အခန်း (၆၉-၇၀)
Vol. 7 Ch. 69-70
အခန်း (၆၉) မင်းမှာ အခွင့်အရေး မရှိဘူး
ချန်လော့ သည် မျက်မှောင်ကြုတ်လိုက်၏။ ဤအချိန်တွင် သူ၏ ဘယ်ဘက်လက်ထဲတွင် စည်းတံဆိပ်တစ်ခု စုစည်းနေပြီး သူ၏ ခြေအောက်တွင် သူ တိတ်တဆိတ် တည်ဆောက်ထားသော ချုပ်နှောင်ရေး ဝင်္ကပါ ရှိသည်။
မြူခိုးလူသားက သူ့ကို လာရောက် တိုက်ခိုက်သည်နှင့် တစ်ပြိုင်နက် ချုပ်နှောင်ရေး ဝင်္ကပါဖြင့် သူ့ကို ချက်ချင်း ထိန်းချုပ်နိုင်သည်။
တစ်ဖက်လူသည် သူ၏ ဝင်္ကပါဆရာ စွမ်းရည်များကို ပုံတူကူးထားနိုင်သည့် အလားအလာ များပြားသော်လည်း သို့သော် တစ်ဖက်လူကို စက္ကန့်အနည်းငယ် ချုပ်နှောင်ထားရုံဖြင့် လုံလောက်ပြီ ဖြစ်၏။
သူ့မှာ ကျောက်မန်ဆီက "ငှား" ထားတဲ့ ဓားမြှောင် ရှိသေးတယ်.. ဒီဓားမြှောင်က ရွှေမြုတေအဆင့် ကျွမ်းကျင်သူကိုတောင် သတ်နိုင်စွမ်းရှိတယ်ဆိုတော့... အခြေခံတည်ဆောက်ခြင်း တတိယအဆင့် ကျင့်ကြံသူဖြစ်တဲ့ ချန်လော့ကို ကိုင်တွယ်ဖို့ ပြဿနာမရှိနိုင်ဘူး…
ထိုအချိန်ရောက်လျှင် မြူခိုးလူသားသည် ဝင်္ကပါအတွင်း၌ ထိရောက်စွာ ခုခံနိုင်စွမ်း ရှိတော့မည်မဟုတ်ပေ။ သူ့အနေဖြင့် မိမိ၏ ကိုယ်ပိုင်ဓားမြှောင်ဖြင့် မိမိကိုယ်ကိုယ် ပြန်လည်အဆုံးစီရင်ရန်သာ ရှိတော့သည်။
ပွင့်ပွင့်လင်းလင်း ကျောပေးထားသော်လည်း ၊ မြူခိုးလူသားက ဤသွေးဆောင်မှုကို တွန်းလှန်နိုင်ပြီး မလှုပ်ရှားသဖြင့် ချန်လော့သည် အတော်လေး အံ့အားသင့်သွားသည်။
"ဒီမြူခိုးလူသားက ငါ့ရဲ့ စိတ်နေသဘောထားကိုတော့ ပုံတူမကူးထားဘူး ထင်တယ်..."
"ငါသာဆိုရင် ဒီလောက်ကြီးမားတဲ့ ကျောပြင်ကြီးကို မြင်တာနဲ့ သွားပြီး နှစ်ချက် သုံးချက်လောက် ထိုးမှာ သေချာတယ်..."
ထိုသို့ပြောပြီးနောက် သူသည် ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်၏။
"ကောင်းပြီလေ... အဲဒါဆို တရားမျှတစွာဖြင့် တိုက်ကြတာပေါ့..."
ထို့နောက် သူ၏ လက်ထဲတွင် ဓားရှည်တစ်လက် ပေါ်လာပြီး မြူခိုးလူသားကို တိုက်ခိုက်လိုက်သည်။
ဤသည်ကို မြင်သည််နှင့် ၊ မြူခိုးလူသားက သူ၏ လက်ထဲတွင် အဖြူရောင် မြူခိုးများကို စုစည်းကာ မြူခိုးဓားတစ်လက်ကို ချက်ချင်း ဖန်တီးလိုက်ပြီး ချန်လော့ကို ပြန်လည် တိုက်ခိုက်လိုက်၏။
"ချွင်..."
ကျယ်လောင်သော အသံတစ်ခုနှင့်အတူ ချန်လော့၏ ဓားရှည်အဖျားက မြူခိုးလူသား၏ မြူခိုးဓားအဖျားနှင့် အံဝင်ခွင်ကျ တိုက်မိသွားပြီး ကြည်လင်သော အသံတစ်ခု ထွက်ပေါ်လာသည်။
ထိုအခိုက်အတန့်တွင် ချန်လော့သည် သူ၏ လက်မောင်းမှ ထုံကျင်သွားသော ခံစားချက်တစ်ခုကို ခံစားလိုက်ရသော်လည်း ၊ သို့သော် သူသည် ချက်ချင်းပင် ဓားကို ဝှေ့ယမ်းကာ ပြန်လည်တုံ့ပြန်လိုက်ပြီး တိုက်ခိုက်မှုမှ ထွက်ပေါ်လာသည့် အရှိန်အဟုန်ကို အသုံးချကာ လက်မောင်းရှိ ထုံကျင်မှုများကို တစ်ခါတည်း ဖယ်ရှားပစ်လိုက်လေသည်။
မြူခိုးလူသားက ချန်လော့၏ တိုက်ခိုက်မှု ပုံစံများကို အတော်လေး ရင်းနှီးပုံရပြီး ၊ တိုက်ခိုက်မှုကို လွယ်ကူစွာ ကာကွယ်လိုက်သည်။
သို့သော် ဤမြင်ကွင်းကို မြင်လိုက်ရသည့်တိုင် ချန်လော့မှာ အနည်းငယ်မျှ တုံ့ဆိုင်းမသွားဘဲ ထိုတိုက်ကွက်ကို အလွယ်တကူပင် ခုခံပိတ်ဆို့လိုက်၏။
ထို့နောက်တွင်မူ ချန်လော့က တိုက်စစ်ဆင်လျှင် မြူခိုးလူသားက ခုခံလိုက်၊ မြူခိုးလူသားက တိုက်စစ်ဆင်လျှင် ချန်လော့က ပြန်လည်ခုခံလိုက်ဖြင့် အပြန်အလှန် အကြိတ်အနယ် ရှိနေတော့သည်။
ဤအချိန်၌ သူတို့နှစ်ဦးသည် တစ်လှည့်စီ တိုက်ခိုက်ကာ တစ်လှည့်စီ ခုခံနေကြရင်း နေရာချင်းလဲ၍ ထိုးနှက်နေကြပုံမှာ တည်ငြိမ်အေးဆေးလှပြီး ပေါ့ပါးလွတ်လပ်စွာ ကခုန်နေသလိုပင်။
"ချွင်... ချွင် ချွင် ချွင်..."
