← Chapters

အခန်း (၆၅-၆၆)

Vol. 7 Ch. 65-66

အခန်း (၆၅-၆၆)

Vol. 7 Ch. 65-66

အခန်း (၆၅) ဆုလာဘ်

သူသည် ထိုင်ချလိုက်ပြီး မကြာမီမှာပင် ချန်လော့၏ စိတ်ထဲတွင် သိုင်းကွက်တစ်ခုနှင့် ပတ်သက်သည့် အချက်အလက်များ ထွက်ပေါ်လာခဲ့သည်။

"ယင်ယန်လက်ညှိုး" - အခြေခံတည်ဆောက်ခြင်းအဆင့် သိုင်းကွက်၊ ကျွမ်းကျင်အဆင့်အထိ ကျင့်ကြံနိုင်မှသာ စမ်းသပ်မှုကို အောင်မြင်ရန် အရည်အချင်း ပြည့်မီမည်။ အချိန်ကန့်သတ်ချက် : သုံးရက်။

သူ့စိတ်ထဲတွင် ပေါ်လာသော အချက်အလက်များကို မြင်ပြီး ချန်လော့သည် ပြုံးလိုက်သည်။

"ကျွမ်းကျင်အဆင့်ကို ရောက်ဖို့ သုံးရက်တောင် လိုသေးတယ် ဟုတ်လား... အဲဒါက ငါ ချန်လော့ကို စော်ကားတာ မဟုတ်ဘူးလား..."

ထိုသို့ပြောပြီးနောက် ချန်လော့သည် စနစ်ကို တိုက်ရိုက်ဖွင့်၍ အဆ ၁၀၀ တိုးပွားခြင်းကို အသက်သွင်းလိုက်၏။

"အဆ ၁၀၀ တိုးပွားခြင်းကို အသက်သွင်းရန် ဝိညာဉ်ကျောက်တုံး ၁၀၀ ကုန်ကျပါမည်"

ထို့နောက် ချန်လော့သည် သူ့ စိတ်ထဲရှိ "ယင်ယန်လက်ညှိုး" ကို စတင် နားလည်သဘောပေါက်ရန် ကြိုးစားလိုက်သည်။

ဤသည်က အဖြူရောင် မြအိုင် စမ်းသပ်မှု သုံးခုအနက် ပထမဆုံးဖြစ်သော "ပါရမီ" ပင် ဖြစ်၏။

အမည်နှင့် လိုက်ဖက်စွာပင် သင့်၏ ပါရမီပေါ်တွင် မူတည်သည်။ သုံးရက်အတွင်း သင့်အဆင့်နှင့် ဆင်တူသော သိုင်းကွက်တစ်ခုကို ကျွမ်းကျင်အဆင့်အထိ ကျင့်ကြံနိုင်ပါက ပါရမီ ရှိသည်ဟု သတ်မှတ်ခံရမည် ဖြစ်သည်။

အကယ်၍ ဤအရာကိုမျှ မလုပ်နိုင်ပါက ပထမဆုံး အဆင့်မှာပင် ကျရှုံးမည် ဖြစ်သည်။

ကျန်ရှိနေသော စမ်းသပ်မှု နှစ်ခုမှာ "နှလုံးသားကို မေးခွန်းထုတ်ခြင်း" နှင့် "မိမိကိုယ်ကိုယ် စမ်းသပ်မှု" တို့ ဖြစ်ကြသည်။

"နှလုံးသားကို မေးခွန်းထုတ်ခြင်း" တွင် အိပ်မက်နှင့်တူသော အခြေအနေတစ်ခုသို့ ဝင်ရောက်ရပြီး သင့်လျော်သော ရွေးချယ်မှုများ ပြုလုပ်ရမည် ဖြစ်ကာ ၊ ဘိုးဘေးကြီး၏ နတ်ဝိညာဉ် အကြွင်းအကျန်က သင့်၏ အဖြေမှာ သင့်လျော်မှု ရှိ၊ မရှိကို ဆုံးဖြတ်ချက်ချမည် ဖြစ်သည်။

ပုံရိပ်ယောင်ထဲတွင် မည်သည့်အရာများ ပါဝင်ပြီး၊ မည်သို့ ရွေးချယ်ရမည် ဆိုသည်မှာ လူတစ်ဦးနှင့်တစ်ဦး မတူညီကြပေ။ စံသတ်မှတ်ထားသော အဖြေဟူ၍ မရှိဘဲ ကံကြမ္မာအပေါ်တွင်သာ မူတည်သည်။

“မိမိကိုယ်ကိုယ် စမ်းသပ်မှု” ဆိုသည်မှာ အဖြူရောင် မြအိုင်မှ မြူခိုးဖြူများကို အသုံးပြု၍ မိမိနှင့် တစ်ထပ်တည်းတူသော ပုံတူတစ်ဦး ဖန်တီးကာ မိမိကိုယ်ကိုယ် ပြန်လည် တိုက်ခိုက်ရမည် ဖြစ်သည်။

ထိုပုံတူကို အနိုင်ယူနိုင်သမျှ ကာလပတ်လုံး သင်သည် အောင်မြင်မှုကို ရရှိမည် ဖြစ်သည်။

ထို့နောက်တွင် အခြားစမ်းသပ်မှုများသည် မည်သို့မည်ပုံ ရှိလာမည်ကို ချန်လော့လည်း မသိသကဲ့သို့ အခြားသူများလည်း မသိကြချေ။

အဘယ်ကြောင့်ဆိုသော် နှစ်များတစ်လျှောက်လုံးတွင် ပါရမီရှိသော ကျင့်ကြံသူများပင်လျှင် တတိယမြောက် တာအိုစမ်းသပ်မှုကို အောင်မြင်စွာ မဖြတ်ကျော်နိုင်ခဲ့ကြသောကြောင့် ဖြစ်သည်။

