အခန်း (၆၃-၆၄)
Vol. 7 Ch. 63-64
အခန်း (၆၃) လျှော့ဈေး
ချန်လော့သည် ဆဲရေးတိုင်းထွာရင်းနှင့် အလောင်းတစ်လောင်းချင်းစီကို စမ်းသပ်ကြည့်လိုက်သည်။
နောက်ဆုံးတွင် သူ၏ ဗလာဖြစ်နေသော လက်များကို ကြည့်ရင်း ဝမ်းနည်းပူဆွေးနေလေ၏။
"တိရစ္ဆာန်ကောင်တွေ... မိစ္ဆာဂိုဏ်းက ကောင်တွေ အားလုံး တိရစ္ဆာန်တွေပဲ..."
ဘေးတွင် ရပ်နေသော ကျောက်မန်မှာ ဆွံ့အစွာဖြင့် ချန်လော့ကို ကြည့်နေသည်။
တခြားသူတွေကို တိရစ္ဆာန်လို့ ခေါ်ရဲသေးတယ်ပေါ့... ရှင်ကိုယ်တိုင်က အကြီးမားဆုံး တိရစ္ဆာန်ပဲ…
"သွားကြမယ်... အဖြူရောင် မြအိုင်ဆီ သွားကြတာပေါ့..." ချန်လော့သည် ဝမ်းနည်းပူဆွေးနေသည့် အမူအရာဖြင့် ပြောလိုက်သည်။
ကျောက်မန်သည် ဘူးသီးခြောက် ပေါ်သို့ တက်လိုက်ပြီး ချန်လော့ကလည်း ၎င်းပေါ်သို့ ခုန်တက်လိုက်သည်။
ခရီးစဉ်တစ်လျှောက်လုံးတွင် ချန်လော့သည် အမြဲမပျက် ညည်းတွားနေခဲ့ပြီး ၊ ရှင်သန်လိုသည့် မျှော်လင့်ချက် တစ်စက်ကလေးမှ မကျန်တော့သည့် သေလူတစ်ယောက်လိုပင်။
"ဟူး..." ချန်လော့သည် နောက်ထပ် သက်ပြင်း တစ်ချက် ချလိုက်ပြန်သည်။
"သက်ပြင်းချတာလေး ရပ်ပေးလို့ ရမလား... ကျွန်မ ကြားရတာ နားပူနေပြီ..."
ချန်လော့ ဘာမှ ထပ်မပြောတော့ပေ။
အတန်ကြာသောအခါ သူသည် သစ်သီးတစ်လုံး ထုတ်ယူ၍ ကျောက်မန်ထံသို့ ကမ်းပေးလိုက်၏။
ကျောက်မန်သည် ချန်လော့ကို အံ့အားသင့်စွာဖြင့် ကြည့်လိုက်သော်လည်း ၊ သူ၏ ဝမ်းနည်းပူဆွေးနေသည့် အမူအရာကိုသာ တွေ့လိုက်ရသည်။
"မင်း ပြောတာ မှန်ပါတယ်... အတိတ်က ဝမ်းနည်းစရာတွေ အပေါ်မှာ ငါ သိပ်ပြီး အချိန်ကုန်မခံသင့်ဘူး..."
ချန်လော့၏ အမူအရာကို မြင်ပြီး ကျောက်မန်သည် တစ်ခဏမျှ ချီတုံချတုံ ဖြစ်သွားပြီးမှ သစ်သီးကို ယူ၍ တစ်ကိုက် ကိုက်စားလိုက်သည်။
ကျောက်မန် မမြင်လိုက်သည်မှာ သစ်သီးကို ယူလိုက်ကတည်းက ချန်လော့သည် သူမကို အကဲခတ်နေခဲ့ခြင်းပင် ဖြစ်သည်။
ကျောက်မန်သည် သစ်သီးတစ်လုံးကို စားပြီးနောက် အစေ့ကို လွှင့်ပစ်လိုက်သည်အထိ မည်သည့် ရောဂါလက္ခဏာမျှ မပြသည်ကို မြင်မှသာ ချန်လော့သည် နောက်ဆုံးတွင် စိတ်သက်သာရာရစွာ ဖြင့် သက်ပြင်းချလိုက်သည်။
"အဆိပ်မရှိဘူး... တော်သေးတာပေါ့..."
ထိုစကားကို ကြားသည်နှင့် ကျောက်မန်သည် ချန်လော့ထံသို့ ရုတ်တရက် လှည့်ကြည့်လိုက်၏။
"ဘာအဓိပ္ပာယ်လဲ... ရှင် ဒီအသီးကို အဆိပ်မြူစိမ့်မြေကနေ ခူးလာတာလား..."
သူမသည် ချန်လော့နှင့် အချိန်တိုင်း အတူရှိနေခဲ့ပြီး ချန်လော့ သစ်သီးခူးခဲ့သည်ကို တစ်ခါမှ မမြင်ဖူးခဲ့ချေ။
ချန်လော့သည် သူမ၏ အမြင်အာရုံမှ ပျောက်ကွယ်သွားခဲ့သည့် တစ်ခုတည်းသော အချိန်မှာ အဆိပ်မြူစိမ့်မြေ အတွင်းသို့ ဝင်ရောက်သွားချိန်သာ ဖြစ်သည်။
သို့သော် ချန်လော့က ချက်ချင်း ခေါင်းခါပြလိုက်၏။
"မဟုတ်ဘူး... အဆိပ်မြူစိမ့်မြေကနေ ခူးလာတဲ့ ဘယ်အရာကိုမှ ငါ မစားရဲဘူး..."