အပြင်လူများ ၏ အမြင်တွင် ဤအချိန်၌ ချန်လော့နှင့် မြူခိုးလူသားတို့သည် ပြိုင်ဘက်များ မဟုတ်ဘဲ တစ်ယောက်ကို တစ်ယောက် ကောင်းစွာ သိရှိသော မိတ်ဆွေဟောင်း နှစ်ဦး အချင်းချင်း လက်ရည်စမ်းနေကြသည့်ပုံ ပေါက်နေ၏။
အခြားတစ်ဖက်တွင်မူ ယန်ချင်းလင်မှာ သူ၏ ကိုယ်ပိုင် မြူခိုးလူသား၏ အပြည့်အဝ လွှမ်းမိုးခြင်းကို ခံနေရသည်။
သူ၏ ဓားသိုင်းက ပိုမို ရူးသွပ်လာပြီး စိတ်လိုက်မာန်ပါ ဖြစ်လာသော်လည်း ၊ ယင်းက မြူခိုးလူသား က သူ့ကို ထိန်းချုပ်ရန် ပိုမို လွယ်ကူသွားစေရုံသာ ဖြစ်သည်။
ထိုအချိန်တွင် သူ၏ မျက်လုံးထောင့်မှနေ၍ ချန်လော့နှင့် မြူခိုးလူသားတို့ တိုက်ခိုက်နေသည်ကို မြင်လိုက်ရ၏။
ချန်လော့၏ တည်ငြိမ်သော အမူအရာနှင့် ပေါ့ပေါ့ပါးပါး ဂရုမစိုက်သည့်ပုံ ပေါက်နေသော ဓားသိုင်းသည် သူ့ရင်ဘတ်ကို တည့်တည့် ထိမှန်သွားသော ပြင်းထန်သည့် လက်သီးတစ်ချက်နှင့် တူနေသည်။
နှလုံးသားစမ်းသပ်မှုမှ ထွက်ပေါ်လာပြီးကတည်းက သိပ်မတည်ငြိမ်လှသော သူ၏ တာအိုနှလုံးသားသည် ပိုမို ယိမ်းယိုင်သွားသကဲ့သို့ ဖြစ်ခဲ့ရသည် ။
"ဘာလို့လဲ... ဘာလို့လဲ..."
“ နှလုံးသားစမ်းသပ်မှုမှာ ငါက သေရေးရှင်ရေး အခက်အခဲတွေကို ဖြတ်ကျော်ခဲ့ရပြီး လောကကြီးရဲ့ အေးစက်မှုတွေကို ခံစားခဲ့ရတယ်... သေတောင် သေခဲ့ရတယ်... သူကကျတော့ ဘာလို့ ဒီလောက် အေးအေးဆေးဆေး ထွက်လာနိုင်ရတာလဲ..."
"ငါ အစွမ်းကုန် ထုတ်သုံးရင်တောင် မြူခိုးလူသားကို မယှဉ်နိုင်တာ ဖြစ်နိုင်ပေမယ့် သူကကျတော့ ဘာလို့ မြူခိုးလူသားကို ဒီလောက် လွယ်လွယ်ကူကူနဲ့ သက်သောင့်သက်သာ ရင်ဆိုင်နိုင်ရတာလဲ..."
"ငါက ပါရမီရှင်လေ... ငါက ရွေးချယ်ခံရတဲ့သူလေ..."
"သူက အခြေခံတည်ဆောက်ခြင်း တတိယအဆင့် ကျင့်ကြံသူ တစ်ယောက်ပဲလေ... သူက ငါ့ထက် ပိုသာနေရဲတယ်ပေါ့....."
ယန်ချင်းလင်မှာ အလွန် ဒေါသထွက်နေပြီး ပေါက်ကွဲနေသည်။
တာအိုနှလုံးသား ယိမ်းယိုင်ရခြင်းတွင် အကြောင်းရင်းများစွာ ရှိသည်။ ချန်လော့လောက် မတော်သည့်အတွက် မိမိကိုယ်ကိုယ် ဒေါသထွက်ခြင်းလည်း ပါဝင်သော်လည်း အရာအားလုံးထက်... အတားအဆီးများ ကြုံတွေ့ရပြီးနောက် တစ်ချိန်က ထွန်းတောက်ခဲ့သော ပါရမီရှင်တစ်ဦး၏ မကျေနပ်မှုနှင့် ဒေါသတို့ပင် ဖြစ်သည်။
"ငါ မင်းကို သတ်မယ်..."