ချန်လော့သည် ကြာပလ္လင်ပေါ်တွင် တင်ပျဉ်ခွေ ထိုင်၍ ကျင့်ကြံနေပြီး ၊ ကမ်းစပ်ရှိ ကျောက်မန်မှလွဲ၍ မည်သူထံမှ အာရုံစိုက်ခံရခြင်း မရှိသလောက်ပင် ။

လူအများစုက ချန်လော့အပေါ် တွင် အထင်မကြီးကြသော်လည်း ၊ သို့သော် ကျောက်မန်မှာ ကွာခြားသည်။ သူမသည် အခြားမည်သူ့ထက်မဆို ချန်လော့ကို ပို၍ အထင်ကြီး၏။

မည်သို့ပင်ဆိုစေကာမူ သူမသည် ချန်လော့၏ ဘေးတွင် တစ်လျှောက်လုံး ရှိနေခဲ့ပြီး ချန်လော့၏ အင်အားကို အခြားမည်သူ့ထက်မဆို ပို၍ ကောင်းစွာ သိရှိထားသည်။

ရွှေမြုတေအဆင့် တစ်ဝက်ရှိသော သားရဲကို သတ်ဖြတ်ခြင်း၊ အဆိပ်ပုလဲကို လုယူရန် အဆိပ်မြူစိမ့်မြေ အတွင်းသို့ တစ်ယောက်တည်း ဝင်ရောက်ခြင်းစသည့် လုပ်ရပ်များမှာ သာမန်လူများ လုပ်နိုင်စွမ်းထက် ကျော်လွန်နေသော စွမ်းဆောင်ရည်များပင် ဖြစ်သည်။

“၅၀ တည်းလား... မင်းက အတွင်းဂိုဏ်းသား တစ်ယောက် ဖြစ်ပြီးတော့ ဝိညာဉ်ကျောက်တုံး ၅၀ ပဲ ထုတ်လာတာလား... ဘယ်လိုလုပ် ဒီလောက်တောင် မျက်နှာပြောင်တိုက်နိုင်ရတာလဲ...”

“ငါက ဝိညာဉ်ကျောက်တုံး ၁၀၀... ဂိုဏ်းတူအစ်ကို ယန်ချင်းလင် ပထမ အဆင့်နှစ်ဆင့်ကို အောင်မြင်မယ်လို့ လောင်းကြေးထပ်တယ်...”

“ပြဿနာမရှိဘူး... ဒါပေမဲ့ ဂိုဏ်းတူအစ်ကိုယန်က တတိယအဆင့်ကို အောင်မြင်မယ်လို့ လောင်းကြေး ထပ်စေချင်တယ်... အဲဒီမှာက အလေး ပိုများတယ်...”

“မင်း ငါ့ကို အရူးလို့ ထင်နေတာလား... အလေးက များပေမယ့် ရှုံးဖို့ အလားအလာက ပိုများသေးတယ်...”

…

ကျောက်မန်သည် အသံလားရာဘက်သို့ လိုက်ကြည့်လိုက်ရာ တပည့်အချို့က ဝိညာဉ်ကျောက်တုံးများကို ကိုင်ဆောင်၍ အရောင်းအဝယ် တစ်ခုခု လုပ်နေကြသည်ကို မြင်လိုက်ရသည်။

“ရှင်တို့တွေ ဘာလုပ်နေကြတာလဲ...”

ကျောက်မန်၏ အသံကို ကြားသည်နှင့် ၊ လူတိုင်း လှည့်ကြည့်လာကြပြီး ကျောက်မန်သည် သူတို့ကို ရပ်ကြည့်နေသည်ကို တွေ့လိုက်ရသည်။

သို့သော် ထိုအုပ်စုသည် မည်သည့်အရာကိုမျှ ဖုံးကွယ်မထားကြပေ။ သူတို့ထဲမှ ဆေးတောင်ထွတ် အင်္ကျီကို ဝတ်ဆင်ထားသော အတွင်းဂိုဏ်းသား တစ်ဦးက တည့်တည့် လျှောက်လာ၏။

ထိုတပည့်ကို ကျောက်မန် သိသည်။ သူသည် ဆေးတောင်ထွတ် အကြီးအကဲ၏ မြေးဖြစ်သူ ကျန်းယွမ်ပင် ဖြစ်သည်။

“ဂိုဏ်းတူအစ်မကျောက်... အလောင်းအစား နည်းနည်းလုပ်ပြီး ကံစမ်းကြည့်မလား...”

ဤသည်ကို ကြားသောအခါ အခြားသူများ၏ ဆိုလိုရင်းကို ကျောက်မန် ချက်ချင်း နားလည်သွားသည်။

သူမသည် ၎င်းတို့နှင့် ပုံမှန်အားဖြင့် အဆက်အသွယ် မရှိသော်လည်း တစ်ချို့တစ်လေကို သိရှိထားသည်။

သို့သော် သူမ၏ သိုလှောင်အိတ်ကို စမ်းကြည့်ပြီးနောက် သူမ၏ မျက်နှာပေါ်တွင် ရှက်ရွံ့သည့် အမူအရာတစ်ခု ဖြစ်ပေါ်လာသည်။

သူမသည် ဤတစ်ကြိမ်တွင် ဝိညာဉ်ကျောက်တုံးများကို များများစားစား မယူလာခဲ့ဘဲ စုစုပေါင်း ဝိညာဉ်ကျောက်တုံး ၂၀ ခန့်သာ ရှိ၏။

“ဂိုဏ်းတူအစ်မ... ဘယ်လိုပဲဖြစ်ဖြစ် ဒါက ကံစမ်းမဲလေးပဲလေ... အပျော်သဘောလေး ဘာလို့ မစမ်းကြည့်ရမှာလဲ...”