"အဲဒါဆို ဘာလို့ ဒီအသီးမှာ အဆိပ်ရှိတယ်လို့ ထင်နေရတာလဲ..." ကျောက်မန်က မေးလိုက်သည်။
"ဒီအသီးတွေကို အဆိပ်တောင်ထွတ်က ကောင်တွေက ငါ့ကို ပေးခဲ့တာ... တစ်ယောက်ယောက်က ငါ့အပေါ်မှာ အကြံအစည် ရှိနေမှာကို စိုးရိမ်လို့ မင်းကို အရင် စားခိုင်းကြည့်တာ..."
ထိုစကားကို ကြားသည်နှင့် ကျောက်မန်မှာ စကားတစ်ခွန်းမျှ မဟနိုင်တော့ချေ။
"ရှင် ဒီလောက်တောင် သတိထားဖို့ လိုလို့လား..."
"ဒါ့အပြင် ရှင်က အဆိပ်တောင်ထွတ်က တပည့်တွေနဲ့ ဘာမနှစ်မြို့စရာမှ ဖြစ်ခဲ့ပုံလည်း မရပါဘူး..."
သို့သော် ချန်လော့က ဤသည်ကို ကြားပြီးနောက် ခေါင်းခါပြလိုက်၏။
"ဒီတစ်ကြိမ် သူတို့ကို အဆိပ်တစ်ပင် ဝိညာဉ်ကျောက်တုံး ၁၀၀ နဲ့ ရောင်းခဲ့တယ်... စုစုပေါင်း အပင် ၂၀ ကျော် ရောင်းခဲ့ရတော့ စုစုပေါင်း ဝိညာဉ်ကျောက်တုံး ၂,၃၀၀ ရတယ်လေ..."
"ဒါပေမဲ့ သူတို့က ပွဲချင်းပြီး ဝိညာဉ်ကျောက်တုံး ၆၀၀ ပဲ ပေးခဲ့ပြီး ၁,၇၀၀ ကျန်နေသေးတယ်..."
"အကယ်၍ သူတို့က ငါ့ကို အဆိပ်ခတ်ပြီး အကြွေးတွေ ပြန်မဆပ်ဖို့ စီစဉ်နေခဲ့ရင် ဘယ်လိုလုပ်မလဲ..."
ချန်လော့၏ သုံးသပ်ချက်ကို နားထောင်ပြီးနောက် ကျောက်မန်မှာ စကားတစ်ခွန်းမျှ မဟနိုင်တော့ချေ။
သို့သော် ဒုတိယအကြိမ် ပြန်တွေးကြည့်သောအခါ ဝိညာဉ်ကျောက်တုံး ၁၇၀၀ ဆိုသည်မှာ အမှန်တကယ်ပင် နည်းသောပမာဏ မဟုတ်ချေ။
သူမသည် ချန်လော့ကို အဆိပ်မြူစိမ့်မြေသို့ စေလွှတ်၍ အဆိပ်ပုလဲကို သွားရောက်ယူဆောင်ခိုင်းခဲ့ရာတွင် ဝိညာဉ်ကျောက်တုံး ၁၂၀၀ မျှပင် ကုန်ကျခဲ့သည်။
"ဒါနဲ့... နင့်ဆီမှာ အဆိပ်တွေ ကျန်သေးလား..." ကျောက်မန်က ရုတ်တရက် မေးလိုက်သည်။
အဆိပ်မြူစိမ့်မြေရှိ အဆိပ်များ အားလုံးမှာ အမြင့်ဆုံး အရည်အသွေးများ ဖြစ်ကြပြီး အလွန်ပင် ရှားပါးသည်။
သူမသည် အနည်းငယ် ဝယ်ယူ သိမ်းဆည်းထားရန် စီစဉ်ထားပြီး ဆရာ့အတွက်လည်း နှစ်ပင်ခန့် ဝယ်ယူသွားမည် ဖြစ်သည်။
"နောက်ထပ် ဆယ်ပင်လောက် ကျန်သေးတယ်... ဘာလဲ မင်း ဝယ်ချင်လို့လား..."
"မင်း ဝယ်ချင်တယ်ဆိုရင် ငါတို့က သူငယ်ချင်းကောင်းတွေ ဆိုတော့ အစ်ကိုကြီးက မင်းကို ၁ ရာခိုင်နှုန်း လျှော့ပေးပါ့မယ်..."
"တစ်ပင်ကို ကိုးဆယ့်ကိုးကျပ်ပဲ ထားလိုက်..."
ထိုစကားကို ကြားသည်နှင့် ကျောက်မန်မှာ စကားတစ်ခွန်းမျှ မဟနိုင်တော့ချေ။
"ရှင်က လျှော့ဈေး ပေးတာ တကယ် ကျွမ်းတာပဲ..."
သို့သော် အတန်ကြာ စဉ်းစားပြီးနောက် သူမက ပြောလိုက်၏။
"ကျွန်မ တကယ် ဝယ်ချင်လို့ပါ... လျှော့ဈေး နည်းနည်းလောက် ထပ်ပေးလို့ ရမလား..."
ကျောက်မန်၏ ရိုးသားသော အမူအရာကို မြင်ပြီးနောက် ချန်လော့က အချိန်အတော်ကြာ စဉ်းစားလိုက်သည်။
"ကောင်းပြီ... ကောင်းပြီ... ၁၀ ရာခိုင်နှုန်း လျှော့ပေးမယ်... တစ်ပင်ကို ဝိညာဉ်ကျောက်တုံး ၉၀ ထားလိုက်..."
ထိုသို့ ပြောနေစဉ်မှာပင်၊ ချန်လော့၏ အမူအရာတွင် အလွန်တရာ ခက်ခဲသော ဆုံးဖြတ်ချက်ကို ချလိုက်ရသကဲ့သို့ နာကျင်ကြေကွဲမှု အရိပ်အယောင်များ ထင်ဟပ်နေလေ၏။
"၈၀... ၈၀ ထားပါ... ကျွန်မ နည်းနည်း ပိုဝယ်မယ်..." ကျောက်မန်က ဆက်လက် ဈေးဆစ်လိုက်သည်။
သို့သော် ချန်လော့က ချက်ချင်း ခေါင်းခါပြလိုက်၏။
"ငါ ဒီအဆိပ်တွေကို စုဆောင်းဖို့ ဘယ်လောက်တောင် အားထုတ်ခဲ့ရလဲဆိုတာ မင်း သိလား..."