ယန်ချင်းလင်သည် ဟိန်းဟောက်လိုက်ပြီး ထိုအခိုက်အတန့်တွင် သူ၏ ခန္ဓာကိုယ်မှ ပြင်းထန်သော စွမ်းအားများ ပေါက်ကွဲထွက်လာသည်။
ဘေးတွင် ရပ်နေသော ချန်လော့နှင့် တိုက်ပွဲကို စောင့်ကြည့်နေကြသော ချန်ရှင်းဂိုဏ်းမှ တပည့်များပင်လျှင် ဤပြင်းထန်သော စွမ်းအားကို ရှင်းလင်းစွာ ခံစားနိုင်ကြ၏။
"ဒီခေတ် လူငယ်တွေက စိတ်ဓာတ် အရမ်း အားနည်းနေကြတာလား... အခက်အခဲ နည်းနည်း ကြုံတာနဲ့ ပြိုလဲသွားကြရောလား..."
သူ၏ မြူခိုးလူသားနှင့် အပြန်အလှန် တိုက်ခိုက်နေစဉ် ချန်လော့သည် ယန်ချင်းလင် ရှိရာနေရာသို့ ပေါ့ပေါ့ပါးပါး ကြည့်လိုက်ပြီး တစ်ချိန်တည်းမှာပင် သူ၏ ခြေအောက်တွင် ချုပ်နှောင်ရေး ဝင်္ကပါအသစ် တစ်ခုကို တိတ်တဆိတ် ရေးဆွဲလိုက်၏။
"ငါ မင်းကို သတ်မယ်... မင်းကို သတ်ပြီး အခွင့်အရေးကို ယူမယ်..."
"မင်းက ငါ့ဆီက သင်ယူနိုင်မယ်လို့ ထင်နေတာလား... စမ်းကြည့်လိုက်လေ”
ထိုသို့ပြောပြီးနောက် ယန်ချင်းလင်သည် သူ့လက်ထဲက ဓားရှည်ကို ဆုပ်ကိုင်လိုက်ရာ ပြင်းထန်သော ဝိညာဉ်စွမ်းအားများသည် အတွင်းသို့ စီးဝင်သွားခဲ့သည်။
"ဂျွတ်..."
ဓားရှည်ပေါ်တွင် ရုတ်တရက် အက်ကွဲကြောင်း တစ်ခု ပေါ်လာပြီး ဓားသွားသည် စတင် တုန်ခါလာ၏။
"ဒီဓားချက်က မင်း ဒါမှမဟုတ် ငါ့ကို သေစေလိမ့်မယ်..."
"သေစမ်း..."
ဒေါသတကြီး အော်ဟစ်သံနှင့်အတူ ယန်ချင်းလင်က သူ၏ ဓားရှည်ကို မြူခိုးလူသားထံသို့ ဝှေ့ယမ်းလိုက်သည်။
မြူခိုးလူသားက ဤအရာအားလုံးကို မတုန်မလှုပ်ဘဲ စောင့်ကြည့်နေ၏။
ဓားရှည်သည် တဖြည်းဖြည်း နီးကပ်လာသည်ကို တိတ်ဆိတ်စွာဖြင့် စောင့်ကြည့်နေပြီး မည်သည့် လှုပ်ရှားမှုမျှ မပြုလုပ်ဘဲ အရာအားလုံးကို လက်ခံထားပြီးသည့်ပုံ ပေါက်နေသည်။
ယန်ချင်းလင်က ဤမြင်ကွင်းကို ရူးသွပ်သော အပြုံးတစ်ခုဖြင့် စောင့်ကြည့်နေ၏။
သို့သော် ဓားရှည်က မြူခိုးလူသားကို ထိုးဖောက်တော့မည့် ဆဲဆဲတွင် မြူခိုးလူသားက ရုတ်တရက် လှုပ်ရှားလိုက်သည်။
သူသည် ဘေးသို့ ရိုးရှင်းစွာ ရှောင်လိုက်ပြီး ယန်ချင်းလင် အနေဖြင့် မတုံ့ပြန်နိုင်မီမှာပင် တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်သည်။
ထို့နောက် ၎င်း၏ မြူခိုးဓားပေါ်မှ ယခင်က တစ်ခါမျှ မမြင်ဖူးသည့် ဆန်းကြယ်သောမှော်သင်္ကေတများ ထင်ဟပ်ပေါ်လွင်လာတော့သည်။
သို့သော် ယန်ချင်းလင်အနေဖြင့် ဓားပေါ်ရှိ မှော်သင်္ကေတများကို မမြင်နိုင်မီမှာပင် ဓားသွားမှာ သူ၏ နှလုံးသားဆီသို့ တစ်ဟုန်ထိုး ထိုးဖောက်ဝင်ရောက်သွားခဲ့ပြီ ဖြစ်၏။
သူသည် တားဆီးရန် ကြိုးစားသော်လည်း နောက်ကျသွားခဲ့ပြီ ဖြစ်သည်။
"ဖူး..."
မြူခိုးဓားက သူ၏ ရင်ဘတ်ကို ထိုးဖောက်ဝင်ရောက်သွားပြီး ကျောဘက်မှ ပြန်ထွက်လာ၏။
ဤမြင်ကွင်းကို မြင်သောအခါ ချန်လော့သည် ရပ်တန့်သွားပြီး သူ၏ မျက်လုံးများထဲတွင် ရှားပါးသော သတိထားမှု အရိပ်အယောင်တစ်ခု ဖြစ်ပေါ်လာသည်။
"မြူခိုးလူသားက လူသတ်နိုင်တာလား..."