ခြင်တစ်ကောင်လောက် သေးငယ်ရင်တောင် အသားဖြစ်သည်ဟူသော မူဝါဒကို ကိုင်စွဲထားသည့် ကျန်းယွမ်က ပြောလိုက်သည်။

ခဏတာ စဉ်းစားပြီးနောက် ကျောက်မန်က ခေါင်းညိတ်လိုက်သည်။

“အဲဒါဆို အလေးတွေကို ပြပါဦး...”

ထိုစကားကို ကြားသည်နှင့် ကျန်းယွမ်သည် သူ့လက်ထဲက အလေးဇယားကို လျင်မြန်စွာ ဖြန့်ပြလိုက်သည်။

၎င်းမှာ လူတိုင်း၏ အလေးများနှင့် အလောင်းအစားများကို မှတ်တမ်းတင်ထားသော မှော်လက်နက် တစ်ခုဖြစ်သည်။

အမြင့်ဆုံး အလောင်းအစားမှာ ယန်ချင်းလင်ပင် ဖြစ်သည်။

လူအများစုက သူသည် ဒုတိယအဆင့်ကို အောင်မြင်သွားလိမ့်မည်ဟုသာ လောင်းကြေးထပ်ထားကြသည်။အောင်မြင်ပါက၊ ဝိညာဉ်ကျောက်တုံး ၁၀၀၀ ကျော်အထိ ရရှိနိုင်သော်လည်း အလျော်အစားမှာမူ အနည်းဆုံးဖြစ်သည်။ ၁၀၀ လောင်းလျှင် ၂ တုံး၊ ၃ တုံးခန့်သာ ပြန်ရမည့် အခြေအနေမျိုးပင်။

ဒုတိယ ဈေးအမြင့်ဆုံးမှာ ပထမအဆင့်ကို အောင်မြင်ရန် လောင်းကြေးထပ်ခြင်းဖြစ်ပြီး ဝိညာဉ်ကျောက်တုံး ၈၀၀ ခန့် ကုန်ကျပေမည်။

ထို့အပြင် ယန်ချင်းလင်အား တတိယအဆင့်သို့ တိုက်ရိုက်အောင်မြင်သွားစေရန် လောင်းကြေးထပ်သူများလည်း ရှိရာ ၊ ယင်းအတွက် ကုန်ကျငွေမှာ ဝိညာဉ်ကျောက်တုံး ၃၀၀ ကျော်အထိ ရှိလေသည်။

"ဂိုဏ်းတူအစ်မကျောက်... ကျွန်တော် ရှင်းပြမယ်... အပေါ်မှာ စာရင်းသွင်းထားတဲ့ လူတစ်ယောက်ချင်းစီအတွက် လောင်းလို့ ရပေမယ့် တစ်ယောက်ကို တစ်ကြိမ်ပဲ ရမယ်..."

"ယန်ချင်းလင်ကို ဥပမာပေးရရင်... သူ ပထမအဆင့် အောင်မြင်မယ်လို့ အစ်မ လောင်းထားတယ်ဆိုပါစို့... သူ ပထမအဆင့် အောင်မြင်ရုံနဲ့ အစ်မ နိုင်တာ မဟုတ်ဘူး... သူ ဒုတိယအဆင့်ကို အောင်မြင်လားဆိုတာ ကြည့်ရဦးမယ်..."

"သူ ဒုတိယ စမ်းသပ်မှုကို မအောင်မြင်ဘူးဆိုရင် အစ်မ လောင်းတာ မှန်သွားပြီ... အကယ်၍ သူ အောင်မြင်သွားတယ်ဆိုရင်တော့ အစ်မ ရှုံးပြီပေါ့..."

"အကယ်၍ အစ်မက တတိယအဆင့်ကို အောင်မြင်မယ်လို့ လောင်းထားပေမယ့် ဂိုဏ်းတူအစ်ကိုယန်က ဒုတိယအဆင့်ကို အောင်မြင်ပြီး တတိယအဆင့်ကို ကျသွားမယ်ဆိုရင်လည်း အစ်မ ရှုံးမှာပဲ..."

ကျန်းယွမ်က ကျောက်မန်ကို သေချာစွာ ရှင်းပြလိုက်၏။

ကျောက်မန်သည် ခေါင်းညိတ်လိုက်ပြီး သူမ၏ အကြည့်များက တစ်ခုခုကို ရှာဖွေနေသည့်အလား အထက်သို့ အဆက်မပြတ် ကြည့်နေသည်။

မကြာမီ သူမ၏ အကြည့်များက ချန်လော့၏ အမည်ပေါ်သို့ ကျရောက်သွား၏။

"ချန်လော့... ပထမအဆင့် အောင်မြင်မည်၊ အလေး : ၁ မှ ၁.၁၅..."

"ဒုတိယအဆင့် အောင်မြင်မည်၊ အလေး ၁ မှ ၁.၃..."

"တတိယအဆင့် အောင်မြင်မည်၊ အလေး ၁ မှ ၅..."

"အခွင့်အရေး ရရှိမည်၊ အလေး ၁ မှ ၁၀၀..."

ဤ ၁ မှ ၁၀၀ အချိုးအစားကို မြင်ပြီး ကျောက်မန်မှာ အတော်လေး အံ့အားသင့်သွားရ၏။

"ဒီ ၁ မှ ၁၀၀ က မှန်ရဲ့လား..."