"အဲဒါက အဆိပ်မြူစိမ့်မြေရဲ့ အတွင်းပိုင်းနော်... ဆေးစွမ်းက ဘယ်လောက် ပြင်းထန်လဲဆိုတာ မင်း သိရဲ့လား..."
"အဲဒီကို ရောက်ဖို့တင် မိနစ်သုံးဆယ် ကြာတယ်... ငါ အဲဒီကို လမ်းလျှောက်သွားဖို့ ဘယ်လောက်တောင် ခက်ခဲခဲ့လဲဆိုတာ မင်း သိရဲ့လား..."
"ငါ အသက်စွန့်ပြီး ဒီအဆိပ်ကို ယူခဲ့ရတာ... ငါ့အပေါ် ဒီလိုမျိုး ဆက်ဆံရက်တယ်ပေါ့..."
"မင်းက ဈေးလျှော့ဖို့ ကြိုးစားနေတာ မဟုတ်ဘူး... ငါ့ရဲ့ သွေးထွက်အောင် ရှာထားတဲ့ ပိုက်ဆံတွေကို ညှစ်ယူနေတာပဲ..."
ချန်လော့၏ သနားစရာကောင်းသော ငိုကြွေးသံများကို ရင်ဆိုင်ရသဖြင့် ကျောက်မန်မှာ နောက်တစ်ကြိမ် စကားတစ်ခွန်းမျှ မဟနိုင်တော့ချေ။
သို့သော်လည်း သူမသည် ဈေးလျှော့ရန် လက်မလျှော့ဘဲ ဆက်လက် ဖိအားပေးခဲ့သည်။
"ရှင် ထွက်သွားတုန်းက ကျွန်မရဲ့ အဆိပ်ကာကွယ်ရေး ဆေးလုံး နှစ်လုံးကို ယူသွားတယ် မဟုတ်လား...”
"ပြီးတော့ ကျွန်မတို့ စမ်းသပ်လေ့ကျင့်ရေးကွင်းထဲ ဝင်ကတည်းက ကျွန်မ ရှင့်ကို ကျောပိုးပြီး ခေါ်လာပေးခဲ့ရတာလေ..."
"ရှင့်အတွက် အဆိပ်စမ်းသပ်တဲ့ ကြွက်ဖြူလေးတောင် ဖြစ်ပေးခဲ့သေးတယ်... ရှင့်အတွက် အဆိပ်စမ်းသပ်ပေးတာ တစ်ကြိမ်မကဘူးနော်..."
ကျောက်မန်က သူမ၏ ပါဝင်ကူညီမှုများကို တစ်ခုပြီးတစ်ခု ရေရွတ်ပြလာသဖြင့် ချန်လော့၏ မျက်နှာတွင် ရှက်ရွံ့သည့် အရိပ်အယောင်အချို့ ဖြစ်ပေါ်လာသည်။
သို့သော် အတန်ကြာသောအခါ ချန်လော့က တဖြည်းဖြည်း ပြန်ဖြေလိုက်၏။
"အင်း... ငါလည်း မင်းအတွက် အဆိပ်ပုလဲ ယူပေးခဲ့တယ် မဟုတ်လား..."
ထိုစကားကို ကြားသည်နှင့် ကျောက်မန်မှာ ထိုနေရာတွင်ပင် ချန်လော့ကို ဆောင့်ကန်မတတ် ဖြစ်သွားသည်။
"အဆိပ်ပုလဲ ယူပေးတယ် ဟုတ်လား... အဲဒါဆိုရင် အဲဒီ ဝိညာဉ်ကျောက်တုံး ၁၂၀၀ အကြွေးကို ငါ့စာရင်းထဲကနေ ဖျက်ပစ်လိုက်တော့လေ..."
"အဟမ်း..." ချန်လော့က ချောင်းတစ်ချက် ဟန့်လိုက်၏။
"အဲဒီ ဝိညာဉ်ကျောက်တုံး ၁၂၀၀ က ငါရဲ့ ကြိုးစားအားထုတ်မှုတွေကို အသိအမှတ်ပြုတဲ့ အနေနဲ့ ပေးတာလေ..."
"မဟုတ်ရင် ငါ့ရဲ့ ပုံမှန် ပွဲထွက်ခအရဆို အနည်းဆုံး ဝိညာဉ်ကျောက်တုံး ၂,၀၀၀ ပဲ..."
ထိုစကားကို ကြားသည်နှင့် ကျောက်မန်က ဘူးသီးခြောက် ကို ရုတ်တရက် ရပ်တန့်လိုက်ပြီး အော်ဟစ်လိုက်သည်။
"ဒီကနေ ထွက်သွားစမ်း... အခုကစပြီး ကျွန်မတို့ လမ်းခွဲပြီးသွားကြမယ်..."
"ပြန်ရောက်ရင် အဲဒီ ဝိညာဉ်ကျောက်တုံး ၁၂၀၀ ကို ဆရာ့ကို ပေးခိုင်းလိုက်မယ်..."
ကျောက်မန်မှ နောက်ဆုံး ရာဇသံ ပေးလိုက်ပြီဖြစ်ကြောင်း မြင်တွေ့လိုက်ရသဖြင့် ချန်လော့သည် တစ်ခဏမျှ ချီတုံချတုံ ဖြစ်သွားပြီး သူမကို ကြည့်လိုက်၏။
"၈၅ ထားပါ... အဲဒါ အနိမ့်ဆုံး ဈေးပဲ... ဒီထက် ပိုလျှော့လို့ မရတော့ဘူး..."