ချန်လော့သည် ထိတ်လန့်သွားသည့် ခံစားချက်ကို ခံစားလိုက်ရသည်။ အကယ်၍သာ အမှန်ဖြစ်ပါက သူ လက်လျှော့ရန် စီစဉ်တော့မည်။
မည်သို့ပင်ဆိုစေကာမူ အခွင့်အရေးများ ဆိုသည်မှာ ဤနေရာတွင် ဆုံးရှုံးသွားနိုင်သော်လည်း နောင်တွင် ပြန်လည် တွေ့ကြုံရနိုင်သေးသည်။ သို့သော် အသက်ဆိုသည်မှာ တစ်ကြိမ်သာ ရနိုင်သော အရာဖြစ်သည် မဟုတ်လော။
ကံကောင်းထောက်မစွာဖြင့် မြူခိုးလူသား၏ နောက်ဆက်တွဲ လုပ်ရပ်များက ချန်လော့ကို စိတ်သက်သာရာ ရသွားစေသည်။
ယန်ချင်းလင် လဲကျသွားပြီးနောက်၊ ယန်ချင်းလင်၏ ရင်ဘတ်တွင် ထိုးစိုက်ထားသော မြူခိုးဓားမှာ အဖြူရောင် မြူခိုးများအဖြစ် ချက်ချင်း ပြောင်းလဲသွားပြီး လွင့်စင်သွား၏။
တစ်ချိန်တည်းမှာပင် မြူခိုးလူသား၏ ရုပ်သွင်သည် စတင် ပြောင်းလဲလာသည်။
စက္ကန့်အနည်းငယ် အကြာတွင် ယန်ချင်းလင်၏ မူလ အသွင်အပြင်သည် အဘိုးအို တစ်ဦး၏ အသွင်အပြင်အဖြစ် ပြောင်းလဲသွား၏။
ချန်လော့သည် ထိုအဘိုးအိုမှာ နှလုံးသားစမ်းသပ်မှုအတွင်း သူ တွေ့ခဲ့ရသော ဘိုးဘေးကြီးဖြစ်မှန်း တစ်ချက်ကြည့်ရုံဖြင့် သူတန်းမှတ်မိလိုက်သည်။
ဤအချိန်တွင် မြေပြင်ပေါ်ရှိ ယန်ချင်းလင်သည် မျက်လုံးများကို တဖြည်းဖြည်း ဖွင့်လိုက်၏။ ဘိုးဘေးကြီးကို မြင်လိုက်ရသည့် အခိုက်အတန့်တွင် သူသည် လက်နှစ်ဖက်ကို အလျင်အမြန် စုစည်းကာ ဒူးတစ်ဖက်ထောက်၍ ထိုင်လိုက်သည်။
"ဓားတောင်ထွတ်က တပည့် ယန်ချင်းလင် ဘိုးဘေးကြီးကို ဂါရဝပြုပါတယ်...”
ဤအချိန်တွင် ယန်ချင်းလင်ထံ၌ ပြင်းထန်သော ဒဏ်ရာရရှိထားသည့် လက္ခဏာတစ်စုံတစ်ရာမျှ မတွေ့ရပေ။ သူ၏ အသက်ရှူနှုန်းမှာ ပုံမှန်အတိုင်း တည်ငြိမ်နေပြီး ဝိညာဉ်စွမ်းအင်များမှာလည်း ပြည့်လျှံနေဆဲ ဖြစ်သည်။ မူလက လွှမ်းမိုးထားသော ပြင်းထန်သည့် စွမ်းအင်များသည် ယခုအခါ ငြိမ်သက်စွာ ထိန်းချုပ်ခံထားရလေသည်။
ဘိုးဘေးကြီးအဖြစ် အသွင်ယူထားသော မြူခိုးလူသားတွင် မည်သည့် အမူအရာမျှ မရှိသော်လည်း သူ၏ မျက်နှာက ယန်ချင်းလင်ဘက်သို့ လှည့်ားးဆဲ ဖြစ်သည်။
"မင်းမှာ အခွင့်အရေး မရှိဘူး... ထွက်သွားတော့..."
ထိုသို့ပြောပြီးနောက် ဘိုးဘေးကြီးက နောက်တစ်ကြိမ် အဖြူရောင် မြူခိုးများအဖြစ် ပြောင်းလဲသွားပြီး အဖြူရောင် မြအိုင်ထဲသို့ ပေါင်းစပ်သွားကာ ယန်ချင်းလင်ကို ထိုနေရာတွင် တစ်ယောက်တည်း ချန်ထားရစ်ခဲ့၏။
ယန်ချင်းလင်မှာ အချိန်အတော်ကြာ ဆွံ့အသွားသော်လည်း သူ၏ မျက်နှာပေါ်ရှိ အမူအရာကို ကြည့်ခြင်းအားဖြင့် ဤအရာအားလုံးကို လက်ခံရန် ဆန္ဒမရှိကြောင်း သိသာထင်ရှားနေသည်။
သူသည် မြူခိုးလူသားနှင့် တိုက်ခိုက်နေဆဲဖြစ်သော ချန်လော့ကို လှည့်ကြည့်လိုက်ရာ သူ၏ မျက်လုံးများထဲတွင် မကျေနပ်မှုများနှင့် ဒေါသများ ပြည့်နှက်နေ၏။
"နှလုံးသားစမ်းသပ်မှုကသာ ငါ့ရဲ့ တာအိုနှလုံးသားကို မယိမ်းယိုင်စေခဲ့ဘူးဆိုရင် ဒါတွေ အားလုံးကို ငါ ချက်ချင်း သေချာပေါက် မြင်နိုင်မှာပဲ..."