ကျန်းယွမ်သည် တစ်ခဏမျှ ရပ်တန့်သွားပြီး ကျောက်မန် ညွှန်ပြနေသော နေရာကို ကြည့်လိုက်သည်။ ၎င်းမှာ ချန်လော့ အခွင့်အရေး ရရှိနိုင်မည့် လောင်းကြေးအချိုးအစား ဖြစ်သည်။

ဤသည်ကို မြင်သောအခါ ကျန်းယွမ် က ချက်ချင်း ပြုံးလိုက်သည်။

"ဒါက လှည့်ကွက်လေး တစ်ခုပါပဲ... အလေးက များပုံရပေမယ့် အခြေခံအားဖြင့် ဘယ်သူမှ ဝယ်မှာ မဟုတ်ဘူး..."

"ဂိုဏ်းတူအစ်မ... တခြားလူတွေကို ကြည့်လိုက်ပါဦး... သူတို့က အခြေခံအားဖြင့် အလေးတွေ အတူတူပဲ... ၁ မှ ၉၀၊ ၁ မှ ၈၀၊ ၁ မှ ၁၂၀ ပေါ့..."

"စမ်းသပ်လေ့ကျင့်ရေးကွင်း စတင်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာ အတွင်းမှာ တစ်ယောက်မှ အဖြူရောင် မြအိုင်ရဲ့ တတိယအဆင့်ကိုတောင် မအောင်မြင်ခဲ့ကြဘူး... အခွင့်အရေး ရဖို့ဆိုတာ ဝေလာဝေးပေါ့..."

"ဒါကြောင့် ဒီအလေးတွေက အပျော်သဘောသက်သက်ပဲ... ဘာလို့လဲဆိုတော့ တကယ်တမ်း ဘယ်သူမှ အခွင့်အရေးကို မရနိုင်လို့လေ..."

ထိုသို့လုပ်ခြင်းက ပိုက်ဆံရှာရန် သူ၏ ရည်မှန်းချက်နှင့် ဆန့်ကျင်နေသော်လည်း ကျန်းယွမ်က ရှင်းပြလိုက်၏။

သို့သော် သူ့ရှေ့က လူသည် တိုက်ရိုက်တပည့် တစ်ဦးဖြစ်ပြီး လောကတွင် ရှားပါးသော အဆိပ်တစ်သောင်းခန္ဓာကို ပိုင်ဆိုင်သူများထဲမှ တစ်ဦး ဖြစ်သည်။ ဤလူနှင့် မိတ်ဆွေဖွဲ့သင့်ကြောင်း သူ၏ အလိုအလျောက် သိစိတ်က ပြောပြနေ၏။

ကျန်းယွမ်၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် ကျောက်မန်က သူမ၏ သိုလှောင်အိတ်ထဲရှိ ဝိညာဉ်ကျောက်တုံး ၂၀ ကျော်ကို စမ်းကြည့်လိုက်ပြီး တစ်ခဏမျှ စဉ်းစားကာ ပြုံးလိုက်သည်။

"ထားလိုက်ပါတော့... သူ့အတွက် ကံစမ်းမဲ တစ်ခုအနေနဲ့ပဲ သဘောထားလိုက်ပါ့မယ်..."

သူမသည် ပြောပြောဆိုဆိုနှင့် ဝိညာဉ်ကျောက်တုံး ၂၀ ကို ထုတ်ယူ၍ ကျန်းယွမ်ထံသို့ ကမ်းပေးလိုက်၏။

ကျန်းယွမ်က ဝိညာဉ်ကျောက်တုံးများကို ကြည့်ပြီး ချက်ချင်းပင် တောက်ပစွာ ပြုံးလိုက်သည်။

"ဂိုဏ်းတူအစ်မ... ဘာဝယ်ချင်လဲ..."

"အို... ငါ က ချန်လော့ အခွင့်အရေး ရဖို့ ဝယ်မယ်..."

ထိုစကားကို ကြားသည်နှင့် ထိုနေရာရှိ လူတိုင်း အံ့အားသင့်သွားကြ၏။

နောက်တစ်စက္ကန့်တွင် လူတိုင်းက ကျယ်လောင်စွာ ရယ်မောလိုက်ကြသည်။

"ချန်လော့က အခွင့်အရေး ရသွားတယ်တဲ့လား... ဂိုဏ်းတူအစ်မကျောက်က ချန်လော့ဆီကနေ ကြီးပွားဖို့ ကြိုးစားနေတာ သိသာတယ်..."

"အဲဒါက အဓိပ္ပာယ်ရှိပါတယ်... ဘာပဲဖြစ်ဖြစ် ကံကြမ္မာက ရဲရင့်သူတွေကို မျက်နှာသာပေးတာပဲလေ..."

ကျောက်မန်သည် လူတိုင်း၏ စကားများကို နားထောင်နေသော်လည်း ဒေါသထွက်ခြင်း မရှိပေ။ သူမသည် ပြုံးရုံသာ ပြုံးလိုက်ပြီး ဆက်ပြောလိုက်၏။

"ဘယ်လိုပဲဖြစ်ဖြစ် ဝိညာဉ်ကျောက်တုံး ၂၀ တည်းပါ... ငါ နိုင်မယ်လို့ တကယ် မမျှော်လင့်ထားပါဘူး... အပျော်သဘောသက်သက်ပါ..."

