုံးမှာမဆို ဆေးအဆိပ်ဆိုတာ ရှိစမြဲပဲ။ အခု သူ အဆင့်တွေ တောက်လျှောက် ကျနေတာက အဲ့ဒီဆေးအဆိပ်တွေရဲ့ တန်ပြန်ဒဏ်ခတ်မှုကို ခံနေရတာပဲ”
ဝမ်ဝမ်ပိုင်၊ ကျန်းပေါင်ဖုန်းနှင့် အခြားသူများ၏ နောက်ကွယ်မှ ကဲ့ရဲ့ရှုံ့ချမှုများကို လုံယီက ဂရုမစိုက်ဘဲ ရယ်မောကာ ကျော်လွှားခဲ့သည်။ သို့သော် တစ်ကြိမ်တွင်မူ သူတို့က လုံယီ၏မျက်နှာရှေ့တွင်ပင် လာရောက်စော်ကားခဲ့ကြသဖြင့် လုံယီသည် သူ၏ သဲအိတ်အရွယ်အစားရှိသော လက်သီးကြီးကို ပြတ်ပြတ်သားသား အသုံးချလိုက်တော့သည်။ ဝမ်ဝမ်ပိုင်နှင့် ကျန်းပေါင်ဖုန်းတို့မှာ မိဘကိုပင် တိုင်တည်အော်ဟစ်ရသည်အထိ အရိုက်ခံလိုက်ရပြီး မျက်နှာများမှာလည်း ဝက်ခေါင်းများကဲ့သို့ ဖူးရောင်သွားကြသည်။
ဤဖြစ်ရပ်ကြောင့် လုံယီ၏ လူမိုက်ကြီးဟူသော အမည်ပြောင်မှာ လူတို့၏ စိတ်ထဲတွင် ပိုမိုစွဲထင်သွားခဲ့ရသည်။
“လုံယီဆိုတဲ့ ဒီလူမိုက်ကြီးက အခုတိုက်ခိုက်နိုင်နေပေမဲ့ ဘယ်နှစ်နှစ်လောက် ခံမှာလဲ။ နောင်ကျရင် ငါတို့ရဲ့ အသက်သွေးကြောအလောင်းတွေကို သံမဏိအလောင်း၊ ကြေးနီအလောင်းအဆင့်အထိ သွန်းလုပ်နိုင်တဲ့အခါ သူ့ရဲ့လက်သီးက ရယ်စရာတစ်ခုပဲ ဖြစ်သွားမှာပါ”
“ရှူး... တိုးတိုးပြောစမ်းပါ လုံယီ လာနေပြီ”
“အေးပါကွာ”
တပည့်သစ်များ၏ တတိယနှစ်သို့ ရောက်ရှိလာသောအခါ အကဲဖြတ်ပွဲများတွင် ချီစွမ်းအားပိုင်းအတွက် ပေးမှတ်မှာ ၈၀ ရာခိုင်နှုန်းအထိ ရှိလာခဲ့ပြီး အခြားသော စစ်ဆေးမှုများမှာ အရန်မျှသာ ဖြစ်သွားတော့သည်။ နဝမအကြိမ် အကဲဖြတ်ပွဲတွင် လုံယီသည် ထိပ်ဆုံးဆယ်ဦးစာရင်းမှ ပထမဆုံးအကြိမ် ပြုတ်ကျသွားခဲ့ပြီး မည်သည့်ဆုလာဘ်မျှ မရရှိတော့ပေ။
ထို့နောက် ဒသမ၊ ဧကာဒသမနှင့် ဒွါဒသမအကြိမ် အကဲဖြတ်ပွဲများတွင် လုံယီသည် လူအုပ်ကြားထဲ၌ တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားခဲ့ပြီး ထိပ်ဆုံးဆယ်ဦးစာရင်း၏ အနားကိုပင် မကပ်နိုင်တော့ချေ။ ယခုနှစ်တွင် လုံယီမှာ ပိုမိုအေးဆေးစွာ နေထိုင်လာခဲ့ပြီး ရုံရွှယ်ကျန်းနှင့် သိုက်ရှန်းတို့ နှစ်ဦးနှင့်သာ အဆက်အသွယ် ထားရှိတော့သည်။ အခြားတပည့်သစ်များမှာ ဝမ်ဝမ်ပိုင်အုပ်စု၏ လက်စားချေမှုကို ကြောက်ရွံ့ကြသလို လုံယီ၏ အနာဂတ်မှာလည်း မကောင်းနိုင်ဘူးဟု ယူဆကြသဖြင့် မည်သူမျှ လုံယီကို လာရောက်စကားမပြောကြတော့ချေ။
ထိုအချိန်တွင် ယခင်က လုံယီကို ရှောင်ဖယ်နေခဲ့သော ယို့ချင်းယီမှာမူ ထူးဆန်းစွာပင် လုံယီကို စတင်ဆက်သွယ်လာခဲ့သည်။
“အစ်ကိုကြီးလုံ... အစ်ကို့ရဲ့ ရွှမ်ယင်ကျင့်စဉ်က အခက်အခဲတစ်ခုခုနဲ့ ကြုံနေရလို့လား”
ယို့ချင်းယီ၏ ရုပ်ရည်မှာ အေးစက်သော်လည်း သူမပြောသော စကားလုံးများမှာမူ မည်သူ့ထက်မဆို နွေးထွေးနေသည်။
“အကယ်၍ သံသယရှိတာမျိုးရှိရင် ကျွန်မကို ပြောပြနိုင်ပါတယ်။ ကျွန်မကိုယ်တိုင် နားမလည်
ရင်တောင် ဝိညာဉ်ဆေးနန်းဆောင်က စီနီယာတွေကို မေးမြန်းပေးလို့ ရတာပဲ”
“မလိုပါဘူး... ကျွန်တော်က အဆင့်နိမ့်ပါရမီပဲရှိတာ။ ရွှမ်ယင်ကျင့်စဉ်ကို ကောင်းကောင်းကျင့်နိုင်ရင်တောင် ဘာထူးမှာလဲ”
လုံယီက ရယ်မောရင်း ပြောလိုက်သည်။
“ဂရုစိုက်ပေးတာ ကျေးဇူးတင်ပါတယ် မိန်းကလေးယို့။ ဒါပေမဲ့ တခြားသူတွေ ကျွန်တော်တို့ စကားပြောနေတာ မြင်သွားရင် ကောလာဟလတွေ ထပ်ထွက်လာဦးမယ်”
“အရင်က ကျွန်မက အပေါ်ယံအမြင်တွေကိုပဲ အလေးထားခဲ့မိတာပါ။ ကျင့်ကြံခြင်းလမ်းစဉ်မှာ စိတ်ပိုင်းဆိုင်ရာ အဟန့်အတားတွေ ကြုံရတာက သဘာဝပဲ။ အဲ့ဒါတွေကို မျက်ကွယ်ပြုပြီး ရှောင်ဖယ်နေတာက ကိစ္စတွေကို ပိုပြီး ရှုပ်ထွေးစေရုံပဲ ရှိမယ်”
ယို့ချင်းယီက တည်ငြိမ်စွာ ပြောလိုက်သည်။
“ဒါ့အပြင် ကျွန်မက အစ်ကိုကြီးလုံနဲ့ ပတ်သက်ရင် အမြဲတမ်း ပွင့်လင်းရိုးသားခဲ့တာပဲ။ တခြားသူတွေရဲ့ အမြင်ကို ဘာလို့ ဂရုစိုက်နေရမှာလဲ”
“ကောင်းလိုက်တဲ့ စကားပဲ”
လုံယီမှာ ယို့ချင်းယီ၏ စကားကို သဘောကျသဖြင့် လက်ခုပ်ပင် တီးမိသွားသည်။