ယန်ချင်းလင်၏ စကားများက အချည်းနှီး ကြွားလုံးထုတ်နေခြင်း မဟုတ်ပေ။ အကယ်၍ သူ၏ တာအိုနှလုံးသားသာ မယိမ်းယိုင်ခဲ့ပါက သူသည် ချက်ချင်း သဘောပေါက်သွားသင့်ပေသည်။
အကယ်၍ မြူခိုးလူသားက သူ့ကိုယ်သူ ပုံတူကူးထားခြင်း ဖြစ်ပါက ၊ သူ၏ တိုက်ခိုက်မှု အားလုံးကို အလွယ်တကူ ပိတ်ဆို့နိုင်မည် ဖြစ်၏။
ထိုနည်းတူစွာပင် မိမိကိုယ်ကိုယ် ရင်းနှီးကျွမ်းဝင်မှုအပေါ် အခြေခံ၍ မြူခိုးလူသား၏ တိုက်ခိုက်မှုကို လွယ်ကူစွာ ပိတ်ဆို့နိုင်မည် ဖြစ်သည်။
ထို့ကြောင့် ဤစမ်းသပ်မှုကို "မိမိကိုယ်ကိုယ်" ဟု ခေါ်ဆိုခြင်း ဖြစ်၏။
ကံမကောင်းစွာဖြင့် ထိုအချိန်က သူ၏ တာအိုနှလုံးသားက မငြိမ်မသက် ဖြစ်နေပြီး ၊ သူ၏ စိတ်မှာ လုံးဝ ကမောက်ကမ ဖြစ်နေသဖြင့် ခွဲခြားသိမြင်နိုင်စွမ်း မရှိခဲ့ပေ။
အခန်း (၇၀) မိမိကိုယ်ကိုယ် ထိုးဖောက်ဝင်ရောက်ခြင်း
မိနစ်အနည်းငယ် အကြာတွင် ချန်လော့သည် သူ့ရှေ့က မြူခိုးလူသားကို ရှုပ်ထွေးသော အကြည့်များဖြင့် ကြည့်လိုက်၏။
မြူခိုးလူသားက သူ၏ အရာအားလုံးကို ပုံတူကူးထားသဖြင့် ချန်လော့ အနေဖြင့် မြူခိုးလူသားကို ရင်ဆိုင်ရာတွင် မည်သည့် ဖိအားကိုမျှ မခံစားရချေ။
သို့သော် မြူခိုးလူသားကလည်း သူ့ကို ရင်ဆိုင်ရာတွင် မည်သည့် ဖိအားကိုမျှ မခံစားရပေ။
သူသည် ဤမြူခိုးလူသားနှင့် တိုက်ခိုက်နေသည်မှာ မိနစ်အနည်းငယ် ကြာပြီဖြစ်ပြီး သူ၏ ဝိညာဉ်စွမ်းအင်များမှာ ခန်းခြောက်နေပြီ ဖြစ်၏။
သူသည် ဆေးလုံး သောက်ပြီးနောက် ပြန်လည် နာလန်ထူရန် စတင်သည်နှင့် တစ်ပြိုင်နက် မြူခိုးလူသားကလည်း ထိုအတိုင်း လိုက်လုပ်မည် ဖြစ်သည်။
အကယ်၍ ဤသို့ အချိန်ဖြုန်းနေပါက ချန်လော့အနေဖြင့် သူ မရှုံးနိုင်ကြောင်း အာမခံနိုင်လျှင်တောင် ၊ မြူခိုးလူသားကိုတော့ သေချာပေါက် အနိုင်ယူနိုင်မည် မဟုတ်ပေ။ အကောင်းဆုံး အနေအထားမှာ သရေကျရုံသာ ရှိမည်။
လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်အတွင်း မည်သူမဆို မြူခိုးလူသားနှင့် ရင်ဆိုင်ရာ၌ သရေကျနိုင်သည်ဟူသော အချက်ကို ချန်လော့ တစ်ခါမျှ မယုံကြည်ခဲ့ပေ။
အဖြူရောင်မြအိုင်အတွင်းရှိ အခွင့်အရေးကို ရယူနိုင်ခြင်းမရှိခဲ့သည်မှာ မြူခိုးလူသားကို အနိုင်ယူခြင်းမှတစ်ပါး အခြားရွေးချယ်စရာမရှိကြောင်း သက်သေပြနေခြင်းပင်။ ဤစမ်းသပ်မှုတွင် သရေကျခြင်းသည် ရှုံးနိမ့်ခြင်းဟုသာ မှတ်ယူရပေလိမ့်မည်။
ဤသည်ကို တွေးမိသောအခါ ချန်လော့သည် ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်၏။
"မြူခိုးလူသားကို အနိုင်ယူမှပဲ ငါ မိမိကိုယ်ကိုယ် စမ်းသပ်မှုကို အောင်မြင်နိုင်မယ် ထင်တယ်..."
"ဒါပေမဲ့ သူတို့က တူညီတဲ့ နည်းလမ်းကို သုံးကြတော့ တစ်ယောက်က နောက်တစ်ယောက်ရဲ့ ဗျူဟာကို ချိုးဖျက်လို့ မရဘူး..."
"ဒီလိုမှမဟုတ်ရင်..."