"၈၂ ထား... အဲဒါ အမြင့်ဆုံး ဈေးပဲ... အဆင်မပြေရင် ဆင်းသွား..."
"ကောင်းပြီ... အဲဒါဆို ၈၂ ပဲ ထားလိုက်... မင်း ဘယ်လောက် လိုချင်လဲ..."
သွားလာရေးယာဉ် တစ်ခုသည် ဝိညာဉ်ကျောက်တုံး ဆယ်တုံးခန့် တန်ဖိုးထက် ပို၍ အဖိုးတန်သည်ဟု ခံစားရသောကြောင့် ချန်လော့သည် နောက်ဆုံးတွင် အလျှော့ပေးရန် ရွေးချယ်လိုက်သည်။
"ငါ ၁၀ ပင် လိုချင်တယ်... နေဦး... ၈ ပင်ပဲ ယူမယ်..." ကျောက်မန်သည် တစ်ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်သည်။
သူမသည် ဤအဆိပ်များ အားလုံးကို သူမဘာသာ ဝယ်ယူခဲ့ခြင်း ဖြစ်သဖြင့် သေချာပေါက် ကိုယ်တိုင် ပေးချေရမည် ဖြစ်သည်။
သူမကိုယ်တိုင်တွင် ထိုမျှလောက် ငွေကြေး မရှိသော်လည်း သူမ၏ မိသားစုထံမှ ငွေကြေးလှမ်းတောင်းနိုင်သည်။
"၈ ပင်ဆိုတော့ တစ်ပင်ကို ၈၂ နဲ့ စုစုပေါင်း ၆၅၆ ဖြစ်မယ်... မင်းအတွက် အလုံးလိုက် ၆၆၀ ထားပေးလိုက်မယ်..."
ကျောက်မန် : "..."
သို့သော် ဝိညာဉ်ကျောက်တုံး ၄ တုံးသာ ကွာခြားသဖြင့် သူမသည် ချန်လော့နှင့် ထပ်မံ ငြင်းခုံမနေတော့ပေ။
ချန်လော့သည် အဆိပ်ပင် ရှစ်ပင်ကို ထုတ်ယူ၍ ကျောက်မန်ထံသို့ ကမ်းပေးလိုက်၏။
ဝိညာဉ်ကျောက်တုံးများကို စမ်းသပ်လေ့ကျင့်ရေးကွင်းမှ ထွက်ခွာပြီးနောက်မှသာ ကျောက်မန်သည် ချန်လော့ထံသို့ ပေးချေမည် ဖြစ်သည်။
သို့သော် ချန်လော့သည် ဤအကြောင်းနှင့်ပတ်သတ်၍ စိတ်ထဲမထားချေ။ ကျောက်မန်တွင် ဝိညာဉ်ကျောက်တုံး သိပ်မရှိကြောင်းကို သူ သိထား၏။
မည်သို့ပင်ဆိုစေကာမူ စမ်းသပ်လေ့ကျင့်ရေးကွင်းထဲတွင် ဝိညာဉ်ကျောက်တုံး သုံးစရာ နေရာ သိပ်မရှိချေ။
အဆတစ်ရာ တိုးပွားခြင်း စနစ်ကို အသက်သွင်းရန် ဝိညာဉ်ကျောက်တုံး ၁၀၀ လိုအပ်သော သူ့အခြေအနေလို မဟုတ်ပေ။ အကယ်၍ သူ၏လက်ထဲ၌ ဝိညာဉ်ကျောက်တုံးများသာ မရှိပါက သူ၏လှည့်ကွက်များနှင့် စနစ်၏ အစွမ်းများကို ထုတ်ဖော်နိုင်စွမ်း ရှိတော့မည် မဟုတ်ပေ။
အဆိပ်များကို သိမ်းဆည်းပြီးနောက် ကျောက်မန်သည် ချန်လော့နှင့်အတူ အဖြူရောင် မြအိုင်ဆီသို့ ပျံသန်းသွားတော့သည်။
ချန်လော့ကို မိမိနှင့်အတူ ခေါ်လာခြင်းက ထင်သလောက် မဆိုးကြောင်းကို ခံစားမိကာ ၊အနည်းဆုံးတော့ သူမသည် တစ်ခါတစ်ရံတွင် အခွင့်အရေး အသေးစားလေးများ ရနိုင်သေးသည်။
ဤအချိန်တွင် ချန်လော့မှာ နှလုံးကွဲကြေမတတ် ဖြစ်နေလေ၏။
"အဆိပ်ပင် ရှစ်ပင်... တစ်ပင်ကို ဝိညာဉ်ကျောက်တုံး ၁၈ တုံး ဈေးလျှော့ပေးလိုက်ရတော့ ရှစ်ပင်ဆိုရင် ဝိညာဉ်ကျောက်တုံး ၁၄၄ တုံးတောင် ဖြစ်သွားပြီ..."
"အဲဒါက တိုးပွားခြင်း စနစ်ကို တစ်ကြိမ် အသက်သွင်းဖို့ လုံလောက်တယ်... တော်တော် နှမြောစရာ ကောင်းတာပဲ..."
"မဖြစ်ဘူး... ငါ ပြန်ရောက်ရင် ပျံသန်းနိုင်တဲ့ မှော်လက်နက် တစ်ခုရအောင် နည်းလမ်း ရှာရမယ်..."