ထိုသို့နှင့် သူတို့နှစ်ဦး ပြန်လည်ထိတွေ့ဆက်ဆံလာကြပြီးနောက် ဝမ်ဝမ်ပိုင်နှင့် အပေါင်းအပါများ၏ သွေးထိုးလှုံ့ဆော်မှုကြောင့် တပည့်သစ်များအကြားတွင် ကောလာဟလတစ်ခုမှာ တောမီးပမာ ပျံ့နှံ့သွားတော့သည်။
“အဲ့ဒီလုံယီက ဆေးလုံးတွေရဖို့အတွက် မိန်းကလေးယို့ကို မရမက လိုက်ကပ်နေတာတဲ့။ ဒါက မိန်းကလေးယို့ရဲ့ ကျင့်ကြံခြင်းကိုပါ ထိခိုက်စေတယ် မဟုတ်လား”
“ငါကြားတာတော့ ဒီကောင်က သူ့ရဲ့ကျင့်ကြံခြင်းက မျှော်လင့်ချက်မရှိတော့တာကို သိလို့ မိန်းကလေးယို့ကိုပါ ဆွဲချချင်နေတာတဲ့။ တကယ့်ကို သည်းခံနိုင်စရာမရှိဘူး”
“တစ်ဖက်သတ်အချစ်က အလကားပါပဲ။ သူတို့နှစ်ယောက်က ငယ်သူငယ်ချင်းတွေ ဖြစ်ခဲ့ရင်တောင် အခုတော့ ကွာခြားချက်က အရမ်းကြီးသွားပြီ။ လက်တွေ့လောကကြီးက သူ့ကို သင်ခန်းစာပေးပါလိမ့်မယ်”
ကောလာဟလများမှာ တဖြည်းဖြည်းနှင့် ပို၍ပင် ရယ်စရာကောင်းလာခဲ့သည်။ နောက်ဆုံးတွင် လုံယီသည် ယို့ချင်းယီကို တစ်ဖက်သတ် စွဲလန်းနေသည်ဟူသော သတင်းမှာ သူမ ဆေးဖော်
စပ်နည်း သင်ယူနေသည့် ဝိညာဉ်ဆေးနန်းဆောင်အထိပင် ရောက်ရှိသွားတော့သည်။ သူမ၏ စီနီယာအစ်ကိုကြီး၊ အစ်မကြီးများကလည်း ကျင့်ကြံခြင်းတွင်သာ အာရုံစိုက်ရန်နှင့် အချစ်ရေးကိစ္စများတွင် မပတ်သက်ရန် အကြံပေးလာကြသည်။ အကယ်၍ ပတ်သက်မည်ဆိုလျှင်ပင် အဆင့်နိမ့်ပါရမီရှင်တစ်ဦးကို မရွေးချယ်သင့်ကြောင်း ပြောဆိုကြသည်။
ယို့ချင်းယီမှာ မတတ်သာတော့ဘဲ လုံယီကို လာရောက်ရှာဖွေခဲ့ရသည်။
“အစ်ကိုကြီးလုံ... ကောလာဟလတွေက ကျားထက်တောင် ကြောက်ဖို့ကောင်းနေပြီ။ ကျွန်မ ထင်တာတော့ အစ်ကိုနဲ့ ဆက်ပြီး အဆက်အသွယ်လုပ်ဖို့ မဖြစ်နိုင်တော့ဘူးထင်တယ်”
“မင်းသဘောအတိုင်းပါပဲ”
လုံယီက ဘာမျှမဖြစ်သကဲ့သို့ အေးဆေးစွာ ရယ်မောရင်း ပြန်ပြောလိုက်သည်။
သူကတော့ တကယ်ကို ဂရုမစိုက်ခြင်းဖြစ်သော်လည်း ယို့ချင်းယီ၏ အမြင်တွင်မူ လုံယီမှာ စိတ်အားငယ်နေသည့် လူငယ်တစ်ဦးက အတင်းအကျပ် ပြုံးပြနေသကဲ့သို့ မြင်နေမိသည်။