ချန်လော့သည် သူ၏ မျက်နှာချင်းဆိုင်ရှိ မြူခိုးလူသားကို ကြည့်၍ တိတ်ဆိတ်နေလိုက်၏။
ဤတာအို စမ်းသပ်မှုကို "မိမိကိုယ်ကိုယ်" ဟု ခေါ်ဆိုပြီး သင် ပိုင်ဆိုင်ထားသော အရာအားလုံးကို ပုံတူကူးထားသည်။
သင် တိုက်ခိုက်နေရသူမှာ သင်ကိုယ်တိုင် ဖြစ်ပြီး သင့်ကိုယ်သင် အနိုင်ယူလိုပါက နည်းလမ်း တစ်ခုတည်းသာ ရှိ၏။ မိမိကိုယ်ကိုယ် ထိုးဖောက်ဝင်ရောက်ခြင်းပင် ဖြစ်သည်။
တကယ်တမ်းတွင် ချန်လော့သည် မြူခိုးလူသားနှင့် တိုက်ပွဲ စတင်ပြီး မကြာမီမှာပင် ဤအရာကို ခန့်မှန်းမိပြီး ဖြစ်၏။
သို့သော် ချန်လော့သည် အလျင်မလိုခဲ့ချေ။
အဘယ်ကြောင့်ဆိုသော် သူသည် တစ်ဖက်ရှိ ယန်ချင်းလင် မြင်သွားမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။
အကယ်၍ ထိုသကောင့်သားသည် သူ့ထက် အရင် အောင်မြင်သွားခဲ့ပါက၊ သူ့အတွက် ကြီးမားသော ဆုံးရှုံးမှုကြီး ဖြစ်သွားပေလိမ့်မည်။
ယခု ယန်ချင်းလင်သည် ပြိုင်ပွဲမှ ထွက်သွားပြီ ဖြစ်သဖြင့် ဤအခွင့်အရေးအတွက် မြူခိုးလူသားနှင့် တိုက်ခိုက်နေသူမှာ သူ တစ်ဦးတည်းသာ ကျန်ရှိတော့သည်။ ထို့ကြောင့် ဖုံးကွယ်ထားရန် မလိုအပ်တော့ချေ။
ချန်လော့သည် အေးစက်သော အပြုံးတစ်ခုဖြင့် မြူခိုးလူသားကို မော့ကြည့်လိုက်၏။
"မင်းက ငါ့ရဲ့ အရာအားလုံးကို ပုံတူကူးထားပေမယ့် နောက်ဆုံးတော့ မင်းက အသက်မရှိတဲ့ အရာဝတ္ထု တစ်ခုပါပဲ..."
"ငါ ဘယ်လို တိုက်ခိုက်သလဲ၊ ငါ ဘယ်လို ပြုမူသလဲ၊ ငါ ဘာစွမ်းရည်တွေ သုံးသလဲ၊ ပြီးတော့ ငါ့ဆီမှာ ဘာမှော်လက်နက်တွေ ရှိသလဲဆိုတာ မင်း သိလား..."
"ဒါပေမဲ့ မင်း ပုံတူကူးလို့ မရတဲ့ အရာတစ်ခုကတော့ ငါ့ကိုယ်ငါ ထိုးဖောက်ဝင်ရောက်နိုင်တဲ့ စွမ်းရည်ပဲ..."
(ပြီးတော့ စနစ်လေ...) ချန်လော့၏ အတွင်းစိတ်က အော်ဟစ်လိုက်၏။
ထိုသို့ပြောပြီးနောက် ချန်လော့သည် အချိန်မဖြုန်းတော့ဘဲ အဆ ၁၀၀ တိုးပွားခြင်းကို ချက်ချင်း အသက်သွင်းလိုက်သည်။
"အဆ ၁၀၀ တိုးပွားခြင်းကို အသက်သွင်းရန် ဝိညာဉ်ကျောက်တုံး ၁၀၀ ကုန်ကျပါမည်"
ထို့နောက် လူတိုင်း၏ မျက်စိရှေ့တွင် ချန်လော့သည် သူ၏ လက်ထဲရှိ ဓားရှည်ကို ရုတ်တရက် သိမ်းဆည်းလိုက်၏။
အဖြူရောင် မြအိုင် အပြင်ဘက်တွင် ဤမြင်ကွင်းကို မြင်လိုက်ရသူတိုင်း အံ့အားသင့်သွားကြသည်။
"ချန်လော့ ဘာလုပ်နေတာလဲ... သူ ဘာလို့ ဓားကို သိမ်းလိုက်တာလဲ..."
"ပြိုင်ဘက်ကို အနိုင်ယူနိုင်ဖို့ အခွင့်အရေး မရှိဘူးလို့ ခံစားရလို့ အရှုံးပေးဖို့ ပြင်ဆင်နေတာများလား..."
"အရှုံးပေးတယ် ဟုတ်လား... အဲဒါက စောက်ရမ်း အောက်တန်းကျတာပဲ... ဂိုဏ်းတူအစ်ကိုယန်က ရှုံးသွားနိုင်ပေမယ့် အနည်းဆုံးတော့ သူက မြူခိုးလူသားနဲ့ အပြည့်အဝ တိုက်ခိုက်ခဲ့သေးတယ်... သူက ဘယ်လိုလုပ် အရှုံးပေးနိုင်ရတာလဲ..."
"တိုက်ရိုက်တပည့် တစ်ယောက်အနေနဲ့ သူ့ရဲ့ အပြုအမူကို ရှက်မိပါတယ်..."
ဤသည်က မကြာသေးမီက ရှုံးနိမ့်ပြီးနောက် သူ၏ ဂုဏ်သတင်း အချို့ကို ပြန်လည် ဆယ်ယူနိုင်မည်ဟု တွေးကာ ယန်ချင်းလင်က ချက်ချင်း ဝင်ပြောလိုက်သည်။
သို့သော် ဘေးတွင် ရပ်နေသော ကျောက်မန်သည် အမှားအယွင်း ရှိသည်ဟု မထင်ပေ။
"ဘယ်လိုပဲဖြစ်ဖြစ် ရှုံးဖို့ သေချာနေပြီဆိုလည်း စောစောစီးစီး လက်လျှော့လိုက်တာ ပိုကောင်းတာပေါ့..."
"စမ်းသပ်လေ့ကျင့်ရေးကွင်း အတွင်းက တခြားနေရာတွေမှာ အခွင့်အရေးတွေ ရှာဖို့ မင်းတို့ရဲ့ ခွန်အားတွေကို ချန်ထားဦး”
"ဒီနေရာမှာ အချိန်ဖြုန်းနေတာထက် ပိုကောင်းတယ်..."