အခန်း (၆၄) အမြတ်အစွန်းကသာ အဓိက
နှစ်ရက်ဆက်တိုက် ပျံသန်းပြီးနောက် ချန်လော့နှင့် ကျောက်မန်တို့သည် အဖြူရောင် မြအိုင်သို့ ရောက်ရှိလာကြသည်။
"တိတ်ဆိတ်" နေသော ကျောက်စိမ်းရောင် သစ်ပင်နှင့် နှိုင်းယှဉ်ပါက ၊ အဖြူရောင် မြအိုင်က များစွာ ပို၍ စည်ကားသည်။
ထိုနေရာတွင် မတ်တတ်ရပ်၍ ကြည့်ရှုနေသော တပည့်များမှာ အနည်းဆုံး သုံးဆယ် သို့မဟုတ် လေးဆယ်ခန့် ရှိနေပြီး ၊ အတော်လေး စည်ကားလျက် ရှိသည်။
အဖြူရောင် မြူခိုးများ ဖုံးလွှမ်းနေသော ရေကန်ပေါ်တွင် ပွင့်လန်းနေသော ကြာပန်းများနှင့်တူသည့် တရားထိုင်ဖျာ အချို့က ရေပြင်ပေါ်တွင် ပေါလောပေါ်နေကြ၏။
ထိုအပေါ်တွင် တပည့်အချို့က တင်ပျဉ်ခွေထိုင်၍ တရားမှတ်နေကြပုံရသည်။
အဖြူရောင် မြအိုင်အတွင်းရှိ သူတို့ကို ဝန်းရံထားသော အဖြူရောင် မြူခိုးများသည် သူတို့၏ အသွင်အပြင်ကို ထူးခြားစေကာ၊ လောကီနှင့် ကင်းကွာနေသည့် နတ်ဘုရားတစ်ပါး၏ အသွင်အပြင်မျိုး ကို ပေးစွမ်းနေသည်။
“သူတို့ ဘာတွေ လုပ်နေကြတာလဲ…”
"အပေါ်မှာ ကျင့်ကြံရင် ဘာအကျိုးကျေးဇူးတွေ ရနိုင်လဲ..." ကျောက်မန်က မေးလိုက်သည်။
ဤသည်က သူမ၏ ပထမဆုံး စမ်းသပ်လေ့ကျင့်ရေးကွင်း ခရီးစဉ်ဖြစ်ပြီး ၊ သူမ ဂိုဏ်းသို့ ဝင်ရောက်ခဲ့သည်မှာလည်း သိပ်မကြာသေးသဖြင့် စမ်းသပ်လေ့ကျင့်ရေးကွင်း အကြောင်းနှင့် ပတ်သတ်၍ သိပ်မသိထားချေ။
အဆိပ်မြူစိမ့်မြေနှင့် သင်္ချိုင်းမြေတို့မှာ ဆရာဖြစ်သူက သူမအား သွားရန် စေခိုင်းခဲ့သော နေရာများ ဖြစ်သည်။ သို့မဟုတ်ပါက သူမသည် ထိုနေရာများအကြောင်းကိုပင် သိမည်မဟုတ်ပေ။
ချန်လော့ကလည်း သူမကဲ့သို့ပင် မကြာသေးမီကမှ ဂိုဏ်းသို့ ဝင်ရောက်ခဲ့သူ ဖြစ်သည်။
သို့သော် ချန်လော့သည် အဖြူရောင် မြအိုင်သို့ လာရန် တောင်းဆိုခဲ့ခြင်းက သူသည် ဤနေရာနှင့်ပတ်သတ်သော အသိပညာ အချို့ရှိကြောင်း ညွှန်ပြနေသည်။
ချန်လော့သည် အဖြူရောင် မြအိုင်နှင့် ထို "ကြာပလ္လင်များ" ကို တစ်ချက် ကြည့်လိုက်ပြီးနောက် သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။
"အဲဒါတွေက စမ်းသပ်မှုတွေလေ..." သူက ပြန်ဖြေလိုက်သည်။
"စမ်းသပ်မှု..."
ကျောက်မန်သည် တစ်ခဏမျှ ဆွံ့အသွားပြီး သူမ၏မျက်နှာပေါ်တွင် နားမလည်နိုင်သည့် အမူအရာတစ်ခု ဖြစ်ပေါ်လာသည်။
"ဒီစမ်းသပ်လေ့ကျင့်ရေးကွင်းနဲ့ ပတ်သက်တဲ့ အကြီးမားဆုံး အခွင့်အရေးပဲ..."
ချန်လော့က ပြောလိုက်၏။ သူသည် ဤအကြောင်းများ အားလုံးကို လောချင်းယွီထံမှ ကြားခဲ့ရခြင်း ဖြစ်သည်။
"ဒဏ္ဍာရီတွေအရ လွန်ခဲ့တဲ့ နှစ်တစ်ထောင်က ချန်ရှင်းဂိုဏ်းကို တည်ထောင်ပြီး မကြာခင်မှာပဲ ဘိုးဘေးကြီးက ဝိညာဉ်ပြောင်းလဲခြင်း အထွတ်အထိပ်အဆင့်ကို ရောက်ရှိသွားပြီး နန်ချန်တိုက်ကြီးကနေ ထွက်ခွာကာ တခြားနေရာမှာ ထိုးဖောက်ဝင်ရောက်ဖို့ အခွင့်အရေး ရှာဖွေဖို့ ဆုံးဖြတ်ခဲ့တယ်တဲ့..."
"ဒါပေမဲ့ အဲဒီအချိန်က ဂိုဏ်းက တည်ထောင်တာ သိပ်မကြာသေးဘူး... အခြေခံအုတ်မြစ်က မခိုင်မာသေးသလို အင်အားကလည်း သာမန်ပဲ ရှိသေးတယ်... ဘိုးဘေးကြီးက သူ ထွက်သွားပြီးရင် ဂိုဏ်းက သိပ်မခံဘဲ လောကကြီးထဲကနေ ပျောက်ကွယ်သွားမှာကို စိုးရိမ်ခဲ့တယ်..."