ထိုစကားကို ကြားသည်နှင့် ကျန်းယွမ်က ပြဿနာမရှိဟု ခံစားရသဖြင့် သဘောတူသည့် အနေဖြင့် ခေါင်းညိတ်လိုက်သည်။

ကျောက်မန်နှင့် ချန်လော့တို့သည် ဆက်ဆံရေးကောင်းမွန်ပုံရသဖြင့် ၊ သူငယ်ချင်းဖြစ်သူသည် "ချန်ပီယံ" ဖြစ်မည်ဟု လောင်းကြေးထပ်ခြင်းမှာ ပုံမှန်ပင် ဖြစ်သည်။

ထို့အပြင် ကျောက်မန်၏ အပြုအမူက ပိုက်ဆံကို အလကားပေးနေခြင်းသာ ဖြစ်သည်။ သူသည် ပြောသင့်သည်များကို အကုန်ပြောပြီးပြီ ဖြစ်၏။

တစ်ဖက်လူသည် ဤရွေးချယ်မှုကို ပြုလုပ်ရန် စိတ်ပိုင်းဖြတ်ထားပြီး ဖြစ်သဖြင့် ၊ သူ့ကို အပြစ်တင်၍ မရနိုင်တော့ချေ။ သို့သော် သူ မသိခဲ့သည်မှာ ထိုတစ်ချက် ခေါင်းညိတ်လိုက်ခြင်းကြောင့် သူသည် အရာအားလုံး ဆုံးရှုံးရလုနီးပါး ဖြစ်သွားခဲ့သည်ကိုပင်။

အခန်း (၆၆) နှလုံးသားကို မေးခွန်းထုတ်ခြင်း

မျက်တောင်တစ်ခတ်အတွင်းမှာပင် တစ်ရက် ကုန်လွန်သွားခဲ့ပြီ ဖြစ်သည်။ အဆတစ်ရာ တိုးပွားခြင်း စနစ်၏ ကောင်းချီးဖြင့် ချန်လော့သည် ယင်ယန်လက်ညှိုး သိုင်းကွက်ကို ကျွမ်းကျင်အဆင့်အထိ အောင်မြင်စွာ ကျင့်ကြံနိုင်ခဲ့၏။

သို့သော် ချန်လော့သည် သူ၏ ကျင့်ကြံမှုကို မရပ်တန့်ခဲ့ချေ။ ထို့အစား သူသည် နောက်ထပ် ဝိညာဉ်ကျောက်တုံး ၂၀၀ ကို အသုံးပြု၍ တိုးပွားခြင်းကို အချိန် နှစ်ရက် ထပ်တိုးလိုက်ပြီး ဆက်လက် ကျင့်ကြံလိုက်သည်။

တစ်ရက်တည်းဖြင့် အခြေခံတည်ဆောက်ခြင်းအဆင့် သိုင်းကွက်တစ်ခုကို ကျွမ်းကျင်အဆင့်အထိ ကျင့်ကြံနိုင်ခြင်းမှာ အံ့အားသင့်စရာ ကောင်းနေပြီပင်။

ချန်လော့သည် ယခင်က ဤကိစ္စကို သိပ်ဂရုမစိုက်ခဲ့သော်လည်း လောချင်းယွီက သူ့အား သတိပေးပြီးနောက်တွင်မူ ချန်လော့သည် သူ့အနေဖြင့် ပိုသတိထားသင့်ကြောင်း ခံစားလိုက်ရသည်။

ဤအချိန်တွင် ဘေး၌ရှိနေသော ယန်ချင်းလင်က မျက်လုံးများကို ဖွင့်လိုက်သည်။

သူသည် ချန်လော့ထက် နှစ်ရက်စော၍ ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး ယနေ့မှာ သူ၏ ပါရမီ စမ်းသပ်မှု နောက်ဆုံးနေ့ ဖြစ်သည်။

ယန်ချင်းလင် နိုးထလာမှုက လူအများ၏ အာရုံစိုက်မှုကို ချက်ချင်း ရရှိသွား၏။

မည်သို့ပင်ဆိုစေကာမူ လူအတော်များများက သူ၏အပေါ်တွင် အလောင်းအစား လုပ်ထားကြသည် မဟုတ်လော။

လူတိုင်း၏ အကြည့်များက သူ့ပေါ်တွင် ကျရောက်နေသည်ကို မြင်ပြီး ၊ ယန်ချင်းလင်သည် အေးစက်စက် ပြုံးလိုက်သော်လည်း အံ့အားသင့်သွားခြင်း မရှိပေ။ ဤသည်မှာ သဘာဝကျသည်ဟု တွေးထင်နေပုံရသည်။ အဘယ်ကြောင့်ဆိုသော် သူသည် ရွေးချယ်ခံရသူ တစ်ဦးဖြစ်သည် မဟုတ်လော။

ထို့အစား သူသည် ခေါင်းလှည့်၍ ချန်လော့ကို ကြည့်လိုက်ပြီး၊ သူ၏ မျက်လုံးများထဲတွင် နက်ရှိုင်းသော မထီမဲ့မြင်အရိပ်အယောင်များ ရှိနေခဲ့သည်။

နောက်တစ်စက္ကန့်တွင် သူ၏ ပတ်ဝန်းကျင်ရှိ အဖြူရောင် မြူခိုးများသည် စတင် စုစည်းလာခဲ့သည်။ သူသည် ဒုတိယမြောက် စမ်းသပ်မှုဖြစ်သော "နှလုံးသားကို မေးခွန်းထုတ်ခြင်း" သို့ ဝင်ရောက်သွားပြီ ဖြစ်ကြောင်းကို ပြသနေသည်။

"ဟားဟား... ဂိုဏ်းတူအစ်ကိုယန်က တကယ်ကို အံ့ဩစရာကောင်းတာပဲ... သူက နှလုံးသားစမ်းသပ်မှုထဲကို ဝင်သွားပြီ..."