သူ ငါ့ကို တကယ်ပဲ သဘောကျနေတာလား။
ဤသို့တွေးမိရုံမျှဖြင့် ယို့ချင်းယီ၏ တည်ငြိမ်လှသော စိတ်အိုင်ထဲတွင် လှိုင်းဂယက်ကလေးတစ်ခု ထသွားသော်လည်း သူမက ချက်ချင်းပင် ပြန်လည်နှိမ်နင်းလိုက်သည်။
ဒါပေမဲ့ ငါတို့က နောက်ဆုံးတော့ တစ်ကမ္ဘာတည်းသားတွေ မဟုတ်ကြဘူး... အစ်ကိုကြီးလုံက လူကောင်းတစ်ယောက်ပါ။ ဒါပေမဲ့ ခက်ခဲရှည်လျားလှတဲ့ ကျင့်ကြံခြင်းလမ်းစဉ်မှာ သူက ငါနဲ့အတူ လျှောက်လှမ်းနိုင်မယ့်သူ မဟုတ်ဘူး... တကယ်တော့ ငါ့မှာ အဲ့ဒီလိုလူမျိုး မလိုအပ်တာလည်း ဖြစ်နိုင်ပါတယ်...
အစ်ကိုကြီးလုံမှာ ကျွန်မအပေါ် ခံစားချက်တွေ ရှိနေရင်တောင် ဒါက နောက်ဆုံးတော့ အရာထင်မှာမဟုတ်ဘူး...
“လူသုံးယောက် ပြောရင် ကျားဖြစ်တယ်” ဆိုသည့်အတိုင်းပင် ယို့ချင်းယီကိုယ်တိုင်လည်း လုံယီ၏ တစ်ဖက်သတ်အချစ်ဆိုသည်မှာ အမှန်လား ကောလာဟလလား ဝေခွဲမရဖြစ်နေတော့သည်။ သူမသည် လုံယီအပေါ် ရုတ်တရက် သနားစိတ်ဝင်လာပြီး တစ်ခုခု ပြန်လည်ပေးဆပ်လိုစိတ် ပေါ်လာခဲ့သည်။
ယို့ချင်းယီသည် ခဏမျှ စဉ်းစားပြီးနောက် ဝိညာဉ်ချီစုပ်ယူဆေးနှစ်ပုလင်းကို လုံယီအား ကမ်းပေးလိုက်သည်။ သူမ၏ မျက်နှာမှာ တည်ကြည်လေးနက်နေပြီး “အစ်ကိုကြီးလုံ... ကိုယ့်
ကိုကိုယ် ဂရုစိုက်ပါ” ဟု ပြောကာ ထွက်ခွာသွားတော့သည်။
လုံယီမှာမူ ဘာကိုဆိုလိုမှန်းမသိဘဲ ကြောင်တောင်တောင်ဖြင့် ကျန်ရစ်ခဲ့ရသည်။ သို့သော်လည်း အလကားရသည့် အကျိုးအမြတ်ကို ငြင်းပယ်သူမှာ လူအလိမ္မာမဟုတ်ချေ။ လုံယီသည် လရောင်နှင်းရည်မရရှိသည်မှာ ကြာပြီဖြစ်သဖြင့် သူ၏ မသေမျိုးကျင့်ကြံခြင်းမှာ နှေးကွေးနေခဲ့ရာ ယို့ချင်းယီ ပေးအပ်သော ဆေးလုံးများကို ဝမ်းမြောက်ဝမ်းသာပင် လက်ခံလိုက်တော့သည်။
တောင်ပေါ်ရှိ ကျင့်ကြံခြင်းအချိန်များမှာ သတိမထားမိဘဲ ကုန်လွန်သွားတတ်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သုံးနှစ်တာကာလမှာ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။