"ဒါကြောင့် သူ တည်ထောင်ခဲ့တဲ့ ဂိုဏ်းကို ထိန်းသိမ်းဖို့အတွက် ဘိုးဘေးက မြေမျက်နှာသွင်ပြင်ကို အခြေခံပြီး ပဉ္စမအဆင့် ဝင်္ကပါကို အထောက်အကူပြုအနေနဲ့ အသုံးပြုခဲ့တယ်... မိုင်တစ်ရာ ပတ်လည်မှာရှိတဲ့ နယ်မြေတစ်ခုလုံးကို သန့်စင်ပြီးတော့ သူ့ရဲ့ နတ်ဝိညာဉ် ကနဦးအဆင့် သားရဲအိမ်မွေးတိရစ္ဆာန် တစ်ကောင်ကို ဖိနှိပ်ထားဖို့ အသုံးပြုခဲ့တယ်... အဲဒီတော့မှ ငါတို့ အခုရောက်နေတဲ့ စမ်းသပ်လေ့ကျင့်ရေးကွင်း ဆိုပြီး ဖြစ်လာတာပဲ..."
"ပြီးတော့ သူ ငယ်ငယ်က နေရာအနှံ့အပြားကနေ ရရှိခဲ့တဲ့ ကောင်းကင်နဲ့ မြေကြီး ရတနာတွေ၊ မှော်လက်နက်တွေ အများကြီးကို မျှဝေခဲ့တယ်... တပည့်တွေအတွက် အခွင့်အရေးတစ်ခု ဖန်တီးပေးဖို့ ဆေးဖက်ဝင်အပင်တွေကို အထဲမှာ ထည့်သွင်းခဲ့တယ်... ပြီးတော့ ဝိညာဉ်ကြောကို ဖမ်းယူတယ်၊ ဝိညာဉ်စမ်းပေါက်ကို မွေးမြူတယ်၊ နတ်သစ်ပင်ကို စိုက်ပျိုးတယ်၊ ပြီးတော့ နတ်သားရဲကို မွေးမြူခဲ့တယ်... လုပ်ငန်းစဉ် တစ်ခုလုံးက နှစ်ပေါင်း နှစ်ရာ ကြာမြင့်ခဲ့ပြီး ဘိုးဘေးကြီးရဲ့ မရေမတွက်နိုင်တဲ့ ကြိုးပမ်းအားထုတ်မှုတွေ ပါဝင်နေတယ်..."
"ငါတို့ အရင်က သွားခဲ့တဲ့ မြေအောက်ရေပူစမ်း၊ အဆိပ်မြူစိမ့်မြေနဲ့ ကျောက်စိမ်းသစ်ပင် အပါအဝင် အခု အဖြူရောင် မြအိုင် ဆိုတဲ့ နေရာတွေ အားလုံးက ဘိုးဘေးကြီးက ချန်ရစ်ခဲ့တဲ့ အခွင့်အရေးတွေနဲ့ အရင်းအမြစ်တွေချည်းပဲ..."
ဤနေရာသို့ ရောက်သောအခါ ချန်လော့သည် တစ်စုံတစ်ခုကို စဉ်းစားမိသွားပုံရသည်။ ထို့နောက် သူက ဆက်ပြောလိုက်၏။
"ဒါပေမဲ့ တိတိကျကျ ပြောရရင် ငါတို့ အရင်က သွားခဲ့တဲ့ နေရာတွေကို အခွင့်အရေးတွေလို့ မခေါ်နိုင်ဘဲ ကျင့်ကြံရေး အရင်းအမြစ်တွေလို့ပဲ ခေါ်နိုင်တယ်..."
"စမ်းသပ်လေ့ကျင့်ရေးကွင်းက နှစ်ပေါင်း တစ်ထောင်ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး ငါးနှစ်တစ်ကြိမ် ဖွင့်လှစ်တယ်... အဲဒါက တပည့် အုပ်စုပေါင်း ရာနဲ့ချီကို ဆွဲဆောင်နိုင်ခဲ့ပြီး စုစုပေါင်း လူပေါင်း သောင်းနဲ့ချီ ရှိခဲ့ပြီ..."
"ဒါ့ကြောင့် စမ်းသပ်လေ့ကျင့်ရေးကွင်းထဲက အခွင့်အရေး ၉၉ ရာခိုင်နှုန်းကို ယခင်က လူတွေက ရှာဖွေတွေ့ရှိပြီး ရယူသွားခဲ့ကြပြီ... ဂိုဏ်းရဲ့ အကြီးအကဲတွေက မဖွင့်ခင်မှာ စမ်းသပ်လေ့ကျင့်ရေးကွင်းထဲကို အခွင့်အရေးသစ် အချို့ ထည့်သွင်းပေးပေမယ့် ဒီအကြီးအကဲတွေက သာမန်လူတွေပဲလေ... သူတို့ ပေးတဲ့ အခွင့်အရေးတွေက အများဆုံး ရှားပါး သိုင်းကွက် ဒါမှမဟုတ် ရှားပါး ဆေးလုံး တစ်လုံးလောက်ပဲ... ဘယ်လိုလုပ် ဘိုးဘေးကြီးပေးတဲ့အရာနဲ့ ယှဉ်နိုင်မှာလဲ..."
"မင်း ရှေ့မှာရှိတဲ့ အဖြူရောင် မြအိုင်က ဘိုးဘေး ကြီး ချန်ရစ်ခဲ့တဲ့ အခွင့်အရေးတွေထဲက တစ်ခုပဲ... အဲဒါကို စမ်းသပ်လေ့ကျင့်ရေးကွင်း စတင် ဖွင့်လှစ်တုန်းက ရှာဖွေတွေ့ရှိခဲ့ပေမယ့် ဘယ်တော့မှ ယူဆောင်မသွားနိုင်ခဲ့ဘူး..."