"ဂိုဏ်းတူအစ်ကိုယန် နှလုံးသားစမ်းသပ်မှုကို ချောချောမွေ့မွေ့ ဖြတ်ကျော်နိုင်ပါစေလို့ မျှော်လင့်တယ်... အဲဒီတော့မှ ငါ့ရဲ့ ဝိညာဉ်ကျောက်တုံးတွေကို ပြန်ရမှာ..."

“နှလုံးသားစမ်းသပ်မှုကို အောင်မြင်ခဲ့တောင် နောက်ပိုင်းမှာ မိမိကိုယ်ကိုယ် စမ်းသပ်မှုကို အောင်မြင်ဖို့ ကျန်သေးတယ်...အဲ့တော့ ရှုံးနိုင်သေးတယ်”

"သေချာပေါက် ငါ သိတာပေါ့... ဒါပေမဲ့ မိမိကိုယ်ကိုယ် စမ်းသပ်မှုကို ဘယ်သူမဆို အောင်မြင်နိုင်မယ်လို့ မင်း တကယ် ထင်နေတာလား..."

လူတိုင်းက စိတ်လှုပ်ရှားစွာဖြင့် အသံကျယ်လောင်စွာ ပြောဆိုနေကြပြီး ယန်ချင်းလင်၏ နောက်လှုပ်ရှားမှုကို စိတ်အားထက်သန်စွာ စောင့်စားနေကြ၏။

သို့သော် ယန်ချင်းလင်သည် နောက်ထပ် နှစ်ရက်တိတိ ထိုအဖြူရောင် မြူခိုးများအတွင်း ရှိနေကာ အပြင်ဘက်ရှိ လူများအနေဖြင့် မည်သည့်အရာကိုမျှ မမြင်နိုင်ကြချေ။

"ဘာလို့ ဒီလောက်ကြာတာတောင် ဂိုဏ်းတူအစ်ကိုယန်က ဘာတုံ့ပြန်မှုမှ မရှိသေးတာလဲ... နည်းနည်းတော့ ထူးဆန်းတယ်နော်..."

"အရင်က ဝင်သွားတဲ့ ဂိုဏ်းတူအစ်ကိုဆို နှလုံးသားစမ်းသပ်မှုမှာ အတော်မြန်တယ်လို့ ကြားဖူးတယ်... တချို့ဆို သုံးမိနစ်၊ ငါးမိနစ်လောက်နဲ့တောင် ထွက်လာကြတာတဲ့..."

"သုံးမိနစ်၊ ငါးမိနစ် ဟုတ်လား... စံချိန်မမီလို့ အရိုက်ခံရတာကို ပြောတာမလား..."

"နှလုံးသားစမ်းသပ်မှုအတွက် စံသတ်မှတ်ချက် က တစ်ခုတည်း မဟုတ်ဘူးလို့ အကြီးအကဲ ပြောဖူးတာကို မှတ်မိသေးတယ်... တချို့လူတွေက မြန်မြန်ဆန်ဆန် အောင်မြင်သွားပေမယ့် တချို့ကတော့ အချိန်အကြာကြီး ယူရတယ်တဲ့... ဂိုဏ်းတူအစ်ကို တစ်ယောက်ဆိုရင် ဆယ်ရက်တိတိ အဲဒီအထဲမှာ ပိတ်မိနေခဲ့ဖူးတယ်တဲ့..."

ထိုစကားကို ကြားသည်နှင့် လူတိုင်း တိတ်ဆိတ်သွားကြ၏။

အကြာဆုံး အချိန်ဖြစ်သော ဆယ်ရက်အထိ ရောက်နိုင်သဖြင့် သူတို့ အနေဖြင့် ဆက်စောင့်နေရုံသာ ရှိတော့သည် ။

ဤအချိန်တွင် ကြာပလ္လင်ပေါ်တွင် ထိုင်နေသော ချန်လော့သည် မျက်လုံးများကို တဖြည်းဖြည်း ဖွင့်လိုက်ပြီး အကြောဆန့်ကာ သမ်းဝေလိုက်၏။ သူသည် အခုလေးတင်မှ အိပ်ရာကနေ နိုးလာသည့်ပုံ ပေါက်နေသည်။

ဤသုံးရက်အတွင်း သူသည် "ယင်ယန်လက်ညှိုး" ကို အသေးစား အောင်မြင်မှုအဆင့်သို့ ကျင့်ကြံခဲ့ပြီးနောက် ၊ ထို့နောက် "အုပ်စိုးရှင်လက်သီး" ကို လည်း ပြီးပြည့်စုံအဆင့်သို့ ရောက်သည်အထိ ကျင့်ကြံနိုင်ခဲ့သည်။

အချိန်အားလုံး ကုန်ဆုံးလုနီးပါး ဖြစ်နေပြီဖြစ်ကြောင်း မြင်ပြီးမှသာ သူသည် တဖြည်းဖြည်း နိုးထလာခဲ့ခြင်း ဖြစ်သည်။

"နှမြောစရာပဲ... အဆ ၁၀၀ တိုးပွားခြင်းကို အသုံးပြုဖို့ နှစ်နာရီ ကျန်သေးတယ်..."