ကျောက်မန် သည် ထိုသို့ပြောလိုက်ပြီး ၊ ချန်လော့သည် အရှုံးပေးရန် ရည်ရွယ်မထားကြောင်းကို သူမ ယုံကြည်ထားပုံရသည်။
ယန်ချင်းလင် အပါအဝင် မည်သူမျှ စကားမပြောကြပေ။ မည်သို့ပင်ဆိုစေကာမူ ကျောက်မန်ကလည်း တိုက်ရိုက်တပည့် တစ်ဦးဖြစ်ပြီး သူမ၏ အဆင့်အတန်းက ယန်ချင်းလင်ထက် များစွာ မြင့်မား၏။သူမသည် အဆိပ်တစ်သောင်းခန္ဓာကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။
အကယ်၍ ချန်လော့သာ သူတို့၏ အနီးတွင် ရှိနေပါက ယန်ချင်းလင်မှလွဲ၍ မည်သူမျှ ချန်လော့ကို နောက်ထပ် စကားတစ်ခွန်းမျှ ပြောဝံ့မည် မဟုတ်ပေ။
မည်သို့ပင်ဆိုစေကာမူ တိုက်ရိုက်တပည့် ဆိုသည်မှာ အဆင့်အတန်းအရ သူတို့နှင့် အလွန် ကွာခြားလှ၏။
သူတို့သည် နောက်ကွယ်တွင် ကျိန်ဆဲနိုင်သော်လည်း တိုက်ရိုက် ရင်ဆိုင်ရန်မူ မဝံ့ရဲကြချေ။
"မဟုတ်ဘူး... သူ အရှုံးမပေးသေးဘူး..."
တစ်စုံတစ်ယောက်က အော်ဟစ်လိုက်ရာ လူတိုင်းက ချက်ချင်းပင် ချန်လော့ရှိရာ ဘက်သို့ ကြည့်လိုက်ကြ၏။
ချန်လော့၏ လက်ထဲတွင် သတ်ဖြတ်ခြင်း ဝင်္ကပါများ၊ ချုပ်နှောင်ရေး ဝင်္ကပါများ၊ စွမ်းအားမြှင့် ဝင်္ကပါများ... ဝင်္ကပါများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။
ချန်လော့သည် ဝင်္ကပါများကို အလွန် လျင်မြန်စွာ ဖွဲ့စည်းနေပြီး တစ်စက္ကန့်လျှင် ဝင်္ကပါအသစ် တစ်ခုနီးပါး ရှိ၏။
သို့သော် ဝင်္ကပါ ဖွဲ့စည်းပြီးသည်နှင့် တစ်ပြိုင်နက် တစ်ဖက်ရှိ မြူခိုးလူသားက ချက်ချင်း ဖျက်ဆီးပစ်လိုက်သည်။
သူသည် ဝင်္ကပါ စွမ်းရည်များကို အသုံးပြုရန် အချိန်ပင် မရလိုက်ဘဲ အားလုံး ပျောက်ကွယ်သွားကြ၏။
တစ်ချိန်တည်းမှာပင် ချန်လော့၏ စိတ်ထဲတွင် စနစ်၏ အသိပေးချက်များ အဆက်မပြတ် မြည်တမ်းလာသည်။
"သင်သည် သတ်ဖြတ်ခြင်း ဝင်္ကပါ တစ်ခုကို ရေးဆွဲခဲ့ပြီး အဆတစ်ရာ တိုးပွားခြင်းအပြီးတွင် သတ်ဖြတ်ခြင်း ဝင်္ကပါ တစ်ရာကို ရေးဆွဲခဲ့သည်"
"သင်၏ ဝင်္ကပါဆရာ စွမ်းရည်မှာ အလွန် မြင့်မားလာပါသည်"
"သင်သဘ် အခြား ဝင်္ကပါဆရာ တစ်ဦး ဝင်္ကပါ ဖျက်ဆီးနေသည်ကို မြင်တွေ့ခဲ့ရပြီး အဆတစ်ရာ တိုးပွားခြင်းအပြီးတွင် ဝင်္ကပါ တစ်ရာ ဖျက်ဆီးသည်ကို မြင်တွေ့ခဲ့ရသည်"
"သင်သည် ဝင်္ကပါနှင့် ပတ်သက်သည့် ထိုးထွင်းသိမြင်မှု များစွာကို ရရှိခဲ့သည်"
…
သူ၏ စိတ်ထဲရှိ အသံများက အဆက်မပြတ် ထွက်ပေါ်လာပြီး ချန်လော့သည် သူ၏ ဝင်္ကပါ စွမ်းရည်များမှာ အဆက်မပြတ် တိုးတက်နေသည်ကို ခံစားခဲ့ရသည်။
သူသည် မူလက ပထမအဆင့် ဝင်္ကပါ အထွတ်အထိပ်တွင် ရှိပြီး ဒုတိယအဆင့် ကနဦးအဆင့်သို့ ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့၏။
အရင်က ထိုးဖောက်မဝင်ရောက်နိုင်ခဲ့ရခြင်းမှာ သူ၏ ကျင့်ကြံမှုအဆင့်သည် အခြေခံတည်ဆောက်ခြင်းအဆင့်သို့ မရောက်သေးလို့သာလျှင် ဖြစ်သည်။ အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်ရှိပြီးနောက်တွင်လည်း သူသည် တခြားကိစ္စများနှင့် အလုပ်များနေသဖြင့် အချိန်မရခဲ့ပေ။
လောချင်းယွီသည် စမ်းသပ်လေ့ကျင့်ရေးကွင်းသို့ မရောက်မီကတည်းက ဒုတိယအဆင့် ဝင်္ကပါဆရာနှင့် ပတ်သက်သည့် အချက်အလက်များကို ချန်လော့ထံသို့ လွှဲပြောင်းပေးထားပြီး ဖြစ်၏။
ချန်လော့သည် ကြည့်ရှုပြီးသွားပြီ ဖြစ်သော်လည်း ထိုအချိန်က သူသည် ဒုတိယအဆင့် ဝင်္ကပါဆရာအဖြစ် ထိုးဖောက်မဝင်ရောက်ဘဲ သိုင်းကွက်များကို အရင် ကျင့်ကြံရန် ရွေးချယ်ခဲ့သည်။
ယခုအခါ ၎င်းက ကောင်းမွန်သော အခွင့်အရေး တစ်ခု ဖြစ်သည်မှာ သိသာထင်ရှားလှ၏။
"ဒါပေမဲ့ ဒုတိယအဆင့် ဝင်္ကပါဆရာအဖြစ် ထိုးဖောက်ဝင်ရောက်ဖို့ အချိန်ဘယ်လောက် ကြာမလဲဆိုတာ ကိုယ့်ကိုယ်ကိုယ်တောင် မသေချာဘူး..."