"နှစ်ထောင်ပေါင်းများစွာ အတွင်း စမ်းသပ်လေ့ကျင့်ရေးကွင်းတွေထဲမှာ ရယူဖို့ အခက်ခဲဆုံးနဲ့ အကြီးမားဆုံး အခွင့်အရေးအဖြစ် လူသိများတဲ့ ဒီအမွေအနှစ်ကို ဘယ်သူမှ မရရှိခဲ့ကြသေးဘူး..."
ချန်လော့၏ ဇာတ်လမ်းကို နားထောင်ပြီးနောက် ကျောက်မန်၏ မျက်လုံးများမှာ အရောင်လက်သွားသည်။
“နှစ်ပေါင်း တစ်ထောင်တိုင်တိုင် ဘယ်သူမှ မယူနိုင်ခဲ့ဘူး... ဒါက ဝိညာဉ်ပြောင်းလဲခြင်း အထွတ်အထိပ်အဆင့်ရှိတဲ့ ဘိုးဘေးကြီးချန်ရစ်ခဲ့တဲ့ အကြီးမားဆုံး အခွင့်အရေးပဲ…”
“အထဲမှာ ဘာတွေများ ရှိနေမလဲ…”
ချန်လော့သည် ကျောက်မန်ကို လှည့်ကြည့်လိုက်ပြီး တစ်ခဏမျှ တိတ်ဆိတ်နေပြီးနောက် တဖြည်းဖြည်း စကားစလိုက်သည်။
"အဲဒါက ဘိုးဘေးကြီးရဲ့ ကျောက်ကပ်ထဲက ကျောက်တည်နေတဲ့ ကျောက်တုံးတွေ ဖြစ်နိုင်တယ်..."
"ဟင်... ဒီလိုမျိုးကို အခွင့်အရေးလို့ သတ်မှတ်လို့ ရလား..."
ကျောက်မန်သည် ချန်လော့ကို နားမလည်နိုင်သည့် အမူအရာဖြင့် ကြည့်လိုက်သည်။
သို့သော် ချန်လော့၏ မျက်နှာပေါ်ရှိ အမူအရာကို မြင်ပြီးနောက် သူမသည် လှည့်စားခံလိုက်ရပြီဖြစ်ကြောင်း သဘောပေါက်သွားသည်။
"နှစ်ပေါင်း တစ်ထောင်တိုင်တိုင် ဘယ်သူမှ မရနိုင်ခဲ့တဲ့ အမွေအနှစ်လေ... ငါသာ အထဲမှာ ဘာရှိလဲဆိုတာ သိရင် ငါကိုယ်တိုင် ဘိုးဘေးကြီး ဖြစ်နေလောက်ပြီ..."
ထိုစကားကို ကြားသည်နှင့် ကျောက်မန်သည် ပြန်လည် ချေပချင်သော်လည်း မည်သို့ ပြောရမည်ကို မသိသဖြင့် ပါးစပ်ပိတ်ထားရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ချေ။
"ဒါဆို ရှင်က အခွင့်အရေး ရနိုင်မလားဆိုတာ ကြည့်ဖို့ ဒီနေရာကို လာခဲ့တာပေါ့..."
"ဘာလို့ မစမ်းကြည့်ရမှာလဲ... အဲဒါအတွက် ဘာမှ ကုန်ကျစရာ မရှိဘူး...”
ထိုသို့ပြောပြီးနောက် ချန်လော့သည် အချိန်မဖြုန်းတော့ပေ။ သူ၏ ရွေ့လျားမှု သိုင်းကွက်ကို အသုံးပြု၍ ရေပြင်ပေါ်တွင် ဖွဖွလေး နင်းကာ ကြာပန်းပုံစံ တရားထိုင်ခင်းတစ်ခုပေါ်သို့ ပျံသန်းသွားခဲ့သည်။
ထို့နောက် သူသည် တင်ပျဉ်ခွေ ထိုင်လိုက်သည်နှင့် ၊ ပတ်ဝန်းကျင်ရှိ အဖြူရောင် မြူခိုးများက သူ့ထံသို့ ပြေးဝင်လာကြသည်။
အဖြူရောင် မြအိုင်ပေါ်တွင် ကြာပန်းပုံစံ ပလ္လင်များစွာ ရှိပြီး ၊ စုစုပေါင်း ကိုးဆယ့်ကိုးခုအထိ ရှိ၏။
၎င်းတို့ပေါ်တွင် လူဆယ်ယောက်ခန့်သာ ထိုင်နေကြပြီး နေရာလွတ်များစွာ ကျန်ရှိနေသေးသည်။
အခြားသူများက အဖြူရောင် မြအိုင်၏ အစွန်းတွင် ရပ်ကာ အခြေအနေကို စောင့်ကြည့်နေကြသည်။
သူတို့ထဲမှ အချို့သည် မိမိတို့၌ အခွင့်အရေး မရှိသည်ဟု ခံစားရသဖြင့် သွားရောက်စမ်းသပ်ခြင်းမပြုဘဲ ကြည့်ရုံမျှသာ ကြည့်နေသည်။
အချို့ကမူ ရှုံးနိမ့်သွားခဲ့ပြီး ဘေးသို့ ဆုတ်ခွာသွားခဲ့ကြပြီ ဖြစ်သည်။
စင်မြင့်ပေါ်တွင် ချန်လော့၏ ထွက်ပေါ်လာမှုသည် ကြည့်ရှုနေသူများ၏ သိချင်စိတ်ကို ချက်ချင်း လှုံ့ဆော်ပေးနိုင်ခဲ့သည်။
"နောက်တစ်ယောက် ထပ်တက်သွားပြန်ပြီ..."
"သူ့ရဲ့ ဝတ်စုံကို ကြည့်ရတာ တိုက်ရိုက်တပည့် ဖြစ်ပုံရတယ်... ဒါပေမဲ့ သူ့ရဲ့ ဝတ်ရုံပေါ်က ပန်းထိုးထားတဲ့ ပုံက... ငါ တစ်ခါမှ မမြင်ဖူးသလိုပဲ..."