ကျန်ရှိနေသော တိုးပွားခြင်း အချိန်ကို ကြည့်ရင်း ချန်လော့သည် နာကျင်သည့် အရိပ်အယောင်ဖြင့် ညည်းတွားလိုက်၏။

မည်သို့ပင်ဆိုစေကာမူ ဤအရာများ အားလုံးက ဖြူဖွေးသန့်စင်နေသော ဝိညာဉ်ကျောက်တုံးများ ဖြစ်ကြသည် မဟုတ်လော။

ထို့နောက် ချက်ချင်းပင် နေရာအနှံ့မှ အဖြူရောင် မြူခိုးများ ထွက်ပေါ်လာပြီး ချန်လော့ကို စတင် ရစ်ပတ်လာတော့သည်။

လူအတော်များများက ထိုထူးဆန်းသော ဖြစ်စဉ်ကို သတိပြုမိကြသော်လည်း မည်သူမျှ သူ့အပေါ်တွင် အလောင်းအစား မလုပ်ထားသဖြင့် ဆွေးနွေးသူ အနည်းငယ်သာ ရှိ၏။

ကျောက်မန် တစ်ဦးတည်းသာလျှင် ချန်လော့၏ လှုပ်ရှားမှုများကို အာရုံစိုက်နေခဲ့သည်။

ချန်လော့သည် အတော်လေး လူမဆန်သူတစ်ဦး ဖြစ်သော်လည်း ၊ ချန်လော့ အနေဖြင့် တတိယအဆင့်ကို ဖြတ်ကျော်ပြီး အခွင့်အရေး ရနိုင်ပါစေဟု သူမမျှော်လင့်နေမိသည်။

ပထမအချက်အနေဖြင့် အဆိပ်ပုလဲ ရရှိရန် ကူညီပေးခဲ့သောကြောင့် ချန်လော့ကို အနည်းငယ် ကျေးဇူးတင်နေမိသည်။

ဒုတိယအချက်အနေဖြင့် သူမသည် ချန်လော့အပေါ် တွင် ဝိညာဉ်ကျောက်တုံး ၂၀ လောင်းထားခဲ့ပြီး ၊ အနိုင်ရရှိခဲ့ပါက သူမသည် ဝိညာဉ်ကျောက်တုံး ၂၀၀၀ ရရှိမည် ဖြစ်သည်။

အကယ်၍ သူမသာ ဤဝိညာဉ်ကျောက်တုံး ၂၀၀၀ ကို ရရှိနိုင်ပါက ၊ ချန်လော့ကို ပေးရန်ရှိသော အကြွေးများ အားလုံးကို ဆပ်နိုင်မည်ဖြစ်ပြီး အမြတ်အစွန်း အနည်းငယ်ပင် ကျန်ရှိဦးမည် ဖြစ်၏။

ဤသည်ကို တွေးမိသောအခါ ကျောက်မန်မှာ စိတ်လှုပ်ရှားနေမိသည်။

"ချန်လော့... ရှင် အောင်မြင်အောင် လုပ်ရမယ်နော်..."

ထိုအချိန်တွင် ချန်လော့၏ ခန္ဓာကိုယ်မှာ အဖြူရောင် မြူခိုးများအတွင်း လုံးဝ ရစ်ပတ်ခံထားရပြီ ဖြစ်သည်။

သူ မြင်နိုင်သမျှမှာ အဖြူရောင် ဝေဝါးဝါး မြင်ကွင်းတစ်ခုသာ ဖြစ်ပြီး မည်သည့်အရာကိုမျှ မမြင်ရချေ။

"သောက်ကျိုးနည်း... ငါ မျက်ကန်းဖြစ်သွားပြီ..."

သို့သော် သူ စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် ချန်လော့၏ ရှေ့တွင် အရာများစွာ ရုတ်တရက် စတင် ပေါ်လာတော့၏။

အရာဝတ္ထုများက အဝေးမှနေ၍ အနီးသို့ ထွက်ပေါ်လာသည်။ ပထမဆုံး အဝေးမှ စိမ်းလန်းသော တောင်ကုန်းများနှင့် စီးဆင်းနေသော ရေများ၊ ထူထပ်သော သစ်တောများနှင့် စိမ်းလန်းစိုပြည်သော သစ်ပင်များ၊ ထို့နောက် ခြံဝင်းအတွင်း ဟင်းသီးဟင်းရွက်ခင်းငယ် တစ်ခုနှင့် အလယ်တွင် ရေတွင်းငယ် တစ်ခုပါရှိသည့် ကြမ်းတမ်းသော သစ်သားအိမ်ငယ်လေး တစ်လုံး။

ထိုကဲ့သို့သော အိမ်ငယ်လေးများ အတော်များများ ရှိပြီး အရေအတွက် သုံးဆယ်မှ ငါးဆယ်ခန့်အထိ ရှိကာ ရွာငယ်လေး တစ်ရွာနှင့် တူနေ၏။

ညနေစောင်းချိန်တွင် ကောက်ရိုးဖိနပ်များနှင့် အကြမ်းထည် အဝတ်အစားများ ဝတ်ဆင်ထားသော သက်လတ်ပိုင်း အမျိုးသား အချို့က ရွှံ့ဗွက်ထနေသော လမ်းပေါ်တွင် လျှောက်လာကြသည်။

သူတို့၏ပခုံးပေါ်တွင် ပေါက်ပြားများကို ထမ်းထားကြပြီး နဖူးတွင် ချွေးသီးချွေးပေါက်များ ကျနေသော်လည်း ပြုံးရွှင်စွာဖြင့် အချင်းချင်း စကားပြောဆိုနေကြကာ သူတို့၏ စကားဝိုင်းကို ပျော်မွေ့နေပုံရ၏။

သူတို့ သည် ချန်လော့အနီးမှ ဖြတ်သွားသောအခါ ချန်လော့ကိုပင် နှုတ်ဆက်သွားကြသေးသည်။

"ပုံရိပ်ယောင်လား... နှလုံးသားစမ်းသပ်မှုဆီ ရောက်သွားပြီနဲ့ တူတယ်..."