ချန်လော့ စကားပြောနေစဉ် သူ၏ မျက်နှာပေါ်တွင် ကူကယ်ရာမဲ့သော အပြုံးတစ်ခု ဖြစ်ပေါ်လာ၏။
ထိုးဖောက်ဝင်ရောက်ခြင်း ဆိုသည်မှာ အတော်လေး နက်နဲသော အယူအဆ တစ်ခု ဖြစ်သည်။ ပထမအဆင့် အထွတ်အထိပ်နှင့် ဒုတိယအဆင့် ကနဦးအဆင့်ကြားတွင် ခြေတစ်လှမ်းသာ ကွာဟသော်လည်း…
ထိုခြေတစ်လှမ်းကို လှမ်းရန် အချိန်မည်မျှ ကြာမည်ကို ပြောရန် ခက်ခဲ၏။
အချို့လူများက မည်သည့် အတားအဆီးမျှ မရှိဘဲ ဖြတ်ကျော်သွားကြသည်။
သို့သော် အချို့လူများက နှစ်နှစ် သို့မဟုတ် သုံးနှစ် လိုအပ်၏။
အချို့လူများမှာမူ သူတို့၏ ဘဝတစ်လျှောက်လုံး ဤကွာဟချက်ကို မဖြတ်ကျော်နိုင်ကြပေ။
"စနစ်ကို ထည့်မတွက်ဘူးဆိုရင် ငါ့ရဲ့ ကိုယ်ပိုင် ပါရမီအရဆို ဆယ်နှစ်လောက် ကြာလိမ့်မယ်..."
ချန်လော့က ခါးသီးစွာ ပြုံးလိုက်သည်။ သူ၏ စကားများတွင် မိမိကိုယ်ကိုယ် နှိမ့်ချသည့် အရိပ်အယောင် အနည်းငယ် ပါဝင်နေသော်လည်း ဤသည်မှာ အမှန်တရားလည်း ဖြစ်၏။
သူ၏ ပါရမီသည် အမှန်တကယ်ပင် အားနည်းလှသည်။ ထိုသို့မဟုတ်ပါက ကောင်းကင်တာအို အခြေခံတည်ဆောက်ခြင်းကို အောင်မြင်စွာ တည်ဆောက်နိုင်ရန် အကြိမ် ၂၀၁ ကြိမ်တိုင်တိုင် ကြိုးစားခဲ့ရမည် မဟုတ်ချေ။
သို့သော် ယခု စနစ် ရှိနေပြီဖြစ်သဖြင့် အခြေအနေက ကွာခြားသွားပြီ ဖြစ်၏။
ဝင်္ကပါများ ဒါဇင်ပေါင်းများစွာကို ဆက်တိုက် တည်ဆောက်ပြီးနောက် ချန်လော့သည် အနည်းငယ် ပင်ပန်းလာသည်ကို ခံစားလိုက်ရသည်။
ထို့ကြောင့် သူသည် ရိုးရှင်းစွာပင် ရပ်တန့်လိုက်၏။
ဤအချိန်တွင် မြူခိုးလူသားက တစ်ခုခုကို အာရုံခံမိသွားပုံရပြီး ချန်လော့အပေါ်သို့ ဝင်္ကပါများ ဆက်တိုက် စတင် ရေးဆွဲတော့သည်။
အခန်းကဏ္ဍများ ပြောင်းလဲသွားပြီး ဤတစ်ကြိမ်တွင် ချန်လော့က ဝင်္ကပါများကို ဖျက်ဆီးရမည့်သူ ဖြစ်လာသည်။
"သင်သည် အခြား ဝင်္ကပါဆရာ တစ်ဦး ဝင်္ကပါ ရေးဆွဲနေသည်ကို မြင်တွေ့ခဲ့ရပြီး အဆတစ်ရာ တိုးပွားခြင်းအပြီးတွင် ၎င်းက ဝင်္ကပါ တစ်ရာ ရေးဆွဲသည်ကို မြင်တွေ့ခဲ့ရသည်"
"သင်သည် ဝင်္ကပါနှင့် ပတ်သက်သည့် ထိုးထွင်းသိမြင်မှု များစွာကို ရရှိခဲ့သည်"
"သင်သည် သတ်ဖြတ်ခြင်း ဝင်္ကပါ တစ်ခုကို ဖျက်ဆီးခဲ့ပြီး အဆတစ်ရာ တိုးပွားခြင်းအပြီးတွင် သတ်ဖြတ်ခြင်း ဝင်္ကပါ တစ်ရာကို ဖျက်ဆီးခဲ့သည်"
"သင်၏ ဝင်္ကပါဆရာ စွမ်းရည်များ အလွန် မြင့်မားလာပါသည်"
…
စနစ်၏ အသံက ချန်လော့၏ စိတ်ထဲတွင် ဆက်လက် ပဲ့တင်ထပ်နေ၏။
ချန်လော့ကိုယ်တိုင်ကလည်း ဒုတိယအဆင့် ဝင်္ကပါဆရာ ဖြစ်လာရန် ပိုမို နီးကပ်လာပြီဖြစ်ကြောင်း ရေးတေးတေး ခံစားလိုက်ရသည်။