"ဒါမျိုး ငါ တစ်ခါမှ မမြင်ဖူးဘူး... တစ်ခြားလူ အဖြစ် ယောင်ဆောင်ထားတဲ့ အတွင်းဂိုဏ်းသား တစ်ယောက်များ ဖြစ်နေမလား..."
"ခဏလေး... သူ့ဝတ်ရုံပေါ်က ပန်းထိုးထားတဲ့ ပုံစံက အကြီးအကဲလောရဲ့ ပုံစံနဲ့ နည်းနည်း တူနေတယ်... အကြီးအကဲလောရဲ့ တပည့်အသစ်များ ဖြစ်နေမလား..."
တစ်စုံတစ်ယောက်က ချန်လော့၏ ဝတ်ရုံပေါ်ရှိ ပန်းထိုးထားသော ပုံစံကို မှတ်မိသွားသည်။ ၎င်းသည် ပွင့်ဖတ်သုံးခုသာ ပါရှိသော ထူးဆန်းသည့် ပန်းတစ်ပွင့်ဖြစ်သည်။
ဂိုဏ်းတစ်ခုလုံးတွင် လောချင်းယွီမှလွဲ၍ ချန်လော့ တစ်ယောက်သာ ဤကဲ့သို့ ပန်းထိုးထားသော ပုံစံပါသည့် အဝတ်အစားများကို ဝတ်ဆင်ခွင့် ရှိသည်။
"ဟုတ်လောက်တယ်... ဒါပေမဲ့ သူ့ကို တိုက်ရိုက်တပည့်လို့ ခေါ်ပေမယ့် သူ့ရဲ့ ကျင့်ကြံမှုအဆင့်က အခြေခံတည်ဆောက်ခြင်း ဒုတိယအဆင့် ဒါမှမဟုတ် တတိယအဆင့်လောက်ပဲ ရှိပုံရတယ်... သူ သိပ်အကြာကြီး တောင့်ခံနိုင်မှာ မဟုတ်ဘူးလို့ ငါ ထင်တယ်..."
"အဖြူရောင် မြအိုင်ရဲ့ တာအိုသုံးပါး စမ်းသပ်မှုက... ပါရမီ၊ နှလုံးသားကို မေးခွန်းထုတ်ခြင်း နဲ့ မိမိကိုယ်ကိုယ် စမ်းသပ်မှုပဲ.. ငါ ထင်တာတော့ သူက အများဆုံး ပထမ အဆင့်လောက်ပဲ အောင်မြင်နိုင်မယ်... ဒါမှမဟုတ် ပထမ အဆင့်မှာတင် ကျသွားနိုင်တယ်..."
"ချန်လော့နဲ့ ယှဉ်ရင် ဓားတောင်ထွတ်က ဂိုဏ်းတူအစ်ကို ယန်ချင်းလင်ကို ပိုပြီး မျှော်လင့်ချက် ထားတယ်..."
ထို့နောက် လူတိုင်း၏ အကြည့်များက တိုက်ရိုက်တပည့် ဝတ်ရုံကို ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးထံသို့ ရောက်ရှိသွားကြ၏။
ထိုတပည့်သည် ကြာပလ္လင်ပေါ်တွင် တင်ပျဉ်ခွေ ထိုင်နေပြီး သူ၏ မျက်နှာသွင်ပြင်က သူရဲကောင်းဆန်သော အငွေ့အသက်ကို ပြသနေသည်။ သူ၏ ရုပ်ရည်သည် ဆယ်ပုံတွင် ကိုးပုံခန့်က အတော်လေး ချောမောသည်။ ၎င်းသည် ဓားတောင်ထွတ်၏ အဝတ်အစားကို ဝတ်ဆင်ထားပြီး၊ ဤသည်မှာ တိုက်ရိုက်တပည့် တစ်ဦးသာ ဝတ်ဆင်ခွင့်ရှိသော ဓားပုံစံပါရှိသည့် ဝတ်ရုံပင် ဖြစ်သည်။
ဓားတောင်ထွတ်မှ တိုက်ရိုက်တပည့် ယန်ချင်းလင်မှာ ချန်လော့နှင့် ကျောက်မန်တို့မှလွဲ၍ ဤတစ်ကြိမ် စမ်းသပ်လေ့ကျင့်ရေးကွင်းသို့ ဝင်ရောက်လာသော တိုက်ရိုက်တပည့် သုံးဦးထဲမှ တစ်ဦး ဖြစ်သည်။
သို့သော် ချန်လော့၊ ကျောက်မန်တို့နှင့် မတူဘဲ ယန်ချင်းလင်သညိ လွန်ခဲ့သော နှစ်နှစ်ကတည်းက ဓားတောင်ထွတ် အကြီးအကဲ၏ တိုက်ရိုက်တပည့် ဖြစ်လာခဲ့ပြီး သူ၏ ကျင့်ကြံမှုအဆင့်သည် မကြာသေးမီကမှ အခြေခံတည်ဆောက်ခြင်း နဝမအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့၏။
ချန်လော့၊ ကျောက်မန်တို့နှင့် နှိုင်းယှဉ်ပါက၊ သူသည် ကံတရား၏ သားနှင့် ပိုတူပြီး ထို့ကြောင့် လူအများ၏ အာရုံစိုက်မှုကို များစွာ ရရှိနေခြင်း ဖြစ်သည်။
သို့သော် ချန်လော့သည် ထိုအရာများထဲမှ မည်သည့်အရာကိုမျှ ဂရုမစိုက်ပေ။
ဂုဏ်သတင်းက တကယ်ပဲ အရေးကြီးလို့လား... အားလုံးက ခဏတာပါပဲ... အမြတ်အစွန်းကသာ အဓိကပဲ…