ဤအချိန်တွင် ချန်လော့သည် သတိပြန်ဝင်လာခဲ့သည်။

ထို့ကြောင့် သူသည် ခွေးခြေခုံတစ်လုံးကို ဆွဲယူလိုက်ပြီး ဤနှလုံးသားစမ်းသပ်မှုကို စစ်ဆေးကြည့်ရှုရန် ပြင်ဆင်လိုက်သည်။

သက်လတ်ပိုင်း အမျိုးသားများက သက်ဆိုင်ရာ အိမ်များသို့ ပြန်ရောက်သွားကြပြီး သူတို့၏ ကလေးများ၊ ဇနီးသည်များနှင့် ဝိုင်းဖွဲ့ကာ ထမင်းစားပွဲသို့ သွားရောက်ကာ စတင် စားသောက်ကြလေသည်။

ထမင်းစားပြီးနောက် ကလေးများက အိမ်ထဲမှ ပြေးထွက်လာကြကာ တစ်နေရာတည်းတွင် စုဝေး၍ ကစားကြလေသည်။

မကြာမီ မှောင်မိုက်လာပြီး ကလေးများက သူတို့ မိခင်များ၏ ခေါ်သံကြောင့် တွန့်ဆုတ်တွန့်ဆုတ်ဖြင့် အိမ်သို့ ပြန်သွားကြ၏။

ထို့နောက် မီးရောင်များ အားလုံး ငြိမ်းသွားပြီး လုံးဝ မှောင်မိုက်သွားသည်။ ရွာလေးမှာ တိတ်ဆိတ်လွန်းလှသဖြင့် မည်သူမျှ တိတ်ဆိတ်မှုကို ဖြိုခွဲရန် အသံတစ်သံမျှပင် မပြုလုပ်ဝံ့ကြချေ။

သို့သော် ထိုအချိန်မှာပင် ခြေသံတစ်ချို့ ထွက်ပေါ်လာပြီး သတ္တုချင်း ခေါက်သံကို ကြားလိုက်ရသည်။

"ချွင်... ချွင်... ချွင်..."

အသံသည် အလွန် စည်းချက်ကျပြီး အဝေးမှနေ၍ ချန်လော့ထံသို့ ချဉ်းကပ်လာသည်။

မကြာမီ ချန်လော့သည် သွေးများ ပေကျံနေပြီး အနက်ရောင် ဝတ်စုံဝတ်ဆင်ကာ ဓားရှည်နှစ်လက်ကို ကိုင်ဆောင်ထားသော အမျိုးသားတစ်ဦး ပေါ်လာသည်ကို တွေ့လိုက်ရ၏။

သူသည် နေ့လယ်ပိုင်းက အမျိုးသားများ ပြန်လာခဲ့သော ရွှံ့ဗွက်ထနေသည့် လမ်းအတိုင်း ဖြည်းညင်းစွာ လျှောက်လာပြီး ၊ သူ၏ အကြည့်များက ချန်လော့ထံသို့ တဖြည်းဖြည်း ရောက်ရှိလာသည်။

ချန်လော့သည် ၎င်း၏ အကြည့်နှင့် ဆုံတွေ့လိုက်ရာ ၊ ထိုမျက်လုံးများထဲတွင် အဆုံးမဲ့ သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည်ကို တွေ့လိုက်ရ၏။

သို့သော် တစ်ချက်ကြည့်ရုံဖြင့် ဓားနှစ်လက်ကိုင် အမျိုးသားက လှည့်၍ အိမ်တစ်အိမ်ဆီသို့ လျှောက်သွားလိုက်သည်။

ချန်လော့သည် သူ၏ လက်ထဲရှိ ဓားရှည်နှစ်လက်ကို ကြည့်ပြီး တစ်ခုခုကို နားလည်သွားပုံရ၏။

နောက်တစ်စက္ကန့်တွင် ဓားနှစ်လက်ကိုင် အမျိုးသားက တံခါးကို ကန်ဖွင့်၍ အထဲသို့ ပြေးဝင်သွားပြီး ၊ အတွင်းမှ စူးရှသော အော်ဟစ်သံများ ချက်ချင်း ထွက်ပေါ်လာတော့သည်။

အခြားအခန်းများမှ မီးရောင်များ တဖြည်းဖြည်း လင်းလာပြီး မကြာမီ အဝတ်အစား အပြည့်အစုံ မဝတ်ဆင်ရသေးသော အမျိုးသား တစ်စု ပြေးထွက်လာကြသည်။

ထိုအချိန်တွင် ဓားနှစ်လက်ကိုင် အမျိုးသားကလည်း အိမ်ထဲမှ ထွက်လာသည်။

ဤသည်ကို မြင်သောအခါ အမျိုးသားများက ချက်ချင်းပင် အော်ဟစ်၍ သူတို့၏ အိမ်များဆီသို့ ပြေးသွားကြပြီး သူတို့၏ ဇနီးများနှင့် သမီးများကို အပြင်သို့ ထွက်ပြေးရန် အော်ဟစ် ပြောဆိုကြ၏။

သို့ရာတွင် ဓားနှစ်လက်ကိုင် အမျိုးသား၏ ရည်ရွယ်ချက်မှာ ထိုမိသားစုအပေါ်၌သာ အဆုံးသတ်မည့်ပုံမပေါ်ချေ။ သူသည် ဓားရိုးများကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်ပြီးနောက် လူအုပ်ကြားထဲသို့ တစ်ဟုန်ထိုး ပြေးဝင်သွားလေတော့သည်။

ချန်လော့ကမူ ဘာမျှမလုပ်ဘဲ တိတ်ဆိတ်စွာ ထိုင်နေဆဲ ဖြစ်၏။

All Chapters